မဏနခေါ်သံ

ဓနုံးရွာဘက်ကိုရောက်တော့ ရွာအပြင်မှာ လူစုလူဝေးတစ်ခုကိုမြင်လိုက်ရတော့ သက်ခိုင်ကရွာသားတစ်ယောက်အနားသွားပြီး
” ဒီကနောင်ကြီး ရွာမှာဘာဖြစ်နေလို့လဲ ”

သက်ခိုင်စကားကြောင့် ရွာသားတစ်ဦးက
” ကျုပ်တို့ရွာက လူ‌တစ်ချို့ပျောက်နေလို့ လိုက်ရှာနေကြတာ အခုထိမတွေ့သေးဘူး”

“ဘယ်နှစ်ယောက်တောင်ပျောက်နေလို့လဲ”

” စုစုပေါင်းလေးယောက်ဗျ မနေ့ညနေထဲက ထင်းသွားခုတ်တာ အခုထိပြန်မရောက်သေးလို့ ”

“အဲဒါဆို ဟိုဘက်တောထဲမှာ သွားရှာကြည့်ပါလား မနေ့ညနေက ကျုပ်တို့နဲ့ဆုံခဲ့သေးတယ်”

ရွာသားလဲ သက်ခိုင်ရဲ့စကားကိုကြားတော့

” ဟုတ်လား ဒါဆိုကျုပ်တို့သွားရှာလိုက်ဦးမယ် ခင်ဗျားတို့က ဘယ်သွားကြမလို့လဲ”

“ကျုပ်တို့က ခရီးသွားတွေပါ ခရီးသွားရင်း လမ်းကြုံခဏဝင်နားတာပါ”

“ဒါဖြင့် ကျုပ်တို့ရွာမှာ ခဏဝင်နားကြပါဦး အရီးနု ဒီကဧည့်သည်တွေကို နေရာတစ်ခုစီစဉ်ပေးလိုက်ပါဦး ကျုပ်ဟိုဘက်တောထဲမှာ လူပျောက်သွားရှာလိုက်ဦးမယ်”

အောင်မြတ်သာတို့လဲ ရွာထဲမှာခဏနားရင်း အခြေအနေကိုလေ့လာနေလိုက်တယ်။ တော်တော်လေးကြာတော့ ရွာသားတစ်ဦး ရေးကြီးသုတ်ပြာနဲ့ ပြေးလာတာကိုမြင်တော့ သက်ခိုင်က

” ဘာဖြစ်တာလဲ အလောတကြီးပြေးလာနေတာ”

” မနေ့က ပျောက်သွားတဲ့သူတွေ ပညာပြိုင်ကွင်းမှာ သေနေကြလို့ သူတို့အလောင်းတွေကို ပြန်သယ်လာနေကြပြီ”

ရွာသားတစ်ဦးရဲ့စကားကြောင့် အောင်မြတ်သာ သက်ခိုင်ကိုခေါင်းငြိမ့်ပြလိုက်တယ်။ အရိပ်အကဲကိုသိတဲ့ သက်ခိုင်က ရုတ်တရက်ထပြီး ရွာသားအနောက်ကိုလိုက်သွားလိုက်တယ်။ အချိန်အနည်းငယ်ကြာတော့ သက်ခိုင်ပြန်ရောက်လာပြီး

” ဒီရွာက ပညာသည်တွေအများစုနေကြတယ်ဆရာ အခုဖြစ်တဲ့ကိစ္စက အယူအဆတစ်ခုကို လက်မခံတဲ့အဖွဲ့နဲ့ လက်ခံတဲ့အဖွဲ့ကြား ပြိုင်ဆိုင်မှုဖြစ်ခဲ့တာ”

” အင်း ဒီညစောင့်ကြည့်ရမှာပဲ လက်မခံတဲ့အဖွဲ့က ပညာချင်းမယှဉ်နိုင်လို့ သေကြရတယ်ဆိုတော့ ထူးခြားမှုတစ်ခုတော့ဖြစ်လာလိမ့်မယ် တစ်ညလုံးမအိပ်ပဲစောင့်ကြည့်ရအောင်”

အောင်မြတ်သာစကားကြောင့် တောက်ရနဲ့သက်ခိုင် သက်ပြင်းတစ်ချက်ချပြီး

” လူတွေဘာမှမဖြစ်ပါစေနဲ့”ဆိုပြီးရွေရွတ်လိုက်မိတယ်။

ညဦးပိုင်းရောက်တော့ အအေးဓါတ်က ပိုလာခဲ့တဲ့အတွက် အိမ်ဘေးမှာ ထင်းမီးဖိုလေးဖိုပြီး မီးလှုံနေတဲ့အချိန် ဓါတ်မီးတစ်လက်နဲ့ ရွာသားတစ်ဦး အောင်မြတ်သာတို့ဆီရောက်လာခဲ့တယ်။

“ဧည့်သည်တွေအဆင်ပြေရဲ့လား”

“ပြေပါတယ်ဗျာ ကျုပ်တစ်ခုတော့မေးချင်တယ်”

“မေးပါဗျာ ကျုပ်သိရင်ဖြေပေးပါမယ်”

အခွင့်ရပီမို့ အောင်မြတ်သာက ရွာသားရဲ့ မျက်လုံးကိုသေချာစိုက်ကြည့်ပြီး

” ဒီရွာမှာ ဘာတွေဖြစ်ခဲ့တာလဲ အမှန်တိုင်းဖြေပါ”

အောင်မြတ်သာရဲ့ ဩဇာပါတဲ့အသံကြောင့် ရွာသားခဗျာ စိတ်ညို့ခံထားရတဲ့သူတစ်ယောက်လိုဖြစ်သွားပြီး

” ရွာအနောက်က ရေကန်မှာတစ်နှစ်ကို လူသုံးယောက် စတေးရတယ် အဲဒီအယူအဆက အရင်ခေတ်အဆက်ဆက်ထဲက ဒီရွာမှာကျင့်သုံးလာတာ စတေးရတဲ့သူက အပျို လူပျိုဖြစ်ရမယ် သူတို့ကိုမစတေးရင် တစ်ရွာလုံးကံဆိုးမိုးမှောင်ကျပြီး ကပ်ဘေးတွေဖြစ်လာရော”

ရွာသားရဲ့စကားကိုကြားတော့ အောင်မြတ်သာက
” စတေးရမယ့်နေ့မှာ ရေကန်ကအော်သံတွေကြားရတယ်မဟုတ်လား သူခေါ်တဲ့နာမည်တွေကိုစတေးရတယ်မဟုတ်လား”

“ဟုတ်တယ် အဲဒီရေကန်မှာ လူအသွေးအသားကိုစားတဲ့စုန်းမကြီးနေတယ် အဲဒီစုန်းမကြီးရဲ့တပည့်တွေထဲမှာ စတေးတဲ့အယူအဆကို လက်ခံသူနဲ့ လက်မခံသူဆိုပြီး ကွဲလာခဲ့တယ် ဒါပေမယ့် လက်မခံသူတွေက ညပညာပြိုင်ကွင်းမှာ သေသွားပြီ ဒါကြောင့် မနက်ဖြန် ထုံးစံအတိုင်း လူတစ်ယောက်ကိုစတေးရမယ်”

“ဘယ်အချိန်လုပ်မှာလဲ”

“မနက်ဖြန်ညနေ နေဝင်ခါနီးအချိန်လုပ်မှာ”

“အရင်ကရော လူတွေဘယ်လောက်တောင် သေခဲ့ပြီးပြီလဲ”

” အရင်က ကျုပ်တို့ရွာလေးက အေးချမ်းခဲ့တယ် ရွာကိုမစိမ်းမြလို့ခေါ်တဲ့ မိန်းမရောက်လာတဲ့အချိန်ကစပြီး ကံဆိုးတော့တာပဲ သူက အောက်လမ်းပညာလဲတတ်တယ် သရဲတစ္ဆေတွေလဲမွေးထားတယ် သူ့ကိုအာခံတဲ့သူဆိုရင် အသေဆိုးနဲ့သေရတယ် ဒါကြောင့်သူ့ကိုဘယ်သူမှ အာမခံရဲဘူး”

” အခုသူဘယ်မှာရှိလဲ”

“အခုသူကရွာမှာမရှိဘူး ဘယ်ထွက်သွားမှန်းလဲမသိရဘူး သူ့တပည့်တွေပဲရွာမှာကျန်ခဲ့တယ် သူတပည့်တွေက သူခိုင်းတာလုပ်ရတယ်ဆိုပြီး ထင်တိုင်းကျဲနေတော့တာ”

အောင်မြတ်သာတို့လဲ သိသင့်သလောက်သိရပြီမို့ ဆက်မမေးတော့ပဲ မီးဆက်လှုံနေလိုက်တယ်။ ရွာသားထွက်သွားတော့မှ

” ဒီလိုအယူအဆမှိုင်းတွေကြောင့် အပြစ်မဲ့သူတွေ ဘယ်လောက်သေခဲ့ကြပြီလဲ ဒီလိုမျိုးကိုတော့ ဘယ်တော့မှလက်မခံနိုင်ဘူး မနက်ဖြန်ညနေ ပြသနာအရင်းမြစ်ကိုမြေလှန်ရပါစေ ရှာကြမယ် ငါတို့ရှိနေသမျှ ဘယ်သူမှမသေစေရဘူး”

အောင်မြတ်သာရဲ့ကြိမ်းဝါးသံအဆုံးမှာ ဘေးနားမှာပေါက်နေတဲ့ သရက်ပင်တစ်ပင်လုံး ရမ်းခါသွားပြီး အပင်ပေါ်ကနေ ယောဂီဝတ်ထားတဲ့ အဖိုးအိုတစ်ဦးဆင်းလာခဲ့တယ်။

အောင်မြတ်သာက ယောဂီဝတ်ထားတဲ့အဖိုးအိုကိုမြင်တော့

” အဖိုးက ဒီအပင်မှာနေတာလား ”

“ဟုတ်တယ်ကွဲ့ အဖိုးနာမည်က ရွှေမှင်တို့ခေါ်တယ် ”

” ဒါဆိုခုနကရွာသားတစ်ယောက်ပြောခဲ့တာတွေကအမှန်ပဲလား”

” ဟုတ်တယ်ဆရာ အမှန်ပဲ အဖိုးက ဒီအပင်ကိုပဲအပိုင်စားရထားတော့ကျန်တဲ့အရာတွေဝင်စွက်ဖက်လို့မရဘူး အခုလိုအယူအဆမှားတွေကြောင့် သေတဲ့လူ ၁၂ယောက်ရှိနေပြီ”

” ဆရာလေးတို့ဝင်လာတဲ့အချိန် အဖိုးမြင်လိုက်ရတယ် အဲဒီလိုမြင်လိုက်တဲ့အချိန်မှာ ဆရာလေးရဲ့အစွမ်းကိုလဲသိလိုက်ရတယ်လေ ဒါကြောင့် အခုလိုဆင်းလာပြီး လာနှုတ်ဆက်တာပါ တစ်ခုတော့ အသိပေးချင်တာရှိတယ် မစိမ်းမြက သေသွားတာကြာပြီ သူ့အောက်လမ်းပညာတွေကြောင့် မကျွတ်မလွတ်ပဲ ရေကန်မှာသရဲဖြစ်နေတာ သူ့အရင်ဘဝကတပည့်တွေကိုအိမ်မက်မေးပြီး လူ့အသွေးအသားတွေကို စားသောက်နေတာ ဆရာလေးတို့ တစ်ခါထဲနှိမ်နင်းသွားပေးပါ သူ့တပည့်တွေကိုလဲဆုံးမပေးပါ သူအပေါင်းအပါတွေမရှိရင် ဒီရွာက အရမ်းအေးချမ်းသွားမှာ”

အောင်မြတ်သာလဲ အဖိုးအိုရဲ့စကားကိုကြား‌တော့
“စိတ်ချပါ ကျုပ်တို့ဒီကိုရောက်လာတာကလဲ အားလုံးကိုကူညီပေးဖို့ပါ မနက်ဖြန်အားလုံးကိုရှင်းပေးပါ့မယ်”

အောင်မြတ်သာရဲ့စကားကြောင့် အဖိုးအိုက သာဓုသုံးကြိမ်ခေါ်ပြီး သရက်ပင်ပေါ်ပြန်တက်သွားခဲ့တယ်။

ညသန်းခေါင်အချိန်ရောက်တော့

” လူသားစားချင်တယ် ဟင်းဟင်းဟင်း လူ့အသွေးတွေသောက်ချင်တယ်နော် ငါအရမ်းစားချင်နေပြီ ငါ့ကိုလာကျွေးကြတော့” ဆိုတဲ့အသံနက်ကြီးကို အောင်မြတ်သာကြားလိုက်ရတယ်။

အသံကြားလို့ ထထိုင်လိုက်တဲ့အချိန် သက်ခိုင်နဲ့ တောက်ရကပါ ထထိုင်လာပြီး

“ဆရာ ကျွန်တော်တို့လဲကြားတယ် အသံနက်ကြီးက ကြောက်စရာကြီး ”

“ဟုတ်တယ် ဒါကမရဏခေါ်သံပဲ မနက်ဖြန်တွေ့ကြပီပေါ့ကွာ”

တစ်ညလုံး အသံနက်ကြီးနဲ့အော်နေတဲ့အသံက မိုးလင်းခါနီးမှ ပျောက်သွားတယ်။ မနက်မိုးလင်းတော့ တစ်ရွာလုံး လှုပ်လှုပ်ရှားရှားဖြစ်နေကြပြီး ရွာအလယ်ဇရပ်မှာတော့ အမျိုးသမီးတစ်ဦး ပက်လက်အနေအထားနဲ့ အိပ်ပျော်နေတာကိုတွေ့ရတယ်။

“ဆရာ ဒီမိန်းကလေးက စတေးခံမယ့်သူထင်တယ် သူ့ပုံစံမူမမှန်ဘူး ဘယ်သူမဆို ကိုယ်သေရမှာကိုသိတဲ့အတွက် ထိန့်လန့်နေမှာပဲ အခုသူက အိပ်တောင်ပျော်နေသေးတယ်”

“မဟုတ်ဘူးသက်ခိုင် သူဆေးတစ်မျိုးမျိုးမိထားတယ်ထင်တယ် သူ့နားထင်ကိုကြည့်လိုက် အညိုရောင်သွေးကြောတွေမြင်ရလား အဲဒါက ဆေးမိတဲ့လက္ခဏာပဲ”

အောင်မြတ်သာတို့စကားပြောနေကြတဲ့အချိန်
“ဖယ်ကြ ဖယ်ကြ အမေကြီးရဲ့နန်းထိန်းတွေလာပြီ”ဆိုတဲ့အသံနဲ့အတူ တစ်ကိုယ်လုံးအဝတ်မဲကြီးတွေခြုံထားတဲ့လူလေးယောက် ရောက်လာကြတယ်။

ထိုလူလေးယောက်က အိပ်ပျော်နေတဲ့မိန်းကလေးရဲ့မျက်နှာကို ဘေးမှာချထားတဲ့ ခွက်ထဲကရေနဲ့ တောက်လိုက်တော့ အိပ်ပျော်နေတဲ့ မိန်းကလေးက ရုတ်တရက်မတ်တပ်ရပ်လာခဲ့တယ်။

” အမွှေးနံ့သာတွေပေးကြ လိုရာဆုကိုတောင်းကြ ကောင်မလေးမိဘတွေကို နစ်နာကြေးလယ်ငါးဧကပေးဖို့စီစဉ်ထားပြီးပြီ မိဘတွေကရော ကျေနပ်ကြရဲ့လား”

အသံဩဩနဲ့မေးလိုက်တဲ့စကားအဆုံးမှာ ကောင်မလေးမိဘတွေဖြစ်ဟန်တူတဲ့ မိန်းမကြီးက
“တူပါတယ် တူပါတယ် သခင်မကြီးအတွက် ပေးဆပ်ရတာနဲ့တင် ဝမ်းသာလှပါပြီ”

အဲဒီအသံကိုကြားတော့ အောင်မြတ်သာ အသားတွေတဆတ်ဆတ်တုန်လာပြီး

” ငါမတူဘူး “ဆိုတဲ့အသံနဲ့အတူ အောင်မြတ်သာ လူအုပ်ကြားထဲကိုထွက်လာခဲ့လိုက်တယ်။

ရုတ်တရက်‌မို့ အဝတ်မဲတွေဝတ်ထားတဲ့သူတွေက ကြောင်တောင်တောင်ဖြစ်နေပြီး နောက်မှသတိပြန်ဝင်လာကာ

“ဘယ်ကအမိုက်သားလဲ ဆွဲခေါ်သွားကြစမ်း “လို့အမိန့်ပေးလိုက်တော့ ဘေးမှာရှိနေတဲ့ သူတွေက အောင်မြတ်သာကိုဖမ်းချုပ်ရန်အနားကိုရောက်လာခဲ့တယ်။

“ကျုပ်ကိုဖမ်းမလို့လား သင်တို့ရဲ့တစ်လွဲအယူအဆတွေကိုဖော်ထုတ်မှာစိုးရိမ်နေကြတာလား ကြောင့်အပြစ်မရှိသူတွေဘယ်လောက်သေကြေခဲ့ပြီးပြီလဲ ဒါတောင်သင်တို့က နောင်တမရကြသေးပါလား အခုကျုပ်ရောက်လာပြီ အပြစ်မဲ့သူတွေဘယ်သူမှသေစရာမလိုတော့ဘူး သက်ခိုင် ရေတစ်ခွက်ပေး”

သက်ခိုင်လဲ ရေတစ်ခွက်ကိုအမြန်ခပ်ပြီး‌အောင်မြတ်သာဆီပေးလိုက်တဲ့အချိန် အောင်မြတ်သာက ရေခွက်ကိုကိုင်ပြီးမန်းလိုက်ကာ လူအုပ်ကြားထဲကို ဖြန်းချလိုက်တယ်။

လူအုပ်ကြားထဲရေမန်းကျသွားတဲ့အချိန် စတေးခံရမဲ့အမျိုးသမီးနဲ့ ပြုစားခံထားရတဲ့သူအားလုံး သတိပြန်ဝင်လာပြီး အဝတ်မဲဝတ်ထားတဲ့သူတွေကတော့ မြေကြီးပေါ်လူးလိမ့်ရင်း အော်ဟစ်နေကြတယ်။

အဝတ်မဲတွေဝတ်ထားတဲ့သူတွေရဲ့ကိုယ်ကနေ အခိုးငွေ့တွေထွက်လာပြီး အဝတ်တွေကိုဆွဲချွတ်လိုက်တော့ မီးလောင်ဖုလိုအပူဖုတွေထွက်လာခဲ့တယ်။

“သင်တို့အပြစ်အတွက် ခံစားကြပါ သင်တို့လုပ်ရပ်အတွက် ဒီအပြစ်ဒဏ်ကအများကြီးသက်သာတယ်ဆိုတာမှတ်ထားကြ သင်တို့ရဲ့ဆရာတစ်ဖြစ်လဲ သရဲမစိမ်းမြကိုလဲ အခုပဲ နှိမ်နင်းရမယ် သင်တို့ဟောဒီစည်းထဲကနေ အပြင်မထွက်‌စေရ ခြေတစ်လှမ်းထွက်မိရင် မီးလောင်ပြာကျစေ”လို့အမိန့်ပြန်ပြီး စည်းတားလိုက်တယ်။

စည်းတားပြီးတာနဲ့ ရွာသူရွာသားတွေကို ရေမန်းတွေတိုက်ပြီး ပြုစားခံထားရတဲ့သူတွေကို ကုသပေးခဲ့တယ်။ အားလုံးအတိုက်အခိုက်မရှိတော့ဘူးဆိုမှ အထက်ဆရာသခင်များကိုတိုင်တည်ပြီး

” အစိမ်းသရဲအဖြစ် ရွာသူရွာသားတွေကို ဒုက္ခပေးနေတဲ့ အနောက်ဘက်ကန်ထဲက ပုဂ္ဂိုလ် ကျုပ်အရှေ့ကို အမြန်ဆုံးလာရောက်စေ “လို့ပြောပြီးမြေကြီးပေါ်ကို လက်ဖဝါးနဲ့ရိုက်ချလိုက်တဲ့အချိန် လူအုပ်ထဲကမိန်းမတစ်ယောက် ယိုင်တိယိုင်တိုင်နဲ့ အောင်မြတ်သာ အရှေ့ကိုရောက်လာခဲ့ပြီး ကျောပေးထိုင်ချလိုက်တယ်။

“ဟဲ့ဆရာ ငါ့ကိုခေါ်တာဘာလုပ်ဖို့လဲ”

” သင့်နာမည်ဘယ်လိုခေါ်လဲ အမှန်တိုင်းပြောပါ လိမ်ညာပြောဆိုခဲ့ရင် သင်နာကျင်ရလိမ့်မယ်”

” ငါ့နာမည် အမေစိမ်းဟဲ့ ”

“အတွေကျုပ်မလိုချင်ဘူးသင့်နာမည်အမှန်ကိုပဲသိချင်တယ် လူ့အသက်တွေကို အလွယ်တကူ သေအောင်လုပ်ခဲ့တဲ့ မိစ္ဆာတစ်ယောက်ရဲ့နာမည်အရှေ့မှာ အမေဆိုတာထည့်စရာမလိုဘူး ကျုပ်ထပ်မေးမယ် သင်နာမည်ဘယ်သူလဲ”

အောင်မြတ်သာရဲ့ ခပ်ကြမ်းကြမ်းစကားတွေကြောင့် ကျောပေးပြီးထိုင်နေတဲ့မိန်းမက ရုတ်တရက်အရှေ့ကိုလှည့်လာပြီး အောင်မြတ်သာရဲ့မျက်နှာအနားကိုကပ်မလို့လုပ်တဲ့အချိန်
အနောက်ကို ဝုန်းခနဲလန်ကျသွားတယ်။

” သင့်ကျုပ်အနားကပ်လို့မရဘူး ကျုပ်မေးတာအရင်ဖြေပါ”

” အော် ပညာအစွမ်းကမသေးဘူးပဲ ငါကလဲ နာမည်တစ်လုံးနဲ့နေလာတဲ့ စိမ်းမြဟဲ့”လို့အော်ပြီး ထခုန်လိုက်ရာ လူတစ်ရပ်ကျော်မြင့်တက်သွားတယ်။

“ဟင်းဟင်း ငါနာမည်စိမ်းမြတဲ့နော် တစ်ရွာလုံးကိုတောင်သတ်ပစ်လို့ရတယ် ငါအခု လူအသွေးအသားတွေအရမ်းစားချင်နေတယ် နင်ငါ့ကို ကျွေးမှာလားမကျွေးဘူးလား”

ဝင်ပူးနေတဲ့မိန်းမကြီးရဲ့စကားကိုကြားတော့ အောင်မြတ်သာ သွားပေါ်ရုံရယ်လိုက်ပြီး

” ကျုပ်ရှိနေသရွေ့ လူတွေရဲ့အသားကိုတောင် သင်ထိလို့မရဘူး သင့်အပြစ်တွေကအရမ်းကြီးတော့ ကျုပ်ခွင့်လွှတ်နိုင်စရာအကြောင်းမရှိဘူး သင်အခုချိန်အညံ့ခံရင် နာကျင်မှုကိုမခံစားရပဲ ဖမ်းချုပ်ခြင်းကိုခံရမယ် အညံ့မခံရင်တော့ နာကျင်မှုဒဏ်ကိုလဲခံရမယ် ဖမ်းချုပ်တဲ့အခါမှာလဲ နာကျင်မှုကိုခံရလိမ့်မယ်”

” အဟီးအဟီးဟက်ဟက် ငါ့တပည့်တွေကို နင်လုပ်ထားတာငါငြိမ်ခံနေမယ်မထင်နဲ့ အယူအဆလေးနည်းနည်းလွဲသွားလို့ သေသွားရတာဆိုပေမယ့် ငါ့ပညာတွေငါ့မှာရှိနေသေးတယ် နင်စမ်းကြည့်လေ “ဆိုတဲ့စိန်ခေါ်တဲ့အသံကြောင့် အောင်မြတ်သာ ခေါင်းငြိမ့်လိုက်ပြီး

” ဓါးပိုင်က လည်မြိုကိုထောက်ထားစေ
ကြိုးပိုင်က လှုပ်မရအောင် လက်ကိုနောက်ပြန်တုပ်ထားစေ
လှံပိုင်က အနောက်ကိုလန်မကျအောင် ကျောကိုလှံနဲ့ထောက်ထားစေ
အင်းစောင့်ဘီလူးနှစ်ကောင်က ခေါင်းကိုတင်းပုတ်နဲ့ထုစေ မသေစေနဲ့
အင်းနဂါးသုံးကောင်ထဲက တစ်ကောင်က တစ်ကိုယ်လုံးကိုရစ်ပတ်ပြီး ငရဲမီးလိုအပူရှိန်နဲ့ မြိုက်စေ ကျန်နှစ်ကောင်က ဝမ်းဗိုက်အတွင်းဝင်ပြီး အူသိမ်အူမအတွင်းကလီစာတွေကို ပြောင်းပြန်လှန်စေ ကျုပ်အမိန့်မပေးမချင်းသင်တို့မရပ်စေရ” လို့အမိန့်ပေးလိုက်တာနဲ့ ဝင်ပူးနေတဲ့မိန်းမကိုယ်တစ်ခုလုံးတွန့်လိမ်သွားပြီး ပါးစပ်ကနေ ကြောက်မက်ဖွယ်အော်သံတွေထွက်လာခဲ့တယ်။

” အား သေပါပြီ ခေါင်းကနေလဲ သွေးတွေထွက်နေပြီ ငါသေတော့မယ် နင်ငါ့ကိုထပ်မနှိပ်စက်နဲ့တော့ အား အမလေး နာလှချည်ရဲ့”

” အခုမှ နာကျင်မှုကိုသိပြီလား နောက်ထပ်ခံစားကြည့်ဦး ဆိုင်ရာပိုင်‌ရာ‌တွေ ဒီထက်ပြင်းပြင်းလေး လုပ်ကြ”

” တကယ်သေတော့မယ် ကြောက်ပါပြီ မလုပ်ရဲတော့ပါဘူး ငါသေတော့မယ် ကတိပေးတယ် မလုပ်တော့ပါဘူး အမလေး ငါထွက်သွားတော့မယ် ငါကိုလွှတ်ပေးပါတော့”

နာကျင်စွာအော်ဟစ်နေပြီး တောင်းပန်နေတာကြောင့် ဆိုင်ရာပိုင်ရာတွေကို ခဏရပ်ခိုင်းလိုက်ပြီး

” သင့်အပြစ်ကို သက်ဆိုင်ရာပုဂ္ဂိုလ်တွေက ထပ်ပေးလိမ့်မယ် အခုအချိန်ကစပြီး ဒီရွာထဲကနေ ထွက်သွားပါ သင့်တပည့်တွေကိုရဲ့ပညာကိုလဲ ကျုပ်နှုတ်ယူလိုက်ပြီ ရွာသူရွာသားတွေလဲ သင့်ပယောဂကနေ လွတ်သွားပြီဖြစ်တဲ့အတွက် နောက်ထပ်သင်လုပ်မရတော့ဘူး ဒါကြောင့်အခုချိန်ကစပြီး ရွာအရိပ်ကိုတောင်မနင်းစေနဲ့ ”

” ငါ့ကိုလာခေါ်နေပြီ ကြောက်စရာမျက်နှာတွေနဲ့ ငါ့ကိုလာခေါ်နေပြီ “ဆိုတဲ့အသံနဲ့အတူ ဝင်ပူးနေတဲ့မိန်းမအရုပ်ကြိုးပြတ်လဲကျသွားတယ်။

အောင်မြတ်သာလဲ လဲကျသွားတဲ့မိန်းမကို ရေမန်းတိုက်ပြီး စည်းဝိုင်းထဲမှာ ပိတ်ထားတဲ့သူတွေကို သစ္စာဆိုခိုင်းကာပညာတွေကိုသိမ်းပစ်ခဲ့တယ်။ အဲဒီနေ့မှာပဲ ရွာအနောက်ကရေကန်ကိုတူးပြီး ကန်ထဲကရလာတဲ့အရိုးစုတွေကို ကောင်းမွန်စွာသဂြိုလ်ပေးခဲ့လိုက်တယ်။

နောက်တစ်နေ့မနက်ရောက်တော့ ရွာထဲကနေ ပြန်ထွက်လာခဲ့တော့ ရွာထိပ်မှာ အဖိုးရွှေမှင်က စောင့်နေတာကိုတွေ့လိုက်ရတယ်။

အောင်မြတ်သာက အဖိုးရွှေမှင်ကိုမြင်တော့
“အဖိုး ကျုပ်ကိုစောင့်နေတာလား”

“ဟုတ်တယ်ဆရာလေး ရွာထဲက ဒုက္ခတွေကိုကူညီပေးခဲ့တဲ့အတွက် တကယ်ကိုကျေးဇူးတင်မိပါတယ် ဆရာလေးရဲ့အစွမ်းကို အဖိုးရဲ့ညီဖြစ်သူ ငွေမှင်ကိုပြောပြဖြစ်တယ် သူက ဟိုဘက်တစ်ရွာကျော်က ညောင်ပင်မှာနေတယ်”

“အော် အဖိုးတို့က ညီအကိုနှစ်ယောက်ရှိတာလား”

” ဟုတ်တယ် ဆရာလေး သူ့ကိုပြောပြတော့ သူ့အရပ်ဒေသမှာ အကူညီတစ်ခုလိုနေတယ်ပြောတယ် ”

“ဘယ်လိုများလဲအဖိုး”

” သူ့ရွာမှာ ကံကြီးအောင်ဆိုတဲ့ ရွာသားတစ်ယောက်ရှိတယ် သူရဲ့လျာမှာ မွေးရာပါ အမဲစက်သုံးစက်ပါတယ် သူ့ရဲ့အစွမ်းက မြွေတွေကိုနိုင်တာပဲ ဘယ်မြွေဖြစ်ဖြစ် သူ့ကိုအန္တရာယ်မပေးနိုင်ဘူး သူ့ရဲ့အစွမ်းကြောင့် ရွာထဲမှာရှိတဲ့ မြွေတွေလဲ အကုန်အဖမ်းခံရပြီးရောင်းစားခံထိနေတယ် အဖိူရဲ့ညီနေတဲ့ ညောင်ပင်အောက်မှာ မြွေသိုက်တစ်ခုရှိတယ် အဲဒီကမြွေတွေလဲဖမ်းခံနေရတယ် ဒါကြောင့်ဆရာလေးအနေနဲ့ ကူညီပေးပါလို့ တောင်းဆိုပါတယ်”

“အိမ်း အခြေအနေကိုကြည့်ပြီး ကူညီနိုင်ရင်ကူညီပေးပါ့မယ် ကျုပ်တို့ကိုသွားခွင့်ပြုဦး”လို့ပြောပြီး ထွက်လာခဲ့လိုက်တယ်။

ကံကြီးအောင်ဆိုတဲ့သူက ဘာကြောင့်မြွေ‌တွေကိုနိုင်တာလဲ။
အောင်မြတ်သာတို့ကရော ကူညီလို့ရမလားဆိုတာကိုတော့ အောင်မြတ်သာနှင့် လျာစက်အာစက်ဆိုတဲ့ဝတ္တုလေးမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)