ညို့စွမ်းအားရှင်

လည်း မနေဝံ့ချေ။
“အင်း. . . မြွေလည်းဆုံး၊ ကြက်ခြမ်းသီးလည်း မရ ဖြစ်ပြီဗျို့။ မုဆိုးကြီး စောလူးညည်းတွားရင်း ပြော၏။

“ဒီလောက်လည်း စိတ်မပျက်ပါနဲ့ ဖထီရယ်။ ငါးမြုံး ထောင်ထားတဲ့နား ရောက်လုပါပြီ။ ဒီကနေ့ ဘာသားကောင်မှ မရပေမဲ့ငါးတော့
စားရမှာ သေချာပါတယ်။ တဲစခန်းနားမှာ ရှိတဲ့ တောင်အုန်းအဖူးနဲ့ရောချက်စားမယ်ဗျာ”

လင်းမြင့်လှိုင်က သို့နှယ် အားတက်သရော ပြောလာ၏။ ပြီးနောက် သူက ဦးဆောင်တာ ငါးမြုံးများ ထောင်ထားသော မြောင်ကျပ်
ကလေးအတွင်းသို့ ဝင်သွားတော့သည်။

မြောင်လေးထဲတွင် ခြေမျက်စိသာသာ ရေရှိနေ၏။ အတွင်းပိုင်းတွင်မူ ချိုင့်ရှိသော နေရာနှင့် အိုင်ရှိသောနေရာတို့တွင် ရေနက်သည်ဖြစ်၍ထိုနေရာများတွင် ငါးမြုံးထောင်ထားခြင်း ဖြစ်၏။ လေးပုံးတွင် သုံးပုံးငါးဝင်နေကြ၏။ ခြောက်ကောင်ခန့် ရှိပေသည်။သို့ဖြင့် ကျွန်တော်တို့သည် ငါးပြုံးများမှ ငါးများကို ထုတ်ယူလိုက်ကြ၏။ ငါးရံ့ကြီးတစ်ကောင်နှင့် အရွယ်တော် ခြောက်ကောင်ခန့်ရလိုက်၏။ ၎င်းငါးများကို မုဆိုးကြီးစောလူး၏ လွယ်ပုလိုင်းအတွင်းသို့ထည့်လိုက်၏။

သည့်နောက် ကျွန်တော်တို့သည် စခန်းသို့ ပြန်ခဲ့ကြသည်။အပြန်လမ်းတွင် မုဆိုးကြီးစောလူးသည် ဝါးရောင်းနွယ်များကို ဖြတ်လာသည်ဖြစ်၍ . . .

“ဘာလုပ်မှာတုံး ဖထီ” ရယ်လို့ မေးလိုက်၏။

“ဒီ ဝါးရောင်းရွက်တွေက ငါးနဲ့ ရောချက်လျှင် အလွန်ကောင်းပါ့ ဆရာလေးရယ်”

“နို့ဖြင့်လည်း စခန်းရောက်ရင် ချက်ဗျာ”
လင်းမြင့်လှိုင်က သို့ပြောလိုက်ရင်း စခန်းသို့ ခပ်သွက်သွက်လျှောက်သွားလေတော့သည်။ မကြာမီ ကျွန်တော်တို့ တဲစခန်းသို့ ပြန်
ရောက်ခဲ့ကြသည်။

ဖထီစောလူး ပြောသည့်အတိုင်းပင် စခန်းပြန်ရောက်ကြပြီးချက်ပြုတ်စားရာတွင် ထိုဝါးရောင်းရွက်နှင့် ငါးရောချက်ထားသည်ကိုစားရသည်မှာ ချဉ်ပေါင်ဟင်း စားရသကဲ့သို့ပင် ဖြစ်ချေသည်။

မုဆိုးကြီးစောလူးနှင့် တွဲမိလေမှ ကျွန်တော်တို့သည်လည်းတောထဲ တောင်ထဲတွင် ဟင်းသီးဟင်းရွက်များကို ရှာကြံ စားတတ်ကြတော့သည်။ အသီးအရွက်များနှင့် ပတ်သက်၍ မုဆိုးကြီးစောလူးသည် အတော်ကလေး နှံ့နှံ့စပ်စပ် သိထားပုံရ၏။ သူ့ကြောင့် ဆေးပုစွန်ထုပ်၊ ဆေးမြင်းခွာ၊ ကြက်ခြမ်းသီး၊ တောင်ထန်းအဖူး၊ တောင်အုန်းအဖူး၊ ဝါးဖြူမျှစ်စသည်တို့ကို စားရမှန်း သိရတော့၏။ ပြီးနောက် ဆေးခါကြီးပင်ကို နှုတ်၍သုံးခွက်တစ်ခွက်တင် ကျိုပြီး သောက်လျှင် ငှက်ဖျားကျကြောင်း သိကြရ၏။

ကျွန်တော်တို့သည် စားသောက်ကြပြီးလျှင် တဲတွင်ထိုင်၍စကားစမြည် ပြောနေကြပြန်၏။
သို့ စကားပြောရင်းမှ မုဆိုးကြီးစောလူးသည် ထင်းမီးပုံကြီးအတွင်းသို့ ထင်းများ မြောက်များစွာ ထပ်ထည့်လိုက်ပြီး “အိပ်တော့မယ်ဗျို့” ဆိုကာ ဝါးကြမ်းခင်းပေါ်တွင် လှဲချလိုက်တော့သည်။

ကျွန်တော်နှင့် လင်းမြင့်လှိုင်သည်လည်း အိပ်ရာဝင်ခဲ့သည်ဆိုပေမင့် ကျွန်တော်သည် အတော်နှင့် အိပ်မပျော်၊ လင်းမြင့်လှိုင်နှင့်စောလူးသည် ကြမ်းခင်းပေါ် ခေါင်းချလိုက်သည်နှင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားကြ၏။

တောသည် တိတ်ဆိတ် ငြိမ်သက်နေသည် ဖြစ်၍ ထင်းမီးတောက်သံသာလျှင် ကြားနေရ၏၊သို့ရှိနေဆဲတွင် အဝေးမှ ကျားဟိန်းသံသဲ့သဲ့ ကြားလိုက်ရသည်။

တစ်ရံတစ်ခါ ငှက်ဆိုးထိုးသံ ကြားရ၏။ ရုတ်ခြည်း ထွက်ပေါ်လာသည့်ငှက်ဆိုးထိုးသံကြောင့် ကျွန်တော် ထိတ်လန့်သွားမိ၏။ သည့်နောက်. . .

မည်သို့ကြောင့်မသိ၊ မျက်ခွံများ လေးလံလာတော့သည်။ မည်သို့မျှ အားယူဖွင့်မရချေ။ ငိုက်ခနဲ တစ်ချက် ဖြစ်သွား၏။ ထိုအချိန်ကလေးမှာပင် သားရဲကောင်ကြီး တစ်ကောင်က သားကောင်ငယ်လေးတစ်ကောင်ကို ဖမ်းဆီးသတ်ဖြတ်နေဟန် တူ၏။ သားကောင်ငယ်လေး၏နာကျင်လွန်း၍ အော်ဟစ်လိုက်သံကြီးသည် ကျယ်လောင်စွာ ထွက်ပေါ်လာတော့၏။

စခန်းနှင့် မဝေးလှသော နေရာမှ ဖြစ်လိမ့်မည်။ သို့ကြောင့်သတိဝီရိယတော့ ရှိလေမှဟု တွက်လိုက်ကာ ကျွန်တော်သည် နံဘေးရှိသေနတ်ကို စမ်းလိုက်သည်။

”အာ…”

ကျွန်တော် ခေါင်းနားပန်းကြီးသွားသည်။ သေနတ်ကို မစမ်းမိလေဘဲ ပျော့ပျော့ပျောင်းပျောင်း အေးစက်စက် အရာတစ်ခုကို စမ်းကိုင်
လိုက်မိသည်ဖြစ်၍ အလန့်တကြား အော်လိုက်ရင်း ထထိုင်လိုက်သည်။

“ဟင်… “

ကျွန်တော်၏ လှုပ်ရှားမှုကား နှေးကွေးလွန်းလှ၏။ သို့ကြောင့်လည်း အသည်းကြွေလုမတတ် ထိတ်လန့် တုန်လှုပ်သွားမိသည်။ ဘယ့်တွက်မူ ကျွန်တော် ကိုင်မိလိုက်ချိန်တွင် မျက်နှာချင်းဆိုင်မှ မြွေကြီး တစ်ကောင် ပါးပျဉ်းထောင်လျက် စူးစိုက်ကြည့်နေခြင်းကို ခံလိုက်ရ၏။ သူ့အဖော် မြွေကြီးအတွက် ကလဲ့စားချေရန် လိုက်လာခဲ့ပြီပဲ။

လွန်စွာမှ ဖျတ်လတ်သွက်လက်သည့် မြွေကြီးဖြစ်သည်။ သို့ မြွေ ကြီးနှင့် မျက်နှာချင်းဆိုင် တွေ့ လိုက်ရသည်မှာ လျှပ်တစ်ပြက်သာလျှင်
ဖြစ်၏။

ဖျတ်ခနဲ ဆိုသလိုပင် ကျွန်တော့်လည်တိုင်ဘယ်ဘက် အခြမ်းသို့တစ်စုံတစ်ယောက် လာရောက်တိုးဝင်ခြင်းကြောင့် အေးခနဲ ဖြစ်သွား၏။

လျှပ်တစ်ပြက် ထိုအတွေ့အထိကြောင့် ကြက်သီးထသွားသည်။ တစ်ပြိုင်နက်ဆိုသလို ဆေးထိုးအပ် နှစ်ချောင်းကို အသားတွင်း ထိုးစိုက်သွင်းလိုက်သလို ခံစားလိုက်ရပြန်၏။ သည်တော့ ကျွန်တော်ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

“အား. . .

“ကိုပိုက် ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ”
လင်းမြင့်လှိုင်၏အသံသူ၏ စိုးရိမ်ထိတ်လန့်ဟန်ဖြင့် မေးလာသော အသံကြောင့်မှိတ်ထားသော မျက်လုံးအစုံကို အားယူဖွင့်ကြည့် လိုက်သည်။ ပြီး ကျွန်တော့် လည်တိုင်ကို ကိုင်၍ ကြည့်လိုက်၏၊

“ဘာဖြစ်တာတုံး ကိုပိုက်”

ပက်လက်အနေအထားဖြင့် ရှိနေသေးသော ကျွန်တော့်ကိုနံဘေးမှာ ထိုင်ကာ ငုံကြည့်မေးလာသည့် လင်းမြင့်လှိုင်ကို စေ့စေ့ကြည့်လိုက်ပြီး. . .

“ဘာမှ မဖြစ်ပါဘူး။ ဘာမှ မဖြစ်ဘူး။ အိပ်မက် မက်နေတာပါသို့နှယ်ပြောပြီး ထထိုင်လိုက်သည်။

“သိပါဘူးဗျာ ကိုပိုက်ရဲ့ အလန့်တကြားအော်သံကြောင့် ချောင်းစပ်မှာ မျက်နှာသစ်နေရင်း ကမန်းကတန်း ပြေးလာတာ”

“စောလူးကော. . . ”

ကျွန်တော်က မေးလိုက်သည်။
“ထုံးစံအတိုင်း သည်နားတစ်ဝိုက် စားစရာ သွားရှာတယ်လေ”

“အေးဗျာ ကျွန်တော် အိပ်မက်ဆိုးတွေ မက်နေတာဗျ” ရယ်လို့ အစပျိုးပြီး အကြောင်းစုံကို ပြန်လည်ပြောပြလိုက်သည်။

“ဒါ. . . မြွေကြီးကို စိတ်စွဲပြီး ဖြစ်တာ နေမှာပါ” ရယ်နှစ်သိမ့်လာသည်ကြောင့်….
“နို့ဖြင့် ဒါက ဘာသဘောလဲ။ သေချာ ကြည့်စမ်းပါဦးဗျာ”

ဆိုကာ ကျွန်တော့် လည်တိုင်ကို ငဲ့ပြလိုက်သည်။

“ဟင်…”
လင်းမြင့်လှိုင် အံ့ဩသွားသည်။ ကျွန်တော်လည်တိုင်မှ သွေးထွက် နေသည့် အပေါက်နှစ်ပေါက်ကို အံ့ဩတကြီး ငေးကြည့်နေ၏။ ပြီးမှ…

“အံ့ဩစရာ ကောင်းလိုက်တာဗျာ။ ကျွန်တော် မိုးလင်းတော့ကိုပိုက်နံဘေး ဆေးလိပ် ထိုင်သောက်နေသေးတယ်။ ဘာထူးခြားမှုမှတွေ့ ဘူး။ သည့်နောက် စောလူး အပြင်သွားတာနဲ့ ကျွန်တော်လည်းချောင်းစပ် ဆင်းသွားတာပဲ။ ကိုပိုက် အော်သံကြားတော့ ချက်ချင်း ပြန်လာတာ။ ကိုပိုက် အိပ်နေရင်းနှင့် လူးလွန့်နေလို့ ဘာဖြစ်တာလဲဆိုပြီးလှုပ်နှိုးလိုက်တာပဲလေ”

ကျွန်တော်လည်း လွန်မင်းစွာ အံ့ဩနေမိသည်။ အိပ်မက် ဆိုပါလျှင်လည်း ကျွန်တော့်လည်တိုင်တွင် မြွေစွယ်ရာ ကျန်ရစ်ခဲ့မည်ဟုတ်။
ထူးဆန်းပါဘိနှယ်၊

“ကျွန်တော် ထင်တာတော့ မနေ့က မြွေကြီးနဲ့ ပတ်သက်နေလိမ့်မယ် ထင်ပါရဲ့”

ကျွန်တော်စဉ်းစားမိသည်ကို ပြောလိုက်၏။
“နို့ဆိုလျှင်ဖြင့် ကာယကံရှင်ဖြစ်တဲ့ ကျွန်တော်တော့ ဘာမှမဖြစ်ဘဲ ကိုပိုက်မှ လာဖြစ်ရတာတုံး”

“အင်း… ဒါလည်း စဉ်းစားစရာပဲ” “
“ဘယ်လိုဖြစ်ဖြစ်လေ ကျွန်တော်တို့ သတိဝီရိယတော့ ရှိမှဖြစ်လိမ့်မယ်။ ဟော. . . ဟိုမယ် ဖထီပြန်လာပြီ”

သို့ နှစ်ဦးသား ပြောနေကြစဉ် မုဆိုးကြီး စောလူး ပြန်ရောက်လာ၏။ သူ့ကိုတော့ဖြင့် ကျွန်တော့်ကိစ္စ မပြောတော့ချေ။မုဆိုးကြီး စောလူးသည် သူ့လွယ်ပလိုင်းအတွင်းမှ မှိုပွင့်ကြီးတစ်ပွင့်ကို ထုတ်ယူလိုက်သည်။ သို့ဖြစ်၍ . . .

“ဖထီ ဒီမှိုက စားလို့ကော ရရဲ့လားဗျ။ ကျွန်တော်တော့ တစ်ခါမှ မမြင်ဖူးဘူး။ တော်ကြာ အဆိပ်အတောက် ဖြစ်နေပါဦးမယ်”
သို့နှယ် ကျွန်တော်က သတိပေး ပြောလိုက်ငြား. . .

“မဖြစ်နိုင်ပါဘူးဗျာ။ ချက်ပြီးရင် ကျွန်တော် အရင် စားပြမယ်”

သို့ ပြန်ပြောလာသဖြင့်. .

“ဒီမှိုမျိုး ဖထီစားဖူးလို့လား” ဆိုတော့လည်း. . .
“ဟင့်အင်း. . မစားဖူးဘူး။ နို့ပေမင့် တိရစ္ဆာန်တွေ စားပုံတော့ရတယ်။ အဲဒီမှိုအုံမှာကံကောင်းထောက်မလို့ ဒီတစ်ပွင့်ပဲ ကျန်နေတာ။ ဘယ်တိရစ္ဆာန်တွေ စားသွားလဲ မသိဘူး။ အဲဒီနေရာ တစ်ဝိုက်မှာအစအနတွေ ပြန်ကျဲနေတာပဲ။ ဒါတိရစ္ဆာန်ကောင်တွေ စားသွားတဲ့လက္ခဏာပေါ့။ ဒါကြောင့် ဒီမှိုကို စားလို့ရတယ် အတပ်ပြောနိုင်တာ ပေါ့ဗျာ”

သူ့ကြောင်းကျိုးပြ စကားကြောင့် ကျွန်တော် ပြုံးလိုက်မိသည်။မှန်ပါသည်။ သို့ပေမင့် ကျွန်တော် မစားဝံ့ပါချေ။”

“ကဲပါလေ ဖထီ စားပါ။ ကျွန်တော်တော့ မစားဘူး။ အမဲရအောင် ထွက်ပစ်မယ်”

“ကျွန်တော်လည်း မစားဝံ့ဘူး” ရယ်လို့ လင်းမြင့်လှိုင်ကလည်းဝင်ပြောရင်း သူ့ လက်စွဲတော် သေနတ် ဝင်ချက်စတာရိုင်ဖယ်ကို ပခုံးထက်
တင်ထမ်းကာ ကျွန်တော်နှင့်အတူ လိုက်ပါခဲ့သလို မုဆိုးကြီး စောလူးသည်လည်း ဒူးလေးထမ်းကာ လိုက်ခဲ့ပြန်သည်။ကျွန်တော်တို့ လျှောက်ခဲ့ရာ လမ်းတစ်လျှောက်တွင် လင်းမြင့်လှိုင်က ကပ်ပါလာပြီး ကျွန်တော့်လည်တိုင်တွင် သွေးစို့လျက် ရှိနေသည့်ဒဏ်ရာ အခြေအနေကို မေးလေသည်။

ထူးခြားမှု ရှိမရှိ၊ နာကျင်မှု ရှိမရှိ ဖြစ်ချေ၏။ သူမေးသည်ကိုခေါင်းခါယမ်း၍သာ ဖြေလိုက်၏။ ထိုဒဏ်ရာဖြင့် ပတ်သက်၍ မည်သို့မျှ ထူးခြားမှုမရှိလေဘဲ။ကျွန်တော်သည် တောဝက်တစ်ကောင်ကို ပစ်ခွင့်ရသော်လည်းလှုပ်ရှားမှုက လေးလံထိုင်းမှိုင်းနေသည်ဖြစ်၍ ချက်ကောင်းပစ်ခွင့် မရလိုက်ချေ။ သို့ကြောင့် တောဝက်သည် ဒဏ်ရာ အနည်းငယ်သာ ရလိုက်-သည်ဖြစ်၍ ထွက်ပြေးလွတ်မြောက်သွား တော့၏။ထိုသည်ကား ဒဏ်ရာနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသည့် ထူးခြားမှု ဖြစ်ချိမ့်မည်။ သို့ဆိုပါလျှင် ကျွန်တော်သည် ထူးဆန်းသော မြွေဆိပ်မိနေလေပြီလား။ ကျွန်တော်ကား တစ်နေ့ နည်းနည်း အဆိပ်ကျွေးသတ်ခံရသူနှယ် ဖြစ်ချိမ့်မည်။

ခေါင်းကြည်ကြည်လင်လင် မရှိ။ ခန္ဓာကိုယ် တစ်ခုလုံး လေးလံထိုင်းမှိုင်းနေ၏။ သည်အပြင်တော့ အခြား ဘာမှမဖြစ်။ လူကောင်းတိပင်ဖြစ်သည်။ဤတောသည် တောတိရစ္ဆာန် ရှားပါးသည်လား၊ သို့တည်းမဟုတ် သားကောင်တို့သည် အကင်းပါးကြ၍လား တော့မသိ။ သားကောင်ကို တွေ့ ခဲ၏၊ တွေ့ ပြန်လျှင်လည်း လွန်စွာ အလှမ်းဝေးနေ၏၊သို့ကြောင့် ကျွန်တော်တို့ သားကောင် မရခဲ့ပြန်ချေ။ သို့ငြားမုဆိုးကြီး စောလူးအစွမ်းအစဖြင့် တောင်လိပ်တစ်ကောင်တော့ဖြင့် ရလိုက်သည်။

စခန်းသို့ ပြန်ရောက်ကြလျှင် ထုံးစံအတိုင်း ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် ခေတ္တနားနေပြီး ရေမိုးချိုးကြ၏။ ပြီးနောက် ဝိုင်းဖွဲ့လိုက်
ကြသည်။မုဆိုးကြီး စောလူးကား ထင်းမီးပုံကြီး နံဘေးတွင် ချွေးတလုံးလုံးဖြင့် ချက်ပြုတ်နေလေတော့၏၊ကျွန်တော်တို့နှစ်ယောက် အမြည်းမပါ သောက်နေကြသည်ဖြစ်၍ မုဆိုးကြီးစောလူးက သူချက်နေသည့် အိုးအတွင်းမှ လိပ်သားကိုခူးခပ်ကာ လာချပေးသဖြင့်..

“ဟာ ဖထီရယ် ကြည့်လည်းလုပ်ပါဦး။ ကျက်မှ ကျက်သေးရဲ့လား။ အမြည်းမပါဘဲ သောက်လို့လည်း ဖြစ်ပါတယ်”

သို့ဆိုလိုက်သည်တွင် မုဆိုးကြီး စောလူးက. . .

“ကျက်နေပြီးပါဗျာ။ အနူးလိုသေးလို့သာ ခွင်ပေါ်က မချသေးတာ။ မြည်းစားလို့ကတော့ ရပါပြီ ပြောသဖြင့် ကျွန်တော်သည် လိပ်သား
တစ်တုံးကို ကောက်ယူ မြည်းလိုက်သည်။
သို့ဖြင့် ကျွန်တော်တို့ နှစ်ယောက် လိပ်သား အမြည်းလုပ်ကာဆက်သောက်ကြသည်။

တစ်လုံးကုန်လုတွင် သုံးဦးလတ်ဆုံ ထမင်းစား
လိုကျကွ၏။

“မှို ကောင်းမှကောင်း၊ နည်းနည်း မြည်းစမ်းကြည့်ပါကလား”

မုဆိုးကြီး စောလူးက ပြောလာသဖြင့် သူကျေနပ်စေရန် အလို့ငှာ အနည်းငယ်မျှ ကောက်ယူစားလိုက်၏။ ထူးခြားသော အရသာ လျှာတွင်စွဲသွားတော့၏။

အချို အဆိမ့်ကြားမှ သက်သောအရသာပါလေသည်ကို သတိထားမိလိုက်သည်။ ထိုသည်ကား ထူးခြားချက်တစ်ခု ဖြစ်သည်။ လင်းမြင့်လှိုင်သည် လုံးဝမတို့ မထိ။ ကျွန်တော်နှင့် မုဆိုးကြီးစောလူး စားကြသည်ဆိုရာတွင် ကျွန်တော် ကြိုက်နှစ်သက်သွားမှန်း သိသောကြောင့် သူသည်မှိုဟင်းကို မနှိုက်တော့ချေ။ ကျွန်တော် စားရန်အလို့ငှာ အမှတ်တမဲ့
ထားခြင်းဖြစ်သည်။ သို့ကြောင့် ထိုမှိုဟင်းကို ကျွန်တော် တစ်ယောက်တည်းစားလိုက်မိသည်။

စားသောက်ပြီးကြသည်တွင် မုဆိုးကြီး စောလူးသည် မီးဖိုနံဘေးသွားကာ ထိုင်ရင်း ဆေးတံသောက်နေ၏။ တဲပေါ်တွင် ကျွန်တော်နှင့်
လင်းမြင့်လှိုင်တ စကားစမြည်ပြောရင်း စီးကရက် ဖွာနေကြ၏။ စားသောက်ပြီး နာရီဝက်အကြာလောက်တွင် ကျွန်တော့် ရင်ထဲတွင် လှပ်ခနဲတစ်ချက် ဖြစ်သွားကာ ရင်ဘတ်တစ်ဝိုက် အောင့်တက်လာတော့သည်၊မခံမရပ်နိုင်အောင် အောင့်တက်လာခြင်း ဖြစ်သည်။ ချွေးပြန်လာသည်။

မူးနောက် ရီဝေလာ၏။ ဘာဖြစ်တာပါလိမ့်။ အတော်ကလေး ထိတ်လန့်သွားမိသည်။ ရုတ်တရက် ကောက်ခါငင်ကာ ဖြစ်လာခြင်းပင်။ သို့ကြောင့်ကြမ်းခင်းပေါ်တွင် အသာအယာ လှဲချငြိမ်နေလိုက်သည်။ ချာချာလည်နေ၏။ သို့ကြောင့် ဟိုလိမ့်ဒီလူး ဖြစ်နေတော့၏။

“ကိုပိုက် သက်သာလား။ ဘာဖြစ်တာတုံး။ ရော့. . . ရော့ ဒါလေးရှူလိုက်” ဆိုကာ လင်းမြင့်လှိုင်က ဘီပီဘမ်း ကျားပရုတ်ဆီဘူးပြားလေးကို ဖွင့်ကာ လက်တွင်း လာထည့်ပေးပြီး ကျွန်တော့် နားထင်လည်း ပွတ်လိမ်းပေး၏။

ကျွန်တော်သည် ရီဝေမူးနေသည့်ကြားမှ နှာခေါင်းတွင် တေ့၍ ပွတ်ရှုသည်။ ပြီး ငြိမ်နေလိုက်သည်။ အတန်ကြာတွင် သက်သာသလိုရာမှ ကျွန်တော့်လည်တိုင်တွင် ထူးခြားမှု ရှိနေသည့် ဒဏ်ရာမှနေ၍ သွေးတို့ စီးကျလာတော့၏။ ထိုအပေါက်ရာလေး တစ်ဝိုက်တွင် နာကျင်ကိုက်ခဲလာတော့သည်။ တစ်စတစ်စတိုးကာ နာကျင်လာ၏။

ကျွန်တော် “မှို” စားလိုက်၍ ဖြစ်ချိမ့်မည်။ အတော်ကလေးကြောက်လန့် မျက်လုံး မျက်ဆန် ပြူးသွားသည်။ စားပြီးမှတော့ မည်သို့လုပ်၍ရ လိမ့်မည် နည်း။ လင်းမြင့်လှိုင်သည် နံဘေးမှနေ၍ စိတ်မကောင်းနေတော့၏။ မုဆိုးကြီးစော်လူးက သူကျွေးသည့် မှိုစား၍ ဖြစ်ရလေဆိုကာ ရင်ထုမနာ ဖြစ်နေပြန်၏။

အနာမှ နာကျင် ကိုက်ခဲသည့် ဝေဒနာသည် နာရီဝက်ခန့် -အကြာ တွင် အနည်းငယ် သက်သာသွားပြန်၏။ သို့ငြား အနာပေါက်မှထွက်ကျလာသည့် သွေးတို့သည် ဆိုးဝါးသော အနံ့အသက် ဖြစ်နေသည် သို့ကြောင့် အင်္ကျီထလဲရပြန်သေး၏။ လည်တိုင် အနာပေါက်မှ စီးကျနေသောသွေးတို့သည် တဖြည်းဖြည်းရပ်သွားသည်နှင့် နာကျင်မှုသည်လည်းပျောက်သွားတော့သည်။

“ဟူး. . . တော်ပါသေးရဲ့” ရယ်လို့ ပြောလိုက်ရုံ ရှိသေး မခံမရပ်နိုင်အောင် ဗိုက်အောင့် လာပြန်သည်။ အင်မတန် အဆိပ်ပြင်းသော၊ဆိုးဝါးသော မှိုဖြစ်ချိမ့်မည်။ သို့မဟုတ် မှိုနှင့် လိပ်သား ရောစား၍ ဖြစ်မည်။ လင်းမြင့်လှိုင်နှင့် မုဆိုး ကြီး စောလူးက မိစားကြသည်မှ မဟုတ်ဘဲ။သို့ကြောင့် ကျွန်တော် တစ်ယောက်တည်း ဝေဒနာမျိုးစုံ ခံစားနေရခြင်းဖြစ်မည်။

ကျွန်တော် ဝေဒနာ ခံစားနေရသည်ကို နံဘေးမှ ကြည့်နေကြသည့် လင်းမြင့်လှိုင်နှင့် မုဆိုးကြီး စောလူးတို့၏ မျက်နှာသည် ဇီးစေ့လောက်ပင် ရှိတော့သည်ဟု ထင်မှတ်ရ၏။

သည့်နောက် ကျွန်တော်သည် ကြိမ်ဒဏ် အချက်ပေါင်းများစွာပြစ်ဒဏ်ပေးခံရသည့် ရာဇဝတ်သားလို နာကျင်မှု ဝေဒနာများကြားမှမေ့မျောသွားသကဲ့သို့ ရောဂါပေါင်းစုံ ဖိစီးနှိပ်စက်ခြင်း ခံနေရသည့်ကြားမှ အိပ်ပျော်သွားတော့သည်။

အိပ်ရာမှ နိုးလာသည့်အခါ ပေါ့ပါးလန်းဆန်းနေသည်ဖြစ်၍အံ့ဩသွားမိသည်။ ညဉ့်နက်ချိန် ဖြစ်နေသေးငြား ကြည်ကြည်လင်လင်
ရှိနေ၏။ နှစ်ခြိုက်စွာ အိပ်ပျော်သွား၍ ဖြစ်မည်။ ယခင် အိပ်ရာမှ နိုးလေတိုင်း အပျင်းကြောဆွဲကာ အိပ်ရာမှ အတော်နှင့် မထဖြစ်ချေ။ အားယုအားမွေးပြီးလေမှ ထထိုင်တတ်၏။ ယခုမူ ထူးဆန်းစွာ ပေါ့ပါးလန်းဆန်းနေသည်ဖြစ်၍ ရုတ်ခြည်းထထိုင်လိုက်သည်တွင် ပေါ့ပါးလွန်းသည်မှာလေထဲမှ ငှက်မွေးကဲ့သို့ပင် ဖြစ်ချေ၏။

“ဟင်…”

နံဘေးမှ အိပ်နေကြသည့် လင်းမြင့်လှိုင်နှင့် မုဆိုးကြီးစောလူးကို ကြည့်လိုက်သည်။ စောလူးသည် ငြိမ်သက်စွာ အိပ်ပျော်နေငြား လင်း
မြင့်လှိုင်၏ ခန္ဓာကိုယ်သည် ဆတ်ခနဲ ဆတ်ခနဲ ဖြစ်သွားသည်ကို ထူးခြားစွာ တွေ့လိုက်ရသဖြင့် စေ့စေ့ကြည့်နေလိုက်သည်။ သူသည် အိပ်နေရင်းမှ နံဘေးကြမ်းပြင်ပေါ်သို့ လက်ဖြင့်စမ်းကာ တစ်စုံတစ်ရာကို ရှာဖွေနေဟန် ဖြစ်သည်ကြောင့် ဘာကြောင့်ပါလိမ့်ဟု စဉ်းစားလိုက်ရာမှ မနေ့ညက ကျွန်တော့် အဖြစ်အပျက်ကို ပြန်သတိရလိုက်သည်ကြောင့် ရုတ်ချည်းပင် ကျွန်တော်သည် သေနတ်ကို ကောက်ကိုင်လိုက်ပြီး ပတ်ဝန်းကျင် တစ်ဝိုက် ဝေ့ကြည့်လိုက်၏။

ထင်းမီးပုံကြီး နံဘေးတစ်ဝိုက်ကို ပို၍ သတိထား ကြည့်လိုက်သည်။ ကျွန်တော် ထင်သည့်အတိုင်းပင် မီးပုံနံဘေးတွင် စုပုံထားသည့်ထင်းခြောက်တုံးများကြားမှ မြွေကြီးတစ်ကောင် ပါးပျဉ်းထောင် ငြိမ်သက်နေသည်ကို .တွေ့ ရ၏။ အမှုမဲ့ အမှတ်မဲ့ ဆိုပါလျှင်ထိုမြွေကြီးကို တွေ့နိုင်ရန် ခဲယဉ်း၏။ ထင်းခြောက်တုံးများ အရောင်နှင့် မြွေကြီး၏ ခန္ဓာကိုယ်အရောင် တူနေသောကြောင့်ဖြစ်သည်။ ပြီးနောက် မြွေကြီးကား ပါးပျဉ်းထောင် ငြိမ်သက်နေခြင်းဖြစ်သည်။

ထိုမြင်ကွင်းကို ကြည်ကြည်လင်လင် မြင်လိုက်ရခြင်းကြောင့်ကိုယ့်ကိုယ်ကိုပင် အံ့ဩမိသည်။ တကယ်ဆိုလျှင် ကျွန်တော်သည် မျက်စိ
အား သိပ်ကောင်းသူ မဟုတ်။

ထိုမြွေကြီး၏ မျက်လုံးတစ်စုံသည် ရဲရဲတောက် နီနေ၏။ သူ့ခန္ဓာကိုယ်၏ သုံးပုံနှစ်ပုံခန့်သည် ကျောက်တိုင်သဖွယ် မားမားမတ်မတ်ရှိနေသည်။ လှုပ်ရှားမှုဆို၍ နှာမှုတ်ရင်း လျှာနှစ်ခွသည် ရှည်လျားစွာထွက်လိုက် ဝင်လိုက် ဖြစ်နေ၏။ သူ စူးစိုက်ကြည့်နေသည်မှာ လင်းမြင့်လှိုင်ပင် ဖြစ်သည်။ သို့ကြောင့် ကျွန်တော်၏ လှုပ်ရှားမှုကို သူ သတိမမူမိချေ။ ထိုသည် အခွင့်ကောင်းကို လက်လွတ်မခံတော့ဘဲ ကျွန်တော်သည် လက်တွင်းမှ သေနတ်ဖြင့် သေချာချိန်ရွယ် ပစ်လိုက်သည်။

“ဒိန်း…”

ပြင်းထန်သော ယမ်းအား ပေါက်ကွဲသံကြောင့် လင်းမြင့်လှိုင်နှင့် မုဆိုးကြီး စောလူးလည်း နိုးလာကြသည်။ မုဆိုးပီပီ လင်းမြင့်လှိုင်သည် ကပျာကသီ ထထိုင်ပြီး သေနတ်ကို အရန်သင့် ကိုင်ထားပြီး “ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ” ဟု မေးလာသည်။

မုဆိုးကြီးစောလူးက ကျွန်တော့် နှုတ်ထွက်စကားကို စောင့်၏။
“မြွေ…”

သို့နှယ်သာ ပြောလိုက်သည်။

“ဪ. . . “

မုဆိုးကြီးစောလူးက သာမန်ကာလျှံကာ ပြောလိုက်ပေမင့် လင်းမြင့်လှိုင်ကမူ လွန်မင်းစွာ အံ့ဩထိတ်လန့်စွာဖြင့်. .

“ဘာမြွေလဲ ဘယ်မလဲ မြွေ” ရယ်လို့ ကြောက်ရွံ့တုန်လှုပ်စွာဖြင့်မေးလာသည်။ ပြီးနောက်..

“တိုက်ဆိုင်လိုက်တာဗျာ။ ကျွန်တော် အိပ်မက်ဆိုး မက်နေတာဗျ။ ကိုပိုက်ပြောတဲ့ အိပ်မက်အတိုင်းပဲ။ တစ်ထပ်တည်းပဲ။ နို့ပေမင့် ကျွန်တော့်အိပ်မက်က အဆုံးမတိုင်ခဲ့ဘူး။ မြွေကြီးနဲ့ မျက်နှာချင်းဆိုင် ဆုံလိုက်တဲ့ အချိန်မှာပဲ ကိုပိုက်ရဲ့ သေနတ်သံကြောင့် လန့်နိုးလာတာ ကံကောင်းလိုက်တာဗျာ”

သူ့စကားဆုံးသည်နှင့် ကျွန်တော်သည်. . .
“ကိုလင်း အိပ်မက်နေတာကို သိတယ်။ ဒါကြောင့်လည်းအချိန်မီ ကယ်လိုက်နိုင်တာပေါ့။ နို့မဟုတ်လျှင်ဖြင့် ကျွန်တော့်လို မြွေစွယ်
ရာနှစ်ခု ကိုလင်းရဲ့ လည်မျိုမှာ ရှိနေလောက်ပြီ”

ကျွန်တော်တို့နှစ်ယောက် ပြောသည့်စကားကို ဘာမျှ နားမလည်ဟန်ဖြင့် မုဆိုးကြီး စောလူးက တအံ့တဩ နားထောင်ရင်း ငေးငိုင်
ကြည့်နေသည်။ ကျွန်တော်ကပင် ဆက်၍ ပြောလိုက်ပြန်သည်။

“ကျွန်တော် အိပ်ရာနိုးတော့ အံ့ဩစွာ ပေါ့ပါးလန်းဆန်းနေတယ်ဗျာ။ ရုတ်ခြည်း ထထိုင်လိုက်ချိန်မှာ ကိုလင်းက အိပ်နေရင်း ခန္ဓာကိုယ်ကြီး ဆတ်ခနဲ ဆတ်ခနဲ တွန့်တွန့်သွားတယ်။ သည်တော့ ဘာဖြစ်တာပါလိမ့်ဆိုပြီး ဆက်ကြည့်နေလိုက်တယ်။ နောက်တော့ ကိုလင်းက အိပ်နေရင်း လက်နဲ့ တစ်ခုခုကို စမ်းရှာဖွေနေပုံ တွေ့ ရတော့ ကျွန်တော်လည်းမနေ့ညက အဖြစ်ကို ပြန်သတိရလိုက်တော့ ကိုလင်းလည်း ကျွန်တော့်အိပ်မက်မျိုး မက်နေပြီ ဆိုတာ သိလိုက်ရတယ်ဆိုရင်ပဲ ပတ်ဝန်းကျင်မှာထူးခြားမှု ရှိကိုရှိရမယ် ဆိုပြီး သေချာကြည့်လိုက်တယ်။ ထင်တဲ့အတိုင်းပဲဗျာ။ ထင်းမီးပုံဘေးမှာ မြွေကြီးတစ်ကောင် တွေ့ရတယ်။ အဲဒီမြွေကြီးကအိပ်နေတဲ့ ကိုလင်းကို အဝေးကနေ လှမ်းညို့နေတာကိုးဗျ။ သည်တော့ကျွန်တော်လည်း သေနတ်နဲ့ ပစ်လိုက်တယ်”

“အံ့ဩစရာပေပဲဗျာ”

လင်းမြင့်လှိုင်က သို့နှယ်ပြောကာ ကျွန်တော့်လည်တိုင်ကို စူးစိုက်ကြည့်နေပြီး…

“ကိုပိုက် လည်တိုင်မှာ ရှိနေတဲ့ မြွေစွယ်ရာနှစ်ခု မတွေ့ တော့ပါကလား” ရယ်လို့ ပြောလာသည်ကြောင့် ကျွန်တော်သည်လည်း လက်ဖြင့် စမ်းကြည့်လိုက်သည်။

“ဟင်…”
ဟုတ်ပါရဲ့။ သွေးစို့ထွက်နေသည့် မြွေစွယ်ရာ မရှိတော့ပါကလား၊လင်းမြင့်လှိုင်က အနား တိုးကပ်လာပြီး သေသေချာချာ ကြည့်ပြန်၏။

“လုံးဝ မရှိတော့ဘူး ကိုပိုက်ရေ။ ဝမ်းသာလိုက်လေဗျာ”

“အေးဗျာ. . . ဘယ်လိုကြောင့် ပါလိမ့်။ ကဲပါလေ ဟိုမြွေကြီးသွားကြည့်ရအောင်” ဆိုကာ ထင်းမီးပုံဘေး သွားလိုက်သည်။သေနတ်ဒဏ်ရာကြောင့် ဦးခေါင်းသည် ကြေမွဖွာလန်ကြဲပြီးခွေခေါက်သေဆုံးနေသည့် မြွေကြီးမှာ မနေ့က ကျွန်တော်တို့နောက်လိုက်လာခဲ့သော မြွေကြီးဖြစ်သည်။ လင်းမြင့်လှိုင် ပစ်သတ်လိုက်သည့်သူ ကြင်ဖော်မြွေကြီးအတွက် ကလဲ့စားချေရန် ဖြစ်ချိမ့်မည်။

တကယ်တော့ ကျွန်တော်သည် မထင်မှတ်ဘဲ အာဟာရကို မှီဝဲလိုက်ရသည်ကြောင့် ပေါ့ပါးလန်းဆန်းလာ၏။ အမြင်ကြည်လင်လာ၏၊ အသိဉာဏ်လည်း တိုးတက်လာ၏။ထူးဆန်းသော အဆိပ်မိထားခြင်းမှလည်း လွတ်ကင်းလာ၏။ပြီးနောက် ကျွန်တော်တို့ကို လိုက်လံ ဒုက္ခပေးနေသည့် အဆိပ်ကောင်မြွေကြီးကို လက်ဦးမှု ရရှိကာ သတ်ဖြတ်လိုက်နိုင်ခြင်းကြောင့် လင်းမြင့်
လှိုင်ကို အချိန်မီ ကယ်တင်လိုက်နိုင်တော့သည်။

ထိုစဉ်က ကျွန်တော် မသိခဲ့သည်မှာ အမှတ်မထင် စားလိုက်ရသည့် ထူးခြားသော အာဟာရသည် လိပ်သားလေလား၊ ထူးခြား ရှားပါး မှိုလေလား။ သို့မဟုတ် လိပ်သားနှင့်မှို ရောနှော စားလိုက်ရ၍လေလား ဝိုးတဝါး ဖြစ်ခဲ့ရ၏၊
ဤသည်ကား လွန်ခဲ့သော အနှစ် သုံးဆယ်ကျော်က အံ့ဖွယ်ကြုံခဲ့ရသော အဖြစ်အပျက်လေးတစ်ခုပင် ဖြစ်သည်။

နှစ်သုံးဆယ်ကျော် ဖြတ်သန်းခဲ့ပြီး ယခုအခါတွင် ထိုအချိန်ကအမှတ်မထင် မှီဝဲလိုက်ရသော အာဟာရသည် “မှို” မှလွဲ၍ အခြား မဖြစ်နိုင်ကြောင်းကို ရှင်းရှင်းလင်းလင်း သိခွင့်ရလိုက်တော့သည်။ မည်သို့ကြောင့် ပြောနိုင်ရပါသနည်း ဆိုပါမူ ကျွန်တော်၏ မိတ်ဆွေ မောင်မောင်စိုးပြောပြသဖြင့်..

Ganoderma (ဂါနိုဒါးမား) မှို၏ အစွမ်းသတ္တိကို သိခွင့်ရလိုက်ခြင်း ကြောင့်ပင်ဖြစ်သည်။

မထင်မှတ်ဘဲ ကျွန်တော် စားလိုက်ရသည့် “မှို”သည် ထို Ganoderma (ဂါနိုဒါးမား) မှိုမှလွဲ၍ အခြားမဖြစ်နိုင်ဟု ထင်ပါသည်။

မှုခင်းရောင်စုံမဂ္ဂဇင်း
နိုဝင်ဘာလ (၂၀၀၂ခုနှစ်)

#စာရေးဆရာ – (ကိုပိုက်)