အသက်သွင်းလိုက်၏။ ခဏ၌ မြေပုံအားလုံးဆီမှ အလောင်းကောင်အရိုးစုတို့ကိုယ်စီထလာပြီး စုန်းမကြီးရှိရာသို့ဦးတည်လာကြ၏။
” ဟားဟားဟား…. ကလေးအကွက်တွေမသုံးစမ်းပါနဲ့ကဝေကောင်ရာ…ဒီအလောင်းကောင်လောက်တော့ မယ်ဆုံဆိုတဲ့ကျုပ်က ဟောသလိုဟောသလို လုပ်ပစ်လိုက်မှာ…”
ဆိုကာ ပါးစပ်၌တတွတ်တွတ်ရွတ်ပြီး လက်ဝေ့ယမ်းလိုက်ရာ အရိုးစုတို့မှာ မြေကြီးပေါ်သို့ လဲကျကာတစစီဖြစ်သွားကုန်၏။
” ဟားဟားဟား…. ဟားဟားဟား ”
” နင့်ကိုငါက ပညာသည်အချင်းချင်းမို့ညှာနေတာကို နင်က ကန်းတက်တယ်ပေါ့…သေစမ်းကောင်မ….”
ဆိုကာကဝေမြင့်မောင်သည် ကိုယ်ဖျောက်ပြီး စုန်းမကြီး၏ နောက်ကျောကို ကဝေစက်ဖြင့်ဘုန်းခနဲရိုက်ထည့်လိုက်၏။
” အား..”
” ဝေါ့….”
ကဝေကောင်လက်ချက်ကြောင့် စုန်းမကြီးမယ်ဆုံမှာ မြေပေါ်မှောက်ကျသွားပြီး စားထားသောအသားများပြန်အန်ကျလာကုန်၏။
” နင်နင်….သိပ်ကောက်ကျစ်တာဘဲ….မိန်းမ တစ်ယောက်ကိုအလစ်ဝင်တိုက်ရတယ်လို့….”
” နင်လျှာမရှည်နဲ့ ကောင်မ…နင့်တို့လိုစုန်းတွေကိုငါသတ်လာတာမနည်းဘူး…..ပေးစမ်းနင်ပညာဘူးတွေ…”
” မပေးနိူင်ဘူး….အား….အု…အု….”
” အတော်ရှည်တဲ့လျှာ….”
စုန်းမကြီးပြော၍ပင်မပြီးသေး ကဝေကောင်သည်စုန်းမကြီး၏လျှာကို ဆွဲထုတ်ကာ ခါးမှတံစူးဝါးဓားမြှောင်ဖြင့်တိခနဲဖြတ်ချပြီး ဝါးစားပစ်လိုက်၏။
” အား……ဆွေး…ဆွေး…ဆောင်…”
” ဟားဟားဟား…. ပေးစမ်း…နင့်ပညာဘူးတွေ….နင့်ပညာဘူးတွေရမှ ငါ့မျက်နှာကအနာရွတ်တွေကုနိူင်မှာပေးစမ်း…”
လျှာပြတ်သွားသဖြင့် စုန်းမကြီးမှာစကားပြော၍မပီတော့ချေ။ ခွေးကောင်ဟုဆဲချင်သော်လည်း စကားမပီတော့ဘဲ ဆွေးဆောင်ဟုသာထွက်သွားလေ၏။
” ဥုံ…. ”
ကဝေကောင်က တဟားဟားရယ်မောပြီး စုန်းမကြီး၏ ခေါင်းကိုကိုင်ကာ ပညာဘူးနူတ်ယူရန်လုပ်၏။
” ဝ…ဝ…ဝုတ်..နဲ့….”
” ဝေါင်း…ဝေါင်း…ဝန်…ဝါ…ဝယ်…”
ထိုစဥ် စုန်းမကြီးက ကဝေကောင်၏ခြေထောက်ကိုဖက်ပြီး ဝူးဝူးဝါးဝါးပြောဆိုနေသဖြင့် မန္တာန်ကိုရပ်လိုက်ကာ
” ဘလဲကောင်မ….နင်ဘာပြောချင်တာလဲ….နင့်ရဲ့နောက်ဆုံးဆန္ဒကိုငါဖြည့်ဆည်းပေးမယ်….ပြောစမ်း….”
” ဝါ့….ဝါ့…စီဝျာဝို…. ”
” ဟာ….ပီအောင်ပြောစမ်း..နင့်နူတ်ကနေမပြောနဲ့…. စိတ်ထဲကနေပြောစမ်း… ”
မပီကလာစကားကြောင့်ကဝေကြီးမှာစိတ်မရှည်တော့ဘဲ ပါးစပ်ကိုအာစေးထဲ့လိုက်ကာ စိတ်ထဲမှပြောစေ၏။ စုန်းမကြီးလည်း စိတ်ထဲမှ
” ငါ့…ငါ့ပညာဘူးကိုမယူပါနဲ့….ငါ့ပညာမရှိရင် စုန်းလောက ကလူတွေငါ့ကိုအနိူင်ကျင့်ကြလိမ့်မယ်….ချမ်းသာပေးပါ….”
” ဪ…ဒါပြောချင်တာလား…ဟားဟားဟား… အလကားတော့ဘယ်ရမလဲကွ… နင်ငါ့ကိုဘာပြန်ပေးမလဲ…နင့်အသက်အတွက်အလဲအထပ်သဘောပေါ့…..”
” နင်ခိုင်းတာအကုန်ငါလုပ်ပေးပါ့မယ်…..”
” ဟား….ကြိုက်ပြီ…ငါကြိုက်ပြီ…ဒါဆိုရင် နင်ငါ့အတွက်တစ်ခုလုပ်ပေးရမယ်….”
” ငါ့ပညာဘူးဖြစ်တဲ့ငါ့အသက်ကိုချမ်းသာပေးရင်ဘာမဆိုလုပ်ပေးပါ့မယ်….”
” အေးဒါဆို ငါ့ကိုလူကိုးယောက်ရဲ့အဆီအသွေးတွေကိုငါ့ကိုယူလာပေး…အဲဒီကိုးယောက်ဟာနေ့နံမတူတဲ့ အရွယ်သုံးပါးထဲကဖြစ်ရမယ်….ဘယ်လိုလဲနင်လုပ်နိူင်လား….. ”
ကဝေကြီးစကားကြောင့်စုန်းမမှာ ခေတ္တတိတ်ဆိတ်သွား၏။
” ဘာလဲ.. နင်မလုပ်နိူင်ဘူးမလား….ဒါဆိုလည်း နင့်ရဲ့ရွေးချယ်မှုဘဲပေါ့….”
ဆိုကာစုန်းမ၏ခေါင်းကိုထပ်မံကိုင်ပြီး ဂါထာမန္တာန်ရွတ်ရန်ပြင်၏။ စုန်းမကြီးလည်း ထိတ်လန့်သွားကာ
” လုပ်….လုပ်ပေးပါ့မယ်….ဒါပေမဲ့ ကျုပ်ကစကားပြောလို့မရတော့ဘူးဆိုတော့ ကျုပ်ကို ဟိုကောင်မရဲ့ဝိဉာဥ်ချုပ်ပြီး ကျုပ်ရဲ့အစောင့်အဖြစ်ထားခွင့်ပေးပါ….”
” အေးရတယ်….စောစောကမီးနေသည်မကိုလိုချင်တာမလား….ရတယ်…..ဟိုကောင်မလာခဲ့စမ်း ”
ကဝေကောင်ကထိုသို့ခေါ်လိုက်ရာ မီးနေသည် သရဲမမှာသူတို့အနားသို့ရှပ်တိုက်ပြီးလွှင့်လာ၏။
” ဘာလဲ ငါ့ကိုခေါ်တာ…”
” လျှာမရှည်နဲ့ ငါဖြတ်ရိုက်လိုက်လို့ နောက်တစ်ခါထပ်သေ သွားမယ်…နင်ဒီကောင်မနောက်ကိုလိုက်စမ်း….သူခိုင်းတာအကုန်လုပ်ပေးလိုက်ကြားလား… ”
” မလုပ်ပေးနိူင်ဘူး…ဒီကောင်မက ငါ့ကိုလည်းရိုက်သေးတယ်…ငါ့အသားလည်းစားသေးတယ်….”
” တယ်….ငါလုပ်ထဲ့လိုက်ရ….ငါကလိုက်ဆိုလိုက်သွား….”
ကဝေကောင်ကိုကြောက်ရသဖြင့် မီးနေသည်သရဲမမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ခေါင်းငြိမ့်လိုက်ရ၏။ ကဝေကောင်လည်း မီးနေသည်ကလောင်းထံမှ ဆံပင်နှင့် လက်သန်းရိုးကိုယူကာ မီးနေသည်ထဘီစနှင့်ပတ်လိုက်ပြီး စုန်းမကြီးကိုပေးလိုက်၏။
” နင့်ကတိတည်ပါစေ….နင့်ကတိတည်ရင် ငါ့ကိစ္စပြီးတာနဲ့နင်လိုရာသွားလို့ရပြီ….ဒီလိုမှမဟုတ်ဘဲ ငါ့ကိုသစ္စာဖောက်လို့ကတော့ နင့်ကိုခုနှစ်ဘဝ ခုနှစ်ကြိမ်တိတိငါသတ်မှာ…ကြားလား…”
” ဟုတ်…ဟုတ်ကဲ့…”
” သွားတော့….”
ကဝေကသွားခွင့်ပြုလိုက်သည်နှင့် စုန်းမကြီးလည်း ထဘီကိုခြုံကာ တောကျီးကန်းအဖြစ်ပြောင်းပြီး ပျံပြေးသွားတော့၏။
” ဟားဟားဟား…. ဟားဟားဟား…”
ကဝေကောင်မှာတဟားဟားရယ်ရင်း သုဿန်ထဲ၌ကျန်ရစ်ခဲ့၏။
သူရိန်နေမင်းကြီးသည် မိမိ၏တာဝန်ကိုထမ်းဆောင်ရန်အတွက်အရှေ့ဘက်ကောင်းကင်ကြီးကိုထိုးဖောက်လာကာ ခပ်ပျော့ပျော့နေရောင်ခြည်နွေးနွေးတို့ဖြင့် လောက ကိုအလင်းရောင်ဖြန့်ကျက်ပေးနေသည်။ သစ်ပင်ကြီးငယ်ပေါ်ရှိ တေးသီငှက်ကလေးတို့ကား နေမင်းကြီးကိုကြိုဆိုတွန်ကြူးလျှက် ဟိုဟိုသည်သည် ကူးလူးပျံသန်းနေကြသည်။
” နောင်….ဝေဝေ….နောင်ဝေဝေ….”
” အူးဝူး…ဝုတ်…ဝုတ်…”
” ဆွမ်းတော်ဗျို့….နောင်ဝေဝေ…. ”
ရွာလမ်းမကြီးထက်မှ ကြေးစည်သံနှင့်အတူ ဆွမ်းတော်ဗျို့ဟူသော ကိုရင်ငယ်၏ဆော်ဩသံတို့သည် ကျေးရွာအတွင်းပျံ့လွှင့်လာခဲ့၏။ သံဃာတန်းရှည်ကြီးသည် နေရောင်ခြည်အောက်၌ ကျက်သရေရှိကာ ကြည်ညိုဖွယ်ကောင်းနေ၏။ သံဃာတန်းနောက်၌ကား ခွေးသုံးလေးကောင်တို့လိုက်လာကာ အူနေကြ၏။
ကြေးစည်သံကြားသည်နှင့် အိမ်ရှင်မတို့သည် ဟိုအိမ်သည်အိမ်မှဆွမ်းပန်းကန်ကိုယ်စီကိုင်ထွက်လာကြပြီး ဆွမ်းလောင်းရန်အလို့ငှာစောင့်ဆိုင်းနေကြ၏။ အမျိုးသားတို့ကား လယ်ထဲကိုင်းထဲဆင်းဖို့ရန် နွားများ၊ကျွဲများကိုအစာရေစာဝလင်အောင် ကျွေးနေကြ၏။
ဘမောင်သည် တစ်အိမ်လုံးအတွက်ချက်ပြုတ်ပြီး နွားစာစဥ်းကာနွားသုံးကောင်ကိုအစာကျွေးလိုက်၏။ မိခင်မှာနေမကောင်းသဖြင့် အိပ်ယာမှထမလာသေးချေ။
” အမေ…အမေ…သက်သာရဲ့လား…ဘယ်လိုဖြစ်ရတာလဲဗျ..မနေ့ညကမှအကောင်းကြီးရှိသေးတယ်….”
ထမင်းစားရန်အလို့ငှာ မိခင်ဖြစ်သူအားဝင်နိူးလိုက်၏။ ဒေါ်မယ်ဆုံမှာ အင်းအဲလုပ်ရင်း
” ဝါး…ဝါးဝေး….”
” ဟင်…ဘာ….ဘာပြောတာလဲအမေ…”
သားလေးဟုခေါ်သော်လည်းစကားမပီတော့သဖြင့် ညကကိစ္စကိုပြန်လည်သတိရသွား၏။ စိတ်ထဲ၌လည်းကဝေကြီးကိုမကျေမနပ်ဖြစ်သွား၏။
” အမေ…အမေ…”
ဝူးဝူးဝါးဝါးအသံကြောင့် မိခင်ဖြစ်သူကိုလေဖြတ်သွား၍လားဟုအတွေးဝင်သွား၏။
” အမေ…အမေစကားတွေမပီတော့ဘူးဗျ….အမေအအေးပတ်ပြီး လေဖြန်းသွားပြီထင်တယ်…မျိုးမောင်ရေ…မျိုးမောင် လာအုံးဟေး…အမေ့ကိုဆေးမှူးဆီပို့ရအောင်…”
” ဝဝါးဝူး…ဝဝါးဝူး… ”
” ဟင်…ဘာပြောတာလဲအမေ.. .”
သူမ၏စကားကိုသားဖြစ်သူက နားမလည်သဖြင့် ခြေဟန်လက်ဟန်ပြကာ ဆေးမှူးဆီမသွားချင်ကြောင်းပြော၏။ သားနှစ်ယောက်လည်း ဘယ်လိုမှနားချ၍မရတော့သည့်အဆုံး ဆေးများကိုဝယ်ကာ တိုက်ရတော့သည်။ ဒေါ်မယ်ဆုံသည် သားနှစ်ယောက်နှင့် ရွာသူရွာသားများအား လေဖြတ်ပြီးတခြမ်းသေကာ စကားလည်းပီပီသသမပြောနိူင်တော့သည့်ပုံစံ အဖြစ်ဟန်ဆောင်ထား၏။ ဘာမှမသိရှာသောသားနှစ်ယောက်မှာ မိခင်လိမ်ထားသမျှယုံကြည်နေကြ၏။ မီးနေသည်ထဘီနဲ့ ထုတ်ထားသော အထုပ်သေးသေးလေးကို အိမ်အနောက်ရှိ ပိန္နဲပင်ကြီးအောက်၌ သားနှစ်ယောက်မသိအောင်မြုပ်နှံထား၏။
တစ်နေ့သ၌သားဖြစ်သူတို့မရှိခိုက် အိမ်နောက်ဖေးသို့သွားကာ ပိန္နဲပင်အောက်၌ရပ်လိုက်ပြီး မြေကြီးကိုသုံးချက်ပုတ်လိုက်၏။ ထိုခန၌ပုတ်အဲ့အဲ့အနံ့ထွက်လာပြီး ပိန္နဲပင်သည် လေမတိုက်ဘဲ ယိမ်းထိုးကာအရွက်များတဖျောဖျောကြွေကျ၏။ ဒေါ်မယ်ဆုံက မနောစိတ်ဖြင့်
” ဟဲ့ နှင်းကြည်မ…ခုညရွာထဲကိုသွားပြီး အသက်အကြီးဆုံးစနေသားရဲ့ဝိဉာဥ်ကိုခေါ်ခဲ့ချေ….မသေစေနဲ့နော်….”
” မလုပ်နိူင်ဘူး….”
” ဟဲ့ကောင်မ…ငါ့ကိုအာခံတာလား…ကဲဟယ်….”
” အား…ပူတယ်…ပူတယ်…မရွတ်နဲ့တော့….ပူတယ်…. ”
ဒေါ်မယ်ဆုံကစုန်းဂါထာတစ်ပုဒ်ကိုရွတ်လိုက်သဖြင့် သရဲမနှင်းကြည်ခမျာတီကောင်ဆားတို့သလိုလူးလွန့်နေရ၏။
” နောက်ဆို…ငါ့ကိုအာမခံနဲ့… နောက်တစ်ဘဝထပ်ပြောင်းသွားမယ်မှတ်…ငါခိုင်းတာအောင်မြင်အောင်လုပ်ခဲ့….”
” ဟုတ်…ဟုတ်….”
လရောင်သည်ပျောက်တိပျောက်ကျားဖြင့် ကမ္ဘာမြေပေါ်သို့ဖြန့်ကျက်ပေးနေ၏။ လဆုတ်ညဖြစ်သောကြောင့် လကွေးကွေးလေးသာရှိပြီး ကြယ်တို့မှာလကွေးကွေးလေးကိုဝန်းရံကာမှိတ်တုတ်မှိတ်တုတ်လင်းနေ၏။
” အူး….ဝူး…..”
” ဝူး….ဝူး…….”
” ဝုတ်….ဝူး….ဝူး….”
ရွာအစွန်ဘက်မှခွေးအူသံတို့ကရွာထဲသို့ပျံ့လွှင့်လာခဲ့၏။ သက်မောင်၏အိမ်ရှိဖဲသမားလေးငါးယောက်မှအပ ကျန်သည့်သူများ အိပ်ပျော်နေကြချေပြီ။ သက်မောင်ကား ကွယ်လွန်လေသူဇနီးသည်မနှင်းကြည်ကို မျှော်ဆွေးတမ်းတ လွမ်းဆွတ်နေ၏။ မွေးကင်းစသားငယ်လေးမှာ ညီမဖြစ်သူ၏အနား၌ငြိမ်သက်စွာအိပ်ပျော်နေ၏။
” ဒီညကျမှခွေးတွေအူလှခြည်လားဟ….”
” ခွေးဘဲကွာ.. သူ့ဟာသူအူချင်ဟောင်ချင်တဲ့အချိန် အူမှာဟောင်မှာပေါ့….မင်းစကားလမ်းကြောင်းမလွှဲနဲ့ငအွပ်….မင်းဖဲလိမ်ချင်နေတာငါသိတယ်….”
” တော်စမ်းပါကွာ….ရော့…”
ဖဲသမားအချင်းချင်းချောင်းမြောင်းနေကြ၏။
” အူး….ဝူး….ဝူး….”
” အူး…ဝူး…ဝူး….”
ခွေးအူသံမှာရွာထဲသို့တဖြည်းဖြည်းရောက်လာ၏။ ဖဲသမားတို့မှာအချင်းချင်းကြည့်လိုက်ကြပြီး
” နောက်ဆုံးညမို့ နှင်းကြည်လာခြောက်တော့မှာလားမသိဘူးနော် ”
” မဖြစ်နိူင်ပါဘူးကွာ…နှင်းကြည်ဆုံးသွားတာကနေ့နဲ့ဆို ခုနှစ်ရက်မြောက်ပြီလေ….သူခြောက်ချင်ရင် အစထဲကခြောက်မှာပေါ့ဟ….”
” ရှူး…တိုးတိုးပြောပါကွာ….သက်မောင်ကြားလို့ မင်းကိုဓားမနဲ့ခုတ်နေပါအုံးမယ်…”
သက်မောင်မှာသူ့မိန်းမ မနှင်းကြည်ကိုအလွန်ချစ်သူဖြစ်သဖြင့် သူ့မိန်းမမကောင်းကြောင်းပြော၍မရချေ။
ခွေးအူသံမှာဖဲသမားထင်သလို သက်မောင်၏အိမ်ရှေ့တွင်မရပ်ဘဲ ရွာထဲလှည့်ပတ်ကာ အူနေခြင်းဖြစ်၏။
ညနှစ်ချက်တီးအချိန်၌ ဘိုးသာမောင်းသည် အပေါ့သွားချင်သဖြင့် ကျားခေါင်းတံဆိပ်ဓာတ်မီးကိုယူကာ အိမ်အောက်ထပ်သို့ဆင်းလာခဲ့၏။ ဘိုးသာမောင်း၏အိမ်မှာခြေတံရှည်နှစ်ထပ်အိမ်ဖြစ်ပြီး အိမ်အောက်ထပ်၌အကာအရံမရှိ။ လင်းအားသိပ်မကောင်းတော့သော ဓာတ်မီးကိုအားပြုကာ အိမ်နောက်ဘေးရှိ နှင်းဆီရုံကြီးနံဘေး၌ အခင်းသွားရန်ပြု၏။ ထိုစဥ် လေတချက်ဝေ့လာပြီး ပုပ်အဲ့အဲ့အနံ့ကြီးသည် ဘိုးသာမောင်း၏နှာဝသို့ဝင်လာခဲ့၏။ ထိုအနံ့ကြောင့် ဘိုးသာမောင်းသည် ဓာတ်မီးဖြင့် နှင်းဆီရုံအောက်သို့ဟိုဟိုသည်သည်ထိုးကြည့်နေ၏။
” ထွီး….ဆိုးလိုက်တဲ့အနံ့ကွာ….နှင်းဆီရုံအောက်မှာ အကောင်တွေသေထားပြီနဲ့တူတယ်….အဖွားကြီးကလည်း ဒီနှင်းဆီရုံရှင်းမယ်ဆိုမရဘူး….အလကားသက်သက် အကောင်တွေခိုအောင်းမဲ့ဟာတွေ….ဘာဘဲဖြစ်ဖြစ်မနက်ဖြန်ကျရင်တော့ ဒီနှင်းဆီရုံကြီးကိုရှင်းပစ်မှရမယ်…အကောင်ရှည်တွေအောင်းနေမှဖြင့်အခက်တွေ့နေမယ်….”
ဓာတ်မီးဖြင့်ဟိုဟိုသည်သည်ထိုးရှာကြည့်သော်လည်းဘာမှမတွေ့သဖြင့် အခင်းသွားလိုက်၏။ ထိုစဥ် နှင်းဆီရုံကြီးသည် လှုပ်ယမ်းသွားပြီး ကြောင်တစ်ကောင်ခုန်ထွက်လာ၏။
” ညောဝ်း….ညောဝ်း….”
” ဟ…ငယိုးမကြောင်….လန့်တာကွာ…”
နှင်းဆီရုံထဲမှ ကြောင်တစ်ကောင်ခုန်ထွက်လာသဖြင့် ဘိုးသာမောင်းလန့်သွားပြီးအယုတ်တအန္တဆဲဆိုနေတော့၏။
” ညောဝ်း…ညောဝ်း….”
ဓာတ်မီးနှင့်ထိုးထားသည့်တိုင်ကြောင်ကြီးသည် လူကိုမကြောက်ဘဲအနားသို့တဖြည်းဖြည်းတိုးလာနေ၏။
” ဟ…ဒီကောင်…ဘယ်သူ့အိမ်ကအကောင်လဲဟ… ဒီလောက်လူယဥ်တာ…ရှူး….သွားသွား….”
ဘိုးသာမောင်းကပြောပြောဆိုဆို သူ့ဆီတဖြည်းဖြည်းကပ်လာသောကြောင်ကြီးကို မီးရောင်ဖြင့်ဝေ့ယမ်းကာမောင်းထုတ်နေ၏။ သို့သော်ကြောင်ကြီးမှာ ထွက်မပြေးသည့်အပြင် အညောင်ညောင်အော်ကာ မျက်လုံးအရောင်ပြောင်းပြီး တဖြည်းဖြည်းကပ်လာနေဆဲ။
” ဟာ…ဒီကောင်ဘာလဲဟ….ရှူး…ရှူး….သွားစမ်း….”
ဘိုးသာမောင်းကဓာတ်မီးကိုမြှောက်ကာ ပစ်ပေါက်မည့်ဟန်ပြု၏။
” ညောဝ်း…..”
” အား……”
ထိုစဥ်ကြောင်ကြီးမှာ ဘိုးသာမောင်းကိုခုန်အုပ်လိုက်ရာ ရုတ်တရက်မို့ဟန်ချက်ပျက်သွားပြီး အားခနဲအော်ကာ ဘိုးသာမောင်းတစ်ယောက်အနောက်သို့လှဲကျသွားတော့၏။ ဓာတ်မီးလည်းဘယ်ဆီကျသွားမှန်းမသိ။ သူ့ရင်ဘတ်ပေါ်၌ကား ကြောင်ကြီးသည် ရှိနေမြဲ။ လရောင်ဝိုးတဝါးအောက်၌ ကြောင်ကြီးသည် တဖြည်းဖြည်းပုံစံပြောင်းလာကာ ကြောက်စရာအသွင်ဖြင့် သရဲတစ်ကောင်ဖြစ်သွား၏။ ထိုမြင်ကွင်းကြောင့်ဘိုးသာမောင်းသည်မျက်လုံးမျက်ဆံပြူးပြီး ကြောက်အားလန့်အားဖြင့် အော်ဟစ်ရန်ပြု၏။ သို့သော်အသံမှာလည်ချောင်းဝ၌သာတစ်နေပြီး အသက်ရှူမြန်လာကာ လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတော့၏။
” ဟင်းဟင်း… ဟင်းဟင်း… ”
” အူး…ဝူး….ဝူး……”
ခွေးအူသံကြီးမှာဆူညံသွားပြီး ရွာပြင်ဘက်သို့ထွက်သွားကြကုန်၏။
နံနက်ဝေလီဝေလင်းအချိန်၌ ရွာထဲရုတ်ရုတ်သဲသဲဖြစ်နေကြ၏။
” မိလှ ….ကျုပ်ဘိုးသာမောင်းတို့အိမ်ဘက်သွားလိုက်အုံးမယ်….”
နွားစာစဥ်းနေသောလှမြင့်က ဇနီးဖြစ်သူကိုလှမ်းပြော၏။
” ဘာကိစ္စလဲကိုမြင့်ရ….”
” ဘိုးသာမောင်းဆုံးပြီတဲ့ကွ…ကျုပ်လည်းခုဘဲဖိုးလုံးပြောလို့သိရတာ….”
” ဟောတော် ….အကောင်းကြီးကနေဘယ်လိုဖြစ်သွားရတာတုံးအေ့….”
ထမင်းရည်ငှဲ့ရင်း မိလှကလှမ်းမေး၏။
” မသိဘူးအစ်မရေ….ညကအပေါ့သွားရင်း တော်တော်နဲ့ပြန်တက်မလာလို့ ဘွားဝိုင်းကစိတ်ပူပြီးလိုက်ကြည့်တာ အိမ်နောက်ဘေးတံစက်မြိတ်အောက်မှာ ပြူးပြူးကြီးဖြစ်နေပြီး ခေါ်လို့မရတော့တာတဲ့…”
” ဟောတော်…ဘယ်လိုဖြစ်ရတာပါလိမ့်….”
ဖိုးလုံးနှင့်လှမြင့်လည်း ဦးသာမောင်းအိမ်ရှိရာသို့သွားလိုက်ကြ၏။ ဦးသာမောင်း၏ဇနီးဒေါ်ဝိုင်းက အလောင်းဘေး၌တရှုံ့ရှုံ့ငိုလျှက်။ ဆွေမျိုးတော်စပ်သူအမျိုးသမီးတချို့က ဒေါ်ဝိုင်းကိုဖြေသိမ့်ပေးကြ၏။
” မနေ့ကဖြင့် ဘိုးသာမောင်းတစ်ယောက် ရွာပြင်စားကျက်မှာနွားတွေသွားလွှတ်သေးတာ….ကနေ့ကျဘယ်လိုဖြစ်ပြီးချက်ချင်းဆုံးသွားရတာလဲ….”
” ဘွားဝိုင်းပြောပုံအရဆို…. ဘိုးသာမောင်းမဆုံးခင် လန့်စရာတစ်ခုခုမြင်သွားပုံရတယ်….”
” ဖြစ်နိူင်တယ်…မနေ့ညကထူးထူးဆန်းဆန်းခွေးတွေအတော်အူသဟ….”
” မပြောကြပါနဲ့တော့ဗျာ…ဖွားဝိုင်းပိုပြီးစိတ်မကောင်းဖြစ်နေရော့မယ်…”
ရွာသူရွာသားများတစ်ယောက်တစ်ပေါက်ပြောပြီး ဘွားဝိုင်းပိုပြီးစိတ်မကောင်းဖြစ်မည်စိုးသဖြင့် စကားလက်စဖြတ်ကာ ဝိုင်းဝန်းကူညီပေးလိုက်ကြ၏။
မြေပုံမို့မို့ပေါ်ရှိကမ္ဗည်းမှတ်တိုင်ကား
” ဦးသာမောင်း အသက်(၇၉) နှစ်”
ဟုရေးထိုးထား၏။ ထိုမြေပုံမို့မို့အနားသို့ လူတစ်ယောက်သည် တရွေ့ရွေ့တိုးလာပြီး မြေပုံကိုအခေါင်းပေါ်သည်အထိယက်ထုတ်လိုက်၏။
တအောင့်၌အခေါင်းပေါ်လာပြီး အခေါင်းဖုံးရိုက်ထားသောသံကိုကလော်ထုတ်လိုက်၏။ အလောင်းပေါ်လာသော် ထိုလူသည်အလောင်း၏မျက်နှာပြင်ကို လက်ဖြင့်သပ်ချလိုက်၏။
” ဟောဟဲ…ဟောဟဲ….ရေ…ရေဆာတယ်.. ရေပေးပါ…”
အမှန်စင်စစ် ဦးသာမောင်းသည် သေဆုံးသွားခြင်းမဟုတ်လိပ်ပြာသိပ်ခံရခြင်းသာတည်း။ သတိပြန်လည်လာသည်နှင့်ဟောဟဲရှိုက်ကာ ရေသာငမ်းငမ်းတောင်းနေတော့၏။ ထိုအခါဘေးနားရပ်နေသောမျက်နှာတစ်ခြမ်းမဲကြီးက ဦးသာမောင်းကိုကြည့်ပြီး
” ဟားဟားဟား…. အဖိုးကြီး….ရေတောင်းရအောင်ဒါနင့်အိမ်မှာများမှတ်နေသလားကွ….ဘေးဘီကိုသေချာကြည့်စမ်း…မင်းရောက်နေတာဘယ်နေရာလဲလို့…ဟားဟားဟား… ”
ထိုလူစကားကြောင့်ဦးသာမောင်းလည်း သတိရသွားပြီး ပက်လက်အနေအထားမှထရန်ပြင်လိုက်ရာ လက်မနှစ်ခုပူးချည်ထားသည်ကိုသိလိုက်ရ၏။
” ဟ…ငါ့လက်ကိုဘာအတွက်ချည်ထားကြတာလဲ…မယ်ဝိုင်းရေ…မယ်ဝိုင်း….”
ပတ်ဝန်းကျင်တစ်ခုလုံးမဲမှောင်နေသည့်အပြင်လူရိပ်လူသံလည်းမကြားရမမြင်ရသဖြင့် ဦးသာမောင်းထိတ်ခနဲဖြစ်သွား၏။
” အော်မနေနဲ့အဖိုးကြီး…မင်းကသေလူဖြစ်သွားပြီ…မင်းကိုသေပြီအထင်နဲ့သုဿာန်မှာလာမြုပ်သွားကြပြီ….ဟားဟားဟား…. ”
” သား..လူကလေး…အဖိုးကိုကယ်ပါအုံးကွာ….”
ကြံရာမရသည့်အဆုံးဘိုးသာမောင်းလည်း ထိုလူအားအကူညီတောင်းလိုက်၏။ သို့သော်ထိုလူမှာ ဘိုးသာမောင်းစကားကိုနားမဝင်ဘဲ
” တော်စမ်း…ပါးစပ်ပိတ်ထား….မင်းကိုငါအညင်သာဆုံး အဆုံးသတ်ပေးမယ်….”
ဆိုကာ ဝတ်ရုံမဲကြီးအောင်မှ လက်ထနေသောဓားမြောင်ကိုထုတ်ယူလိုက်ပြီး ဦးသာမောင်း၏ လည်ဇလုတ်တည့်တည့်ကိုထိုးချလိုက်၏။
” အား……..”
နာကျင်လွန်းလှသဖြင့် ဦးသာမောင်းမှာ အားခနဲအော်ပြီး မျက်ဖြူလှန်ကာ အသက်ငင်နေရရှာ၏။ အသက်ငင်လိုက်တိုင်း လည်ဇလုတ်မှသွေးတို့ကအလုအယက်ပန်းထွက်လာကကြကုန်၏။
” ဥုံ…ဒေဝါယက္ခံ……..”
ပါးမဲကြီးသည် ဥုံဒေဝါယက္ခံအစချီသော ဂါထာကို ဋ္ဌာန်ဂရိုဏ်းကျကျရွတ်ဆိုရင်း လက်မှလည်း ဦးဘမောင်း၏လည်ချောင်းသွေးကိုခံယူကာ မိမိ၏မျက်နှာပြင်ထက်သို့သုတ်လိမ်းလိုက်၏။
” အား…………”
” ဖလပ်…ဖလပ်…”
ထိုသို့သုတ်လိမ်းလိုက်ရာ မီးလောင်ဒဏ်ရာကဲသို့ဖြစ်နေသည့်ပါးတခြမ်းမှာ တဖျစ်ဖျစ်မြည်သွားပြီး အလွန်တရာနာကျင်သွားကာ အားခနဲအော်လိုက်၏။ အိပ်တန်းတက်နေသောငှက်တို့သည် ပါးမဲကြီး၏အော်သံကြောင့် လန့်ဖြတ်ကာထပျံကုန်၏။ သွေးတို့ထိတွေ့လိုက်သည်နှင့် မဲခြိမ့်ကာအလွန်ရုပ်ဆိုးလှသောပါးတခြမ်းနှင့် ကွယ်နေသောမျက်လုံးတစ်ဖက်မှာ ဖြတ်ခနဲပြန်မြင်လာ၏။ သို့သော်ခနမျှသာ။
” တောက်! ဒီအတိုင်းဆိုအရွယ်သုံးပါး ကိုးယောက်မပြည့်မချင်း ငါ့မျက်လုံးနှင့်မျက်နှာကအကောင်းတိုင်းပြန်ဖြစ်အုံးမှာမဟုတ်ဘူး….”
ပါးမဲကြီးသည်ထိုသို့ရေရွတ်လိုက်ပြီး
ဦးဘမောင်းအလောင်းကိုပြန်မြုပ်လိုက်၏။ ဓားပေါ်ကျန်နေသောသွေးကိုလျှာဖြင့်သပ်လိုက်၏။
ဒေါ်မယ်ဆုံသည်သင်းကွဲစုန်းဖြစ်သည့်အလျှောက် စုန်းသဘင်အစည်းအဝေးသို့ မတက်ချင်လည်းရ၏။ ကဝေကောင်ကိုရှုံးနှိမ့်ထားသဖြင့် တခြားစုန်းများအထင်သေးမည်စိုးကာ စုန်းသဘင်သို့မသွားဘဲ တစ်ယောက်တည်းသာတောက်စားနေ၏။ ယခုမူလူသားမစားရသည်မှာ ကြာပြီဖြစ်သဖြင့် အားအလွန်နည်းလေရာ စုန်းပညာလည်းကြာကြာထုတ်မသုံးနိူင်ချေ။
” တောက်! ဟိုအကောင်က ငါ့ပိုင်နက်ကိုလုထားတော့ ငါ့အတွက်စားပေါက်ပိတ်နေတယ်…ဒီတိုင်းဆိုအသွေးအသားမမှီဝဲရဘဲ ငါသေ သွားရတော့မှာ….မဖြစ်ဘူးကြံမှ…”
တစ်ယောက်ထဲတွေးပြီး အကြံထုတ်နေ၏။
ထင်းရှူးပင်ရွာ၏ သူကြီးအိမ်ရှေ့၌ကနားဖျင်းထိုးထား၏။ လူသူအပေါင်းလည်း အလုပ်ရှုပ်နေကြ၏။ အမှန်စင်စစ်ကား သူကြီးကတော်ဆုံးသွားသောကြောင့်ပင်။ အလောင်းမှာသုံးရက်ထားသဖြင့် မြေမချသေးဘဲအိမ်ရှေ့၌အလောင်းစင်ထားကာ ကာလသားအချို့ကစောင့်နေကြ၏။
နေမင်းကြီးသည် အနောက်ဂေါရာကျွန်းသို့ဝင်သွားပြီဖြစ်ရာ ပွဲလာပရိတ်သတ်တို့လည်းစဲစပြုလာရာ မသာအိမ်၌ ဆွေမျိုးအနည်းငယ်နှင့် ဖဲသမားတို့သာကျန်ခဲ့၏။
ဖဲသမားတို့ကအလောင်းစောင့်ရင်း အလောင်းစင်အောက်၌ဖဲက နေကြ၏။ ညသည်နက်သထက်နက်လာ၏။ ဖဲဝိုင်းရှိလူတို့မှာ မျက်လုံးကိုမနဲပြူးပြဲထားရ၏။ အလောင်းစင်မှချိတ်ထားသော မီးအိမ်သည်လေမတိုက်ဘဲငြိမ်းသွားလေရာ ဖဲသမားတစ်စုရုတ်ရုတ်သဲသဲဖြစ်သွား၏။
” ဟ…မီးငြိမ်းသွားပြီ….လုပ်ကြအုံးဟ….”
” ဓာတ်မီးပါလားစံတင့်….”
” မပါဘူးကွ….”
” အရေးထဲကွာ….မီးခြစ် ခြစ်စမ်းချိုမွေး….”
” ချက်….ချက်…ချက်….”
စမ်းတဝါးဝါးဖြင့် ချိုမွေးဆိုသူကအိပ်ကပ်ထဲမီးခြစ်နိုက်ကာ တချောက်ချောက်ခြစ်သော်လည်း မီးတောက်ကထမလာ။
” သောက်….အရေးထဲကွာ…”
” ချောက်… ချောက်…ချောက်….”
စိုးမောင်ကစိတ်မရှည်စွာ ချိုမွေးလက်မှမီးခြစ်ကို ယူ၍ခြစ်လိုက်၏။
မီးခြစ်မှာတချောက်ချောက်မြည်ရင်း မီးတောက်သွား၏။
” ဟ….ဘာကြီးတုံး….”
မီးခြစ်အလင်းရောင်ကြောင့်မြင်လိုက်ရသောမြင်ကွင်းအား စိုးမောင်လန့်သွား၏။ အရဲစွန့်ကာမီးအိမ်ယူပြီးမီးညှိလိုက်၏။
” ဟ….အမလေး…..အလောင်းမှာ ခေါင်းမရှိတော့ဘူးဟ….”
” ဟာ….အကောင်လာဆွဲသွားပြီ…ဟိုမှာဟိုမှာ….လိုက်ကြဟေ့…လိုက်ကြ…”
” မလွှတ်စေနဲ့ လိုက်ကြဟ….”
လရောင်ဝိုးတဝါးအောက်တွင်မြင်လိုက်ရသော သူကြီးကတော်၏ခေါင်းကိုကိုက်ချီသွားသည့် ကုန်းကုန်းကွကွအကောင်ကြီးနောက်သို့ ဖဲသမားများတုတ်ဓားဆွဲကာ လိုက်ကြ၏။ ကျန်သောအလောင်းမှာမြေပေါ်မှောက်ကျလျှက်သားဖြစ်နေ၏။ ရုတ်ရုတ်သဲသဲဖြစ်သွားသောကြောင့် သူကြီးပါနိူးလာပြီး ဇနီးသည်၏အဖြစ်ဆိုးကိုကြည့်ကာစိတ်မကောင်းဖြစ်နေ၏။ အလောင်းကောင်၏ခေါင်းကိုကားပြန်မရတော့ဘဲ အခေါင်းကိုအလုံပိတ်ကာသံဖြင့်ရိုက်ထားရတော့၏။
ထိုအဖြစ်ဆိုးကြီးသည် တစ်ရွာလုံးပြန့်သွားပြီး ပြော၍မဆုံးတော့ချေ။
မခင်ဦးတစ်ယောက်မြက်ရိုက်ရင်းလက်ကိုတံစဥ်းရှသွား၏။
” အားကျွတ်…ကျွတ်… ”
ထိုဒဏ်ရာအားမြေမှုန့်သိပ်လိုက်သော်လည်းသွေးမှာအတော်နှင့်မတိတ်ချေ။ မခင်ဦးက သွေးတိတ်စေရန်သစ်ရွက်အချို့ကိုယူပြီးချေလိုက်ကာအရည်ကိုဒဏ်ရာပေါ်ညှစ်လိုက်၏။
” အား…အမလေး…စပ်လိုက်တာအေ…”
ထို့နောက်ထဘီအောက်စကိုအနည်းငယ်ဖြတ်လိုက်ကာအနာကိုစည်းထားလိုက်၏။ နောက်နေ့၌မခင်ဦးတစ်ယောက် အနာပိုးဝင်သည်ဆိုကာ အပြင်းဖျားတော့၏။
” ခင်ဦး…မသက်သာဘူးလား…”
” သုံးရက်ရှိပြီ…အဖျားကတက်ဘဲတက်နေတာ…ဆေးမှူးကထိုးဆေးစားဆေးပေးထားလည်းမသက်သာလာသလိုဘဲဟ…. ”
” အေးကွာ…အညှော်မမိစေနဲ့…အနာကရင်းလာလို့ထင်တယ်ယောင်ကိုင်းပြီး အရည်တွေကျနေတာ….”
” ဟုတ်တယ်…ငါပြောတယ်မြက်ရိုက်တာငါလုပ်လိုက်မယ်ဆိုတာပြောမရဘူးလေ…ခုတော့….”
” ဒါနဲ့မနေ့က ဒေါ်မယ်ဆုံနင့်အိမ်လာသွားသေးတယ်ဆို…လေဖြတ်နေတဲ့သူကဘယ်လိုလာတာလဲ…ဘာကိစ္စလဲ… ”
” ဟုတ်တယ်…. ခင်ဦးကသူနဲ့အမျိုးတော်တယ်လေကွာ….ဒီတော့လူနာသတင်းလာမေးတယ်နေမှာ….ဘယ်လိုလာသလဲတော့ကျုပ်လဲသတိမထားမိဘူးဟ…”
” အေးကွ….မင်းစိတ်တော့မဆိုးနဲ့ပေါ့…ဒေါ်မယ်ဆုံက ဟိုဟိုလိုလိုဒီလိုလို ပညာတွေတတ်တယ်တဲ့ကွ….”
” ဟာ…ကပေါက်တိကပေါက်ရှာကွာ….ဒေါ်မယ်ဆုံကြီးက အရင်ကရင်းကျုပ်တို့အိမ်ကိုအဝင်အထွက်ရှိပါတယ်…”
” အေးပါသူငယ်ချင်းရာ…ငါကမင်းမိန်းမအတွက်စိတ်ပူလို့ ပြောကြည့်တာပါ….ဒါဘဲသူငယ်ချင်း ငါသွားလိုက်အုံးမယ်….”
” အေး…”
ဖိုးထောင်စကားကြောင့် လှအောင်စိတ်ထဲအနည်းငယ်ခံပြင်းသွား၏။ မဆီမဆိုင် ခင်ဦးလက်တံစဥ်းထိသည့်ကိစ္စသည် ဒေါ်မယ်ဆုံနဲ့ဘာမှမဆိုင်ချေ။ ခင်ဦးသည် လက်ကအနာရှိန်ကြောင့်ငါးရက်မြှောက်သောနေ့၌ သတိကောင်းကောင်းမရတော့ချေ။ လှအောင်ကခင်ဦးကိုအသာပွေ့ထား၏။
” ကို…ကိုလှအောင်….ခင်…ခင်ဦးကို…ဒေါ်မယ်….ဒေါ်မယ်ဆုံကပြော…ပြောတယ်…”
” ဟင်…ခင်ဦး…ဘာပြောတာလဲ….”
ခင်ဦး၏အသံမှာတိုးညှင်းလှသောကြောင့် လှအောင်မှာ သဲသဲကွဲကွဲမကြားရချေ။ သို့ကြောင့် ခင်ဦး၏ပါးစပ်နားအထိနားကိုတိုးကပ်သွားပြီး နားထောင်နေ၏။ ခင်ဦးက အသံကိုဖြည်းဖြည်းမှန်မှန်ရှူရင်း
” ခင်…ခင်ဦးကို…ဒေါ်မယ်ဆုံက ပြောတယ်…ညည်းကိုကျုပ်ဒီထက်ကောင်းတဲ့ဘုံကိုပို့ပေးမယ်တဲ့….”
” ဘာ….ဘာကိုဆိုလိုတာလဲခင်ဦး….”
” ခင်…ခင်ဦးမသိဘူး ….သူကခင်ဦးလက်အနာကိုကိုင်ပြီး တံထွေးသုံးချက်ထွေးသွားတယ်….”
” တောက်! ဒါဆိုဟိုကောင်ပြောသလို နင့်အဒေါ် ကြီး ဒေါ်မယ်ဆုံက နင့်ကိုပြုစားသွားတယ်ပေါ့….စုန်းမကြီး ငါနဲ့တွေ့မယ်…”
ဆိုကာဓားမကြီးကိုဆွဲပြီး ဒေါ်မယ်ဆုံ၏အိမ်သို့လာခဲ့၏။
” ဒေါ်မယ်ဆုံ….ဒေါ်မယ်ဆုံ….အိမ်ထဲမှာပုန်းမနေနဲ့ ထွက်ခဲ့စမ်းကွ….မင်းငါ့မိန်းမလက်အနာကို တံတွေးသုံးချက်ထွေးပြီး ကောင်းရာဘုံဝပို့ပေးမယ်လို့ ပြောခဲ့တယ်ဆို….ထွက်ခဲ့စမ်းခု…ငါ့မိန်းမကိုမပို့ပေးခင် မင်းကိုငါအရင်ပို့မေးမယ်စုန်းမကြီး….”
လှအောင်၏အော်သံကြောင့် ဒေါ်မယ်ဆုံ၏သားနှစ်ယောက်မှာအိမ်ထဲမှထွက်လာခဲ့၏။
” ဘာအတွက်အော်ကြီးဟစ်ကျယ်လုပ်နေရတာလဲလှအောင် ”
” ဘာအတွက်ရမှာလဲ….မင်းတို့အမေစုန်းမကြီးဘယ်မှာလဲကွ…ငါ့မိန်းမကိုဘာကြောင့်ပြုစားရတာလဲ….”
” မင်းတရားလွန်နေပြီနော်လှအောင်….အိပ်ယာထဲလှဲနေတဲ့ငါ့အမေကို ဘာအတွက်စုန်းအဖြစ်စွပ်စွဲနေရတာလဲ….”
” ဟား…ဟားဟားဟား…. အိပ်ယာထဲလှဲနေတာဟုတ်လား….အိပ်ယာထဲမထနိူင်တဲ့လူနာကငါ့အိမ်ဘာလာလုပ်တာလဲ….”
” ဘာပြောတယ်ကွ….ငါ့အမေကနောက်ဖေးသွားရင်တောင်ငါတို့ကပို့ပေးနေရတာကွ…ဘယ်လိုလုပ်နင်တို့အိမ်ကိုလာရမှာလဲ….”
” ကြာတယ်ကွာ…ငါရှင်းပြဖို့အချိန်မရှိဘူး… မင်းတို့အမေစုန်းမကြီးကိုခေါ်ခဲ့စမ်းကွာ…ဟေ့ဒေါ်မယ်ဆုံ…ဆင်းလာခဲ့စမ်း…မင်းဟန်ဆောင်မနေနဲ့….ငါ့မိန်းမကိုဘာလို့ပြုစားထားရတာလဲ….”
” ရော့ကွာ…သေစမ်း…ငါ့အမေကိုစော်ကားမော်ကားပြုတဲ့ကောင်…”
” ခွပ်… ”
ဒေါ်မယ်ဆုံသားအကြီးကောင်ကလှ အောင်အားလက်သီးဖြင့်ထိုးချလိုက်၏။ သုံးယောက်သားလုံးထွေးနေကြစဥ် ခြံဝိုင်းထဲသို့ လှအောင်၏ယောက်ဖတော်သူ သိန်းတန်ကအမောတကောရောက်လာပြီး
” ကိုလှအောင်… ကိုလှအောင် အစ်…အစ်မ…ခင်…ခင်ဦးဆုံးပြီကွ…”
” ဘာ! …”
ခင်ဦးဆုံးပြီဆိုသောစကားကြောင့် လှအောင်မှာ ဦးခေါင်းကို မိုးကြိုးပစ်သကဲ့သို့ဖြစ်သွားပြီး ကုန်းရုန်းထကာ အိမ်သို့တချိုးတည်းပြေးလေ၏။
” တောက်! ”
” ဒီကောင်သာမပြန်ရင် ငါသတ်မိတော့မှာ…ရာရာစစငါ့အမေကို စုန်းလို့သမုတ်ရတယ်လို့….”
အိမ်တလင်းပြင်၌ကျန်နေခဲ့သောညီအစ်ကိုနှစ်ယောက်က မကျေမနပ်ရေရွတ်နေ၏။ အကြောင်းစုံကို ကြားနေရသောဒေါ်မယ်ဆုံကား
တဟားဟားရယ်လျှက်ရှိနေ၏။
” ဟားဟားဟား… ဟားဟားဟား…”
ဒေါ်မယ်ဆုံသည် ဂတိပေးထားသည့်အတိုင်း အရွယ်သုံးပါးဖြစ်သည့်လူကိုးယောက်ကို သရဲမ နှင်းကြည်အားသတ်ခိုင်း၍လည်းကောင်း၊သူကိုယ်တိုင်ပြုစား၍လည်းကောင်း ကဝေကြီးအား မှန်မှန်ဆက်သရလေ၏။ မကြာမကြာဆိုသလို ရွာရှိလူများ ရောဂါမရှိဘဲသေ သွားကြသဖြင့် ရွာသူရွာသားတို့မှာထိတ်လန့်နေကြချေပြီ။
” အေးဘုံ… အထုပ်အပိုးတွေပြင်ပြီး ဘယ်သွားကြမလို့လဲအေ့ ….”
” အမေတို့ရွာကို ပြောင်းမလို့အေ….ဒီရွာမှာလည်းခုတလောဘာတွေကံဆိုးမိုးမှောင်ကျနေတယ်မသိဘူး….လူတွေသေနေကြတာ တဖြုတ်ဖြုတ်ဘဲဟေ့….. ငါတို့အလှည့်ဘယ်နေ့လာမလဲတွေးပြီးကြောက်နေရတာ….အလုပ်အကိုင်လည်းပျက်….ကျီးလန့်စာစားနေရသလိုဘဲ….”
” အဲဒါပြောတာအေ….ငါကတော့ ဒီရွာမှာဘဲခေါင်းချမှာ…ဘယ်မှမပြောင်းဘူး….ကံတရားအတိုင်းပေါ့…နတ်ကောင်းနတ်မြတ်တွေတော့ဒီတိုင်းကြည့်မနေနိူင်ဘူး…”
” အေးပါမိလုံးရယ်…ငါလည်းကလေးတွေရဲ့နောင်ရေးရှိသေးတယ်မလား….ငါ့ကလေးတွေတော့ဘာမှအဖြစ်မခံနိူင်ဘူးအေ….”
” အေးပါအေးပါ….ဂရုစိုက်သွားကြ…”
မအေးဘုံတို့သားအမိသားအဖလေးယောက် လှည်းကိုတကျွီကျွီမောင်းရင်း ရွာကိုလှည့်ကြည့်လှည့်ကြည့်ဖြင့် ရွာထဲမှထွက်သွားကြလေ၏။
ဒေါ်မယ်ဆုံသည် ကဝေကောင်အားဂတိပေးထားသည့်အတိုင်း အရွယ်သုံးပါးရှိသည့် လူရှစ်ယောက်ကိုဆက်သပြီးဖြစ်၏။ နောက်ဆုံးတစ်ယောက်ကား လသားအရွယ် ရာဟုသားအလှည့်ဖြစ်၏။
” တောက်! လသားအရွယ်ကလေးရှာရတာလဲ အမှိုက်ပုံထဲအပ်ရှာနေရသလိုဘဲရှာရခက်လိုက်တာ…”
” ဟဲ့ကောင်မ နှင်းကြည်လာစမ်း…”
” ရောက်ပါပြီသခင်မ….နှင်းကြည်ဘာလုပ်ပေးရမလဲ…”
” ဘာလုပ်ရမလဲနင်မသိဘူးလား…နင့်ပထွေးကိုဆက်သဖို့ လသားအရွယ်ရာဟုကလေးတစ်ယောက်ကျန်နေသေးတယ်လေ…အဲဒါနင်ရှာလို့တွေ့ပြီလား….”
” မ….မတွေ့သေးပါဘူး…သခင်မ…”
” ဟ…မတွေ့သေးလို့ရမလား…နောက်ခုနှစ်ရက်နေလို့မှ မတွေ့ရင်နင်ရောငါပါ သေရမှာဟ…”
” သိ…သိပါတယ်သခင်မ….”
” သိရင်သွားတော့…မနာချင်ရင် မနက်ဖြန်မတိုင်ခင် လသားအရွယ်ရာဟုသားကိုရအောင်ရှာခဲ့….”
ဒေါ်မယ်ဆုံက မိမိ၏စုန်းပညာအစွမ်းဖြင့် ရွာထဲရှိလသားအရွယ်ကလေးများ၏ဇာတာနှင့် မွေးနေ့တို့ကိုလိုက်ကြည့်နေ၏။ ခန၌ ဒေါ်မယ်ဆုံ၏မျက်လုံးသည်အရောင်လက်သွားပြီး
” ဟာ….နှင်းကြည်ရဲ့သားလေးက…. နှင်းကြည်ရဲ့သားက…ဟား…ဟားဟားဟား…. ”
ဒေါ်မယ်ဆုံတစ်ယောက်ဝမ်းသာအားရအော်ရယ်လိုက်၏။
သက်မောင်သည် ပြောင်းစိုက်ရန်အတွက်ယာခင်းရှင်းနေရာ ရုတ်ရက်ထိန်းမရအောင်တဝါးဝါးသမ်းကာ အိပ်ချင်သွား၏။ ထို့ကြောင့်ယာတဲထဲသွားကာတရေးတမောအိပ်လိုက်၏။
” ကိုမောင်…ကိုမောင်….”
” ဟင်…ဟင်…နှင်း…နှင်းကြည်…မင်း…နှင်းကြည်မလား…”
မြင်ကွင်းကနဂိုလိုမဟုတ်။ မြူနှင်းများထနေ၏။ နှင်းကြည်လည်း အသားဝါဝါဖြစ်နေကာ မျက်နှာမသာမယာရှိနေ၏။ နှင်းကြည်ကသူ့အနားလာထိုင်ပြီး
” ကိုမောင်…သားလေးကိုခေါ်ပြီး ဒီရွာကနေထွက်သွားပါတော့နော်…သားလေးကိုခေါ်ပြီးအမြန်ထွက်သွားတော့….”
” ဘာ…ဘာဖြစ်လို့လဲနှင်းကြည်…”
” သားလေးအတွက် အန္တရာယ်ရှိတယ်ကိုမောင်….အချိန်မရှိတော့ဘူး…သွား…သွားတော့သားလေးကိုခေါ်ပြီး ဒီရွာကနေထွက်သွားတော့…”
” နှင်းကြည်… နှင်းကြည်…. ”
နှင်းကြည်ကထိုသို့ပြောပြီးမြူတွေထဲဝင်ရောက်ပျောက်ကွယ်သွား၏။
သက်မောင်လည်းနှင်းကြည်ကိုခေါ်ရင်း လန့်နိူးလာ၏။ အိပ်မက်မှန်းသိပြီး သင်ပြင်းချကာ အလုပ်ကိုသာဆက်လုပ်၍နေ၏။
ညရောက်သော်ကလေးငယ်သည် စူးစူးဝါးဝါးငိုနေ၏။ သက်မောင်၏ညီမဖြစ်သူက နို့ဖျော်ပြီးတိုက်သော်လည်း ကလေးမှာအငိုမတိတ်ဘဲ သည်း၍သာငိုနေတော့၏။
” အစ်ကိုရယ်…ဘကြီးမိုးဆီသွားပြီး ကလေးကိုမာတရာနတ်ဖမ်းစားနေသလား သွားကြည့်ပေးစမ်းပါ…ကျုပ်တူလေးဒီလောက်တစ်ခါမှသည်းကြီးမည်းကြီးမငိုဖူးဘူးဟ….”
” အေး…အေးပါကွာ….”
သက်မောင်လည်းကလေးအဖို့စိတ်ပူသွားပြီး ဓာတ်မီးယူကာ ဘကြီးမိုးအိမ်သို့သွားလိုက်၏။
” သီတာ…သီတာ….”
” ဟင်.. ကျုပ်…ကျုပ်ကိုဘယ်သူခေါ်တာလဲ….”
” ငါခေါ်တာဟဲ့….ညည်းတူကို ခေါ်ပြီးဒီရွာကနေချက်ချင်းထွက်သွားတော့ဟေ့….”
” ရှင်!….”
ရုပ်မမြင်ရသော်လည်း ထိုအသံသည် မည်သူ့အသံဖြစ်မှန်းသီတာရိပ်မိ၏။ သည်အိမ်တွင် မောင်နှမနှစ်ယောက်နှင့်ကလေးကလွဲပြီးမည်သူမျှမရှိချေ။ ထိုအတွေးကြောင့် သီတာမှာကြက်သီးဖြန်းဖြန်းထသွားပြီးကလေးကိုခပ်တင်းတင်းပွေ့ထားလိုက်၏။ ခန၌အစ်ကိုဖြစ်သူပြန်ရောက်လာပြီး
” မာတရာနတ်လည်းမဖမ်းစားဘူးညီမလေး…”
အစ်ကိုဖြစ်သူကိုမြင်သည်နှင့် သီတာသည်အစ်ကိုဖြစ်သူနားတိုးသွားပြီး
” အစ်…အစ်ကို….”
” ညီမလေး…ဘာဖြစ်တာလဲ… ”
” မ…မရီး…သူလာသွားတယ်…”
” သီတာ…ညီမလေး…စိတ်ထိန်းပါအုံးကွ…မင်းမရီးကမရှိတော့ဘူးလေကွာ…”
” သူရှိသေးတယ်အစ်ကို…သူ…သူလာပြောသွားတယ်….တူလေးကိုခေါ်ပြီးဒီရွာကနေအမြန်ထွက်သွားတော့တဲ့….”
” ဘာ…ဘာပြောတယ်ညီမလေး….”
သက်မောင်မှာ မိမိ၏အိပ်မက်အကြောင်းအရာနှင့်ဆက်စပ်တွေးမိသွားပြီး
” အကြောင်းမဲ့တော့မဟုတ်လောက်ဘူး….ညီမလေး…ကလေးအတွက်လိုအပ်မဲ့ဟာအကုန်ယူခဲ့ကွာ….အစ်ကိုတို့ဒီကနေထွက်သွားကြမယ်….”
” ဖြစ်….ဖြစ်ပါ့မလားအစ်ကိုရယ်….”
” သားငယ်တစ်ခုခုဖြစ်တော့မှာကြိုသိနေလို့ နှင်းကြည်ကသတိပေးတာဖြစ်နိူင်တယ်ညီမလေး….အချိန်ရှိသေးတယ်….သိပ်ညည့်မနက်ခင်သွားကြရအောင်….”
ညချင်းတွင်ပင် မောင်နှမနှစ်ယောက် အထုပ်အပိုးများပြင်ဆင်ပြီး လှည်းပေါ်တင်ကာ ရွာမှတိတ်တဆိတ်ထွက်သွားကြရန်ပြု၏။ သို့သော်အခြေနေမပေး၍လားမသိ။ မိုးနှင့်လေတို့သည် သည်းကြီးမဲကြီးရွာချလာပြီး မောင်နှမနှစ်ယောက်၏အကြံအစည်ကိုဖျက်ဆီးပစ်လိုက်သည်။
မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်သည် ခရီးတစ်ထောက်နားရန်အတွက်လင်းလေရွာထဲသို့ရောက်လာခဲ့ကြသည်။ ရွာသူကြီး၏အိမ်တွင်အခွင့်တောင်းပြီး တည်းနေကြစဥ် ရွာထဲ၌မကောင်းသောအငွေ့အသက်ကိုရလိုက်သဖြင့် တီးမိခေါက်မိရှိအောင်မေးကြည့်သော် ထိုရွာရှိသူကြီးအပါအဝင်ရွာသူရွာသားတို့သည် စုန်းကဝေပညာ၊အောက်လမ်းပညာ၊အထက်လမ်းပညာတို့ကိုအယုံအကြည်မရှိကြောင်းသိရ၏။
ဒေါ်မယ်ဆုံသည် လသားအရွယ်ရာဟုသားဆက်သရမည့်ရက်ကနီးကပ်လာပြီဖြစ်သဖြင့် သရဲမနှင်းကြည်အား အနားသို့ခေါ်လိုက်သည်။ ဒေါ်မယ်ဆုံနှင့်သရဲမနှင်းကြည်တို့စကားပြောဆိုရာတွင် ဒေါ်မယ်ဆုံကမနောဖြင့်သာပြော၏။
” နှင်းကြည်မ….”
” ရောက်…ရောက်ပါပြီသခင်မ…”
” နင့်တာဝန်ကဘာလဲဆိုတာ နင်သိတယ်နော်….”
” သိ….သိပါတယ်သခင်မ… ”
” အေး…လသားအရွယ်ရာဟုသား ဘယ်မှာရှိသလဲ နင်သိပြီလား….”
” မ.. မသိသေးဘူး သခင်မ…ရှာ…ရှာနေဆဲပါ….”
” ဟင်းဟင်း… နှင်းကြည်မ… နှင်းကြည်မ…. နင်မညာတတ်ဘဲမညာပါနဲ့….နင့်သားကိုနင်မစတေးချင်လို့ ဒီကနေထွက်သွားခိုင်းတာ ငါမသိဘူးများထင်လားဟမ်….”
” ရှင်!….”
” ဘာလဲ…သိပ်အံ့ဩသွားသလားနှင်းကြည်မ…မနေ့တနေ့ကမှသရဲဖြစ်လာတဲ့နင့်အကြောင်း ငါမသိဘဲနေမလား…နင်ဘယ်လိုတားတား နင့်သားကိုစတေးရမှာဘဲ…ဟားဟားဟား…. ”
” မ…မလုပ်ပါနဲ့သခင်မရယ်….ကျွန်မသားလေးကိုမသတ်ပါနဲ့….တောင်းပန်ပါတယ်…. ”
” မိခင်စိတ်အတော်ရှိနေတယ်ဟုတ်လားကောင်မ…သေစမ်း….”
” အား…….ပူတယ်….ပူတယ်…နာတယ်….”
ဒေါ်မယ်ဆုံက သူမ၏စုန်းပညာဖြင့်သရဲမနှင်းကြည်အားအမျိုးမျိုးညည်းဆဲနေ၏။ သရဲမခမျာ ဘာမှပြန်မလုပ်နိူင်ရှာဘဲ အနာခံနေရ ရှာ၏။
လကွယ်နေ့တစ်နေ့၌ အသက်လတ်ပိုင်းအမျိုးသားတစ်ယောက်သည် အနှီးထုပ်ကလေးပိုက်လျှက် မငိုမိအောင်အံကိုတင်းတင်းကြိတ်ထား၏။ ထိုသူ၏အနောက်၌အမျိုးသမီးသည် အဝတ်အစားထုတ်နှင့်ကလေးကစားစရာပစ္စည်းများအားပွေ့ပိုက်လျှက်ငိုယိုကာလိုက်ပါလာခဲ့၏။ ထိုသူတို့၏အနောပ်၌ကား ယောကျာ်း၊မိန်းမ လေးငါးဦးခန့်ပါလာ၏။
မောင်ရေခဲတို့လည်းထိုမြင်ကွင်းကိုကြည့်ပြီး အကြောင်းစုံသိရအောင်အရှေ့သို့တိုးသွားကြ ကာလမ်းကိုပိတ်ရပ်ထားလိုက်၏။
လူတစ်စုသည်မောင်ရေခဲတို့နားရောက်လာသော် ဘာမှမပြောဘဲ လွှတ်ရာနေရာမှရှောင်သွားကြရန်ပြု၏။ မောင်ရေခဲက
” နေကြပါအုံးဗျ….အစ်ကို့လက်ထဲက ကလေးက မသေ သေးဘဲသွားမြုပ်ကြမလို့လားဗျ….”
” ဘာကွ! ဒါနောက်စရာမဟုတ်ဘူးကိုယ့်လူ…ဒါငါ့သားလေးကွ…”
မောင်ရေခဲ စကားကြောင့်ကလေးငယ်ကိုပွေ့ချီထားသောလူမှာအနည်းငယ်ဒေါသထွက်သွားပြီး ထိုသို့ပြန်ပြော၏။
” ကျုပ်နောက်နေတာမဟုတ်ဘူးဗျ…ကလေးကတကယ်မသေသေးဘူး….လိပ်ပြာသိပ်ခံထားရတာ…”
” ရှင်! ….အစ်ကို…အစ်ကိုတကယ်ပြောတာလားဟင်….”
” တကယ်ပြောတာညီမရဲ့….ကလေးကမသေဘူးသေငယ်စောဖြစ်နေတာ…လိပ်ပြာသိပ်ခံထားရတာ…”
ထိုစကားကြောင့်သီတာမှာ ရေနှစ်နေသူ မြက်ပင်ဆုပ်မိသကဲ့သို့ ဖြစ်သွားပြီး အားကိုးတကြီးဖြင့်
” ဒါ…ဒါဖြင့်လေအစ်ကိုရယ်…ကျုပ်…ကျုပ်တူလေးကို ကယ်ပေးပါအုံးရှင်… ရှိကြီးခိုးပါရဲ့….”
ထိုအခါမှကျန်လးများလည်း
” ဟုတ်ပါတယ်ဗျာ…ကလေးမသေသေးဘူးဆိုရင်လည်း ကူညီပြီးလိပ်ပြာပြန်ခေါ်ပေးပါအုံးဗျာ…”
” လုပ်ပါဗျာ…ကျုပ်သားကိုပြန်ခေါ်ပေးပါ…”
ဆိုပြီးကလေးငယ်ကိုပွေ့ချီထားသူလည်းပြောလာသဖြင့်မောင်ရေခဲလည်း
” လမ်းမှာကြီးဗျ…ဒီလိုလုပ်ပါလား…ခင်ဗျားတို့အားလုံး…သူကြီးအိမ်ကိုလိုက်ခဲ့ကြ…ကျုပ်အဲဒီမှာတည်းနေတာ…”
” ဒါဆိုသွားကြစို့ဗျာ…”
မောင်ရေခဲ ပြောသည့်အတိုင်း သူကြီးအိမ်သို့လိုက်ခဲ့ကြ၏။ ရောက်သည်နှင့်သူကြီးကိုအကျိုးအကြောင်းရှင်းပြရာသူကြီးလည်းခွင့်ပြုလိုက်၏။ မောင်ရေခဲလည်းဘုရားကျောင်းဆောင်ရှိရာအိမ်အပေါ်ထပ်သို့ ကလေးကိုခေါ်သွားပြီး ဘုရားရှိခိုးခြင်း၊အဘဆရာများကိုဝတ်ပြုတိုင်တည်ခြင်းများလုပ်ကာ ကလေးကိုချထားလိုက်ပြီး လိပ်ပြာချုပ်ကာပြန်ခေါ်ပေးလိုက်ရာ ကလေးငယ်မှာ ထငိုတော့၏။
” အူဝူ…အူဝဲ….အူဝဲ…”
” ဟာ…သား…သားလေး…သားလေးမသေဘူး….”
” ကျုပ်တူ…တူလေးမသေဘူးတော့…ကျုပ်တူလေးမသေဘူး…”
” ဟာ….ကလေးကတကယ်မသေဘူးဟ…ဘုရားသိကြားမပေလို့ပေါ့…ဒီကဧည့်သည်တွေနဲ့သာမတွေ့ရင်ကလေးကိုသေပြီထင်ပြီးသွားမြုပ်ကြမှာ…”
” ဟုတ်ပါ့ရှင်….”
သူကြီး၏အိမ်၌တစ်စတစ်စ လူများလာခဲ့၏။ ဒေါ်မယ်ဆုံ၏သားနှစ်ယောက်လည်း အလုပ်သွားမည်လုပ်ပြီး သူကြီးအိမ်၌လူများစုရုံးနေသောကြောင့် အလုပ်မသွားသေးဘဲ ဝင်ရောက်ကြည့်ရှူနေ၏။ သေပြီဟုယူဆထားသောကလေးမှာ မသေဘဲအသက်ပြန်ရှင်လာသဖြင့် အားလုံးကမောင်ရေခဲတို့ကို တန်ခိုးရှင်သဖွယ်ကြည့်နေကြ၏။ မောင်ရေခဲက ကလေးငယ်အတွက်လွယ်အိတ်ထဲမှ ချည်ကြိုးနီတစ်ချောင်းထုတ်ကာလက်ျာရစ်သုံးပတ်စီအထုံးငါးထုံးလုပ်ပြီး ကလေးငယ်၏လည်ပင်းသို့ချည်ပေးလိုက်၏။ ထိုသို့ပြုလုပ်ပေးနေစဥ် ကလေး၏အဒေါ်သည် တဆတ်ဆတ်တုန်ရီလာကာ
” ကယ်…ကယ်ပေးပါ…ကျုပ်သားလေးကိုကယ်ပေးပါ….”
” ဟင်…”
” ဟာ…”
သီတာ့စကားကြောင့်ကြည့်နေသူများ အာမေဋိတ်သံပြုသွားကြ၏။ မောင်ရေခဲက ရိပ်မိသွားသဖြင့်
” ကဲ…နင်ဘယ်သူလဲ….ဘာလို့လာရောက်ပူးကပ်ရတာလဲ….”
” ငါ…ငါ….အား………”
သီတာကပြောမည်အပြု ဘာသံမှမထွက်တော့ဘဲ အားခနဲအော်ကာကြမ်းပေါ်သို့မှောက်လှဲကျသွား၏။ မောင်ရေခဲလည်း ထိုအမျိုးသမီး၏အချုပ်အနှောင်စက်များပြတ်စေရန်
” အနှောင့်အယှက်စက်တွေပြတ်စမ်း….အချုပ်အနှောင်တွေမှန်သမျှအကုန်လွှတ်စမ်း….”
ဟုအမိန့်ပေးလိုက်ရာ ထိုအမျိုးသမီးပြန်ထလာ၏။
” ငါ… ငါ…နှင်းကြည်ဘဲ…ငါ့…ငါ့သားကိုကယ်ပေးပါ…”
” ဟယ်…နှင်းကြည်တဲ့ဟေ့…”
” နှင်းကြည်ဆုံးတာ…ငါးလရှိပြီလေ…”
နှင်းကြည်ဆိုသောကြောင့်ကြည့်နေသူများထပ်မံအံ့ဩသွားရပြန်၏။
မောင်ရေခဲကလည်း ထိုအမျိုးသမီးအားကြည့်ကာ
” နင်ဆုံးတာငါးလရှိပြီဆို….မကျွတ်မလွတ်သေးဘူးလား….ကျန်တဲ့သူတွေကနင့်ကိုရည်စူးပြီး အမျှအတမ်းမပေးလို့လား….”
” ပေးတယ်…ငါ့သာဓုခေါ်လို့မရခဲ့တာ…ငါ့ကိုသာဓုခေါ်လို့မရအောင်လုပ်ထားကြတာ…”
” ဆရာရှိတယ်ပေါ့ဒါဆို…”
” ရှိ…ရှိပါတယ်…”
သီတာကဘေးဘီဝဲယာကိုကြည့်ပြီး ကြောက်သလိုလန့်သလိုလုပ်ကာဖြေ၏။
” မကြောက်နဲ့ ဒီစည်းထဲဘယ်သူမှလာလို့မရဘူး…နင့်ကိုသူကဖမ်းထားတာလား…”
” ဟုတ်တယ်… ဖမ်းပြီးခိုင်းစားတယ်…မလုပ်ပေးရင် နှိပ်စက်ညည်းဆဲတယ်…”
” ငါသိပြီ…ငါသိပြီ…နင်ဟောဟိုကအပင်မှာခေတ္တနေပါ…ကိစ္စတွေပြီးသွားတာနဲ့ နင့်အတွက်ရည်စူးပြီးကုသိုလ်အမျှအတမ်းလုပ်ပေးမယ်…”
” ငါ့…ငါ့ကိုထပ်ပြီးနှိပ်စက်ကြမှာ…ငါ့ပိုင်တဲ့အရာတွေသူ့အိမ်ရဲ့ပိန္နဲပင်အောက်မှာမြုပ်ထားတယ်…”
” စိတ်ချ…နင့်ကိုငါ့ခွင့်ပြုချက်မရဘဲ ဘယ်သူမှထိခွင့်မရှိဘူး…နင်ပိုင်တဲ့အရာလည်းဖော်ခိုင်းပြီး မီးရှို့ဖျက်ဆီးပေးမယ်…”
” ကျေး…ကျေးဇူးတင်ပါတယ်ရှင်…”
နှင်းကြည်ထွက်သွားသည်နှင့် သီတာမှာဘာမှမသိသလိုဖြင့် နံဘေးရှိလူများကိုလည်းကောင်း၊မောင်ရေခဲကိုလည်းကောင်း ကြောင်ပြီးကြည့်နေ၏။
” ညီမဘာဖြစ်သွားလဲသိလား…”
” မသိပါဘူးအစ်ကို…ညီမဘာဖြစ်သွားတာလဲ….”
” ဘာမှမဖြစ်ပါဘူး အသိစိတ်ခနလွှတ်သွားတာ…ကဲခနအနားယူလိုက်အုံး ညီမကိုမှီပြီး အစ်ကိုလုပ်စရာရှိသေးတယ်…”
” ဟုတ်…”
သီတာက မသေကောင်းမပျောက်ကောင်းဖြင့်ကံကောင်းထောက်မစွာအသက်ပြန်ရှင်လာသည့်တူလေးကို တင်းကြပ်စွာထွေးပွေ့ထားလိုက်၏။ နာရီဝက်ခန့်ကြာသော် မောင်ရေခဲက
သီတာကိုခေါ်ပြီး ဘုရားကိုရှိခိုးခိုင်းကာ ဆံပင်ကိုလည်းဖားလျားချခိုင်းထား၏။
” စိတ်ကိုလျှော့ထားညီမလေး…ဘာမှမကြောက်နဲ့ အစ်ကိုရှိတယ်….”
” ဟုတ် အစ်ကို…”
” ကဲ…ပဋ္ဌမံဆရာကြီးအဘအောင်အားအမှူးထား၍ လက်ဝဲကိုးသိန်းလကျာ်ကိုးသိန်းသော ဝိဇ္ဇာအပေါင်းတို့သည် သားတော်လူဆရာ၏ဦးခေါင်းထက်၌တည်ပါစေသား….အဘဆရာတို့၏အမိန့်အာဏာသည် သားတော်လူဆရာ၏ အမိန့်အာဏာအဖြစ်လွဲပြောင်းပေးပါစေသား….ဟောဒီရာဟုသားလေးကိုပြုစားနှောင့်ယှက်ထားသော အစွဲရှင်သည် မကြာချက်ချင်းဤမီးစက်အတွင်းသို့ရောက်ပါစေသား….”
ထိုသို့အမိန့်ပေးပြီးသည်နှင့် သီတာသည် ဆတ်ခနဲခေါင်းထောင်လာပြီး
” ကလေကဝအုတ်ကြားမြက်ပေါက်၊ခြေသလုံးအိမ်တိုင်လုပ်နေတဲ့ကောင်တွေကများ ငါ့နယ်ထဲဝင်ပြီး ဆရာလာလုပ်ရတယ်လို့….ကြားလို့တောင်မကောင်းဘူးဟင်းဟင်း…”
” ရာရာစစနင်ကများ…ဘုရားရှိခိုးစမ်း….”
” မရှိခိုးနိူင်ဘူး….ကလေကဝေစကားကိုငါက ခွေးဟောင်သံလောက်တောင်တန်ဖိုးမထားဘူး…”
” အံမယ်ရာရာစစကွာ…ကဲ..ဆိုင်ရာတွေ…ဆွဲချုပ်စမ်း….တုပ်ထားစမ်း…ခန္ဓာရှင်တစ်စုံတစ်ရာမထိစေရ…တုပ်စမ်း…ဘုရားဦးတိုက်ခိုင်းစမ်း.. ”
ထိုသို့ပြောလိုက်သည်နှင့်အစွဲသည်မောင်ရေခဲကို မျက်ထောင့်နီကြီးဖြင့်ကြည့်ပြီး ဘုရားကိုမရှိခိုးချင် ရှိခိုးချင်ဖြင့် ဦးချနေ၏။
” ကောင်မ….လူပါးဝလို့….ပြောစမ်း…နင်ကလူတွေကိုလိုက်ပြီးဒုက္ခပေးနေတာ…ဘယ်နှစ်ယောက်တောင်ရှိနေပြီလဲ…အပြစ်မဲ့တဲ့ကလေးတောင်နင်မချန်ဘူး….”
” နင်နဲ့ဆိုင်သလား….”
” ငါနဲ့မဆိုင်ပေမဲ့ လူသားတွေကိုအပြစ်မဲ့သတ်နေတာတော့ငါအသားလွှတ်ထိုင်ကြည့်မနေနိုင်ဘူးကွ…နင်နားလည်ထား….”
” ဟားဟားဟား..နားရှိလို့သာကြားရတာ….ကလေကဝကများ နတ်စကားတွေသိပ်ဆိုတာဘဲ…ထွီး….အထင်ကိုမကြီးတာ….”
” ကဲကွာ….စော်ကားချင်အုံး…စော်ကားချင်အုံး….ဒါကဗုဒ္ဓစက်တဲ့ဟေ့….ဒါကဓမ္မစက်တဲ့ဟေ့…”
ပြောကာသောက်တော်ရေတစ်ခွက်စွန့်ပြီး ခေါင်းကို တောက်လိုက်ရာ
” အား…ပူတယ်….ပူတယ်….အား…ဝူး….ဝါး….”
” မှတ်ပြီလား…ကိုယ်တိုင်ကလျှာပြတ်နေလို့စကားတောင်ပီအောင်မပြောနိုင်ဘဲ…ငါ့ကိုစော်ကားမော်ကားနဲ့… နင့်အရှိတိုင်းပြောစမ်းကွာ အမှီခန္ဓာရဲ့အသံနှင့်ပြောမနေနဲ့….”
” ဝွတ်..ဝေး…ဝေး…ဝေါင်”
” သိပ်ပြီးအတင့်ရဲနေတယ်ဟုတ်လား…အပြစ်မဲ့တဲ့လူတွေကိုသိပ်ပြီးသတ်ချင်တယ်ဟုတ်လား…သိပ်ပြီးအသားစားကြူးတယ်ဟုတ်လား….လာစမ်းကွာ စိတ်ဝိဉာဥ်နဲ့မလာနဲ့ မင်းရဲ့ခန္ဓာအစစ်နဲ့ဘဲ ဖိနပ်စုတ်ကိုကိုက်ပြီးခွေးလိုလာခဲ့စမ်း….”
မောင်ရေခဲကထိုသို့မိန့်လိုက်သည်နှင့်သီတာသည်ကြမ်းပေါ်သို့သတိလစ်မေ့မျောသွား၏။
ခန၌ ဒေါ်မယ်ဆုံသည်နေအိမ်မှ ရွာလယ်လမ်းမကြီးအတိုင်း ဖိနပ်တစ်ဖက်ကိုက်ပြီး ခွေးတစ်ကောင်ကဲ့သို့ ပြုမူကာသူကြီးအိမ်သို့လာခဲ့ကြ၏။
” ဟင်…ဒေါ်…ဒေါ်မယ်ဆုံကြီး…”
” ဟ…ဒေါ်မယ်ဆုံကြီးက ဖိနပ်ကိုက်ပြီးဘာလာလုပ်တာလဲ….”
” ဟာ…အ…အမေ….”
” အ…အမေ…ဘယ်လိုလုပ်ပြီး ဒီ….ဒီကိုရောက်လာတာလဲ…”
” ဒါ…ဒါဆို… ဒေါ်….ဒေါ်မယ်ဆုံက…. စုန်း….စုန်းမကြီးပေါ့….”
” ဒေါ်မယ်ဆုံက စုန်းမကြီးဟေ့….”
” တို့ရွာသားတွေသေတာသူ့ကြောင့်ကွ….မောင်းထုတ်ကြ…စုန်းမကြီးကိုရွာထဲကနေမောင်းထုတ်ကြ….”
” စုန်းမကြီးရဲ့ သားနှစ်ယောက်ပါ မောင်းထုတ်ကြဟေ့….”
ရွာသူရွာသားတို့ကကျောက်တုံးကျောက်ခဲများယူကာ ဒေါ်မယ်ဆုံအား ထုနှက်ကြ၏။ ဒေါ်မယ်ဆုံသားနှစ်ယောက်ကိုလည်း ပစ်ပေါက်ကြ၏။ မိခင်၏အဖြစ်ကြောင့်ရှက်လွန်းသောသားကြီးသည် ခါးစောင်းမှထိုးထားသော ယာခုတ်ဓားအား ထုတ်ကာ
” စုန်းမကြီး….ငါတို့အမေမဟုတ်ဘူး…နင်ကစုန်းမကြီး….”
ဆိုကာ ဓားဖြင့်ဒေါ်မယ်ဆုံ၏ လည်ပင်းအား အားကုန်ခုတ်ချလိုက်၏။ သားဖြစ်သူ၏ဓားချက်ကြောင့် ဒေါ်မယ်ဆုံမှာ ခေါင်းတခြားကိုယ်တခြားဖြစ်သွားပြီး ဇီဝန်ချုပ်သွားတော့၏။ ထို့နောက်ရှက်လွန်းသဖြင့် လူပုံအလယ်မှ ညီအစ်ကိုနှစ်ယောက်စလုံး ထွက်ပြေးသွားတော့၏။ ရွာသူရွာသားတို့လည်း မောင်ရေခဲတို့အား ကျေးဇူးတင်စကားပြောကာ စုန်းမကြီး၏အလောင်းအားရွာပြင်သို့သယ်သွားပြီး မီးရှိူ့ပစ်လိုက်ကြ၏။ ကိစ္စပြီးသည်နှင့် နှင်းကြည်အတွက်အမျှအတမ်းလုပ်ပေးရန်မှာခဲ့ပြီး ထိုရွာမှထွက်သွားတော့၏။
ဆရာတပည့်နှစ်ယောက်လုံး ထိုရွာမှထွက်သွားကြပြီး ဇရပ်တစ်ခု၌တည်းနေကြ၏။ မောင်ရေခဲသည် တရားမှတ်နေရင်း ခန္ဓာကိုယ်သည်လေဟာနယ်ထဲသို့ရောက်ရှိသွား၏။ မျက်လုံးအစုံဖွင့်ကြည့်သော် သူ့ဘေးပတ်ပတ်လည်၌ ဆရာသခင်ကြီးများနှင့်အတူ ရဟန်းဝိဇ္ဇာ၊လူဝိဇ္ဇာအပေါင်းတို့ကိုတွေ့လိုက်ရ၏။
” ရောက်လာပြီလားလူကလေး….”
” ဟုတ်ကဲ့အဘဆရာသခင်များ….”
” အေး…လူလေးကိုယ့်အပြစ်ကိုသိသလား….”
” သိပါတယ်အဘဆရာသခင်များ…”
” အေးကွဲ့….ကိုယ့်ရဲ့ဒေါသစိတ်တစ်ခုဟာ တစ်ပါးသူရဲ့အသက်ဇီဝိန်ကိုကြွေသွားစေတယ်ဆိုတာသိပြီလား…”
” သိပါပြီဆရာသခင်တို့ဘုရား….”
” အေးဒီအတွက်လူလေးမှာအပြစ်ရှိတယ်…ရှေ့တိုးလာချေ….”
မောင်ရေခဲသည် ဖိုးသူတော်ကြီး၏ရှေ့သို့တိုးလာပြီး မျက်လုံးအစုံမှိတ်ထားလိုက်၏။ ဖိုးသူတော်ကြီးသည် မောင်ရေခဲ၏ဦးခေါင်းကိုသုံးခါပွတ်လိုက်၏။
” ပြန်ပေတော့လူလေး…နောင်များမှာ ကိုယ့်စိတ်ကိုနိူင်အောင်သတ်နိုင်ပါစေ….”
” ဟုတ်ကဲ့ပါ ဆရာသခင်….”
ဆရာဖြစ်သူကို ဦးသုံးကြိမ်ချပြီး မျက်စိဖွင့်လိုက်ရာ မူလနေရာဇရပ်သို့ပြန်လည်ရောက်ရှိနေ၏။
ယခုမူကားမောင်ရေခဲသည် မွေးရာပါသရဲတစ္ဆေမြင်နိူင်သည့်အစွမ်းအားလည်းကောင်း၊ လျှာပေါ်ရှိအာစက်လျှာစက်ဖြစ်သည့်မှဲ့စိမ်းကလေးသည်လည်းကောင်း၊နတ်ဆေးလုံးသည်လည်းကောင်း တစ်ခုမှမရှိတော့လေပြီတည်း။…….။
နောက်အပိုင်းကား မောင်ရေခဲနှင့်ကဝေမြမောင်တို့တွေ့ကြမည့်အပိုင်းတည်း။
( အဘဆရာသခင်တို့အားဦးထိပ်ပန်ဆင်လျှက်)
# ရေခဲလေးသနားပါတယ်။ ရေးနေရင်းငိုချင်သွားသလိုဘဲ။
# ပြီး
# ခွန်း
Leave a Reply