ပြေးဆင်းသွားကြ၏ ။
“ဟေး.. ဟေး… ဟေး”
“ဟိုင်းယား”
အလှူအိမ်တွေ့သဖြင့် ပျော်သွားကြသည့် ကလေးသူငယ်များနှင့် တူနေသလော မပြောတတ်။ မည်သူမျှ မရှိဟူသော အထင်နှင့် ပြေးဆင်းသွားကြသည့် မြင်းသည် ၃ ဦးတို့အား ပလိုင်းလွယ်ထားသည့် လူကြီးတစ်ဦးက အံ့သြဟန်ဖြင့် သစ်ပင်များကြားမှ ကြည့်နေလေသည်။
ရွာထိပ်သို့ ရှမ်းဘောင်းဘီ၊ တိုက်ပုံနှင့် လူသုံးယောက် မြင်းဆွဲကာ ဣန္ဒြေရရ ဝင်လာကြသည်။ တစ်ဆောင်တည်းသော ဇရပ်၌ ဧည့်ခံကျွေးမွေးနေသူများနှင့် လာရောက်သုံးဆောင်ကြသူများက ရှမ်းပုံစံ ဝတ်ဆင်ထားသော်လည်း သျှောင်ထုံးများနှင့် မြန်မာပီသနေသည့် လူစိမ်းတို့အား အကဲခတ်နေကြသည်။
“ဒီမှာခင်ဗျ၊ ကျွန်တော်တို့ မိုင်းပျဉ်းဘက်ကို သွားချင်လို့ပါ… အဲဒါ”
လူစိမ်း၏ အမေးကို မည်သူမှ ပြန်မဖြေကြချေ။ သူတို့တစ်ရွာလုံး မိုင်းပျဉ်းသို့ ရောက်ဖူးသူ တစ်ဦးမှ မရှိချေတကား။ တကယ်တော့ မေးသူ၏ မျက်လုံးများကလည်း ရှေ့မှ လူကို ကျော်ကာ အကျွေးအမွေးကို အကဲခတ်နေကြောင်း သိသာပါသည်။ ယာဂု ခေါ် ဆန်ပြုတ်အိုးကြီး နှစ်လုံး တွေ့သဖြင့် ဘာကျွေးနေသည်ကို သူတို့ သိကြပြီ။
သည်လို ခေါင်သည့် ရွာငယ်လေး၌ ထမင်းဟင်း ကျွေးမွေးလိမ့်မည်ဟုလည်း သူတို့ မမျှော်လင့်ပါ။ ယာဂုနှင့် တိုးသည်ကပင် ဝမ်းသာစရာ ဖြစ်နေပါသည်။ တိုက်တိုက်ဆိုင်ဆိုင် အလှူအတန်း ရှိနေသည်ကိုက သူတို့ ကံကောင်းလွန်း၍ ဖြစ်သည်။
“မိုင်းပျဉ်းတော့ မသိဘူးဝေ့၊ ကြုံတုန်းကြုံခိုက် အလှူဝင်သုံးဆောင်သွားကြပါဦး”
“ဟာ.. နေပါစေခင်ဗျာ”
လက်ျာဘီလူး ယောင်၍ ငြင်းမိရာ ငသူရိန်က
“အလှူဖိတ်တာ မငြင်းကောင်းဘူးလေ”
ဟု အလျင်အမြန် သတိပေးသဖြင့်
“ဟုတ်ပါတယ်.. လာပါ၊ ကြွပါဦး”
သူတို့ ဟန်ဆောင်မနေတော့ဘဲ ဇရပ်အနီးသို့ ရောက်သွားကြသည်။ ဇရပ်ပေါ်၌ ကလေး လူကြီးများ ပြည့်ပြည့်တက်နေ၏ ။ အဝင်အထွက်လည်း များသည်။ သူတို့ တက်ရန် မလွယ်။
“လာလေ၊ အပေါ်ကို”
“နေပါစေ၊ အောက်မှာပဲ သုံးဆောင်ပါ့မယ်”
နှစ်ကြိမ် သုံးကြိမ် ခေါ်မရလျှင် အောက်တွင် ယာဂုသုံးခွက် ပြင်ပေးကြသည်။ တခဏချင်း ကုန်သွားရာ နောက်တစ်ပွဲ၊ ထို့နောက် နောက်တစ်ပွဲ။ အစားအနည်းဆုံး လက်ျာဘီလူးလည်း နှစ်ပွဲပြောင်လေပြီ။
“မပြန်ကြသေးနဲ့ဦးနော်၊ လက်ဖက်ပွဲ ချပေးမယ်”
သူတို့ ၃ ယောက်သား ရေနွေးကြမ်းနှင့် လက်ဖက်ခွက်အား ဝိုင်းဖွဲ့နေကြခိုက် အပေါ်ဘက်မှလည်း စကားကောင်းနေကြသည်။ အထူးသဖြင့် လူတစ်ဦး၏ အသံသည် အကျွေးအမွေး ဧည့်ခံစားသောက်သံများကို ကျော်လွန်ကာ သူတို့နားထဲ တန်းနေ၏ ။
ထိုသူမှာ စော်ဘွားမျိုးရိုး၊ မင်းမျိုးစပ်သည်ဟု သူ့ကိုယ်သူ ပြောဆိုနေသည်။ လက်ျာဘီလူးကတော့ သူနှင့်မဆိုင်၍ လူတွေကိုသာ လိုက်ကြည့်နေသည်။ ငသူရိန်နှင့် ငကံက ထိုသူ့အသံကို နားထောင်ပုံရ၏ ။ ကလေးများ စားသောက်ပြီး၍ ဆင်းသွားလေလေ၊ သူ့အသံကို ပို၍ ကြားရလေလေ ဖြစ်သည်။
“ကျုပ်အဘိုးဟာ သံပျင်ကြီးခင်ဗျ။ ဆယ်ရွာခေါင်း ကလန်တွေကို ဆင့်ဆိုပြီး သူအလိုရှိရာ ခိုင်းနိုင်တယ်။ တစ်ခါကဆို တောဝက်သားမှ စားချင်တယ် ဆိုလို့ ဆယ်ရွာသူကြီးတွေ တောဝင်ပြီး ရှာဖွေပေးရပါရောလား”
လက်ျာဘီလူး ပြုံး၏ ။ သိပ်တော့ မပီပြင်။ ထိုအမူအကျင့်မျိုးကို သူ မကြိုက်သောကြောင့် ဖြစ်သည်။ လွန်လေပြီးသော သံပျင်ကြီးကိစ္စမို့ ဘာမှမပြောသာ။ အပေါ်မှ အသံရှင်ကတော့ ဇရပ်ကို ကြီးစိုးထားသည်။ သူ့ဘက်မှ ထောက်ခံ ပြောဆိုနေကြသံများလည်း ကြားကြရသည်။
“ဟုတ်တာပေါ့၊ မောင့်အဖေဆိုလည်း သူကြီးမင်းကိုမှ အလွန်သြဇာကြီးသူ မဟုတ်လား။ တို့ငယ်ငယ်ကဆို ဖိန့်ဖိန့်တုန် ကြောက်ကြရတာပဲ”
“အခုတော့ အဘက အိုပါပြီ။ ဦးရီးတို့ ကြောက်စရာက ကျုပ်တစ်ယောက်ပဲ ရှိမှာပေါ့။ ကျုပ်ကလည်း သူတော်ကောင်းမို့ ကြောက်နေစရာ မလိုပါဘူးလေ။ ရိုသေလေးစားရင် ပြီးတာပါပဲ”
“ဒါပေါ့ဗျာ.. ဒါပေါ့၊ စိတ်နှလုံးကောင်းလို့လည်း မောင်ညွန့်ကို တစ်ရွာလုံးက ချစ်ခင်ကြတာပ”
“ဒါပေမယ့် တချို့က မလေးစားချင်ကြဘူးဗျ။ ကျုပ်အဘလို စလွယ်ရ သူကြီးမင်း မဟုတ်ဘူးဆိုပြီး ဦးမညွှတ် ဒူးမထောက် လုပ်ချင်တယ်။ ကျုပ်က နေပြည်တော် မသွားခင်လို့ရယ်၊ နို့မို့ ရွှေဓားရ ကလန်သူကြီး ဖြစ်နေပြီ”
လက်ျာဘီလူးတို့လည်း စားသောက်ပြီး၍ ပြန်ရန် ထ လိုက်ကြသည်။ သိမ်းဆည်းမည့်သူများကို နှုတ်ဆက်ကာ မိုင်းပျဉ်းဘက် သွားကြမည်ဖြစ်ကြောင်း ပြောဆိုနေ၏ ။ ထို့နောက် ဇရပ်အောက်ဘက်မှ ထွက်ကာ လှေကားဘေးအရောက်…
“အဘတို့ အချိန်ကောင်းတုန်းကဆို မုဆိုးဘိုက မင်းလောင်းအောင်ဇေယျ ဆိုတာ အဘဆီမှာ အင်အား လာတောင်းဖူးတာပေါ့။ ကျုပ်တို့အဘက ငြင်းလိုက်လို့ မျက်နှာငယ်နဲ့ ပြန်သွားရသဗျ”
လက်ျာဘီလူး ဆက်မသွားဘဲ ရပ်နေသဖြင့် ငကံတို့လည်း ရပ်လိုက်ရသည်။ သူကြီးသား ဝါကြွားနေသည်မှာ လွန်ပြီဟု သူ ထင်သည်။ ထို့ကြောင့်
“ဟိတ်ကောင်တွေ..”
“ဗျာ” “ဟုတ်ကဲ့”
“မင်းတို့ သူ့ထက် လေမလျော့စေနဲ့။ အို.. ငါ့ထက်သာအောင် ပြောကြစမ်းကွာ”
ဆို၍ လှေကားပေါ်သို့ ကွေ့တက်သွားလေတော့သည်။ ငသူရိန်တို့လည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ကျေနပ်ဟန်ဖြင့် အံကြိတ်လျက် လိုက်တက်သွားကြသည်။
ဇရပ် သံဃာစင် အမြင့်ပေါ် ထိုင်ပြောနေသူကား ရွှေချည်ထိုးအင်္ကျီနှင့် ခေါင်းပေါင်းဖြူနှင့် ဖြစ်၏ ။ အသက်မှာ ၃၀ ကျော် ၄၀ နီးနီး။ သူ့နံဘေး ပတ်လည်တွင် အနက်ဝတ် အဘိုးကြီးများ ဝိုင်းထိုင်နေကြပြီး ထိုသူနှင့် မျက်နှာပေါက်ဆင်ဆင် နှစ်ယောက်လည်း ပါသည်။
လက်ျာဘီလူးတို့က သူတို့ဆီ တည့်တည့်သွားရာမှ ဘုရားကျောင်းဆောင်ရှေ့သို့ ချိုးကာ ဦးချကန်တော့နေလိုက်သည်။
“ဧည့်သည်တွေ ထင်ပ၊ ခေါ်လိုက်ကြဦး”
အဘိုးကြီးတစ်ဦး အသံ။ သူတို့ ဝတ်ဖြည့်ပြီးလျှင်
“မောင်ရင်တို့ လာကြလေကွယ်၊ ထိုင်ပါဦး။ အဖန်ရည်သုံးဆောင်ပါဦး။ ယာဂု သောက်ပြီးကြပလား။ ဟေ့.. ဒီမှာ..”
“သောက်ပြီးပြီခင်ဗျ၊ မခေါ်ပါနဲ့တော့”
“အေး အေး၊ ဘယ်က လာကြသလဲကွယ်”
“အင်းဝ နေပြည်တော်က လာပါတယ် ဘကြီး”
သူကြီးသား ဆိုသူက နှုတ်ခွန်းဆက်သည်။
“ကျုပ်က မောင်မောင်ညွန့် ပါတဲ့။ အနွယ်တော်တစ်ဦးပါ”
စ မိတ်ဆက်ကတည်းက အညွန့်လေးနှင့်။ လက်ျာဘီလူးကလည်း
“ဝမ်းမြောက်ပါပေ့၊ ကျွန်ုပ်တို့လို မင်းမျိုးမင်းနွယ်တစ်ဦးကို ခုလို တောကြိုအုံကြားမှာ မထင်မှတ်ဘဲ တွေ့ရတာ အံ့သြစရာပ ဗျာ”
ထိုသူ အနည်းငယ် အမ်းသွားသည် ထင်၏ ။ သူ့စကားက ဂုဏ်ယူသည်လား၊ နှိမ့်ချလိုသည်လား မကွဲပြားဟု ထင်သည်။
“မိတ်ဆွေကရော ဘယ်သူပါလဲ”
“ကျွန်ုပ်အမည် ထိပ်တင် မောင်မောင်စံ ပါ”
နားထောင်နေကြသည့် လူအများနှင့် ရောလျက် ငသူရိန်တို့ပါ အံ့သြသွားကြသည်။ လုပ်လိုက်ဟ ဟု စိတ်ထဲမှ ရေရွတ်လိုက်ပြီး သူ့ထက်သာအောင် ဘယ်လိုပြောရပါ့ဟုလည်း အတွေးဝင်သွားလေသည်။ ထိပ်တင် မင်းသားမို့သာ တော်တော့သည်။ ငစံဟုသာ အမြဲကြားသိနေရသူတို့အဖို့ မောင်မောင်စံ ဟူသည့် အမည်က နားကလောစရာ၊ ပုံစံကလည်း အမြင်ကတ်ချင်စရာ။
“သြော်.. မင်းသားကြီးပါလား ဘုရား”
ဟု ဘုမသိ ဘမသိ လူကြီးတစ်ဦးက ဦးချမလိုလို ပြုရာ မောင်မောင်ညွန့် ဆိုသူ မျက်နှာခပ်ပျက်ပျက်။
“မောင်ကရော ဘယ်သူပါလိမ့်။ ခေသူတော့ မဟုတ်လောက်ဘူး”
ငသူရိန်ကို တည့်တည့်မေးလာသည်။ ငကံကတော့ သူ့အလှည့် မဟုတ်သေး၍ စိတ်သက်သာရာ အနည်းငယ်ရဟန်နှင့် အပြေးအလွှား စဉ်းစားနေရသည်။ ငသူရိန်ကလည်း ပြောမိပြောရာ..
“ကျုပ်နာမည်က ငတွန် ဗျ”
ရေနွေးကြမ်းခွက် ကောက်ကိုင်လိုက်သည့် လက်ျာဘီလူး ဟိုက်ခနဲ ဖြစ်သွားရ၏ ။
“အို.. ငတွန် ဆိုသဟာ စစ်သူရဲကြီး မုဆိုးခြုံငတွန် မဟုတ်ပါလားဗျ”
ဟူ၍ လူကြီးတစ်ဦးက အလန့်တကြား ထအော်လိုက်သောကြောင့် ဇရပ်ပေါ် ရှိနေသူများ သူတို့ထံ အာရုံစိုက်သွားကြလေသည်။ ငသူရိန်လည်း လှည့်ကြည့်နေသော လက်ျာဘီလူးကို တစ်ချက်ပြန်ကြည့်၍
“အဲဒီ ငတွန် မဟုတ်ပါဘူး။ ကျုပ်က ရွှေဘိုငတွန်ပါ။ မုဆိုးခြုံ ငတွန်နဲ့တော့ ညီအစ်ကိုဝမ်းကွဲတော်တယ်”
“တကယ့်လူတွေပါလား ဟရို့”
ဘာပြောပြော လက်ျာဘီလူး ကျေနပ်သွားသည်။ မောင်မောင်ညွန့်၏ မျက်နှာကို တစိမ့်စိမ့် အကဲခတ်နေလိုက်သည်။ ငကံအလှည့်၊ သင်း ဘာပြောဦးမလဲ။ မေးသူများက မေးလာပြီ။
“ဒါဆို ကျန်တစ်ဦးလည်း နှယ်နှယ်ရရထဲက မဟုတ်နိုင်တော့ဘူး။ ဘယ်သူများလဲ သိပါရစေ မောင်တို့”
ကဲ.. ကြိတ်လိုက်စမ်း ငကံဟု ငသူရိန် စိတ်ဖြင့် အားပေးလိုက်သည်။ သို့သော် ရိုးရိုးကြီး ငကံက ဘာများ ဝါကြွားတတ်ပါမည်နည်း။ စကားတောင် လေးလုံးကွဲ လိပ်ပတ်လည်အောင် ပြောလေ့ရှိသူမဟုတ်၍ သူ့အတွက် အနည်းငယ် စိုးရိမ်မိပြန်သည်။
ငကံသည် ဘာပြောရမလဲဟု အသည်းအသန် စဉ်းစားရင်း ချွေးပင် ပျံလာ၏ ။ သို့သော် သူက ရေနွေးခွက်ကို ကောက်ကိုင် မှုတ်သောက်ဆဲ ဖြစ်သောကြောင့် မသိသူများအဖို့ ဣန္ဒြေကြီးသည်၊ ရာဇမာန် ဟန်ပန်ရှိနေသည်ဟု ထင်ကြပေလိမ့်မည်။ နဂိုက ခပ်အေးအေး သမားမို့ အမည်ပြောရန်လည်း အေးအေးဆေးဆေး။
“ကျုပ်က မင်းလောင်း မောင်ကံ”
အေး၊ ဒါပဲ.. ဟူ၍ လက်ျာဘီလူး စိတ်အေးသွားလေပြီ။ ကိုင်း.. ဘာတတ်နိုင်ကြသေးသနည်း။ အားလုံး ပါးစပ်အဟောင်းသား ပွင့်သွားကြပုံမှာ အရသာ ရှိလှပါဘိတော့။ အချို့ဆိုလျှင် ခေါင်းတညိတ်ညိတ်နှင့် ပြောစရာစကားမရှိ ဖြစ်သွားပုံ ရသည်။ တကယ့် ခေါင်တွေနှင့်ချည်း တွေ့နေရလေခြင်း။
“မင်းလောင်း မောင်ကံက အဘယ်အရပ်ကပါလိမ့်။ ကျုပ် ကြားဖူးတာတော့ မင်းလောင်းက သုံးဦးလားလို့ရယ်”
“မှန်ပါတယ်။ မုဆိုးဘိုက ဦးအောင်ဇေယျရယ်၊ မတ္တရာ အုတ်ဖိုက ဂုဏ္ဏအိန် ရယ်၊ နဂါးဖိုရွာက ဗိုလ်နဂါးရယ်ပါ။ ဒါပေမယ့် လူတွေ သိပ်မသိကြတာက မင်းကြီး ရွှေနဂါးဟာ မင်းလောင်းစင်စစ် မဟုတ်ဘူး။ မင်းလောင်းအစစ်က သူ့သားတော်ပဲ”
“သြော်”
“ဒါဆို သူက..”
“ဟုတ်ပါတယ်၊ မင်းလောင်းစစ်ရင် မင်းမဖြစ်ဘဲ မသေပါဘူး။ ဂုဏ္ဏအိန်လည်း ကွေ့မင်းခံပါတယ်။ အခု ပုဂံမှာ အင်အားစုစည်းနေတဲ့ မင်းလောင်း ငကံ ဆိုတာ သူပါပဲ”
“ဦးတင်ပါတယ်ခင်ဗျာ၊ ဘုန်းကံကြီးပါပေ့”
ဆို၍ ရိုးသားသော လူကြီးတစ်ယောက်က ခပ်ဖွဖွ ကန်တော့လိုက်သည်။ မျက်နှာတည်နေကျမို့ တည်နေရသော်ငြား ငကံ မနေတတ် ဖြစ်နေ၏ ။ လက်ျာဘီလူးကတော့ မဟုတ်သည်ကို အဟုတ်မဖြစ်ဖြစ်အောင် လုပ်ပေတော့မည်။ သူ့ပုံစံက အဆုံးထိ တင်ရန် ရည်ရွယ်ထားသည့် ပုံ။
“မင်းသားကြီးတို့က ဒီအရပ်ကို အဘယ်ကြောင့် ကြွရောက်လာရပါသလဲ”
မောင်မောင်ညွန့်နှင့် မျက်နှာပေါက်ဆင်သည့် ညီအစ်ကိုတော်ဟန်ရှိသူတစ်ဦးက စူးစမ်းလာသည်။
“ကျွန်ုပ်တို့ကို နေပြည်တော်က တာဝန်ပေးချက်အရ ရုပ်ဖျက်ပြီး တိုင်းခန်းလှည့်လည်လာတာပါ”
“သုံးဦးတည်းလား ခင်ဗျာ”
“ဟုတ်ပါတယ်။ ကျွန်ုပ်တို့ကိုယ်ကို ယုံတာကြောင့် ကိုယ်ရံအစောင့် အမှုထမ်းများ မခေါ်တော့ဘဲ သုံးပါးတည်း လာခဲ့ပါတယ်”
ဟုတ်လောက်တယ်၊ ဟုတ်လောက်တယ် ဟု ထင်နေကြမှန်း သူတို့ မျက်နှာများတွင် ပေါ်လွင်နေကြသည်။ စကား အပြောအဆိုမှစ၍ သူတို့၏ အနွယ်တော် မောင်မောင်ညွန့်နှင့် လားလားမျှ မဆိုင်။ ထီးဟန်နန်းဟန် အငွေ့အသက်များ ပါနေသည်။ အမူအရာ အယဉ်အကျေး ရှိ၏ ။ ငသူရိန်ပင် ပီဘိ စစ်သူကြီးတစ်ယောက်အသွင် ဆောင်နေပေပြီ။
မင်းသား မောင်မောင်စံ ဆိုသူမှာ ရုပ်ဖျက်ထားသော်လည်း အပြောအဆိုက ဖျက်မရ။ မင်းလောင်းမောင်ကံ ဆိုသူကား ဆိုဘွယ်ရာ မရှိတော့။ မင်းမဖြစ်မီကပင် ရာဇဣန္ဒြေ ကြီးလှပါဘိတောင်း။ မောင်မောင်ညွန့်ကတော့ မသင်္ကာဟန်နှင့်
“ကျုပ် ကြားတာတော့ အင်းဝမှာ ထီးနန်းပျက်သုဉ်းသွားပါပြီ။ အဝဘုရင်ကို ဟံသာဝတီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆို”
“ကျွန်ုပ်တို့ ဘဝရှင် မင်းတရားကြီးကို ခေါ်ဆောင်သွားတုန်းက အင်းဝရွှေမြို့တော်ကြီးနဲ့ ရွှေနန်းတော်ကြီးတစ်ခုလုံးပါ ပါသွားတယ်လို့များ နောင်တော် ယူဆလေသလားဗျာ”
ငသူရိန်ကလည်း..
“ဘုရင်တစ်ပါး မရှိတော့ရင် နောက်တစ်ပါး နန်းတက်လာတာဟာ ထုံးစံပါ ရောင်းရင်း။ အနွယ်တော်တစ်ဦးဆိုရင် သိသင့်တယ် မဟုတ်လား”
“ဒီလောက်တော့ ကျုပ်သိပါတယ်ဗျ။ အခု နန်းတက်နေတာ မင်းလောင်းအောင်ဇေယျ မဟုတ်လား”
“ဘယ်လိုတွေ ပြောနေတာလဲ နောင်ကြီး။ နောင်ကြီး စကားက ရေမြေ့ရှင်ကို မခံ့လေးစားသလိုပါပဲလား။ ကျွန်ုပ်ဟာ အင်းဝလူဟောင်း မင်းသား ဖြစ်ပေမယ့် ဘုန်းကြီးတဲ့ ရွှေနန်းရှင်အပေါ် လေးစားမှု ရှိတယ်။ နောင်ကြီးကတော့ ရှင်ဘုရင်ကိုတောင် ကိုယ်နဲ့ ထပ်တူလို ပြောဆိုနေတာပါလား”
“မဟုတ်ရပါဘူး။ ကျုပ်တို့ဆီမှာ ဒီလိုပဲ နှုတ်ကျိုးနေကြလို့ပါ။ တောင်းပန်ပါတယ်ဗျ”
ဇရပ်အောက်တွင်လည်း မကြာသေးမီက သူတို့ ဧည့်ခံလိုက်ရသူများမှာ ဘုန်းရှင်ကံရှင် မင်းသား မင်းလောင်း စစ်သူရဲများဖြစ်ကြောင်း ကြားသိသွားကြသဖြင့် အံ့သြစိတ်လှုပ်ရှားကုန်ကြလေပြီ။
“ဒါ့ကြောင့် မြင်းကြီးတွေ သန့်တယ်၊ ကုန်းနှီးတွေ ကောင်းလှတယ် ထင်နေမိတာပါလား။ ကျုပ် အကဲခတ် မလွဲဘူးတော့်။ ခင်းထားတဲ့ စောင်ကတောင် သူကြီးကတော်ခြုံနေတာထက် ကောင်းသေးတယ်”
“ရွှေမင်းသားတွေက ကျုပ်တို့ယာဂုကြမ်းကို သောက်နိုင်ကြသားပဲ။ သုံးကြိမ်စီ ထည့်ကြတယ်”
“ဝမ်းဟာနေလို့ ရှိမှာပါအေ၊ ဟို ထိပ်တင်မင်းသားဆိုတဲ့ ကောင်လေးက နှစ်ပွဲပဲ စားတာ တွေ့ပါတယ်”
“စစ်သူကြီး ချောချောလေးကို ငါကိုယ်တိုင် ခပ်ကျွေး ဧည့်ခံခဲ့ရတာဟေ့”
ဇရပ်ပေါ်တွင်လည်း မောင်မောင်ညွန့်၏ ညီတစ်ဦးက မသိဆိုးရွားစွာ မေးသည်မှာ..
“မင်းလောင်း မောင်ကံဟာ အခု ဘယ်မင်းထံ အမှုတော်ထမ်းနေပါသလဲ”
စကားနည်းသည့် ငကံက တစ်ခွန်းထပြော၏ ။
“ကိုရင်၊ ကျုပ် ရွှေနားတော် မခံသာတော့ဘူးဗျာ။ ဓားနဲ့ ထပိုင်းမိတော့မယ်”
မောင်မောင်ညွန့် ပျာပျာသလဲဖြင့်
“သည်းခံပါ မိတ်ဆွေ။ သည်းခံပါ။ ကျုပ်တို့ တောသားအရိုင်းအစိုင်းများမို့ ဗွေမယူပါနဲ့၊ စိတ်မှတ်မထားပါနဲ့။ မိတ်ဆွေတို့ အဘယ်အတွက် ရောက်လာကြရပါသလဲ။ ကူညီနိုင်ရင် ကူညီပါရစေခင်ဗျ”
“ဒီလိုပါ၊ ကမ္ဘောဇတိုင်းက အခွန်တော် ဆက်နေကျ ဖြစ်ပေမယ့် ဟံသာဝတီစစ်ရောက်အပြီးက စလို့ ဆက်နေကျ ဆယ်ဖို့တစ်ဖို့တောင် မလာမရောက်ကြတော့တာ ကြာပါပြီ။
တချို့ စော်ဘွားမျိုးနွယ်တွေဟာလည်း ဥစ္စာရှိလျက်နဲ့ မဆက်ဘဲ နေကြတယ်လို့ ကြားသိရတယ်။ အဲဒါတွေကို ကြပ်မတ်ဖို့၊ အခွန်တော်သိမ်းဖို့နဲ့ အာခံနေသူတွေကို အရေးယူနိုင်ဖို့ လာရောက်စုံစမ်းခြင်း ဖြစ်တယ်”
မောင်မောင်ညွန့် မရိုးမရွ ဖြစ်သွားလေသည်။ လက်ျာဘီလူး ပြောသည့်အထဲတွင် သူ ပါနေသည် မဟုတ်လော။ အလိုက်ကမ်းဆိုး မသိကြသည့် အဘိုးကြီးများကလည်း စကားအဆုံး၌ သူ့ကို ဝိုင်းကြည့်နေကြသည်။ ကြွားဝါခဲ့မိသည်ကို ခုမှ နောင်တရမိသလိုလို။ မည်သူမှ မပြောကြပါစေနှင့်ဟု တွေးဆဲခဏ၌
“မောင်မောင်ညွန့်တို့လည်း စော်ဘွားမျိုးကပဲ။ မောင်တို့ဆီ အခွန်ဆက်ရတယ်လို့ မကြားဖူးပါလားကွယ့်”
ရိုးအလှသည့် အဘိုးကြီးအား စိတ်ဖြင့် ကျိန်ဆဲရင်း မောင်မောင်ညွန့် ငြင်းရလေတော့သည်။
“ဟာ.. မဟုတ်တာ။ စော်ဘွားမျိုး ဆိုပေမယ့် အမျိုးဝေးပါတယ်။ မိန်းမဘက်က တော်တဲ့ မထင်မရှားမို့ တိုက်ရိုက် မဆက်ရပေမယ့် ကျုပ်တို့လည်း အခွန်တော် ထမ်းရပါတယ်ဗျ”
“ဒါပေမယ့် မောင်တို့အဘ အခွန်မကောက် ဘာမကောက် နေတာ သုံးနှစ်တင်းတင်း ပြည့်ပြီးပါပကော”
လက်ျာဘီလူးတို့ သုံးဦးသား မောင်မောင်ညွန့်ဆိုသူကို စိုက်ကြည့်နေကြသည်။ ထိုသူ ချွေးပျံလာပြီး
“ဒါကတော့ ခေတ်ကာလ မကောင်းလို့ ဘယ်ကို ဆက်ရမယ် မသိလို့ပါ။ ဒီလိုလုပ်ပါလား။ မိတ်ဆွေတို့ သွားစရာရှိတဲ့ မိုင်းပျဉ်းကို အလျင်သွားကြပါ။ ပြန်လာရင် အခွန်တော်တွေ စုထားလိုက်ပါမယ်”
“ကျုပ်တို့ရုပ်က အခွန်တွေကို ထမ်းပြီး ပြန်မယ့် မင်းမှုထမ်းရုပ် ပေါက်နေလို့လား ရောင်းရင်း”
ဟု ငသူရိန်က မေးလိုက်၏ ။ လက်ျာဘီလူးကလည်း
“စုံစမ်းရန် လာတယ်လို့ ပြောပြီးပါပကော။ ကျွန်ုပ်တို့ သင်နဲ့တကွ ရွာသူရွာသားတွေကို ထိခိုက်အောင် ဘာမှ မလုပ်ပါဘူး။ အပြစ်ပေးမည့်သူများလည်း မဟုတ်ကြပါဘူး။ ဖြတ်သန်းသွားလာရင်း စူးစမ်းလေ့လာရုံပါ”
“အောင်မယ်လေး.. ကျန်းမာချမ်းသာကြပါစေ မောင်မင်းကြီးသားများ”
အဘိုးကြီးတစ်ဦးက ယခုမှ အလုံးကြီး ကျသွားဟန်ဖြင့် တဘက်ဖြည်၍ ချွေးသုတ်ရင်း ဆိုလာသည်။ မဆီမဆိုင် သူက တစ်ချိန်လုံး စိုးရိမ်နေခဲ့ပုံရ၏ ။
“ရှင်ဘုရင်တွေရဲ့ လုပ်ထုံးကတော့ ကျွန်ုပ်မပြောလည်း ကိုမောင်မောင်ညွန့် သိပြီး ဖြစ်မှာပါပဲ။ မကျိုးနွံ မဆက်သတဲ့ စော်ဘွားစော်ခံတွေကို အရာချပြီး သားတော် သမီးတော်တွေကို နန်းတွင်းသို့ ခေါ်ဆောင်ထားတတ်ပါတယ်။ ဒါမှသာ စော်ဘွားများ မပုန်ကန်ဝံ့ ရှိမယ်မဟုတ်လားဗျာ”
“မှန်ပါတယ်”
ဟု ပြောလိုက်သော်လည်း မောင်မောင်ညွန့် ဖင်တကြွကြွ။ ယခုပင် အင်းဝလိုက်ရတော့မလောက် ထင်နေသလား မသိ။
“ကဲ.. ကဲ၊ ဆယ့်နှစ်မှုမင်းတိုင်းမို့ အများကြီး ပြောလို့လည်း မသင့်ပေဘူး။ ခရီးဆက်ကြဦးမှ ဖြစ်မယ် နောင်တော်တို့။ နံနက်စာ တည်ခင်းဧည့်ခံတဲ့အတွက် ကျေးဇူးမမေ့ပါဘူးခင်ဗျာ”
“ထိပ်တင်တို့လည်း ခရီးလမ်း ဖြောင့်ဖြူးကြပါစေဘုရား”
သူတို့သည် ရွာအမည်ကို မေးမြန်း၍ ဇရပ်ကောင်းမှုရှင်အတွက် ပြုသော အလှူမှ ထွက်ခဲ့ကြ၏ ။ တောင်ခြေသို့ ရောက်သည်နှင့် ငသူရိန်က
“မောင်မောင်စံ တဲ့လားဗျာ..”
ဟု ကဲ့ရဲ့ရန် အစပျိုးလိုက်သည်နှင့် လက်ျာဘီလူးက
“ဟေ့.. ထိပ်တင် မောင်မောင်စံကွ နော်။ မင်းက ဘာတဲ့.. ငတွန် ဟုတ်လား။ ဘယ်လောက် တုံးလိုက်သလဲ”
ငသူရိန် ရယ်ပြီး
“ကျုပ် သဘောအကျဆုံးကတော့ မင်းလောင်းမောင်ကံပဲဗျို့”
ငကံက ခပ်တည်တည် လှည့်ကြည့်သည်။ ရှက်သလိုလို ဘာလိုလိုလည်း ဖြစ်သွား၏ ။ ရှေ့သို့ ပြန်လှည့်သွားပြီးမှ သူ့ဘာသာ ရယ်လိုက်သဖြင့် လက်ျာဘီလူးတို့ လိုက်ရယ်ကြပြီး
“သွားမနောက်နဲ့။ လှံနဲ့ ထ ထိုးနေမယ်”
“တပ်မှူးကလည်းဗျာ..”
သူ ဒါလောက်ပဲ ပြောတတ်လေသည်။ တောင်ကြောပေါ်သို့ ပြန်အတက်၌ လက်ျာဘီလူးက စိတ်ရူးပေါက်ကာ
“ထိပ်တင်ကိုယ်တော်ကြီးဟေ့ နော်”
ဟု အော်လျက် တိမ်ပျံကို ဒုန်းစိုင်းသွားသည်။ ငသူရိန်ကလည်း အားကျမခံ
“ဗိုလ်မှူး မောင်မောင်တွန်ဟေ့”
ဆိုကာ အပြေးလိုက်သွားသဖြင့် ငကံ မနေသာတော့။ သူတို့ရူးတိုင်း ရူးရပေတော့မည်။
“မင်းလောင်းမောင်ကံကွ”
အော်မယ့်အော်တော့လည်း သူ့အသံက အကျယ်ဆုံး။ ငကံ၏ ကြုံးဝါးသံအဆုံးတွင် ဓားမတိုတစ်လက်ဖြင့် သစ်ဥသစ်ဖုများ ရှာနေသည့် လူကြီးသည် ပလိုင်းကို ချ၍ သူ့ကိုယ်ကို သစ်ပင်နှင့် အလျင်အမြန် ကွယ်လိုက်လေသည်။
* * *
ထိုမှ တစ်ပတ်ခန့်အကြာ။
နောက်မှ ရောက်လာကြသော တပ်များအား နေ့လယ်စာ စားနေသည့် လက်ျာဘီလူးက မေးမြန်းရင်း ငတိုက်မောင်းဘက် လှည့်၍
“ဘယ့်နှယ့်လဲကွ။ ငါမှာလိုက်တဲ့လူကို ဝင်မေးဖြစ်သေးလား”
“သွားတယ် တပ်မှူး။ တပ်မှူးပြောတဲ့ရွာ တွေ့တယ်။ မောင်မောင်ညွန့် ဆိုတဲ့သူတော့ မတွေ့ခဲ့ဘူး။ ရွာမှာ မရှိတော့ဘူး ပြောကြတယ်။ သူ့အဖေ သူကြီးကတော့ တော်ရှာပါတယ်။ လိုလေသေးမရှိဘူး ပြုစုတာ”
“မောင်မောင်ညွန့်က ဘာလို့ မရှိတော့တာလဲ”
“ပြောကြတာတော့ သိပ်တစ်ကိုယ်ကောင်းဆန်တဲ့လူ တဲ့။ အဘ ဘာဖြစ်ဖြစ် သူ အဖမ်းမခံရ ပြီးရော ရှောင်သွားတာ ဆိုပဲ”
“သြော်”
ငအောင်မော်ကတော့ သူ့ကို ကျော်၍ တိုက်မောင်းအား အမှာစကား ပေးပို့ဆောင်ရွက်စေသည့်အတွက် မည်သည့်စကားမှ မပြောဘဲ လှံကို မြေပေါ် တဒုတ်ဒုတ်ဆောင့်ရင်း နားစွင့်နေ၏ ။
“ဒါနဲ့.. တပ်မှုး၊ ကျုပ်ကိုကျုပ် ဘာဖြစ်လို့ ဝန်ရှင်တော်မင်းကြီး သတိုးသုဓမ္မ မောင်မောင်တိုက် လို့ ပြောခိုင်းရတာလဲ”
တိုက်မောင်းက အမှန်တကယ် နားမလည်၍ မေးလိုက်ခြင်း ဖြစ်သော်လည်း ငသူရိန်သည် ဖူးခနဲ ထိုးရယ်လိုက်သည်။ ငကံဆိုလျှင် ထမင်းများပင် မှုတ်ထုတ်မိသွားလေသည်။ ထိုအခါ တိုက်မောင်းက ငကံကို အူကြောင်ကြောင် မျက်နှာပေးဖြင့် ကြည့်ရာ ငသူရိန် အသံမထွက်တော့ဘဲ တိုက်မောင်းအား လက်ညှိုးထိုးရင်း နောက်သို့ ပက်လက်လန်ကျသွား၏ ။
သူ၏ ထမင်းခွက်လည်း မှောက်သွားလေတော့သည်။ သည်တစ်ကြိမ်တော့ လက်ျာဘီလူး စိတ်မဆိုးချေ။ သူကိုယ်တိုင် ဟန်ဆောင်မရအောင် ရယ်နေမိသောကြောင့် ဖြစ်သည်။
*
#သင်္ခရာဇာ
Leave a Reply