ပေတူးသည် ပြောပြောဆိုဆို ဦးပေါစံနောက်လိုက်သွားလေ၏ ကျောင်းရှေ့လမ်းကိုလွန်ချိန်တွင် သူ့အား တစုံတယောက်မှ ကြည့်နေသည်ဟု ခံစားရသောကြောင့် နောက်သို့ ပြန်လှည့် ကြည့်လိုက်ရာ ဘုန်းကြီး ဦးတိလောကအား တွေ့လိုက်ရ ၏။ထို့နောက် ပေတူးသည် မကျွတ်မလွတ်သေးသော ဘုန်းကြီးအား ခေတ္တသာကြည့်လိုက်ပြီး သူသွားရမည့်လမ်းကိုသာ ဆက်သွားလိုက်ပါတော့သည် ။
◾အခန်း (၂)
ပေတူးတယောက် ဦးပေါစံအနောက်သို့ ခပ်မြန်မြန်လိုက်လာရာ မကြာသောအချိန်တွင် မှီလေသည်။ပေတူး ရောက်လာသည်ကို သိသောအခါ ဦးပေါစံသည်
“ကောင်လေး မြန်တော့မြန်သားပဲ “
“ဟုတ်တယ် ခပ်မြန်မြန်လျှောက်လာတာ တော်ကြာ ဦးလေးက ကျုပ်ကို အိမ်မှာမထားချင်လို့ ပုန်းနေရင် ဘယ်လိုလုပ်မလဲ “
“ကောင်လေးရ မင်းကတော့ ပြောရော့မယ် ငါသာ မင်းကို မခေါ်ချင်ရင် အစကတည်းက မခေါ်ပါဘူးကွာ “
“ကျုပ်က စတာပါဗျာ “
“လာ လာ ငါ့အိမ်က ရွာအဝင်ထိပ်နားလေးတင်ပဲကွ”
ဦးပေါစံသည် ရှေ့မှ ဦးဆောင်၍ ရွာထဲသို့ဝင်သွားလိုက်သည်။ရွာအဝင်လမ်းထိပ်နားတွင် အတော်အသင့်ကျယ်သော အိမ်ဝိုင်းတခုထဲသို့ ဝင်လိုက်သည်။ထိုခြံဝိုင်းမှာ သူ၏ ခြံဝိုင်းဖြစ်ပြီး တိုက်ခံအိမ်လေးတလုံးလည်း ရှိသည်။ပေတူးသည် နောက်မှ နေ၍ ဦးပေါစံ၏အိမ်ကို အသေအချာကြည့်နေသည်။ရွာထဲ၌ ပင်ဖြစ်လင့်ကစား တိုက်ခံအိမ်ဆောက်နိုင်သည့် ဦးပေါစံသည် တော်ရုံတန်ရုံ ပိုင်ဆိုင်မှုမျိုးရှိသည် မဖြစ်နိုင်ပေ။ထို့နောက် ဦးပေါစံသည်
“ကောင်လေး မင်းကြိုက်တဲ့နေရာမှာနေကွာ ကိုယ့်အိမ်ကိုယ့်ယာလို့သာ သဘောထား ကြားလား”
“ကိုယ့်အိမ်ကိုယ့်ယာလိုတော့ သဘောမထားပါရစေနဲ့ဗျာ “
“ဘာလို့တုန်းကွ”
“လူဆိုတာ ဆိုင်လာရင် ပိုင်ချင်လာတယ်လေ အဲ့တော့ အရာတိုင်းကို ကိုယ်နဲ့ မဆိုင်အောင်နေရင် လောဘနည်းမယ် ထင်လို့ပါ ဦးလေး”
ပေတူး၏စကားကိုနားထောင်ပြီး ဦးပေါစံသည် တပြုံးပြုံးနဲ့သဘောကျနေသည် ။
“ဟုတ်တယ် ကောင်လေး မင်းပြောတာအမှန်ပဲ ငါက ငါ့ဘဝနဲ့ ယှဉ်ပြီးခံလိုက်ရလို့ မင်းစကားကိုမှန်တယ်လို့ပြောတာ”
“ဆိုစမ်းပါဦး ဦးလေးရ ကျုပ်လည်း မှတ်သားရအောင်”
“ကောင်လေးရေ မင်းပြောသလိုပဲ ဆိုင်နေတဲ့ အရာတွေကို ပိုင်ချင်လာတယ် မပိုင်ရတော့ ငါလည်း အခုလို လူပျိုကြီးဖြစ်နေတာပေါ့ကွာ “
“ကျုပ်နားမလည်ဘူး ဦးလေး”
“အင်း မင်းနားမလည်တော့လည်း ရှင်းပြရမှာပေါ့”
“ဟုတ်ကဲ့ ဦးလေး ပြောပြပါဦးဗျ “
“ဒီလိုကွာ ငါငယ်ငယ်က ရည်းစားတယောက် ထားခဲ့ဖူးတယ် ငါကသူ့ကို ဆိုင်နေပြီလေ ဒါပေမဲ့ မပိုင်သေးဘူးမဟုတ်လား”
“ဟုတ်တယ်လေ ဆိုင်ပဲဆိုင်တာ ဘယ်ပိုင်သေးမလဲ “
“မဆိုင်တော့ ပိုင်ချင်တာပေါ့ကွာ “
“အဲ့ဒီတော့”
“ဟိတ်ကောင်ရ သူ့သာပိုင်ခဲ့ရင် ဘယ်လိုလုပ် လူပျိုကြီးဖြစ်လာမလဲ”
“ဟုတ်သား ဦးလေးရေ”
ဦးပေါစံသည် ပေတူးအား ရထားပေါ်တွင် တွေ့ကတည်းကပင် သဘောကျနေခြင်းဖြစ်သည်။လူငယ်ဆိုလျှင် သူ့လိုသာ ဖြစ်ရမည်ဟုလည်း တွေးလိုက်မိသည်။သူတွေးနေတာ မည်မျှကြာသွားသည်မသိ ပေတူး ခေါ်သံကြားမှ သတိ၀င်လာသည်။
“ဦးလေး ဦးလေး “
ပေတူးသည် တခါနှစ်ခါခေါ် မရသောအခါ ဦးပေါစံ၏ လက်မောင်းကို ကိုင်လှုပ်ရင်း
“ဘယ်လိုလဲ ဦးလေးရ ငယ်ရည်းစားကို အမှတ်ရသွားတာလား”
“မဟုတ်ရပါဘူးကွာ ကဲ မင်းလည်း ပင်ပန်းနေပြီ နားလိုက်ဦး စားဖို့သောက်ဖို့ ငါ လုပ်လိုက်ဦးမယ် “
“မဟုတ်တာဗျာ ရထားအတူစီးခဲ့ရတာကို ကျုပ်ဘာလုပ်ရမလဲသာပြော အကုန်လုပ်တတ်တယ် ထမင်းချက်ဟင်းချက် အကုန်ဖြစ်တယ် “
“ငါ့ကောင်ရ မင်းက စုံလှပါလား “
“စုံတာပေါ့ဗျာ ဘဝကပေးတဲ့ သင်ခန်းစာတွေလေ “
“ဟုတ်ပါပြီကွာ အဲ့တာဆိုလည်း ဝိုင်းကူပြီး ချက်ပြုတ်ပေါ့ ပြီးရင် မင်းကိစ္စလည်း ငါကူညီမယ် “
“ကျေးဇူးတင်လိုက်တာဗျာ ကျုပ်က ဦးလေးကို အကူအညီတောင်းမလို့ပဲ အခုတော့ ဟန်ကျတာပေါ့”
“ကောင်လေး မင်း ငါ့အိမ်မှာ ကြိုက်သလောက်နေကွာ ကြားလား မင်းကိစ္စတွေပြီးရင်လည်း မပြန်သေးနဲ့ဦး ငါ့အိမ်မှာ နေအုံးပေါ့ကွာ “
“ဦးလေး အမွေတွေဘာတွေပေးဖို့ စဉ်းစားနေရင်တော့ လက်လျှော့လိုက်တော့ဗျာ ကျုပ်က ဘိုးတော်လုပ်ဖို့ပဲ ဆုံးဖြတ်ထားတယ် “
“ဟားးး ဟားးး မင်းကတော့ တကယ့်ကောင်ပဲ မင်းလိုချင်ရင် တော့ ပေးရမှာပေါ့ကွာ”
“ဪ ဦးလေးရယ် မလိုချင်ပါဘူးဆိုမှ ပေးနေပြန်ပြီ လူတွေက ခက်သား မလိုချင်ရင်ပေးတယ် လိုချင်ရင်မပေးဘူး ကျုပ်တို့ရွာက အရက်သမားကိုမိုက်လိုပေါ့ဗျာ”
“ဆိုစမ်းပါဦး ကောင်လေးရ ကိုမိုက်က ဘာဖြစ်လို့လဲ “
“ကိုမိုက် အစတုန်းက အရက်မသောက်တတ်တဲ့ လူလိမ္မာလေးပေါ့ဗျာ ကျုပ်တို့ငယ်ငယ်လေးနဲ့ ထန်းရေသောက်နေလို့တောင် ကိုမိုက်က ငေါက်တာဗျ နောက်တော့ အပေါင်းအသင်းတွေက သူ့ကိုအရက်တိုက်တာဗျို့ အစတုန်းက ငြင်းလို့ နှာခေါင်းပိတ်ပြီးတောင် တိုက်ရတယ်ဆိုပဲ မသောက်တတ်သေးတဲ့ အချိန်ကတော့ အရက်အမြည်းကြိုက်တာပြော သူဝယ်ပေးမယ် ငါဝယ်ပေးမယ်နဲ့ ပေါ့ဗျာ။နောက်ပိုင်း တဖြည်းဖြည်း သောက်တတ်လာတော့ ကိုမိုက်ကို အားလုံးက ဝိုင်းရှောင်ကြတာဗျာ ပြောပါသေးတယ် ဒီကောင်အရက်သမား ဘယ်နေရာမှ အသုံးမ၀င်ဘူးတဲ့ ဦးလေးရေ “
“လောကကြီးက ဒီလိုပါပဲ ကောင်လေးရာ “
“တခါတလေတော့ လောကကြီးကို အပြစ်တင်လို့မရဘူး ဦးလေး လောကကြီးထဲမှာရှိတဲ့ လူတွေကြောင့် လောကကြီးက ပျက်စီးနေတာလဲ ရှိတယ် “
“ကောင်လေး မင်းစကားက ကောင်းလှချေလားကွ “
“စကားကောင်းတာ မဟုတ်ပါဘူး ဦးလေးရာ အမှန်တရားကိုပြောတာပါ ရွာသားတွေရဲ့အကျိုးကို ဘယ်သူဖျက်လို့ရလဲ ဦးလေး”
ဦးပေါစံ ပေတူးမေးသည်ကို စဉ်းစားလိုက်ပြီးနောက်
“ရွာသားတွေရဲ့အကျိုးစီးပွါးကို ရွာသားတွေကပဲ ဖျက်မှာပေါ့”
“ရွာသားတွေရဲ့အကျိုးကို ရွာလူကြီးကပဲ ဖျက်နိုင်လိမ့်မယ် ရွာလူကြီးက ရွာသားတွေရဲ့အကျိုး သယ်ပိုးနိုင်သလို ရွာသားတွေရဲ့အကျိုးကိုလည်း ဖျက်စီးနိုင်တယ်လို့ထင်တယ် ဦးလေး”
“မင်းက လူသာငယ်တာ အတွေ့အကြုံက တော်တော်များခဲ့ပုံပဲ ကဲ ကဲ ထမင်းစားဖို့ ချက်ပြုတ်လိုက်ကြရအောင် ကောင်လေးရေ”
ဦးပေါစံသည် ပေတူးနှင့်အတူ ချက်ရေးပြုတ်ရေး စီစဉ်လေသည်။ထမင်းချက်နေစဉ် အိမ်ရှေ့မှ လူတယောက်၏ အော်ခေါ်သံကြောင့် ဦးပေါစံ အိမ်ရှေ့သို့ ထွက်လိုက်လေသည်။အိမ်ရှေ့ရောက်သောအခါ ဝက်သားတွဲများကို ကိုင်ထားသော လူတယောက်သည်
“ဦးလေး ပြန်ရောက်နေပြီလားဗျ ကျုပ်က နေ့တိုင်းဈေးလာရောင်းနေတာ “
“သာထူးရေ မင်းမလာလည်း မင်းဆီလာတော့မလို့ပဲကွ မင်းလာလိုက်တော့ အတော်ကို ဟန်ကျသွားတာပေါ့ တတွဲပေးကွာ ဒါနဲ့ ခဏနေဦး “
ဦးပေါစံသည် ပြေပြေဆိုဆို အိမ်မီးဖိုချောင်တွင် ရှိနေသော ပေတူးအား လှမ်းအော် ခေါ်လိုက်လေသည် ။
“ပေတူးရေ လာဦးကွ”
သွက်လက်သောပေတူးသည် သူစကားဆုံးသည်နှင့် ချက်ခြင်းရောက်လာပြီး
“ဦးလေး ကျုပ်ရောက်ပြီ”
“မင်းဝက်သားစားတယ် မဟုတ်လား”
“စားပါ့ဗျာ ကျုပ်အကြိုက်ဆုံးအသားပြောပါဆို ဝက်သားလို့ပဲ ပြောရမယ် “
“အေး အေး အဲ့တာဆို ငါနှစ်တွဲ ယူထားလိုက်မယ် မှတ်ထားဦး ဒီကောင့်နာမည်က သာထူးတဲ့ ရွာထဲမှာ ဟင်းစားဆို ဒီကောင့်ပဲ အားကိုးနေရတာ “
“ဟုတ်ကဲ့ ဦးလေး”
“သာထူး ဒါငါ့ဧည့်သည် ပေတူးတဲ့ ကဲပေတူး မင်း ဦးသောင်းထွန်းတို့အိမ်ကို ဝက်သားသွားပို့မှာ မဟုတ်လား “
“ဟုတ်တယ် ဦးလေး”
“ဒီကောင်ကို ခေါ်သွားစမ်းကွာ သာထူး”
“ရပါတယ် သူက ဦးသောင်းထွန်းတို့နဲ့ သိလို့လား”
“မသိပါဘူးကွာ “
ပေတူးသည် ဦးပေါစံ နှင့် သာထူးပြောနေသည်များကို နားမလည်၍ ငြိမ်နားထောင်နေသည်။ထို့နောက် ဦးပေါစံသည်
“ကောင်လေး ဦးသောင်းထွန်းဆိုတာ မင်းပြောတဲ့ ပျဉ်းမပင်ကျောင်း ကျောင်းထိုင်အသစ်နဲ့ အခြေအတင်ဖြစ်နေတဲ့ ပုဂ္ဂိုလ်ပဲကွ”
“ဟုတ်လား ဦးလေး အဲ့တာဆိုရင်တော့ ကျုပ် လိုက်သွားမယ်ဗျာ “
“ကဲ ကိုပေတူး အဲ့တာဆို ကျုပ်တို့သွားကြရအောင် “
သာထူးသည် ပေတူးကို ခေါ်ကာ ဦးပေါစံ၏အိမ်ဝိုင်းထဲမှ ထွက်လိုက်လေသည်။ပေတူးသည် သာထူး ဆွဲထားသည့်ဝက်သားတွဲများထဲမှ ဝက်သားနှစ်တွဲကို ကူဆွဲလိုက်ပြီး စကားတပြောပြောနှင့်ပင် ဦးသောင်းထွန်းတို့အိမ်သို့ လိုက်သွားပါတော့သည် ။
◾အခန်း (၃)
“ဗျို့ ဦးကြီးသောင်းထွန်း “
“ဘယ်သူလဲ အိမ်ရှေ့က “
“ကျုပ် သာထူးပါဗျ ဝက်သားလာပို့တာ “
“အေး အေး သာထူး အိမ်အောက်ကတန်းလျားမှာ ထိုင်ပြီး ခဏစောင့် ငွေတခါတည်း ပေးလိုက်မယ် “
“ဟုတ်ကဲ့ အေးအေးဆေးဆေးလုပ်ပါ “
သာထူး နှင့်အတူ ပေတူးလည်း ထိုင်စောင့်နေလိုက်သည် ။ သစ်လုံးတိုင်ကြီးများဖြင့်တည်ဆောက်ထားပြီး ကာထားသည့် ပျဉ်များအား ရေနံချေးဝအောင်သုတ်လိမ်းထားကာ ကျွန်းသစ်ကို ပေါပေါသီသီသုံးထားသော အိမ်ကြီး၏အောက်ရှိ စားပွဲတန်းလျားပေါ်တွင် ထိုင်ကာ စောင့်နေလိုက်သည်။ထိုစဉ် အိမ်ဝိုင်းထဲသို့ အသက်ကြီးကြီး အမျိုးသမီးကြီး နှင့် သူတို့ထက် သုံးနှစ်လောက်ကြီးသည့် အမျိုးသမီးငယ်တယောက်တို့ အိမ်ဝိုင်းထဲသို့ ဝင်လာသည်။ထိုအမျိုးသမီးနှစ်ယောက်တို့သည် သာထူးကိုမြင်သည် နှင့် ပြုံးရယ်ကာ စကားဆိုလေသည်။
“သာထူး အရီးတို့မရှိတော့ နင့်ဦးကြီးက အောက်မှာ ထိုင်စောင့်ခိုင်းထားတာမဟုတ်လား စိတ်ချ သူ မလာသေးဘူး ငွေသေတ္တာ သော့ကို အရီးကိုပေးထားတာ မေ့ပြီး ပျောက်လို့ ရှာနေတာပဲ နေမယ် “
“ဟုတ်မယ် ဦးကြီးက တော်တော် မေ့တတ်တယ်နော် “
“မေ့တတ်တယ်ဆိုတာထက် သူရဲ့အတ္တတွေကြောင့်ပေါ့ကွယ် ဒါနဲ့ ဒီဘက်က တူမောင်ကို တခါမှ မမြင်ဘူးပါဘူး “
“ဟုတ်တယ် အရီး သူက ဦးပေါစံရဲ့အိမ်ကိုလာတဲ့ ဧည့်သည်လေ”
“ဪ ဟုတ်လား “
အမျိုးသမီးကြီးသည် ပေတူးအားကြည့်ပြီး နှုတ်ဆက်လာသည်။ထို့ကြောင့် ပေတူးလည်း အလိုက်သင့် ပြန်နှုတ်ဆက်လိုက်သည် ။
“ငါ့တူရေ နောင်များကြုံရင် သာထူးမပါလည်း အရီးတို့အိမ်လာလည်ကွယ့် ကြားလား”
“ဟုတ်ကဲ့ ခင်ဗျ”
အမျိုးသမီးကြီးသည် သာထူး၏ ဝက်သားတွဲများထဲမှ စိတ် ကြိုက်ကို ရွေးယူကာ သူမ၏နောက်တွင်ရှိသော အမျိုးသမီးငယ်အား ပေးလိုက်ပြီး
“ကဲ နှင်းနှင်းရေ နင့်အဘ အကြိုက်လေး ချက်ပေးလိုက်ပါဦး”
“ဟုတ်ကဲ့ အမ ကျမ သွားချက်လိုက်ဦးမယ် “
“အေး အေး “
အမျိုးသမီးကြီးသည် သမီးဖြစ်သူအား ဝက်သားတွဲ ပေး လိုက်ပြီး အိမ်ကြီးပေါ်သို့ တက်သွားလိုက်သည်။အိမ်ပေါ်တက် နေရင်းမှ သာထူးကို လှည့်ကြည့်ရင်း စကားဆိုလိုက်သေးသည်။
“သာထူးရေ မင်းဦးကြီးကတော့ သော့ကို မတွေ့မချင်းပဲ ရှာနေတော့မှာ “
သာထူးပြုံးလိုက်မိသည်။ဦးသောင်းထွန်း၏ အကြောင်းကို သူကောင်းစွာသိနေခြင်းကြောင့် ဖြစ်သည်။ထို့နောက် မကြာသောအချိန်တွင် ဦးသောင်းထွန်း နှင့်အတူ ဒေါ်မေမြ ပြန်ဆင်းလာလေသည်။အိမ်ပေါ်မှဆင်းလာသည့် အချိန်ခဏ၌ပင် စကားများနေကြသေး၏ ။
“ဟဲ့မေမြ နင် ငါ့သော့ထားနေကျ နေရာမှာပဲထား နောက်တခါ ဟိုယူသွား ဒီယူသွားတွေ မလုပ်နဲ့ “
“တော်ကတော့လေ မေ့ရင်လည်း မေ့တယ်လို့ ဝန်ခံလိုက်ပေါ့ ရှင်ပဲ ကျမကို သိမ်းထားဆိုပြီး သော့ပေးတာလေ “
“ငါနင့်ကို ဘယ်တုန်းကများ သော့သိမ်းခိုင်းဘူးလို့လဲ “
“တော်ပဲ ညက သိမ်းထားလိုက်ဦးလို့ ပြောပြီးတော့ ဟိုမှာ သာထူးစောင့်နေတယ် ရှင်ရဲ့တယူသန်တဲ့စိတ်ကြောင့်လည်း ခက်တယ် အရပ်ထဲမှာလည်း ရှင့်ကြောင့် အတော်ကို အပြောခံနေရတယ်”
“နင်က ဘာပြောချင်တာလဲ မေမြ”
“တော် လှုထားတဲ့ကျောင်းလည်း ဖျက်ပြီးရောင်းပစ်တယ် အခု မြေပါထပ်ပြီးရောင်းချင်နေတာ ရှင် မလွန်ဘူးလား သံဃာ တော်အတွက်လှုတာပဲ ရှင်ရယ် ဘယ်ဘုန်းကြီးပဲဖြစ်ဖြစ် အတူ တူပါပဲ “
“ငါတခြား ဘုန်းကြီးဆို ဘာမှမဖြစ်ဘူး အခုကျောင်းထိုင် လုပ်တဲ့ဘုန်းကြီးက သူ့ကိုယ့်သူ အထင်ကြီးနေတာ ငါ တရားမေးတာတောင် သူက ငါမေးတာကိုဖြေဖို့ ပရိယတ်သင်ထားတာ မဟုတ်ဘူးတဲ့လေ ဒီဘုန်းကြီး ငါ့ကို စော်ကားတာ နေပါဦး ငါ ကျောင်းကို ဖျက်ရောင်းတာဟုတ်တယ် ငါ သုံးပစ်လို့လား တခြားကျောင်းကို လှုလိုက်တာပဲ မဟုတ်လား မယ်မြရ”
“တော့်ရဲ့အတ္တကြောင့်လည်း ခက်တယ်ရှင် ကျောင်းမြေနေရာတော့ ပြန်မယူပါနဲ့တော့ ကျောင်းဆောင်တွေလည်း ဆောက်ထားပြီးသားလေ အဲ့တာကြောင့် ဆရာတော်က မပေးချင်တာဖြစ်မယ် သူ့မှာသာအဲ့ဒီကျောင်းတွေမရှိရင် ရှင့်ကို ပြန်ပေးလိုက် တာ ကြာပေါ့ “
“တော်စမ်း ဒီမြေကို ရအောင်ပြန်ယူပြီး တခြားဘုန်းကြီးတပါးကို လှုလိုက်မယ် “
ပေတူးသည် စကားများနေသော ဒေါ်မေမြနှင့် ဦးသောင်းထွန်း တို့၏ ပြောစကားများကြောင့် ဖြစ်ပျက်နေသော ပြဿနာကို သိလိုက်ရသည်။ထို့နောက် ဒေါ်မေမြသည် သာထူးအား ဝက်သားဖိုးပေးပြီးပြီမို့ သူတို့နှစ်ယောက်လည်း ဦးသောင်းထွန်း၏ အိမ်ဝန်းထဲမှ ပြန်ထွက်လာလိုက်သည်။သာထူးသည် ကျန်သော ဝက်သားတွဲများကို လိုက်ပို့ပြီးနောက်တွင် ပေတူးအား ဦးပေါစံ၏အိမ်သို့ ပြန်ပို့လေသည်။အပြန်လမ်းတွင် ပေတူးသည် ဦးသောင်းထွန်းအကြောင်းအား သာထူးကို မေးလိုက်၏။
“ကိုသာထူး ကျုပ်တခုလောက်သိချင်တယ်ဗျာ”
“မေးလေ “
“ဦးသောင်းထွန်းနဲ့ ဘုန်းကြီးကျောင်းနဲ့ ပြဿနာ တက်နေတာလား “
“ဟုတ်တယ် ဦးသောင်းထွန်းက တယူသန်ကြီးကွ အရင်ကျောင်းထိုင်ဘုန်းကြီးနဲ့တုန်းကတော့ အတော်လေးကို ပနံသင့်တယ်လေ အဲ့တော့ ဦးသောင်းထွန်းကြီးက ကျောင်းနဲ့ကပ်လျက် သူ့အကွက်တွေကို ဘုန်းကြီးကို လှုထားတာကွ ကျောင်းကြီးဆို ကျွန်းတိုင်တွေချည်း ဆောက်ပြီး လှုထားတာကွ “
“အင်း “
“နောက်တော့ ဘုန်းကြီး ပြန်လွန်တော်မူသွားတော့ သစ်ဆိမ့်က ဘုန်းကြီးတပါး ကျောင်းလာထိုင်တယ်လေ အခု ဘုန်းကြီးပေါ့ သူက အနေတည်တယ် စာလည်းတတ်တယ်ကွာ ဘွဲ့တွေဆို အများသား ဦးသောင်းထွန်းကြီးကလည်း ပိဋကတ်အိုးကွဲကြီးလေ ဘုန်းကြီးအသစ်ရောက်ရင် ပညာလေး စမ်းလိုက်ရမှ ဘယ် လောက်အထိစမ်းသလဲဆိုရင် ငါကြားဘူးတာတော့ အဘိဓမ္မာ ဆိုလားဘာလား အဲ့ဒီအထဲက ဘယ်စာမျက်နှာဘယ်နှကြောင်း မြောက်မှာ ဘယ်လိုရေးထားလဲအထိ မေးတာတဲ့ကွ “
“ဒီဘိုးတော်က မလွယ်ဘူးပဲ “
“မလွယ်တာတော့ တော်တော်မလွယ်တာ အခု အသစ်ရောက်တဲ့ဘုန်းကြီးက သူစာတွေ သင်ထားတာ ဒကာကြီးမေးတာ ဖြေ ဖို့ မဟုတ်ဘူးလို့မိန့်တော့ ဘိုးတော် ပေါက်ကွဲတာပေါ့ကွာ။သူနဲ့ တရားဆွေးနွေးတဲ့ ဘိုးတော်တွေလည်းရှိတော့ သူ့ခမျာ ရှက်သွားမှာပေါ့ “
“သူက ရှက်တတ်တယ် ဟုတ်လား တကယ်လို့ သူမေးတဲ့ဘုန်းကြီးတွေ မဖြေနိုင်ခဲ့ရင် သူ့လို ရှက်နိုင်လားဆိုတာ မတွေး ဘူးလား ကိုသာထူး”
“အဲ့တာကြောင့် မင်းကို ပြောတာကိုး အတော်အတ္တကြီးတဲ့ ဘိုးတော်ပါဆို နောက်တော့ကွာ အဆင်မပြေတွေဖြစ်ပြီး သူလှုတဲ့ ကျောင်းကို ပြန်တောင်းတယ်တဲ့ကွာ “
“တကယ်ကို ကလေးကလားဆန်တာပဲ “
“အေး ဟုတ်တယ် ဘုန်းကြီးက အကျယ်အကျယ်မဖြစ်ချင် တော့ ကျောင်းကို ပေးလိုက်တယ်ကွ သူက ကျောင်းကို ဖျက်ပြီး ရောင်းတာ ရောင်းရတဲ့ငွေတွေကို တခြားကျောင်းမှာ သွားလှုတာကွ တော်တော်ကို မလွယ်တာ အခုလည်း သူ လှုထားတဲ့ကျောင်းမြေနေရာကို ပြန်တောင်းနေပြန်ပြီလေ။ဒါကိုတော့ ဆရာတော်က မပေးချင်တော့ဘူး။တခြားဒကာတွေ ဆောက်ထားတဲ့ ကျောင်းတွေရှိနေပြီကို ခက်နေတာ တခုရှိတယ် “
“ဘာလဲ ကိုသာထူး “
“အရင်ဘုန်းကြီးကို ကျောင်းမြေလှုတုန်းက စာချုပ်စာတန်းနဲ့ ဦးသောင်းထွန်းကြီးက လှုတာတဲ့ကွ ဆရာတော် ကြုံနေတာက အရင်ဘုန်းကြီး နဲ့ စာချုပ် သူ့မှာ မရှိတာပဲ။စာချုပ်ရှိရင် ဦးသောင်းထွန်း နဲ့ ပြဿနာက ပြီးပြီ “
ပေတူးအံ့ဩနေမိသည်။ဘုန်းကြီး ဦးတိလောက မကျွတ်မလွတ်ပဲ ရှိနေတာ ဒီကိစ္စတွေကြောင့်လားလို့လည်း တွေးမိပြန် သည်။ထို့နောက် ဝက်သားရောင်းနေပြီး ဘုန်းကြီးကျောင်း အကြောင်း အကုန်သိသော သာထူးကိုလည်း အံ့ဩရပြန်သည်။ သာထူးသည် သူ့အကြောင်းတွေးနေဟန်ရှိသော ပေတူးအား
“ပေတူး ခင်ဗျားကိုပြောပြတဲ့ အကြောင်းတွေကို ကျုပ် ဘယ်လို သိလဲဆိုပြီး တွေးနေတာလား “
“ဟုတ်တယ် “
“ကျုပ်က အဲ့ကျောင်းမှာ ဘုန်းကြီးကျောင်းသား လုပ်ဖူးတယ် လေဗျာ “
“ဪ ဒါကြောင့်ကိုး “
ထို့နောက် သူတို့ နှစ်ယောက်သည် ရောက်တတ်ရာရာ စကားများပြောဆိုရင်း ဦးပေါစံ၏ အိမ်သို့ သွားနေကြပါတော့သည်။
◾အခန်း (၄)
ဦးပေါစံ၏ အိမ်တွင်ဖြစ်သည်။နေ့လယ်စာကို ဝက်သားချက်၊ ချဉ်ရည်ဟင်း၊ငရုတ်သီးကြော်နှင့် ဖြစ်ရာ ပေတူးတယောက် အားရပါးရ လွေးနေလေ၏။ဦးပေါစံသည် အားရပါးရ ထမင်း စားနေသော ပေတူးအားသဘောကျနေပြီး အသားကောင်းသော ဝက်သားတုံးများအား ဆယ်ခပ်ပေးနေရင်းမှ စကားဆိုသည်။
“ကောင်လေး မင်းနဲ့ငါ ရေစက်ရှိလို့ထင်တယ် မင်းကို လူစိမ်း တယောက်လို့ မခံစားရဘူး”
“အဲ့တာ မေတ္တာစိတ်လို့ ခေါ်တယ် ဦးလေးရ ဦးလေးက ကျုပ်ကို မေတ္တာထားနေလို့သာ ကျုပ်ဒီလောက်စားနေတာကို အပြုံးမပျက်ရှိနေတာ ဦးလေး မေတ္တာမရှိတဲ့သူဆို ပြုံးနိုင်ဦးမှာလား”
“ဟုတ်ပါပြီ ဘိုးတော်ပေါက်စရာ မင်းက ဘိုးတော်ဖြစ်ရင် တောင် အတော်ကို စကားများတဲ့ ဘိုးတော်ဖြစ်မှာဟေ”
“ဦးကြီး ကျုပ်တို့ ညနေ ပျဉ်းမဘုန်းကြီးကျောင်းကို သွားကြရအောင် “
“မင်း လုပ်ငန်းစ မလို့လား”
“ဟုတ်တယ် အကျိုးအကြောင်း ထိုက်သင့်သလောက် သိပြီဆိုတော့ သွားသင့်ပြီထင်လို့ “
“သာထူးနဲ့တွေ့ လိုက်ရတာ အတော်ကို အထောက်အကူဖြစ်တယ် ထင်ပါ့ “
“ဟုတ်တယ် ဦးလေး သူတော်တော်သိတာ “
“သိမှာပေါ့ သူက ငယ်ငယ်ကတည်းက အဲ့ဒီကျောင်းမှာ နေတာလေ ဝက်သားဖော်ရောင်းတဲ့ တုတ်ကြီးသမီးကို ပိုးနေတော့ တုတ်ကြီးတပည့်ဖြစ်သွားတာပဲ ပေတူးရေ “
ပေတူးသည် ဦးပေါစံ၏စကားကြောင့် တခုခုကို သတိရပြီး ပြုံးလိုက်မိသည်။သူသတိရသွားသည်မှာ ထမင်းဆိုင်မှ မေသူကို ဖြစ်သည်။သာထူး ဝက်သားဖော်ရောင်းသော သူ၏ သမီးကို ကြိုက်မိ၍ ဝက်သားလိုက်ရောင်းနေရလျှင် ထမင်းဆိုင်ပိုင်ရှင် ၏သမီးကို ကြိုက်မိသော သူ ထမင်းရောင်းရမည်မှာ အမှန်ပင် ဖြစ်သည်ဟု တွေးလိုက်မိသည်။ထမင်းဆိုင်သို့ လူလာလျှင် သူမည်သို့ မေးရမည်နည်း။ထိုင်ပါ ဘာစားမလဲဟု သူမေးမည် ။ ထိုအခါ မေသူသည် ထမင်းပြင်နေရင်းမှ သူ့အားပြုံးပြုံးလေးနှင့် ကြည့်နေမည်လော။ထို့နောက် သူ မေသူအနားသွားပြီး ဧည့်သည်များမှာသည်ကို ပြောသောအခါ မိသူမှာ သူ့အား မောင် ပင်ပန်းနေပြီလားဟု မေးမည်။ထိုအခါ သူသည် မပင်ပန်းပါဘူးဟု ဖြေရင်း
“ကောင်လေး ဟေ့ကောင်လေး “
ပေတူးတွေးနေသည်မှာ ဘယ်လောက်တောင် ရုပ်ပျက်သွားသည်လဲ မသိ။ဦးပေါစံသည် သူ၏ပုခုံးကို ကိုင်လှုပ်ပြီး ခေါ်ရသည်အထိ ဖြစ်သွား၏ ။
“ဗျာ ဗျာ “
“ဟေ့ကောင် ထမင်းစားနေရင်း ပြုံးပြုံးကြီး မပင်ပန်းပါဘူး မ တွေ ဘာတွေ နဲ့ မင်းကတော့လေ ငါတောင် ကြက်သီးထသွားတယ် ငါ့ကိုများပြောနေတာလားလို့ ငါ ဘေးကို နည်းနည်းဖယ် လိုက်မှ ငေးပြီးပြောနေတာ သတိထားမိတယ် တကယ့်ကောင် လန့်လိုက်တာ “
ပေတူးမည်သည့်စကားမှ မဆိုပဲ ထမင်းပန်းကန်ကြီးကို ယူ ပြီး ရှက်ရမ်း ရမ်းကာ ထွက်သွားလေသည်။ရှက်ရမ်း ရမ်းပြီးထွက်သွားသော ပေတူးအား
“ကောင်လေး အဲ့တာ အိမ်အရှေ့ပေါက်ကြီးဟ မင်းက လမ်း ပေါ်ထွက်မလို့လာ မီးဖိုချောင်က ဒီဘက်မှာကွ တော်တော်ဆိုးတဲ့ကောင်”
ပေတူးသည် သူ၏အဖြစ်ကို တွေးမိပြီး ပြုံးလိုက်မိသည် ။ ထို့နောက် ဒီကိစ္စတွေပြီးလျှင် မေသူ၏ဆိုင်သို့ ပြန်သွားမည်ဟုတွေးလိုက်ပါလေတော့သည် ။
◾အခန်း (၅)
ပျဉ်မပင်ရွာလေး၏ ညအချိန်အခါသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ထိုတိတ်ဆိတ်ငြိမ်သက်နေသော ရွာလေးထဲရှိ ဦးပေါစံ၏အိမ်လေးသည်လည်း အများနည်းတူ တိတ်ဆိတ်လျက်ရှိ၏။ဦးပေါစံသည် ညရေးညတာ သွားချင်သည့်အတွက် အိမ်ပေါ်မှ ဆင်းလိုက်၏။တံခါးကို ဖွင့်ပြီး အိမ်အောက်သို့ဆင်းလာစဉ် အိမ်ရှေ့တွင် ဘုန်းကြီးတပါးလမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။ထိုဘုန်းကြီးကို မြင်သောအခါ ဦးပေါစံသည် လန့်ဖျန့်သွားပြီး အိမ်ပေါ်တွင် အိပ်နေသောပေတူးအား ပြေးနှိုးရလေသည်။ပေတူးသည်အိပ်မှုံစုံဝါးဖြင့် ဦးစံပေါအား မေးလေသည်။
“ဦးလေး ဘာဖြစ်လို့လဲဗျ ကျုပ်ကို နှင်ချမလို့တော့ မဟုတ်ပါဘူးနော် “
“မင်းကလည်း အရေးထဲ အိမ်ရှေ့မှာ ဘုန်းကြီးတပါးရောက်နေလို့ “
“ဗျာ မိုးတောင်မလင်းသေးဘူး အချိန်မှားပြီး ဆွမ်းခံကြွတဲ့ ကိုယ်တော် ထင်တယ် “
“မင်းကလည်း မဟုတ်ပါဘူးကွာ မင်းသွားကြည့်လိုက် “
“ဟုတ်ကဲ့ ဟုတ်ကဲ့ “
ပေတူး အိပ်ချင်စိတ်က မပျောက်သေးပေ။သို့ပေမဲ့ ဦးပေါစံသွားခိုင်းနေသည်မို့ အိမ်အောက်ဆင်းလိုက်သည်။အိမ်အောက်ရောက်သောအခါ
“မင်း ကျောင်းကို မသွားသေးဘူးလား “
“မနက်ဖြန် သွားမယ်လေ “
“ဘုန်းကြီးကို သေချာလျှောက်ပြီး ပေးလိုက်ပါ “
“ဦးသောင်းထွန်းကိုရော ဘုန်းကြီး ဘယ်လိုလုပ်မလဲ “
“အခုည ငါသူ့ကို သတိပေးလိုက်ပါ့မယ် ငါပြောရင် သူလည်း လက်ခံမယ်လို့ ထင်ပါတယ်။လက်မခံရင်လည်း ဆရာတော်ဆီ မှာ စာချုပ်ရှိနေပြီပဲ “
“ကျုပ်တခု မေးပါရစေ စာချုပ်ကို ဘာကြောင့်တိုင်ထဲ ဖွက်ရတာလဲ “
“ငါ အစွဲကြီးခဲ့တယ် လောဘကြီးခဲ့တယ် ငါ့လိုပဲ တခြားသူတွေ လောဘကြီးမယ်လို့ တွေးထားတာ ပြီးတော့ ဦးသောင်းထွန်းကိုလည်း ငါမယုံခဲ့ဘူး အဲတာကြောင့် ငါ့စာချုပ်ကို တိုင်ထဲ ဖွက်ထားတာ ဦးသောင်းထွန်းက စာချုပ်မေးတော့ ငါက ပျောက်သွားပြီလို့ ပြောထားတာ “
“ဪ လောဘ မောဟ ဒေါသတွေ တော်တော်ကြီးတာပဲ “
မကျွတ်မလွတ်သေးသော ဘုနီးကြီးဦးတိလောကသည် ဦးစံပေါ၏ နေအိမ်ဝိုင်းထဲမှ တဖြည်းဖြည်း ထွက်သွားပါလေတော့သ်ည ။
◾အခန်း (၆)
ပျဉ်းမပင်ဘုန်းကြီးကျောင်းဝိုင်းကြီးသည် အတော်ကျယ်ပြီး ကိုရင်၊ သာမဏေလေးများနှင့် ဦးဇင်း များစွာပင် ရှိ၏။ဆရာတော်သည် ကျောင်းတကျောင်းထဲတွင် ကိုရင်လေးများကို စာဝါချပေးနေသည်။ကိုရင်လေးများ၏ စာအံသံများသည် ကျောင်းဝန်းထဲတွင် ပျံ့လွင့်လို့နေသည် ။ဦးပေါစံ နှင့် ပေတူး သည် ကျောင်းဆောင်တဆောင်တွင် ဆရာတော်ကြွအလာကို စောင့်နေလေသည်။များမကြာသောအချိန်တွင် ဆရာတော်ကြွလာ၏။ထိုအခါပေတူး နှင့် ဦးပေါစံသည် ဆရာတော်အား ဦးချရှိခိုးလိုက်ကြသည်။
“ဒကာပေါစံ ကျောင်းကို လမ်းမှားပြီးရောက်လာတာလား”
“အဲ့လိုပဲ ပြောရတော့မယ်မယ် ဘုရား တပည့်တော်လည်း ဆရာတော်ရဲ့ကျောင်း မရောက်ဖြစ်တာ အတော်ကြာပြီပဲ “
“အကြောင်းကိစ္စ မရှိပဲနဲ့တော့ လာလေ့မရှိဘူး ဆိုစမ်းပါဦး “
“ဒီကောင်လေး လျှောက်ပါလိမ့်မယ် ဘုရား သူက မြိုင်တောကနေ ဆရာတော်ဆီကို တမင်လာတာပါ”
“ဟုတ်လား ကဲ ကဲ လျှောက်ပါဦး ဒကာလေး ဘာအရေးများ ရှိလို့လဲ “
“တပည့်တော် စာချုပ်တခုလာပို့တာပါဘုရား ဒီစာချုပ်ပါ “
ပေတူးသည် ဆရာတော်အား လျှောက်ထားပြီး သူ၏ လွယ် အိတ်ထဲမှ စာချုပ်အားပေးလိုက်လေသည်။ထိုအခါ ဆရာ တော်သည် စာချုပ်ကို ယူကြည့်လိုက်ပြီး
“ဆရာတော် ဦးတိလောကနဲ့ ဒကာကြီးသောင်းထွန်းတို့ မြေ ကွက်ကို ကျောင်းမြေအဖြစ်လှုဒါန်းတာကို ချုပ်ထားတဲ့ စာချုပ်ပဲ “
“တင်ပါ့ဘုရား ဒီစာချုပ်ကို ဆရာတော်ဦးတိလောကက မကျွတ်မလွတ်တဲ့ ဘဝကနေပြီး ဒီကို ပို့ခိုင်းလိုက်ကြောင်းပါ ဘုရား”
“ကျေးဇူးတင်တယ် ဒကာလေး ဘုန်းကြီးက စကားတွေ အများကြီး မပြောချင်ပါဘူး။ဒကာကြီးသောင်းထွန်း လှုထားတဲ့ မြေတွေထဲမှာ စာချကျောင်းတွေ ဆောက်ထားပြီးမို့လိုပါ “
“တပည့်တော် နားလည်ပါတယ် ဘုရား “
ဦးပေါစံ နှင့် ပေတူးသည် ဆရာတော်နှင့် အတန်ကြာ စကား ပြောပြီးနောက် ဦးချရှိခိုးကာ ကျောင်းအပြင်သို့ ထွက်လာလေသည်။သူတို့ကျောင်းဝိုင်းအဝသို့ ရောက်ချိန်တွင် ဦးသောင်းထွန်းသည် ရှေ့မှ ကျောင်းထဲသို့ဝင်လာပြီး ဒေါ်မေမြ နှင့် နှင်းနှင်းသည် ပျော်တပြုံးပြုံး နဲ့ လိုက်လာလေသည်။ဦးပေါစံသည် ပြုံးပျော်နေသော ဒေါ်မေမြအား
“အမကြီး အခြေအနေကောင်းတယ် ထင်ပါ့ “
“အေး ပေါစံရေ နင့်အကို ညက တယောက်တည်း စကားတွေ ပြောနေရင်း အခုမနက် သူ့အမှားတွေကို ဆရာတော်ကို တောင်း ပန်ချင်လို့ဆိုပြီး ထွက်လာတာပဲဟေ့ “
“ဪ ဟုတ်လား “
ဦးပေါစံသည် ပေတူးကို ကြည့်ပြီး ဒေါ်မေမြအား စကားပြောနေခြင်းဖြစ်သည်။ထို့နောက် ဒေါ် မေမြသည် သူတို့ကို နှုတ် ဆက်ကာ ဦးသောင်းထွန်း အနောက်သို့ လိုက်သွားလေ၏။ထို့ နောက် ဦးပေါစံသည်
“ကောင်လေးရေ မင်းကတော့ တကယ့်ပါရမီရှင်ပဲကွာ”
“ဘာဖြစ်လို့လဲ ဗျ”
“မင်းဦးသောင်းထွန်းကြီးကို ဘယ်လို ချွတ်လိုက်တာလဲကွ”
“ကျုပ်ချွတ်တာ မဟုတ်ပါဘူးဗျာ သူ့ကိုးကွယ်တဲ့ ဘုနး်ကြီးဦးတိလောကြီးက သူရောက်နေရတဲ့ ဘဝ နဲ့ ယှဉ်ပြီးတ ရားပြလိုက်တယ် ထင်ပါတယ် ညက ကျုပ်ကို ပြောသွားတယ် သူက “
“ဘာပြောတာလဲ ကောင်လေးရ “
“သူ ဦးသောင်းထွနး်ဆီသွားမယ်တဲ့လေ “
“ဪ ဒါကြောင့် ကို မမေမြပြောတဲ့တယောက်တည်း စကားပြောနေတယ် ဆိုတာ တယောက်တည်းပြောတာမဟုတ်ဘူးပေါ့ “
” ဒါနဲ့ စကားမစပ် ဦးလေးရေ မနက်ဖြန် ကျုပ် မြိုင်တောကို ပြန်တော့မယ်ဗျာ “
“ဟ ဘယ်လို ဖြစ်တာလဲကွာ “
“ဒီလိုပါပဲဗျာ ကျုပ်လည်း ဘယ်လိုပြောရမှန်းမသိတော့ပါဘူး”
ပေတူးသည် ထိုသို့ပြောပြီး ငြိမ်နေလိုက်သည် သူ၏ မျက်လုံးထဲတွင်တော့ မေသူ၏ မျက်နှာလေးသာ မြင်ယောင်နေမိပါတော့သည် ။
🔸ဘိုးတော်ပေနှင့် အတ္တမာနလောဘသည်က ဤမျှသာ။
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း
Leave a Reply