မဖဲဝါပေးသောအရုပ်

နေရဘူးဆိုပဲ။အဲ့ဒါ မနေရဲတော့လို့ ညတွင်းချင်းအမျိုးတွေအိမ်ကိုပြောင်းပြေးရတာတဲ့ဟဲ့ တာတီးရဲ့”

“ဟင်….ဟုတ်လားဗျ။အဲ့ဒါတော့ကျွန်တော်မသိလိုက်ဘူး။နို့ ကိုထိုက်က ဘယ်နေ့ကရက်လည်တာတုန်းဗျ။ဘာရောဂါနဲ့ဆုံးသွားတာတုန်း ဒေါ်လေးရဲ့”

“တစ်နေ့ကရက်လည်တာလေ။ဆုံးတာကတော့ သင်္ချိုင်းကဖြတ်အပြန် ဇက်ကျိုးပြီးဆုံးတယ်ဆိုပါတော့အေ။မူးမူးရူးရူးနဲ့လေ။ပါးစပ်က ဘာတွေမဟုတ်သုတ်ခပြောပြီး သရဲ၊တစ္ဆေတွေကိုစိန်ခေါ်ခဲ့သလားမှမသိတာ။ပါးမှာ လက်ဝါးရာကြီးတွေလည်း အထင်းသားတဲ့”

“ဟုတ်တယ်ဗျ။ကိုထိုက်ကလည်း မူးလာရင်လွှတ်သွေးဆိုးတာရယ်။ဘုရား ဘုရားမှန်းမသိ။မိဘ မိဘမှန်းမသိတော့ဘူး။စော်ကားတာဗျ။ကောင်းရင်တော့လည်း ပြောစရာကိုမရှိပါဘူးဗျာ။ဖအေ မအေနဲ့ကူဖော်လောင်ဖက်ရသားဗျို့။ငါးရှာဖားရှာထွက်တဲ့အခါ ကိုထိုက်ကို ကျွန်တော်တွေ့သား ဒေါ်လေးရဲ့။ဒါပေမယ့် သင်္ချိုင်းမြေက အမှားမခံဘူးလေ။မရိုသေ့အမူအရာတို့ စကားအပြောအဆိုကြမ်းတာတို့ဆို အသက်အန္တရာယ်ကိုထိခိုက်နိုင်တာမို့လား။ပရလောကနယ်ဆိုတော့လည်း ကြမ်းတမ်းတာပေါ့ဗျာ”

ကျွန်တော်ပြောတော့ ဒေါ်လေးစန်းငွေက ခေါင်းတဆတ်ဆတ်ညိတ်တယ်ဗျ။ကိစ္စဝိစ္စတွေပြီးသွားတော့ ကျွန်တော်လည်း အိမ်ပြန်ပြီး နားနားနေနေနေလိုက်တာပေါ့ဗျာ။
နောက်နေ့နေ့လည်ရောက်တော့ ကျွန်တာ့်ဆီကို မောင်ထွန်းဆိုက်ချလာတယ်ဗျို့။

“ဗျို့…ကိုတာတီး”

“ဟေ”

“အမယ်….နှပ်လို့ကောင်းပါလားဗျ။ဆေးလိပ်ကလေးတဖွာဖွာနဲ့”

ကျွန်တော်လည်း လှဲနေရာက ထ,လိုက်တယ်ဗျ။

“မနှပ်ပါဘူး မောင်ထွန်းရာ…..မနေ့ကမုန့်ဆမ်းတွေလုပ်ရလို့
နဲနဲပင်ပန်းထားလို့ပါကွ။လာ လာ ထိုင်။ရော့…ဆေးလိပ်သောက်ချင်သောက်။မယ်ခွေကွ”

မောင်ထွန်းက ကျွန်တော့်နားမှာထိုင်ချလိုက်ပြီး ပြာခံခွက်ထဲက
မယ်ခွေဆေးလိပ်အသစ်ကိုနှိုက်ယူလိုက်တယ်။ပြီးတော့ သူ့အိပ်ကပ်ထဲကမီးခြစ်ကိုထုတ်ပြီး ဆေးလိပ်ကိုညှိတယ်ဗျ။
ပြီးတော့ ဖွာလိုက်တယ်။
ကျွန်တော်ကတော့ ဆေးလိပ်သမားမဟုတ်ဘူးဗျ။ကွမ်းသမားလည်းမဟုတ်ဘူး။အလုပ်ပန်းတဲ့အခါတို့ တွေးတောရတဲ့အခါတို့လောက်မှပဲ အဖြစ်လောက်သောက်တတ်တာဗျ။
ခါတိုင်းဆိုတော့ ထန်းလျက်ဝါးတယ်။လက်ဖက်စားတယ်။
အကြမ်းသောက်တယ်။ဒီလောက်ပဲရှိတာဗျ။

“ကဲ….ကိုယ်တော်ချော…ငါ့ဆီလာတာအကြောင်းရှိလား။အလည်သက်သက်ပဲလားကွ”

“လမ်းကြုံလို့ဝင်လာတယ်ဆိုပါတော့ဗျာ။နောက်ပြီး ပြောစရာအကြောင်းလည်းရှိလို့ဗျ”

“ဟေ….ဟုတ်လား။ဘာများတုန်းကွ ပြောစမ်းပါဦး”

မောင်ထွန်းက မယ်ခွေဆေးလိပ် တစ်ချက်ဖွာသေးဗျ။

“ကိုထိုက်ကြီး မနေ့တနေ့ကရက်လည်တာကို ကိုတာတီးသိတယ်မို့လားဗျ”

“အေး….သိတယ်ကွ။မနေ့က ဒေါ်လေးစန်းငွေပြောလို့ ငါ သိပြီးသွားပြီ။သူ့မိသားစုကို မကျွတ်ပဲခြောက်လှန့်နေလို့ ညတွင်းချင်းပြောင်းပြေးရတယ်ဆိုပဲကွ။ဟုတ်လား”

“ဟုတ်တယ်ဗျို့။သူ့မိသားစုတင်မကဘူး။ဘေးအိမ်တွေကိုပါခြောက်တာဗျ။ကိုထိုက်ကြီးတို့အိမ်က ကျွန်တော်တို့နဲ့တစ်လမ်းတည်းလေဗျာ။ခြောက်အိမ်လောက်ပဲခြားတာ။တစ်ခုခုဆို ကြားနေမြင်နေရတာပဲဗျ”

“အေးကွ….ဆက်ပြောစမ်းပါဦး”

“ဘေးအိမ်က ထရံ၊ကြမ်းပြင်တွေကို ‘တဘုတ်ဘုတ်’ရိုက်တာဗျ။တံခါးတွေကိုလည်း’တဘုန်းဘုန်း’ထုတာ။တခါခါ ခေါင်မိုးပေါ်တွေကိုခုန်ချတာဗျို့။’အုန်းခနဲ’ ‘အုန်းခနဲ’နေတာဗျ။အသံမှအကျယ်ကြီးပဲ။သူ့အိမ်က ကုက္ကိုပင်ဆိုလည်း ညညဆို အရွက်လှုပ်သံ ကြွေသံတွေ အကိုင်းကျိုးကျသံတွေ ‘တဖျောင်းဖျောင်း’ကြားရတာတဲ့ဗျ။ဘိုးရင်မောင်တို့ဆို လွှတ်လန့်ကြတာတဲ့ ကိုတာတီးရ။ကိုထိုက်တို့အိမ်နဲ့ဘိုးရင်မောင်တို့က ခြေရင်းခေါင်းရင်းကပ်ကပ်လေးတွေလေဗျာ။အဲ့ဒါသူတို့လည်း ကြောက်လန့်ပြီးမနေရဲတော့နဲ့အိမ်နီးချင်းတွေနဲ့တိုင်ပင်ပြီး ဒီနေ့မနက် ဆရာတစ်ယောက်ပင့်ပြီး ကိုထိုက်သရဲကိုနှင်ကြတယ်ဗျ။ဆရာက ဘိုးရွှေအေးတဲ့”

“အင်း….အဲ့တော့ ကိုထိုက်က ထွက်သွားရောလားကွ”

“အာ….ဘယ့်နှယ့်ထွက်ရမှာတုန်းဗျ။ဘိုးရွှေအေးခမျာ အိမ်ထဲရောက်လို့ အိမ်အနောက်က’ကုက္ကိုပင်’ကိုကြည့်ရုံရှိသေး
‘အားခနဲ’တစ်ချက်အော်ပြီး ‘အုန်း’ဆို ခြံထဲကနေခြံပြင်ကို
မှောက်ခုံကြီးလွင့်ထွက်သွားတာဗျ။ကျွန်တော်တို့ဆို ရင်တွေပါတုန်တယ်။လွင့်သွားတဲ့အကွာအဝေးက နည်းတာမှမဟုတ်တာ
ဗျာ။ပေခြောက်ဆယ်လောက် အနည်းဆုံးရှိတာဗျ”

“ဟာ….ဒါဆို မောင်ထွန်းရ….ဆရာက ဘာဖြစ်သွားတုန်းကွ”

“သေသွားတာပေါ့ဗျာ။ပါးစပ်ကြီးပြဲ မျက်လုံးကြီးပြူးပြီး….
ဦးနှောက်ပါပွင့်ထွက်သွားတာဗျ။သွေးတွေဆိုတာ လမ်းမမှာမြင်မကောင်းပါဘူးဗျာ။အိုင်နေတာ။ဘိုးလှိုင်မင်းလည်း ဆရာ့မိသားစုတွေကိုအကြောင်းကြားပြီး ရွာသင်္ချိုင်းမှာပဲ ခပ်မြန်မြန်သင်္ဂြိုလ်လိုက်ရတာဗျ”

“အင်း….မင်း ငါ့ကိုပြောစရာရှိတယ်ဆိုတာက ဒီဆရာအကြောင်းလားကွ”

“အာ…..မဟုတ်ဘူးဗျ။ပြောစရာက ခုမှပြောမှာ။ကိုထိုက်သရဲကို ကိုထိုက်အမေ ဒေါ်မြင့်စန်းက ခေါ်ခဲ့တာတဲ့။သင်္ချိုင်းကသစ်ခက်ကိုချိုးပြီး ကိုထိုက်မြေပုံကို ပုတ်ခေါ်ခဲ့တာတဲ့ဗျ”

“ဟေ…..ဟုတ်လားကွ”

“ဟုတ်တယ်ဗျ ကိုတာတီးရ။ဘိုးရင်မောင်ကိုယ်တိုင်မြင်တာတဲ့။သူတို့ခြံနောက်က ကုက္ကိုပင်မှာ ကိုထိုက်နာမည်ကိုခေါ်ပြီး ဒေါ်လုံးက အမဲသားအတွဲလိုက်ချကျွေးတာတဲ့။ပြိုက်ခနဲ ပြိုက်ခနဲတဲ့ဗျာ။ကုန်သွားတာ။ဘိုးရင်မောင်မျက်စိရှေ့တင်ပဲ နှီးပဲကျန်တော့တာတဲ့ဗျို့”

“အင်း….လူတွေကလည်းခက်သားကွ။ပရလောကဘုံဘဝကို တို့လူတွေလိုပဲထင်နေသလားမသိဘူးကွာ။သူတို့စိတ်ထင်ရင်ထင်သလို ခေါ်ထားလိုက် ကျွေးလိုက်မွေးလိုက်နဲ့။နောက်ကျတော့လည်း ကိုယ့်ရှုးကိုယ်ပြန်ပတ်တာချည်းပဲလေ။ခု ဒေါ်မြင့်စန်းခေါ်လာတဲ့သရဲကလည်း ကိုထိုက်ဖြစ်ချင်ဖြစ်မယ်။ဒါမှမဟုတ် သင်္ချိုင်းက ဖုန်းဆိုးသရဲတစ်ကောင်လည်းဖြစ်နိုင်တာပဲကွ။
ကိုထိုက်က အမျှအတန်းရလို့ ကျွတ်လွတ်သွားမယ်ကွာ။ဒါကို ဒေါ်မြင့်စန်းတို့ မြေပုံမှာခေါ်တော့ ကိုထိုက်နေရာမှာ တခြားသရဲတစ်ကောင်က အစားဝင်လိုက်သွားတာမျိုးပေါ့ကွာ”

“အင်းဗျ။ကိုတာတီးပြောတာလည်းဖြစ်နိုင်တာပဲ။အခြားသရဲတစ်ကောင်က ကပ်လိုက်လာတာဖြစ်မယ်ဗျ”

“အင်း…..တစ်ခုခုဆို ဃဂနဏမသိပဲ ဘာမှမလုပ်တာအကောင်းဆုံးပဲ မောင်ထွန်းရေ။သရဲ၊တစ္ဆေဆိုတာ ကျွေးမှန်းသိရင်ကပ်တယ်ကွ။နောက်လည်းစားရမှ။စားပြီးရင်းလည်းစားချင်နေရောဟေ့။ရလေလိုလေ အိုတစ္ဆေဆိုတာပေါ့ကွာ။ကြာလာတော့အရိုင်းစိတ်တွေဝင်လာတယ်။လူတွေသတ်မယ်။တိရစ္ဆာန်တွေသတ်မယ်။စားရဖို့ဆို ရွာလုံးကျွတ်သတ်ရဖို့ကိုတောင် ဝန်လေးကြမှာမဟုတ်တော့ဘူးကွ။အကုသိုလ်တွေအားကြီးသွားတာပေါ့ကွာ။ကဲ…ခု သူတို့ဒီလိုလုပ်တာကလည်း
ကြာလာရင် ခု ငါပြောသလိုဖြစ်မလာနိုင်ပါဘူးလို့ ဘယ်သူပြောနိုင်မလည်း။ဒါတောင် မနက်က ဆရာတစ်ယောက်ကိုသတ်လိုက်တာ မင်းအမြင်ပဲမို့လား။အကုသိုလ်မနဲဘူးကွ”

“ဒီကိစ္စကို ကိုတာတီးဘာမှမပူနဲ့တော့။ဘိုးဘကုန်းကူညီမယ်တဲ့ဗျ။သရဲကိစ္စ သူ့တာဝန်ထားတဲ့။မနက်ကျ ဘာမှမဖြစ်စေရတော့ဘူးတဲ့ဗျ”

“ဟေ….ဟုတ်လားကွ။နို့ ဘိုးဘကုန်းက ဆရာမှမဟုတ်တာပဲ မောင်ထွန်းရ။သူက ဘယ်လိုဖြေရှင်းပေးမှာတုန်း”

“ဒါတော့ ကျွန်တော်လည်းမသိဘူးဗျို့။အခြေနေကိုစောင့်ကြည့်ရမှာပဲဗျ။မနက်ဖန်အခါကျတော့ ကွဲကွဲပြားပြားသိရမှာပေါ့ဗျာ”

မောင်ထွန်းပြန်သွားတယ်ဗျ။
ဘိုးဘကုန်းကတော့ ကျွန်တော်တို့နဲ့သိတယ်။သရဲ၊တစ္ဆေပူးတာတို့ ကပ်တာတို့ အနှင်အထုတ်ကိစ္စတွေနဲ့ပက်သက်ပြီးတော့ဘိုးဘကုန်းဖြေရှင်းတာတော့ ကျွန်တော်မတွေ့မိဘူးဗျ။တစ်ခါကတော့ ဘိုးဘကုန်းကပြောပြသား။သူငယ်ငယ်အသက်(၂၂)လောက်က ထန်းပင်ကသရဲဆိုးတစ်ကောင်နဲ့နပန်းဖက်လုံးခဲ့ရတယ်တဲ့ဗျ။
သူတို့ရွာ မဲကြီးနဲ့ငနဲချောင်းနှစ်ရွာကြားက လှည်းလမ်းရဲ့ဘေးက ထန်းပင်ကြီးမှာနေတာတဲ့။သရဲကြီးတဲ့ဗျ။ခန္ဓာကိုယ်က
ပင်စည်ကြီးနှစ်ခုစာလောက်ရှိတာတဲ့။အသားကမည်းနက်ပြီး
မျက်လုံးနှစ်လုံးက လင်ဗန်းကြီးနှစ်ချပ်စာလောက်ရှိတာတဲ့ဗျာ။လှည်းသွားလှည်းပြန်တွေနဲ့ရွာနှစ်ရွာခရီးသွားတွေကို
နေ့ရောညရောခြောက်တာတဲ့။ဗလကောင်းတဲ့ယောကျာ်းတွေဆို နပန်းဖက်လုံးတာဆိုပဲဗျ။တစ်ချို့ဆိုသရဲမြင်ပြီး အသက်ပါထွက်သတဲ့ဗျာ။သတ္တိနဲတဲ့သူတွေနဲ့လိပ်ပြာငယ်တဲ့မိန်းမသားတွေဆို အစုလိုက်ဖွဲ့သွားမှ သွားရဲကြတာတဲ့။
တစ်နေ့တော့ ဘိုးဘကုန်းက ထန်းပင်ကသရဲဆိုးကိုပညာပေးမှဖြစ်တော့မယ်ဆိုပြီး ညကြီးမင်းကြီးအချိန် ရွာနှစ်ရွာလှည်းလမ်းကိုထွက်ခဲ့တာတဲ့။ထန်းပင်ဆီရောက်တော့ သရဲကဆင်းလာပြီး ဘိုးဘကုန်းကို နပန်းလှိမ့်လုံးတာတဲ့ဗျို့။လက်သီးနဲ့လည်းသူတပြန်ငါတပြန်ထိုးကျတာတဲ့ဗျ။’ခွပ်ခနဲ’ ‘ခွပ်ခနဲ’တဲ့ဗျို့။လူကိုထိုးနေရသလိုပဲတဲ့။
လှံနှစ်ပစ်လောက်ကြာတော့ ဘိုးဘကုန်းက သရဲကိုခဏရပ်ခိုင်းပြီး တစ်ဖက်ရွာငနဲချောင်းကိုသွားတယ်တဲ့ဗျ။သရဲကိုလည်း ပြန်လာရင်နပန်းဆက်လုံးပါ့မယ်လို့ ကတိပေးခဲ့ရတာတဲ့။ကတိမတည်ရင် ရွာပျက်အောင်ဖျက်ပစ်မယ်လို့ သရဲကြီးက ဘိုးဘကုန်းကိုမှာလိုက်သေးတယ်တဲ့ဗျို့။
ဘိုးဘကုန်းလည်း ငနဲချောင်းသွားပြီးပြန်လာတယ်။အထက်လမ်းဆရာတစ်ယောက်ဆီမှာ ‘ချည်မန်းကွင်း’သွားစီရင်ခိုင်းတာဆိုပဲဗျ။သရဲကိုဖမ်းဖို့ဆိုပဲ။နောက်တော့ ချည်မန်းကွင်းကို ဘိုးဘကုန်းခါးပုံစထဲထည့်ပြီး ကတိအတိုင်း သရဲနဲ့နပန်းဆက်လုံးတာတဲ့။ကွမ်းတစ်ညက်လောက်အကြာ သရဲကြီးအောက်ဘက်အရောက်မှာ ခါးပုံစထဲကချည်မန်းကွင်းကိုထုတ်ပြီး သရဲလည်ပင်းကိုစွပ်လိုက်သတဲ့ဗျို့။
အဲ့ဒီမှာပဲ သရဲကြီးက ဆိတ်သိုးကြီးပုံစံပြောင်းသွားတာတဲ့ဗျာ။
ဘာမှမသိတော့ဘူးတဲ့ဗျ။တစ်ကယ့်တိရစ္ဆာန်တစ်ကောင်အတိုင်းပဲတဲ့။နောက်တော့ ဆိတ်သိုးကို ဆိတ်ကျောင်းသားတစ်ယောက်ကို စျေးပေါပေါနဲ့ရောင်းလိုက်တယ်ဆိုပဲဗျ။
ဒီအကြောင်းကတော့ ဘိုးဘကုန်း တစ်ခါကပြောပြထားတာပါဗျာ။ကြာတော့ကြာပြီဗျ။ဟုတ်မဟုတ်တော့ ကျွန်တော်မသိဘူးလေဗျာ။အနန္တစကြာဝဠာကြီးထဲမှာ ထူးထူးဆန်းဆန်းအဖြစ်အပျက်တွေ ကျိန်းသေရှိနေမှာကိုတော့ ကျွန်တော်ယုံတယ်ဗျ။
ညနေကျတော့ ရွာဦးကျောင်းကိုကျွန်တော်သွားတယ်။
ထမင်းခြောက်ဗူးတွေသွားပို့တာလေဗျာ။ဘဘုန်းနဲ့ဦးဇင်းတွေ ကိုရင်တွေက ထမင်းခြောက်တော့လွှတ်ကြိုက်တာဗျ။ဆီနိုင်နိုင်နဲ့ဖွထားတဲ့ထမင်းခြောက်ကို ဆွမ်းဘုဥ်းပြီးတဲ့အခါတို့ နေ့လယ်နေ့ခင်းနဲ့ညတွေမှာ အရသာခံပြီး တကျွတ်ကျွတ်ဝါးကြတာဗျ။အချိုပွဲတွေကျသိပ်မဘုဥ်းဘူး။ထမင်းခြောက်ကုန်သွားတာနဲ့ကျောင်းသားဖိုးစည်ကိုလွှတ်ပြီး ကျွန်တော့်ကိုပို့ခိုင်းတော့တာဗျို့။ကျွန်တော့်အဖွားထမင်းခြောက်လုပ်တာကို ‘ညသန်းခေါင်ယံ မီးဖိုထဲကတစ္ဆေ’ဆိုတဲ့ဝတ္ထုမှာ ကျွန်တော်ရေးပြထားတယ်လေဗျာ။အပူဓာတ်ရတဲ့အချိန်တွေဆို ထမင်းတွေကိုရေနဲ့သန့်ပြီး အခြောက်ခံလှန်းရတာဗျ။

“ဟ….တာတီးလာပြီကွ။ကာရုညရေ….မင်းနောင်တော်ကြီးရောက်ပြီဟေ့”

ရွာဦးကျောင်းရှေ့ကျွန်တော့်လှည်းဆိုက်တော့ ထင်းဖြတ်နေတဲ့ဦးဇင်းသောတက လှမ်းအော်တယ်ဗျ။ခဏနေတော့ ဦးဇင်းတေဇာနန္ဒနဲ့ညီကိုရင်လေးထွက်လာတယ်။လှည်းပေါ်ကထမင်းခြောက်တွေကို တစ်ယောက်တစ်ဗူးယူသွားတယ်ဗျ။
ကျွန်တော်လည်း ဦးဇင်းတွေကိုပြုံးပြလိုက်ပြီး ကျန်တဲ့တစ်ဗူးကိုသယ်လိုက်တယ်။ပြီးတော့ စားဖိုဆောင်ထဲကိုထည့်ပြီး လှည်းကို ကျောင်းထဲခဏထည့်ထားလိုက်တယ်ဗျ။
ကျွန်တော်လည်း ရွာဦးကျောင်းကို အလှူအတန်းရှိတဲ့ရက်တွေနဲ့စနေနေ့ဆွမ်းပို့တဲ့နေ့ကလွဲပြီးသိပ်မရောက်ဖြစ်တော့ ရောက်တုန်းရောက်ခိုက်လေး နေသွားဦးမှာပေါ့ဗျာ။ဦးဇင်းတွေနဲ့လည်း စကားမပြောဖြစ်တာကြာပြီဗျ။

“ဟေ့…တာတီးရေ….တာတီး”

ထင်းဖြတ်နေတဲ့ဦးဇင်းသောတက ကျွန်တော့်ကိုလှမ်းခေါ်တယ်ဗျ။ကျွန်တော်လည်း ပြတင်းပေါက်ကနေခေါင်းပြူလိုက်ပြီး…..

“ဗျို့ ဦးဇင်း….တပည့်တော်ကိုခိုင်းစရာရှိလို့လားဗျ”

“အေး….ဒီမှာ မင်းအဘ ဘယက္ခကို ထမင်းနဲ့ဟင်းနဲ့ထည့်ပေးလိုက်စမ်းပါကွာ။သူ့စားမြိန်ထုပ်ကို ငနီနဲ့ငညိုကစားသွားလို့တဲ့ဟေ့။ဗီရိုထဲမှာ နွှေးထားတဲ့ကြက်သားတစ်ခွက်နဲ့ငါးဆုပ်တစ်ခွက်ရှိသေးတယ်ကွ။ကြည့်ကြပ်ထည့်ပေးလိုက်ကွာ”

“တင်ပါ့ တင်ပါ့ဘုရား…..တပည့်တော်ထည့်ပေးလိုက်မယ်”

ကျွန်တော်လည်း စားဖိုဆောင်ထဲဝင်ပြီး ဘယက္ခအတွက်ထမင်းထည့်ပေးတယ်။ထမင်းများများနဲ့ကြက်သားနှစ်တုံး ငါးဆုပ်တစ်တုံးဗျ။ဇလုံနဲ့ထည့်ပြီး ကျွန်တော်လည်း ကျောင်းရှေ့ထွက်သွားလိုက်တယ်။ဘယက္ခက ကျောင်းခြံစည်းရိုးအပြင်က မဲဇလီပင်ကြီးနားမှာဗျ။အဲ၊ခင်ဗျားကို ကျွန်တော်ပြောပြရဦးမယ်။ဘယက္ခက သုသာန်စောင့်သုဘရာဇာကြီးဗျ။
အသက်(၆၀)လောက်ရှိပြီ။တစ်ကိုယ်လုံးမှာ ကျောက်ပေါက်တွေနဲ့ရယ်ဗျ။တစ်ခေါင်းလုံးဆွတ်ဆွတ်ဖြူနေတဲ့ဆံပင်တွေဆိုတာလည်း ဘုတ်သိုက်ကြီးဗျာ။ခါးကကိုင်းကိုင်းရယ်ဗျ။
တစ်ရွာလုံးကတော့ ဘယက္ခကို အသုဘကိစ္စတွေကလွဲပြီး
သိပ်ပြီးဆေးဖော်ကြောဖက်မလုပ်ကြဘူး။ဘယက္ခကိုကျဥ်ကြတာဗျ။ကျွန်တော်နဲ့မောင်ထွန်းလောက်ပဲ ခေါ်ခေါ်ပြောပြောရှိကြတာလေ။ဘယက္ခကို။အမေတို့ကတော့မကြိုက်ကြဘူးဗျ။
မသွားနဲ့မပေါင်းနဲ့ချည်းပြောတာဗျ။ဘယက္ခနဲ့ပေါင်းရင်နူလိမ့်မယ်တဲ့။ကျွန်တော်ကတော့ အဲ့ဒီအယူတွေမရှိပါဘူးဗျာ။လူကိုလူလို့ပဲသတ်မှတ်တယ်ဗျ။ဘယက္ခ ဒီလိုဘဝရောက်ရတာလည်း ကံအကြောင်းမလှလို့ရောက်ရတာလေ။ဘယ်သူကရောက်ချင်မှာတုန်းဗျာ။နောက်ပြီး ဘယက္ခမှာ ကျောက်ပေါက်တွေပေါက်တာက သူ့အသက်(၃၀)အရွယ်မှာ ဆရာဆေးပေးမှားလို့ဖြစ်လာတာတဲ့ဗျ။မွေးရာပါမဟုတ်ဘူးဆိုပဲ။ဒီကျောက်ပေါက်တွေကြောင့်ပဲ ဘယ္ခကို ရွာကလက်မခံတော့လို့
သူ့အဖေနဲ့အမေက ရင်နာနာနဲ့သင်္ချိုင်းကသုဘရာဇာကြီးဆီအပ်လိုက်ရတာတဲ့ဗျာ။တွေးကြည့်ရင်တော့စိတ်မကောင်းစရာဗျ။အဲ၊ခုနက ဦးဇင်းသောတလှမ်းပြောတဲ့ ဘယက္ခစားမြိန်ထုပ်ကိုစားသွားတဲ့’ငနီ’နဲ့’ငညို’ဆိုတာက လူတွေမဟုတ်ဘူးဗျ။သရဲတွေ။ဘယက္ခက သင်္ချိုင်းစောင့်သုဘရာဇာဆိုတော့ နာနာဘာဝလောကသားတွေနဲ့အဆက်အသွယ်ရှိမှာပေါ့ဗျာ။

“ဟင်….ဘယက္ခဘယ်ရောက်သွားတာတုန်း”

ဘယက္ခနား ကျွန်တော်မရောက်တရောက်မှာ ဘယက္ခကပျောက်သွားတာဗျ။ကျွန်တော်လည်း အမြင်မှားတာများလားလို့တွေးပြီး မျက်လုံးပွတ်ပြီး ပြန်ကြည့်ကြည့်တယ်ဗျ။
ဟုတ်တယ်ဗျ။ကျွန်တော့်ရှေ့မှာ ဘယက္ခမရှိတော့ဘူး။ဘေးဘီတွေကို ကျွန်တော်ကြည့်ကြည့်တယ်။ဘယ်မှာမှမတွေ့ဘူးဗျ။ကျောင်းထဲမှာလည်းမရှိဘူး။အမှောင်လာလို့ထင်းဖျက်သိမ်းလိုက်ကြတဲ့ ဦးဇင်းတွေပဲတွေ့တယ်ဗျ။
ကျွန်တော်လည်း တစ်ချက်အတွေးရှုပ်သွားတယ်။ကြက်သီးတွေလည်း ထလာတယ်ဗျ။နောက်တော့ ဘယက္ခ သင်္ချိုင်းထဲပြန်သွားတာဖြစ်မယ်လို့တွေးပြီး ထမင်းပန်းကန်ပေးဖို့သင်္ချိုင်းဘက် ကျွန်တော်ထွက်ခဲ့တယ်ဗျ။မှောင်ကလည်းမှောင်နေပြီပေါ့ဗျာ။ကြယ်ရောင်တောင် မှိန်မှိန်ပဲရှိတာရယ်ဗျ။ထမင်းပန်းကန်ကြီးနဲ့သင်္ချိုင်းထဲဝင်ရမှာဆိုတော့ ကျွန်တော် ခပ်လန့်လန့်တော့ရှိသားဗျို့။
သင်္ချိုင်းထဲကျွန်တော်ရောက်တော့ မိုးစုန်းစုန်းချုပ်ပြီဗျ။ဇရပ်ပေါ်ကို ကျွန်တော်လှမ်းကြည့်တယ်။ဘယက္ခတော့မတွေ့ဘူးဗျ။သူရှိနေရင်တော့ ရေနံဆီမီးခွက်ကအမြဲထွန်းထားတာလေဗျာ။တွေ့ရတယ်ဗျ။
ကျွန်တော် အုတ်ဂူတွေဘက်နဲ့သင်္ချိုင်းအစပ်ကချုံတွေဘက်မှာ ဘယ္ခကိုရှာကြည့်တယ်။မတွေ့ဘူးဗျ။ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိတော့လို့ ထမင်းပန်းကန်ကိုဇရပ်ပေါ်တင်ပြီး ဇရပ်ဝမှာပဲထိုင်လိုက်တယ်ဗျ။ဘယက္ခကမရှိတော့ ထမင်းပန်းကန်ကို ဒီတိုင်းလည်းထားခဲ့လို့မကောင်းဘူးလေဗျာ။အကောင်ပလောင်တွေ နှိုက်နှက်စားမှာစိုးလို့ဗျ။အဆိုးဆုံးကသရဲတွေပဲ။လစ်တာနဲ့စားပြီလို့သာမှတ်တော့ဗျ။ပြန်ကြည့်ရင်မရှိတော့ဘူးဗျို့။
ကျွန်တော်လည်း နေ့လယ်ကလက်ကျန် မယ်ခွေဆေးလိပ်တိုလေးကိုမီးညှိပြီး တစ်ဖွာနှစ်ဖွာ ဖွာလိုက်တယ်ဗျ။

“တာတီး…..”

ဟာ၊ကျွန်တော့်ကိုခေါ်တဲ့အသံဗျို့။အသံက ဇရပ်နောက်ကျောဘက်ကထွက်လာတာဗျ။ကျွန်တော်လည်း ကြားကြားချင်းပဲထလိုက်ပြီး ဇရပ်အောက်ကိုပြေးဆင်းလိုက်တယ်။ပြီးတော့ ဇရပ်နောက်ကို ကြယ်ရောင်နဲ့အားပြုပြီး ကြည့်တယ်ဗျ။ဘာမတော့ ထူးထူးခြားခြားမတွေ့ရဘူး။ငြိမ်သက်နေတဲ့အုတ်ဂူတွေပဲရှိတာဗျ။

“တာတီး….ငါဒီမှာ။ငါ့ဆီကိုလာခဲ့”

ဟင်၊မိန်းကလေးအသံဗျ။ဗလုံးဗထွေးကြီးဗျို့။ကျွန်တော်လည်းလန့်သား။လူသူမရှိတဲ့သင်္ချိုင်းမှာ ခေါ်သံကြားရတယ်ဆိုတော့လေဗျာ။လူလား သရဲလား ကွဲတာမဟုတ်ဘူးဗျ။
ဒါပေမယ့်လည်း သိချင်တာနဲ့အသံလာရာကို မှန်းသွားလိုက်တယ်။ကျောင်းဒကာ ကျောင်းအစ်မကြီးတို့ရဲ့ဂူနှစ်ဂူကြားက အဖြူရောင်အုတ်ဂူလေးဆီကဖြစ်မယ်ဗျ။ဂူပေါ်မှာ လူပုံစံအရိပ်သဲ့သဲ့တော့မြင်နေရတယ်။ကျွန်တော် တစ်လှမ်းချင်းဆက်လျှောက်လိုက်တယ်ဗျ။
ဆယ်ပေအကွာလောက်ရောက်ပြီ။

“ဟင်”

အဖြူရောင်အုတ်ဂူရဲ့ညာဘက်က ကျောင်းဒကာကြီးရဲ့ဂူပေါ်မှာ ရဲတောက်နေတဲ့မျက်လုံးနှစ်လုံးဗျ။ကျွန်တော့်ဘက်ကိုကြည့်နေတာ။အဖြူရောင်အုတ်ဂူပေါ်ကအရိပ်ကလည်း ရှိတုန်းပဲဗျ။ကျွန်တော်လည်း အသားတွေတဆတ်ဆတ်တုန်ပြီး လန့်ဖျန့်သွားတာပေါ့ဗျာ။

“တာတီး….ဘာမှမကြောက်နဲ့။အဲ့ဒါ ငါ့တပည့်နက်ကျော်ကြီး။ငါက သင်္ချိုင်းတစ်ရာအပိုင်စားရတဲ့ သင်္ချိုင်းရှင်မမဖဲဝါပဲ။မဖဲဝါဟဲ့”

“ဟာ”

ကျွန်တော်လန့်ဖျန့်သွားပြီး အကြောတွေထောင်တက်သွားတယ်ဗျို့။မျက်လုံးတွေလည်းပြူးသွားတယ်ဗျ။ကျွန်တော့်ကိုခေါ်တဲ့အသံက သင်္ချိုင်းရှင်မမဖဲဝါတဲ့။ကျွန်တော် လွှတ်ကြောက်သွားတာပေါ့ဗျာ။ချက်ချင်းလှည့်ထွက်ပြီး သင်္ချိုင်းကထွက်ပြေးမယ်လုပ်တယ်။ဟာ၊ခြေထောက်တွေက လုံးလုံးလှုပ်မရတော့ဘူးဗျို့။တစ်ခုခုကဆွဲထားသလိုကြီးဗျ။ကျွန်တော်လည်းအံ့သြပြီး အသားတွေတဆတ်ဆတ်တုန်လာတာပေါ့ဗျာ။

“ငါ အကူညီတောင်းချင်လို့ တာတီး….မကြောက်နဲ့။နင့်ဘက်က ငါ့ကို ကူညီလို့ရနိုင်မရနိုင်ပဲ ငါသိချင်တယ်”

မဖဲဝါကပြောတာဗျ။ကျွန်တော်လည်း အကူညီဆိုတဲ့စကားကြားကာမှပဲ မဖဲဝါကိုကြောက်တာ နဲနဲသက်သာသွားတယ်ဗျို့။မဖဲဝါဆိုတာ ခြောက်ပေကျော်ခုနှစ်ပေအရပ်ကြီးနဲ့ဆံပင်ဖားလျား မျက်လုံးပြူးပြူးကြီးတွေရှိတဲ့သရဲမလို့ ဝတ္ထုဆရာတွေရေးတာ ကျွန်တော်ဖတ်ဖူးတယ်လေဗျာ။လွှတ်ကြောက်တာပေါ့ဗျ။မျက်ဝါးထင်ထင်သာကျွန်တော်မြင်လိုက်ရရင် အသက်ပါထွက်သွားမလားမသိဘူးဗျို့။

“ဟုတ်…ဟုတ်ကဲ့ မဖဲဝါ။ပြောပါဗျ။ကျွန်တော် ဘာကူညီပေးရမလည်းဆိုတာ။ကျွန်တော်ကူညီနိုင်တဲ့ကိစ္စဆို ကျွန်တော်ကူညီပါ့မယ်ဗျ”

ကျွန်တော်လည်း ကြောက်ကြောက်နဲ့မဖဲဝါကိုပြောလိုက်တယ်ဗျ။

“ငါ့ကို သရဲဖမ်းပေးရမှာ တာတီး”

“သရဲဖမ်းပေးရမယ် ဟုတ်လားဗျ”

“ဟုတ်တယ် တာတီး…..နင်တစ်ယောက်တည်းမဟုတ်ဘူး။ငါ့တပည့် ငတေကြီးနဲ့။နင်က ကူပေးရုံပဲ”

ကျွန်တော်လည်း လန့်မိသားဗျ။

“ဟုတ် ဟုတ် ဟုတ်ကဲ့ဗျမဖဲဝါ”

ကျွန်တော်ပြောတော့ မဖဲဝါက လက်နှစ်ဖက်ကိုအပေါ်မြှောက်လိုက်ပြီး ခေါင်းကိုမော့လိုက်တယ်ဗျ။ကြည့်ရတာတော့ မဖဲဝါက တစ်ယောက်ယောက်ကိုခေါ်နေသလိုပါပဲဗျာ။
ဟော၊တစ်အောင့်ကြာတော့ သင်္ချိုင်းထဲမှာ လေတဝေါဝေါတိုက်လာပြီးတော့ မဖဲဝါရဲ့ဘေးမှာ အရိပ်တစ်ခုပေါ်လာတယ်ဗျ။ဟော၊အဲ့ဒီအရိပ်က တဖြည်းဖြည်းနဲ့နားရွက်အကြီးကြီးရှိတဲ့ သရဲတစ်ကောင်ဖြစ်သွားတယ်ဗျို့။

“ဒါ ငါ့တပည့်ငတေကြီးပဲ တာတီး။ငါမရှိတဲ့အခါကျရင် သူက ငါ့ကိုယ်စား သရဲတွေကိုထိန်းပေးရတာ”

“ဟုတ်ကဲ့ဗျ မဖဲဝါ”

“အခု နင်တို့ဖမ်းပေးရမယ့်သရဲက ငါးရောင်းတဲ့ဒေါ်လုံး မြေပုံကိုပုတ်ပြီးခေါ်သွားခဲ့တဲ့သရဲပဲ တာတီး။ဒေါ်လုံးက သူ့သားအမှတ်နဲ့ခေါ်သွားတာ။တကယ်တော့ အဲ့ဒါ သူ့သားမဟုတ်ဘူး။သင်္ချိုင်းမှာဆိုးသွမ်းနေတဲ့ သရဲတစ်ကောင်ပဲဟဲ့။အဲ့ဒီနေ့က
သင်္ချိူင်းမှာ ငါရော ငတေကြီးရောမရှိလို့ ဒီကောင်က အခွင့်သာတာနဲ့လိုက်သွားတာပဲ”

ကျွန်တော်လည်းထင်သားဗျ။

“အေး….ဒီကောင် အဲ့ဒီကိုရောက်တဲ့အချိန်ကစပြီး ဒေါ်လုံးက သူ့သားအမှတ်နဲ့အစာတွေကျွေးတယ်။သားစိမ်းငါးစိမ်းတွေကျွေးတယ်။ကြာတော့ဒီကောင်က အရိုင်းစိတ်တွေဝင်ပြီး ခု လူသတ်တဲ့အထိပါရောက်လာတယ် တာတီး။ဒါကို ဘကုန်းက ငါ့ကိုပင့်ပြီးပြောတယ်။အိမ်နီးနားချင်းတွေလည်း ခြောက်လှန့်လွန်းအားကြီးလို့ မနေရဲကြတော့ဘူးပြောတယ်။ငါ ဒီသရဲဆိုးကို အပြစ်ပေးရလိမ့်မယ်ဟဲ့။ဒါမို့ ငတေရယ်နင်ရယ် ဒီကောင့်ကိုဖမ်းပေးရမယ်။ဒီကောင်က ကောာင်းကောင်းမွန်မွန်ခေါ်ရမှာမဟုတ်ဘူး”

ကျွန်တော်လည်း မောင်ထွန်းပြောတာကို ခုမှသဘောပေါက်သွားတာပေါ့ဗျာ။
အများအတွက်ကောင်းမယ့်ကိစ္စဆိုတော့ ကျွန်တော်ကူညီမယ်လို့ မဖဲဝါကိုပြောလိုက်တယ်ဗျ။မဖဲဝါကြီးနဲ့လည်း ခင်မင်မှုရသွားတာပေါ့ဗျာ။

“ကဲ တာတီး…..နင် နက်ကျော်ကြီးပေါ်တက်။ဘာမှမကြောက်နဲ့။ပြီးရင် ငတေ့နောက်ကို နင်ရယ်နက်ကျော်ရယ်လိုက်ရမယ်။နက်ကျော်နဲ့သာ ထပ်ကြပ်မကွာ နင်လိုက်ပါ။ဘာမှမဖြစ်စေရဘူး။ဒါက သရဲဆိုးကိုဖမ်းခေါ်မယ့်လှောင်အိမ်ပဲ။နင် သေသေချာချာကိုင်ထားပါ”

မဖဲဝါစကားဆုံးတော့ အမှောင်ထဲကနေ လှောင်အိမ်လေးတစ်ခု ကျွန်တော့်ဆီကိုလွင့်လာတယ်ဗျ။ကျွန်တော်လည်း သေသေချာချာဖမ်းယူပြီး လှောင်အိမ်လေးကိုကြည့်မိတယ်။
လှောင်အိမ်က နက်ပြောင်နေပြီးတော့ ထိပ်ဘက်မှာ သရဲငတေကြီး တင်းပုတ်ထမ်းပြီးဒူးထောက်ထိုင်နေတဲ့ အရုပ်လေးလည်းပါတယ်ဗျ။အရှည်က သုံးလက်မသာသာလောက်ပဲရှိတာပါဗျာ။
မဖဲဝါက ပြောရမယ့်အမိန့်စာကို ကျွန်တော့်ကိုမှာတယ်။
နောက်တော့ ကျွန်တော်လည်း လှောင်အိမ်ကိုသေချာကိုင်ပြီး ကျွန်တော့်ရှေ့ရောက်လာတဲ့နက်ကျော်ကြီးပေါ် မရဲတရဲနဲ့ခွတက်လိုက်တယ်ဗျ။ပြီးတော့ ငတေကြီးက ရှေ့ကနေ လှစ်ခနဲပြေးထွက်တယ်ဗျို့။နက်ကျော်ကြီးကလည်း ‘ဂီး ဂဲ’ဆိုအော်ဟစ်ပြီး သရဲငတေကြီးနောက်ကနေ အမှီလိုက်တယ်ဗျ။ကျွန်တော်ကတော့ ပြုတ်မကျအောင် နက်ကျော်ရဲ့ဂုတ်ကိုမြဲမြဲကိုင်ထားရတာပေါ့ဗျာ။လှောင်အိမ်ကိုလည်းဂရုစိုက်ရင်းပေါ့။
သင်္ချိုင်းကထွက်ပြီးတော့ ရွာထဲကို ကျွန်တော်တို့ဝင်လာခဲ့တယ်။ငတေတို့ပြေးတာကလွှတ်မြန်ကျတော့ ပတ်ဝန်းကျင်ကို သေချာမမြင်ရဘူးဗျ။မှုန်မှုန်လောက်ပဲမြင်ရတာ။
ခဏကြာတော့ ငတေက ပြေးတာရပ်လိုက်တယ်ဗျ။နက်ကျော်ကြီးကလည်း ငတေရပ်တော့ သူပါအလိုက်သင့်ရပ်လိုက်တယ်။ကျွန်တော်လည်း နက်ကျော်ကိုယ်ပေါ်ကနေ ဆင်းလိုက်တာပေါ့ဗျာ။ကျွန်တော်ကြည့်တယ်။ခု ကျွန်တော်တို့ သရဲဆိုးရှိတဲ့ ဒေါ်လုံးတို့ခြံရှေ့ကိုရောက်နေပြီဗျ။မန်ကျည်းပင်ကြီးအောက်မှာဗျို့။ဘေးခြံတွေကတော့ငြိမ်လို့ဗျ။မီးရောင်ဘာရောင်လည်းမတွေ့ရဘူး။ခြောက်အိမ်လောက်က မောင်ထွန်းတို့ဘက်လောက်ပဲ မီးရောင်တွေ့ရတာဗျ။
ဟော၊ငတေကြီးက ခြံစည်းရိုးကိုဖြတ်ပြီး ခြံထဲကိုဝင်သွားတယ်ဗျို့။ကျွန်တော်လည်း နက်ကျော်ကြီးနဲ့ခြံပြင်ကနေပဲ သရဲငတေကြီးကိုကြည့်နေရတာပေါ့ဗျာ။

“ဝူး…ဝူး…အီး..အီး..အား”

“ဝါး…ဝါး…ဝါး…ဂါး”

ဟာ၊အော်သံတွေထွက်လာတယ်ဗျို့။ကုက္ကိုပင်ကြီးလည်း လှုပ်နေတယ်ဗျ။ကြည့်ရတာတော့ ငတေကြီးနဲ့သရဲဆိုး တွေ့နေပြီထင်ပါရဲ့ဗျာ။နက်ကျော်ကြီးကလည်း သွားတကြိတ်ကြိတ်နဲ့ဗျ။

“ဂီး…ဂီး…ဂီး”

“ဝီ”

“အုန်း” “ဘုန်း”

“ခွပ်” “အုန်း” “အုန်း” “အုန်း”

“အီ အီ”

ဟာ၊ငတေနဲ့သရဲဆိုး ကုက္ကိုပင်ကနေလွင့်ထွက်လာတယ်ဗျို့။ခြံရဲ့အလယ်မရောက်တရောက်လောက်မှာ သဲကြီးမဲကြီးရိုက်ကြပြီဗျို့။လက်ဝါးအိုးကြီးတွေနဲ့’အုန်းခနဲ’ ‘အုန်းခနဲ’ဗျ။ဒါပေမယ့် ငတေကြီးရိုက်တာကပိုထိတယ်ဗျ။သရဲဆိုးကြီး ‘အီခနဲ’ ‘အီခနဲ’အော်ရတာဗျို့။
ဟော၊တစ်ချက်မှာတော့ ငတေ့လက်ဝါးစာမိပြီး သရဲက အိမ်ခြေကိုလွင့်သွားတယ်ဗျ။ပုံလျက်သားကျတာဗျို့။

“ဂီး……”

ဟော၊သရဲဆိုးက ငတေကြီးကပ်သွားတော့ ရုတ်တရတ်ပျောက်သွားတယ်ဗျ။ငတေလည်း ပတ်ချာလှည့်ပြီး သရဲဆိုးကိုလိုက်ရှာတယ်။ဟော၊နောက်တော့ သူလည်းပျောက်သွားတယ်ဗျ။

“ဂီး…ဂီး…ဂီး…ဂရား”

ဟော ဟော၊နက်ကျော်ကြီးကမာန်ဖီပြီး ခြံရှေ့ကပြေးထွက်သွားတယ်ဗျို့။ကျွန်တော်လည်း နက်ကျော်နောက်ကို အမှီပြေးလိုက်ရတာပေါ့ဗျာ။
ဟော၊ရှစ်အိမ်ကျော်လောက်ရောက်တော့ နက်ကျော်ကရပ်လိုက်တယ်ဗျ။ခြံထဲကိုလည်း မျက်လုံးနီကြီးတွေနဲ့စိုက်ကြည့်နေတယ်။ဒါဆို ခြံထဲမှာ ငတေတို့ရှိလို့ပေါ့ဗျာ။

“ဝုန်း” “ဗျောင်း” “ဗျောင်း” “ဗျောင်း”

“အုန်း” “အုန်း”

“ဝုန်း” “ဝေါ”

“ဝုတ်…ဝုတ်…ဝုတ်…ဝူး…”

“ဟဲ့….ခြံထဲကဘသံတွေတုန်းဟဲ့”

“မသိဘူး အမေ။အသံက ‘ကျီ’ဘက်ကလာတဲ့အသံပဲဗျ”

“အေး…သုတ်သုတ်သွားကြည့်စမ်း ငပွေးရယ်….ရင်တွေပန်းတွေတုန်လိုက်တာ ငါ့နှယ်။နင့်အဘတို့ကတော့ အိပ်လိုက်ရင် ကလသေ ကလမော။ဘာဖြစ်ဖြစ်မနိုးဘူး”

ခြံအနောက် စပါးကျီကထွက်လာတာဗျို့။အသံတွေက အကျယ်သားရယ်ဗျ။ကမ္ဘာပျက်သလားထင်ရပါတယ်ဗျာ။အသံဗလံတွေကိုကြားရတော့ အိမ်ပေါ်ကနေ သုံးတောင့်ထိုးဓာတ်မီးတရမ်းရမ်းနဲ့ကောင်းလေးနှစ်ကောင်ဆင်းလာတယ်ဗျ။ပြီးတော့ ခြံနောက်ကိုသုတ်သုတ်ပြေးပြီး ‘ကျီ’ထဲကိုဝင်သွားတယ်။ဘာသံမှတော့မကြားရတော့ဘူးဗျ။နက်ကျော်ကြီးကတော့ နှာခေါင်းတရှုံ့ရှုံ့နဲ့အနံ့လိုက်ခံနေတယ်ဗျို့။
ဟော၊တအောင့်ကြာတော့ ကောင်လေးနှစ်ကောင်ပြန်ထွက်လာပြီးတော့ အိမ်ပေါ်ပြန်တက်သွားတယ်ဗျ။

“ဘာမှမတွေ့ပါဘူး အမေရ။ကျီကလည်းဒီတိုင်းပါပဲ။ထူးထူးခြားခြားဘာမှမရှိဘူး”

“ဟဲ့…ဒါဆို ဘာဖြစ်တာလည်း။ခုန အသံတွေမှလန့်စရာကြီးဟာ။တို့တွေများ နားကြားမှားကြတာလား”

“မသိပါဘူး အမေရာ။အာရုံတွေတော်တော်နောက်တယ်။ကျုပ်တို့တော့ ပြန်အိပ်ပြီဗျို့”

ဟော၊ခဏကြာတော့ နက်ကျော်ကြီးကခါးလေးနွဲ့ပြီး ကန်ဘက်ကိုလျှောက်သွားတယ်ဗျ။အနံ့ခံတယ်။ဟော၊ပြေးပြီဗျို့။ဝံပုလွေတစ်ကောင်လို လှစ်နေအောင်ပြေးတာဗျ။ကျွန်တော့်ခန္ဓာကိုယ်ကလည်း မဖဲဝါလုပ်ပေးလို့ထင်ပါရဲ့ဗျာ။ဘယ်လောက်ပြေးပြေး မမောဘူးဗျ။ပေါ့ပါးနေတာ။
ဘာမှမကြာဘူး။နက်ကျော်ကြီးကို ကျွန်တော်မှီသွားတယ်။
နက်ကျော်က ကန်ပေါင်ပေါ်က မန်ကျည်းပင်နားရောက်တော့ ရပ်လိုက်တယ်ဗျ။

“ဝုန်း” “ဝေါ” “ဝေါ”

“ဗလုံး” “ဘုန်း”

ဟာ၊ကန်ထဲမှာဗျို့။သရဲနှစ်ကောင်သား လုံးထွေးသတ်ပုတ်ရင်းနဲ့ရေထဲကပေါ်လာတာဗျို့။ကြယ်ရောင်ကလည်းဖြာနေတော့ ရေကန်မှာအထင်းသားပေါ့ဗျာ။လှိုင်းလုံးကြီးတွေတောင်ဖြစ်လို့ဗျ။
ကျွန်တော်လည်း နက်ကျော်ကြီးရဲ့နောက်ကနေ မျက်တောင်မခတ်ပဲကြည့်နေတယ်။လှောင်အိမ်ကိုလည်းမြဲမြဲကိုင်ထားရင်းပေါ့ဗျာ။

“ဝုန်း”

“ဟာ”

ငတေကြီးက သရဲဆိုးကို ခြေကနေကိုင်ပြီး လေပေါ်မြောက်သွားတယ်ဗျို့။

“ဘုန်း” “ဝုန်း”

ဟာ၊တလင်းနဲ့ရိုက်တာဗျို့။အရှိန်ပါတော့ ဖုန်တွေပါ ထောင်းထောင်းထသွားတာဗျ။
ကျွန်တော်နဲ့နက်ကျော်လည်း ရုတ်တရတ်လန့်သွားလို့ နောက်ကို နဲနဲဆုတ်မိတာပေါ့ဗျာ။
သရဲဆိုးကတော့မလှုပ်တော့ဘူးဗျ။တလင်းပေါ်မှာမှောက်ရပ်ကြီးဗျို့။
ဟော ဟော၊ငတေက သရဲဆိုးကိုဂုတ်ကကိုင်ပြီး ဆွဲမလိုက်တယ်။သရဲဆိုးလည်း ဘာမှမလုပ်နိုင်တော့တာမို့ ငတေ့လက်ထဲ ဆန့်ဆန့်ကြီးပါလာတယ်ဗျ။
ကျွန်တော်လည်း ခုမှ သရဲဆိုးကိုသေချာကြည့်မိတယ်ဗျို့။
သရဲက ခန္ဓာကိုယ်ထွားထွားနဲ့ခပ်ညစ်ညစ်အဖြူရောင်ဝတ်စုံကိုဝတ်ထားတယ်ဗျ။မျက်နှာကလည်း အသားတုံးကြီးတစ်တုံးလိုပါပဲဗျာ။မျက်စိလည်းမပါဘူး။နှာခေါင်းလည်းမပါဘူး။
ပါးစပ်လည်းမပါဘူးဗျို့။အသားဖတ်တွေဖွာကျနေတဲ့ အပေါက်သေးသေးလေးတွေပဲ ရှိတာဗျ။

“ဝူး…ဝူး…ဝူး…”

ဟော၊ငတေကြီးက ကျွန်တော့်ကိုလက်ညှိုးထိုးပြီး အော်တယ်ဗျ။နက်ကျော်ကလည်း ကျွန်တော့်ပုဆိုးကို ကိုက်ဆွဲနေလေရဲ့ဗျာ။ဒီတော့မှ ကျွန်တော်လည်း သတိဝင်သွားတယ်ဗျ။
သရဲဆိုးကို လှောင်အိမ်ထဲထည့်ရမှာလေဗျာ။ငတေတို့က ကျွန်တော့်ကို သတိပေးနေကြတာဗျို့။
ကျွန်တော်လည်း အချိန်မဆွဲပဲ လှောင်အိမ်ကိုမြှောက်ကိုင်ရင်း…..

“သင်္ချိုင်းတစ်ရာအပိုင်စားရတဲ့ သင်္ချိုင်းရှင်မမဖဲဝါရဲ့အမိန့်။ဆိုးသွမ်းတဲ့ သရဲငတေ….အချုပ်အနှောင် သံလှောင်အိမ်သို့ ခြွင်းချက်မရှိရောက်ရှိစေ။မဖဲဝါရဲ့အပြစ်ပေးမှုခံယူစေ။ကြန့်ကြာမှုမရှိစေရ”

လို့ မဖဲဝါမှာတဲ့အတိုင်း ကျွန်တော်အမိန့်ပြန်လိုက်တော့ သရဲဆိုးက တစ်စစီအငွေ့ဖြစ်ပြီး လှောင်အိမ်ထဲကိုရောက်လာတယ်ဗျို့။ဟော ဟော၊သရဲဆိုးမရှိတာနဲ့တပြိုင်နက်ပဲ ငတေကြီးလည်း လှောင်အိမ်ထိပ်က သူ့ရုပ်တုထဲကိုဝင်လာတယ်ဗျို့။
ဒါဆိုပြီးပြီပေါ့ဗျာ။မဖဲဝါဖမ်းခိုင်းတဲ့သရဲဆိုးကို ကျွန်တော်တို့တွေဖမ်းပြီးပြီပေါ့။သရဲထွက်မပြေးဖို့ကတော့ သရဲငတေကြီးရဲ့တာဝန်ပဲဗျို့။
နောက်တော့ ကျွန်တော်နဲ့နက်ကျော်လည်း ရွာထဲကနေထွက်ခဲ့တယ်။သင်္ချိုင်းရောက်တော့ မဖဲဝါက အရင်တွေခဲ့တဲ့နေရာမှာပဲဗျ။မှောင်ရိပ်မှာ။
ကျွန်တော်လည်း လှောင်အိမ်ကို မဖဲဝါဆီစိတ်ညွတ်ပြီး မြှောက်ပေးလိုက်တယ်ဗျ။ဟော၊လှောင်အိမ်က တဖြည်းဖြည်းရွေ့ပြီး မဖဲဝါဆီရောက်သွားတယ်ဗျို့။

“ကျေးဇူးပဲ တာတီး….ဒီလုပ်ရပ်က နင့်ကိုအချည်းနှီးမဖြစ်စေပါဘူး”

မဖဲဝါ ဘာပြောမှန်း ကျွန်တော်နားမလည်ဘူးဗျ။

“ရော့ တာတီး……ဒီအရုပ်ကလေး နင်သိမ်းထားပါ။လုံခြုံမှုရှိတဲ့နေရာမှာထားပါ။စိတ်ချရတဲ့နေရာမှာထားပါ။နင် သတိထားရမှာက ဒီအရုပ်ကို ဘုရားခန်း၊နတ်ခန်းတွေမှာ လုံးဝမထားမိပါစေနဲ့။အသင့်တော်ဆုံးကတော့ နင်နေတဲ့နေရာမှာထားတာပဲ”

မဖဲဝါက ကျွန်တော့်ကို အရုပ်ကလေးတစ်ရုပ် ပစ်ပေးတယ်ဗျ။ကျွန်တော်ကြည့်တယ်။မှောင်ရိပ်ကကျနေတော့ အရုပ်ကို သေချာမမြင်ရပါဘူးဗျာ။ဒါပေမယ့် အရုပ်ကလေးကတော့ အလေးချိန်တော်တော်စီးသားဗျ။

“ဒီအရုပ်က ငါ ပေးတယ်ဆိုတာထက် နင့်ရဲ့ကံကြမ္မာကပေးတာလို့ဆိုရင် ပိုမှန်တယ်။ဒီကနေ့ ဒီချိန် ဒီနေရာမှာ နင်က ဒီအရုပ်ကိုပိုင်ဆိုင်ရမယ့် ကံပါပြီးသား တာတီး။နင်က ခုဆို ဒီအရုပ်ရဲ့ပိုင်ရှင်ဖြစ်သွားပြီဟဲ့။ဒီအရုပ်ကလေးနဲ့အကြောင်းပြုပြီး နင်တို့တွေ လူတွေရဲ့အခက်ခဲပြဿနာအချို့ကို ကူညီဖြေရှင်းပေးနိုင်လိမ့်မယ်။လူတွေအတွက် တစ်ထောင့်တစ်နေရာကနေ အကျိုးပြုနိုင်လိမ့်မယ်ဟဲ့”

ကျွန်တော်လည်း ဘာမှန်းမသိပေမယ့် မဖဲဝါပြောတာကို နားထောင်နေတာပေါ့ဗျာ။

“ဒီအရုပ်ကလေးရဲ့မူလပိုင်ရှင်က ရှေးနှစ်ပေါင်းများစွာကရှိခဲ့တဲ့ တိတ္ထိဆရာကြီးတစ်ဦးပဲ တာတီး။ဒီဆရာကြီးက ကျမ်းပေါင်းမြောက်မြားစွာကိုတတ်မြောက်တဲ့အပြင် စုန်းကျမ်း၊မှော်ကျမ်းနဲ့တစ်ခြား သဘာဝလွန်ကျမ်းတွေကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သိရှိခဲ့တယ်။အဲ့ဒီခေတ် အဲ့ဒီအခါ အုပ်ချုပ်တဲ့ဘုရင်တွေက ဒီ စုန်းအတတ်၊မှော်အတတ်တွေကို လူသတ်တဲ့ပညာဆိုပြီး ထိထိရောက်ရောက် နှိမ်နှင်းအရေးယူခဲ့တယ် တာတီး။အဲ့ဒီမှာ တိတ္ထိဆရာကြီးလည်း မင်းဒဏ်သင့်မှာစိုးလို့ အရပ်တစ်ပါးကို ပြောင်းရွှေ့တိမ်းရှောင်ခဲ့ရတယ်။အဲ့ဒီအရပ်ရောက်တော့ သူ့ရဲ့အသွင်ကို မထင်မရှားအဘိုးအိုတစ်ဦးအဖြစ်ပြောင်းတယ်။နောက်ပြီး သူတတ်ထားတဲ့ မကောင်းတဲ့ပညာရပ်တွေနဲ့ဒီအရုပ်ကလေးကို အသက်သွင်းခဲ့တာပဲဟဲ့။ဒီအရုပ်ကိုအသုံးချပြီး သူက ကြေးစားလူသတ်တာ။ရန်ငြှိုးရှိလို့ မုန်းလို့ မကျေမနပ်ဖြစ်လို့ အကြောင်းအမျိုးမျိုးကြောင့် သူ့ဆီ အခကြေးငွေပေးပြီး လူအငှားသတ်တာပေါ့။အဲ့ဒီအချိန် အဲ့ဒီအခါ အဲ့ဒီအရပ်မှာ သူက လူတွေကြားမှာ ဘုရားတစ်ဆူလိုဖြစ်လာတယ်။သူ့ကို လူတွေက ချီးမြောက်လာကြတယ်။အေး…ဒါပေမယ့် သူ အရုပ်ထဲအသက်သွင်းခဲ့တဲ့အစောင့်က စတုမဟာရာဇ်နတ်ဘုံထဲမှာပါတဲ့ ဘုမ္မာဒေဝါလို့ခေါ်တဲ့ နတ်ကလေးတစ်ပါးပဲဟဲ့”

“ဗျာ….နတ်ကလေးတစ်ပါး…..ဟုတ်လား”

“ဟုတ်တယ် တာတီး…..ဒီနတ်ကလေးက ကညင်ပင်မှာ ဗိမာန်နဲ့နေတဲ့ နတ်တစ်ပါးပဲ။ဒါပေမယ့်လည်း သူ့ရဲ့အကုသိုလ်ကံတွေအကျိုးအရ သူဟာ နတ်တစ်ပါးဖြစ်ပေမယ့်လည်း စွမ်းအားသိဒ္ဓိထင်သလောက်မရှိပဲ အစာအာဟာရကိုလည်း လူတွေ မပေးကျွေးရင် သူ့ဟာသူရှာစားရတယ်။တစ်ခါခါ ဟိမဝန္တာကိုသွားပြီး သစ်ဥသစ်ဖုတွေကို စားသုံးရတယ်”

“ဟုတ်ကဲ့ မဖဲဝါ”

“အေး….အဲ့ဒီလို တိတ္ထိဆရာကြီးက နတ်ကလေးကို မကောင်းတဲ့ပညာတွေနဲ့အသက်သွင်းပြီး ကြေးစားလူသတ်နေတာကို တစ်ခါတော့ နတ်မင်းကြီးတွေကသိသွားတယ်။သိတော့ ချက်ချင်းဆိုသလိုပဲ အစေအပါးနတ်တွေကိုညွှန်ကြားပြီး တိတ္ထိဆရာကြီးဆီက နတ်ကလေးအရုပ်ကို ပြန်ယူစေခဲ့တယ် တာတီး။ခက်ခက်ခဲခဲနဲ့အရုပ်ကိုပြန်ယူပြီးတဲ့နောက်မှာ နတ်မင်းကြီးတွေက နတ်ကလေးအရုပ်က မကောင်းတဲ့အတတ်ပညာတွေကို တန်ပြန်ပြီး ကောင်းတဲ့အတတ်ပညာတွေအဖြစ် စီးဆင်းစေခဲ့တယ်။ဒါပေမယ့်လည်း တိတ္ထိဆရာကြီးက
နတ်ကလေးနဲ့အကြောင်းပြုပြီး လူပေါင်းမြောက်များစွာသတ်ဖြတ်ခဲ့တာကြောင့် နတ်ကလေးမှာ ပြစ်ဒဏ်ကျခဲ့တယ်။ဒါကြောင့် သူဟာ နှစ်ပေါင်းများစွာ ဒီအရုပ်ကလေးထဲမှာ အိပ်စက်ပြီးနေခဲ့ရတယ်။ကာလတွေကြာလာတော့ နတ်ကလေးအရုပ်က ပထမံပုဂ္ဂိုလ်ကြီးတွေဆီကနေ ငါ့ဆီရောက်လာခဲ့ရတာပဲဟဲ့။ပထမံပုဂ္ဂိုလ်ကြီးတွေရဲ့ လူသားကောင်းကျိုးအတွက် ထိုက်တန်တဲ့သူကို နတ်ကလေးကိုအပ်နှံစေဆိုတဲ့အမိန့်လည်း တပါတည်းပါလာခဲ့တယ်။ခုတော့ ဒီအရုပ်ကလေးက နင်နဲ့ထိုက်ပြီဟဲ့။အဲ့တော့ သူ့အရှင်သခင်က ခုချိန်ကစပြီး နင်ဖြစ်သွားပြီ တာတီး”

ကျွန်တော်လည်း နတ်ကလေးအရုပ်ကိုကြည့်ပြီး မဖဲဝါပြောတာကို ခေါင်းညိတ်လိုက်တယ်ဗျ။

“နတ်ကလေးက လာမယ့် တန်ဆောင်မုန်းလပြည့်နေ့ ည(၁၂)နာရီတိတိမှာ သူ့အပြစ်တွေကနေ ကျွတ်လွတ်လိမ့်မယ်ဟဲ့။အိပ်စက်နေတဲ့ ဒီအရုပ်ထဲကနေ အဲ့ဒီချိန်ကျ သူထွက်လာလိမ့်မယ်။နင် စောင့်နေလိုက် တာတီး။ခုချိန်တော့ ဒီအရုပ်လေးကို နင် သေသေချာချာသိမ်းဆည်းထားပါ။စောင့်ရှောက်ထားပါ။ငါ စိတ်ချမယ် တာတီး”

ဟော၊မဖဲဝါက ပြောပြီး ဂူတွေပေါ်ကနေ ပြေးထွက်သွားတယ်ဗျ။နက်ကျော်ကြီးကလည်း မဖဲဝါနောက်ကနေ ပြေးလိုက်သွားတာပေါ့ဗျာ။

“ဟေ့….တာတီး”

“ဟာ….ဘယက်ခ”

ဘယ္ခက ကျွန်တော့်နောက်က လှမ်းခေါ်တာဗျ။

“အေး….ငါ တောင်းပန်ပါတယ်ကွာ။ငါ မင်းကိုစောင့်နေတုန်း ငနီနဲ့ငညိုက ငါ့ကိုခေါ်သွားလို့ကွ။နယ်မြေသစ်ကိုဟေ့။အဲ့ဒီမှာ ငနီတို့အပေါင်းအပါတွေနဲ့စားစရာသောက်စရာတွေက အများသားပဲဟ တာတီးရ။ပျော်စရာကြီးပါကွာ”

ဘယက္ခက ပန်းကန်ပေးပြီး ဇရပ်ပေါ်ကိုတက်သွားတယ်ဗျ။
ကျွန်တော်လည်း နတ်ကလေးအရုပ်ကို ဂရုစိုက်ကိုင်ပြီး ရွာဦးကျောင်းကိုပြန်သွားတယ်။ပြီးတော့ လှည်းကို သုတ်သုတ်မောင်းပြီး အိမ်ကိုပြန်ခဲ့တာပေါ့ဗျာ။

          ××××××××××××××××××××

ကျန်းမာချမ်းသာကြပါစေ                           #စက်လေးတာတီး