ပဥ္စရူပဘသိန်း

ရွတ်ပြလိုက်သော စာပိုဒ်၌ ‘ပဉ္စရူပ’ ဆိုသော စကားလုံး ပါ၍လာသောကြောင့် ဖြစ်၏။

    “ဘယ်လိုလဲ ကိုနှင်းမောင်၊ ကျုပ်တို့ စီအိုင်ဒီကို ဒီလက်ဆောင်တွေ ပို့လိုက်တဲ့လူကို ခင်ဗျားက သိနေပြီပေါ့”
ဟု ကျွန်ုပ်က ပြောလိုက်လေရာ ကိုနှင်းမောင်က ခေါင်းကို ညိတ်လိုက်ပြီးလျှင်…
“ဒီလက်ဆောင်တွေကို ပို့လိုက်တဲ့သူကို ကျုပ် တွက်မိပါတယ်ဗျာ၊ ဒီလိုအလုပ်မျိုးကို ပဉ္စရူပဘသိန်းတစ်ယောက်က သိပ်ဝါသနာပါတယ်လို့ ကျုပ် ကောင်းကောင်းကြီး သိပါတယ်”
ဟု ကိုနှင်းမောင်က ပြောလိုက်လေ၏။

ထို့နောက် ကိုနှင်းမောင်သည် စီးကရက်တစ်လိပ်ကို ထုတ်ယူကာ ဘူးပေါ်၌ပင် တတောက်တောက်နှင့် ဆောင့်လိုက်ပြီးလျှင် နှုတ်ခမ်းဖျား၌ တေ့ကာ…
“ပဉ္စရူပဘသိန်း ဆိုတဲ့လူဟာ သိပ်ပြီးကြောက်ဖို့ကောင်းတဲ့လူပေါ့ဗျာ၊ တောဝက်လို လူသားမျိုးဗျ”
ဟု ပြောလိုက်ရာ တောဝက်သဘာဝကို မသိသော ကျွန်ုပ်သည် အူကြောင်ကြောင် ဖြစ်၍သွားတော့သည်။

ထို့ကြောင့် ဆားပုလင်းနှင်းမောင်က…
“မုဆိုးတွေက ကျားကို သိပ်ပြီး မကြောက်ကြဘူးဗျ၊ တောဝက်ကိုတော့ သိပ်ပြီး သတိထားလေ့ရှိကြတယ်၊ တောဝက်ကို ပစ်ရင် သေကွင်းကို မှန်အောင် ပစ်နိုင်မှ ပစ်လေ့ရှိတယ်၊ သေကွင်းကို မမှန်ဘဲ နာရုံလောက်များဆိုရင် တောဝက်က သူ့ရဲ့အစွယ်နဲ့ တအားဝင်ပက်တော့တာပဲ၊ ကျားကိုက်လို့ သေတဲ့မုဆိုးထက် တောဝက်ပက်လို့ သေတဲ့မုဆိုးက ပိုပြီး များတယ်ဗျ၊ ဒါကြောင့် ပဉ္စရူပဘသိန်းကို ရင်ဆိုင်မယ်ဆိုရင် ကိုယ့်ဘက်က ပိုင်မှ ရင်ဆိုင်သင့်တယ်၊ နို့မဟုတ်ရင် သူက အသေတွယ်လိမ့်မယ်နော်”
ဟု ရှင်းပြလေ၏။

                                    🔯🔯🔯

နောက်တစ်နေ့၌ ကျွန်ုပ်နှင့် ဆားပုလင်းနှင်းမောင်တို့သည် အင်းစိန်စီအိုင်ဒီရုံးရှေ့ရှိ ကာကာလက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်သောက်ကြစဥ် ပြာတာကိုဖိုးထင်သည် ဆိုင်တွင်းသို့ ရေးကြီးသုတ်ပြာ ဝင်ရောက်၍လာပြီးလျှင် …
“ဆရာတို့ရေ .. အရေးတော်ပုံကတော့ ပေါ်နေပြီဗျ”
ဟု ပြောလိုက်လေ၏။

ဤသည်မှာ ပြာတာ ကိုဖိုးထင်၏အကျင့်ပင် ဖြစ်လေ၏။ သူသည် မိမိကိုယ်မိမိ စီအိုင်ဒီရုံးကြီးတစ်ခုလုံး၏ အရေးကြီးသောပုဂ္ဂိုလ်တစ်ဦးဟု မှတ်ယူထားဟန် တူ၏။ သူ မရှိပါက အင်းစိန်စီအိုင်ဒီကြီးကို ဖျက်ပစ်ရတော့မည်ကဲ့သို့ ပြောဆိုနေထိုင်တတ်သူ ဖြစ်လေ၏။

    “ဆိုစမ်းပါဦးဗျာ၊ မင်းကြီးက ကျုပ်တို့နှစ်ယောက်ကို အမြန်ဆုံး တွေ့ချင်တယ်ဆိုလို့ ခင်ဗျားကို အခေါ်လွှတ်လိုက်တယ် မဟုတ်လား”
ဟု ကျွန်ုပ်က ပြောလိုက်လေရာ ကိုဖိုးထင်က …
“ထုံးစံအတိုင်းပေါ့ ဆရာရယ် …”
ဟု ပြောလိုက်လေ၏။

ထိုအခါ ကျွန်ုပ်နှင့် ဆားပုလင်းနှင်းမောင်တို့နှစ်ဦးသည် မင်းကြီးရုံးခန်းသို့ သွားကြရလေတော့၏။ ကျွန်ုပ်တို့နှစ်ဦးကို မြင်သည်နှင့် စုံထောက်မင်းကြီးသည် အောက်ပါအတိုင်း မြန်မာလို အဓိပ္ပါယ်ရသည့် အင်္ဂလိပ်စကားဖြင့် ဆီးကြိုနှုတ်ဆက်လေ၏။

    “ကောင်းသော နံနက်ခင်းပါ လူကလေးတို့ … ဒါပေမဲ့ လူကလေးတို့ ကြားရမယ့်သတင်းကတော့ တယ်ပြီး မကောင်းလှပေဘူး”

ထိုအခါ ဆားပုလင်းနှင်းမောင်က ပီသသော အင်္ဂလိပ်စကားဖြင့် အောက်ပါအတိုင်း ပြန်၍ပြောလိုက်လေ၏။

    “ဒီလို ရှိပါတယ် မင်းကြီး၊ တောထဲကို ထင်းခုတ်သွားတဲ့ ထင်းခုတ်သမားအတွက်တော့ ကျားခြေရာဟာ သူ့အတွက် အန္တရာယ်အထိမ်းအမှတ်ပါပဲ၊ ဒါပေမဲ့ မုဆိုးအတွက်တော့ ကျားခြေရာဟာ မကြာခင်မှာ ကျားသားစားရတော့မယ့် မင်္ဂလာမြင်ကွင်းပါပဲ၊ ကျုပ်လို စုံထောက်မျိုးအတွက်တော့ အမှုတစ်ခု ပေါ်လာရင် ကျူးလွန်တဲ့လူဆိုးကို မိတော့မယ်ဆိုတဲ့ မင်္ဂလာသတင်းပါပဲ”

    “ကောင်းပါတယ် လူကလေး … လူကလေး ပြောတာ သိပ်ကောင်းပါတယ်၊ လူကလေးရဲ့စုံထောက်ပညာကို ကျုပ် အများကြီး လေးစားပါတယ်၊ ဒါကြောင့်လည်း ဒီ အနုကြမ်းစီးတဲ့ အမှုကို ကျွန်ုပ် ကြား ကြားချင်း လူကလေးကို အခေါ်လွှတ်တာပါပဲ၊ ဒီလိုပါ လူကလေး၊ မနေ့က ရွှေဂုံတိုင်မှာ အနုကြမ်းစီးသွားတယ်၊ ဟိုတစ်နေ့က အင်းစိန် ကြို့ကုန်းမှာ တစ်ခါ အနုကြမ်းစီးသွားပြန်တယ်၊ ဒီတော့ လူကလေးက တာဝန်ယူပြီး စုံစမ်းပါ၊ အမှုကို အမြန်ဆုံးပေါ်ချင်တယ်၊ ဒီတစ်ပတ်အတွင်း သတင်းစာတွေထဲမှာ အနုကြမ်းစီးတဲ့ သတင်းတွေ ခဏ ခဏ ပါ,ပါလာရင် ကျုပ်အတွက် မကောင်ပေဘူး၊ ပြီးတော့ စီအိုင်ဒီအတွက်လည်း မကောင်းဘူး”

    “ကောင်းပါပြီ မင်းကြီး၊ မနက်ဖြန် မနက်ကျရင် ဟောဒီ ရုံးခန်းထဲကို တရားခံတွေ ခေါ်လာခဲ့ပါ့မယ်”

မင်းကြီးက မျက်ခုံးနှစ်ဖက်ကို ပင့်၍ တအံ့တဩ မျက်လုံးပြူးကြည့်နေစဥ်မှာပင် ဆားပုလင်းနှင်းမောင်နှင့် ကျွန်ုပ်သည် မင်းကြီးကို အရိုအသေပေး၍ ရုံးခန်းထဲမှ ပြန်ထွက်လာခဲ့ကြသည်။

    “ခင်ဗျား .. မင်းကြီးကို ပြောခဲ့တာ မနက်ဖြန်မနက်ကို တရားခံတွေ ခေါ်ခဲ့မယ်လို့ ပြောခဲ့တာလား ကိုနှင်းမောင်”

    “ဟုတ်တယ်လေ .. အိုင်ပီ၊ ဘာဖြစ်လို့လဲဗျ”

    “ကျုပ်များ နားကြား လွဲသလားလို့ပါ”

    “မလွဲပါဘူး အိုင်ပီ၊ ကျုပ် ဒီအတိုင်းပြောခဲ့တာပါ”

    “ကတိပေးတာ မရဲလွန်းဘူးလား ကိုနှင်းမောင်”

    “ရဲဲဆို .. ပိုင်တာကိုး၊ အိုင်ပီ မစိုးရိမ်ပါနဲ့ဗျာ၊ ကျုပ်က ပိုင်မှ ပစ်တဲ့ မုဆိုးပါ၊ ဒီတစ်ခါတော့ တောဝက်လို အပက်ကြမ်းတဲ့ လူဆိုးအကျော်အမော်ကြီးကို ဖမ်းရလိမ့်မယ်ဗျို့”

ထို့နောက် ဆားပုလင်းနှင်းမောင်သည် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီးလျှင် ကျွန်ုပ်နှင့်အတူ ကျွန်ုပ်၏ရုံးခန်းကို လာခဲ့လေ၏။

ထိုအချိန်မှာပင် ကျွန်ုပ်တို့၏မျက်နှာချင်းဆိုင်က ပြာတာ ကိုဖိုးထင်သည် ရောက်ရှိလာပြီး ကိုနှင်းမောင်အား စာရွက်တစ်ရွက် ပေးလိုက်လေ၏။

    “မောင်ဖိုးထင် .. ဒီစာက ဘယ်ကလဲကွ”

    “မသိဘူး ဆရာ .. ကလေးတစ်ယောက်က ဆရာကိုနှင်းမောင်ကို ပေးပေးပါဆိုပြီး လာပေးသွားလို့ ကျွန်တော်လည်း လာပေးတာ”

ကိုနှင်းမောင်လည်း ထိုစာကို ထုတ်ယူ၍ ဖတ်ရှုကြည့်ရာ …

    “ယနေ့ည … ဘောက်ထော်ရှိ ဘုရားကိုးဆူအိမ်ကို အနုကြမ်း စီးမည်
ပဉ္စရူပ ဘသိန်း”
ဟု ရေးသားထားသောစာကို တွေ့ရလေ၏။

ထိုအခါ ကိုနှင်းမောင်သည် မခိုးမခန့် တစ်ချက်ပြုံးလိုက်ပြီး …
“ကဲ .. အိုင်ပီ၊ ဘောက်ထော်ဘက် သွားရအောင်ဗျာ”
ဟု ဆိုကာ ကျွန်ုပ်နှင့်အတူ အင်းစိန်စီအိုင်ဒီမှ ထွက်လာခဲ့လေ၏။

ဘောက်ထော်ရပ်ကွက်သို့ ရောက်လျှင် ဘုရားကိုးဆူ ကပ်လှူပူဇော်သည့်အိမ်မှာ နှစ်အိမ် ဖြစ်၍နေလေ၏။ တစ်အိမ်မှာ စိန်ပွဲစားဦးပို ဆိုသူ၏အိမ် ဖြစ်ပြီး တစ်အိမ်မှာ ဘတ်စ်ကားထောင်သော ဦးအောင်ကြီး၏အိမ် ဖြစ်၏။

ဆားပုလင်းနှင်းမောင်သည် ဘုရားကိုးဆူ ကပ်လှူသည့် အိမ် နှစ်အိမ်စလုံး အိမ်ရှေ့သို့ သွားရောက်ကာ အိမ်တွင်းသို့ အကဲခတ်ကြည့်ရှုပြီးလျှင် စီးကရက်ကို သောက်လျက် အနည်းငယ် စဥ်းစား၍နေလေ၏။ ထို့နောက် …
“အိုင်ပီရေ .. ခက်တော့ ခက်ကုန်ပြီဗျို့၊ ကျုပ် ရထားတဲ့သတင်းက ဘုရားကိုးဆူအိမ်ကို ပဉ္စရူပဘသိန်းတို့ အနုကြမ်းစီးမယ်ဆိုပဲ၊ အခုတော့ ကြည့်ပါဦးဗျာ၊ ဘုရားကိုးဆူအိမ်က နှစ်အိမ်တောင်ဆိုတော့ ဘယ်အိမ်ကို စီးမယ်ဆိုတာ ခန့်မှန်းရခက်သွားပြီဗျို့”
ဟု မညည်းစဖူး ညည်းလေ၏။

ထို့နောက် ဆားပုလင်းနှင်းမောင်သည် အင်္ကျီအိတ်အတွင်းမှ စာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီးလျှင် ခဲတံဖြင့် စာတစ်ကြောင်း နှစ်ကြောင်းခန့် ရေးခြစ်လေ၏။ ထိုသို့ ရေးခြစ်ပြီးနောက် ကျွန်ုပ် အား ထိုစာရွက်ကို ပေး၍ …
“သင်္ကန်ကျွန်း ဘူတာနားမှာ ခွတ်တားဆိုတဲ့ ကုလားကလေးတစ်ယောက် ရှိတယ်၊ သူ့ကို စုံစမ်းပြီး ကျုပ်ဆီကို ခေါ်ခဲ့ပါ၊ ကျုပ် ဟောဟိုက ကာကာလက်ဖက်ရည်ဆိုင်မှာ စောင့်နေမယ်”
ဟု ဆိုသဖြင့် ကျွန်ုပ်လည်း သင်္ကန်းကျွန်းဘူတာရုံအနီးသို့ သွားရောက်ကာ ခွတ်တားဆိုသော ကုလားအား ရှာဖွေရလေတော့၏။ တစ်နာရီခန့် အချိန်ဖြုန်း၍ ဟိုမေးသည်မေး မေးမြန်းစုံစမ်းလိုက်ရာ ခွတ်တားဟု ခေါ်သည့် ကုလားကို တွေ့ရလေ၏။

ထို့နောက် ကျွန်ုပ်သည် ထိုကုလားအား ကိုနှင်းမောင်၏စာကို ပြလိုက်ရာ ချွတ်တားသည် စာကိုဖတ်ပြီးနောက် ပီသသသော မြန်မာစကားဖြင့် အောက်ပါအတိုင်း ပြောလေ၏။

    “ဘာများ ယုတ်မာဖို့ ရှိသလဲ မသိဘူး .. ဟား .. ဟား၊ ဆရာကိုနှင်းမောင်ကတော့ ညစ်ရမယ့်ကိစ္စ ယုတ်ရမယ့်ကိစ္စဆိုရင် ကျုပ်ကို ခေါ်တော့တာပဲ၊ ကဲ .. ကဲ .. ဘယ်မှာလဲ ဆရာကိုနှင်းမောင်”

ကျွန်ုပ်သည် ခွတ်တားအား ဘောက်ထော်ရှိ ကာကာဆိုင်သို့ ခေါ်သွားပြီးလျှင် ဆားပုလင်းနှင်းမောင်နှင့် တွေ့ပေးလိုက်လေ၏။

ကိုနှင်းမောင်သည် ခွတ်တားအား တွေ့လျှင်တွေ့ချင်း …
“ခွတ်တားရေ … မင်းရဲဉာဏ်နီ၊ ဉာဏ်နက်၊ ဉာဏ်ပြာ၊ ဉာဏ်ဝါတွေ အကုန်ထုတ်စမ်းပါဦး၊ ငါတို့က ပဉ္စရူပဘသိန်းဆိုတဲ့ ဓားပြခေါင်းဆောင်တစ်ယောက်ကို ဖမ်းဖို့ကွ၊ သတင်းရထားတာက ဘောက်ထော်ဘက်က ဘုရားကိုးဆူကျွေးတဲ့ အိမ်မှာတဲ့ကွ၊ ဒီရောက်တော့ ဘုရားကိုးဆူအိမ်က နှစ်အိမ်ဖြစ်နေတယ်၊ အဲဒါ ဘယ်လိုလုပ်ရမှန်းကို မသိအောင် ဖြစ်နေတယ်၊ ဒီကိစ္စက သိပ်ပြီး အရေးကြီးနေတယ်၊ ဒီညကို ဖမ်းမှ ဖြစ်မယ်၊ လွတ်သွားလို့ မဖြစ်ဘူးကွ”
ဟု အစချီ၍ ပဉ္စရူပဘသိန်း၏လျင်ပုံ၊ ဉာဏ်သွားပုံ၊ ရက်စက်ပုံတို့ကို ခွတ်တားအား ပြောပြလေ၏။

ကျွန်ုပ်သည် ဆားပုလင်းနှင်းမောင်ကဲ့သို့ စုံထောက်ပါရဂူကြီးတစ်ဦးက ခွတ်တားကဲ့သို့သော ဘာမဟုတ်သည့် ကလေကချေတစ်ယောက်အား အမှုသွား အမှုလာကို ပြောပြ၍ အကြံဉာဏ်တောင်းနေသည့်အဖြစ်ကို အံ့ဩမိလေတော့၏။

ခွတ်တားသည် ဆားပုလင်းနှင်းမောင် ပြောပြနေသည်ကို စုံထောက်မင်းကြီးတစ်ဦးကို သူ၏လက်အောက်မှ စုံထောက်တစ်ဦးက အစီရင်ခံနေသည်ကို နားထောင်နေသည့်အလား ဆေးပြင်လိပ်တိုကို ခဲလျက် မျက်စိကို မပွင့်တပွင့်ကလေး ဖွင့်၍ နားထောင်နေပုံမှာ လွန်စွာ ခံပြင်းဖွယ်ရာ ကောင်းလှပေတော့သည်။

ထိုသို့ နားထောင်ပြီးနောက် ခွတ်တားသည် ဆေးပြင်းလိပ်ပြာကို ခြွေရင်း အောက်ပါအတိုင်း ပြောလေ၏။

    “စိတ်ချပါ ဆရာကိုနှင်းမောင်၊ ပဉ္စရူပဘသိန်းကို ဒီည (၁၂)နာရီမှာ ကျွန်တော် ဖမ်းပေးပါ့မယ်”

“မင်းအစီအစဥ်က ဘယ်လိုလဲကွ”
ဟု ကိုနှင်းမောင်က မေးလိုက်လေ၏။
“အခုဖြစ်နေတဲ့ကိစ္စက ဘုရားကိုးဆူ တစ်ခုတိုးလို့ အကြံရခက်နေတာ မဟုတ်လား”
ဟု ခွတ်တားက မေးလေ၏။

    “အေး .. ဟုတ်တယ်”

    “ဒီတော့ ရှုပ်နေတဲ့ ပြဿနာကို ရှင်းတာထက် ပိုပြီးရှုပ်အောင် လုပ်ရတာက လွယ်ကူတယ် မဟုတ်လား”

    “ဆိုစမွးပါဦး”

    “ကျွန်တော်တို့ကလည်း အဲဒီအနီးအနားမှာ ဘုရားကိုးဆူတစ်ခု ထပ်ပြီးလုပ်မယ်”

    “ဟေ..”
ဟု ကျွန်ုပ်က ယောင်၍ အော်မိလေ၏။

    “အဲဒီလို ဘုရားကိုးဆူတစ်ခု ထပ်ပြီးတိုးလာရင် ပဉ္စရူပဘသိန်းတို့အားလုံးမှာလည်း ရှုပ်သွားလိမ့်မယ်၊ ဒါမှ ကျွန်တော်တို့ ရှုပ်သလို သူတို့လည်း ရှုပ်သွားမှာပေါ့၊ ညီမျှသွားမှာပေါ့၊ နို့မဟုတ်ရင် ကျွန်တော်တို့က ရှုပ်ပြီး သူတို့အဖို့ မရှုပ်ဘူးဆိုရင် သူတို့က တပန်းသာနေတယ်လေ၊ ယှဥ်ပြိုင်တဲ့နေရာမှာ တန်းတူညီတူ မဟုတ်ရင် မယှဥ်ပြိုင်တာက ပိုပြီးကောင်းတယ်”

ကိုနှင်းမောင်သည် ခွတ်တား၏အကြံကို လွန်စွာသဘောကျသဖြင့် ကျွန်ုပ်အား လှမ်း၍ကြည့်လိုက်လေ၏။ ထိုအခါ ခွတ်တားက ဆက်၍ ပြန်ပြောလေ၏။

    “ကျွန်တော်က အိမ်တစ်အိမ်မှာ အခုပဲ ဘုရားကိုးဆူ ဖြစ်အောင် စီစဥ်မယ်၊ အဲဒီဘုရားကိုးဆူမှာ လာမယ့်လူတွေကတော့ သင်္ကန်းကျွန်းဂါတ်က ပုလိပ်တွေ ဖြစ်ပြီး အရပ်ဝတ် အရပ်စားနဲ့ .. လက်နက်အပြည့်အစုံနဲ့ဆိုရင် လုံလောက်ပါပြီ၊ ကဲ .. ဆရာကိုနှင်းမောင် .. သင်္ကန်းကျွန်းဂါတ်က ပုလိပ်တွေကို ဘုရားကိုးဆူ လာခဲ့ဖို့ ဖိတ်ပေးပါ၊ ကျွန်တော် သွားမယ်”
ဟု ဆိုကာ ခွတ်တားသည် ပေစောင်း ပေစောင်းဖြင့် ထွက်၍သွားလေ၏။

ည (၈)နာရီခန့်လောက်တွင် ကိုနှင်းမောင်က ကျွန်ုပ်အား  …
“ကဲ .. အိုင်ပီ၊ ခွတ်တားရဲ့ဘုရားကိုးဆူကို သွားကြစို့လား”
ဟု ဆိုသဖြင့် ကျွန်ုပ်သည် ကိုနှင်းမောင်နောက်သို့ လိုက်ပါခဲ့လေ၏။

ဘောက်ထော်ရပ်ကွက်ရှိ ဘုရားကိုးဆူ ပူဇော်လျက်ရှိသော အိမ်နှစ်အိမ်၏အကြားတွင် ဘုရားကိုးဆူ ပူဇော်သော အိမ်တစ်အိမ် တိုး၍နေလေ၏။

    “တနင်္ဂနွေဂြိုဟ်မင်း၊ တနင်္လာဂြိုဟ်မင်း၊ အင်္ဂါဂြိုဟ်မင်း စသည့် ဂြိုဟ်မင်းတို့အား ….”

အသံနေ အသံထားဖြင့် ပင့်ဖိတ်လျက်ရှိသော ကုလားခွတ်တားကိုလည်း မောင့်ကျက်သရေခေါင်းပေါင်း ပန်းနုရောင်၊ ငှက်ပျောညွန့်ရောင် တောင်ရှည်ပုဆိုး၊ နံ့သာရောင် တိုက်ပုံတို့ဖြင့် တွေ့မြင်ရပေရာ ကျွန်ုပ်သည် အော်ဟစ်၍ မရယ်မိစေရန် အတော်ပင် ချုပ်တည်း၍ထားလေ၏။

ကြွရောက်လျက်ရှိသော ပရိသတ်များအနက် ကြှနျုပျနှငျ့သိကြှမျးသော သင်္ကန်းကျွန်းဂါတ်မှ ပုလိပ်အရာရှိတချို့ကို အရပ်ဝတ် အရပ်စားဖြင့် တွေ့ရလေ၏။

ထို့နောက် ကိုနှင်းမောင်သည် ထိုအိမ်မှ ထွက်၍လာပြီးလျှင် အခြားသော ဘုရားကိုးဆူအိမ်တစ်အိမ်သို့ တက်၍ အိမ်ရှင်များနှင့် စကားစမြည်ပြောကာ ဘုရားကိုးဆူဆရာအနီးသို့ ကပ်သွားလေ၏။

ဘုရားကိုးဆူဆရာကြီးသည် ကွမ်းအစ်ကြီးကို ဖွင့်လျက် ကွမ်းများကို တမြုံ့မြုံ့ဝါးလိုက်၊ ကွမ်းဖတ်များကို ထွေးထုတ်လိုက်၊ ဂြိုဟ်ပင့်များကို ရွတ်လိုက်နှင့် အလုပ်ရှုပ်လျက် ရှိလေ၏။

ထို့နောက် ကိုနှင်းမောင်သည် ထိုအိမ်ပေါ်မှ ဆင်း၍လာပြီး အခြားသော ဘုရားကိုးဆူအိမ်သို့ တက်၍သွားပြန်၏။ ထိုအိမ်မှာ ဘုရားကိုးဆူဆရာလည်း ဂြိုဟ်ပင့်များကို ရွတ်လိုက်၊ ကြေးစည်ထုလိုက်နှင့် အလုပ်ရှုပ်၍နေလေ၏။

ကိုနှင်းမောင်ကလည်း လက်ဖက်ခွက်ကို နှိုက်လိုက်၊ ရေနွေးကြမ်းကို သောက်လိုက်နှင့် အလုပ်ရှုပ်၍နေလေ၏။ ထိုသို့ နေလာခဲ့ရာ ည(၁၂)နာရီ ထိုးလေ၏။ ထိုအချိန်၌ ဘုရားကိုးဆူဆရာက …
“သရဖူရောင်မောင်း …
မကိုဋ်ဆောင်း၍ …
တစ်ကြောင်းလက်ကြပ် …
လက်စွပ် ပုတီး …
ပြင်ဆင်ပြီးလျှင် …
ပဉ္စရူပ စီးကာ …”
ဟု အော်ဟစ်ရွတ်ဆိုလိုက်သည်နှင့် တပြိုင်နက် ကိုနှင်းမောင်သည် ကျွန်ုပ်၏အိတ်အတွင်းမှ သေနတ်ကို ထုတ်ယူလိုက်ပြီးလျှင် ဘုရားကိုးဆူဆရာ၏နားထင်ကို တေ့ကာ …
“ကဲ.. ကိုယ့်လူ၊ လှုပ်တာနဲ့ မောင်းဖြုတ်လိုက်မယ်၊ ဆားပုလင်းနှင်းမောင်ဆိုတာ ကျုပ်ပဲ”
ဟု ပြောလိုက်လေ၏။

ဘုရားကိုးဆူဆရာလည်း ဣန္ဒြေမပျက် ဆက်လက်ရွတ်ပြီးနောက် အိမ်ပေါက်ဝသို့ မျှော်၍ကြည့်လိုက်လေ၏။ ထိုအချိန်တွင် ရင်ဖုံးအင်္ကျီ၊ တောင်ရှည်ပုဆိုးနှင့် ခေါင်းပေါင်းကို ပေါင်း၍ထားသည့် ကုလားခွတ်တားသည် ရောက်လာပြီးလျှင် …
“ဦးပဉ္စရူပဘသိန်း ခင်ဗျာ၊ ခင်ဗျားရဲ့လူတွေကို မမျှော်ပါနဲ့တော့၊  ခင်ဗျားရဲ့လူတွေကို လက်ထိတ်ခတ်လိုက်ပါပြီ၊ စောစောက ဟိုဘက်အိမ်ကနေပြီး .. ပြင်ဆင်ပြီးလျှင် ပဉ္စရူပစီီးကာ ထက်အဇဋာက လို့ အော်လည်း ဆိုလိုက်ရော … ခင်ဗျားတပည့်တွေက သူတို့ကို အချက်ပေးတယ် အောက်မေ့လို့ အဲဒီအိမ်ထဲကို ဝင်လာကြတာကိုး၊ အဲဒီမှာ သင်္ကန်းကျွန်းဂါတ်က ပုလိပ်တွေက သေနတ်နဲ့ ချိန်ပြီး ဖမ်းလိုက်ပါပြီ”
ဟု ပြောလိုက်ရာ ဘုရားကိုးဆူဆရာ သို့မဟုတ် ဓားပြကြီး ပဉ္စရူပဘသိန်း၏မျက်နှာသည် သိသိသာသာကြီး ပျက်၍သွားလေ၏။ သို့ရာတွင် ပဉ္စရူပဘသိန်းက ဣန္ဒြေဆည်လိုက်ပြီးလျှင် …
“ဘုရားကိုးဆူဆရာဆီက လက်နက်လည်း မတွေဘဲ .. ဘာမှလဲ မလုပ်ရဘဲနဲ့ ဓားပြမှုနဲ့ဖမ်းလို့တော့ ဘယ်ဖြစ်မလဲ ဆားပုလင်းနှင်းမောင် … တရားဥပဒေက ကျုပ်ဘက်က ရပ်တည်ပေးပါလိမ့်မယ်၊ ဘိလပ်ပြန် ဝတ်လုံတော်ရကို ငှားပြီး ဒီအမှုကို လွတ်အောင်လုပ်မယ်”

    “ဘယ်လိုလုပ်မလဲ .. ကိုနှင်းမောင်၊ ရုံးကျရင် လွတ်သွားနိုင်တယ်နော်”
ဟု ကျွန်ုပ်က တိုးတိုးကလေး ကပ်၍သတိပေးလိုက်ရာ ကိုနှင်းမောင်က မပူပါနဲ့ ဟု ပြောလိုက်ပြီးနောက် …
“ကဲ.. စိန်ပွဲစား ဦးဘိုရေ … အခန်းထဲက ခဏလေး ထွက်ခဲ့ပါ၊ ခင်ဗျားလက်ထဲက သေနတ်ကို အခန်းအပြင်ကို အရင်ဆုံးပစ်ပေးပါ၊ ကျုပ်ပြောတဲ့အတိုင်း မလုပ်ရင် ဟောဒီ ပဉ္စရူပဘသိန်းရဲ့နားထင်ကို ကျည်ဆန်ဖောက်သွားလိမ့်မယ်”
ဟု ဆိုလိုက်ရာ အခန်းကျဥ်းမှ ခြောက်လုံးပြူးတစ်လက်သည် ကျွန်ုပ်တို့အနီး ကြမ်းပြင်ပေါ်သို့ ဒေါက်ကနဲ ကျ၍လာလေ၏။

ထို့နောက် စိန်ပွဲစား ဦးဘို ဆိုသူ ထွက်၍လာလေ၏။

   “ကဲ.. အိုင်ပီ၊ ဦးဘိုကို လက်ထိတ်ခတ်လိုက်ပါ၊ ပဉ္စရူပဘသိန်း ဆိုတာ ဒီဘုရားကိုးဆူဆရာ မဟုတ်ဘူး၊ ဟောဟိုက စိန်ပွဲစား အမည်ခံထားတဲ့ ဦးဘိုသာဖြစ်တယ်၊ ဒီလူက သူ့ရဲ့တပည့် မောင်မြင့် ဆိုတာပါ”
ဟု ပြောလိုက်ရာ ကျွန်ုပ်သည်ပင် အူကြောင်ကြောင် ဖြစ်၍သွားလေ၏။

   “ဒီလိုပါ အိုင်ပီ၊ ပဉ္စရူပဘသိန်းတို့လူစုက ဝင်ပြီး အနုကြမ်းစီးသွားတယ်ဆိုပြီး ဘုရားကိုးဆူပွဲကို လာတဲ့ ပရိသတ်ဆီက စိန်၊ ရွှေ၊ လက်ဝတ်ရတနာတွေကို လုမယ့်အစီအစဥ်တွေပေါ့ဗျာ၊ ဦးဘိုက ဒီနည်းကို သုံးပြီး လုယက်မှု၊ ဓားပြမှုတွေကို ကျူးလွန်နေတာ ကြာပြီ၊ သူကပါ ဓားပြအတိုက်ခံရတဲ့ပုံနဲ့ အမှုဖွင့်မယ်ပေါ့ဗျာ”
ဟု ကိုနှင်းမောင်က ရှင်းပြလေ၏။

စိန်ပွဲစား ဦးဘို ခေါ် ပဉ္စရူပဘသိန်းအား ဖမ်းဆီးခဲ့ပြီးနောက် ကျွန်ုပ်အဖို့ မရှင်းလင်းသည့် အချက်များကို မေးမြန်းရလေတော့၏။

    “ပဉ္စရူပဘသိန်း အဲဒီဘုရားကိုးဆူအိမ်က အခန်းထဲ ရောက်နေတယ်ဆိုတာ ဘယ်လိုသိသလဲ ကိုနှင်းမောင်”

    “ဒီလို အိုင်ပီရဲ့၊ ပဉ္စရူပဘသိန်းဟာ ဒီအရပ်ထဲ ပြောင်းလာတာ မကြာသေးဘူးဆိုတာ ကျုပ် စုံစမ်းသိရှိထားခဲ့တယ်၊ နောက်ပြီး သူနဲ့ ကျုပ်ဟာ ခုမှ တွေ့ဆုံရင်ဆိုင်ဖူးတာ မဟုတ်ဘူး၊ အရင်ကလည်း အကြိမ်ပေါင်းများစွာ ဆုံခဲ့ ကြုံခဲ့ရဖူးတယ်၊ ဒီတော့ သူ့အမူအကျင့် သူ့လုပ်နည်းလုပ်ဟန်တွေကို ကျုပ်က ကောင်းကောင်းလေ့လာထားခဲ့ပြီပဲ၊ တစ်အချက် ပဉ္စရူပဘသိန်းဟာ ကျုပ်သောက်လေ့ရှိတဲ့ ဂလေစီယာ ရေခဲတောင်စီးကရက်ကို စွဲစွဲမြဲမြဲ သောက်တယ်၊ နှစ်အချက် စီးကရက် ကုန်လုနီးကျရင် ဒီအတိုင်း မလွင့်ပစ်ဘူး၊ ခါးလယ်က ချိုးပြီး ပစ်လေ့ရှိတယ်၊ သုံးအချက်က သူဟာ ထွားကျိုင်းသူ ဖြစ်သလို သူစီးတဲ့ဖိနပ်ဟာလည်း သာမန်လူတွေထက် သိသိသာသာ ကြီးနေတယ်ဆိုတာ ကျုပ်က လေ့လာထားပြီး ဖြစ်တယ်၊ ကျုပ်နဲ့ အိုင်ပီ ဘုရားကိုးဆူအိမ်တွေ လျှောက်တက်တုန်းက ဒီအချက်ကို လေ့လာခဲ့တယ်၊ သူရှိတဲ့ အိမလကျတော့ ထူးခြားတဲ့ဖိနပ်ရယ်၊ ရေခဲတောင်တံဆိပ် စီးကရက်ချိုးထားတာတွေကို တွေ့ရတယ်၊ သူ .. ဒီအိမ်မှာရှိတာ သေချာသွားပြီ၊ ကျုပ်တို့လာတာ မြင်တာနဲ့ အိမ်ခန်းထဲ ဝင်ပုန်းနေတာပဲပေါ့၊ ပဉ္စရူပဘသိန်းဟာ ဘယ်တော့မှ သေနတ်ချသူ မဟုတ်တော့ သူ့ဆီမှာ သေနတ်ရှိရမယ်ဆိုတာလည်း သိနိုင်တာပေါ့ဗျာ”

    “ပဉ္စရူပဘသိန်းလို လူဆိုးကြီးတစ်ယောက်က သေနတ်ရှိလျက်နဲ့ မခုခံဘဲ အလွယ်တကူ လက်နက်ချတာ အံ့ဩစရာပဲ ကိုနှင်းမောင်”

    “အိုင်ပီက ဒီလူအကြောင်း မသိလို့ပါ၊ ပဉ္စရူပဘသိန်းဟာ လူဆိုးဖြစ်ပေမယ့် ဒီလို အကျိုးမဲ့တဲ့ အလုပ်မျိုးကို မလုပ်ဘူး၊ သူ ခုခံရင် သူလည်းသေမှာကို သိနေပြီပဲ၊ ခြောက်လုံးပြူးဟာလည်း စိန်ပွဲစား ဦးဘိုနာမည်နဲ့ တရားဝင်လိုင်စင်ယူထားတဲ့ သေနတ်ပဲ ဖြစ်ရမယ်၊ အိုင်ပီ .. ကြည့်နေ၊ တရားရုံးကျရင် အကောင်းဆုံးရှေ့နေ ငှားပြီး ဒီအမှုက ရုန်းထွက်ဖို့ ကြိုးစားတာ တွေ့ရလိမ့်မယ်၊ အောင်မြင်မှု ရှိ,မရှိကတော့ စောင့်ကြည့်ရဦးမှာပေါ့ဗျာ … မဟုတ်ဘူးလား”

                                🔯🔯🔯

🙏 သဗေ သတာ ကမသကာ 🙏

✍  မင်းသိင်္ခ

📖 ဆားပုလင်းနှင်းမောင်ဝတ္ထုတိုပေါင်းချုပ်