ဆယ်ပေလောက်ကျယ်တဲ့ဆူးခြုံတောကြီးကိုဖြတ်ပြီးတဲ့နောက်မှာတော့ သက်ခိုင်နဲ့တောက်ရတို့ပါးစပ်အဟောင်းသားဖြစ်ရလောက်တဲ့ထိ အံ့ဩသွားကြတယ်။
” ဆရာ ဆရာ ဒီဆူးခြုံတောအနောက်မှာ ဘယ်လိုဖြစ်လို့ ဒီလိုမြက်ခင်းပြင်ရှိနေရတာလဲ ”
အရှေ့မှာရှိတဲ့မြက်ခင်းပြင်ကိုကြည့်လိုက် အနောက်မှာမြင်နေရတဲ့ ဆူးခြုံတောကိုကြည့်လိုက်နဲ့အလုပ်ရှုပ်နေတဲ့ သက်ခိုင်နဲ့တောက်ရကိုမြင်တော့ အောင်မြတ်သာက
” မင်းတို့အမြင်မှာ ဆူးခြုံတောကိုဖြတ်ရင် တောထဲပဲရောက်မယ်ထင်နေကြတယ်မဟုတ်လား တကယ်တော့ သာမန်အတွေးတွေနဲ့မမြင်နိုင် မကြားနိုင်တဲ့အရာတွေ ငါတို့လောကမှာအများကြီးရှိတယ် အချို့လူတွေဆိုရင် ကိုယ့်အနီးနားမှာရှိနေတဲ့ အလှတရားတွေကိုတောင်မမြင်နိုင်ကြဘူး ဒါကဘာကြောင့်လဲဆိုရင် မဖြစ်နိုင်ဘူးဆိုတဲ့အတွေးတွေက ခေါင်းထဲမှာကြီးစိုးနေလို့ပဲ မင်းတို့လဲ လူ့ပတ်ဝန်းကျင်မှာအနေကြာသွားတော့ ဒီလိုပဲတွေးဖြစ်ကြတာမဆန်းပါဘူး ”
” ဒါဆိုရင် ခုနကတွေ့ခဲ့တဲ့ ခြုံအနောက်မှာ အခုမြင်နေရတဲ့မြက်ခင်းပြင်ကတကယ်ရှိနေတာလား”
” အဓိကက မင်းတို့ရဲ့စိတ်ယုံကြည်မှုပဲ စိတ်ရဲ့အလိုကို ထိန်းချုပ်နိုင်ပြီဆိုရင် မြင့်မိုရ်တောင်ဆိုတာလဲ ငါတို့အနားမှာပဲရှိတယ် မဟာမြိုင်တောဆိုတာလဲငါတို့ရဲ့အနားမှာပဲရှိနေတယ် ”
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရမျက်နှာပြုံးရွှင်သွားပြီး
” ကျွန်တော်တို့သဘောပေါက်ပြီဆရာ ကျွန်တော်တို့အနေနဲ့ကြိုးစားဖို့အများကြီးလိုနေသေးတယ်ဆိုတာလဲ သိခဲ့ပါပြီ ဆရာရဲ့စကားတွေကလဲ ကျွန်တော်တို့အတွက် အရမ်းတန်ဖိုးရှိပါတယ် ”
” သာဓု သာဓု သာဓု အခုလိုအမြင်မှန်တွေမြင်ရတာမြင်ရဝောာ့ ကျေနပ်မိပါတယ် ကဲ အရှေ့ကိုဆက်သွားလိုက်ရအောင် ”
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရတို့ ဘေးဘီဝဲယာကိုကြည့်ပြီး ဆက်လျောက်လာခဲ့ကြတယ်။
သာယာလှပတဲ့ မြင်ကွင်းတွေအပြင် နားဝင်ချိုလှတဲ့ ကျေးငှက်သာရကာတို့ရဲ့အသံက သက်ခိုင်နဲ့ တောက်ရတို့ရဲ့စိတ်ကို ပိုပြီးကြည်နူးလာစေခဲ့တယ်။
အချိန်အတန်ကြာလျောက်လာခဲ့ပြီးတဲ့အချိန်မှာတော့ ကြည်လင်စွာစီးဆင်းနေတဲ့ စမ်းချောင်းလေးတစ်ခုဘေးကိုရောက်လာခဲ့တယ်။ စမ်းရေစီးကျသံနဲ့ ကျေးငှက်သာရကာတို့ရဲ့အသံမှအပ အခြားမည်သည့်အသံမှမကြားရလောက်အောင် ပတ်ဝန်းကျင်ကတိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ စမ်းချောင်းရဲ့နံဘေးမှာတော့ တစ်ယောက်တစ်နေရာစီထိုင်ကာ တရားကျင့်ကြံနေကြတဲ့ ရသေ့ ရဟန်းတွေအပြင် လူဝတ်ကြောင်နဲ့ပုဂ္ဂိုလ်အချို့ကိုပါတွေ့လိုက်ရတယ်။
အဆိုပါမြင်ကွင်းကိုမြင်တော့ သက်ခိုင်က အောင်မြတ်သာအနားကိုကပ်ပြီး
” ဆရာ သူတို့တွေက ထွပ်ရပ်ပေါက်ပုဂ္ဂိုလ်တွေလား” လို့မေးလိုက်တော့ အောင်မြတ်သာက
” မဟုတ်ဘူးသက်ခိုင် သူတို့က ထွက်ရပ်ကိုမရောက်သေးဘူး ရောက်လုဆဲဆဲလူတွေဆိုရင်တော့ပိုမှန်မယ် ဒီနေရာမှာ ကိုယ်ကျင့်ကြံနေတဲ့အလုပ်တွေကို အောင်မြင်အောင်လေ့ကျင့်ပြီး လူ့ဘောင်ကိုပြန်သွားကြရဦးမယ် လူ့ဘောင်ဝန်းကျင်ကိုရောက်တဲ့အခါ သက်ဆိုင်ရာအဓိဌာန်အသီးသီးကို ကျင့်ကြံအားထုတ်ကြရဦးမယ် ဒီလိုကျင့်ကြံလို့ လုံးဝအောင်မြင်ပြီဆိုမှ မဟာမြိုင်တံခါးဝကပွင့်လာမှာ ”
” အော် ဒါဆိုအခုမြင်နေရတဲ့ပုဂ္ဂိုလ်တွေက နောက်တစ်ဆင့်ကိုတက်လှမ်းဖို့ကြိုးစားနေကြတဲ့သူတွေပေါ့နော် ”
သက်ခိုင်က မေးမြန်းရင်း ဆက်လျောက်လာခဲ့ရာ စမ်းချောင်းတစ်နေရာရောက်တော့ လူမရှိပဲလွတ်နေတဲ့ ကျောက်ဖျာတစ်ချပ်ကိုတွေ့လိုက်ရတယ်။
” ဆရာ စမ်းချောင်းနံဘေးတစ်လျောက်လုံး ကျင့်ကြံအားထုတ်သူတွေနဲ့ပြည့်နေပြီး ဒီနေရာကဘာဖြစ်လို့လွတ်နေရတာလဲ”
သက်ခိုင်စကားကြောင့် အောင်မြတ်သာက ဘွတ်နေတဲ့နေရာကို အနည်းငယ်စောင်းငဲ့ကြည့်လိုက်ပြီး
” ဒီနေရာက မင်းတို့ရဲ့မိတ်ဆွေဟောင်းဖြစ်တဲ့ ဦးနဂါးရဲ့နေရာလေ အခုသူက လူ့ဘောင်ထဲကိုပြန်ဝင်ပြီး ပေးအပ်ထားတဲ့အဓိဌာန်ကို အောင်မြင်အောင် ကျင့်ကြံနေသေးတယ် ဒါကြောင့် သူအတွက်ရှိနေတဲ့ ကျောက်ဖျာက မပျောက်ပျက်ပဲ ကျန်ရှိနေသေးတာပဲဖြစ်တယ်”
” ကျွန်တော်သိပ်နားမလည်တာတစ်ခုရှိတယ်ဆရာ ဦးနဂါးက ဒီကနေ ကျင့်ကြံပြီးစီးလို့ အဓိဌာန်တွေဝင်နေတာလို့ဆရာပြောခဲ့တယ် ဒါပေမယ့် သူကျင့်ခဲ့တဲ့နေရာက ဘာလို့မပျောက်ပျက်ပဲရှိနေရသေးတာလဲ ”
” မင်းတို့နားလည်အောင်ပြောရရင် သူကခရီးပန်းတိုင်မဆုံးသေးဘူး ဒါကြောင့် လမ်းတစ်ဝက်မှာ အမှားတစ်စုံတစ်ခုဖြစ်ခဲ့ရင် အဓိဌာန်ကိုဖျက်ပြီး ဒီကိုပြန်လာရဦးမှာ ဒီလိုမဟုတ်ပဲ အဓိဌာန်ကို အပြီးတိုင်ကျင့်ကြံနိုင်ခဲ့တယ်ဆိုရင်တော့ ကျောက်ဖျာချပ်က အလိုအလျောက်ပျောက်ကွယ်သွားလိမ့်မယ်”
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရတို့ခေါင်းတဆတ်ဆတ်ညိမ့်ပြီး
” ဒါကြောင့် သူ့အတွက်နေရာက လွတ်နေသေးတာကိုး ” လို့ပြောပြီး ဆက်လျောက်လာခဲ့ကြတယ်။ လမ်းလျောက်လာရင်း စမ်းချောင်းရဲ့ဘေးမှာပေါက်နေတဲ့ သပြေပင်နဲ့ ညောင်ပင်တစ်ပင်ကိုတွေ့လိုက်ရတယ်။ ထူးဆန်းတာက အပင်နှစ်ပင်လုံးမှာပေါက်နေတဲ့ အရွက်နုလေးတွေက အပေါ်ကိုမထောင်နေပဲ အောက်ကိုငိုက်စိုက်ကျနေခဲ့တယ်။
တစ်တောင်လောက်ရှိတဲ့ အပင်နှစ်ပင်ရဲ့ဘေးပတ်လည်မှာတော့ တရားကျင့်ကြံသူတွေကိုမတွေ့ရပဲ နေရာအလွတ်ဖြစ်နေတာကိုမြင်ဝောာ့ သက်ခိုင်က
” ဆရာ ဒီအပင်ငယ်နှစ်ပင်ဘေးမှာ နေရာလွတ်အများကြီးရှိနေတာ ဘာကြောင့်ကျင့်ကြံသူတွေမရှိကြတာလဲ”လို့မေးလိုက်တော့ အောင်မြတ်သာက ရှေ့ဆက်သွားနေတဲ့ ခြေလှမ်းတွေကိုရပ်လိုက်ပြီး
” ဒီအပင်နှစ်ပင်က သူတို့ရဲ့ပိုင်ရှင်ကိုစောင့်နေကြတာ ”
” ဗျာ သူတို့ရဲ့ပိုင်ရှင် ဟုတ်လားဆရာ အပင်ငယ်လေးတွေကိုစိုက်ခဲ့တဲ့ သူတွေကိုပြောတာလား”
” မင်းတို့နားလည်အောင်ပြောရရင် ဒီအပင်လေးတွေက နောက်နှစ်အနည်းငယ်ကြာရင် လူတစ်ရပ်လောက်အထိ ကြီးထွားလာကြလိမ့်မယ် အပင်ငယ်လေးတွေကြီးလာရင် သူတို့ကိုပိုင်ဆိုင်တဲ့ရုက္ခစိုးနတ်တွေရောက်လာကြလိမ့်မယ် ရုက္ခစိုးနတ်ဆိုတာက အသက်ထောင်ချီပြီးရှည်ကြတဲ့သူတွေလဲဖြစ်တယ် သူတို့က နောင်ပွင့်မယ့်ဘုရားကိုစောင့်ပြီး တရားဦးတရားမြတ်ကိုနာယူရင်း ကျွတ်တမ်းဝင်ကြလိမ့်မယ်”
” ဒါဆိုရင် ဒီအပင်တွေရဲ့သခင်က အခုထိမရောက်လာသေးဘူးပေါ့နော် ကျွန်တော်တို့လဲ နောင်ပွင့်မယ့်ဘုရားကိုဖူးချင်လိုက်တာဗျာ”
” ဒီအပင်တွေက သူတို့ရဲ့သခင်လာရင် အလိုလိုလန်းဆန်းလာကြလိမ့်မယ် ကဲ အရှေ့နားကိုဆက်သွားကြရအောင် မြဒင်လဲစောင့်နေလောက်ပြီ”
အောင်မြတ်သာက စကားပြောရင်းဆက်ထွက်သွားတဲ့အချိန် သက်ခိုင်နဲ့တောက်ရက ချက်ချင်းမလိုက်သွားသေးပဲ အပင်ငယ်လေးတွေကို ကြည့်နေခဲ့တယ်။ အချိန်အနည်းငယ်ကြာမှ အောင်မြတ်သာနောက်ကိုလိုက်သွားဖို့ ဟန်ပြင်လိုက်တဲ့အချိန် အပင်ငယ်လေးတွေရဲ့ အရွက်နုလေးတွေက အပေါ်ကိုရုတ်တရက်ထောင်တက်လာခဲ့တယ်။ ဒါကိုတော့ သက်ခိုင်နဲ့တောက်ရတို့နှစ်ယောက်လုံး သတိမထားမိခဲ့ကြပေ။
ခြေလှမ်းငါးဆယ်လောက်လှမ်းပြီး ရေသဖန်းပင်တွေပေါက်နေတဲ့ အကွေ့လေးကိုရောက်တော့ သဖန်းပင်ရဲ့ခြေရင်းမှာ ပိန်းရွက်နဲ့လုပ်ထားတဲ့ ကတော့နှစ်ခုကိုကိုင်ပြီး ထိုင်နေတဲ့ ထောင်မောင်းမောင်းနဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်။ အဆိုပါလူက အောင်မြတ်သာကိုမြင်တော့ ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်ပြီး
” ဆရာတို့လာမယ်ဆိုလို့ စောင့်နေတာ အတော်တောင်ကြာရောပေါ့ အနောက်ကနှစ်ယောက်က ဆရာပြောပြောနေတဲ့ တပည့်ကျော်တွေဖြစ်မယ်ထင်တယ်”
” ဟုတ်တယ်မြဒင်ရေ သူက သက်ခိုင်တဲ့ သူကတော့ တောက်ရပေါ့”
” ဒီလိုပုဂ္ဂိုလ်တွေနဲ့ဆုံတွေ့ရတာကျုပ်အတွက် ဝမ်းသာစရာပဲဗျို့ ဒီကိုရောက်တုန်း အမောပြေမြက်နုရည်လေးသုံးဆောင်ကြပါဦး”
သက်ခိုင်နဲ့တောက်ရလဲ မြဒင်ဆိုတဲ့လူလှမ်းပေးတဲ့ ပိန်းရွက်ကတော့ထဲထည့်ထားတဲ့အစိမ်းရောင်အရည်တွေကိုယူလိုက်ပြီး ကုန်စင်အောင်သောက်ချလိုက်တယ်။
မြက်အစိမ်းအနံ့အနည်းငယ်ရပေမယ့် ချိုဖန်ဖန်အရသာလေးရနေတာကိုခံစားလိုက်ရတယ်။
” အခုလို ဧည့်ခံတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ ”
” ရပါတယ် ဒီလိုမြက်နုရည်ကိုသောက်ရဖို့က သာမန်အစွမ်းနဲ့ရတာမှမဟုတ်တာ ထိုက်တန်လို့သောက်ရတယ်လို့ပဲ မှတ်ပါဗျာ ဒါနဲ့ စမ်းချောင်းနဘေးက ”
မြဒင်ရဲ့စကားမဆုံးခင်မှာ အောင်မြတ်သာက
” မြဒင်ရေ သူတို့က မင်းနဲ့ငါဆုံခဲ့ရတဲ့အကြောင်းတွေရယ် ဘယ်လိုကြောင့် ဒီကိုရောက်လာရလဲဆိုတာကိုသိချင်နေကြတယ် ဒါကြောင့် မင်းရှိရာကို လာခဲ့ကြတာပဲ”
အောင်မြတ်သာစကားကြောင့် မြဒင်က ရယ်လိုက်ပြီး
” ဆရာက ကျုပ်အကြောင်းပြောချင်လို့ခေါ်တာတယ်ဆိုတော့လဲ ကျုပ်ကပြောပြရတာပေါ့ဗျာ အဲ နေပါဦး ကျုပ်ထောင်က စလွတ်တဲ့အချိန်ကနေစပြောမှ ဇာတ်ရည်လည်မှာပေါ့နော်”လို့ပြောပြီး မတ်တပ်ရပ်နေရာကနေ မြက်ခင်းပြင်ပေါ်ထိုင်ချကာ ဇာတ်လမ်းကိုသေချာပြောပြခဲ့တယ်။
(မြဒင်အကြောင်းအား အောင်မြတ်သာနှင့်မောင်းတစ်လုံးမြဒင်ဝတ္တု၊အောင်မြတ်သာနှင့်နရသိန်ဝင်ပေါက်ဆိုတဲ့ဝတ္တုများတွင် ဖတ်ရှုနိုင်ပါတယ်)
++++++++++++++++++
” မြဒင် ထောင်ကလွတ်လာပြီ”ဆိုတဲ့သတင်းကြောင့် ထန်းလုံးဖြူကျေးရွာတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြတယ်။ ငယ်စဉ်ဘဝကဆိုးသွမ်းခဲ့တဲ့မြဒင်အပေါ် ရန်ငြိုးရှိတဲ့သူတွေကလဲ ဓါးတပြင်ပြင်ဖြစ်နေကြသလို၊ ငယ်သူငယ်ချင်းကောင်းဖော်ဆိုးဖက်တွေကလဲ မြဒင်နဲ့တွေ့ရတော့မယ်ဆိုတော့ ပျော်ရွှင်တက်ကြွနေကြတယ်။
ရွာသူကြီးကတော့ မဖြစ်သင့်တာတွေမဖြစ်ရအောင် ထိန်းထိန်းသိမ်းသိမ်းနေကြဖို့နဲ့ ဖြစ်ပြီးခဲ့တာတွေကိုလဲသင်ပုန်းချေဖို့ ရွာကလူတွေကိုအတန်တန်မှာကြားထားခဲ့တယ်။ ဒီလိုနဲ့ မြဒင်တစ်ယောက်ရွာကိုပြန်ရောက်လာခဲ့တယ်။
မြဒင်လဲရွာအဝင်လမ်းတစ်လျောက်မှာ ညီညာစွာပေါက်နေတဲ့ထန်းပင်တွေကိုငေးကြည့်ရင်း လျောက်လာခဲ့တာ ရွာထိပ်ကိုရောက်မှန်းမသိရောက်လာခဲ့အချိန်
” မြဒင် ထောင်ထွက်လူမိုက်ကြီး မင်းရွာကိုပြန်လာရဲသေးတယ်ပေါ့လေ ဟုတ်လား” ဆိုတဲ့အသံနဲ့အတူ ထန်းပင်တွေအနောက်ကနေ တုတ်တွေ ဓါးတွေကိုင်ထားတဲ့ လူငါးယောက်လောက်ထွက်လာခဲ့တယ်။
မြဒင်က ငှက်ကြီးတောင်ဓါးရှည်ကိုကိုင်ထားတဲ့ လူကိုကြည့်လိုက်ပြီး
” ဘယ်သူများလဲလို့ မိတ်ဆွေဟောင်းကြီး ငထွေပါလား လက်ထဲမှာလဲ ဓါးကြီးနဲ့ မင်းတို့က ငါ့ကိုခုတ်မလို့စောင့်နေကြတာလား”
” ဟေ့ကောင် မြဒင် မင်းစကားကိုဝေ့လည်ကြောင်ပတ်ပြောမနေနဲ့ မင်းလက်ချက်နဲ့ငါ့မျက်လုံးတစ်ဖက်ကန်းခဲ့ရတာ မှတ်မိသေးတယ်မဟုတ်လား”
ငထွေစကားကြောင့် ဖုန်တစ်ထောင်းထောင်းထနေတဲ့ ကွင်းပြင်မှာ ရိုက်ကြနှက်ကြတဲ့ပုံရိပ်တွေက တစ်ရေးရေးပေါ်လာခဲ့တယ်။
” ငထွေ ငါအရင်ကလို ဆိုးမိုက်ဖို့ ရွာကိုပြန်လာခဲ့တာမဟုတ်ဘူး ငါလုပ်ခဲ့တဲ့အမှားတွေကို ပြန်ပေးဆပ်ဖို့ ပြန်လာခဲ့တာ ဒီတော့ မင်းငါ့ကို မကျေနပ်ရင် ကြိုက်သလိုလုပ်ကွာ ငါပြန်လုပ်မှာမဟုတ်ဘူး ”
မြဒင်က ပြောရင်းဆိုရင်း ငထွေရဲ့အရှေ့ကို ခေါင်းငုံ့ပေးလိုက်တယ်။ အဲဒီအချိန် ရွာထဲကနေ တုတ်တွေဓါးတွေကိုင်ပြီးထွက်လာတဲ့ လူတစ်စုကိုမြင်လိုက်ရတယ်။
” မြဒင် သူငယ်ချင်း မင်းပြန်ရောက်လာပြီနော် ဝမ်းသာလိုက်တာကွာ ဟေ့ကောင် ငထွေ မင်းလက်ထဲက ဓါးကိုချထားလိုက် မဟုတ်ရင် ငါတို့အဆိုးမဆိုနဲ့”
ရွာခံလူမိုက်ကြီးတစ်ဖြစ်လဲ ဘသန်းက လက်ထဲမှာကိုင်ထားတဲ့ ငှက်ကြီးတောင်ကိုဝင့်ကာ ကြိမ်းဝါးလိုက်တယ်။
” ဘသန်း နေပါကွာ အရင်ကအငြိုးတွေကိုလဲ ငါမေ့လိုက်ပါပြီ သူတို့ငါ့ကိုလုပ်ရမှ ကျေနပ်မယ်ဆိုရင် ငါရဲရဲကြီးအရိုက်ခံပါမယ် မင်းတို့လဲသူတို့ကိုဘာမှမလုပ်ရဘူး ငါ့ကိုကတိပေးပါ”
မြဒင်စကားကြောင့် ဘသန်းက လက်ထဲက ဓါးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး
” အေးပါ မင်းသဘောကဒီလိုဆိုလဲ ငါတို့ဘာမှမလုပ်ပါဘူး ဟေ့ကောင် ငထွေ မင်းရိုက်မလား ရိုက်လေကွာ ” လို့ပြောပြီး မျက်ထောင့်နီကြီးနဲ့ ကြည့်လိုက်တယ်။
ငထွေဆိုတဲ့လူကလဲ လက်ထဲကဓါးကို ဆကြည့်ရင်း ခေါင်းငုံထားပေးတဲ့ မြဒင်ကိုအပေါ်ကနေ ပိုင်းချလိုက်တယ်။ ဒါပေမယ့် ဓါးသွားက မြဒင်ဇက်ပိုးနေရာကိုရောက်တော့ ရပ်သွားပြီး
” မင်းနဲ့ငါနဲ့ ရန်ငြိုးတွေ မရှိတော့ဘူးလို့သတ်မှတ်လိုက်မယ် မင်းကိုငါသတ်လိုက်ရင် ငါ့မိသားစုဒုက္ခရောက်ဦးမယ် မင်းလဲသေမယ် ဘာမှအကျိုးမရှိဘူး မင်းရဲ့စိတ်ဓါတ်တွေတကယ်ပြောင်းလဲပါစေလို့မျှော်လင့်ပါတယ် ဟေ့ကောင်တွေပြန်မယ်ကွာ”
ငထွေက သူ့လူရင်းတွေကို ပြောရင်း ရွာဘက်ကိုထွက်သွားခဲ့တယ်။ ဘသန်းကတော့ လုံးဝပြောင်းလဲသွားတဲ့ မြဒင်ကိုကြည့်ပြီး ပါးစပ်အဟောင်းသားနဲ့အံ့ဩနေတဲ့အချိန်
” ဘသန်း မင်းအံ့ဩနေတာလား ”
” အေး ငါတကယ်အံ့ဩသွားတာ မင်းလို လက်ရဲဇက်ရဲလူမိုက်ကြီးက အခုလိုကျတော့လဲ ဘာမှမဟုတ်တဲ့ယုန်သူငယ်လိုဖြစ်သွားပါလား ထောင်ထဲမှာဘာတွေဖြစ်ခဲ့လို့လဲ”
” ပြောရရင်တော့အများကြီးပဲသူငယ်ချင်းရာ အဲဒီထဲက အဓိကက အောင်မြတ်သာဆိုတဲ့ လူပဲ သူကငါ့ကိုအခုလိုဖြစ်အောင် လမ်းပြပေးခဲ့တာ”
” ဘာပဲဖြစ်ဖြစ် မင်းလိုလူမိုက်ကြီးကို လူလိမ်မာဖြစ်အောင်လုပ်ခဲ့တဲ့သူကို တွေ့ချင်မြင်ချင်သေးရဲ့ကွာ ကဲ ရွာထဲသွားရအောင် ဟိုမှာမင်းအတွက် အရက်တွေပြင်ထားတယ်”
ဘသန်းစကားကြောင့်မြဒင်ရယ်လိုက်ပြီး
” ငါအရက်လဲမသောက်တော့ဘူး ငါအခုရွာကိုပြန်လာတယ်ဆိုတာကလဲ ငါ့အဖွားမြေပုံကိုကန်တော့ချင်တာရယ် ငါ့မိုက်ပြစ်တွေကိုပေးဆပ်ချင်တာရယ်ကြောင့် ရောက်လာတာ”
” ဒီနေ့ကြားရသမျှ အထူးဆန်းတွေကြီးပဲဟေ့ ကဲကွာ မသောက်လဲထမင်းတော့လိုက်စားကွာ အော် ဒါနဲ့ အရင်ကမင်းကြိုက်ခဲ့တဲ့ နှင်းဖြူတောင် ကလေးလေးယောက်ရနေပြီကွ”
ဘသန်းစကားကြောင့် မြဒင် ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး
” အဲဒါငယ်တုန်းက စိတ်ကစားခဲ့တာပါကွာ အတိတ်ကအကြောင်းတွေပြန်မပြောစမ်းပါနဲ့ကွာ” လို့ပြောရင်း ရွာထဲကိုဝင်လာခဲ့လိုက်တယ်။
အရင်ကနဲ့မတူတော့ပဲ လုံးဝပြောင်းလဲသွားတဲ့ မြဒင်ရဲ့အမူအရာတွေကြောင့် ရန်ငြိုးရှိခဲ့ကြတဲ့သူတွေတောင် မြဒင်ကိုတွေ့ရင် နှုတ်ဆက်စကားပြောရတဲ့အထိ ဖြစ်လာခဲ့တယ်။ မြဒင်ကလဲ ရွာဦးဆရာတော်ချပေးတဲ့နေရာလေးမှာနေရင်း ဘုန်းကြီးကျောင်းဝေယျာဝစ္စတွေကိုကူညီလုပ်ကိုင်ပေးခဲ့တယ်။ အားတဲ့အချိန်တွေမှာ အောင်မြတ်သာသင်ပေးခဲ့တဲ့ အင်းကွက်ဆွဲခြင်း၊ ပုတီးစိပ်ခြင်းတို့ကို အစဉ်တစိုက်အားထုတ်ခဲ့တယ်။ရွာထဲမှာလဲ လိုအပ်ရင်လိုအပ်သလို ကျရာနေရာကနေ ကူညီပေးခဲ့တယ်။
တစ်နေ့ကျတော့ ဘုန်းကြီးကျောင်းဝင်းထဲကို အမောတကောနဲ့ပြေးဝင်လာတဲ့ ဘသန်းရဲ့မိန်းမဖြစ်သူ ရီစိန်ကိုမြင်လိုက်ရတယ်။
” ဟဲ့ ရီစိန် ဘာဖြစ်တာလဲ ”
” ကိုမြဒင် ရှင့်သူငယ်ချင်းဘသန်းလေ မူးမူးရူးရူးနဲ့ ရွာလယ်က ညောင်ပင်အောက်မှာ အပေါ့သွားမိတာ အခုသူ့ရဲ့ဖွားဖက်တော်က တစ်ဖြေးဖြေးယောင်ကိုင်းလာတာ ဘူးသီးလောက်ဖြစ်နေတယ် ကျွန်မတို့လဲ ဘာလုပ်ရမှန်းမသိလို့ ရှင့်ကိုလာပြောပြတာ”
ရီစိန်စကားကြောင့် မြဒင်က
” အေး အေး ငါလိုက်လာမယ် နင်အရင်ပြန်သွားလိုက် ” လို့ပြောပြီး ကျောင်းပေါ်ကိုတက်လာခဲ့လိုက်တယ်။
ကျောင်းပေါ်ရောက်တော့ ဆရာတော်ကို အကျိုးအကြောင်းလျောက်ထားတဲ့အခါ ဆရာတော်က
” ဒီလိုကိစ္စတွေက ဖြစ်တတ်ပါတယ် သူအမှားလုပ်ခဲ့တဲ့အပင်ကိုသွားပြီး ပြန်တောင်းပန်လိုက်ရင် ကောင်းသွားမှာပါ” လို့မိန့်ခဲ့တယ်။
မြဒင်လဲဆရာတော်စကားကြောင့် ဘသန်းအိမ်ကိုရောက်တော့ မူးပြီးသေးပေါက်ခဲ့တဲ့ နေရာအတိအကျကိုမေးကာ ကန်တော့ပွဲတစ်ပွဲနဲ့ထွက်လာခဲ့တယ်။ ညောင်ပင်အောက်ရောက်တော့ ဘသန်းရဲ့အမှားတွေကို ဗွေမယူဖို့ ကန်တော့ပွဲနဲ့ တောင်းပန်နေတဲ့အချိန်
” ကိုမြဒင် ကိုမြဒင် ဘသန်းအိမ်မှာ သောင်းကျန်းနေတယ် လာကြည့်ပါဦး”
ဖိနပ်မပါပဲပြေးလာပြောတဲ့ရီစိန်ကြောင့် ညောင်ပင်အောက်မှာရှိနေတဲ့မြဒင် အိမ်ကိုတစ်ခါပြန်ပြေးရပြန်ရော။
အိမ်ကိုရောက်တော့
” ငါသတ်မယ် ငါဒီကောင်ကိုသတ်မယ် ငါ့ကိုတောင်းပန်ရုံနဲ့မကျေနပ်နိုင်ဘူး လုံးဝခွင့်မလွှတ်ဘူး” ဆိုပြီးအော်ဟစ်ကာ တိုင်နဲ့ခေါင်းကိုဆောင့်နေတဲ့ ဘသန်းကိုတွေ့လိုက်ရတယ်။
” ဘသန်း စိတ်ထိန်းဦး ဘသန်း”
မြဒင်အော်သံကြောင့် တိုင်နဲ့ခေါင်းနဲ့ဆောင့်နေရာကနေ လည်ပင်းကြီးလိမ်ပြီး လှည့်ကြည့်ကာ
” ဘယ်ကမြဒင်လဲ ငါမသိဘူး ငါသိတာက ဒီကောင်သေရမယ် ဟီးဟီးဟီး ”
ခြောက်ကပ်ကပ်အသံနဲ့ပြောလိုက်တဲ့စကားကြောင့် မြဒင်က
” သင်ဘယ်သူလဲ ဘာကြောင့် ဘသန်းကိုသတ်ချင်နေတာလဲဆိုတာပြောပါ”လို့မေးလိုက်တော့ ဘသန်းက
” ငါ့နာမည် ဖိုးဝလုံးကွ ဒီကောင်က ငါနေတဲ့ညောင်ပင်အောက်မှာ ကျင်ငယ်လာစွန့်တယ် ပြီးတော့ငါ့ကိုလဲမတောင်းပန်ဘူး ဒါကြောင့် ငါဒီကောင်ကိုသတ်မယ် မင်းလဲဘေးဖယ်နေ လာမရှုပ်နဲ့”
” အဖိုးရယ် စိတ်လျော့ပေးပါနော် သူမှားခဲ့တာတွေအတွက်လဲ ကန်တော့ပွဲနဲ့သေချာတောင်းပန်ထားပါတယ် နောက်တစ်ခါလုပ်ရင် အဖိုးစိတ်တိုင်းကျလုပ်ပါ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ”
” မရဘူးဟေ့ ဒီကောင်ကိုမသတ်ရရင် ငါကျေနပ်ဘူး ကန်တော့ပွဲမကလို့ ဘာနဲ့ပဲတောင်းပန်တောင်းပန် မကျေနပ်နိုင်ဘူးဟေ့ ဖိုးဝလုံးတဲ့ကွ ဒုန်း ဒုန်း ဒုန်း”
ဘသန်းက စကားပြောနေရင်း တိုင်နဲ့ခေါင်းကိုဆောင့်ချလိုက်ရာ နဖူးပြင်ကွဲထွက်ပြီး သွေးတွေဖြာခနဲဆင်းလာခဲ့တယ်။
ဘသန်းလဲမျက်နှာတစ်လျောက်ကျလာတဲ့သွေးတွေကို လက်နဲ့သပ်လိုက်ပြီး ယက်မလို့လုပ်တဲ့အချိန်
” အနုနည်းမရရင် အကြမ်းနည်းသုံးရတယ်မြဒင်” ဆိုတဲ့အသံကအိမ်အောက်မှာရပ်ကြည့်နေတဲ့ လူတွေထဲကနေထွက်လာခဲ့တယ်။
မြဒင်လဲအသံကြားရာကြည့်လိုက်တော့
” ဟာ ဆရာ ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ ”
” မင်းကိုလာခေါ်တာလေ အခုရောက်ရောက်ချင်း ပြဿနာကစတွေ့ရပြီ မင်းလဲသိထားရအောင် တစ်ခါထဲပြောပြမယ် ဒီလိုကြမ်းတမ်းတဲ့သူတွေကို အနုနည်းနဲ့ပြောမရဘူး သူတို့ကြမ်းရင်ကိုယ်လဲပြန်ကြမ်းပေးရတယ် မင်းကိုသင်ပေးထားတဲ့ပညာတွေကိုဒီနေရာမှာ မသုံးမချရင် ဘယ်မှာအသုံးချမလဲ”
” ဒါပေမယ့် ကျွန်တော်က ဒီလိုမျိုးတစ်ခါမှမကြုံဖူးတော့ ဘယ်လိုစလုပ်ရမလဲမသိဖြစ်နေလို့ပါ”
” ဒီပွဲက မင်းရဲ့အစွမ်းကို ထုတ်ပြရမယ့်ပွဲပဲ ငါကတော့ပွဲကြည့်ပရိတ်သတ်လုပ်မယ် အရင်ဆုံး ငါးပါးသီလခံယူပါ ပြီးတာနဲ့ မင်းဝင်ထားတဲ့ ဂိုဏ်းရဲ့ဆရာတွေကိုခွင့်တောင်းပြီး ဒီပြဿနာကိုဖြေရှင်းပေတော့”
အောင်မြတ်သာကပြောပြီးတာနဲ့ အိမ်အောက်ကိုပြန်ဆင်းပြီး ခြံထဲက ကွပ်ပြစ်လေးမှာ ထိုင်နေခဲ့တယ်။
မြဒင်လဲ အောင်မြတ်သာရဲ့စကားကြောင့် ဘုရားစင်ရှေ့မှာထိုင်ပြီး ငါးပါးသီလခံယူကာ အထက်ဆရာကြီးများကိုခွင့်ပန်လိုက်တယ်။
” ဟိုကောင် ဘာတွေလုပ်နေတာလဲ မင်းပါသေချင်လို့လား ဖိုးဝလုံးတဲ့ကွ ဟင်းဟင်း”
မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်ကာ အော်ဟစ်ပြောဆိုနေတဲ့ဘသန်းကို မြဒင်လှည့်မကြည့်ပဲ လုပ်စရာရှိတဲ့အလုပ်ကိုအရင်လုပ်လိုက်တယ်။
အားလုံးပြီးစီးသွားပြီးဆိုတော့မှ ဘသန်းဘက်ကိုလှည့်ပြီး
” အခုချိန်ကစပြီး ကျုပ်၏စကားကို အမှန်တိုင်းဖြေရမယ် မဖြေပဲသောင်းကျန်းနေမယ်ဆိုရင် ကျုပ်အဆိုးမဆိုနဲ့ သင်ဟာကျုပ်ထက် အသက်ကြီးတဲ့အတွက် အကြမ်းနည်းမသုံးချင်ဘူး ဒါကြောင့်အခုထွက်သွားပေးပါ ”
” မထွက်ဘူးဟေ့ ဒီကောင်ကိုစိမ်ပြေနပြေသတ်ပြီးမှထွက်မှာ ဟားဟားဟား”
” ကောင်းပြီလေ ဒါဆိုရင် ကျုပ်ကိုအဆိုးမဆိုပါနဲ့ ရီစိန် ငါ့ကိုရေတစ်ခွက်ယူလာပေး”
မြဒင်စကားကြောင့် ရီစိန်လဲ သောက်ရေခွက်နဲ့ရေတစ်ခွက်ခပ်လာခဲ့တယ်။
အဲဒီအချိန် အိမ်အောက်ကနေ
” ရေခွက်ထဲ လက်ညိုးထည့်ပြီး အင်းတစ်ကွက်ဆွဲလိုက် ဒါဆိုရင် ဒီကောင်ပြေးဖို့လုံလောက်ပြီ” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
မြဒင်လဲ ကြားတဲ့အတိုင်း ရေခွက်ထဲကို လက်ညိုးနှစ်ပြီး အင်းကွက်တစ်ကွက်ကိုဆွဲလိုက်တယ်။ ဆွဲပြီးတာနဲ့ လက်ညိုးထိပ်မှာကပ်ပါလာတဲ့ရေစက်တွေကို ဘသန်းဆီတောက်ထုတ်လိုက်တယ်။ရေစက်တွေကျသွားတော့ ဘသန်းမျက်နှာ တည်သွားပြီး ငြိမ်သွားခဲ့တယ်။ ဒါပေမယ့် ထွက်တော့မထွက်သေး။
” ကဲ အခုထွက်မလား ရေမန်းနဲ့ထပ်တောက်ရမလား”
” ဟင်းဟင်း ဒီလောက်ရေစက်လောက်က ဖိုးဝလုံးတို့ပျင်းတယ်ဟေ့ မထွက်ဘူး လုံးဝမထွက်ဘူး”
” ဒီလောက်ဖြစ်နေလဲ ထပ်ခံကြည့်ဦး”
မြဒင်က ပြောရင်းနဲ့ သုံးချက်ဆက်တိုက်တောက်ချလိုက်တယ်။ အဲဒီတော့မှ သဘန်းမျက်နှာ မဲ့လာပြီး
” ထွက်မယ် ထွက်မယ် မနေနိုင်တော့ဘူး ပူနေပြီ ငါပြန်တော့မယ် ”
“နေဦး ထွက်ချင်တိုင်းထွက်လို့မရသေးဘူး သင်လုပ်ထားတဲ့အရာတွေကို သင်ပြန်ယူသွား အနာဟောင်းတစ်ခုမှမကျန်ခဲ့စေနဲ့ လိမ်လိမ်ပြီးချန်ခဲ့ရင် သင်နေတဲ့အပင်ကိုရေမန်းနဲ့လာပက်မယ် ”
” အေး ငါလဲနင်ပြောတဲ့အတိုင်းလုပ်မယ် ဒီကလူတွေလဲ ငါ့အပေါ်မစော်ကားနဲ့ ဒီကောင်နောက်တစ်ခါလုပ်ရင် ငါ့အလွန်မဟုတ်တော့ဘူး နင်လဲဒီကောင်ဘက်ကဝင်မပါဘူးလို့ကတိပေးပါ”
” ကောင်းပြီ ကျုပ်ကတိပေးတယ် သင်အပေါ်စော်ကားခြင်းမရှိစေရဘူး သင်လုပ်ထားတဲ့ဒဏ်ရာတွေအကုန်ပြန်ယူသွားပါ ”
မြဒင်စကားအဆုံးမှာ ဘသန်းလဲ အရုပ်ကြိုးပြတ်ကာလဲကျသွားတယ်။ ရီစိန်က လဲကျနေတဲ့ဘသန်းကိုထူမလိုက်တော့ နဖူးမှာပေါက်ပြဲနေတဲ့ဒဏ်ရာက ပြန်စေ့သွားပြီး သွေးလဲတိတ်သွားခဲ့တယ်။
မြဒင်က လက်ထဲကိုင်ထားတဲ့ ရေမန်းကို သတိရလာတဲ့ဘသန်းကိုတိုက်လိုက်ပြီး နောက်ထပ်မစော်ကားဖို့သတိပေးကာ အိမ်ပေါ်ကနေဆင်းလာခဲ့လိုက်တယ်။
အိမ်အောက်ရောက်တော့ ရွာထဲကလူတွေအားလုံး မြဒင်ကိုကြည့်ပြီး တိုးတိုးတိတ်တိတ်တစ်ဖုံ လူချင်းလာနှုတ်ဆက်ပြီးတစ်ဖုံချီးကျုးခဲ့ကြတယ်။
မြဒင်လဲ အားလုံးကိုပြန်နှုတ်ဆက်ပြီး ကွပ်ပြစ်မှာထိုင်နေတဲ့အောင်မြတ်သာနဲ့အတူ ဘုန်းကြီးကျောင်းဆီကိုပြန်လာခဲ့လိုက်တယ်။
ကျောင်းဝင်းထဲရောက်တော့ အောင်မြတ်သာက
” မြဒင် မင်းရွာကနေပြန်ထွက်ဖို့အချိန်တန်ပြီ ”
” ဗျာ ဘယ်ကိုပြန်ထွက်ရမှာလဲဆရာ ကျွန်တော်က သွားစရာလာစရာမှမရှိတာ”
” မင်းက အင်းကွက်ဆွဲပြီးလေ့ကျင့်ရတာထက် ကိုယ့်လမ်းစဉ်ကိုယ်ဖောက်ပြီးလေ့ကျင့်ရမယ့်ကံပါလာတယ် ဒီကျင့်စဉ်ကိုလေ့ကျင့်တဲ့အခါ လူသူရှိတဲ့နေရာကိုရွေးလို့မရဘူး ဒါကြောင့် လူသူအရောက်ပေါက်နည်းတဲ့ စေတီကျောင်းကန်၊ တောတောင်တစ်ခုခုကိုရွေးချယ်ရမယ်”
” ကျွန်တော်ကျင့်ရမယ့် နည်းလမ်းကိုလဲပြောပြပါ ဒါမှ ဘယ်လိုနေရာတွေက ကျွန်တော်နဲ့ကိုက်ညီမယ်ဆိုတာရွေးချယ်လို့ရမှာ”
” မင်းက အမြင်သမထကိုဦးစားပေးလေ့ကျင့်ရမယ် မင်းက တရားထိုင်ရတာနဲ့ ပုတီးစိပ်ရတာ ဘယ်အရာကိုပိုနှစ်သက်လဲ”
” ကျွန်တော်က ပုတီးစိပ်ရတာကိုပိုနှစ်သက်တယ် ”
” ဒါဆိုပုတီးနဲ့လေ့ကျင့်ပေါ့ကွာ ပထမအဆင့်က မျက်လုံးဖွင့်ပြီးပုတီးစိပ်ရမယ် မင်းက တစ်နေ့ကို ဆယ်ပတ်စိတ်မယ်ဆိုပါတော့ ဆယ်ပတ်ပြည့်တဲ့အထိမျက်လုံးကိုဖွင့်ပြီး အရှေ့မှာရှိတဲ့အရာတစ်ခုကိုပဲ အာရုံစိုက်ထားရမယ် ဆယ်ပတ်ပြည့်ပီဆိုရင် မျက်လုံးကိုမှိတ်ပြီး နောက်တစ်ပတ်ထပ်စိပ်ရမယ် အဲဒီတစ်ပတ်စိပ်တဲ့အခါ အရင်ကအာရုံစိုက်ထားတဲ့အရာဝတ္တုတစ်ခုက မင်းရဲ့အာရုံထဲမှာ စွဲစွဲမြဲမြဲပေါ်နေစေရမယ် အဲလိုနည်းနဲ့ဖြေးဖြေးနဲ့မှန်မှန်ကျင့်သွားရင် အမြင်သမထကို အောင်မြင်လိမ့်မယ်”
အောင်မြတ်သာလဲ မြဒင်လေ့ကျင့်ရမယ့်အဆင့်တွေကိုစိတ်ရှည်လက်ရှည်နဲ့ရှင်းပြပေးခဲ့တယ်။
+++++++++
” နောင် ဝေ ဝေ ဝေ ”
” နောင် ဝေ ဝေ ဝေ”
” နောင် ဝေ ဝေ ဝေ” ဆိုတဲ့ကြေးစည်သံက စကားပြောနေကြတဲ့အရှိန်ကိုရုတ်တရက်ဖြတ်ချလိုက်တယ်။
” ကြေးစည်သံက ဘယ်ကနေကြားလိုက်ရတာလဲ”
သက်ခိုင်ရဲ့အမေးကြောင့် မြက်ခင်းပေါ်ထိုင်နေတဲ့မြဒင်က
” ပုဂ္ဂိုလ်တစ်ပါး မဟာမြိုင်တောထဲကိုအသစ်ရောက်လာရင် ဒီလိုကြေးစည်သံကြားကစမြဲပဲ”
” ဒါဆို လူတစ်ယောက်ထွက်ရပ်ပေါက်သွားတယ်ဆိုတဲ့သဘောလား”
” ဟုတ်ပါတယ် ထွက်ရပ်လမ်းစဉ်ဆိုတာ ကမ္ဘာ့အရပ်ရပ်မှာရှိတဲ့ လူမျိုးတိုင်းမှာရှိပါတယ် သူတို့နည်းသူတို့ဟန်နဲ့ ထွက်ရပ်ပေါက်သူများစုဝေးရာအရပ်ဒေသကိုရောက်လာတဲ့အခါ အဝင်ကြေးစည်ကိုတီးခတ်ရတယ် ဒါကြောင့်ခုနကကြေးစည်သံကိုကြားလိုက်ရတာပါ”
” ဒါနဲ့ ခုနကစကားကောင်းနေတာ ပြတ်သွားတယ် အမြင်သမထအကြောင်းလေးဆက်ပြောပါဦး”
” အော် အမြင်သမထကို ကျင့်ဖို့ပြောတော့ ကျုပ်လဲ လူသူသိပ်မရှိတဲ့နေရာတစ်ခုကိုရွေးခဲ့တယ် အမြင်သမထဆိုတာ အတော်ခက်တာဗျ ပထမဆုံးစကျင့်တော့ ပုတီးကိုးပတ်နဲ့စကြည့်တယ် မျက်စိအရှေ့မှာတော့ ကျောက်ခဲဖြစ်ဖြစ် ရေခွက်ဖြစ်ဖြစ် တစ်ခုခုထားတာပေါ့ဗျာ အဲလိုကျင့်ရင်းကျင့်ရင်းနဲ့ ပထမ နှစ်လသုံးလလောက်ထိကို အာရုံစိုက်လို့မရဘူး နောက်ဆုံးမျက်လုံးပိတ်စိတ်တဲ့အချိန် အာရုံစုထားလို့မရတဲ့ပြဿနာကဒုက္ခပေးခဲ့တယ် ”
” ဒါဆိုပထမအဆင့်ကိုဘယ်လောက်ကြာအောင် ကျင့်ခဲ့ရသလဲ”
” ပထမအဆင့်ကို ကိုးလတိတိကျင့်ခဲ့ရတယ် ကိုးလပြည့်တဲ့နေ့ကျတော့မှ အာရုံထဲကအရာက ဘယ်မှမပြေးတော့ပဲ တစ်နေရာထဲမှာငြိမ်သွားတာ အဲဒီအဆင့်ပြီးတော့ ဆရာရောက်လာပြီး ဒုတိယအဆင့်တက်ခိုင်းတော့တာပဲ”
” ဒုတိယအဆင့်လေးအကြောင်းပြောပြပါဦး”
” ဒုတိယအဆင့်က ပုတီးစိပ်ရင်း အရာဝတ္တုတစ်ခုကိုစူးစိုက်ကြည့်ခိုင်းတာပဲဗျ အစကတော့ ဒီတိုင်းကြည့်ရင်း ပုတီးစိပ်နေတာ ဘာမှမမြင်ရဘူး ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အထဲက အလွှာလေးတွေကိုမြင်လာရတယ် ကျုပ်က စေတီရဲ့အုတ်မြစ်ကိုကြည့်ပြီးကျင့်တာဆိုတာဆိုတော့ အပြင်ဘက် အင်္ဂတေအလွှာရဲ့အောက်က အုတ်အသားတွေကို စမြင်ခဲ့တယ် အဲဒီကနေ တစ်ဖြေးဖြေးကျင့်တာများလာတော့ အုတ်ရဲ့အတွင်းမှာရှိတဲ့ ဌာပနာခန်းကိုမြင်လာရတယ် နောက်တော့တစ်ဖြေးဖြေးအမြင်တွေရလာခဲ့တာ ဌာပနာတိုက်ထဲမှာ ကျောက်ကဘယ်နှစ်လုံး၊ လက်စွပ်ကဘယ်နှစ်ကွင်းကအစ တိတိကျကျမြင်လာရတော့တာပဲ”
” တယ်ဟုတ်ပါလား ဒုတိယအဆင့်ကို ဘယ်လောက်ကျင့်ခဲ့ရလဲ”
” ဒုတိယအဆင့်ကို ၁၅နှစ်တိတိကျင့်ခဲ့ရတယ် ဒီကြားထဲ အမြင်တွေရလာတော့အဖျက်တွေကလာတော့တာပဲ ပုတီးစိပ်နေရင်း ခေါင်းက ပုတ်လောက်ကြီးသွားတာမျိုး၊ နားရွက်တစ်ဖက်က စကောလောက်ကြီးလာတာမျိုးတွေဖြစ်လာတယ် အဲလိုမျိုးဖြစ်ရင် ကိုယ်ကသတိထားရတယ် ကြီးတဲ့နောက်ကိုလိုက်သွားရင် အဲလူရူးသွားတတ်တယ် ဒါကြောင့်သမထဘက်လိုက်တဲ့သူတွေက ရုပ်အနောက်ကိုမလိုက်ရဘူး သူ့ဘာသာ ဘယ်လိုဖြစ်ဖြစ် ကိုယ်အာရုံစိုက်ထားတဲ့အရာကိုပဲ အာရုံစိုက်ထားလိုက် ဖြစ်ပျက်နေတာတွေအလိုလိုပျောက်သွားရော ကျုပ်လဲရုပ်အနောက်ကိုမလိုက်တဲ့ထုံးကိုနှလုံးမူပြီးကျင့်ခဲ့တာ အဖျက်တွေအတော်များများကိုအောင်မြင်ခဲ့တယ်”
” ဒါဆိုခင်ဗျားက ထွက်ရပ်ပေါက်ခဲ့တာလား”
” ဟဲဟဲ အခုကျုပ်တို့သိတဲ့သထမလိုင်းမှာလဲဖြတ်လမ်းဆိုတာရှိတယ်ဗျ ထွက်ရပ်ပေါက်မဟုတ်ပဲ မဟာမြိုင်တောနဲ့အနီးနားကိုရောက်ချင်ရင် နတ်မျက်စိကျင့်စဉ်ကိုကျင့်ရတယ် ခုနကကျုပ်ကျင့်တဲ့လမ်းစဉ်ပေါ့ဗျာ သူ့ရဲ့အမြင်စွမ်းအားကြောင့် မဟာမြိုင်တောရဲ့အဝင်လမ်းကိုရှာတွေ့ခဲ့ပေမယ့် အထဲကိုတော့ဝင်လို့မရသေးဘူး ဒါကြောင့်ဝင်နိုင်မယ့်သူတွေကိုကူညီပေးနေခဲ့တာ”
” ဒါဆို ခင်ဗျားက ဒီနေရာမှာ ဘယ်အချိန်ထိနေရဦးမှာလဲ”
” ဟဲဟဲ ခင်ဗျားတို့လာတဲ့လမ်းမှာအပင်ငယ်နှစ်ပင်ကိုတွေ့ခဲ့တယ်မဟုတ်လား အဲဒီအပင်ငယ်နှစ်ပင်ရဲ့သခင်တွေ ရောက်လာမှ ကျုပ်လူ့ဘောင်ထဲပြန်ဝင်ပြီး နောက်ဆုံးအဆင့်ကို ကျင့်ကြံရမယ် ဒါကြောင့် အပင်ငယ်လေးတွေ ရှင်သန်ရအောင် စောင့်ရှောက်ပေးနေတာပေါ့”
” ခင်ဗျားပြောပြတာတွေက ဗဟုသုတလဲရပါတယ် ဒါပေမယ့် ကျုပ်တို့ဖြတ်လမ်းကိုမလိုက်ပဲ လမ်းမှန်ကနေပဲလာမှာပါ တစ်နေ့တော့ ကျုပ်တို့ပြန်ဆုံနိုင်ပါရဲ့ဗျာ ”
သက်ခိုင်စကားအဆုံးမှာ မြဒင်က
” ကျုပ်ကလဲ စောင့်မျှော်နေပါတယ်ဗျာ ကဲ ကျုပ်တာဝန်ချိန်ရောက်တော့မှာမို့ သွားခွင့်ပြုပါဦး”လို့ပြောကာ လေတစ်ချွန်ချွန်နဲ့ထွက်သွားခဲ့တယ်။
မြဒင်ထွက်သွားတော့ အောင်မြတ်သာက
” ငါတို့လဲ ပြန်ထွက်ဖို့အချိန်တန်ပြီ အပြင်ရောက်ရင် လုပ်ရမယ့်ကိစ္စတစ်ခုလဲရှိသေးတယ်”
” ဘာကိစ္စများလဲဆရာ”
” အပြင်ရောက်ရင်သိရမှာပေါ့ကွာ ကဲ မင်းတို့ရဲ့ကိုယ်လက်တွေကို အရင်သန့်စင်လိုက်ဦး ငါချောင်းစပ်မှာစောင့်နေမယ်”
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့တောက်ရလဲ မလှမ်းမကမ်းမှာရှိတဲ့ စမ်းချောင်းထဲကိုဆင်းပြီး ကိုယ်လက်သန့်စင်လိုက်ရာ ခန္ဓာကိုယ်ထဲကနေ မီးခိုးရောင်အခိုးငွေ့တွေထွက်လာပြီး အရေးအကြောင်းတွေပေါ်နေတဲ့ အသားအရည်တွေက တစ်ဖြေးဖြေးပြန်လည်တင်းရင်းလာကာ အသက်၂၅နှစ်အရွယ်အဖြစ်ပြောင်းလဲသွားခဲ့တယ်။
” တောက်ရ မင်းမျက်နှာ မင်းမျက်နှာ ပြောင်းသွားပြီကွ ”
” ဆရာလဲ တူတူပဲ အရေးအကြောင်းတွေလဲ မရှိတော့ဘူး ဒီရေတွေကြောင့် ပြန်နုပျိုသွားတာလား”
သက်ခိုင်နဲ့တောက်ရ အံ့ဩနေကြတဲ့အချိန် အောင်မြတ်သာက
” မင်းတို့မှာလုပ်စရာတွေအများကြီးကျန်သေးတယ် ဒါကြောင့် မြဒင်ကို မြက်နုရည်တိုက်ခိုင်းခဲ့တာ မင်းတို့သောက်ခဲ့တဲ့ မြက်နုရည်ကြောင့် အခုလိုပြန်လည်နုပျိုလာခဲ့တာပဲ”
” ဆရာ ကျွန်တော်တို့က မသေတော့ဘူးလား ”
” အဲဒီလိုလဲမဟုတ်ဘူး မင်းတို့ကံဇာတာအရ သေနေ့စေ့ရင် သေဆုံးကြရမယ် မသေဆုံးခင်မှာတော့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရဦးမယ်လေ ကဲကဲ အချိန်မရှိဘူး တက်ခဲ့ကြတော့”
အောင်မြတ်သာစကားကြောင့် စမ်းချောင်းထဲမှာရောက်နေတဲ့ သက်ခိုင်နဲ့တောက်ရတို့အပေါ်ကိုပြန်တက်လာခဲ့အချိန်
” ဆရာ ခုနက ဒီနားမှာ တရားအားထုတ်နေတဲ့သူတွေအများကြီးရှိတာ အခုမရှိကြတော့ဘူး” လို့မေးလိုက်တော့ အောင်မြတ်သာက
” သူတို့လဲ စင်္ကြန်လျောက်တဲ့အချိန် ရှိကြတယ် ဒါကြောင့် မတွေ့တော့တာ မင်းတို့လဲ ဒီလိုနေရာထပ်ရောက်ခဲ့ရင် ပိုနားလည်လာကြမှာပါ” လို့ပြောကာ မြက်ခင်းစိမ်းတွေပေါ်ကနေ ထွက်ခွာသွားခဲ့တယ်။
အောင်မြတ်သာတို့တွေ မြက်ခင်းစိမ်းတွေကို ဖြတ်ကျော်ပြီးတဲ့အချိန်မှာတော့ ဆူးခြုံတောတွေပေါက်ရောက်နေတဲ့တောစပ်ကိုရောက်လာခဲ့တယ်။ ဆူးခြုံတောထဲကိုဖြတ်ပြီးတဲ့အချိန်မှာတော့ ဟောင်းနွမ်းနေတဲ့ဇရပ်အိုလေးကို လှမ်းမြင်လိုက်ရတယ်။
ဇရပ်အိုလေးရဲ့ လှေကားရင်းမှာတော့ လူတစ်ယောက်လဲကျပြီးအမောဖောက်နေတာတွေ့လိုက်ရတယ်။ သက်ခိုင်နဲ့တောက်ရလဲ အမောဖောက်နေတဲ့လူကိုပြေးထူလိုက်ပြီး
” ဟေ့လူ ဟေ့လူ သတိထားစမ်းပါဦး “လို့ပြောလိုက်တော့ လဲကျနေတဲ့သူက
” ကျုပ်ကိုကယ်ကြပါ သူ့တို့ သူ့တို့ …” လို့ပြောပြီးသတိလစ်သွားခဲ့တယ်။
အောင်မြတ်သာလဲ လွယ်အိတ်ထဲက အင်းစာရွက်တစ်ရွက်ကိုမီးရှို့ပြီး ရလာတဲ့ပြာကိုသတိလစ်သွားတဲ့လူရဲ့ပါးစပ်ထဲကို ထည့်ပေးလိုက်တော့မှ သတိပြန်ဝင်လာခဲ့တယ်။
” ကျုပ် ကျုပ်ဘယ်ရောက်နေတာလဲ”
” ခင်ဗျားဘေးကင်းပါပြီ ဘာတွေဖြစ်လာလို့ ဒီလောက်ကြောက်လန့်နေရတာလဲ”
” ခင်ဗျားတို့က ဘီလူးတွေရှိတဲ့ရွာကမဟုတ်ပါဘူးနော်”
” ကျုပ်တို့ကလူတွေပါ ခင်ဗျားဘာတွေဖြစ်ခဲ့တာလဲ”
” ကျုပ်က ဖျာရောင်းတဲ့ကုန်သည်ပါ တစ်နေ့မှာ မျက်စိလည်ပြီး ရွာတစ်ရွာကိုရောက်သွားခဲ့တယ် အိမ်ကြီးအိမ်ကောင်းတွေကိုမြင်တော့ ဖျာတွေရောင်းရတော့မှာပဲဆိုပြီးပျော်နေခဲ့တယ် ရွာကလူတွေကလဲ ကျုပ်ကိုစားကောင်းသောက်ဖွယ်ေတွနဲ့ဧည့်ခံကြတယ် ကျုပ်လဲသူတို့ကျွေးတဲ့အစာတွေစားပြီး အိပ်ပျော်သွားတယ် ညတစ်ရေးနိုးတော့ စားထားတဲ့အရှိန်ကြောင့် အိမ်သာတက်ချင်လို့ ဆင်းလာခဲ့တာ အိမ်အနောက်ဘက်မြေကွက်လပ်မှာ လူအရှင်လတ်လတ်ကို သတ်ပြီးစားနေကြတဲ့မြင်ကွင်းကိုမြင်လိုက်ရတယ် အဲဒါနဲ့ကျုပ်လဲကြောက်လန့်တကြားနဲ့ ထွက်ပြေးလာခဲ့တာ ခင်ဗျားတို့နဲ့တွေ့ရတာပဲ”
” ခင်ဗျားမြင်ခဲ့ရတာက လူတွေရောဟုတ်ရဲ့လား ”
” ဟုတ်ပါတယ်ဗျာ လူတွေပါပဲ ကျုပ်တည်းတဲ့အိမ်ကလဲလူတွေပါဗျာ ဒါပေမယ့် လူကိုသတ်ပြီးစားနေတဲ့သူတွေကတော့ လူမဟုတ်လောက်ဘူး ကျုပ်ပြန်စဉ်းစားလို့တောင်မရဲပါဘူးဗျာ”
” ခင်ဗျားစိတ်အေးအေးထားပြီးနေပါ ဒီဇရပ်ဘေးကလမ်းအတိုင်းသွားရင် လမ်းမကိုရောက်ပါလိမ့်မယ် ခင်ဗျားဘေးကင်းသွားပါပြီ ဒါနဲ့ခင်ဗျားရောက်ခဲ့တဲ့ရွာက ဘယ်နားမှာရှိတာလဲ”
သက်ခိုင်စကားကြောင့် ကြောက်လန့်နေတဲ့သူက
” ရွာက မြောက်ဘက်တည့်တည့်မှာရှိတာ ကျုပ်ကိုလိုက်မပြခိုင်းပါနဲ့တော့ ကျုပ်လမ်းပေါ်ရောက်အောင်ပဲသွားတော့မယ်”လို့ပြောပြီး ဒယီးဒယိုင်နဲ့ပြေးထွက်သွားခဲ့တယ်။
အောင်မြတ်သာ၊သက်ခိုင်နဲ့တောက်ရတို့ကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး ခြေလှမ်းတွေကို မြောက်ဘက်သို့ဦးတည်လိုက်ကြတယ်။
လူတွေကိုသတ်ပြီး စားသောက်ကြတဲ့သူတွေကို အောင်မြတ်သာတို့ဘယ်လိုနှိမ်နင်းမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ဘီလူးမွေးတဲ့ရွာဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
Leave a Reply