ခဲ့သည်။ ညနေစာ ထမင်းအဆင်သင့်ဖြစ်ကြောင်း တူမလေးက ပြောပေမဲ့ သူ ထမင်းဝင်မစားချင်။
“မမဖြူဒီလိုမိန်းမမျိုး မဟုတ်ဘူး၊ ဒါဟာမဖြစ်နိုင်ဘူး” ဟု သူ့ရင်ထဲမှ တတွတ်တွတ် ပြောနေမိသည်။ တူမလေးကို ရှင်းပြရအောင်က တူမလေးသည်
မမဖြူ၏ ဇာစ်မြစ်ကို သိသူမှမဟုတ်။ တစ်မြို့တည်းမှလာကာ တစ်ရပ်ကွက်တည်းနေ၍ တစ်ယောက်အကြောင်းရှိ တစ်ယောက်ကူညီရန်အတွက် တစ်အိမ်နှင့်တစ်အိမ် ကူးသန်းနေကြ၍သာ သူ့တူမလေးသည်
မမဖြူသမီး သဇင်ဖြူတို့နှင့် ရင်းနှီးနေခြင်းဖြစ်သည်။
သဇင်ဖြူအောက် သားတစ်ယောက်လည်း မမဖြူမှာရှိသည်။
ကြားရသော သတင်းကို မယုံကြည်နိုင်ဘူးဆိုရအောင် လာရောက်တိုင်သူက မမဖြူ သမီးအရင်းဖြစ်နေသည်။
မမဖြူနှင့် ပတ်သက်လာလျှင် မယုံကြည်နိုင်စရာ
က အများကြီးပါလား၊ မမဖြူ၊ အသက်က ၇၀နားနီးနေပြီ။ ဘာလို့များ ဒီလိုအဖြစ်မျိုး ဖြစ်ရပါလိမ့်။
(၂)
သိမ်မွေ့၍ ကြည်လင်အေးမြသော မမဖြူငယ်ရုပ်ကို သူသတိရလာသည်။ မမဖြူက မအူပင်သူ၊ သူကတော့ ပန်တပွတ်ရွာသူဖြစ်သည်။
သူ ပန်တပွတ်မှာ မွေးဖွားစဉ်က ရွာအရှေ့ဘက်မှာ စစ်တပ်မရှိသေး၊ ယခု စစ်တပ်မှာ မော်တော်ဘုတ်က မနက်တစ်ကြိမ် ညနေတစ်ကြိမ်၊ မအူပင်ကို လာလျှင် ၄၅ မိနစ်မောင်းရသည်။
စစ်တပ်ထဲရှိ တပ်မတော်သားများ သားသမီးတချို့ မအူပင်ကျောင်းတက်၍ ကျောင်းတက်ပို့ဖို့နှင့် ကျောင်းဆင်းကြိုဖို့ တပ်မှမော်တော်ထွက်ရသည်။ ထိုမော်တော်ကားနှင့် တပ်မှ လူများ၊ ရွာသားများ ဈေးဝယ်လိုက်ကြသည်။ မအူပင်ကလည်း တပ်အထိ မော်တော်ကားနှင့် လာ၍ရသည်။ လမ်းကတော့ ကြမ်းသည်။
သူ ငယ်စဉ်တုန်းကတော့ ယခုလို အခြေအနေမဟုတ်။ အိမ်မှ လှေ သမ္ဗန်တစ်ခုခုနှင့် မအူပင်သွားတတ်သည်။ ပန်တပွတ်ရွာမှာ လှေရှိသူများ၍ မရှိသူကလည်း မအူပင်ကို ကုန်းကြောင်းခရီး ခြေထောက်နှင့် လျှောက်သွားကြသည်။
သူ့အဖေနှင့်အမေက သူ့ကို ၄ တန်းအောင်တော့ မမဖြူတို့ မိဘများအိမ် ပို့ထားသည်။ မမဖြူတို့ ဖေဖေသည် မအူပင်မြို့မှာ သမာဓိမြို့ဝန်ဖြစ်သည်။ သူတို့အိမ်သည် မအူပင် အရှေ့ပိုင်းတွင်ဖြစ်၍ အေးချမ်းတိတ်ဆိတ် ဇီဇဝါပန်းရနံ့များ မွှေးပျံ့နေသည်။ အိမ်ရှေ့ဧည့်ခန်းက သမာဓိမြို့၏ ဧည့်ခန်းဖြစ်သည်။
သူက အပေါ်ထပ်မှာ မမဖြူနှင့် တစ်ခန်းစီအိပ်သည်။ မမဖြူ အိပ်ခန်းနှင့် သူ့အိပ်ခန်းသည် ယှဉ်လျက်၊ မြစ်ပြင်ကို မျက်နှာပြုထား၍ သူ အလွန် သဘောကျသည်။ အိမ်မှာလိုပဲ ကျယ်ပြန့်သော မြစ်ပြင်ကို မြင်နေရသည်မှာ စိတ်လွတ်လပ် ကြည်နူးမှုကို ဖြစ်စေပါသည်။
သူ အတန်းငယ်တုန်းက မမဖြူက သူ့ကို ညတိုင်း စာပြပေးပေမဲ့၊ အတန်းကြီးလာတော့ မမဖြူက မပြပါ။ မမဖြူသည် ၆ တန်းနှင့် ကျောင်းထွက်ထားသူဖြစ်သည်။
မမဖြူက ရှေးခေတ်က မအူပင်မြို့ဝန် ဦးဘစမ်း၏ တစ်ဦးတည်းသောသမီး။ မိခင်ဖြစ်သူ ဒေါ်စောထံမှ ဖြူဝင်းသောအသား၊ သွယ်လျသော မျက်လုံးများကို ရယူထားသူဖြစ်သည်။ ဖခင်ထံမှ အလုံးအဖန်ရထား၍ တောင့်တင်းပြေပြစ်သော မိန်းမပျိုတစ်ယောက် ဖြစ်သည်။
မမဖြူတို့ အပျိုဖြစ်ချိန်က မိန်းကလေးတွေ အိမ်တွင်းပုန်းကြသော ခေတ်ဖြစ်၍ မမဖြူအပြင်ထွက်သည်ကို မတွေ့ရ၊ ဈေးသွားစရာရှိလည်း အိမ်စေနှင့် မမမေမေကပဲ သွားသည်။ သူစားချင်စရာ သရေစာ ရှိလျှင်လည်း ယမုံကိုသာ ကျောင်းသွားစဉ် မှာလေ့ရှိသည်။
တစ်နေ့ တစ်နေ့ မိခင်ဖြစ်သူနှင့်အတူ အချက်အပြုတ်၊ အချုပ်၊ ဇာထိုး ပန်းထိုးကိုပဲ သင်နေ လုပ်နေသူဖြစ်သည်။ ညနေတိုင်းမှာလည်း နောက်ဘက်ခြံထဲရှိ ဇလပ်ပန်း၊ စံပယ်ပန်းများကို ခူးသီ၍ ဘုရားကပ်သည်မှာ မမဖြူ၏ ပြုနေကျ ဝတ်တစ်ခုဖြစ်သည်။
ယမုံ ၁၀ တန်းရောက်၍ အပျိုပေါက်လေးဖြစ်တော့ မမဖြူအသက်က အစိတ်လောက်ရှိတော့မည်ထင်သည်။
သူကျောင်းပြန်ရောက်ချိန် မမဖြူတစ်ယောက် ရေမိုးချိုး၊ သနပ်ခါးအဖွေးသားနှင့် ပဒုမ္မာအင်္ကျီ မီးပူတိုက်ပြီးသား၊ တိုဘရက်ကိုးလုံချည် အဝါလေးနှင့် တွေ့ရသည်ကိုက ကျက်သရေရှိလှသည်။ သူက မမဖြူအနား ကပ်သွားရင်း “သိပ်မွှေးတာပဲ” ဟု ပြောတတ်သည်။
မမဖြူတို့ခေတ်က ပွန်ပီယာပေါင်ဒါနှင့် အီဗနင်းအင်ပဲရစ်ပေါင်ဒါလည်း ပေါ်၍ နေပြီ။
ယမုံ သီတင်းကျွတ် ကျောင်းပိတ်ရက် အိမ်မပြန်ခင် တရက်မှာ မမဖြူ အလှပြင်နေသည်ကို သူငေး၍ ကြည့်နေမိသည်။ ထိုခေတ်က နှုတ်ခမ်းနီဆိုးဆေးတော့ ပေါ်ပြီ။ ပြီးတော့ ပွဲနေပွဲထိုင်သွားလျှင် ဘီးဆံထုံးထုံးပြီး ဆံမြိတ်တိုချသော ခေတ်ဖြစ်သည်။
တကယ့်ကို ကြည့်လှလှနှင့် ကြည့်နေမိသည်။
တစ်ဖက်ခန်းမှ ဒေါ်ဒေါ် စော၊ မမဖြူအမေကလည်း ဝတ်စားပြင်ဆင်ပြီးကာ မမဖြူအခန်းကို ဝင်လာသည်။ ဒေါ်ဒေါ်စောသည် ပိုးပဒုမ္မာအင်္ကျီအဖြူဝတ်၍ ဂျော်ဂျက် ပဝါစုံချလျက် ဇင်းမယ်လုံချည်နီညိုနှင့် ဘီးဆံပတ်ကြီးကလည်း တစ်ခေါင်းလုံးအပြည့်၊ ယမုံ့အမေမှာ တောသူဖြစ်၍ ဒီလိုအပြင်အဆင်မျိုးကို ပြင်နေကျမဟုတ်၍ ယမုံကမမြင်ဖူးပါ ဒေါ်ဒေါ် စောကလည်း တစ်မျိုး ကျက်သရေရှိနေသည်။
သူ စကားမပြောနိုင်သေး။ မမဖြူ၏ အလှကိုပြန်ငေးရသည်။
မယ်ညို ပဒုမ္မာအင်္ကျီ၊ ရွှေဖလားရောင်ချိတ်ထဘီနှင့် ခေါင်းတွင် ဘီးဆံထုံးမြင့်မြင့်၏ ဆံမြိတ်တိုဘေးမှာ နှင်းဆီ ပန်းရောင်တစ်ပွင့်ကို ပန်ထားသည်။ မမဖြူသည် စက္ကူပန်းများကို သုံးလေ့သုံးထမရှိ၊ မမဖြူအသားမှာ ပဒုမ္မာအပါးအောက်မှာ ဖြူနုကြည်လင်နေ၍ ရွှေဖလားရောင်လုံချည်နှင့် ဝင်းပရွှန်းလက်နေသည်။ ပဝါကိုတော့ မခြုံပါ။
မို့မို့ ကြွကြွရင်သားကို ဇာဘော်လီအလှက ပြေပြစ်စွာ ဖုံးအုပ်ထားပေမဲ့ မမဖြူ၏ ရင်ဟန်ကြွကြွနှင့် တင်ပါးမို့မို့မှာ မမဖြူအလှကို ရုပ်လုံးကြွလာပါသည်။
“ကဲ. . . သွားမယ် ယမုံ”
သူ့ကို နှုတ်ဆက်ကာ သားအမိနှစ်ယောက် အောက်ထပ်သို့ ဆင်းသွားသည်။ အောက်ထပ်ဧည့်ခန်းမှာ ထိုင်နေသော သမာဓိမြို့ဝန်မင်းကလည်း ပန်းရောင်ခေါင်းပေါင်း၊ ရေနံရောင်ဗန်ကောက်လုံချည်၊ အလ်
ပတ်ကားအနက် တိုက်ပုံအင်္ကျီများ ဝတ်ဆင်ထားသည်မှာ ခံ့ညားလိုက်တာ၊ သူနှင့် အိမ်ဖော်ကလေးမလေးသည် သားအဖသုံးယောက် အပြင်ထွက်သွားသည်ကို တံခါးဝမှ ရပ်ကာမျက်စေ့တစ်ဆုံး ကြည့်နေမိသည်။
ထိုနေ့က မအူပင်အရေးပိုင် သမီးခင်မလေးမင်္ဂလာဆောင်ကို သွားကြခြင်းဖြစ်သည်။
ယမုံသည် အပေါ်ထပ် အိပ်ခန်းကို ပြန်တက်ခဲ့သည်။
ခုတင်ပေါ် လှဲရင်း မမဖြူအကြောင်း စဉ်းစားနေသည်။
သူ့မျက်လုံးထဲမှာတော့ တော်တော် ချောမောလှပသူ၊ ရာထူးကြီးပိုင်ရှင် ဂုဏ်သရေရှိလူကြီးမင်း၏ တစ်ဦးတည်းသော သမီးမမဖြူသည် တစ်နေ့နေ့ အရာရှိတစ်ယောက်နှင့် လက်ထပ်မှာပဲဖြစ်သည်။
သူ့အိမ်ခန်းထဲမှာ သတို့သမီးဝတ်စုံကို ဝတ်ဆင်၍ အိမ်ရှေ့ဧည့်ခန်းဝ လက်ထပ်ခန်းမဆောင်သို့ ထွက်သွားမည့် မမဖြူ၏ ဟန်ကို စဉ်းစားကြည့်သည်။ လှလိုက်မည့်ဖြစ်ခြင်းဟု တွေးနေသည်။ သို့သော် ယခုထိ မမဖြူ၊ ဘယ်သူနှင့်မှ ကြိုက်သည်ဟူ၍လည်း မကြားရ။
မအူပင်မြို့ပေါ် ချမ်းသာသူတွေနှင့် အရာရှိတွေထဲက လူပျိုများပြောင်းလာလျှင်တောင် မမဖြူကို လာရောက်တောင်းသည်ကို မကြားမိသေး။
ဒီအိမ်မှာ ထိုစဉ်က သူ ကလေးဖြစ်၍ အိမ်ထောင်ရေးရာကို လူကြီးတွေက မပြောခြင်းဖြစ်သည်ထင်သည်။ သူ ၁ဝ တန်းတက်စကတော့ သူ့သူငယ်ချင်း ကြွေကြွေက ပြောဖူးသည်။
“တို့ကျောင်းကို နောက်ပြောင်းလာတဲ့ ကျောင်းအုပ်ကြီး ဦးကြည်စိန်က မင်းတို့ မမဖြူကို သဘောကျလို့တဲ့”
ကြွေကြွေပြော၍သာ ကြားရသည်။ သူ့အနေနှင့်က မမကိုလည်း ပြန်မမေးရဲ၊ ဆရာကြီးဦးကြည်စိန်က မမဖြူကို လာရောက်တောင်းလေသလား၊ မတောင်းလေသမား မသိ၊ မကြာခင် အိမ်ဖော်ကလေးမလေး မစိန်ရွှေက သူ့အိပ်ခန်းကို ဝင်လာ၍ စာတစ်စောင်ပေးသည်။ စာမှာ အမေတို့ဆီက ဖြစ်သည်။
“လှေကြုံကို ဘာမှာလိုက်ဦးမလဲတဲ့၊ စောင့်နေတယ်”
ကလေးမလေးက ပြောလိုက်၍ အမေတို့ဆီက နက်ဖြန်အဖေလာကြိုမည်ဟု ရေးထားသောစာ
ကို တွေ့ ရသည်။ သူအောက်ကို ပြေးဆင်းသွားတော့ ခေါင်းရင်းအိမ်မှ ဦးမောင်ထွေးကို တွေ့ရသည်။
“ယမုံ … အဆင်သင့်ပြင်ထားမယ်လို့သာ ပြောလိုက်ပါ ဘကြီးထွေး၊ ခဏနားပါဦးလား”
သူက ဘကြီးထွေးကို ခေတ္တနားဖို့ ပြောပေမဲ့ ဈေးဝယ်သွားစရာရှိ၍ဟုပြောကာ ပြန်သွားတော့သည်။
သူက နက်ဖြန်ကို အိမ်ပြန်ဖို့ ပစ္စည်းများ သိမ်းဆည်းနေသည်။
(၃)
နောက်နေ့ မနက်စောစောပဲ အဖေရောက်လာသည်။
အဖေသည် ပေါ်စ ငါးရံ့ခြောက် တစ်ပိဿာနှင့် ဆန်တစ်အိတ်၊ ငါးဖျင်းသလက် လတ်လတ် ဆတ်ဆတ်ကို ကြော်ယူလာသည်။
မမဖြူအမေသည် ကောက်ညှင်းပေါင်းနှင့် ငါးဖျင်းသလက်ကြော်ကို အလွန်ကြိုက်သည်။
ယမုံ ကျောင်းဖွင့်လျှင် တစ်ကြိမ်၊ သီတင်းကျွတ်ကျောင်းပိတ်လျှင်တစ်ကြိမ်၊ နွေရာသီ ကျောင်းပိတ်ချိန် တစ်ကြိမ် အဖေသည် သူ့လယ်ထွက်ဆန်နှင့် ငါးခြောက်ငါးခြမ်းများ ဝယ်လာကာ မမဖြူမိဘတွေကို ကန်တော့သည်။
သူ မအူပင်မှာ ကျောင်းနေ၍ စားသောက်ကျွေးမွေးခ၊ မမဖြူ မိဘများက မယူ၍ဖြစ်သည်။ အဖေနှင့် အတူ သူပါကန်တော့ကာ ရွာကို ပြန်လာကြသည်။
ယမုံတို့အိမ်မှာလည်း သားအဖသုံးယောက်နှင့် အလုပ်သမားနှစ်ယောက် လင်မယားတစ်စုံရှိသည်။ သူတို့သည် အဖေ့လယ်နှင့် သရက်ခြံကို လုပ်ပေးနေကြသူများဖြစ်သည်။ လယ်ချိန်ရောက်လျှင် သူတို့မရှိကြ။
ယမုံတို့ အိမ်လေးကလည်း ပျဉ်ထောင်သွပ်မိုး၊ လေးပင်သုံးခန်းဖြစ်၍ မြစ်ဘက်ကို မျက်နှာပေးထားသည်။ သူက ပြန်ရောက်သောနေ့ညနေဘက် ထမင်းစားချိန် မမဖြူအကြောင်း ပြောပြနေသည်။
“တကယ်ပဲ အဖေရာ၊ မမဖြူဟာ တကယ်ချောတာနော်၊ မနေ့ကများ မင်္ဂလာဆောင်ကိုသွားတာ ပြင်ဆင်ထားလိုက်တာ သိပ်ကျက်သရေ ရှိတာပဲ”
သူက အဖေနှင့် အမေကို အားရပါးရ ပြောပြနေသည်။
“အေး ဟုတ်ပါရဲ့၊ ချောပေမဲ့ ကလေးမလေးက ဘယ်သူ့ကိုမှ လက်မထပ်တော့ဘူးထင်ပါရဲ့ အေးမေရယ်”
အဖေက ထမင်းစားပြီး လက်သုတ်ရင်း ပြောနေသည်။
အမေက အဖေထမင်းစားပြီး မြုံ့တတ်သော လက်ဖက်ခွက်ကို အဖေ့အနား လာချလိုက်၏။ သူ့အတွက် ဖီးကြမ်းငှက်ပျောသီးကိုယူပေး၍ အဖေ့ကို ပြန် ပြောနေသည်။
“ယူချင်ပါဦးမလား ကိုစံထူးရယ်၊ စဉ်းစားကြည့်၊ ရှက်တာလည်း ပါမှာပေါ့၊ မိန်းကလေးဆိုတာ တစ်မျက်နှာက နှစ်မျက်နှာ မပြောင်းချင်ဘူးလေ”
ယမုံက အမေ့စကားကို နားထောင်ရင်း အံ့အားသင့်သွားသည်။
သူချစ်သော မမဖြူမှာ သူမသိသော အကြောင်းအရာတွေ ရှိနေပါပကော။
လူကြီးတွေစကားကို သူ ဝင်မစွက်ရဲ၍ ထမင်းဝိုင်းကို သိမ်းလိုက်သည်။
အဖေနှင့် အမေက ဆက်စကားပြောနေသည်။
ညအိပ်ရာ မဝင်ခင် အမေသည် အိမ်ရှေ့ကွပ်ပျစ်မှာ သင်ဖြူးတစ်ချပ်၊ ခေါင်းအုံးတစ်လုံးနှင့် နေတတ်သည်။ အဖေက ဘကြီးထွေးတို့ အိမ်သွားနေသည် ထင်သည်။ အမေတစ်ယောက်တည်းရှိမှ ယမုံသည် အမေ့အနား ကပ်သွားမိသည်။
“အမေ ညနေက ထမင်းဝိုင်းမှာ အဖေက မမဖြူအကြောင်း ပြောပြနေတယ်၊ သမီးသိချင်လိုပါ၊ မမဖြူက ဘာဖြစ်လို့လဲ”
သူသည် အမေ့အပါး လှဲအိပ်ကာ မေးမိသည်။
“မိန်းကလေးက ဆိုးရတာ မဟုတ်ပါဘူး၊ အလိမ္မာလေးပါ” အမေသည် ကွမ်းသီးဖက်လိပ်ကြီးကို ဖွာကာ ဆက်ပြောပြသည်။
“မအူပင် ပြန်ရောက်ရင် ဖြူဖြူတို့အိမ်မှာ ဘယ်သူ့ကိုမှ ဒီအကြောင်း မမေးနဲ့နော်၊ သမီးက စပ်စုတတ်တယ်”
“ဪ. . . အမေ့မို့လို့ မေးတာပါ အမေရယ်၊ သမီးညနေ ထမင်းဝိုင်းမှာတောင် အဖေ့ရှေ့မှာမို့ မမေးရဲဘူး”
“အေးပါ၊ အမေက ဖြူဖြူရှက်နေမလားလို့ပါ၊ သမီးက ငယ်သေးတော့ ဒီအကြောင်း မသိဘူး”
“သမီး မစပ်စုလို့ မသိတာပေါ့”
“အဲဒါ ကောင်းတယ်၊ တစ်နေ့ အလိုလို သိလာရတာပဲ၊ သမီးတို့ ငယ်ငယ်တုန်းကလည်း ဦးဘစမ်းဘက်ကရော ဒေါ်စောဘက်ကရော ဆွေမျိုးတွေ သူတို့အိမ်မှာ ကျောင်းလာနေလေ့ရှိတယ်၊ ဟိုအရှေ့ဘက် ဗောဓိကုန်းက သူငယ်လေးတစ်ယောက်လည်း ကျောင်းလာနေတယ်။
သူက အမျိုးမတော်ဘူး၊ သမီးအဖေနဲ့ ဒီသူငယ်မိဘတွေ ရင်းနှီးပါတယ်၊ ကောင်လေးက ဆင်းရဲတယ်၊ စာတော့တော်တယ်၊ ဦးဘစမ်းက ဒီလူငယ်လေး စာတော်တာ နေတာထိုင်တာသဘောကျတယ်၊ ၁၀ တန်းအောင်တော့ ဗောဓိကုန်းက သူငယ်လေး မိဘတွေကို ခေါ်ပြောတယ်၊ သူတို့ရဲ့သား မောင်ထိန်ဝင်းကို တက္ကသိုလ်မှာ ဆက်ထားပေးမယ်၊ ဒီဂရီရတဲ့ အထိပေါ့၊ သူ့စိတ်ထဲမှာလည်း မှန်းထားတယ်ထင်ပါရဲ့၊ ဒီသူငယ် ဒီဂရီရ မြို့အုပ်စာမေးပွဲတွေ ဘာတွေဝင်လို့ အောင်ရင် အရာရှိတွေဘာတွေ ဖြစ်မယ်ပေါ့၊ စာမေးပွဲအောင်လို့ ဒီဂရီရရင် သူ့သမီးခင်ဖြူဝင်းနဲ့ ပေးစားမယ်ဆိုတာ ပြောပြတယ်၊ ဗောဓိကုန်းက ကောင်လေး မိဘတွေကလည်း သဘောတူတယ်၊ အမှန်တော့ တိတ်တိတ် စေ့စပ်ထားတာပေါ့”
“ဒီလူက ချောလားဟင်”
ယမုံက လူငယ်ဆန္ဒအတိုင်း မမဖြူ ယူမည့်သူကို ချောစေ လှစေချင်သည်။
“မချောလှပါဘူးကွယ်၊ ကြည့်ပျော် ရှုပျော်ပါပဲ၊ အသားတောင် နည်းနည်း ညိုသလားလို့ အမေ ထင်တယ်”
“ဒါနဲ့များ ဦးကြီးစမ်းက မမဖြူနဲ့ ပေးစားချင်ရသေးတယ်”
“ဩော် သမီးကလည်း သူ့မျက်နှာနဲ့ မအူပင်မှာ
သူ့သမီးလိုချင်တဲ့ သူတွေ ပြည့်လို့ပေါ့။ တောသူတောင်သား ရိုးရိုးသားသားကို မြေတောင် မြှောက်ပြီး ပေးစားချင်တဲ့ ဆန္ဒပေါ့”
“နောက်တော့ ဘာဖြစ်သွားလဲ”
“အေး. . . ဘီအေအောင်တော့ မအူပင်ကို ပြန်မလာဘူး၊ ဗောဓိကုန်းက ကောင်လေးမိဘတွေ၊ ကိုဖိုးရှိန်တို့လည်း ဘာမှမသိဘူး၊ မျက်စိပျက် မျက်နှာပျက်နဲ့ သူတို့သား ပြန်မလာတာကို ဦးဘစမ်းကို ရိုးရိုးသားသား လာပြောပါတယ်။ နောက်ဆုံးကျမှ စုံစမ်းကြည့်တော့ မောင်ထိန်ဝင်းက စကော့ဈေး(ယခုဗိုလ်ချုပ်ဈေး)မှာ စက္ကူပန်းတွေ လုပ်ရောင်းတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ယူလိုက်တယ်”
“ဟယ်. . . မမဖြူထက် ချောလို့လား”
“အမေမှ မမြင်ဖူးပဲ၊ အဲဒီကတည်းက ဖြူဖြူဟာ ရှက်ပြီး နဂို အိမ်တွင်း ပုန်းတာထက် ပိုပုန်းပြီး ဘယ်မှမထွက်တော့ဘူး”
“သနားစရာ ကောင်းလိုက်တာ”
“သမီးက မမြင်ရဘူး၊ အမေက ဖြူဖြူတို့အိမ် ဝင်ထွက်နေတော့ မောင်ထိန်ဝင်း ဘီအေမအောင်ခင်က တက္ကသိုလ်က ကျောင်းပိတ်လို့ မအူပင် အိမ်ပြန်လာရင် ဖြူဖြူမှာလေ ‘ကိုကို ကိုကို’ နဲ့ ပြုစုလိုက်ရတာ၊
ခမျာ သိပ်ဂရုစိုက်ရှာတယ်”
ယမုံက အမေ့အပါးလှဲရင်း ခေါင်းအုံးကြီးကို နာနာထုမိ၏။ ဒီကိစ္စကို နည်းနည်းမှ မကျေနပ်။ မမဖြူဘက်က နာကြည်းမိသည်။
“သူ့ခမျာ မိဘက ဒီလူတော်တယ်ဆိုတာနဲ့ မိဘစကားနားထောင်ပြီး ချစ်လိုက်ရတာဖြစ်မှာ၊ သူလော်မာတာမှ မဟုတ်ဘဲ” သူက မမဖြူ အတွက် ကြေကွဲစွာပြောမိ၏။
“အေး ဒါကြောင့်လည်း နောက်တော့ ဦးဘစန်းတို့
လာစပ်တဲ့သူရှိတောင် ဖြူဖြူ သဘောမတူရင် ဘယ်သူ့ကိုမှ လက်မခံပါဘူး”
ယမုံသည် စကားစပြတ်ပြီး အိမ်ပေါ် အိပ်ခန်းသို့
တက်လာကာ မမဖြူ အကြောင်း စဉ်းစားရင်း ထိုညက တော်တော်နှင့် အိပ်မပျော်ပါ။
(၄)
နွေရာသီကျောင်းကြီး မပိတ်ခင် ၁၉၄၁ ခုနှစ်၊ ၁ဝ တန်းစာမေးပွဲစစ်ခါနီး ကျောင်းတွေပိတ်လိုက်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး မြန်မာပြည်ကို ကူးစက်လာ၍ ဖြစ်သည်။
ယမုံအဖို့ ပန်တပွတ်ပြန်ကာ အဖေတို့နှင့် အတူနေရသည်။
အဖေတို အလုပ်ကတော့ လယ်လုပ်လိုက်၊ သရက်သီးခူးရောင်းလိုက်နှင့် စစ်ကာလကို ကျော်ဖြတ်လာခဲ့ရသည်။ ပြီးတော့ အဖေသည် ဆောင်းဦးပေါက်လာလျှင် အင်းမ-ရေလဲရွာတို့ရှိ အင်းများက ငါးခြောက်မျိုးစုံနှင့် ငါးကျည်းခြောက်များ ဝယ်ခြမ်းကာ ရန်ကုန်ကို တက်ရောင်းတတ်သည်။
အမေက ရန်ကုန်မှာ အန္တရာယ်များ၍ အဖေ့ကို မသွားစေချင်ပေမဲ့ မရ။ အဖေက သွားမြဲသွားသည်။ အဖေက လှေနှင့်သွားသည်ဖြစ်၍ အပြန်တွင် ဆီပုံးတွေ တင်လာကာ မမဖြူတို့အိမ်မှာ စတည်းချ၍ မအူပင်မှာ ရောင်းချသည်။
တစ်ညနေ ထမင်းဝိုင်းမှာ ယမုံသတင်းတစ်ခုကြားရ၍ အံ့ဩနေသည်။ ပြောသူ အဖေကလည်း တအံ့တဩနှင့် ပြောနေခြင်းဖြစ်သည်။
“ငါလည်း ပထမတော့ ဦးဘစမ်းလည်း ပြောတာ မယုံဘူး၊ ဒါပေမဲ့ သူကိုယ်တိုင်ပြောနေတော့ ယုံရတော့တာပဲ၊ ဒေါ်စောရှေ့မှာပြောတယ်၊ သူ့သမီး ဖြူဖြူကို ရန်ကုန်ခေါ်သွားပါတဲ့”
“ဘာလုပ်ဖို့” အမေကလည်း အထိတ်တလန့်လို ပြန်မေးလိုက်သည်။
“သူတို့ရှိတာလေး ထုခွဲပြီး ငွေရင်းလုပ်မယ်၊ အဲဒါ ဒီကကိုက်မယ့် ငါးခြောက်၊ ငါကဝယ်ပေးပေါ့၊ ဖြူဖြူက ငါနဲ့အတူ ရန်ကုန်လိုက်မယ်တဲ့၊ ဟိုမှာ ငါးခြောက်ရောင်းမှာပေါ့”
“အလိုလေး၊ ဘုရားရေ၊ ဖြစ်နိုင်ပါ့မလား၊ တစ်သက်လုံး အိမ်တွင်း ပုန်းလာတဲ့ မိန်းကလေးက ဗုံးတွေ၊ သေနတ်တွေကြား ငါးခြောက် သွားရောင်းမတဲ့”
“မင်းကသာ မဖြစ်နိုင်ဘူး ပြောနေ၊ ငါ့ကို ငါးခြောက်ဝယ်ဖို့ ငွေပေး လိုက်ပြီ၊ သူတို့လည်း ထိုင်စားနေလို့ ဘာမှ ဝင်ငွေရှိပုံမပေါ်ဘူး၊ ဒေါ်စောမကျန်းမာတော့ ဖြူဖြူကလည်း ဝင်ငွေရှာချင်တယ်ထင်တယ်၊ ဦးဘစမ်း ကလည်း ခြေတစ်ဖက် မသန်ဘူး၊ လေဖြတ်သလို ဖြစ်နေတယ်၊ ငါးခြောက်စုမိမှ ငါ့လှေ ထွက်မယ့်ရက် ဖြူဖြူကို အကြောင်းကြားရမှာ”
အဖေ့စကားကို ကြား၍သာ ကြားရသည်။ မယုံနိုင်ပါလား။ မမဖြူသတင်းတွေသည် ဘာဖြစ်၍များ မယုံနိုင်စရာ ကောင်းလောက်အောင် ထူးခြားနေပါသလဲ။
ကာယကံရှင်တွေကတော့ မသိ၊ ယမုံနှင့်အမေမှာ ဒီသတင်းအတွက် စိတ်လှုပ်ရှားနေသည်။
“အမေရယ်၊ ဦးကြီးစမ်းလည်း ခြေထောက်ကမကောင်း၊ ကြီးကြီးစောလည်း နေမကောင်းဘူးဆိုတော့ သမီး သူတို့အိမ်သွားနေပေးရမလား၊ အမေကလည်း သတင်းမေးသွားဖို့ ကောင်းတယ်”
သူက အမေ့ကို ပြောပြမိ၏။
“အမေကလည်း သွားမလို့ပါပဲ၊ ဖြူဖြူ ရန်ကုန်သွားမှာတော့ အမေစိတ်မချဘူး၊ အစ်ကိုကြီးတို့ မမစော တို့ကိုလည်း အမေ မပြောရဲဘူး”
“သူတို့လည်း နေထိုင်မကောင်းနေတော့ မတတ်သာလို့ သမီးကိုလွှတ်တာဖြစ်မှာပေါ့၊ မမဖြူမရှိတော့ သမီးသွားနေပေးမယ်လေ”
ယမုံက ထပ်ပြောပြန်သည်။
“သမီးက မအူပင်သွားနေတော့ အမေအိမ်မှာ တစ်ယောက်တည်း နေတာလေ၊ သမီးအဖေက ရန်ကုန်သွားနေတာလေ”
“သမီးသွားလို့ မဖြစ်ပါဘူး၊ နေ့လယ်ကျ လူနာသွားမေးဖို့ မောင်ကြည်ကို လှေနဲ့လိုက်ပို့ ခိုင်းရမှာဘဲ”
ယမုံသည် အမေသရက်သီးစိမ်းများ အခြောက်လှန်းကာ နွေတုန်းက လုပ်ထားသည့် သရက်သီးသနပ်ကို ချိုင့်ငယ်တစ်ခုနှင့် ထည့်ကာ ယူလာသည်။
မအူပင်အိမ်ရောက်တော့ ပထမဆုံး ဒေါ်စောအိပ်ခန်းကို သူတို့သား အမိနှစ်ယောက် သွားကြည့်ရသည်။ ဒေါ်စောက လူကြီးနာပါပဲ။
ပြီးမှ ဧည့်ခန်းမှာ ဦးဘစမ်းကို အမေယူလာသော ငါးကင်နှင့် ငှက်ပျောခိုင်နှင့် ကန်တော့ကြသည်။ ခြေတစ်ဖက် ဆွဲနေသော ဦးကြီးစမ်းကိုကြည့်ရင်း
ယမုံက စိတ်မကောင်း။
မမဖြူက သူ့အမေကို ထမင်းကျွေးပြီး သူတို့သားအမိနှင့်အတူ ထမင်းစားကြသည်။ ထမင်းစားကြပြီး အမေက ဒေါ်စောအနားမှာ အိမ်ဖော်ကလေးမလေးနှင့်အတူ စောင့်၍ စကားပြောနေသည်။
ယမုံနှင့် ဖြူဖြူက အိမ်ပေါ်တက်လာကြသည်။ မမဖြူ၊ အိပ်ခန်းထဲမှာ သူကမထိုင် ပြတင်းမှာ သွားရပ်သည်။ မအူပင် တစ်ဖက်ကမ်းသည် မိုးဦးတွင် သစ်ရွက်တွေစိမ်းညို့၍ တောတန်းလေးလို သာယာနေသည်။
မြစ်ပြင်မှာ ဂယက်လေးတွေလောက်ပဲရှိတယ်။
“မမဖြူ ရန်ကုန်သွားမလို့ဆို”
သူက မမဖြူကို မကြည့်ဘဲ မေးနေသည်။
“အင်း”
မမဖြူကလည်း သူ့နားလာရပ်သည်၊ မြစ်ပြင်ကို ဖြတ်သန်း တိုက်ခတ်လာသောလေက သူတို့ဘေးတွင် အေးမြနေသည်။ သူက ဘာဆက်ပြောရမှန်း မသိ၊ မသွားစေချင်တာတော့ အမှန်။
“ယမုံ မမဖြူကြိုက်တဲ့ သရက်သီးသနပ်ယူလာတယ်”
“အေး . . မမဖြူ၊ ရန်ကုန်ယူသွားမယ်”
“ရန်ကုန်မှာ ဘယ်သူ့အိမ်မှာ နေမှာလဲ”
“ဘထွေးစံထူးနဲ့ သွားလိုက်၊ ပြန်လိုက်လုပ်နေရမှာပေါ့။ ခဏ စတည်းချရမှာက ကိုကိုတို့အိမ်မှာ”
ယမုံသည် ပထမဆုံးအကြိမ် မမဖြူပါးစပ်က ကိုကိုဆိုသော စကားလုံးကို ကြားရခြင်းဖြစ်သည်။ သူသည် ခုမှ အပျိုဖော်ဝင်စ၊ အချစ်အကြောင်းကို နားမလည်သေးသူ အရွယ်မို့ထင်ပါသည်။ မမဖြူသည် သူ့ချစ်ဦးသူအကြောင်းကို တစ်ခါမှ ပြောမပြခဲ့။ အမေတို့ထံကသာ မမဖြူနှင့် ချစ်ဦးသူအကြောင်းကို သိခဲ့ရသည်။
စကားပြောရသည်မှာ လက်ဆုံမကျ။ နှစ်ယောက်စလုံး စကားပြောရသည်ကို အားရပါးရမရှိ။ မမဖြူသည် ခုတင်ရှိရာ လျှောက်သွား၍ ခုတင်ပေါ်လှဲနေသည်။
ကောင်းကင်မှာ မိုးတွေ အုံ့ဆိုင်းလာသည်။ မိုးသက်လေပါလာလေတော့ ဂယက်လေးများ ထနေသော မြစ်ရေပြင်မှာ လှိုင်းငယ်တွေ လူးလှိမ့်လာသည်။ သူသည် ပြတင်းကို ပိတ်လိုက်၏။ မမဖြူအနားကို သွားလိုက်သည်။
“မမဖြူသွားရင် နေ့လယ်ဘက် ယမုံ ဦးကြီးနဲ့ ကြီးကြီးကို ခဏခဏ လာကြည့်ပါမယ်” သူက ပြောပြသည်။
“ကျေးဇူးတင်ပါတယ်ကွယ်၊ ရေလဲက မေမေ့ညီမဝမ်းကွဲက မွေးတဲ့ သမီးတစ်ယောက်ရှိတယ်၊ သူက မမဖြူနဲ့ ရွယ်တူလောက်ပဲ၊ သူလာနေမှာပါ၊ စိန်ရွှေက ငယ်လွန်းတယ်၊ သူ့ကို အဖော်ရတာပေါ့”
“ယမုံက အိမ်မှာနေချင်ပါတယ်၊ အဖေက ခရီးထွက်နေတော့ အမေတစ်ယောက်တည်းမို့”
“ကိစ္စမရှိပါဘူး၊ ဘထွေးစံထူး ပြောတော့ ဒီတစ်ခေါက် ငါးခြောက်ရော၊ ငံပြာရည်ရော အညာအထိ တက်ရောင်းမယ်ပြောတယ်၊ အပြန်ဆီနဲ့ ထန်းလျက်၊ အထည်ကြမ်းတွေ သယ်လာမယ်တဲ့”
သကြားရှားတော့ ဂျပန်ခေတ်တွင် ထန်းလျက်သည်
မုန့်လုပ်ဖို့ရော ကော်ဖီဖျော်ဖို့ရော အတော်အသုံးဝင်သည်။ အဝတ်အစားက ရှားပါးလွန်း၍ အညာထည် ချည်ကြမ်း လုံချည်တွေကလည်း အောက်ပြည်မှာ
အရောင်းရ တွင်ကျယ်သည်။ အဖေက စီးပွားရေးလာဘ်မြင်ပေမဲ့ ယမုံ့ရင်ထဲတွင် မမဖြူကတော့ ဤငါးခြောက်အရောင်းအဝယ်နှင့် မတန်ဘူးဟု ထင်သည်။
“မမဖြူက ရန်ကုန်မသွားဘဲ အဖေယူလာတဲ့ ကုန်တွေ မအူပင်မှာပဲ ရောင်းရင် မရဘူးလား”
“ကုန်သည် လုပ်မယ်ဆိုတော့ ရန်ကုန်အတွေ့ အကြုံလည်း သိချင် သေးတယ်လေ”
မမဖြူသည် တကယ့်ကို ကုန်သည်ကြီး လုပ်တော့မည် ထင်ပါရဲ့။
မိုးသက်လေငြိမ်သက်၍ မိုးစဲသွားပြီ ဖြစ်သဖြင့် သူတို့သားအမိ၊ ဦးဘစမ်းတို့ကို နှုတ်ဆက်၍ ပြန်လာသည်။
(၅)
အဖေနှင့်အတူ မမဖြူလိုက်သွားသည့်နေ့က ယမုံသည် ဘုရားမှာ ဆုတောင်းရသည်မှာ အမောပင်ဖြစ်သည်။ အမေကလည်း စိုးရိမ်စရာတွေ ကိုပဲ ပြောနေသည်။
“သမီးအဖေက လောဘကြီးတယ်၊ သားအမိသားအဖသုံးယောက်ရှိတာလေး ချွေတာစားပြီးတာပဲ၊ အခုရန်ကုန်တင် မဟုတ်ဘူး၊ အညာပါ တက်ချင်သေးတယ်၊ ရန်ကုန်မှာ ဗုံးတွေကလည်းကြဲ၊ အညာဆန်တဲ့လှေတွေ သမ္ဗန်တွေ စက်သေနတ်အပစ်ခံရတယ်”
“အဲဒီလောက် အန္တရာယ်ကြီးတာကို ဦးကြီးတို့က မဖြူကို ရန်ကုန်လွှတ်တာ အံ့ပါရဲ့၊ မမဖြူကတော့ အတွေ့ အကြုံရှိအောင် သွားတာလို့ သမီးကိုပြောတယ်”
“သူတို့သမီးကို ရွှေလိုဥထားတာ၊ အခြေအနေက မဖြစ်လို့ထင်ပါရဲ့၊ အေးလေ အရင်က ကိုစံထူးအတွက်ပဲ စိတ်ပူရတယ်၊ ခုတော့ မဖြူအတွက်ပိုပြီး ပူရတယ်
သူတို့သားအမိ နှစ်ယောက် ပူပန်နေဆဲမှာပဲ ခင်ဖြူဝင်းက ရန်ကုန်မှ မအူပင်ကိုပင် တစ်ခေါက်ပြန်လာသည် ကြားသည်။ ဦးစံထူးကတော့ အညာဆက်တက်သွားသည်။ သူတို့သားအမိ မအူပင်သွားချိန်မှာတော့ ခင်ဖြူဝင်း ရောက်သည်နှင့် မကြုံခဲ့၍ ခင်ဖြူဝင်း၏ ရန်ကုန် အတွေ့ အကြုံကို မသိရပါ။
အဖေပြန်လာသောနေ့ကတော့ ယမုံတို့သားအမိ အလွန်ပျော်သည်။ အဖေသည် မအူပင်မှာ ဆီပုံးနှင့် ထန်းလျက်ပိုများ ပွဲရုံတွင် ချခဲ့သည်။ အိမ်သုံးဖို့ ဆီအနည်းအကျဉ်းနှင့် လယ်လုပ်သူတွေနှင့် သရက်
ခြံသမားတွေအတွက် ပုဆိုးကြမ်းတွေပဲ ရွာကို ယူလာသည်။
နားနားနေနေ နေတော့မှ အမေက အဖေ့ကို ပြောနေသည်။ နောက် တစ်ခေါက် အညာမတက်ဖို့ အကြောင်း။
“ရှင်ရှာကျွေးလို့ စားနေရပေမင့် ရှင်ခရီးတစ်ခေါက်ထွက်ရင် ကျွန်မ စိတ်သိပ်ပင်ပန်းတာပဲ၊ ခေတ်ကောင်းချိန်ဆို ကုန်သွယ်တာကိစ္စမရှိဘူး၊ အခုလည်း လယ်က စပါးတွေ မရဘူးဆိုပေမဲ့ ကျွန်မတို့ သားအဖသုံးယောက် အတွက် ဝမ်းစာစပါးလုံလောက်တဲ့အပြင် ပိုပါသေးတယ်၊ ကိုယ့်လယ်သမားတွေက မရိုင်းပါဘူး၊ ဝေမျှစားကြတာ၊ ဒီတစ်ခါတော့ မသွားပါနဲ့”
အမေ့ပြောသံကြား၍ ယမုံကပါ ဝင်ပြောသည်။
“ဟုတ်ပါတယ် အဖေရာ၊ အဖေကတော့ဘယ်လိုလဲ မသိဘူး၊ သမီးနဲ့အမေမှာ အဖေ့အတွက်ရော မမဖြူ အတွက်ရောဆုတောင်းရတာ အမော”
အဖေကငြိမ်သက်နေသည်။ အမေရောသူရော
သွားခြင်းအဓိပ္ပာယ်ကို နားမလည်။ တစ်စုံတစ်ခု ပြောပြရ ခက်နေပုံရသည်။
“မင်းတို့ ငါမရှိတုန်း မအူပင်က ကိုကြီးစမ်းတို့
လင်မယားကို သွားကြည့်ရဲ့လား၊ ငါအခု ဆီတစ်ပုံး လက်ဆောင်ပေးခဲ့တယ်” အဖေက စကားစလာသည်။
“သွားကြည့်ပါတယ်၊ ဒါပေမဲ့ မဖြူပြန်လာတာနဲ့ မကြုံဘူး၊ ဘယ်လိုလဲမသိ၊ မိန်းကလေး အရောင်းအဝယ်လုပ်တာ”
အဖေက ပြန်မဖြေသေး။ သက်ပြင်းကြီး တချချ လုပ်နေသည်။
“အခု ငါနဲ့အတူ မဖြူ၊ ရန်ကုန်ကပြန်လာတယ်၊ ငါလည်း အညာအစုန် ဓနုဖြူကနေ မအူပင်တန်းလာဖို့ပဲ၊ မဖြူက ရန်ကုန်လာပြီးမှ သူနဲ့အတူ မအူပင်ပြန်ဖို့မှာထားလို့၊ ကြည့်မြင်တိုင်က ပွဲရုံမှာ သွားခေါ်လာခဲ့ရတယ်”
“ဟာ. . . မမဖြူကြီး ပြန်လာပြီ”
ယမုံက အားရဝမ်းသာ အော်ပြောပြလိုက်၍ အဖေက သူ့ကို လှမ်းငေါက်သည်။
“တယ်. . . ဒီမိန်းကလေး ဣန္ဒြေမရလိုက်တာ၊ သွားစမ်း”
ယမုံမှာ အဖေငေါက်လိုက်၍ ရှုံမဲ့ ရှုံမဲ့နှင့် အဝေးသွားနေရသည်။
အဖေနှင့် အမေကတော့ တီးတိုးပြောကျန်ရစ်သည်။
သူ့မှာ ညအထိ အမေ အိမ်ရှေ့ကပြင်မှာ ဆေးလိပ်သောက်ချိန် စောင့်နေရသည်။ အမေဖျာခင်း၍ ခေါင်းအုံးတစ်လုံးနှင့် ဆေးလိပ်သောက်မှ အနားသွားရသည်။ တော်ပါသေး၊ အဖေက သရက်ခြံထဲ ဆီ
လက်ဆောင် သွားပေးနေသည်။
“အမေ အဖေက နေ့လယ်က သမီးကို ဘာလို့အော်လွှတ်တာလဲ”
ယမုံသည် ခေါင်းအုံးကို ဆွဲယူအုံး၍ အမေ့ကို မေးလိုက်သည်။
“သမီးရှေ့မှာ အဖေတစ်ယောက်အနေနဲ့ မပြောသင့်တဲ့ စကားမို့လို့”
“ဘာစကားမို့လို့လဲအမေရာ၊ မမဖြူကိစ္စက သမီးမသိရဘူးတဲ့လား”
“သိရပါတယ်”
အမေက ခေတ္တစကားရပ်ထားသည်။ ရှေ့မဆက်၊ ဆေးလိပ်ကြီးဖွာပြီး ဆေးလိပ်ခွက်ထဲ ထည့်လိုက်၏။ ညည်းပြန်သည်။
“ဘာဖြစ်လို့ စိတ်ညစ်တာလဲ အမေ”
သူက သိချင်ဇောပြင်းစွာနှင့် မေးလိုက်၏။
“နောက်အပတ် တနင်္ဂနွေ သမီးရဲ့ မမဖြူကို ယောက်ျားပေးစားမလို့”
“ဟယ်. . . ဘယ်သူနဲ့လဲ၊ မမဖြူကို ယောက်ျားပေးစားမှာများ သမီးကို မပြောသင့်ဘူးတဲ့၊ နဂိုကတည်းက သမီးက တွေးထားတာ မမဖြူလက်ထပ်မယ့်နေ့ သတို့သမီးလေးလိုဝတ်ပြီး သူ့အိပ်ခန်းက တဖြည်းဖြည်း လှမ်းထွက်လာပုံ၊ လက်ထပ်မယ့် အောက်ထပ်ခန်းမကို အပျိုရံတွေနဲ့ လှေကားက ဆင်းသွားချိန်တွေကို စိတ်ကူးနဲ့ စောင့်ကြည့်နေတာ၊ သိပ်လှမှာ၊ သူအခု ရန်ကုန်က ချိတ်ထဘီတွေ ဝယ်လာမှာပဲ၊ သတို့သားက ဘယ်မှာလဲ”
“မိယမုံ. . . ငါ့သမီး ဒါကြောင့် အဖေကဆူတာ၊ ဘာမှလဲ မသိဘဲနဲ့ စွတ်ပြောတာပဲ၊ အခု မဖြူက အဲဒီလိုမဟုတ်ဘူး၊ အိမ်မှာ ဘုန်းကြီးငါးပါးပင့်၊ လက်ထပ်ဆွမ်းကျွေးမှာ၊ ကိုကြီးစမ်း မိတ်ဆွေ ၄၊ ၅ယောက်ပဲဖိတ်မှာ၊ အမေနဲ့အဖေက လူရင်းမို့ ကိုကြီးစမ်းက လာဖို့ပြောလိုက်တာ”
“ဘယ်သူနဲ့လဲ”
“ဟို. . . မောင်ထိန်ဝင်း၊ သူ့ကိုကိုဆိုတာနဲ့”
“ဟာ.….”
ယမုံက အလန့်တကြားအော်လိုက်၏၊
“အမေတို့ပြောတော့ အဲဒီလူက မိန်းမလည်းရှိ၊ ကလေးတွေနဲ့ဆို”
“အေးဟုတ်တယ်၊ အခု ဒီသူငယ် သမီးအဖေရဲ့ လှေနဲ့ မဖြူနဲ့ လိုက်လာတယ်”
“ဖြစ်မှ ဖြစ်ရလေ အမေရယ်၊ ဦးကြီးစမ်းတို့က သဘောတူတယ်”
“တူတယ်လို့တော့ မဟုတ်ဘူး၊ မမစောကလည်း အခြေအနေမဟန်တော့ဘူး၊ ပြီးတော့ သမီးရှေ့ သမီးအဖေက မပြောတာက မိန်းကလေးရှင်အနေနဲ့ မပေးစားမဖြစ်တဲ့ အခြေအနေရောက်နေတော့ တရားဝင်အောင် လုပ်ပေးရတာပေါ့၊ အမေကတော့ ဒီသူငယ်ကိုပဲ ဒေါသဖြစ်တယ်၊ ကိုယ့်ကို ဘီအေအောင်တဲ့အထိ ကျောင်းထားပေးတဲ့ ကျေးဇူးရှင်သမီးကို မယားငယ် ပြန်ဖြစ်အောင် လုပ်တာတော့ ကျေးဇူးကန်းရာ ကျတယ်”
“မယားကြီးကို မကွာဘူးပေါ့”
“သူကလည်း မကွာနိုင်ဘူး၊ မယားကြီးကလည်း ကွာမပေးဘူးပေါ့”
အမေ့စကားဆုံးတော့ ယမုံသည် ငေါက်ခနဲထကာ သူ့အိပ်ခန်းရှိရာ အိမ်ပေါ်ထပ်ကို ပြေးတက်သွားသည်။ သူ့အိပ်ခန်းပြတင်းမှ ပန်တပွတ် မြစ်ရေပြင်ကို ကြည့်နေသည်။ လကမသာ၊ ကြယ်ရောင်ဖြင့် မြစ်ပြင်ကို မြင်နေရသည်။ ငါးဖမ်းလှေလေးတွေပေါ်မှ မီးရောင်ပဲ မြစ်ပြင်တွင် ရွေ့လျားနေသည်။ မျက်ရည်ကြောင့် မီးရောင်လေးတွေ ဝေဝါးသွားသည်။
“မယုံစရာတွေပါလား မမဖြူရယ်”
ဒီကတည်းက မမဖြူ အကြောင်းများသည် မယုံနိုင်စရာကောင်းအောင် အဖြစ်အပျက်များသာဖြစ်လာသည်။ သူသည် ပြတင်းမှ ခွာကာ အိပ်ရာပေါ်လှဲမိပြန်သည်။
သူ အစဉ်မက်ခဲ့ရသော အိပ်မက်ကလေး
မမဖြူသည် ရွှေဖလားရောင်ဗလာထဘီ ထိုင်မသိမ်းအင်္ကျီ ဝတ်ကာ ဘီးဆံထုံးမြင့်မြင့် ဆံမြိတ်ရှည်လေးနှင့် ဇာပဝါလေးကို လွှမ်းခြုံ၍ သတို့သမီးဖြစ်ရသော နေ့တစ်နေ့ သူဒီနေ့ကို အိပ်မက်မက်ခဲ့ရ၏။ တွေးခဲ့ရ၏။ ယခုတော့ မမဖြူ လက်ထပ်ပွဲက မလှမပ။ လက်ထပ်ဖြစ်ရုံ။
သူ ချုံးပွဲချငိုမိသည်။
အဖေနှင့်အမေက မမဖြူ လက်ထပ်ပွဲနေ့မှာ သူ့ကို ခေါ်မသွားပါ။
(၆)
ယမုံ စစ်ပြီး ရန်ကုန်တက္ကသိုလ်ရောက်တော့ မမဖြူမှာ သမီးတစ်ယောက် သားတစ်ယောက်ရပြီတဲ့။ သူ အဝေးကပဲ သတင်းကြားရသည်။ လူချင်းမဆုံ။ သူကလည်း ပန်တပွတ်ကို ကျောင်းပိတ်မှ ပြန်ရောက် တော့သည်။ ဦးကြီးစမ်းတို့ ကြီးကြီးစောတို့
ကွယ်လွန်သည် ဟူ၍လည်း ကြားသည်။ သူသည် ရိုင်းတယ်ပဲပြောပြော မမဖြူကို မအူပင်မှာ သွား မတွေ့ချင်ပါ။
သူဘီအေ ဘီအီးဒီအောင်၍ ဆရာမဖြစ်ကာ နယ်ပြောင်းသွားရတော့ မမဖြူနှင့် အဆက်အသွယ်ပြတ်သွားသည်။
မုံရွာတစ်ဖက်ကမ်း၊ ယင်းမာပင်မြို့လေးကို ဆရာမအဖြစ် ပထမဆုံး ပြောင်းရန် ပြင်ဆင်နေစဉ်က တစ်ညမှာ အမေက သူ့ကိုပြောပြသည်။
“သမီးကလည်း တစ်ဦးတည်းသော သမီးပဲ၊ မဖြူလည်း တစ်ဦးတည်းသော သမီးပဲ၊ အခု အမေတို့ မျက်ကွယ်သမီးကို လွှတ်ရတော့မယ်၊ မဖြူလက်ထပ်မယ့်အကြောင်း ပြောတဲ့နေ့က သမီးကို အဖေက အော်လွှတ်တာ သတိရသေးလား”
“ရပါတယ်”
“အဲဒီတုန်းက သမီးက ငယ်သေးတယ်၊ ယောက်ျား မိန်းမအကြောင်းတွေ၊ အချစ်အကြောင်းတွေ မသိသင့်သေးလို့ အဖေက မကြားစေချင်လို့ သမီးကို အော်လွှတ်တာ”
အမေ့စကားကို ယမုံက စိတ်ဝင်စားလာသည်။
“သမီး အဖေကပြောတယ်၊ မဖြူကို ရန်ကုန်မှာ ထားခဲ့ရတာက ကြည့်မြင်တိုင် မောင်ထိန်ဝင်းပွဲရုံမှာတဲ့၊ ဂျပန်ခေတ် မြို့ထဲမှာ အရောင်းအဝယ် မလုပ်ရဲဘူး၊ ဗုံးခဏ ခဏကျလို့ ကြည့်မြင်တိုင်က စည်ကားတယ်၊ ပွဲရုံကလည်း ဓနိမိုးတဲကြီးမှာ ကုန်တစ်ဝက်လှောင်၊ တစ်ဝက်က စင်သဘောသစ်သားနဲ့ရိုက်ပြီး လူတွေအိပ်ရတာ၊ အိပ်ခန်းရယ်လို့ သီးသန့်မရှိဘူး၊ အဖေက ထားခဲ့ရတာ စိတ်မချဘူး၊ မဖြူအတွက် လုံခြုံမှုမရှိဘူး ထင်တယ်၊ မောင်ထိန်ဝင်း မိန်းမနဲ့ ကလေးတွေ တန်းစီအိပ်ကြရတာ၊ မဖြူက ကိုယ့်အိပ်ခန်းနဲ့ ကိုယ်သီးသန့်နေလာတဲ့ မိန်းကလေး၊ ဒီလို ကပြင်ကျယ်ကြီးမှာ ရောနှောအိပ်ရတာကို စိတ်မချဘူးတဲ့၊ ဒါပေမဲ့ မဖြူကလည်း နေခဲ့ချင်တယ်ဆိုတော့ ထားခဲ့ရတာ၊ အဖြစ်က မဖြူကလည်း ငယ်ကချစ်လာတဲ့ သံယောဇဉ်ကို မဖြတ်နိုင်၊ တစ်အိမ်တည်း လုံခြုံမှုမရှိဘဲ အိမ်မှာနေရင်းက မောင်ထိန်ဝင်းနဲ့ ဖြစ်သွားတာပါပဲ၊ အမေက မောင်ထိန်ဝင်းကို စိတ်ဆိုးတယ်၊ ကိုယ့်ကျေးဇူးရှင်သမီးကို မယားငယ်ဖြစ်အောင်လုပ်လို့။
“ဒါက တစ်ကဏ္ဍပေါ့လေ၊ မိန်းကလေးအနေနဲ့လည်း ငယ်ကလည်း ချစ်ခဲ့ဖူးသူ၊ သူ့မှာလည်း မလွတ်မလပ်ဆိုရင် ရင်းရင်းနှီးနှီး ပြန်မဆက်ဆံသင့်ဘူး၊ နီးစပ်မှုဆိုတာ အင်မတန်ကြောက်စရာကောင်းတယ်၊ နီးစပ်လာတော့ တော်မတော်လည်း မစဉ်းစားနိုင်ဘူး၊ ပညာတွေ အသက်အရွယ်ဂုဏ်တွေလည်း မထောက်တော့ဘူး။ မှားယွင်းသွားကြတာပဲ”
” အခု သမီးကို ပြောရတာက သမီးတစ်ယောက် တည်းသွားရမှာ၊ အမေတို့လည်း ရန်ကုန် ပြောင်းနိုင်အောင် ကြိုးစားနေတယ်၊ ဘယ်မြို့ရောက်ရောက် ယောက်ျားလေး တစ်ယောက်နဲ့တွေ့ရင် ကိုယ်လက်ထပ်ဖို့ ဖြစ်နိုင်မဖြစ်နိုင် အရင်စဉ်းစားပါ။ မလွတ်လပ်သူတွေ၊ စာရိတ္တမကောင်းသူတွေဆိုရင် ရင်းရင်းနှီးနှီးကိုမနေနဲ့၊ နီးစပ်ရင် ညားတတ်တယ်၊ အမေမှာချင်တာ ဒါပဲ”
အမေက ပြောမယ့်ပြောတော့ တောသူကြီးပီပီ ပွင့်ပွင့်လင်းလင်းပြောသည်။
သူ အညာကို ထွက်ခွာလာပြီး အညာမြို့တွေမှာ ဟိုပြောင်းဒီပြောင်း ပြောင်းရွှေ့ခဲ့ရသည်မှာ ၅နှစ်လောက်ကြာသွားသည်။
တစ်နေ့ အဖေ့ဆီက စာတစ်စောင်ရသည်။ ၁၀မိုင်ကုန်းရှိ ရပ်ကွက်တစ်ခုထဲမှာ အဖေက မြေကွက်ဝယ်၍ အိမ်ဆောက်ထားကြောင်း မမဖြူလည်း မအူပင်အိမ်ကို ရောင်းချ၍ သူတို့နှင့် ရပ်ကွက်တစ်ခုတည်းတွင် မြေဝယ်၍ အိမ်ဆောက်နေကြောင်း စာရသည်း ပန်တပွတ်က အိမ်လေးမှာ သောင်းကျန်းသူ အခြေအနေကြောင့် နေမဖြစ်ဘူးထင်ပါသည်။
ဦးကြီးစမ်းတို့ ကွယ်လွန်ပြီ ကြားတော့လည်း သူအဖေနှင့်အမေကို စိတ်ပူသား။ ယခုတစ်ခါ အညာမြေအနှံ့သွားပြီး ရန်ကုန်ကို ပြောင်းဖို့ တောင်းယူမည်။ ၁၀မိုင်ကုန်းအိမ်မှာ အဖေ အမေတို့နှင့် အတူနေဖို့ သင့်ပြီ။
အဖေတို့လည်း အိုပြီပေါ့။ တစ်နှစ်တစ်ခါ ပန်တပွတ် ပြန်ပေမဲ့ ဒီနှစ် မပြန်ဖြစ်။
သူပြောင်းချိန်မတိုင်ခင် အမေ မကျန်းမာ၍ ပြန်လာဖို့ သံကြိုးရိုက်၍ သူခွင့်နှင့်ပြန်ရသည်။ ဒါပေမဲ့ အမေ့အသက်ကို မီရုံပါပဲ။ အိမ်လေးကတော့ အဖေ သူ့ဝါသနာအတိုင်း ပန်းပင်တွေ စားပင်တွေ စိုက်
ပျိုးကာ ဆိတ်ငြိမ် ရပ်ကွက်လေးမို့ နေပျော်ပါသည်။
ရက်လည်ဆွမ်းမကပ်မီ ညတိုင်း မမဖြူရောက်လာသည်၊ ယမုံ အံ့ဩနေသည်က ညပိုင်းဧည့်သည်ရှင်းပြီဆို မမဖြူ ရပ်ကွက်က လူတချို့နှင့် ဖဲရိုက်သည်မှာ မိုးအလင်း။
ယမုံက မယုံကြည်နိုင်အောင် ပြောင်းလဲသွားသော မမဖြူ၏ အမူအရာကို အံ့ဩနေသည်။ ရုပ်ရည်ကလည်း အသားညိုသွားကာ ထောင်ထောင်မောင်းမောင်း၊ ကြမ်းကြမ်းတမ်းတမ်းကြီး ဖြစ်နေသလိုပင်။ ယမုံမှာ ယခင်ကလို တရင်းတနှီး မေးစရာ အမေကလည်း မရှိ၊ မမဖြူကိုလည်း အနီးကပ် မဆက်ဆံချင်၊ မမဖြူပုံစံကလည်း သူ့ကို ယခင်ကလို တယုတယ မရှိသလိုပါပဲ။
အမေ့ကိစ္စပြီး၍ အညာမြို့ကို ပြန်လာပြီးမှ ဌာနဆိုင်ရာကို ရန်ကုန် ပြောင်းဖို့ လျှောက်လွှာတင်ရသည်။ အဖေအို တစ်ယောက်တည်း ပစ်ထား၍ မရကြောင်းပါ ဖော်ပြရသည်။ ယမုံ ကျောင်းဆရာမ ဖြစ်ကတည်းက မုံရွာတစ်ဖက် ယင်းမာပင်မှစ၍ အညာတခွင်မှာဘဲ နေခဲ့သောကြောင့် ရန်ကုန်ပြောင်းခွင့် ရှောရှောရှူရှူပဲ အမိန့်ရလာပါသည်။
ယခင်ကသာဆို သူသည် မမဖြူနှင့် သုံးလေးအိမ်ကျော်တွင် နေကြရ၍ ဝမ်းသာလိုက်မည့်ဖြစ်ခြင်း၊ ယခုတော့လည်း မမဖြူက ခပ်ခွာခွာ၊ ကိစ္စရှိမှပဲလာသည်။
သူက အင်းစိန်အထက်တန်းကျောင်းသို့ အထက်တန်းပြဆရာမအဖြစ် ပြောင်းလာရသည်။ ဒီကျောင်း ၁၀တန်းမှာ မမဖြူသမီး သဇင်ဖြူကို စတင်တွေ့ရသည်။ သားလေးကတော့ အလယ်တန်းမှာဆိုသည်။ ၇တန်းမှာပဲ တက်နေရသည်။
တစ်ညနေ ကျောင်းပြန်လာတော့ အဖေတစ်ယောက် အိမ်ဦးခန်းမှာရေနွေးကြမ်းသောက်နေသည်။ အဖေက သူ့တူကမွေးသော မြေးမိန်းကလေး မဆွေကို အိမ်မှာခေါ်ထား၍ သူ့ကိုပါ မိန်းကလေးက ပြုစုပါသည်။
ရေမိုးချိုး ထမင်းမစားခင် အဖေ့အနား လာထိုင်မိသည်။
“သမီး . . . ညနေက မဖြူလာတယ်”
ယမုံက အံ့အားသင့်သွားပြန်သည်။ .
“ဘာကိစ္စတဲ့လဲ အဖေ၊ မမဖြူလေ သမီးကို မျက်နှာချင်းဆိုင်ပြီး တွေ့ချင် ပြောချင်ပုံမရဘူး”
“သူ့မှာလည်း သူ့အကြောင်းနဲ့ သူထင်ပါရဲ့”
“ခုဘာကိစ်စလဲ”
“သူ့သမီး သဇင်ဖြူက သမီးကျောင်းမှာဆို၊ အဲဒါ သူကျူရှင်ပေးဖို့ ငွေမရှိဘူးတဲ့၊ သမီးက သဇင်ဖြူကို စာပြပေးပါတဲ့၊ ညပိုင်းပေါ့”
ယမုံငိုင်၍ စဉ်းစားနေသည်။ သားသမီးနှစ်ယောက်နှင့် မမဖြူ ငွေရေးကြေးရေး ပြေလည်ပုံမရ။ သူ့ရဲ့ ကိုကိုကရော၊ ယမုံသည် ရန်ကုန်သာ ပြောင်းလာသည်။ မမဖြူ၏ သူ၏ ကိုကိုကို မမြင်ဖူးခဲ့၊ အမေဆုံးတုန်းကလည်း မလာ။
“အဖေ၊ မမဖြူမှာ ငွေရေးကြေးရေး ကျပ်တည်းတယ်ထင်တယ်၊ သူ့ ယောက်ျားက မထောက်ပံ့ဘူးလားမသိ”
“ဒီရောက်မှ အဖေလည်း ဝင်တာထွက်တာ တစ်ခါနှစ်ခါတော့ တွေ့မိတယ်၊ သူတို့အကြောင်း အဖေမစပ်စုပါဘူး၊ ခုကတော့ ကိုကြီးစမ်းတို့ မမစောတို့ ကျေးဇူးတရားတွေရှိတယ်လေ၊ ဒါကြောင့် သူ့သမီးလေးက
၁၀တန်းဆို တစ်နှစ်တည်းအောင်အောင် သမီးကူညီလိုက်ပါ”
“သမီး သင်ပေးမှာပါ အဖေ၊ သမီးအပြင်မှာ ကျူရှင်မပေးပေမဲ့ မမဖြူသမီးလေးကို ငွေမယူဘဲ သင်ပေးမှာပါ”
“ အေး. . . ဒီသမီးပဲ သူအားကိုးရမှာထင်ပါရဲ့၊ သားလေးကလည်း ခပ်ပေတေတေ ဆိုလားပဲ၊ မဖြူဟာ ဂျပန်ခေတ်က ငါးခြောက်ရောင်းတော့လည်း မလည်မဝယ်နဲ့ လူပဲပါသွားတယ်၊ ဒီတုန်းက မောင်ထိန်ဝင်းက ငါးခြောက်ပွဲရုံ ကြည့်မြင်တိုင်မှာ ဖွင့်ထားတာကို၊ အမှန်တော့ မောင်ထိန်ဝင်းက ရုပ်ပြပါ၊ သူ့ဇနီးက အရောင်းအဝယ်လည်တယ်၊ ခုလည်း ဗိုလ်ချုပ်ဈေးမှာ ပန်းဆိုင်မဟုတ်တော့ဘူး၊ အထည်ဆိုင်ဖွင့်နေတယ်တဲ့၊ ရောင်းတတ်ဝယ်တတ်ကိုး . . ”
ယမုံက အဖေ့စကားကို နားထောင်ရင်း သက်ပြင်းချမိ၏။
“အဖေရယ်. . . မမဖြူက သူ့ မိဘလက်ထဲမှာ အိမ်တွင်းပုန်းလုပ်လာတဲ့သူ၊ တစ်သက်လုံး အေးအေးဆေးဆေး နေလာတာ၊ ဘယ်ရန်ကုန်သူ
လို အရောင်းအဝယ် ကျွမ်းကျင်မလဲ၊ ဒါပေမဲ့ အခုမမဖြူကိုကိုက ယူထားပြီပဲ၊ သားသမီး တာဝန်ယူရမှာပေါ့”
“ဝင်ငွေက ဒီသူငယ်ဝင်ငွေမဟုတ်တော့ မယားကြီးဆီက တောင်းပေးရတယ်ထင်တာပဲ၊ ဒါကြောင့် လုံလုံလောက်လောက် မပေးနိုင်တာပေါ့၊ ဟိုတုန်းကတော့ သမီးမှာ အမေရှိတယ်၊ အခု အမေမရှိတော့လို့ အဖေပဲ ပြောရမယ်၊ သမီးတစ်ယောက်တည်း အလုပ်နဲ့ အနယ်နယ် သွားနေရတာအစ သတိထားပါကွယ်၊ မဖြူလို ဖြစ်ရင် အဖေ ရင်ကျိုးရချည်ရဲ့”
ယမုံသည် ပါးစပ်လေး အဟောင်းသားနှင့် အံ့အားသင့်သွားသည် သူ့အဖေသည် ငယ်ကတည်းက မမဖြူ အိမ်ထောင်ရေးအကြောင်း ပြောသည်ကိုပင် သူ့ကိုအော်ထုတ်သည်။ တိုက်ရိုက်သမီးကိုမပြော။ ယခုတော့အမေ မရှိတော့လို့ထင်သည်။ သူ့ကို အိမ်ထောင်ရေး အကြောင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသည်။ တောရွာမှာ ကြီးပြင်းသည့် ဖခင်နှင့်တော့ ရန်ကုန် မွေးဖခင်တွေ ဘယ်တူပါ့မလဲ။
“အဖေရယ် ခုမှပဲ အဖေ့ကို သမီးယူဆချက် ပြောပြရတာ၊ ဟိုတုန်းကတော့ ငယ်သေးလို့ မမဖြူဟာ ဂျပန်ခေတ်က ငါးခြောက်ရောင်းရင်း သူ့ကိုကိုနဲ့ ပြန်ဆက်သွယ်မိတယ်ထား၊ ဒီလူက ကိုယ့်ကျေးဇူး ရှင်သမီးကို
မယားငယ် ပြန်ဖြစ်အောင်တော့ မလုပ်သင့်ဘူး၊ ရှောင်ရမှာပေါ့”
“သမီး ယောက်ျားတွေဟာ ရှောင်နိုင်ခဲတယ်၊ ဒါကြောင့် ကျားပေါတဲ့နေရာမှာ သမီးအရဲမစွန့်နဲ့၊ အရာရာ ထိန်းချုပ်နိုင်လိမ့်မယ်လို့လည်း မထင်နဲ့၊ မိန်းမတွေက စတင်ရှောင်ရမှာ ယမုံသည် ငြိမ်သက်စွာ နားထောင်နေ၏။
အဖေ သူ့ကို ယခုလို ပွင့်ပွင့်လင်းလင်း ပြောဆိုဆုံးမသည်ကိုပဲ သူကျေးဇူးတင်ပါသည်။ သူသည် ယခုအချိန်မှာ အဖေတစ်ယောက် အနားမှာရှိသေးသည်။ နောင်အဖေ မရှိချိန်တွင် ဘဝမှာ တစ်ယောက်တည်း ခရီးထွက်ရဦးမယ် မဟုတ်ပါလား။
(၇)
အဖေ၏ တောင်းဆိုချက်ကြောင့် မမဖြူသမီးလေးကို ယမုံက စာသင်ပေးပါသည်။ အထူးသဖြင့် မမဖြူသားငယ်ကို သာ၍ သင်ပေးချင်သည်။ ဒါပေမဲ့ သဇင်ဖြူပြောစကားအရ သူ့မောင်လေးက သူ့အဖေဆီမှာလိုလို၊ အိမ်ကိုလည်း မှန်မှန်ပြန်မလာဟု ဆိုသည်။ မမဖြူကလည်း သားကို ဖိဖိစီးစီး ဘာကြောင့် မအုပ်ချုပ်နိုင်ပါလိမ့်။
သဇင်ဖြူက စာကြိုးစားသင်သည်။ သို့သော် စာသင်ချိန်ပြီးလျှင် ၉ နာရီထိုးတောင် အိမ်ကို မပြန်သေး။ သုံလေးအိမ်ကျော်ဆိုပေမဲ့ ခြံဝင်းလေးတွေ ခြားထား၍ မမဖြူအိမ်နဲ့ တော်တော်လှမ်းသည်။ အပြန်မှာ ဦးစံထူးဖြစ်ဖြစ်၊ မဆွေနှင့် ယမုံဖြစ်ဖြစ် အိမ်ဝအထိ လိုက်ပို့ကြသည်။ လမ်းကမှောင်၍ ဖြစ်သည်။ ၁၀နာရီလောက်မှ သဇင်ဖြူက ပြန်တတ်သည်။
“သမီး ၉နာရီပြန်လည်း ဆရာမတို့ လိုက်ပို့ရမှာပါ၊ ဘာဖြစ်လို့ ၁ဝ နာရီမှ ပြန်တာလဲ”
ယမုံက သဇင်ဖြူကို တစ်ညမှာ မေးကြည့်သည်။ သဇင်သည် သူ့ဆရာမမျက်နှာကို စိုက်ကြည့်ကာ ရုတ်တရက် ပြန်မဖြေနိုင်၊ သက်ပြင်းလေး ချနေသည်။ သဇင်ဖြူသည် မမဖြူ ကိုယ်လုံးကိုယ်ပေါက်လို တောင့်တောင့် တင်းတင်း လုံးကြီးပေါက်လှဖြစ်ပေမဲ့ အသားညိုသည်။ မျက်နှာပေါက်က သူ့အဖေတူသလားမသိ။ မမဖြူနှင့် မတူပါ။
“သဇင် တစ်နာရီပိုနေတော့ ဆရာမအိမ်မှာ စာကျက်ချိန်ရတာပေါ့၊ ဆရာမကို အနှောင့်အယှက် မဖြစ်ပါဘူးနော်”
သဇင်က ပြန်ဖြေသော်လည်း သူ့ အဖြေက မလုံလောက်ပါ။
“မဖြစ်ပါဘူးကွယ်၊ ဆရာမငယ်ငယ်က မမဖြူတို့အိမ်မှာ နေပြီး ကျောင်းတက်ခဲ့တာ၊ ပိုက်ဆံတစ်ပြားမှ မယူဘူး၊ မင်းဘိုးဘိုးဘွားဘွားတွေက အလကားကျွေးထားတာ၊ ဆရာမလက်ထက်မှာ သဇင်ကို ဘာလို့ လက်မခံနိုင်ရမှာလဲ၊ တစ်နာရီပိုနေရုံမက သဇင် ဆရာမတို့အိမ်ကနေတောင် ကျောင်းတက်နိုင်တယ်”
သဇင်ဖြူသည် မျက်ရည်တွေ ဝိုင်းလာကာ ခေါင်းငုံ့သွားသည်။
“နေလို့လည်း မဖြစ်သေးဘူးလေ၊ မေမေက တစ်ယောက်တည်းရယ်၊ သဇင်ပြန်ချိန် ဖဲဝိုင်းကမပြီးတော့ သဇင်စာကျက်ရတာ အနှောင့်အယှက်ဖြစ်လို့ ဒီမှာ အချိန်ပိုနေပြီး စာကျက်တာပါ”
“ဖဲဝိုင်း”
ယမုံသည် ဘာမှ ပြန်မပြောနိုင်ပါ။ ရင်ထဲမှာတော့ ဘုရား တ မိ၏။ မမဖြူလို မိန်းမတစ်ယောက်က ဖဲဝိုင်းထောင်သတဲ့။ ဘုရားရေ မယုံနိုင်စရာ အကြောင်းက ပေါ်၍လာပြန်သည်။
အဖေက ပန်တပွတ်မှ ငါးရံ့ခြောက်များ လက်ဆောင်ရသည်။
ညနေစောင်း မမဖြူတို့အိမ်ကို မဆွေနှင့်အတူ ယမုံက လမ်းလျှောက်ထွက်ရင်း လက်ဆောင်အဖြစ် ငါးရံ့ခြောက်သွားပေးသည်။ သဇင်ဖြူ ကျောင်းမတက်တာလည်း နှစ်ရက်ရှိနေ၍ သိချင်သောကြောင့် သွားကြခြင်းဖြစ်သည်။
ခြံဝတံခါးစေ့ထား၍ နှစ်ယောက်သား တွန်းဝင်သွားကြသည်။
အိမ်ရှေ့မှာ ပေနှစ်ဆယ်လောက် ချန်ဆောက်ထားသော ဓနိမိုး ထရံကာ သုံးပင် နှစ်ခန်းအိမ်လေးဖြစ်သည်။
အိမ်ရှေ့ဖိနပ်ချွတ်ရောက်ခါရှိသေး၊ အထဲမှ ဆူညံသံတွေ ကြားနေရသည်။
“သမီး နေမကောင်းလို့ တောင်းပန်နေတာ၊ နေမကောင်းတဲ့ ရက်မှာတောင် မေမေ့ဖဲဝိုင်းက မနားနိုင်ဘူးလား”
“မနားနိုင်ဘူး၊ မနားနိုင်ဘူး၊ ငါ ဖဲက ရလို့ စားနေရတာ၊ နင့် မောင်ကို ဖို့နေရတာလည်း ဒီကရတာပဲ နင်တို့ အဖေက လုံလောက်အောင် ပေးလို့လား”
“မေမေ တစ်နေ့လုံး ဝိုင်းလုပ်နေတာပဲ၊ ညလည်း လုပ်လို့ သမီး စာကြည့်ပျက်လို့ ဆရာမတို့အိမ်မှာ စာကျက်နေတာ၊ မေမေတို့ လွတ်လွတ်လပ်လပ် ဖဲချရအောင်လို့ နေပေးပါတယ်၊ ခုက နေမကောင်းလို့ တောင်းပန်တာ၊ ပြီးတော့ ဘယ်က လူတွေမှန်းမသိ၊ သမီးပျိုနဲ့ မေမေက ဖဲဝိုင်းထောင်နေတာ”
“ဘာပြောတယ် မိသဇင်၊ နင့်ဆရာမဆီမှာ တစ်သက်လုံး နေချင်နေ၊ ပြန်မလာနဲ့ ပျော်လို့ ငါဖဲချနေတယ်မထင်နဲ့၊ ဒါ စီးပွားရေး၊ ငါ့စီးပွားရေး၊ အကောက်လည်းရတယ် သိရဲ့လား. . . နင်တို့အဖေ. . . “
မမဖြူသည် အော်ပြောရင်း ဟီးချငိုပါတော့သည်။
ယမုံနှင့် မဆွေသည် တစ်ယောက်လက် တစ်ယာက်ကုတ်ခါ အိမ်ကို ပြန်လာကြသည်။ သဇင်စာလာသင်တော့မှပဲ ငါးခြောက်ပေးတော့မည်။
ယမုံသည် အဖေ့ကိုလည်း ဘာမှ မပြောမိ။ စောစောပဲ အိပ်ရာဝင်ခဲ့သည်။ “ဒါ ငါ့စီးပွားရေး” ဟု ဟစ်အော်ပြောလိုက်သော မမဖြူအသံကိုပဲ သူကြားယောင်နေသည်။
မအူပင်အိမ်က မမဖြူ၏ ယဉ်ကျေးသိမ်မွေ့သောဟန်၊ တိုးသက်ညင်သာသော စကားပြောပုံတွေနှင့် ပန်းတွေခူးကာ ဘုရားကိုကပ်ကာ ရတနာသုံးပါးကို ကြည်ညိုသော ပုံတွေပဲ ယမုံမြင်ယောင်နေသည်။
ဘာကများ မမဖြူကို မိန်းမကြမ်းကြီးအဖြစ် ပြောင်းလဲ လိုက်ပါလိမ့် မမဖြူအဖြစ်ကို ဆက်မတွေးလိုတော့။
မဆွေပြောကြားချက်အရ သဇင်ဆွဲကြိုးကို မမဖြူက
ဖြုတ်ယူသွား သတဲ့။ ရိုးရိုးယူခြင်းမဟုတ်၊ သမီးကို ပါးရိုက်ယူသွားသတဲ့။
ဆရာမ ဒေါ်ခင်ယမုံအနေနှင့် တပည့်ဖြစ်သူကိစ္စကို ရင်ဆိုင်ရတော့မည်။ မမဖြူကို ထိန်းမရတော့ပြီဖြစ်ပေမဲ့ မမဖြူမိဘတွေ ကျေးဇူးတရားကြောင့် မမဖြူသမီးကို သူကူညီရမည်။
သူသည် ထမင်းမစားတော့ဘဲ မဆွေကိုခေါ်ကာ မမဖြူတို့အိမ်ကို ထွက်လာသည်။ အိမ်မှာ သဇင်ကို တွေ့ရသည်။ သဇင်သည် သူ့ဆရာမကို တွေ့တွေ့ချင်း ဖက်၍ငိုသည်။
ယမုံက အကျိုးအကြောင်း မေးနေသည်။
“ဘာဖြစ်မှန်းတော့ မသိဘူး၊ အိမ်မှာ ဖဲဝိုင်းမလုပ်တာ နှစ်ရက်ရှိပြီ။ သဇင့်မှာ ဆွဲကြိုးတစ်ကုံးရှိတယ်၊ ဒီဆွဲကြိုးက ဖေဖေတစ်ခါက မေမေ့ကို ငွေပေးတယ်။ မေမေက ထူးထူးခြားခြား ငါမသုံးဘူးဆိုပြီး သဇင့်ကိုလုပ်ပေးတဲ့ ဆွဲကြိုး၊ သဇင်က သူဖဲချပစ်မှာပဲဆိုပြီး မပေးဘူး၊ အဲဒါသဇင့်ကို ပါးချပြီး ဆွဲကြိုးကို ဆွဲဖြတ်ပြီးကို ယူသွားကာ၊ ဒီမှာ လည်ပင်းမှာတောင် ပွန်းကျန်ရစ်တယ်”
သဇင်ဖြူက အဖြစ်အပျက်ကို ပြောပြတယ်
“ခု မမဖြူကော”
“မနက်ကတည်းက ထွက်သွားတာ၊ ခုထိ ပြန်မလာသေးဘူး”
“ကဲ. . . သဇင်တစ်ယောက်တည်း အိပ်ရဲလား၊ ဆရာမတို့ အိမ် လိုက်အိပ်မလား”
“မဖြစ်သေးဘူး၊ တော်ကြာ မေမေက ပြန်လာမှာ၊ ဖဲဝိုင်းတော့ ဘာဖြစ်လဲမသိဘူး၊ ခု နှစ်ရက်ရှိပြီ မလုပ်တာ”
“ကဲ. . . စိတ်အေးအေးထား၊ မေမေလာလည်း ဘာမှမပြောနဲ့၊ ဖဲဝိုင်းမရှိလို့ မင်းဆွဲကြိုးလေး သွားရောင်းတာလားမှမသိ၊ သဇင်ဖေဖေကော မလာဘူးလား”
“ဖေဖေက ဖဲဝိုင်းလုပ်ကတည်းက မလာဘူး၊ ဒါပေမဲ့ သူကလည်း မေမေ့ကို ငွေလုံလောက်အောင် မပေးနိုင်ဘူးထင်ပါတယ် ဆရာမရယ်”
သဇင်ကို နှစ်သိမ့်၍ ယမုံတို့ တူဝရီးနှစ်ယောက် အိမ်ပြန်လာကြသည်။
ယမုံသည် ညဉ့်နက်မှ ထမင်းစားပြီး အဖေ့ကို အကျိုးအကြောင်း ပြောပြမိသည်။ အဖေက ခေါင်းတညိတ်ညိတ်လုပ်ကာ ‘ဖြစ်ရမယ်၊ ဖြစ်ရမယ်’ ဟု ဆိုနေသည်။ သက်ပြင်းကြီးချကာ စကားစသည်။
“ဖဲဝိုင်းမလုပ်တာက တစ်နေ့က ရပ်ကွက်လူကြီးက အဖေ့ကို လာပြောတယ်၊ ခင်ဖြူဝင်းနဲ့ ခင်သလားတဲ့၊ ခင်ပါတယ်လို့ မအူပင်ကတည်းက ရပ်ဆွေရပ်မျိုးတွေလို့ အဖေက ပြောပြတော့ ရပ်ကွက်လူကြီးက ပြောတယ်၊ မဖြူအိမ်နောက်ဖက် မီးဖိုမှာ ဖဲဝိုင်းရှိတယ်တဲ့၊ ပထမတော့ ခဏအပျော်လို့ထင်လို့ သူတို့ ကြည့်နေတာ၊ ခုတော့ အမြဲလည်းဖြစ်၊ ကြေးကြီးလာလို့ သူတို့ ဌာနကို အကြောင်းကြားပြီး အရေးယူရတော့မယ်တဲ့၊ အဲဒီတော့ ရုံးဂါတ်မရောက်ခင် မဖြူကို ဖဲဝိုင်းမလုပ်ဖို့ ပြောပေးပါဆိုတာနဲ့ အဖေက ပြောပေးလိုက်တယ်၊ မဖြူ အိမ်ကိုပဲ သွားပြောပါတယ်၊ အဖေ့စကား နားထောင်ပြီး သူဖဲဝိုင်း မလုပ်တော့တာ၊ ဆွဲကြိုးဖြတ်တာကတော့ ဖဲဝိုင်းမရှိတော့ စားစရာမရှိလို့ ထင်တယ်”
အဖေ့အတွေးကတော့ ဒါပဲဖြစ်သည်။ သူသည် အိပ်ရာဝင်လာပေမဲ့ မမဖြူ အကြောင်းကို ခေါင်းထဲမှ မပျောက်ပါ။ ဘယ်လိုဖြစ်ကြတာပါလိမ့်။ ညဉ့်နက်လျှင်တော့ မမဖြူ အိမ်ပြန်ရောက်ကောင်းပါရဲ့၊ မိုးလင်းခါနီးမှ သူ အိပ်ပျော်သွားသည်။
မနက်မိုးမလင်းခင် အစောကြီး သဇင် ပေါက်ချလာသည်။
“ဆရာမ လုပ်ပါဦး၊ မေမေရယ် အင်းစိန်ဆေးရုံ ရောက်နေတယ်တဲ့။ ရဲက လာအကြောင်းကြားတယ်”
သဇင်က အသံရော လက်တွေပါတုန်သည်။ အဖေကပါ အိပ်ရာက ထလာသည်။
“ဘယ်လိုဖြစ်တာလဲ၊ သမီး အဝတ်လဲ၊ တယ်လီဖုန်းနဲ့
ဆေးရုံကနေ ကျောင်းကို ခွင့်တိုင်၊ လာ လာ သဇင်နဲ့ သွားကြစို့”
အဖေက ကမန်းကတန်း ပြင်ဆင်ကာ သဇင်နှင့်သူတို့ ထွက်လာကြသည်။ သူတို့ အင်းစိန်းဆေးရုံရောက်တော့ ခုတင်ပေါ်မှာ မမဖြူ စန့်စန့်ကြီး။ ဘုရားရေ ဘယ်လိုဖြစ်တာပါလိမ့်။ သဇင်မှာ အမေ့အလောင်းကို ဖက်ငိုပါသည်။
အလှည့်ကျ ဆရာဝန်က လာရောက် ရှင်းပြသည်။ သူတို့ ဆေးရုံကို ဒေါ်ခင်ဖြူဝင်းအား လူတစ်ယောက်က ညဦးမှာ သူ့ကားနှင့် တိုက်မိခြင်း မဟုတ်တဲ့ အကြောင်း၊
ကားရှေ့ မူးလဲသွား၍ ဖြစ်ကြောင်း၊ ဒါပေမဲ့ ရဲကို အကြောင်းကြား၍ ဆေးရုံကို ခေါ်လာကြောင်း၊ ခေါ် လာစဉ်က ဒေါ်ခင်ဖြူဝင်းက သတိရှိနေသေး၍ ရဲကို ပြောပြသည်ကတော့ ဘိန်းဖြူမှုနှင့် အဖမ်းခံနေရသော သူ့သားကို အင်းစိန်ထောင်မှာ ထောင်ဝင်စာ သွားတွေ့ရင်း အပြန်လမ်းမှာ မူးလဲသွားခြင်း ဖြစ်ကြောင်း၊ ကားတိုက်၍ မဟုတ်ကြောင်းကို ပြောပြပြီး ရဲအရာရှိကို သူ့လိပ်စာ ပြောပြသည်ဆိုသည်။
ဆရာဝန်များ စမ်းသက်ချက်အရ ကားတိုက်သော ဒဏ်ရာမရှိ၊ ရောက်စက သတိရှိနေသေးသည်။ သွေးတိုးနေရင်းက ဦးနှောက် သွေးကြောပြတ်ကာ လွန်ခဲ့သောတစ်နာရီကမှ ဆုံးသွားခြင်း ဖြစ်ကြောင်း
ရှင်းလင်းပြောပြသည်။
ရဲအရာရှိက အိမ်ကိုလာရောက် အကြောင်းကြားစဉ်က မမဖြူ သတိလစ်နေခြင်းပဲ ဖြစ်မည်။ သဇင်ကတော့ ငို၍မဆုံး။ မမဖြူ အလောင်း ရေခဲတိုက်ကို သယ်သွားသည်အထိ အမေ့လက်တွန်းလှည်းလေးကို ကိုင်ကာ လိုက်သွားသည်။
အိမ်အပြန်မှာ ယမုံက တစ်လမ်းလုံး စဉ်းစားလာသည်။ သားအဖမ်းခံနေရသည်ကိုလည်း သူတို့ရော သဇင်ဖြူရော မသိ။ သားကို ထောင်ဝင်စာ သွားတွေ့ဖို့ ပစ္စည်းများ ဝယ်ခြမ်းရန်အတွက် သမီးသဇင်၏ ရွှေဆွဲကြိုးကို ဖြတ်ယူသွားခြင်း ဖြစ်နိုင်သည်။ မမဖြူသည် သားအကြောင်းကိုလည်း သူ့ကိုကိုကို ပြောပြမည်မထင်။
ပြောပြသည့်တိုင်အောင် သူ့ကိုကိုက သားကိစ္စကို တစ်စုံတစ်ရာ အရေးမယူ၍ သူတစ်ယောက်တည်း
ဖြေရှင်းနေပုံရသည်။ ညဦးကမှ ဆေးရုံရောက်ခဲ့သည်ဆိုတော့ ထောင်ဝင်စာတွေ့ပြီး တစ်ညနေလုံး မမဖြူ ဘယ်သွားနေပါသလဲ။ ဆေးရုံရောက်လျှင်ရောက်ချင်းသာ သဇင်သိပါလျှင် မမဖြူ၏အသက်မှီနိုင်သေးသည်။
သူက စုံထောက် တစ်ယောက်လို တွေးရင်း အိမ်ရောက်ခဲ့သည်။
မမဖြူ၏ အသုဘကို ယမုံတို့သားအဖ မြေကျသည်အထိ ကူညီခဲ့ ပါသည်။
အကယ်၍သာ မမဖြူ သို့မဟုတ် ဒေါ်ခင်ဖြူဝင်းအကြောင်းကို တစ်စုံတစ်ယောက်သောသူက ဒေါ်ခင်ယမုံကိုလာပြောလျှင် ယုတ္တိမရှိသော ဇာတ်လမ်းအဖြစ် သူက ထင်မည်ဖြစ်သော်လည်း ယခုတော့…
“မမဖြူနှင့် သူ၏ကိုကို” ဇာတ်လမ်းသည် သူ့မျက်စိရှေ့တွင်ပင် ဖြစ်ပွားခဲ့ပြီ။
“ယမုံ အခုထိတောင် မယုံနိုင်ပါဘူး၊ မယုံနိုင်စရာ
အကြောင်းတွေ က မမဖြူဘဝမှာ ဘာလို့ ဖြစ်လာရတာလဲ”
သူ တီးတိုး ရေရွတ်မိပါသည်။ ။
⬛
ခင်နှင်းယု
(လုံမလေး၊ ဇန်နဝါရီ ၂၀၀၀)
Leave a Reply