လေဂွ နဲ့ ထုချင် တဲ့ သူတွေ ထဲမှာ မင်းက ထိပ်ဆုံးကမဟုတ်လား ဘိုးထင် “
“ဟာ မဟုတ်ပါဘူး အောင်သန်းရာ ငါသွားပြီဟေ့ ဘကြီးမြ အိမ်ကို လိုက်သွားလိုက်ဦးမယ် “
လောက်စလုံးလှိမ်ရင်း စကားပြောနေသော အောင်သန်းသည် ၊မောင်ဘိုးထင် ပြောသည်ကို ခေါင်းညိတ်၍သာ အသိအမှတ်ပြုလိုက်ပြီး လက်ထဲတွင်ရှိသောလောက်စလုံးကို မျက်လုံးတဖတ်မှိတ်ပြီး ချိန်ရွယ်လိုက်ကာ တန်းစီထားသော လောက်စလုံး တန်းဆီသို့ ပြစ်လွှတ်လိုက်ပါလေတော့သည်။
▪️အခန်း-၄
မောင်ဘိုးထင် တယောက် ရွာတောင်ပိုင်းမှ ဘကြီးမြအိမ်သို့သွားလိုက်တော့သည် ၊ ဘကြီးမြအိမ် ဝိုင်းအနားရောက်သည် နှင့် ဘင်ဂျိုတီးပြီး သီချင်းတပုဒ် အားသီဆိုနေသော ဘကြီးမြ၏ အသံက နာပျော်ဖွယ်ထွက်ပေါ်နေသည် ၊ မောင်ဘိုးထင်သည် ဘကြီးမြ၏ အိမ်ဝိုင်းထဲ ဝင်လိုက်သည်နှင့် ပြောင်ရှင်းနေသော အိမ်ဝိုင်းရှေ့ရှိ မန်ကျည်းပင်ကြီးအောက် ကွပ်ပျစ်တွင် ဘကြီးမြ ဘင်ဂျိုတီး ကာ သီချင်းဆိုနေသည် ၊ ဘေးတွင်တော့ သာရ၊ သာအေး၊ ဖိုးထွေးတို့ ကွပ်ပျစ်တွင် မေးလေးများအားလက်နှင့်ထောက်ပြီး ဘကြီးမြကို အားကျနေသော မျက်ဝန်းများဖြစ် ကြည့်ပြီး သီချင်းနာထောင်နေသည် ။မောင်ဘိုးထင် လွတ်နေသော ကွပ်ပျစ်တွင် ထိုင်ပြီး ဘကြီးမြ သီဆိုနေသည်ကို နားထောင်နေ၏။ ဘကြီးမြသည် သီချင်းပြီးသွားသောအခါ လက်ထဲမှ ဘင်ဂျိုအား ဖိုးထွေးအားပေးလိုက်ပြီး မောင်ဘိုးထင်ကို ကြည့်ကာ
“ဘိုးထင်လေး ဘင်ဂျိုတီးသင်မလို့လားကွ”
“မဟုတ်ပါဘူး ဘကြီးမြရာ ကျုပ်က ဘင်ဂျိုမတီးချင်ဘူး ဆိုင်းတီးချင်တာ “
“ဟေ့ တကယ်လားဟ”
“တကယ်ပေါ့ဗျာ ကိုဖိုးထွေးတို့ အိမ်အောက်က ဆိုင်းတွေ မြင်ရင် တီးချင်စိတ် မနည်းထိန်းရတယ် ဗျ”
“ဗုံကတော့ ငါလည်းတီးတက်တယ်မောင်”
“တကယ်လားဘကြီးမြ ကျုပ်ကို အတီးသင်ပေးစမ်းပါဗျာ”
“ဗုံတီးသင်ပေးရတာ မခက်ခဲပါဘူး ဒါပမေဲ့ ဗုံရဖို့အတွက်က ခက်တာပ “
“အဘကို ဝယ်ခိုင်းမယ် ဗျာ ဝယ်ပေးရင် ဘကြီးမြသင်ပေး ကိုဖိုးထွေးတို့ သာအေးတို့ ကိုသာရတို့ကိုကော တခြား နှဲတို့ ဟိုဟာလေးေလ ဘကြီးမြရယ် ရွာလူကြီးအိမ်က ဟိုဟာကြီးကို သေးသေးလေးတွေ လုပ်ပြီး ကြိုးနဲ့ တွဲထားတာလေဗျာ “
မောင်ဘိုးထင်၏ စကားေကြာင့် ကျန်လူများ အတော်ကို စဉ်းစားယူနေရသည် ၊ ဖိုးထွေးသူအိမ်မှာ ရှိတဲ့ ပစ္စည်းများကို စဉ်းစားနေသည် အိမ်အစ နွားအဆံုးအကုန်စဉ်းစားနေရာ အတန်ကြာသောအခါမှ ရွာသားများကို အိမ်လာရန်အချက်ပေးသည့် မောင်းကြီးအား သတိရကာ
“မောင်းကြီးကို ပြောတာ လား ဘိုးထင်”
“ဟုတ်တယ် ဟုတ်တယ် မေ့နေတယ် ဗျာ အဲ့မောင်းကြီးကို သေးသေးလေးတွေလုပ်ပြီးကြိုးနဲ့ တွဲပြီးတီးတဲ့ ဟာလေးတွေလေဗျာ “
မောင်ဘိုးထင်၏စကားကို ဘကြီးမြ သဘောကျစွာ ပြုံးပြီး
“ဘိုးထင် မင်းကတော့ ပြောတော့မယ် ကြေးမောင်းကို ပြောတာလား “
“ဟုတ်တယ် ဘကြီးမြ အဲ့တာကို ဟိုကကိုဖိုးထွေးကို သင်ပေးပါ “
မောင်ဘိုးထင်၏ စကားကြောင် ဖိုးထွေး မောင်ဘိုးထင်ကို သေချာကြည့်ကာ
“ဟေ့ ဟေ့ ဘိုးထင် ငါမသင်ဘူးနော် ငါက ဘင်ဂျိုသမား “
“အဲ့တာတွေကနောက်မှ ပါဗျာ အခု ကျုပ်ရွာသွားဖို့ သာအေး နဲ့ ကိုဖိုးထွေးကို ခေါ်ချင်လို့ လိုက်ခဲ့ပါလား “
ဖိုးထွေး နှင့် သာအေး ခေတ္တစဉ်းစားနေစဉ် သာရသည် မောင်ဘိုးထင်ကို ကြည့်ကာ
“ဟေ့ကောင် ဘိုးထင် မင်းက ငါ့ကို မခေါ်ဘူးပေါ့ “
“ကိုသာရကို အားနာလို့ပါ ခေါ်ချင်တာပေါ့ “
“ဘာအား နာတာလဲ လိုက်မယ် “
“အဲ့တာဆို ပိုကောင်းတာပေါ့ဗျာလို့ သာအေး နဲ့ ကိုဖိုးထွေး ဘာတွေ တွေးနေတာလဲ မလိုက်ဘူးလား”
“လိုက် မှာပေါ့ကွာ “
“ငါ့အိမ်ပြောပြီး လိုက်မယ် ဘိုးထင်”
“ပြီးရော အခုတော့ ဘကြီးမြ နောက်ထပ် သီချင်းလေး တီးပြီးဆိုပါဦး ဒီလူတွေကို သင်မနေနဲ့ ဦး ကျုပ်နားထောင်ချင်လို့ဗျာ “
ဘကြီးမြသည် မောင်ဘိုးထင်အားပြုံး၍ ကြည့်ပြီး ဖိုးထွေးဆီမှ ဘင်ဂျိုကိုယူကာ သီချင်းတပုဒ်ကို တီး၍ ဆိုပြနေပါလေတော့သည်။
▪️အခန်း-၅
သစ်စိမ့်ရွာသို့ သွားမည့် မောင်ဘိုးထင်အား ဦးအုန်းမှ မှာကြားစရာရှိတာများ မှာကြားနေလေသည်၊
“ကောင်လေး မင်း ရွာကို ရောက်တုန်း ရောက်ခိုက် တို့ပညာနဲ့ ကုလို့ရတာရှိရင် ကုသပေးလိုက်ကွာ သင့်တင့်တဲ့ အခကြေးငွေတောင်း လူတွေက အလကား လုပ်ပေး ရင် အလကားကောင်လို့ ထင်နေတက်တယ် “
“ဟုတ်ကဲ့အဘ ကျုပ်နားလည်ပါတယ် “
“ပြီးတော့ မင်းနားနေကြ ညောင်ပင်မှာ မနားနဲ့ကွာ “
“ဘာဖြစ် လို့လဲ အဘရာ နားနေကြနေရာကို “
“ငါပြော သလိုသာ လုပ်ပါ ကောင်လေးရာ “
“ပြီးတာပဲ ကျုပ် မနားတော့ဘူး “
“ငါစိတ်ချမယ်နော် အဖော်တွေ ဘယ်သူပါလဲ “
“သုံးယောက်တောင်ဗျ သာအေး ကိုဖိုးထွေး ကိုသာရ “
“အေး အေး ဂရုစိုက်သွား ကောင်လေး “
မောင်ဘိုးထင်လည်း ဦးအုန်းအား နုတ်ဆက်ကာ အိမ်ဝိုင်းအပြင်သို့ ထွက်သွားပါလေတော့သည်။
▪️အခန်း-၆
မောင်ဘိုးထင်တို့ တသိုက် လွယ်အိတ်ကိုယ်စီနှင့် သစ်စိမ့် ရွာကို သွားနေကြသည် ၊ စကားတပြောပြောနှင့် လျှောက်လာရာ ညောင်ပင်ကြီး အနားသို့ပင် ရောက်လာပြီဖြစ်သည် ၊ ညောင်ပင်ကြီး အနားသို့ ရောက်ရင်ဖြစ် ဖိုးထွေး နှင့် သာရသည် ညောင်ပင်ကြီး အရိပ်သို့ သွားမယ် ဟန်ပြင်လိုက်စဉ် မောင်ဘိုးထင်မှ
“ကိုဖိုးထွေး နဲ့ ကိုသာရ အဲ့အပင်မှာ မနားတော့ဘူး တခြားနေရာမှာနားမယ် “
“ဟ ဘိုးထင် ဒီလောက် အဆင်ပြေတဲ့နေရာကို “
“အဘက မနားခိုင်းဘူးဗျ လာပါဗျာ နောက် ခဏ လောက် လမ်းလျှောက်ရင် ဖျောက်ဆိပ်ပင်ကြီး ရှိပါတယ် ဗျ “
“အေးပါကွာ ဦးအုန်းက မနား နဲ့ ဆိုတော့ လည်းမနားရုန်ပေါ့ “
ဖိုးထွေး နှင့် သာရ သည် ညောင်ပင်ကြီး ဘက်မသွားတော့ မောင်ဘိုးထင်နှင့်အတူ ညောင်ပင်ကြီးကို ချန်ရစ်ကာ ဖျောက်ဆိပ်ပင် ကြီးနားသို့ သွားလိုက်ကြပါတော့သည် ။
ဖျောက်ဆိပ်ပင်ကြီး၏ အရိပ်အောက်တွင် မောင်ဘိူးထင်တို့ ထုပ်လာသော ထမင်းများကို ဝိုင်းဖွဲ့စားသောက်နေကြသည် ၊ သာရသည် ထုံးစံ အတိုင်း ဘေးသို့ ထမင်း နှင့် ဟင်း အနည်းငယ် ပတ်လိုက်ပြီး ပါးစပ်မှလည်း တိုးတိုးနှင့်ပြောနေလေသည်၊ သာရထို့သို့ပြုလုပ်နေသည်ကို မြင်သောမောင်ဘိုးထင်သည်
“ကိုသာရ အဲ့လိုတွေကျွေးတာ ဘယ်သူတွေ စားနေလဲဆိုတာ မြင်ဖူးချင်လား “
မောင်ဘိူးထင်၏ စကားကြောင့် သာရ သာမက ဖိုးထွေး နှင့် သာအေးပါ ထမင်းစားရင် မောင်ဘိုးထင်အား ကြည့်နေလေသည်၊ မောင်ဘိုးထင်သည် ချိုင့်ထဲမှ ထမင်းကို စားရင် း
“အခုတော့ ထမင်း ပြီးအောင်စားကြဦး ကြည့်ရဲတယ်ဆို ကျုပ်ပြမယ် “
တခြားသူများ ဘာမျှပြန်မပြောထမင်းကို သာ အာရုံစိုက်စားနေကြတော့သည် ၊ ခဏကြာသောအခါ အားလုံး ထမင်းစား၍ ပြီးသွားကြပြီဖြစ်၏၊ မောင်ဘိုးထင်သည် ပေနေသော လက်အား ရေနှင့်ဆေး လိုက်ပြီး သူ၏ ပုဆိုးနှင့်သုပ်လိုက်သည် ကျန်သူများလည်း ထိုနည်းတူဖြစ်သည် ၊ မောင်ဘိုးထင် ၏ ချိုင့်ထဲတွင်တော့ ထမင်း အနည်းငယ် နှင့် အမဲသား ဟင်း နှစ်တုံး ကျန်နေသေး၏ ၊ မောင်ဘိုးထင်သည် ထမင်စားပြီး လက်ဆေးကာ ဝတ်ထားသော ပုဆိုးများအား လက်သုပ်နေကြသော ဖိုးထွေးတို့အား ကြည့်ကာ
“ခင်ဗျားတို့ ကိုသာရ ကျွေးလိုက်တဲ့ ထမင်းဟင်းတွေ ဘာကောင်ေတွ လာစားလည်းဆိုတာ ကြည့်ချင်သေးလား”
“ကြည့်ချင်တယ် ဘိုးထင် “
“အဲ့တာဆို ခနစောင့် ကျုပ်မျက်ကွင်းဆေး သွားဖော်လိုက်ဦးမယ် “
“အေးအေး မြန်မြန်သွားကွာ “
သာအေးသည် တခါမှ မမြင်ဘူးသည့်အတွက် ဖိုးထွေးတို့ထက် ပို၍ မြင်ချင်စိတ်ဖြစ်နေလေရာ မောင်ဘိုးထင်ကိုပင် စိတ်မရှည် ဖြစ်နေသေး၏၊ မောင်ဘိုးထင်သည် ပုဆိုးကိုခပ်တိုတို ပြင်ဝတ်ကာ ဖျောက်ဆိပ်ပင်ကြီး ၏ ဘေးရှိ တောထဲ ဝင်းသွားပါတော့သည်၊
▪️အခန်း-၇
မောင်ဘိုးထင် သည် မကြာလှသောအချိန်တွင် သသစ်ရွက် တရွက်ထဲ ကို တခုခု ထည့်လာပြီး ဖိုးထွေးတို့ အနား ရောက်လာသည် ၊ ဖိုးထွေးသည် မောင်ဘိုးထင်ယူလာသော ဖက်ကို ကြည့်လိုက်သည် ဖက်ထဲတွင်တော့ ရေလိုလို အရည်လေးများအနည်းငယ် ပါလာသည် ဖိုးထွေးမှ ယူကြည့်မည်ပြုရာ မောင်ဘိုးထင် တားထားလိုက်၏
“ကိုဖိုးထွေး ကိုင်လို့မရဘူး ကျုပ်ပဲ ကိုင်လို့ရတာ ကိုဖိုးထွေးတို့ မျက်လုံးကို ကွင်းပေးရမှာ “
“အေးပါ ကွာ အေးပါ “
မောင်ဘိုးထင်သည် သူအားကြည့်ပြီးထိုင်နေသော သာအေးအား
“သာအေး မင်းက ငါ့ချိုင့်ထဲက ဟင်းကျန် ထမင်းကျန်တွေကို ဟို နားလေး သွားပုံကွာ “
“အေး အေး ဘိုးထင်’
သာအေးသည် မောင်ဘိုးထင် ခိုင်းသည့်အတိုင်း သူတို့ နှင့် မလှမ်း မကမ်း တွင် ထမင်းကျန် ဟင်းကျန်များ သွားပုံလေသည် ၊ မောင်ဘိုးထင်သည် သာရအားကြည့်လိုက်ပြီး
“ကိုသာရ အစောက ခင်ဗျား ထမင်း မပစ်ခင် ပြောသလိုပြောဗျာ “
“အေးအေး ဘိုးထင် “
သာရသည် တောထဲ၌ ထမင်းစားရင် လုပ်နေကြ စားဦးစားဖျား ပစ်ပေးရင် ပြောသလို တိုးတိုးနှင့် ပြောလိုက်၏ ၊ သာရပြောပြီးသွားသော အခါ မောင်ဘိုးထင်သည် သူယူလာသော ဖက်ထဲ မှ အရည်များနှင် မျက်လုံးအား ကွင်းပေးလေတော့ သည်
“ဘိုးထင် “
“ပြေ ာ ကိုဖိုးထွေး “
“မင်း မျက်လုံးကွင်းတဲ့ အရည်တွေက နည်းနည်း နံသလိုပဲနော် ဘယ်လို အနံ့ကြီးမှန်း မသိဘူး””
“အဲ့တာ အရေးမကြီး ပါဘူးဗျာ မြင်ရဖို့ပဲ့ မဟုတ်လား “
“အေးအေး မင်းပြောတာ မှန်တယ် ကွင်းကွာ “
မောင်ဘိုးထင်သည် သုံယောင်လုံးကို မျက်စိမှိတ်ထားစေပြီး ထိုအရည်များကွင်းပေးလိုက်သည် ၊ကွင်းပေးပြီးသောအခါ မောင်ဘိုးထင်မှ စကားဆိုလာသည်
“ကဲအားလုံး ဘာမြင်ရ မြင်ရ မပြေးကြနဲ့နော်။ ပြေးရင်တော့ ကျုပ်လည်း တာဝန်မယူနိုင်ဘူး ကြားလား”
“အေးပါကွ “
မောင်ဘိုးထင်သည် ဖိုးထွေး သာရ သာအေး တို့အားသေချာကြည့်ပြီး
“ကဲမျက်လုံး ဖွင့်ကြည့်ပြီး သာအေးသွားထားတဲ့ ထမင်းကျန် ဟင်းကျန်တွေကို ကြည့်ဗျာ “
သူတို့အားလုံး သာအေးထမင်းပုံထားသောနေရာသို့ကြ ည့် လိုက်ကာ သာအေးသည် မောင်ဘိုးထင် အနားသို့ တိုးကပ်သွားတော့သည် သူတို့အားလုံး၏ မြင်ကွင်းတွင်တော့ သဏ္ဍန်စုံ အရွယ်စုံ လှသောကြောက်မက်ဖွယ် ပရလောကသားများသည် သာအေးပုံထားသော ထမင်း နှင့် ဟင်းအား ဝိုင်း၍ လုယူနေကြသည် ၊ လုယူသည်ဆိုပေမဲ့ သူတို့၏ လက်များသည် ထမင်းနှင့် ဟင်းအား ထိတွေ့၍ မရဖြစ်ကာ ဒေါသထွက်နေပြီး ခွေးများပမာ တကောင် နှင့် တကောင် မာန်ဖီနေကြသည် ၊ ထို ပရလောကသားများသည် သူတို့၏ အနားထိပါ ရောက်လာပြီး သူတို့အား စူးဆိုက်ကြည့်နေေလရာ၊ ဖိုးထွေးတို့ လန့်ဖျက်ကာ
“ဘိုးထင် ငါတို့ကို မမြင်အောင်လုပ်ပေးတော့ကွာ “
“ဟုတ်တယ် ငါတို့ကို မမြင်အောင် လုပ်ပေးပါ”,
ဖိုးထွေးတို့ ဝိုင်းဝန်းတောင်းဆိုသောအခါမှ မောင်ဘိုးထင်သည် ရေဘူးများကို သူတို့အားလုံးကို ကမ်းလိုက်ပြီး
“မျက်နှာ သစ်လိုက်ကြ “
မောင်ဘိုးထင်၏ စကားဆုံးသည် နှင့် ဖိုးထွေးတို့အားလုံး သူတို့လက်မှ ရေဘူးများထဲ မှ ရေနှင့် မျက်နှာသစ်လိုက်သော အခါမှ သူတို့ ၏ မြင်ကွင်းတွင် ပုံစံစုံ သဏ္ဍန်စုံ ပရလောကသားများ ပျောက်ကွယ်လို့သွားပါလေတော့သည် ။
သာအေးသည် ကြောက်လွန်း၍ တကိုယ်လုံး တုန်ယင်နေရာ မောင်ဘိုးထင်မှ ချော့မော့ နေရသည် ။
“သာအေး စိတ်လျှော့ဟ သူတို့က ငါတို့ကို ဘာမှ မလုပ်နိုင်ပါဘူး သူတို့စားမရတဲ့ ထမင်းနဲ့ ဟင်းတွေကို လုနေတာ မင်းလည်းမြင်ရဲ့ သားနဲ့ “
မောင်ဘိုးထင်၏ စကားကြောင့် သာအေး ပို၍ ပင်ကြောက်လန့်နေလေရာ ဖိုးထွေးတို့ ချော့ပြီး သစ်စိမ့်ရွာသို့ ထက်မံ ခရီးဆက်လိုက်ကြပါလေတော့သည်။
▪️အခန်း-၈
မောင်ဘိုးထင်တို့ ညနေအချိန်တွင် သစ်စိမ့်ရွာအနားရောက်လာကြသည် ၊ ထိုအခါ ဖိုးထွေးသည် တလမ်းလုံး တွေးတောလာဟန်ရှိသည် အရာအား မေးခွန်း ထုတ်၍ မောင်ဘိုးထင်အားမေးလိုက်တော့သည်
“ဘိုးထင် မင်းငါတို့ကွင်းပေးတဲ့ ဆေးရည်က ဘာတွေလဲ “
“မသိချင်ပါနဲ့ ဗျာ “
“ပြောစမ်းပါကွာ “
“ကျုပ်ရဲ့ ပညာရပ်နဲ့ ဆိုင်လို့ ဖြေလို့မရတာ ပါကိုဖိုးထွေးရာ “
“အဲ့တာဆိုလည်း ပြီးရောကွာ “
ဖိုးထွေး မကျေမနပ် နှင့် ဆက်မမေေးတော့ပါပဲ လမ်းလျှောက်နေသည် ၊ မောင်ဘိုးထင် ထိုအရာကို ဖိုးထွေးတို့အား ပေးသိလို့မဖြစ်ပေ အဘယ်ကြောင့် ဆိုသော ထိုအရွက်ထဲ ထည့်ထားသော အရည်လေးများမှာ သူ၏ ပညာရပ်ဖြစ် မန်းမှုတ်ထားသော သူ၏ ကျင်ငယ်ရည် များဖြစ်နေသောကြောင့် ဖြစ်၏ ၊ယုတ်ညံ့သော ပရလောကသားများကို မြင်နိုင်စွမ်းစေရန် ပြုလုပ်ရချင်းဖြစ်ပေသည် ၊ ကျင်ငယ်ရေ ဟုသာ ဖိုးထွေးတို့ သိကာ ဘာအကျိုးမှ မရှိ အခန့်မသင့် စိတ်ခုနေမည် ့အကျိုးသာရှိ၍ မပြောရချင်းဖြစ်ပါလေတော့သည်။
▪️အခန်း-၉
မောင်ဘိုးထင်တို့ ရွာထဲ ဝင်သော အခါ နေဝင်စပင် ဖြစ်နေသေး၍ အလင်းရောင် ကောင်းစွာ ရနေသေး၏ ၊ သူတို့ ရွာလယ် လှည်းလမ်း မှ မသွားပဲ အိမ်ဝိုင်း တွေထဲ မှ တဝိုင်းပြီး တဝိုင်းဖြတ်ကာ မောင်ဘိုးထင်တို့ အိမ်ကို သွားနေစဉ် ကြက်အော်သံ နှင့်အတူ မောင်ဘိုးထင် နှင့် သတ်တူ ရွယ်တူ ကောင်လေးတယောက်၏ အသံက ပေါ်လာ၏
“ဘိုးထင် မင်းရွာ ဘာလာလုပ်တာလဲ “
အပေါ်စီးမှစကားပြောသံ နှင့် အတူ မောင်ဘိုးထင်၏ ကြွက်များကို ခိုးဘူးသော ကြွက်သူခိုး မြင့်နိုင်ဖြစ်သည် ၊ မောင်ဘိုးထင်သည် မြင့်နိုင်ကို ကြည့်လိုက်၏ မောင်ဘိုးထင်အား အထင်သေးသည့် ဟန်နှင့် ရယ်နေလေ၍ အရွယ်တူ သာအေးမှ ပြေးထိုးမည်ပြုရာ ဖိုးထွေးတားထားလိုက်ရသည် မြင့်နိုင်သည် သာအေးကို ကြည့်ကာ စကားဆိုလာသည်
“ပေပင်သားတွေက စိတ်ကြီးသားပဲဟ “
“မြင့်နိုင် မင်းအေးဆေးနေကွာ နော် “
“ဘိုးထင် မင်းက ဘာလဲ အခုမှ ဆရာကြီးဆိုက်နဲ့ ပေါ့ ငါ့အဖေ ပြောပုံအရ မင်းက အောက်လမ်း ပေါက်စဆို “
“တော် တော့ ဘိုးထင် “
“မင်းက ဘာလဲ မကျေနပ်ဘူးလား “
“ငါသွားတော့မယ် လာသာအေး သွားကြရအောင် “
“နေပါဦး ဂြိုလ်ကောင် ဘိုးထင်ရယ် ငါ့ လက်စွမ်းကို ကြည့်သွားဦး “
မြင့်နိုင်သည် ပြောပြောဆိုဆို အိမ်ဝိုင်းေထာင့်ရှိ အိပ်တန်းတက်ရန် ဟန်ပြင်နေသော ကြက်ဖကြီး တကောင်အား လေးဂွဖြစ်ပစ်လိုက်ရာ ကြက်ဖကြီး ၏ ဦးခေါင်းကို ထိမှန်၍ ကြက်ဖကြီး အကြောဆွဲကာ လဲနေလေ၏၊
မြင့်နိုင်သည် အကြောဆွဲနေသော ကြက်ဖကြီးအား ကောက်ကိုင်လိုက်ပြီး သူ တို့ နှင့် မလှမ်း မကမ်း ရှိ အပင် တပင်နှင့် ရိုက်လိုက်ပြီး မောင်ဘိုးထင်တို့အနားပြန်လာကာ
“ဒါ မင်းကိုချက်ကျွေးမယ်လို့တော့ မထင်လိုက်နဲ့ နော် “
“မထင်ပါဘူး “
“တကယ်လို့ မင်းကို ကျွေးရမယ် ဆိုရင်တောင် မင်းကို ကျွေးမဲ့ အစား ခွေးကျွေးပြစ်မယ် ဟားဟား “
မြင့်နိုင်သည် သူ၏ စကားကို သူသဘောကျကာ ရယ်ေမာနေ၏ မောင်ဘိုးထင်သည် စိတ်တိုနေသော သာအေးကို ဆွဲထားစေပြီး ပါးစပ်ပါ မန္တန်တခုကို ခပ်တိုးတိုး ရွတ်လိုက်ပြီး သူ၏ လက်ညှိုးထိပ်ကို သူ၏ သွား နှင့် ကိုက်ဖောက်လိုက်သည်၊ကိုက်လိုက်သော လက်ညှိုးတွင် ထွက်နေသောသွေးများအား မြင့်နိုင် လက်ထဲမှ ကြက်ဖကြီး အားခါထုတ်လိုက်ရာ ကြက်ဖကြီးကို မောင်ဘိုးထင်၏ သွေးအနည်ငယ် ပေသွားသည်၊ မောင်ဘိုးထင်၏ လုပ်ရပ်ကို အားလုံးကြောင် ငေးနေစဉ် မြင့် နိုင် လက်ထဲမှ ဦးခေါင်းကြေမွနေပြီ ဖြစ်သော ကြက်ဖကြီး သည် လူလွန် လာပြီး တောင်ပန် ခတ်လာရာ မြင့် နိုင် လန့်ဖြတ် ပြီး သူကိုင်ထားသော ကြက်ဖကြီး၏ ခြေနှစ်ဘက်ကို လွှတ်လိုက်တော့သည် ၊ ကြက်ဖကြီးသည် မြေပြင်ပေါ်တွင် ရပ်နေပြီး တောင်ပန်ကို ခါယမ်းကာ တွန်နေပြန်သည်
“အောက်အီးအီး အွတ် “
ထိုသို့ တွန်သံပေးပြီနောက် ကြောင်ငေးနေသော မြင့်နိုင်၏ ခြေထောက်အား ခွပ်ပါလေတော့သည် ၊ မြင့်နိုင်သည် သေသွားသော ကြက်ဖကြီးမှ အသက်ပြန်ရှင်ပြီး သူအားခွပ်နေလေရာ ကြောက်လန့်ပြီး အော်ဟစ်ကာ ပြေးထွက်သွားပါလေတော့သည် ၊
မြင့်နိုင်မရှိတော့မှ မောင်ဘိုးထင်သည် အောင်နိုင်သူပမာ အပြုံး တချက်ပြုံးကာ ကျန်သူများကို ခေါ်ပြီး သူ၏ အိမ်သိူ့ ခြေဦးလှည့်လိုက်ကြပါလေတော့သည်။
▪️အခန်း-၁၀
မောင်ဘိုးထင် သူ၏ အိမ်သို့ရောက်သောအခါ မှောင်စပျိုးနေပြီဖြစ်သည်၊ အိမ်ထဲသို့ သူတို့ဝင်လိုက်ကြသောအခါ ခါတိုင်းတွေ့နေကြ သူ၏ အဖေဦးကောင်းမှ ခါတိုင်းလို့ အိမ်ရှေ့ကွပ်ပျစ်တွင် အရက်သောက်ပြီး ထိုင်မနေပေ ၊ မောင်ဘိုးထင် ဟို ကြည့်ဒီကြည့် လိုက်ရှာ နေစဉ် အိမ်ေပါ်မှ ဆင်းလာသော ဦးကောင်းသည်
“သား ဘိုးထင် ရောက်လာပြီလားကွ”
ဦးကောင်း၏ စကားကြောင့် မောင်ဘိုးထင် ကြောင်ငေးနေလေသည် ၊ ဒီအရွယ်ထိ တခါမှ သားဟု မခေါ်ဘူးသော ဖခင် ဖြစ်သူမှာ ယခု သူအား သား ဟု ခေါ်လာရာ သူ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်ရသည့်အထိ ကို စိတ်လှူပ်ရှားနေ၍ မည်သည့်စကားမှ မပြောနိုင် ကြောင်ငေးနေရာ ဖိုးထွေးမှ မောင်ဘိုးထင်၏ ပုခုံးကို ပုတ်ရင်း
“ဟေ့ကောင် ဘိုးထင် မင်းအဖေ ခေါ်နေတယ် လေကွာ “
“အော် အင်း အင်း “
ဖိုးထွေး သတိပေးမှ မောင်ဘိုးထင် ပြန်ထူးလိုက်ပြီး ကျန်သူများကို အိမ်ပေါ်တက်စေလိုက်၏ ၊ ဦးကောင်းမှ ယခုမူ အရင် နှင့် မတူ ဖျာချောများကို ကိုယ်တိုင်ခင်းပေးထားသလို ရေနွေးကြမ်းပွဲ လည်း အသင့် ဖြစ်နေ၏ ၊ ထို့နောက် ဦးကောင်းသည် မောင် ဘိုးထင်တို့အားကြည့်ကာ
“အခုမှ ချက်လို့ ပြုတ်လို့ပြီး တယ် ဟေ့ ဒီနေ့ မင်းတို့ စားဖို့ ကြက်ကာလာသား ချက်ရယ် ဝက်သားဆီပြန်ရယ် ပဲကြီးနှပ်ရယ် အချဉ်ရည် လေးရယ် ချက်ထားတယ် ဟေ့ “
“ကောင်းလှချည်လား။အဖေ ရ”
“ကောင်းရမှာပေါ့ ကွာ ငါ့သားနဲ့ သူအပေါင်းအသင်းတွေလာမှာပဲ ခဏနေ စိုးကြီးလာလိမ့်မယ်”
“ကျုပ်လာတာ သူ့ကို မပြောရသေးဘူး အဖေ “
“ငါပြောထားတယ် ကွ ကဲ ကဲ စားကြရအောင်ကွာ မီးဖိုချောင်ထဲ လာကြ”
“မီးဖို ချောင်ထဲက ကျဉ်းပါတယ် ကျုပ်တို့ ကွပ်ပျစ်မှာ စားကြတာပေါ့ ကျုပ်မီး အိမ် ထွန်း ထားလိုက်မယ် “
မောင်ဘိူးထင်၏ စကားကို အားလုံးမှ ဝိုင်းထောက်ခံလိုက်ပြီး အိမ်အောက် ကွပ်ပျစ်တွင် ထမင်းစားရန်ပြင်လိုက်ကြလေတော့သည်။
▪️အခန်း-၁၁
မောင်ဘိုးထင်တို့ ထမင်းစားကာနီးတွင် ဦးစိုးကြီးအသံစာစာ နှင့်ေရာက်လာသည် ၊ ဖိုးထွေး နှင့် သာရသည်က ဦးစိုးကြီးနှင့် စုံဖူးကြသူများမို့ ဦးစိုးကြီး လာသော အခါ ပျော်နေကြသည် ၊ ပျော်ရသည် အကြောင်းက ရှိသေး၏ ဦးစိုးကြီးသည် မောင်ဘိုးထင်တို့ ဆီလာရာ ၌ လက်ဗလာကြည့်မလာပါ ကြွက်ေကြာ် ၊ ငှက်ကြော် များကို ထည့်လာသလို ကြက်တကောင်လုံးကို လည်း ရဲနေအောင် ကင်ထားပြီး ယူလာသည် မဟုတ်ပါလား မောင်ဘိုးထင်တို့ လည်း စကားတပြောပြော နှင့် စားလိုက် သောက်လိုက် ဦးစိုးကြီးသည်က သာအေးလေးအား စလိုက်နောက်လိုက် တခြားသူများက ဝိုင်းရယ်လိုက်နှင့် ပျော်ရွှင့်ဖွယ် ညစာ ထမင်းဝိုင်းလေးက ပြီးမြောက်သွားပြီဖြစ်၏၊ ဤသို့ နှင့် ဦးစိုးကြီးလည်း ညအချိန်လင့်ပြီမို့ ပြန်သွားတော့သည် ကျန်သူများသည်သာ စကားခေတ္တပြောကာ အိမ်ပေါ်တွင် ဦးကောင်းပြင်ပေးထားသော ဖျာချောလေးပေါ်တွင် ဝင်၍ အိပ်လိုက်ပါတော့သည်။
မောင်ဘိုးထင် နည်းတူ ကျန်သော သူများအိပ်မောကျနေသည် ၊ ထိုအချိန် မောင်ဘိုးထင်အားလှုပ်နိုးနေသဖြင့် မောင်ဘိုးထင် နိုးလာ၏
“သား ဘိုးထင် ထဦး အဖေပြောစရာရှိလို့ ကွပ်ပျစ်ကို လာခဲ့ “
“ဟုတ်ကဲ့ အဖေ ကျုပ်လာခဲ့မယ် “
ဦးကောင်းသည် ထိုမျှသာပြောပြီးအိမ်အောက်သိူ့ ဆင်းသွားတော့သည် ၊ မောင်ဘိုးထင်သည်လည်း အိပ်အောက်သို့ဆင်းကာ ကွပ်ပျစ်ဆီသို့ သွားလိုက်၏ ၊ ကွပ်ပျစ်ရောက်သော အခါ ဦးကောင်းသည် ကွပ်ပျစ်တွင် ထိုင်နေပြီး ကွပ်ပျစ်အနားရောက်လာသော မောင်ဘိုးထင်အားကြည့်ကာ
“သားမင်းအိပ်ချင်ရင် ဒီကွပ်ပျစ်မှာ အိပ် အဖေ ဒီမှာ ထိုင် ပြီး စကားပြောမယ် “
မောင်ဘိုးထင် ဘာမှ ပြန်မပြော ခေါင်းညိတ်လိုက်ပြီး ၊ ကွပ်ပျစ်ပေါ်တက်ကာ သူ၏ ဖခင်အနားတွင် ပက်လက်လန်အိပ်လိုက်၏၊ ထို့နောက် ကောင်းကင်မှ ကြယ် များကို ကြည့်လိုက်ပြီး ဦးကောင်းပြောမည့်စကားများကို နားထောင်ရန် အသင့်ရှိနေလိုက်သည်။
“ငါမင်းကို တောင်းပန်ပါတယ် သား”
“ရပါတယ်ဗျ “
“မဟုတ်ဘူး ကွ ငါလူမဆန်ခဲ့ဘူး ငါဖခင်တာဝန်မကျေခဲ့ဘူး တစိမ်းတယောက်က မင်းကို ခေါ်ပြီးကောင်းကောင်းမွန်မွန် ထားရုံတင်မကဘူး ငါ့အတွက်ပါ စပါး နှစ်ဆယ် ပေးသေးတယ် ငါအတော် ရှက်ဖို့ကောင်းတယ် “
“ရပါတယ် အဖေရယ် ကျုပ်နားလည်ပါတယ် အိပ်တော့ဗျာ ကျုပ်လည်း အိပ်ချင်ပြီး”
“နေပါဦးကွာ ငါမင်းကို ပြောစရာရှိတယ် “
“ပြောပါ အဖေ “
“ငါ လယ် နှစ်ဧကကို မင်းကို ပေးခဲ့မယ် မင်းအဒေါ်ေယာကျ်ား အဲ့ လယ်တွေကို မျက်စောင်းထိုးနေတာ ငါ ရွာလူကြီးကိ သေချာပြောထားတယ် “
“အဖေ ရှိနေတာ ပဲ ဗျာ အဖေပဲ လုပ်ပေါ့ “
“ပြီးတော့ ဒီအိမ်ကို လည်း အမွေဆိုင် ဆိုပြီး မင်းအဒေါ် ယောက်ျားက လိုချင်နေတယ် တကယ်တော့ ငါအမေ့ မင်းရဲ့ အမေကြီးဆီက ဝယ်ထားတာ ကွ အဲ့တာကို ရွာလူကြီးသိတော့ တော်သေးတယ် ပြောရမယ် “
“ကျုပ်က ဒီရွာမှ မနေဘူ အဖေ ပေပင်ရွာမှာပဲ အမြဲနေသွားမယ် “
“မင်းဘယ်ရွာမှာ နေနေပါ ဒါတွေက မင်းပိုင်ရမဲ့အရာတွေပဲ ငါ့သား မင်းအဒေါ် ယောက်ကျာ်းအတော်လောဘကြီးတယ်ကွာ ငါ့ကို အရက်သမားကြီး မင်းကို မုန်းနေတုန်းပဲ ထင်ပြီး ငါ့ဆီကို အရက် ဝယ်ဝယ် လာပြီး လယ်တွေတောင်းနေတာ “
“အဒေါ်ယောက်ျား အကြောင်း ကျုပ်သိပါတယ် အဒေါ်ရှိရင် ဒီထက်ကို ဆိုးဦးမယ် “
“မင်း ဒီရွာမှာ မနေဘူးဆိုလည်း မင်းပိုင် တဲ့ ဒီက လယ်တွေ အိမ်တွေ ကို ရောင်းပြီး ပေပင်မှာ ဝယ်စရာရှိတာ ဝယ်ပေါ့ကွာ “
ဖခင်ဖြစ်သူ၏ စကားကြောင့် မောင်ဘိုးထင် မျက်လံုးမှိတ်ပြီး တွေးလိုက်သည် သူေငွများရရင် ဝယ်မည့် အရာကို မျက်လုံးထဲ ပေါ်လာသည် ထိုအရာသည်က ဗုံများဖြစ်သည် ၊ မောင်ဘိုးထင် တချက်ပြံုးလိုက်ပြီး
“ယူမှာပေါ့ အဖေရာ ဒါပေမဲ့ ကျုပ် အဖေ့လယ် နဲ့ အိမ်ရောင်းပြီး ရင် ဗုံ အရင်ဝယ်မယ် ဗျာ “
“ဝယ်ကွာ မင်းလုပ်ချင်တာသာ လုပ် ခုချက်ချင်းရောင်းမလား အဖေ ရောင်းပေးမယ် “
“နေပါ ဦးဗျာ မရောင်းသေးပါ နဲ့ ဦး ဗုံလေး ဝယ်ချင်တာနဲ့ လယ်တွေ အိမ်တွေ ရောင်းရတယ်ဆိုတာ ကြားမကောင်းပါဘူး”
မောင်ဘိုးထင်၏ စကားကြောင့် ဦးကောင်းပြံုးလိုက်မိသည် ၊ ယခု အချိန်ထိ သားဖြစ်သူအား အဝတ်အစား တထည့်မျှပင် မဝယ်ပေးဘူးပေ ၊ လူမမယ် အရွယ်က မောင်ဘိုးထင်အားအဒေါ်ဖြစ်သူမှ ခေါ်မွေးထားပြီး သူ၏ သားများ၏ အဝတ်အစား အကျများကိုသာ ဝတ်စေသည် ။ အဒေါ်ဆုံးလို့ အိမ်ပေါ်က နှင်ချခံရပြီး အဖေအိမ်ရောက်ချိန်တွင်လည်း မောင်ဘိုးထင်တယောက် ကြွက်ရှာ ငှက်ရှာ ငါးဖား ရှာပြီး ရသော ငွေလေးများဖြစ် သူတိုင်းသူ ဝယ်ဝတ်ရသည် မဟုတ်ပါလား ၊ယခု ဦးကောင်း သူ၏ သားတော်ေမာင် ဘာလုပ်ချင် လုပ်ချင် လုပ်ပေးဖို့ အသင့်ဖြစ်နေ၏
“ငါ့သား မင်း ဘာဝယ် ချင်လဲကွာပြော အဖေ ဝယ်ပေးမယ် “
“ကျုပ်လိုချင်တာတော့ ဗုံပဲ အဖေ အဘကို ပြောရင် ဝယ်ပေးမှာ သိတယ် ဒါပေမဲ့ ဗျာ သူအိမ်မှာ နေခိုင်း စားခိုင်းထားတာ အပြင် စပါးတောင်ပေးထားတယ်ဆိုတော့ ကျုပ်မဝယ် ခိုင်းးရ်က်ဘူးဗျာ “
“အဖေ မင်း အဘ ပေးတဲ့ စပါးမယူတော့ဘူးလို့ပြောပေးပါ ငါ့သား”
“ဟာ အဖေမယူရင် အဖေ့ အတွက် စားဝတ်နေရေးခက်နေမှာပေါ့ အဖေရာ “
“မခက်ပါဘူးကွာ အရင်အဖေက ရစ်ထုတ်ကြီး လုံးလံုးဖြစ်ပြီး ဘာမှ မလုပ်မကိုင်ေနလို့ပါ “
“အဖေ အရက်တွေလည်း လျှော့သောက်ဗျာ အဖေ့ မျက်နှာက ဖားပြုတ်ကြီး နဲ့တူနေပြီဗျ”
“ဟားဟား မင်းကတော့ကွာ “
“အဖေ ကျုပ်အိပ်ချင်ပြီဗျာ “
“အိပ်လေကွာ အဖေ စကားပြောချင်သေးလို့ပါ “
“ဟုတ်အဖေ ပြောပါ ကျုပ်အိပ်သွားရင်တော့ မတက်နိုင်ဘူးဗျာ “
“အေးအေး ငါမနက် မင်းတို့အတွက် ထမင်းထုတ် တွေ ထည့်ပြီး ပြင်ဆင်ထားပေးမယ် မနက် အစော သွားကြမှာ မဟုတ်လား “
“ဟုတ်တယ် အဖေ “။။
“အင်းအင် အိပ်တော့ ဒီအချိန် မင်းအမေရှိရင် သိပ်ကောင်းမယ် “
“အင်း “
“မင်းအမေက မင်းဟိုဘက်ဘေးမှာ အိပ် ငါက မင်းရဲ့ ဒီဘက်ဘေးမှာ အိပ် စကားပြောကြရယ်ကြ အဲ့လို ဖြစ်ချင်လိုက်တာကွာ “
“ကျုပ်က အိပ်မက်ထဲ အဲ့လို အမြဲ ဖြစ်ပါတယ် “
“ငါတကယ်တောင်းပန်းတယ် ကွာ “
“ရော အဖေကတော့ ဘာဖြစ်နေမှန်း မသိဘူးဗျာ ကျုပ်နားလည်ပါတယ် ဆို “
“အေးကွာ ငါလည်း အဲ့တာပဲ ပြောချင်နေတယ် “
“အင်း”
ဦးကောင်းသည် မောင်ဘိုးထင်အနားတွင် ထိုင်ပြီးစကားများပြောနေသည် မောင်ဘိုးထင်သည်က အင်း အင်း ဟုသာ အိပ်ချင်မူးတူး နှင့် ဖြေရင် အင်းပင် မလိုက်နိုင်ပဲ အိပ်ပျော်သွားတော့သည် ၊ ဦးကောင်းသည် အိပ်ပျော်နေသော သာဖြစ်သူအား အနည်းငယ် လင်းနေသော လရောင် နှင့် ကြယ်ရောင်များ၏ အလင်ရောင်ဖြစ် သချာကြည့်နေရင် မောင်ဘိုးထင်၏ ခေါင်းကို သပ်လို့ တယောက်ထဲ စကားပြောနေပါလေတော့သည်။
▪️အခန်း-၁၂
မောင်ဘိုးထင် အိပ်ယာမှ နိုးလာသည် သူ၏ ဘေးတွင်တော့ ဖခင် ဦးကောင်း အိပ်နေလေသည် ၊ မောင်ဘိုးထင်သည် မီးသွေးခဲ့နှင့် ဆားကိုယူပြီးသွားတိုက်မျက်နှာ သစ်လိုက်ပြီး မီးဖိုချောင်ထဲဝင်သည် မီးဖိုချောင်စာပွဲ တွင် ကောက်ညှင်းပေါင်း နှင့် ငါးခြောက်ဖုတ် ဆီဆမ်းများ ကို တွေ့ရသလို သူတို့၏ ထမင်းချိုင့် နှင့် ရေဘူးများထဲသို့ ထမင်း နှင့် ရေ ထည့်ထားပြီးသားများဖြစ်လေ၏ ၊ မောင်ဘိုးထင်လည်း ဝေလီဝင်လင်းဖြစ်နေပြီဖြစ်၍ ဖိုးထွေးတို့အား နိုးလိုက်ကာ မျက်နှာသစ်စေ ပြီးမနက်ခင်းစာကို စားလိုက်ကြသည် ၊ ထို့နောက် ဖခင် ထုတ်ပေးထားသော သူတို့၏ ထမင်းချိုင့်များကို လွယ်အိတ်ထဲ ထည့်ကာ ဦးကောင်းအိပ်နေသော ကွပ်ပျစ် လေးကို သွားလိုက်ပြီး ဖိုးထွေးတို့မှာ နိုးမည်ပြုရာ မောင်ဘိုးထင် မနိုးးရန်တားလိုက်ပြီး အိမ်ဝိုင်းအပြင်သို့ ထွက် ကာ ပေပင်ရွာသို့ ပြန်သွားလိုက်ကြပါလေတော့သည်။
▪️အခန်း – -၁၃
မောင်ဘိုးထင်တို့ သစ်စိမ့်ရွာမှ ပြန်ရောက်ပြီဖြစ်သည် မောင်ဘိုးထင် သည် ရွာအနောက်ပိုင်းရှိ ဦး ကျော်စိန် အိမ်တွင် ဆီဆံုလည်ရာ တွင် ဆီဆံုး စီး ပြီး တယောက် တပေါက်စကားများပြောနေကြ၏ ၊ဆီဆံု နွားမောင်သူ ကိုပု အား မောင်ဘိုးထင်မှ
“ဦးပု ခင်ဗျားက တလင်းခေါက်တော့ ကျုပ်ကို မခေါ်ဘူး”
“မင်း မှမအားတာ”
“အားပါတယ် ဗျာ လာမှ မခေါ်တာ “
“အေးပါ ဘိုးထင်ရာ နောက်ဆို ငါခေါ်ပါ့မယ် “
မောင်ဘိုးထင် ဆီဆံုတွင် ဆီကျိတ်သော ကိုပု နှင့် စကားပြောနေစဉ် ဦးအုန်း သုတ်သီးသုတ်ပြာ နဲ့ ရောက်လာပြီး
“ကောင်လေး “
“ဗျာ အဘ ဘာလို့လဲ ဗျ “
“ဟို ဟိုဟာကွာ မင်းအဖေ ဆံုးပြီတဲ့ “
“ဟာ မဖြစ်တိုင်တာ အဖေက မနေ့ကမှအေကာင် းကြီးပါ ကျုပ်တို့ကို ထမင်းေတာင်ထုပ်ပေးလိုက်သေးတာကို “
“မဟုတ်ဘူး တကယ်ကွာ “
“အဘ ကျုပ်ကို လိမ်နေတာ မဟုတ်လား”
“ငါက မင်းကို လိမ်ဖူးလို့လား “
မောင်ဘိုးထင် ငေးငိုင်၍ သွားရပါ၏ ၊မနေ့ကမှ အကောင်းကြီးဖြစ်သော သူ၏ ဖခင်ကို မြင်ယောင်လာပါသည် ၊ ဖခင်တယောက်လို ယခု ပြုမူဆက်ဆံလာသောအဖေ သည် ကွပ်ပျစ်ပေါ် မှာ အိပ်နေသော သူအား စကားများပြောနေချင်းသည် နောက်ဆုံး စကားပြောချင်းလို့သာ မောင်ဘိုးထင် သိခဲ့ရင် တညလုံး မအိပ်ပဲ သူ၏ ဖခင်ပြောသော စကားကို နားထောင်နေမည်မှ ဧကန်အမှန်မလွဲပင် ၊ယခုတွင်တော့ မောင်ဘိုးထင်တယောက် လက်ချိုးရေတွက်လို့ရသည့် ဖခင်ဖြစ်သူ၏ အပြုံးအား ဘယ်သောအခါမှ မြင်တွေ့ခွှင့်မရနိုင်တော့သည်ကို တွေးတောရင် စိတ်မကောင်း ဖြစ်ေနရပါလေတော့သည်။
▪️အောက်လမ်း ဘိုးထင် နှင့် နောက်ဆုံးစကား သည်က ဤမျှသာ
📝မောင်တင်ဆန်း
Leave a Reply