စွန်းဦးတီထွင်ကိုဘရှင်

ရခက်ခက် ငိုရခက်ခက်ဖြစ်သွားတယ်ဆိုပဲဗျ။ ထားပါတော့ဗျာ။

ဒီဓလေ့က ကျုပ်ဘကြီးဘုန်းကြီးလက်ထက်ကျတော့ တစ်ခါတည်းပျောက်သွားတော့တာပဲ၊ ဖြစ်ပုံက ဒီလိုဗျ၊ ထုံးစံအတိုင်း ရွာထဲက ငွေကြေးရှိတဲ့လူတစ်ယောက်သေတော့ ပျဉ်ခေါင်းနဲ့ချတယ်၊ ချပြီးတော့ အဲဒီအခေါင်းကို ဘုန်းကြီးကျောင်းမှာလှူလိုက်တာ ဖြစ်ချင်တော့ အခေါင်းကိုသရဲကစွဲကပ်ပြီး တဝုန်းဝုန်းနဲ့ချောက်လှန့်ပါရောဗျာ၊ သုံးလေးရက်လောက် ဆက်တိုက်ချောက်လိုက်တော့ အဲဒီအခေါင်းကိုမယူရဲတာနဲ့ ရေချောင်းထဲ သွားလွှင့်ပစ်လိုက်ရတယ်ပြောတယ်၊ အဲဒီနောက်ပိုင်းကတည်းက ရွာဦးကျောင်းက အခေါင်းကိုအလှူမခံတော့ဘူး၊ ဒါကြောင့် လူမြှုပ်ရင် တစ်ခါတည်း ခေါင်းကိုပါမြှုပ်လိုက်ကြတယ်။

ကိုဘရှင်ဆိုတာ ကျုပ်အဖေဘက်က တော်တဲ့အမျိုးဗျ၊ ကျုပ်တို့နဲ့ဆို အကိုသုံးဝမ်းကွဲလောက်တော်တယ်၊ အသက်က သုံးဆယ့်ငါးလောက်ရှိနေပြီ၊ ငယ်ငယ်က စစ်ထဲဝင်သွားပြီးတော့ နောက်တော့ စစ်ပြေးလို့ဆိုလား ထောင်ကျသွားတယ်၊ ထောင်ထဲကထွက်လာတော့လည်း အလေလိုက်နေပြီး နောက်ဆုံးကြံရာမရတော့မှ ရွာကိုပြန်လာခဲ့တာ၊ လူက ဂျလေဘီ၊ အသားကမည်းမည်း ပိန်ပိန်ပါးပါး သွားခေါခေါနဲ့ နှုတ်ခမ်းမွှေးကလည်း ကျိုးတို့ကျဲတဲနဲ့ဆိုတော့ ချုံပြောရရင် တော်တော်အရုပ်ဆိုးတဲ့သူပေါ့ဗျာ။ ဒါကြောင့်လည်း မိန်းမမရဘဲ တစ်ကိုယ်တည်း လူပျိုကြီးဖြစ်နေခဲ့တာပေါ့။

ကိုဘရှင်ရွာကိုပြန်လာတဲ့ရက်ကဆိုရင် သူတောင်းစားကြီးလို့ကိုထင်ရတာ၊ အိမ်ရောက်တော့လည်း ထမင်းတွေစားလိုက်တာ ကြမ်းချက်ပဲ၊ ကျုပ်တို့တောင် ထမင်းမလောက်လို့ ထထချက်ရတယ်၊ နောက်တော့ အဖေနဲ့ရွာလူကြီးတွေက ကိုဘရှင်ကိုလိမ်မာအောင် တရားချတယ်၊ ကိုဘရှင်ကို တရားဟောတဲ့ပွဲမှာ ကျုပ်လည်းရှိနေတာပေါ့၊ ဘယ်သူတွေတရားဟောတာလဲဆိုတော့ အဖေရယ်၊ ရွာဦးကျောင်းဆရာတော် ဘကြီးဘုန်းကြီးရယ်၊ ဆေးဆရာဦးမှတ်ကြီး၊ ဘုရားဒကာဦးဘဖြူ စုံလို့ပေါ့ဗျာ။ အိမ်အောက်က အဖေထိုင်တဲ့ခုံမှာ သူတို့က မိန့်မိန့်ကြီးထိုင်နေကြတယ်၊ ကိုဘရှင်ကတော့ မြေကြီးမှာဆောင့်ကြောင့်လေးထိုင်လို့ပေါ့။

“ဘရှင်၊ မင်းဘဝတစ်လျှောက် ပေတေလေလွင့်နေပြီးတော့ လူ့လောကအကျိုး ဘာမှမလုပ်ခဲ့တာကို မင်းပြန်ကြည့်ပြီး မရှက်ဘူးလားကွ”

ရွာဦးကျောင်းဆရာတော်က စပြီးဆူတယ်၊ ဘကြီးဘုန်းကြီးက ကိုဘရှင်နဲ့လည်းဆွေမျိုးတော်တာကိုး၊ အဖေက မျက်နှာကိုရှုံ့မဲ့ပြီး

“ဆရာတော်ဘုရားကတော့ ပြောတော့မယ်၊ ဘရှင်ဆိုတဲ့ကောင်က လူ့လောကအကျိုးမပြောနဲ့ သူ့အကျိုးတောင်သူဘာမှမလုပ်နိုင်ဘူး၊ အခုတောင် သူများအိမ်မှာကပ်ပြီး ထမင်းစားနေတာကြည့်ပါလား”

“ဟုတ်တယ်ဘရှင် မင်းအခုရွာပြန်ရောက်လာပြီပဲ၊ အရင်က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့မေ့ထားလိုက်ပြီးတော့ တစ်ခုခုလုပ်စမ်းပါလားကွာ၊ တို့ဆွေမျိုးတွေအားလုံး ဒီမှာရှိတာပဲ၊ မင်းအတွက် အလုပ်တစ်နေရာက မခက်ပါဘူးကွ”

ဒီမှာ ကိုဘရှင်က ခေါင်းခါကိုခပ်ပြင်းပြင်းခါလိုက်ရင်း

“ကျုပ်ဆိုတဲ့ကောင်ကလည်း သူများလုပ်တာလိုက်မလုပ်ချင်ဘူးဗျ၊ သူများသွားပြီးသားလမ်း သူများနင်းပြီးသားခြေရာခွက်တောင် လိုက်နင်းချင်တာမဟုတ်ဘူး”

“ဟေ့ကောင် ဒါဆိုရင်မင်းဘာလုပ်မလဲကွ”

“သူများမလုပ်သေးတဲ့ အသစ်အဆန်းတစ်ခုခုကိုလုပ်ချင်တယ်ဗျာ”

“မင်းက လွန်ခဲ့တဲ့ဆယ်နှစ်ကပြောလဲ ဒီစကားပဲ ကဲပြောစမ်းပါအုံးကွာ၊ သူများမလုပ်တဲ့အသစ်အဆန်းတစ်ခုခု မင်းဘာစဉ်းစားမိပြီလဲ”

ကိုဘရှင်က ခေါင်းကုတ်ရင်း

“ကျုပ်စဉ်းစားလာတာ ဆယ်နှစ်ကျော်ခဲ့ပြီ၊ အခုထိကို ရှာမတွေ့သေးဘူးဗျ”

ဒေါသကြီးတဲ့ ဘကြီးဘုန်းကြီးက ထရိုက်ချင်လာလို့ အဖေကဆွဲထားရတယ်။ နောက်ဆုံးတော့ ဘကြီးဘုန်းကြီးက ကိုဘရှင်ကိုလက်ညှီုးထိုးပြီး

“ဟေ့ကောင်ဘရှင်၊ မင်း ခုနစ်ရက်အတွင်း အလုပ်တစ်ခုစလုပ်ဖို့ပြင် မဟုတ်လို့ကတော့ မင်းကိုဒီရွာကနေငါကိုယ်တိုင်မောင်းထုတ်မယ်ကွ၊ အလကား အသုံးမကျတဲ့ကောင်”

ဒီလိုနဲ့ အမျိုးတွေက ကိုဘရှင်အလုပ်လုပ်ဖို့ ဖိအားပေးကြတာပေါ့ဗျာ၊ ကိုဘရှင်လည်း အိမ်မှာသိပ်ပြီးမနေရဲဘူးဗျ၊ အမေ့ကိုကြောက်ရတာကိုး၊ အမေကလည်း ကိုဘရှင်ကိုတော့ သိပ်မကြည်ဘူး၊ အားအားရှိမှောက်လိုက်လှန်လိုက်နဲ့ အစားကလည်းကြီးသေးတယ်ဗျာ၊ ဒီကြားထဲ အရက်ဖိုးကလည်းတောင်းသေးတာဆိုတော့ အမေက အဖေကွယ်ရင် ကိုဘရှင်ကို ပြောဆိုတော့တာပဲ၊ ဒါကြောင့် ကိုဘရှင်က ကျုပ်နဲ့အတူ ယာခင်းထဲကို လိုက်လာတတ်တယ်။

ယာတဲထဲရောက်တော့ ဦးဘသာနဲ့တွေ့ပြီပေါ့၊ ကိုဘရှင်က သူများနဲ့သာ စကားကြောမတည့်တာ ဦးဘသာနဲ့တော့ လေပေးဖြောင့်တယ်ဗျာ။ ဦးဘသာက ကိုဘရှင်ပြောတာကိုနားထောင်ပြီးတော့

“မင်းပြောတာတော့ဟုတ်တယ်ကွ၊ အောင်မြင်ချင်တဲ့လူဆိုတာ သူများလျှောက်ပြီးသားလမ်းကိုမလျှောက်ရဘူး၊ လမ်းသစ်ထွင်ပြီး ဖောက်မှအောင်မြင်တာကွ၊ အခုစီးပွားရေးနယ်ပယ်မှာ အောင်မြင်နေတဲ့လူတွေဆိုရင်လည်း စိတ်ကူးသစ်နဲ့လမ်းသစ်ဖောက်ခဲ့တဲ့လူတွေချည်းပဲပေါ့ကွာ”

“ဦးဘသာက မြှောက်ပေးနေပြန်ပါပြီ၊ ကိုဘရှင်က လမ်းသစ်ဖောက်ဖို့နေနေသာသာ သူကလမ်းပျောက်နေတဲ့လူဗျ”

ကျုပ်ကပြောပြီးရယ်လိုက်တယ်၊ ကိုဘရှင်က တဲနံရံကိုမှီပြီး ယာခင်းထဲကိုငေးကြည့်နေရင်း အလေးအနက်တွေးနေပုံရတယ်။ ကျုပ်လည်း ကိုဘရှင်ကိုပျက်ရယ်ပြုပြီးခါမှ သနားသွားမိတယ်။

“ဒါနဲ့ကိုဘရှင် ခင်ဗျားဘယ်လိုလုပ်မယ်စိတ်ကူးလဲ၊ ခုနစ်ရက်အတွင်း လုပ်ငန်းတစ်ခုခုမစဖြစ်ရင်တော့ ဆရာတော်က ရွာကနေနှင်ထုတ်မယ်လို့ဆိုတယ်နော်ဗျ”

“အေးကွာ ငါစဉ်းစားကြည့်လိုက်ပါအုံးမယ်”

ကိုဘရှင်က တွေးရင်းနေတော့တယ်ဗျ။

(၂)

အဲဒီရက်ပိုင်းမှာပဲ ရွာထဲက အဘွားကြီးတစ်ယောက်ဆုံးပါရောဗျာ၊ ဒါနဲ့ထုံးစံအတိုင်း မြှုပ်ဖို့ပြုဖို့စီစဉ်ရတာပေါ့၊ အခေါင်းနဲ့မြှုပ်တာက ခေတ်ထနေတာဆိုတော့ အခေါင်းလုပ်ဖို့တာဝန်က ရွာက ကာလသားတွေဆီကိုရောက်လာခဲ့ပြီပေါ့ဗျာ။ အခေါင်းဆိုတာက လူသေမှထလုပ်ရတာကိုး၊ အရင်ဆုံး အခေါင်းလုပ်ဖို့ ပျဉ်လိုက်ဝယ်ရတယ်၊ အဲဒီခေတ်က သစ်ဆိုင်ဆိုတာရှားတယ်၊ ရွာမှာအိမ်တွေဆောက်ဖို့အတွက်ကို သစ်တွေကို ကိုယ်တိုင်ခွဲကြရတာ။ အိမ်ဆောက်လို့ပိုတဲ့သစ်တို့၊ တစ်ချို့က အိမ်ဆောက်ဖို့စုဆောင်းထားတဲ့သစ်တွေကို လိုက်ရှာဝယ်ရတယ်၊ အခေါင်းလုပ်ဖို့အကောင်းဆုံးကတော့ အခင်းကြမ်းပြားလုပ်တဲ့ ခြောက်တစ်လိုအပြားတွေပဲ၊ နည်းနည်းပါးတဲ့ ခြောက်ငါးမူးလိုအပြားဆိုရင်လည်းရပါတယ်။

အခေါင်းစပ်ဖို့ပျဉ်ဝယ်ပြီးရင်တော့ အခေါင်းရိုက်ရတယ်၊ အခေါင်းကိုကျတော့ လုပ်တယ်လို့မပြောဘဲ စပ်တယ်လို့ခေါ်တယ်၊ သစ်ကပုံမှန်မရလေတော့ ဟိုစပ်ဒီစပ်သုံးရလို့ခေါ်တာလားမသိပါဘူးဗျာ၊ သစ်တွေဆက်ပြီးတော့ သစ်အကြားတွေကို လုံခြုံအောင်လို့ အင်တွဲမှုန့်နဲ့ရေနံဆီဖျော်ပြီးတော့ လှေတွေဝမ်းဗိုက်ကိုလိုက်ပိတ်ရသလို ပိတ်ရတယ်၊ ပိတ်ပြီးရင်တော့ ရွှေဘော်တွေဘာတွေထိုး ကော်ပတ်တွေဘာတွေစားပြီး တတ်နိုင်တဲ့လူက ဆေးသုတ်ကြတယ်၊ မတတ်နိုင်တဲ့လူကလည်း ထုံးနဲ့သစ်ရွက်တွေထုထောင်းထားတဲ့ အစိမ်းရည်ရောပြီး အစိမ်းနုနုသုတ်၊ ဆောင်းတွင်းလိုအခါမျိုးဆိုရင်တော့ အလေ့ကျပေါက်တဲ့ ပန်းပြာပြာလေးတွေခူးပြီး ထုထောင်းပြီးသုတ်ရင် အပြာနုရောင်ကလေးရတယ်၊ ဒါဆိုရင်အခေါင်းက လှသွားပြီပေါ့ဗျာ။

ဒါပေမယ့် အခေါင်းလုပ်ရတာက အပြောလွယ်ပေမယ့် ပျဉ်ဝယ်၊ အခေါင်းရိုက်၊ အပေါက်ဖာ၊ ဆေးသုတ်ဘာညာနဲ့ဆိုတော့ ပင်ပန်းတာပါပဲ၊ အဲဒီအဘွားကြီးကိုမြေချပြီးတော့ နောက်တစ်နေ့ ကိုဘရှင်က ကျုပ်နဲ့အကိုကြီးကို ခေါ်ပြီးတိုင်ပင်တယ်။

“ငါ သူများတွေမလုပ်ဖူးတဲ့အလုပ်တစ်ခုကို စဉ်းစားမိပြီကွ”

“ဘာအလုပ်လဲဗျ၊ မဟုတ်မှလွဲရော ပိုက်ဆံရအောင်ဆိုပြီး ဓါးပြတိုက်မလို့လား၊ ခိုးမလို့ဝှက်မလို့လား”

“မင်းကလဲကွာ၊ ငါကထောင်ထွက်ပါကွ၊ ငါအခုလိမ်မာသွားပြီ အဲဒါတွေမလုပ်တော့ဘူး၊ အခုငါလုပ်မယ့်အလုပ်က ပိုက်ဆံလည်းရ ကောင်းရောင်းကောင်းဝယ်လဲဖြစ်တဲ့ အလုပ်တစ်ခုကွ”

အကိုကြီးက ကိုဘရှင်ကိုကြည့်ရင်း

“ဘာလဲကိုဘရှင် ရွာမှာမရှိတဲ့အလုပ်ဆိုတော့ အရက်တွေဘာတွေချက်ရောင်းဖို့လား၊ ရွာမှာတော့ အရက်ဖိုမရှိသေးဘူးဗျ”

“အကြီးကောင်ကတော့ကွာ၊ အရက်ချက်တာက ကောင်းရောင်းကောင်းဝယ်ဖြစ်မလားကွ၊ ပြီးတော့ လိုင်စင်မရှိဘာမရှိနဲ့ ခိုးချက်ရတာကွ၊ မတော်လို့ တိုင်လိုက်တဲ့လူရှိရင် ရဲလာဖမ်းနေမှ ထောင်ထဲပြန်ရောက်နေပါအုံးမယ်၊ အခုငါပြောတဲ့အလုပ်က ဥပဒေနဲ့လည်းလွတ်ကင်းပြီးတော့ ကောင်းရောင်းကောင်းဝယ်ပါဆိုမှကွာ”

အကိုကြီးက ခေါင်းကုပ်ပြီး

“ဒါဖြင့် ကျုပ်တို့လည်းမစဉ်းစားတတ်တော့ဘူးဗျာ၊ ဘာအလုပ်လဲ”

“ခေါင်းလုပ်ရောင်းမယ်ကွာ”

“ဘာခေါင်းကိုပြောတာလဲ”

“ခေါင်းပါဆိုနေမှ မသာထည့်တဲ့ခေါင်းပေါ့ကွ၊ ဘာခေါင်းဖြစ်ရမလဲ”

“ဟာ ကိုဘရှင်ကလည်း ကြံကြံဖန်ဖန်၊ ခေါင်းလုပ်ရောင်းတယ်ဆိုတာ သုဘရာဇာအလုပ်ဗျ၊ နေရင်းထိုင်ရင်းနဲ့ ကိုကြီး သုဘရာဇာဖြစ်နေပါအုံးမယ်”

“အလတ်ကောင်ရာ ကြံကြံဖန်ဖန်၊ ငါက လူသေမြှုပ်ဖို့တွင်းတူးတဲ့ကောင်မှမဟုတ်တာပဲကွ၊ ဘာလို့ သုဘရာဇာဖြစ်ရမှာလဲ၊ ရန်ကုန်တို့ မန္တလေးတို့လို မြို့ကြီးတွေမှာ ခေါင်းလုပ်ရောင်းတဲ့လုပ်ငန်းတွေရှိတယ်လို့ ငါကြားဖူးတယ်၊ သူတို့က ဒီအလုပ်နဲ့သူဌေးဖြစ်ကြတယ်ဆိုပဲကွ”

“အဲဒါက မြို့ကြီးပြကြီးလေဗျာ၊ အခုကျုပ်တို့ရွာက သေးသေးလေးရယ်၊ ကျော်မကောင်း ကြားမကောင်းဖြစ်နေပါအုံးမယ် အကိုရာ”

“ဟ၊ ဦးဘသာပြောတယ်မဟုတ်လား ချမ်းသာချင်တဲ့လူဆိုတာ သူများမလုပ်ရသေးတဲ့ဟာကို လမ်းသစ်ဖောက်ပြီးလုပ်ရတယ်ဆိုကွ၊ ပြီးတော့ ဒီလုပ်ငန်းက အပြိုင်အဆိုင်လဲကင်းတယ်၊ ခု မင်းတို့ရွာမှာ ခေါင်းရောင်းတဲ့လူရှိရဲ့လားပြော၊ ငါ့အလုပ်က အောင်မြင်မှာကွ”

“အကို့ဟာကြီးက မဟုတ်သေးပါဘူးဗျာ၊ ဆေးခန်းတွေက လူမမာမျှော်ကြသလို အကို့လုပ်ငန်းအလုပ်ဖြစ်ဖို့ကလည်း လူတွေသေရမှာမျှော်နေရသလိုဖြစ်နေပါအုံးမယ်”

“လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ပဲကွ၊ မွေးပြီးရင်တော့ တစ်နေ့သေရမှာပဲ၊ သေရင် မသာထည့်ဖို့ အခေါင်းလိုအပ်တယ်မဟုတ်ဘူးလား၊ သူတို့လိုအပ်တဲ့အခေါင်းကို ငါကအသင့်လုပ်ပြီးရောင်းမယ်ကွာ၊ ခေါင်းလုပ်တာကလည်း ပျဉ်ဝယ်ရ အခေါင်းစပ်ရနဲ့ဆိုတော့ သေသူမိသားစုလည်းအလုပ်ရှုပ်၊ မင်းတို့လိုကာလသားတွေလည်းအလုပ်ရှုပ်တယ်မဟုတ်လား၊ ငါက လုပ်ပြီးသားအခေါင်းကိုအသင့်ရောင်းတော့ မင်းတို့ရောအဆင်မပြေ၊ သေသူမိသားစုလည်း အဆင်ပြေတယ်မဟုတ်လား၊ ဒီအလုပ်က ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့အလုပ်ပါကွ၊ မင်းတို့ကလည်း”

“ကဲပါ ကိုဘရှင်က ခေါင်းလုပ်ပါပြီတဲ့ ခေါင်းရိုက်ဖို့ပျဉ်ကရော ဘယ်မှာလဲ၊ ပြီးတော့ ခေါင်းလုပ်ရတာလွယ်တယ်မှတ်နေသလား၊ လက်သမားပညာရော တတ်ရဲ့လား”

“အောင်မာ၊ မင်းကငါ့ကိုအထင်သေးလို့ ဘရှင်ဆိုတဲ့ငါက ဆွဲကြိုးချတဲ့အလုပ်ကလွဲလို့ မလုပ်ဖူးတဲ့အလုပ် မရှိပါဘူးကွ၊ ငါအကုန်လုပ်တတ်ပြီးသားပါ၊ ရွာထဲက လွှဆွဲတဲ့မြသောင်းတို့နဲ့တိုင်ပင်မယ်ကွာ၊ ပြီးတော့ လူတွေမသုံးတဲ့ လက်ပံပင်ကြီးတွေ၊ သရက်ပင်အိုကြီးတွေ၊ လဲပင်ကြီးတွေကိုလိုက်ရှာပြီး လွှခွဲမယ်ကွာ၊ ပြီးတော့ ငါကိုယ်တိုင်ရိုက်မယ်၊ အခေါင်းလှအောင် ဆေးလေးဘာလေးသုတ်မယ် ဘယ့်နှယ့်လဲကွ”

“အင်း ဒါဆို ကျုပ်တို့လက်ထက်ကျမှ ရွာမှာ ခေါင်းလုပ်ရောင်းတာကို ကြုံရတော့မှာပေါ့နော်ဗျာ”

“အလတ်ကောင်ရေ၊ ဒါက ဘုရားကြိုက်တဲ့ သမ္မာအာဇီဝစစ်စစ်ကွ၊ မင်းရောငါ့လုပ်ငန်းမှာ အစုစပ်အနေနဲ့ပါအုံးမလား”

“တော်စမ်းပါ ကိုဘရှင်ရာ၊ အကို့လုပ်ငန်း အကိုသာလုပ်စမ်းပါ၊ ကျွန်တော့်ဟာကျွန်တော် ယာစိုက်နေတာပဲကောင်းပါတယ်ဗျာ”

ကိုဘရှင်ကတော့ စိတ်ဒုံးဒုံးချပြီးတဲ့ပုံပါပဲ၊ သူ့လုပ်ငန်းကလည်း သူပြောသလို သမာသမတ်ကျပါတယ်၊ အခေါင်းသာရောင်းရတယ်ဆိုရင်တော့ တွက်ချေကိုက်မယ့်ပုံပဲဗျ၊ အပြိုင်အဆိုင်ဆိုတာကလည်း အခုလည်းမရှိသလို နောက်လည်းရှိလာမှာမဟုတ်ဘူး၊ ကျုပ်တို့ရွာမှာ ဘယ်သူက အခေါင်းအပြိုင်အဆိုင်လုပ်ပြီး လိုက်ရောင်းရဲမလဲဗျာ။

(၃)

ဘယ်ကနေ ဘယ်လိုပိုက်ဆံရတယ်တော့မသိဘူး ကိုဘရှင်က အလုပ်စပါရောဗျာ၊ ရွာထိပ်အဝင်နားက ခြံတစ်ခုမှာ လုပ်ငန်းစတယ်၊ လွှဆွဲတဲ့ကိုမြသောင်းတို့နဲ့ ရွာနီးချုပ်စပ်က ပိုင်ရှင်မဲ့တဲ့ လက်ပံပင်ကြီးတွေ၊ လဲပင်ကြီးတွေကို လိုက်ခုတ်ပြီး ပျဉ်တွေခွဲကြတယ်၊ နောက်တော့ ကူဖော်လောင်ဖက် လက်သမားတစ်ယောက်လောက်ခေါ်ပြီး အဲဒီခြံကြီးထဲမှာ အခေါင်းတွေရိုက်ပါရောဗျာ၊ ရိုက်တာကမှ အခေါင်းကိုဆိုဒ်စုံရိုက်တာဗျ၊ အရပ်ရှည်တဲ့လူအတွက် ခြောက်ပေဆိုဒ်၊ အရပ်နည်းနည်းပုတဲ့လူအတွက်တော့ ငါးပေခွဲ၊ ဂျပုတွေသေရင်မြှုပ်ဖို့ကတော့ ငါးပေလောက်ပဲ၊ ကလေးအခေါင်းကတော့ လေးပေခွဲနဲ့ ပျဉ်သေးသေးလေးတွေကိုပါမကျန် အခေါင်းသေးသေးကလေးတွေပါရိုက်ထည့်ပစ်တာဗျာ။

ပြီးတော့ ပျဉ်ပြားတစ်ချပ်မှာ ဆေးအနက်နဲ့ ကြောင်ချေးကုတ်လိုလက်ရေးနဲ့ “မသာခေါင်း အရွယ်စုံရောင်းသည်” လို့ရေးပြီး ခြံရှေ့မှာချိတ်ထားလိုက်ပါရောဗျာ။

ပြီးတော့ရိုက်ပြီးသမျှ အခေါင်းအရွယ်စုံကို တစ်ခုနဲ့တစ်ခုထပ်ပြီး ရောင်းပန်းပြထားတော့မြင်သမျှလူအကုန် အံ့သြကြရပါတယ်၊ တစ်ချို့ဆို ရပ်ပြီးတော့တောင် အကြာကြီးကြည့်နေကြသေးတယ်။ ဦးဘသာနဲ့ကျုပ်နဲ့ ယာတောထဲကပြန်လာတော့ ဦးဘသာဆို သူ့နဖူးကိုသူပုတ်ပြီး

“ဟိုက် ဘရှင်တို့ကတော့ လုပ်ချလိုက်ပြန်ပြီဟေ့” ဆိုပြီး မှတ်ချက်ပေးတယ်ဗျာ။ ရွာထဲကလူတွေလည်း အခေါင်းတွေကြည့်ပြီးတော့ သို့လောသို့လောတွေပြောကုန်ကြပြီ။

သုံးရက်လောက်နေတော့ အိမ်ကိုလူတွေပြုံပြီးရောက်ချလာပါရောဗျာ။

“သူကြီးကို တိုင်ချက်ဖွင့်ချင်လို့”

“ကဲ ဘာဖြစ်လာကြပြန်တာလဲ၊ ဘယ်သူ့ကိုတိုင်ချင်တာလဲ”

“တိုင်ချင်တာကတော့ ရွာထိပ်မှာအခေါင်းလုပ်ရောင်းတဲ့ ဘရှင်ကိုပါ”

“ဟ၊ ဘရှင်က သူ့ဖာသာအခေါင်းလုပ်ရောင်းတာ နင်တို့နဲ့ဘာဆိုင်လို့လဲဟ”

“သြော် သူကြီးကတော့ ခက်တော့တာပဲ အခေါင်းဆိုတာ ကောင်းတဲ့အမျိုးလားတော့ နမိတ်မရှိနမာမရှိ ရွာထိပ်မှာအခေါင်းကြီးတွေထပ်ထားရတယ်လို့၊ ရွာတော့ နာကုန်တော့မှာပဲသူကြီးရယ်”

“ဟဲ့ သူ့အခေါင်းက ဘာမှမထည့်ရသေးတဲ့အခေါင်းလေ၊ ပြီးတော့ လူသေရင်အခေါင်းနဲ့ထည့်ကြတာ ဆန်းသလား၊ ရွာနာတယ်ပြောရအောင် အခေါင်းရောင်းတဲ့လူရှိလို့ ရွာနာကြေးဆိုရင် မြိုင်သာမြို့တို့ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေအရင်နာတာ ကြာလှပေါ့”

အဖေပြောလိုက်တော့မှ တစ်ယောက်က ပါးစပ်ပိတ်သွားတယ်။

“ဘာပဲဖြစ်ဖြစ်ပါ ရွာထိပ်မှာ အခေါင်းတွေလုပ်နေတာတော့ မြင်တာနဲ့တင် မသတီပါဘူးရှင်”

“ဟုတ်တယ်သူကြီး၊ တစ်နေ့တစ်နေ့ ခေါင်းရိုက်သံကြီးကြားနေရတာ နားညည်းပါတယ်ရှင်”

ဟုတ်တော့လည်းဟုတ်တယ်ဗျ၊ အခေါင်းရိုက်တဲ့အသံဆိုတာ အကျယ်ကြီးကြားရတယ်၊ ရှည်မြောမြော သေတ္တာလိုပုံစံကြီးကို ရိုက်ရတာဆိုတော့ လှိုဏ်သံထွက်ပြီး တဒိန်းဒိန်းနဲ့အကျယ်ကြီးကြားရတယ်၊ ဟိုးအဝေးကြီးကနေတောင် ကြားရတယ်။ ရွာထဲမှာ အခေါင်းရိုက်သံကြားရင် နာရေးအိမ်ကကြားနေကျ အမင်္ဂလာအသံလို့လူတွေက သတ်မှတ်ထားကြတာ။ အဲဒီလိုအသံမျိုးကိုမှ ကိုဘရှင်တို့ခြံက တစ်နေကုန်တစ်နေခမ်းထွက်နေလေတော့ လူတွေနားညည်းကြ၊ ထိတ်လန့်ကြတာလဲ ပြောမနေပါနဲ့ဗျာ။ ရွာသားတွေက အဖေ့ကိုအမျိုးမျိုးအကြောင်းပြပြီးတော့ တိုင်တန်းကြတယ်၊ အဖေကလည်း ကိုဘရှင်အရေးကို ရှင်းပေးရတော့တာပေါ့။

“ဟေ့ ငါကဒီရွာသူကြီးပါ၊ ဒီရွာမှာ အခေါင်းမရိုက်ရဘူး၊ အခေါင်းမရိုက်ရဘူးဆိုတဲ့ ဥပဒေမရှိဘူး၊ ပြီးတော့ အခေါင်းမလုပ်ရဘူးဆိုတဲ့ အစဉ်အလာလည်းမရှိဘူး၊ ပြီးတော့ ဘရှင်လုပ်နေတဲ့အလုပ်က မကောင်းတဲ့အလုပ်မှမဟုတ်တာ၊ ကောင်းရောင်းကောင်းဝယ်လုပ်နေတာ၊ လူသေရင် ခေါင်းဆိုတာက အမှန်တကယ်လိုအပ်တာပဲ၊ နင်တို့က ဟိုအယူဒီအယူတွေနဲ့ စွပ်စွဲပြီး သူများတကာ ကောင်းရောင်းကောင်းဝယ်လုပ်နေတဲ့စီးပွားရေးကို တုတ်နဲ့မထိုးချင်ကြစမ်းပါနဲ့ဟာ”

အဖေ့ရဲ့တစ်ချက်လွှတ်အမိန့်အောက်မှာပဲ အားလုံးငြိမ်သွားကြတော့တယ်။ ဘယ်သူမှလည်း ထပြီးမကန့်ကွက်ရဲတော့ဘူး၊ အဖေပြောတာကလည်း ဟုတ်နေတာပဲလေဗျာ၊ ဒါနဲ့ နောက်တော့ ကိုဘရှင်အလုပ်ကိုဘယ်သူမှမတိုင်ရဲကြတော့ဘူး၊ ရွာရဲ့ထုံးစံအတိုင်း ပွစိပွစိပြောတာလောက်တော့ ရှိတာပေါ့ဗျာ။

ကိုဘရှင်ကလည်း သူအလုပ်လုပ်မယ်ဆိုကတည်းက လူတွေဝေဖန်ခံရမယ်ဆိုတာကိုသိပြီးတဲ့ပုံပါပဲ၊ ဒါပေမယ့် သူကလည်း ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့လူဆိုတော့ သူ့အလုပ်သူဆက်လုပ်နေပါရော။

ဒီလိုနဲ့ ကိုဘရှင်တစ်ယောက် ကျုပ်တို့ရွာမှာ အခေါင်းလုပ်ရောင်းတဲ့သတင်းကို ဟိုလူပြောဒီလူပြောနဲ့ ရွာနီးချုပ်စပ်အထိပါသတင်းပြန့်သွားပါရော၊ တစ်ရက်ကျတော့ တန်းမြင့်ရွာက လှည်းနဲ့လာပြီးအခေါင်းလာဝယ်တယ်၊ ကိုဘရှင်အခေါင်းတွေက သေချာကျကျနနလုပ်ထားတာကိုး၊ ရွှေဘော်တွေဘာတွေထိုးပြီး ပေါ်လစ်တွေဘာတွေတင်ထားတော့ အခေါင်းအရောင်က ပြောင်လက်နေပါရော၊ တန်းမြင့်ရွာက မသာရှင်တွေလည်း သဘောတွေ့ပြီး အခေါင်းဝယ်သွားကြတယ်၊ ကိုဘရှင်ကလည်း ဈေးကိုပိုပိုသာသာမခေါ်ပါဘူး၊ သူ့ပျဉ်တွေက အလကားရထားတာကိုး၊ ဒီတော့ မသာရှင်ဘက်ကကြည့်ရင်လည်း အခေါင်းပျဉ်လိုက်ဝယ်ရတဲ့ဒုက္ခ၊ ကာလသားတွေကို ပိုက်ဆံပေးပြီးတော့ အခေါင်းရိုက်ခိုင်းရတဲ့ဒုက္ခတွေကင်းပြီး အလုပ်ရှုပ်သက်သာတယ်ဆိုတော့ သူ့ဘက်ကိုယ့်ဘက်တွက်ချေကိုက်တဲ့ စီးပွားရေးတစ်ခုပါပဲဗျာ။

ကိုဘရှင်လုပ်ငန်းက သူ့ဟာနဲ့သူတော့ အဆင်ပြေသားဗျ၊ ကျုပ်တို့ရွာနားအနီးအပါး လေးငါးရွာက နာရေးဖြစ်ရင် အခေါင်းကိုဘယ်သူမှ အပင်ပန်းခံပြီးမရိုက်တော့ဘဲ ကိုဘရှင်ဆီကပဲ အလွယ်တကူလာလာဝယ်ကြလို့ ကိုဘရှင်လည်း ခြောက်လလောက်ကြာတဲ့အခါ တော်တော်စုမိဆောင်းမိဖြစ်လာတယ်၊ သူများတွေမလုပ်တဲ့အလုပ်ကို စွန့်စွန့်စားစားလုပ်တဲ့ကိုဘရှင်ကိုလည်း ချီးကျူးကြတယ်။ ခုခေတ်စကားနဲ့ပြောရရင်တော့ စွန့်ဦးတီထွင်ကိုဘရှင် ပေါ့ဗျာ။

ဒီအလုပ်က သူနဲ့ကံစပ်တယ်ပဲပြောရမလားတော့မသိဘူး၊ လုပ်ငန်းတွေဘာတွေ တွင်ကျယ်လာပြီး လက်သမားတောင် သုံးလေးယောက်ငှားပြီး အခေါင်းစပ်ကြရတယ်၊ အခေါင်းစပ်တဲ့လုပ်ငန်းအပြင် စာလုံးထွင်းတာတို့ မှတ်တိုင်လုပ်ပေးတာတို့ပါ လုပ်ပေးတယ်ဆိုတော့ ဟန်ကိုကျနေရောဗျို့။

လုပ်ငန်းအဆင်ပြေလို့ ကိုဘရှင်ဆိုရင် အဖေ့ကိုပါ လက်ဆောင်တွေနဲ့လာကန်တော့တာ၊ အဖေကလည်း ဒီတစ်ခါတော့ ချီးကျူးရှာတယ်။

“ကောင်းတယ်ဘရှင်ရေ၊ လက်ပံသားဆိုတာ ခုံဖိနပ်လုပ်တာကလွဲလို့ ဘာမှသုံးလို့မရတဲ့အသားကို၊ မင်းက စီးပွားတွေဖြစ်နေတာပဲဟေ့၊ ဆက်သာလုပ်ကွာ၊ ငါကတော့ သမ္မာအာဇီဝမို့ အားပေးတယ်ဟေ့”

တစ်နှစ်လောက်နေတော့ ရွာဦးဘုန်းကြီးကျောင်းမှာတော့ အလှူတွေဘာတွေပေးနိုင်တယ်၊ ဘကြီးဘုန်းကြီးဆိုတာကလည်း ပါးစပ်ကိုဖြီးနေတာပဲဗျာ၊ ဘာပဲပြောပြော လူတစ်ယောက်အဆင်ပြေချောင်လည်သွားတယ်ဆိုတာ ပျော်စရာကောင်းတာကိုးဗျ။

(၃)

ပြဿနာက ဘယ်မှာစတက်သလဲဆိုတော့ အခေါင်းလုပ်တဲ့ ကုန်ကြမ်းဖြစ်တဲ့ ပျဉ်ပြားတွေကနေစတာပဲဗျ၊ ကိုဘရှင်တို့က အရင်က အလကားရတဲ့ ပိုင်ရှင်မဲ့လက်ပံပင်တွေ၊ သစ်ပင်အိုကြီးတွေကို လိုက်ခုတ်ပြီး သစ်ခွဲတာကိုး၊ လုပ်ငန်းတွင်ကျယ်လာတော့ လှဲရင်းလှဲရင်း ရွာနားက ပိုင်ရှင်မဲ့အပင်တွေ အကုန်ပြောင်ကုန်ပြီ၊ ကျန်တဲ့ ထောက်ကြံ့တို့၊ ပျဉ်းကတိုး၊ သစ်ရာဆိုတာတွေက ဈေးနည်းနည်းကြီးတာဆိုတော့ ကိုဘရှင်အတွက်တော့ အလကားရတဲ့သစ်က ပိုပြီးကိုက်တယ်မဟုတ်လား၊ အဲဒီမှာ ကိုဘရှင်က ဘယ်သစ်ပင်ကိုမျက်စောင်းသွားထိုးသလဲဆိုတော့ ရွာစွန်အပြင်ဘက် ထိန်ကုန်းက ထိန်ပင်ကြီးကိုမျက်စောင်းသွားထိုးပါရော။

တစ်ရက်တော့ ကိုမြသောင်းတို့ရွာကိုအူယားဖားလျားနဲ့ပြေးလာကြတယ်၊ ပြီးတော့ အပြင်းဖျားပါရော၊ ဘာဖြစ်တာလဲလို့မေးတော့လည်း ဟိုလိုလိုဒီလိုလိုနဲ့ ရေငုံနှုတ်ပိတ်နေကြတယ်၊ အဖေကတော့ သူ့ရွာမှာဖြစ်ခဲ့တဲ့အဖြစ်ကို သိချင်နေပြီ၊ ကာယကံရှင်တွေကိုလည်းမေးမရဘူးဆိုတော့ ဆားပုလင်းအလတ်ကောင်ကိုပဲ စုံစမ်းခိုင်းရတာပေါ့၊ ကျုပ်ကလည်း လက်ချည်းစုံစမ်းလို့ရမှာမဟုတ်ဘူးဆိုတော့ ကိုမြသောင်းနာလန်ပြန်ထတဲ့သတင်းကြားတာနဲ့ ဦးတရုတ်ကြီးဆိုင်က အရက်တစ်လုံးရယ်၊ ကြက်ကြော်ရယ်ဝယ်ပြီးတော့ ကိုမြသောင်းအိမ်ကို ညနေဘက်သွားလိုက်တယ်။

“ကိုမြသောင်း၊ ကိုမြသောင်းရှိသလား”

ခပ်အုပ်အုပ်မေးပြီးအိမ်ပေါ်တက်လိုက်တော့ ကိုမြသောင်းက အိမ်ရှေ့တင်စောင်ချုံပြီးထိုင်နေတယ်။

“ကိုမြသောင်းအတွက် ဓါတ်စာလေးလာပို့တာဗျ”

အရက်နဲ့ကြက်ကြော်မြင်တော့ ကိုမြသောင်း ပါးစပ်ကိုဖြဲလို့ဗျ။

“အတော်ပဲအလတ်ကောင်ရာ၊ ညနေစောင်းပြီဆိုတော့ ငါလည်းချမ်းတက်လာတာနဲ့ အနွေးဓါတ်လေးရအောင် ကစ်လိုက်အုံးမယ်ကွ”

ကိုမြသောင်းက ကျုပ်ဆီက ပုလင်းကိုအမြန်လှမ်းယူပြီးတော့ ဖွင့်ရင်း သူ့အနားက ရေနွေးကြမ်းခွက်ထဲထည့်ပြီး သောက်ထည့်လိုက်တာပါပဲဗျာ၊ သုံးလေးခွက်သောက်ပြီးတော့ နည်းနည်းဟန်လာပုံရတယ်၊ ကျုပ်ကလည်း အချိန်ကျပြီမှန်း တန်းသိလိုက်ပြီ။

“ဒါနဲ့ ကိုမြသောင်းက အကောင်းကြီးကနေ ဘယ်လိုဖြစ်ပြီး ထဖျားတာလဲဗျ”

“ဟာ၊ အလတ်ကောင် အဲဒီအကြောင်းတော့ မမေးစမ်းနဲ့ကွာ”

“လုပ်စမ်းပါ ကိုမြသောင်းရာ ကျုပ်သိချင်လွန်းလို့ပါ၊ ကျုပ်က တစ်ခုခုဆိုမသိရင်မနေနိုင်လို့ပါ၊ ပြောစမ်းပါဗျ”

ကိုမြသောင်းက အရက်တစ်ခွက်သောက်လိုက်ရင်း သူ့ကိုအရက်တိုက်ထားတဲ့မျက်နှာကို ထောက်သွားပုံရတယ်၊ ကျုပ်အနားအသာတိုးကပ်လာရင်း

“အလတ်ကောင်၊ မင်းဘယ်သူ့ကိုမှမပြောရဘူးနော်ကွ”

“စိတ်ချစမ်းပါဗျာ၊ ကျုပ်က ပြောပါ့မလား”

“ဒီလိုကွ၊ မင်းအကို ကိုဘရှင်အခေါင်းလုပ်ငန်းက စီးပွားဖြစ်နေတာသိတယ်မဟုတ်လား၊ သူစီးပွားဖြစ်တော့ ငါတို့လည်းအလုပ်လေးမှန်ပြီး အူစိုတယ်ဆိုပါတော့ကွာ၊ အရင်က အိမ်တွေဘာတွေဆောက်မယ်ဆိုတော့မှ သစ်ဆွှဲလွှတိုက်ရပေမယ့် အခုတော့ အခေါင်းလုပ်ဖို့အတွက် တစ်လကို သုံးလေးပင်လောက်ဆွဲနေရတော့ အဆင်ပြေနေတာပေါ့”

“အဲဒါကျုပ်သိပြီးသားပါဗျ၊ ကျော်လိုက်စမ်းပါ”

“အဲဒီလိုသစ်ဆွဲရင်း အခေါင်းလုပ်ဖို့ သစ်ကရှားလာတယ်လေကွာ၊ တစ်လောကသစ်မရှိလို့ ဦးပန်းကြီးပိုင်တဲ့ ထောက်ကြံ့ပင်ကြီးခွဲလိုက်တာ အခေါင်းရောင်းတဲ့ဈေးနဲ့ဆိုရင် အရင်းတောင်မကျေချင်ဘူး၊ ဒါနဲ့မင်းအကိုက အလကားရမယ့်သစ်ရှာရင်း ရွာနောက်ဘက်က ထိန်ပင်ကြီးကိုသဘောတွေ့သွားပါရော၊ ထိန်ပင်ကြီးက နည်းတာကြီးမဟုတ်ဘူးလေကွာ၊ ဒီအပင်ကြီးခွဲလိုက်ရင် တစ်လစာလောက်ကတော့ အေးဆေးပဲကွ၊ ဒါနဲ့ သူက ငါတို့ကိုခွဲခိုင်းတယ်၊ ဒီအပင်အကြောင်း မင်းသိတယ်မဟုတ်လားအလတ်ကောင်”

“သိတာပေါ့ ထိန်ပင်က သရဲအခြောက်ကြမ်းလို့ အဲဒီထိန်ကုန်းကို နေ့လည်နေ့ခင်းတောင် သွားရဲတာမဟုတ်ဘူးလေဗျာ”

“အေးကွ၊ ငါလည်းဒီအကြောင်းတွေကို ဘရှင်ကိုပြောပါသေးတယ်၊ ဘရှင်က ငါတို့မလုပ်ရင် တခြားလူခေါ်လုပ်မယ်လို့ပြောတော့ ငါတို့လည်းငြင်းမရတော့ဘူး၊ ငါတို့က လွှဆွဲတဲ့လူဆိုတော့ လွှဆွဲမှ စားရတာမဟုတ်လားကွ”

“ခင်ဗျားကလည်း စကားရှည်လိုက်တာဗျာ မြန်မြန်ပြောစမ်းပါ”

“အဲဒါ ငါတို့ကိုအရက်တစ်ယောက်လေးလုံးနဲ့၊ နေ့စားခလည်းတိုးပေးမယ်ဆိုလို့ အဲဒီနေ့က ထိန်ပင်ကြီးဆီကိုသွားခဲ့ကြပါရော၊ ထိန်ပင်က သရဲခြောက်မှာစိုးလို့တောင် တမင်ကို နေမွန်းတည့်ချိန်ကြီးသွားပြီးခုတ်တာပဲဟေ့၊ ငါတို့ခုတ်နေရင်း သုံးလေးချက်ပဲခုတ်ရသေးတယ်၊ ဘယ်ကမှန်းမသိတဲ့လူကြီးတစ်ယောက်က ရောက်လာပါရော၊ မင်းသိတဲ့အတိုင်း ထိန်ကုန်းဆိုတာ လယ်ကွင်းတွေကြားထဲ ထီးထီးကြီးရှိနေတာမဟုတ်လား၊ လူတစ်ယောက်လာတယ်ဆိုရင်တောင် သူသစ်ပင်နားမရောက်ခင် ငါတို့မြင်ရမှာပေါ့၊ အခုက သစ်ပင်အနောက်ကနေ ဘွားခနဲထွက်လာတဲ့ပုံပဲ”

“ဒီလူက ဘာလာလုပ်တာလဲ”

“သစ်ပင်ကိုမခုတ်ပါနဲ့တဲ့ကွာ၊ ဆက်ခုတ်ရင်တော့ သူတို့ကြမ်းရလိမ့်မယ်ပေါ့”

“ဟာဗျာ၊ အဲဒါ သစ်ပင်က အစောင့်တွေနေမှာဗျ”

“ငါတို့ကလည်း အရက်တွေကစ်ထားကြတာဆိုတော့ တော်တော်ကောင်းနေတာနဲ့ အဲဒီဘိုးတော်ကြီးကို ဆဲလွှတ်လိုက်ကြတယ်၊ ဒီအချိန်မှာပဲ အဲဒီလူရဲ့လက်ထဲကို ဓါးနှစ်လက်ရောက်လာတယ်ကွာ၊ ပြီးတော့ ငါတို့ကိုလွှဲလွှဲပြီးတော့ကိုခုတ်တာကွ၊ ငါတို့အရှောင်ကောင်းလို့ အသက်မသေတာဟေ့၊ နောက်တော့ ကြောက်ကြောက်လန့်လန့်နဲ့ပြန်ပြေးလာခဲ့တာပဲ”

“ဟာဗျာ၊ ခင်ဗျားတို့မသေတာကံကောင်းတာပဲ”

“အေး အဲဒီကတည်းက ငါလည်းကြောက်ပြီးလန့်ဖျားဖျားတာပဲဟေ့ ဘယ်လိုဖြစ်တယ်တော့မသိပါဘူး ညညဆိုရင် ချမ်းပြီးအဖျားတက်လာပြီကွ”

ပြောရင်းနဲ့ ကိုမြသောင်းက အရက်ကိုမော့မော့သောက်ပစ်တယ်၊ ကျုပ်လည်းသိချင်တာသိရပြီဆိုတာနဲ့ ကိုမြသောင်းအိမ်ကနေပြန်ခဲ့တာပေါ့။ လမ်းရောက်တော့ ဦးဘသာနဲ့ဆုံပါရော၊

“ဦးဘသာ ဘယ်လဲဗျ”

“ကွမ်းသီးကုန်နေလို့ မကပ်စေးဆိုင်မှာသွားဝယ်တာပါ၊ ဒါနဲ့ မင်းဘယ်ကပြန်လာတာလဲ”

“ကိုမြသောင်းအိမ်ကပြန်လာတာဗျ၊ ကိုမြသောင်းတို့လူတစ်စုရွာထဲကိုပြန်ပြေးလာကြပြီး အခုထိဖျားနာနေကြတာလေ၊ အဲဒါဘာဖြစ်တာလဲလို့သွားမေးတာ”

“သိခဲ့ရပြီလားကွ”

“သူတို့က ရွာပြင်ကထိန်ပင်ကြီးကိုခုတ်ဖို့သွားတာတဲ့ဗျာ၊ အဲဒီကနေ သရဲကြီးတစ်ကောင်ထွက်လာပြီး ဓါးနဲ့လိုက်ခုတ်လို့ထွက်ပြေးခဲ့ရတယ်ဆိုပဲ”

“ဒီကောင်တွေ မကြံကောင်းမစည်ရာကွာ၊ မြသောင်းတို့ခုတ်ဖို့ဆိုတော့ သူတို့ကိုခုတ်ခိုင်းတာ မင်းအကိုဘရှင်ဖြစ်နေမလား”

“အဟုတ်ပေါ့ဗျ၊ ကိုဘရှင်က အဲဒီသစ်ပင်ကြီးကို လိုချင်တာ ကြာလှပြီလေဗျာ”

“အလတ်ကောင်ရေ တခြားအပင်ခုတ်တာ အကြောင်းမဟုတ်ဘူးနော် အဲဒီအပင်ကြီးတော့မဖြစ်ဘူးကွ၊ အဲဒီအပင်ကြီးအောက်မှာ ဥစ္စာသိုက်ဆိုတာရှိတယ်၊ ရှေးဘုရင်ခေတ်က သူဌေးတစ်ယောက်က အဲဒီအနားမှာ ဥစ္စာတွေမြှုပ်ခဲ့ပြီးတော့ သူ့ရဲ့ကျွန်လေးယောက်ကို စောင့်ခိုင်းခဲ့တာကွ၊ ထိန်ပင်က နောက်မှပေါက်လာခဲ့တာ၊ သရဲထက်အဆင့်မြင့်တဲ့ကောင်တွေဖြစ်နေပြီ”

“ဟာ၊ ဒါဆို အသားတွေဘာတွေလိုက်လိုက်ဆွဲတာလည်း သူတို့ပဲပေါ့”

“အဲဒါက သူတို့မဟုတ်ဘူးကွ၊ သူတို့မွေးထားတဲ့သရဲက လိုက်ဆွဲတာ၊ မင်းဘရှင်ကို သတိပေးလိုက်နော်၊ အဲဒီအပင်ကိုလုံးဝခုတ်လို့မရဘူးလို့၊ ခုတ်ရင် အသေဆိုးနဲ့သေရမယ်ဆိုတာပဲ ထည့်ပြောခဲ့ကွာ”

“သစ်ပင်ခုတ်လို့အသေဆိုးနဲ့သေရမယ်ဆိုတော့ ချောက်ပြောသလိုကြီး ဖြစ်မနေဘူးလား”

“မယုံရင်တကယ်သာခုတ်ကြည့်ဟေ့၊ တစ်ယောက်ယောက်မသေတော့ ငါ့ကိုလည်ပင်းသာလာဖြတ်၊ ငါပိုမပြောဘူး”

ဦးဘသာက ရုပ်တည်ကြီးနဲ့ပြောနေတာဆိုတော့ ကျုပ်လည်း အိမ်မပြန်ဘဲ ကိုဘရှင်ခြံဘက်ကိုခြေဦးလှည့်ခဲ့တယ်ဗျ။

ကိုဘရှင်ခြံရောက်တော့ ခြံထဲက အိမ်ကလေးမှာ မီးရောင်တလက်လက်တွေ့လိုက်ရတယ်၊ ခြံထဲဝင်ရင်း ခြံရှေ့မှစီထားတဲ့ အခေါင်းကြီးတွေမြင်တေ့ စိတ်ထဲတစ်မျိုးကြီးဖြစ်မိသွားသေးတယ်ဗျာ၊ တဲကလေးထဲမှာတော့ စားပွဲဝိုင်းတစ်ဝိုင်းခင်းထားပြီးတော့ ကိုဘရှင်နဲ့တခြားလူငါးယောက်ထိုင်နေကြတယ်၊ စားပွဲဝိုင်းအပေါ်မှာတော့ အရက်ပုလင်းတွေ၊ ပဲကြီးလှော်တွေ၊ ငါးကြော်တွေစုံလို့ဗျာ၊

“ကိုဘရှင်၊ ကိုဘရှင်ကို သတိပေးစရာတစ်ခုရှိလို့လာတာဗျ”

ကိုဘရှင်က အရက်သောက်ထားတာများတော့ တော်တော်မူးနေပြီဗျ။

“ဟေအလတ်ကောင် မင်းကငါ့ကို ဘာသတိပေးမလို့လဲကွ”

“ဟိုလေ ဦးဘသာပြောတယ်၊ ရွာပြင်ကထိန်ပင်ကြီးကိုမခုတ်ပါနဲ့တဲ့ဗျာ၊ အဲဒီအပင်ကိုခုတ်ရင် ခုတ်တဲ့လူက အသေဆိုးနဲ့သေရမယ်တဲ့ဗျ”

ကျုပ်ပြောလိုက်တော့ ကိုဘရှင်က တဟားဟားနဲ့ထရယ်ပါရောဗျာ၊ ပြီးတော့ စားပွဲဝိုင်းမှာထိုင်ပြီး စားသောက်နေတဲ့ ကုလားတစ်ယောက်ကို မေးငေါ့ရင်း

“ဟေ့ကောင်မွတ်တား၊ မင်းသူ့စကားကို ယုံရဲ့လားကွ”

မွတ်တားဆိုတဲ့လူကလည်း ခေါင်းခါပြီးရယ်ပြန်ရော။ တစ်ခါကိုဘရှင်က ဘေးနားက ကုလားကိုပုခုံးပုတ်ပြီး

“သစ်ပင်ခုတ်ရင် လူသေမယ်တဲ့ အပနားရဲ့၊ မင်းရော မခုတ်ဘဲနေမလား”

“ဟာ ကျုပ်က အဲဒီလိုအပင်မျိုးကိုမှ ကြိုက်တာဗျ”

“ကဲ ငါ့လူတွေ မင်းတို့အဲဒီထိန်ပင်ကိုမခုတ်ရဲရင် နေခဲ့လို့ရတယ်နော်ကွ”

“ဘာလို့မခုတ်ရဲရမှာလဲဗျာ၊ ခုတ်မယ်၊ ဒီညကိုရအောင်ခုတ်မယ်ဗျ”

ကိုဘရှင်က ကျုပ်ကိုလှည့်ကြည့်ရင်း

“အလတ်ကောင်၊ မင်းက ချောက်ပေမယ့် ငါ့ကောင်တွေရော ငါကရော မကြောက်တတ်တာ ဘယ့်နှယ့်လုပ်မလဲကွ ဟား ဟား”

ကျုပ်ကိုဝိုင်းပြီး ပျက်ရယ်ပြုနေကြတော့ ကျုပ်ဖြင့် ဒေါသထွက်လိုက်တာ ပြောမနေပါနဲ့ဗျာ၊ ဒါပေမယ့်လည်း ကျုပ်က ရမလားဆိုပြီးနောက်ဆုံးအကြိမ်နဲ့သတိပေးခဲ့ရသေးတယ်။

“ကျုပ်နောက်ဆုံးအကြိမ် သတိပေးတယ်ကိုဘရှင် ခင်ဗျားတို့မယုံလို့ သွားရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ”

“ဒီမှာအလတ်ကောင် ဘရှင်ဆိုတဲ့ငါကလည်း ဘယ်သူမှမလုပ်ရဲတဲ့အလုပ်ကို လုပ်လာတဲ့ကောင်ပါကွ၊ ငါမလုပ်ရဲတာ ဘာမှမရှိဘူး၊ မင်းအသာကြည့်နေစမ်းပါအလတ်ကောင်၊ မနက်ဖြန်မနက်မိုးလင်းတာနဲ့ ဒီသစ်ပင်ကြီးငါတို့ခြေထောက်အောက်ကိုရောက်နေရမယ်ကွ”

ကျုပ်ဘာမှမပြောတော့ဘဲ အဲဒီခြံထဲကနေပြန်ထွက်လာခဲ့လိုက်တော့တယ်၊ ဒေါသထွက်ထွက်နဲ့ အိမ်ကိုတန်းတန်းမတ်မတ်ပြန်လာခဲ့လိုက်မိတယ်။ ဒီကိစ္စတွေကိုတော့ အဖေ့ကိုလည်းမပြောပြဖြစ်ဘူး၊ သူများက အကောင်းနဲ့ပြောတာကို ရယ်မောလှောင်ပြောင်တဲ့သူတွေ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ခံကြပါစေတော့ဆိုတဲ့စိတ်ပဲထားလိုက်တော့တယ်။

အိပ်ခါနီးကျတော့ အိမ်ရှေ့ကနေ ခပ်အုပ်အုပ်ခေါ်သံကြားတယ်ဗျ၊ ခေါ်နေတာက ကျုပ်နာမည်ကိုခေါ်နေတာ၊ ဒါပေမယ့်လည်း ကျုပ်ဘေးမှာထိုင်နေတဲ့အငယ်ကောင်လည်းမကြားသလို ဘုရားစင်ရှေ့မှာ ဘုရားရှိခိုးနေတဲ့အမေနဲ့ လှေကားရင်းနားမှာချိုင်းမွှေးနှုတ်နေတဲ့အကိုကြီးလည်း ကြားပုံမရဘူးဗျ။

“အလတ်ကောင် ငါပါကွ ဆင်းလာခဲ့စမ်းပါ”

အသံကတော့ ဦးဘသာအသံပဲဗျ၊ ဒီအချိန်ကြီး လာပုံထောက်ရင်တော့ တစ်ခုခုထူးလို့နေမှာပဲဆိုပြီး ကျုပ်လည်း အိမ်ပေါ်ကနေ အသာလေးဆင်းလာလိုက်တယ်၊ အိမ်ကလူတွေက သူ့အလုပ်နဲ့သူဆိုတော့ ကျုပ်ကိုတောင်သတိမထားမိပါဘူးဗျာ၊ ခြံရှေ့ရောက်တော့ ဦးဘသာကြီးက ကျုပ်ကိုလှမ်းဆွဲတယ်။

“ဟေ့အလတ်ကောင်၊ ဘရှင်ကို ငါပြောခိုင်းတာ သွားပြောခဲ့ရဲ့လားကွ”

“ပြောပါ့ဗျာ၊ ဒီလူက မယုံတဲ့အပြင် ကျုပ်ကိုတောင်ဟားတိုက်လွှတ်လိုက်သေးတယ်၊ ပြီးတော့ သူကလည်း ကုလားတစ်သိုက်ကိုသစ်ပင်ခုတ်ဖို့ငှားထားပုံပဲဗျ”

“ဟေ စောက်ကျိုးတော့နည်းကုန်ပြီဟ၊ မဖြစ်ဘူး မြန်မြန်သွားမှဖြစ်မယ်”

“ဘာဖြစ်လို့လဲဦးဘသာရ”

“ငါခုနက ဘရှင်တို့ခြံကိုသွားလိုက်တော့ ဒီကောင်တွေ ပေါက်ဆိန်တွေ၊ ဓါးတွေယူပြီးထွက်သွားကြတယ်လို့ပြောတယ်၊ ငါ့အထင်တော့ ဒီကောင်တွေမကြောက်မရွှံ့ ညကြီးမင်းကြီး ထိန်ပင်သွားလှဲတာလားမသိပါဘူးကွာ”

“ဟာ၊ ဟုတ်မယ်ဗျ၊ ကျုပ်ကိုတောင်ပြောလိုက်ပါသေးတယ် ဘာတဲ့ မနက်ဖြန်မနက်မိုးလင်းရင် ဒီသစ်ပင်ကြီး သူတို့ခြေထောက်အောက်ကို ရောက်နေရမယ်ဆိုလား”

“မင်းကွာ ဒါတောင်ငါ့ကိုလာမပြောဘူး”

“မသိဘူးလေဗျာ၊ သူတို့ညတွင်းချင်းခုတ်မယ် မထင်ထားလို့ပေါ့ဗျ”

ဦးဘသာနဲ့ကျုပ်နဲ့ ရွာပြင်ကိုတက်သုတ်ရိုက်ပြီး ပြေးထွက်လာခဲ့ကြပါရော၊ ရွာထိပ်နားရောက်တော့ ရွာထဲကခွေးတွေက စူးစူးဝါးဝါးနဲ့ထိုးပြီးအူလိုက်တာ တစ်ရွာလုံးကို ဆူညံသွားတာပါပဲဗျာ၊ ဦးဘသာက ခွေးအူသံကိုနားထောင်ပြီး

“မကောင်းဘူး၊ မကောင်းဘူးကွ၊ ဘရှင်တော့ သူလုပ်တဲ့အခေါင်းကို သူပြန်သုံးရတော့မယ်ထင်တယ်ဟေ့”

ကျုပ်တို့ပြေးလာရင်း ရွာပြင်ရောက်တော့ ထိန်ကုန်းမှာ မီးလုံးကြီးတွေထိန်လင်းနေတာပါပဲ၊ ထိန်ကုန်းအနားရောက်တော့မှ အဲဒီမီးလုံးကြီးတွေက ကိုဘရှင်တို့ သစ်ပင်ခုတ်တဲ့အဖွဲ့တွေ ထွန်းထားတဲ့ မီးတုတ်ကြီးတွေဖြစ်နေတယ်၊ သစ်ပင်အောက်ခြေမှာတော့ ဓါးလှံလက်နက်တွေကိုင်ထားတဲ့ လူကြီးလေးယောက်က ကိုဘရှင်တို့လူတစ်သိုက်ကို ခုတ်မယ်သတ်မယ်တကဲကဲနဲ့ ဟန်ရေးပြနေကြတယ်၊ ကိုဘရှင်တို့ကတော့ လူကြီးနှစ်ဖက်လောက်ရှိတဲ့ထိန်ပင်ကြီးကို အကြောက်အကန်ကုတ်ဖက်တက်နေကြတာပါပဲ၊ ထိန်ပင်ကြီးကအတော်မြင့်တာမို့လို့ ပင်စည်အောက်ပိုင်းမှာ အခက်အလက်သိပ်မရှိတာကြောင့် ကိုဘရှင်တို့က အပေါ်ကိုကျားကုတ်ကျားခဲနဲ့တက်လိုက်၊ အောက်ကိုပြန်ချောကျလိုက်၊ ဟိုလူကြီးတွေက ပြေးလာရင် တစ်ခါ သစ်ပင်ပေါ်ကိုကုတ်ဖက်တက်လိုက်နဲ့ တော်တော်ကလေး ဒုက္ခများနေကြတယ်။

ဦးဘသာက အသံကုန်ဟစ်ပြီး ဟိတ်လို့အော်ရင်း ထိန်ကုန်းကြီးဆီကိုပြေးတက်သွားတော့တယ်၊ ကျုပ်က ဓါးကိုင်ထားတဲ့လူကြီးတွေကိုကြောက်လို့ ထိန်ကုန်းပေါ်မလိုက်ဘဲ ခပ်လှမ်းလှမ်းကနေလှမ်းကြည့်နေမိတယ်။

“မင်းတို့လုပ်နေတာတွေရပ်လိုက်ကြစမ်း”

လက်နက်တွေကိုင်ထားတဲ့လူတွေက ဦးဘသာကိုကြည့်ပြီး

“ခင်ဗျားက ဘာဝင်ရှုပ်ပြန်တာလဲ၊ ဒီကိစ္စက ခင်ဗျားနဲ့မဆိုင်ဘူး ခင်ဗျားသွားတော့”

“မသွားနိုင်ဘူးကွ၊ မင်းတို့လုပ်နေတာကြာရင် ဒီကောင်တွေသေတော့မယ်ကွ”

“သေတော့လည်းဘာအရေးလည်း ဒါကျုပ်တို့ပိုင်နက်ပဲ ကျုပ်တို့ပိုင်နက်မှာ ကျုပ်တို့ဖာသာကြိုက်တာလုပ်မယ် ဘာဖြစ်သလဲ”

“မင်းတို့ပိုင်နက်ဆိုပေမယ့် ဒီလူတွေက လူသားတွေကွ”

“လူသားတွေလည်းဘာဖြစ်သလဲဗျာ၊ ကျုပ်တို့အတန်တန်တားတဲ့ကြားက ဒီလူတွေက ကျုပ်တို့နေတဲ့သစ်ပင်ကိုခုတ်လှဲပြီး ကျုပ်တို့စောင့်ကြပ်နေတဲ့ရတနာတွေကို လုယူမယ့်လူတွေမဟုတ်လား၊ ကျုပ်တို့သခင်က သေချာစောင့်ကြပ်ခိုင်းခဲ့တာကြောင့်မို့လို့ ကျုပ်တို့သေချာစောင့်ရမယ်”

ဦးဘသာက အရှေ့ကိုတက်သွားရင်း

“အခုလောက်ဆိုရင် သူတို့လည်း သိလောက်ကြရောပေါ့ကွာ၊ ဒီလောက်နဲ့ပဲကျေနပ်လိုက်ပါ”

ဦးဘသာပြောတော့ ဟိုလူကြီးတွေက စိတ်ဆိုးမာန်ဆိုးနဲ့

“မကျေနပ်ဘူးဗျာ၊ ကျုပ်တို့အပင်ကိုထိတဲ့လူက ကျုပ်တို့ရန်သူပဲ၊ ကျုပ်တို့ အကုန်သတ်ပစ်မယ်”

ဒီတော့ ဦးဘသာက ခါးထောက်ပြီး သစ်ပင်ကိုလက်တစ်ဖက်နဲ့ထိလိုက်တယ်။

“ကိုင်း မင်းတို့သစ်ပင်ကို ငါထိပြီကွာ၊ မင်းတို့ငါ့ကိုရောသတ်မှာလားကွ”

ဟိုလူကြီးတွေက ကြောင်အမ်းအမ်းနဲ့

“စုန်းကြီး၊ ဖယ်မှာသာဖယ်စမ်းပါဗျာ၊ ခင်ဗျားဝင်မပါစမ်းပါနဲ့”

“ဘရှင်က တို့ရွာသားပဲကွ၊ ကိုယ့်ရွာသားကို ကာကွယ်ရမယ့်တာဝန်ကလည်း ငါ့မှာရှိနေတယ်၊ အဲဒီတော့ ငါကလည်း သူတို့ကိုကာကွယ်ပေးရမှာပဲ၊ မင်းတို့မကျေနပ်ရင် ငါ့ကိုပါလာသတ်ကြ”

အနောက်က သျှောင်တစ်စောင်းထုံးထားတဲ့လူက ဦးဘသာကိုလှံနဲ့လှမ်းပစ်ထည့်လိုက်တယ်ဗျာ၊ ဦးဘသာက အသာလေးရှောင်လိုက်တော့ လှံတံက ထိန်ပင်ကြီးရဲ့ပင်စည်မှာ သွားစိုက်တော့တယ်၊ လှံစိုက်တယ်ဆိုပေမယ့် အသံက မိုးခြိမ်းသံကြီးလို ဂျိန်းခနဲမြည်သွားတော့တာပဲ၊ ဒီအခါ သစ်ပင်ပေါ်ကုတ်ဖက်တက်နေတဲ့လူတွေအကုန်လုံး လျှောခနဲကျလာပြီး အပင်အောက်ရောက်တော့ အကုန်ဖင်ပူးတောင်းထောင်ပြီးမှောက်ကုန်တယ်။

ဦးဘသာက ခပ်ပြုံးပြုံးနဲ့

“မင်းတို့အစွမ်းက ဒါပဲလားကွ”

အဲဒီလိုစိန်ခေါ်လိုက်တော့ အနောက်က ခေါင်းတုံးပြောင်ပြောင်နဲ့လူက ပုဆိန်ကြီးကိုင်ပြီး ဦးဘသာကိုပြေးခုတ်တာပဲဗျာ၊ ပုဆိန်ကြီးက တော်တော်ကြီးတဲ့ပုဆိန်ကြီးဗျ၊ ဒါပေမယ့် သူ့ခုတ်ချက်က ဦးဘသာကိုယ်လုံးကို ဖြတ်ထွက်သွားပြီးတော့ အနောက်က ပင်စည်ကိုပဲ သွားထိပြန်တယ်၊ တစ်ခါ ဂျိန်းခနဲအသံမြည်ပြီးတော့ သစ်ပင်ကြီးက တဖြန်းဖြန်းနဲ့လှုပ်သွားပါရော။ ကျုပ်ဖြင့် ဦးဘသာကိုယ်လုံးကို ပုဆိန်သွားက ဖြတ်ထွက်သွားတော့ ဦးဘသာတစ်ယောက် နှစ်ပိုင်းပြတ်ပြီး သေပြီမှတ်တာဗျာ၊ ဦးဘသာက အေးအေးလူလူနဲ့ သူ့လက်သည်းတွေကိုသူ အင်္ကျီနဲ့ပွတ်ရင်း ပြောင်မပြောင်ကြည့်နေသေးတယ်၊ မခန့်တာဗျာ။

နောက်တစ်ယောက်ကျတော့ ထင်းခုတ်တဲ့ဓါးမလို ဓါးကောက်ကြီးနှစ်လက်နဲ့ခုန်တက်လာတာဗျ၊ ဦးဘသာကို ဓါးနှစ်လက်နဲ့ အချက်ပေါင်းများစွာခုတ်ထည့်တာဗျျ၊ ဘယ်ပြန်ညာပြန်နဲ့ကိုခုတ်ထည့်တာဗျ မသိရင် ငါးကိုဓါးနဲ့မွှန်းနေသလိုပဲ၊ ဦးဘသာက ဘာမှမဖြစ်ပေမယ့် အနောက်က သူ့လက်နဲ့ထိထားတဲ့ ထိန်ပင်ကြီးမှာ ဓါးခုတ်ရာတွေအများကြီးပေါ်လာပြီးတော့ ထိန်ပင်ကြီးက နည်းနည်းတောင်စောင်းသွားပါရော၊ ညီနောင်သုံးယောက်လဲ မကျေမနပ်နဲ့အနောက်ကိုခုန်ဆုတ်လိုက်တယ်၊ ပြီးတော့မှ လက်နက်တွေပြင်ပြီး ဦးဘသာကိုပြေးခုတ်မယ်လုပ်တော့ သူတို့လေးယောက်ထဲမှာ အကြီးအကဲဖြစ်ပုံရတဲ့ နှုတ်ခမ်းမွှေးနဲ့လူကြီးက လက်ကာတားလိုက်တယ်။

“နေကြစမ်း၊ မင်းတို့သူ့ကိုခုတ်နေတာ သူ့ကိုမထိဘဲ သစ်ပင်ကိုပဲထိလို့ ကိုယ့်သစ်ပင်ကိုယ် ပြန်ခုတ်သလိုဖြစ်နေပြီကွ”

ဦးဘသာက တဟားဟားနဲ့ရယ်ရင်း

“ကဲ ဘယ်လိုလဲကွ၊ ငါ့ကိုခုတ်ချင် ထစ်ချင် ပါးပါးလှီးချင်ကြတယ်မဟုတ်လား၊ လာခဲ့လေကွာ၊ လာခုတ်ကြလေ”

ဒီတော့မှ နှုတ်ခမ်းမွှေးနဲ့လူကြီးက ဒူးတစ်ဖက်ထောက်ပြီးထိုင်ချလိုက်တယ်၊ သူထိုင်လိုကတော့ အနောက်ကသုံးယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းနဲ့ ထိုင်ချလိုက်ကြတယ်ဗျာ။

“တောင်းပန်ပါတယ်ဆရာကြီးရယ်၊ ကျုပ်တို့ကိုခွင့်လွှွတ်ပါ”

“ဒါဆိုရင် ဟိုကောင်ခြောက်ကောင်ကို မင်းတို့မသတ်ရဘူး၊ သူတို့ကိုငါပြန်ခေါ်သွားမယ်”

“ရပါတယ်ဆရာကြီး၊ အခုကတော့ ကျုပ်တို့လွှတ်ပေးလိုက်ပါ့မယ်၊ ဒါပေမယ့် နောက်တစ်ခါ ဒီလူတွေ ဒီအပင်ကိုရန်ပြုလာတယ်ဆိုရင်တော့ အဲဒီအခါကျုပ်တို့လုပ်ချင်သလိုလုပ်မယ် ဆရာကြီးဝင်မတားရဘူး”

“ကောင်းပြီ၊ ဒါတော့ငါလက်ခံတယ်၊ တစ်ခါတစ်လေမို့မှားတာတော့ ရှိပါစေတော့၊ နှစ်ခါဆိုရင်တော့ သက်သက်မိုက်ရိုင်းတာဖြစ်သွားပြီ၊ အဲဒါဆိုရင် မင်းတို့သဘော ကြိုက်သလိုလုပ်ကြတော့”

ဦးဘသာဖြန်ဖြေပေးတော့မှ ဟိုလူတွေကျေနပ်သွားကြတယ်၊ ဦးဘသာက သူ့လက်ဝါးတစ်ဖက်နဲ့ ထိန်ပင်ကြီးကိုပြန်တွန်းလိုက်တော့ ထိန်ပင်ကြီးက ပြန်ပြီးတည့်သွားတယ်၊ ပြီးတော့ ပင်စည်က ဓါးခုတ်ရာတွေကို လက်နဲ့သပ်ချပေးလိုက်တဲ့အခါ ဓါးခုတ်ရာတွေအကုန်လုံးပျောက်သွားပြီး ပင်စည်က အကောင်းပကတိပြန်ဖြစ်သွားပါရောဗျာ။

ဦးဘသာက ကျုပ်ကိုကြည့်ပြီးတော့

“ကိုင်းအလတ်ကောင်၊ ဒီကောင်တွေကို မင်းဘယ်လိုလုပ်မလဲ”

“ဘယ်လိုလုပ်ရမှာလဲဗျာ၊ ကျုပ်ပြောတာကို ပျက်ရယ်ပြုပြီး ဝိုင်းရယ်ခဲ့တဲ့ကောင်တွေ သေသေဗျာ၊ ထားခဲ့လိုက်မယ်”

“အဲဒီလိုတော့မလုပ်ရဘူး အလတ်ကောင်ရ၊ ဘာပဲပြောပြော ဘရှင်က မင်းအကိုတစ်ဝမ်းကွဲပဲ၊ ပြီးတော့ လူတွေသေမှာကိုသိရဲ့နဲ့ ဒီအတိုင်းထားခဲ့တာက လူတစ်ယောက်အနေနဲ့မလုပ်သင့်တဲ့လုပ်ရပ်ပဲကွ၊ ကဲပါ လာစမ်းပါ ဒီကောင်တွေကိုထမ်းပြီးတော့ သူတို့ခြံထဲကိုပြန်ပို့လိုက်စမ်းကွာ”

“ဟာဗျာ၊ ဒီခြောက်ယောက်ကို ကျုပ်တစ်ယောက်တည်းက ထမ်းနိုင်မှာလားဗျ၊ စဉ်းစဉ်းစားစားလဲပြောစမ်းပါအုံးဗျာ”

“လုပ်စမ်းပါကွ၊ မင်းသယ်နိုင်ပါတယ်”

ဦးဘသာခိုင်းတာနဲ့ ကျုပ်လည်းခေါင်းကိုတဗြင်းဗြင်းကုပ်ပြီးတော့ မလုပ်ချင်လုပ်ချင်နဲ့လုပ်ရတော့တယ်၊ ထိန်ကုန်းပေါ်ရောက်တဲ့အခါကျတော့

“ဦးဘသာရာ ဒီလူတွေကိုကျုပ်ကိုတစ်ယောက်ပြီးတစ်ယောက် ထမ်းပို့ရင် ဘယ်ခရီးတွင်မှာလဲဗျ”

ဦးဘသာက ခေါင်းညိတ်ပြီးတော့ ဟိုဟိုဒီဒီကြည့်တယ်ဗျ၊ အဲဒီမှာ သစ်ပင်စောင့်တဲ့လူလေးယောက်ကို တွေ့သွားတော့တာပါပဲ၊ ဦးဘသာက ဒီလူတွေကိုပြုံးကြည့်ရင်း

“ဟဲ ဟဲ ကူလက်စနဲ့တော့ တစ်ခါတည်း ကူးတို့ရောက်အောင် ကူလိုက်ပါတော့ ကိုယ့်လူတို့ရာ”

ဦးဘသာက ဥစ္စာစောင့်လေးယောက်ကိုပါ ချောဆွဲပြီးတော့ ခေါ်ခိုင်းတယ်ဗျာ၊ ဒီလိုနဲ့ ကျုပ်တို့ သစ်ပင်အောက်ဖင်ပူးတောင်းထောင်လဲနေတဲ့လူတွေကို ထမ်းခေါ်လာခဲ့ကြတယ်၊ ကျုပ်ကတော့ ကိုဘရှင်ကိုမထမ်းပါဘူးဗျာ၊ တမင်ကို ခြေထောက်နှစ်ဖက်ကနေ တရွတ်တိုက်ပြီးဆွဲချပေးလာလိုက်တာ သူ့တစ်ကိုယ်လုံးလည်း ဖုန်တွေသွေးတွေအလိမ်းလိမ်းထွက်ရောဗျို့၊ မှတ်ကရော။

ခြံထဲရောက်တော့ ရိုက်လက်စအခေါင်းတွေထဲ တစ်ခါထဲထည့်ပေးခဲ့ကြတယ်။ ပြီးတော့ မောမောနဲ့အိမ်ကိုပြန်ပြီးအိပ်ချလိုက်တာ မနက်လင်းသွားပါရောဗျာ။

မနက်ရောက်တော့ ဟိုလူတွေလည်းအခေါင်းထဲကလန့်နိုးလာပြီး ကြောက်ကြောက်လန့်လန့်နဲ့ပြန်သွားကြတယ်၊ ကိုဘရှင်လည်း အဲဒီကတည်းက စကားမေးမရတော့ဘဲ ငူငူငိုင်ငိုင်ကြီးဖြစ်နေတယ်၊ ဘာမေးမေး ဘာမှကိုမပြောတော့ဘဲ ခေါင်းညိတ်ခေါင်းခါပဲ ပြန်လုပ်ပြတာဗျ၊ ကျုပ်အထင်ကတော့ ဟိုလူတွေနဲ့တွေ့ပြီးတော့ လန့်သွားတာဖြစ်မယ်၊ သုံးရက်လောက်ကြာတော့ ကိုဘရှင်တစ်ယောက် အဖေ့ကိုလာကန်တော့ပြီး သူစုဆောင်းမိထားတာတွေအကုန်သယ်ပြီး ရွာကနေထွက်သွားပါရောဗျာ၊ အဲ သူလုပ်ထားတဲ့အခေါင်းတွေတော့ တစ်ထပ်ကြီးကျန်ခဲ့တယ်ဗျ။

“အဖေ ကိုဘရှင်ထွက်သွားတော့ ဒီအခေါင်းတွေ ဘယ်လိုလုပ်မလဲနော်”

“အဲဒါကတော့ မင်းတာဝန်ယူရမယ်အလတ်ကောင်၊ ဘာလို့လဲဆိုတော့ မင်းအကိုဘရှင် ဒီလုပ်ငန်းစလုပ်မယ်လို့ ငါ့ကိုပြောတော့ သူ့အလုပ်အတွက်အရင်းအနှီး ငွေငါးရာကို ငါကစိုက်ထုတ်ပေးခဲ့ရတာကွ”

“ဗျာ၊ ဒါကြောင့်ကိုးဗျ၊ ဒါကြောင့် ရွာကလူတွေက ကိုဘရှင်လုပ်ငန်းကို ကန့်ကွက်ကြတော့ အဖေက ကိုဘရှင်ဘက်ကနေ ရှေ့နေလိုက်ပြီး အကြောက်အကန်ငြင်းပေးနေတာ ဒါ့ကြောင့်ကိုး၊ ကျုပ် အခုမှသိတယ်”

ကျုပ်က ကိုဘရှင်ကျန်ခဲ့တဲ့ အခေါင်းပုံကြီးကိုကြည့်ပြီးတော့ ဒီအခေါင်းတွေကို ဘယ်လိုမြန်မြန်ရောင်းရပါ့မလဲဆိုပြီးတွေးနေမိတယ်၊ ကျုပ်ထိုင်ရောင်းရအောင်ကလည်း မရောင်းချင်ဘူးလေဗျာ၊ နောက်တော့မှ သူများနဲ့မတူတဲ့ သူများတွေမစဉ်းစားဖူးတဲ့အကြံတစ်ခု ခေါင်းထဲဖြတ်ခနဲပေါ်လာခဲ့တယ်။

“ဟာ ဟုတ်ပြီအဖေ၊ ဒီအခေါင်းတွေ အမြန်ရောင်းရမယ့်နည်းလမ်းကို ကျုပ်သိပြီအဖေရ”

“ဟေ လုပ်စမ်းပါအုံးအလတ်ကောင်ရာ ဘယ်လိုရောင်းရမလဲ”

“လွယ်လွယ်လေးပါအဖေရာ၊ ဟောဒီအခေါင်းတွေကို သမဆိုင်က ပစ္စည်းရောင်းသလိုမျိုး သူကြီးအမိန့်နဲ့ရွာထဲမှာ တစ်အိမ်တစ်ခေါင်းမဖြစ်နေဝယ်ရမယ်ဆိုပြီး ဝယ်ခိုင်းလိုက်မယ်ဗျာ၊ ကလေးရှိတဲ့အိမ်ဆိုရင် လူကြီးအခေါင်းဝယ်ရင် ကလေးအခေါင်းပါ အဆစ်ပေးလိုက်မယ်ဆိုရင် နေ့ချင်းညချင်းရောင်းကုန်သွားမယ်မဟုတ်လားဗျ”

ကျုပ်ပြောလိုက်တော့ အဖေ့မျက်နှာကြီးက နီရဲသွားပြီး

“အလတ်ကောင်၊ မင်းကတော့ငါ့ကိုတစ်ရွာလုံးက ဝိုင်းပြီးလည်ပင်းညှစ်တာ မြင်ချင်တယ်ထင်တယ်၊ အဲဒီအခေါင်းတွေအကုန် မင်းပဲသုံး မင်းပဲသုံးလိုက်စမ်းအလတ်ကောင်ရ”

အဖေက ကျုပ်ကိုပြေးထုတော့တယ်၊ ကျုပ်ကလည်း အရှောင်အတိမ်းတော့ ဂျက်ဆီဂျိမ်းဆိုသလို အဖေ့ထက်မြန်ပြီးသားပါ။

နောက်ဆုံးတော့ အရှေ့မှာပြောခဲ့တဲ့ မကောင်းကျောင်းပို့ဆိုသလို ကိုဘရှင်ကျန်ခဲ့တဲ့အခေါင်းတွေအကုန်လုံးကို ရွာဦးဘုန်းကြီးကျောင်းကိုလှူပြီး ကျောင်းအောက်မှာပဲ သွားပြီးထိုးထည့်လိုက်တော့တယ်၊ အခေါင်းအလှူခံတာမကြိုက်တဲ့ဘကြိးဘုန်းကြီးက သူ့ကျောင်းအောက်တပြုံတစ်ခေါင်းရောက်လာတဲ့ အခေါင်းပုံကြီးကိုကြည့်ရင်း သက်ပြင်းချည်းပဲ ထိုင်ချနေပါရောဗျာ။ ဘုန်းကြီးဆိုတော့ မလှူနဲ့လို့ပြောလို့ကလည်းမရ၊ ပြီးတော့ လှူတဲ့လူကလည်း သူ့တူသူကြီးဆိုတော့လည်း ဘာပြောနိုင်မှာလဲဗျာ၊ အဖေကတော့ အကြံပိုင်ချက်ဗျာ၊ ဒါကြောင့်လည်း သူကြီးဖြစ်တာနေမှာဗျ။

ပြီးပါပြီ။

အဂ္ဂဇော်