အဲဒီတော့ မင်းတို့က ဘယ်လိုဖြစ်ချင်လဲ”
” ကျွန်တော်တို့က ဒီခြံကိုရမှဖြစ်မယ်… ဒါကြောင့် ခြံထဲမှာ ဘာညာရှိတယ်ဆိုပြီး သတင်းခပ်သဲ့သဲ့လွှင့်ထားတယ်။ ကျွန်တော်တို့သတင်းလွှင့်ထားတဲ့အတိုင်း ဖြစ်အောင်လုပ်ချင်လို့ပါဆရာကြီး”
အောင်မြင့်စကားကိုကြားတော့ ဆရာကြီးက ခေါင်းတစ်ဆတ်ဆတ်ညိမ့်ပြီး
” မင်းတို့ဒီနေ့ရောက်လာတာ အတော်ကံံကောင်းတာပဲကွ”
” ဟင် ဘာဖြစ်လို့လဲဆရာကြီး’
” ညကမှ ငါစီရင်ထားတဲ့ အကောင်တစ်ကောင်ရှိတယ်… မြေမနင်းအစီအရင်လို့ခေါ်တယ်။ မင်းတို့လိုချင်ရင်တော့ ပေးလိုက်မယ်.. ဒါပေမယ့် ကြေးတော့များမယ်နော်”
” ဆရာကြီးကလဲ ကိစ္စသာအဆင်ပြေမယ်ဆို ကျွန်တော်တို့ကလက်မတွန့်ပါဘူး.. ”
” အေး ခဏစောင့်”
ဆရာကြီးက ဧည့်သည်တွေကိုစောင့်ခိုင်းပြီး အခန်းထဲဝင်သွားကာ တစ်ထွာသာသာလောက်ရှိတဲ့ သားရည်ပြားတစ်ချပ်ကိုယူထုတ်လာပြီး
” ဒါက မြေမနင်းသန္ဓေသားရဲ့ အရည်ပြားပဲ.. သူ့အပေါ်မှာ လိုအပ်တဲ့အင်းတွေ အစီအမံတွေ ရေးဆွဲထားတာမို့ .. မင်းတို့လိုချင်တဲ့ခြံရဲ့ အနောက်ဘက်တစ်နေရာမှာ ည၂နာရီတိတိမြုပ်ရမယ်၊ ဒါဆိုရင် ခြံထဲရောက်လာတဲ့ ဘယ်သူကိုမဆို ဒီကောင်က မနေနိုင်အောင် ခြောက်လှန့်မောင်းထုတ်ပစ်လိမ့်မယ်” လို့ပြောကာ အရည်ပြားပေါ်ကို ခုံပေါ်မှာရှိတဲ့ သွေးခွက်ထဲက သွေးစအချို့ကို ပက်ဖြန်းလိုက်တယ်။
သွေးစတွေက အရည်ပြားပေါ်ကျတာနဲ့ အင်းဆံတွေအပေါ်ကိုဖောင်းကြွလာတာကိုလဲ ကြက်သီးထစရာကောင်းအောင် မျက်မြင်ကြုံတွေ့လိုက်ရတယ်။
” သဘောကျတယ်ဆရာကြီး… ဒါက ဆရာကြီးအတွက် ကန်တော့တာပါ”
ဧည့်သည်တွေက လက်ဆွဲအိတ်ထဲအသင့်ပါလာတဲ့ ငွေစက္ကူတစ်ထပ်နဲ့ ကန်တော့ပြီး မြေမနင်းအစီအမံလုပ်ထားတဲ့ သားရည်ပြားကို သေတ္တာဘူးထဲထည့်ယူကာ ပြန်ထွက်သွားခဲ့ကြတယ်။
ဧည့်သည်တွေပြန်သွားတော့ ဆရာကြီးက ငွေစက္ကူအုပ်ထဲက အချို့ကိုဖြုတ်ယူလိုက်ပြီး
” ဖိုးတေ ဒါကမင်းလိုတဲ့နေရာသုံးဖို့ ယူထားလိုက်” လို့ပြောကာကမ်းပေးလိုက်တယ်။
” ကျေးဇူးတင်ပါတယ်ဆရာကြီး… ဒါနဲ့ တစ်ညထဲ အစီရင်ကိုအောင်မြင်အောင်လုပ်နိုင်တာ တကယ်လက်ဖျားခါလောက်စရာပဲဗျာ၊ ဒါကြောင့်လဲ အောက်နယ်တစ်ဝိုက်မှာ ဆရာကြီးစိန်ထွားဆိုတာ တန်ခိုးကြီးနေတာကိုး”
ဆရာကြီးက ဖိုးတေစကားကို သဘောကျစွာနဲ့ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး မီးကျွမ်းနေတဲ့ သစ်သားနဲ့ထုထားတဲ့ အရုပ်တစ်ရုပ်ကို ယူကာ အနုစိပ်ပြန်လည်ပြုပြင်နေခဲ့တယ်။
+++++++
လူသူပြတ်ဆဲဆဲဖြစ်နေတဲ့ ညဦးယံအချိန်မှာတော့ ရိုးပြတ်တွေကျိုးတိုးကျဲဲတဖြစ်နေတဲ့ ကွင်းပြင်ထဲကို အောင်မြတ်သာတို့ဆရာတပည့်နှစ်ယောက် ခပ်သုတ်သုတ်ဝင်လာခဲ့ကြတယ်။
လမ်းလျောက်နေရင်း အနောက်ကနေ တစ်ရှပ်ရှပ်မြည်ပြီးလိုက်လာတဲ့ခြေသံကြောင့် ရှေ့ကိုဆက်မသွားတော့ပဲ ရပ်လိုက်ပြီး
” ဘယ်သူလဲ အနောက်ကနေ လိုက်လာတာ” လို့မေးလိုက်ပေမယ့် အသံမကြားတာကြောင့် နောက်ကိုလှည့်ကြည့်လိုက်ရာ ခပ်လှမ်းလှမ်းကန်သင်းရိုးပေါ်မှာ ငုတ်တုတ်ထိုင်နေတဲ့ လူဝံလိုလို မဲမဲကောင်တစ်ကောင်ကိုမြင်လိုက်ရတယ်။
” ဆရာ ဒီကောင် အနောက်ကနေလိုက်လာတာ အတော်ကြာပြီ… ကျွန်တော်တို့ကိုဘာပြောစရာရှိလဲမသိဘူး… ကျွန်တော် ခေါ်ပြီးမေးလိုက်ရမလား”
” မလုပ်နဲ့ဦး … သူ့ပုံစံကြည့်ရတာ စကားမပြောနိုင်တဲ့ပုံပဲ… အင်း ငါတို့ ကွင်းထဲကနေ ဖြတ်လာတာမို့ လိုက်စောင့်ရှောက်တာလဲဖြစ်နိုင်တယ်”
” ဒါဆို ကျွန်တော်တို့က အာရုံထဲမှာပေါ်လာတဲ့ ရွာကိုဆက်သွားရမှာလား”
” ရှေ့တစ်ကွင်းရောက်လို့ ဘာမှ မနှောက်ယှက်ဘူးဆိုရင် သူ့လမ်းသူသွားပါစေ… ငါတို့လဲ ထန်းပင်ခြောက်ရွာကို ညမနက်ခင်အရောက်သွားဖို့လိုလိမ့်မယ်”
ဆရာတပည့်နှစ်ယောက်ဆက်လျောက်သွားတော့ ကန်သင်းရိုးမှာထိုင်နေတဲ့ကောင်က တစ်ရှပ်ရှပ်နဲ့ထပ်လိုက်လာခဲ့တယ်။ လယ်၅ဧကလောက်ကို ကျော်ပြီးချိန်မှာတော့ အနောက်ကလိုက်လာတဲ့ခြေသံကိုမကြားရတော့ပဲ မီးလောင်ညှော်နံ့နဲ့အပုတ်နံ့ရောနေတဲ့ အနံ့တစ်ခုကိုထပ်ရလိုက်တယ်။
” ဒီတစ်ခါလဲ ကွင်းပိုင်တွေ အနောက်ကလိုက်လာပြန်ပီထင်တယ်… မောင်ကောင်း မင်းလမ်းမှာဘာလုပ်ခဲ့သေးလဲ”
” ဘာမှမလုပ်ခဲ့ဘူးဆရာ… အဲ တစ်ခုတော့ရှိတယ် ကျွန်တော်တို့သွားမယ့်ရွာကို လမ်းပြပေးမယ့်သူရှိရင်ကောင်းမှာပဲဆိုပြီးတော့ နှုတ်ကနေ ပြောမိခဲ့တယ်”
” လက်စသတ်တော့ ဒါကြောင့် သူတို့ကလိုက်လာတာကိုး… ကဲကဲ အနှောက်အယှက်မပေးပဲ ကူညီမယ့်ပုဂ္ဂိုလ်ဆိုရင် ရှေ့ကိုရောက်စေ… နှုတ်လဲဖွင့်နိုင်စေ”
အောင်မြတ်သာရဲ့နှုတ်အမိန့်ကြောင့် တစ်ကိုယ်လုံးခြောက်သွေ့မဲနက်ပြီး အငွေ့တစ်ထောင်းထောင်းထနေတဲ့ နာနာဘာဝတစ်ကောင်ပေါ်လာပြီး
” ဆရာတို့ သွားမယ့်လမ်းကို အချိန်တိုတိုနဲ့ရောက်စေဖို့ ကွင်းပိုင်ချုပ်အဖိုးက တာဝန်ပေးထားတာကြောင့် အပိုင်နယ်မြေတစ်လျောက်က လိုက်ပါနေခဲ့တာပါ”
” ဒါဖြင့် ခုနက လိုက်လာတဲ့ပုဂ္ဂိုလ်က ဘာကြောင့် မေးတာကိုမဖြေရတာလဲ”
” သူက လူ့ဘဝတုန်းက လျာဖြတ်ပြီး အသတ်ခံရတဲ့ ကွင်းပိုင်မောင်အပါ… ဒါကြောင့် ဆရာတို့ပြောတာကိုပြန်မဖြေနိုင်ဘူးဖြစ်ခဲ့တာ၊ ကျုပ်ကတော့ ဆရာတို့အခွင့်မပေးသေးတာကြောင့် ဘာမှမပြောပဲ လိုက်လာခဲ့မိတာပါ”
” ဒါဖြင့် ကျုပ်တို့သွားရမယ့် ထန်းခြောက်ကုန်းရွာဆိုတာ ဒီလမ်းကနေသွားရတာမဟုတ်လား”
” ဟုတ်ပါတယ် ဒါပေမယ့် ဒီထက်နီးတဲ့လမ်းတစ်ခုလဲရှိနေပါသေးတယ်၊ ဆရာတို့ခွင့်ပြုမယ်ဆိုရင် ကျုပ်လမ်းပြပေးပါမယ်”
” ကောင်းပြီ ကွင်းပိုင်ကြီး… သင် အရှေ့ကလမ်းပြပါ”
အောင်မြတ်သာစကားအဆုံးမှာ တစ်ကိုယ်လုံးမဲနက်နေတဲ့ကွင်းပိုင်ကြီးက မြေကြီးပေါ်ဝမ်းလျားမှောက်လိုက်ရာ လူကြီးတစ်ယောက် ပေါင်ရင်းလောက်ရှိတဲ့ ခွေးနက်ကြီးအဖြစ်ပြောင်းသွားပြီး ကန်သင်းရိုးဘေးက မြေနီလမ်းအတိုင်းခေါ်ဆောင်သွားခဲ့တယ်။
အတန်ကြာသွားပြီးတဲ့နောက်မှာတော့ ညီညာဖြောင့်ဖြူးနေတဲ့မြေနီလမ်းတစ်ခုစီကိုရောက်လာခဲ့တယ်။လမ်းမြေအစပ်ကိုရောက်တော့ ခွေးနက်ကြီးက ဆက်မသွားတော့ပဲ ပဒပ်ရပ်ရပ်လိုက်ရာ မူလပုံစံအဖြစ်ပြောင်းသွားပြီး
” ဒါကတော့ ထန်းခြောက်ပင်ရွာအဝင်လမ်းပဲ… ကျုပ်အနေနဲ့ ဒီထိပဲလိုက်ပို့နိုင်တာကြောင့် ဆရာတို့ခွင့်လွှတ်ပေးပါ”လို့ပြောတော့ အောင်မြတ်သာက
” ဒီထိလိုက်ပို့ပေးတာပဲ ကျေးဇူးတင်နေပါပြီ.. ကျုပ်တို့လဲ လုပ်စရာရှိတာတွေလုပ်ရဦးမှာမို့ သင်လဲ ပြန်နိုင်ပါပြီ” လို့ပြောလိုက်ရာ ကွင်းပိုင်ကြီးက အရိုအသေပေးပြီး လာရာလမ်းရဲ့အမှောင်ထုထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။
အောင်မြတ်သာတို့ရွာထဲစဝင်လာတဲ့အချိန်မှာပဲ နံ့သာဖြူနံ့နဲ့အတူ အနီရောင်ခေါင်းစည်းစည်းထားတဲ့လူတစ်ယောက်က အမှောင်ထဲကနေ ထွက်လာခဲ့တယ်။
” ဆရာတို့ရောက်လာမယ်ဆိုတာသိလို့ ကျုပ်ကစောင့်နေတာ”
” သင်က ဘယ်သူပါလဲ..”
” ကျုပ်က ဒီရွာရဲ့ သက်တော်ရှည်ရွာစောင့်နတ်ပါ.. ကျုပ်ရဲ့မူလရုပ်သွင်က အတော်ကိုအိုမင်းနေပြီမို့ ဆရာတို့အမြင်သင့်တယ်အောင် ဖန်ဆင်းပြီး နှုတ်ခွန်းဆက်သရခြင်းဖြစ်ပါတယ်”
” ဒါဖြင့် ကျုပ်တို့ကို စောင့်နေရတဲ့အကြောင်းက ဘာများဖြစ်မလဲ”
” ဆရာတို့ လုပ်ဆောင်နေတဲ့အမှုကိစ္စမှာ ကျုပ်ကိုပါဝင်ပေးဖို့ နယ်ပိုင်အချုပ်ပုဂ္ဂိုလ်က တာဝန်ပေးထားပါတယ်၊ ဆရာတို့သိချင်တာ ခိုင်းစေချင်တာရှိရင် ကျုပ်ကိုပြောပါ”
” ဒါကြောင့် ကျုပ်တို့လမ်းခရီးတစ်လျောက် အသင့်ကူညီပေးတဲ့သူတွေရှိနေတာကိုး… ဒီတာဝန်ပြီးဆုံးတဲ့အခါ နယ်ပိုင်အချုပ်ပုဂ္ဂိုလ်ကိုတွေ့ပြီး ကျေးဇူးတင်ကြောင်းပြောပါဦးမယ်၊ ခုလောလောဆယ် သားသည်မိခင်ဝိဉာဉ်တစ်ယောက် အကူညီတောင်းထားတဲ့ကိစ္စလေး သင့်ကိုမေးပါရစေ… ဒီရွာထဲမှာ အောက်လမ်းအတတ်ပညာတတ်တဲ့သူတွေများရှိပါသလား”
” ရှိတာပေါ့ဆရာလေးတို့ရယ်… တစ်ယောက်ထဲတင်မကဘူး ပညာစဉ်အဆင့်လိုက် သူ့အလွှာနဲ့သူရှိကြတယ်။ ဆရာလေးတို့က ဘယ်သူ့ကိုရှာချင်တာလဲ”
” ကျုပ်တို့ရှာချင်တဲ့သူက အမိဝမ်းထဲကမထွက်ရသေးတဲ့သန္ဓေသားလောင်းကို ပညာနဲ့စီရင်အသုံးပြုနေတဲ့သူပဲ.. သူက ဒီရွာနယ်နိမိတ်မှာ ရှိတယ်ဆိုတာတော့ အတိအကျသိထားတယ်”
” ဆရာတို့ပြောပုံအရ ဒီပုဂ္ဂိုလ်က အောက်ခြေအဆင့်ပညာသည်တော့မဖြစ်နိုင်ဘူး.. ရွာမှာ တန်ခိုးအာဏာအတန်သင့်ရှိတဲ့သူတွေထဲက ဘယ်သူများဖြစ်မလဲ”
သက်တော်ရှည်ရွာစောင့်နတ်က အတန်ကြာစဉ်းစားလိုက်ပြီးမှ
” ဆရာစိန်ထွားမဟုတ်ရင် ဆရာဘစောပဲဖြစ်လိမ့်မယ်၊ သူတို့နှစ်ယောက်က ဒီအနီးတစ်ဝိုက်မှာ အတော်လေးနာမည်ကြီးသလို လောကီအစီအရင်တွေမှာလဲ ထိရောက်ကြတယ်”
” ဒါဆိုသူတို့နှစ်ယောက်နေတဲ့ အိမ်ကို လမ်းညွှန်ပေးလို့ရမလား… ”
” ကျုပ်ကိုယ်တိုင်သွားရင် သူတို့ရိပ်မိမှာမို့ ကျုပ်လက်အောက်မှာရှိတဲ့ တပည့်တစ်ယောက်ကို လိုက်ပို့ခိုင်းလိုက်ပါ့မယ်”
ရွာစောင့်နတ်လဲ စကားဆုံးတာနဲ့ လက်ဖျောက်တစ်ချက်တီးလိုက်ရာ ခြေထောက်နားက မြေစာတွေမို့တက်လာပြီးအထဲကနေ နားရွက်ကားကား သွားခေါခေါနဲ့ လူပုတစ်ယောက်ထွက်လာခဲ့တယ်။
” သူ့နာမည်က ငစိန်ပုလို့ခေါ်တယ်… ဒီရွာမှာ သူမသိတဲ့နေရာရယ်လို့မရှိလောက်အောင် နှံ့နှံ့စပ်စပ်နိုင်တယ်ဆရာ.. စိန်ပု ဒီကဆရာတွေက ဦးစိန်ထွားနဲ့ ဦးဘစောတို့နေတဲ့ အိမ်ကိုသွားချင်လို့ လိုကပြို့ပေးလိုကြဥိီး၊ လမ်းမှာအမှားတစ်စုံတစ်ရာဖြစ်လို့ကတော့ မင်းကိုရွာပြင်ကဆူးတောထဲပို့ပစ်မယ်.. ကြားလား”
ရွာစောင့်နတ်ရဲ့စကားကို စိန်ပုဆိုတဲ့မှင်စာလေးက ကြောက်ရွံ့ရိုသေဟန်နဲ့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြပြီး ရှေ့ကနေ ထွက်သွားခဲ့တယ်။
အောငမြတ်သာတို့လဲ ငစိန်ပုခေါ်တဲ့နောက်ကို လိုက်သွားရာ လူကြီးပေါင်လုံးလောက်ရှိတဲ့သစ်လုံးတွေကို ခြံစည်းရိုးပုံစံလုပ်ထားတဲ့အိမ်တစ်လုံးရှေ့ရောက်လာခဲ့တယ်။
” ဒါက ဆရာကြီးဘစောနေတဲ့အိမ်ပဲဲဲ…. သူက ကျုပ်လိုက်လာတာသိရင် ချည်မန်းကွင်းနဲ့စွပ်ပြီး အပြစ်ပေးမှာ.. ဒါကြောင့် ကျုပ်ခပ်လှမ်းလှမ်းကနေ စောင့်နေပေးမယ်”
ငစိန်ပုက အတော်ကိုကြောက်ရွံ့နေတဲ့ဟန်နဲ့ ခပ်လှမ်းလှမ်းကိုထွက်သွားပြီး သစ်ပင်အကွယ်ကနေ ချောင်းကြည့်နေခဲ့တယ်။
” ဆရာ … ဦးဘစောဆိုတဲ့သူကိုဘယ်လိုမြင်လဲ.. ကျွန်တော်ကြည့်တာတော့ သူအိမ်က သာမန်အိမ်တွေအတိုင်းဖြစ်နေပါလား”
” သာမန်အိမ်ဟုတ်မဟုတ် သိရအောင် တန်ပြန်အင်းတစ်ချပ် သူ့အိမ်ပရဝဏ်အတွင်း ပစ်ထည့်ကြည့်”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းက အသင့်ပါလာတဲ့ တန်ပြန်အင်းတစ်ချပ်ကို ယူကာ ခြံစည်းရိုးအနားသွားပြီး ပစ်ထည့်လိုက်ရာ အင်းချပ်က ခြံထဲကမြေကြီးကိုမထိခင်မှာပဲ လူတစ်ရပ်လောက်မြင့်တဲ့ မီးတောက်တစ်ခုထွက်ပေါ်လာပြီး အင်းချပ်က ခြံပြင်ကိုပြန်လွင့်ထွက်လာခဲ့တယ်။
” ဟင် … ဘယ်လိုဖြစ်တာလဲ… ”
” သူလဲ အိမ်နဲ့ခြံကို လုံလောက်တဲ့အကာအကွယ်လုပ်ထားတယ်ဆိုတာ မြင်ပြီမဟုတ်လား။ ဒါပေမယ့် သူခြံထဲဲဲမှာ မကောင်းတဲ့အငွေ့အသက်က ထင်သလောက်မရှိဘူးဖြစ်နေတယ်”
” ဒါဆိုရင် ဦးဘစောက အောက်လမ်းပညာသည်မဟုတ်ဘူးလို့ပြောချင်တာလား”
” အောက်လမ်းတိုင်း မကောင်းဘူးလို့ ပြောမရဘူးမောင်ကောင်းရဲ့… အချို့ပညာသည်တွေက အောက်ပညာကို ယူထားပေမယ့် သူတို့ရဲ့မူရင်းစိတ်သန္တာန်က ဖြူစင်နေရင် အောင်ပညာဖြစ်ပစေ လူတွေရဲ့အကျိုးကိုသယ်ပိုးလို့ရတယ်။ ဒီလူကလဲ သူ့ပညာစွမ်းတွေကို မကောင်းတဲ့နေရာဘက်မှာ မသုံးပဲ ကိုယ့်အိုးကိုယ့်အိမ်ကိုကာကွယ်ဖို့လောက်ပဲသုံးထားတာမို့ ငါတို့ရှာနေတဲ့သူမဖြစ်နိုင်ဘူးလို့ထင်တယ်”
” ဒါဆို နောက်တစ်အိမ်ကိုသွားကြည့်တာပေါ့ဆရာ… ဟင် ဟိုမှင်စာလေး ဘယ်ရောက်သွားပါလိမ့်”
” ဒီမှာပါဆရာ… ”
အသံကြားလို့ကြည့်လိုက်တော့ လူတစ်ရပ်သာသာမြင့်တဲ့ ကနစိုးပင်ပေါ်မှာ ရွယ်တူမှင်စာတစ်ကောင်နဲ့ စကားထိုင်ပြောနေတာကိုမြင်လိုက်ရတယ်။
” ငစိန်ပု ဒီကိုလာဦး…”
မောင်ကောင်းခေါ်သံကြောင့် ငစိန်ပုက ကနစိုးပင်ပေါ်ကနေဆင်းလာပြီး
” နောက်တစ်အိမ်သွားမလို့လားဆရာ”
“ဟုတ်တယ် ဒီအိမ်မှာနေတဲ့သူက ငါတို့လိုချင်တဲ့သူမဟုတ်ဘူး… ”
” ဒါဆို ဆရာစိန်ထွားပဲကျန်တော့တာပဲ… သူက ဦးဘစောထက်ပိုကြောက်ဖို့ကောင်းတယ်နော်၊ ခုနက မှင်စာငနီပြောပုံအရဆိုရင် ဆရာစိန်ထွားဆီကို လူဝင်လူထွက်လဲများတယ်တဲ့… ”
” အဲဒါဆို သူနေတဲ့အိမ်ကို လိုက်ပို့ပေးပါဦး”
မောင်ကောင်းစကားကို မှင်စာငစိန်ပုက မျက်လုံးလေးကလယ်ကလယ်နဲ့ အင်တင်တင်လုပ်နေခဲ့တယ်။
” မင်းဘာမှမဖြစ်စေရပါဘူး… သူ့အိမ်ကိုလမ်းညွှန်ပြီးတာနဲ့ မင်းကိုပြန်လွှတ်လိုက်မှာ စိတ်ချ”
” ဒါဖြင့်လဲ ပြီးတာပါပဲဆရာတို့ရယ်… ဦးစိန်ထွားအိမ်ကိုသွားရင် ဘဖြူဆိုတဲ့ ခြံစောင့်ကိုသတိထားနော်၊ သူက ဦးစိန်ထွားတပည့်တွေထဲမှာ အကြမ်းဆုံးပဲ”
ငစိန်ပုက အောင်မြတ်သာတို့ကိုသတိပေးရင်း ဦးစိန်ထွားနေတဲ့အိမ်ရှိရာဘက်ကိုခေါ်သွားခဲ့တယ်။ လမ်းတစ်လျောက်မှာတော့ အစာရှာထွက်နေကြတဲ့ ပြိတ္တာတွေအပြင် ပြေးလွှားဆော့ကစားနေကြတဲ့ နာနာဘာဝကလေးတွေကိုလဲမြင်တွေ့ခဲ့ရတယ်။
သူတို့ကတော့ အောင်မြတ်သာတို့လာတာနဲ့ ခပ်ဝေးဝေးကိုရှောင်ထွက်သွားကြပြီး သစ်ပင်ခြံနွယ်တွေ အနောက်ကနေ ပုန်းအောင်းပြီးကြည့်နေခဲ့ကြတယ်။
ရွာအနောက်ဘက် လူနေကျဲတဲ့နေရာကိုရောက်တော့ အတန်သင့်ကျယ်ဝန်းပြီး ဝါးကပ်တွေနဲ့ကာထားတဲ့ ခြံတစ်လုံးကိုလှမ်းမြင်လိုက်ရတယ်။
” ဆရာ ဟိုးရှေ့မှာမြင်ရတဲ့ ခြံက ဦးစိန်ထွားပိုင်တဲ့ခြံပဲ… သူကခြံထဲမှာ အကောင်တွေအများကြီးမွေးထားတာနော်… သတိထားကြဦး”
” ဒီလောက်ဆို သင့်တာဝန်ကျေပါပြီ .. ကျန်တာကျုပ်တို့ဆက်လုပ်မှာမို့ ရွာထိပ်ကိုပြန်လို့ရပါပြီ”
အောင်မြတ်သာလဲ ငစိန်ပုကို ပြန်လွှတ်လိုက်ပြီး ခြံပရဝဏ်အနားကို ဖြေးဖြေးချင်းကပ်သွားခဲ့တယ်။ အနားကိုမရောက်ခင်မှာပဲ နှာခေါင်းထဲကို ဆနွင်းနံ့တွေ၊ အပုတ်နံ့တွေအပြင် ရေမွှေးနံ့အချို့ပါဝင်လာခဲ့တယ်။
” ဒီပုဂ္ဂိုလ်က အစိမ်းသရဲတွေအပြင် အောက်နတ်အချို့ကိုပါ ခိုင်းစေထားတာပဲ၊ ငါတို့တော့ သတိကြီးကြီးထားရမယ်”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းက သက်ပြင်းရှည်တစ်ချက်ကိုချလိုက်ပြီး ပတ်ဝန်းကျင်ရဲ့အရိပ်အခြေကို အကဲခတ်နေလိုက်တယ်။အဲဒီအချိန် ခြံထဲကနေ ဖယောင်းတိုင်မီးအလင်းရောင်အချို့ပေါ်လာတာကြောင့် ဆရာတပည့်နှစ်ယောက် သစ်ပင်အကွယ်နောက်ကိုဝင်လိုက်ကြတယ်။
” ဘာမှလဲမရှိပါဘူး ဖိုးတေရယ်… ဆရာကြီးစိတ်ထဲထင်နေတာနေမှာ”
” မင်းမသိရင်အသာနေစမ်းပါ ဘိုသန်းရာ… ဆရာကြီးက မသေချာပဲမပြောဘူး၊ သူတစ်ခုခုကိုခံစားမိလို့ ငါတို့ကိုလာရှာခိုင်းတာ”
ဖိုးတေဆိုတဲ့သူက ခြံအပြင်ကို အတန်ကြာတဲ့အထိလိုက်ကြည့်ပြီး စိတ်ချရပြီဆိုမှ ပြန်ဝင်သွားခဲ့တယ်။ မကြာခင် ခြံဝင်းထဲကနေ အစောင့်တွေကို နှိုးတဲ့ဂါထာရွတ်သံတွေထွက်လာခဲ့တယ်။
” ဆရာ… ဒီလူက တကယ်ပါးနပ်တာပဲ.. ”
” တကယ်စွမ်းတဲ့ ပညာသည်တွေက ငါတို့ကိုယ်ကထွက်တဲ့ ပညာလှိုင်းတွေကို ခံစားမိတယ်၊ အခုလဲ သူ့ခြံဝင်းထဲရှိတဲ့ အစောင့်တွေကို နှိုးလိုက်တာမြင်တယ်မဟုတ်လား”
” ဒါဖြင့် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ… အဲဒီ သန္ဓေသားဝိဉာဉ်က သူ့မှာရှိမရှိဆိုတာလဲ အတည်ပြုရဦးမယ်မဟုတ်လားဆရာ”
” ဒီရွာမှာရှိမယ်ဆိုတာသေချာလို့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက လိုက်ပါကူညီခဲ့တာကိုရောသတိထားမိလား၊ အခုငါတို့လုပ်ရမှာက ခြံထဲကိုဖောက်ဝင်ပြီး သန္ဓေသားဝိဉာဉ်ကိုခေါ်ထုတ်သွားဖို့ပဲ၊ အချိန်မရှိဘူး ခြံဝင်းတစ်ဝိုက်ကို စည်းချဖို့ပြင်ပေတော့”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းလဲ စည်းချရာမှာရွတ်တဲ့ ဂါထာတစ်ပုဒ်ကို ဌာန်ကရိုင်းကျကျရွတ်ဖတ်ပြီး ညာဘက်လက်ညိုးနဲ့ လိုရာအပိုင်းအခြားကို ရေးဆွဲလိုက်တယ်။
စည်းချပြီးတာနဲ့ အောင်မြတ်သာက ခြံစည်းရိုးတည့်တည့်ကိုဝင်သွားပြီး တွန်းဖွင့်လိုက်ရာ
” ကျုပ်တို့ရဲ့ ခြံနန်းကနေ ကြိုဆိုပါတယ်ဗျာ” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
အောင်မြတ်သာတို့လဲ အသံကြားရာကိုကြည့်လိုက်ရာ လေးဘက်လေးတန်ထွန်းထားတဲ့ဝါဆိုဖယောင်းတိုင်အလယ်မှာ တင်ပလ္လင်ခွေထိုင်နေတဲ့ လူတစ်ယောက်။ သူ့အရှေ့မှာတော့ အနီရောင်သက္ကလပ်ကော်ဇောကိုခင်းထားပြီး ပုံစံမျိုးစံအရုပ်တွေကို စီတန်းချထားခဲ့တယ်။
” ဆရာ… ဆရာစိန်ထွားဆိုတာ ဒီလူများလား… သူပုံစံကြည့်ရတာ အသက်လဲမကြီးသေးဘူးနော်”
မောင်ကောင်းက သူ့အရှေ့မှာထိုင်နေတဲ့လူကိုကြည့်ပြီးမေးလိုက်ရာ အောင်မြတ်သာက ဖယောင်တိုင်တွေအလယ်မှာထိုင်နေတဲ့လူကိုစိုက်ကြည့်ပြီး
” မင်းရဲ့ဆရာ ဘယ်မှာလဲ… ငါတို့ကိုရင်မဆိုင်ချင်လို့ ရှောင်တိမ်းနေတာများလား”
” ဟားဟား ခင်ဗျားတို့က အတော် အပြောကြီးတာပဲ၊ ဆရာကိုတွေ့ချင်ရင် ဖိုးတေဆိုတဲ့ကျုပ်ကို နိုင်အောင်အရင်တိုက်စမ်းပါ”
” လက်စသတ်တော့ ဒင်းက သူ့တပည့်ကိုလွှတ်ပြီး ရှောင်နေတာကိုး… ဒီကောင်လောက်ကတော့ ကျွန်တော်လုပ်လိုက်မယ်ဆရာ”
မောင်ကောင်းက ခပ်တည်တည်နဲ့ခွင့်တောင်းပြီး အရှေ့ကိုတိုးသွားခဲ့တယ်။ အောင်မြတ်သာကတော့ အနောက်ကိုတစ်လှမ်းဆုတ်ပြီး အခြေအနေကို စောင့်ကြည့်နေခဲ့တယ်။
” ဟိုလူ… ခင်ဗျားမွေးထားတဲ့ကောင်တွေထဲက အဆိုးဆုံးနဲ့အကြမ်းဆုံးကောင်တွေပဲလွှတ်နော်၊ ဂျိုးကျိုးနားရွက်ပဲ့ကောင်တွေဆို ကျုပ်စိတ်မဝင်စားလို့”
မောင်ကောင်းက သူ့ဝသီအတိုင်း ထေ့ငေါ့လိုက်ရာ ဖိုးတေတစ်ယောက် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး အနီရောင်အရုပ်တစ်ရုပ်ကို ဆွဲယူပြီး မြေကြီးပေါ်ကိုဖျောင်းခနဲမြည်အောင်ရိုက်ချလိုက်တယ်။
အရုပ်နဲ့မြေကြီးထိတာနဲ့တစ်ပြိုင်နက် အိမ်ခေါင်မိုးပေါ်ကနေ ဒူးဆစ်ရိုးနှစ်ချောင်ကိုဆွဲကိုင်ထားတဲ့ သရဲလိုလို ဘီလူးလိုလိုကောင်တစ်ကောင် ခုန်ဆင်းလာခဲ့တယ်။
” ဒီညတော့ ခြံထဲဝင်လာတဲ့ ကျူးကျော်သူတွေကို သတ်ဖြတ်ပြီး သူတို့ရဲ့လတ်ဆတ်တဲ့သွေးတွေကို သောက်သုံးလိုက်စမ်း”
ဖိုးတေက သူ့တပည့်ဖြစ်ဟန်တူတဲ့ကောင်ကို အမိန့်ပေးလိုက်ရာ သခင်ခိုင်းတိုင်းဘာမဆိုလုပ်မယ့်ပုံပေါက်နေတဲ့ ကောင်က မောင်ကောင်းဆီကို ကြီးမားတဲ့ခြေလှမ်းတွေနဲ့ပြေးဝင်လာခဲ့တယ်။
” ဟိတ် ဆိုင်ရာက ခြေထောက်ကိုဆွဲချုပ်ထားလိုက်စမ်း”
မောင်ကောင်းရဲ့ အာဏာအပြည့်ပါတဲ့အသံက ဟိန်းထွက်သွားပြီး ပြေးဝင်လာတဲ့ကောင်ရဲ့ ခြေထောက်တွေကို ဘယ်ကရောက်လာမှန်းမသိတဲ့ လက်နှစ်ဖက်က လှုပ်မရအောင်ဆွဲချုပ်ထားလိုက်တယ်။
” မင်းတို့သုံးတဲ့ကောင်တွေက သာမန်လူတွေအတွက် ကြောက်စရာကောင်းပေမယ့် ငါတို့အတွက်ဆိုရင် လသားကလေးနဲ့ အသက်နှစ်ဆယ်အရွယ်လူငယ်တစ်ယောက်လို အသိဉာဏ်ကွာတယ်ကွ”
မောင်ကောင်းက ဖိုးတေကို မျက်နှာထားတင်းတင်းနဲ့ပြောလိုက်ပြီး ချုပ်နှောင်ခံထားရတဲ့ကောင်ကို လက်ပြန်ရိုက်လိုက်ရာ ဝုန်းခနဲအနောက်ကိုလွင့်ထွက်သွားခဲ့တယ်။
” ဒီကောင်ကို ထပ်ပြီးလှုပ်မရအောင် လေးဘက်လေးတန်မှာရှိတဲ့ ဓါးပိုင်တွေက လည်မြိုကိုတေ့ပြီးထောက်ထားကြ… ”
မောင်ကောင်းရဲ့အမိန့်စကားသံအဆုံးမှာ ဒူးဆစ်ရိုးကိုင်ထားတဲ့ကောင်ရဲ့ခန္ဓာကိုယ်က လုံးကိုမလှုပ်ရှားတော့ပဲ ကျောက်ရုပ်လိုငြိမ်သက်သွားခဲ့တယ်။
ဖိုးတေကတော့ မောင်ကောင်းရဲ့ အမိန့်အာဏာစက်ကိုမြင်ပြီး အနည်းငယ်ရှိန်သွားပေမယ့် လက်မလျော့သေးပဲ ခြံထဲကအစောင့်တွေကိုခေါ်ပြီး တိုက်ခိုင်းဖို့ နှုတ်ကနေ အမိန့်ပေးပါလေရော။
” ဒီကောင်တော့ ခုထိလက်မလျော့သေးပါလား… ကိုင်း ဒီလောက်တောင်ဖြစ်လှ… ခြံဝင်းထဲမှာ မှီခိုနေထိုင်ကြတဲ့ နာနာဘာဝကောင်တွေအားလုံး မည်သည့်အမိန့်စကားသံမှမကြားရအောင် နားစည်တွေအကုန်ပိတ်စေ… ဆိုင်ရာပုဂ္ဂိုလ်တွေက ကျုပ်ကိုကူညီပေးပါ”
လက်ညိုးထိုးပြီး အမိန့်ပြန်လိုက်ရာ ဖိုးတေတစ်ယောက် ဂါထာဘယ်လောက်ရွတ်ရွတ် သူ့အမိန့်ကိုဘယ်သူမှမနာခံတော့ပဲ ခြံတစ်ခုလုံးတိတ်ဆိတ်နေတာကိုမြင်လိုက်ရတယ်။
” ဟိုငရဲကောင် မင်းအစွမ်းတွေကုန်ပီလား … ကုန်ရင်တော့ငါ့အလှည့်ပဲ”
မောင်ကောင်းက ဒီတစ်ခါတော့ အာဏာစက်ကိုမသုံးတော့ပဲ အနားမှာထောင်ထားတဲ့ ပေါက်တူးကိုဆွဲယူကာ ဖိုးတေဆီကိုအားကိုလွှဲရိုက်လိုက်တယ်။
” ဝုန်း…. ”
“အား”
သတိရှိတဲ့ဖိုးတေက သူ့ဆီဝင်လာတဲ့ ပေါက်တူးရိုးကို ခုန်ရှောင်လိုက်ပေမယ့် ပဲ့ထွက်လာတဲ့ သစ်သားစက ဘယ်ဘက်ပေါင်ထဲကိုစိုက်ဝင်သွားခဲ့တယ်။
မောင်ကောင်းလဲ ဟန်ချက်ပျက်သွားတဲ့ ဖိုးတေရဲ့ ညိုသကျဉ်းကို ထပ်ရိုက်ဖို့ဟန်ပြင်လိုက်ချိန် အောင်မြတ်သာကအနောက်ကနေလှမ်းဆွဲလိုက်ပြီး
” သူ့ကိုလွှတ်ပေးလိုက်”လို့ပြောတာကိုကြားလိုက်ရတယ်။
အခြေအနေမကောင်းတာကိုသိတဲ့ဖိုးတေက ဘာမှပင်မယူနိုင်ပဲ ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့ ခြေထောက်ကိုအားယူကာ အိမ်အနောက်ဘက် အမှောင်ထုထဲကို ပြေးဝင်သွားခဲ့တယ်။
” ဆရာ ဒီကောင်ကို ဘာလို့လွှတ်ပေးလိုက်တာလဲ… ”
” သွားပစေကွာ… သူသွားမယ့်နေရာကို ငါတို့လိုက်သွားရင် ဦးစိန်ထွားဆိုတဲ့လူနဲ့သေချာပေါက်တွေ့ရမှာပဲ”
” ဒါပေမယ့် သူဘယ်သွားလဲဆိုတာ ကျွန်တော်တို့မှမသိတာ”
” သိပ်လဲစိတ်ပူမနေပါနဲ့ … ငါတို့တားထားတဲ့စည်းထဲကထွက်တာနဲ့ ဘယ်ကိုသွားလဲဆိုတာလိုက်ကြည့်ဖို့ အင်းစောင့်တွေကိုပြောထားပီးသားပါ”
မောင်ကောင်းလဲ အဲဒီတော့မှ သက်ပြင်းချနိုင်ပြီး ခြံထဲမှာရှိတဲ့နာနာဘာဝတွေအားလုံးကို အမိန့်ပြန်တမ်းနဲ့ဖမ်းချုပ်ထားလိုက်တယ်။ ပြီးတာနဲ့ အိမ်ပေါ်တက်ပြီး ရှာကြည့်ရာ အောက်လမ်းပညာမှာအသုံးပြုတဲ့ ပစ္စည်းတွေအပြင် အစိမ်းသေတွေရဲ့ခြေသည်းလက်သည်းဆံပင်တွေကို နေ့နာမ်နဲ့ နာမည်အလိုက် တစ်ခုချင်းစီ ခွဲထားတာကိုမြင်တွေ့လိုက်ရတယ်။ဒါပေမယ့် သန္ဓေသားဝိဉာဉ်စီရင်ထားတဲ့ အရာကိုတော့မတွေ့ခဲ့ရဘူး။
အောင်မြတ်သာတို့လဲ အစီရင်ပြုလုပ်ရာမှာသုံးတဲ့ပစ္စည်းတွေကိုအကုန်ဆွဲချကာမီးပုံရှို့နေချိန်မှာတော့ သစ်ရွက်နှစ်ရွက်ကိုခေါင်းမှာထိုးထားပြီး ပလွေကိုင်ထားတဲ့ပုဂ္ဂိုလ်တစ်ပါးပေါ်လာခဲ့တယ်။
” ဘယ်လိုလဲ နွားကျောင်းသား… တည်နေရာသိရပြီလား”
” သိရပြီဆရာ … ဒီကောင်တွေ ရွာအနောက်ဘက်က ငှက်ပျောတောထဲမှာ ရှိနေတယ်”
” တော်တယ် … ခုလောလောဆယ်မင်းက ဒီခြံထဲမှာရှိတဲ့ နာနာဘာဝတွေကို စောင့်ကြည့်ထားလိုက်၊ ငါတို့ပြန်လာတဲ့အခါ သူတို့ကိုသက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေဆီကို အပ်မယ်”
အောင်မြတ်သာစကားကို နွားကျောင်းသားလို့ခေါ်တဲ့ ပုဂ္ဂိုလ်က ခေါင်းညိမ့်ကာ သဘောတူလိုက်ပြီး လက်ထဲကပုလွေကိုခါးပုံစထဲထိုးကာ ခြံထောင့်ကိုထွက်သွားခဲ့တယ်။
အောင်မြတ်သာတို့လဲ တည်နေရာသိရပြီမို့ ခြံအနောက်ဘက်စည်းရိုးကနေ ငှက်ပျောတောရှိရာဘက်ကိုထွက်လာခဲ့ကြတယ်။
လမ်းသွားနေရင်းမောင်ကောင်းက
” ခုနက နွားကျောင်းသားဆိုတဲ့သူက ဘယ်သူများလဲဆရာ… ကျွန်တော်တစ်ခါမှမကြားဖူးဘူး”
” သူက စိတ်ရိုင်းဝင်နေတဲ့နွားခွေ့တာခံရပြီး သေခဲ့တဲ့လူလေ… တစ်ကိုယ်ရေတစ်ကောင်ကြွက်မို့ သေတာတောင် နာမည်ခေါ်ပြီးဆွမ်းသွပ်မခံခဲ့ရဘူး၊ ဒီလိုဘဝနဲ့ သေတဲ့နေရာမှာ နွားကျောင်းလို့မရအောင် အမျိုးမျိုးခြောက်လှန့်နေတာကြောင့် လိမ်မာအောင်ဆုံးမပြီး ဂိုဏ်းထဲဆွဲထည့်ထားတာ၊ ဂိုဏ်းစောင့်တွေကိုခေါ်ရင် သူက ပလွေတစ်ချောင်းခါးကြားထိုးပြီး လိုက်လာလေ့ရှိတယ်”
မောင်ကောင်းလဲ နွားကျောင်းသားဆိုတဲ့ပုဂ္ဂိုလ်အကြောင်းသိလိုက်ရပြီမို့ ထပ်မမေးတော့ပဲ ဦးစိန်ထွားတို့ပုန်းအောင်းနေတဲ့ငှက်ပျောတောဆီကို ခပ်သုတ်သုတ်ထွက်လာခဲ့လိုက်တယ်။
” အား ကျွတ် ကျွတ်”
ဖိုးတေက ပေါင်မှာစိုက်နေတဲ့ သစ်သားစကိုဆွဲထုတ်လိုက်ပြီး တဲနံရံကိုမှီထားလိုက်တယ်။ သူ့အရှေ့မှာတော့ ဆရာဖြစ်သူက အရိုးခေါင်းတစ်လုံးပေါ်မှာ အင်းစမတွေဆွဲပြီး ဂါထာမန္တာန်တွေကို မရပ်မနားရွတ်ဖတ်နေခဲ့တယ်။
အတန်ကြာရွတ်ဖိတ်ပြီးချိန်မှာတော့ အရိုးခေါင်းပေါ်မှာထွန်းထားတဲ့မီးတောက်က တဲခေါင်မိုးထိပ်ထိ ဟုန်းခနဲထတောက်ပြီး အပြာရောင်မီးတောက်တွေ လွင့်တက်လာခဲ့တယ်။
” အောင်ပြီကွ… နှစ်တစ်ရာအစိမ်းသေအစီအရင် အောင်ပြီကွ… ငါ့တပည့် မင်းဒီနားကိုလာစမ်း”
” ဟုတ်ကဲ့ဆရာ”
” မင်းဒဏ်ရာကဒါလားကွ”
ဦးစိန်ထွားက သွေးတွေထွက်နေတဲ့ဒဏ်ရာကို အရိုးခေါင်းပေါ်မှာတင်ထားတဲ့အင်းပြားနဲ့ဖိကပ်လိုက်ပြီး လက်နဲ့ရိုက်ချလိုက်ရာ ဖိုးတေ မျက်လုံးတွေမီးပွင့်ထွက်မတတ်နာသွားပြီး အသံနက်ကြီးနဲ့အော်မိသွားခဲ့တယ်။
” ဟေ့ကောင် မင်းဒဏ်ရာရှိသေးလားလို့ ပြန်ကြည့်စမ်း”
ဖိုးတေလဲ လက်နဲ့အုပ်ထားတဲ့ပေါင်က ဒဏ်ရာကိုကြည့်လိုက်ရာ သွေးတွေပေနေတာပဲမြင်ရပြီး ဒဏ်ရာကအနာရွတ်တောင်မကျန်အောင်ပျောက်သွားတာကိုထူးဆန်းစွာမြင်လိုက်ရတယ်။
” ဆရာ ဟို နှစ်ယောက် ဒီကို မလိုက်လာလောက်ဘူးမဟုတ်လား”
” လိုက်လာလဲဘာဖြစ်လဲ ငါက သူတျို့ကိုကွောကျလို့ ရှောင်နေတယ်များထင်နေလို့လား… ဟားဟား”
” မဟုတ်ပါဘူးဆရာ… ကျွန်တော်အဲဒီသဘောပြောတာမဟုတ်ပါဘူး”
” ဒီမှာ ဖိုးတေ … ငါက အခုစီရင်နေတဲ့ကိစ္စမပြီးပြတ်သေးလို့သာ ရှောင်ထွက်လာတာ ၊ ဒင်းတို့လဲစွမ်းသလို ငါလဲခေသူမဟုတ်ဘူးကွ… သေမှာမကြောက်တဲ့ကောင်တွေ လာကြစမ်းပါစေကွာ”
ဦးစိန်ထွားက သူ့လက်ထဲက အင်းချပ်ကို အရိုးခေါင်းနဲ့ဖိလိုက်ပြီး လက်သီးဆုပ်အရွယ်ရှိတဲ့ အရိုးခေါင်းလေးကိုလှမ်းကိုင်လိုက်တဲ့အချိန်
” မဖိတ်ခေါ်ပဲရောက်လာလို့ တောင်းပန်ပါတယ်ဗျာ” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
” ဆရာ ဒါ ဟိုလူနှစ်ယောက်အသံ”
ဖိုးတေစကားကြောင့် ဦးစိန်ထွားက စီရင်ထားတဲ့အင်းချပ်ကို ဆွဲယူပြီးတဲပြင်ကိုထွက်လာခဲ့လိုက်တယ်။
” မိတ်ဆွေတို့က ဘာအရေးကြောင့် ကျုပ်ဆီရောက်လာကြတာလဲ”
” ခင်ဗျားက ဦးစိန်ထွားဆိုတဲ့သူလား”
” ဟုတ်ပါတယ်ဗျာ.. ကျုပ်နာမည်စိန်ထွားပါ… ဘာဖြစ်လို့လဲ”
” ခင်ဗျားဆီမှာ မြေမနင်းထားတဲ့သန္ဓေသားအစီအရင်တစ်ခုရှိတယ်မဟုတ်လား၊ ရှိတယ်ဆိုရင် ကျုပ်တို့ကိုပြန်ပေးဖို့တောင်းဆိုပါတယ်”
အောင်မြတ်သာစကားကြောင့် ဦးစိန်ထွား မျက်မှောင်ကျုတ်လိုက်ပြီး
” ဒီအစီအရင်က ခင်ဗျားတို့နဲ့ဘယ်လိုပတ်သတ်နေရတာလဲ”
” ဒီကလေးမိခင်က ကျုပ်တို့ကိုအကူညီတောင်းထားလို့ သူ့ကလေးရဲ့ ဝိဉာဉ်ကိုပြန်လာခေါ်တာပါ၊ ခင်ဗျားနဲ့ကျုပ်တို့နဲ့ကလမ်းစဉ်ခြင်းမတူပေမယ့် ရန်သူလဲမဟုတ်ကြဘူးမလား”
” ဟားဟား စကားပြောတော်တော်ကောင်းတဲ့သူတွေပဲ၊ ဒါပေမယ့် ကျုပ်ဆီရောက်လာပြီဆိုတော့လဲ ဒီတိုင်းတော့ ပေးလိုက်လို့ဘယ်ဖြစ်မလဲဗျ။ ဖိုးတေ ဟိုကလေးအရိုးခေါင်းသွားယူလာစမ်း”
” ဒီမှာ ရပါပြီဆရာ”
ဦးစိန်ထွားက လက်သီးဆုပ်လောက်ရှိတဲ့အရိုးခေါင်းကိုလက်ထဲမှာကိုင်ပြီး
” ဒါက သူနဲ့ပတ်သတ်ပြီး ထိန်းချုပ်ထားတဲ့အရာပဲ… မင်းတို့လိုချင်ရင် ငါနဲ့ပညာချင်းပြိုင်ရမယ်၊ ငါရှုံးရင်တော့ မင်းတို့လိုချင်တဲ့အရာကိုပေးမယ်၊ ရှုံးရင်တော့ မင်းတို့ ဦးခေါင်းခွံက ငါ့အတွက် အလုပ်လုပ်ပေးမယ့် အရာဖြစ်သွားမှာနော်” လို့ပြောတော့ အောင်မြတ်သာက
” သဘောတူတယ်လေ… ဒါဖြင့် ခင်ဗျားဘက်ကပဲ အရင်စတိုက်ပါ”
အောင်မြတ်သာက မောင်ကောင်းကိုအနောက်ဆုတ်ဖို့ပြောကာ ရင်ကိုကော့ပြီးရပ်နေခဲ့လိုက်တယ်။ ဦးစိန်ထွားလဲ လတ်တလောစီရင်ထားတဲ့အင်းချပ်ကို တံတွေးနဲ့ထွေးပြီး
” ငါဆရာအမိန့် ငါဆရာအာဏာစက်အကုန်လုံး သင့်ဆီရောက်စေ” လို့ပြောကာ ဖနောင့်နဲ့ပေါက်ချလိုက်တယ်။
အင်းချပ်က ဖနောင့်နဲ့ထိတာနဲ့ အပြာရောင် မီးတောက်တွေ ဝုန်းခနဲထတောက်ပြီး အထဲကနေ ရုပ်ဆိုးအကျဉ်းတန်တဲ့သရဲတစ်ကောင်ခုန်ထွက်လာခဲ့တယ်။ သူ့ကျောကုန်းမှာတော့ ပင့်ကူတွေလိုလက် လက်ခြောက်ချောင်းပါပြီး မျက်နှာတစ်ခြမ်းမှာတော့ လက်ညိုးလုံးလောက်ရှိတဲ့ လောက်ကောင်တွေ တစ်ဖွားဖွားတက်နေခဲ့တယ်။
” ငါ့တပည့်ရုပ်သွင်က အတော်ခန့်ညားတာပဲ… ”
ဦးထိန်ထွားက သူမွေးထားတဲ့ကောင်ကို သဘောကျစွာနဲ့ချီးကျူးလိုက်ပြီး အောင်မြတ်သာကိုတိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တယ်။
မျက်နှာတစ်ခြမ်းပဲပါပြီး လောက်တွေတစ်ဖွားဖွားတက်နေတဲ့ နာနာဘာဝကောင်အနားကိုရောက်လာတဲ့အချိန်မှာတော့ မျက်စိစူးမတတ်လင်းထိန်တဲ့ရွှေရောင်အလင်းတန်းတွေက အောင်မြတ်သာရဲ့ကျောပြင်အနောက်ကနေ ထွက်ပေါ်လာခဲ့တယ်။ တစ်ဆက်ထဲမှာပဲ အလင်းရောင်ထဲကနေ မင်းညီမင်းသားတွေလိုဝတ်ဆင်ထားတဲ့ လူတစ်ယောက်ခုန် ရှေ့ကိုခုန်ထွက်လာခဲ့တယ်။
တစ်ကိုယ်လုံး ရွှေအတိပြီးတဲ့ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားပြီး လက်နှစ်ဖက်မှာ စမအက္ခရာတွေပါတဲ့ဓါးနှစ်လက်ကိုင်ထားသူက မြေကြီးပေါ်မှာ ဓါးဦးနဲ့စည်းတားလိုက်ပြီး မလှုပ်မယှက်ရပ်ကြည့်နေခဲ့တယ်။
ပြေးဝင်လာတဲ့နာနာဘာဝကောင်ကလဲ အောင်မြတ်သာရှေ့မှာ ပိတ်ထားတဲ့ပုဂ္ဂိုလ်ကိုမြင်တော့ အသံနက်ကြီးနဲ့အော်လိုက်ပြီး လက်တံတွေကိုဆန့်ထုတ်ကာ ဦးဆုံးတိုက်ခိုက်ခဲ့တယ်။
ချွန်ထက်နေတဲ့ လက်သည်းရှည်တွေက ရွှေရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားတဲ့သူရဲ့ကိုယ်ထဲကို နစ်ဝင်သွားပေမယ့် ရပ်နေတဲ့သူက ဘာမှမဖြစ်ပဲ ခပ်ပြုံးပြုံးမျက်နှာထားနဲ့သာ စိုက်ကြည့်နေခဲ့တယ်။ ထူးဆန်းတာက နာနာဘာဝကောင်ရဲ့ လက်သည်းတွေပြန်ထုတ်မရတော့ပဲ အင်္ဂတေထဲနစ်ဝင်သလို တစ်စတစ်စနစ်မြုပ်လာခဲ့တယ်။
ဦးစိန်ထွားလဲ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အံ့ဩသွားပြီး အောင်မြတ်သာကို အထူးအဆန်းမျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်။
” ဘယ်လိုလဲ ဦးစိန်ထွား… ခုထိကျုပ်မတိုက်သေးဘူးနော်… အရှုံးပေးပြီလား”
” တောက်”
ဦးစိန်ထွားက တောက်တစ်ချက်ခတ်လိုက်ပြီး အံကိုကြိတ်ကာ ဖနောင့်ကိုမြေကြီးနဲ့ခပ်ကြမ်းကြမ်းပေါက်ချလိုက်ချိန်မှာတော့ မျက်နှာပေါ်တက်နေတဲ့ လောက်ကောင်တွေမြေကြီးပေါ်တစ်ဖြုတ်ဖြုတ်ကျလာပြီး အထဲကနေ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ သရဲပေါက်စလေးတွေ အုံလိုက်ကျင်းလိုက် ထွက်လာခဲ့တယ်။
ပုရွတ်ဆိတ်တွေလို များပြားတဲ့ သရဲပေါက်စတွေက အောင်မြတ်သာရှေ့မှာရပ်နေတဲ့ ပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ်ကို အငမ်းမရကိုက်ဖဲ့စားသောက်ဖို့ကြိုးစားပေမယ့် ဝတ်ဆင်ထားတဲ့ချပ်ဝတ်ကို မြူတစ်မှုန်စာပဲ့အောင်တောင်ပင်မစွမ်းဆောင်နိုင်ခဲ့ဘူး။
” ကဲ … သင့်အလှည့်ပီးပီဆိုတော့ ကျုပ်အလှည့်ရောက်ပြီ”
အောင်မြတ်သာ ခပ်ပြုံးပြုံးပြောလိုက်ပြီး မျက်စိကိုမှိတ်ကာ ခေါင်းကိုညိမ့်ပြလိုက်ရုံနဲ့ ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်နေတဲ့ ပုဂ္ဂိုလ်ရဲ့လက်တွေ လျှပ်တစ်ပြက်လှုပ်ရှားလာခဲ့တယ်။
” ရွှပ်… ဇွပ်… ရွှပ်”
လေအလျင်လို မြန်တဲ့ဓါးချက်တွေကြောင့် ကိုယ်ပေါ်မှာအုံခဲနေတဲ့ သရဲပေါက်စတွေအကုန်လုံး ခေါင်းတစ်ခြားကိုယ်တစ်ခြားဖြစ်ကာ လွင့်ထွက်ကုန်ကြတယ်။ ပြီးတာနဲ့ ခန္ဓာကိုယ်ထဲစိုက်ဝင်နေတဲ့ လက်ချောင်းတွေကို ဓါးဦးနဲ့ဖြတ်ထုတ်ပြီး လောက်တွေတက်နေတဲ့မျက်နှာကို ဓါးနှောင့်နဲ့ ရိုက်ချလိုက်ရာ ” ဖုန်း” ဆိုတဲ့အသံနဲ့အတူ အနောက်ကို ငါးပေလောက်လွင့်ထွက်သွားခဲ့တယ်။
အခြေအနေကပြောင်းပြန်ဖြစ်သွားတာမို့ ဦးစိန်ထွားတစ်ယောက် ရယ်ကျဲကျဲမျက်နှာနဲ့ ရှေ့တိုးလာပြီး
” ဆရာတို့ပညာတွေက တကယ်အံ့မခန်းပါပဲဗျာ… ကျုပ်ရှုံးတာကိုလက်ခံတယ်” လို့ပြောပြီး ဒူးထောက်ထိုင်ချလိုက်တယ်။
” ဒါဖြင့် သင့်ကတိအတိုင်း မြေမနင်းသန္ဓေသားဝိဉာဉ်ကိုကျုပ်ဆီပြန်ပေးပါ”
” ပေးမှာပါ ဆရာ… ဒါပေမယ့် အဲဒီကလေးဝိဉာဉ်ကို ကျုပ်တစ်ခြားသူတွေအသုံးပြုဖို့ပေးထားတာကြောင့် ခဏစောင့်ပေးလို့ရမလား”
” ကျုပ်တို့ ဆယ်မိနစ်အချိန်ပေးမယ်… သင်စီရင်ထားတာကို သင်ကိုယ်တိုင်ပြန်ခေါ်ပါ”
” ဒါဖြင့် ဆရာတို့ခဏစောင့်ပါ … ကျုပ်ပြန်ခေါ်ပေးပါမယ်”
ဦးစိန်ထွားလဲ အောင်မြတ်သာစကားဆုံးတာနဲ့ တဲထဲကိုပြန်ဝင်သွားခဲ့တယ်။ ခဏကြာတော့ သန္ဓေသားအလောင်းတစ်ခုလုံးကိုအခြောက်ခံပြီးထည့်ထားတဲ့ သေတ္တာတစ်လုံးယူထုတ်လာပြီး
” သူ့ဝိဉာဉ်ကိုပြန်ခေါ်ပြီးပါပြီ … မကြာခင် ကလေးငိုသံကြားရပါလိမ့်မယ်” လို့ပြောကာ သေတ္တာကိုကမ်းပေးလိုက်တယ်။
” ခင်ဗျားအနေနဲ့ ဒီပညာရပ်တွေကို စွန့်လွှတ်ဖို့ရော အစီအစဉ်မရှိဘူးလား”
” ဟားဟား ဆရာတို့ကတော့ နောက်ပီဗျာ… ကျုပ်က ဒီပညာနဲ့အသက်မွေးဝမ်းကြောင်းလုပ်နေတာလေ၊ ဒါကိုတော့မစွန့်လွှတ်ခိုင်းပါနဲ့ဗျာ၊ ဆရာတို့နဲ့ ထပ်ပြီးထိပ်တိုက်မတွေ့အောင်ရှောင်ပါ့မယ်”
” သင်တို့အလုပ်က ငရဲကိုမကြောက်လို့လုပ်တာမလို့ ကျုပ်အနေနဲ့အထွေထူးပြောစရာမရှိပါဘူး၊ ကျုပ်တို့ကိုခွင့်ပြုပါဦး”
အောင်မြတ်သာတို့လဲ ဦးစိန်ထွားကမ်းပေးတဲ့သေတ္တာကို ယူပြီးပြန်ထွက်လာတဲ့လမ်းမှာတော့ မွေးကင်းစကလေးငိုသံသဲ့သဲ့ကိုကြားလိုက်ရတယ်။
မကြာခင် ဦးစိန်ထွားနေတဲ့အိမ်ကိုပြန်ရောက်လာပြီး ချုပ်နှောင်ထားတဲ့ နာနာဘာဝတွေကို ဆိုင်ရာပိုင်ရာတွေလက်ထဲအပ်နှံကာ ရွာပြင်ကိုပြန်ထွက်လာခဲ့လိုက်တယ်။
ရွာပြင်ကိုရောက်တော့ ကညင်တိုင်မီးတုတ်ကိုကိုင်ထားတဲ့လူကြီးတစ်ယောက်ကို ပြုံးရွှင်တဲ့မျက်နှာထားနဲ့ကြိုဆိုနေပြီး သူ့ဘေးနားမှာတော့ ချည်ထည်အင်္ကျီခပ်နွမ်းနွမ်းဝတ်ဆင်ထားတဲ့မိန်းမတစ်ယောက်ရပ်နေခဲ့တယ်။
အောင်မြတ်သာလဲ အဲဒီမိန်းမကိုမြင်တော့ လက်ထဲပါလာတဲ့ သေတ္တာကိုကမ်းပေးလိုက်တဲ့အချိန် ကလေးငိုသံက တစ်မဟုတ်ချင်းဆူညံသွားခဲ့တယ်။ ဒီတစ်ခါ ကြားရတဲ့ကလေးငိုသံက ကြောက်လန့်လို့ငိုတဲ့အသံမဟုတ်ပဲ မိခင်နဲ့ပြန်တွေ့တဲ့ ကလေးတစ်ယောက်ရဲ့ ငိုကြွေးသံဆိုတာကို စာဖတ်သူတွေသိကြမယ်လို့ထင်ပါတယ်။
နောက်ဝတ္တုမှာတော့ နယ်ပိုင်အချုပ်ပုဂ္ဂိုလ်ရဲ့ အကူညီတောင်းမှုနဲ့ သင်းကွဲပြီးနယ်ကျော်လာတဲ့ ကဝေမတစ်ကောင်ကိုဆုံးမခဲ့ရသေးတယ်။
ဒီအကြောင်းရာကိုတော့ အောင်မြတ်သာနှင့်အူစုံစားကဝေဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
မူရင်းစာရေး ဆရာအားလေးစားစွာဖြင့် credit ပေးပါသည်။
Leave a Reply