ပြည့်စုံခြင်းနှင့်မပြည့်စုံခြင်း

တုံ့ပြန်သံကိုမူ မကြားရ။ ညင်သာသော ဇွန်းသံ ပန်းကန်သံများကို ကြားနေရ၍ လူနာကို အစာခွံ့နေမှန်း သိလိုက်သည်။ ဝမ်းထဲမှ ဟာသလိုလို ဖြစ်လာ၏။ သည်တစ်ကြိမ် မှာတော့ မျက်စိကို အားယူ၍ ဖွင့်လိုက်သည်။ ပတ်ဝန်းကျင်သည် ရုတ်တရက် ပြာဝေနေ၏။ တဖြည်းဖြည်း ကြည်လင် လာသောအခါမှ ဘေးဘီကို စောင်းငဲ့ ကြည့်မိ၏။ ကျွန်မ ထထိုင်ရန် ကြိုးစားလိုက်သည်။ မူးရိပ်ရိပ် ဖြစ်လာ၍ အသာပြန်လှဲ လိုက်ရပြန်သည်။

“ဟော ဟိုသူငယ်မ သတိရလာပြီ၊ သမီးရယ် သွားကူပြီး ထူပေး လိုက်ပါဦး”

သမီး ဖြစ်သူ၏ ပြုစုယုယမှုကို ငြိမ်သက်စွာ ခံယူနေသော အဘွားကြီး၏ အသံကို ကြားလိုက်ရ၏။ သူ့သမီးသည် လက်ထဲမှ ပန်းကန်ကို အသာချ၍ ကျွန်မဆီ ပြေးလာလေသည်။

“ဘာလိုချင်သလဲ အစ်မ၊ ကျွန်မ ယူပေးမယ်၊ ထိုင်ချင်လို့လား။ ကျွန်မ ပခုံးကို ကိုင်ပြီး အသာလေးထ”

ကျွန်မသည် ထိုမိန်းမငယ်ကို အားပြု၍ ထထိုင် လိုက်ရသည်။ မူးရိပ်ရိပ် ဝေဒနာ ဖြစ်နေသည်မှာ ပြေစပြုပြီ။ ဝမ်းထဲမှာမူ ဟာ၍နေ၏။ ကျွန်မ ခုတင်ဘေးမှ စင်ကလေးပေါ်တွင် မုန့်၊ ဟောလစ်၊ ဘာလီ၊ စားစရာ သောက်စရာ အစုံအလင် ရှိ၏။ ဆေးရုံမတက်မီ တစ်လအလိုခန့်ကပင် လိုအပ်သမျှ ဆေးဝါးရိက္ခာများကို ကျွန်မ စုဆောင်း၍ ထားခဲ့၏။ အားလုံး အဆင်သင့် ရှိနေပါသည်။

“ရေနည်းနည်း သောက်ချင်လို့ကွယ်”

မိန်းကလေးသည် ရေပုလင်းထဲမှ ရေအနည်းငယ်ကို ဖန်ခွက်ထဲ ငှဲ့ထည့်ပြီး ကျွန်မကို လှမ်းပေးသည်။ ကျွန်မ လက်များသည် မသိမသာ တုန်၍နေ၏။ သူမကပင် ကျွန်မ နှုတ်ခမ်းနားသို့ ဖန်ခွက်ကို တေ့ပေးပါသည်။ တစ်ငုံမျှ ငုံပြီး ဖန်ခွက်ကို ပြန်ပေး လိုက်ရ၏။

“ဘာ ယူချင်သေးလဲ အစ်မ”

“နေပါစေကွယ် တော်ပါပြီ၊ ကျေးဇူးတင်ပါတယ်”

မိန်းကလေးသည် ကျွန်မကို ခေါင်းအုံးပေါ်သို့ အသာအယာ ပြန်ချပေး၏။ ပြီးလျှင် သူ့မိခင် ရှိရာသို့ ပြန်ပြေး သွားလေသည်။ အဘွားကြီးကမူ ငြိမ်သက်စွာ မှိန်းနေဆဲ ဖြစ်၏။

“ဒါလေးကုန်အောင် စားလိုက်ပါဦးလား မေမေရယ်”

“တော်ပါပြီကွယ်၊ မစားနိုင်တော့ပါဘူး”

မိန်းကလေးသည် စားသောက်ဖွယ်ရာများကို တိတ်ဆိတ်စွာ သိမ်းဆည်းနေ၏။ အခန်းထဲတွင် ကျွန်မနှင့် ထိုအဘွားကြီး လူနာ နှစ်ယောက်သာ ရှိလေသည်။ မျက်စိကို အသာပြန်၍ မှိတ်ထားလိုက်၏။

“အိမ်အတွက် ဘာမှမပူနဲ့ မေမေ၊ အားလုံး အဆင်ပြေတယ်၊ မေမေသာ နေကောင်းအောင် ကြိုးစားပါ”

“အင်းပါ သမီးရယ်”

“ပြန်မယ်နော် မေမေ၊ ညနေအတွက် ဘာယူခဲ့ရဦးမလဲ”

“ဘာမှ မလိုတော့ပါဘူး သမီးရယ်”

“ညနေကျရင် မမမြိုင်တို့လဲ လာကြဦးမလို့တဲ့”

“ဒုက္ခရှာလို့ သမီးရယ်၊ သူတို့လဲ အားကြတာမှ မဟုတ်ဘဲ၊ မလာနဲ့လို့ ပြောလိုက်ရောပေါ့”

“အို မေမေကလဲ သူတို့လဲ လာတွေ့ချင် ကြမှာပေါ့၊ လာပါစေ၊ ဘာခဲယဉ်းတာ မှတ်လို့၊ သမီးသွားမယ် မေမေ”

“အေး အေး”

“ခေါင်းရင်းက တံခါး ပိတ်ခဲ့မယ်နော်”

“အေး အေး”

သမီး ဖြစ်သူသည် တံခါးကို စေ့ပြီး အဘွားကြီးကို ရင်ညွန့်အထိ စောင်ခြုံပေးခဲ့ပြီးမှ ထွက်သွား လေတော့သည်။ အဘွားကြီးကတော့ အေချမ်း တိတ်ဆိတ်စွာဖြင့် ကျန်ရစ်ဆဲ။ ကျွန်မသည် မိခင်ကို ပြုစု စောင့်ရှောက်သော မိန်းကလေးကို ကြည့်ကာ ငေးမောနေမိ ပါတော့သည်။

* * *

ကျွန်မတို့ မိသားစုတွင် မိန်းကလေးချည်း သုံးယောက် ရှိပါသည်။ ကျွန်မသည် အကြီးဆုံးသမီး ဖြစ်၍ အမေ၏ ကိုယ်ပွားလည်း ဖြစ်ပါသည်။ မိခင်ဖြစ်သူ၏ တာဝန် ဝတ္တရားများကို ခွဲဝေထမ်းဆောင် ရမည့်အပြင် အိမ်တွင်းရေး အိမ်ပြင်ရေး၊ ဒုက္ခသုခ မှန်သမျှကိုလည်း အတိုင်ပင်ခံ အဖြစ် ကြားသိ ခံစားရသူ ဖြစ်ပါသည်။ ကျွန်မ၏ အမေသည်ကား လူ့ဘဝကို ခက်ခဲ ကြမ်းတမ်းစွာ ရင်ဆိုင်ခဲ့ရသူပင် ဖြစ်၏။ အမေ့တွင် မိဘများ မရှိ။ ငယ်စဉ်ကပင် ကွယ်လွန်ခဲ့၏။ အမေသည် အထက်အညာ မြို့ကလေး တစ်မြို့မှ ယာသမား တစ်ဦးနှင့် စောစီးစွာ အိမ်ထောင်ကျကာ လူ့ဘဝကို လက်ချည်းနှင့်သာ ရင်ဆိုင်ခဲ့ရသူ ဖြစ်၏။ အမေနှင့် အဖေတို့သည် သမီး သုံးယောက် ရသည်အထိ အခြေမကျနိုင်ခဲ့။ ထမင်းစားဖို့ကိုသာ လုံးပန်းရင်း ဒုတိယ အရွယ်၏ အဖိုးတန်လှသော ကာလများကို ကုန်လွန်ခဲ့ကြရ၏။ အဖေတစ်ယောက် လူ့လောကမှ စောစီးစွာ နှုတ်ထွက် သွားချိန်ဝယ် အမေသည် အားကိုးမရသော သမီးသုံးယောက်နှင့် ယောင်ချာချာ ကျန်ရစ် ခဲ့လေသည်။

ကျွန်မတို့ မိသားစုလေးဦး ပါဝင်သော မိသားစုသည် ရန်ကုန်မြို့၏ အစွန်အဖျား တစ်နေရာဝယ် နွမ်းပါးစွာ ခိုကပ်မိချိန်တွင် ကျွန်မ အသက်သည် ၁၀ နှစ်ကို ရှစ်နှစ် စွန်းခဲ့ပေပြီ။ ကျွန်မတို့ကို ဦးစီးဦးဆောင် ပြုကာ ကယ်တင်ခေါ်ဆောင် လာခဲ့သူ ဦးကြီး ဦးလှဘူးသည် သံမဏိ စက်ရုံတွင် စာရေးကြီး တစ်ဦး ဖြစ်လေရာ ကျွန်မတို့ အတွက်မူ မဟာရာထူးကြီးပင် ဖြစ်လေသည်။ အမေသည်လည်း ဈေးရောင်း ဈေးဝယ် အလုပ်ကို မလွှဲသာ မရှောင်သာ တတ်ကျွမ်းလာခဲ့၏။ ညီမ နှစ်ယောက်ကို ကျောင်းထားနိုင်အောင် ကျွန်မသည် အမေနှင့်အတူ ရုန်းကန်ခဲ့ရ၏။ အမေ မျက်ကွယ်ပြုချိန်တွင် ကျွန်မသည် အရောင်းအဝယ်သာမက မွေးမြူရေး၊ စိုက်ပျိုးရေးတွင်ပါ ဦးဆောင်တတ်သော မိန်းမကြီး တစ်ယောက် ဖြစ်ခဲ့လေပြီ။

ကျွန်မတို့ ညီအစ်မ သုံးယောက်တွင် ကျွန်မ အရုပ်ဆိုးဆုံးနှင့် ပညာ အမဲ့ဆုံး ဖြစ်ခဲ့ရခြင်းမှာ အဆန်းတကြယ်တော့ မဟုတ်ပါ။ ကျွန်မ၏ ဘဝတွင် ထမင်းတစ်လုပ်၏ တန်ဖိုးကို ကောင်းစွာ သိနားလည်ခြင်း၊ အလုပ်လုပ်ခြင်း၏ အကျိုးကျေးဇူးကို မျက်မြင်ဒိဋ္ဌ ခံစားရခြင်း၊ ခြိုးခြံ ချွေတာခြင်း၏ ရလဒ်ကို ကောင်းစွာသိရှိ သဘောပေါက်ခြင်းတို့ဖြင့် သဘာဝ အခက်အခဲများကို ကျော်လွှားခဲ့ရပါ၏။

ညီမငယ် နှစ်ယောက်သည်လည်း ခေတ်ပညာကို အတော်အသင့် သင်ယူနိုင်ကြ၍ ဘဝ၏ ပျော်ရွှင်ဖွယ်ရာ အကောင်းဆုံးသော ကာလများတွင် အတန်အသင့် ပြည့်စုံခြင်းဖြင့် ရင်ဆိုင်နေရပြီ ဖြစ်သောကြောင့် သူတို့ ဘဝသည် ကျေနပ်လောက်ဖွယ် ရှိသည်ဟု ဆိုရပေမည်။ ကျွန်မသည်သာ မိခင်၏ ကိုယ်စား ထိန်းကျောင်း ပြုပြင်လိုသော ဝန်ထုပ် ဝန်ပိုးကြီးကို ထမ်းကာ သူတို့ ဘဝလမ်းအတွက် စိုးရိမ်ပူပန်ခြင်းဖြင့် အစဉ်လို စိတ်မောခဲ့ရ လေသည်။ ကျွန်မဘဝ အတွက်တော့ ကျွန်မ မေ့ခဲ့ပြီ ဖြစ်၏။ ငယ်စဉ် ကာလ၏ ဆင်းရဲပင်ပန်းမှု ဒဏ်သည် ကျွန်မ၏ ပျော်ရွှင်ကြည်နူးလိုမှု စိတ်ဆန္ဒများကို ဝါးမျိုးဖျက်ဆီးခဲ့ လေပြီ။

စားပင် သောက်ပင်တို့ဖြင့် ဝေဆာနေသော ခြံကလေး အတွင်းဝယ် သင့်တင့်သော အိမ်ကလေး တစ်ဆောင် ဆောက်ကာ ညီအစ်မ သုံးယောက်နှင့်အတူ အေးချမ်းစွာ နေရသောဘဝကို အခြေကျပြီဟု မှတ်ယူနေမိသော ကျွန်မ၏ အသည်းနှလုံးကို ရုတ်တရက် ခြွေမည့် အဖြစ်မျိုး ကြုံရလိမ့်မည်ဟု ကျွန်မ မတွေးမိခဲ့။ အရာရာသည် ကျွန်မ ထင်သလို အေးဆေး ငြိမ်သက်ခြင်း မရှိ။ အတည်တကျ မရှိ။ မတည်ငြိမ်သော လူ့ဘဝကို ရင်ဆိုင်ရသည့် အခါ ကျွန်မ အံ့ဩမိ၏။

ကျွန်မတို့ ညီအစ်မ သုံးယောက်တွင် ခင်လေးသည် အထွေးဆုံး ဖြစ်ပြီး အညာမှာ မွေးသော်လည်း အသားဖြူ၏။ ရန်ကုန် ရောက်တော့ ခင်လေး အသက် ၁၂ နှစ်သာသာ ရှိသေးသည်။ လေးတန်းတွင် ကျောင်းအပ်နိုင်သဖြင့် သူ့ပညာရေးမှာ မလစ်ဟင်းခဲ့ရပေ။ ခင်လေးတစ်ယောက် အထက်တန်းပညာ ဆည်းပူးနိုင်ချိန်မှာ ကျွန်မတို့ မိသားစုလည်း နာလန်ထူစ အချိန်ဖြစ်၍ ခင်လေးအတွက် ရေကန်အသင့် ကြာအသင့်ပင်။ အမြော်အမြင် ကြီးသော ဦးကြီး၏ စီမံမှုဖြင့် ခင်လေး ဆရာဖြစ် သင်တန်း တက်ခွင့်ရသည်။ ညီမလတ် ခင်ထွေးက ခုနှစ်တန်းသာ အောင်ပြီး ကျောင်းထွက်ကာ စက်ချုပ်သင်တန်း တက်သည်။ အမေ ကွယ်လွန်ချိန်မှာပင် ကျွန်မတို့ ညီအစ်မ သုံးယောက်သည် ဣနြေ္ဒရရ နေနိုင်ပေပြီ။

သို့သော် မထင်မှတ်ဘဲ အငယ်ဆုံးက စ၍ ပြဿနာ တက်ခဲ့ရ၏။ မိခင်လေး အမိုက်မသည် သင်တန်းပြီးစ အလုပ်မရမီ စပ်ကြားမှာပင် လင်နောက်လိုက်ပြေး လေသည်။ ထိုစဉ်က ယူကြုံးမရခြင်း၊ အံ့ဩခြင်း၊ နှမြောတသခြင်း တို့ဖြင့် ကျွန်မသည် အရူးမကြီး တစ်ယောက်သဖွယ် မစားနိုင် မအိပ်နိုင် ဖြစ်ခဲ့ရသည်မှာ တရားမဲ့လွန်း သည်လား ကျွန်မ မတွေးအားခဲ့။ ဘဝတစ်ခုကို ခက်ခက်ခဲခဲ ထူထောင်ပြီး အေးချမ်းမှု ရကာမှ ဒုက္ခကို ရှာလေသူဟု ညီမအပေါ် နားမလည် နိုင်အောင် ဖြစ်ခဲ့ရလေသည်။ ကျွန်မအတွက် ကတော့ အိမ်ထောင်တစ်ခု ထူထောင်ခြင်းကို မိမိ တစ်ဝမ်းတစ်ခါး အတွက် ယောက်ျား တစ်ယောက်ကို အားကိုးခြင်းဟုသာ ကျဉ်းမြောင်းစွာ တွေးခေါ်ခဲ့ပါသည်။

“သင်းထိုက်နဲ့ သင်းကံ နေပေ့စေ၊ ငါတို့ကတော့ မိတဆိုး ညီမလေး ရယ်လို့ အနစ်နာခံပြီး ရှာဖွေ ကျွေးမွေးခဲ့ ရတယ်၊ ခုတော့ အတောင်အလက် စုံလို့ ပုန်ကန်ပြီး သွားတာ သွားပစေ၊ ငါ့ခြံရိပ်ကို မနင်းစေနဲ့။ သင်း ဒုက္ခရောက်မှ သိမယ်”

တကယ်တော့ ဆင်းရဲခြင်းမှ လွတ်မြောက်လာသော ကျွန်မသည် လူ့ဘဝ၏ အဓိပ္ပါယ်ကို စားဝတ်နေရေး တစ်ခုတည်းသာဟု စွဲလမ်း ယုံကြည်နေဆဲ ဖြစ်ပါသည်။ ချစ်ခြင်းမေတ္တာ၏ နှစ်သိမ့် ကြည်နူးစေမှု၊ သာယာ ချမ်းမြေ့မှု၊ ရင်ခုန် လှုပ်ရှားမှုတို့ကို စိုးစဉ်းမျှပင် မတွေးမိခဲ့ပါချေ။

“ကိုယ်တိုင်က ဆရာမကြီး တစ်ယောက် ဖြစ်တော့မှာပဲ၊ ဘယ်ယောက်ျားကို အားကိုးဖို့ လိုသတုန်း၊ သင်းကိုက မိုက်လိုက်လေ။ အပူမရှိ အပူရှာတဲ့ မိခင်လေး အမိုက်မ၊ အငယ်ဆုံးမို့ ပညာတွေ သင်ပေးထားတာ အတတ်ကြူးလို့ ဘီလူးဖြစ်ပြီလေ”

ခုနစ်ရက် ခုနစ်လီမျှ မပြီးနိုင် မစီးနိုင် ဆူပူကြိမ်းမောင်း နေသော ကျွန်မကြောင့် ခင်လေးသည်လည်း အိမ်ဘက်ကို ခြေဦး မလှည့်ဝံ့ပါ။ ညီမလတ် ခင်ထွေးသည်လည်း နားရွက်ပင် မခတ်ဝံ့ခဲ့။ ဦးကြီးကလည်း ကျွန်မကို တရားချ၍ မရ။ နောက်ဆုံးတော့ ကျွန်မသည် စိတ်နာနာဖြင့် နှင်းဆီခြံနှင့် ကြက်ခြံကို ရောင်းကာ စမ်းချောင်းဘက်သို့ ပြောင်းရွှေ့ လာခဲ့ပါသည်။ ရှိသမျှ ငွေလေးကို အတိုးချစားရင်း ခင်ထွေးက အင်္ကျီချုပ်ရင်းဖြင့် လစ်ဟာသွားသော အသည်းနှလုံး တစ်ခြမ်းကို မေ့ပျောက်ကာ အေးချမ်းမှုကို ရှာခဲ့ရ၏။ ခင်ထွေးသည် ခင်လေး အဖြစ်ကိုပါ စုပေါင်းခံယူရင်း ယောက်ျားဆိုလျှင် မျက်လုံးမှ စွေမကြည့်ဝံ့အောင် ကျွန်မ မျက်စိအောက်မှာ သေသေဝပ်ဝပ် နေရရှာ၏။

“ခုဆိုကြည့်၊ မိခင်လေး တစ်ယောက် ကလေး တစ်ယောက်နဲ့ ဘယ်လောက် ကသီ နေပြီလဲ၊ အလုပ်က တစ်ဖက်၊ ကလေးက တစ်ဖက်နဲ့ ဖတ်သီ ဖတ်သီ ဖြစ်နေပြီလေ၊ ဟင်း၊ ငါတစ်ခါ ဘတ်စ်ကားပေါ်က လှမ်းတွေ့ လိုက်ပါတယ်။ ခြင်းစုတ် တစ်လုံးနဲ့ လူရုပ်ကို မပေါ်ဘူး”

တကယ်တော့ ခင်လေးသည် ကျွန်မကို မိခင်ကိုယ်စား ချစ်လည်း ချစ်ရှာ၏။ ကြောက်လည်း ကြောက်ရှာ၏။ ကျွန်မကို ရင်မဆိုင်ဝံ့၍ ကလေးတစ်ယောက် ရသည်အထိ ကျွန်မဆီ မလာရဲ။ ခင်ထွေးနှင့်မူ တိတ်တဆိတ် တွေ့ဆုံကြပုံ ရ၏။ ခင်လေး၏ ယောက်ျားသည်လည်း ကျောင်းဆရာ တစ်ယောက်ပင် ဖြစ်သော်လည်း သူတို့ ချို့တဲ့ပုံ ရ၏။ သာကေတမှာ နေ၍ မြေနီကုန်းမှာ အလုပ်ဆင်းရသည်။ သည်အကြောင်း များကို ခင်ထွေး ပြောပြသော်လည်း ကျွန်မ ဆူပူကြိမ်းမောင်း ထား၍ နောက်ထပ် မပြောရဲတော့။

“သူ့ဟာသူ သူ့ဘဝသူ ဖန်တီးချင်တဲ့ ကောင်မ၊ နေချင်သလို နေပေစေ၊ အိမ်မှာ မပူမပင် မကြောင့်မကြ နေရရက်သားနဲ့ အားကိုးရှာချင်တဲ့ ကောင်မ”

ကျွန်မမှာတော့ ရင်ခွင်ထဲမှ ခွဲထွက်ထားသော သမီးကဲ့သို့ ရှိရသည့် ညီမတစ်ယောက် အတွက် သံယောဇဉ် ကြီးမားလှ သော်လည်း ဒေါသမီးကို မသိမ်းဆည်းနိုင်ခဲ့။ သူ့အမှားဒဏ်ကို သူ ခံစေချင်သော ဆန္ဒတွေ ဆူဝေ နေခဲ့၏။ ပြည့်စုံအေးချမ်းစွာ နေရသည့် ဘဝမှ နေပူထဲကို ထွက်ချင်သူ မိန်းကလေး။ သူ့လောက်မှားတာ မရှိ။

နောက်ဆုံးတော့ ခင်လေးက အရဲစွန့်၍ လာခဲ့ပါသေးသည်။ သည်တစ်ခါတော့ သူ့နောက်မှာ ကလေးနှစ်ယောက် ပါလာချေပြီ။ ခင်လေးသည် အိမ်ပေါ်သို့ မရဲတရဲ တက်လာသော်လည်း ကျွန်မကိုတော့ ခပ်ရဲရဲ ကြည့်ကာ ထိုင်ကန်တော့၏။ သူ့ယောက်ျားနှင့် ကလေးနှစ်ယောက် ကလည်း ကန်တော့၏။ သီတင်းကျွတ်ရက် ဖြစ်သဖြင့် မုန့်ပဲချိုချဉ်ဖြင့် လာကန်တော့ခြင်း ဖြစ်ရာ သူ့အကြံဉာဏ် မဆိုးလှ။ ခင်ထွေးကတော့ သူတို့ချင်း ကြိုတင်တိုင်ပင် ထားသည့်အလား စကားတွေ ရွှန်းရွှန်းဝေအောင် စေ့စပ်ပြောလေး ပြောပေးရင်း ကလေးတွေကိုလည်း ကျွန်မဆီ မသိမသာ တွန်းပို့၏။ အကြီးက ယောက်ျားလေး၊ အငယ်က မိန်းကလေး၊ မျက်လုံးပြူးလေးများဖြင့် ချစ်စရာ။ သို့သော် ကျွန်မနှုတ်မှ ဘာစကား တစ်ခွန်းမျှ ထွက်မလာ။ ခင်လေးတို့ မိသားစု တစ်သိုက်ကို စေ့စေ့စပ်စပ် အကဲခတ် ကြည့်နေမိသည်။ ရသမျှဖြင့် လောက်အောင် ခြိုးခြံ နေထိုင်ရသော သာမန် လခစားတို့၏ အသွင်သဏ္ဌာန်က ဖုံးမရ။ အိမ်မှာ နေစဉ်ကတော့ ခင်လေးကို ပညာတတ်မကြီးမို့ အကောင်းဆုံးတွေကို ဖို့ခဲ့ရသည်။

ကြာလာတော့ ခင်လေး ယောက်ျားက အနေခက် လာပုံရ၏။ တစ်ယောက်တည်း ဒိုင်ခံ ဧည့်ခံနေသော ခင်ထွေး၏ အသံကလည်း အားပျော့လာသည်။

“ကျွန်မတို့ ပြန်မယ် မမကြီး”

ခင်လေးသည် ဒုတိယအကြိမ် လက်အုပ်ချီ ကန်တော့၏။ ခင်လေးအသံ တုန်ယင်နေသည်။ ခင်ထွေးလည်း မျက်နှာပျက် နေသည်။

“ခင်ထွေး”

ကျွန်မက ခင်ထွေးဘက် လှည့်၍ ခေါ်လိုက်သည်။ အားလုံးက ကျွန်မကို အာရုံစူးစိုက်၍ ကြည့်ကြ၏။

“ဘာလဲ မမကြီး”

ခင်ထွေးက အားတက်သရော မေးသည်။

“ငွေငါးရာ ယူပြီး ကလေးတွေကို ပေးလိုက်”

ရုတ်တရက်တော့ ခင်ထွေး ကြောင်သွား၏။ ပြီးတော့မှ နေရာမှ ထမည်ပြုသည်။ ခင်လေး၏ ယောက်ျားသည် ဆတ်ခနဲ ထကာ တံခါးဝဆီ လျှောက်သွားလေသည်။ ခင်လေးက ခင်ထွေးလက်ကို လှမ်းဆွဲလိုက်သည်။

“နေပစေ မမငယ်၊ ယူမပေးပါနဲ့၊ ကျွန်မ မလိုချင်ဘူး၊ ကျွန်မ မမကြီးကို လာကန်တော့တာပါ၊ မမကြီးကို တွေ့ချင်လို့ လာတာပါ။ ကျွန်မ ပိုက်ဆံလိုချင်လို့ လာတာ မဟုတ်ပါဘူး”

ခင်လေ၏ အသံသည် မာနသံနှင့် ဝမ်းနည်းသံ ရောယှက်၍ နေ၏။ ခင်ထွေးလည်း နေရာမှ မထတော့။ မျက်ရည်ဝဲကာ ခေါင်းငုံ့၍ နေသည်။

ခင်လေးတို့ ပြန်သွားသော အခါ ခင်ထွေးသည် ကျွန်မကို ပထမဆုံး အကြိမ် ဆန့်ကျင်သော စကားကို ဆိုလေသည်။

“ဒါတော့ မမကြီး လွန်တာပေါ့၊ မမကြီးက သံယောဇဉ်ကို ငွေနဲ့ ဖြတ်သလို ဖြစ်နေပြီ။ ခင်လေးတော့ သိပ်စိတ်နာ သွားမှာပဲ၊ သူစိမ်းလဲ ပါတယ်။ မမကြီးက ကလေးတွေ ကိုတောင် စကား တစ်ခွန်းမှ မပြောဘူး ဆိုတော့ မမကြီးမှာ အသည်းနှလုံးမှ ရှိရဲ့လား”

ကျွန်မသည် ခင်ထွေးနှုတ်မှ ထွက်လာသော စကားလုံးတွေ အတွက် အံ့ဩသော်လည်း မတုန်လှုပ်မိပေ။ တကယ်တော့ ကျွန်မတွင် အသည်းနှလုံး ရှိဟန် မတူတော့။

“ငါ့ကို အပိုတွေ ပြောမနေနဲ့ မိခင်ထွေး၊ သံယောဇဉ် ရှိလို့သာ ငါ နင်တို့တွေ အတွက် ကြက် အစာ ရှာသလို ယက်ပြီး ရှာခဲ့တာပေါ့တဲ့၊ ခု ကြည့်စမ်း၊ ခင်လေး ဆင်းရဲနေပြီ၊ ငါနဲ့ အမေ ခက်ခက်ခဲခဲ ဖန်တီး ပေးခဲ့ရတဲ့ ဘဝမှာ အေးအေးချမ်းချမ်း မနေချင်ဘူး”

“ဒါတော့ သူလဲ သူ့သဘာဝ ချစ်တာ ကြိုက်တာ ရှိသေးတောပေါ့ မမကြီးရဲ့”

ကျွန်မသည် ခင်ထွေးကိုပါ မယုံသင်္ကာသော အကြည့်ဖြင့် ကြည့်မိလေပြီ။ ဪ လူ့သဘာဝ ချစ်တာ ကြိုက်တာ ရှိသေးသတဲ့လား၊ သည်တစ်ခါတော့ ကျွန်မ အနည်းငယ် တုန်လှုပ်မိ၏။

“ဪ ဒီလိုလား၊ ကောင်းပါလေရဲ့အေ၊ ညည်းလဲ ချစ်တာ ကြိုက်တာရှိရင် သွားပါ၊ ကြွတော်မူပါ၊ သွားကြ သွားကြ အိမ်ပေါ်က ဆင်းသွားကြ၊ သံယောဇဉ် စကားတွေလဲ မပြောကြနဲ့၊ လင်ယူသားမွေး အလုပ်နဲ့ ထမင်းဝအောင် ရှာစားကြ၊ သွားကြ”

ကျွန်မမှာတော့ ဆင်းရဲတွင်း နက်ခဲ့ရသော ဘဝမှ ရုန်းကန် တက်ခဲ့ရသော ပင်ပန်း နွမ်းနယ်မှုများကို ယနေ့တိုင် မေ့မရသေး။နောက်ထပ်တစ်ဖန် ပင်ပန်း ဆင်းရဲရမည့် အလုပ်မျိုးကို လုပ်ရန် လုံးဝ စိတ်ကူး၍ မရပါပေ။ နေရိပ်မှာ ရောက်နေပါလျက် အဘယ်ကြောင့် နေပူထဲ ပြန်သွားတော့ မည်နည်း။

* * *

ခင်ထွေးကတော့ ခင်လေးထက် ပိုသတ္တိရှိသည်ဟု ဆိုရပေမည်။

ခင်ထွေးသည် ကျွန်မကို ရဲရဲဝံ့ဝံ့ပင် ရင်ဆိုင်လေသည်။

“ကျွန်မတို့ချင်းလဲ မေတ္တာမျှ နေပြီ၊ သူ့မိဘတွေကလဲ သဘောတူတယ်၊ အဲဒါ သူတို့ လာရင်တော့ မမကြီး အဆင်ပြေအောင် စကားပြောပါနော်”

ခင်ထွေးသည် ကျွန်မထက် သုံးနှစ်သာ ငယ်သူဖြစ်၍ သူ့အသက်လည်း မနည်းတော့။ အိမ်ထောင်သားမွေး ပြုမည်ဆိုလျှင် ပြုလောက်သည်။ သို့သော် သူ့စက်ချုပ်သည့် ဝင်ငွေမှာ ကျွန်မတို့ တစ်ဝမ်းတစ်ခါး အတွက် ဖူလုံပြီးသား ဖြစ်ပါလျက် အဘယ်ကြောင့် သူစိမ်းယောက်ျား တစ်ယောက်နှင့် ပေါင်းဖက်ဦးမည်ကို ကျွန်မ စဉ်းစား၍ မရ။ သို့သော် သူပြောသလို ချစ်တာ ကြိုက်တာနှင့်ပင် ပေါင်းစည်းကြမည် ထင်သည်။ အချစ်သည် ထာဝစဉ် ခိုင်မြဲပါမည်လား၊ သူတို့ပြောသည့် အချစ်သည် ထမင်းမစားဘဲ ချစ်နိုင်မည့် အချစ်လား၊ အိမ်ထောင်ရေး ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင် ဖြေရှင်းနိုင်မည့် အချစ်လား၊ ကျွန်မ သိတတ်စ အရွယ်တွင် အဖေနှင့် အမေတို့သည် အချစ်အကြောင်း ပြောသံ မကြားရ။ ဆီအကြောင်း ဆန်အကြောင်းသာ ပြောသံ ကြားရ၏။ အဖေ မရှိတော့သည် တွင်လည်း အဖေ့ကို ချစ်စိတ်ဖြင့် လွမ်းသံ မကြားရ။ ညည်းညူ တမ်းတသံသာ ကြားရလေသည်။ ခုတော့ ညီမတွေက ချစ်တတ် နေကြပါလား၊ ကျွန်မဘဝတွင်တော့ တစ်ခါမျှ မချစ်တတ်ခဲ့ဘူးပေ။

ခင်ထွေးသည် သူ့မင်္ဂလာပွဲကို သူ့ဘာသာ အကျဉ်းချုံး၍ စီမံ၏။ ကျွန်မသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူ့အစီအစဉ် အတိုင်း ဘေးမှ ခပ်မဆိတ် နေလိုက်၏။ သူ့ သတိုးသားမှာ ရပ်ကွက်ထဲမှ လူရွယ်တစ်ယောက် ဖြစ်ပြီး စာရေးစာချီ ဖြစ်ဟန်တူ၏။ ခင်ထွေးသည် အပျိုဘော် ဝင်စက စပြီး တကုတ်ကုတ် စက်ချုပ်ကာ ချွေတာ စုဆောင်းခဲ့သော အလုပ်ကို အိမ်ထောင်ရေး အတွက် အချစ်အတွက် စွန့်ကြဲပေတော့မည်။

ခင်ထွေးကပင် စကားစ၍ ဆို၏။

“မမကြီး ဒီအိမ်မှာပဲ အေးအေးဆေးဆေး နေရစ်ပါ၊ ကျွန်မ မကြာ မကြာ လာခဲ့ပါ့မယ်၊ မမကြီး အတွက် အဖော် တစ်ယောက်လဲ ရှာပေးခဲ့မယ်၊ အိမ်လဲ နီးသားပဲလေ၊ လိုတာရှိရင် ခေါ်လိုက်ပေါ့”

ကျွန်မ သဘောကို သိသော ခင်ထွေးသည် သူ့စက်ကလေး တစ်လုံးကို မကာ ကျွန်မကို လမ်းခွဲဖို့ ပြင်လေသည်။ ကျွန်မရင်မှာ လှုပ်ရှားလှ သော်လည်း “မသွားပါနဲ့ ညီမရယ်၊ မမကြီးနဲ့ အတူနေပေါ့” ဟု မတားမိ ယောက္ခမတွေ ယောင်းမတွေ ကြားမှာ မျက်နှာငယ်ရှာဦးမည့် သူ့အဖြစ်ကို သူကမှ တွေးမပူဘဲ သွားပေစေပေါ့။ မမကြီးရဲ့ အိမ်မှာလို ရသမျှ ငွေလေး ကျစ်ကျစ်ပါအောင် စုပြီး လက်ကောက်တွေ ခုနစ်ကွင်းဆင့် ဝတ်နိုင်မတဲ့လား။

“ငါ့အတွက် ဘာမှမပူနဲ့၊ အေးအေးသာနေ၊ ခဏ ခဏလဲ လာစရာ မလိုပါဘူးအေ၊ ညည်းဘာသာပဲ အဆင်ပြေအောင် နေပါလေ”

ခင်ထွေးသည် တည်ငြိမ်စွာပင် ကျွန်မ အိမ်ပေါ်မှ ဆင်းသွား၏။

ဪ အချစ်၏ စွမ်းပကားများ ကြီးမားကြပေစွ။

* * *

တစ်ယောက်တည်း နေရတာလဲ အရသာ တစ်မျိုးပါပဲ။ အပူအပင် မရှိ၊ အကြောင့်အကြ မရှိ။ အဖော် ခေါ်ထားသော ကောင်မလေး တစ်ယောက် ရှိသည်မို့ အိမ်အတွက် ပူစရာမလို။ ထမင်းအိုး ဟင်းအိုးကလည်း သေးလှ၏။ အိမ်တွင်တော့ နေ့ပြန်တိုးယူသူ ဈေးသည်များ၊ လက်သိပ်ထိုး ပေါင်နှံ ရောင်းချသူများနှင့် စည်ကား၍ နေတတ်၏။ တိတ်ဆိတ်သော ညများတွင် တုန်လှုပ် ချောက်ချားသလို၊ ဝမ်းနည်းသလို ရှိသော်လည်း ပုတီးစိတ်ခြင်း၊ တရားမှတ်ခြင်းဖြင့် ဖြေဖျောက်လိုက်၏။ ညီမတွေ၏ စားဝတ်နေရေး အတွက် တွေးပူသော်လည်း “သူတို့တောင် မကြောက်လို့ ဇွတ်တိုးကြသေးတာပဲ” ဟု ဖြေသိမ့်လိုက်၏။ တစ်ခါတစ်ရံတော့လည်း ဟင်းလင်းပြင်ထဲ လမ်းလျှောက် နေရသလို ရင်ထဲမှာ မဖော်ပြနိုင်စွမ်းသော လစ်ဟာမှုမျိုးကို ခံစားရပါသည်။

တစ်ယောက်တည်း သမား အပျိုကြီးမို့ ကြားလူဖြင့် လာရောက် စပ်ဟပ်သူများ ရှိသော်လည်း ကျွန်မ စိတ်မဝင်စားခဲ့။ ချစ်တတ်သော အသည်းနှလုံးနှင့် ခံစားတတ်သော အလိုဆန္ဒများသည် ကျွန်မဘဝတွင် အဘယ်ကြောင့် ကွယ်ပျောက်ခဲ့ရ သနည်း။ ကျွန်မ ကိုယ်တိုင်လည်း မတွေးတတ်တော့။ ဆင်းရဲမှာကို ကြောက်ခြင်းသည် ကျွန်မဘဝကိုလွှမ်းခြုံ ဖုံးအုပ်ထားဟန် တူပေသည်။

ခင်ထွေးကတော့ မကြာမကြာ ရောက်လာတတ်၏။ ရှိသမျှကို လှန်လှောစားသောက် သွားပြီး လုပ်စရာ ရှိသည်ကိုလည်း လုပ်ပေးသွား တတ်၏။ ခင်ထွေး၏ တစ်စ တစ်စ ပိန်ချုံးလာသော ကိုယ်ခန္ဓာကို ကြည့်ကာ အိမ်ထောင်ရေး အတွက် မြှုပ်နှံစတေး လိုက်ရသော စွမ်းအင်များကို တွေးဆ နှမြောမိ၏။ ခင်ထွေးကတော့ သူ့ဘဝသူ ကျေနပ်သည်သာ။ သူ့အိမ် အကြောင်း ယောက္ခမ အကြောင်း ဆိုးသည် ကောင်းသည် ဘာမျှမပြော။ သို့သော် သူ့အကြောင်းကို ကျွန်မ ကြားနေရပါသည်။ ဟန်ဆောင်ကောင်း၍ အရာရာ ချို့တဲ့လျက် ရှိသော သူတို့ မိသားစုကို ခင်ထွေး လုပ်ကျွေး နေရပေပြီ။ ပြီးတော့ ခင်ထွေးက ပညာမတတ်။ လက်မှုပညာဖြင့် အလုပ်လုပ် ရသည်မို့ အထင်သေး ကြသည်တဲ့။

တစ်ခါမှာတော့ ခင်ထွေး တစ်ယောက် မဝံ့မရဲဖြင့် ကျွန်မဆီ ရောက်လာသည်။ သူနှင့် ကျွန်မသည် ဘဝကို အတူ ရုန်းကန်ခဲ့ရသည်မို့ ကျွန်မကို သူ ယုံကြည် အားကိုးပုံ ရ၏။ ခင်ထွေးသည် အပြုံးမပျက် ဟန်ဆောင်ရင်း အသံမှန်ဖြင့် ကျွန်မကို ပြော၏။

“ခု စက်ကလေးကလဲ ချူချာတယ် မမကြီးရယ်၊ ဘီတင်စက်ကလေး ကောင်းကောင်း တစ်လုံးနဲ့ လဲချင်လို့ ငွေငါးရာလောက် ခဏလှည့်ပါ မမကြီး”

ခင်ထွေး တစ်ကိုယ်လုံးကို ကျွန်မ အကဲခတ်လိုက်၏။ လက်ကောက် တစ်ရံမျှလွဲ၍ ဘာမျှ မရှိတော့။ ကျွန်မက ဘာမျှမပြော၊ ငွေငါးရာကို ထုတ်ပေးလိုက်သည်။ ခင်ထွေးသည် ရယ်သလို မောသလိုနှင့် ကျွန်မကို ပြောသေးသည်။

“မမကြီး ယူနေကျ အတိုင်း ယူပေါ့”

“ငါက ပစ္စည်း မပါရင် တစ်ဆယ် ယူတာအေ့”

“ကျွန်မ လက်ကောက်တွေ ထားခဲ့မယ်လေ၊ သုံးကျပ်ယူ”

ခင်ထွေးသည် ပြုံးကာ ရယ်ကာဖြင့် သူ့ လက်ကောက်တွေကို ချွတ်၏။ ကျွန်မက ဘာမျှမပြောဘဲ ခပ်အေးအေး ကြည့်နေသော အခါ ခင်ထွေး မျက်နှာပျက် လာ၏။ ၄င်းနောက် ကျွန်မကို မယုံမရဲ ကြည့်ရင်း ကျွန်မ လက်ထဲကို လက်ကောက်များ ထည့်ပေးလေသည်။ ခင်ထွေးသည် ကျွန်မကို ဆက်မကြည့်တော့ဘဲ တိတ်ဆိတ်စွာပင် ဆင်းသွား၏။ ကျွန်မမှာ ပြောချင်သော စကားများ ရှိပါလျက် နှုတ်လေးကာ မပြောဖြစ်တော့ပေ။ တကယ်တော့ ခင်ထွေးဆီက အတိုးယူဖို့လည်း စိတ်မကူး။ ငွေကို ပြန်ယူဖို့လည်း စိတ်မကူးပါ။ သူ့လက်ကောက်များ ကိုတော့ သူ့လက်ထဲမှာ ထားလျှင် တစ်စတစ်စ ပျောက်ပျက်သွားမည် စိုး၍ သိမ်းဆည်း ထားလိုက်သည့် သဘော ဖြစ်ပါသည်။

ခင်ထွေး ကျွန်မကို စိတ်နာသွားဟန် တူပါသည်။ အတိုးလည်း လာမဆပ်၊ သူ့ပစ္စည်းကိုလဲ လာမယူတော့ပါ။ ကျွန်မ သူ့ဆီကိုသွားပြီး အကျိုးအကြောင်း ပြောဖို့ ကြံပါသည်။ သို့သော် အတန်ကြာက ဖြစ်ပွားခဲ့သော သားအိမ်နှင့် ပတ်သက်သည့် ရောဂါ ပြန်ပေါ်လာသဖြင့် ကျွန်မ အိပ်ရာထဲ လဲပါ တော့သည်။

* * *

အတွေးပေါင်း များစွာဖြင့် နိုးတစ်ဝက် ပျော်တစ်ဝက်ဖြင့် ဖြစ်နေရာမှ ဆူညံသော အသံများကြောင့် အိပ်ရာမှ ပြန်နိုးလာမိ၏။ ဆေးရုံတွင်းသို့ ဧည့်သည်များ အဆက်မပြတ် ဝင်လာပါသည်။ ခဏ အကြာတွင်ပင် လူနာ နှစ်ယောက်သာ ရှိသော ကျွန်မတို့ အခန်းလေးထဲမှာ ဧည့်သည်များ ပြည့်၍ သွားလေသည်။ သို့သော် ကျွန်မ ဧည့်သည်ကား တစ်ယောက်မျှ မပါ။ တစ်ဖက်မှ သားအိမ် ကင်ဆာဖြင့် လာရောက် ကုသနေသူ အဘွားကြီး၏ သားသမီး ဆွေမျိုးများပင် ဖြစ်ပါလေသည်။ အဘွားကြီး၏ အခြေအနေက သိပ်ဟန်ပုံ မပေါ်ပါ။ လာရောက်သူများ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှု အရိပ်လက္ခဏာကို အထင်းသား မြင်နေရသော်လည်း သူတို့နှုတ်ကမူ လူနာ အားတက်စေမည့် စကားများကို ရွှန်းရွှန်းဝေအောင် ပြောနေကြလေသည်။

“မေမေ့ သားကြီးဆီက ဒီနေ့ပဲ စာရောက်လာတယ် မေမေ၊ တပ်ရင်းကို ပြန်ရောက် နေပြီတဲ့၊ အလုပ်ကိစ္စတွေ ပြီးပြီးချင်း ရန်ကုန် ဆင်းလာမယ်တဲ့၊ မေမေ့ဖို့ ယုန်မွှေး ဆွယ်တာတောင် ဝယ်လာသေးတယ်တဲ့။ မေမေ ဆေးရုံက ဆင်းရင် ဝတ်ရမှာ အတော်ပဲ”

အဘွားကြီးက ကျေနပ် အားရဟန်ဖြင့် ပြုံးနေ၏။ သူ့ခင်ပွန်း ဖြစ်ဟန်တူသော အဘိုးကြီးသည် သားသမီးတွေ ကြားတွင် မားမားကြီး ရပ်ကာ အေးချမ်း ဆိတ်ငြိမ်စွာ ကြည့်နေလေသည်။

“ကျွန်မတော့ တတ်သမျှ မှတ်သမျှ ပေါင်းလာတာပဲ၊ မေမေ ကြိုက်ပါ့မလား မသိဘူး”

ချွေးမဖြစ်သူက သူယူလာသော ဟင်းခွက်ကို အဘွားကြီးရှေ့ တိုးပေး၏။ သမီးဖြစ်သူက အသာယူပြီး ခွံ့ပေးလေသည်။

“အေးမာလဲ စာမေးပွဲ အောင်တယ် မေမေရဲ့၊ ဂုဏ်ထူး သုံးခုတောင်မှ အဲဒါ အိမ်မှာ မုန့်ဟင်းခါး ချက်ပြီး သူငယ်ချင်းတွေ ခေါ်ကျွေးမလို့တဲ့။ ဘွားဘွားကိုလဲ ဆုချခိုင်းမယ်လို့ ပြောနေလေရဲ့”

“အေး အေး၊ ငါ့မြေးက တော်သား၊ ဆုချရမှာပေါ့ကွယ်”

အဘွားကြီးဆီမှ ရွှင်လန်း အားတက်သော အသံကို ကြားကြရ၏။ ခေတ္တခဏတော့ ရောဂါဝေဒနာကို မေ့ပျောက်နေဟန် တူလေသည်။

“ဟဲ့ ဒီမှာ မုန့်တွေ အများကြီးပဲ၊ စားမကုန်တော့ဘူး၊ ငါ့မြေးတွေကို ပေးလိုက်ပါဦး၊ စားကြ”

အဘွားကြီးက မုန့်ထုပ်များကို လက်ညှိုးညွှန်ကာ အတူပါလာသော ကလေးများကို ကျွေးစေလေသည်။ ဧည့်နှင်ခေါင်းလောင်း ထိုးပြီး အတန်ကြာမှပင် အိမ်သားတွေ ပြန်သွားကြသည်။ ကျွန်မသည် တစ်ဖက် ခုတင်ပေါ်မှာ အိမ်က ပါလာသော ကြက်သားကြော်နှင့် ဆေးရုံ အလုပ်သမားကို ဝယ်ခိုင်းထားသော ထမင်းကို ကြိုးစား၍ စားနေရ၏။ ဆေးရုံမှ ဧည့်သည်တွေ ကုန်ခါနီးမှ အဖော် ကောင်မလေး မရွှေ ပြေးဝင် လာလေသည်။

“အမလေး မမကြီးရယ်၊ မမကြီး အခန်းကလဲ ရှာရ ခက်လိုက်တာ ကျွန်မ မနေ့က အခန်း သွားရှာတာ မတွေ့လို့၊ မမကြီး ဗိုက်ခွဲ ပြီးပြီလားဟင်”

ကျွန်မ ဘာမျှမပြော၊ ခေါင်းသာ အသာ ညိတ်ပြလိုက်၏။ တကယ်တော့ ဗိုက်မခွဲပါ။ မေ့ဆေးပေးပြီး သားအိမ်ကို စစ်ဆေးပါသည်။ အခြား ဘာတွေ လုပ်သည်တော့ မသိပါ။

“မမကြီး မှာတာတွေ အကုန် ယူလာတာပဲ၊ စုံရဲ့လား ကြည့်ပါဦး။ မနက်ကျ ကျွန်မ ထမင်း လာပို့ရမလား”

“နေပေစေ မပို့နဲ့၊ အိမ်ကို ဘယ်သူတွေ လာကြသေးလဲ”

“ခင်ထွေးများ လာသေးလား” ဟု မေးလိုသော်လည်း မမေးတော့ပါ။

“မမကြီးဆီ လာနေကျ ဈေးသည်တွေ လာတာပဲ၊ မမကြီး ဆေးရုံ တက်နေတယ်လို့ ပြောလိုက်တယ်၊ အိမ်ဘေးက အဒေါ်ကြီးကတောင် မနက်ကျ လာမေးဦးမယ်လို့တဲ့”

“အေး ငါလဲ သိပ်မကြာပါဘူး၊ နှစ်ရက် သုံးရက်ပဲ၊ ကဲ ဒါတွေ သိမ်းလိုက်စမ်း၊ စားလို့လဲ မရပါဘူး”

“မမကြီးကလဲ ဘယ်စားကောင်းမလဲ၊ ဟင်းတွေက ခြောက်ကပ်ကပ်နဲ့”

တကယ်တော့ ကျွန်မ ဘဝကြီးကိုက ခြောက်ကပ်ကပ် နိုင်လှသည်ကို ယခုမှပင် ကျွန်မ သတိပြုမိပါသည်။ ကျွန်မတွင် ဆေးဝါး အစုံအလင် ရှိပါသည်။ ငွေ ရှိပါသည်။ သို့သော် ငွေဖြင့်ဝယ်၍ မရနိုင်သော အရာတွေ ရှိပါသေးကလား။

တစ်ဖက် ခုတင်က အဘွားကြီးသည် နှစ်ခြိုက်စွာ အိပ်မောကျ သွားပါပြီ။ ကျွန်မသည်သာ တိတ်ဆိတ်သော ညလယ်မှာ ချောက်ချားစွာ နိုးကြားလျက် ရှိပါသည်။ နေ့လယ်က အိပ်ရေးဝထားသဖြင့် တစ်ကြောင်း၊ အတွေးပေါင်းစုံ ဝင်ရောက် နှောက်ယှက်မှုကြောင့် တစ်ကြောင်း ဘယ်လိုပင် ကြိုးစား၍ အိပ်သော်လည်း အိပ်မပျော်တော့ပါ။

ခင်လေး တစ်ယောက် သားသမီးတွေနှင့် လောက်မှ လောက်ငှ ပါလေစ။ ကလေးတွေညကလည်း ချစ်စရာ။ အတူသာ နေကြမည် ဆိုလျှင် ငါ့ သားသမီးတွေနှင့် မခြား ချစ်ရမှာပဲ။ စောစောက မိသားစုလို ဆူဆူညံညံနှင့် ပျော်စရာကြီး နေမှာ။ ခင်ထွေးလည်း ယောက္ခမနှင့် အဆင်ပြေမှ ပြေပါလေစ။ ကိုယ့်အရပ် ကိုယ့်ဒေသ မဟုတ်သည့် နေရာမှာ ခမျာ တစ်ယောက်တည်း မျက်နှာငယ် ရှာပေမည်။ ဘာပဲဖြစ်ဖြစ် ညီအစ်မတစ်တွေ စည်းစည်းလုံးလုံးသာ ဆိုလျှင် တစ်လောကလုံးကို ရင်ဆိုင်ရဦးတော့ မှုစရာ မဟုတ်။ ယခုတော့ မိမိ တစ်ယောက်တည်း၏ အယူအဆ အောက်မှာ အားလုံး ဖရိုဖရဲ ဖြစ်ခဲ့ရလေသည်။

မိုးသာ စင်စင်လင်း လာ၏။ ကျွန်မ အိပ်မပျော်ပါ။

နောက်နေ့တွင် အထူး သူနာပြု ဆရာမ တစ်ဦး ငှါးရန် ဆုံးဖြတ်လိုက် ရပါသည်။ ဘေးခုတင်မှ အဘွားကြီးသည် အိပ်ရာမှ တော်တော်နှင့် မနိုး။ ဆရာမလေးများ အဖျား လာတိုင်းချိန်တွင် အဘွားကြီး အခြေအနေ စိုးရိမ်ရကြောင်းဖြင့် သူ့အိမ်ကို ဖုန်းဆက်ကြ လေသည်။ အဘိုးကြီးနှင့် သားကြီး သမီးကြီးများ ချက်ချင်း ရောက်လာကြ လေ၏။

အဘွားကြီးသည် ခင်ပွန်း ဖြစ်သူနှင့် သားသမီးများကို နှုတ်ဆက်သော အကြည့်ဖြင့် ကြည့်၏။ သေခြင်းတရားကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရ သော်လည်း တုန်လှုပ်ပုံ မပေါ်ပါ။ လောကတွင် ကျရာ နေရာမှ တာဝန် ထမ်းဆောင် ပြီးဆုံးပြီမို့ အေးဆေးစွာ ပြန်လည် ထွက်ခွါရန် ဆုံးဖြတ်ထားသည့် နှယ်ပင်။ သားသမီးများသည် မိခင်ဖြစ်သူ၏ နောက်ဆုံးအချိန်ကို ကြေကွဲစွာ စောင့်ကြည့်ရင်း တောင်းဆု ပြုနေကြပုံရ၏။ ဘဝခရီးမှ ထွက်ခွါ သွားမည့်သူနှင့် ကျန်ရစ်သူတို့ အကြားတွင် မေတ္တာတရား၏ အရောင်သည် တောက်ပလျက် ရှိလေသည်။

“ဘုရား ဘုရား၊ ငါသာ အခုနေ သေသွားရင်တော့ ငါ့အတွက် ဘာမှ မရှိပါလား၊ ပစ္စည်းဥစ္စာ လျော့ပါး ဆင်းရဲမှာ စိုးရိမ်ပူပန်ရတဲ့ သောက၊ ဖြစ်လာသမျှကို လောက ဓမ္မတာရယ်ပဲ ရယ်လို့ မဖြေဖျောက်နိုင်တဲ့ ဒေါသတွေနဲ့ နောင်ဘဝမှာ ပိန်းပိတ် မှောင်နေတော့မှာပဲ”

မကြာခင်မှာပင် ကျွန်မအတွက် သူနာပြု ဆရာမ ရောက်လာပါသည်။

“မခင်အေး ဆိုတာလား”

“ဟုတ်ပါတယ်”

“အပျိုကြီးနော်”

“ဟုတ်ကဲ့”

“အင်း အပျိုကြီးတွေလဲ သားအိမ်က ဒုက္ခပေးတတ် သေးတာပဲ။ တချို့လဲ အိမ်ထောင်ပြုရင် ပျောက်သွားရော၊ ယောက်ျား ယူလိုက်ပါလား ဟဲ ဟဲ”

“မစွံလို့ပါ ဆရာမရယ်”

ကျွန်မသည် စကားပြောဖော် ရသဖြင့် ပေါ့ပါးရွှင်လန်း သွား၏။

“ရတာမလို လိုတာမရနဲ့ တော်ကြာ ငှက်ပျောတုံး ဖက်နေရဦးမယ်နော၊ မောင်နှမတွေကော ရှိလား”

“ညီမနှစ်ယောက် ရှိပါတယ်၊ သူတို့ကတော့ အိမ်ထောင်တွေနဲ့”

“တူတွေ တူမတွေကိုပဲ ချစ်နေရတယ် ဆိုပါတော့လေ”

ကျွန်မ ခပ်မဆိတ်ပင် နေလိုက်ပါသည်။ ဪ ငါ့ဘဝမှာ ချစ်စရာတွေ ရှိပါလျက် မေ့ထားခဲ့ပါ သည်ကော။ သေလျှင် ကိုယ်နှင့်အတူ ပါမလာနိုင်သော ပစ္စည်းဥစ္စာတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး တစ်စတစ်စ အိုမင်း ရင့်ရော်လာသည့် အဖြစ်ကို သတိမပြုခဲ့မိ ပါပေ။

ခဏ အကြာတွင် တစ်ဖက် ခုတင်မှ ရုတ်ရုတ်သဲသဲ ဖြစ်သွားပါသည်။ ကျွန်မ၏ ဆရာမသည် အနိဋ္ဌာရုံ မြင်ကွင်းကို မမြင်စေလိုသည့် အလား လိုက်ကာ တစ်ခုကို အပြေးအလွှား ယူငင်ပြီး တစ်ဖက် ခုတင်သို့ ကာရံပေး လိုက်ပါသည်။ ကျိတ်၍ ငိုရှိုက်သံများ ပျံ့လွင့်လာသဖြင့် အဘွားကြီး ဘဝကူး သွားပြီဟု နားလည် လိုက်ရပါသည်။ ခဏ အကြာတွင်တော့ သူတို့ မိသားစု တိတ်ဆိတ်စွာ ထွက်ခွါ သွားကြပါသည်။ အလောင်းကိုလည်း သက်ဆိုင်ရာမှ လာ၍ သယ်၏။ ဆရာမက ကျွန်မကို အားပေးသလို ကြည့်ရင်း “အင်း ရောဂါကလဲ ကျွမ်း၊ အသက်ကလဲ ကြီးပြီဆိုတော့” ဟု တိုးတိုး ရေရွတ်ပါသည်။

“ကျွန်မ မကြောက်ပါဘူး ဆရာမရယ်၊ အားလုံးဟာ တစ်နေ့တော့ သေကြရမှာပါပဲ”

“အင်း ဟုတ်တယ် ဟုတ်တယ်၊ မသေခင် လောကကြီးမှာ အဆင်ပြေအောင် နေဖို့သာ ရှိတာ၊ ဒါကြောင့် ကျွန်မတော့ ဖြစ်ရာ ဘဝမှာ ပျော်ပျော်ပဲ နေတယ်၊ ကျွန်မမှာ ကလေးငါးယောက် ရှိတယ်။ အစကတော့ မွေးရမှာ စိတ်ညစ်တယ်၊ အခုတော့ ရိုးသွားပြီ အစ်မကြီးရဲ့၊ ဟဲ ဟဲ ဘယ်တတ်နိုင်မလဲ ဘုရားသခင် ပေးတဲ့ အတိုင်းပေါ့”

ဆရာမသည် ကျွန်မကို ဟောလစ်တစ်ခွက် ဖျော်၍ တိုက်၏။

“ပစ္စည်းတွေ ကလည်း စုံလှချည်လား၊ ညီမတွေက လာပို့ထားတာလား”

“မဟုတ်ပါဘူး၊ ကျွန်မဘာသာ စုဆောင်းထားတာ”

“ဪ အပျိုကြီးဆိုတော့ စေ့စပ် သေချာတာ ပေါ့လေ။ ဒါပေမယ့်လဲ အစ်မကြီးရဲ့ နေမကောင်းတဲ့ အချိန်မှာများ ကိုယ့်သားသမီးက မတတ်တတတ်နဲ့ ပြုစုတာလေး ကိုကပဲ အရသာ၊ ဘာနဲ့မှကို မတူဘူး”

“အင်း ဟုတ်မှာပေါ့လေ”

တကယ်ပင် ကျွန်မပါးစပ်ထဲမှာ ဘာကိုမှ အရသာ မတွေ့လှပါချေ။ တစ်ဖက် ခုတင်မှ အဘွားကြီး ကတော့ သေခါနီးအထိ တပြုံးပြုံးဖြင့် သူ့ဘဝကိုသူ ကျေနပ်စွာ ရင်ဆိုင်သွား၏။ ကျွန်မမှာတော့ ပြည့်စုံသည်ဟု ထင်နေသော ဘဝ၏ မပြည့်စုံခြင်းကို ခံစား နေရလေသည်။

“ဟောဒီမှာလဲ ကြက်သားကြော်တွေ၊ အမဲသားကြော်တွေ ပါလား၊ အများကြီးပဲ”

“ဆေးရုံက ဆင်းတဲ့အထိ စားဖို့လေ”

ဆရာမသည် မသိမသာ နှာခေါင်းရှုံ့ သွား၏။

“အို ကြာသွားတော့ ဘယ်စားကောင်းတော့မလဲ၊ တစ်မျိုးတည်း စားနေရတော့လဲ ငြီးငွေ့မှာပေါ့”

ကျွန်မ ဘာမှ မပြောပါ။ ပြောချင်စိတ်လဲ မရှိတော့ပါ။ အိပ်ရာပေါ် လှဲရင်း အိပ်ပျော်ရန် ကြိုးစား နေလိုက်ပါသည်။ ညနေကျမှ အပြင်ကို လူလွှတ်ပြီး ထမင်းဝယ်ခိုင်းလျှင် ဆရာမက ဘာပြောဦးမည်လဲ။ အို မတတ်နိုင်ဘူးလေ။ ကိုယ်ဖန်တီးတဲ့ ဘဝပဲ။

* * *

လူသံများ ဆူဆူညံညံ ကြားရ၍ ဘေးခုတင်သို့ လူနာအသစ် ရောက်နေ သည်လားဟု မျက်လုံးဝေ့၍ ကြည့်လိုက်သည်။ ကျွန်မ လုံးဝ မမျှော်လင့် သူများကို မြင်လိုက်ရ လေသည်။ ခင်ထွေးနှင့် ခင်လေး။ ပြီးတော့ ခင်လေး၏ သမီး။ ဆယ်ကျော်သက်ရွယ် မိန်းမငယ်သည် ခင်လေးထက် ကျွန်မနှင့်ပဲ ပိုတူသလိုလို ရုတ်တရက်တော့ ကျွန်မ ကြောင်၍သာ ကြည့်နေမိပါသည်။

“မမကြီးရယ်၊ ဆေးရုံ တက်ရတယ်ဆို အမှာခိုင်းရောပေါ့၊ ဈေးထဲက လူတွေပြောမှ သိရတယ်”

ခင်ထွေးက ငိုသံပါနှင့် ပြော၏။ ခင်လေးက ရှေ့တိုးလာရင်း ခေါင်းကိုငုံ့ကာ ကျွန်မ လက်များကို ဆုပ်နယ် ပေးလေသည်။ ကျွန်မ၏ တစ်သက်တာတွင် တစ်ခါမျှ မခံစားရဖူးသော ကြည်နူးမှုတို့ကို တစ်ပြိုင်နက်တည်း ခံစားရပါသည်။

“မမကြီးက တစ်ယောက်တည်း နေချင်လို့သာပါ၊ ကျွန်မတို့ မမကြီး ကျေးဇူးကို မမေ့ပါဘူး၊ ကျွန်မတို့ ပြုစုနိုင်ပါတယ် မမကြီးရယ်၊ မမကြီးက ထမင်းတောင် ဝယ်စားနေတယ် ဆိုတော့”

ခင်လေးက ဝမ်းနည်းစကား ဆိုပါသည်။ သူနာပြုဆရာမ အနားတွင် မရှိ၍ တော်ပါတော့သည်။ ခင်လေးသည် ထမင်းချိုင့် တစ်ခုကို လက်မှ ဆွဲထားသော သူ့သမီးကို ရှေ့သို့ လှမ်းဆွဲ လိုက်ပါသည်။

“ကြီးကြီးမေကို ထည့်ကျွေးလိုက် သမီး”

ဆရာမ အခန်းထဲကို ဝင်လာလေသည်။

“ဟော အပျိုကြီး အိမ်ကလူတွေ ရောက်လာပြီလား၊ ဘာဟင်းတွေ ပါလဲ၊ အားရှိအောင် စားခိုင်းဦး၊ ဒီက အမဲသားကြော်တွေ မာနေပြီ ပြန်ယူသွားကြ”

ခင်လေး၏ သမီးလေးသည် ကျွန်မကို တရိုတသေ ထမင်းထည့် ပေး၏။ ခင်ထွေးက ကျွန်မကို အသာလေး ထူပေးပါသည်။ ခင်လေး၏ လက်ရာ ဖြစ်ဟန်တူသော ကြက်သား ဟင်းချိုသည် မြိန်လေစွ။

“သမီးက အခု ဘယ်နှစ်တန်းရောက်ပြီလဲ”

“ခုနစ်တန်းပါ ကြီးကြီးမေ”

ကျွန်မ၏ နူးညံ့ ချိုသာသော အခေါ်အဝေါ်ကြောင့် ခင်ထွေးရော ခင်လေးပါ မျက်နှာများ ဝင်းပ သွားကြလေသည်။

“မမကြီး ဆေးရုံက ဆင်းရင် အဖော်ရအောင် မမတူတွေ တူမတွေ ခေါ်ထားပေါ့၊ သူတို့ ကျောင်းပိတ်လို့ အားနေကြတာ”

ခင်လေးက ဝမ်းသာအားရ ပြော၏။ ကျွန်မသည် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်၏။ ထမင်းတစ်ချိုင့် ကုန်သွားပါသည်။ စိတ်ရောလူပါ လန်းဆန်းသွား၏။

“ဆေးရုံမှာ တစ်ရက် နှစ်ရက်ပဲ နေရတော့မှာ ထမင်းတွေ ဘာတွေ လာမပို့နဲ့တော့၊ ညည်းတို့ အလုပ်တစ်ဖက်နဲ့ ဒုက္ခများတယ်”

“မများပါဘူး မမကြီးရယ်၊ ကျွန်မတို့မှာ မမကြီး တစ်ယောက်ပဲ ရှိတာ၊ မမကြီးကို ကျွန်မတို့ မပြုစုလို့ ဘယ်သူ ပြုစုမလဲ”

ညီမတွေ၏ မေတ္တာ စေတနာကို ကျွန်မ နားလည် လာပါသည်။ သူတို့သည် သူတို့ ဘဝခရီးအတွက် လုပ်ရိုးလုပ်စဉ် အတိုင်း ဖန်တီး သွားကြခြင်းသာ ဖြစ်၏။ ဆင်းရဲခြင်း၊ ချမ်းသာခြင်းဖြင့် လူ့ဘဝကို တစ်သမတ်တည်း ဖြစ်အောင် တားဆီး ထိန်းချုပ်၍ မရ။ လူ့လောက၏ အကြောင်းခြင်းရာများသည် သူ့နေရာနှင့်သူ အံဝင်ခွင်ကျစွာ ပါဝင်လှုပ်ရှား နေကြပေ၏။ မေတ္တာ၏ နွေးထွေးမှုကို ခံစားရသောအခါ ကျွန်မသည် အထီးကျန် ဘဝမှ တစ်စတစ်စ လွတ်မြောက်လာ၏။

“မမကြီး ဘာလိုသေးလဲ လိုတာမှာလေ”

ကျွန်မက ကျေနပ်စွာ ခေါင်းကို ခါယမ်းပြ လိုက်၏။ ခင်ထွေးသည် ပိတ်စ အတိုအစများကို စပ်ချုပ်ထားသော စပ်စောင် တစ်ထည်ကို ထုတ်၍ပေး၏။

“ဒီစောင်က ဂွမ်းစောင် ထက်တောင် နွေးတယ် မမကြီးရဲ့”

ကျွန်မသည် ခင်ထွေးကို ကြည့်ကာ တစ်စုံတစ်ရာ ပြောရန် အားယူရ၏။

“ခင်ထွေး၊ ညည်း လက်ကောက်တွေ ငါ ခဏ သိမ်းထားတာ လာပြန်ယူချေ”

“ကျွန်မ သိပါတယ် မမကြီးရယ်၊ ရုတ်တရက်တော့ ကျွန်မ အံ့ဩလို့၊ နောက်တော့ တွေးမိပါတယ်၊ မမကြီးဆီမှာ ရှိနေတာ ကျွန်မဆီမှာ ရှိနေတာနဲ့ အတူတူပဲလို့၊ ဒါကြောင့် ကျွန်မ လာမယူတာပါ၊ မမကြီးမှာ ကျွန်မတို့က လွဲလို့ ဘယ်သူ ရှိလို့တုန်း”

ခင်ထွေးသည် လောကကြီးကို ကျွန်မထက်ပို၍ သဘောပေါက် ပေသည်။ သူတို့ ပြန်ရန် ပြင်သောအခါ ခင်လေး၏ သမီးငယ်သည် ကျွန်မနားကို ကပ်ပြီး ခပ်ချွဲချွဲလေး နှုတ်ဆက်၏။

“ကြီးမေ သမီးတို့ ပြန်မယ်နော်”

“အေး အေး၊ ကျောင်းပိတ်ရင် သမီးတို့ လာနေနော်။ အိုကွယ် ကြီးမေနဲ့ တစ်သက်လုံး လာနေကြ သိလား”

ကျွန်မသည် အားတက်သရော ပြောမိပြီး ကျွန်မဘာသာ ရှက်သွေးဖြာကာ ဝမ်းနည်းဝမ်းသာ ဖြစ်နေမိပါသည်။ သူတို့အားလုံး ပြန်လည် ထွက်ခွါသွားကြ၏။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်ဆဲပင်။ သို့သော် ကျွန်မ အထီးကျန် ဘဝက လွတ်မြောက်ပါပြီ။

သည်ည ကျွန်မ ကောင်းကောင်း အိပ်ပျော်ပါလိမ့်မည်။

မိုးမိုး (အင်းလျား)
မြစ်ငယ်၊ ဖေဖော်ဝါရီ၊ ၁၉၇၉