လူသားစားရေတွင်း

စကားပြောနေရင်းမောသွားဟန်တူတဲ့ပေါက်ကျော်က သက်ခိုင်ဘေးမှာချထားတဲ့ ရေဘူးထဲကရေကိုတစ်ကျိုက်မော့လိုက်ပြီး

” ကျုပ်ဖြင့် နတ်ရေတွင်းရေခမ်းတာတစ်သက်နဲ့တစ်ကိုယ်မကြုံခဲ့ဖူးဖူး”

” ရေတွင်းပဲဗျာ ခပ်တာများရင် ကုန်မှာပေါ့ ဒါမှမဟုတ်ရေထွက်ပေါက်ပိတ်သွားတာလဲဖြစ်မှာပေါ့”

” ခင်ဗျားပြောတဲ့အတိုင်းပဲကျုပ်တို့တွေးခဲ့ကြတယ် အဲဒါကြောင့် ကာလသားတွေက ရေတွင်းထဲကို ဆင်းပြီး ရေထွက်ပေါက်ပိတ်မပိတ်ကြည့်ခဲ့ကြတယ် ရေတွင်းထဲဆင်းတဲ့ ရွာသားတွေထဲက ကြက်ရိုးလို့ခေါ်တဲ့ကာလသားက ရေတွင်းအောက်ခြေမှာရှိတဲ့ ကြွေပြားတစ်ချပ်ကိုအပေါ်ဆယ်တင်လာခဲ့တယ် အဲဒီကြွေပြားပေါ်မှာရေးထားတဲ့အရာတွေက ကျုပ်တို့တစ်ခါမှမမြင်ဖူးတဲ့စာတွေအပြင် အတွန့်အကောက်တွေနဲ့ စာလုံးတွေလဲပါသေးတယ်”

” ဆက်ပြောပါဦး နောက်တော့ရော ဘာဆက်ဖြစ်သေးလဲ”

” ကျုပ်တို့လဲရလာတဲ့ ကြွေပြားကို ရွာမှာအသက်အကြီးဆုံးဖြစ်တဲ့ အဖိုးရွှေခင်ဆီသွားပြကြတယ် အဖိုးရွှေခင်က ကြွေပြားကိုမြင်တော့ မင်းတို့ဒီရေတွင်းမှာရေဆက်မခပ်ကြနဲ့တော့လို့ပဲပြောတယ် ကျွန်တော်တို့ကလဲ အဖိုးရွှေခင်စကားကို ဂရုမစိုက်ပဲ ဆက်သုံးခဲ့ကြတယ် တစ်ပတ်လောက်ကြာတော့ ရေတွင်းထဲကရေတွေက တစ်ဖြေးဖြေး နီကျင်ကျင်ဖြစ်လာတယ် အခုဆိုရင် တွင်းရေတွေက သွေးရောင်လိုလိုအနီရောင်တွေဖြစ်နေပြီ ရေတွင်းရေ‌ အနီရောင်ပြောင်းသွားပြီး နောက်ပိုင်း ဘယ်သူမှမခပ်ရဲကြတော့ဘူး ရေတွင်းလဲခပ်မယ့်သူမရှိတော့ အမှိုက်တွေနဲ့ရှုပ်ပွလာခဲ့တယ် ဒီလိုနဲ့ လွန်ခဲ့တဲ့သုံးလလောက်ကစပြီး လူတွေစပျောက်တော့တာပဲ ကျွန်တော်စိတ်ထင် လူတွေပျောက်ကုန်တာ ရေတွင်းနဲ့များဆိုင်သလားလို့”

အောင်မြတ်သာက ပေါက်ကျော်ပြောပြတဲ့အကြောင်းတွေကိုနားထောင်ပြီး

” ဒါဆို မိတ်ဆွေတို့ကို ဒီနေရာကိုလာဖို့ ဘယ်သူပြောလိုက်တာလဲ”

” ရွာမှာလူတွေပျောက်တာသုံး‌ယောက်ပြည့်တဲ့နေ့မှာ အဖိုးရွှေခင်က ကျုပ်ကို သက်သက်လွတ်စားပြီး ဥပုဉ်သုံးရက်စောင့်ခိုင်းတယ် ကျုပ်လဲအဖိုးရွှေခင်ပြောသလို လုပ်တဲ့ပထမနေ့မှာပဲ အိမ်မက်စမက်တာ ”

” မိတ်ဆွေပြောတဲ့စကားအရ အဖိုးရွှေခင်က တစ်ခုခုကိုသိနေသလိုပဲ ဒါဖြင့် ကျုပ်တို့လိုက်လာခဲ့မယ် အဖိုးရွှေခင်နဲ့တွေ့ဖို့လဲလိုလိမ့်မယ်”

” ရပါတယ် လိုက်လာမယ်ဆိုရင်ပဲကျေးဇူးတင်နေပါပြီ အဖိုးရွှေခင်နဲ့တွေ့ဖို့လဲလုပ်ပေးပါမယ်”

အောင်မြတ်သာတို့လဲ ပေါက်ကျော်တို့ခေါ်ဆောင်ရာနောက်ကိုလိုက်ခဲ့ပြီး နတ်ရေတွင်းရွာဆီကိုရောက်လာခဲ့တယ်။

ရွာထဲရောက်တော့ အဖိုးရွှေခင်အိမ်ကိုအရင်ဝင်ခဲ့ကြတယ်။ အိမ်ပေါ်ရောက်တော့ ပြောင်းဖူဖက်ဆေးပေါ့လိပ်ကို အငွေ့တစ်ထောင်းထောင်းထအောင်ဖွာနေတဲ့ အသက်၇၀ကျော်အရွယ် အဖိုးအိုတစ်ယောက်ကိုတွေ့လိုက်ရတယ်။

အဖိုးရွှေခင်က အောင်မြတ်သာတို့ကိုမြင်တော့

” ဧည့်သည်တွေလဲပါကြတာကိုး လာထိုင်ကြ”

အောင်မြတ်သာတို့လဲ အဖိုးရွှေခင်ခင်းပေးတဲ့ဖျာပေါ်ထိုင်လိုက်ပြီး

” ဒီရွာမှာဖြစ်ပျက်နေတာတွေကိုတော့ ဒီကမိတ်တွေပြောပြလို့သိပြီးပါပြီ အဖိုးအနေနဲ့ ရေတွင်းအကြောင်းကိုသိသလောက်လေးပြောပြပေးစေချင်ပါတယ်”

အောင်မြတ်သာစကားကြောင့် အဖိုးရွှေခင်က အိမ်အပြင်ဘက်က ကွင်းပြင်ကိုငေးကြည့်ပြီး

” ဒီရေတွင်းက အဖိုးတို့ရဲ့ ဘိုးဘွားတွေလက်ထက်ထဲကရှိခဲ့တယ် အလောင်းစည်သူမင်းလက်ထက် တောထဲတောင်ထဲ တိုင်းခန်းလှည့်လည်တဲ့အချိန် ဒီနေရာကိုရောက်တော့ ချိုးတော်ရေသုံးဖို့ရေမရတဲ့အတွက် လက်စွဲတော် လှံနဲ့ အခုရေတွင်းဖြစ်မယ့်နေရာကို ထိုးပြီး ရေကြောကိုရှာခဲ့တယ် တန်ခိုးကြီးမင်းဖြစ်တဲ့အတွက် လှံနဲ့ထိုးတဲ့နေရာကနေ ရေတွေပန်းထွက်လာခဲ့တာမြင်တော့ နောက်ပါရဲမက်တွေက ဒီနေရာကိုရေတွင်းတစ်တွင်းအဖြစ်ပြုပြင်ပြီး ချိုးတော်ရေဆက်သခဲ့တယ်”

” စိတ်ဝင်စားဖို့တော့ကောင်းတယ် အဖိုး ဆက်ပြောပါဦး”

” ဒီရေတွင်းထွက်တဲ့ရေက အေးမြပြီးလတ်ဆတ်တဲ့ရေဖြစ်လို့ သာမန်ရေတွင်းတွေထက် ထူးခြားအောင်နတ်ရေတွင်းလို့ အမည်သမုတ်ခဲ့တယ် အဲဒီအချိန်အဖိုးတို့ရဲ့ ဘိုးဘေးတွေထဲက ဦးသာလူဆိုတဲ့တစ်ယောက်က ဘုရင်ကိုလမ်းပြရတဲ့ ရွာခံတွေထဲကတစ်ယောက်လဲဖြစ်ခဲ့တယ် သူက အလောင်းစည်သူမင်းကြီးပြန်ကြွသွားတဲ့နောက်မှာ နတ်ရေတွင်းကိုမပျက်စီးအောင်စောင့်ရှောက်ဖို့ တာဝန်ပေးခံရတဲ့အတွက် ရေတွင်းနားမှာ တဲလေးထိုးပြီးနေခဲ့တယ် နှစ်တွေတစ်ဖြေးဖြေးကြာလာတော့ လူနေအိမ်တွေတစ်ဖြေးဖြေးတိုးလာပြီး နတ်ရေတွင်းရွာဆိုတာဖြစ်လာတာပဲ”

” ဒါဆိုရင် ရေတွင်းဆယ်တုန်းက ရလာတဲ့ ကြွေပြားကိုကြည့်လို့ရမလား ”

” ရပါတယ် ခဏစောင့်ကြဦး”

အဖိုးရွှေခင်လဲ အိမ်ခန်းထဲကိုခဏဝင်သွားပြီး ပြန်ထွက်လာတော့ လက်ထဲမှာ တစ်တောင်ဝန်းကျင်လောက်ရှိတဲ့ ကြွေပြားတစ်ချပ်ပါလာခဲ့တယ်။

” ဒီကြွေပြားပဲကွယ့် တူမောင်တို့ကြည့်ချင်ရင်ကြည့်ကြလေ”

အောင်မြတ်သာတို့လဲအဖိုးရွှေခင်ပြတဲ့ကြွေပြားကိုယူကြည့်လိုက်ပြီး

” အဖိုး ဒီရေတွင်းနဲ့ပတ်သတ်ပြီး အဖိုးသိတာဘာရှိသေးလဲ ဒီကြွေပြားက သာမန်ကြွေပြားမဟုတ်ဘူး”

” ယခင်ရှေးလူကြီးတွေက ဒီရေတွင်းအနားကို မိန်းကလေးတွေပေးမကပ်ခဲ့ဘူး နောက်ပိုင်းကြတော့ ရှေးအယူအဆတွေပျောက်ပြီး ယောင်္ကျားရောမိန်းမပါခပ်လာကြတယ် အဖိုးလဲအရင်ကပြောပါသေးတယ် ဘယ်သူမှဂရုမစိုက်ကြတော့ နောက်ပိုင်းမပြောတော့ဘူး”

” ရွာကလူတွေပျောက်တာကကော ဘယ်နှစ်ယောက်ရှိပြီလဲ ”

” လွန်ခဲ့တဲ့လကထိ သုံးယောက်ရှိပြီ နောက်လာမယ့်နှစ်ရက်ဆိုလေးလပြည့်တော့မှာ ဘယ်သူတွေထပ်ပျောက်ဦးမလဲမသိတော့ပါဘူးကွယ်”

” အဖိုးက ပေါက်ကျော်ကို သတ်သတ်လွတ်စားပြီး ဥပုဉ်စောင့်ခိုင်းတာကရော ဘယ်လိုမျိုးကိစ္စကြောင့်လဲဆိုတာသိပါရစေ”

” အဖိုးတို့ရွာဓလေ့အရ ရွာမှာထူဆန်းတဲ့ပြဿနာတစ်ခုခုဖြစ်ပြီဆိုရင် ရွာရဲ့အသက်အကြီးဆုံးပုဂ္ဂိုလ်က ရွာတော်ရှင်နတ်နန်းမှာရှိတဲ့ ပန်းကိုယူပြီး ခေါင်းအုံးအောက်ထည့်အိပ်ရတယ် အဲလိုအိပ်တဲ့အခါ ရွာ‌တော်ရှင်ကအိမ်မက်ပေးပြီး ဘယ်လိုလုပ်ရတယ်ဆိုတာပြောပြတယ်”

” ဒါဆို အဖိုးကို အခုလိုလုပ်ဖို့အိမ်မက်ပေးတာရွာတော်ရှင်ပေါ့”

” ဟုတ်တယ် ပေါက်ကျော်ကို အခုလိုလုပ်ခိုင်းတာက ရွာတော်ရှင်အိမ်မက်ပေးလို့ လုပ်ခိုင်းလိုက်တာ”

” ဒီလောက်ဆို ဘာဆက်လုပ်ရမယ်ဆိုတာ သိပါပြီ အဖိုးမှာရှိနေတဲ့ကြွေပြားကို ကျွန်တော်တို့ဆီခဏပေးထားလို့ရလား ဒီကိစ္စကိုဖြေရှင်းဖို့အတွက် ကြွေပြားကအရေးပါနေလို့ပါ”

” ရပါတယ် ယူထားလေ တူမောင်တို့နေဖို့ဆိုရင်လဲ အဖိုးအိမ်မှာပဲနေကြပေါ့ ”

အောင်မြတ်သာတို့လဲအဖိုးရွှေခင်အိမ်မှာပဲ တည်းခိုလိုက်ကြပြီး ညနေစောင်းရောက်တော့ ရွာတော်ရှင်နတ်နန်းရှိရာဘက်ကို လမ်းလျောက်ထွက်လာခဲ့ကြတယ်။

အဖိုးရွှေခင် အိမ်ကနေ ထွက်လာပြီး ရွာလယ်လောက်ရောက်တော့ ဝါးကပ်တွေနဲ့ကာထားတဲ့ နတ်ရေတွင်းကို အောင်မြတ်သာအဝေးက‌နေ
လှမ်းကြည့်ပြီး

” ရေတွင်းဘောင်ပေါ်မှာ ခွထိုင်နေတဲ့ နာနာဘာဝတစ်ကောင်ရှိနေတယ် သူကငါတို့ကိုမြင်တော့ ရေတွင်းထဲခုန်ဆင်းသွားတာတွေ့လိုက်တယ်”

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရက ရေတွင်းရှိရာဘက်ကိုလှမ်းကြည့်လိုက်ပြီး

” ကျွန်တော်တို့တော့ဘာမှမတွေ့ရဘူးဆရာ ဒီကောင်ဆရာကိုတွေ့လို့ဆင်းပြေးပြီထင်တယ်”

သက်ခိုင်စကားကိုအောင်မြတ်သာဘာမှပြန်မပြောပဲ ရွာတော်ရှင်နတ်နန်းရှိရာဘက်ကိုဆက်ထွက်လာခဲ့လိုက်တယ်။

ရွာထိပ်ကိုရောက်တော့ သစ်သားဆောင်လေးကို သေသပ်စွာဆောက်လုပ်ထားတဲ့ ရွာတော်ရှင်နတ်နန်းလေးကိုတွေ့လိုက်ရတယ်။ နတ်နန်းထဲမှာတော့ အဖြူနဲ့အနီအစလေးတွေကို ချည်ထားပြီး ‌ဖယောင်းတိုင်အမွှေးတိုင်ထွန်းထားလို့ ကျန်နေတဲ့ အပိုင်းအစတွေကိုပဲမြင်တွေ့လိုက်ကြတယ်။

အောင်မြတ်သာက ရွာတော်ရှင်နတ်ကွန်းရှေ့က ကွပ်ပြစ်လေးမှာထိုင်ပြီး
” ကဲ ရွာတော်ရှင်ရေ ကျုပ်တို့တော့ရောက်လာပြီ ခင်ဗျားဘယ်‌တွေသွားပုန်းနေလဲ “လို့ပြောလိုက်တော့ နတ်ကွန်းဘေးကနေ ဆံပင်ရှည်ရှည်အသားညိုညိုနဲ့ လူတစ်ယောက်ထွက်လာခဲ့တယ်။

” ဘယ်မှမပုန်းပါဘူး ကျုပ်ဒီမှာပဲရှိနေတာပါ ဘောက်မယ့်ကြောင့် ကျုပ်ကိုခေါ်ရတာလဲ”

” အကြောင်းအရင်းကတော့ နတ်ရေတွင်းအကြောင်းမေးချင်လို့ပဲ သင်က ဒီရွာစတည်ထဲက ရွာတော်ရှင်ဖြစ်နေတယ်ဆိုတော့ နည်းနည်းပါးပါးတော့သိမယ်ထင်ပါတယ်”

” တကယ်တော့ဒီရွာသားတွေက စည်းမစောင့်ကြဘူး နတ်ရေတွင်းကိုအလေးမထားကြဘူး အခုဖြစ်ပျက်နေတာတွေကလဲ နတ်ရေတွင်းမှာ အစောင့်ချထားတဲ့ ဗလကြီး‌လုပ်နေတာ”

” ဗလကြီးဆိုတာကဘယ်သူလဲ”

” ဗလကြီးဆိုတာက လောင်းစည်သူမင်းတရားကြီးချိုးတော်ရေသုံးဖို့ရေတွင်းတူးစဉ်က တွင်းထဲကျသေတဲ့တစ်ယောက်ပါ သူက ကိုယ်လုံးကိုယ်ထည်တောင့်လို့ ဗလကြီးလို့ခေါ်ကြတာ ”

” ဒါဆိုသူကနတ်ရေတွင်းမှာနေတာကြာပြီပေါ့”

” ဟုတ်တယ် သူ့ကိုနတ်ရေတွင်းကိုစောင့်ဖို့ထားခဲ့တာ”

” အရင်ထဲကနေလာတာဆိုရင် ဘာကြောင့်အခုမှ လူတွေကိုဒုက္ခပေးရတာလဲ”

” ဗလကြီးက လူဘဝမှာရှိထဲက စိတ်ကြမ်းလူကြမ်းသမား သူကစစ်ပွဲတွေမှာ အနိုင်ရရင်သူသတ်ခဲ့တဲ့လူရဲ့အသည်းနှလုံးတွေကိုတောင် မီးဖုတ်စားတာ”

” ဟုတ်ပါပြီ သူ့အကြောင်းဆက်ပြောပါဦး”

” သူရေတွင်းထဲကျသေပြီး မကျွတ်လွတ်တာကိုသိတော့ အလောင်းစည်သူမင်းက ရေတွင်းကိုစောင့်ကြပ်ဖို့တာဝန်ပေးခဲ့တယ် ဗလကြီးဝိဉာဉ်ကိုလဲ မဆိုးသွမ်းရအောင်အင်းစမအတတ်ပညာနဲ့ ချုပ်ထားခဲ့တယ် အရင်ကဒီနတ်ရေတွင်းမှာ မြင့်မြတ်တဲ့အရာတွေပဲ ဆေးကြောသန့်စင်ခွင့်ရတယ် နောက်ပိုင်းလူတွေက အရင်လူတွေချမှတ်ထားတာကို မလိုက်နာပဲ ဖောက်ဖျက်ခဲ့ကြတယ် အဆိုးဆုံးက လွန်ခဲ့တဲ့ခြောက်လလောက်မှာ ဓမ္မတာလာနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ အညစ်အကြေးတွေပေကျံနေတဲ့ တဘက်တစ်ထည်ရေကန်ထဲကိုကျရာကနေ စခဲ့တာပဲ”

” ဒါဆို မသန့်ရှင်းတဲ့အဝတ်ကြောင့် ရေတွင်းကရေတွေခမ်းခြောက်ခဲ့တာလား”

” ဟုတ်တယ် မသန့်စင်တဲ့အဝတ်စကြောင့် ရေတွင်းကရေတွေ အရောင်ပြောင်းလာပြီး တစ်ဖြေးဖြေးခမ်းခြောက်ခဲ့တယ် ရေမရှိတော့ လူတွေက ဆင်းဆယ်ရင်း ဗလကြီးကိုချုပ်ထားတဲ့ အင်းစမကို ဆယ်ယူခဲ့ကြတယ် အခု‌ဆိုရင် ဗလကြီးက သူ့ကိုချုပ်နှောင်ထားတဲ့အစီအရင်မရှိတော့တဲ့အတွက် ဆိုးချင်တိုင်းဆိုး သောင်းကျန်းချင်တိုင်းသောင်းကျန်နေတာကိုပဲကြည့်ပါ”

” ရွာထဲကလူတွေပျောက်ပျောက်ကုန်တာကရော ဗလကြီးလက်ချက်ပဲလား”

” ဒါတော့ကျုပ်ပြောခွင့်မရှိဘူး သင်တို့အစွမ်းရှိရင်ပြန်ရှာတွေ့ရကြမှာပါ”

” အခုကျုပ်တို့မှာဗလကြီးကိုချုပ်နှောင်ခဲ့တဲ့ အင်းစမချပ်ရှိတယ် ဒါကိုရေတွင်းထဲ ပြန်ထည့်လိုက်ရင်ရော သူ့ကိုပြန်ထိန်းချုပ်လို့ရနိုင်မလား”

” မရဘူး သူ့ကိုချုပ်နှောင်ခဲ့တဲ့ အစီအရင်တွေအကုန်ပျက်ကုန်ပြီ အင်းစမချပ်နဲ့တွဲဆက်ထားတဲ့ အရာတွေပျက်ကုန်တဲ့အတွက် ဒီအင်းစမကိုပြန်ထည့်လဲအသုံးမဝင်တော့ဘူး ဒါကြောင့် ဗလကြီးကထင်တိုင်းကျဲနေတာ”

” ဒီလောက်သိရတာ ကျေးဇူးတင်ပါတယ် သင့်ကိုလဲအနှောက်အယှက်ပေးမိပြီ သင်ပြန်သွားလို့ရပါပြီ”

အောင်မြတ်သာစကားအဆုံးမှာ ရွာတော်ရှင်လဲ နတ်ကွန်းအနောက်ဘက်ကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။ ရွာတော်ရှင်ပျောက်သွားတော့ အောင်မြတ်သာက

” ဒီပုံစံအတိုင်းဆို နတ်ရေတွင်းမှာရှိတဲ့ ဗလကြီးဆိုတဲ့ကောင်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ဆုံးမရတော့မယ် ဒီကောင်က နာမည်နဲ့တစ်ကွ အပိုင်စားရထားသလိုဖြစ်နေတော့ မောင်းထုတ်ဖို့တော့နည်းနည်းခက်မယ် ဒီည တို့သုံးယောက်လုံး အဓိဌာန်ဝင်ပြီး ဆိုင်ရာပုဂ္ဂိုလ်တွေဆီကနေ ခွင့်ပြုချက်တောင်းရမယ် ခွင့်ပြုချက်ရတာနဲ့ လပြည့်နေ့မရောက်ခင် ဗလကြီးကို ဒီရွာထဲကနေအပြီးတိုင်မောင်းထုတ်ပစ်ရမယ် ဒါမှလူတွေထပ်ပြီး ပျောက်ရှမှုမရှိမှာ”

အောင်မြတ်သာရဲ့စကားကို သက်ခိုင်နဲ့ တောက်ရက သဘောတူလက်ခံခဲ့ပြီး ဖိုးရွှေခင်အိမ်ဘက်ကိုပြန်ထွက်လာခဲ့လိုက်တယ်။

ညဘက်ရောက်တော့ အဖိုးရွှေခင်အိမ်မှာ အဓိဌာန်ဝင်ကာဆိုင်ရာပုဂ္ဂိုလ်တွေကိုတိုင်တည်ပြီး တရားမှတ်နေစဉ် ညသန်းခေါင်အချိန်ရောက်တော့ အိမ်ခေါင်မိုးပေါ်ကို ခဲလုံးအဖြူတွေ မိုးရွာသလိုကျလာခဲ့တယ်။

တောင်ထန်းလက်တွေကာထားတဲ့အမိုးဖြစ်တဲ့အတွက် ခဲလုံးတွေက အိမ်တံဆက်မြိတ်ကနေ အောက်ကိုလိမ့်ကျနေတဲ့အသံကြောင့် အခန်းထဲမှာအိပ်ပျော်နေတဲ့ ဖိုးရွှေခင်နိုးလာပြီး အောင်မြတ်သာတို့ရှိရာဘုရာစင်ရှေ့ကိုထွက်လာခဲ့တယ်။

အောင်မြတ်သာတို့လဲ ခေါင်မိုးပေါ်ခဲလုံးတွေကျတဲ့အသံကြားတော့ အဓိဌာန်ဝင်တာကိုဖြုတ်လိုက်ပြီး

” ဒီကောင် သိသွားပြီ ခုနကလာပစ်တဲ့ခဲတွေက ရေကန်အောက်ခြေမှာချထားတဲ့ ခဲတွေပဲ အဖိုး‌ရွှေ
ခင် ခုနကလိုဖြစ်ရပ်မျိုးရွာမှာဖြစ်ခဲ့ဖူးလား”

အောင်မြတ်သာစကားကြောင့် အခန်းဝမှာရပ်နေတဲ့အဖိုးရွှေခင်က တစ်ချက်စဉ်းစားလိုက်ပြီး

” အရင်ပျောက်သွားတဲ့လူ‌တွေနေတဲ့အိမ်တွေမှာလဲ
အခုလိုဖြစ်ခဲ့ဖူးတယ် နောက်တစ်နေ့ညရောက်ရင် အိမ်မှာရှိတဲ့လူတစ်ယောက်ယောက်က ပျောက်ချင်းမလှပျောက်သွားတာပဲ”

” ဒါဆို ဒီအိမ်ကလူတစ်ယောက်ယောက် မနက်ဖြန်ပျောက်မယ်ဆိုတဲ့သဘောပေါ့ ”

အောင်မြတ်သာစကားကြောင့် ရွှေခင်မျက်နှာမှာကြောက်ရွံ့မှုတွေအတိုင်းသားပေါ်လာခဲ့တယ်။

” အဲလောက်လဲစိတ်ပူမနေပါနဲ့အဖိုး မနက်ဖြန်ညရောက်ရင် အဖိုးမပျောက်စေရပါဘူး ကျုပ်တို့အာမခံပါတယ် ”

” အဖိုးက သေရမှာကို ကြောက်တာမဟုတ်ပါဘူး ရွာမှာဒီလိုဖြစ်ရပ်တွေကြုံလာခဲ့ရင် ဘယ်သူမှအသက်ရှင်မကျန်နိုင်ဘူးဆိုတာလဲသိပါတယ် ”

” ဟင် အဖိုးက ဘာကြောင့်ဒီလိုစကားပြောတာလဲ ”

” အဖိုးရဲ့ဘိုးဘေးတွေပြောခဲ့တဲ့ စကားတစ်ခွန်းရှိတယ် နတ်ရေတွင်းက လူစားတဲ့တစ်နေ့ ရွာထဲကလူတွေ အကုန်သေပြီး ရွာပျက်လိမ့်မယ်တဲ့ ဒီစကားကိုအဖိုးဘယ်သူ့ကိုမှမပြောဘူး ငါ့မြေးတို့က ဧည့်သည်တွေဆိုတော့ အချိန်မှီပြန်လို့ရအောင် ပြောပြတာပါ”

” မဟုတ်တာအဖိုးရယ် ကျွန်တော်တို့ရောက်လာပြီပဲ ဒီနေ့ကစပြီး ရွာလဲမပျက်ဘူး လူလဲထပ်မပျောက်စေရဘူး စိတ်အေးအေးထားပါ”

” အေးကွယ် နောက်ဆုံးအခြေအနေမှာ ရရာကိုဆုပ်ကိုင်ရတော့မှာပဲလေ”

အဖိုးရွှေခင်က စိတ်မသက်မသာပြောရင်း အိပ်ခန်းထဲပြန်ဝင်သွားခဲ့တယ်။ အဖိုးရွှေခင်ဝင်သွားပြီးအတန်ကြာတော့မှ အောင်မြတ်သာက

” ငါတို့ဒီညလုပ်ငန်းစမှဖြစ်မယ် ဒီအချိန်ဆိုတစ်ရွာလုံးလဲအိပ်ပျော်နေလောက်ပြီ သက်ခိုင်နဲ့တောက်ရက ကြွေပြားချပ်ကိုယူလာခဲ့ ”

“ဘာလုပ်ဖို့လဲဆရာ”

” နတ်ရေတွင်းကိုသွားရမယ်”

အောင်မြတ်သာက စကားအဆုံးမှာ ဘုရားကျောင်းဆောငိပေါ်တင်ထားတဲ့ အညိုရောင်လွယ်အိတ်ကိုလွယ်ကာအိမ်ပေါ်ကနေဆင်းလာခဲ့လိုက်တယ်။

မကြာခင်လပြည့်တော့မှာဖြစ်တဲ့အတွက် လရောင်က နတ်ရေတွင်းရွာလမ်းမပေါ်ကိုဖြာကျနေပြီး အရာဝတ္တုတွေကို အခြားအလင်းရောင်အကူညီမလိုပဲမြင်ရအောင် ‌ဖန်တီးပေးထားခဲ့တယ်။

လူခြေတိတ်ချိန် ငြိမ်သက်နေတဲ့ နတ်ရေတွင်းရွာရဲ့ လမ်းမထက်မှာတော့ လူသုံးယောက်က လှုပ်ရှားသွားလာနေကြတယ်။

” ဆရာ ကျွန်တော်ရေတွင်းထဲဆင်းရမှာလား”

ဘေးဘီဝဲယာကိုအကဲခတ်ရင်းမေးလိုက်တဲ့ တောက်ရစကားကြောင့် အောင်မြတ်သာ အနည်းငယ်ပြုံးလိုက်ပြီး

” လိုအပ်ရင်တော့ဆင်းရမှာပေါ့ ဘာဖြစ်လို့လဲ မင်းကကြောက်နေတာလား”

” ကြောက်စရာလားဆရာရယ် ဆင်းရမယ်ဆိုရင် လုံချည်ခါးတောင်းကျိုက်မလို့ပါဗျ”

” အခုတော့မလိုသေးဘူး လိုအပ်ရင်ပြောမယ် စကားပြောရင်းလျောက်လာတာ နတ်ရေတွင်းကိုရောက်တော့မယ် သက်ခိုင် မင်းက ရေတွင်း ပတ်လည်ကို သုံးကွက်အင်းတွေနဲ့ စည်းချလိုက် ပြီးတာနဲ့ ဗလကြီးထွက်လာအောင် အမိန့်ပြန်မယ်”

အောင်မြတ်သာစကားကြောင့် သက်ခိုင်က ရေတွင်းရဲ့ငါးပေအကွာပတ်ပတ်လည်ကို သုံးကွက်အင်းတွေနဲ့စည်းချလိုက်တယ်။ သက်ခိုင်စည်းချပြီးတာနဲ့ အောင်မြတ်သာက

” ငါအမိန့်ပြန်လို့ ဗလကြီးထွက်လာတာနဲ့ တောက်ရက အချုပ်အင်းနှစ်ထပ်နဲ့မိအောင်ဖမ်း မမိပဲလွတ်သွားရင် သက်ခိုင်က စည်းအပြင်ကနေ ထပ်ဖမ်းပါ”

‌ဆရာတပည့်တွေတိုင်ပင်ပြီးတာနဲ့ သက်ခိုင်ကစည်းအပြင်မှာနေခဲ့ပြီး တောက်ရနဲ့ အောင်မြတ်သာက နတ်ရေတွင်းထဲကိုဝင်သွားခဲ့ကြတယ်။ အောင်မြတ်သာက ရေတွင်းဘောင်ရဲ့ဘေးမှာ နေရာယူလိုက်ပြီး ရေတွင်းဘောင်ပတ်ပတ်လည် လေးဖက်လေးတန်မှာ လေးကွက်အင်း လေးရွက်ကိုကပ်လိုက်တယ်။

” ပွင့်တော်မူပြီးသော ဘုရားလေးဆူကိုဦးထိပ်ထားပြီး ရှေးအစဉ်အဆက် ထွက်ရပ်မြန်းခဲ့ကြတဲ့ဆရာတွေရဲ့အမိန့် ငါအောင်မြတ်သာ၏အမိန့် ပေါင်းစပ်ပြီး အမိန့်ပေးတယ် ဤရေတွင်းကိုစောင့်ကြပ်တဲ့ ပုဂ္ဂိုလ်မဆိုင်းမတွပဲ ငါ့ရှေ့အမြန်ရောက်စေ” လို့ပြောပြီး ရေတွင်းဘောင်ကိုလက်ဝါးနဲ့ရိုက်လိုက်တယ်ဆိုရင်ပဲ ဘောင်မှာကပ်ထားတဲ့လေးကွက်အင်းတွေထဲကနေ ရွှေရောင်အမျှင်တန်းတွေထွက်လာပြီး အခြားဘက်မှာရှိနေတဲ့ လေးကွက်အင်းတွေဆီချိတ်ဆက်သွားခဲ့တယ်။

အမိန့်ပေးပြီး မကြာခင်မှာ ရွှေရောင်အမျှင်တန်းတွေနဲ့ ရစ်ပတ်ထားတဲ့ ရေတွင်းထဲကနေ “တဟင်းဟင်း” ဆိုတဲ့ညဉ်းသံတွေကြားရပြီး ရေပြင်ကိုလက်ဝါးနဲ့ရိုက်သံတွေကိုပါကြားလိုက်ရတယ်။

” ဟိတ် မထွက်လာသေးဘူးလား တွင်းထဲကိုငရဲမီးနဲ့တိုက်မှထွက်လာမလား ”

အောင်မြတ်သာရဲ့ဩဇာပြည့်တဲ့အသံအဆုံးမှာ ရေတွင်းထဲကနေ ကုတ်ခြစ်ပြီးတက်လာတဲ့အသံကိုကြားလိုက်ရတယ်။ ခဏနေတော့ ရေတွင်းဘောင်ပေါ် မဲနက်နေတဲ့ အကောင်တစ်ကောင် ခွတက်လာတာမြင်လိုက်ရတယ်။

ရေတွင်းဘောင်ပေါ်တက်လာတဲ့ အကောင်က အောင်မြတ်သာကိုကျောပေးပြီး

” နင်တို့နဲ့ဘာဆိုင်လို့ ဒီနေရာကိုလာတာလဲ ဒီနေရာက ငါ့ပိုင်နက် ငါ့ကိုအပိုင်စားပေးထားတာ နင်တို့ပါရေကန်အောက်ထဲမရောက်ချင်ရင်အခုပြန်ပါ မပြန်လို့ကတော့ ဗလကြီးအကြောင်းသိရမယ်”

ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ ဗလကြီးဆိုတဲ့ပုဂ္ဂိုလ်ရဲ့အသံကြောင့် အောင်မြတ်သာရဲ့ ရယ်သံအချို့ မတိုးမကျယ်စွာထွက်လာခဲ့တယ်။

” ဗလကြီး တစ်ဖြစ်လဲ နေရဲသူရ သင့်ကိုဒီနေရာအပိုင်စားပေးထားတယ်ဆိုတာ မနေ့ကအထိဖြစ်ကောင်းဖြစ်လိမ့်မယ် သို့ပေမယ့် အခုတော့ဒီနေရာကိုသင်မပိုင်တော့ဘူး ”

နေရဲသူရဆိုတဲ့အသံကိုကြားတော့ ရေတွင်းဘောင်ပေါ်ထိုင်နေတဲ့ပုဂ္ဂိုလ်က ခေါင်းတစ်လုံးထဲအနောက်ဘက်တစ်ဖြေးဖြေးလှည့်လာပြီး

” ငါ့ဘွဲ့တော်နာမည်ဘယ်လိုသိလဲ နင်တို့ကရော ဘယ်သူလဲ”

“ငါ့နာမည်က အောင်မြတ်သာ လို့ခေါ်တယ် ငါ့အလုပ်က ခုနှစ်ရက်သားသမီးတွေကိုကယ်တင်ရတာ အထူးသဖြင့် သင်တို့လို ရက်စက်ကြမ်းကြုတ်တဲ့သူတွေကို နောက်ထပ်ပြစ်မှုတွေမကျူးလွန်ရအောင်ဆုံးမပေးရတဲ့သူပဲ”

” မဖြစ်နိုင်ဘူး ဒီနေရာမှာ ငါ့ကိုမင်းတရားကိုယ်တိုင်နှုတ်မိန့်နဲ့ခန့်အပ်ခဲ့တာ သင်တို့သည်သာ ငါ့ပိုင်နက်ထဲကျုးကျော်လာတဲ့သူတွေ”

” ဒါဖြင့်လဲ ဒီနေရာကသင်ပိုင်တယ်ဆိုရင် ကျုပ်တို့အပေါ်မှဲ့တစ်ပေါက်စွန်းအောင်အရင်ကြိုးစားကြည့်ပါ ”

အောင်မြတ်သာစကားကြောင့် ရေတွင်းဘောင်မှာထိုင်နေတဲ့ပုဂ္ဂိုလ်က အောင်မြတ်သာလည်ပင်းကိုညှစ်ဖို့ သူ့ရဲ့လက်တံကိုဆန့်ထုတ်လိုက်တယ်။ လက်တစ်ဆစ်လောက်ရှည်ကျနေတဲ့ လက်သည်းတွေက အောင်မြတ်သာ လည်ပင်နားရောက်ဖို့ လက်သုံးလောက်အလိုမှာတော့ လျှပ်စီးလက်သလိုအလင်းတန်းတစ်ခုက ‌အောင်မြတ်သာကိုယ်ထဲကနေထွက်လာပြီး ရှည်ထွက်လာတဲ့လက်ပေါ်ကိုကျသွားခဲ့တယ်။

အလင်တန်းနဲ့ထိတွေ့တဲ့အချိန်မှာတော့ ဗလကြီးဆိုတဲ့ပုဂ္ဂိုလ် အသည်းခိုက်အောင်နာကျင်တဲ့ဝေဒနာတစ်ခုကိုခံစားလိုက်ရပြီး ရေတွင်းဘောင်ရဲ့ဘေးကိုလွင့်ထွက်သွားတယ်။

ပူလောင်တဲ့ဝေ‌ဒနာနဲ့အတူ လက်တစ်ဖက်ပြတ်ထွက်လုနီးနီးဖြစ်သွားတာမြင်တော့ ဗလကြီးကြောက်လန့်သွားပြီး

” နင်တို့က လူတွေမဟုတ်လောက်ဘူး နတ်ဘီလူးတွေလူယောင်ဖန်ဆင်းလာတာဖြစ်မယ် “လို့ရေရွတ်ရင်း ရေတွင်းအပြင်ဘက်ကိုပြေးပါလေရော။

ဗလကြီးထွက်ပြေးလာတာမြင်တော့ အပြင်မှာစောင့်နေတဲ့ တောက်ရက အချုပ်အင်းနှစ်ကွက်နဲ့ ဆီးကာ ဖမ်းချုပ်လိုက်တယ်။ တောက်ရရဲ့ အင်းကွက်မိသွားတဲ့ဗလကြီးက ပိုက်ကွန်ထဲမှာ ရုန်းကန်ရင်းအော်ဟစ်နေတာမြင်တော့ အောင်မြတ်သာက

” ဗလကြီး သင်ရှုံးသွားပြီ ရုန်းဖို့မကြိုးစားပါနဲ့ သင်ရုန်းလေပိုက်ကွန်ကပိုကျပ်လေဖြစ်လိမ့်မယ် ”

” ငါပူတယ် ပိုက်ကွန်ကအပူရှိန်တွေကြောင့် ငါနေမနိုင်ဘူး ငါ့ကိုလွှတ်ပေး”

” သင့်ကိုလွှတ်ပေးရင် သင်ကျုပ်တို့သဘောတိုင်းနေမလား”

” ဘာသဘောလဲ အမြန်ပြော ငါမခံနိုင်တော့ဘူး”

” ဒီရွာကလူတွေပျောက်တာသင်လက်ချက်လား”

” ဟုတ်တယ် သူတို့ကငါ့ရေတွင်းမှာ အသားစိမ်းငါးစိမ်းတွေလာဆေးကြတယ် ငါ့ကိုကျတော့ ဦးမတင်ဘူး နောက်ပြီး ငါ့နေရာကိုညစ်ပတ်အောင်လုပ်တယ် အဲလိုလုပ်တဲ့သူတွေကို ငါဖမ်းပြီးသတ်တာငါ့အလွန်လား”

” လူတစ်ယောက်ကိုသတ်တယ်ဆိုတာ အရမ်းကြီးမားတဲ့အပြစ်ပဲ သင့်ကိုဒီရေတွင်းမှာစောင့်ကြပ်ခိုင်းတယ်ဆိုတာ လူသတ်ဖို့အတွက်မဟုတ်ဘူး ”

” အဲဒါငါဘာလုပ်ပေးရမလဲ ငါဘယ်လိုလုပ်မှလွတ်မလဲ ”

” သင်သတ်ထားတဲ့လူတွေရဲ့အလောင်းကိုပြန်ပေးပါ ပြီးရင်သင်နဲ့ထိုက်သင့်တဲ့ပြစ်ဒဏ်ကို သင်ခံရမယ်”

” ငါမခံနိုင်တော့ဘူး အရမ်းပူလောင်နေပြီ အလောင်းလိုချင်ရင် မနက်ကျရင် ကန်တော့ပွဲသုံးပွဲနဲ့လာတောင်း ရေတွင်းကိုအမွှေးနံ့သာတရော်ကင်မွန်းတွေနဲ့ ပက်ဖြန်းပေး အရင်တိုင်းပြန်ဖြစ်သွားလိမ့်မယ်”

” ကောင်းပြီး သင့်ကိုတော့ ဒီရေတွင်းကနေအပြီးတိုင်မောင်းထုတ်ရလိမ့်မယ် ဒီရေတွင်းကို စောင့်ကြပ်ဖို့အတွက်ရွာတော်ရှင်ကိုတာဝန်ပေးထားတယ် သင့်ကိုလွှတ်ပေးပြီးတာနဲ့ ရွာထဲကနေ ချက်ချင်းထွက်ပါ သင်သဘောတူလား”

” ဒီပိုက်ကွန်ထဲက လွှတ်ပေးရင် ဘာမဆိုလုပ်မယ်အခုလွှတ်ပေး ငါအရမ်းပူလောင်နေပြီ နင်တို့အစွမ်းထက်တာလဲငါလက်ခံပြီ ”

” တောက်ရ လွှတ်ပေးလိုက်တော့”

အောင်မြတ်သာစကားကြောင့် တောက်ရလဲ အချုပ်အင်းကိုပြန်ဖြေပေးလိုက်တယ်ဆိုရင်ပဲ ရွာအပြင်ဘက်ကိုတစ်ချိုးထဲပြေးသွားတဲ့ ဗလကြီးကိုတွေ့လိုက်ရတယ်။

” ဆရာ ဒီကောင်ကိုဘာလို့လွှတ်ပေးလိုက်တာလဲ နောက်ထပ်လူတွေကိုဒုက္ခပေးနေဦးမယ်”

တောက်ရရဲ့မချိတင်ကဲအသံကြောင့် အောင်မြတ်သာ ရွာအပြင်ဘက်ကိုကြည့်ပြီး

” ရွာပြင်ရောက်တာနဲ့ သူ့ကိုအပြစ်ပေးမယ့် သူတွေဖမ်းလိမ့်မယ်” လို့ပြောခဲ့တယ်။

နောက်တစ်နေ့မနက်မှာတော့ နတ်ရေတွင်းကိုကန်တော့ပွဲပေးပြီးတဲ့အချိန် ရေတွင်းထဲကနေ ရေတွေအလုံးအရင်းလိုက်ပြန်ထွက်လာခဲ့တယ်။ တွင်းရေပုံမှန်ပြန်ရတဲ့အချိန်မှာတော့ ရေထဲကနေ အလောင်းသုံးနေအထားနဲ့ပေါ်လာတာကိုထူးထူးဆန်းဆန်းမြင်တွေ့ခဲ့ရသေးတယ်။

အောင်မြတ်သာလဲ ရွာတော်ရှင်ကို နတ်ရေတွင်းကိုစောင့်ကြည့်ဖို့တာဝန်ပေးခဲ့ပြီး နတ်ရေတွင်းထဲကရတဲ့ အင်းစမကြွေပြားကိုပေးအပ်ခဲ့တယ်။ နတ်ရေတွင်းထဲကိုလဲ အမျိုးသမီးမဝင်ဖို့နဲ့ မသန့်ရှင်းတဲ့အရာတွေကို မလုပ်ဖို့ ရွာသားတွေကိုမှာကြားကာ ရွာထဲကနေပြန်ထွက်လာခဲ့တယ်။

အောင်မြတ်သာတို့ နတ်ရေတွင်းရွာကနေထွက်လာပြီးနောက်ပိုင်း မန္တလေးမဟာမြတ်မုနိဘုရားမှာအဓိဌာန်ကိုးရက်ဝင်ခဲ့ကြတယ်။ အဓိဌာန်ပြီးတဲ့နေ့မှာပဲ ယောဂီတဘက်ကိုခေါင်းပေါင်းထားတဲ့ လူတစ်ယောက်နဲ့အမှတ်မထင်ဆုံတွေ့ခဲ့တယ်။ ‌သူ့နာမည်က ဆရာသက်တဲ့။( ဆရာသက်ပညာအကျဘက်ရောက်တဲ့အချိန် မနှိမ်နင်းနိုင်ခဲ့တဲ့ တောင်သခင်မကို အောင်မြတ်သာဘယ်လိုနှိမ်နင်းခဲ့လဲဆိုတာကို အောင်မြတ်သာနှင့်တောင်သခင်မဝတ္တုမှာဖတ်ရှုနိုင်ပါသည်)

ထိုလူကြီးနဲ့အောင်မြတ်သာပေါင်းကာ ခက်ခဲကြမ်းတမ်းတဲ့ပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ရေစင်တစ်စက်ဆရာသက်ဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

အသစ်တွေတင်တိုင်းသိရအောင်pageလေးကိုlikeနှိပ်ပေးခဲ့ပါဦးနော်