ဘိုကျော်နှင့်ဘဇော်

ကောင်က အခု မိန်းမကိစ္စမေးနေလို့…’

ပုလုံးစကားကြောင့် ဘိုကျော် ပြုံးသွားတယ်။

‘ အေး…ငါလည်း ထူးဆန်းနေလို့ကွာ…’

‘ ထူးဆန်းမနေနဲ့မောင်။ ဒီမိန်းကလေးရဲ့ အကြောင်း ငါသိသလောက်ကတော့ ကောင်းရာထက် ဆိုးရာများတယ်ဟ…’

‘ ဟေ…ဘယ်လိုများတုန်း…’

‘ ဘယ်လိုရမတုန်း။ ငါ ကြားမိတာမှာ ဒီကောင်မလေးက ဝမ်းတွင်းစုန်းဆိုပဲ။ အရီးသောင်းဆီကို ရောက်လာတာမှာ သူ့ရွာက မောင်းထုတ်လိုက်လို့တဲ့ကွာ…’

‘ ဟာ…ဟုတ်ပါ့မလားကွာ…’

‘ ဟုတ်တာမဟုတ်တာတော့ ငါမသိဘူးကွာ။ ဒါပေမယ့် ဒါက လူတိုင်းပြောနေတာကွ။ သူနာမည်ကတော့ အေးမူလို့ ငါသိထားတယ်…’

‘ ဟာ…နာမည်လေးက အေးမူတဲ့လား…’

ဘိုကျော်က နာမည်ကို ပီတိတွေအပြည့်နဲ့ ရေရွတ်ရင်း ပြုံးလိုက်တယ်။

‘ ဟာ…ဟေ့ ဘိုကျော်…’

‘ ဟေ…’

‘ ငါဒီလောက် ပြောပြနေတာကို၊ ဟင်း မင်းတော့ကွာ မဟုတ်မဟတ်တွေ ဖြစ်တော့မှာပဲ…’

ပုလုံးက စိုးရိမ်တကော ပြောတယ်။ ဒါပေမယ့် ဘိုကျော်ကတော့ ဒါကို မမှုဘူး။

အေးမူအကြောင်းတွေးရင်း ဆုံခဲ့တဲ့ ရေဆိပ်က အထြစ့အပျက်ကလေးကို ပြန်တွေးနေတယ်။

မမေ့က ညနေမှာ ဘိုကျော်တစ်ယောက် နွားတွေရေချရင်း ရေဆိပ်မှာ ရှိနေတယ်။

အဲ့ဒိ့အချိန်မှာ အေးမူဟာ ရွာက အပျိုတစ်သိုက်နဲ့ ရေခပ်ဆင်းလာရင်း ချော်လဲမလိုဖြစ်ချိန် ဘိုကျော်က လှမ်းဆွဲထိန်းပေးလိုက်ရတာ။

ဒါကို အဲ့ဒီ့အချိန်ကစလို့ အခုထိကို ဘိုကျော် ဒီအကြောင်းကို အခါခါ ပြန်တွေးနေမိတယ်။

‘ ဘာပဲဖြစ်ဖြစ်ကွာ ငါတော့ အေးမူကို ချစ်မိသွားခဲ့ပြီ…’

ဘိုကျော်က တကယ့်ကို ခံစားချက်အပြည့်နဲ့ ရေရွတ်လိုက်တယ်။

ပုလုံးကတော့ ဘိုကျော့်ကို ပြောမရနိုင်တော့ဘူးဆိုတာ သိလို့ မတတ်သာတဲ့ဟန်နဲ့ပဲ ကြည့်နေမိတော့တာပေါ့…။

*****

‘ ဟာ…ဒီတစ်ခါလည်း သွားပြန်ပါပြီကွာ…’

ဖဲဝိုင်းထဲက အားမလိုအားမရ ပေါက်ကွဲသံတွေ။

လူဆယ်ယောက်လောက်သာ ရှိတဲ့ ကြိတ်ဝိုင်းလေးထဲမှာ ဘဖော်ရဲ့ မျက်နှာကတော့ မှိုရတဲ့မျက်နှာလို ပြုံးဖြီးဖြီးကြီးနဲ့။

‘ တော်ပြီကွာ…’

‘ ဒီနေ့ ဖဲကံညံ့နေတယ်…’

အမျိုးမျိုး အဖုံအဖုံ ညည်းတွားသံတွေနဲ့ တစ်နေကုန်ရိုက်နေခဲ့တဲ့ တိတ်တိတ်ပုန်း ဖဲဝိုင်းလေးက ဖျက်သိမ်းခဲ့ကြပါပြီ။

‘ ငွေတိုး…ရော့…မင်းအတွက်…’

ဘဇော်က သူနဲ့ အမြဲလိုက်နေကျ ငွေတိုးဆိုတဲ့ ကောင်လေးကို ငွေတစ်ထပ်ပေးလိုက်တယ်။

ဒီကောင်လေးက နာမည်ကိုက လာဘ်ပွင့်စေတယ်ဆိုတာ ဘဇော်ယုံကြည်နေပါရဲ့။

ဒီကောင်လေးပါလာရင် သူ့အတွက် ဖဲကံတက်စေတယ်။

အခုလည်း ငွေတိုးကို လမ်းမှာ တွေ့လို့ မုန့်ဖိုးပေးမယ်ဆိုပြီး ခေါ်လာခဲ့တာကနေ သူ့အတွက် ဖဲဝိုင်းတစ်ဝိုင်းလုံး အပြတ်သိမ်းနိုင်ခဲ့တယ်လေ။

နှစ်ယောက်သား အပျော်တွေနဲ့ ပြန်ခဲ့ကြတယ်။

ကိုင်းကြီးရွာထိပ်ဆီကို ရောက်လေတော့ ရွာထဲက ထွက်လာတဲ့ နွားလှည်းတစ်စီးကို တွေ့ကြရတယ်။ လှည်းက အနားကို ရောက်လာတော့…။

‘ ဟေး…ကိုကြီးအုန်း၊ ဘယ်ကိုတုန်းဗျ…’

‘ အရီးသောင်းတို့ကွင်းကို တလင်းသွားလုပ်ကြမလို့ကွ…’

‘ အော်…ဟူတ်လား။ သွားဗျို့…သွား…’

အပျော်တွေဝေစီနေတဲ့ ဘဇော် နွားလှည်းမောင်းနေတဲ့ အုန်းမောင်ကို နှုတ်ဆက်ပြီး လှည်းအနောက်ကို ကြည့်လိုက်တယ်။

‘ ဟာ…’

လှည်းအနောက်ဖျားမှာ ထိုင်နေသူမိန်းကလေးကြောင့် ဘဇော် ပါးစပ်အဟောင်းသားပဲ။

‘ ကိုကြီးဘဇော်…ဟေး…ကိုကြီးဘဇော်…’

‘ အဲ ဟေ… ဟေ…’

‘ လှည်းက အဝေးကြီးရောက်သွားပြီ၊ ဘာတွေငေးနေတာလဲဗျ…’

‘ အေး…ချစ်စရာလေးကွာ…’

ဘဇော်ရဲ့ စကားက လိုရင်းမရောက်။ ငွေတိုးက…

‘ ဟာ…ကိုကြီးကလည်း ဘာတွေပြောနေတာလဲ…’

‘ လှည်းပေါ်က ကောင်မလေးလေကွာ။ တော်တော်လှတာနော်…’

‘ ဟာ…ကိုကြီး၊ အဲ့ဒါ အရီးသောင်းရဲ့တူမဗျ။ မအေးမူတဲ့။ စုန်းပညာတတ်တယ်လို့ သိရတယ်…’

‘ ဟေ…စုန်းပညာဟုတ်လား…’

‘ အင်း ကျုပ်တော့ အဲ့သလိုကြားမိတာပဲဗျ…’

‘ အို…သူ့ဘာသာ စုန်းစုန်းကွာ။ ငါတော့ သဘောကျတယ်…’

ဘဇော်စကားက ပြတ်သားလွန်းတယ်။

ဒီကနေစလို့ ဘိုကျော်နဲ့ ဘဇော်တို့ ညီအကိုဟာ မတည့်ရင်းစွဲကနေ အချစ်လုဘက်တွေ ဖြစ်လာရတော့တာပေါ့…။

******

ဥိးကျော်အေး အိမ်ဝိုင်းထဲကို ဝင်မိတာနဲ့ မလာစဖူး၊ အလာထူးတဲ့ သားတော်မောင်နှစ်ယောက် ရောက်နေတာကို မြင်မိရတယ်။

တစ်ယောက်က လှေကားရင်းမှာ ထိုင်နေပြီး တစ်ယောက်က အိမ်အောက်ဆီမှာ။ နှစ်ယောက်စလုံး တစ်ယောက်က တစ်ယောက်ကို မကြည်သလို ခပ်ထေ့ထေ့ကြည့်ရင်း ရှိနေကြတယ်။

‘ ဟ…ဒီနှစ်ကောင် ဘယ်ကဘယ်လိုရောက်ပြီး ညီကိုချင်း ရန်စောင်နေကြပြန်တာတုန်းဟ…’

ဦးကျော်အေးက နွားတွေကို ဖြုတ်ရင်းမေးတယ်။

တစ်ယောက်မှ ပြန်မဖြေကြဘူး။

‘ တော့်သားနှစ်ကောင် မိန်းမကိစ္စ ရန်စောင်နေကြတာတော်ရေ။ လူကြားလို့မှ မကောင်း…’

‘ ဟာ…’

ထမင်းအိုးငှဲ့နေတဲ့ ဒေါ်ထွေးတင်က ဝင်ပြောလာတယ်။

သားနှစ်ယောက်နဲ့ပက်သက်ပြီး အခုလို တစ်ခါမှမကြားခဲ့ဖူးတော့ ဦးကျော်အေး တအံ့တသြဖြစ်မိရတယ်။

‘ လုပ်စမ်းပါဦးဟ။ ဘယ်က မိန်းခလေးလဲ…’

‘ မသောင်း တူမလေးရောက်နေတာတော်။ အဲ့ဒီ့ ကလေးမတဲ့…’

‘ ဟ…ဟိုအေးမူဆိုတဲ့ ခလေးမမှတ်လား…’

‘ ဟုတ်ပါ့တော် ဟုတ်ပါ့…’

‘ ဟင်း…ဒီကောင်တွေနဲ့တော့ ခက်ပြီ။ အဲ့ဒီ့ကလေးမက ရွာထဲမှာ စုန်းလိုလို ဘာလိုလိုကြားနေတာကွ…’

‘ အို…အဖေကလည်း သူ့ဘာသာစုန်းမကလို့ ဘာဖြစ်ဖြစ်၊ ကျုပ်ကတော့ သူ့ကို သဘောကျတယ်…’

ဘဇော်က ထပြီးပြောတယ်။

‘ အဖေ…ကျုပ်လည်း အေးမူ ဘာပဲဖြစ်နေနေ ချစ်တယ်…’

‘ ဟေ့ကောင် အရက်သမား။ မင်းပါးစပ်က အေးမူနာမည် မထွက်နဲ့…’

‘ ထွက်တော့ ဘာဖြစ်လဲ။ မင်းသာ ရွာစဉ်လှည့် ဖဲရိုက်နေရင်း မိန်းမပွေနေတဲ့ကောင်။ မင်းသာ အေးမူနာမည် မထွက်နဲ့…’

‘ ဟေ့ကောင်…’

ဘဇော်ကတစ်လှည့်၊ ဘိုကျော်ကတစ်လှည့် နှစ်ယောက်သား ကြက်ခေါင်းဆိတ်မခံ။

‘ ဟေ့ကောင်တွေ တော်ကြပါတော့…’

နှစ်ယောက်စလုံး ထုမယ်ထောင်းမယ် ဖြစ်နေရာက အဖေဖြစ်သူ ဝင်အော်မှပဲ ညီအကိုနှစ်ယောက် ကိုယ်ရှိန်သတ်ကြတယ်။ ဒါပေမယ့် စကားသံတွေကတော့ မစဲသေး။

‘ အဖေ့သား အရင်လုပ်တာ။ ညီဖြစ်သူကို ဦးစားမပေးဘဲ နွားဇာတ်လာခင်းတာ…’

‘ ဟေ့ကောင်…မင်းကကော ငါ့ကို အကိုဆိုပြီး အလေးထားတာမျိုး ရှိလို့လား…’

‘ ဟာကွာ…ဒီမအေဘေးနှစ်ယောက်ကတော့…’

ဦးကျော်အေး နားမခံနိုင်တော့။

လှည်းဆီက တံပိုးကြေးကို ပြေးဆွဲပြီး ဘိုကျော်၊ ဘဇော်တို့ကို ရိုက်မယ်လုပ်မှ နှစ်ယောက်စလုံး ထပြေးကြတော့တာပေါ့။

‘ တောက်…တကယ့်ကောင်တွေကွာ။ လူချင်းသာ မတည့်တာ အကြိုက်ချင်းကျ တူတတ်ပါ့…’

ဥိးအေးကျော် ညည်းတွားလိုက်တယ်။

ဒေါ်ထွေးမိကတော့ သားအဖသုံးယောက်ကို ကြည့်ပြီး သက်ပြင်းတွင်တွင်ချလို့…။

******

ဘိုကျော်နဲ့ ဘဇော်တို့ရဲ့ အေးမူအပေါ် ချစ်ခင်မှုတို့က အချိန်တိုအတွင်းမှာ အတော့်ကို အခြေအနေဆိုးဆိုးရွားရွားဖြစ်လာတယ်။

ညနေဘက် အေးမူ ရေခပ်ဆင်းချိန်ဆို ညီအကိုနှစ်ယောက် ရေဆိပ်ဆီကို ကြိုရောက်နှင့်ပြီး တစ်ယောက်က တောင်ဘက်၊ တစ်ယောက်က မြောက်ဘက်ကနေ စောင့်နေတတ်တယ်။

ဒါပေမယ့် ထူးတာက အေးမူကို တစ်ယောက်မှ စကားတော့ လိုက်မပြောကြဘူး။

အလာ၊ အပြန်ကို ငေးကြည့်နေကြရုံပဲ။

ဒီလိုနဲ့ တစ်ရက်မှာတော့…။

‘ တောက်…’

ဘိုကျော်ကော ဘဇော်ပါ အသည်းတွေ ကွဲရတဲ့နေ့ ဖြစ်ခဲ့တယ်။

ရေဆိပ်ဆီမှာ အေးမူဆီကို လာတွေ့တဲ့ လူတစ်ယောက်။

အေးမူက အဲ့ဒီ့သူကို တွေ့တော့ အတော့်ကို ဝမ်းသာနေရှာတဲ့ ပုံနဲ့။

သူတို့ချင်း လက်ချင်းချိတ်၊ ရယ်သွမ်းသွေးပြီး ကြည်နူးနေကြတာကို ဘိုကျော်တို့ညီအကိုက ကြည့်ပြီး ရင်ထဲမချိအောင် နာကျင်နေကြရတယ်။

ဘိုကျော်က အိမ်ကို ပြန်ခဲ့တယ်။ စိတ်က လေနေတာမို့ အိပ်ရာထဲ လှဲခွေရင်းပေါ့။

ဒါပေမယ့် ညအမှောင်ထုသည်းလာချိန်မှာတော့ ဘိုကျော်ရဲ့ အသွေးအသားတွေက အရက်ကို ဆာလောင်လာတယ်။

ဒါကြောင့် သာပေါင်းအရက်ဆိုင်ဆီကို ဘိုကျော် အရက်သောက်ဖို့ ထွက်လာခဲ့တော့တာပေါ့။

‘ ကျုပ် တကယ်မခံစားနိုင်ဘူးဗျာ…အေးမူရေ..အေးမူ…’

ဆိုင်ရှေ့ကို ရပ်ရပ်ချင်း အထဲက အသံကြောင့် ဘိုကျော် ခြေလှမ်းတွေ ရပ်သွားခဲ့တယ်။

‘ ငါ တကယ် အေးမူကို ချစ်တာကွာ။ အခုရောက်လာတဲ့သူနဲ့ သူက အခုလိုကြီးနေနေတော့ ငါ သေလောက်အောင် ခံစားနေရတယ်…’

ဘဇော်ရဲ့ အာလေးလျှာလေး အတော့်ကို မူးနေတဲ့ အသံက ထွက်ပေါ်လာပြန်တယ်။

ဘိုကျော်ရဲ့ သောက်ဖော် ပုလုံးက ဘဇော်နံဘေးမှာ သောက်ဘက်အဖြစ် ရှိနေတယ်။

‘ ဘဇော်ရာ။ မင်းအကိုတုန်းကလည်း ငါတားဖူးတယ်ကွ။ မင်းတို့ ညီအကိုကလည်း ဖြစ်မှဖြစ်တတ်လေကွာ။ မိန်းမတစ်ယောက်ကို အတူစွဲလန်းမိကြပြီး အတူတူအသည်းကွဲကြရတယ်လို့။ အခု ဘိုကျော်လည်း ရောက်မလာဘူးဆိုတော့ သေချာတယ်၊ ဒီကောင်လည်း မင်းလိုပဲ နေမှာ…’

‘ အင်းကွာ…ငါလည်းအစက အကို ငါ့ကို မကျေနပ်လို့ အေးမူကို တမင်တကာ ဝင်နှောက်တာလို့ ထင်မိတာ။ သူတကယ်ချစ်မှန်းမသိခဲ့ဘူး။ ပုလုံးရာ မင်းပြောသလိုပဲ ငါတို့ညီအကို အဖြစ်က တူလိုက်တာ။ ငါ အကို့ကိုတောင် ကိုယ်ချင်းစာမိလာရသလိုပဲကွာ…’

ညီအရင်းဖြစ်သူ ဘဇော်ဆီက စကား။

ကြားမိတဲ့ ဘိုကျော်မှာတော့ ဘဇော်ဆီက ငါ့အကိုဆိုတဲ့ အသုံးအနှုန်းအတွက် ကြက်သီးတောင် ဖြန်းဖြန်းထမိရတယ်ကော။

ဘိုကျော် အရက်သောက်ချင်စိတ် မရှိတော့ဘူး။

ဘဇော်ရဲ့ ငိုသံက ဆိုင်ထဲက ထွက်လာနေတယ်။ ဘိုကျော်စိတ်ကို ဆုံးဖြတ်ပြီး နေရာကနေ လှည့်ထွက်လိုက်တယ်။

‘ ဟာ…ဘိုကျော်။ မသောက်တော့ဘူးလားကွ…’

အပြင်ကနေ ပြန်လာတဲ့ သာပေါင်းနဲ့ ဆုံပြီး မေးလာတော့ ဘိုကျော်က တိတ်တိတ်နေဖို့ အရိပ်ပြတယ်။ ပြီးတော့ ဘာမှမပြောပါဘဲ နေရာကနေ ထွက်သွားတော့တာရယ်။

******

နောက်တစ်နေ့ မနက်၊ သံဃာနေ့ဆွမ်းစားချိန်…။

‘ ရေဆိပ်မှာ အလောင်းတွေ့လို့ဗျို့…’

ရွာထိပ်က အော်လိုက်တဲ့ အသံက ကိုင်းကြီးတစ်ရွာလုံးကို ရုတ်ရုတ်သည်းသည်းဖြစ်သွားစေတယ်။

ှုဖြစ်ပုံက ဒီမနက် ရေဆိပ်နံဘေး ကိုင်းတောထဲမှာ လူတစ်ယောက် သေနေတာကို တွေ့ကြရတာရယ်။

ရေဆိပ်ဆီမှာ လူတွေ အုတ်အုတ်ကျက်ကျက်ဖြစ်သွားတယ်။

သေသူကတော့ ကိုင်းတောထဲမှာ မှောက်ခုံကြီး။

ဆွဲလှန်လိုက်တော့ သေသူက မနေ့ညနေတုန်းက အေးမူနဲ့ စကားပြောနေတဲ့သူရယ်။

‘ အီး…ဟီး…ဟီး…’

ရုတ်တရက် လူအုပ်ထဲက တိုးထွက်လာတဲ့ အေးမူ။

အလောင်းကြီးကို ဖက်လို့ အေးမူငိုတယ်။

‘ ဟဲ့…အေးမူ။ အဲ့သာက ဘယ်သူတုန်း…’

အရီးသောင်းက သူ့တူမသူ နားမလည်နိုင်တာမို့ မေးလိုက်တာ။

‘ သူက ကျုပ်ယောက်ျားပါ အရီးရယ်။ သူ အလုပ်တစ်ခုကို ထွက်သွားချိန် သူ့မိသားစုနဲ့ ကျွန်မ ပြဿနာဖြစ်ပြီး ကျုပ် အရီးဆီကို ရောက်လာခဲ့တာပါ…အခုတော့…’

အရီးသောင်းပါမက အားလုံး အံ့အားသင့်ကြရတယ်။

‘ ကိုလှဖေရယ် တော်ပြန်လာပြီး ကျုပ်တို့ မိသားစုနဲ့ မနေဘဲ တေယ့်လုပ်အားခတွေနဲ့ တစ်အိုးတစ်အိမ် ထူထောင်မယ်ဆို။ ညတုန်းက အရီးအိမ်ကို ခေါ်တော့ မလိုက်ရဲလို့ မလိုက်ပါရစေနဲ့ ပြောတာ။ အခုတော့ အီး…ဟီး…ဟီး…’

အေးမူတစ်ယောက် သည်းသည်းထန်ထန်ကို ငိုကြွေးပါတယ်။

‘ ကိုလှဖေ…တော့်ကို ဘယ်သူသတ်တာလဲ။ တော့်ကို ဘယ်သူသတ်တာလဲ။ တော့်ကို သတ်တဲ့သူကိုလေ။ ခွေးလိုအူပြီး ခွေးလိုသေစေရမယ်တော်…’

အေးမူရဲ့ ကြုံးဝါးစကား။

ဒီစကားကို ကြားမိသူတွေထဲ အလေးအနက်ထားကြသူတွေ ရှိသလို အလေးအနက် မထားကြသူတွေလည်း ရှိကြပါရဲ့။

******

သာပေါင်းအရက်ဆိုင်ဆီမှာ…။

‘ ဘိုကျော်…’

‘ ဟေ…’

‘ အေးမူ ယောက်ျား အသတ်ခံရတဲ့ ကိစ္စ မင်းသိသလား…’

‘ အေး…သိတယ်လေ။ ဘာဖြစ်လို့လဲ…’

ဘိုကျော်က အရက်ခပ်ထွေထွေနဲ့ အရေးမကြီးသလို မေးလိုက်တယ်။

‘ အသတ်ခံရတာကွ။ သတ်တဲ့သူကို ငါတော့ နားမလည်ဖြစ်မိတယ်…’

‘ ဘာလို့လဲ…’

‘ မနေ့တစ်နေ့ကမှ ရွာကို ရောက်လာတဲ့သူကို ဘာကြောင့်သတ်တာလဲလို့…’

‘ အကြောင်းရှိလို့ပေါ့ကွာ…’

ဘိုကျော်က လွယ်လင့်တကူပဲ ပြောလိုက်တယ်။

‘ ဘိုကျော်ရယ်…ဘယ်လိုများ ပြောလိုက်တာလဲ။ လူတစ်ယောက်ကို သတ်ဖို့ရာကွာ၊ ဒီလောက်တောင် လွယ်ကူနေရသလား။ ငါ မသိလို့ပါ…’

‘ ဟေ့ကောင် ပုလုံး။ တကယ်တော့ လူသတ်တယ်ဆိုတာ လွယ်တယ်ကွ။ အချက်နှစ်ချက်ထဲနဲ့တင် လူသတ်လို့ရတယ်…’

‘ ဘယ်လို…’

‘ ဒီလိုကွာ…ပထမတစ်ချက်က သူ့ကိုသတ်ရမယ့် အကြောင်းပြချက်ခိုင်လုံဖို့၊ နောက်တစ်ချက်ကတော့ မင်း…မဟုတ်ဘူး၊ ငါ ပေါ့ကွာ…ငါက သူ့ကို သတ်နိုင်ဖို့ပဲ လိုတယ်…’

ပုလုံး ဘိုကျော့်ကို စူးစူးရဲရဲ ကြည့်လိုက်မိတယ်။

‘ ဘိုကျော်…’

‘ ဟေ…’

‘ ဒိလူကို မင်းများ သတ်မိတော့သလား…’

‘ ဟ…ပုလုံး…’

ဘိုကျော် စကားကို ချက်ချင်း မဆက်၊ ပုလုံးကို စူးစူးရဲရဲ ကြည့်ပြီးပါမှ…။

‘ အင်းကွာ…ငါသတ်တယ်ပဲ ထားပါတော့…’

ဘိုကျော် ပြောပြီးတော့ လက်ကျန်ခွက်ကို မော့ပြီး အရက်ဝိုင်းဆီကနေ ထွက်သွားဖို့ ပြင်တယ်။

‘ ဟ…ပြန်တော့မလို့လား…’

‘ အေးကွာ…’

ဘိုကျော်က ဒါပဲ ပြောတယ်။ ပြီးတော့ ဆိုင်ထဲကနေ ထွက်သွားတော့လေရဲ့။

*******

သုံးရက်ခန့်အကြာ…။

‘ ဘိုကျော်တစ်ယောက် ခွေးလိုအူနေလို့တဲ့တော်…’

ကိုင်းကြီးရွာကလူတွေကြားက သတင်းတစ်ခု။

ဘိုကျော်တစ်ယောက်ရယ်လေ။ အေးမူ ကြုံးဝါးခဲ့တုန်းကလိုမျိုး သူ့အိမ်ဆီမှာ ခွေးတစ်ကောင်လို လေးဘက်ထောက်ပြီး အူသံပြုနေတယ်တဲ့။

ဒီအကြောင်းကြောင့်ပဲ ဘိုကျော်ရဲ့ အနားမှာ အဘွားဖြစ်သူ ဒေါ်အုံးတင်နဲ့ မိဘနှစ်ပါးဖြစ်တဲ့ ဥိးကျော်အေး၊ ဒေါ်ထွေးတင်တို့ပါ ရတတ်မအေးရအောင် ဖြစ်နေကြရတယ်။

ဘဇော်လည်း မနေသာဘူးလေ။

သွေးသားဆိုတော့ ပူပန်စိတ်နဲ့ ရောက်လာရတာပေါ့။

‘ အူး…ဟူ…ဟူ…ဝုတ်…’

‘ ကိုကျော်အေးရယ်…တော့်သားကို တော်ကြည့်ပါဦး။ တော် မကယ်တင်ပေးနိုင်တော့ဘူးလား…အီး…ဟီး…ဟီး…’

ဒေါ်ထွေးတင် ငိုလေတော့တယ်။

ဦးကျော်အေးကတော့ ဘာတတ်နိုင်မှာလဲ။ ရင်ထဲမှာ မချိပေမယ့် သူလည်း စွမ်းနိုင်သလောက် နီးစပ်ရာမှာ ဆရာဆိုတာတွေကို ရှာဖွေခဲ့ပြီးပြီ။

လောက်လောက်လားလား ကုသပေးနိုင်သူ မရှိခဲ့ဘူး။

ကြာတော့ ဘဇော်က မိခင်ဖြစ်သူ မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေတာကို ကြည့်ပြီး မခံစားသာတော့ဘူး။

‘ အမေ…ကျုပ် အကို့အတွက် ဆရာရှာပေးမယ်ဗျာ…’

ဘဇော်က ရွာခြေလည်တယ်လေ။

ဒီတော့ သူ့ကတိအတိုင်း နီးစပ်ရာရွာတွေကနေ မရရှိတဲ့ ကုသမယ့် ဆရာဖြစ်သူကို ရှာဖို့ ထွက်ခဲ့တော့တာပေါ့။

******

ဇီးပင်သာဆိုတဲ့ ရွာကို ဘဇော်ရောက်ရှိလာတယ်။

ရောက်ရောက်ချင်း ခရီးက ဝေးတာကြောင့် မောပန်းလှတာမို့ ရွာထဲကို မဝင်နိုင်သေး။ ရွာအပြင်က သစ်ရိပ်ကောင်းကောင်းနဲ့ ဇရပ်ကလေးဆီကို အရင်ဝင်မိခဲ့တယ်။

‘ မိညို…နင်က အပေါ်ကိုတက်၊ မိဖြူ နက်က အောက်ကိုဆင်း။ မိဝါ…ဟုတ်တယ် နင်က အဲ့ဒီ့လိုလေး အဟေးဟေး…’

‘ ဟင်…’

ဇရပ်ထဲကို ဝင်ဝင်ချင်း အထဲဆီမှာ ရှိနေတဲ့ ထူးထူးဆန်းဆန်း လူတစ်ယောက်ကြောင့် ဘဇော် အံ့အားသင့်သွားရတယ်။

ထူးဆန်းတဲ့လူဆိုတာက ဆံပင်စုတ်ဖွား၊ အဝတ်အစား ပေရေစုတ်ပြတ်နေပြီး ယောဂီရောင် လွယ်အိတ်စုတ်ကြီးကို လွယ်ထားတဲ့သူ။ ထိုင်နေတဲ့ သူ့ရဲ့ အရှေ့နားမှာတော့ သစ်ရွက်ကလေးသုံးရွက်က လေဆီမှာ ဝဲပျံရင်း လှည့်ပတ်လို့ရယ်။

လူထူးဆန်းကတော့ ဘဇော်ကြည့်နေတာကို မသိ၊ သူ့အာရုံနဲ့သူ သစ်ရွက်ကလေးတွေကို စေပါးဆော့ကစားလို့ရယ်။

အတန်ကြာ ဆော့ကစားပြီးချိန်မှာတော့…။

‘ ကဲ…ကဲ…သစ်ရွက်ပျံလေးတွေရေ၊ နင်တို့လည်း မော၊ ငါသူတော်လေးလည်း မောပြီ။ နားကြစို့…’

လူထူးဆန်းက ပြောပြောဆိုဆို သူ့လွယ်အိတ်ကြီးကို ဖွင့်ဟလိုက်တယ်။

သစ်ရွက်ပျံကလေးတွေက အိတ်ထဲဆီကို တိုးဝင်ရောက်သွားလေတော့ရဲ့။

လူထူးဆန်းက ဒိအခါမှ ဘဇော်ကို ရုတ်တရက် မြင်ပြီး…။

‘ ဟဲ့…အမလေး ဗုဒ္ဓဘုရား ဘိုးသိကြား၊ ကျောကလန့်လန့်၊ ရင်ကလန့်လန့်၊ ကလူကလူ…ငါသူတော်လေး လန့်လိုက်တာနော်…’

လူထူးဆန်းက ကျောတွေရင်တွေဖိပြီး ရေရွတ်တယ်။

ဘဇော်က ဒီအခါမှ လူထူးဆန်းဟာ သူရူးတစ်ယောက်ဖြစ်ကြောင်း ရိပ်မိလိုက်ပြီး…။

‘ ခင်…ခင်ဗျားက…’

ဘဇော်က ပြောသင့်မပြောသင့် စကားရပ်ပြီး ချင့်ချိန်လိုက်တယ်။ ဒီအခါမှာ သူရူးက…

‘ ငါသူတော် နတ်သားလေးပါကွယ်…အဟေး…’

‘ အဲ…မ…မဟုတ်’

ဘဇော် စကားက ဘာပြောရမယ် မသိဘူး။

‘ ကဲ…ကဲ…မောင်လူသား။ နင်လေးကို ကြည့်ရတာ တစ်ခုခုတော့ တစ်ခုခုပဲ…မှန်း…’

သူရူးက ပြောပြောဆိုဆိုပဲ ဘဇော်ကို အနီးကပ်လို့ ခြေဆုံးခေါင်းဆုံး ကြည့်လာတယ်။

ပြီးတော့…။

‘ အင်း…ငါသူတော်လေး ထင်တော့ထင်သားပဲ။ နင့်ကို ကြည့်ရတာ မူမမှန်ပါဘူးလို့။ လက်စသတ်တော့ လောကီအပူ၊ လူမှာ ခိုကပ်၊ မီးပြာမီးလက် တောက်လောင်နေသူပါလား။ ငါသူတော်လေး မှန်းရင် လွဲခဲပါတယ်။ ဟဲ့…မောင်လူသား။ နင့်ရဲ့ သားချင်းတစ်ယောက် ထူးထူးဆန်းဆန်း ဒုက္ခမျိုး ကြုံနေရတယ်မှတ်လား…’

ဘဇော် မျက်လုံးပြူးသွားရတယ်။

သူရူးက သူ့အပူကို အတတ်ကြီးသိနေတယ်လေ။

‘ ခင်ဗျားက အဲ…မဟုတ်ဘူး၊ ဆ…ဆရာက ပယောဂဆရာလား…’

‘ ဟဲ့ ကလားလား။ ဘယ့်နှယ့်လို့ ငါသူတော်လေးက ဆရာဖြစ်ရမှာလဲ။ ငါသူတော်က နတ်သား။ နတ်သားပါလို့ ဒီလောက် အတွင်တွင်ပြောနေတာကို…’

သူရူးက ငြိုငြင်ဟန်နဲ့ဆိုတယ်။ ဒီတော့ ဘဇော်လည်း ရေနစ်သူအတွက် ကောက်ရိုးတစ်မျှင်လို စိတ်အကြံတစ်ခုရပြီး…။

‘ ဟုတ်…ဟုတ်ပါပြီ နတ်သားလေး သူတော်ရယ်။ ဟို…ဟိုလေ။ ကျုပ် အကိုမှာ နတ်သားလေးပြောသလို ဒုက္ခကြုံနေရပါတယ်။ အဲ့ဒါ…နတ်သားလေးကများ…’

‘ ငါသူတော်လေးက ကုပေးရမယ်ဆိုပါတော့…’

သူရူးက နတ်သားလေး အခေါ်ခံရတာမို့ ကျေနပ်ပီတိဖြစ်နေတဲ့ ပုံနဲ့ ပြောတယ်။

‘ ဟုတ်…ဟုတ်ပါတယ် နတ်သားလေးရယ်…’

‘ အင်း…ဒီလောက်ကတော့၊ အိုရပါတယ် ဘိုးသိကြားကို နောက်မှ အသိပေးမယ်…’

‘ ဟို…ဘိုးသိကြားဆိုတာက…’

‘ ဪ…ခက်ပါပြီကော မောင်လူသားရယ်။ ဘိုးသိကြားက ဘိုးသိကြား။ ငါသူတော်က ငါသူတော်။ ဒါပေမယ့် ငါသူတော်ကတော့ နတ်သားလေးရယ်ပေါ့…’

‘ ဪ… ဟုတ်…ဟုတ်ကဲ့…’

သူရူးစကားကြောင့် ဘဇော် မျက်စိလည်သွားရတယ်။ သူရူးက…

‘အင်း…နင်က ငါသူတော်ကို နတ်သားလေးခေါ်တော့ အဟီး…ငါသူတော်လေး ကျေနပ်သကွယ်။ ကဲ…ကဲ…ငါသူတော်လေး ကူညီမယ်။ ဘာမှမပူနဲ့…’

‘ ကျေး…ကျေးဇူးတင်လိုက်တာဗျာ’

‘ ရတယ်၊ သွားကြမယ်’

သူရူးက ပြောပြောဆိုဆိုပဲ သူထိုင်နေရာဆီက အုန်းလက်ခြောက်ကြီးကို သွားကောက်ယူလာတယ်။ ပြီးတော့ တက်ခွလိုက်ပြီး။

‘ ဟဲ့…မောင်လူသား။ နင်ရှေ့က သွားပေတော့’

ဘဇော်လည်း အကွန့်မတက်တော့ဘူး။ ဇရပ်ဆီကနေ လှမ်းထွက်လိုက်ပါတော့တယ်။

နေ့တစ်ပိုင်းမရှိတစ်ရှိခရီးက ဘဇော်အထင် ခဏအတွင်းမှာပဲ ပြန်ရောက်ခဲ့ရသလို ထင်မိတယ်။

အိမ်ဆီကို ရောက်ပြီး သူရူးက ဘိုကျော်ကို မြင်တော့…။

‘ အို…ခွေးဝိဥာဉ်သွင်းပြီး အသေတိုက်လုပ်ထားတာပဲ…’

‘ ဗျာ…’

သူရူးဆီက စကားကြောင့် ဘဇော် အံ့အားသင့်သွားရတယ်။ သူရူးက…

‘ ငါသူတော်လေး နင့်ကို ပြမယ်။ မျက်လုံးပိတ်ထား…’

သူရူးက ပြောပြီးတော့ ဘဇော်ရဲ့ ဦးခေါင်းကို သူ့လက်နဲ့ အုပ်ကိုင်လို့ မန္တာန်တစ်ပုဒ်ရွတ်တယ်။

‘ ရပြီ ဖြေးဖြေးချင်း ဖွင့်ကြည့်လိုက်တော့…’

ဘဇော် မျက်လုံးကို ဖွင့်ပြီး ဘိုကျော်ဆီကို ကြည့်လိုက်တယ်။

‘ ဟာ…’

ဘိုကျော့်ခန္ဓာကိုယ်ဆီမှာ ခွေးတစ်ကောင်ရှိနေတယ်။

‘ သူ့ဝိဥာဉ်က တစ်နေရာရာမှာ ချုပ်ခံထားရတာနေမယ်…’

သူရူးက ပြောပြီးတော့ အာရုံခံလိုက်တယ်။

‘ ဟဲ့ လူသား။ နင်တို့ အိမ်အနောက်ဘက်က သရက်ပင်ဆီမှာ သူ့ဝိဥာဉ်ကို ချုပ်ထားတာရယ်။ နင် အခုသွားကြည့်ရင် သူ့ကို တွေ့လိမ့်မယ်။ သရက်ကိုင်းငယ်ချိုးပြီး သူ့နာမည်ကို ခေါ်လိုက်။ ပြီးရင် သရက်က်ိုင်းကို ဒီကိုယူလာခဲ့ သူ နင်နဲ့ လိုက်လာလိမ့်မယ်…’

‘ ဟုတ်ဟုတ်…’

ဘဇော် ချက်ချင်းပဲ အိမ်အနောက် သရက်ပင်ဆီကို ပြေးတယ်။

ဒီအချိန်မှာ သူရူးက တအီအီလုပ်နေတဲ့ ဘိုကျော်ကို ပတ်ဝိုင်းပြီး စည်းမံလိုက်တယ်။

အကြောင်းက တစ်ဖက်က လုပ်ထားသူဟာ ဝိဥာဉ်ကို ဖယ်ပြီး ခွေးဝိဥာဉ်နဲ့ အစားထိုးလို့ ခန္ဓာညှင်းဆဲထားတာ။

အချိန်ကလည်း တစ်ပါတ်လောက်ကြာပြီ။

တကယ်လို့သာ ကာယကံရှင်ရဲ့ ဝိဥာဉ်ကို မရှာသေးဘဲ ခွေးဝိဥာဉ်ကို ဖယ်လိုက်ရင် လူနာဟာ သေဆုံးခြင်းကို ဆိုက်ရောက်ပေမယ်။

ဒါကြောင့် ဝိဥာဉ်ကို အရင်ရှာပြီး ပြန်မရောက်ခင် တစ်ဖက်က ပြုထားသူက ခွေးဝိဥာဉ်ကို နှုတ်လိုက်မှာစိုးလို့ သူရူးက စည်းကို တားတာရယ်။

‘ ရပြီ…ရပါပြီ နတ်သားလေး သူတော်…’

ဘဇော်က သရက်ကိုင်းကို သူရူးဆီပေးလိုက်တယ်။

သူရူးက သရက်ကိုင်းကို ယူလိုက်ပြီး သူ့အိတ်ထဲက စာရွက်တစ်ရွက်ကို ထုတ်ယူပြီး ပြာချလို့ ဘိုကျော်ဆီကို ပက်လိုက်တယ်။ ဘိုကျော် ဘိုင်းခနဲ လဲကျသွားချိန်မှာတော့ သူရူးက ချက်ချင်းပဲ လက်ထဲက သရက်ကိုင်းနဲ့ လှမ်းရိုက်ချလိုက်တော့တယ်။

အဲ့ဒီ့အခါမှာတော့ ဘိုကျော်တစ်ယောက် လူးလူးလွန့်လွန့် ဖြစ်လာပါတော့တယ်။

******

တစ်ပါတ်ခန့်အကြာ…။

ဘိုကျော်တစ်ယောက် ထူထူထောင်ထောင်ဖြစ်ခဲ့ပါပြီ။

ဒီအခါမှာတော့ ဘိုကျော်ဟာ သူ့အပေါ် အထင်လွဲနေတာတွေအတွက် ရှင်းပြပြောပြလာတယ်။

‘ ငါ မသတ်ပါဘူးကွာ။ အဲ့ဒီ့နေ့က…ငါ သတ်ဖို့ကြံရင်း အဲ့ဒီ့လူကို လို့က်ရှာတာတော တကယ်ပါ။ ဒါပေမယ့် ငါသူ့ကို မတွေ့ခဲ့ရဘူး။ ဒါနဲ့ ငါ အိမ်ကိုပဲ ပြန်ခဲ့တာပါ…’

‘ တော်သေးတာပေါ့ ဘိုကျော်ရာ။ မင်းက ငါ့အတွက်နဲ့ လူသတ်ဖို့ကြံစည်တယ်။ ငါ မင်းကို အရင်က ရန်လိုမိခဲ့တာအတွက် ငါနောင်တရမိပါတယ်…’

‘ အို…ဘဇော်ရာ။ မင်းကကော ဘာထူးလဲ။ ငါ့အတွက် ရွာစဉ်လှည့်ပြီး ဆရာအရှာပေးခဲ့တယ်မဟုတ်လား။ မင်းသာ ဆရာသူတော်ကို ရှာမတွေ့လာရင် ငါဆိုတာ ဒီနေ့အထိတောင် ရှိခွင့်ရမှာ မဟုတ်ဘူး…’

တစ်ဝမ်းထဲက အတူထွက်လာပြီး တစ်သက်လုံး မတည့်ခဲ့တဲ့ ညီအကိုနှစ်ယောက် အရေးကြီးတော့ သွေးနီးပြီး သင့်မြတ်သွားခဲ့ပါပြီ။

‘ ဆရာသူတော် မဟုတ်ပါဘူးကွာ။ နတ်သားလေး သူတော်ပါ…’

‘ အင်းကွာ…ငါလည်း သူတော်ကို မြင်ဖူးချင်လိုက်တာ…’

‘ မင်းက ဆက်ပြီးသတိလစ်နေတာ တစ်ရက်နဲ့ တသ်မနက်လေ။ သူတော်ကတော့ မင်းကို ကုသပေးပြီးတာနဲ့ အားလုံးကို နှုတ်ဆက်ပြီး အော်ဟစ်ခုန်ပေါက်လို့ ပြေးထွက်သွားတာပဲရယ်။ ကံမကုန်ရင်တော့ မင်း ပြန်မြင်ခွင့်ရမှာပါ…’

‘ အင်း…’

ညီအကိုနှစ်ယောက် ခဏတာ စကားသံတွေ တိတ်သွားကြတယ်။ အတန်ကြာတော့ ဘဇော်က…

‘ ဘိုကျော်…’

‘ ဟေ…’

‘ ငါ တစ်ခု မေးမလို့…’

‘ အေး…မေးလေကွာ…’

‘ မင်း…အေးမူကို ချစ်သေးလားလို့…’

‘ ဟာ…ဒီခွေးမသား…’

ဘဇော်ရဲ့ အမေး။ ဘိုကျော်ရဲ့ အဖြေ။

အားလုံးရဲ့ အဆုံးမှာတော့ ဘ်ိုကျော်ရဲ့ ဆဲဆိုသံက ကျယ်ကျယ်လောင်လောင်။

ဘဇော်ကတော့ အကိုဖြစ်သူကို ကျီစားပြီး ဆင်းပြေးတယ်။

ဘိုကျော်ကတော့ ရယ်မောရင်း ကျန်ရစ်လေရဲ့။

ဘာပဲဖြစ်ဖြစ် တစ်အူတုံထဲ အချင်းတစ်ခုထဲနဲ့ မွေးဖွားလာခဲ့ပြီး ထူးထူးခြားခြား မျက်နှာချင်းဆိုင်မရအောင် နေခဲ့ကြတဲ့ ညီအကိုနှစ်ယောက်။ အခုတော့ ချစ်ခင်မှုက သူမတူ။

လင်ဖြစ်သူအတွက် အေးမူကတော့ သတင်းအစအနကို စုန်းစုန်းမြုပ်ကာ ဘာမှမကြားမသိရတော့ပါဘူး။

ဒီလိုပါပဲ။

တစ်ဖက်မှာလည်း အေးမူယောက်ျား သေဆုံးမှုရဲ့ တရားခံအစစ်ဟာလည်း ထူးထူးခြားခြားကို သေသူနဲ့ ညီအကိုရင်းတစ်ယောက်ဖြစ်ပြီး အမွေကိစ္စကြောင့် ညီအကိုချင်းကို ကိစ္စတုံး လက်စဖျောက်ခဲ့တာလို့ သိခဲ့ရပါတယ်။

ဒီတရားခံအစစ်ကိုတော့ အေးမူတစ်ယောက် ဘယ်လိုတုန့်ပြန်တယ်ဆိုတာ မသိရပေမယ့် ဘိုကျော် ဘဇော်တို့ကတော့ အေးမူရဲ့ အထင်မှားမှု၊ သူရူးကြီးသူတော်ရဲ့ ကုသပေးမှုတို့နဲ့အတူ အဆိုးထဲက အကောင်းအဖြစ် ညီအကိုချင်း သင့်မြတ်ခဲ့ကြရပါပြီ။

ပြီးပါပြီ။
နောင်ရိုး(ဆေးတပ်)