သေရွာပြန်မိစိုး

လုပ်စရာရှိတာလုပ်လိုက်နှင့်
အလုပ်ရှုပ်နေလေသည်။

“သမီးကြီး မအိပ်သေးဘူးလား ”

“ဟုတ်မအိပ်သေးဘူးအမေ မနက်အတွက်
အဆင်သင့်ဖြစ်အောင်လုပ်နေတာအမေရဲ့
ပြီးတော့အငယ်မကိုလည်းစောင့်ရင်းပေါ့”

“အင်း ငါ့သမီးကြီးလည်းအတော့်ကိုပင်ပန်းနေပြီ
နားရတယ်လို့ကိုမရှိဘူး”

“သြော် အမေရယ် မပင်ပန်းပါဘူး
ဘဝဆိုတာကတော့ဒီလိုပါပဲ”

ထိုစဉ်

“အမေ အမ သမီးပြန်လာပြီ”

“အေးသမီးပြန်လာပြီလား စာတွေရော
ရခဲ့လား”

“ရခဲ့တယ် အမေ အမမအိပ်သေးဘူးလား”

“အိပ်တော့မှာ အမက ညီမလေးကို
စောင့်နေလို့မအိပ်သေးတာ”

“ဟုတ်ဒါဆို ညီမလေး အိပ်နှင့်တော့မယ်နော်”

“အေးအေး ”

သားအမိ၃ယောက်အိပ်ရာဝင်ခဲ့ကြတော့သည်။
ပြည့်ပြည့်စုံစုံမနေနိုင်ပေမယ့် အခုလိုမိသားစုတွေ
အတူတူနေရတာကိုပင် မမိစိုးအရမ်းပျော်နေမိတော့သည်။

မိခင်နှင့်ညီမကလွဲရင် ဘာမှဦးစားမပေးတတ်သော
မမိစိုးတစ်ယောက် ဘာကိုမှမစဉ်းစားတော့ပဲ အိပ်ပျော်ရန်ကြိုးစားလိုက်တော့သည်။

++++++++++++++++

မနက်ဝေလီဝေလင်းအစောကြီးထကာ
အကြော်ဆိုင်ပြေးပြီးအကြော်ကြော်ရ
ညနေကြပြန်တော့လည်း မကုန်တတ်သည့်
အကြော်များကိုလှည့်လည်ရောင်းလိုက်နှင့်
တစ်ယောက်တည်းပင်ပန်းရှာသည်။

ထို့ကြောင့် မိခင်နှင့်ညီမဖြစ်သူက
ကူရောင်းပေးမည်ဆိုပြန်တော့လည်း
အကူမခံပေ မိခင်ကြီးကျတော့လည်း အသက်ကြီးနေပြီဆို၍အကူမခံ ညီမဖြစ်သူကိုလည်းစာကိုသာအလေးထားလုပ်ဟု
ဟူ၍သာပြောသဖြင့် မကူရပြန်။

တစ်နေ့ တစ်နေ့ နေပူမရှောင်မိုးရွာမရှောင်
အကြော်ရောင်းနေသော မမိစိုးတစ်ယောက်
တစ်ရက်ညနေစောင်း အကြော်ရောင်းရင်း မိုးမိလာသဖြင့် အပြင်းအထန်ဖျားတော့သည်။

ဆေးခန်းကိုပြ၍ ဆေးထိုးသည် မသက်သာ
နီးစပ်ရာဆေးဆိုင်မှဆေးများစပ်၍သောက်ကြည့်
ပြန်သည်ဘာမှမထူးခြား
နောက်ဆုံးအိပ်ရာထဲဘုံးဘုံးလဲတော့သည်။

မိခင်ဖြစ်သူနှင့်ညီမက အတတ်နိုင်ဆုံးကြိုးစား၍
ကုပေးကြရှာသည်။
အိမ်နီးချင်းများကလည်း သူတို့တတ်သလောက်
မှတ်သလောက်ကုပေးကြပြန်သည်။

မမိစိုး၏ကျန်းမာရေးကတော့ တစ်နေ့တခြား
ပို၍သာဆိုးရွားလာသည်။

“အ အမေ ”

တိုးညှင်းသောလေသံကြောင့် မိခင်ဖြစ်သူမှာ
မနည်းအားစိုက်နားထောင်ရရှာသည်။

“သမီးကြီး သမီးဘာလိုချင်လို့လဲ”

“သမီး ရင်ထဲမှာပူလိုက်တာ အမေရယ်”

“ရေလေးသောက်မလား သမီး အမေခပ်ပေးမယ်လေ”

မမိစိုးတစ်ယောက် ပါးစပ်ကမပြောနိုင်တော့
အမောကြီးမောနေရှာ၍ ခေါင်းသာညိတ်ပြနိုင်
သည်။

“ရော့ သမီးကြီးသောက်လိုက်ဖြည်းဖြည်းသောက်”

အိပ်ရာထဲမှမထနိုင်၍ ညီမဖြစ်သူက
တွဲ၍ထူပေးရသည်။

“အမေ အမကိုဆေးရုံပို့ရင်မကောင်းဘူးလား”

“သြော် သမီးငယ်ရယ် ဆေးရုံတက်ဖို့ဆိုတာမလွယ်ဘူးအမေတို့မှာ
ဆေးရုံတက်ဖို့ အဲ့လောက်ပိုက်ဆံမှ
မရှိပဲ ရှိရင်အမေ့သမီးကြီးကို ဒီအတိုင်းနေပါ့မလား သမီးရယ်”

မိခင်ကြီးမှာ မျက်နှာမကောင်းရှာ ပြောရင်းပြောရင်း
မျက်ရဲများဝဲလာသည်ကို သမီး၂ယောက်စလုံး
မြင်လိုက်ကြသည်။

ဒီအခြေအနေကိုရိပ်စားမိတဲ့ မမိစိုးက

“အမေ သ သမီးဘာမှမဖြစ်ပါဘူး တစ်ရက်နှစ်ရက်နေရင်
နေကောင်းသွားမှာပါ ညီမလေးလည်း
ဘာမှမစိုးရိမ်နဲ့နော် အဟွတ် အဟွတ် အဟွတ်”

“အမရလား မောနေမယ်အမ စကားတွေ
မပြောနဲ့တော့”

မမိစိုးအားအိပ်ရာထဲပြန်လှဲပေးလိုက်ကြသည်။

……………………………

နောက်တစ်နေ့ မနက်လင်းတော့
ညီမဖြစ်သူလည်းကျောင်းမသွားနိုင် အမကြီးအတွက်အနားမှာပြုစုရင်းသာနေလေသည်

“သမီးငယ်ရေ သမီးအမကိုဆန်ပြုတ်တိုက်ဖို့
ဒီမှာရော့ပန်းကန်လာယူလှည့်”

“ဟုတ်အမေ ”

မိခင်ကမ်းပေးသည့် ဆန်ပြုတ်ပန်းကန်အားယူ၍
အခန်းထဲသို့ဝင်လာကာ

“မကြီး ဆန်ပြုတ်သောက်ရအောင်
အမ အမ ”

အမဖြစ်သူကို လှုပ်၍နှိုးသည် နိုးမလာပါ
ထို့ကြောင့် ထပ်မံလှုပ်၍နှိုးပြန်သည် မထူးပါ

“ဟင် အမ ခေါ်လို့လည်းမရပါလား
အမေရေ အမေ လာပါဦး ဒီမှာအမခေါ်လို့လည်း
မရဘူး”

မိခင်ကြီးမှ မီးဖိုချောင်ထဲမှ ထွက်လာကာ
သမီးကြီးမမိစိုးအနားရောက်လာသည်။

“ဟင် သမီးကြီး သမီးကြီး
ဟော်တော် လုပ်ကြပါဦး သမီးကြီး”

မမိစိုး၏မိခင်ဖြစ်သူနှင့်ညီမ တို့အော်သံများကြောင့်
အိမ်နီးချင်းများရောက်လာကြတော့သည်။

“ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ”

“ကျွန်မသမီးကြီးခေါ်လို့မရတော့ဘူး
လုပ်ကြပါဦး ကယ်ကြပါဦး”

“မှန်းစမ်း ”

အိမ်နီးချင်းတစ်ယောက်က မမိစိုး၏
လက်ကောက်ဝတ်အားစမ်းသပ်ကြည့်ပြီး
ခေါင်းခါပြလေသည်။
အားလုံးသဘောပေါက်ကြ၍စိတ်မကောင်း
ဖြစ်နေကြသည်။

“ဟင် အမ အမ ညီမလေးတို့ကိုထားခဲ့ပြီလား
အမေရ အမ”

“သမီးကြီးရယ် အမေ့ကိုပါတစ်ခါတည်း
ခေါ်သွားပါတော့လားသမီးရဲ့”

“အီး ဟီး ဟီး ဟီး”

“အောင်မလေး ကျွန်မတို့ရဲ့မိုးကြီးပြိုပါပေါ့လား”

သားအမိနှစ်ယောက် ဝမ်းနည်းပက်လက်ဖြင့်
အော်ငိုလေ အိမ်နီးချင်းများကလည်း
မျက်ရည်ကျလေဖြစ်နေတော့သည်။

အားလုံးစိတ်မကောင်းဖြစ်မိကြသည်မှာ
ဧကန်ပင် ဒီမိသားစု၃ယောက်အနေအေးကြသလို
စိတ်သဘောထားလည်းကောင်းကြသူတွေမို့
အိမ်နီးချင်းများရပ်ကွက်ထဲကလူအများကပါ
သနားဂရုဏာသက်မိကြပါသည်။

ရပ်ကွက်ထဲမှ လူအများ၏ကောင်းမှုကြောင့်
မမိစိုး၏နာရေးမှာ အသုဘသတင်းလာမေး
သူများလည်းရောက်လာကြကာ သနားမိကြ
ပြန်သည်။

++++++++++++++++++

“ဟင် ငါဘယ်ရောက်နေတာပါလိမ့်
သစ်ပင်ကြီးတွေနဲ့ မြူခိုးလိုလိုအငွေ့တွေနဲ့
ဒါဘယ်နေရာလဲ”

မမိစိုးတစ်ယောက် သူမမြင်ဖူး မရောက်ဖူးသည့်
နေရာအားရောက်နေလေသည်။
အရှေ့တည့်တည့်ကိုဆက်သွားမိပြီဆိုတာနဲ့

“ဟေ့ ကလေးမ မင်းငါတို့နဲ့လိုက်ခဲ့ရမယ်”

လူဝဝဖိုင့်ဖိုင့်ကြီး၃ယောက်ဖြစ်သည်
အပေါ်ပိုင်းမှာအဝတ်အစားမပါဗလာဖြစ်ပြီး
အဖြူရောင်အစများကို ပုဆိုးသဖွယ်ဝတ်ဆင်ကာ
ခါးတောင်းကျိုက်ထားကြသေးသည်။

ယခုလည်း မမိစိုးအားသူတို့နှင့်လိုက်ခဲ့ရန်
ခေါ်နေသည်။

“မင်းငါတို့နဲ့လိုက်ခဲ့ရမယ် မင်းကသေပြီးသား
သူတစ်ယောက်ဖြစ်နေပြီ”

“ရှင် ကျွန်မ ကျွန်မသေပြီဟုတ်လား”

“ဟုတ်တယ် မင်းသေသွားပြီမင်းကို
ဘယ်ဘုံဌာနကိုပို့မယ်ဆိုတာသိရဖို့
မင်းငါတို့နဲ့လိုက်ခဲ့ရမယ် ”

ထိုလူကြီး၃ယောက်ပြောမှ မမိစိုးသူ့ဘဝဇာတ်ကြောင်းအားပြန်လည်မှတ်မိလာတော့သည်။

မမိစိုးလည်း သူသေပြီဆိုတာကိုသိသွားပြီဖြစ်သည့်
အတွက်ကြောင့်ထိုလူကြီး၃ယောက်ခေါ်ဆောင်ရာ
နောက်သို့လိုက်သွားတော့သည်။

ဝဝဖိုင့်ဖိုင့်လူကြီး၃ယောက်က မမိစိုးအား
ကျောက်နံရံလိုလို လှိုင်ဂူကြီးသဖွယ်နေရာ
တစ်ခုအားခေါ်ဆောင်လာကြလေသည်။

အတွင်းထဲသို့ရောက်တော့ ကျောက်မီးတိုင်ကြီးများထွန်းထားကြပြီး
ပလ္လင်ကြီးတစ်ခု၏အရှေ့သို့ မမိစိုးအားထိုင်စေသည်
ထို့နောက် ပလ္လင်ကြီးပေါ်ကအကြီးအကဲဖြစ်ဟန်ရှိသော
လူကြီးက စကားစပြောလေသည်။

“မင်းနာမည် မိစိုးမဟုတ်လား”

“ဟုတ် ဟုတ်ပါတယ်ရှင့်”

“မင်းကသေနေ့မစေ့သေးဘူးပဲ”

“ရှင် ”

“ဟုတ်တယ် မင်းသေလို့မရသေးဘူး
သေနေ့လည်းမစေ့သေးဘူး မင်းဝိညာဉ်က
မျောပြီးဒီကိုရောက်လာတာပဲ
မင်းကအကုသိုလ်လည်းနည်းသလို
မင်းမှာကုသိုလ်ဆိုတာလည်းနည်းပါးတယ်
ဒါပေမယ့် မင်းဟာ မိခင်အိုကြီးကိုလုပ်ကိုင်ကျွေးမွေးနေတယ်ဆိုတာ
ငါသိတယ် ဒါကြောင့်မင်းကိုလူ့ပြည်ကို
ပြန်ပြီး ကုသိုလ်ဒါနများများပြုစေချင်တယ်
သေနေမစေ့သေးလို့ ပြန်ပို့လို့ရတာလည်းပါတာပေါ့
ကဲ အစောင့်ကြီးများ ဒီသူငယ်မကို ပြန်ပို့ပေးလိုက်ကြ ”

ပလ္လင်ပေါ်ကလူကြီး၏စကားသံဆုံးသည်နှင့်
လူဝကြီး၃ယောက်က မမိစိုးအား လာရာလမ်းသို့
ပြန်လည်ပို့ဆောင်ပေးကြတော့သည်။

…………………………………

“သမီးရေ သမီး အမေတို့ကိုထားခဲ့ပြီလား
နောက်ဘဝတွေမှာဒီလိုအဖြစ်မျိုးငါ့သမီးကြီး
မကြုံရမတွေ့ရပါစေနဲ့ သမီးရဲ့ ”

“အမရေ အမ ညီမလေးတို့သားအမိကို
ထားခဲ့ပြီလား အမမရှိရင် ညီမလေးတို့
ဘယ်သူကကြည့်ရှုစောင့်ရှောက်တော့မှာလဲ
အမရဲ့ ”

“စိတ်ကိုထိန်းမှပေါ့ သေတဲ့သူကသေသွားပြီပဲ
ကျန်နေခဲ့တဲ့ ခင်ဗျားတို့ကိုလည်း ကျုပ်တို့က
ပစ္မထားပါဘူး”

“ကဲ အသုဘချဖို့ အချိန်နီးလာပြီ အလောင်းကို
အခေါင်းထဲထည့်ဖို့ပြင်တော့”

………………………

မမိစိုးတစ်ယောက် မိခင်ဖြစ်သူနှင့်ညီမဖြစ်သူတို့
ငိုယိုနေတာမြင်တော့စိတ်မကောင်းပေ
သို့ပေမယ့် သူမသေသေးဘူးဆိုတာကိုသိရင်
မိခင်နှင့်ညီမတို့ဘယ်လောက်ဝမ်းသာသွားမလဲဆိုသည်ကိုမမိစိုးသိလေသည်။
ရပ်ပြီးကြည့်နေချိန် မမိစိုးဘေးမှအသံကြားလိုက်ရသည်။

“သူငယ်မ မင်းရဲခန္ဓာကိုယ်ထဲမင်းပြန်ဝင်
ပေတော့ ”

“ဟုတ်ကဲ့ရှင့်”

မမိစိုးအားလိုက်လံပို့ဆောင်ပေးသော
လူဝကြီး၃ယောက်လည်းလှည့်ပြန်သွားကြသည်။

မမိစိုးလည်းဘာမှစဉ်းစားမနေတော့ပဲ
သူရဲ့ကိုယ်ခန္ဓာထဲလှဲချ၍အိပ်လိုက်ရာ

“အ အမေ ”

ငိုသည့်အသံလူသံများကြောင့် မမိစိုး၏တိုးညှင်းသော
အသံကိုမည်သူမှမကြားရ ထို့ကြောင့်လက်ချောင်းလေးများကို လှုပ်ရှားကြည့်သည်။

ထိုသို့ လှုပ်ရှားသွားသည်ကို ညီမဖြစ်သူကရုတ်တရက်မြင်လိုက်ရသည်။

“ဟင် အမလက်တွေလှုပ်နေတယ်အမေ”

ညီမဖြစ်သူ၏ အသံကြောင့်အသုဘပို့ရန်
လာကြသောလူအများ၏မျက်လုံးများက
အလောင်းဆီသို့ရောက်သွားကြသည်။

“အမေ အမေ ”

ဒီတစ်ခါတော့ အားလုံးတိတ်ဆိတ်နေသည်မို့
မမိစိုး၏အသံအားပီပီပြင်ပြင်ကြားလိုက်ကြသည်။

တချို့ ကအနည်းငယ်လန့်သွားကြသလို
တချို့ ကတအံ့တသြကြည့်နေကြသည်။

“သမီးကြီး သမီး ”

မမိစိုးတစ်ယောက်မျက်လုံးဖွင့်ကြည့်ရင်းအားယူကာထလိုက်သည်။

“အမေ သမီးကိုရေတိုက်ပါ”

“ဟယ် အမမသေဘူးတော့် ကျွန်မအမမသေဘူး”

ညီမဖြစ်သူကဝမ်းသာလွန်း၍ ထအော်ရှာသည်
အသုဘလာကြသည့် လူအများလည်း
ဝမ်းသာနေရှာ၍ ပြုံးပြီးကြည့်နေသည်။

“သမီးကြီးရော့ ရေလေးသောက်လိုက်”

မမိစိုး၏ကိုယ်ခန္ဓာပေါ်မှချည်နှောင်ထားသမျှအား
ဖြတ်တောက်ပစ်လိုက်ကြပြီး အခေါင်းကိုလည်း
ချက်ချင်းမီးရှို့ဖျက်ဆီးရန်စီစဉ်ကြသည်။

သေရွာပြန်မမိစိုး၏ အကြောင်းမှာ ချက်ချင်းပင်
ပျံ့နှံ့သွားကာ ရပ်ကွက်ထဲရှိလူအများအပြုံလိုက်
ရောက်လာကြလေသည်။
အားလုံးဝမ်းပမ်းတသာဖြစ်နေကြရသည်။

“ဟဲ့ မိစိုးငါကညည်းသေပြီဆိုပြီး
စိတ်မကောင်းဖြစ်နေလိုက်ရတာအေ
အခုညည်းပြန်ရှင်လာတော့ ငါအရမ်းဝမ်းသာတာပဲသိလား”

“အရီးတင်မိရယ် ကျွန်မလည်းကျွန်မကိုယ်ကို
သေပြီလို့ထင်နေတာနောက်မှ ကျွန်မမသေမှန်းသိရတာ ကျွန်မကို လူကြီးတစ်ဦးက သေနေ့မစေ့သေးဘူးဆိုပြီး
ပြန်လွှတ်လိုက်တာတော့် ”

“ဘယ်ကလူကြီးလဲ မိစိုး”

“ဒါတော့ကျွန်မလည်းမသိဘူးရှင့်
ပထမတော့ ကျွန်မမရောက်ဖူးတဲ့ တောအုပ်လိုလို
နေရာကြီးကိုရောက်တော့ တောထဲကနေ လူဝဝကြီး၃ယောက်က ကျွန်မကိုခေါ်သွားတယ်
ပြီးတော့ သူတို့ရဲ့အကြီးအကဲဖြစ်ဟန်ရှိတဲ့
လူကြီးတစ်ယောက်ကကျွန်မကို သေနေ့မစေ့သေးဘူး မင်းလူ့ပြည်ကိုပြန်ရမယ်ဆိုပြီး ကျွန်မကိုပြောတယ် ပြီးတော့ကျွန်မကိုမှာလိုက်သေးတယ် ကုသိုလ်ဒါနများများပြုတဲ့ အဲ့လိုပြောပြီး စောနက
လူဝကြီး၃ယောက်ကို ပြန်လိုက်ပို့ခိုင်းတာပဲ
ဒါနဲ့ကျွန်မလည်း အခုလိုပြန်ရှင်လာတာပဲ
အရီးတင်မိ”

မမိစိုး၏ ပြောစကားအား အကုန်လုံး
ငြိမ်၍နားထောင်နေကြလေသည်။
အားလုံးမျက်လုံးအပြူးသားပါးစပ်အဟောင်းသားနှင့်နားထောင်နေကြလေသည်။

“ဟယ် ညည်းအဖြစ်ကလည်းဆန်းလိုက်တာ
မိစိုးရယ် စောနက နင်ပြောတဲ့လူကြီးဆိုတာ
ယမမင်းဖြစ်နိုင်တယ်အေ့”

“ဟုတ်ချင်ဟုတ်မယ် ကျွန်မလည်းသေချာတော့
မသိဘူး ဘာပဲဖြစ်ဖြစ် ကျွန်မအခုလိုသေရွာက
ပြန်လာရတာကိုပဲဝမ်းသာလှပါပြီရှင်
တော်ပြီဒီကနေ့ကစပြီး ကျွန်မကုသိုလ်ကောင်းမှုတွေစပြီးလုပ်မှဖြစ်တော့
မယ် သေပြီးကိုယ့်နောက်ကိုပါတာ ဒီအရာတွေပဲရှိတယ်ဆိုတာ ကျွန်မလက်တွေ့သိခဲ့ရပြီးပြီ ဆိုတော့ အားလုံးလည်းမသေခင်အချိန်လေးမှာ ကုသိုလ်တရားတွေကိုပွားများအားထုတ်ကြပါလို့ကျွန်မပြောပါရစေ ”

“ဟုတ်တယ် မမိစိုးကြီးပြောတာမှန်တယ်ဟေ့”

“ဟုတ်တယ် ဟုတ်တယ် မမိစိုးက
လက်တွေ့ပဲ ငါတို့သေရင်ကိုယ့်နောက်ပါမှာ
ဒီကုသိုလ်ကောင်းမှုတွေပဲ”

သေရွာပြန်မမိစိုး၏ စကားအားအားလုံး
ထောက်ခံကြသည်။
အားလုံးကိုလည်းအသိတရားရစေသည်။

အစက ငိုသံတွေနဲ့ ဆူညွနေခဲ့တဲ့အိမ်ကလေးဟာ
အခုဆိုရင်ရယ်သံများသာပျံ့လွင့်နေတော့သည်။

ပြီးပါပြီ…… စာဖတ်သောသူများအားလုံးကိုကျေဇူးတင်ပါသည်
အသိတရားတစ်ခုခုရကြပါစေရည်ရွယ်ရင်း

သင်/ငါလည်းမုချမလွဲဧကန်သေရမည်
အောင်ဓူဝံ