အို…လောက၊ အသင့်ရဲ့ အကြောင်းကို ငါအခုတင်ပဲ ဦးဆုံးအဖြစ် မြည်းစမ်းကြည့်ရပြီ…’
ဖာတစ်လုံးခေါင်းကျားအဖြစ် သရုပ်ပြတဲ့ ရုပ်သေးရုပ်ကလေးရဲ့ ကြွေးကြော်မှုက မာန်ကောဟန်ကော ပြည့်စုံလွန်းတယ်။ ကလေးတွေဆီက လက်ခုပ်သံတွေ တဖျောဖျော ထွက်ပေါ်လာခဲ့ပါရဲ့။
လက်ခုပ်သံကြောင့် ထင်ပါတယ်။ ရုပ်သေးတွေရဲ့ ကပြမှုက ပိုပြီး မြိုင်ဆိုင်လာတယ်။ သားအဖနှစ်ယောက်က ရုပ်သေးရုပ်တို့ကို ကြိုးဆွဲရင်း အသံနဲ့ အငိုအပြောတွေ ပီပြင်လာတယ်။
ပွဲက တဖြေးဖြေးနဲ့ လမိုင်းကပ်လာတယ်။ ကပြသူနဲ့ ပွဲကြည့်သူ အစပ်အဟပ်က မိလာပြီး လက်ခုပ်သံတွေက တသောသာပါပဲ။
နောက်တော့ ကလေးတွေတင်မက လူကြီးတွေပါ သူတို့ပြဇာတ်ကလေးဆီကို ရောက်ရှိလာကြပြီး စည်စည်ကားကား အားပေးလာတယ်။
ပြဇာတ်ကို ပထမတစ်ဖြတ် နှစ်နာရီလောက်ကြာအောင် ကပြတယ်။
ပြီးတော့ ပြဇာတ်ကို မနက်ဖြန်ည ဆက်လက်ကပြမယ့်အကြောင်းပြောပြကာ ဒီတစ်ညအတွက်ကို ရုပ်သေးပြဇာတ်ပြီးဆုံးပြီဖြစ်ကြောင်း ကြေညာလေပြီး အခင်းအကျင်းတွေသိမ်းဆည်းလို့ ရုပ်သေးပြဇာတ်ကပြသူ တစ်ညတာ ရပ်နားလိုက်ပါတော့တယ်။
နောက်တစ်နေ့ မနက်မှာတော့ သစ်ထောက်ရွာတင်မကဘူး။ အခြားရွာတွေအထိပါ ဒီရုပ်သေးပြဇာတ်အကြောင်းက လူပြောသူပြောများသွားရတယ်။
ကလေးတွေပါးစပ်ဖျားဆီမှာလည်း ဖာတစ်လုံးခေါင်းကျားရဲ့ ‘ အို…လောက…အသင်လောက’ ဆိုတဲ့ စကားသံက သောသောညံစီလို့ပဲ။
ဒီအချင်းအရာတွေကြောင့်ပဲ အခုတစ်ညမှာတော့ ရုပ်သေးပြဇာတ်ကလေးကို ကြည့်မယ်လို့ တွေးထားသူတွေ များလာတယ်။
ညဘက်ရောက်တော့ ရုပ်သေးပြဇာတ်ကလေး ကပြတဲ့ ကျောင်းထောင့်နေရာလေးဆီမှာ လူသူတွေ ကြိတ်ကြိတ်ထိုးထိုး တိုးလို့မပေါက်အောင် ရှိနေရတယ်။
အချိန်ကျတော့ ရုပ်သေးပညာရှင် မိသားစုလေးက မနေ့ညတုန်းက ဖာတစ်လုံးခေါင်းကျားပြဇာတ်ရဲ့ အဆက်ကိုပဲ ဆက်လက်ကပြတယ်။
ရုပ်သေးတို့ရဲ့ ဟန်ပန်၊ အဖေဖြစ်သူနဲ့ သမီးဖြစ်သူ၊ တစ်ချက်တစ်ချက် ကန့်လန့်ကာ နောက်ကွယ်က မိခင်ဖြစ်သူရဲ့ ဇာတ်သံအပြောအပြုတို့က ကြည့်နေသူတို့ရဲ့ စိတ်အာရုံကို ရုပ်သေးအနုပညာမှော်နဲ့ တိမ်းညွှတ်ဖမ်းစားထားတယ်။
ဒီညမှာလည်း သူတို့ကပြတဲ့ ဖာတစ်လုံးခေါင်းကျားဇာတ်က အပြီးမသတ်ဘူး။ နောက်တစ်ညကို ဆက်မယ့်အကြောင်းပြောပြီး ဇာတ်ပွဲကလေးကို သိမ်းလေတယ်။
******
မနက်မိုးလင်းချိန် လယ်ခင်းထဲဆီမှာ ဖိုးတုတ်တို့ ညီအကိုဝမ်းကွဲသုံးယောက် ပဲခင်းနှုတ်နေကြတယ်။
‘ ညက ရုပ်သေးပြဇာတ်ကြည့်ရတာ တကယ်ကောင်းတယ်ကွာ…’
ဖိုးတုတ်က စတင်လာတဲ့စကား။
ဒီစကားကို နံဘေးက စန်းကိုက ကြားတော့…။
‘ အေး…ဟုတ်တယ်ကွ။ သူတို့ ကပြတာလေးက လူနည်းစုလေးနဲ့ ကျစ်ကျစ်လစ်လစ်ဖြစ်နေတာ တကယ်ကြည့်ကောင်းတယ်…’
‘ လူနည်းစုဆိုလို့ သားမိသားဖသုံးယောက်ထဲ ကပြတာမှတ်လား…’
ခပ်လှမ်းလှမ်းက ညွန့်ဝေက လှမ်းမေးတယ်။
‘ ဟုတ်တယ်လေ။ သူတို့မိသားစု သုံးယောက်ထဲကပြကြတာ…’
‘ ဒါနဲ့ သူတို့က ဘယ်မှာ တည်းကြတာလဲ။ နေ့ခင်းဘက်တွေမှာ သူတို့ကို မမြင်မိသလိုပဲ…’
‘ အဲ့ဒါတော့ မသိတတ်ဘူးကွ။ ပွဲခင်းစပြီးမှ သူတို့ရောက်လာတတ်တာ ထင်တယ်…’
‘ ဟုတ်လား…ဘာပဲဖြစ်ဖြစ်ကွာ သူတို့ သမီးပျိုလေးတော့ မဆိုးဘူးကွ။ တော်တော့်ကို ချစ်ဖို့အကောင်းသား…’
‘ ဟာ ဟာ…ဖိုးတုတ်ရေ၊ ဒါတော့ မင်းနဲ့ငါနဲ့ အမြင်တူသွားပြီဟ…’
‘ အေးဆို ငါဆို ညတုန်းက ရုပ်သေးတစ်လှည့် ဒီကလေးမကိုတစ်လှည့် ကြည့်နေမိတာ။ တကယ့်ကို မျက်စိပသာဒ ရှိလွန်းတယ်ကွာ…’
ဖိုးတုတ်နဲ့ စန်းကိုတို့ မစားရဝခမန်း ပြောနေကြတယ်။
‘ ဟီး…ငါလည်း ဒီကလေးမကိုပဲ ကြည့်နေမိတာ။ ဒါပေမယ့်ကွာ သမီးလေးက ပြုံးရွှင်ဖော်ရွေသလောက် သူ့အဖေ အမေတွေရဲ့ ပုံစံတွေကကျ မျက်နှာသေကြီးတွေနဲ့၊ ကြည့်ရုံနဲ့တောင် ကျောချမ်းစရာကောင်းတယ်…’
ညွန့်ဝေကလည်း ဝင်ပြောလာတယ်။
‘ ဒါကတော့ကွာ သမီးရှင်တို့ ထုံးစံပဲလေ။ ဒီလောက်တော့ ရှိမှာပေါ့…’
သူငယ်ချင်းသုံးယောက် စိတ်တူကိုယ်တူ ဖြစ်နေကြတာမို့ သုံးယောက်သား ရယ်မောမိကြလေတယ်။
‘ ဒီတစ်ညတော့ ငါ ရုပ်သေးပွဲထက် အဲ့ဒီ့ကလေးမကိုပဲ ကြည့်နေတော့မယ်လို့ ဆုံးဖြတ်ထားတယ်…’
‘ ဟာ…မင်းတစ်ယောက်ထဲ ဘယ်ရမလဲကွ။ ငါတို့လည်း လိုက်မှာပေါ့…’
‘ အေး…လိုက်လေ။ မင်းတို့ကို ဘယ်သူက တားလို့လဲ…’
‘ အေး…လိုက်တာပေါ့ကွာ…’
သူငယ်ချင်းသုံးယောက် ပြောဆိုပြီး တက်ညီလက်ညီပဲ ပဲပင်တွေကို ဆက်နှုတ်ကြတယ်။
ညရောက်တော့ ပွဲခင်းမစခင်ကတည်းက သုံးယောက်သား ရေမိုးချိုးပြီး အဝတ်အစားလဲ ဖီးလိမ်းပြင်ဆင်ပြီးကြပြီ။
ပွဲခင်းထဲဆီကို သူတို့ထွက်လာကြတယ်။
ပွဲခင်းထဲမဝင်ခင် ရုပ်သေးပြဇာတ် ကပြရာဖြစ်တဲ့ နေရာကို အရင်သွားကြည့်လိုက်တယ်။ ရုပ်သေးပွဲက အခင်းအကျင်းက မစ’သေးဘူး။
ဒါနဲ့ သုံးယောက်သား ပွဲခင်းဘက်ထဲဝင်ပြီး အကြော်စားကြတယ်။ စားရင်းသောက်ရင်း ကာလသားတို့ ထုံးစံအရ ကာလသမီးပျိုတွေကို ငေးမောကြတယ်။
အနည်းငယ် မှောင်လာချိန်ကျတော့ ရုပ်သေးပြဇာတ်ကပြရာနေရာကို သွားကြည့်ကြတယ်။ ပွဲက မစသေးပြန်ဘူး။
ပွဲအခင်းအကျင်းတော့ ပြင်ဆင်ပြီးပြီဖြစ်ပြီ။
ပွဲမစသေးတာမို့ အရှေ့မှာ စောင့်နေကြတဲ့ လူပရိတ်သတ်တွေ နည်းနည်းပဲ ရှိနေတယ်။ ဖိုးတုတ်တို့လည်း အရှေ့ဘက်နားမှာ နေရာဝင်ယူလိုက်ကြတယ်။
ခဏကြာတော့မှ…။
‘ အရှေ့ဆီကရယ်…အရောင်ဝါထိန်ညီး ရှင်နေမင်းရယ် ခရီးဆန့်တော့ လောကရယ် သာယာ…ကဝေမှောင် ခန္ဓာဥိးကို ရှာဥိးပေစွ….’
ရုပ်သေးပြဇာတ်ဆီက ကြေးနောင်သံကလေးနဲ့အတူ သီချင်းသံက ထွက်လာတယ်။
ဒီအသံကို ကြားတော့ စောင့်နေကြတဲ့ ဧည့်ပရိတ်သတ်တွေက လက်ခုပ်သြဘာတစ်ဖြောင်းဖြောင်း တီးခတ်ကြလေတယ်။
ခဏကြာချိန်မှာတော့ ရုပ်သေးရုပ်တို့ ပွဲထွက်လာခဲ့ပြီ။
နန်းတွင်းပြကွက်။ ဝန်မင်းတွေပါ ပါဝင်ပြီး ဇာတ်ရုပ်က ငါးရုပ်လောက် ကန့်လန့်ကာ အရှေ့မှာ ရှိနေတယ်။
ကြိုးဆွဲသူက သားမိသားဖ သုံးယောက်စလုံးပဲ။
‘ ဟေ့…ဖိုးတုတ်…’
ညွန့်ဝေက စကားဆိုလာတယ်။
‘ ဟေ…’
‘ မင်းသတိထားကြည့်စမ်း…’
‘ အေး…ဘာကိုတုန်းဟ…’
‘ ရုပ်သေးကြိုးဆွဲနေတာက သားမိသားဖသုံးယောက်စလုံးပဲ။ ကြေးနောင်အသံကလည်း မပြတ်ဘူး။ သူတို့မှာ သုံးယောက်ထဲရှိတာ။ အဲ့ဒီ့ ကြေးနောင်ကို ဘယ်သူက တီးနေတာလဲ…’
‘ ဟင်…’
ညွန့်ဝေအပြောကြောင့် ဖိုးတုတ်နဲ့ စန်းကိုတို့ သတိထားကြည့်ကြတယ်။
‘ ဟူတ်တော့ဟုတ်တယ်ဟ။ ဒါပေမယ့် တစ်ယောက်ယောက် တီးကူနေတာကော မဖြစ်နိုင်ဘူးလား…’
‘ အဲ့ဒီ့လိုတော့ မပြောတတ်ဘူး။ လာကွာ…ငါသိချင်လှပြီ။ သွားကြည့်ကြရအောင်…’
ညွန့်ဝေက ထရပ်တယ်။ ပြီးတော့ လူအုပ်ထဲကနေ ထွက်လေတယ်။ ညွန့်ဝေသွားတော့ စန်းကိုတို့လည်း လိုက်ကြရတာပေါ့။
ညွန့်ဝေတို့သုံးယောက် လူအုပ်ကြားကနေ ထွက်ကြပြီးတော့ ရုပ်သေးပြဇာတ်ရဲ့ အနောက်ဘက်ကို သွားပြီး ကျောင်းစည်းရိုးအပေါ်ကနေ ကျော်ကြည့်လိုက်ကြတယ်။
‘ ဟာ…’
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ညွန့်ဝေတို့သုံးယောက် မျက်လုံးတွေ ပြူးကုန်ကြရတယ်။
သားမိသားဖသုံးယောက် အရှေ့မှာ ကပြနေချိန် အတွင်းကန့်လန့်ကာထဲဆီမှာ ကြေးနောင်ကို တီးခတ်နေတာက လက်ကောက်ဝတ်ကနေ ပြတ်တောက်နေတဲ့ လက်ပြတ်ကြီးတစ်စုံ။
ဒီလက်ပြတ်ကြီးရဲ့ တီးခတ်မှုဆီမှာ ကြေးနောင်သံက တလွင်လွင် မြိုင်နေတယ်။
ဒီအခိုက်မှာပဲ ကြိုးဆွဲကပြနေတဲ့ သားမိသားဖသုံးယောက်ထဲက သမီးဖြစ်သူက ခန္ဓာကိုယ်မပါဘဲ ခေါင်းကြီးအနောက်ပြန်လို့ မျက်နှာသေကြီးနဲ့ ကြည့်လာခဲ့ပါတယ်။
‘ ဒါ…ဒါ…သ…ရဲ…’
သုံးယောက်သား အံ့အားသင့်နေကြရာက စတင်ထွက်ပေါ်လာတဲ့ ဖိုးတုတ်ရဲ့ အသံ။ ပြီးတော့ ဖိုးတုတ်တစ်ယောက် ဝရုန်းသုန်းကား ထွက်ပြေးပြီ။
ဖိုးတုတ်ပြေးပြီးတော့ ညွန့်ဝေ၊ ပြီးတော့ စန်းကို၊ သုံးယောက်သား သွေးပျက်မတတ်ဟစ်အော်ရင်း ထွက်ပြေးကုန်ကြပါပြီ။
******
ပွဲခင်းထဲကို ဖိုးတုတ်တို့သုံးယောက် ဟစ်အော်ပြီး ဝင်ပြေးလာတော့ ပွဲခင်းလန့်သွားတယ်။
သွားနေလာနေကြတဲ့သူတွေ ဘာဖြစ်မှန်းမသိ၊ ရုတ်ရုတ်သည်းသည်း ဖြစ်ကုန်ကြပြီ။ ပွဲခင်းကို အမြန်ဆုံး ပြန်ထိန်းကြရတယ်။
ပွဲခင်းငြိမ်တော့ အဖြစ်အပျက်ရဲ့ အရင်းခံကို ရှာဖွေချိန် ဖိုးတုတ်တို့ သုံးယောက်ကြောင့်ဆိုတာ သိကြရတယ်။
ဖိုးတုတ်တို့က အဖြစ်အပျက်ကို ပြောပြချိန်မှာတော့ ပွဲခင်းက တာဝန်ရှိသူတွေက ဖိုးတုတ်တို့ကိုပါ ခေါ်ပြီး ရုပ်သေးပြဇာတ်ဆီကို သွားကြည့်ကြတယ်။
ဟိုရောက်တော့ သားအဖသုံးယောက်က ပစ္စည်းတွေ သိမ်းဆည်းနေကြတာရယ်။
‘ ဒီကနောင်ကြီးတို့…’
ရွာက လူကြီးသူမတစ်ယောက်ဖြစ်တဲ့ ဥိးစိန်ပေါက်က စကားစလိုက်တယ်။
ဒီအခါ ရုပ်သေးဆွဲသူ မိသားစုသုံးယောက်အနက် မိန်းမငယ်က မျက်စိမျက်နှာပျက်သွားခဲ့တယ်။ ဒါပေမယ့်လည်း ဟန်မပျက်ပါဘဲ ပြန်နေလိုက်ပြီး လူကြီးက…။
‘ ဟုတ်ကဲ့…ပြောပါ’
‘ ကျုပ်က ဒီက ပွဲခင်းတာဝန်ခံပါ။ ရပ်မိရပ်ဖလည်းဖြစ်တယ်ပေါ့။ အဲ့ဒါ အခုနက ဒီကလေးသုံးယောက်က ခင်ဗျားတို့ဆီမှာ မကောင်းဆိုးရွားမြင်ခဲ့တယ်လို့ ဆိုတယ်။ အဲ့ဒါ ခင်ဗျားတို့များ မဖွယ်မရာတစ်စုံတစ်ခု ပြုထားကြလားလို့ပါ…’
မိသားစုသုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်။
‘ မရှိပါဘူး။ ဒီကလေးတွေ မျက်မြင်မှားတာ ဖြစ်မှားပါ…’
လူကြီးက မျက်နှာတည်ကြီးနဲ့ ပြောလာတယ်။
‘ ဟေ့ကောင်တွေ၊ မင်းတို့အမြင်မှားတာ ဖြစ်မယ်…’
‘ ဟာ ဘကြီးရာ။ ကျုပ်တို့ သုံးယောက်စလုံးမြင်တာ အမြင်မှားစရာလား…’
‘ ဟုတ်တယ် အသေအချာ မြင်ရတာပါ…’
ဦးစိန်ပေါက်က ဖိုးတုတ်တို့ကို မယုံသင်္ကာဖြစ်တယ်။ တစ်ဖက်က မိသားစုကို အားနာသွားတဲ့ဟန်လည်း ဖြစ်သွားတယ်။
‘ ကျုပ်တို့ ကလေးတွေ ထင်မြင်ရာ ပြောတာဖြစ်မှာပါ။ နောင်ကြီးတို့ စိတ်အနှောက်အယှက်ဖြစ်သွားရရင် ကျုပ်က တောင်းပန်ပါတယ်နော့်…’
‘ ရပါတယ်။ ဘာမှမဖြစ်ပါဘူး…’
တစ်ဖက်က မိသားစုက ပစ္စည်းတွေ သိမ်းဆည်းပြီး ထွက်သွားခဲ့ကြတယ်။
ဖိုးတုတ်တို့သုံးယောက်ကိုတော့ ဦးစိန်ပေါက်က နေရာမှာတင် ဆူတာပေါ့။
အဆူခံနေရင်းနဲ့ ဖိုးတုတ်တို့ မြင်မိတာ တစ်ခုရှိတယ်။ အဲ့ဒါကတော့ မသွားခင် ကြည့်သွားတဲ့ မိန်းမငယ်ဆီက အကြည့်စူးစူးပါပဲ။
*******
မနေ့ညတုန်းက အဖြစ်အပျက်ကြောင့် ဖိုးတုတိတို့ သုံးယောက် ပွဲခင်းဘက်ကို လာခွင့် ပိတ်ပင်ခံရတယ်။
ဒီလိုမပိတ်ခံရရင်လည်း သူတို့သုံးယောက်အနေနဲ့ ပွဲခင်းဆီကို မသွားရဲတော့ဘူး။ အထူးသဖြင့် ရုတ်သေးပြဇာတ်ဆီကိုပေါ့။
ဒါကြောင့် အခုညမှာ သူတို့သုံးယောက် စန်းကိုရဲ့ အိမ်ဆီမှာ အတူတူရှိနေကြတယ်။ အတူအိပ်စက်ကြဖို့ကိုလည်း လုပ်ဆောင်ထားကြတယ်။
ရွာထဲက လူအတော်များများကတော့ ပွဲခင်းဆီကို သွားကုန်ကြတာမို့ ရွာထဲမှာ လူသူရယ်လို့ နည်းနည်းပဲ ကျန်ရစ်တယ်။
ပွဲခင်းဆီက ဆိုင်းသံဗုံသံနဲ့ အသံဗလံတွေကို သူတို့သုံးယောက် ကြားနေရတယ်။
‘ ဆိုင်းသံတွေကြားတော့ ပွဲခင်းကို သွားချင်လာသလိုလိုပဲကွာ…’
ညွန့်ဝေရဲ့ စကား။ ဖိုးတုတ်က…
‘ အို…မင်းပဲသွားစမ်းပါကွာ။ ငါတော့ မသွားရဲဘူး…’
‘ ဟုတ်တယ်။ ညတုန်းကလည်း အဆူခံရတဲ့အပြင် အိပ်မက်ထဲမှာ လက်ပြတ်ကြီးနဲ့ ဟိုကောင်မလေးက လိုက်လို့ ပြေးရသေးတယ်…’
စန်းကိုက ဝင်ပြောတယ်။ ဒီအခါ ညွန်ဝေနဲ့ ဖိုးတုတ်က ထရယ်ကြပါရောလား။ စန်းကိုက ဒီအဖြစ်ကို မခံချင်ဘူး။
‘ မင်းတို့ကော မမက်ဘူးလား…’
‘ ဟေ့အေး…ညတုန်းက အဆူခံရပြီး အိပ်ပျော်သွားခဲ့တာပဲ…’
‘ ကောင်းလိုက်တာကွာ…’
သုံးယောက်သား တစ်ယောက်တစ်ပေါက် စကားဆိုရင်း ငြင်းခုန်နေကြတယ်။
အချိန်က ညဉ့်နက်ပိုင်းရောက်လာတော့ ပွဲခင်းထဲက အသံဗလံတွေကလွဲပြီး ရွာထဲဆီမှာ တိတ်ဆိတ်လာခဲ့တယ်။
‘ ညက အိပ်ရေးပျက်ထားတော့ အိပ်ချင်လာပြီကွာ…’
စန်းကိုက စကားစဆိုတယ်။
ပြီးတော့ လေတဖြူးဖြူး တိုက်နေတဲ့ ကွပ်ပျစ်ကလေးဆီမှာ လှဲလျောင်းလိုက်တယ်။
သူလှဲတော့ ကျန်နှစ်ယောက်လည်း လှဲလိုက်တာပေါ့။
တစ်ခဏအတွင်းမှာ သုံးယောက်စလုံး အိပ်စက်ခြင်းဆီကို ရောက်ရှိခဲ့ကြရပါတယ်။
*******
‘ အီး….’
ညဉ့်သန်းခေါင်ယံတောင် မတိုင်သေးဘူး။
ဖိုးတုတ်တို့ သုံးယောက်ဆီက အော်ဟစ်ညည်းညူသံတွေ ထွက်ပေါ်လာခဲ့တယ်။
သုံးယောက်စလုံး ကွပ်ပျစ်ထက်ဆီမှာ လူးလှိမ့်ရင်း ဟစ်အော်နေကြတယ်။
ခဏကြာတော့ စန်းကိုက ဝုန်းခနဲ ထထိုင်လိုက်ပြီး နံဘေးက နှစ်ယောက်ကို အတင်းလှုပ်နှိုးလေတယ်။
‘ ဟေ့ကောင်တွေ…ဟေ့ကောင်တွေ…’
‘ အား…ဟင်…’
‘ ငါတို့ ဘာဖြစ်သွားတာလဲ…’
ဖိုးတုတ်နဲ့ ညွန့်ဝေတို့လည်း အလူးအလဲ ထထိုင်လာကြတယ်။
‘ ငါ့ကို လက်ပြတ်ကြီးက လည်ပင်းလာညှစ်တာ…’
‘ ငါ့ကို ကောပဲ…’
‘ ငါကိုက ရုပ်သေးရုပ်က လည်ပင်းညှစ်တာ…’
သုံးယောက်သား မျက်လုံးအပြူးသားနဲ့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြတယ်။
ပြီးတော့ နေရာဆီမှာ မနေရဲတော့တာမို့ သုံးယောက်စလုံး အိမ်အပေါ်ကို ပြေးတက်ကြတော့တာပေါ့…။
မနက်ကျတော့ ဖိုးတုတ်တို့က ဒီအဖြစ်အပျက်ကို ပြောပြကြတယ်။
ဘယ်သူကမှ မယုံကြဘူး။
မယုံလည်း ဘာတတ်နိုင်မှာတုန်း။ သုံးယောက်သား လှည်းကောက်လို့ ပဲခင်းထဲကို ဆင်းလာခဲ့ကြတယ်။
‘ တကယ်ပါပဲကွာ။ ညတုန်းက ကြောက်စရာကောင်းလိုက်တာ…’
ဖိုးတုတ်က စကားစတယ်။ ဒီအခါ ညွန့်ဝေက…
‘ ဪ…အေး။ ငါ မင်းတို့ကို ပြောဖို့ မေ့နေတာ…’
‘ ဟေ…ဘာများလဲဟ…’
‘ ညတုန်းက ရုပ်သေးပြဇာတ်မှာ ကြေးနောင်သံ မပါဘူးတဲ့…’
‘ ဟာ…ဘယ်လိုဖြစ်တာလဲ…’
‘ ဘယ်လိုဖြစ်ရမှာလဲ။ ကြေးနောင်တီးတဲ့ လက်ပြတ်ကြီးက ငါတို့ကို လည်ပင်းလာညှစ်နေတာကို…’
စန်းကိုက သူ့အထင်ကို ဝင်ပြောတယ်။ ညွန့်ဝေက…
‘ မဟုတ်ဘူးကွ။ ညတုန်းက ငါတို့ကိစ္စကြောင့် လူတွေက ပြဇာတ်ကြည့်ရင်း အကဲခတ်ကြတယ်တဲ့။ အဲ့ဒါ မိန်းမကြီးက ကြေးနောင်တီးတစ်ချက် မတီးတစ်ချက်လုပ်ရင်း ပြဇာတ်ကို ကပြတယ်လို့ပြောတယ်…’
‘ ဒါဆို ဟိုလက်ပြတ်ကြီးက လူတွေကြည့်နေတာမို့ ကြေးနောင်တီးလို့ မရဘဲ ငါတို့ဆီကို ရောက်လာတဲ့ သဘောပေါ့…’
‘ အေးပေါ့…’
‘ အေးပေါ့ မဟုတ်ဘူး။ ဟုတ်ကို ဟုတ်နေတာ၊ ဟုတ်ကို ဟုတ်နေတာ…ဟီး…ဟီး…’
‘ ဟင်…’
ရုတ်တရက် အနောက်က ထွက်လာတဲ့ စကားသံကြောင့် သုံးယောက်သား အံ့အားသင့်ပြီး လှည့်ကြည့်ကြချိန် သူတို့အနောက်မှာ ရပ်နေတဲ့ သူရူးကြီးတစ်ယောက်။
ယောဂီရောင် ညစ်ထေးထေး လွယ်အိတ်ကြီးတစ်လုံးကို လွယ်ထားပြီး ယောဂီရောင်ညစ်ထေးစုတ်ပြတ်နေတဲ့ အဝတ်အစားကို ဝတ်ထားတယ်။ ဆံပင်တွေကလည်း ဘုတ်သိုက်ကိုမှ ရှုပ်ထွေး ကောက်ပွနေလေရဲ့။
‘ ခင်ဗျားက ဘယ်သူကြီးတုန်း…’
စန်းကိုက မေးလိုက်တယ်။
‘ ငါသူတော်က နတ်သားလေ…’
‘ အယ်…ဟီး…ဟီး…’
နဂိုကတည်းက သူတို့သုံးယောက်က လူငယ် မျက်နှာရူးလေးတွေမို့ သူရူးကြီးစကားကို ရယ်မိကြတယ်။
‘ ခင်ဗျားက နတ်သား။ ဟီး…ဟီး…မဖြစ်နိုင်တာ…’
‘ အို…ဘာလို့မဖြစ်နိုင်ရမှာလဲ။ ဖြစ်နိုင်လို့ပဲ နင်တို့ကို ကယ်တင်ဖို့ ငါသူတော်လေးကို ဘိုးသိကြားက စေပါးတာပေါ့…’
‘ နေပါဦးဗျ…ကျုပ်တို့ကို ဘာလို့ ကယ်တင်ရမှာလဲ…’
‘ အယ် ခက်ပြီကောလား။ နင်တို့ကို မကြာခင် စေဘေးရောက်တဲ့အထိ ဒုက္ခပေးတော့မယ့်သူရှိတယ်တဲ့။ အဲ့ဒါကြောင့် ငါသူတော်လေး ရောက်လာရတာပေါ့…’
ဖိုးတုတ်တို့သုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကုန်ကြတယ်။
‘ ငါတို့ ဒီရက်ပိုင်း ဖြစ်နေတဲ့ အဖြစ်အပျက်နဲ့များ သက်နေမလား…’
‘ ဟုတ်လိမ့်မယ်…’
‘ ဟေ့…လူသားတို့။ နင်တို့ ဘာတွေပြောနေတာကြတာလဲ။ ညက လက်ပြတ်ကြီးနဲ့ ရုပ်သေးရုပ် လည်ပင်းလာညှစ်တာကို ခံရတဲ့ ကိစ္စလား…’
‘ ဟာ…’
ဖိုးတုတ်တို့ သုံးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကုန်ကြတယ်။
‘ ဟီး…ဟီး…နင်တို့ သိပ် အံ့သြမနေကြနဲ့။ ဒီအကြောင်းကို ရွာထဲက ကြားလာတာ…’
သူရူးက ပြောပြောဆိုဆို စပ်ဖြီးဖြီး ပြောပြီး တောင်ကြည့်မြောက်ကြည့် ကြည့်တယ်။ ပြီးတော့မှ မျက်ပြူးဆန်ပြာနဲ့…။
‘ အဲ့ဒါ ခန္ဓာမဲ့ကဝေ ဟ။ သူ့ခန္ဓာက ပညာပြိုင်ရင်း ဖျက်ဆီးခံလိုက်ရတယ်။ လူတစ်ရာကို တစ်ပြိုင်ထဲသတ်ပြီး ထုံကူးဖို့ သူလုပ်နေတာ။ ပိုလို့လည်းမရဘူး၊ လျော့ပြီးလည်းမရဘူး။ အဲ့ဒီ့လိုလုပ်ရင် သူ့ခန္ဓာကိုယ် ပြန်ရမှာ။ ဟိုတစ်နေ့ညက လူတစ်ရာပြည့်နေချိန် နင်တို့သုံးယောက်ကြောင့် ပျက်သွားရတယ်လေ။ အခု သူက နင်တို့ကို ပစ်မှတ်ထားနေပြီ။ လူတစ်ရာအစီအမံထက် နင်တို့ကိုပဲ လက်စားချေသွားတော့မှာ။ ရော့…ရော… ဒီအင်းချပ်ကလေးတွေကို ကိုယ်နဲ့မကွာ ဆောင်ထားကြချေ။ ပွဲရက်ရဲ့ နောက်ဆုံးညကိုတော့ အထူးသတိထားကြ…’
သူရူးက အင်းချပ်ကလေးတချို့ ပေးပြီး သတိပေးစကားပြောပြီးတာနဲ့ လှည့်ထွက်သွားခဲ့တယ်။
ဖိုးတုတ်တို့ သုံးယောက်ကတော့ အင်းချပ်တွေကို ကိုင်၊ ကြောင်အမ်းပြီး ကျန်ရစ်ကြတာပေါ့…။
******
ဒီရက်ပိုင်းတွေအတွင်း သူရူးကို ဖိုးတုတ်တို့တတွေ ထက်မတွေ့ရတော့ဘူး။
ဘုရားပွဲရဲ့ နောက်ဆုံးရက်ဆီကို ရောက်ရှိလာတယ်။
ဖိုးတုတ်တို့သုံးယောက်ကတော့ ပွဲခင်းကို သွားခွင့်မရှိတာမို့ ရွာထဲမှာပဲ ရှိနေကြတယ်။
ပြီးခဲ့တဲ့ ရက်တွေမှာ ရုပ်သေးပြဇာတ်နဲ့ ပက်သက်တဲ့ သတင်းတချို့ကို ရွာထဲကလူတွေပြောတာ သူတို့ကြားမိရတယ်။
ဖာတစ်လုံးခေါင်းကျားဇာတ် ပြီးစီးခဲ့ပြီး နောက်ထပ်ကပြတဲ့ ဇာတ်ကို သူတို့မကြည့်တတ်ဘူးတဲ့။ မှော်လိုလို၊ အောက်လမ်းလိုလို ပြကွက်တွေပါတယ်လို့ ပြောကြတယ်။
အခုညကိုက ‘ သုံးလွန်းတင် ဝိဥာဉ်ကြိုး’ ဆိုတဲ့ ဇာတ်လမ်းကို ကပြမယ်လို့ ပြောတဲ့အကြောင်းလည်း ထပ်သိရတယ်။
ဒီဇာတ်လမ်းနာမည်ကြီးကို ကြားမိတော့ ဖိုးတုတ်တို့စိတ်ထဲ တစ်မျိုးတစ်ဖုံဖြစ်ကြရတယ်။ ဇာတ်လမ်းနညမည်က သူတို့ကိုရည်ရွယ်သလိုလို၊ ဘာလိုလိုဆိုတော့ စိုးရိမ်စိတ်လည်း ဖြစ်မိကြရတာပေါ့။ ဒီကြားထဲ အင်းပြားတွေ ပေးသွားခဲ့တဲ့ သူရူးကလည်း ဘယ်မှာမှ လိုက်ရှာမရဘူး။
ညဘက်ရောက်မှာကို သူတို့သုံးယောက် ကြောက်လန့်နေကြရတယ်။ ဘယ်သူ့ကိုမှလည်း မပြောရဲဘူး။ ပြောလည်း ယုံကြမှာမဟုတ်ဘူးလေ။
နေ့နဲ့ညကို တစ်လှည့်စီ လှည့်ပတ်နေတဲ့ လောကကြီးက သူတို့မရောက်စေချင်တဲ့ ညခင်းဆီကို ရောက်ရှိလာစေခဲ့ပြီ။
ဒီညဟာ ပွဲရက်ရဲ့ နောက်ဆုံးညမို့ ရွာမှာရှိတဲ့ လူကုန် ပွဲခင်းထဲကို သွားကြတယ်။
ရွာထဲမှာ သက်ကြီးရွယ်အိုတစ်ချို့နဲ့ သူတို့သုံးယောက်ပဲ ကျန်လေရဲ့။
‘ ဝု…အူး….’
ညအမှောင်ထု သိပ်သည်းလာချိန်မှာ ပွဲခင်းထဲက အသံဗလံတွေကို ကျော်လွန်လို့ အူလိုက်တဲ့ ခွေးအူတွေက ရွာထဲမှာ ထွက်ပေါ်လာတယ်။
ဖိုးတုတ်တို့ သူငယ်ချင်းသုံးယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မျက်နှာတွေက သွေးဆုတ်ဖြူလျော်နေရတယ်။
သုံးယောက်သား ကြောက်စိတ်ပြင်းပြင်းနဲ့ စောင်ကို ခေါင်းမြှီးခြုံထားကြတာမို့ ချွေးတွေကလည်း စိုရွှဲလို့ရယ်။
‘ ခွေးအူသံတွေလည်း ကြားတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ ဖိုးတုတ်ရေ…’
‘ ဟာ…ဟေ့ကောင်တွေ နေဦး…’
‘ ဘာလဲကွ နေဦးက…’
‘ အင်း…အရူးကြီးပေးထားတဲ့ အင်းချပ်တွေကော…’
‘ အိပ်ကပ်ထဲ ရှိတယ်…’
‘ စန်းကို မင်းဆီမှာကော…’
‘ ငါ့မှာလည်း ပါတယ်…’
‘ ဟာ…ဒါဆို ငါတစ်ယောက်ထဲ မပါတာပေါ့…’
ဖိုးတုတ်က ပြောတယ်။
အင်းချပ်ကို သူရူးကြီးပေးချိန်ကတည်းက ကိုယ်နဲ့မကွာ ဆောင်ထားကြပေမယ့် ညနေ ရေချိုးတုန်းက ဘုရားကျောင်းဆောင်ဆီ တင်ထားမိရာကနေ ပြန်ယူမလာဖြစ်ဘူး။
‘ ရှပ်…ရှပ်…ရှပ်…’
ရုတ်တရက် အိမ်အတက်အဆင်းလှေကားဆီက ထွက်လာတဲ့ အသံ။
‘ ဂျစ်…ဂျစ်ဂျစ်…’
အိမ် ထရံတွေကို ကုတ်ခြစ်ဆွဲတဲ့ အသံကလည်း ထွက်ပေါ်လာပြန်တယ်။
‘ ဟေ့ကောင်တွေ…ကဝေကြီး လာနေပြီထင်တယ်…’
‘ ဟာ…မဖြစ်နိုင်လောက်ပါဘူး…’
‘ ထကြည့်ကြည့်ကွာ…’
‘ ဟာ…အဲ့လိုတော့ မကြည့်ရဲဘူးဟ…’
အကန်စကားပြောတဲ့ ညွန့်ဝေကို စန်းကိုနဲ့ ဖိုးတုတ်က အတင်းထကြည့်ခိုင်းတယ်။
သုံးယောက်သား ကြောက်နေတဲ့ကြားက အခြေအတင် တကျက်ကျက် ထဖြစ်ကုန်ပါရောလား…။
‘ ဒုန်း….’
‘ အမလေး…’
အိမ်ကြမ်းပြင်ဆီကို တစ်စုံတစ်ခု ခုန်ချလာတဲ့ အသံ။ သုံးယောက်သား လန့်အော်မိပြီး စောင်ကို တင်းတင်းဆွဲခြုံမိကြတယ်။
‘ ဟာ…ဆွဲ…ဆွဲနေပြီ…’
သူတို့အောက်ခြေက စောင်ကို ဆွဲချနေတာကို သတိထားမိလိုက်ကြတယ်။
‘ ဟေ့ကောင်တွေရေ လုပ်ပါဦး…’
သုံးယောက်သား ပြန်ဆွဲပေမယ့် အားချင်းမကာဘူး။ စောင်က အောက်ကို လျောကျပြီး ပါသွားတယ်။
‘ ဟာ…ရုပ်သေးရုပ်လေးဟ…’
စန်းကိုက ထအော်တယ်။
သူတို့ ခြေရင်းဆီမှာ ဖာတစ်လုံးခေါင်းကျား သရုပ်ဆောင်တဲ့ ရုပ်သေးရုပ်လေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ပြုပြီး ကြည့်နေတယ်။
သုံးယောက်သား ကြောက်စိတ် မပြယ့်တပြယ်နဲ့ ထထိုင်လိုက်ကြတယ်။
ဒီအခိုက်မှာပဲ ရုပ်သေးရုပ်က နဂိုရှိရင်းထက်ကို တဖြေးဖြေး ကြီးထွားလာခဲ့လေရဲ့။
‘ ဟာ…ကြီး…ကြီးလာပြီဟ…’
ရုပ်သေးရုပ်က ကြည့်နေတုန်းမှာပဲ ကြီးထွားလာတာက ထုတ်တန်းဆီကို ကျော်လာတယ်။
‘ ပြေး…ပြေးဟ…’
သုံးယောက်သား သတိဝင်လာပြီး ထပြေးဖို့ ကြိုးစားတယ်။
ထလို့မရကြတော့ဘူး။
ရုပ်သေးရုပ်ကြီးက လက်ကြီးဆန့်တန်းပြီး အရှေ့ကို လှမ်းတိုးလာခဲ့ပြီး လှုပ်ရှားမရတဲ့ သူတို့သုံးယောက်ကို ဖမ်းဆွဲယူလိုက်တယ်။
‘ ဝုန်း…’
တောက်ပတဲ့ အလင်းတစ်ချက် ဖြစ်ပေါ်လာပြီး ရုပ်သေးရုပ်ကြီး လွင့်စင်ပြီး နံရံနဲ့ ရိုက်မိတယ်။
‘ ဒီလောက်ဆို တော်သင့်ရောပေါ့ ကဝေကောင်ရယ်…’
ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံ။
စန်းကိုတို့ ကြည့်မိကြတော့ အိမ်ပေါ်ဆီကို တက်လာတဲ့ သူရူးကြီး။
သူရူးကြီးကို မြင်တော့ ဖိုးတုတ်တို့တစ်သိုက် ဝမ်းသာကုန်ကြတယ်။
ရုပ်သေးရုပ်က နေရာကနေ ထပြေးဖို့ ကြိုးစားတယ်။
ဒါပေမယ့် သူရူးကြီးက မန္တာန်တစ်ပုဒ်ကို ရွတ်ဆိုလို့ ရုပ်သေးရုပ်ဆီကို လှစ်ခနဲ ရောက်သွားခဲ့ပြီး ဦးခေါင်းနေရာကနေ အုပ်ကိုင်လိုက်တော့လေရဲ့။
*******
‘ အဲ့ဒီ့တုန်းကဗျာ…ကျုပ်တို့သုံးယောက်ဆီ သူရူးကြီးသာရောက်မလာရင် ဘာမှမလုပ်တတ်ကြတော့ဘူး…’
စန်းကိုက သူတို့သုံးယောက် ရွာသူရွာသားတွေဆီကို အဖြစ်အပျက်အလုံးစုံ ပြန်လည်ပြီး ပြောပြနေတာပါ။
‘ သူရူးကြီးက ပြောပြတယ်ဗျ။ အဲ့ဒီ့ရုပ်သေးရုပ်ဆီမှာ ခန္ဓာမဲ့ ကဝေတစ်ကောင်က ကပ်ပါးပြီး နေနေတာတဲ့။ ဒီကဝေက အစက ပြဇာတ်ကပြရင်း ဒုတိယညမှာ လူတွေကို ဖမ်းစားပြီး ခန္ဓာရ ထုံကူးမလို့ ကြံစည်နေတာကို ကျုပ်တို့က သွားနှောက်ယှက်မိတာမို့ ကျုပ်တို့ကိုပဲ ရန်မူလာတာလို့ ပြောတယ်…’
ညွန်ဝေက ဝင်ပြောတယ်။ ဒီအခါ နားထောင်နေကြသူတွေက…။
‘ အေး…ငါတို့တော့ မင်းတို့ အဲ့ဒီ့လိုတွေ ဖြစ်ပျက်နေတာကို မသိဘူး။ ရုပ်သေးပြဇာတ်ကို ကြည့်နေရင်း ကြိုးဆွဲတဲ့သူတွေ လဲကျကုန်လို့ ရုတ်ရုတ်သည်းသည်းဖြစ်ကုန်ကြတာ။ သွားကြည့်တော့ကွာ အဲ့ဒီ့သုံးယောက်စလုံးက လူသေပုတ်တွေဖြစ်နေပြီ…’
‘ အင်းဗျာ…ခင်ဗျားတို့ ပွဲခင်းဘက်က ဆူညံသံတွေထွက်လာတော့ သူရူးကြီးက ပြောတယ်။ ကိစ္စအားလူံး ပြီးပြီတဲ့…’
‘ သူရူးကြီးကယ်ပေလို့ပေါ့ကွာ။ မဟုတ်ရင် ဘယ်သူတွေဘာဖြစ်ကုန်ကြမယ်မသိတတ်ဘူး။ ဒါနဲ့ မင်းတို့ကို ပေးတဲ့ အင်းက ဘာအင်းတဲ့လဲ…’
‘ ကဝေနှိမ်အင်းလို့ ပြောတာပဲ။ ဒီအင်းကြောင့် ရုပ်သေးထဲက ကဝေကောင်က ဘာမှမလုပ်နိုင်ဘဲ အရုပ်ကြိုးပြတ်ဖြစ်သွားတာလို့ ပြောသွားတယ်ဗျာ…’
ဖိုးတုတ်က ဆိုတယ်။ ညွန့်ဝေက…
‘ ကျုပ်တို့ကို ထောင်ချောက်အနေနဲ့ လုပ်လိုက်တာလို့လည်း ပြောသေးတယ်…’
‘ အေးကွာ…ဘာပဲဖြစ်ဖြစ် မင်းတို့ကိုလည်း ကျေးဇူးတင်ပါတယ်…’
‘ ဘာကြောင့်လဲဗျ…’
‘ ငါတို့ကို ကဝေက သတ်ပြီးခန္ဓာထုံကူးမယ့်ဟာကို မင်းတို့က ဖျက်ဆီးလိုက်လို့ ငါတို့အသက်ရှင်တာလေ။ မဟုတ်ရင် ပွဲဒုတိယညကတည်းက ငါတို့ သေနေလောက်ပြီ…’
‘ ဪ…ဒီလိုလား။ ဒါဖြင့်ရင်တော့ ကျုပ်တို့ကလည်း သူရူးကြီးကို ကျေးဇူးပြန်တင်ရမှာပေါ့ဗျာ…’
ဖိုးတုတ်တို့သုံးယောက်ဆီက မရည်ရွယ်ထားပါဘဲ စကားသံပြိုင်ထွက်လာခဲ့တယ်။
ဘာကြောင့်ပဲ ဖြစ်ဖြစ်ပေါ့…။
လူတစ်ရာအတိကို စုဝေးစေပြီး တပြိုင်ထဲ အသက်နှုတ်လို့ ခန္ဓာပြန်တည်ဖို့ ကြိုးစားတဲ့ ရုပ်သေးရုပ်ထဲက ခန္ဓာမဲ့ကဝေကတော့ နိဂုံးတန်သွားခဲ့ရပါပြီ…။
ပြီးပါပြီ။
Leave a Reply