ကျက်ပြေးကုန်း

မောင်ရင်လောင်း တစ်ယောက် တောင်ပါသေး..
၀ါးလက်ခုပ်တွေတီးတဲ့သူကတီး ဗုံတွေတီးတဲ့သူ
ကတီး ကတဲ့သူက ကကြနဲ့ ပျော်စရာကြီးလို ဖြစ်နေ တယ်။
ဦးထွန်းရီ စဉ်းစားလိုက်တော့ အချိန်ကလည်း ညအချိန်မတော်…
ဒီအချိန်ကြီး ရှင်လောင်းလှည့်တယ်လည်း မကြားဖူး ပါဘူး။ ဒါဆို ဒီလူတွေက ဘုရား…ဘုရားး
ငါကြားဖူးတဲ့ ကျတ်တွေများဖြစ်နေမလား…
လူအုပ်ကြီးကလည်း ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။
သူတို့ပဲရှိတယ်အထင်နဲ့ ကခုန်တီးမှုတ်ပြီး သွားနေ ကြတာ။ သွားနေရင်း တိုက်ဘေးက မျက်ကွယ်ကွေ့ လည်းရောက်ကော ဆိုင်းသံကော လူတွေပါ ရုတ် တရက် ပျောက်ချင်းမလှ ပျောက်ကုန်ပါလေရောဗျာ။
ဦးထွန်းရီလည်း အဲဒီတော့မှ သဘောပေါက်ပြီး ကမန်းကတန်း တံခါးချက်ချ  တရားခွေဖွင့်ပြီး အိပ်ချလိုက်တယ်။
……
ဒုတိယည..
ဦးထွန်းရီတစ်ယောက် သူ့နေရာ ၀ရန်တာလေးမှာ ထိုင်ပြီးဆေးလိပ်သောက်နေချိန်…တိုက်ရှေ့ ပလက် ဖောင်းလမ်းဘေးမှာ မိန်းကလေးတစ်ယောက်၊ လက်ထဲမှာလည်း ကလေးတစ် ယောက်ကို ချီထား သေးတယ်။ ဖြည်းဖြည်းချင်းလျှောက်လာရင်း ဦးထွန်းရီ ထိုင်နေတဲ့ ၀ရန်တာကို လှမ်းကြည့်နေ တာ။
ဦးထွန်းရီလည်း အနီးအနားက အလုပ်သမားတန်း လျားကဖြစ်မယ်ပေါ့။
ကြည့်နေရင်း ကြည့်နေရင်း ရပ်နေတဲ့မိန်းကလေးက တစ်စုံတစ်ယောက်ကို လှမ်းခေါ်လိုက်သလို အမူအရာကို တွေ့လိုက်တယ်။ ခဏနေတော့ ယောင်္ကျား ၂ယောက် အရှေ့တိုက်ကြားထဲကနေ ထွက်လာတာ.တွေ့ရတယ်။ နောက် မကြာဘူး တဖြည်းဖြည်း လူတွေများများလာတာ အယောက် ၃၀လောက်.ဖြစ်လာကြတယ်။ တစ်စုံတစ်ခုကို မကျေနပ်တဲ့ အမူအရာတွေကိုလည်း မြင်တွေ့ရ တယ်။
တစ်ချက်တစ်ချက် တောက်ခတ်သံတွေက တိတ်ဆိတ်နေတဲ့အချိန် အတိုင်းသားကြားနေရ တယ်။ ဦးထွန်းရီ ဘေးတိုက်တွေကို ကြည့်လိုက် တော့လည်း ဘယ်သူမှအပြင်မှာမတွေ့ သူတစ်ယောက်တည်း..လူအုပ်ကြီးကလည်း သူ့ကို ကြည့်ပြီး ဒေါသတွေ ထွက်နေကြတာ။
မီး၀င်း၀င်းတောက်နေတဲ့ မျက်လုံးတွေနဲ့ လက်ညှိုး ထိုးပြီး တစ်ခုခုပြောနေသလိုလို……
တစ်အောင့်လောက်ကြာတော့ လူအုပ်ကြီးက တဖြည်းဖြည်းပျောက်ပျောက်သွားကြတယ်။
…..
နောက်နေ့ ဘေးအခန်းက လူတွေကို ပြောပြတော့ ဒီနေရာက အရင်က ကျတ်ကုန်းလို့ပြောတာ ကြားဖူး တယ်တဲ့။ အဲဒါဆို ဦးလေးတွေ့တာ ကျတ်တွေဖြစ် မှာပေါ့။ နောက်ဆို ညဘက်တွေ အပြင်မထွက်နဲ့ဆို ပြီး ပြောကြတယ်။ ဦးထွန်းရီလည်း ည၇နာရီထိုး တာနဲ့ အိမ်တံခါးပိတ်ပြီး အထဲမှာပဲ နေတော့တယ်။
တိုက်ခန်းတွေကလည်း လူတွေမစုံသေးတော့ လွတ်တဲ့အခန်းတွေက လွတ်နေသေးတယ်။
ဦးထွန်းရီက ဒုတိယအလွှာမှာနေတော့..
အပေါ်ထပ်အခန်းမှာ ဘယ်သူက ဘယ်အခန်းနေ တယ်ဆိုတာ သိနေတယ်။
ဦးထွန်းရီအခန်းအပေါ်ထပ်က လူမနေသေးတော့ အခန်းလွတ်ဖြစ်နေတာပေါ့။
ဦးထွန်းရီလည်း ညညဘက်တွေဆို ပဌာန်းတွေဖွင့် ပရိတ်တရားတော်တွေဖွင့်ပြီး အိပ်တတ်တယ်။
သားနဲ့ချွေးမကတော့ တစ်ခန်းပေါ့။ တစ်ညမှာတော့ တရားခွေဖွင့်ပြီး အိပ်မလို့ ခြင်ထောင်ထောင်နေတဲ့ အချိန် ..
အပေါ်ထပ်အခန်းမှာ လင်မယားစကားများသံလိုလို
တစ်စုံတစ်ခုကြောင့် စကားများနေသလိုလို ကြားရ တယ်။ ခဏနေတော့ ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ သောင်း ကျန်းပါလေရော။ဦးထွန်းရီက လင်မယားအချင်းချင်း စကားများတယ်ပဲ ထင်နေတာပေါ့။ ဘယ်အခန်းက မှန်းလည်း မသိဘူး။ အဲဒါနဲ့ သားကိုနှိုးပြီး ဓါတ်မီး တစ်လက်နဲ့ အပေါ်ထပ်ကို တက်လာလိုက်တယ်။
ဘယ်အခန်းကလဲ နားထောင်တော့ အသံက တိတ် သွားတယ်။ အခုကျတော့လည်း ဘာသံမှမကြားရ တော့ဘူး။  အပေါ်ထပ်လည်းရောက်ကော…
“အဖေ…အဖေ ဟိုမှာ ဟိုမှာ လူတစ်ယောက် ၀ရန် တာမှာ..”
ဦးထွန်းရီ လှည့်အကြည့်  ၀ရန်တာကလူက ဝုန်းဆို ခုန်ချသွားပါလေရော။တားချိန်တောင်မရလိုက်ဘူး။
ဦးထွန်းရီ ဘေးအခန်းတွေကိုခေါ်နှိုးပြီး ကျတဲ့နေရာ ကို သွားကြည့်တော့..ဘာမှမတွေ့ဘူး..
ခုနကလူလည်းမတွေ့သလို ကျတဲ့နေရာမှာလည်း ဘာအစအနမှမကျန်ခဲ့ဘူး။တစ်တိုက်လုံးကလူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ တစ်ယောက်တစ် ပေါက် ပြောနေရင်း…
“အားးးးး ဟိုမှာ ဟိုမှာ ဟိုမှာ လူတစ်ယောက် ကြိုး တန်းလန်းနဲ့ သေနေတယ် ..အား…ကြောက်တယ် ကြောက်တယ်”
ဆိုပြီး ဦးထွန်းရီ ချွေးမက ထအော်ပါလေရော။
“ဘယ်မှာလဲ ဘယ်မှာလဲ…”
“ဟိုမှာ…ဟိုမှာ တိုက်အရှေ့က သရက်ပင်မှာ တန်း လန်းကျနေတာ ..အီးးဟီးးဟီးး…ကြောက်တယ်.. ကြောက်တယ်”
လူတွေကြည့်တော့လည်း ဘာမှမတွေ့။
သူတစ်ယောက်ပဲတွေ့နေရတယ်။
အဲဒီနေ့ညက အကုန်လုံး ထိတ်လန့်ခဲ့ရတယ်။
တစ်ညလုံး ဘယ်သူမှ မအိပ်ရဲလောက်အောင် ချောက်ချားခဲ့တာ ။
…..
ကျွန်တော်လဲ ဦးထွန်းရီ ပြောပြတာ နားထောင်ရင်း အအေးတစ်ဗူးဖောက်လိုက်တယ်။
“ဦးလေး ဒါဆို ဦးလေးတို့ ဘယ်လိုဆက်နေကြလဲ”
“မနေတော့ဘူးလေ.. ဌာနကို ပြောပြီး တစ်တိုက်လုံး ပြောင်းကြတာ”
“အခုကော ခြောက်သေးလား”
“အခုတော့ မခြောက်တော့ဘူးလို့ ပြောတာပဲ
အဲဒီတုန်းက အစဆိုတော့ နယ်မြေတွေ အရမ်းကြမ်း တာလေ နောက်ပိုင်း လူတွေများလာတော့ ခြောက် တယ်လုိ့ မကြားတော့ဘူး အရင်ကဆို အလှူ လုပ် တရားနာဖို့ ဘုန်းကြီးတွေ မရှိကြဘူးလေ ခုနောက် ပိုင်းမှ ဘုန်းကြီးကျောင်းတွေ ရှိလာတာ”
….
“အဲဒါဆို ဦးလေးတို့ တိုက်ပြောင်းတော့ကော ဘာတွေကြုံရသေးလဲ”
“တိုက်ခန်းအသစ်ပြောင်းတော့လည်း ကြုံရတာပဲ..”
“ဘယ်လိုကြုံရတာလဲ ဦးလေး..”
“အဲဒီတိုက်မှာက ဦးလေးနေတဲ့ အခန်းမှာကို ခြောက်ခံထိတာ..ဖြစ်ပုံကဒီလို..အခန်းပြောင်းလာ တော့ လူတစ်ခါမှမနေရသေးတဲ့ အခန်းဆိုတော့ အိမ်သုတ်ဆေးတွေ သစ်သား အတိုအစတွေနဲ့ ရှုပ်ပွနေတာပေါ့ တိုက်မှာက အပေါ်ဆုံးထပ်မှာ ရေစင်ကြီးရှိတယ် အောက်ထပ်ကနေ ရေတင်တင် ပေးရတယ် ဦးလေးတို့က ရေတင်ရတဲ့ အောက်ထပ် မှာ နေရတာ ရေပြည့်ရင် မိန်းခလုတ်လေးကို ပိတ် ပေးရတယ် ရောက်တဲ့ညမှာပဲ..အခန်းထဲမှာ အိပ်နေ ရင် အပြင်မှာ တစ်ယောက်ယောက် လျှောက်သွား နေသလိုပဲ ခြေသံက အတိုင်းသားကြားနေရတယ်
ဦးလေးသားလားလို့ ထကြည့်တော့လဲ မဟုတ်ဘူး ခဏနေရင် ရေစက်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်တာ ပဲ အိမ်ရှေ့ကကုလားထိုင်တွေကိုလည်းရွှေ့တဲ့အသံ တွေ ကြားရတယ် ဦးလေးလည်း သားနဲ့ချွေးမ ကြောက်မှာစိုးလို့ မပြောဘူး နောက်နေ့တွေလည်း ဒီတိုင်းပဲ ဒါပေမယ့် သူက အေးဆေးသမားဖြစ်ပုံရ တယ် အကောင်အထည်တော့မပြဘူး သားနဲ့ချွေးမ က အလုပ်သွားရင် ဦးလေးက တစ်ယောက်တည်း ကျန်ခဲ့တာလေ အဲဒီအချိန်တွေဆို ဦးလေးအပြင်မှာ ရှိရင် အခန်းထဲမှာ တစ်ယောက်ယောက်ရှိနေသလို ခံစားရတယ် အခန်းထဲမှာနေတော့လည်း အပြင်မှာ လျှောက်သွားနေတဲ့အသံကြားရပြန်ကော ကျန်တာ တော့ မမြင်ရဘူး နောက်စုံစမ်းလို့ သိရတာတော့ အရင်က ဒီတိုက်ဆောက်တုန်းက အခုနေတဲ့အခန်း မှာ အလုပ်သမားတစ်ယောက်ဆုံးဖူးတယ်တဲ့ ရေ စက် မီးပလပ်ပြင်နေတုန်း ဓါတ်လိုက်ပြီး ဆုံးတာတဲ့ နောက်တော့ သံဃာတော်တွေပင့်ဖိတ် အိမ်တက် ဘုရားကနေကဇာတင် ပရိတ်တွေ ရွတ်လိုက်မှ မကြားရတော့တာ……”
“ဟူးးး တော်တော်ကြမ်းတာပဲနော် ကြားရတာတွေ က ကျောအေးစရာပဲ ဦးလေး ခုလိုပြောပြပေးလို့ ကျေးဇူးပဲ ကျွန်တော့်အတွက် နေပြည်တော်လာတဲ့ အချိန် ဗဟုသုတတစ်ခုတိုးတာပေါ့ဗျာ နေလည်း စောင်းပြီဆိုတော့ ကျွန်တော်ပြန်လိုက်ဦးမယ် နောက်မှပြန်ဆုံမယ်ဦးလေး”
ဆိုပြီး လှည့်အထွက် အိမ်ပေါက်၀မှာ…… “သူငယ်ချင်းပြန်တော့မလို့လား ငါတို့စျေးသွား၀ယ် နေတာ အိမ်တံခါးပိတ်ဖို့ မေ့ခဲ့တယ် မင်းစောင့်နေ တာ ကြာနေပြီလား”
“မကြာပါဘူးကွာ ဦးလေးနဲ့ စကားထိုင်ပြောနေတာ”
“ဟင်.. ဘယ်သူနဲ့လဲ”
“ဦးထွန်းရီတဲ့ နင့်အဖေလေ ..အဘရောက်နေတာ မင်းကပြောတောင်မပြောဘူး ငါတောင် ဒီရောက်မှ သိရတာ”
“သူငယ်ချင်း ..အဖေဆုံးသွားတာ ဒီနေ့ဆို ၂လပြည့်ခဲ့ပြီ..”
“ဒါဆို…ဒါဆို ခုနကတွေ့ခဲ့တာက…..”

လေးစားစွာဖြင့်
#ဇေယန ( ရာမည )

(Like & Share ပေးသွားခဲ့ကြပါဗျ)