အရိပ်တစ္ဆေ

ပြောလိုက်ရငြား အဝတ်အစား ဝတ်ဆင်ထားခြင်းတော့ မရှိချေ။ တစ်ကိုယ်လုံး မွှေးနုလေးများတော့ ရှိ၏၊ မျောက်များကဲ့သို့လည်း အမွှေးအမျှင် ရှည်လျား ထူထပ်ခြင်း မရှိချေ။ အသက် `လေးငါးခြောက်နှစ်ခန့် ခန့်မှန်း၍ရသည့် လူကလေးတစ်ယောက် ဖြစ်နိုင်၏။ သို့ဆိုပါလျှင် ကျွန်တော်တို့ လူသတ်မှုဖြင့် ထောင်နန်းစံမြန်း ရပေတော့မည်။

“ဒုက္ခပါပဲ ကိုလင်းရယ်” သို့နှယ် ညည်းလိုက်မိ၏။

“ဘာတတ်နိုင်မှာလဲဗျာ။ တောရဲ့ လှည့်စားမှုကို ကျွန်တော်တို့ခံလိုက်ရပြီပဲ”

သို့နှယ် ပြောရင်း လင်းမြင့်လှိုင်က မှောက်လျက် လဲကျသေဆုံးနေသော သတ္တဝါကောင်ကို ဆွဲလှန်လိုက်၏။

“ဟင်..ဟာ”

“အလိုလေးဗျာ”

နှစ်ဦးသား အံ့ဩထိတ်လန့်သွားကြသည်။ မျက်လုံး၊ နှာခေါင်း၊ပါးစပ်၊ နားရွက်၊ လူမှလူ ဖြစ်နေ၏။ သို့ပေမင့် မျက်ခုံးအလျဉ်း မရှိချေ။
ပြီးတော့ လက်ချောင်း ခြေချောင်းလေးများကမူ မျောက်လက်၊ မျောက်ခြေ ဖြစ်နေသည်။ ထိုခြေလက်တို့ကြောင့် ကျွန်တော် အနည်းငယ် စိတ်သက်သာရလိုက်၏။ သည်တော့မှ သွေးအေးအေးဖြင့် စဉ်းစားလိုက်နိုင်တော့သည်။

“နေပါဦး ကိုလင်းရဲ့။ ဒါ လူမဖြစ်နိုင်ဘူးဗျ။ ဘာလို့လည်း ဆိုတော့ သည်တောသည်တောင်က လူအရောက်အပေါက်မှ မရှိတာချည်း။သစ်ခုတ် ဝါးခုတ်သမားတောင် မရှိတဲ့တောနက်ကြီးထဲမယ် ဘယ့်နှယ်ကြောင့် ကလေးငယ်တစ်ယောက် ရှိနိုင်မှာတုန်း”

“အေးဗျ။ ဟုတ်တယ်။ သို့ပေမင့် တထစ်ချ ပြောလို့တော့ မရဘူးဗျ။ သည်တော့ ဒီလို လုပ်ဗျာ။ သေချာအောင် သည်ကောင်ကို မြေမြှုပ်
လိုက်မယ်”

“ကောင်းတယ် လိုရမည်ရ ပေါ့ဗျာ” ဆိုကာ ကျွန်တော်ကအဓိကတရားခံ ဖြစ်နေသည်ကြောင့် လင်းမြင့်လှိုင် ပေးလာသည့် အကြံဉာဏ်ကို လက်ခံလိုက်ပြီး ထိုသတ္တဝါကောင်ကို လက်မှနေ၍ တရွတ်တိုက်ဆွဲ၍ မြေသားပျော့ပျော့ နေရာတွင် တွင်းတူးကာ မြှုပ်လိုက်တော့သည်။

“တောက်”

ကျွန်တော်သည် ဇောချွေးများကို သုတ်သင်နေရာမှ ရုတ်ချည်းကျယ်လောင်စွာ အနားကပ် ပေါ်လာသော “တောက်” ခတ်သံကြောင့်လွန်မင်းစွာ ထိတ်လန့်သွားသည်မှာ တစ်ကိုယ်လုံးပင် တုန်တက်သွားတော့၏။

ဇောချွေးများသည် သုတ်လေ ထွက်လေ။
လင်းမြင့်လှိုင်သည် လည်း မျက်စိမျက်နှာ ပျက်နေတော့၏။

ကြောက်ရွံ့နေပုံလည်း ရ၏။ သို့ဖြစ်သည်ကြောင့်..

“ကဲ. . . ကိုလင်းရေ သည်ကနေပဲ ပြန်ကြစို့ဗျာ။ ကျွန်တော်တော့ အလွန်ပဲ ထိတ်လန့် နေမိသဗျ” ဟု ပြောလိုက်၏။

“လူတော့ မဖြစ်နိုင်ဘူး။ နို့ပေမင့် လူကလေးတစ်ယောက်ချွတ်စွတ်ပဲဗျ။ ကဲပါလေ စိတ်ထဲမှာ ထားမနေပါနဲ့တော့ဗျာ” ဆိုကာသူ သူ ကပင် ဦးဆောင်၍ ထိုနေရာမှ ဖယ်ခွာလိုက်တော့၏၊

ကျွန်တော်တို့ ဦးတည်ရာ ခြေလှမ်းများက စခန်းရှိရာသို့ပင်ဖြစ်ချေ၏။ အတွေးကိုယ်စီနှင့်မို့ တစ်ဦးကို တစ်ဦး စကားမပြောဖြစ်သည်
မှာ စခန်းရောက်သည့်တိုင် ဖြစ်ချေတော့၏၊

လာလမ်းတစ်လျှောက် “တောက်” ခတ်သံများ မကြားရတော့ချေ။ စခန်းရောက်သည်နှင့် အချိန်လည်း ရှိနေသောကြောင့် ပစ္စည်း
ပစ္စယများကို ကပျာကသီ သိမ်းဆည်းကာ ထွက်ခဲ့ရာ အရပ်သည်ကား..

“ကောင်တထောင်” ကျေးရွာလေးသို့ပင် ဖြစ်ချေတော့၏။ကောင်တထောင် ကျေးရွာလူကြီး “ရယ်ဒမ်းခင်”က ကျွန်တော်တို့နှစ်ယောက်ကို တွေ့လိုက်သည်နှင့်..

“ဘာသားကောင်မှ မပါဘဲ ပြန်လာကြတယ်လား။ ဘာလဲ သားကောင် မတွေ့လို့လား။ သည်တောက သားကောင်တွေ ပေါပါတယ်ဗျာဆိုစမ်းပါဦး။ ခါတိုင်းသွားလျှင်ဖြင့် အနည်းဆုံး သုံးလေးရက် ကြာတတ်ပြီးခုတော့ နှစ်ရက်ပဲ ရှိသေးတယ်ဗျာ။ ဘာလဲ ကျွန်တော် မလိုက်လို့ နှစ်ယောက်တည်းမို့ မပျော်လို့ ပြန်ခဲ့ကြတာလား” ရယ်လို့ မေးလာသည်ကြောင့် ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ မည်သို့ ပြန်ပြောရမည်မသိ ဖြစ်နေကြ၏၊

ရွာလူကြီး ရယ်ဒမ်းခင် ပြောသလိုပင် “အင်ဒုံဗွမ်” တောနက်တွင် သားကောင် ပေါပါသည်။ “ပူတာအို”သို့ ရောက်လေတိုင်း တစ်တထောင်ကျေးရွာရှိ သူငယ်ချင်းဖြစ်သူ ရယ်ဒမ်းခင်အိမ်တွင်
တည်းခိုကြကာ ထိုရွာအနီးရှိ အင်ဒုံဗွမ်တောတွင် အမဲလိုက်ကြ၏။ သူ့ထံတွင်တစ်ပတ်၊ ဆယ်ရက်နေပြီး သားကောင် ရိက္ခာများ စုဆောင်းကာရန်ကုန်သို့ ပြန်ကြ၏။ ထိုသည်ကား သုံးနှစ်တစ်ကြိမ် လုပ်နေကျ အလုပ်ပင်ဖြစ်ချေ၏။

ယခု ကျွန်တော်တို့နှစ်ယောက်သည် ထိုတောအတွင်း သွားဖူးလာဖူးနေကျ ဖြစ်သည်ကြောင့် ရပ်ရေး ရွာရေး ကိစ္စအလုပ် မအားရှာသော သူငယ်ချင်းဖြစ်သူကို ဒုက္ခပေး အတင်းအကြပ် မခေါ်လေတော့ဘဲနှစ်ယောက်သား အမဲပစ် ထွက်ခဲ့ရာမှ သို့နှယ် ပြဿနာနှင့် ကြုံခဲ့ရခြင်းဖြစ် ချေတော့၏။ ကျွန်တော်တို့ ကြုံခဲ့ရသော အဖြစ်အပျက်ကို ပြန်ပြောရနိုး၊ မပြောရနိုး စဉ်းစားဆင်ခြင်လိုက်ပြီး…

“အေးဗျာ။ ကျွန်တော်တို့နှစ်ယောက်တည်း ဆိုတော့ ပျင်းတာပေါ့၊ ကျွန်တော်ကလည်း ငှက်ဖျားဖြစ်ချင်တာရယ်ကြောင့် ပြန်လာကြတာလေ” ဟု သူ့စကားအပေါ် လိုက်နင်း၍ ပြောလိုက်သည်။

“ဟုတ်တယ် “ရယ်ဒမ်းခင်” ကျွန်တော်လည်း ဒီတစ်ခေါက် အမဲလိုက်က်တာ စိတ်မပါဘူးဗျ။ ကိုပိုက်ကလည်း ငှက်ဖျားတက်ချင်နေတော့
ကပျာ ကသီပဲ ပြန်လာကြတာ” ဟု လင်းမြင့်လှိုင်က ဝင်ပြောလိုက်ပြန်၏။

“အေးဗျာ သုံးနှစ်တစ်ကြိမ် တကူးတက ကျွန်တော့်ဆီလာလာအမဲပစ်နေကျ ဖြစ်တဲ့ ခင်ဗျားတို့နှစ်ယောက်ကို အားနာလိုက်တာဗျာ၊ ဒီလို လုပ်ပါလား ကိုပိုက်ကလည်း ငှက်ဖျားတက်ချင်ဆိုတော့ သုံး
လေး ရက် နားနေလိုက်လျှင်ဖြင့် ကျန်းမာရေး ကောင်းလာမယ်။ အဲဒီရက်ပိုင်းလောက်မှာ ကျွန်တော်လည်း အားပြီ။ ဒီတော့မှ တောထဲ ပြန်ဝင်ကြတာပေါ့ဗျာ”

သို့နှယ် “ရယ်ဒမ်းခင်” က ပြောလာသည်ကြောင့် ကျွန်တော်တို့နှစ်ယောက်သည် ကပျာကသီပင်..

“အား… ရတယ် သူငယ်ချင်း။ ကျွန်တော်တို့ ရန်ကုန်မယ်အလုပ်ကလေးတွေ ရှိသေးလို့ ဒီတစ်ည သည်မယ်အိပ်ပြီး နက်ဖြန်ခပ်စောစော မြစ်ကြီးနားဆင်းမယ်”

“မြစ်ကြီးနားမယ် သူငယ်ချင်းတစ်ယောက်နဲ့ အလုပ်ကိစ္စ တိုင်ပင်ဖို့ ရှိသေးလို့ပါ” ရယ်လို့ ပြောလိုက်ကြသည်။

သို့ဖြင့် ကျွန်တော်တို့သည် ရယ်ဒမ်းခင်အိမ်တွင် တစ်ညတာအိပ်လိုက်ကြသည်။ ရယ်ဒမ်းခင်အိမ်သည် ကောင်ကထောင် ကျေးရွာ
ကလေး၏ ရွာအလယ်တွင် ရှိသည်ကြောင့် ကျွန်တော်တို့ ထွက်လာသော“အင်ဒုံဗွမ်” တောစပ်ကို ရေးရေး လှမ်းမြင်နေရ၏။ တောစပ်နှင့် ရွာဖျားအကြားတွင် ကွင်းဖြစ်နေ၏။ ရယ်ဒမ်းခင်အိမ်နှင့် မနီးမဝေး ရွာစပ်တွင် “သုဿန်” ရှိ၏၊

ကျွန်တော်သည် အတော်နှင့် အိပ်မပျော်။ အင်ဒုံဗွမ်တောအတွင်း ပစ်သတ်ခဲ့မိသော ကလေးငယ်ကိစ္စကိုသာ မြင်ယောင်နေမိသည်။ ကျွန်တော့်နံဘေးမှ လင်းမြင့်လှိုင်သည်ကား ခရီးပန်းထင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံရ၏။ တစ်ရွာလုံး အပ်ကျသံပင် ကြားနိုင်လောက် သည့် တိတ်ဆိတ်ငြိမ်သက်မှုမျိုး ဖြစ်သည်။ ကျွန်တော်သည်လူးကာ လှိမ့် ကာ ဟိုတွေး သည်တွေး။ သို့ရှိနေဆဲတွင် “တောက်” ရယ်လို့
တောက်ခတ်သံ သဲ့သဲ့ ကြားလိုက်သဖြင့် ခေါင်းနားပန်းကြီးသွားရတော့သည်။ စိတ်ထင်နေခြင်းရယ်လား မှတ်သည်ကြောင့် အိပ်ရာမှ
ထထိုင်နားစွင့် ပြန်သည်။

“တောက်”

“တောက်”

“တောက်”

တောက်ခတ်သံများ ဆက်တိုက် ဆိုသလို ပီပီသသ ပေါ်လာ၏။သို့ဖြစ်သည်ကြောင့် ပြတင်းတံခါးကို ဖွင့်ကာ “တောက်” ခတ်သံများလာ
ရာ ကွင်းဘက်ဆီသို့ ကြည့်လိုက်သည်။လမုတ်ည ဖြစ်သည်ကြောင့် ပတ်ဝန်းကျင် တစ်ခွင် မည်းမှောင်နေ၏။ သို့ဖြစ်၍ အမှောင်ထုတွင်း ခပ်ကြာကြာ စူးစိုက်ကြည့်နေလိုက်၏။ ကျင့်သားရလာသည့်အခါတွင် သဏ္ဌာန်များကို ရေးရေး မြင်ရ၏။ဦးဆုံးမြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကြက်သီးမွေးညင်း ထသွားရ၏။ထိုမြင်ကွင်းကား မှတ်တိုင်များ မြေပုံများ ဖြစ်နေ၏၊ သုဿန်ကို စမြင်လိုက်ခြင်း ဖြစ်သည်။ ပြီးတော့မှ သုဿန်အဝင်လမ်းပေါ်တွင် လှုပ်လှုပ်လှုပ်လှုပ် တရွေ့ရွေ့ သွားနေသည့် ပုံရိပ်သဏ္ဌာန်ကို မြင်လိုက်သည်ကြောင့် စူးစိုက်ကြည့်လိုက်၏။အသက်အားဖြင့် ငါးနှစ်ခန့်၊ အရပ်အမောင်းအားဖြင့် သုံးပေခန့်သာ ရှိလောက်သည့် ကလေးငယ်တစ်ယောက်သည် တစ်စုံတစ်ရာကိုကရွတ်တိုက်ဆွဲကာ သုဿန်တွင်း ဝင်သွားသည်ကို တွေ့ လိုက်ရ၏၊

“ဘုရားရေ”

သူကရွတ်တိုက် ဆွဲလာသည့် အရာကို သေချာမြင်လိုက်ရသည်ကြောင့် ကျွန်တော် ဘုရားတမိတော့၏။ သူ့အရွယ်အစားရှိ ကလေးငယ် အသေကောင်လေးကို ဆွဲယူခဲ့ခြင်း ဖြစ်သည်။ ညကြီးသန်းခေါင်ကျော် အချိန်တွင် ကလေးငယ်တစ်ယောက်သည် အသေကောင် ကလေး
ငယ်တစ်ယောက်ကို ဆွဲကာ သုဿန်တွင်း ဝင်ရောက်လာခြင်း မြင်ကွင်းသည် အံ့ဩထိတ်လန့်ဖွယ်ပင် မဟုတ်ပါလား။

“တောက်”

“တောက်..တောက်”

ကလေးငယ်သည် “တောက်” ခတ်သံကိုလည်း ပါးစပ်မှ မြည်တမ်းလျက် ရှိနေပြန်၏။

တရွေ့ရွေ့ ဆွဲကာ သွားနေသည့် မြင်ကွင်းသည် သုဿန်တွင်းရှိ မြေပုံများ မှတ်တိုင်များကြားတွင် ပျောက်ကွယ်သွားတော့၏။ သည်တော့မှ တောက်ခတ်သံသည်လည်း ပျောက်ကွယ်သွားတော့သည်။ကျွန်တော်သည် မိမိကိုယ်ကို ပြန်၍ဆန်းစစ် ကြည့်လိုက်ပြန်၏။

အိပ်မက်နေခြင်းများလား ရယ်လို့ပင်။အိပ်မက် မဟုတ်ချေ။ လင်းမြင့်လှိုင်ကို ကြည့်လိုက်တော့ အိပ်ပျော်နေဆဲ ဖြစ်၏။ သို့ကြောင့်ကွဲကွဲပြားပြား သိရန် အလို့ငှာ ကျွန်တော်သည် လင်းမြင့်လှိုင်ကို လှုပ်နိုးလိုက်၏။ကျွန်တော်၏ လှုပ်ခါနိုးမှုကြောင့် လင်းမြင့်လှိုင်သည် ညည်းကာညူကာ နိုးထလာတော့၏။

ကျွန်တော်က မြင်တွေ့ ရသော မြင်ကွင်းကို ပြောပြလိုက်သည်တွင် လွန်မင်းစွာ အံ့ဩခြင်းဖြင့် ဖွင့်ထားသော ပြတင်းတံခါးမှ သုဿန်
ဘက်ဆီ လှမ်းကြည့်လျက်-

“ကိုပိုက်ပြောတဲ့ အဖြစ်အပျက်အတိုင်း ကျွန်တော်လည်း အိပ်မက်ရလိုက်တယ်။ ဆန်းကြယ်လိုက်တာဗျာ” ရှယ်လို့ ပြောလာ၏။ထူးခြားလှပေစွ။ ကျွန်တော်သည် အိပ်မက်မဟုတ်။ လင်းမြင့်လှိုင်ကား အိပ်မက် ဖြစ်နေ၏။ သို့ငြား ထပ်တူ ဖြစ်နေ၏။နံနက် မိုးလင်း၍ လက်ဖက်ရည်ဆိုင်တွင် ရယ်ဒမ်းခင် ပြောလာသော စကားတစ်ခွန်းက ပိုအံ့အားသင့်စေပါသည်။

“ညက တောက်ခတ်သံတွေ ကြားသဗျ။ ဟဲ. . . ဟဲ ကိုလင်း`နဲ့ ကိုပိုက် ဘာတွေ မကျေမနပ်ဖြစ်ပြီး အိပ်မက်ထဲမှာ တောက်ခတ်နေကြသလဲ မသိဘူး။ ဟီး ဟီး ဟီး”လင်းမြင့်လှိုင် မျက်နှာကို ကျွန်တော် လှမ်းကြည့်လိုက်ပြီးမဟုတ်တော့ဘူး” ရယ်လို့ ပြောလာဟန် သဘောရသည့် ခေါင်းခါရမ်းခြင်းကို ပြုပြလေ၏။

ကျွန်တော်သည် မျက်မြင်ကိုယ်တွေ့၊ လင်းမြင့်လှိုင်သည် အိပ်မက်၊ ရယ်ဒမ်းခင်သည် နားနဲ့ဆတ်ဆတ် အသံကြားလေသူ။

မထူးဆန်းပေဘူးလား။ သို့ဖြစ်၍ ကျွန်တော်သည် ထိုကိစ္စကို မပြောမဖြစ် ရယ်ဒမ်းခင်ကို ဖွင့်ဟ ပြောလိုက်တော့၏။

ကျွန်တော် ထင်ထားသလို “ရှယ်ဒမ်းခင်” သည် အံ့ဩမှုဖြစ်လာဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့၏။ သို့ဖြစ်၍ ကျွန်
တော်က….

“ဘာလဲ ကျွန်တော်ပြောတာ မယုံလို့ ရယ်မောနေတာလား”

ဟု စိတ်ဆိုးစွာဖြင့် မေးလိုက်သည်။
“ကျွန်တော်သိပ်ယုံတာပေါ့ဗျာ၊ ဟဲ ဟဲ ခင်ဗျားတို့ နှစ်ယောက်နဲ့မှ ကြံကြံဖန်ဖန် ဒီကောင်လေးတွေနဲ့ သွားတိုးတာကိုး။ ဟုတ်တယ် ခင်ဗျားကြုံခဲ့ရတာတွေက အမှန်ချည်းပဲ ဖြစ်နိုင်သဗျ။

အင်ဒုံဂွမ် တောထဲမယ် အဲဒီ သတ္တဝါဆန်းလေးတွေ ရှိတယ်ဆိုတာ ရာနှုန်းပြည့် လက်ခံကြ
တယ်။ သို့ပေမင့် မြင်တွေ့ဖူးတဲ့သူတော့ ရှားတယ်။ တောက်ခတ်သံကြားရတဲ့သူတော့ အနည်းအကျဉ်း ရှိတယ်။ ရှေးလူကြီး အတော်များများ ထဲကတော့ မြင်တွေ့ ဖူးသူတွေ ရှိကြတယ်။ ဒီကိစ္စကို ကျွန်တော် ခင်ဗျားတို့ မပြောပြခဲ့မိတာ ခုလို ကြုံတွေ့ နိုင်လိမ့်မယ် မထင်လို့ပဲဗျ”

“ရယ်ဒမ်းခင်” စကားကြောင့် ကျွန်တော် စိတ်အနည်းငယ် ချမ်းသာမိတော့၏။ ဘယ်တွက်မူ ပစ်သတ်ခဲ့မိသော သတ္တဝါကောင်သည်
လူသားစစ်စစ် ဖြစ်မနေခြင်းကြောင့်ပင်။ သို့ပေမင့် တောနက်တွင်းမှ သည်စွာထိတိုင် လိုက်လံခြောက်လှန့်နေခြင်းကို စိတ်ပျက်မိတော့၏။

သို့ဖြစ်၍ ကျွန်တော်တို့သည် ကောင်ကထောင် ကျေးရွာကလေးမှ မြစ်ကြီးနားသို့ လာခဲ့ကြတော့၏။ မြစ်ကြီးနားမှနေ၍ ရန်ကုန်သို့လေယာဉ်ဖြင့် ပြန်ခဲ့ကြသည်။

အင်ဒုံဗွမ် တောနက်တွင်း ကြုံခဲ့ရသည့် အဖြစ်အပျက်သည်လည်း မေ့ပျောက်လုမတတ် ဖြစ်ခဲ့ရ၏။ သို့ငြား ရန်ကုန်သို့ရောက်ပြီး ၁၅-ရက်ခန့် အကြာတွင် ထူးဆန်းသော ကြုံတွေ့ မှုတစ်ခု ဖြစ်ပေါ်လာတော့၏။ထိုညက ကျွန်တော့်မိသားစု နှင့်အတူ စောစောအိပ်ရာဝင်ခဲ့၏၊သို့ စောစော အိပ်ယာဝင်ခဲ့ခြင်းသည် မီးပြတ်နေခြင်းကြောင့် ဖြစ်၏၊
ရံခါဆိုသလို မီးပြတ်တတ်၏။ည သန်းခေါင်ယံကျော် အချိန်တွင် အလိုလိုနေရင်း အိပ်ရာမှ
နိုးလာ၏။ ဟိုတွေး သည်တွေး နေဆဲတွင် ..

“တောက်” ခတ်သံကို ကြားလိုက်ရသဖြင့် ကြက်သီးမွေးညင်း ထသွားမိတော့၏၊

“တောက်”

“တောက်… တောက်”

ကျွန်တော် သိလိုက်ချေပြီ။ စိတ်ထင်နေခြင်း မဟုတ်နိုင်၊ အသံလာရာသည် အိမ်ရှေ့လမ်းမကြီးပေါ်မှ ဖြစ်၏။ သို့ကြောင့် ကျွန်တော်သည် အိပ်ရာမှ ညင်သာစွာထကာ အခန်းပြင်သို့ ထွက်ပြီး ဧည့်ခန်းကိုဖြတ်ကာ ဝရန်တာတံခါးကို ဖွင့်လိုက်၏။ တံခါးဖွင့်သွားသည်နှင့် တောက်ခတ်သံ တစ်ချက်သည်လည်း တိုးဝင်လာသည်။

ကျွန်တော်သည် ဝရန်တာဘက် ထွက်လိုက်ပြီး လမ်းမပေါ်သို့ ငုံ့ကြည့်လိုက်သည်။ ကျွန်တော် နေထိုင်ရာ တိုက်ခန်းသည် မြေပြင်
အထက်ခြောက်လွှာတွင် ရှိသောကြောင့် ဖြစ်၏။လမိုက်ည ဖြစ်နေသည်။ လျှပ်စစ်မီးများလည်း ပြတ်နေခြင်းကြောင့် မြင်ကွင်းများ ခပ်မှိန်မှိန် ရေးရေးသာ မြင်ရ၏။

“တောက်”

“တောက်… တောက်”

တောက်ခတ်သံသည် ယုဇနပလာဇာဘက်ဆီမှ လာနေခြင်းဖြစ်သည်ကြောင့် လှမ်းကြည့်လိုက်၏။ကျွန်တော် လွန်မင်းစွာ ထိတ်လန့်သွားမိသည်။ ဗညားဒလလမ်းမကြီးသည် ရှင်းလင်းနေ၏။ မီးပွိုင့်ဘက်တွင်မူ ဆိုက်ကားသုံးစီးခန့်ရပ်ထား၏။ ထိုဆိုက်ကားပေါ်တွင် ဆိုက်ကားဆရာတို့ အိဇ်မောကျနေကြ၏။

သို့ရှင်းလင်းနေသော ဗညားဒလလမ်းမကြီးပေါ်တွင် လှုပ်ရှားသွားလာနေသော သဏ္ဌာန်တစ်ခုကိုတော့ ခပ်ရေးရေး မြင်လိုက်ရ၏၊ကလေးငယ်တစ်ယောက်သည် ကလေးငယ်တစ်ယောက်၏သက်မဲ့ခန္ဓာကိုယ်ကို လက်မှဆွဲ၍ တရွတ်တိုက် ဆွဲလာချေ၏။ပါးစပ်မှလည်း တတောက်တောက် အော်မြည်ကာ တရွေ့ရွေ့လာနေ၏၊ တဖြည်းဖြည်း ကျွန်တော် ရပ်နေသည့် ဝရန်တာအောက်ဖက်လမ်းမကြီးပေါ် ရောက်လာတော့၏။

ကျွန်တော် ဇောချွေးများ ပျံနေပြီဖြစ်၏။ ကျွန်တော်သည်အောက်ဖက်တည့်တည့်တွင် ရောက်နေသည့် ထိုသဏ္ဌာန်ကို မရဲတရဲ
ငုံ့ကြည့်လိုက်၏။

“ဟင်”

တစ်ပြိုင်နက်ဆိုသလို အပေါ်သို့ မော့ကြည့်လာသော ကလေးငယ်၏ မျက်နှာကို ပက်ပင်းတိုးမိတော့၏။ ကလေးငယ်၏ မျက်နှာသည်ကြောက်စရာ မကောင်းသလို ချစ်စရာလည်း မဟုတ်ချေ။ သနားစရာမျက်နှာသေလေး ဖြစ်နေသည်။

ကျွန်တော့်ကို မြင်တွေ့ သွားသည်နှင့် အသေကောင်လေးကိုတရွတ်တိုက် ဆွဲကာ ကျွန်တော့်အခန်းပေါ် တက်လာနိုင်သည့် မြေပြင်တံခါးပေါက်ဝသို့ မျက်နှာမူလိုက်ပြီး ခြေဦးလှည့်လာခြင်းကြောင့်
လန့်တကြား ဖြစ်သွားကာ ပါးစပ်မှ အသံထွက်လုမတတ် (ဗုဒ္ဓတေဇေနဘယံနတ္ထိ သံဃတေဇေန ဘယံနတ္တိ” ရယ်လို့ ရွတ်ဖတ်လိုက်တော့၏၊သည်တွင်မှ ကလေးငယ်သည် “ကျွီခနဲ” အော်မြည်ကာ မီးပွိုင့်ဘက်သို့ တရွေ့ရွေ့ လှည့်ထွက်သွားလေ၏။

ကျွန်တော်သည် တစ္ဆေသရဲက ကြောက်လန့်သော ဂါထာကိုအဆက်မပြတ် ရွတ်ဖတ်ရင်း ဝရန်တာ အပြင်သို့ ကိုယ်ကို ကိုင်းကာလိုက်ကြည့်နေမိသည်။မီးပွိုင့်ထောင့်တွင်ရှိ ဆိုက်ကားဆရာ သုံးဦးသည် အသီးသီးဆိုက်ကားထက်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေကျဆဲ ဖြစ်သည်။ကလေးငယ်သည် မီးပွိုင့်ကို တရွေ့ ရွေ့ ဖြတ်ကျော်ကာ ယခင်သုဿန်ဟောင်း မြေနေရာတွင် ဆောက်လုပ်ထားသည့် မင်္ဂလာဈေးသစ်ကြီးဝင်းအတွင်း ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။နောက်တစ်နေ့ နံနက်တွင် ကျွန်တော်သည် လင်းမြင့်လှိုင်ထံသို့ ဖုန်းဆက်ကာ ပြောပြလိုက်သည်တွင် သူက-

“တိုက်တိုက် ဆိုင်ဆိုင်ဗျာ။ ကျွန်တော်လည်း ညက ကိုပိုက်မြင်တဲ့အတိုင်း အိပ်မက်ရတယ်” ဟု ပြောလာသလို ကျွန်တော်၏ ဇနီး
နှင့် သမီးဖြစ်သူကလည်း-

“ညက ဦးဖက် ယောင်ပြီး “တောက်” ခတ်နေတယ်” ဟုပြောသံကြားရတော့၏။ကျွန်တော်၏ ညီဖြစ်သူသည် အိမ်ရှေ့ဧည့်ခန်းတွင်အိပ်သူ ဖြစ်၍ သူတောက်ခတ်နေခြင်းဟု ထင်သွားကြခြင်း ဖြစ်သည်။တကယ် တော့ ညက သူတောက်ခတ်ခြင်း မဟုတ်မှန်း ဧည့်ခန်းကိုဖြတ်၍ဝရန်တာဘက်ထွက်ခဲ့သော ကျွန်တော်သာလျှင် အသိဆုံးမဟုတ်ပါကလား။

သို့ဆိုလျှင်ဖြင့် လကွယ်ညတိုင်း အရိပ်တစ္ဆေ ခြောက်လှန့်ခြင်းကို ခံရလေမည်လား မသိပါချေ။

မနုစာရီမဂ္ဂဇင်း
ဧပြီလ (၂၀၀၂ခုနှစ်)

စာရေးဆရာ -ကိုပိုက်