ဇီးပင်စောင့်သရဲကြီး

သူတို့စကားပြောလာရင်း တောတန်းကလေးတစ်ခုကို ဖြတ်ကျော်လိုက်သည့်အချိန်တွင် ကွင်းပြင်ကြီးတစ်ခုကိုမြင်တွေ့လိုက်ရသည်။ ထိုကွင်းပြင်ထဲ ခပ်လှမ်းလှမ်းတွင် ဇီးတောကြီးရှိသည်။ ယခုအချိန်တွင် ဇီးသီးများသီးနေတတ်သည်မို့ ကျော်ကြီးက ဖိုးမောင်ကို လက်တို့လိုက်သည်။
“ဒီအချိန် ဇီးသီးတွေ သီးနေလောက်ပြီကွ၊ ငါတို့ ဇီးသီးမှည့်တာတွေ ဝင်ခူးသွားကြရအောင်၊ ကျောင်းရောက်တော့ ဆားနဲ့တို့စားမယ်ကွာ”
“ဖြစ်ပါ့မလားကျော်ကြီးရ၊ အဲဒီဇီးတောကြီးက သရဲအရမ်းခြောက်တယ်လို့ ကြားဖူးတယ်ကွ”
“ဖြစ်ပါတယ်ကွာ၊ ငါတောင်အရင်က တစ်ယောက်တည်းသွားပြီးတော့ ဇီးသီးခူးနေကြပါ”
ကျော်ကြီးခေါ်သဖြင့် ဖိုးမောင်လဲ လိုက်လာခဲ့ရသည်။ သူတို့ရွာက လူကြီးတွေမှာထားသည်က ထိုဇီးတောကြီးဆီသို့ မသွားကြဖို့ဖြစ်သော်လည်း အခုတော့ ကျော်ကြီးက အဖော်ခေါ်သဖြင့် ကြောက်ကြောက်နှင့်လိုက်လာမိသည်။
ဇီးတောကြီးထဲတွင် ဇီးပင်နိမ့်နိမ့်လေးများရှိပြီး ဇီးသီးတွေက ပြွတ်ခဲနေသည်။ အပင်ပေါ်တွင် ဇီးသီးအစိမ်းတွေလဲများပြီးတော့ ဇီးသီးအနီကလေးတွေလဲ အများအပြားရှိသည်။ အချို့ဇီးသီးတွေကတော့ မှည့်လွန်းသဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျနေသည်။
“ဟာ ဇီးသီးတွေ အများကြီးပါပဲလား ကျော်ကြီးရာ”
“အေးလေ၊ ဒီဇီးတောထဲကို ဘယ်သူမှမလာကြတော့ ဇီးသီးတွေပေါ်နေတာပေါ့ကွာ”
ကျော်ကြီးက ပြောလိုက်ပြီးသည့်နောက် ဇီးပင်တစ်ပင်၏ ပင်စည်ကို ကိုင်လိုက်ကာ တစ်ပင်လုံးကိုလှုပ်ယမ်းလိုက်တော့သည်။ ထိုအခါ ဇီးပင်ပေါ်မှ ဇီးသီးမှည့်တွေက တဖြုတ်ဖြုတ်နှင့် ပြုတ်ကျလာတော့သည်။
“ဖိုးမောင် မင်းက ဇီးပင်အောက်က အသီးတွေကိုကောက်ကွာ၊ ငါကတော့ ဇီးပင်ပေါ်တက်ပြီး အမှည့်တွေတက်ခူးမယ်”
ဖိုးမောင်လဲ ဇီးသီးမှည့်တွေကို အမြန်လိုက်ကောက်သည်။ ထို့နောက် ပါလာသည့်ပုဆိုးကို စလွယ်သိုင်းလိုက်ပြီး ပုဆိုးထဲသို့ ဇီးသီးတွေကောက်ထည့်နေမိသည်။ မြေမှာjYပုတ်ကျသည့် ဇီးသီးမှည့်တွေက တော်တော်များနေသည်မို့ ကောက်မနိုင်အောင်ဖြစ်ရသည်။
ကျော်ကြီးကလဲ နောက်အပင်တစ်ပင်ပေါ်တက်လိုက်ပြီးနောက် အပင်ကိုလှုပ်ချရာ ဇီးသီးတွေကျလာပြန်သည်။ ဖိုးမောင်လဲ ဇီးသီးလိုက်ကောက်ရင်း ဇီးပင်အကြီးကြီးတစ်ပင်အောက်သို့ရောက်ခဲ့သည်။ ထိုဇီးပင်ကြီးမှာ အတော်ကြီးမားပြီး နှစ်ချို့နေသည့်ဇီးပင်ကြီးဖြစ်သည်။ ဇီးသီးကြီးတွေကလဲ အလုံးခပ်ကြီးကြီးတွေဖြစ်သည်။ အခြားဇီးပင်များမှ ဇီးသီးများမှာ အလုံးသေးသော်လည်း ထိုဇီးပင်ကြီး၏ ဇီးသီးများကတော့ အလုံးအကြီးကြီးတွေဖြစ်သည်။
ထိုဇီးသီးကိုမြင်လိုက်တော့ ဖိုးမောင်လဲစားချင်စိတ်ကို ထိန်းမရဖြစ်ပြီး ဇီးသီးကိုကိုက်လိုက်သည်။ ဇီးသီးက ချဉ်သော်လည်း အတော်ချိုသည့်ဇီးသီးဟုပြောရမည်ဖြစ်ပြီး အသားတွေကထူနေသဖြင့် အလွန်စားကောင်းသည်။
“ဟေ့ကောင်ကျော်ကြီး၊ ဒီဇီးပင်ကြီးက ဇီးသီးကြီးတွေက အကြီးကြီးတွေပဲကွ”
“ဟေ့ကောင် အဲဒီအပင်ကြီးကိုတော့သွားမလုပ်နဲ့ကွ”
“ဘာလို့လဲ ကျော်ကြီးရ၊ အပင်ပေါ်ကိုလဲ ကြည့်လိုက်စမ်းပါအုံးကွာ၊ ဇီးသီးအကြီးကြီးတွေ သီးနေလိုက်တာ၊ အပင်က ပင်စည်ကြီးတော့ လှုပ်ချလို့မရလို့ပေါ့ နို့မို့ဆို ငါလှုပ်ချတယ်”
“မင်းကလဲကွာ၊ တို့တွေ ဇီးသီးတွေအများကြီးရနေပြီမဟုတ်လား ပြန်စို့ကွာ”
ဟုတ်တော့လဲဟုတ်သည်။ ကျော်ကြီးပုဆိုးထဲလဲ ဇီးသီးတွေပြည့်နေသလို ဖိုးမောင်ပုဆိုးထဲလဲ ဇီးသီးတွေ အတော်များများပြည့်နေပြီဖြစ်သည်။ သူတို့နှစ်ယောက်တင်မက သူတို့ကျောင်းကသူငယ်ချင်းတွေပါ အတော်စားလို့ရမည်မို့ သူတို့လဲ ဇီးတောထဲက ထွက်လာခဲ့မိသည်။
“ဟေ့ကလေးတွေ၊ မင်းတို့ဇီးတောထဲ ဘာသွားလုပ်ကြတာလဲ၊ ငါမင်းတို့မိဘတွေကို တိုင်ပြောလိုက်ရမလား”
သူတို့ဇီးတောထဲက ထွက်လာသည်ကို မြင်လိုက်သည့် ရွာသားတစ်ယောက်က မာန်မဲလိုက်သည့်အတွက် သူတို့လဲ ခပ်သွက်သွက်ပြေးထွက်လာခဲ့ကြတော့သည်။
ကျောင်းရောက်ပြီ။
သူတို့ယူလာသည့် ဇီးသီးများကို ကျောင်းရှိရေနှင့် ဆေးလိုက်ပြီးတော့ ထိုရေကန်နားမှာပင် ဇီးသီးထိုင်စားကြသည်။ ဆားနည်းနည်းဝယ်လိုက်ပြီးတော့ ဆားနှင့်တို့စားကြသည်။ သူတို့သူငယ်ချင်းတစ်သိုက်မှာ ငါးယောက်ခန့်ရှိသလို မိန်းကလေးနှစ်ယောက်လဲပါသည်။
“ကောင်းလိုက်တာဟယ်၊ နင်တို့ခူးလာတဲ့ဇီးသီးတွေက ကြွပ်ရွနေတာပဲ၊ ဒီမှာဝယ်စားတဲ့ဟာတွေက ပျော့စိစိနဲ့ရယ်”
ကောင်မလေးတစ်ယောက်က ထိုသို့ပြောသည်။ ထိုကောင်မလေးအမည်မှာ မိစုဖြစ်သည်။ မိစုက ဇီးသီးတွေကို အားရပါးရစားသောက်နေသည်။
“အဲဒါ ငါတို့က အခုမှခူးလာတဲ့ဇီးသီးတွေမို့လို့ဟ၊ ပြန်ရောင်းတာတွေက ခူးပြီးတော့ ရက်တော်တော်ကြာမှ ပြန်ရောင်းတာတွေဆိုတော့ သိပ်မလတ်ဘူးပေါ့”
ထိုအခါ ဖိုးမောင်က သူ့အကျီအိတ်ကပ်ထဲထည့်လာသည့် ဇီးသီးအလုံးကြီးတွေကို ထုတ်ပြီးတော့ မိစုကိုပေးလိုက်သည်။ မိစုက ထိုဇီးသီးတွေကိုစားရတော့
“ဒီအလုံးကြီးတွေက စားလို့ပိုကောင်းတယ်ဟ”
“အေးပါ၊ နင်ကြိုက်မှန်းသိလို့ ငါတမင်ကောင်းတာတွေရွေးထားတာ”
ဖိုးမောင်က ထိုသို့ပြောရင်း ပြုံးလိုက်သည်။ ကျော်ကြီးက ဖိုးမောင်ကို ငေးကြည့်နေသည်။
ဇီးသီးစားပြီးတော့ ကျောင်းတက်ပြီဖြစ်ရာ ကျောင်းတွင်စာသင်ကြတော့သည်။ နေ့လည်ထမင်းစားဆင်းသည့်အချိန်က သူတို့အတွက်တော့ ကစားစရာအချိန်ကြီးဖြစ်သည်။ ထမင်းချိုင့်တွေကိုဖွင့်လိုက်ပြီး ထမင်းကိုဆာဆာနှင့်စားလိုက်ကြသည်။ ထိုအချိန်တွင်တော့ ဟင်းကောင်းတာ မကောင်းတာ သတိမထားနိုင်တော့ပေ။ ထမင်းစားချိန်က တစ်နာရီကြာသည်မို့ထမင်းကိုခပ်မြန်မြန်စားသောက်ပြီး ဆော့ကစားဖို့လုပ်ရပေအုံးမည်။
ဖိုးမောင်လဲ သူတို့ဘောလုံးကန်ဖို့ချိန်းထားသည့် ဘောလုံးကွင်းသို့ပြေးလာခဲ့သည်။ သူ့နောက်က ကျော်ကြီးက လိုက်လာသည်။
“ဟေ့ကောင်ဖိုးမောင်၊ ငါ့ကိုခဏစောင့်အုံးကွ၊ ငါဗိုက်နာလို့”
ကျော်ကြီးက ထိုသို့ပြောပြီး ကျောင်းအိမ်သာသို့ပြေးသည်။ ကျောင်းအိမ်သာထဲ ကျော်ကြီးဝင်သွားချိန်တွင် ဖိုးမောင်က ကျော်ကြီးကိုအိမ်သာရှေ့က စောင့်နေသည်။ ကျော်ကြီးက ပြီးသွားတော့ အိမ်သာထဲမှထွက်လာသည်။ ကျောင်းအိမ်သာက အနည်းငယ်မြင့်ပြီးတော့ လှေကားနှစ်ထစ်ခန့်တက်ရသည်။
“ငါပြီးပြီ သွားစို့ကွာ”
ကျော်ကြီး အိမ်သာတံခါးဖွင့်လိုက်ပြီး ဆင်းလိုက်တော့ ကျော်ကြီးမှာ ခြေချော်ပြီးတော့ အိမ်သာပေါ်မှလိမ့်ကျကာ မြေကြီးပေါ်သို့ ဘေးစောင်းကြီး ကျသွားတော့သည်။ မြေတွင်လဲနှစ်ချက်မျှ လိမ့်သွားရာ ဖိုးမောင်ပင် အံ့ဩနေမိသည်။ နောက်တော့ လဲကျနေသည့် ကျော်ကြီးကို ပြေးဆွဲလိုက်သည်။
“ကျော်ကြီး ဘာဖြစ်တာလဲကွ”
“မသိဘူးကွာ၊ ငါအိမ်သာကဆင်းတော့ ငါ့ကိုအနောက်က တစ်ယောက်ယောက်ကတွန်းချလိုက်သလိုပဲ”
“ဘယ်သူမှမရှိပါဘူးကွာ၊ မင်းခြေချော်ကျတာနေမှာပါ”
“အား၊ငါ့လက်က နာလိုက်တာ၊ ငါ့လက်ကျိုးသွားသလားမသိဘူး”
ကျော်ကြီးကလက်က ကပ်နေပြီးတော့ လှုပ်မရတော့ပေ၊ ထို့ကြောင့် ဖိုးမောင်လဲ ဆရာမတွေကို အကြောင်းကြားရတော့သည်။ ဆရာမတွေက ကျော်ကြီးလက်ကိုကြည့်ပြီးတော့
“ဘယ်လိုတောင်ဆော့သလဲဟယ်၊ နင့်လက်ကကျိုးသွားတာလားမသိဘူး”
“မဆော့ဘူးဆရာမ၊ အိမ်သာပေါ်က ပြုတ်ကျတာ”
“ဖြစ်ရမယ်၊ ကဲပါ၊ ငါနင့်အိမ်လိုက်ပို့ပေးမယ်”
ဆရာမက ကျော်ကြီးကိုခေါ်ပြီးနောက် ဆိုင်ကယ်ငှားကာ ကျော်ကြီးကိုအိမ်ပြန်လိုက်ပို့ပေးသည်။ ကျော်ကြီးလက်ကျိုးသည့်သတင်းက တစ်ကျောင်းလုံးကိုပြန့်သွားသည်။
“ဒီကောင်ကံကောင်းတယ်ကွ၊ လက်ကျိုးတယ်ဆိုတော့ တစ်ပတ်လောက်တော့ ကျောင်းတက်စရာမလိုတော့ဘူးပေါ့”
ကျောင်းသားများအချင်းချင်း စနောက်နေကြသည်။
ကျောင်းပြန်တက်ပြီ။ သူတို့လဲ စာသင်ခန်းအတွင်း စာသင်နေကြသည်။ ထိုအချိန်တွင်
“ဆရာမ ခွင့်ပြုပါဆရာမ”
ပြောလိုက်သူက မိစုဖြစ်သည်။
“သမီးအိမ်သာသွားချင်လို့”
ဆရာမခေါင်းညိတ်လိုက်သည့်အခါတွင် မိစုက အိမ်သာသို့ပြေးတော့သည်။ နောက်တော့ ကျောင်းခန်းထဲပြန်လာပြီးထိုင်သည်။ ဆယ်မိနစ်လောက်ပဲထိုင်ရသေးသည် မိစုက ထလာပြန်ပြီ။
“ဆရာမ သမီးအိမ်သာသွားချင်လို့”
ဆရာမလဲ စိတ်မရှည်တော့ပေ။
“မိစု သမီးတစ်ခါတည်း အပြတ်လုပ်လာခဲ့ ဟုတ်ပြီလား”
မိစုလဲ အိမ်သာသို့ပြေးသွားပြန်သည်။ သို့သော် မိစုက ငါးမိနစ်နေလဲပြန်မလာ၊ ဆယ်မိနစ်နေလဲ ပြန်မလာဖြစ်နေသဖြင့် ဆရာမဖြစ်သူ စိတ်ပူလာသည်။ နောက်တော့အိမ်သာကိုလိုက်သွားကြည့်တော့မှ မိန်းကလေးအိမ်သာထဲတွင် ခွေခွေကလေးထိုင်နေသည့် မိစုကိုတွေ့လိုက်ရသည်။
“ဟဲ့သမီး မိစု ဘာဖြစ်တာလဲ”
“သမီး ဝမ်းလျှောနေပြီထင်တယ်”
မိစုထဘီနှင့်အဝတ်အစားတွင် မစင်များပေကျံနေသည်။ သို့နှင့် မိစုကိုဆေးကြောပြီးသည့်နောက် ကျောင်းမှသူငယ်ချင်းအဖော်သုံးယောက်လောက်နှင့် ပြန်လွှတ်လိုက်ရတော့သည်။ မိစုက လယ်လှတွင်နေသူမို့ ကျောင်းနှင့်အိမ်က သိပ်မဝေးပေ။
“ဒီနေ့ဘာတွေဖြစ်နေမှန်းကိုမသိဘူး၊ တစ်ယောက်ကလဲ လက်ကျိုးရတာနဲ့၊ နောက်တစ်ယောက်ကလဲ ဝမ်းလျှောရတာနဲ့”
“ဆရာမ၊ မိစုက ဖိုးမောင်တို့ ယူလာတဲ့ဇီးသီးတွေကို မနက်ကစားနေတာ”
“အေး၊ ဒါကြောင့်ဖြစ်မယ်၊ ဇီးသီးတွေကို မဆေးမကြောနဲ့ စားကြလားမသိပါဘူး”
ဆရာမလဲ ခေါင်းကုတ်နေသည်။
ထိုနေ့ကျောင်းဆင်းတော့ ဖိုးမောင်တစ်ယောက်တည်း ပျင်းပျင်းနှင့်ဆင်းလာခဲ့သည်။ အတူပြန်နေကျ ကျော်ကြီးလဲမရှိတော့ တစ်ယောက်တည်းလမ်းလျှောက်ရတာ ပျင်းခြောက်ခြောက်ကြီးဖြစ်နေသည်။ လမ်းလျှောက်နေရင်း ဇီးတောနားသို့ရောက်လာခဲ့သည်။
“မိစုက ဇီးသီးစားလို့ဖြစ်တာတော့ မဖြစ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ငါတို့လဲ စားခဲ့တာပဲလေ”
ခြေလှမ်းတွေက ဇီးတောဘက်သို့ ရောက်မှန်းမသိရောက်လာခဲ့သည်။ ညနေသုံးနာရီကျောင်းလွှတ်လိုက်သော်လည်း ဇီးတောကိုရောက်သည့်အခါ ညနေလေးနာရီထိုးတော့မည်ဖြစ်သည်။ ဇီးတောကို ဖိုးမောင်ဝင်ဖို့ဆုံးဖြတ်လိုက်သည်က အကြောင်းရှိသည်။ အိမ်ကအမေဖြစ်သူကလဲ ဇီးသီးသိပ်ကြိုက်သည်။ ပြီးတော့ မနက်ကမြင်ခဲ့သည့် ဇီးပင်ကြီးက ဇီးသီးလုံးမှည့်မှည့်ကြီးကြီးတွေကို မျက်လုံးထဲမြင်ယောင်နေသောကြောင့် အိမ်အပြန်ထိုဇီးသီးတွေကို ခူးသွားမည်ဟု တွေးမိခြင်းဖြစ်သည်။
ဇီးပင်လေးတွေကို စိတ်မဝင်စားတော့ဘဲ ဖြတ်ကျော်ခဲ့ပြီး ဇီးပင်ကြီးဆီသို့သာလာခဲ့သည်။ နေလဲစောင်းနေပြီမို့ အရိပ်ကျသဖြင့် အနည်းငယ်မှောင်နေသည်။ ဖိုးမောင်လဲ ဇီးပင်ကြီးပေါ်ကုပ်တက်လိုက်သည်။ ဇီးကိုင်းတစ်ကိုင်းကိုခြေထောက်နှင့် ခပ်ကြမ်းကြမ်းနင်းချလိုက်သည့်အခါ ထိုဇီးကိုင်းတွင်သီးနေသည့် ဇီးသီးလုံးမှည့်တွေက မြေပေါ်ပြုတ်ကျကုန်သည်။ ဇီးကိုင်းနောက်တစ်ကိုင်းဆီသို့ တက်ပြီးထက်နင်းလိုက်သည်။ နောက်တော့ မြေပေါ်ပြန်ဆင်းလာခဲ့ပြီး မြေပေါ်မှဇီးသီးတွေကို ပြန်ကောက်ယူလိုက်သည်။
ထိုစဉ် သူ့ကျောတွေချမ်းလာသည်။ အနောက်မှ တစ်ယောက်ယောက်ကြည့်နေသလို ခံစားလိုက်ရသည်။ ဖိုမောင်လဲ တစ်ယောက်တည်းမို့ ကြောက်လန့်သွားပြီး ဇီးသီးတွေကို မြန်မြန်ကောက်ယူလိုက်သည်။ ပုဆိုးအတွင်း ဇီးသီးတွေအတော်ရနေပြီဖြစ်သည်။ ထိုစဉ်မှာပင် ဇီးသီးပင်ကြီးက တဖြန်းဖြန်းနှင့် လှုပ်ခတ်လာသည်။
“လေတိုက်တာလား”
ဖိုးမောင်ကတွေးပြီး ဇီးပင်ကြီးကိုမော့ကြည့်လိုက်သည်။ ဇီးပင်အကိုင်းတွေက နွယ်တွေကို လှုပ်ခတ်နေသဖြင့် အံ့ဩပြီးကြည့်နေမိသည်။ အကိုင်းတွေက ထိုသို့လှုပ်ခတ်နေသော်လည်းဇီးသီးတွေက တစ်လုံးမှ မကျလာပဲ ဖြစ်နေတာက ပိုထူးဆန်းနေသည်။ နောက်တော့ ဇီးပင်ကြီးပေါ်ရှိ အကိုင်းတွင် အဘိုးကြီးတစ်ယောက် ထိုင်နေသည်ကိုမြင်လိုက်ရသည်။
အဝတ်အစားမပါသည့်အဘိုးအိုက ဇီးပင်ကိုင်းပေါ်တွင်ထိုင်နေသည်။ ခေါင်းတုံးပြောင်ကြီးဖြစ်ပြီး မျက်ခုံးမွှေးတွေက ရှည်ထွက်နေကာ နှာခေါင်းကလဲ အရှည်ကြီးဖြစ်သည်။
“ဟေ့ကောင်လေး”
တုန်ယင်အက်ကွဲနေသည့်အသံကြီးနှင့် သူ့အားခေါ်လိုက်တော့မှ ဖိုးမောင်လဲ လွယ်အိတ်ကိုဆွဲပြီးတော့ ဇီးတောထဲမှ တစ်ချိုးတည်းပြန်ပြေးလာခဲ့သည်။ ညနေပိုင်းမို့ လမ်းကအနည်းငယ်လူပြတ်နေပြီဖြစ်သည်။ သူတို့ရွာကို ဘယ်လိုပြန်ရောက်မှန်းမသိရောက်သွားသည်။ အိမ်ကိုပြန်ရောက်တော့ လူကတော်တော်မောပန်းနေပြီဖြစ်သည်။
“ဒီကောင်လေး ဘယ်လောက်တောင်ဆော့လာသလားပဲ၊ လာရေချိုးတော့”
“အာ၊ အမေကလဲ အမေစားဖို့ သားဇီးသီးတွေခူးလာခဲ့တယ်”
“နင့်ကိုစာသင်ဖို့ကျောင်းလွှတ်လိုက်တာ ဇီးသီးခူးဖို့လွှတ်လိုက်တာမဟုတ်ဘူး၊ လာ အိမ်ပေါ်တက်”
ရေချိုးပြီးတော့ ဇီးသီးတွေကို ဆန်ခါတစ်ခုထဲထည့်ကာဆေးကြောလိုက်သည်။ နောက်တော့ ဆား၊ ငရုတ်သီးမှုန့်ထည့်ကာ ဇလုံတစ်လုံးထဲထည့်ပြီးနယ်ဖတ်လိုက်သည်။ အိမ်ရှေ့ကိုထွက်လာပြီး အိမ်ရှေ့တွင် အမေနှင့်အတူ စားဖို့ပြင်လိုက်သည်။
“ဒါနဲ့အဖေ့ကိုမတွေ့ပါလား”
“သူ့အမျိုးထဲက နာရေးဖြစ်လို့တဲ့ အင်ကန်ရွာဘက်သွားတယ်”
အင်ကန်ရွာမှာ သူတို့ရွာနှင့် သိပ်မဝေးလှပေ။ အဖေက အင်ကန်ရွာဘက်သွားလျှင် တစ်ညလောက်အိပ်ပြီးမှ ပြန်လာတတ်သည်။ ဖိုးမောင်လဲ ဇီးသီးစားဖို့ပြင်လိုက်ပြီး ဇီးသီးတစ်လုံးကို ကောက်ယူလိုက်သည်။ ထိုစဉ် ထိုဇီးသီးက သူ့လက်ထဲမှ ပြုတ်ကျသွားသည်။ ပြန်ကောက်ဖို့ပြင်နေစဉ်မှာပင် ဇလုံထဲမှဇီးသီးများက သူ့အလိုလိုခုန်ပေါက်နေပြီး ဇလုံထဲတွင် ခုန်ပေါက်နေကြသည်။ ဖိုးမောင်နှင့် သူ့အမေလဲ အံ့ဩလွန်းသဖြင့် ဇီးသီးဇလုံကြီးကို ကြည့်နေလိုက်ကြသည်။ ဇီးသီးတွေက ခုန်ပေါက်ပြီးတော့ ဇလုံအတွင်းမှ ခုန်ထွက်သွားကာ အိမ်ပေါ်မှခုန်ဆင်းပြိး ခြံရှေ့ဆီသို့ လိမ့်ပြီးသွားလာနေကြသည်။
ညနေစောင်းနေပြီဖြစ်သော်လည်း အလင်းမပျောက်သေးသဖြင့် ပတ်ဝန်းကျင်ကိုကောင်းစွာမြင်နေရသေးသည်။ ဇီးသီးလုံးများမှာ ထူးဆန်းစွာနှင့် တစ်နေရာရာကိုဦးတည်ပြီး လိမ့်ဆင်းနေကြခြင်းဖြစ်သည်။ ဖိုးမောင်လဲ အိမ်ပေါ်မှဆင်းပြီး လိုက်ကြည့်လိုက်မိစဉ် သူတို့ခြံတံခါးရှေ့တွင် အဘိုးကြီးကိုတွေ့လိုက်ရသည်။
အဘိုးကြီးက မျက်လုံးနီနီကြီးတွေနှင့် သူ့ကိုကြည့်နေသည်။
“ဟေ့ကောင်လေး၊ မင်းကိုငါသတ်မယ်၊ မင်းကိုငါသတ်မယ်”
အဘိုးကြီးက အက်ကွဲနေသည့်အသံနှင့်အော်သဖြင့် ဖိုးမောင်လဲ ကြောက်လန့်သွားကာ အိမ်ပေါ်ပြေးတက်သွားသည်။
“အမေရေ၊ အဘိုးကြီး အဘိုးကြီး”
ဖိုးမောင်က ခြံရှေ့ကိုလက်ညှိုးထိုးပြီးပြသနေသော်လည်း အမေဖြစ်သူကတော့ ဘာကိုဘာမှမမြင်တွေ့ရပေ။
“ဟဲ့သား ဘယ်မှာလဲ အဘိုးကြီးက”
“လာနေပြီ၊ လာနေပြီ၊ သူသားကိုသတ်မယ်တဲ့ လာနေပြီ”
ဖိုးမောင်က အော်ဟစ်ပြောဆိုကာ ရုန်းကန်နေရင်း သတိလစ်သွားတော့သည်။
“လုပ်ကြပါအုံးရှင့် ဒီမှာဖိုးမောင်သတိလစ်သွားလို့”
ဖိုးမောင်သတိပြန်လည်လာတော့ တစ်ကိုယ်လုံးချမ်းတုန်တက်နေသည်။ သူ့အနားတွင်လဲလူတွေဝိုင်းနေသည်။ အဖေက သူ့ဘေးတွင်ထိုင်နေသလို အမေနှင့် ဘကြီးပြုံးတို့ကလဲ ထိုင်နေကြသည်။
“ဟော၊ နင့်သားနိုးလာပါပြီ”
ဘကြီးပြုံးကပြောလိုက်သဖြင့် အမေက သူ့နားကိုကပ်လာသည်။
“သားလေး၊ အမေပြောတာကြားရလား”
ဖိုးမောင်ပြန်ဖြေချင်သော်လည်း လည်ချောင်းတွေက နာကျင်နေသဖြင့် ခေါင်းညိတ်ပြလိုက်ရသည်။
“တော်သေးတာပေါ့သားရယ်၊ ဘကြီးပြုံးကိုလဲ ကျေးဇူးတင်ပါတယ်”
ဘကြီးပြုံးက ကွမ်းအစ်ထဲမှကွမ်းတစ်ယာကို ယာနေပြီး
“နင့်သား ဇီးသီးတွေယူလာတယ်ဆိုတာ့ ငါထင်တာက ဇီးတောကြီးဆီကများယူလာတာလားပဲ”
“ဟုတ်လားသား၊ သားဇီးတောကြီးဆီရောက်ခဲ့လား”
ဖိုးမောင်က ခေါင်းညိတ်ပြသည်။
“အေး၊ နင်နေကောင်းသွားရင်တော့ နင့်ကိုရိုက်မယ်၊ သားကို ဇီးတောကြီးဆီမသွားဖို့ အမေတို့ မမှာထားဘူးလား၊ ဒီရွာကလူတွေအကုန် ဇီးတောကြီးကို မသွားကြဘူးမဟုတ်လား”
“ဒီမယ်ကောင်လေးရဲ့၊ အဲဒီဇီးတောထဲမှာ ဇီးပင်ကြီးတစ်ပင်ရှီတယ်၊ အဲဒီဇီးပင်ကြီးက သရဲအရမ်းခြောက်တယ်ကွဲ့”
ဘကြီးပြုံးက ကွမ်းယာကိုပါးစပ်ထဲထည့်လိုက်ပြီး ပါးစောင်တွင်ကပ်ထားလိုက်ပြီး
“အဲဒီဇီးပင်ကြီးမှာ အလွန်နှစ်ချို့နေတဲ့ သဘက်ကြီးတစ်ကောင်ရှိတယ်၊ သူ့ကိုအဘိုးကြီးပုံစံနဲ့ မြင်ကြရတယ်ကွ၊ အဲဒီသဘက်ကြီးက ဇီးပင်ကို ဘယ်လိုစွဲနေသလဲတော့မသိပါဘူး၊ သူ့ဇီးပင်နားကိုလာတဲ့သူတွေကို ခြောက်လှန့်လွှတ်သလို၊ သူ့ဇီးသီးကိုစားတဲ့သူတွေကိုလဲ တစ်ခုမဟုတ်တစ်ခု ရန်ရှာတတ်တယ်ကွ”
ဘကြီးပြုံးပြောတော့မှ ဖိုးမောင်လဲ ကျော်ကြီးလက်ကျိုးတာ၊ မိစုဝမ်းလျှောတာ ဒီအဖြစ်အပျက်တွေက ဇီးပင်ကြီးမှ သဘက်ကြီးနဲ့ သက်ဆိုင်လိမ့်မည်ဟု တွေးမိလိုက်သည်။
“တို့ရွာက အရူးငပျော့ကို မင်းသိတယ်မဟုတ်လား”
ဖိုးမောင်လဲခေါင်းညိတ်လိုက်သည်။ အရူးငပျော့ဆိုသော်လည်း အသက်က ခပ်ကြီးကြီးဖြစ်နေပြီး သွက်သွက်ခါအောင်ရူးနေသည်။
“အေး အဲဒီအရုးငပျော့ဆိုတာ အဲဒီဇီးပင်ကြီးကြောင့် ရူးသွားတဲ့သူပေါ့ကွ၊ တို့လူလတ်ပိုင်းအရွယ်က ဆိုပါတော့ကွာ၊ အရင်တုန်းက အဲဒီအနားမှာ ကွင်းခေါင်ခေါင်ကြီး၊ ဇီးပင်ကြီးတစ်ပင်ပဲ ရှိတာ၊ နောက်တော့ ဇီးသီးတွေကနေအပင်ပေါက်ပြီး ဇီးတောဖြစ်သွားတာပေါ့၊ ငပျော့က နွားကျောင်းတယ်၊ နွားကျောင်းရင်း နွားတွေကိုလွှတ်ထားတော့ နွားတွေက ဇီးပင်နားကိုရောက်သွားကြတာပေါ့၊ ပြုတ်ကျနေတဲ့ ဇီးသီးတွေကို ကောက်စားကြတာပေါ့”
“ဒါနဲ့ နွားတွေကိုပြန်သိမ်းတော့ နွားတစ်ကောင်ပျောက်နေတယ်၊ ဒါနဲ့သူလဲလိုက်ရှာတာပေါ့ အချိန်ကတော့ ညနေ နွားရိုင်းသွင်းချိန်လောက်ပေါ့ကွာ၊ နောက်တော့ ဇီးပင်ကြီးနားမှာ နွားအော်သံကြားလိုက်ရတယ်တဲ့၊ သူသွားကြည့်တော့ သဘက်ကြီးက ဘာလုပ်လိုက်တယ်မသိပါဘူးကွာ၊ သွက်သွက်ခါအောင်ရူးပြိးတော့ ရွာကိုပြန်ပြေးလာတော့တာပဲ”
“ကြောက်စရာကောင်းလိုက်တာ ဘကြီးပြုံးရယ်”
သူ့အမေက ဝင်ပြောသည်။
“နောက်တော့ အဲဒီကိုသွားကြည့်တော့ နွားတစ်ကောင်ဟာ ဇီးပင်ခြေရင်းမှာသေနေသတဲ့၊ ဒါပေမယ့် အဲဒီနွားရဲ့ခေါင်းကိုပဲတွေ့တယ်၊ ကိုယ်လုံးကတော့ ဘယ်ရောက်သွားမှန်းမသိကြဘူးတဲ့”
ဘကြီးပြုံးကပြောပြီး ကွမ်းဆက်ဝါးနေသည်။
“ဒါကြောင့် သားတို့ကိုလဲပြောထားတာ အဲဒီဇီးပင်နားကို မသွားပါနဲ့ဆိုတာ၊ အခုတော့ ဖြစ်ပြီမဟုတ်လား၊ နောက်ဆိုမသွားရတော့ဘူးနော်”
ဖိုးမောင်က ခေါင်းညိတ်ပြလိုက်သည်။ နောက်တော့ ဖိုးမောင် အဲဒီဇီးတောဘက်ကို ခြေဦးမလှည့်တော့ပေ။ လမ်းလျှောက်လျှင်လဲ ထိုဇီးတောနားရောက်လျှင် လှည့်တောင်မကြည့်ဘဲ ခပ်သွက်သွက်လျှောက်သွားလိုက်သည်။
အချိန်တွေကြာခဲ့ပြီ၊ ဖိုးမောင်တောင် ဆယ်တန်းအောင်ပြီးလို့ ရန်ကုန်မှာဆင်းပြီး အလုပ်လုပ်နေပြီဖြစ်သည်။ တစ်ရက်တော့ ရွာက အမေ့ဆီကနေဖုန်းလာသည်။
“အော် ဒါနဲ့သားရေ၊ ဇီးတောကြီး မရှိတော့ဘူးသား”
“ဟုတ်လား၊ ဘယ်သူဖျက်လိုက်တာလဲ”
“တစ်ရက်တော့ လေကြီးမိုးကြီးတွေကျပြီး မိုးကြိုးတွေပစ်တာ၊ ဇီးတောထဲက ဇီးပင်ကြီးကို မိုးကြိုးပစ်ချသွားတယ်လေ၊ ဇီးပင်ကြီးလဲ ထက်ခြမ်းကွဲပြီးတော့ မီးကျွမ်းသွားတယ်၊ အဲဒီနောက်ပိုင်းကစပြီးတော့ ဇီးတောကြီးမှာ အခြောက်အလှန့်မရှိတော့တာ၊ ဒါနဲ့ပဲ ရွာကလူတွေ ဇီးတောကိုရှင်းလိုက်တယ်ဆိုပါတော့ကွယ်”
ဖုန်းချသွားတော့ ဖိုးမောင်လဲစဉ်းစားနေမိသည်။ သူတစ်ချိန်က ကိုယ်တိုင်အခြောက်အလှန့်ခံဖူးသည့်ဇီးတောကြီး၊ လူတိုင်းနီးပါးကြောက်ရသည့် ဇီးတောထဲက သဘက်ကြီး ဘယ်များရောက်သွားသလဲ ဆိုတာကို သူတတ်နိုင်သလောက်တော့ စဉ်းစားနေမိသည်။ သို့သော်လည်း ရေရောသည့်အဖြေမထွက်ခဲ့။
နောက်တစ်နှစ်ရွာပြန်တော့ ထိုဇီးတောကြီးအနီးတစ်ဝိုက်တွင် အိမ်တွေ ဆိုင်တွေနှင့် ရွာတန်းကလေးဖြစ်နေခဲ့ပြီ၊ သူငယ်ငယ်ကကျောင်းတက်ခဲ့သည့် တာလမ်းကြီးမှာလဲ လူသွားလူလာများသဖြင့် လမ်းဘေးတွင် ဆိုင်မျိုးစုံဖွင့်ကာ ဈေးရောင်းချနေကြသလို သူတို့ရွာကလေးမှာလဲ အတော်အသင့်စည်ကားခဲ့ပြီဖြစ်သည်။ ဖိုးမောင်ထိုနေရာသို့ရောက်တိုင်း ငယ်ငယ်က တွေ့ကြုံခဲ့သည့် ဇီးတောနေရာကြီးကို မှန်းဆရင်း အတိတ်ကအဖြစ်အပျက်များ အတွေးထဲပြန်လည်ရောက်မိနေပါသေးသည်။
ပြီးပါပြီ။
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်လေးစားလျက်
အဂ္ဂဇော်