လူတပြေးငန်းတလိုက်

အငွေ့တထောင်းထောင်းနှင့် ထမင်းဝိုင်းက ဟင်းခွက်တွေ စုံလှသည်။ တောဝက်သားကို အချဉ်ချက်ထားသည့် ဟင်းနံ့က မောင်ငြိမ်းပါးစပ်တွင်း၌ သွားရည်တွေ ပြည့်လာစေသည်။ ဆတ်သားခြောက် မီးဖုတ်ဆီဆမ်း တစ်ဇလုံကြီးကို ကြည့်ရင်း မောင်ငြိမ်း ပါးစပ်ပြင်လိုက်မိသည်။ ချေသားခြောက်ကိုတော့ ငရုတ်သီးစပ်စပ်နှင့် ကြော်ထားသည်။ မရမ်းသီးစိမ်း ငါးပိထောင်း၊ ဗူးရွက်ဟင်းချို၊ နောက် ဘာရယ်မသိ ကြက်သွန်နိုင်နိုင်နှင့် ထောင်းကြော်ထားသော အသားဟင်းတစ်ခွက်။ ငါးရံ့ခြောက်ကို ပြုတ်ပြီး ထောင်းကြော်ထားပုံရသည်။

မောင်ငြိမ်းနှင့် အဖော်တို့ ထမင်း စလွေးတော့သည်။ မစားဖူးသည့် တောဝက်သားဟင်းကို နှစ်ယောက်သား အငန်းမရ စားကြ၏။ နောက် ဆတ်သား၊ ချေသား၊ မရမ်းသီးစိမ်း ငါးပိထောင်း၊ ဗူးရွက်ဟင်းချိုပူပူကိုလည်း တရွှီးရွှီးဖြင့် လက်မလည်အောင် သောက်ကြသည်။

ဘာသားရယ်မှန်း မသိသော ထောင်းကြော်ဟင်းက ပို၍ အရသာထူးကဲလှသည်။

နောက်ပိုင်း၌ မောင်ငြိမ်းတို့ နှစ်ယောက်သား၏ လက်များမှာ ထိုဟင်းခွက်ကိုသာ အနှိုက်များလာသည်။ သူ့ထက်ငါ လုမစားရုံတမယ်သာ။

မကြုံစဖူး ထူးကဲလှသည့် အရသာရှိလှသော ထိုဟင်းခွက်မှာ မကြာမီ ပြောင်တလင်းခါသွားသည်။ မောင်သောင်းက အလိုက်သိစွာ ကပျာကယာထပ်၍ ခပ်ထည့်ပေး၏။ သူတစ်ဇွန်း ငါတစ်ဖွန်းစားလိုက်ကြသည်မှာ ထိုဟင်း မကြာမီကုန်သွားပြန်သည်။

“ဘာဟင်းတုံးကွ” ဟု ထိုဟင်းကို မောင်ငြိမ်းက မေးဖို့ဟန်ပြင်ခဲ့သော အကြိမ်က များခဲ့ပြီ။ တကယ်မမေးဖြစ်ခဲ့။ ထိုဟင်းနှင့် ထမင်းကို စားကောင်းကောင်းနှင့် ခေါင်းမဖော်ဘဲစားနေရ၍ မေးရန် အချိန်မရခဲ့။

နှစ်ယောက်သား အတောမသတ် တရစပ်စားခဲ့သည်မို့ တစ်ထွာခန့်သော ဝမ်းဗိုက်မှာ ပြည့်သွားလေသည်။ သို့တိုင်အောင် ပန်းကန်ထဲ၌ ကျန်သေးသည့် ထိုဟင်းကို တို့တုန်းမြည်းတုန်း ရှိသေးသည်။

ပန်ကာသို့အလား သူတို့ရှာတွေ မွှတ်နေကြပြီ။

မောင်ငြိမ်းတို့နှစ်ယောက်ကို မောင်သောင်းက ပြုံးပြုံးကြီးလုပ်၍ ကြည့်နေသည်။

“ဟေ့… နေပါဦးကွ၊ အဲဒီဟင်းက ဘာဟင်းလဲ”

မောင်ငြိမ်းက လက်သုတ်ရင်း အမည်မသိဟင်းခွက်ကို လက်ညှိုးထိုး၍ မောင်သောင်းအား လှမ်းမေးလိုက်သည်။ မောင်ငြိမ်း၏ အဖော်ကလည်း မောင်ငြိမ်း ဤသို့ မေးလိုက်သည်ကို ၄င်းပါ စိတ်ဝင်တစား သိလို၍ မောင်သောင်းကို ငေးကြည့်ရင်း ဖြေလာမည်ကို စောင့်လင့်လျက်ရှိသည်။

“အဲဒီဟင်းက ငန်းမြွေသားခြောက်ကို ကြက်သွန်နီနိုင်နိုင်နဲ့ ကြော်ထားတာကွ။ မကောင်းဘူးလား”

မောင်သောင်း၏ အဖြေကို ကြားလိုက်သည်နှင့် မောင်ငြိမ်းတို့ နှစ်ယောက်သားမှာ ပါးစပ်အဟောင်းသား ရှိနေကြသည်။ မျက်လုံးများလည်း ဝိုင်းကျယ်လျက်ရှိ၏။

“မြွေ … မြွေ … ငန်းမြွေ”

မောင်ငြိမ်း၏ ပါးစပ်မှ တတွတ်တွတ်ရေရွတ်လျက် ရှိ၏။ သူ့ဝမ်းဗိုက်ကိုလည်း လက်ဖြင့်ပွတ်သပ်နေသည်။ တွံတွေးများကို မကြာခဏ မျိုချနေသောကြောင့် လည်ချောင်းမှ ဇလုတ်ကြီးတလှုပ်လှုပ် ရှိနေပေသည်။

“ဟေ့ကောင် … ဘာဖြစ်နေတာလဲကွ”

“မင်း တော်တော်ဆိုးတဲ့ အကောင်ပဲ။ အစက ဘာဖြစ်လို့ မပြောတာလဲ။ ငန်းမြွေသားဟင်းလို့”

မောင်ငြိမ်းက ပြူးပြူးပြဲပြဲဖြင့် မောင်သောင်းကို အပြစ်တင်လိုက်သည်။

“ဘာလဲ … မင်းက မြွေသားမစားလို့လား”

“ဟာ… စားတာပေါ့ကွ။ အစက ပြောထားရင် ဒီထက်ပိုပြီး စားပစ်မှာပေါ့ကွာ။ ဟား…ဟား…ဟား”

“ဒီလိုဆိုလဲ ငန်းမြွေသားထောင်းကြော်နဲ့ ရေနွေးကြမ်း မြည်းကြပါဦးရှင်”

အသားလတ်လတ် ကရင်မကလေး နော်မယ်က မောင်ငြိမ်းတို့အနားသို့ ရောက်လာပြီး လက်ထဲမှ ငန်းမြွေသားကြော်ပန်းကန်ကို ကွပ်ပျစ်ပေါ်သို့ ချပေးရင်း အသံဝဲဝဲကလေးဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

မောင်ငြိမ်းတို့ ပြောနေသော စကားများကို ကြားလိုက်ရသောကြောင့် နော်မယ်က ငန်းမြွေကြော်ကို ထည့်လာပြီး ယခုလို လာပို့ခြင်းဖြစ်သည်။

မောင်ငြိမ်းနှင့် အဖော်တို့ စားပွဲတစ်ပွဲ ဆက်ကြပြန်သည်။ ငန်းမြွေသားထောင်းကြော် တစ်ဇွန်းပြီး တစ်ဇွန်း၊ ရေနွေးကြမ်းတစ်ခွက်ပြီး တစ်ခွက်။

နောက် ဆေးလိပ် တရှိုက်ပြီး တရှိုက်။

“တကယ်ပဲဟေ့၊ ရန်ကုန်က ဟိုတယ်တွေမှာ ဒီလောက်အရသာရှိတဲ့ ဟင်းမျိုး မရှိဘူး။ ကောင်းမှကောင်းပဲ မောင်သောင်းရာ”

ငန်းမြွေသားထောင်းကြော်များကို ပါးစပ်ထဲ အပြည့်ဝါးရင်း မောင်ငြိမ်းက ချီးမွမ်းခန်း ဖွင့်လိုက်၏။

“မင်း ဒီလောက်တောင် ကြိုက်ရင် မင်းတို့အပြန် ငါ ငန်းမြွေခြောက် လက်ဆောင်ပေးလိုက်မယ်”

“မင်းမှာ ရှိသေးလို့လား”

“အိုကွာ၊ နက်ဖြန် ငန်းတစ်ကောင်လိုက်ရိုက်လိုက်ရင် ရတာပဲ။ အသားထုတ်ပြီး တစ်နေ့ နှစ်နေ့ လှမ်းလိုက်ရင် ခြောက်တာပဲဟာ။ မင်းတို့ ရွာမှာ နှစ်ရက် သုံးရက်တော့ နေကြရလိမ့်မယ်”

“သိပ်နေပေါ့ကွာ။ ငန်းမြွေသားခြောက်သာ ရမယ်ဆိုရင် တစ်လတောင်နေသေး”

xxx xxx xxx

အရှေ့ဆီမှ ရောင်ခြည်စို့ပျို့လာသည်နှင့် မောင်ငြိမ်းတို့ သုံးဦးသား ရွာမှ ထွက်ခဲ့ကြသည်။ သုံးမိုင်ခန့် လျှောက်မိသည်နှင့် အလယ်ရိုးမ၏အစပ် ဆင်ခြေ လျှောတောစပ်သို့ ရောက်ခဲ့ကြသည်။

စိမ်းစိမ်းညို့ညို့ တောအုပ်တွင်းသို့ စတင်ဝင်ခဲ့သည်။

ရွှေဇီဝစိုးနှင့် ရွှေပြည်စိုးမောင်နှံငှက်တို့၏ ချစ်တင်းဆိုသံတို့ဖြင့် သာနိုးဖွယ်ရာ တေးသီရင့်ကျူးသံတို့က ဆီးကြိုနေသည်။ ရွှေဥသြမောင်မယ်တို့၏ ချစ်တေး ချိုသံသာများကလည်း တောအလုံး နားဝင်ငြိမ့်ညောင်းကာ သာယာလွန်းလှနေသည်။

နှစ်ကိုယ်ကြင်ဖော် ရွှေစင်ရော်ငှက်။ ငှက်တော်ကြိုးကြာ သာရကာတို့၏ ထံတျာဖွဲ့နွဲ့နေကြပုံ။

ရွှေဟင်္သာနှင့် တမာကြက်တောတို့၏ ဟစ်ကျူးသီရင့်ကြနေသည်ကလည်း တစ်တောလုံး သောသောညံမျှ ဖြစ်သည်။

ချစ်ရေးမြူနေကြသည့် ခေါက်ရှာနှင့် ရွှေဥဒေါင်းတို့ကမူ ပျူပျူငှာငှာ၊ ပလီပလာ တီတီတာတာ နှုတ်ခြွေရင်း အိုးဝေ အိုးဝေရယ်လို့ ချစ်မိုးစွေနေကြသည်က ကြည်နူးရမလို လွမ်းမောရမလို။

အညွန့်၊ အတက်၊ အခက်၊ အလက်များဖြင့် ဝေဝေဆာဆာ တန်ဆာဆင်ထားသည့် သစ်ပင်ကြီးငယ်တို့ ကျပ်ညှပ်နေသော တောအုပ်ဖြစ်သည်။

တောအုပ်တွင်းသို့ ဝင်မိလိုက်သည်နှင့် မောင်ငြိမ်းတို့မှာ စိမ့်စမ်းဂနိုင်၏ အတွေ့ကို ခံစားလိုက်ရသည်။ ချမ်းရိပ်ကို ခိုလှုံလိုက်ရပြီမို့ အအေးဓာတ်က လွန်ကဲလာသည်။ သစ်ပင်တောအုပ်၊ တောင်စောင်းမြိုင်ခြေ၊ ဂနိုင်ဗွေတို့အလယ်တွင် ထူးခြားသည့် အတွေ့နှင့် ခံစားရချက်တစ်မျိုးကြောင့် ဝမ်းနည်းသလိုလို ဝမ်းသာသလိုလို မဝေခွဲနိုင်သည့် စိတ်အရသာတစ်မျိုးနှင့် ကြုံတွေ့လိုက်ရသည်။

ရိုးနေပြီဖြစ်သော မောင်သောင်းကတော့ တောတွင်းသို့ ခပ်သွက်သွက် လျှောက်ဝင်သွားသည်။

မောင်ငြိမ်းနှင့် အဖော်တို့ကမူ ဟိုငေး သည်မောဖြင့် မောင်သောင်း၏ နောက်သို့ အပြေးကလေး လိုက်နေရ၏။

မောင်သောင်းအနေဖြင့် အခု သည်တောအုပ်တွင်းလာခဲ့သည်မှာ အမဲလိုက်ရန် မဟုတ်ပေ။ သူငယ် ချင်း မောင်ငြိမ်းအတွက် ငန်းမြွေခြောက် လက်ဆောင်ပေးဖို့ ငန်းမြွေတစ်ကောင် ရှာရိုက်ရန် လာခြင်းဖြစ်သည်။ သို့ကြောင့် သေနတ်ယူမလာခဲ့။ နှစ်တောင်မျှရှိသော ကျပ်လုံးသာသာ ဝါးကောက် (ဝါးဆစ်ပိတ်) တုတ်တစ်ချောင်းသာ ခါးကြား၌ ထိုးလာခဲ့သည်။

စိုင်၊ ဆတ်၊ ဒရယ်၊ သမင်၊ ချေငယ်တို့သည် မောင်ငြိမ်းတို့အနားမှ မကြာခဏ လန့်ဖျပ်ဖြတ်ပြေးသွားကြသည်။ ခုန်ပေါက်ပြေးလွှားသွားကြပုံက ကြည့်၍ အလွန်ကောင်းသည်။ မောင်ငြိမ်းတို့အဖို့ အထူးအဆန်း ဖြစ်နေသည်။

ဥဒေါင်း၊ ရစ်၊ ခါ၊ တောကြက်၊ ငုံး စသည့် တောပျော်ငှက်များလည်း ထ၍ ပြန်ပြေးသွားကြသည်ကို တွေ့ရသည်။ တောခံသတ္တဝါကလေးများသည် ချစ်စရာ ကောင်းလှသည်။ သနားဖွယ်လည်း ရှိသည်။

ထိုသတ္တဝါကလေးများကို သတ်ဖြတ်ကာ အမဲလိုက် စီးပွားရှာနေသည့် သူငယ်ချင်းမောင်သောင်းကိုပင် မောင်ငြိမ်းစိတ်ထဲမှ အပြစ်တင်လိုက်မိသည်။ စက်ဆုပ်သလိုလည်း ရှိလိုက်သည်။

လူကို အလွန်ကြောက်ကြသော သည် ချစ်စဖွယ် သနားစရာ အပြစ်မဲ့ သတ္တဝါကလေးများကို သတ်ရက်လေခြင်းဟု တွေးမိလိုက်သောကြောင့် ဖြစ်သည်။

ဤမျှ စိမ့်အေးနေသည့်ကြားမှပင် မောင်ငြိမ်း ချွေးများစို့လာသည်။ လွယ်လာသည့် စစ်ရေဗူးထဲမှ ရေအနည်းငယ်ကို သောက်လိုက်ရ၏။

မောင်သောင်းကမူ နောက်သို့ပင် လှည့်မကြည့်ဘဲ တစိုက်စိုက်နှင့်ရှေ့သို့သာ လျှောက်မြဲလျှောက်နေသည်။

တောကြီးဆုံးသွားသလို ရှေ့လှမ်းလှမ်းဆီမှ အလင်းရောင် တောက်တောက်ပပကို တွေ့လိုက်ရသည်။ ကွင်းပြင်ကျယ်ကြီးတစ်ခုသို့ ရောက်ခဲ့သည်။

ထိုကွင်းကြီးမှာ ၅ မိုင်ပတ်လည်ခန့် ကျယ်မည်။ ကွင်းထဲ၌ မြက်ပင်နှင့် သစ်ပင်ငယ်များတော့ တစ်ပင်နှင့်တစ်ပင် ကွာကွာလှမ်းလှမ်း ကျိုးကျိုးကျဲကျဲ ပေါက်လျက်ရှိသည်။ ချုံပုတ်အချို့ကိုလည်း တွေ့ရသည်။ အလယ်ရိုးမတောကြီး၏ အလယ်၌ သဘာဝ ကစားကွင်းကြီးတစ်ခုသို့နှယ် ရှိသည်။

ထိုကွက်လပ်ကွင်းကြီးထဲသို့ မောင်သောင်း ဖြတ်လျှောက်လျက်ရှိသည်။ မောင်ငြိမ်းတို့က သူနောက်မှ ထပ်ကြပ်မကွာ လိုက်နေရသည်။

မောင်သောင်းသည် မောင်ငြိမ်းတို့အား တစ်လမ်းလုံး စကားတစ်ခွန်းမှ မပြောပေ။ ရွာမှ ထွက်ကတည်းကပင် စကားများများမပြောရန်နှင့် အမေးအမြန်းမထူရန် မောင်သောင်းက သတိပေးထားခဲ့သည်။

ထို့ကြောင့် မောင်ငြိမ်းနှင့်အဖော်တို့မှာ တေမိထုံး နှလုံးသွင်းကာ မောင်သောင်း၏ နောက်မှ ဆိတ်ဆိတ်လိုက်ပါလာခဲ့ရသည်။

အချိန်က မွန်းတည့်ပြီ။

ကွင်းကြီးတစ်နေရာမှ နလင်ကျော်ပင် တစ်ပင်အခြေသို့ မောင်သောင်း ရပ်လိုက်သည်။ မောင်ငြိမ်းတို့လည်း မောင်သောင်းနည်းတူ ရပ်လိုက်ကြရ၏။

နလင်ကျော်ပင်မှာ ၁၅ ပေ နည်းပါးမြင့်မည်။ ပင်စည်က ရှစ်လက်မပတ်လည် ခန့်ရှိမည်။ ထိုကွင်းထဲတွင်မှာတော့ အတော်မြင့်သော အပင်ဟု ဆိုရမည်။

ထိုစဉ် အရှေ့ဘက်ဆီမှ မောင်သောင်းမျှော်ကြည့်နေသည်ကို တွေ့ရသည်။ ကြည့်နေပုံက တွေတွေငေးငေး စူးစူးစိုက်စိုက် ဖြစ်သည်။ တစ်စုံတစ်ခုကို စူးစမ်းလေ့လာနေပုံမျိုး ဖြစ်သည်။

“မောင်ငြိမ်း … ဟိုမှာတွေ့လား”

မောင်သောင်း ပထမဆုံး စကားပြောလိုက်ခြင်း ဖြစ်သည်။ သို့ပြောရင်း တစ်နေရာသို့ လက်ညှိုးထိုးပြနေ၏။

ထန်းညီနောင်။

ကွင်းကြီး၏အလယ်တွင် ထန်းပင်နှစ်ပင်သည် ထည်းထည်းမားမားကြီး ပေါက်လျက်ရှိသည်။ အမြင့်မှာ အတောင်သုံးဆယ်ခန့်ပင် မြင့်မည်။ မျဉ်းမတ် နှစ်ကြောင်းကဲ့သို့ ပြိုင်၍ မတ်မတ်မားမားပေါက်လျက် ရှိသည်။ တစ်ပင်နှင့် တစ်ပင် ငါးပေမျှပင် ကွာဝေးမည်မထင်။

မောင်ငြိမ်းက မောင်သောင်း လက်ညှိုးညွှန်ရာသို့ ကြည့်လိုက်ပြီး။

“အင်း.. တွေ့တယ်၊ ထန်းပင်နှစ်ပင်”

“တောင်ဘက်က ထန်းပင်ရဲ့ အလက်တွေကြားထဲကို သေသေချာချာ ကြည့်စမ်း”

“ အင်း… တွေ့တယ်ဟေ့ ထန်းသီးတွေ”

“လခွီးမှပဲ … သေသေချာချာကြည့်စမ်း၊ အဲဒီထန်းသီးခိုင်ရဲ့ အပေါ်မှာ”

“အောင်မလေး”

မောင်ငြိမ်း ထိုသို့အော်ရင်း ထခုန်လိုက်မိသည်။ ရင်ဘတ်ကိုလည်း လက်ဝါးနှင့် ဖိထားနေ၏။ တစ်ဆက်တည်း နောက်သို့ ထွက်ပြေးရန် ပြင်လိုက် သည်။

ထိုအခါ မောင်သောင်းက မောင်ငြိမ်း၏ လက်မောင်းကို ဆွဲထားလိုက်ရင်း…

“ဘယ်ပြေးမလို့လဲ။ ငါပြောတာ သေသေချာချာနားထောင်။ မင်းတို့နှစ်ယောက် ဒီသစ်ပင်ပေါ်တက်နေ၊ သစ်ပင်ခွကြားမှာ ငြိမ်ငြိမ်နေကြ၊ ဆင်းပြေး မယ်တော့ မကြံနဲ့ … သေမှာပဲ။ ဟို ထန်းပင်ပေါ်မှာ တွေ့တယ်မဟုတ်လား။ အဲဒါ ငန်းမြွေမကြီးပဲ။ ပါးပျဉ်းကြီးထောင်နေတာ ဆန်ကောလောက်ရှိတယ်။ မြွေဘယ်လောက်ကြီးမယ်ဆိုတာ မင်းတို့ခန့်မှန်းသာ ကြည့်ကြပေတော့။

အခု သူ့သိုက်ထဲမှာ ငန်းဥတွေ ရှိတယ်။ ဘယ်သူမှ သူ့အပင်အောက်ကို အလာမခံဘူး။ သိပ်ဒေါသကြီးတယ်။ အင်အားလဲ ကြီးတယ်။ အပြေး အလိုက်လဲ မြန်တယ်။ သမင်တောင် မလွတ်ဘူး။

ဒီအချိန်မှာ သူ့အဆိပ်အိတ်တွေထဲမှာ အဆိပ်တွေ အပြည့်အကျပ် ရှိနေတယ်။ အစွယ်အစုံက ထက်မြည့်ကော့လန်နေတယ်။ ဒီအချိန် အဆိပ်အိတ်ထဲက အဆိပ်တွေဟာ အပြင်းဆုံး အထက်ဆုံးအချိန်ပဲ။ အစွယ်နှစ်ချောင်းကလဲ အမာဆုံး အမြည့်ဆုံး အချိန်ပဲ။

ဆင်ဟာ မြွေကိုက်လို့ မသေဘူး။ ဒါပေမယ့် အခု ဒီငန်းမြွေ မီးနေတွင်း အချိန်မှာ အကိုက်ခံရရင် ဆင်လဲ ထိလိုက်တာနဲ့ တုံးခနဲ လဲသေတာ။ ငါတို့ လူဆိုတာတော့ စကားထဲ ထည့်ပြောမနေနဲ့”

မောင်သောင်းသည် ထန်းပင်ပေါ်မှ ပါးပျဉ်းကြီးထောင်နေသည့် ငန်းမြွေကြီးထံမှ မျက်စိမလွှဲဘဲ ပြောနေသည်။

မောင်ငြိမ်းတို့ နှစ်ယောက်မှာ ပါးစပ်အဟောင်းသားနှင့် စကားတစ်လုံးမှ မပြောနိုင်ကြ။

ထိုစဉ် ရုတ်တရက် မောင်သောင်း ထိုထန်းပင်ကြီးများဆီသို့ စထွက်သည်။

“ဟေ့… ဟေ့… မင်း ဘယ်လဲ”

“အဲဒီ ငန်းမြွေကြီးဆီ သွားမလို့လေ”

“အောင်မလေး … မင်းဘာသွားလုပ်မှာလဲ။ ဒီမြွေကြီးနားကို”

“ဪ… မင်းတို့အတွက် ငန်းမြွေသားခြောက် လက်ဆောင်ပေးဖို့လေ”

“အလိုလေး … မလုပ်ပါနဲ့မောင်ရာ။ ဒီငန်းမြွေကြီး အသားတော့ ကြောက်လွန်းလို့ပါ။ မင်းအတွက် အန္တရာယ်များလှပါတယ်ကွာ။ ပြန်ကြပါစို့”

ဒူးနှစ်လုံး ဆတ်ဆတ်တုန်မျှ ကြောက်လွန်းလှနေသော မောင်ငြိမ်းအား မောင်သောင်းက တစ်ချက်ပြုံးပြလိုက်သည်။

“ကိစ္စမရှိပါဘူးကွာ၊ ငါ့ကိုဘာမှ မစိုးရိမ်ပါနဲ့။ ငါက မြွေလိုက်သမားပါ။ မြွေဆိုတာ ငါတို့ရဲ့အဖမ်းခံ သတ္တဝါတွေပါကွ။ သူတို့ဟာ ငါတို့နဲ့ လိုက်တမ်း ပြေးတမ်း ကစားရင်း နောက်ဆုံး ငါတို့ ဟင်းအိုးထဲ ရောက်ရတာပါပဲကွာ။ ဟဲ … ဟဲ … ဟဲ”

မောင်သောင်းက ပေါ့ပေါ့ကလေးပြောပြီး သာသာကလေး ပြုံးသည်။ ထန်းပင်ပေါ်မှ မြွေကြီး၏ ပါးပျဉ်းကြီးကို တစ်ချက် လှမ်းကြည့်လိုက်သည်။

မောင်ငြိမ်း၏ မျက်နှာတွင်မတော့ သွေးတစ်စက်မှ မရှိတော့ဘဲ ဖြူဖတ်ဖြူရော် ဖြစ်နေပေသည်။

“ကဲ… ကဲ… မင်းတို့ သစ်ပင်ပေါ်တက်ပြီး ခွကြားမှာ ငြိမ်ငြိမ်ထိုင်နေကြ။ အသံဗလံ မပြုနဲ့ ။ ငါ ဟိုထန်းပင်ပေါ်က ငန်းမကြီးကို ခေါ်ပြီး လိုက်တမ်းပြေးတမ်း ကစားလိုက်ဦးမယ်”

မောင်သောင်းသည် ကျိုက်ထားသော ခါးတောင်းကို ပိုမိုတင်းကျပ်အောင် ပြင်ကျိုက်လိုက်သည်။ ပြီး… ကြောဘက်ခါးကြားတွင် ထိုးထားသည့် ဝါးကောက်တုတ်ကိုလည်း နေသားတကျဖြစ်အောင် ပြင်ထိုးလိုက်သည်။ အစစ ပြင်ဆင်ပြီးသည်နှင့် ထန်းညီနောင်ဆီသို့ လျှောက်သွားနေသည်။

သို့ လျှောက်သွားရာ အတော်ကလေးကြာလျှင် ထန်းညီနောင်နှင့် မလှမ်းမကမ်းသို့ ရောက်လာခဲ့သည်။

ထိုအခါ ထန်းလက်ဖားဖားကြီးများအလယ်၌ ဆန်ကောတမျှရှိသည့် ငန်းမြွေမကြီး၏ ပါးပျဉ်းကြီးမှာ တလှုပ်လှုပ်ဖြင့် ယိမ်းထိုးလာသည်။ နောက် တဖြည်းဖြည်း မြင့်၍ မြင့်၍လည်း လာသည်။

ဘယ်ညာယိမ်းရင်း မောင်သောင်းကို အကဲခတ်ကြည့်နေပုံရသည်။ ဘယ်ညာစောင်းလှည့်၍ ကြည့်နေသော ပါးပျဉ်းကြီးမှာ ပန်ကာဝိုင်းကြီးနှင့်တူနေသည်။

နေရောင်အောက်တွင် တပြောင်ပြောင် တလက်လက် တောက်ပလျက်ရှိသည်။ ပတ္တမြားလုံးကြီးများနှယ်ရှိသော မျက်လုံးအစုံကလည်း ဝင်းခနဲ လက်ခနဲ ရှိနေ၏။

တချီတချီ ထန်းလက်များကြားမှနေ၍ ပါးပျဉ်းကြီးကို အောက်သို့ချ ငုံ့ကြည့်နေသည်ကို တွေ့ရသည်။

ငန်းမြွေမကြီးမှာ ဒေါသတကြီးဖြင့် ယောက်ယက်ခတ်လျက် ရှိသည်။ “တရွှီရွှီ” မှုတ်သံကြီးကို ခပ်လှမ်းလှမ်းမှပင် ကြားနေရသည်။ ဤသို့ဖြင့် ပါးပျဉ်းကြီးမှာလည်း တဖြည်းဖြည်း ပြန့်ကားကြီးမား၍ လာသည်။

မောင်သောင်းသည် မျက်လုံးအစုံကို ငန်းမြွေကြီးမှ မလွှဲပဲ စူးစိုက်ကြည့်ရင်း လျှောက်လာခဲ့ခြင်း ဖြစ်သည်။ ငန်းမြွေကြီး၏ လှုပ်ရှားပုံလက္ခဏာကို မျက်ခြည်မပြတ် လေ့လာခဲ့ရသည်။ ငန်းမြွေကြီးနှင့် လိုက်တမ်းပြေးတမ်းကစားရန် ပတ်ဝန်းကျင် မြေအနေအထားကိုလည်း မောင်သောင်းလေ့လာပြီးပြီ။ တွက်ချက်ပြီးပြီ။

သည် ငန်းမြွေကြီး ရှိနေသည့်အတွက် သည်ဝန်းကျင်၌ အခြား သားရဲတိရစ္ဆာန်တို့၏ အန္တရာယ်မရှိ ဆိုသည်ကို မောင်သောင်းသိပြီး ဖြစ်သည်။ သို့ကြောင့် ငန်းမြွေကြီးနှင့်အတူ ပြေးရန် လိုက်ရန် မြေအနေအထားကိုသာ မောင်သောင်း စေ့စေ့စပ်စပ် လေ့လာတွက်ချက် မှတ်သားရန်သာ ရှိသည်။

မောင်သောင်းသည် ပြင်ဆင်စရာကိစ္စအားလုံးကို ကြိုတင်ပြင်ဆင်ပြီးခဲ့ပြီ။

ထန်းပင်ညီနောင်နှင့် ခဲတစ်ပစ်စာအကွာသို့ ရောက်ခဲ့သည်။ ကွက်လပ်ကွင်းပြင်ကြီး ပတ်ပတ်လည်အား မောင်သောင်းထပ်မံ၍ တစ်ချက်ဝေ့လှည့်ကြည့်လိုက်ပြီးနောက် ကျောက်ခဲရွယ်ရွယ်တစ်လုံးကို ကောက်ယူလိုက်ကာ ငန်းမြွေကြီးရှိသည့် ထန်းပင်ပေါ်သို့ တအားလွှဲပစ်လိုက်သည်။

ချက်ချင်းဆိုသလို ထန်းပင်ကြီး လှုပ်ရှားယိမ်းထိုးသွားသည်။ ထန်းလက်ချင်း ရိုက်ထိသံများ ဆူညံသွား၏။ တစ်ဆက်တည်း “ဝုန်း”ခနဲ အသံကြီးကို ကြားလိုက်ရသည်။ တောကြီးတစ်ခုလုံးလိုလို ကြားနိုင်လောက်အောင် အသံက ကျယ်လောင်လှသည်။

သန်မာသောလူကြီးတစ်ယောက်၏ ပေါင်လုံးခန့်ရှိသည့် ငန်းမြွေကြီးသည် ထန်းပင်ပေါ်မှမြေသို့ ရုတ်တရက် အထွေးလိုက် ကျလာသည်။ သူ့ကိုယ်ကြီးအား ထန်းပင်ပေါ်မှ တမင်ဖြုတ်ချလိုက်ခြင်း ဖြစ်သည်။ ထန်းပင်အောက်တွင်ရှိသည့် ထန်းလက်ခြောက်များပေါ်သို့ ကျလာသည်မို့ “ဝုန်း”ခနဲ အသံကြီး ပေါ်ထွက်လာခြင်း ဖြစ်သည်။

မောင်သောင်းသည် ငန်းမြွေကြီး၏ လှုပ်ရှားပြုမူနေပုံများကို အစအဆုံး မျက်ခြည်မပြတ် ရပ်ကြည့်နေခဲ့သည်။ သူ့ကျောမှ ဝါးကောက်တုတ်တိုတိုလည်း အသင့်ကိုင်ထားပြီး ရှိနေ၏။ ခြေနှစ်ဖက်ကို ခပ်ကားကားရပ်ကာ အစစ အသင့်အနေအထားတွင် ရှိနေပြီ ဖြစ်သည်။

ငန်းမြွေကြီး မြေသို့ အသံကြီးနှင့်အတူ ရောက်လာ ကျလာသည်နှင့် ထန်းပင်ခြေမှ ထန်းလက်ခြောက်များ၊ သစ်ကိုင်းခြောက်များ လေထဲသို့ ပြတ် သတ်လွင့်စင်ကာ မြောက်တက်သွား၏။ ဗုံးတစ်လုံးပေါက်ကွဲသောအခါ ဖြစ်ပျက်သည့်ပုံမျိုး ဖြစ်သည်။ ထန်းပင်ခြေတွင် စုပုံနေသည့် အမှိုက်များ ပြောင်တလင်းခါသွားသည်။

အကြောင်းမှာ မြေသို့ရောက်လာသည့် ငန်းမြွေကြီးသည် ဒေါသတကြီးဖြင့် ၄င်း၏ ကိုယ်မှ ကြွက်သားများကို ဆန့်ထုတ်လိုက်သောကြောင့် ထိုထန်းပင် ခြေမှ ထန်းလက်ခြောက်များ၊ သစ်ကိုင်းခြောက်များ လွင့်စင်မြောက်တက်သွားကြခြင်း ဖြစ်ပေသည်။ ထိုအခါကျမှ ငန်းမြွေကြီး၏ အရှည်မှာ ဆယ့်ခြောက်ပေထက် မနည်းကြောင်း မောင်သောင်း ခန့်မှန်းနိုင်လိုက်သည်။

မောင်သောင်းဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ငန်းမြွေကြီးလျှောခနဲ ဝင်လာသည်။ ပါးပြင်းခွက်ခွက် မောက်မောက်ကြီးကိုထောင်လျက် တရှူးထိုး လာနေခြင်း ဖြစ်သည်။ ပါးပျဉ်းကြီးက မြေမှ တစ်တောင်ခန့် အမြင့်တွင် တယိမ်း ယိမ်းလှုပ်ရင်း ပြေးလာနေခြင်းပင်။

စက္ကန့်ပိုင်းအတွင်း မောင်သောင်း လှုပ်ရှားရသည်။ ကျောဘက်သို့ လှည့်ကာ တချိုးတည်း ပြေးလေသည်။ ကိုယ်လုံးကိုယ်ထည် ပုပုပြတ်ပြတ်နှင့် တုတ်ခိုင်သန်မာသည့် မောင်သောင်းသည် အလွန်ဖျတ်လတ်လှသည်။

ငန်းမြွေကြီးရှေ့မှ ကွေးနေအောင်ပြေးသည်။ လျင်လည်း လျင်မြန်လွန်းလှသည်။ သမင် တစ်ကောင်ကိုပင် အမီလိုက်နိုင်လောက်သည်။ သားပိုက်ကောင်နှင့်လည်း ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။ ကမ္ဘာ့တာကို အပြေးချန်ပီယံများ၏ စံချိန်ကို မချိုး နိုင်သော်မှ မီမည်ထင်သည်။ ဤမျှ အပြေးကောင်းသည့် မောင်သောင်း။

ငန်းမြွေကြီးကလည်း အပြေးသန်လှသည်။ မောင်သောင်းကို အမီလိုက်သည်။ သူ့ကိုယ်လုံးကြီးကို တွန့်လိမ် ဆန့်ထုတ်ရင်း ကြွက်သားများအား ရှုံ့ချီ ဆန့်ချီလုပ်ကာ သူ့သဘာအတိုင်း ပြေးလိုက်နေသည်မှာ တကယ် အံ့ဖွယ်ကောင်းလှ၏။ ကြက်သီးထဖွယ်လည်း ကောင်းသည်။

၄င်းဖြတ်ပြေးရာ မြေပြင်တစ်လျှောက် မြက်ပင် သစ်ပင်ငယ်တို့ ပြတ်သတ်ကျန်ခဲ့ကြသည်။ တစ်ခါ တစ်ရံ ကျောက်တုံးကျောက်ခဲနှင့် မြေစိုင်ခဲများပင် လွင့်စင်ကုန်သည်ကို တွေ့ရ၏။ သူ့ကိုယ်လုံးကြီးနှင့် မြေပြင်သို့ ထိတိုက်ပွတ်သပ်သံများက တဝုန်းဝုန်း ဆူညံလျက်ရှိသည်။

မြေပြင်မှ တစ်တောင်ခန့် အမြင့်တွင်ပါးပျဉ်ကြီး ဘယ်ညာ ယိမ်းထိုးရင်း မောင်သောင်းအား ပေါက်ရန် ပက်ရန် ချိန်၍ လိုက်ပါလာနေသည်။ အပေါ်မေးရိုး မှ ဘေးတစ်ဖက်တစ်ချက်သို့ ခပ်လန်လန်ကွေးကွေး ငေါထွက် ချွန်မြိနေသည့် အစွယ်ဖွေးဖွေး အစုံကို အကုန်ဖွင့်ထုတ်ထားသည်။ အစွယ်တို့က ဖဲထီး သံချောင်းခန့် တုတ်မည်။ ထိုအစွယ်တစ်ဖက်ဖက်နှင့် ထိလိုက် မိလိုက်လျှင် မောင်သောင်းတစ်ယောက် နေရာမှာပင် တုံးခနဲ ပွဲချင်းပြီးသွားမှာ သေချာသည်။

ငန်းမြွေကြီးက အလိုက်၊ မောင်သောင်းကအပြေး။

ဤသို့ဖြင့် မောင်သောင်း ဂိုက် ၁ဝဝ ကျော်ကျော် ပြေးခဲ့မိပြီ၊ သူ့နောက် ခြေငါးလှမ်းအကွာလောက်မှ ထက်ကြပ်လိုက်ပါလာသည့် ငန်းမြွေကြီးအား တစ်ချက်လှည့်ကြည့်သည်။

ပြီး ချက်ချင်း တုံ့ခနဲ့ ရပ်လိုက်၏။ ၄င်းနည်းတူ နောက်မှ မြွေကြီးကလည်း အရှိန်သပ်၍ ရပ်လိုက်သည်။ တစ်ဆက်တည်း ၄င်းကို ရပ်ကြည့်နေသည့် မောင်သောင်းအား ပေါက်ရန်ပက်ရန် ပါးပျဉ်းကြီးကို ခပ်စောင်းစောင်းအနေအထားသို့ ပြောင်းလိုက်ပြီးနောက်သို့ အတန်ယိမ်း၍ အရှိန်ယူလိုက်သည်။

ထိုစဉ်အတွင်း မောင်သောင်းက မူလရပ်နေသည့်နေရာမှ နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် မြွေကြီးနှင့်ဝေးရာသို့ ဆုတ်ပြီး နေရာရွှေ့ရပ်လိုက်သည်။ ချက်ချင်းဆိုသလို မြွေကြီးက မောင်သောင်းအား လှမ်းပေါက်လိုက်၏။ မောင်သောင်းကို မထိပဲ လေကိုသာ ပေါက်မိပြီး ပါးပျဉ်းကြီးမှာ အားလွန်၍ မြေကြီးနှင့် တိုက်မိလျက်သား ဖြစ်သွားသည်။ “ဗုန်း”ခနဲ အသံကြီးပင် ထွက်လာ၏။

ဒေါသတကြီးဖြင့် ငန်းမြွေကြီး ချိန်ကိုက်၍ ပေါက်လိုက်သည်က မောင်သောင်း ယခင်ရပ်နေသည့် နေရာ။ ယခုပေါက်လိုက်သည့် အချိန်တွင် မောင်သောင်းက ခြေနှစ်လှမ်းကွာ နောက်သို့နေရာရွှေ့ထားပြီးဖြစ်နေ၍ မြွေကြီး လွဲချော်သွားခြင်း ဖြစ်သည်။

ထိုသို့ လွဲချော်သွားသည်နှင့် တစ်ပြိုင်နက် မောင်သောင်းက သူ့လုပ်ငန်းကို စသည်။ မြေပေါ်တွင် အားလွန်ပေါက်မိနေသည့် ငန်းမြွေကြီး၏ ဦးခေါင်းအား လက်ထဲမှ ဝါးကောက်တုတ်တို့ဖြင့် လေးငါးချက်ဆင့်၍ အားကုန်ရိုက်တော့သည်။ အထက်ပါအဖြစ်အပျက်မှာ စက္ကန့်ပိုင်းကလေးမျှသာ ကြာပေသည်။

အလွန်လျင်မြန်သော မောင်သောင်းနှင့် ငန်းမြွေတို့၏ လှုပ်ရှားမှုများက ပြန်၍ တွေးကြည့်လျှင်ပင် အတွေးက နှေးကွေးနေမည် ဖြစ်သည်။ ၄င်းတို့လှုပ်ရှားမှုနှုန်းအတိုင်း လိုက်တွေးကြည့်၍ မီနိုင်မည်မထင်။

သို့ရိုက်၍ ပြီးသည်နှင့် မောင်သောင်း နောက်သို့ လှည့်ကာ ဆက်ပြေးပြန်သည်။

ငန်းမြွေကြီးကို တစ်ချက်မှ လှည့်၍မကြည့်။ တချိုးတည်း တင်ပါးနှင့် ဖဝါး တစ်သားတည်း။

ငန်းမြွေကြီးသည် မြေတွင် လူးလိမ့်နေသည်။ ပါးပျဉ်းကြီးကို တစ်ချက်နှစ်ချက် ခါယမ်းလှုပ်ရှားလိုက်ပြီး မောင်သောင်းနောက်သို့ တရှူးတိုး လိုက်ပြန်သည်။ စောစောက မောင်သောင်း၏ ရိုက်ချက်တို့သည် ငန်းမြွေကြီးအဖို့ ဖြုန်ဟန်မတူ။ ယခင်အတိုင်းပင် ဒေါမာန်အပြည့်ဖြင့် လိုက်မြဲ လိုက်နေပေသည်။ ပါးပျဉ်းကြီးကလည်း အခွက်သား အဝိုင်းသား။

မြေမှ တစ်တောင်ခန့်အကွာ၌ ထောင်၍၊ မတ်၍၊ လှုပ်၍၊ ယမ်း၍ “တရှူးရှူး” နှာမှုတ်သံကြီးကလည်း အတိုင်းသား ကြားနေရသေးသည်။

အလယ်ရိုးမ အစပ် တောလယ်ရှိ သဘာဝကွက်လပ် ကစားကွင်းကြီး အတွင်း၌ လူနှင့်မြွေတို့ လိုက်တမ်း ပြေးတမ်း ကစားနေခြင်းဖြင့် ဝရုန်းသုံးကား ဖြစ်နေသည်။ ကျိုးသံ၊ လဲသံ၊ တိုက်သံ၊ တိုးသံ၊ ပြိုကျသံတို့ဖြင့် သောသောညံနေ၏။

ကျေးငှက်သာရကာနှင့် တောတွင်းရှိ သတ္တဝါတို့ ပြေးကုန်ကြသလို၊ သစ်ပင်ထိပ်များ လျှိုမြာင်ကြားတို့မှ သတ္တဝါအချို့ကလည်း ပုန်းရင်းကွယ်ရင်း တထိတ်ထိတ်ဖြင့် ချောင်းကြည့်နေကြမည် ဖြစ်သည်။

အပြေးသမား မြန်သလောက်၊ လိုက်သူကလည်း လျင်လှသည်။

သည်တစ်ချီအလိုက်တွင်မှာတော့ ငန်းမြွေကြီး၏ ပါးပျဉ်က မြေမှ တစ်တောင်ကျော်ကျော်မြင့်လာသည်။ သူ့ကိုယ်လုံးကြီးနှင့် မြေတို့ ပွတ်တိုက်သံများကလည်း ပိုမိုကျယ်လောင်လာသည်။

လေးညှို့မှ လွှတ်လေသော မြားကဲ့သို့လည်း အရှိန် အဟုန်က ပြင်းလှသည်။ ဒေါမာန်ကြီးလာသည်နှင့်အမျှ သူ့လှုပ်ရှားမှုတို့က အင်အားကြီးမားလာသည်။ ဖျတ်လတ်လျင်မြန်လာသည်။

သူ့ကိုယ်မှ ဝါညို့ညို့အရောင်တွင် မပီမပြင် အစင်းအပြောက်ကြီးများက နေရောင်အောက်တွင် တဖိတ်ဖိတ်တောက်ပလာသည်။

ရှေ့မှပြေးနေသည့် မောင်သောင်းကတော့ နောက်သို့ပင် လှည့်မကြည့်။ သည်ဇာတ်လမ်းမစမီက ၎င်းတွက်ချက်ထားသည့် ပြေးလမ်းအတိုင်းသာ ကွင်းပြင်ကွက်လပ်ကြီးအတွင်း လှည့်ပတ်ပြေးနေပေသည်။

နောက်ထပ် ဂိုက် ၁ဝဝ ကျော်ကျော်ပြေးခဲ့မိပြန်သည်။ ထုံးစံအတိုင်း နေရာကောင်းကိုရွေးပြီး မောင်သောင်း ဆတ်ခနဲ ရပ်လိုက်သည်။ ငန်းမြွေကြီးဘက်သို့ မျက်နှာမူ၍ ရပ်နေလိုက်ခြင်း ဖြစ်သည်။ ငန်းမြွေကြီးကလည်း မောင်သောင်းနှင့်အတူ တစ်ပြိုင်တည်း ရပ်လိုက်၏။

သူ့လုပ်ထုံးအတိုင်း ပါးပျဉ်းကြီးကို ပိုမိုမြင့်ထောင်ကာ ခပ်စောင်းစောင်း ယိမ်းငဲ့လိုက်ပြီး မောင်သောင်းအား လှမ်းပေါက် လှမ်းပက်လိုက်သည်။ သည်အချိန်မတိုင်မီကလေး မောင်သောင်းသည် ခြေလှမ်းနှစ်လှမ်းစာမျှ နောက်ဆုတ်ထားပြီး ဖြစ်နေ၏။ သို့ကြောင့် ငန်းမြွေကြီး၏ အစွယ်တို့မှာ မောင်သောင်း ကို မထိပဲ မြေပြင်နှင့်သာ မိတ်ဆုံရပြန်လေသည်။

အသိဉာဏ်လုံးဝ မရှိရှာသော ငန်းမြွေကြီးခမျာ တစ်ခါခံဖူးပေမယ့် အမှတ်သညာ မထားနိုင်ခဲ့ပေ။ မောင်သောင်းက ဤသို့ လှည့်စားပြီး ဤသို့ပြုမူ တတ်သည်ကို ဆင်ခြင်နိုင်စွမ်းမရှိ။ တိုက်စစ်တစ်မျိုးမှ နောက်တစ်မျိုးသို့ ပြောင်း၍ သုံးရန်ကိုလည်း တွေးတောသုံးသပ်နိုင်သည့် ဉာဏ်မရှိ။ တိရစ္ဆာန် တိုင်းတွင်ရှိသော အလေ့အတိုင်း သဘာဝက ပေးအပ်သည့် ပုံသေအမူအကျင့်အတိုင်းသာ ထပ်တလဲလဲ ပြုမူကျင့်သုံးခဲ့သည်။

ထိုအခါ မောင်သောင်း၏ ဒုတိယမ္ပိ တုတ်ချက်မိရပြန်တော့သည်။ ယခင်အနာပေါ် ထပ်ဆင့်အရိုက်ခံရသည်မို့ ငန်းမြွေကြီးမှာ လူးလွန့်သွားရှာသည်။ ပါးပျဉ်းကြီး ခါရမ်းသွားသည်။ မောင်သောင်း၏ တုတ်ချက်ကလည်း ပြင်းလွန်းလှသည်။ မညှာမတာ ရိုက်ခြင်းဖြစ်သောကြောင့် ငန်းမြွေကြီး အလူးအလဲ ခံလိုက်ရသည်။ ဦးခေါင်းတစ်ခုလုံး ကြေမွလုလု ရှိသွားသည်။ ဒေါတို့၊ မာန်တို့၊ ဇောတို့သာ ကင်းပါက ဤအချိန်တွင် ငန်းမြွေကြီး ပွဲချင်းပြီးခဲ့ပြီ။ မြေတွင် ဝပ်စင်း သေပွဲဝင်ရရှာမည်ပင် ဖြစ်သည်။

ဝါးကောက်တုတ်တိုနှင့် လေးငါးချက် ဆင့်ရိုက်ပြီးသည်နှင့် မောင်သောင်း ရှေ့သို့ ဆက်ပြေးပြန်သည်။ မြစ်ထဲမှ တက်လာသူကဲ့သို့ မောင်သောင်း၏ တစ်ကိုယ်လုံး ချွေးများရွှဲနစ်လျက်ရှိသည်။ သည်ကိုယ်မှ ချွေးတွေကို မသုတ်အား။ နဖူးမှ ချွေးပေါက်များကိုသာ မျက်စိထဲ မဝင်အောင် ပြေးရင်းလွှားရင်း သပ်ဖယ်သုတ်ပစ်နေရသည်။

မောင်သောင်းလည်း အတော်မောလာပြီ။ ငန်းမြွေကြီးလည်း အတန် ပန်းလာပြီ။ သို့သော်လည်း မောင်သောင်းအပြေးကို မလျှော့ရဲ။ နည်းနည်းကလေး လျှော့လိုက်သည်နှင့် အသက်နှင့်ခန္ဓာကိုယ် အိုးစားကွဲသွားမည်။

မောင်သောင်း တွေ့ခဲ့လေသမျှ ငန်းမြွေများတွင် သည်ငန်းမြွေမကြီးမှာ ဇွဲအကြီးဆုံး ဖြစ်သည်။ အားအင်အဖွံ့ဖြိုးဆုံး ဖြစ်သည်။ စိတ်ဓာတ်အမာဆုံး ဖြစ်သည်။

သည်ငန်းမြွေကြီးကို ဖမ်းရာတွင် မောင်သောင်း ခန့်မှန်းခဲ့သည်ထက် အဆပေါင်းများစွာ ပို၍ ခက်ခဲလွန်းနေသည်။ သို့ကြောင့် မောင်သောင်း၏ စိတ်ထဲ၌ စိုးရိမ်စ ပြုလာ၏။ ရှင်းရှင်းဆိုရလျှင် သည်ငန်းမြွေကြီးကို မောင်သောင်း လက်မြှောက်အရှုံးပေးရတော့မည့် အခြေသို့ ရောက်လုလု ရှိနေပေသည်။

ငန်းမြွေကြီးကလည်း ကျားနာခဲခဲဖို့ရန်အတွက်၊ အလိုက်မလျှော့၊ ရန်သူကို အစွယ်တစ်ဆုံး နစ်ဝင်သည့်တိုင် ပေါက်ပက်လိုသည့် ဆန္ဒက ပြင်းပျလွန်းနေသည်။ ဇောက ကြီးနေသည်။ သို့ကြောင့် နည်းနည်းကလေးမှ အလိုက် မလျှော့၊ အားမာန် စိတ်ဓာတ်ကိုလည်း မချ၊ အရိုးကျေကျေ၊ အရည်မြည့်မြည့်။ ဆုံးစမမြင်သည့် ဤပထဝီမြေအပြင် ဆုံးသည့်တိုင် လိုက်နေမည် ဖြစ်သည်။

နလင်ကျော်ပင်ခွကြားမှ မောင်ငြိမ်းနှင့် အဖော်တို့မှာ မောင်သောင်းနှင့် မြွေကြီးတို့၏ သဲထိတ်ရင်ဖို မြင်ကွင်းကိုကြည့်ရင်း တစ်ချက်လေးမှ မလှုပ်မိကြ။ မျက်တောင်ခတ်ရန်ပင် မေ့နေပြီး ပြူးပြူးပြဲပြဲဖြင့် လိုက်ကြည့်နေမိကြသည်။ အသက်ကိုပင် မရှူမိဘဲ ရင်တထိတ်ထိတ် ကြည့်နေမိကြသည်မို့လည်း ထိုင်ရင်း မောနေကြသည်။ ကိုယ်ခန္ဓာမှာ ကျောက်ရုပ်တို့အလား တောင့်တင်းလျက်ရှိ၏။

တကယ့်ရင်မောဖွယ်၊ စိတ်လှုပ်ရှားဖွယ် မြင်ကွင်းဖြစ်သည်။ ရှေ့မှ တရကြမ်းပြေးနေသည့် မောင်သောင်းအဖို့ မတော်တဆ ခလုတ်တိုက်လိုက်မိပါက မတွေးရဲအောင် ဖြစ်သည်။ လမ်းကောင်းမြေညီမြေပြန့်တွင် ပြေးနေရခြင်း မဟုတ်သောကြောင့် သစ်ပင်၊ ကမူ၊ ကျောက်တုံး၊ နွယ်ငုတ် စသည်တို့ဖြင့် တစ်ချက်မှ ခလုတ်မတိုက်မိအောင် ပြေးနိုင်သည့် မောင်သောင်းမှာ တကယ့် ချီးကျူးဖွယ် ဖြစ်သည်။

တောကျွမ်းအပြေးသမား ချန်ပီယံဘွဲ့ကိုပင် ပေးဖို့ကောင်းသည်။

ကျွမ်းကျင်ရာ လိမ္မာဆိုသောစကားအတိုင်း မောင်သောင်းသည် သူ့အလုပ်ကိုသူ ကျွမ်းကျွမ်းကျင်ကျင်ဖြင့် တစ်ချက်မမှားအောင် လုပ်သွားနိုင်သည်။ ငန်းမြွေကြီးကလည်း သဘာဝကပေးထားသည့် အင်အားမာန်အစွမ်းကို သုံးရင်း မောင်သောင်းကို မျက်ခြည်မပြတ် မလွတ်တန်းလိုက်နိုင်သည်။

လူသားနှင့် ငန်းမြွေတို့ သည်တောအလယ်မှ ကွက်လပ်ကွင်းပြင်တွင် တွေ့နေကြပြီ။ သူ့ထက်ငါ အလျှော့မပေးဘဲ ယှဉ်ပြိုင်တိုက်ခိုက်လျက်ရှိသည်။ ယှဉ်ပြိုင်ဘက်တစ်ဦးဦး အမှန်တကယ် ကျဆုံးရမည့်အချိန်မှာ တစ်စထက် တစ်စနီး ကပ်လာပြီ။ မည်သူက အနိုင်ယူကာ အဘယ်သူမှာ အရှုံးနှင့်အတူ သေပွဲဝင်မည်ကိုသာ စောင့်ကြည့်နေရခြင်း ဖြစ်သည်။

တတိယအကြိမ် ဂိုက် ၁ဝဝ ကျော်ကို မောင်သောင်း ခက်ခက်ခဲခဲ ပြေးခဲ့နိုင်ပြီ ဖြစ်သည်။ ရင်မှ အမောလုံးက လည်ချောင်းကိုပင် တက်ဆို့ပိတ်လုနည်း နည်း ရှိလာသည်။ ရင်ဘတ်ကြီးမှာ ဖားဖိုကြီးကဲ့သို့ အသက်ပြင်းပြင်းရှူတိုင်း လှုပ်ရှားလျက်ရှိသည်။ လက်တွင် ကိုင်ထားသော ဝါးကောက်တုတ်တိုတို လွတ်ကျ,မသွားအောင် မနည်းသတိထား၍ ကိုင်လာရသည်။

မောင်သောင်း အတော်မောဟိုက်လာသည်။ ဦးခေါင်ထဲ၌ ရီဝေထိုင်းမှိုင်းကာ မျက်လုံးများပင် ပြာဝေ လာပြီ။ အံကိုကြိတ်ကာ တစ်နေရာတွင် သတိကြီးစွာထား၍ အပြေးကို ရပ်လိုက်၏။ ငန်းမြွေကြီးဘက်သို့ လှည့်၍ ခြေကိုခပ်ကားကား အနေအထားဖြင့် ရပ်လိုက်ခြင်း ဖြစ်သည်။ အသက်ကိုလည်း မှန်မှန်ရှူရှိုက်နေရသေးသည်။

ထုံးစံအတိုင်း ငန်းမြွေကြီးကလည်း တုံ့ခနဲရပ်လိုက်၏။ ခပ်စောင်းစောင်း အနေအထားဖြင့် ပါးပျဉ်းကြီးကို ဝှေ့လွှဲကာ မောင်သောင်းဆီသို့ ပစ်လွှတ်ပေါက် ပက်လိုက်သည်။

မောင်သောင်းက သူ့နည်းသူ့ဟန်အတိုင်း နောက်သို့ခြေ နှစ်လှမ်းမျှ ဆုတ်ပြီးခဲ့နေပြီ။ သို့ကြောင့် ငန်းမြွေကြီး၏ အစွယ်ဖွေးဖွေး ငေါငေါကြီးနှင့် ပါးပျဉ်းခွက်ခွက်ကြီးမှာ ယခင်နည်းများအတိုင်း မြေပြင်ပေါ်သို့သာ အရှိန်ပြင်းစွာ ပေါက်မိသွားသည်။

မောင်သောင်းသည် ရသည့်အခွင့်အရေးကို မလွတ်တန်း အသုံးချတတ်သူပီပီ မြေပြင်သို့ ကျရောက်သွားသည့် ပါးပျဉ်းကြီး မြေပြင်မှ ကြွမလာမီ ဝါးကောက်တုတ်တိုဖြင့် စက်မောင်းသဖွယ် လှုပ်ရှား၍ သုံးလေးချက် ဆက်တိုက် ရိုက်လိုက်သည်။

အားအင်ရှိသမျှ သွန်မှောက်ကာ အသုံးပြုလိုက်သောကြောင့် ရိုက်ချက်က ပြင်းလှသည်။

ငန်းမြွေကြီး၏ ပါးပျဉ်မှာမြေတွင် ယမ်းသွားသည်။ တစ်ပတ်မျှပင် လည်သွား၏။ ၁၆-ပေမျှ ရှည်သော ကိုယ်လုံးကြီးမှာ ကြိုးတစ်ချောင်းကို တစ်ဖက်မှကိုင်၍ အားရှိပါးရှိ လှုပ်ယမ်းလိုက်သကဲ့သို့ လေထဲသို့ မြောက်တက်လာကာ တွန့်လိမ်ခါယမ်းသွားသည်။

သည်တစ်ချီတွင် ငန်းမြွေကြီး မချိမဆန့်ခံလိုက်ရကြောင်း သိသာသည်။ ပါးပျဉ်းကြီးမှာလည်း မြေမှတစ်ထွာခန့်သာ နောက်ဆုတ်ကြွလာ မြောက်လာနိုင်
သည်ကို တွေ့ရသည်။

လက်တစ်ဆုံး လုပ်လေ့ရှိသော မောင်သောင်းက ထိုတစ်ထွာမျှ ကြွတက်လာသည့် ပါးပျဉ်းပျော့ပျော့ခွေခွေကြီးကို ဝါးကောက်တုတ်တိုဖြင့် အချက်ပေါင်းများစွာ ဆက်ရိုက်နေပြန်သည်။

သို့ရိုက်နေသည်မှာ သုံးမိနစ်နီးပါးမျှ ကြာမည်ထင်သည်။ ငန်းမြွေကြီး၏ ပါးပျဉ်းကြီးမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်လာသည်။ သွေးတို့ဖြင့် အလိမ်းလိမ်း ပေကျံနေသည်။ အချို့နေရာ၌ အသားများ ပြတ်သတ်ဖွာလံသည့်တိုင် မောင်သောင်းက မရပ်မနားရိုက်နေသည်။

ကြာတော့ ဆန်ကောခန့် ပါးပျဉ်းကြီး ရှုံ့၍ရှုံ့၍ သွားတော့သည်။ ပျော့ခွေအိကျသွားသည်။

နောက်ဆုံး၌ မြေပေါ်တွင် ကြွေမွနေသည့် ငန်းမြွေ ဦးခေါင်းကြီး သွေးအလူးလူးဖြင့် မြင်မကောင်း ရှုမကောင်း စင်းစင်းကြီး ရှိနေလေတော့သည်။ မထူနိုင်တော့ မထောင်နိုင်တော့။ ဆန်ကောခန့် ပါးပျဉ်းခွက်ခွက်ကြီး ပျောက်ဆုံးသွားလေပြီ။

သည်အခါကျမှ မောင်သောင်းလည်း လက်ထဲမှဝါးကောက်တုတ်တိုကို လွှတ်ချလိုက်ကာ မြေပေါ်သို့ အရုပ်ကြိုးပြတ်ဖြင့် ခြေပစ်လက်ပစ် ထိုင်ချလိုက် သည်။ ငန်းမြွေကြီးနှင့် နှစ်တောင်အကွာ၌ ခြေနှစ်ဖက်ကို ကားယားဆင်းရင်း လက်နှစ်ဖက်အား နောက်ပစ်ထောက်ကာ ခေါင်းကိုမော့လှန်၍ လေကို အငန်းမရ ရှူရှိုက်နေလေသည်။

ဦးခေါင်းတစ်ခုလုံး ကြွေမွနေသော်လည်း ငန်းမြွေ၏ ကိုယ်လုံးကြီးကမူ တဝုန်းဝုန်းဖြင့် ထွေးလုံးရစ်ပတ်ရင်း တွန့်လိမ်လှုပ်ရှား ခါယမ်းနေသည်။ ထိုလှုပ်ရှားနေသည့် ကိုယ်လုံးကြီးဖြင့် မတော်တဆ ရိုက်မိထိမိလျှင်ပင် သက်သာမည်မဟုတ်။

အားမာန် ဒေါသ ကြီးမားလှသော ငန်းမြွေကြီးမှာ သေသည်၏ နောက်မှာပင် ရန်သူကို တိုက်တုန်း ခိုက်တုန်းပါတကား။

(ကုန်းလမ်းသယ်ယူပို့ဆောင်ရေး (R.T.C) ကမာရွတ်စခန်းမှ ယာဉ်မောင်းလုပ်သားဟောင်းကြီး ကိုငြိမ်းသို့။)

စပယ်ဦး မြန်မာဝတ္ထုတိုမဂ္ဂဇင်း ၊ ၁၉၈၆ ခုနှစ်၊ မေလ။ စာအုပ်အမှတ် (၂၁)

– ပြီး –

စာရေးသူ – မနုဿ
စာစီစာရိုက် – မုဆိုး တံငါ စာပေ
မုဆိုးတံငါစာပေများ ပေ့ချ့်မှကူးယူဖော်ပြသည်