သွေးရောင်လွမ်းသောည

တဲ့ နတ်စစ်သည်တွေရဲ့ မျက်နှာကို လိုက်ကြည့်နေခဲ့တယ်။

“ ဒီတစ်ခေါက် ဖြစ်ရပ်က ကျုပ်စိတ်ကို အနည်းငယ်တောင်ကျေနပ်မှုမရှိခဲ့ဘူး၊ ကျုပ်လူရွေးမှားသွားတာဖြစ်မယ်ထင်တယ်”

“ သင် အခုထိအသိတရားမရသေးဘူးလား ဒေဝပုတ္တ”

“ အသိတရားရတာမရတာထက် နတ်မင်းကြီး ပေးတဲ့အပြစ်ကိုခံယူမယ်ဆိုတာပဲပြောပါရစေ”

“ နတ်စစ်သည်များ.. ဒေဝပုတ္တကို သူစံမြန်းရာ နန်းဆောင်ကိုပို့ဆောင်လိုက်ကြ၊ ဗိမ္မာန်အပြင်မှာလဲ နတ်စစ်သည်တွေ အထပ်ထပ်စောင့်ကြပ်စေ၊ မည်သည့်သဏ္ဍာန်နဲ့မှ လွတ်ထွက်မသွားစေနဲ့”

“ နတ်မင်းကြီးအမိန့်အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်”

နတ်မင်းကြီးရဲ့အမိန့်ကိုကြားတော့ ဒေဝပုတ္တက သဘောကျစွာရယ်လိုက်ပြီး သူ့နန်းဆောင်ရှိရာကို မရေမတွက်နိုင်အောင် များပြားတဲ့ နတ်စစ်သည်တွေခြံရံလျက် လိုက်ပါသွားခဲ့တယ်။

++++++

အမှောင်ထုကသိပ်သည်းနေပြီး

ကိုယ့်လက်ကို မမြင်ရတဲ့တောကြီးမျက်မည်းထဲ မှာတော့ မရဏတစ်ယောက် ငြိမ်သက်စွာတရားထိုင် နေခဲ့တယ်။ လေအဝှေ့မှာ ပခုံးပေါ်ကျနေတဲ့ ဆံပင်ရှည်တွေက တလွင့်လွင့်လှုပ်ရှားနေတာက လွဲပြီး ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေခဲ့တယ်။

ထိုစဉ် လမ်းလျောက်လာတဲ့ ခြေသံတစ်ခုက တရားထိုင်နေတဲ့နေရာရဲ့ တစ်လံအကွာလောက်မှာ ရပ်သွားခဲ့တာကြောင့် မျက်လုံးကိုဖွင့်ကြည့်လိုက်ရာ အသားအရည်ရွံ့တွနေတဲ့ အဖိုးအိုတစ်ယောက်ကို မြင်လိုက်ရတယ်။

မရဏကအဖိုးအိုကိုမြင်တော့ မနှစ်မြို့တဲ့ဟန်နဲ့ကြည့်လိုက်ပြီး

“ အဖိုးကြီး… ဒီကိုဘာလာလုပ်တာလဲ၊ ‌ခင်ဗျားကို နောက်တစ်ခါမြင်ရင် သတ်ပစ်မယ်ပြောထားတာ မသိဘူးလား”

“ လူလေး… မင်းသတ်မယ်ဆိုလဲ သတ်ပါ၊ ဒါပေမယ့် ပြောစရာရှိတာတော့ပြောရမှာပဲ”

“ စကားများတဲ့အကျင့်က အခုထိမပျောက်သေးဘူးပဲ၊ ဘာပြောမှာလဲ ပြော”

“ လူလေး လမ်းစဉ်က လွဲချော်နေပြီ၊ ဒီအတိုင်းဆို မကြာခင် လူလေး ဒုက္ခရောက်တော့မယ်”

“ ကျုပ်လျောက်တဲ့လမ်းကို ခင်ဗျား ဘာမှဝေဖန်စရာမလိုဘူး၊ လမ်းချော်ရုံမကလို့ ချောက်ထဲပဲကျနေပါစေ ခင်ဗျားနဲ့မသက်ဆိုင်ဘူး”

“ ဟင်း… မင်းက အရင်တုန်းကလိုပဲ ခေါင်းမာနေဆဲပါလား၊ ငါက မင်းအပေါ်ထားတဲ့ သံယောဇဉ်ကြောင့် သတိလာပေးတာဖြစ်လို့ ရှေ့ဆက်တိုးမလား နောက်‌ဆုတ်မလား‌ဆိုတာက မင်းကိုယ်တိုင်‌ဆုံးဖြတ်ပါ”

“ ခင်ဗျားပြောချင်တာ ဒါပဲမဟုတ်လား… ပြောပီးရင် ထွက်သွားတော့၊ မဟုတ်ရင် ကျုပ်ဒေါသတွေ ခင်ဗျားအပေါ် ပုံကျသွားလိမ့်မယ်”

မရဏစကားကြောင့် အဖိုးအိုက ခေါင်းကိုတွင်တွင် ခါယမ်းပြီး အမှောင်ထုထဲကို တရွေ့ရွေ့တိုးဝင် ပျောက်ကွယ်သွားခဲ့တယ်။

အဖိုးအိုထွက်သွားတော့ မရဏက ပခုံးပေါ်မှာ ပြန့်ကျဲနေတဲ့ဆံပင်တွေကို လက်နဲ့သိမ်းယူကာ စည်းလိုက်ပြီး

“ မရဏဆိုတဲ့ကောင်က ဘယ်အရာကိုမှ မကြောက်လို့ဒီလမ်းကိုရွေးခဲ့တာ၊ ငါကအခုဘာလို့ ပုန်းရှောင်နေရတာလဲ” လို့ရေရွတ်ကာ ခြေလှမ်းကျဲကြီးတွေနဲ့ တောအုပ်အပြင်ဘက်ကို လျောက်လှမ်းသွားခဲ့တယ်။

+++++++

တောရိပ်တောင်ရိပ်တွေဖုံးလွှမ်းနေတဲ့ စိန်ပန်းရွာအပြင်ဘက် တောစပ်တစ်နေရာက အရိပ်ရသစ်ပင်တစ်ခုအောက်မှာတော့ အောင်မြတ်သာတို့ဆရာတပည့်တွေ ခေတ္တအနားယူနေခဲ့ကြတယ်။

“ ဆရာ… ဒီရွာက လူသွားလူလာလဲမရှိပါလား၊ နည်းနည်းထူးဆန်းနေသလိုပဲ”

ခွန်းလှစကားကြောင့် အောင်မြတ်သာက ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တဲ့အချိန် ဆံပင်တွေဆွတ်ဆွတ်ဖြူနေတဲ့ အဖိုးအိုတစ်ယောက် ရွာထဲကနေ အပြင်ကိုထွက်လာတာမြင်လိုက် ရတယ်။ အဖိုးအိုက အောင်မြတ်သာတို့ ထိုင်နေတဲ့ နေရာစီကို တန်းတန်းမတ်မတ်လျောက်လာပြီး

“ ဆရာလေးတို့က နတ်ဖွက်ရွာကိုမသွားပဲ ဒီမှာဘာထိုင်လုပ်နေကြတာလဲ”

“ နတ်ဖွက်ရွာ ဟုတ်လား… ကျုပ်တို့က ရွာနာမည်ကို အခုမှကြားဖူးတာ”

“ နတ်ဖွက်ရွာမှာ ဆရာလေးတို့ကို စောင့်နေတဲ့သူတွေရှိတယ်၊ မြန်မြန်သွားကြ”

“ နတ်ဖွက်ရွာကို ဘယ်လမ်းကနေသွားရတာလဲ”

“ ကျုပ်အခုထွက်လာတဲ့ တောလမ်းအတိုင်း တည့်တည့်သွားရင် ညောင်မုတ်ဆိတ်တွေ တွဲကျနေတဲ့အပင်တစ်ပင်ကိုတွေ့လိမ့်မယ်၊ ညောင်ပင်ကိုတွေ့ရင် ကျီးပေါင်းတက်နေတဲ့ နေရာကို လက်နဲ့သုံးချက်ခေါက်လိုက်ပါ၊ သူတို့ထွက်လာကြလိမ့်မယ်”

အောင်မြတ်သာက သတင်းစကားလာပေးတဲ့ အဖိုးအိုကို ခြေအဆုံးခေါင်းအဆုံးကြည့်လိုက်ပြီး

“ သင်ကဘယ်သူလဲ… ဘာကြောင့် ကျုပ်တို့ကို အခုလိုသတင်းစကား‌ပါးရတာလဲ”

“ ကျုပ်ဘယ်သူလဲဆိုတာသိတော့ရော ဘာထူးမှာလဲ၊ ကဲကဲ အချိန်မရှိတော့ဘူး မြန်မြန်သွားကြတော့”

အဖိုးအိုက စကားပါးပြီးတာနဲ့ လူတစ်ရပ်စာခန့်မြင့်တဲ့ ခြုံပုတ်နောက်ကိုဝင်ရောက်သွားခဲ့တယ်။

“ ဆရာ… ခုနကအဖိုးအိုက အရိပ်လဲမထွက်ဘူး၊ မျက်တောင်လဲမခတ်ဘူးဗျ”

“ ဟုတ်တယ်… ဒီပုဂ္ဂိုလ်က လူမဖြစ်နိုင်ဘူး… ငါတို့ကို နတ်ဖွက်ရွာဆီသွားဖို့ လာပြောရတာလဲ အကြောင်းကိစ္စ တစ်ခုခုရှိမယ်ထင်တယ်”

“ သူပြောတဲ့အတိုင်း သွားကြည့်ရင် တစ်ခုခုတော့ ထူးခြားမယ်လို့ထင်တယ်”

“ ဒါဖြင့်လဲ သွားကြတာပေါ့…”

အောင်မြတ်သာလဲ လွယ်အိတ်ကိုကောက်လွယ်ပြီး တောလမ်းဘက်ကိုသွားဖို့အလုပ် ဆူးခြုံတစ်ခုက လေမတိုက်ပဲလှုပ်နေတာမြင်လိုက်ရတယ်။

“ ဆူးခြုံအနောက်မှာ ပုန်းနေတာ ဘယ်သူလဲဟေ့… ထွက်လာစမ်း” လို့ပြောလိုက်ရာ လွယ်အိတ်ကို ထုံးပြီးလွယ်ထားတဲ့ လူတစ်ယောက်ထွက်လာ ခဲ့တယ်။

“ ဟင်… ဖိုးကတုံး.. မင်း မင်းဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ”

“ ဆရာတို့ရွာကနေ ထွက်သွားတော့ အနောက်ကနေ ခိုးပြီးလိုက်လာခဲ့တာ”

“ မင်းကငယ်သေးတယ်ကွ… ငါတို့နဲ့လိုက်ရင် မင်းအသက်အန္တရာယ်စိတ်ပူရတယ်”

“ သေမှာကိုမကြောက်ပါဘူးဗျာ… အိမ်မှာနေလဲ ကျွန်တစ်ယောက်လိုလုပ်နေရတာဆိုတော့ ဆရာတို့နောက်လိုက်ပြီးသေတာက ပိုတောင် ကောင်းသေးတယ်”

“ ဒီကောင်နဲ့တော့ခက်ပြီကွာ… မင်း ဒီလောက်စိတ်အားထက်သန်နေလဲ လိုက်ခဲ့ပေတော့၊ မောင်စမရေ သူ့ကို ဒိဗ္ဗစက္ခူအင်းနဲ့ အမြင်ဖွင့်ပေးလိုက်ကွာ”

မောင်စမလဲ အောင်မြတ်သာစကားကြောင့် ဖိုးကတုံးရဲ့ အမြင်အာရုံကို ဒိဗ္ဗစက္ကူအင်း နှစ်ချပ်နဲ့ အမြင်ဖွင့်ပေးပြီး တစ်ပါထဲခေါ်ဆောင်လာခဲ့ လိုက်တယ်။

+++++++

မရဏအနေနဲ့ ပုန်းအောင်းရာ နေရာကနေ အပြင်ကို ထွက်လိုက်တာနဲ့ သူ့ရဲ့ဘေးပတ်ပတ်လည်မှာ ပြိုးပြိုးပျက်ပျက်အဆင်တန်ဆာတွေ ဝတ်ဆင် ထားတဲ့ နတ်စစ်သည်အချို့ကို မြင်လိုက်ရတယ်။

“ အသင်လူသား…ဒူးထောက်စမ်း”

“ သင်တို့ကဘယ်သူတွေလဲ…”

“ ငါတို့က သင့်ကိုလိုက်ရှာနေကြတဲ့ ပရနိမ္မိတဝသဝတီပြည်က နတ်စစ်သည်တွေပဲ”

“ ကျုပ်ကိုလိုက်ရှာပြီး ဘာလုပ်မလို့လဲ”

“ သင်ရဲ့ အရှင်ဒေဝပုတ္တပေးအပ်ထားတဲ့ အစွမ်းတန်ခိုးတွေကို နှုတ်ယူဖို့ ရောက်လာရခြင်း ဖြစ်တယ်”

ဒီတော့မှ မရဏ သဘောပေါက်သွားပြီး လေလိုလျှင်မြန်တဲ့အရှိန်နဲ့ထွက်ပြေးရာ နတ်စစ်သည်တွေက သူ့ထက်မြန်တဲ့ အလျှင်နဲ့ ဘေးကနေ ထပ်ချပ်မကွာ လိုက်လာတာမြင်လိုက် ရတယ်။

“ ဟိတ် ငမိုက်သား…. သင် ပြေးလို့လွတ်ရိုးလား”

နတ်စစ်သည်တွေထဲက တစ်ယောက်က ရိပ်ခနဲ ရိပ်ခနဲပြေးနေတဲ့ မရဏရဲ့ဆံပင်ကို အနောက်ကနေ လှမ်းဆွဲပြီး ဖွတ်ချလိုက်ရာ ခန္ဓာကိုယ်က မြေကြီးပေါ်ကို ပြုတ်ကျသွားခဲ့တယ်။

ခန္ဓာကိုယ်ကမြေကြီးပေါ်ကျတာနဲ့ ရတနာတွေစီခြယ် ထားတဲ့လှတံတစ်ချောင်းက လည်မြိုပေါ်ရောက်လာခဲ့သလို တည်ကြည်တဲ့ မျက်နှာထားရှိတဲ့ နတ်စစ်သည်ဆီကနေ

“ ဒီ ငမိုက်သားကို ‌ပေးအပ်ထားတဲ့အစွမ်းတွေ လှံတံထဲ စီးဝင်စမ်း” ဆိုတဲ့အသံထွက်လာခဲ့တယ်။

အမိန့်စကားသံအဆုံးမှာ ရင်ညွန့်ထဲကနေ အရောင်သွေးစုံလင်တဲ့ ရောင်စဉ်တန်းတွေ လှံဖျားထဲကိုစီးဝင်နေတာမြင်လိုက်ရတယ်။ ခဏနေတော့ နတ်စစ်သည်က လှံတံကို နှုတ်ယူလိုက်တဲ့အချိန် မရဏဆီကနေ

“ ငါကျင့်ကြံခဲ့တဲ့စွမ်းအားတွေ ကျန်နေသေးပါလား” ဆိုတဲ့အသံထွက်လာခဲ့တယ်။

“ ဟဲ့ ငမိုက်သား… နင့်ရဲ့ လောကီစိတ်စွမ်းအားတွေက မကြာခင် တစ်စစီပျက်စီးတော့မယ်ဆိုတာ မသိတာလား”

“ ကျုပ်ကို အသင်တို့လို နတ်ဒေဝါတွေက လွဲပြီး ဘယ်သူက ဖျက်ဆီးနိုင်မှာလဲ အဟား အဟား”

“ သင်ဘယ်အချိန်ထိ မာန်တက်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့၊ ကဲ ငါတို့တာဝန်ပြီးပြီ ဆိုတော့ အမှောင်တိုက်ဖုံးလွှမ်းနေတဲ့ ဒီနေရာကနေ သွားကြစို့ဟေ့”

နတ်စစ်သည်တွေက ကောင်းကင်ခရီးနဲ့ ပျံထွက်သွားတဲ့ချိန်မှာတော့ မရဏတစ်ယောက် လဲကျနေရာကနေ လူးလဲထလိုက်တယ်။ ပြီးတာနဲ့ သူ့ဩဇာခံ တပည့်ရင်းတွေကို ဆင့်ခေါ်လိုက်တယ် ဆိုရင်ပဲ အချိန်အနည်းငယ်အတွင်းမှာပင် လူဆယ်ယောက်ခန့် စက်ကြိုးစီးကာရောက်လာခဲ့ ကြတယ်။

“ မင်းတို့ရောက်လာကြပြီလား”

“ အရှင်ဆင့်ခေါ်တာနဲ့ ချက်ချင်းလာရောက်ခဲ့ခြင်း ဖြစ်ပါတယ်”

“ ဟဲ့ မယ်ရှင်…. နင်မျက်နှာက ဘယ်လိုကြောင့် မီးလောင်ထားသလို ဖြစ်နေတာလဲ”

“ နာမ်တံခါးကိုကူးသွားတဲ့ လူကို နှောက်ယှက်စဉ်က ရခဲ့တဲ့ဒဏ်ရာတွေပါအရှင်”

“ ဒီနားတိုးလာစမ်း..”

မရဏက မယ်ရှင်ရဲ့ မျက်နှာပေါ်က မီးလောင်ဒဏ်ရာကို လက်နဲ့သပ်ချလိုက်ရာ အသားအရည်က နဂိုအတိုင်းပြန်ဖြစ်သွားခဲ့တယ်။

“ အရှင်ကုသပေးတာကို ကျေးဇူးတင်ပါတယ်”

“ အခု ဒီကောင်တွေ ဘယ်အရပ်ဒေသမှာရှိနေကြလဲ”

“ သူတို့က လူသူအင်အားစုစည်းပြီး အရှင့်ကို လိုက်ရှာနေကြပါတယ်”

“ ဟုတ်ပါတယ်အရှင်…. မယ်ရှင်ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူတွေရဲ့ အစွမ်းကလဲ ကြောက်စရာကောင်းလှပါတယ်”

“ တောက်ထိန်…မင်းက သူတို့ကို ကြောက်နေတာလား”

မရဏရဲ့စကားကို တောက်ထိန်က ဘာမှပြန်မဖြေပဲ အင်တင်လုပ်နေတာကြောင့် လက်တစ်ဖက်က ရင်ညွန့်ထဲကို အိခနဲနစ်ဝင်သွားခဲ့တယ်။

“ အရှင်… အာ့ အာ့”

မရဏက တောက်ထိန်ရဲ့ နှလုံးကို အရှင်လတ်လတ်ဆွဲထုတ်လိုက်ပြီး

“ ငါ့နောက်ကိုလိုက်မယ်ဆိုရင် အကြောက်တရားတွေကို ဘေးဖယ်ထားရမယ်၊ ဒီလိုမှမဟုတ်ရင်တော့ ဒီကောင်လိုဖြစ်မယ်ဆိုတာ ကြည့်ထားကြ”

မရဏက သွေးတစ်စက်စက်ကျပြီး လှုပ်ရှားနေတဲ့ နှလုံးကိုအစိပ်စိပ်အမွှာမွှာကျေအောင် ဖျစ်ညှစ်လိုက်တဲ့အချိန် သွေးစက်တွေက အသက်မဲ့နေတဲ့ တောက်ထိန်ရဲ့ ခန္ဓာကိုယ်ပေါ်ကို တစ်တောက်တောက် ကျဆင်းနေခဲ့တယ်။

++++++

အောင်မြတ်သာတို့လဲ တောလမ်းအတိုင်းဝင်လာ ခဲ့ရာ ထမင်းအိုးတစ်လုံးကျက်အချိန်လဲရောက်ရော ညောင်မုတ်ဆိတ်တွေတွဲလောင်းကျနေတဲ့ ညောင်ပင်တစ်ပင်အောက်ကို ရောက်လာခဲ့တယ်။

ပင်စည်က လူကြီးလေးဖက်စာလောက်ကြီးမားပြီး အကိုင်းအခက်တွေဖြာထွက်နေတဲ့ ညောင်ပင်ရဲ့ ပင်စည်မှာတော့ ကျီးပေါင်းတက်နေသလို ဖြစ်နေတဲ့ သစ်ဖုတစ်ကိုတွေ့လိုက်ရတယ်။

“ ဟိုလူပြောတာ ဒါပဲဖြစ်ရမယ်ဆရာ…”

မောင်စမစကားကြောင့် အောင်မြတ်သာက အရှေ့တိုးပြီး လက်နဲ့သုံးချက်ခေါက်လိုက်ရာ ညောင်ပင်ကိုရစ်ပတ်ထားတဲ့ နွယ်တွေက အသက်ရှင်နေတဲ့အလားရွှေ့လျားသွားပြီး လူတစ်ကိုယ်ဝင်လို့ရတဲ့အပေါက်တစ်ခု ပေါ်လာခဲ့တယ်။

ဖိုးကတုံးကတော့ ပါးစပ်အဟောင်းသားနဲ့ ပြူးကြည့်နေတဲ့အချိန် အောင်မြတ်သာက ပင်စည်ထဲကိုတိုးဝင်သွားခဲ့တယ်။

ပင်စည်ထဲကိုဝင်လိုက်တာနဲ့ သာယာလှပတဲ့ ရွာအဝင်လမ်းနဲ့အတူစနစ်တကျ ဆောက်လုပ်ထားတဲ့အိမ်အချို့ကိုအဝေးကနေ မြင်လိုက်ကြရတယ်။

“ သင်တို့ရောက်လာကြပြီလား”

ရုတ်တရက်ထွက်လာတဲ့အသံကြောင့် လှည့်ကြည့်လိုက်ရာ အသက်၇၀အရွယ် လူကြီးတစ်ဦးနဲအတူ အသက်၃၀အရွယ် ယောင်္ကျားသုံးယောက်၊ အသက်၂၀အရွယ် မိန်းမ တစ်ယောက်ရပ်နေတာမြင်လိုက်ရတယ်။

“ အဖိုးက ကျုပ်တို့လာမှာ သိနေတာလား”

“ ဆရာတို့လာမယ်ဆိုတာ ကြိုတင်ပြောထားတဲ့ ပုဂ္ဂိုလ်ကြောင့် အခုလိုသိနေတာပါ”

“ ဒီရွာမှာနေတဲ့သူတွေက လူစင်စစ်တွေပဲလား”

မောင်ကောင်းစကားကြောင့် အဖိုးအိုအနောက်မှာ ပါလာတဲ့သူတွေက ပြုံးစိစိဖြစ်သွားခဲ့ကြတယ်။

“ ဒီရွာမှာနေတဲ့သူတွေအားလုံးက လူသားစစ်စစ် တွေပါ၊ ဒါပေမယ့် တစ်ရွာလုံးက မှော်စဉ်ပညာရပ်ကိုတတ်မြောက်ကြပါတယ်”

“ တစ်ရွာလုံး ဟုတ်လား”

“ ကျုပ်အိမ်ကိုရောက်ရင် အားလုံးရှင်းပြပါ့မယ်၊ လိုက်ခဲ့ကြပါ”

အောင်မြတ်သာတို့လဲအဖိုးအိုခေါ်တဲ့နောက်ကို လိုက်သွားရာ ခြေတံရှည်ပျဉ်ထောင်အိမ်တစ်လုံး ဆီကိုရောက်လာခဲ့ကြတယ်။

“ အားလုံး ထိုင်ကြပါဦး… မုန်း ရေ ဧည့်သည်တွေအတွက် တစ်ခုခုလုပ်‌ပေးပါဦး”

အဖိုးအိုစကားကြောင့် မုန်း ဆိုတဲ့မိန်းကလေးက အိမ်ပေါ်ကိုတက်သွားပြီး ပဲကြော်ကို ကြက်သွန်နဲ့သုတ်ထားတဲ့ပန်းကန်တစ်ချပ်နဲ့ ရေနွေးကရားတစ်လုံးယူကာ ပြန်ဆင်းလာခဲ့တယ်။

မောင်ကောင်းတို့လဲ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ ရွံ့ရုပ်တွေနဲ့ ဆော့ကစားနေကြတဲ့ ကလေးတွေအပြင် သူတို့ရဲ့စကားဝိုင်းကို စိတ်ဝင်တစား ချောင်းကြည့်နေကြတဲ့ ရွာသားတွေကို မြင်လိုက်ရတယ်။

“ ဆရာ… ဆရာ… ကလေးတွေဆော့နေတဲ့ ရွှံ့ရုပ်တွေကအသက်ဝင်နေတယ်ဗျ”

ဖိုးကတုံးအသံကြောင့် မောင်ကောင်း သတိထားကြည့်လိုက်ရာ ရွံ့ရုပ်လေးတွေကို ပညာနဲ့အသက်သွင်းပြီး ဆော့ကစားနေကြောင်း သိလိုက်ရတယ်။

“ သူတို့ကမှော်ပညာတတ်တယ်ကွ… မင်းငါတို့မသိပဲ လျောက်သွားရင် သူတို့က ဖမ်းပြီးအသက်နှုတ်လိုက်မယ်၊ အပေါ့အပါးသွားရင်တောင် ငါတို့ကိုပြော ကြားလား”

“ ဟုတ်ကဲ့ ဟုတ်ကဲ့… ဆရာတို့မသိပဲ ဘယ်မှမသွားပါဘူး”

မောင်ကောင်းက ဖိုးကတုံးကို ခြောက်လိုက်ပြီး စကားဝိုင်းဘက်ကိုပြန်လှည့်လိုက်တယ်။

“ ဆရာတို့က မရဏကိုရင်ဆိုင်ဖို့လာကြတဲ့သူတွေလို့ ပြောတယ်… အဲဒါဟုတ်လား”

“ အဖိုးက မရဏကိုသိနေတာလား”

“ သိတာပေါ့ကွယ်… ရင်းရင်းနှီးနှီးကြီးကိုသိတာ”

“ သူ့အကြောင်း အကြမ်းဖျင်းလောက်သိလို့ရမလား”

“ တကယ်တော့ မရဏက ဒီရွာမှာပဲ ကြီးပြင်းခဲ့တာ”

“ ဗျာ”

“ ဟုတ်တယ်ကွယ့်… လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀လောက်က ဆရာတို့ဝင်လာတဲ့ညောင်ပင် ခြေရင်းမှာ မွေးကင်းစ ကလေးတစ်ယောက် လာပစ်လာရာကနေ စခဲ့တာပဲ”

“ ဒါဆို မရဏက ဒီရွာသားစစ်စစ်တော့ မဟုတ်ဘူးပေါ့”

“ မဟုတ်ဘူးဆရာ… ဒီကလေးကို အဖိုးကကောက်ယူမွေးစားခဲ့တာပါ၊ သူက ဒီရွာရဲ့မျိုးဆက်မဟုတ်ပေမယ့် ပါရမီပါလာခဲ့တယ်။ ရွာခံကလေးတွေမတတ်မြောက်တဲ့ပညာရပ်တွေ ကိုတောင် သူကတတ်မြောက်တာမို့ ရွာအတွက် အားကိုးလို့ရမယ့်သူထင်ပြီး အဖိုးတတ်မြောက် ထားတဲ့ပညာတွေကို ဆရာစားမချန်သင်ပေး ခဲ့တယ်။ သူငယ်ချင်းမိတ်ဆွေတွေက ဆရာစား ချန်ထားဖို့ပြောပေမယ့် သူ့ကိုချစ်တဲ့စိတ်ကြောင့် ပြောစကားတွေကို နားမဝင်ခဲ့ဘူး၊ မရဏကလဲ တကယ်တော်တဲ့ကလေးတစ်ယောက်ဖြစ်လို့ သင်သမျှကို ခဏလေးတက်မြောက်ခဲ့တယ်။ သူအရွယ်ရောက်ဝောာ့ ရွာကနေထွက်ပြီး အခြားပညာရပ်တွေကိုလေ့လာဖို့ခွင့်တောင်းတယ်။ အဖိုးတို့ရွာရဲ့စည်းကမ်းက ရွာကလူတွေအပြင် ထွက်ခွင့်မရှိတာပဲ”

“ ဘာကြောင့်အပြင်ထွက်ခွင့်မပေးတာလဲအဖိုး”

“ ပြင်ပကလူတွေက စိတ်သဘောမဖြူစင်ကြဘူး၊ လိုချင်တပ်မက်မှုတွေများကြတယ်၊ အဖိုးတို့တတ် မြောက်ထားတဲ့ပညာက မကောင်းတဲ့ဘက်ကို ရောက်ရင် အဖျက်စွမ်းအားအလွန်ကြီးတာမို့ ပြင်ပထွက်ခွင့်ကိုပိတ်ပင်ထားခဲ့တာ၊ ဒါကို မရဏက ခိုးထွက်ဖို့ကြိုးစားတယ်၊ ထွက်ဖို့ကြိုးစားတိုင်း မိတာပဲ၊ ရွာရဲ့ဥပဒေအရ ခိုးထွက်တဲ့သူတွေကို ကြီးလေးတဲ့အပြစ်ကိုပေးရတယ်၊ ဒီမှာမရဏက သူ့ကိုအပြစ်ပေးတဲ့သူတွေကို အငြိုးအတေး ထားတော့တာပဲ၊ အဆိုးဆုံးတစ်ချက်က သူကဒီရွာသားမဟုတ်ဘူးဆိုတာသိသွားတာပဲ၊ အတိုချုံးပြောရရင် သူရွာကနေ ခိုးထွက်နိုင်ခဲ့တယ်။ သူရွာကနေထွက်သွားတဲ့အချိန်က အသက်နှစ်ဆယ် ဝန်းကျင်ပဲရှိသေးတယ်”

“ ဒါဆိုရင် သူပြင်ပလောကကိုရောက်ပြီးမှ အခုလိုဖြစ်သွားတာပေါ့”

“ ဟုတ်တယ် ဆရာ… သူ့ရဲ့ပညာလောဘတွေက အတောမသတ်နိုင်ခဲ့တာကြောင့် အခုလိုဖြစ်လာ ခဲ့တာပဲ”

“ အခုသူဘယ်မှာရှိနေလဲဆိုတာ အဖိုးသိလား”

“ မကြာသေးခင်က သူ့ဆီကိုသွားပြီး လုပ်နေတာတွေရပ်တန်းကရပ်ဖို့သတိပေးခဲ့ဖူးတယ်၊ ဒါပေမယ့် သူ့ရဲ့အတ္တစိတ်ကို မဖျောင်းဖျနိုင်ခဲ့ဘူး၊ ဒါကြောင့် သူမကြာခင် ဒီကိုရောက်လာတော့မယ်”

“ သူက ဒီရွာကို ဘာကြောင့်ပြန်လာမှာလဲ”

“ အဖိုးတို့ဆီမှာ ဘိုးဘေးတွေလက်ထက်ထဲက ထိန်းသိမ်းလာခဲ့တဲ့ မနောမယကျမ်းဆိုတာရှိတယ်။ ဒီကျမ်းကို ကျင့်ကြံနိုင်ရင် စိတ်အလိုရှိတိုင်း လုပ်ဆောင်နိုင်တာကြောင့် ဘိုးဘေးတွေက မသမာသူလက်ထဲမရောက်အောင်

ဘယ်သူမှမသိတဲ့နေရာမှာ ဖွက်ထားခဲ့ကြတယ်။ ဒါကို မရဏက လိုချင်နေတာလေ”

“ ကျွန်တော်တို့လဲ ရွာမှာနေပြီး အဖိုးတို့ကို ကူညီပေးပါ့မယ်၊ ခွင့်ပြုပေးပါ”

“ ဆရာတို့ရောက်လာတာ အဖိုးတို့အတွက် အားဖြစ်စေပါတယ်၊ မရဏကို ရင်‌ဆိုင်ဖို့အတွက် အားလုံးစီစဉ်ထားပြီးပါပြီ”

“ သူသာဒီရွာကိုလာမယ်ဆိုရင် တစ်ယောက်ထဲ မလာလောက်ဘူး၊ သူ့ကိုသစ္စာခံထားကြတဲ့ ပညာသည်တွေ၊ အမှောင်လောကသားတွေကိုပါ ခေါ်လာနိုင်တယ်၊ ဒါကြောင့် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားဖို့လိုမယ်”

“ ညကျရင် ဆရာတို့ကို ပြင်ဆင်ထားတာတွေ လိုက်ပြပါ့မယ်၊ အခုတော့ ခရီးရောက်ဆိုက် ခဏနားလိုက်ကြပါဦး”

အဖိုးက အောင်မြတ်သာတို့ကို နေရာချပေးပြီး ရွာထဲကိုထွက်သွားခဲ့တယ်။

အဖိုးထွက်သွားတော့ အောင်မြတ်သာက ဖိုးကတုံးကိုခေါ်ပြီး

“ မင်းငါတို့နောက်လိုက်လာတာ နောင်တ‌ရနေပြီလား”

“ မရပါဘူး… ကျွန်တော်လဲ နိုင်တဲ့ဘက်ကနေ ဝင်ကူမှာပေါ့”

“ မင်းလေးခွ ပြစမ်းပါဦး”

အောင်မြတ်သာက ဖိုးကတုံးလေးခွကို ယူပြီးကြည့်နေရင်း နူးညံ့ပျော့ပျောင်းတဲ့ လက်နဲ့ သပ်ချလိုက်ရာ လေးခွရဲ့အပေါ်ယံအသားတွေ ကွာကျလာပြီး အင်းစမတွေထွင်းထုထားတဲ့ အတွင်းသားပေါ်လာခဲ့တယ်။ ပြီးတာနဲ့ လောက်စာလုံးအိတ်ကို ယူပြီးမန်းလိုက်ရာ လောက်စာလုံးတွေမှာလဲ အင်းစမတွေ ထွင်းပြီးသား ဖြစ်သွားခဲ့တယ်။

“ ဒါက လိုတရလောက်စာလုံးအိတ်ပဲ၊ မင်းအနေနဲ့ ပစ်လိုက်သမျှ လောက်စာလုံးတွေက အချိန်တန်ရင် ဒီအိတ်ထဲကိုပြန်ရောက်လာလိမ့်မယ်”

“ တကယ်ပြောတာလားဗျ… ဒါဆိုရင်တော့ ဝင်လာတဲ့ကောင်တွေ ကျုပ်ခွစာမိပြီလို့သာ မှတ်ပေတော့”

အောင်မြတ်သာလဲ ဖိုးကတုံးအတွက် အသင့်တော်ဆုံးလက်နက်ကိုစီရင်ပေးပြီးပြီမို့ ကျန်တဲ့သူတွေဘက်ကိုလှည့်ပြီး

“ ကျန်တဲ့သူတွေက အသုံးလိုမယ့် အင်းစမတွေကို အသင့်ဆွဲထားကြ၊ ဒီပညာပြိုင်ပွဲက နတ်ဖွက်ရွာအတွက်ရော ငါတို့အတွက်ရော အရေးကြီးတယ်၊ အရင်တစ်ခါက ပေါ့လျော့ခဲ့တာတွေကို ပြန်လည်ဆင်ခြင်ကြ” လို့ပြောပြီး တိုက်ပွဲအတွက်လိုအပ်တဲ့ အင်းစမတွေကိုရေးဆွဲရန် ထသွားခဲ့တယ်။

ညဦးပိုင်းအချိန်ရောက်တော့ အဖိုးပြန်ရောက်လာပြီး အောင်မြတ်သာတို့ကိုရွာပြင်က ကွင်းတစ်ခုစီခေါ်သွားခဲ့တယ်။ ကွင်းထဲမှာတော့ ရွာခံလူအယောက်၂၀၀ခန့်ကိုတွေ့ရပြီး အားလုံးက နီညိုရောင်ခေါင်းစည်းတွေစည်းထားတာမြင်လိုက်ရတယ်။

“ သူတို့က မရဏကိုရင်ဆိုင်ကြမယ့်သူတွေလား”

“ ဟုတ်ပါတယ်ဆရာ…၊မရဏဆိုတာ ဒီရွာကနေ မွေးဖွားလာခဲ့သလို သူ့ရဲ့သေဆုံးတဲ့နေရာကလဲ ဒီရွာမှာပဲဖြစ်ရမယ်”

“ ဒါဆို ကျန်တဲ့လူတွေကိုရော ဘယ်မှာပုန်းခိုဖို့ စီစဉ်ထားလဲအဖိုး”

“ သူတို့ကို လိုအပ်တဲ့ရိက္ခာတွေနဲ့ လုံခြုံတဲ့နေရာကို ပို့ထားပြီးပါပြီ”

“ အစီအစဉ်ချတာကလဲမြန်လိုက်တာဗျာ”

“ မရဏက စိတ်မြန်တဲ့လူစားမို့ ရွာကိုအချိန်မရွေး ဝင်လာနိုင်တယ်ဆရာ၊ သူလာမှ ပြောင်းရွှေ့ရင် အချိန်မမှီမှာစိုးလို့ ညနေထဲက အကုန်ရွှေ့ခိုင်းထားလိုက်တာပါ”

“ ဒီတစ်ခါရင်ဆိုင်ရမယ့်ပွဲက အတော်ကိုကြမ်းတမ်းဦးမှာပါလား”

အောင်မြတ်သာက တီးတိုးရေရွတ်ရင်း ရွာခံလူတွေကိုလိုက်ကြည့်နေတဲ့အချိန် ခေါင်းလောင်းတီးသံက တစ်ရွာလုံးဆူညံသွားခဲ့တယ်။ ရွာခံလူတွေက ခေါင်းလောင်းသံကြားတာနဲ့ ရွာဝင်ပေါက်မှာ အသီးသီးနေရာယူလိုက်ကြပေမယ့် အောင်မြတ်သာတို့ကတော့ ခေါင်းလောင်းသံ ဘာကြောင့်မြည်တယ်ဆိုတာကိုမသိခဲ့ကြပေ။

“ ဆရာ… သူတို့ရောက်လာကြပြီ”

“ ဘယ်လိုကြောင့် ညတွင်းချင်းရောက်လာကြတာလဲ”

“ ဒါကမရဏရဲ့ အမူအကျင့်ပဲလေ… သူက ဖြစ်ချင်တာကို ဇွတ်တရွတ်လုပ်တတ်တယ်”

အဖိုးရဲ့စကားကြောင့် အောင်မြတ်သာတို့လဲ ရွာခံလူတွေနဲ့အတူ နေရာယူလိုက်ကြတယ်။ မောင်ကောင်းရဲ့ဘေးမှာတော့ မုန်းဆိုတဲ့ မိန်းကလေးရှိနေပြီး သူမရဲ့ ဆံနွယ်လေးတွေက စည်းနှောင်ထားတဲ့ ပိတ်စအောက်မှာ တလူလူ လွင့်နေခဲ့တယ်။

အောင်မြတ်သာလဲ ဖိုးကတုံးကို နောက်ဆုံးမှာ နေရာချပေးပြီး ရှေ့ကိုပြန်လာတဲ့အချိန်မှာတော့ မရဏရဲ့အဖွဲ့သားတွေက ညောင်ပင်ဝင်ပေါက်ကနေ ထွက်လာခဲ့ကြတယ်။ မရဏက သူ့ကိုအသင့် စောင့်ကြိုနေကြတဲ့သူတွေကိုမြင်တော့ လည်ပင်းမှာပတ်ထားတဲ့ သားမွှေးပတ်ကို ပခုံးပေါ် တင်လိုက်ပြီး

“ ရွာ‌က အရင်တိုင်းဘာမှမပြောင်းလဲသေးပါလား” လို့ပြောကာ ရှေ့ကိုတက်လာခဲ့တယ်။ ဒါပေမယ့် ဝါးနှစ်ပြန်စာအကွာလဲရောက်ရော မရဏက ခြေလှမ်းတွေကိုရပ်လိုက်ပြီး

“ ကျုပ်မှတ်မိသလောက်ဆိုရင် ဒီနေရာမှာ အပြင်လူတွေဝင်မရအောင်လုပ်ထားတဲ့ အစီအရင် တစ်ခုရှိမယ်”

မရဏက ခနဲ့တဲ့တဲ့ပြောရင်း မြေကြီးကိုလက်နဲ့ဆွဲယူလိုက်ရာ အရောင်ကိုးမျိုးနဲ့ကျစ်ထားတဲ့ ကိုးရောင်ခြယ်ကြိုးတစ်ချောင်း မြေကြီးထဲကနေ ထွက်လာခဲ့တာကြောင့် လက်နဲ့လုံးချေပြီး ဘေးကိုပစ်ထုတ်လိုက်တယ်။

“ ရွာရဲ့လုံခြုံရေးအစီအရင်က နည်းနည်းလေးတောင် မပြောင်းလဲပါလား..”

“ မင်း ဒီရွာကိုဘာလာလုပ်တာလဲ”

“ အဖိုးကလဲ ကျုပ်ရွာကို ကျုပ်ပြန်လာလို့မရဘူးလား”

“ မင်းငါ့ကိုအဖိုးလို့မခေါ်နဲ့ … ငါတို့နှစ်ယောက်ကြားက သံယောဇဉ်က မင်းကိုလာတွေ့တဲ့ညထဲက ပြတ်တောက်ခဲ့ပြီ”

“ ကျုပ်က သံယောဇဉ်ကို မျက်နှာထောက်ပြီး သက်သက်ညှာညှာလုပ်ပေးဖို့ စဉ်းစားထားတာ၊ အခုတော့ အဖိုးက သံယောဇဉ်မရှိဘူးပြောတာမို့ ကျုပ်ဘက်က ငဲ့ညှာနေစရာမလိုတော့ဘူးပေါ့”

မရဏက စကားပြောနေရင်း အောင်မြတ်သာကို သတိထားမိသွားပြီး

“ အဖိုးက အပြင်က ဧည့်သည်တွေလဲဖိတ်ထားပါလား၊ မဟုတ်မှလွဲရော မင်းက အောင်မြတ်သာဆိုတဲ့သူပဲဖြစ်ရမယ်”

“ မရဏ… စကားကိုဝေ့လည်ပြီးပြောမနေနဲ့၊ မင်း ဒီရွာကိုဘာလုပ်လုပ်တာလဲဆိုတာပဲပြော”

“ ကျုပ်ဘာလို့ပြန်လာလဲအဖိုးသိပါတယ်၊ ကျုပ်လိုချင်တာကို အသာတကြည်ပေးမယ်ဆိုရင် ဘယ်သူမှထိခိုက်အောင်မလုပ်ပဲ ပြန်ထွက်သွားပေးမယ်၊ အေး… မပေးပဲငြင်းဆန်မယ်ဆိုရင်တော့ နတ်ဖွက်ရွာကို အစနတောင်မကျန်အောင် မီးလောင်တိုက်သွင်းပစ်မှာနော်”

“ မင်းလိုချင်တာ ဒီတစ်သက်ရမှာမဟုတ်ဘူး၊ ရှင်းရှင်းပြောမယ်ကွာ ငါတို့တစ်ရွာလုံး မြေမှုန်ပဲကျန်ရင်တောင် မင်းမရစေရဘူး”

အဖိုးရဲ့စကားက မရဏရဲ့အရှိုက်ကိုထိသွားခဲ့ တာကြောင့် မျက်နှာထားက ချက်ချင်းတင်းမာ သွားခဲ့တယ်။

နှစ်ဖက်လုံးမှာပါလာတဲ့သူတွေကလဲ တစ်ဖက်နဲ့ တစ်ဖက်အရိပ်အခြည်ကြည့်နေတဲ့အချိန် ကွင်းပြင်ဘေးမှာပေါက်နေတဲ့ အင်ပင်ကနေ သစ်ရွက်တစ်ရွက် ဝေ့ဝဲပြီး ကြွေကျလာခဲ့တယ်။

အင်ရွက်မြေကြီးပေါ်ရောက်တာနဲ့ မရဏနောက်မှာ ပါလာတဲ့သူတွေက ကြောက်မက်ဖွယ်အော်ဟစ်ပြီး ပြေးတက်လာခဲ့သလို ရွာခံလူတွေကလဲ အကြောက်ရွံ့မရှိပဲ ပြေးထွက်သွားခဲ့ကြတယ်။

လရောင်မှိန်ပြပြကျနေတဲ့ ကွင်းပြင်ထဲမှာတော့ တစ်ဖက်နဲ့တစ်ဖက် အပြင်းအထန်တိုက်ခိုက်နေကြ သလို နာကျင်စွာအော်ဟစ်သံ၊ ကြိမ်းဝါးသံတွေကလဲ အဆက်မပြတ်ထွက်ပေါ်လာခဲ့တယ်။

အောင်မြတ်သာတို့ကလဲ မိမိတို့ရဲ့ ပညာရပ်တွေကို အသုံးချပြီး ကျွံဝင်လာတဲ့လူတွေကို ရင်ဆိုင်နေကြသလို ဖိုးကံတုံးကလဲ လေးခွတစ်လက်နဲ့ တဖောက်ဖောက် ပစ်နေခဲ့တယ်။

မရဏကတော့ သူ့ဆီပြေးဝင်လာတဲ့ လူတစ်ယောက်ကို စူးစိုက်ကြည့်ပြီး လက်နဲ့အောက်ကိုဆွဲချလိုက်ရာ ခြေထောက်နှစ်ချောင်းက မြေကြီးထဲ တစ်တောင်လောက်ကျွံဝင်သွားခဲ့တယ်။

အဲဒီအချိန် မရဏနောက်လိုက်တွေထဲက တစ်ယောက်က ရှေ့တက်လာပြီး ချုပ်နှောင်ခံထား ရသူရဲ့ရင်ဘတ်ကိုလက်နဲ့ခွဲကာ အတွင်းကလီစာတွေကို ဆွဲထုတ်ပစ်လိုက်တယ်။

ဒီအဖြစ်ကိုမြင်တဲ့ မုန်းဆိုတဲ့မိန်းကလေးက ရန်သူတွေစုပြုံနေတဲ့ကြားထဲကို မန္တာန်ရွတ်ကာ ပြေးဝင်သွားတာကြောင့် အနားမှာရှိနေတဲ့ မောင်ကောင်းက လက်ကိုဖမ်းဆွဲပြီး

“ မင်း ဝင်သွားရင် တစ်စစီဖြစ်သွားလိမ့်မယ်၊ အနောက်ကိုဆုတ်စမ်း”

“ ဟိုမှာ ကျွန်မရွာကလူတွေ တစ်စစီဖြစ်နေတာ မမြင်ဘူးလား… ကျွန်မကိုလွှတ်စမ်း”

မုန်းက မျက်စောင်းထိုးကာပြောလိုက်ပြီး အတင်းရုန်းထွက်သွားတာကြောင့် မောင်ကောင်းလဲ မနေသာတော့ပဲ အနောက်ကနေ လိုက်သွားခဲ့တယ်။

မုန်းက ငယ်စဉ်ထဲက လေ့ကျင့်ထားတဲ့ မှော်မန္တာန်ကို တတွတ်တွတ်ရွတ်ဖတ်ပြီး သဲတစ်ဆုပ်ကို ပစ်ထုတ်လိုက်ရာ သဲမှုန်တွေကနေ အဆိပ်ပြင်းတဲ့ ပျားတွေအဖြစ်ပြောင်းသွားကာ ရန်သူတွေကို တုတ်ပါလေရော။

မောင်ကောင်းလဲ လက်နှစ်ဖက်မှာကိုင်ထားတဲ့ စင်္ကြာအင်းကိုအသက်သွင်းလိုက်ရာ ခန္ဓာကိုယ်ပတ်ပတ်လည်ကနေ အသွားရှစ်ခုပါတဲ့ စင်္ကြာတွေပေါ်လာခဲ့တယ်။

ဒီအဖြစ်ကိုမြင်တဲ့မရဏက မောင်ကောင်း ရှိတဲ့ဆီပြေးဝင်လာပြီး လက်ညိုးနဲ့ဖြတ်ချလိုက်ရာ စင်္ကြာတွေအကုန်ပြတ်ထွက်ကာ တစ်စစီဖြစ်သွား ခဲ့တယ်။

မောင်ကောင်း အကာအကွယ်ပျက်သွားတဲ့အချိန် မုန်းက လက်မှာပတ်ထားတဲ့ ကိုးပင်လိမ်ကြိုးကို ဆွဲဖြုတ်ပြီးမရဏရှိတဲ့ဘက်ကို ပစ်လွှတ်လိုက်ရာ ကြိုးမျှင်တွေက အသက်ရှိတဲ့အလား မရဏရဲ့ ခန္ဓာကိုယ်ကိုရစ်ပတ်ထားပါလေရော။

“ ဟေ့လူ … အနောက်ဆုတ်တော့လေ”

“ မင်းလဲအတင့်ရဲမနေနဲ့ ပြန်ဆုတ်တော့”

နှစ်ယောက်သား အနောက်ဆုတ်လာတဲ့အချိန် မရဏရဲ့ခန္ဓာကိုယ်မှာ ရစ်ပတ်နေတဲ့ ကြိုးတွေအကုန်ပြတ်ထွက်ကုန်တာမြင်လိုက်ရ တယ်။

အခြာတစ်ဖက်မှာလဲ သက်ခိုင်နဲ့ တောက်ရက တိုးဝင်လာတဲ့ပညာသည်တွေနဲ့ အခြားနာနာဘာဝတွေကို ကြာပွတ်နဲ့ရိုက်ရင်း ခုခံနေသလို၊ မောင်စမနဲ့ ခွန်းလှကတော့ ကျိုးပျက်သွားတဲ့စည်းကို မိမိတို့ပညာနဲ့ပြန်လည် စီရင်နေခဲ့တယ်။

အဲဒီအချိန် အုန်းပင်တစ်ပင်စာလောက်မြင့်တဲ့ တောင်ပေါ်သရဲလေးကောင်ခုန်ဝင်လာတာကြောင့် အောင်မြတ်သာက ဂိုဏ်းအောက်နတ်တွေ ဖြစ်တဲ့ မုခလိနတ်၊ ခြေဖဝါးသုံးတောင်နတ်၊ ရာဇာဟိယက္ခတို့ကိုဆင့်ခေါ်လိုက်ရာ ကောင်းကင်ကနေ မိုးခြိမ်းသံတစ်ချက် ထွက်လာပြီး သုံးကောင်လုံးခုန်ဆင်းလာကာ တိုက်ခိုက်ပါလေရော။

အဲဒီမှာ ဖိုးကတုံးရဲ့ လေးခွကလဲ အတော်အသုံးဝင်တယ်ပြောရမယ်။ ဘာလို့ဆိုတော့ လောက်စာလုံး သားရည်ကြိုးထဲကနေ ထွက်တာနဲ့ မီးကျီလဲလိုဖြစ်သွားပြီး ထိတဲ့သူတွေအနေနဲ့ ငရဲမီးနဲ့ အတို့ခံရသလိုဖြစ်ကာ လူးလိမ့်နေလို့ပဲ။ အဖိုးကတော့ ဖိုးကတုံးအနားမှာနေပြီး ကျွံဝင်လာတဲ့ သူတွေကို သူရဲ့ပညာနဲ့ တားဆီးပေးခဲ့တယ်။

“ ဆရာ… မရဏရဲ့ပညာက မဟာမြိုင်တောထဲကလောက် မဟုတ်တော့ဘူးဗျ”

သက်ခိုင်က ပြေးဝင်လာတဲ့ ပညာသည်တစ်ယောက်ကို ကြာပွတ်နဲ့လှမ်းရိုက်ရင်း ပြောလိုက်တာကြောင့် အောင်မြတ်သာ လှမ်းကြည့်လိုက်ရာ ရွာသားတစ်ယောက်ရဲ့ လည်မြိုကို ခြေထောက်နဲ့နင်းသတ်နေတဲ့ မရဏကို မြင်လိုက်ရတယ်။

“ သက်ခိုင်… မင်းဒီဘက်ကို တာဝန်ယူလိုက်၊ ငါမရဏဆီသွားမယ်”

အောင်မြတ်သာလဲ မရဏရှိတဲ့ဘက်ကို တိုးဝင်သွားတဲ့အချိန် မရဏရှေ့မှာရှိနေတဲ့ ဆံပင်နီကျင်ကျင်နဲ့လူက ဝင်တားတာကြောင့် လက်ဝါးနဲ့ဘုန်းခနဲရိုက်ချလိုက်ရာ ငယ်သံပါအောင် အော်ပြီး ထွက်ပြေးပါလေရော။

ဒါကိုမြင်တဲ့မရဏက သူ့ခြေထောက်အောက်မှာ အသက်ပျောက်နေပြီဖြစ်တဲ့ရွာသားတစ်ယောက်ကို ကန်ထုတ်လိုက်ပြီး အောင်မြတ်သာရှိတဲ့ဘက်ကို လျောက်လာခဲ့တယ်။

“ ငါ့ကိုနှိမ်နင်းဖို့ ရွေးချယ်ခံထားရတဲ့သူပါလား၊ ရုပ်ရည်ကတော့ ကြည့်‌လို့ကောင်းသား‌ပဲ”

“ မရဏ …မင်းအပိုစကားတွေ ပြောမနေနဲ့၊ အခုကစပြီး ငါ့ကိုနိုင်အောင် တိုက်စမ်း”

“ မင်းက တောင်းဆိုတော့လဲ ငါက ဖြည့်ဆည်းပေးရမှာပေါ့”

မရဏက မလှမ်းမကမ်းမှာပေါက်နေတဲ့ အင်ပင်ကို လေထဲကနေဆွဲယူပြီး အောင်မြတ်သာဆီ ပစ်လိုက်ရာ အင်ရွက်တွေက အလွန်ထက်တဲ့ ဓါးပြားတွေအဖြစ်ပြောင်းကာ တဝီးဝီးနဲ့ ဝင်လာခဲ့တယ်။

အောင်မြတ်သာလဲ သူ့ဆီဝင်လာတဲ့ ဓါးတွေကို ညာဘက်လက်နဲ့တားပြီး အောက်ကိုဆွဲချလိုက်ရာ ဓါးတွေအဖြစ်ကနေ အင်ရွက်တွေအဖြစ် ပြောင်းလဲ သွားခဲ့တယ်။

ဒုတိယအကြိမ်မှာတော့ မရဏက သူ့လက်ကိုဆန့်တန်းပြီး မန္တာန်တစ်ပုဒ်ကိုရွတ်လိုက်ရာ ကွင်းပြင်ဘေးပတ်ပတ်လည်မှာရှိနေတဲ့ ကျောက်ခဲတွေလေပေါ်ကိုမြောက်တက်လာခဲ့တယ်။ မရဏက ကျောက်ခဲတွေကို ‌အောင်မြတ်သာဆီ မပို့သေးပဲ လက်နဲ့ဖိချေသလိုလုပ်လိုက်ရာ လုံးဝန်းတဲ့ထိပ်ဖျားအပိုင်းတွေက အမှုန်တွေ ထွက်ကျလာပြီး ချွန်မြလာခဲ့တယ်။

“ ဒီတစ်ခါတော့ မင်းခန္ဓာကိုယ် ဇကာပေါက်ဖြစ်ပြီထင်တယ်”

မရဏက ရိသဲ့သဲ့ပြောရင်း အားကုန်ပစ်လွှတ်လိုက်ရာ ခဲချွန်တွေက မြှားတစ်စင်းလိုအရှိန်နဲ့ ခန္ဓာကိုယ်အနှံ့ကို တိုးဝင်လာခဲ့တယ်။

အောင်မြတ်သာလဲ အကာအကွယ်အဖြစ် ၃၆ကွက်ကိုယ်လုံအင်းကို‌ဆောင်ထားခဲ့ပေမယ့်

ခဲချွန်တွေကို အလုံးစုံမကာကွယ်နိုင်ခဲ့ပဲ ညာဘက်ပခုံးစွန်းထဲကို ခဲစအချို့စိုက်ဝင်သွားခဲ့တယ်။

“ သက်ခိုင်ပြောတဲ့အတိုင်း.. သူ့ပညာစွမ်းတွေ လျော့ချခံထားရတာပဲ”

ဒီတစ်ခါတော့ အောင်မြတ်သာ မထီပြုံးလေးပြုံးရင်း ပခုံစွန်းမှာစိုက်ဝင်နေတဲ့ ခဲချွန်ကိုဆွဲထုတ်ကာ မရဏရှိတဲ့ဘက်ကို ပစ်ပေးလိုက်တယ်။

“ မင်းရဲ့ပညာက မဟာမြိုင်တောကို ဝင်မွှေတုန်းကလောက်မစွမ်းတော့ပါလား၊ ဒါတောင် ကျုပ်ရဲ့ ကိုယ်လုံအင်းကို ဖောက်နိုင်သေးတာကို ချီးကျူးပါတယ်”

မရဏလဲ အောင်မြတ်သာ စကားကြောင့် ဒေါသထွက်သွားပြီး နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ဖို့ဟန်ပြင်လိုက်ရာ အရှိန်နဲ့ဝင်လာတဲ့ လောက်စာလုံးတစ်ခုက နဖူးကိုလာရောက် ထိမှန်ခဲ့တယ်။

အောင်မြတ်သာလဲ လောက်စာလုံး လာတဲ့ဘက်ကို လှည့်ကြည့်လိုက်ရာ လေးခွတစ်လက်ကိုကိုင်ပြီး ရပ်နေတဲ့ ဖိုးကတုံးကိုမြင်လိုက်ရတယ်။

မရဏလဲ ဆယ်ကျော်သက်အရွယ်ကောင်လေး တစ်ယောက်က သူ့ကိုထိခိုက်အောင်လုပ်လိုက်တာကြောင့် ဒေါသတစ်ကြီးအော်ဟစ်ပြီး စိတ်စွမ်းအားနဲ့ လည်ပင်းကိုညှစ်ဖို့လက်ကိုဆန့်တန်းလိုက်တဲ့အချိန် “ ရွှမ်း”ဆိုတဲ့အသံနဲ့အတူ ကြာပွတ်တစ်ချောင်းက သူ့လက်ကိုရိုက်ချတာခံလိုက်ရတယ်။

ထိုစဉ် နောက်ထပ် ကြာပွတ်တစ်ချောင်း ထပ်ဝင်လာပြီး မရဏရဲ့ လည်ပင်းကိုရစ်ပတ်ထားတာကြောင့် ဘေးကိုကြည့်လိုက်ရာ သက်ခိုင်နဲ့ တောက်ရတို့ ဖြစ်နေခဲ့တယ်။

“ ဆရာ… ဘာဖြစ်သွားသေးလဲ”

“ ကြီးမားတဲ့ဒဏ်ရာတော့မဟုတ်ပါဘူး၊ အခြားသူတွေရော ဘယ်လိုနေလဲ”

“ မရဏတပည့်တွေ ခြေဦးတည့်ရာပြေးကုန်လို့ အဖိုးတို့ လိုက်ဖမ်းနေပါတယ်”

သက်ခိုင်စကားကြောင့် မရဏက သူ့လူတွေကို ကြည့်လိုက်ရာ အဖမ်းခံရတဲ့သူတွေအပြင် ကြောက်လန့်တကြားထွက်ပြေးနေကြတဲ့သူတွေကို မြင်လိုက်ရတယ်။

“ အသုံးမကျတဲ့ကောင်တွေ… တောက်စ်”

မရဏက အံကိုကြိတ်ပြီး လည်ပင်းမှာရစ်ပတ်နေတဲ့ ကြာပွတ်ကို ဆောင့်ဆွဲလိုက်ရာ ဖြောင်းခနဲ ပြတ်ထွက်သွားခဲ့တယ်။ ထိုစဉ် တဘုတ်ဘုတ်နဲ့ပြေးလာတဲ့အသံကြားလို့ ကြည့်လိုက်ရာ ဟောဟဲလိုက်နေတဲ့ မောင်စမဖြစ်နေခဲ့တယ်။

“ ဟေ့ကောင်… မင်းငါ့ကို မှတ်မိလား”

မောနေတဲ့ကြားက လက်ညိုးထိုးပြီးမေးလိုက်တဲ့ မောင်စမစကားကြောင့် မရဏက မျက်မှောင်ကျုံ့ကာ စဉ်းစားလိုက်ပြီး

“ ဇရပ်ပေါ်ကလူမဟုတ်လား”

“ မင်းမဆိုးဘူး မှတ်မိသားပဲ၊ အဲဒီတုန်းက ငါတို့ကို အသေမသတ်ခဲ့တာ အခုနောင်တရနေပြီ မဟုတ်လား”

“ ဒါဆိုလဲ နောက်တစ်ကြိမ် ထပ်သတ်ပေးရတာပေါ့”

“ မင်းသတ်ချင်တိုင်း သတ်လို့ရအောင် ငါတို့က ကြက်ကလေး ငှက်ကလေးမှ မဟုတ်တာကွာ”

အသံက အောင်မြတ်သာတို့အနောက်ကနေ ထွက်လာတာကြောင့် ကြည့်လိုက်ရာ မောင်ကောင်းနဲ့ ခွန်းလှတို့ဖြစ်နေခဲ့တယ်။

“ ဆရာ… လွယ်အိတ်ထဲက သံသေဓါးနဲ့ နဂါးပတ်ကြိမ်ခဏငှားထားတယ်နော်”

‌မောင်ကောင်းက သံသေဓါးကို မြောက်ပြလိုက်သလို ခွန်းလှကလဲ နဂါးပတ်ကြိမ်ကို မြောက်ပြလိုက်တယ်။

“ မင်းတို့က ခြောက်ယောက်ပေါင်းပြီး ငါ့ကို တိုက်ကြမှာပေါ့လေ၊ အတော်ကို တရားမျှတတဲ့ တိုက်ပွဲပါလား”

“ တရားမျှတမှုဆိုတာ မင်းလိုကောင်အတွက်မရှိဘူးကွ”

မောင်ကောင်းက စကားဆုံးတာနဲ့ သံသေဓါးနဲ့ ပြေးခုတ်ပါလေရော။ ဒါပေမယ့် ဓါးက မရဏရဲ့ကိုယ်ကိုထိပြီး အနောက်ကို ပြန်ကန်ထွက်သွားခဲ့တယ်။

ခွန်းလှကလဲ နဂါးပတ်ကြိမ်နဲ့ လှမ်းရိုက်ရာ မရဏက လက်တစ်ဖက်နဲ့ဆုပ်ကိုင်ပြီး ဘေးကိုပစ်ထုတ်လိုက်တယ်။

ထိုစဉ် မရဏရဲ့ ခန္ဓာကိုယ်အနှံ့ကို လောက်စာလုံးတွေ လာထိမှန်လို့ အောင်မြတ်သာတို့ အနောက်ကိုလှည့်ကြည့်လိုက်ရာ လွယ်အိတ်ထဲက ‌လောက်စာလုံးတွေကို အဆုပ်လိုက်ကိုင်ပြီး တဒေါင်ဒေါင်နဲ့ပစ်နေတဲ့ ဖိုးကတုံးကိုမြင်လိုက်ရတယ်။

“ ဆရာတို့ ဒီကောင်ကို ဖမ်းကြလေ… ကျွန်တော်အနောက်ကနေ ကာပစ်ထားပေးမယ်”

မရဏအနေနဲ့ ကျန်တဲ့အရာတွေကို ရှောင်တိမ်းလို့ ရပေမယ့် ဖိုးကတုံးရဲ့ လေးခွကိုမရှောင်နိုင်တဲ့ အတွက် ဒေါသကအထွဋ်အထိပ်ကိုရောက်လာပြီး မာန်သွင်းကာ ရှေ့ကိုပြေးဝင်လာခဲ့တယ်။

ထိုစဉ် ခြောက်ယောက်လုံးရဲ့နားထဲမှာ “ဆဌဂံပုစံနေရာယူပြီး လက်ညိုးနဲ့မြေကြီးကို ‌ထောက်ချလိုက်” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

“ ဆရာတော်ရဲ့အသံပါလား… ဒါ ငါတို့ကို ခြောက်ကွက်အင်းကို ပုံဖော်ခိုင်းတာပဲ”

အောင်မြတ်သာက သဘောပေါက်စွာရေရွတ်ရင်း ကျန်တဲ့သူတွေကိုဆဌဂံပုံစံနေရာယူခိုင်းကာ မြေကြီးထက်မှာတင် စမအက္ခရာတစ်လုံးစီကို ညာဘက်လက်ညိုးနဲ့ရေးဆွဲစေခဲ့တယ်။

ထိုသို့ရေးဆွဲပြီးတဲ့ချိန်မှာပဲမီးတောက်မီးလျှံတွေ

ပါတဲ့အက်ရာကြီး ခြောက်ခုဖြစ်ပေါ်လာပြီး ပြေးဝင်လာတဲ့ မရဏဆီကို ဦးတည်ရွေ့လျားသွားခဲ့တယ်။

ငရဲမီးတမျှပူလောင်တဲ့အရှိန်ကြောင့် မရဏခြေလှမ်းတွေ တုန့်ခနဲရပ်လိုက်ချိန်မှာတော့ မြေကြီးထဲကနေ ထွက်နေတဲ့ မီးလျှံတွေက ဒူးဆစ်အထိရောက်လာခဲ့သလို ခြေထောက်ကလဲ ရှေ့ကိုဆက်တိုးလို့မရတော့ပေ။

မရဏကတော့ လက်မလျော့ပဲ လွတ်နေတဲ့ လက်နှစ်ဖက်နဲ့ ခြေထောက်ကိုဆွဲနှုတ်ဖို့ကြိုးစား ခဲ့ရာ မီးတောက်တွေက လက်တွေကိုပါကူးစက်လာ ခဲ့တာကြောင့် ခြေရောလက်ရော တုပ်ပြီးချုပ်ပြီး ဖြစ်သွားခဲ့တယ်။

“ ထွီ… သရဲဘောကြောင်တဲ့ကောင်တွေ၊ သတ္တိရှိရင် ငါ့ကိုလွှတ်ပေးစမ်း… လွှတ်ပေးကြစမ်း”

မရဏက အသံကုန်အော်ဟစ်သောင်းကျန်နေတဲ့ အချိန် မောင်စမ အနားကိုကပ်သွားပြီး မျက်နှာကို ဖြောင်းခနဲကန်ချလိုက်တယ်။ ပြီးတာနဲ့ မိုးပေါ်ကို မော့ကြည့်ပြီး

“ မြဒင်ရေ မင်းအတွက် ငါတို့လက်စားချေပြီးပြီ ဖြစ်လို့ ရောက်ရာအရပ်မှာ အဆင်ပြေပါစေကွာ” လို့ရေရွတ်လိုက်ပါတော့တယ်။

ထိုစဉ် နတ်ဖွက်ရွာထဲမှာ ဖမ်းထားတဲ့ ပညာသည်တွေကို ကြိုးနဲ့တုပ်ကာခေါ်ဆောင်လာတဲ့ ရွာသားတွေကိုမြင်လိုက်ရတယ်။ အနားရောက်တော့ အဖိုးက အောင်မြတ်သာဆီလျောက်လာပြီး

“ ဆရာ… ဒီလူနဲ့အပေါင်းအပါတွေကို ရွာရဲ့ဓလေ့အတိုင်း စီရင်ခွင့်ပြုပါ”

“ အချိန်ဆွဲမယ်ဆိုရင်တော့ ကျုပ်ခွင့်မပြုနိုင်ဘူးအဖိုး၊ တကယ်လို့ စီရင်ချင်တယ်ဆိုရင် ကျုပ်တို့အရှေ့မှာ လုပ်ပါ”

“ ဆရာတို့ရှေ့မှာပဲ စီရင်မှာပါ”

အဖိုးက စကားဆုံးတာနဲ့ အင်းစမတွေ ရေးဆွဲထားတဲ့ ပိတ်ဖြူတစ်ထည်ကို မရဏကိုယ်ပေါ်ခြုံပေးလိုက်ပြီး ရွာအကြီးအကဲသုံးယောက်နဲ့အတူ လေးဘက်လေးတန်ထိုင်လိုက်ကြတယ်။ ပြီးတာနဲ့ ပိတ်စအစွန်းကို တစ်ယောက်စီကိုင်ပြီး ပညာနှုတ်တဲ့ဂါထာကို အဆက်မပြတ်ရွတ်ပါလေရော။

ဂါထာတစ်ခေါက်ဆုံးတိုင်း မရဏရဲ့‌အသဲခိုက်အောင် နာကျင်တဲ့အော်သံထွက်လာသလို

ကိုယ်ထဲမှာရှိတဲ့ ပညာစွမ်းတွေကလဲ

ပိတ်စထဲကို ရိပ်ခနဲရိပ်ခနဲ ဝင်နေခဲ့တယ်။ ဂါထာ၃၇ခေါက်ရွတ်ဖတ်ပြီးချိန်မှာတော့ မရဏရဲ့ပါးစပ်ထဲကနေ သွေးမဲမဲတွေ ပွက်ခနဲ ပွက်ခနဲအန်ရင်း “ ငါတစ်နေ့ပြန်လာမယ်” ဆိုတဲ့စကားကိုပြောကာအရုပ်ကြိုးပြတ်လဲကျသွားတာကို အောင်မြတ်သာတို့ မြင်လိုက်ရတယ်။

“ စမ… သူအသက်ရှိမရှိ စမ်းကြည့်လိုက်”

မောင်စမလဲ အသက်ရှိမရှိစမ်းကြည့်ရာ အသက်ငွေ့ငွေ့တောင် မရှိတော့ဘူးဆိုတာသိလိုက်ရတယ်။

“ အသက်မရှိတော့ဘူးဆရာ”

အောင်မြတ်သာက သေချာအောင် ကိုယ်တိုင်စမ်းကြည့်တော့လဲ အသက်ကြိုးက လုံးဝပြတ်တောက်နေတာသိလိုက်ရတယ်။

“ သူ့ရဲ့နောက်လိုက်တွေကိုအဖိုးတို့ပဲ သင့်တော်သလို စီစဉ်လိုက်ပါ”

“ စိတ်ချပါဆရာ… သူတို့ကို အပြစ်မပေးရင်

ဒီညတိုက်ပွဲမှာ အသက်ပေးခဲ့ရတဲ့ ရွာသူရွာသားတွေက ကျုပ်တို့ကို ကျိန်ဆဲနေပါလိမ့်မယ်”

“ သေဆုံးခဲ့ရတဲ့သူတွေအတွက် စိတ်မကောင်း ဖြစ်မိပါတယ်အဖိုး”

“ ဆရာတို့ကူညီပေးလို့သာ ဒီလောက်ပဲ ထိခိုက်ခဲ့တာမဟုတ်လား၊ နောက်ဆိုရင် တစ်ရွာလုံး ပြာတောင်ကျန်မှာမဟုတ်ဘူး၊ ကဲကဲ ဆရာတို့လဲ ပင်ပန်းနေပြီဆိုတော့ အနားယူဖို့ ကြွကြပါဦး”

အောင်မြတ်သာတို့ ရွာထဲပြန်ရောက်ချိန်မှာတော့ ပုန်းခိုနေကြတဲ့သူတွေ တစ်ဖွဲဖွဲပြန်လာနေတာကို မြင်လိုက်ရတယ်။

“ ဆရာ… ဒီကနေ ပြန်ထွက်ရင် ကျွန်တော်တို့ ကိုယ့်နေရာကိုယ်ပြန်ကြရမှာလား”

မောင်စမရဲ့စကားကို အောင်မြတ်သာက ချက်ချင်းပြန်မဖြေပဲ စဉ်းစားနေပြီးကာမှ

“ မင်းမပြန်ချင်ရင် ငါက အတင်းပြန်မပို့ပါဘူး”လို့ပြောကာ သက်ခိုင်တို့ရှိတဲ့ဘက်ကို ထွက်သွားခဲ့တယ်။

မောင်စမကတော့ အနားမှာနေဖို့ ခွင့်ပြုချက်ရသွားခဲ့ပေမယ့် သက်ခိုင်နဲ့ တောက်ရ ကတော့ သူတို့နေထိုင်ရာ မဟာမြိုင်တောထဲကို ပြန်ရတော့မှာမို့ အောင်မြတ်သာကို ငိုကြွေးရင်း ကန်တော့နေကြလေရဲ့ဗျာ။

+++++++

မြူခိုးတွေ ဖုံးလွှမ်းနေတဲ့ လွင်တီးခေါင်ပြင်ထဲမှာတော့ မရဏတစ်ယောက် ခြေဦးတည့်ရာလျောက်သွားနေခဲ့တယ်။ သူ့တစ်ကိုယ်လုံးမှာတော့ သွေးသံတရဲရဲနဲ့ ဒဏ်ရာတွေအပြည့်ဖြစ်နေပြီး မျက်လုံးကလဲ ကြောက်လန့်နေတဲ့ဟန်နဲ့ ဘေဘီကို လိုက်ကြည့်နေခဲ့တယ်။

ထိုစဉ် ကျယ်လောင်စွာထွက်ပေါ်လာတဲ့ ခွေးဟောင်သံကြောင့် ဖင်ထိုင်လျက်လဲကျသွားခဲ့သလို ခွေးနက်ကြီး တစ်ကောင်သူ့ရှေ့မှာ ဘွားခနဲပေါ်လာခဲ့တယ်။

ဒီကိုစရောက်ထဲက ခွေးနက်တွေလိုက်ဆွဲလို့ပြေးနေရတဲ့ မရဏတစ်ယောက် အခုလဲ ခွေးနက်တစ်ကောင်က သူ့ရှေ့မှာပေါ်လာခဲ့တာမို့ မျက်စိကိုစုံမှိတ်ရင်း အနောက်ကိုဆုတ်သွားတဲ့အချိန် တဂိန်ဂိန်နဲ့ အော်ပြီး ထွက်ပြေးသွားတဲ့အသံကို ကြားလိုက်ရတယ်။ ဒါကြောင့် မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ ပုဆိုးတိုတိုဝတ်ထားတဲ့ လူတစ်ယောက် သူ့ရှေ့မှာရပ်နေတာမြင်လို့ ဝမ်းသာအားရနဲ့ ကုန်းထလိုက်တဲ့အချိန်

“ မင်္ဂလာပါမရဏရေ… မြဒင်ရဲ့ပိုင်နက်ထဲကနေ ကြိုဆိုပါတယ်ကွာ” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

+++++++

အောင်မြတ်သာတို့ နတ်ဖွက်ရွာကနေ ထွက်လာပြီးချိန်မှာတော့ မြဒင်နေထိုင်ရာ အရပ်ဒေသဖြစ်တဲ့ ထန်းလုံးဖြူကျေးရွာကို ရောက်ရှိခဲ့တယ်။

ထန်းလုံးဖြူရွာကိုရောက်လာတဲ့အကြောင်းက ဘာများဖြစ်မလဲ၊ မြဒင်နဲ့ရော ဘယ်လိုပတ်သတ်နေမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် လွမ်းငွေ့ဝေဝေဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးပါဦး။

လေးစားစွာဖြင့်

ဇေယန(ရာမည)