ကဝေကလေး

အကြောတွေဘာတွေနှိပ်ပေးလိုက်တာ သက်သာသွားပါ့ရော။ အဲဒီမိန်းမကြီးက ကျေးဇူးတင်လို့ဆိုပြီး ပိုက်ဆံပေးတာ ကျုပ်တို့ကမယူတော့ သူ့အိမ်ခေါ်သွားပြီး အုန်းသီးတွေငှက်ပျောသီးတွေ ပေးလွှတ်လိုက်ကြတာနဲ့ ကျုပ်တို့လည်းယူလာခဲ့တာဆရာရေ။ ”

သူရက အနည်းငယ်ပြုံးလိုက်ပြီး…

    “ဘာအတွက်ပေးတာတဲ့တုန်း။” ဟုမေး‌လိုက်၏။ ထိုအခါခွန်းသက..

  “ကျုပ်လည်းအဲဒါကိုဘဝင်မကျတာဆရာ‌။ ဘာအတွက်ပေးတာတုန်းလို့မေးတော့ ဆရာလေးတို့ ကန်တော့ပွဲဘာညာထိုးတော့ မလိုအောင်လို့တဲ့။ ဆရာစဉ်းစားကြည့် ကျုပ်တို့ကဆရာတွေမှန်းသူကဘယ်လိုသိတုန်း။” ဟု ဘောက်ဆတ်ဆတ်နှင့်ပြောလိုက်သောအခါ စောသက..

  “ငါတို့အဝတ်အစားတွေ ကြည့်ပြီး ဆရာလို့ခေါ်တာနေမှာပေါ့ကွာ။”ဟု ‌ပြန်ပြောလေ၏။ သူရသည် စောသ၏အနားကိုကပ်သွားကာ ညာလက်သီးကိုဆုပ်၍ ဂါထာကိုရွတ်ပြီးသည့်အခါ စောသနဖူးကို လက်ဖနောင့်နှင့်ရိုက်ချလိုက်၏။ စောသက အနောက်ကိုလန်ကျမလိုဖြစ်သွားပြီးမကြာ စောသ၏အနောက်၌  အရိပ်မဲလေးတစ်ခုက အငွေ့ပျံ၍ပျောက်သွားခဲ့၏။ စောသက သူရဆုံးမသည်ဟုထင်ကာ ‌တောင်းပန်၏။ ခွန်းသသည် သူရအနားသို့ကပ်သွားပြီး…

  “ဆရာ အဲဒါက…။” ဟု ပြော၍ ရပ်လိုက်လျှင် သူရကခေါင်းကိုညိမ့်ကာ..

  “ဟုတ်တယ် အဲဒါလမိုင်းကပ်သွားတာ။” ဟုပြောလိုက်၏။

  “စောသ။”

  “ဗျာဆရာ။ ကျွန်တော်ဘာလုပ်မိမှန်းမသိပေမဲ့ ကျွန်တော်ဆရာမကြိုက်တာ နောက်မလုပ်တော့ပါဘူး။”

  “မဟုတ်ဘူးစောသ၊ ငါမင်းကိုအပြစ်ပေးတာမဟုတ်ဘူး၊ ငါမေးတာ မှန်မှန်ဖြေစမ်း မင်းမနေ့ညကဘုရားမှာ ဘာတွေလုပ်လဲ။”

  “မနေ့ညက ဘုရားမှာ သမထအရင်ထိုင်တယ်ဆရာ၊ တရားထိုင်နေတုန်း ကျွန်တော်လေဟာနယ်ထဲရောက်သွားသလိုခံစားလိုက်ရတယ်၊ ခဏနေတော့ ကျွန်တော့်ဘေးကနေ လူလေးလို့ခေါ်သံကြားတာနဲ့ မျက်လုံးဖွင့်ကြည့်တော့ အဘိုးကြီးတစ်ယောက်ကို တွေ့လိုက်ပါတယ်။ အဲဒီအဘိုးကြီးက မုတ်‌ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး အဖြူ၊ ခေါင်းကဆံပင်ကလည်း အဖြူကြီးပဲဆရာ။ ကျွန်‌တော်က ဗျာအဘလို့ပြောတော့ ကျွန်တော့်လက်ထဲကို စိပ်ပုတီးတစ်ကုံးပေးတယ်။ ပေါက်မြောက်အောင်လုပ်နော်လို့ ပြောပြီး သူကပျောက်သွားတယ်ဆရာ။ ကျွန်တော်လည်း ဘာမှန်းမသိပေမဲ့ အဲဒီပုတီးကိုကြည့်ပြီး စိပ်ကြည့်ချင်လာတာနဲ့ အရဟံကြီးပဲ ၁၀၈ပတ်တိတ်စိပ်လိုက်တယ်။ အဲဒါပါပဲဆရာ။”

  စောသက ပြောရတာ မောသွား၍ ရေအိုးစင်ကနေ ရေ‌တစ်ခွက်ခပ်သောက်လိုက်၏။ သူရက သူ၏မျက်မှောင်ကျုံ့၍ တစ်စုံတရာစဉ်းစားနေရင်းကနေ တစ်ခုခုကိုသိသွားသလို ပြုံးလိုက်လေ၏။

  “စောသ လာအုံး။ မင်းပုတီးပါယူခဲ့။”

  စောသက သူ့လွယ်အိတ်ထဲကနေ ပုတီးကိုထုတ်၍ သူရကိုပေးလိုက်၏။

  “ကျွန်းနက်ပုတီးကို။ လက်စသတ်တော့ မင်းရဲ့ရှေးဘဝအနွယ်တွေက မင်းကိုဒီထပ်စွမ်းအောင် ကူညီနေကြပြီ။”

  “နားမလည်ဘူးဆရာ။”

  “ဒီလိုကွ။ ပုတီးလုပ်တဲ့နေရာမှာ ပိတောက်သား၊ ကျွန်းသား၊ နံ့သာ၊ ကျွန်းနက်သားစတဲ့ ဟာတွေနဲ့ ပုတီးလုပ်ကြတယ်။ ဒါပေမဲ့ ဒီထဲမှာ ကျွန်းနက်ပုတီးက တို့လိုလောကီဆရာတွေနဲ့ တယ်ဟန်ကြတယ်။ သူတို့မှာကလည်း သဘာဝကနေရရှိထားတဲ့ ဓာတ်သဘောတွေရှိတယ်။ ဒီလိုပုတီးမျိုးကို လက်ကိုင်စွဲပြီးစိပ်တဲ့ဆရာက သာမာန်ဆရာတွေကုမရတဲ့ ပယောဂကို တောက်တစ်ချက်ခတ်ရုံနဲ့ ကုနိုင်တယ်။ အဲဒါကြောင့်  မင်းရဲ့ရှေးဘဝအနွယ်ဝင်တွေက ကျွန်းနက်ပုတီးကိုပေးပြီး သမာဓိအားကို ပိုထူထောင်စေချင်တာ။ မင်းအနေနဲ့က စေတစ်လုံးပိုင်နီးပါး ‌တိုးတက်လာပါပြီ။ မင်းရဲ့ပညာလမ်းပွင့်လင်းလာတဲ့အချိန်မှာ လမိုင်းကပ်သွားတာ။ ပြီးတော့ မင်းတို့ကူညီခဲ့တဲ့ မိန်းမကြီးက ပညာသည်ပဲ။”

  “ဗျာ။ ဆရာကလည်း ရွာသူလောက်ကတော့ ကျွန်တော်တို့ သိနိုင်ပါတယ်။”

  “သူကရွာသူအဆင့်မှမဟုတ်တာ၊ ၇ကြိုးဒေါ်ချ်ိုတဲ့ အဲဒီဒေါ်ချိုက သူ့ပညာကို ဖွက်တတ်တယ်ကွ။ မင်းတို့မပြောနဲ့ ငါတောင်သူနဲ့တွေ့ရင် ပညာသည်မှန်းတန်းသိမှာမဟုတ်ဘူး။ အဲဒီလောက်ထိကို သူ့ပညာကိုဖွက်ပြီး သိုသိုသိပ်သိပ်နေတတ်တာ။”

  “ဒါဆိုလည်းဆရာရယ် သူ့ကိုခေါ်ပြီး ဆုံးမသင့်တာ ဆုံးမလိုက်ပါ့လား။”

  “ဒေါ်ချိုက စုန်းကောင်းတစ်ယောက်ပါ။ မင်းတို့တစ်ခုသိထားရမှာက စုန်းကဝေပညာကိုတတ်တိုင်းလည်း အကုသိုလ်ကြီးလုပ်နေကြတာမဟုတ်ဘူး။ တချို့က ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုး၊ ကိုယ့်အသိုင်းအဝိုင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဒီပညာကိုသင်ထားကြတာ။ တချို့များကြတော့ မွေးကတည်းက ပညာဘူးပါကြပြီး ကိုယ့်ကိုယ်ကိုယ် ဝမ်းတွင်းပညာသည်မှန်းတောင်မသိကြဘူး။ ဒါကြောင့် ဒီပညာတတ်တိုင်းမကောင်းတာမဟုတ်ဘူး။ ဒေါ်ချိုဆိုစုန်းသာပြောတာ ဘုရား၊ တရား၊ သံဃာကြည်ညိုတယ်။ အကုသိုလ်အလုပ်တွေရှောင်ပြီး ဘုရားရှိခိုးတယ်၊ ကောင်းမှုကုသိုလ်တွေလုပ်တယ်။ ငါတို့တာဝန်က ၇ရက်သားသမီးတွေကိုကယ်တင်ပြီး သဘာဝတရားကြီးကို ဆန့်ကျင်တဲ့သူတွေကို တားဆီးသင့်တာ တားဆီး၊ ဆုံးမသင့်တာဆုံးမဖို့ပဲကွ။”

  “ဟုတ်ကဲ့ဆရာ ကျွန်တော်တို့မှတ်ထားပါ့မယ်။ ဆရာ….. ကြည့်ရတာ ဒေါ်ချိုတော့ ကျုပ်တို့ကိုပညာစမ်းပြီထင်တယ်ဗျို့။ ဟိုမှာကြည့်ကြအုံး။”

  ‌ခွန်းသပြတာကိုကြည့်လိုက်သောအခါ အုန်းသီးများက ကောက်ရိုးလုံးများဖြစ်သွားကာ၊ ငှက်ပျောခိုင်က ထင်းကိုင်းခြောက်ကြီးဖြစ်သွားလေ၏။   သူရက ပါးချိုင့်အသေးလေးများပေါ်သည်အထိပြုံးရယ်ကာ..”မင်းတို့ ပညာစိတ်ကြီးဝင်နေမှာစိုးလို့ ဒေါ်ချိုကပညာပြလိုက်တာကွ။”ဟု ‌ဆို၍ ဆရာတပည့်သုံးဦးသား ရယ်မောလိုက်ကြ၏။

   ဤသို့ဖြင့် သူရတို့သည် ထိုဇရပ်ပေါ်၌သာ တရားထိုင်ခြင်း၊ အင်းစမရေးဆွဲခြင်းများ ပြုလုပ်လျှက်ရှိကာ နေနေကြ၏။ ညနေမှောင်ရီပျိုးချိန်၌ ဇရပ်‌ကို   မိန်းမကြီးတစ်ယောက်က ပြုံးပြုံးရွှင်ရွှင်မျက်နှာနှင့် တောင်းတစ်ခုကိုရွက်၍ ရောက်လာလေ၏။ စောသနှင့်ခွန်းသက ထိုမိန်းမကြီးကိုတွေ့သောအခါ..

  “ဒေါ်ချိုရေ ကျုပ်တို့နောက်တစ်ခါ ပညာစိတ်ကြီးမဝင်တော့ပါဘူးဗျာ ဘာမှမလုပ်နဲ့တော့နော်။”ဟု ခွန်းသက နောက်ပြောင်လိုက်သလို…

  “‌ထိုင်ပါအုံးဒေါ်ချို။”ဟု စောသကကြိုဆိုလေ၏။ ဒေါ်ချိုကသူရကိုကြည့်၍ …

  “ဆရာလေးနဲ့ တန်းတူနေရာမျိုးမှာ ကျွန်မထိုင်မရပါဘူး။ ဒီမှာဆရာလေးတို့ညစာ စားလို့ရအောင် ထမင်းနဲ့အသီးအရွက်ကြော်တွေလာပို့တာပါ။”ဟုပြောကာ တောင်းကိုဇရပ်ပေါ်တင်လိုက်လေ၏။ စောသနှင်ခွန်းသက သူရကိုကြည့်၍ ယူရနိုးနိုး၊ မယူရနိုးနိုးဖြစ်နေကြ၏။ ဒေါ်ချိုက စောသနှင့်ခွန်းသအဖြစ်ကိုသိသွားကာ..

  “ယူပါဆရာလေးတို့၊ မနက်က ကျွန်မပညာစမ်းမိတာ တောင်းပန်ပါတယ်၊ ဒီတစ်ခါတော့ သာမာန်ဟင်းနဲ့ထမင်းကို စေတနာနဲ့လာပို့တာမလို့ စိတ်ဖြောင့်ဖြောင့်နဲ့သာစားနိုင်ပါတယ်။” ဟု ပြောသောအခါ စောသနှင့်ခွန်းသက သူရကိုကြည့်လိုက်၏။ သူရကခေါင်းညိမ့်ပြမှသာလျှင် ယူလိုက်လေ၏။ ဒေါ်ချိုက သူရကိုကြည့်၍..

  “ဆရာက ပါရမီရှင်မောင်သူရဆိုတာလား။” ဟု မေးလေ၏။

  “ဟုတ်ပါတယ် အဒေါ်။ ကျွန်တော့်နာမည်သူရပါ။”

  “ဆရာ့နာမည်ကို ကျွန်မကြားဖူးတာကြာပါပြီ။ အခုမှပဲ တွေ့ဖူးတော့တယ်။ ဆရာက ကျွန်မတို့ပညာသည်လောကမှာတော့ အတော်နာမည်ကြီးပဲဆရာ၊ တချို့ဆို ဆရာ့နာမည်ကြားတာနဲ့တင် ပုန်းနေကြပြီ။ ဒါပေမဲ့ဆရာ သတိထားပါ၊ ဆရာ့ကိုသတ်ဖို့ကြံနေတဲ့ ပညာသည်တွေကလည်းမနည်းဘူးဆရာ အတော်စွမ်းတဲ့ သူတွေပါ။”

  “ဟုတ်ကဲ့ အခုလိုသတိပေးစကားပြောကြားတာ ကျေးဇူးတင်ပါတယ် အဒေါ်။”

  “ဒါနဲ့ဆရာ့ကို ကျွန်မ တစ်ခုထပ်ပြောပါရစေ။”

  “ဟုတ်ကဲ့ ပြောပါအဒေါ်။”

  “ရာစုနှစ်များစွာ ဂူထဲမှာအိပ်ပျော်နေတဲ့ ကဝေသခင်မလေး နိုးလာပြီတဲ့ဆရာ။”

  “အဲဒါဘာကိုပြောတာလဲ မသိဘူး။”

  “ကျွန်မတို့လောကက ဒဏ္ဍာရီလိုလို၊ တကယ်လိုလို ဇာတ်လမ်းလေးကို အရင်ဆုံးပြောပြပါ့မယ် ဆရာ။ အနော်ရထာမင်းကြီးလက်ထပ်က မင်းကြီးကိုလုပ်ကြံဖို့ချောင်းနေတဲ့ ပညာသည်တွေက အစုအဝေးနဲ့နေကြတယ်ဆရာ။ ဘုရင်မင်းကြီးကို သတ်ဖို့မဆိုထားနဲ့ ‌ဆံချည်တစ်မျှင်ကိုတောင် သူတို့ရန်မမူနိုင်ခဲ့ဘူး။ ဒါကလည်း ဘုရင်မင်းကြီးရဲ့ ဘုန်းတန်ခိုးကြောင့်ပါ။ အဲဒီလိုဘုရင်ကိုလုပ်ကြံကြတော့ အထက်နတ်တွေကစိတ်ဆိုးပြီး ပညာသည်တွေကို ချေမှုန်းခဲ့တယ်ဆရာ။ အဲဒီထဲကမှ ကလေးမလေးတစ်ယောက်က ထွက်ပြေးနိုင်ခဲ့တယ်။ အဲဒီကလေးမလေးက ဝမ်းတွင်းပညာဘူးပါတဲ့ကဝေမလေးပါ။ ပြီးတော့ သူ့ဆီမှာ ပညာကျမ်းစာအုပ်ကြီးလည်းပါလာခဲ့တယ်။ အဲဒီကလေးမလေးက သူ့အမေအဖေတွေ မလုပ်နိုင်ခဲ့တဲ့အရာကို သူလုပ်ပြမယ်ဆိုပြီး ပညာကျမ်းစာအုပ်ထဲကအတိုင်း အကုန်လိုက်လုပ်ခဲ့တယ်။ အဲဒီမှာ ဂူအောင်းကျင့်ရင်းကနေ အနည်းငယ်လွဲချော်ပြီး အိပ်ပျော်သွားတယ်။ ရာစုနှစ်ပေါင်းများစွာ သူအိပ်ပျော်သွားတာတောင် မသေတဲ့အပြင်၊ သူ့ခန္ဓာကိုယ်ကလည်းအခုထိ ၁၅နှစ်အရွယ်ကလေးမလေးသာသာပါပဲ။ အဲဒီဂူထဲမှာ ကလေးမလေးအိပ်ပျော်နေတာကို ကဝေကြီးတစ်ယောက်ကတွေ့ပြီး ဒါက‌ ကဝေသခင်မလေးပဲလို့ပြောပါတယ်။ အိပ်ပျော်နေတဲ့ ကဝေသခင်မလေးကို ပညာသည်တွေ လက်ဆင့်ကမ်းပြီးစောင့်ရှောက်လာကြတယ်။ အခုအဲဒီကဝေသခင်မလေးက နိုးလာပြီလို့ပြောနေကြပါတယ်။ သခင်မလေးရဲ့ ပညာကထက်သောမထက်သော သူ‌တော်တော်ကြာ အိပ်ပျော်သွားတာကိုသိပြီး တောက်ခတ်လိုက်တာ နားစည်ကိုကွဲမတတ်ပဲတဲ့ဆရာ။ “

     “အခု အဲဒီကဝေသခင်မ‌လေးက ဘယ်မှာလဲအဒေါ်။”

   “စိတ်မရှိပါနဲ့ဆရာ ကျွန်မမှာ ဒီလောက်ပဲ ပြောပြခွင့်ရှိပါတယ်။ ကျွန်မအနေနဲ့ ဒီပညာတတ်မြောက်ထားတဲ့သူဆိုတော့ မကောင်းတာမလုပ်ပေမဲ့ စည်းကမ်းတွေကိုလိုက်နာရပါတယ်ဆရာ။”

  “ကောင်းပါပြီဗျာ ဒီလောက်ပြောပြတာကို ကျေးဇူးတင်ပါတယ်။”

  “ဒါဆို သွားခွင့်ပြုပါအုံးဆရာ ထမင်းတောင်းကိုတော့ ကျွန်မ မနက်မှပဲ လာယူပါ့မယ်။”

  “ဟုတ်ကဲ့ပါ အခုလိုထမင်းကျွေးတာကိုလည်း ကျေးဇူးတင်ပါတယ်။ ကျေးဇူးဆပ်ခွင့်ကြုံရင် ကျွန်တော်ပြန်ဆပ်ပါအုံးမယ်။”

“မလိုတာဆရာရယ် ကျွန်မဆရာတို့ကို စေတနာနဲ့ကျွေးတာပါ၊ တခြားမျှော်မှန်းတာမရှိပါဘူး။ သွားလိုက်ပါအုံးမယ်ဆရာ။”

သူရ ခေါင်းညိမ့်ပြလိုက်ချိန်၌ ဒေါ်ချိုက ပြန်သွားခဲ့လေ၏။ ဒေါ်ချိုပြန်သွားသောအခါ သူရတို့ဆရာတပည့်သုံးဦးသည် ထမင်းဟင်းများကို စားကြလေ၏။ သူရက အရင်စစားမှသာလျှင် စောသနှင့်ခွန်းသက လိုက်စားကြလေ၏။ ထမင်းစားနေချိန်၌ စောသက…

   “ဒေါ်ချိုပြောသွားတဲ့ ကဝေသခင်မလေးဆိုတာ အတော်စွမ်းပုံပဲနော်ဆရာ။ ကျုပ်တို့နဲ့ တစ်ခါလောက်တော့ တွေ့ချင်စမ်းပါဘိဗျာ။” ဟု ရယ်ရယ်မောမောပြောလေ၏။ ခွန်းသက ထမင်းတစ်လုပ်ကို ပါးစပ်ထဲထည့်၍…

  “ထူးတော့ထူးဆန်းသားနော်ဆရာ။ ဒီလောက်နှစ်တွေကြာတာတောင် ခန္ဓာကိုယ်ကထွားမလာဘူးဆိုတော့ ဒါပေမဲ့ ဒါကတကယ်လည်းဟုတ်ချင်မှဟုတ်မှာပါ။ ဒေါ်ချိုအစကပြောတာကြည့်လေ သူတို့လောကက ဒဏ္ဍာရီလိုလို၊ တကယ်လိုလို လို့ပြောသွားတာ။” ဟု ပြောလေ၏။ သူရကတော့ မည်သည့်တစ်ခွန်းမှ ဝင်ရောက်ပြောခြင်းမရှိ၊ ထမင်းကိုသာ အေးအေးလူလူစား၍ သူ၏တပည့်နှစ်ဦးပြောတာကို ခေါင်းညိမ့်ကာ‌နားထောင်နေခဲ့၏။ ထမင်းစားသောက်ပြီးကြသောအခါ အနည်းငယ်လှမ်းလျှောက်ကြပြီး သမထ ထိုင်ကြလေ၏။ သူရသည် သမထထိုင်နေချိန်၌ ဝုန်းခနဲဆိုသလို မီးလောင်နေသော ရွာတစ်ရွာကို တွေ့လိုက်ရ၏။ သက်ကြီးရွယ်အိုးများ၊ ကလေးသူငယ်များက မီးလောင်ကျွမ်း၍ ကူပါကယ်ပါ တဆာဆာအော်ငိုနေသံများနှင့် မီးလောင်ကျွမ်းပြီးသေသွားသည့် အလောင်းများကိုတွေ့လိုက်ရ၏။ မီးကလည်း သာမန်မီးမဟုတ်၊ အနက်ရောင်မီးတောက်များ တောက်လောင်နေခြင်းဖြစ်ပေ၏။ ထိုစဉ် ရွာအပြင်၌ အနက်ရောင်ဝတ်ရုံလူငါးဦးနှင့် တစ်ကိုယ်လုံးဝါထိန်နေ‌သည့် ဝမ်းဆက်ကိုဝတ်ထားသော ကလေးမလေးတစ်ဦးက လူတွေပြေးကြ၊ လွှားကြ၊ သေဆုံးကြတာကို သွေးအေးအေးနှင့်ရပ်ကြည့်နေတာကို သူရမြင်တွေ့လိုက်ရ၏။

    သူရသည် လူတွေ၏ အော်ဟစ်ငိုကြွေးသံတွေကို နားစဉ်ရင်း၊ သေဆုံးကြတာကို မြင်တွေ့ရင်း မျက်ရည်များ အလိုလိုစီးဆင်းကျလာခဲ့၏။ ထိုအမြင်အာရုံကွယ်ပျောက်သွားချိန်၌ ရ‌သေ့ကြီးတစ်ပါးပေါ်လာခဲ့ပြီး “ကြို့ပင်စုကျေးတော်ရွာ”ဆိုသည့် ဆိုင်းဘုတ်ကလေးအား ပြ၍ ပျောက်သွားခဲ့၏။ သူရသည် သမထထိုင်ခြင်းကိုဖြုတ်၍ ဇရပ်ထောင့်၌သွားရောက်ထိုင်ကာ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်လေ၏။ တိမ်မည်းများက ကောင်းကင်ပေါ်မှာ ပြေးလွှားနေတာကို လ၏အလင်းရောင်နှင့် ကောင်းစွာမြင်နေ၏။
သူရကထိုအရာကိုကြည့်၍…

  “အမှောင်ဖုံးလွမ်းသွားရင် အလင်းကိုဘယ်လိုပြပြ မမြင်နိုင်ကြတော့ဘူးပဲ။ အင်း အလင်းရှိရင်အမှောင်ရှိတယ်။ ကုသိုလ်ရှိရင် အကုသိုလ်ရှိတယ်။ ဒင်္ဂါးမတ်စေ့လို ခေါင်းနဲ့ပန်း ကျောခြင်းကပ်နေကြတာ။ ကျောခြင်းကပ်နေမှတော့ အနောက်ကိုလှည့်မကြည့်သ၍ ဘယ်ဟာအဆိုး ဘယ်ဟာအကောင်းလည်းမသိနိုင်ကြပဲ၊ ကိုလုပ်တာပဲ မှန်တယ်ထင်နေကြတာကို။ အတော်ကိုလည်းရှုပ်ထွေးလှပါ့လား။” ဟု တစ်ကိုယ်တည်း ရေရွတ်မိလေ၏။ နံနက်လင်းသောအခါ သူရသည် သူ၏တပည့်နှစ်ယောက်ကိုခေါ်၍ မြောက်ဘက်အရပ်ကို ခရီးထွက်လာခဲ့လေ၏။ လမ်းတွင် သစ်ပင်ကြီးတစ်ပင်ကို လက်နှင့်ပုတ်၍ နတ်တစ်ပါးအား‌ခေါ်ယူ၍ “ကြို့ပင်စုကျေးရွာ ဘယ်မှာရှိလဲ။”ဟုမေးပြီး ထိုနတ်လမ်းပြလိုက်သည့်အတိုင်း လျှောက်လာခဲ့၏။

    ညနေ နေမဆောင်းမီအချိန်၌ ကြို့ပင်စုကျေးတော်ရွာဟု ကမ္မည်းထိုးထားသော ဆိုင်းဘုတ်ကလေးအရှေ့သို့ ရောက်လာခဲ့ကြသည်။ သူရသည် ရွာကိုလှမ်းမျှော်ကြည့်သောအခါ မည်သည့် အမှောင့်ပယောဂကိုမှ မမြင်ရပေ။ စိတ်အတွင်းကနေ ကြို့ပင်စုကျေးတော်ရွာ၏ ရွာတော်ရှင်ကို ပင့်လိုက်ပြီးခဏအကြာ သူရအ‌ရှေ့ကို သျှောင်ထုံးလေးနှင့် မြန်မာဝတ်စုံကိုဝတ်ဆင်ထားသော ကလေးတစ်ယောက်ပေါ်လာလေ၏။

  “အသင်က ရွာတော်ရှင်လား။”

  “ဟုတ်ပါတယ်။ ကျုပ်နာမည်ဖိုးစံထူးပါ။ ဒီကြို့ပင်စုကျေးရွာရဲ့ ရွာတော်ရှင်ပေါ့။ ဆရာတို့က ဘာကိစ္စရှိလို့လဲ။”

    “သင့်အနေနဲ့ ရွာထဲမှာ ပညာသည်အချို့ဝင်ထွက်သွားလာတာ တွေ့မိလား။”

  “ဟင့်အင်း ကျုပ်ရွာကိုဘယ်ပညာသည်မှ မဝင်ဘူး။ ဒါပေမဲ့ ဟိုးကတောင်ပေါ်မှာ ပညာသည်တွေနဲ့ကလေးမလေးတစ်ယောက် ရောက်နေတယ်လို့ ကျုပ်ဦးလေးကပြောတယ်။ ကျုပ်ကိုတောင် ဒီရက်ပိုင်းထဲ တောင်ပေါ်မလာနဲ့အုံးတဲ့ ဒီပညာသည်တွေကအတော်စွမ်းတယ်လို့ပြောတာပဲ။”

“ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တို့ကို သွားခွင့်ပြုပါအုံး။”

  “ဟုတ်ကဲ့ပါဗျ။”

သူရသည် ရွာတော်ရှင်လေးဖိုးစံထူးပြောသည့်အတိုင်း တောင်ဘက်ကိုဦးတည်လျှောက်လာခဲ့၏။ လမ်း၌စောသနှင့်ခွန်းသကို အင်းစမများ အကုန်နှိုးထားရန် မှာကြားလိုက်၏။

  “အင်းတွေက နှိုးထားပြီးပါပြီဆရာ။ ဒါပေမဲ့ ကျွန်တော်တို့ အခုရင်ဆိုင်ရမဲ့ ပညာသည်က ဘယ်လိုအဆင့်မျိုးလဲဆိုတာ သိပါရစေ။”ဟု ခွန်းသကမေးလေ၏။

  “ခွန်းသရေ ဒေါ်ချိုပြောတဲ့ ကဝေသခင်မလေးဆိုတာ တကယ်ရှိတယ်ကွ။ စောသ မင်းသိပ်တွေ့ချင်တဲ့ ကဝေသခင်မလေးကို ငါတို့အခု ပညာပြိုင်ဖို့သွားနေတာပဲ။” ဟု သူရကပြောလိုက်သောအခါ စောသနှင့်ခွန်းသခမျှ ပါးစပ်အဟောင်းသား ဖြစ်သွားရရှာ၏။ ထို့နောက်သူရသည် သူ၏အိပ်မက်အကြောင်းကိုပြောပြ၍ ထိုမိန်းကလေးက ကဝေသခင်မလေးဖြစ်ကြောင်း၊ သူ၏ဘေး၌ရှိသောပညာသည်တွေက ကဝေကြီးတွေဖြစ်ကြောင်း၊ သည်တစ်ခါ ပညာပြိုင်ခြင်းသည် မိမိတို့အသက်ပါ သေနိုင်ကြောင်း ပြောပြလိုက်၏။

  “ကျွန်တော်တို့အနေနဲ့ကတော့ ဒီလိုရက်စက်တဲ့ပညာသည်တွေကို မသုတ်သင်ပြီးခြင်း မသေချင်ဘူးဆရာ။”  ဟု စောသကပြောသလို ခွန်းသကလည်း..

  “အကြောင်းမဲ့ လူပေါင်းများစွာကိုသတ်ဖြတ်ပြီး သူတို့ကအေးအေးလူလူခရီးသွားနိုင်တာကို အံ့ဩတာအမှန်ပဲဆရာ။ ကျွန်တော်သိချင်တာ သူတို့ကဘယ်ကိုခရီးသွားနေတာလဲဆရာ။” ဟု မေးလေ၏။

  “မဟာမြိုင်တောကို။”

  “ဗျာ… သူတို့ကမဟာမြိုင်တောကို ဘာလုပ်ဖို့ရှာနေတာလဲ။ အဲဒီလိုရှာတော့ရောတွေ့မှာမလို့လား။”

  “မဟာမြိုင်တောက အထက်ပုဂ္ဂိုလ်တွေဆီကနေ ကမ္ဘာပျက်တာတောင် မသေနိုင်တဲ့ဆေးကိုတောင်းဖို့ပဲ။ တကယ်တော့ သူတို့အယူတွေလွဲနေကြတာ၊ အဲဒီလိုဆေးမျိုးက မရှိဘူး။ မဟာမြိုင်တောဆိုတာ သူတော်ကောင်းတို့တရားကျင့်ကြံရင်း နောင်ပွင့်မယ့်ဘုရားကို ဖူးမျှော်ဖို့ စောင့်နေတဲ့နေရာ သူတို့လို မိစ္ဆာအတတ်ပညာနဲ့ သူတွေက တွေ့နိုင်မတဲ့လား။ ငါတို့ကိုအထက်ပုဂ္ဂိုလ်ကြီးတွေက ဒီပညာသည်တွေကို ဆုံးမဖို့တာဝန်ပေးလိုက်ပြီ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆုံးမရမှာပဲ” ဟု သူရ၏ အနည်းငယ်မာကြောသွားသောလေသံကြောင့် စောသနှင့်ခွန်းသတို့ ထပ်အံ့ဩမိပြန်၏။ သူရနောက်ကို သူတို့လိုက်ခဲ့သည့်တလျှောက် မည်သည့်လူကိုမဆို၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ရိုင်းစိုင်းတဲ့ပညာသည်ကိုမဆို တည်ညိမ်ကြည်လင်အေးချမ်းလှသော အသံနှင့်သာပြောသောသူရက ယခုအခါ လေသံမာနေသောကြောင့် ဤတစ်ခါပညာသည်များသည် အတော်ကို ယုတ်မာရိုင်းစိုင်းကြသည့် ပညာသည်များဖြစ်မည်ဟု မှတ်ချက်ချလိုက်ကြ၏။

  သူရတို့သည် တောင်ပေါ်ကိုစတင်တက်လာခဲ့ကြတော့သည်။ တောင်ခါးစောင်းသို့မရောက်ခင်အလို၌ သူရသည် သစ်ပင်ပေါ်မှာ နေရာလပ်မရှိအောင် ငုတ်တိုင်ထိုင်နေကြသော မျက်လုံးနီနီ၊ အရိပ်မဲကြီးများနှင့် ပရလောသားများကို တွေ့လိုက်ရ၏။ ရှေ့ဆက်တိုးလာသောအခါ ထိုပရလောကသားများက သစ်ပင်ပေါ်ကနေ ခုန်ဆင်းလာခဲ့ကြသည်။ သူရက ညာလက်ကိုဆန့်တန်း၍ ဝှေ့ရမ်းလိုက်သောအခါ ပ‌ရလောကသားများပျောက်ကွယ်သွား၏။ “ငါတို့လာမှာကို ကြိုသိလို့ သူတို့ပညာနဲ့ဖန်ဆင်းထားတဲ့ ပုံရိပ်ယောင်ပရလောက‌သားတွေပဲ။ သတိရှိရှိနေကြ အခုကစပြီး ငါတို့ဘယ်နားကလာနေတယ်ဆိုတာ သူတို့သိသွားကြပြီ။”ဟု တပည့်နှစ်ဦးကိုသတိပေး၍ ဆက်လက်တက်လာခဲ့ကြ၏။

  သူရတို့တောင်ပေါ်ကိုဆက်လက် တက်လာကြချိန်၌ တရွှီရွှီနှင့် မြွေဆိုးများတွန်သံကို နေရာပေါင်းစုံကနေ ကြားလိုက်ရသောအခါ သူရတို့ဆရာတပည့်သုံးဦး တုံ့ခနဲရပ်သွားကာ အသံများကိုသေချာနားထောင်နေ၏။ စောသသည် သူ၏လွယ်အိတ်ထဲကနေ ပညာအတိုက်ဖျက်အင်းကိုထုတ်၍ ဂါထာစုပ်ကာ လေပေါ်ကိုပစ်တင်လိုက်လေ၏။ ပညာအတိုက်ဖျက်အင်းက လေပေါ်မှာ အစိတ်စိတ်အမွှာမွှာကွဲထွက်လာပြီး အင်းထဲကနေ ရွှေရောင်ပညာစက်များက ဝုန်းခနဲဆိုသလို အရပ်လေးမျက်နှာအား ဖြန့်ကျဲသွားသောအခါ မြွေဆိုးတွန်သံများကို မကြားရတော့ပေ။

  သူရတို့ခြေလှမ်းနှစ်ဆယ်ခန့်လှမ်းအပြီးမှာ ဝတ်ရုံအနက်နှင့် လူနှစ်ယောက်က သူရတို့အရှေ့ကို လေပေါ်ကနေ ဆင်း၍ ရောက်ချလာခဲ့၏။ ထိုဝတ်ရုံအနက်နှင့်လူနှစ်ဦးက ဝတ်ရုံကိုချွတ်ချလိုက်သောအခါ အသက်၅၀ ဝန်းကျင်လူကြီးနှစ်ဦးဖြစ်နေ၏။ သူတို့သည် သစ်ရွက်ခြောက်များကို ကောက်ယူ၍ တညီတညာတည်း ဖြန့်ကျဲချလိုက်သောအခါ သစ်ရွက်များက လင်းနို့အုပ်ကြီးဖြစ်သွားပြီး သူရတို့ဆီတရှိန်ထိုးပျံသန်းလာကြ၏။ စောသနှင့်ခွန်းသက အရှေ့ကိုတိုး၍ အဆင်သင့်ထုတ်ထား‌သော အင်းနှစ်ချပ်ကို ပြန်ပစ်လိုက်သောအခါ အင်းချပ်နှစ်ချပ်က လင်းနို့အုပ်ကြားထဲရောက်သွားပြီး ဝုန်းခနဲဆိုသလို မီးများထတောက်၍ ပြာကျသွားခဲ့၏။

  လူကြီးနှစ်ဦး၏မျက်နှာက ခက်ထန်လာကာ သူတို့၏ ပညာစက်ကိုလက်မှာစု၍ ပစ်လွှတ်လိုက်၏။ စောသနှင့်ခွန်းသက အကာအကွယ်အင်းကို ကိုယ်စီထုတ်ကာ ကာလိုက်သောကြောင့် ကဝေ‌ပညာစက်များက အကာအရံကိုထိ‌၍ ဝုန်းခနဲမြည်ပြီး ပျောက်သွားခဲ့၏။ လူကြီးနှစ်ဦးသည် သူတို့၏ လက်ကိုကိုက်ကာ ကျလာသောသွားများအား နဖူး၌လိမ်း၍ ဂါထာရွတ်လိုက်သောအခါ လေတွေဝုန်းခနဲတိုက်လာ၏။ သူရသည် လေထဲ၌ ပညာစက်များက ဓားတစ်လက်လို ပါနေတာကိုမြင်သွားကာ ‌လက်အုပ်ချီ၍ တစ်စုံတရာကိုရွတ်ဖတ်ပြီး လက်နှစ်ဖက်ကို လူကြီးနှစ်ဦး၏တည့်တည့်ကိုထားကာ ဆောင့်တွန်းလိုက်လေ၏။ လူကြီးနှစ်ဦးက ဝုန်းခနဲဆိုသလို အနောက်ကိုလွင့်သွားပြီး ကျောက်တောင်နှင့်ခေါင်းရိုက်မိ၍ သေဆုံးသွားကြ၏။ တိုက်ခတ်နေသောလေများကလည်း ညိမ်သက်သွားခဲ့၏။ လူကြီးနှစ်ဦး သေဆုံးပြီးခဏအကြာ၌ ငရဲမီးတောက်က ဝါးမျိုသွားခဲ့လေ၏။

  တဖြည်းဖြည်းနှင့် နေရောင်ကွယ်ပျောက်သွား၏။ လပြည့်နေ့ဖြစ်တာကြောင့် လ၏အလင်းရောင်နှင့် သူရတို့အနည်းငယ်မြင်ရသော လမ်းကလေးအတိုင်း လျှောက်လာကြချိန် ဝေါ!!ဝေါ!!ဝေါ!! ဆိုသော တောပြိုသောအသံများကို ကြားရ၍ အသံလာရာသို့လှည့်ကြည့်လိုက်သောအခါ ဧရာမမြွေကြီးများက ခေါင်းပေါ်မှအချွန်တက်ကြီးနှစ်ခုနှင့် သူရတို့ဘက်ကိုလာနေလေ၏။ သူရတို့ကိုမြင်တာနှင့် စတင်တိုက်ခိုက်လေ၏။ သူရသည် လက်ကိုရှေ့ဆန့်ထုတ်ကာ မြွေကြီးများကို တွန်းထုတ်လိုက်၏။ မြွေကြီးများကပြန်ထလာပြီး သူရတို့ကိုအစွယ်နဲ့လှမ်းပေါက်ချိန် စောသနှင့်ခွန်းသက အကာကွယ်အင်းကြီးများကိုထုတ်၍ ကာလိုက်ကြသည်။ မြွေကြီးများက အကာရံကို ကိုယ်လုံးဖြင့်တိုက်လိုက်၊ အမြှီးဖြင့်ရိုက်လိုက်၊ ခေါင်းဖြင့်တိုက်လိုက်နှင့် အကာရံကိုချိုးဖောက်ကြ၏။  သူရသည် လွယ်အိတ်ထဲကနေ ဂဠုန်အရုပ်ကလေးတစ်ရုပ်အားထုတ်၍ ဂါထာမန္တာန်စုပ်ကာ လေပေါ်သို့ပစ်တင်ပြီး ကိုယ်ခွဲဂါထာကို ထက်မံရွတ်လိုက်သောအခါ ဂဠုန်ရုပ်ကနေ ပုံစံတူ အရုပ်များခွဲထွက်၍ တဖြည်းဖြည်းကြီးလာကြ၏။

    ဂဠုန်များကအသက်ဝင်လာကြ၏။ ဂဠုန်တွေကိုမြင်သောအခါ မြွေကြီးများသည် လန့်ဖြန့်သွားကြကာ ပြေးကြလေ၏။ သို့သော် ဂဠုန်များကအလွတ်မပေး၊ သူတို့ခြေသည်းများနှင့်ကုတ်၍ချီကာ လေပေါ်၌ သတ်ဖြတ်လိုက်ကြ၏။ မြွေကြီးများအကုန်ပျောက်သွားချိန် ဂဠုန်တွေလည်းပျောက်သွားကာ ဂဠုန်အရုပ်ကလေးတစ်‌ရုပ်သာ သူရလက်ထဲပြန်ရောက်လာ၏။ သူရတို့သည် ဆက်လက်လျှောက်လာခဲ့၏။ မိနစ်နှစ်ဆယ်ခန့်အကြာ၌ ဂူကြီးတစ်ဂူရှေ့၌ မီးဖို၍ ထိုင်နေကြသော ဝတ်ရုံနက်နှင့် လူနှစ်ဦး၊ အဝါရောင်တောက်လှသော မြန်မာဝမ်းဆက်ကိုဝတ်ဆင်ထားသည့် ကလေးမလေးတစ်ဦးအား တွေ့မြင်လိုက်ကြရ၏။
စောသနှင့်ခွန်းသသည် ဤကဲ့သို့အပြစ်ကင်းစင်သော မျက်နှာနှင့်ကလေးမတစ်ဦးက ကဝေသခင်မလေးတစ်ဦးဖြစ်ကာ ရက်စက်ယုတ်မာရိုင်းစိုင်းသည်ဟု တခြားလူများကိုပြောလျှင် ယုံကြမည်မဟုတ်ကြောင်း တွေးမိလိုက်ကြ၏။

   ကလေးမလေးက သူရတို့ကိုမြင်သောအခါ အံ့ဩခြင်း၊ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းမရှိ၊ အေးစက်စက်နိုင်လာသော မျက်လုံးများနှင့် အသက်မဲ့သောအပြုံးအားပြုံး၍ ထိုင်ရာကနေထလိုက်သောအခါ ဘေးနားကလူနှစ်ဦးကလည်း ထလာခဲ့ကြ၏။ ထိုကလေးမလေးက သူရကိုကြည့်၍…

   “ငါ၏ရှေ့‌မောက်တောင် ရောက်လာနိုင်တဲ့ သင်တို့ကို အသိမှတ်ပြုပါတယ်။ သင်တို့၏ပညာအား အသိမှတ်ပြုသည့်အနေနှင့် ဆုလာဒ်နှစ်ခုပေးသနားမယ်။ သင်တို့၏အသက်အား ငါ့ထံပေးအပ်မလား၊ လာရာလမ်းအတိုင်းလှည့်ပြန်မလား။” ဟု ရှေးသုံးနန်းသုံးလေသံနှင့် သူရကိုကြည့်၍ ပြောလေ၏။ သူရက မျက်မှောင်ကိုကျုံ့လိုက်သည့်အခါ ထိန်ထိန်သာလင်းလျှက်ရှိသောကောင်းကင်က အမှောင်ဖုံးလွှမ်းသွား၏။

  “သင်၏လုပ်ရပ်တွေကို တားပြီး သင့်လိုရက်စက်ယုတ်မာနေတဲ့ ကဝေမတစ်ကောင်ကို ကျွန်ုပ်သုတ်သင်ဖို့ရောက်လာရတာပဲ။ သင့်အနေနှင့် ပညာများကိုအသာတကြည်လှူမလား၊ မချိမဆန့်ဝေဒနာခံစားပြီးမှ လှူမလား ကြိုက်ရာကိုရွေးခွင့်ရှိတယ်။”

  “တယ် ငါလိုသခင်မလေးအား ရိုင်းပြစွာပြောဆိုဝံ့သလားဟေ့၊ ဟဲ့ဘသက်နဲ့စံမြ သည်ငမိုက်သားတွေကို အသေသတ်ကြစမ်း။”

   ထိုကလေးမလေးဆီက အမိန့်ရတာနှင့် ဘေးနားက လူနှစ်ဦးက အစိမ်းရောင်ပညာစက်၊ အနီရောက်ပညာစက်နှင့် ပစ်လေ၏။ သူရက ထိုပညာစက်များကို ညာလက်ပြန်နှင့်ရိုက်ချလိုက်သောအခါ ပညာစက်များက ဘေးကိုလွင့်စင်သွားကာ သစ်ပင်များကိုထိမှန်၍ တဝုန်းဝုန်းမြည်ကာ သစ်ပင်ကြီးများလဲကုန်ကြ၏။ ထိုအခါ ဘသက်နှင့်စံမြဆိုသူတို့က ဂါထာမန္တာန်များကို ကျယ်လောင်စွာရွတ်ဖတ်လိုက်သည်။ ခဏအကြာ၌ အမှောင်ထဲကနေ ‌အပေါ်ပိုင်းခန္ဓာကိုယ်သာပါပြီး အောက်ပိုင်းက အနက်ရောင်အခိုးငွေ့များနှင့် မိစ္ဆာများက လက်ထဲမှာ ဓားကောက်အရှည်ကြီးတစ်ချောင်းကို လက်နှစ်ဖက်ကကိုင်၍ လေပေါ်၌ပျံသန်းကာ ရောက်လာကြ၏။

  ထို့နောက် သူရတို့ဆီကို လေပေါ်၌ပျံသန်း၍လာကြကာ အနားသို့ရောက်တာနှင့် ဓားများလွှဲ၍ခုတ်ပိုင်းကြသည်။ သို့သော် ရွှေအိုရောင်အကာရံများပေါ်လာကာ အကာရံကိုသာ ချွမ်ခနဲမြည်အောင် ထိကုန်ကြ၏။ သူရသည် အင်းတစ်ချပ်ကိုထုတ်၍ လေပေါ်သို့ပစ်တင်လိုက်သောအခါ ဓား၊ လှံ၊ လေး၊ ‌မြှားကိုင်ဆောင်ထားကြသော ဂိုဏ်းစောင့်ပုဂ္ဂိုလ်များက အင်းချပ်ထဲကနေထွက်လာကြပြီး မိစ္ဆာများနှင့် တိုက်ခိုက်ကြ၏။ မိစ္ဆာများက လေပေါ်၌ပျံသန်း၍ တိုက်ခိုက်ကြသလို၊ ဂိုဏ်းစောင့်ပုဂ္ဂိုလ်များကလည်း လိုက်ခံတိုက်ခိုက်ကြ၏။ သို့သော် ဂိုဏ်းစောင့်ပုဂ္ဂိုလ်များက အရေးနိမ့်နေတာကို သူရကမြင်သည့်အခါ စိတ်အတွင်းကနေ နတ်ဘီလူးညီနောင်အား တလိုက်လေ၏။ သူရအရှေ့၌ ခန္ဓာကိုယ်ကြီးမားလှသော နတ်ဘီလူးညီနောင်က ဆူးတင်းပုတ်ကြီးများကိုကိုင်၍ ပေါ်လာခဲ့၏။

  ဘီလူးညီနောင်က အခြေအနေကိုသဘောပေါက်သည့်အလား ဆူးတင်းပုတ်ကြီးနှင့် မိစ္ဆာများကို တိုက်ခိုက်လေ၏။ မိစ္ဆာကိုမထိပဲ မြေပြင်ကိုထိသောအခါ မြေကြီးပင်ကျွံ၍ သိမ့်ခနဲတုန်တုန်သွားလေ၏။ ဘီလူးညီနောင်၏တန်ခိုးဣဒ္ဓိပါဒ်ကြောင့် မိစ္ဆာများ အခိုးငွေ့များအဖြစ် ပျောက်သွားကြ၏။ ထိုအခါ ဂိုဏ်းစောင့်ပုဂ္ဂိုလ်နှင့် ဘီလူးညီနောင်တို့သည့် ကဝေကလေးမလေးနှင့် ဝတ်ရုံအနက်နှင့် လူတို့ဆီကိုပြေးဝင်တိုက်ကြလေ၏။ ဝတ်ရုံအနက်နှင့်လူနှစ်ဦးက ကလေးမလေးရှေ့ကနေ ကာလိုက်ကြကာ ပညာစက်များနှင့် ဂိုဏ်းစောင့်ပုဂ္ဂိုလ်များကို ပစ်လိုက်သောကြောင့် ဂိုဏ်းစောင့်ပုဂ္ဂိုလ်များက မြူမှုန်များအဖြစ်ပျောက်သွားကြလေ၏။ ဘီလူးညီနောင်ကို ပညာစက်နှင့်ပစ်သောအခါ ဘီလူးညီနောင်က တင်းပုတ်များနှင့်ကာ၍ တင်းပုတ်နှင့်ထုလိုက်သည့်အချိန် ကလေးမလေးလက်ကနေ အစိမ်းရောင်ပညာစက်များထွက်လာခဲ့၏။ သူ၏လက်ကိုအပေါ်မြှောက်လိုက်သောအခါ ပညာစက်များက တင်းပုတ်ကိုရစ်ပတ်၍ ဘီလူးညီ‌နောင်ကို ချုပ်ထားလိုက်လေ၏။

  ထိုကလေးမလေးက တွန်းထုတ်လိုက်သောအခါ ဘီလူးညီနောင်သည် အဝေးကိုလွင့်ကာ ပျောက်သွားကြ၏။ ထိုအခါ အနက်ရောင်ဝတ်ရုံနှင့် လူနှစ်ဦးက သူတို့၏ပညာစက်များကို အကုန်စု၍ ပစ်လွှတ်လိုက်၏။ စောသနှင့်ခွန်းသကလည်း အစောတည်းက နှိုးထားသော ကဝေစက်ဖျက်အင်းတော်ကြီးနှင့် လောင်မီးပြာကျအင်းကို ပြန်ပစ်လိုက်၏။ အင်းချပ်များက ကဝေပညာစက်များနှင့် ထိသောအခါ ကဝေပပညာစက်များအကုန်ပျောက်သွားပြီးခဏအကြာ ဝတ်ရုံအနက်နှင့်လူနှစ်ဦးသည် ခန္ဓာကိုယ်မှာမီးများထတောက်လောင်သောကြောင့် အသံနက်ကြီးများနှင့်အော်ကာ ပြာဖြစ်သွားခဲ့ကြ၏။ ကလေးမလေးသည် ထိုသူတို့သေဆုံးသွားတာကို ကြည့်၍ သူရဘက်ကိုအေးစက်စက်မျက်နှာပေးနှင့် ပြန်လှည့်လာ၏။

“သင်တို့ ကျွန်ုပ်လိုသခင်မနဲ့ ပညာပြိုင်ဖို့ထိုက်တန်ပါတယ်လေ။ သင်တို့ပညာက ကျွန်ုပ်ရဲ့ပညာတွေကို ခုခံနိုင်ရင်ခုခံကြည့်ပါအုံး။”

  အထက်ပါအတိုင်းပြောပြီး ထိုကလေးမလေးက သူ၏လက်ကောက်ဝတ်ကို လှပစွာလှည့်ကာ လက်ချောင်းထိပ်များက ပညာစက်များနှင့် တစ်ခုခြင်းစီပစ်လွှတ်နေ၏။ သူရသည် “‌ကဝေ့လက်ချိုးနဲ့ပညာပဲ။”ဟု နှုတ်ကရေရွတ်၍ သူ၏တပည့်နှစ်ဦးအား နောက်ကိုအသာဆွဲ၍ ညာလက်ဖဝါးနှင့် ပညာစက်များကို ကာထားလေ၏။ ကလေးမလေးသည်  မြေကြီးကိုလက်နှင့်ပုတ်၍ တစ်ခုခုအားရွတ်လိုက်သောအခါ မြေကြီးထဲကနေ အစိမ်းရောင်တောက်လှသော ဆူးချွန်များနှင့်နွယ်တွေက သူရဆီကို မြေကြီးထဲကနေ မြုပ်ချည်ပေါ်ချည်နဲ့ တိုးလာလေ၏။ သူရက ညာဖနောင့်ကိုပေါက်ချလိုက်သောအခါ အကုန်ပျောက်သွားလေ၏။ ထိုကလေးမလေးက မဲ့ပြုံးလေးပြုံး၍ သူ၏ဆံပင်ကိုဖြည်ချလိုက်သောအခါ ဆံပင်များက မြေကြီးနှင့်ထိလုနီးပါး‌ရှည်နေ၏။

သူ၏ဆံပင်များကိုလက်နှင့်ကိုင်၍ သူရကိုကြည့်ကာ တစ်ခုခုပြောလိုက်တာနှင့် ဆံပင်များက မြွေအုံလိုက်ကြီးဖြစ်သွား၏။ အမြှီးများက ကလေးမလေးခေါင်း၌ တွယ်ကယ်ပြီး ‌ခေါင်းများက အောက်ကိုတွဲလောင်းကျလျှက်ရှိ၏။ ကလေးမလေးက ခေါင်းကိုခါထုတ်တာနှင့် မြွေများကရှည်သွားပြီး အရှိန်နှင့် သူရထံကို ပါးစပ်ကြီးဟလျှက်ဝင်လာကြ၏။ သူရကညာလက်ကိုဆန့်၍ ဟဲ့ခနဲငေါက်ကာ ပြန်တွန်းလိုက်သောအခါ ဆံပင်များအဖြစ်ပြန်ပြောင်းသွား၏။ ကလေးမလေးသည် မီးဝင်းဝင်းတောက်နေသော မျက်ဝန်းအစုံနှင့် သူရကိုကြည့်၍ လက်သီးဆုပ်၍ဖြန့်ချလိုက်သောအခါ အနက်ရောင်မီးတောက်များက သူ၏လက်၌တောက်လောင်နေ၏။ သူရက ထိုအရာကိုမြင်သည့်အခါ၌” မဟူရာမီးတောက်စက်ပဲ။” ဟုရေရွတ်၍ လွယ်အိတ်ထဲက‌နေ အင်းတစ်ချပ်ကိုထုတ်ပြီး အဆင်သင့်ကိုင်ထားလိုက်၏။

   ခွန်းသ‌နှင့်စောသကတော့ အကာအင်းများကိုတစ်‌ယောက်ကကိုင်၍ သံကဝေရုပ်လေးကို  တစ်ယောက်ကထုတ်ထားကာ သူရအနောက်ကနေ ရပ်ကြည့်နေကြ၏။ ကလေးမလေးသည် မဟူရာမီးတောက်များနှင့် သူရထံကိုအားကုန်လွှဲပစ်လိုက်သောအခါ သူရကလည်း အင်းချပ်နှင့်ပြန်ပစ်လိုက်၏။ အင်းချပ်ကလေးနှင့် မဟူရာမီးတောက်များထိသွားသည့်အခါ အင်းချပ်ကလေးက မဟူရာမီးတောက်များကို စုပ်ယူသိမ်းသွားလေ၏။ ထိုအရာကိုမြင်သောအခါ ကလေးမလေးမျက်နှာ အနည်းငယ်ပျက်ယွင်းသွား၏။

     ဤတစ်ခါ၌သူသည် လက်ကိုနှစ်ဖက်ပူး၍ အဝါရောင်ပညာစက်များကို ထုတ်ကာ သူရထံကိုပစ်လွှတ်၏။ သူရက လက်နှစ်ဖက်နှင့်ကာလိုက်သောအခါ အကာရံတစ်ခုပေါ်လာကာ ဒုန်းခနဲ အသံကျယ်ကြီးမြည်၍ မီးများကလည်းထတောက်သွားခဲ့၏။ ကလေးမလေးသည် မြေပြင်ပေါ်ထိုင်ချလိုက်ကာ ဥုံခံ၍တစ်စုံတရာရွတ်ဖတ်လိုက်သည့်အချိန် သူ၏အနောက်ကနေ မျက်လုံးတစ်လုံးတည်းသာပါပြီး ခန္ဓာကိုယ်က ရာဝင်အိုးမျှရှိသော သဘက်ကြီးတစ်ကောင်က ခရင်းသုံးခွကို ကိုင်၍ ဦးချိုကြီးတကားကားနှင့် ပေါ်လာလေ၏။ သူ၏ခန္ဓာကိုယ်က နီရဲနေကာ အပေါ်ပိုင်းဗလာကျင်းနှင့် အောက်ပိုင်းက အနည်ရောင်အဝတ်စကြီးကို စည်းထားလေ၏။ ထိုသဘက်ကြီးအား သူရမြင်သောအခါ “ငရဲထိန်းကိုဆင့်ခေါ်ပြီး တိုက်ခိုင်းတာပဲ။ ဒါကြောင့်လည်း ကဝေသခင်မလေးလို့ တင်မြှောက်ခံရတာကိုး။” ဟု ပြော၍ မထိတထိပြုံးလိုက်လေ၏။

  ငရဲထိန်းကြီးသည် သူ၏ခရင်းခွနဲ့ သူရဆီကိုလျှင်မြန်လွန်းလှသောအရှိန်နှင့် ပြေးထိုး၏။ သူရကညာလက်နှင့်ကာလိုက်သော်လည်း အကာရံကိုထိုးဖောက်၍ သူရမျက်နှာတည့်တည့်ကို ဝင်လာလေ၏။ သူရလည်း ဝုန်းခနဲဆိုသလိုပျောက်သွားကာ မီးဖိုဘေး၌ အေးအေးလူလူပြန်ပေါ်လာ၏။ “ငရဲထိန်းက အတော်စွမ်းတာပဲ။”ဟု ပြော၍ သူ၏ခေါင်းပေါင်းကိုချွတ်လိုက်သည့်အချိန် ငရဲထိန်းက ထက်မံတိုက်ခိုက်ရန်‌ပြေးလာ၏။ သူရကခေါင်းပေါင်းပုဝါကို ဆောင့်ခါချလိုက်သောအခါ ပုဝါထဲကနေ ဝုန်းခနဲဆိုသလို ရွှေရောင်ပညာစက်က ထွက်‌သွားပြီး ငရဲထိန်းအား  အနောက်ကိုတွန်းထုတ်လိုက်လေ၏။

  ငရဲထိန်းက ပြန်ထလာသည့်အချိန် သူရလည်း ခေါင်းပေါင်းပုဝါကို အရှည်လိုက်အတိုင်း ပစ်လွှတ်လိုက်၏။ ခေါင်းပေါင်းပုဝါထဲ‌ကနေ ရွှေအိုရောင်ကြိုးမျှင်များထွက်လာကာ ငရဲထိန်းတစ်ကိုယ်လုံးကို ရစ်ပတ်ချုပ်နှောင်ပစ်၏။ ထိုအခါကလေးမလေးက သူ၏ဂါထာကို အသံမာမာနှင့်ကျယ်လောင်စွာရွတ်လေ ငရဲထိန်းကပိုမိုရုန်းကန်လေဖြစ်တာကို သူရကသိလိုက်လေ၏။ သူ၏လက်ညိုးထိပ်၌ ရွှေအိုရောင်ပညာစက်သေးလေးစုကာ ထိုကလေးမလေးတည့်တည့်ပစ်လွှတ်လိုက်သောအခါ ကလေးမလေးက ကိုယ်ကိုယ်တစ်ပတ်လှည့်၍ရှောင်လိုက်သောကြောင့် ဘေးကိုထိမှန်သွား၏။ သို့သော် ဂါထာရွတ်တာရပ်သွားသောအခါ ငရဲထိန်းကပျောက်ကွယ်သွားလေ၏။

ထိုအခါကလေးမလေးသည် ဒေါသတွေအင်မတန်ကိုထွက်လာကာ သူ၏လက်ထဲကိုအရောင်မျိုးစုံနှင့် ပညာစက်များစုနေလေ၏။ ကလေးမလေးက ပညာစက်များစုနေချိန် လေများက ဝေါခနဲဝေါခနဲတိုက်ခိုက်လာ၏။ သူရက အခြေအနေကိုသဘောပေါက်ကာ ခွန်းသထံက သံကဝေရုပ်နှင့် သူ၏လွယ်အိတ်ထဲက နဂါးပတ်ကျော့ကွင်းကိုထုတ်ထားလိုက်၏။ ထို့နောက်ကဝေအချုပ်အင်းတော်ကြီးကိုပါ အရန်သင့်ထားထား၏။ ကလေးမလေးက ပညာစက်များအကုန်စုပြီးသောအခါ အရောင်အသွေးစုံလင်လှသည့် ပညာစက်လုံးကြီးနှင့် သူရထံကိုပစ်လွှတ်လိုက်၏။ ကဝေပညာစက်လုံးကြီး ပျံဝဲလာသည့်တလျှောက်ဘေးပတ်ဝန်းကျင်မီးလောင်ပြာကျကာ မြေကြီးပင်ကွဲအက်လာခဲ့သည်။ သူရကသံကဝေရုပ်လေးကို ပြန်ပြစ်လိုက်သောအခါ မီးကိုရေနှင့်ငြိမ်းလိုက်သလို သံကဝေရုပ်ထဲကနေ ရွှေရောင်ပညာစက်တွေထွက်လာကာ ကဝေပညာစက်လုံးကြီး ချိုးဖျက်ပြစ်လိုက်လေ၏။

  ကဝေပညာစက်လုံးကြီးပျောက်သွားချိန်၌ သူရက နဂါးပတ်‌ကျော့ကွင်းနှင့်ကလေးမလေးကိုပစ်ကာ ကဝေအချုပ်အင်းတော်ကြီးနှင့်ပါ ထက်မံပစ်လွှတ်လိုက်၏။ ကလေးမလေးသည် လှုပ်မရပြုမရနှင့် တောင့်တောင့်ကြီးမတ်တပ်ရပ်နေချိန် သူရက အနားကိုလျှောက်သွားကာ ညာလက်ဖဝါးနှင့် ကလေးမလေးငယ်ထိပ်ကိုအုပ်မိုး၍ ဂါထာတစ်ပုဒ်ရွတ်လိုက်၏။ ကလေးမလေးကိုယ်ထဲကနေ အမဲရောင်အငွေ့တွေထွက်လာသည့်အခါ ချုပ်ထားသမျှဖြည်ပေးလိုက်တာနှင့် ကလေးမလေးက အဝါရောင်ကဝေပညာစက်ဘူးကို အန်ချလိုက်လေ၏။ သူရက ကဝေပညာဘူးကိုကောက်၍ လွယ်အိတ်ထဲထည့်ကာ ကလေးမလေးကိုကြည့်မိသောအခါ ဆံပင်များဖြူဖွေးလာပြီးအသားအရေများ ရွတ်တွလာကာ ‌တဖြည်းဖြည်းနှင့်အရိုးစုသဏ္ဍန်ပြောင်း၍ ပုံလျှက်သားမြေပြင်မှာ စုကြသွားလေ၏။  သူရသည် ထိုအရာကိုကြည့်၍ “သဗ္ဗေသတ္တာ ကမ္မသကာ။” ဟု ရေရွတ်ပြီးသည့်နောက် ထိုတောင်ပေါ်မှဆင်း၍ နောင်တစ်နေရာသို့ တပည့်နှစ်ဦးနှင့်အတူ ထွက်လာခဲ့လေတော့သတည်း။

~~~~~
ပြီးပါပြီ။

#စာပေချစ်သူများအားလေးစားလျှက်
#မိုးထွန်း(မကွေး)