သုံးဆယ့်ရှစ်ယောက်မြောက်ဘုရားပျံ

ဂဝံလမ်းကြီးကိုရောက်ပါရောဗျာ၊ လှည်းက ဂဝံလမ်းပေါ်မှာ ဒေါင်းဒေါင်းပြေးသွားနေတာဆိုတော့ လှည်းပေါ်လိုက်တဲ့ ကျုပ်တို့မှာ ဆီးဖြူသီးကို စကောထဲထည့်ပြီးလှိမ့်သလို လူးလိမ့်နေတာပါပဲဗျာ၊ ဒီအရှိန်နဲ့လှည်းပေါ်က ပြုတ်ကျရင်မလွယ်ဘူးဗျ၊ ဒါကြောင့် လှည်းကိုသေသေချာချာကိုင်ထားရသေးတာ၊ ကျုပ်တို့လှည်းနောက်မှာ ထိုင်လိုက်တဲ့လူတွေသာ လူးလှိမ့်နေတာပါဗျာ၊ လှည်းဦးမှာ မတ်တပ်ရပ်ပြီး လိုက်လာတဲ့ ချောချောကတော့ တစ်ချက်ကလေးတောင်မှ မယိမ်းယိုင်ဘူးဗျ။

ဒီလိုနဲ့ နေမစောင်းတစောင်းအချိန်ကလေးမှာ ရွာကလေးတစ်ရွာကိုလှမ်းတွေ့လိုက်ရပါရောဗျာ၊ ရွာအပြင်ဘက် ကွင်းအစပ်အရောက်မှာပဲ လူတစ်စုက မတ်တပ်ရပ်နေကြသဗျ၊ ချောချောမောင်းလာတဲ့ နွားလှည်းကိုမြင်တာနဲ့ ဒီလူစုက လမ်းပေါ်ကိုတက်လာကြတယ်၊ ချောချောက ဘေးဖယ်လို့ပြောပေမယ့် ဒီလူတွေက မဖယ်ပါဘူးဗျာ။

နွားလှည်းက အနားကိုရောက်တယ်ဆိုရင်ပဲ ဒီလူစုရဲ့ခေါင်းဆောင်ဖြစ်မယ့် သဘက်ကြီးပေါင်းထားတဲ့လူကြီးက နွားလှည်းကို လက်ဝါးနဲ့ကာရင်း

“ဟဲ့နွား၊ အခုချက်ချင်းရပ်လိုက်ပါလား”

လို့အသံပြဲကြီးနဲ့အော်ထည့်လိုက်ပါရော၊ ဒုံးပြေးနေတဲ့နွားနှစ်ကောင်က ကားဘရိတ်ဖမ်းဆွဲလိုက်သလို တိခနဲရပ်သွားတယ်ဗျ၊ ရပ်တဲ့အရှိန်ကြောင့် ကျုပ်နဲ့ ဘသောင်းနဲ့ လှည်းပေါ်ကနေအရှိန်လွန်ပြီးတော့ အရှေ့ကိုကျွမ်းထိုးကျပါရောဗျာ။

“အောင်မယ်လေးဗျာ”

“သေပါပြီဗျ”

နှစ်ယောက်သား အော်ဟစ်ကြတယ်ဗျ၊ ဂဝံမြေပေါ်ကျတာဆိုတော့ အကျမတော်ရင်သေမှာ၊ ထူးဆန်းတာကတော့ ကျုပ်တို့ပြုတ်ကျပြီး မြေကြီးနဲ့ထိတဲ့အခါ မြေကြီးက ဆိုဖာကြီးတစ်ခုလို ပျော့အိနေပါရောဗျာ၊ ဂဝံမြေကြီးဆိုတာ ဒီလိုပျော့အိရိုးထုံးစံမှမရှိတာဗျ၊ ကျုပ်နဲ့ဘသောင်းလူးလဲထပြီးတော့မှ မြေကြီးက ပြန်မာသွားတာဗျ၊ ကျုပ်တို့နှစ်ယောက်က တစ်ဖက်မှာလည်း ရှမ်းတွေ၊ တစ်ဖက်မှာလည်း ချောချောနဲ့နွားလှည်းကြီးဆိုတော့ ပဲလှော်ကြားဆားညပ်သလိုဖြစ်နေတာပေါ့။

ချောချောက နွားတွေကိုကြည့်ရင်း

“ဆက်ပြေးကြစမ်း”

လို့အမိန့်ပေးတော့ နွားတွေက ဆက်ပြေးဖို့လုပ်တယ်၊ ဒီအခါ ရှမ်းကြီးက နွားတွေကို ဝါးခြမ်းပြားကလေးတွေနဲ့ပစ်ထည့်လိုက်ပါရော၊ ဝါးခြမ်းပြားက နှစ်လက်မလောက်ပဲရှိမယ်ဗျ၊ နွားတွေရဲ့ခေါင်းကိုထိသွားတာနဲ့ နွားနှစ်ကောင်က ဇက်ကျိုးကျပြီးတော့ စင်းစင်းကြီးသေပါရောဗျာ၊ ရှမ်းကြီးက နောက်ထပ်ဝါးခြမ်းပြားနဲ့ လှမ်းပစ်ထည့်လိုက်ပြန်တော့ ချောချောဆီကိုတန်းတန်းမတ်မတ်နဲ့ပျံဝင်သွားတယ်ဗျ၊ ချောချောကလက်နဲ့ပုတ်ထုတ်လိုက်တော့ လေပေါ်မှာတင် ဝုန်းခနဲကွဲထွက်သွားပါရော၊ ချောချောက လှည်းပေါ်ကနေ ကျွမ်းတစ်ပတ်ထိုးပြီးတော့ အရှေ့ကိုခုန်ဆင်းလိုက်တယ်။

“မင်းတို့ဘာကောင်တွေလဲ၊ ဘာဖြစ်လို့ ငါတို့လှည်းကိုတားရတာလဲ၊ ငါ့အရှေ့ကနေ ဖယ်ရင်ဖယ်နော်၊ မဟုတ်ရင် မင်းတို့ ငါ့အဆိုးမဆိုနဲ့”

“ဟား၊ ဟား မင်းကိုတားမလို့ရောက်နေပါတယ်ဆိုမှ၊ မင်းကိုလမ်းဖယ်ပေးရအုံးမှာလားကွ”

“ပြောစမ်း၊ မင်းတို့ကို ဘယ်သူလွှတ်လိုက်တာနဲ့”

“အပိုတွေမပြောနဲ့ ငါမင်းကို နှစ်ခုရွေးခိုင်းမယ်၊ ပထမတစ်ခုကတော့ မင်းဒီနေရာကနေ အေးအေးဆေးဆေးလှည့်ပြန်သွားလိုက်ပါ၊ ဒုတိယတစ်ခုကတော့ မင်းလှည့်ပြန်မသွားဘူးဆိုရင် ငါတို့မင်းကို ပြန်ပို့ပေးရလိမ့်မယ်ကွ”

ချောချောက တဟင်းဟင်းနဲ့ရယ်ရင်း

“ငါတတိယတစ်ခုကိုရွေးတယ်”

“တတိယတစ်ခုမှ မရှိတာ”

“ရှိတယ်၊ တတိယတစ်ခုကတော့ မင်းတို့အကုန်လုံးကို ငါသတ်ပြီးတော့ မင်းတို့အလောင်းတွေကို လှည်းနဲ့ဖြတ်နင်းသွားဖို့ပဲ”

ချောချောပြောတော့ ရှမ်းကြီးမျက်နှာက ရှုံ့မဲ့သွားတယ်ဗျ၊

“ဒီကောင်မကတော့ ငါတို့အကြောင်းသိချင်နေပြီထင်တယ်၊ ကဲ ငါ့လူတို့ ဒီကောင်မကို မင်းတို့စိတ်တိုင်းကျသာ လုပ်လွှတ်လိုက်ကြစမ်းကွာ”

ရှမ်းတွေက သူတို့ဆီက ရှိသမျှ အဆောင်လက်နက် ပစ္စည်းတွေနဲ့ ပစ်ကြပါရောဗျာ၊ ကြေးပြား၊ ငွေပြားတွေလည်းပါတယ်၊ သစ်သားနဲ့လုပ်ထားတဲ့ သန်လျက်ကလေးတွေ၊ ဓါးလိုပုံစံကလေးတွေလည်းပါတယ်၊ သတ္တုနဲ့လုပ်ထားတဲ့ လှံကလေးတွေလဲပါတယ်ဗျ၊ လက်နက်တွေက ချောချောကိုပြေးထိတော့ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ပေါက်လိုက်ကွဲလိုက်တာဆိုတာ မသိရင်မိုးခြိမ်းနေသလိုပါပဲဗျာ။

လက်နက်တွေပစ်ခတ်အပြီးမှာ ချောချောကဘာမှမဖြစ်ပေမယ့် ရှမ်းတွေကတော့ တော်တော်လန့်သွားကြတယ်။ ညနေစောင်းပြီဆိုတော့ နေကဝင်လုပြီဗျ၊ နေရောင်စောင်းစောင်းကထိုးတာဆိုတော့ ဒီလူတွေရဲ့အရိပ်တွေက ရှည်မျောမျောကြီးတွေဖြစ်နေသဗျ၊ ချောချောက ရယ်မောရင်း ခြေထောက်တစ်ချက်ဆောင့်ထည့်လိုက်တော့ သူ့ခြေထောက်အောက်ကနေ အရိပ်မည်းကြီးတွေပြေးထွက်လာပြီး ခုနကလူတွေရဲ့အရိပ်တွေထဲကို ပြေးဝင်ကုန်တယ်ဗျာ၊ မကြာခင်မှာပဲ ရှမ်းတွေ တအွတ်အွတ် တအင့်အင့်နဲ့ လည်ပင်းတွေကိုကိုင်တဲ့လူကကိုင်၊ ရင်ဘတ်ကို ဖိတဲ့လူကဖိနဲ့ အမျိုးစုံခံစားနေကြရပါရော။

ချောချောက ခေါင်းကြီးစိုက်ပြီး သွားကြီးဖြဲလို့ တဟီးဟီးနဲ့ ကျေကျေနပ်နပ်ကြီးရယ်မောပြီးတဲ့အဆုံးမှာ ဒီရှမ်းတွေအကုန်လုံး မြေပြင်ကိုလဲကျပြီး အတုံးအရှုံးသေကုန်ကြပါရောဗျာ။ တစ်ချို့တွေက မသေခင်လူးလွန့်နေကြပါသေးတယ်၊ မျက်လုံးကြီးတွေပြူးထွက်၊ လျှာကြီးတွေပြူးထွက်ပြီးတော့ ပိုးစိုးပက်စက်ကို သေကုန်ကြတာဗျာ၊ သေပြီးတာနဲ့ ဒီလူတွေရဲ့ ကိုယ်ကထွက်တဲ့အရိပ်တွေက ပြေးထွက်လာပြီး ချောချောရဲ့ခြေထောက်အောက်ကိုဝင်ကုန်ကြတယ်၊ ခုနက ကလေးတင် မတ်တပ်ရပ်နေတဲ့ လူဆယ်ယောက်လောက်က အခုမျက်စိရှေ့မှာတင် အသေဆိုးနဲ့သေသွားကြတယ်ဆိုတော့ ကျုပ်ဖြင့်တော်တော်ကိုလန့်နေမိတယ်ဗျာ။ ကျုပ်ထက်လန့်နေတာကတော့ ဘသောင်းပဲဗျ၊ ဘသောင်းဆိုရင် မျက်လုံးကြီးပြူးပြီးတော့ နဖူးကနေ ဇောချွေးတွေကို ပြန်လို့ဗျို့။

သေနေတဲ့နွားကြီးတွေက ငေါက်ခနဲထရပ်ပြီးတော့ လှည်းက မောင်းထွက်ပါရောဗျာ၊ ချောချောရဲ့စကားအတိုင်းပဲ ခုနက သေထားကြတဲ့လူတွေရဲ့အလောင်းတွေကို လှည်းကတက်ကြိတ်ပြီး ရွာဘက်ကိုမောင်းထွက်သွားပါရော၊ ချောချောက ကျုပ်တို့ကိုတောင်မေ့သွားပြီထင်ပါ့ဗျာ၊ ကျုပ်နဲ့ဘသောင်းနဲ့ အနောက်မှာကျန်နေခဲ့တယ်။

“ကိုဘသောင်းရာ ကျုပ်က ရိုးရိုးလူဆိုတော့ ဒီလူတွေသေကုန်တာမြင်တော့ တုန်လှုပ်တာမဆန်းပါဘူး၊၊ ခင်ဗျားကတော့ ကဝေရှင်ဖြစ်ပြီးတော့ ဒီလောက်တောင် တုန်လှုပ်နေစရာလားဗျာ”

“ဟ၊ အရိပ်သခင်၊ အရိပ်သခင်လွတ်သွားပြီကွ”

“ဟင်၊ အရိပ်သခင်ဆိုတာဘာလဲဗျာ”

ဘသောင်းက သူ့နဖူးကိုသူ လက်ဝါးနဲ့တဖတ်ဖတ်ရိုက်ပြီးတော့

“မှားပြီ၊ သားမှားပြီအဖေရေ၊ သားမေ့ပြီးတော့ အရိပ်သခင်ကိုလွှတ်ပေးလိုက်မိပြီ”

ကျုပ်က ဂယောင်ချောက်ခြားဖြစ်နေတဲ့ ဘသောင်းရဲ့လက်မောင်းကို ဆွဲလှုှုပ်ခါလိုက်ပြီး

“ဟေ့လူ၊ ခင်ဗျားကိုမေးနေတယ်လေဗျာ၊ အရိပ်သခင်ဆိုတာ ဘာလဲဗျ”

“ဘာလဲဆိုတာတော့ ငါလည်းသေသေချာချာမသိဘူးကွာ၊ ငါ့အဖေ ကဝေရှင်ကြီးဦးထိုက်တန်မသေခင်တုန်းက ငါ့ကိုသေသေချာချာမှာထားခဲ့တယ်၊ ဘာပဲဖြစ်နေဖြစ်နေ နှစ်တစ်ထောင် အရိပ်သခင်ကို ဘယ်လိုနည်းနဲ့မှ မလွှတ်ပေးနဲ့တဲ့ကွ”

“ဒါဆို သူကဘယ်မှာရှိတာလဲ”

“ငါ့အိမ်ထောင်က နှစ်ပေလောက်နီးနီးရှိတဲ့ ဖန်ပုလင်းကြီးတစ်လုံးထဲမှာလေကွာ”

“ဟာဗျာ၊ ဒါဆို ခင်ဗျားက ဖန်ပုလင်းတွေအကုန်လုံးကို ထုနှက်ပြီး ကဝေတွေလွှတ်ပေးခဲ့တယ်ဆိုတော့ အဲဒီ နှစ်တစ်ထောင်အရိပ်သခင်ဆိုတာ ပါသွားပြီပေါ့”

ဘသောင်းက ခေါင်းညိတ်တယ်ဗျ။

“ဒါကြောင့် ဦးဘသာက အရိပ်စွမ်းအင်တွေကို သုံးနေနိုင်တာကိုးဗျ”

ဘသောင်းက မတ်တပ်ရပ်ပြီးတော့ သူ့ပုဆိုးကိုပြင်ဝတ်ရင်း

“ဘာပဲဖြစ်ဖြစ်၊ ငါတို့အရိပ်သခင်အနောက်ကို လိုက်သွားရမယ်၊ ကဝေရှင်အဆင့်ဆင့်လက်ဆင့်ကမ်းပြီး ထိန်းသိမ်းလာတဲ့အရိပ်သခင်က ငါ့လက်ထက်ရောက်မှာ လွတ်သွားတာမျိုးမဖြစ်နိုင်ဘူးကွ”

ဘသောင်းက အော်ပြီးခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ လှည်းအနောက်ကိုပြေးလိုက်သွားတာနဲ့ ကျုပ်လည်း လူသေအလောင်းကောင်တွေကို ခွကျော်နင်းပြီးတော့ ဘသောင်းအနောက်ကို အပြေးလိုက်ခဲ့ရပါရောဗျာ။

(၂)

မကြာခင် ရွာကလေးတစ်ရွာဆီကိုရောက်တယ်ဗျ၊ ရွာထဲကလူတွေက ရုတ်ရုတ်သဲသဲဖြစ်နေသဗျ၊ ရေပုံးတွေဆွဲတဲ့သူကဆွဲ၊ ဓါးတွေ ပေါက်ဆိန်တွေကိုင်တဲ့လူက ကိုင်နဲ့ဗျ။ ရွာထဲတစ်နေရာကနေ မီးခိုးဖြူဖြူကြီးတွေ အလုံးလိုက်ထွက်နေတာမြင်ရတော့မှ မီးလောင်နေမှန်းသိလိုက်ရတာ၊ ဒါနဲ့ ကျုပ်တို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြတယ်၊ မီးလောင်နေပြီဆိုတော့ တစ်ခုခုဖြစ်ပြီမဟုတ်လားဗျာ၊ ရွာသားတွေနဲ့အတူတူ မီးလောင်တဲ့နေရာကိုအပြေးးလိုက်လာခဲ့ကြတယ်ဗျ၊ မီးလောင်တဲ့ခြံဝန်းအရှေ့ရောက်တယ်ဆိုရင်ပဲ လူတွေကိုအုံခဲနေတာပဲဗျ။

“ဘာဖြစ်တာလဲဗျာ”

“ကောင်မလေးတစ်ယောက်ပေါ့ဗျာ၊ ဘာမပြောညာမပြောနဲ့ အိမ်ထဲကို ဝင်ချသွားလိုဗျ”

သူတို့ပြောတဲ့ကောင်မလေးဆိုတာ ချောချောကလွဲလို့ ဘယ်သူရှိအုံးမလဲဗျ၊ ခြံဝန်းထဲမှာလည်း နွားကြီးနှစ်ကောင်ကသေနေပြီးတော့လှည်းကလည်း တစ်စစီဖြစ်ပြီး ကျနေပါရောဗျာ၊ ကျုပ်နဲ့ဘသောင်းနဲ့ ပြေးဝင်မယ်လုပ်တဲ့အခါ ရွာသားတွေက ကျုပ်တို့ကိုဆွဲထားသဗျ၊ ကျုပ်တို့မီးလောင်သေကုန်မှာကို စိုးရိမ်လို့ပေါ့ဗျာ၊ ဒီအချိန်မှာပဲ မီးလောင်နေတဲ့သစ်သားအိမ်ပေါ်ကနေ ချောချောက ခုန်ဆင်းလာပါရောဗျာ၊ သူ့လက်ထဲမှာလည်း လူတစ်ယောက်ကို ပွေ့ချီလို့ဗျ၊ လူတွေအနားကိုပြေးလာပြီးတော့ ကျုပ်တို့အရှေ့ကိုလည်းရောက်ရော လွှားခနဲခုန်ထည့်လိုက်တာ ဝါးတစ်ပြန်အမြင့်လောက်ရောက်ပြီး ပျံတက်သွားပါရော၊ ရွာသားတွေအံ့အားသင့်နေတုန်းမှာ ကျုပ်နဲ့ဘသောင်းလည်း လူတွေကြားကနေ ရုန်းကန်ထွက်ပြီး ချောချောခုန်သွားတဲ့အနောက်ကို လိုက်ခဲ့ကြပါရောဗျာ။

“ဟိုမှာ၊ ဟိုမှာဟေ့”

ရွာအပြင်မှာ မြေပုံမို့မို့နဲ့ သုဿန်ကလေးတစ်ခုရှိသဗျ၊ အဲဒီသုဿန်ကလေးရဲ့ ဇရပ်ပျက်ကြီးပေါ်မှာ ချောချောကထိုင်နေပါရော၊ ဘသောင်းနဲ့ကျုပ်နဲ့ ရောက်သွားတဲ့အခါ ချောချောက သူ့ပေါင်ပေါ်ကလူကိုကြည့်ရင်း ငိုနေပါရောဗျာ၊ ဘသောင်းက အနီးရောက်တော့ သူလည်းတော်တော်လန့်သွားတယ်ဗျ၊ ချောချောပေါင်ပေါ်မှာ ကျန်နေတဲ့လူက ကိုယ်တစ်ပိုင်းပဲရှိတော့တယ်၊ ခါးအောက်ပိုင်းပါမလာဘူးဗျာ။

“ဟာ အကိုလတ်၊ အကိုလတ်”

ဘသောင်းက အော်ရင်း ချောချောအနားကိုပြေးသွားတယ်။ ဧကန္တချောချောပေါင်ပေါ်ကလူက သူတို့ပြောတဲ့ အကိုလတ် သိန်းတန်များလားဗျာ၊ ဘသောင်းက အနားကိုပြေးသွားပြီး တစ်ပိုင်းပဲပါတဲ့ ခန္ဓာကိုယ်ကို လှုပ်မေးတော့တာပဲ။

“အကိုလတ်၊ ဘယ်လိုဖြစ်ရတာလဲ အကိုလတ်ရာ”

တစ်ပိုင်းတည်းကျန်တဲ့ ကိုယ်က မီးတွေလောင်ပြီးတော့ သူ့အရေပြားတွေဆိုရင် ကြွပ်တောင်ကြွပ်နေပါရော။ ချောချောက ခေါင်းညိတ်ပြီး

“သိန်းတန်ကို သူများသတ်သွားတာကွ၊ သူများသတ်သွားတာ”

“ဘယ်သူကများ ဒီလိုရက်ရက်စက်စက်လုပ်သွားရတာလဲဗျာ”

ချောချောက ခေါင်းငုံ့ပြီးတော့ သေနေတဲ့အလောင်းကောင်ကြီးရဲ့ ပါးစပ်ကို သူ့ပါးစပ်နဲ့တေ့လိုက်ပါရောဗျာ၊ ဒီအခါ ပါးစပ်ထဲကနေ အရိပ်ကြီးတွေကထွက်သွားပြီး အလောင်းကောင်ကြီးထဲကို ဝင်သွားတာကိုတွေ့လိုက်ရတယ်၊ မကြာခင်မှာပဲ မီးလောင်ပြီးသေထားတဲ့ အလောင်းကောင်ရဲ့မျက်နှာကြီးက လှုပ်စိ လှုပ်စိဖြစ်လာပါရောဗျာ၊ ဒီတော့မှ ချောချောက ပါးစပ်ကိုခွာလိုက်တယ်၊ အလောင်းကောင်က တဟွတ်ဟွတ်နဲ့ ချောင်းဆိုးပါရော၊ သူ့ပါးစပ်ထဲကနေ မီးခိုးငွေ့တွေနဲ့ ပြာတွေတောင်ထွက်လာသေးတယ်ဗျာ။

“သိန်းတန်၊ မင်းဘယ်လိုဖြစ်တာလဲ”

ချောချောမေးလိုက်တော့ အလောင်းကောင်ကြီးက မျက်လုံးကလယ်ကလယ်နဲ့ လိုက်ကြည့်ရင်း

“အကိုကြီး၊ ဟာ၊ ညီလေးလည်းပါတာကိုး”

“အလွမ်းသယ်မနေနဲ့ သိန်းတန်ရာ ငါတို့အချိန်သိပ်မရဘူး၊ မင်းကိုဘယ်သူလုပ်တာလဲ”

“ကျုပ်ကိုလုပ်သွားတာက နဖူးပြောင်ပြောင်နဲ့ အဘိုးကြီးတစ်ယောက်ပဲဗျ”

ကျုပ်နဲ့ ဘသောင်းနဲ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိတယ်။

“ကျုပ်နေ့လည်က အိမ်မှာဆေးတစ်ခုစီရင်နေတဲ့အချိန်မှာ အဲဒီအဘိုးကြီးက အိမ်ပေါ်ကိုတက်လာတယ်ဗျာ၊ ကျုပ်က ဧည့်သည်ဆိုပြီးတော့ ဧည့်ခံနေလိုက်ပါသေးတယ်၊ အဘိုးကြီးက ကျုပ်ကိုတစ်ခွန်းပဲမေးတယ်ဗျ၊ စိန်သွားရှိလားလို့မေးတယ်”

ချောချောက ပြာပြာသလဲဖြစ်ပြီးတော့

“ဟာ၊ ဒါနဲ့မင်းက ထုတ်ပေးလိုက်ရောလားကွ”

“ဘယ်ထုတ်ပေးပါ့မလဲ အကိုကြီးရာ၊ ကျုပ်တတ်သလောက်ပြန်ခုခံတာပေါ့၊ ဒါပေမယ့် ဒီလူကြီးက မခေဘူးဗျ၊ သူ့ခေါင်းပေါ်ကနေ နဂါးနီကြီးတစ်ကောင်ထုတ်လွှတ်ပြီးတော့ ကျုပ်ကိုတိုက်တာပဲဗျာ၊ နောက်တော့ နဂါးကြီးက ကျုပ်ကိုအမြှီးနဲ့ရိုက်ထည့်လိုက်တော့ ကျုပ်ကိုယ်နှစ်ပိုင်းပြတ်ထွက်သွားတာပဲ၊ နဂါးပါးစပ်ထဲက မီးတောက်မီးလျှံတွေထွက်လာပြီး အိမ်ကိုမီးတိုက်ခဲ့တာ”

“ဒါဆို မင်းရဲ့စိန်သွားရော သူတို့လက်ထဲပါသွားပြီလား”

“စိန်သွားကို ကျုပ်က အပါခံပါ့မလား အကိုကြီးရာ၊ အဖေ့ဆီက စိန်သွားနှစ်ခုအမွေရတော့ အကိုကြီးတစ်ခု ကျုပ်တစ်ခုလေဗျာ၊ အဖေက အဲဒီစိန်သွားတွေကို သေချာသိမ်းရမယ်လို့ မှာခဲ့တယ်မဟုတ်လား၊ မကောင်းတဲ့လူတွေလက်ထဲရောက်သွားရင် မကောင်းတာဖြစ်တတ်တယ်ဆိုတယ်မဟုတ်လား၊ ဒါကြောင့် ကျုပ်သေသေချာချာထိန်းသိမ်းထားခဲ့ပါတယ်အကိုကြီး”

“ငါ့စိန်သွားကတော့ မကောင်းတဲ့ကောင်လက်ထဲ ပါသွားပြီဟေ့၊ ဒါနဲ့ မင်းစိန်သွားက အခုဘယ်မှာလဲ”

“ဟောဒီသုဿန်ထဲမှာ ကျုပ်နာမည်နဲ့မြှုပ်ထားတဲ့ မြေပုံကိုရှာပါအကိုကြီး၊ အဲဒီမြေပုံကိုတွေ့ရင် စိန်သွားကိုတွေ့ပါလိမ့်မယ်”

ပြောပြီးတာနဲ့ လူသေကောင်ကြီးက တောင့်တောင့်ကြီးပြန်ဖြစ်သွားပါရောဗျာ၊ သူ့ကိုယ်ထဲက အရိပ်တစ်ခုထွက်လာပြီး ချောချောကိုယ်ထဲဖောက်ဝင်သွားတယ်၊ ချောချောက လူသေကောင်ကို ဇရပ်ကြမ်းပြင်ပေါ်ကို ပစ်ချလိုက်ပြီးတော့

“သူပြောတာကြားလိုက်တယ်မဟုတ်လား၊ ငါတို့ ဒီသုဿန်ထဲ မြန်မြန်ရှာကြရမယ်ကွ”

ဒါနဲ့ ကျုပ်တို့အားလုံး သုဿန်ထဲလှည့်ပြေးကြတာပေါ့ဗျာ၊ သုဿန်မှာထောင်ထားတဲ့ မှတ်တိုင်တွေကို တစ်ခုပြီးတစ်ခုလိုက်ကြည့်ကြတာပေါ့၊ တစ်ချို့မှတ်တိုင်အဟောင်းတွေဆိုရင် ဘာတွေရေးထားမှန်းတောင် ဖတ်လို့မရတော့ဘူးဗျ၊ ဒါပေမယ့် တစ်နေရာရောက်တော့ သုဿန်အပြင်အစပ်နားက ချုံပုတ်ထဲမှာ မှတ်တိုင်ကလေးတစ်ခုကိုတွေ့လိုက်ရပါရောဗျာ။

“ဦးသိန်းတန်၊ အသက်လေးဆယ်ဆိုပါလား”

ကျုပ်က ဘသောင်းကိုလက်ကုပ်ပြီးတော့ အဲဒီနေရာကိုခေါ်လာခဲ့တယ်၊ ချောချောလည်းရောက်လာတယ်ဗျ၊ အချိန်ကတော့ ညနေအတော်စောင်းပြီး နေဝင်တော့မယ့်အချိန်ပေါ့ဗျာ၊ နေအလင်းရောင်က ပတ်ဝန်းကျင်မှာတောင် သိပ်မရှိတော့ဘူးဗျ။ ဘသောင်းက ချုံကိုရှင်းလိုက်တော့ ချောချောက မြေပုံကိုကြည့်ပြီးခေါင်းညိတ်သဗျ၊

“ဟုတ်တယ်၊ ဒါပဲဖြစ်ရမယ်”

ချောချောက မြေကြီးကိုလက်ညှိုးနဲ့ထိုးပြီး ရွတ်လိုက်တာနဲ့ မြေစိုင်မြေသားတွေက သူ့အလိုလိုဖွာတက်လာပြီးတော့ ဘေးကိုယက်ဖယ်သွားသဗျာ၊ ဒီပညာကလည်းမဆိုးဘူးဗျ၊ လူသေမြှုပ်ဖို့တွင်းတစ်တွင်းတူးတာ ဘယ်လောက်ပင်ပန်းသလဲဆိုတာ ကျုပ်တို့အသိဆုံးမဟုတ်လား၊ ဒီပညာရှိလို့ကတော့ လက်ညှိုးတစ်ချောင်းနဲ့ ကျင်းတစ်ကျင်းဖြစ်တယ်ဗျာ၊ ဒီပညာသာကျုပ်တတ်ရင်တော့ ရွာပြန်ပြီး တွင်းချည်းတူးစားမှဗျ၊ ရေတွင်းပြောပါတယ်ဗျာ။

ချောချောတူးပြီး သိပ်မကြာခင်မှာပဲ ပျဉ်းကတိုးသားခပ်ထူထူနဲ့လုပ်ထားတဲ့ သစ်သားအခေါင်းကြီးပေါ်လာခဲ့တယ်ဗျ၊ အခေါင်းကို ရေနံချေးတွေသုတ်ထားလို့ အခေါင်းကြီးက မည်းနက်နေပါရောဗျာ၊ ချောချောလက်ဖျောက်တစ်ချက်တီးလိုက်တော့ အခေါင်းဖုံးက ဝုန်းခနဲဘေးကိုလန်ပွင့်သွားတော့တယ်၊ ကျုပ်လည်း သိချင်လို့ ကျင်းထဲငုံ့ကြည့်တော့ အခေါင်းထဲမယ် တစ်တောင်လောက်ရှိတဲ့ ဝါးဆစ်ဘူးကလေးက လွဲပြီးတော့ ဘာမှကိုမရှိဘူးဗျ။

ချောချောက မြေပေါ်ကနေ ဝါးဆစ်ဘူးဆီကိုလက်လှမ်းတဲ့အချိန်မှာ ဝါးဆစ်ဘူးကလေးက ဝှစ်ခနဲခုန်ထပြီး ချောချောလက်ထဲကိုရောက်လာပါရောဗျာ၊ ချောချောက ဝါးဆစ်ဘူးကို ဆုပ်ကိုင်လိုက်ပေမယ့် ဝါးဆစ်ဘူးနဲ့သူ့လက်နဲ့ထိတဲ့အခါ ရှဲခနဲအသံမြည်သွားပြီးတော့ ဝါးဆစ်ဘူးလည်း လွှတ်ကျသွားတယ်၊ ဘေးက ကြည့်နေတဲ့ကျုပ်က လက်မြန်လို့ပေါ့ဗျာ၊ ချောချောလက်ထဲက ဝါးဆစ်ဘူးအကျမှ ကျုပ်က လှမ်းဖမ်းထားလိုက်တယ်။

ဝါးက ဝါးနက်သားဗျ၊ ဝါးဆစ်က အပေါ်ပိတ်၊ အောက်ပိတ်ပဲ၊ ဝါးဆစ်အောက်ဘက် တစ်နေရာမှာတော့ အံဝှက်လိုတစ်ခုပါတယ်ဗျ၊ ဘသောင်းက ကျုပ်ကိုဆွဲဖွင့်ခိုင်းတာနဲ့ ကျုပ်ဆွဲဖွင့်လိုက်တဲ့အခါ ဝါးဆစ်ဘူးကလျှောခနဲထွက်လာပြီးတော့ အထဲမှာ ဘုရားစိန်ဖူးတော်လို့ စိန်အကွက်အကွက်တွေသွေးထားတဲ့ စိန်ဖူးတစ်ခုကိုတွေ့လိုက်ရတာပါပဲဗျာ။

“ဒါ၊ ဒါက စိန်သွားဆိုတာလား”

ဘသောင်းရော၊ ချောချောပါ ခေါင်းကိုပြိုင်တူညိတ်ကြတယ်။

“ခင်ဗျားတို့စိန်သွားကလည်း ဘုရားစိန်ဖူးတော်နဲ့တူလိုက်တာဗျာ”

“တူမှာပေါ့ကွ၊ အဲဒါဘုရားစိန်ဖူးတော်ပဲကိုး”

“ဟာဗျာ၊ ဘုရားစိန်ဖူးတော်ကို ခင်ဗျားတို့က ဘာလုပ်ထားတာလဲဗျ”

“ဒီဘုရားတွေဆိုတာ လောကီအစီအရင်တွေနဲ့ တည်ခဲ့တဲ့ မြို့စောင့်ဘုရားနှစ်ဆူပဲကွ၊ ရှေးက မြို့တွေ၊ နန်းတွေတည်ရင် မြို့ဦးစေတီ၊ နန်းဦးစေတီဆိုပြီးတော့ စေတီတည်လေ့ရှိတယ်မဟုတ်လား၊ အဲဒီအခါ ဒီမြို့တွေ နန်းတော်တွေ လုံခြုံအောင်ဆိုပြီးတော့ စေတီထဲမှာ အစီအရင်တွေထည့်ထားတတ်ကြတယ်၊ ဒီစိန်ဖူးတော်တွေက ပင်လယ်မြို့ဦးစေတီနဲ့ နန်းဦးစေတီက စိန်ဖူးတော်တွေပဲ၊ ရှေးက စစ်မက်ဖြစ်ကြရင်း ပင်လယ်မြို့ကို ဝိုင်းရံတိုက်ကြတာ မြို့မကျဘဲ ရှိတာမို့လို့ လူယုံသူလျှိုထည့်ပြီး ဟောဒီဘုရားနှစ်ဆူက ထီးတော်ကိုချပြီး ဘုရားကိုချရားသီးအထိဖြိုမှ တိုက်ခိုက်ရတယ်တဲ့ကွာ”

“သြော်၊ ကျုပ်သိပြီ၊ ကျုပ်အရင်က စာထဲဖတ်ဖူးတယ်၊ တောင်ငူမြို့ကိုတိုက်တာ မကျလို့ မြတ်စောညီနောင်ဘုရားက ထီးတော်ချရတယ်ဆိုတာမျိုးပေါ့”

“ဒါပေါ့ကွာ၊ ဟောဒီ ပင်လယ်ဘုရားနှစ်ဆူရဲ့ ထီးတော်ကို မထင်မှတ်ပဲ ကဝေရှင်တွေက ရသွားတယ်ကွ၊ ကဝေရှင်အဆက်ဆက် လက်ဆင့်ကမ်းလာရင်း နောက်ဆုံး ငါတို့အဖေဆီရောက်တာပေါ့ကွာ၊ ဟောဒီစိန်သွားတွေကို အထင်မသေးနဲ့ကွာ၊ ဒီစိန်သွားနဲ့ဖောက်ရင် မပေါက်တဲ့သိုက်မရှိဘူး၊ ဘုရားသိုက်တွေတောင်မှ ပေါက်သတဲ့ကွ၊ ဒါကြောင့် မကောင်းတဲ့လူလက်ထဲ ရောက်လို့မရဘူးလို့ ပြောတာပေါ့”

ဝါးဆစ်ဘူးကို ကျုပ်ကသေချာကိုင်ထားလိုက်တယ်၊ ဘသောင်းက သေသွားတဲ့သူ့အကိုလတ် သိန်းတန်ရဲ့အလောင်းကို ယူလာပြီးတော့ ခုနကအခေါင်းအလွတ်ကြီးထဲကို ပစ်ထည့်ပြီးအခေါင်းကိုပိတ်လိုက်တော့တယ်။

“အကိုလတ်ရေ၊ အခုမှပဲ နေရာကျသွားတော့တာပေါ့ဗျာ”

ချောချောက မြေကြီးတွေကိုပြန်ဖို့လိုက်တော့ မြေပုံကလည်း ပြန်ဖို့ပြီးသားဖြစ်သွားပါရောဗျာ၊ မှတ်တိုင်ကိုပြန်စိုက်လိုက်ပြီးတော့ ကျုပ်တို့တွေ သုဿန်ထဲကထွက်ခဲ့တယ်။

“အခုဘယ်လိုလုပ်ကြမလဲဟင် ကိုဘသောင်း”

“ဘယ်လိုလုပ်ရမှာလဲကွာ၊ နောက်ထပ် စိန်သွားတစ်ခုကို သွားပြန်ယူရမှာပေါ့ကွ”

“ဒါဆိုလည်း ခပ်မြန်မြန်ကလေး သွားကြတာပေါ့ဗျာ”

ချောချောက

“မိုးချုပ်လာပြီဆိုတော့ လမ်းလျှောက်စရာမလိုတော့ပါဘူးကွာ”

အဲဒီလိုပြောပြီးတော့ ချောချောက ကျုပ်ရဲ့ဂုတ်ကို လက်တစ်ဖက်နဲ့ဆွဲကိုင်လိုက်တယ်၊ တစ်ခါ ဘသောင်းရဲ့ဂုတ်ကိုလည်း နောက်လက်တစ်ဖက်နဲ့ဆွဲလိုက်ပြီး အမှောင်ရိပ်တစ်ခုထဲကို ခုန်ဝင်လိုက်ပါရောဗျာ၊ သူခုန်ဝင်တာက အမှောင်ရိပ်ဆိုပေမယ့် ကျုပ်တို့ဖြင့် လေဟာနယ်ကြီးတစ်ခုထဲကို ပြုတ်ကျသွားသလိုပါပဲ။

(၃)

မကြာခင် အလင်းရောင်တွေကိုပြန်မြင်ရတယ်၊ ကျုပ်တို့ရောက်နေတဲ့နေရာကတော့ ငထေရှင်တို့နေထိုင်တဲ့ ခြံကြီးအရှေ့ကိုပဲဗျ။ ကျုပ်တို့ရောက်သွားတယ်ဆိုရင်ပဲ ခြံအရှေ့မှာ လူကြီးတစ်ယောက်ရောက်နေသဗျ။ ကျုပ်သူ့ကိုလှမ်းခေါ်လိုက်တယ်။

“ဟာ၊ ဆရာကြီး ဦးအောင်ရှိန်တောင် ရောက်နေပါရောလား”

ဦးအောင်ရှိန်က ကျုပ်ကိုလှည့်ကြည့်ရင်း

“စောနကမှ ရောက်တာပါကွာ”

“ဘာထူးလဲဗျ”

ဦးအောင်ရှိန်က ခေါင်းခါရင်း

“လောလောဆယ်တော့ တိတ်ဆိတ်နေတာပဲဟေ့၊ ဒါပေမယ့် ဒီလိုတိတ်ဆိတ်တာ မကောင်းဘူးကွ၊ မကြာခင် မုန်တိုင်းထန်သလို ဖြစ်လာတော့မယ့်အရိပ်အခြေပဲ”

ကျုပ်က ဘသောင်းကိုလက်ညှိုးထိုးလိုက်ပြီး

“ဟောဒါက ကဝေရှင်ဘသောင်းတဲ့ဗျ”

ဘသောင်းက ဦးအောင်ရှိန်ကိုပြုံးပြပေမယ့် ဦးအောင်ရှိန်ကတော့ ဘသောင်းကိုမျက်မှောင်ကြုတ်ပြီးကြည့်လိုက်တယ်။

“ကဝေရှင်တွေက ကောင်းတဲ့လူတွေမဟုတ်ဘူးနော်အလတ်ကောင်”

“အိုဗျာ၊ ဘာပဲဖြစ်ဖြစ် အခုသူက ကျုပ်တို့ဘက်ကပဲမဟုတ်လား၊ ဒီတော့ ကောင်းတယ်လို့ ပြောလို့ရပါတယ်”

“သာဒင်၊ မင်းဘယ်လိုစီစဉ်ထားလဲ”

ဦးအောင်ရှိန်ကလှမ်းမေးလိုက်တော့ ဦးဘသာက တွေတွေကြီးကြည့်နေသဗျ၊ ကျုပ်လည်း ဦးအောင်ရှိန်အနားကိုကပ်လိုက်ပြီးတော့

“အဲဒီကိစ္စတွေ နောက်မှပြောပြမယ်ဗျာ၊ လောလောဆယ်တော့ ဦးဘသာက ဦးဘသာမဟုတ်သေးဘူးဗျ”

“ထားပါတော့ အခုငါတို့ဘယ်လိုလုပ်မယ်စိတ်ကူးလဲ”

ချောချောက

“ငါတို့မှာ စိန်သွားတစ်ခုရှိတယ်၊ ငါတို့ညီအကိုတွေ အဲဒီငထေရှင်ဆိုတဲ့လူကို မျှားခေါ်ပြီး အာရုံလွှဲထားမယ်၊ ဒီအချိန်စိန်သွားနဲ့ခြံကိုဖောက်ပြီးခင်ဗျားတို့ ခြံထဲဝင်ရမယ်”

ဦးအောင်ရှိန်က ခေါင်းညိတ်ရင်း

“ဘုရားပျံဖြစ်မယ့် မိသက်နဲ့ ကြေးစည်ကလေးကို ပြန်ယူရမယ်”

ချောချောက

“ကျုပ်ရဲ့စိန်သွားကိုပါ ပြန်ယူခဲ့ရမယ်”

အားလုံးသဘောတူပြီးတော့ ခေါင်းညိတ်လိုက်ကြတော့တယ်၊ ဒီအချိန် ခြံတံခါးကြီးက ကျွီခနဲတစ်ချက်မြည်ပြီးတော့ ပွင့်လာပြီး အထဲက လူနှစ်ယောက်ထွက်လာတယ်ဗျ၊ တစ်ယောက်တော့ ဦးဖိုးထူး၊ နောက်တစ်ယောက်ကတော့ မရွှေတောင်ပေါ့ဗျာ။

“သြော်၊ လူတောင်စုံနေပြီပဲ၊ လူစုံရင် ပွဲစလို့ရပြီပေါ့”

ချောချောက မရွှေတောင်ကိုလက်ညှိုးထိုးပြီး

“ဟဲ့ကောင်မ၊ ငါ့စိန်သွားကို နင်တို့ယူထားတယ်မဟုတ်လား၊ အဲဒါငါ့ကိုပြန်ပေးစမ်း”

“ရှင်တို့အစွမ်းအစရှိရင် လာယူလှည့်ပေါ့ရှင်”

မရွှေတောင်ပြောလိုက်တာနဲ့ ချောချောက အရှေ့ကိုခုန်တက်သွားပြီးတော့ မရွှေတောင်ကို အနက်ရောင်မီးခိုးလုံးကြီးတစ်လုံးနဲ့ပစ်ထည့်လိုက်တယ်ဗျ၊ အနက်ရောင်မီးခိုးလုံးကြီးရဲ့အထဲမှာတော့ အရိုးခေါင်းပုံစံ ခေါင်းကြီးတစ်ခုပါသဗျာ၊ မရွှေတောင်က ဒီအလုံးကြိးကို သူ့လက်ဝါးနဲ့ကာထားလိုက်တယ်။ နောက်တော့ ဦးဖိုးထူးဘက်ကိုလှည့်ကြည့်ပြီး

“ဖိုးထူး၊ ရှင်ဘာလုပ်နေတာလဲ”

မရွှေတောင်အော်လိုက်တော့မှ ဦးဖိုးထူးက ဟိတ်ခနဲတစ်ချက်အော်လိုက်ပြီးတော့ အရှေ့ကိုပြေးဝင်လာတယ်ဗျ၊ ပြေးတာကလည်း မြန်လိုက်တာဗျာ၊ မျက်စိတစ်မှိတ်တောင်မကြာပါဘူး၊ ကျုပ်အရှေ့ကိုရောက်လာတယ်၊ ဦးဖိုးထူးလက်ဝါးကြိးက နီရဲတက်လာပြီးတော့ ကျုပ်ရင်ဝကို ဆောင့်တွန်းလိုက်မယ်အလုပ်မှာပဲ ဦးဖိုးထူးကျောကုန်းကို တချွင်ချွင်နဲ့ ကြေးပြားကလေးတွေ ဝိုင်းပြေးကပ်ကြတယ်ဗျ။

ဗြောက်အိုးဖောက်သလို တဖောင်းဖောင်းနဲ့ပေါက်ထွက်သွားပြီး ဦးဖိုးထူးက လွင့်ထွက်သွားပါရောဗျာ၊ ဒီအခါ ကဝေရှင်ဘသောင်းက ရယ်မောရင်း

“ဟား၊ ဟား ကဝေရှင်ရဲ့အရှေ့မှာ စုန်းပညာသုံးရဲတယ်ဆိုတာ မိုက်ရူးရဲဆန်တာလား၊ သတ္တိကောင်းလွန်းတာလားဗျာ”

ဦးဖိုးထူးက မြေကြီးကနေကုန်းထတယ်ဗျ၊ မတ်တပ်ရပ်ပြီးတာနဲ့ လက်ထဲကနေ အလင်းတန်းတစ်ခုကိုထုတ်လိုက်ပါရောဗျာ၊ ဒီအချိန်ပဲ ကဝေထောင်ချောက်တွေက တချွင်ချွင်နဲ့ပျံသန်းလာပြီးတော့ ဦးဖိုးထူးကို ပြေးထိကြတယ်၊ ထောင်ချောက်အခုနှစ်ဆယ်လောက် ထိပြီးတဲ့အခါ ဦးဖိုးထူးတစ်ယောက် အဝတ်အစားတွေစုတ်ပြတ်သပ်ကုန်ပြီး တော်တော်အထိနာသွားပါရော၊ မရွှေတောင်က ဦးဖိုးထူးကို တစ်ချက်စိုက်ကြည့်ရင်း

“ရှင်တော်တော်အသုံးမကျတဲ့လူပဲ ဖိုးထူး၊ ဒီအသက်ဒီအရွယ်ရောက်နေပြီ ဘာမှကိုအဖြစ်မရှိဘူး၊ ဒါကြောင့် ရှင့်ရဲ့နောက်မှမွေးတဲ့အောင်ရှိန်က ရှင့်ထက်အများကြီးပိုစွမ်းနေတာ”

မရွှေတောင်စကားကြားလိုက်တာနဲ့ ဦးဖိုးထူးက တဂီးဂီးတဂါးဂါးနဲ့ထအော်လိုက်တယ်၊ မရွှေတောင်စကားက ဦးဖိုးထူးရဲ့ဒေါသကို ပိုဆွပေးလိုက်သလိုမျိုးဖြစ်သွားတယ်ထင်ပါတယ်ဗျာ၊ ဦးဖိုးထူးက ဦးအောင်ရှိန်ကိုလက်ညှိုးထိုးပြီး

“အောင်ရှိန်၊ မင်းငါ့ထက်မသာရဘူး၊ မင်းငါ့ထက် ပညာတွေမတတ်ရဘူးကွ၊ မင်းဟာ ငါ့တပည့်၊ ငါ့နောက်မှ ဒီလမ်းကိုလျှောက်တာ၊ ဒါကြောင့် မင်းငါ့ထက် ပညာတွေပိုမစွမ်းရဘူးကွ”

“ဒီမှာ ဦးဖိုးထူး၊ ကျုပ်က ခင်ဗျားနောက်မှ ဒီလမ်းကိုရောက်ခဲ့တယ်ဆိုတာမှန်တယ်၊ ဒါပေမယ့် ခင်ဗျားရဲ့တပည့်ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး၊ ကျုပ်လမ်းကို ကျုပ်ဖာသာလျှောက်နေတဲ့လူ၊ ခင်ဗျားနဲ့ကျုပ်နဲ့ လမ်းချင်းမတူမှန်းသိလိုက်တဲ့အချိန်ကတည်းက ကျုပ်နဲ့ခင်ဗျားဟာ အများကြီးကွဲလွဲသွားခဲ့ပြီ”

“မဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး၊ မင်းက ဘာကောင်မှမဟုတ်ဘူးအောင်ရှိန်၊ ငါဘယ်လောက်စွမ်းတယ်ဆိုတာ မင်းကိုပြရမယ်၊ မင်းကိုပြရမယ်ကွ”

ဦးဖိုးထူးက ပြောပြောဆိုဆိုနဲ့ သူ့အင်္ကျီကိုဆွဲဖြဲလိုက်တယ်၊ ဒီအခါ သူ့ရင်ဘတ်မှာ ဘီလူးခေါင်းပုံကြီး ဆေးထိုးထားသဗျာ၊ ဘီလူးခေါင်းက မျက်လုံးကြီးက တဖြည်းဖြည်းနဲ့ နီရဲလာတယ်ဆိုရင်ပဲ ဦးဖိုးထူးရဲ့မျက်လုံးကလည်း နီရဲတောက်လာပါရောဗျာ။ ဦးဖိုးထူးက သူ့ညာဘက်လက်ကို လေပေါ်မြှောက်တင်လိုက်တဲ့အခါ အစိမ်းရောင်စွမ်းအင်တွေက သူ့လက်မှာစုစည်းလာပြီးတော့ လက်ထဲမှာပဲ တင်းပုတ်ကြီးတစ်လက်အဖြစ်ပြောင်းလဲသွားပါရော၊ ဒီအခါ ဘသောင်းထောင်ထားတဲ့ ကဝေထောင်ချောက်တွေက တချွင်ချွင်နဲ့ပျံသန်းလာကြပြီး ဦးဖိုးထူးကိုယ်လုံးကိုပြေးကပ်ကြတယ်ဗျာ၊ ကဝေထောင်ချောက်တွေ အများကြီးပြေးကပ်ပြီး သိပ်မကြာပါဘူး ဝုန်းခနဲပေါက်ကွဲသွားတော့တာပါပဲ၊ ဦးဖိုးထူးကတော့ ဘာဆိုဘာမှမဖြစ်ဘူးဗျ။

“ယက္ခစိမ်းတဲ့ဟေ့”

ဦးဖိုးထူးက တစ်ချက်အော်ဟစ်ပြိးတော့ ဦးအောင်ရှိန်ကို တင်းပုတ်နဲ့ပြေးထုတာပဲဗျာ။ ဦးအောင်ရှိန်က လက်ဝါးနဲ့တစ်ချက်ပင့်ခံလိုက်တော့ ဒိန်းခနဲအသံမြည်ပြီး ဦးဖိုးထူးက လွင့်ထွက်သွားတယ်၊ ဦးဖိုးထူးလည်း တော်တော်နာသွားပုံရသလို ဦးအောင်ရှိန်လည်း လက်နာသွားတဲ့ပုံစံပဲဗျ။

ဒီဘက်မှာလည်း မရွှေတောင်နဲ့ ချောချောနဲ့က တဝုန်းဝုန်းနဲ့ဆော်နေကြတာပါပဲဗျာ၊ ဘသောင်းနဲ့ကျုပ်နဲ့ကတော့ သူတို့တိုက်ခိုက်နေတာတွေကို လွှတ်အောင်ကြည့်ရှောင်နေရတာပါပဲ။ တိုက်နေရင်း တစ်ချိန်ရောက်တော့ ချောချောတစ်ယောက် မရွှေတောင်ပစ်လွှတ်လိုက်တဲ့ စက်လက်နက်တွေထိပြီးတော့ အနောက်ကိုလွင့်ထွက်သွားတာပါပဲဗျာ၊ မြေပြင်ပေါ်မှာ ခွေခွေကလေးကျပြီးတော့ ချောချောက ငြိမ်ကျသွားသဗျ၊ ကျုပ်က ချောချောဆီကိုပြေးသွားပြိးတော့ လှုပ်နးပေမယ့်လည်း ချောချောက တုတ်တုတ်တောင်မလှုပ်ဘူးဗျို့။

မရွှေတောင်က ကျုပ်ဆီကိုလမ်းလျှောက်လာတယ်၊ ဒီအခါ ဘသောင်းက ကျုပ်အရှေ့မှာပိတ်ရပ်လိုက်တယ်။ သူ့လက်ကလည်း မြွေတောင်ဝှေးကို လက်နှစ်ဖက်နဲ့ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတယ်။ မရွှေတောင်က တဟင်းဟင်းနဲ့ရယ်ရင်း

“နင်က ငါ့ပြိုင်ဘက်မဟုတ်ဘူး၊ ကဝေရှင်”

“ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ ခင်ဗျားကိုရအောင်တားမှာပဲ”

မရွှေတောင်နှစ်ချက်လောက်ပစ်လိုက်တဲ့အခါ ဘသောင်းလည်း သေလုမြောပါးဖြစ်သွားတော့တာပါပဲဗျာ၊ ကျုပ်လည်းမနေသာတော့ဘူးဗျ၊ မရွှေတောင်က ကျုပ်အရှေ့ရောက်လာတာနဲ့ ကျုပ်က တောင်ဝှေးနဲ့လှမ်းရိုက်ထည့်လိုက်တယ်။ မရွှေတောင်က ကျုပ်မျက်စိရှေ့ကနေ လှစ်ခနဲပျောက်သွားပြီးတော့ ကျုပ်ဘေးကိုရောက်လာတယ်ဗျ၊ ကျုပ်လက်ထဲက ဝါးဆစ်ဘူးကို လာဆွဲတာပေါ့၊ ကျုပ်ကလည်း အတင်းပြန်ဆွဲထားရတယ်၊ မရွှေတောင်က ကျုပ်ရင်ဘတ်ကို လက်ဝါးတစ်ချက်ရိုက်ထည့်လိုက်တော့ ကျုပ်အနောက်ကိုလွင့်ထွက်သွားပြီး ဝါးဆစ်ဘူးကလေးကလည်း မရွှွှေတောင်ဆီကိုပါသွားပါရောလား။

“ဦးဘသာ၊ ဦးဘသာ”

ကျုပ်အသံနက်ကြီးနဲ့ အော်လိုက်မိတယ်၊ မရွှေတောင်က ဝါးဆစ်ဘူးကလေးကို သေချာကိုင်ပြီး တိုက်ပွဲထဲကနေ တစ်လှမ်းချင်းထွက်သွားပါရော၊ ဦးအောင်ရှိန်ကတော့ ဘီလူးဖြစ်နေတဲ့ ဦးဖိုးထူးနဲ့တိုက်ခိုက်နေတာဆိုတော့ ဘယ်လိုမှမအားဘူးဗျာ၊ ဘသောင်းကြည့်တော့လည်း ပက်လက်၊ ကျုပ်လည်း ပက်လက်လန်နေပြီဗျ၊ ဒီအခါ ချောချောရဲ့မျက်လုံးတွေက ဖြတ်ခနဲပွင့်သွားတယ်၊ နောက်တော့ ငုတ်တုတ်ထိုင်ချလိုက်ပြီး

“အလတ်ကောင်၊ အလတ်ကောင်”

လို့ခေါ်ရင်း ကျုပ်ဆီရောက်လာသဗျာ၊ ကျုပ်က မရွှေတောင်ကိုလက်ညှိုးညွှန်ရင်း

“ကျုပ်က ရပါတယ်ဦးဘသာရာ၊ ဟိုမှာ ဟိုမှာ ပါသွားပြီဗျ”

ဦးဘသာက မတ်တပ်ရပ်လိုက်ပြီး

“ဟဲ့ မရွှေတောင်၊ ငါ့ကိုအဲဒီဝါးဆစ်ဘူး ပြန်ပေးစမ်း”

မရွှေတောင်က တစ်ချက်လှည့််ကြီးပြီးတော့ ပြုံးရင်းဆက်လျှောက်သွားတယ်၊ ဒီအခါ ဦးဘသာက ဝှစ်ခနဲအနက်ရောင်အရိပ်ကြီးဖြစ်ပြီး မရွှေတောင်အနောက်ကိုရောက်သွားပါရောဗျာ၊ တကယ်ကိုမြန်တာဗျ။ မရွှေတောင်ကလည်း လျှင်ပြီးသားပဲဗျာ၊ လက်ပြန်တစ်ချက်နဲ့ပိတ်ရိုက်ထည့်လိုက်တော့ ဦးဘသာမှာ အနောက်ကိုပြန်လွင့်လာပါရော။

“ရှင့်အစွမ်းလောက်နဲ့ ကျုပ်ကိုနိုင်မှာတဲ့လား”

ဦးဘသာက အံ့ကြိတ်ပြီးတော့ လက်နှစ်ဖက်ကို ဘေးကိုဆန့်တန်းလိုက်တယ်၊ ဒီအချိန် မရွှေတောင်ရဲ့အရှေ့မှာ မှန်ချပ်ကြီးတစ်ချပ်ပေါ်လာပါရောဗျာ၊ ဘဲဥပုံမှန်ချပ်ကြီးတစ်ချပ်ဗျ၊ လေးပေလောက်တော့ ရှိမယ်၊ မှန်ဘောင်မှာလည်း ကနုတ်ပန်းတွေပါတယ်၊ ဒါပေမယ့် ထူးခြားတာက မှန်ကြီးရဲ့အထဲမှာ မှန်ချပ်မပါဘဲ အရိပ်လို အနက်ရောင်ကြီးတွေဘဲ ပါတာဗျ။ မရွှေတောင်က မှန်ကိုကြည့်ပြီးသွားတာနဲ့ မျက်လုံးကိုစုံမှိတ်ချလိုက်တယ်။

“ဒါ . . .ဒါ အရိပ်မှန်ချပ်ပဲ”

ဦးဘသာက တဟားဟားနဲ့ရယ်ရင်း

“အေး၊ အရိပ်မှန်ချပ်ကို နင်ကြည့်လိုက်မိပြီ၊ နင်ကြည့်လိုက်မိပြီ မရွှေတောင်ရဲ့”

မရွှေတောင်က အနောက်ကိုဆုတ်လိုက်တယ်၊ ဒီအခါ မှန်ချပ်ထဲကနေ လူတစ်ယောက်က တိုးထွက်လာပါရော၊ ထွက်လာတဲ့လူက မရွှေတောင်ပုံစံပါပဲ၊ လူပုံတော့မဟုတ်ဘူးဗျ၊ အရိပ်ပုံစံမဲမဲကြီးပါ၊ အဲဒီလူက ထွက်လာပြီးတော့ မရွှေတောင်ကို တိုက်ပါလေရောဗျာ၊ မရွှေတောင်တိုက်တဲ့အကွက်အတိုင်း သူက လိုက်တိုက်တာဗျ။

မရွှေတောင်ကလည်း ခေသူမဟုတ်တာပဲဗျာ၊ အဲဒီမှန်ချပ်ကြီးကို စက်လက်နက်နဲ့ပစ်ထည့်လိုက်တော့ မှန်ချပ်ကြီးကွဲထွက်သွားပြီး အရိပ်နက်ပါပျောက်သွားတော့တယ်၊ မရွှေတောင်က ဦးဘသာကို မထိတထိပြုံးပြီးလှည့်အကြည့်မှာ ဦးဘသာက နောက်မှန်ချပ်ကြီးတစ်ချပ်ကို မရွှေတောင်ရဲ့မျက်နှာအရှေ့မှာ ထပ်ပြီးဖော်ပေးလိုက်တယ်။ မရွှေတောင်က ချက်ချင်းအနောက်ကိုပြန်လှည့်တော့ သူ့အနောက်မှာလည်း မှန်ချပ်တစ်ချပ် ထပ်ဖော်ပါရော၊ ခဏအတွင်းမှာပဲ မရွှေတောင်ပတ်ပတ်လည်ရှစ်မျက်နှာမှာ မှန်ချပ်ရှစ်ချပ်ပေါ်လာပြီးသားဖြစ်သွားတယ်၊ မရွှေတောင်လှည့်စရာမရှိတော့ဘဲ သူ့ကိုမှန်ချပ်ကြီးတွေက ဝိုင်းထားကြတယ်ဗျာ။

“ဟဲ့ မရွှေတောင်၊ နင့်လိုပုံစံတူတစ်ယောက်ကိုပဲ နင်နိုင်ရင်နိုင်မယ်၊ ဒါပေမယ့် နင့်လိုပုံစံတူရှစ်ယောက်ကို နင်နိုင်ပါ့မလားဟ”

ပြောနေတုန်း မှန်ချပ်ကြီးတွေအထဲကနေ အရိပ်နက်ကြီးတွေထွက်ပြီးတော့ ဆော်ပါလေရောဗျာ၊ ရှစ်ခုဆိုတော့လည်း မရွှေတောင်အဖို့သိပ်တော့မလွယ်ဘူးပေါ့၊ အရိပ်နက်ကြီးတစ်ခုက မရွှေတောင်လက်ထဲကိုင်ထားတဲ့ ဝါးဆစ်ဘူးကိုလှမ်းယူပြိးတော့ ဦးဘသာဆီကိုပစ်ပေးလိုက်တယ်၊ ဦးဘသာက ဝါးဆစ်ဘူးကိုဖမ်းကိုင်လိုက်ပေမယ့် သူတကယ်မကိုင်နိုင်ပါဘူး၊ ဒါကြောင့် ကျုပ်ကပဲ ကိုင်ထားပေးလိုက်ရတော့တယ်။

မရွှေတောင်က သူ့အရိပ်တွေနဲ့သူ တိုင်ပတ်နေတဲ့အချိန် ဦးအောင်ရှိန်ကလည်း ဦးဖိုးထူးကို နိုင်သွားတယ်ဗျ၊ ဦးဖိုးထူးက တင်းပုတ်ကြီးနဲ့တစ်ချက်အထုမှာ ဦးအောင်ရှိန်က တင်းပုတ်ချက်ကို ခုန်ရှောင်လိုက်ပြီး အဲဒီတင်းပုတ်ပေါ်ကနေတဆင့် ဦးဖိုးထူးရဲ့ခေါင်းဆီပြေးသွားရင်း သူ့လက်ထဲက ပုတီးကုံးနဲ့ ဦးဖိုးထူးငယ်ထိပ်ကို ရိုက်ချလိုက်ပါရော၊ အင့်ခနဲအသံမြည်ပြီးတော့ ဦးဖိုးထူးတစ်ယောက် မြေပြင်ပေါ်ကို မှောက်ခုံကျသွားပြီး ငြိမ်သွားတော့တာပါပဲ။

နောက်ဆုံးတော့ မရွှေတောင်တစ်ယောက်ထဲကျန်တော့တယ်။ ဦးဘသာက ဦိးအောင်ရှိန်ဘက်ကိုလှည့်ကြည့်ရင်း

“ကဲဟေ့၊ နောက်ဆုံးကျန်တဲ့တစ်ယောက်ကို ဝိုင်းဗြင်းလိုက်ကြရအောင်ဟေ့”

ဦးအောင်ရှိန်ကလည်း ခေါင်းညိတ်လိုက်တယ်၊

“ကဲ အောင်ရှိန်ရေ၊ တို့ကိုအလင်းနည်းနည်းပေးစမ်းကွာ”

ဦးအောင်ရှိန်က လက်ညှိုးကိုမိုးပေါ်ထောင်လိုက်ပြီး အလင်းလုံးကြီးတစ်လုံးကို ပစ်တင်ထည့်လိုက်တယ်၊ အလင်းလုံးကြီးတက်သွားတော့ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးက လင်းထိန်သွားပါရောဗျာ၊ ဒီအခါ မရွှေတောင်ရဲ့ခြေထောက်အောက်နားမှာ အရိပ်တစ်ခုပေါ်လာသဗျ။ ဦးဘသာရဲ့ အရိပ်က လက်တွေအရှည်ကြီးဖြစ်သွားပြီးတော့ မရွှေတောင်ရဲ့အရိပ်ကိုပြေးဆွဲပါရောဗျာ၊ မရွှေတောင်က မရုန်းသာတော့ဘူး။

“အလတ်ကောင်၊ အဲဒီအရိပ်ကို မင်းရဲ့တောင်ဝှေးနဲ့ပြေးထောက်စမ်းကွာ”

ဦးဘသာပြောတော့ ကျုပ်လည်းတုန့်ဆိုင်းမနေတော့ပါဘူးဗျာ၊ မရွှေတောင်ဆီကိုတဟုန်ထိုးပြေးသွားပြိးတော့ ဦးဘသာဆွဲထားလို့ ခပ်ရှည်ရှည်မြောမြောဖြစ်နေတဲ့ သူ့အရိပ်ကို တောင်ဝှေးနဲ့စိုက်ချလိုက်တော့တယ်၊ မရွှေတောင်တစ်ယောက် အင့်ခနဲဖြစ်သွားပြီးတော့ မြေမှာထိုင်ကျသွားပါရော၊ အရိပ်မှန်တွေထဲက ထွက်လာတဲ့အရိပ်တွေကလည်း မရွှေတောင်ကိုယ်လုံးကို ဝိုင်းပြီးဖမ်းချုပ်ထားကြတယ်၊ ဦးဘသာက ဘသောင်းကိုကြည့်ပြီး

“ဘသောင်းရေ၊ ဒီတစ်ခါတော့ မင်းအလှည့်ဟ”

ဦးဘသာအော်လိုက်တာနဲ့ ဘသောင်းက ခြေနှစ်ဖက်ကို ချဲရပ်လိုက်ရင်း ခါးကိုအရှေ့ကိုကိုင်းကာ ပါးစပ်ကြီးကိုပြဲနေအောင်ဖြဲလိုက်ပါရောဗျာ၊ မရွှေတောင်က သူ့မျက်လုံးကနေ အလင်းတန်းနှစ်ခုနဲ့ ဘသောင်းကိုလှမ်းပစ်ပေမယ့် အဲဒီအလင်းတန်းက ဘသောင်းအနားရောက်တဲ့အခါ ဘသောင်းရဲ့ပါးစပ်ထဲကို တဖြည်းဖြည်းတိုးဝင်သွားပါရော၊ မရွှေတောင်တစ်ယောက်မျက်လုံးတွေပြူးသွားတယ်၊ သူ့ရဲ့မျက်လံုံးတွေ၊ နှာခေါင်းပေါက်နဲ့ ပါးစပ်ပေါက်ကနေ အစိမ်းဖန့်ဖန့်အလင်းတန်းကြီးတွေ တိုးထွက်လာပြီးတော့ ဘသောင်းဆီကို စီးဝင်ပါရောဗျာ၊ ဘသောင်းက ကဝေရှင်ပညာနဲ့ မရွှေတောင်ရဲ့မှော်စွမ်းအင်တွေ၊ ပညာစက်တွေကို စုပ်ယူနေပါရော။

“အောင်ရှိန်ရေ၊ သူ့ကို မင်းလက်စတုန်းပေးမှဖြစ်မယ်ကွ”

ဦးအောင်ရှိန်က မရွှေတောင်ဆီကို တစ်လှမ်းချင်းလျှောက်လာတယ်ဗျ၊ နောက်တော့ သူ့လက်ထဲက အနက်ရောင်ပုတီးကလေးကိုထုတ်ပြီး မရွှေတောင်ရဲ့ငယ်ထိပ်ပေါ်ကိုတင်လိုက်ကာ လက်နဲ့အုပ်ကိုင်ချလိုက်တော့တယ်၊ မရွှေတောင်က တဆတ်ဆတ်တုန်ခါပြီးတော့ ခေါင်းပေါ်ကနေ အငွေ့တွေပါထွက်လာတယ်ဗျာ၊ နောက်တော့ ဇက်ကျိုးကျပြီး ကိုယ်လုံးက အရှေ့ကိုမှောက်လျက်ကျသွားပါရော။

ကိုယ်လုံးကျသွားပေမယ့် အဲဒီနေရာမှာ ဝိညာဉ်ပုံစံ မှုန်ဝါးဝါးကလေးကိုတွေ့ရတယ်၊ ရှေးခေတ်မင်းသမီးတွေဝတ်စားသလိုမျိုး အဝတ်အစားတွေဝတ်လို့ဗျ၊ မရွှေတောင်က ဦးအောင်ရှိန်ကို မော့ကြည့်ပြီးတော့

“မောင်ကြီး၊ မောင်ကြီး နှမကို ရက်စက်တော့မှာလား”

ဦးအောင်ရှိန်က သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး

“ငါအခုလုပ်တယ်ဆိုတာ နင့်ကိုသိပ်ချစ်လို့ပါ မရွှေတောင်ရာ”

“ချစ်တယ်၊ ဟုတ်လား”

“ဟုတ်တယ်၊ ဘဝပေါင်းများစွာ မင်းနဲ့အကြင်လင်မယားဖြစ်ခဲ့တဲ့ သံယောဇဉ်ကိုထောက်လို့ မင်းကိုလက်စတုန်းပေးလိုက်တာပါမရွှေတောင်၊ ဘဝတစ်ခုမှာ မင်းအယူမှားနောက်ကို လိုက်သွားခဲ့တာကို ငါမတားနိုင်ခဲ့ဘူး၊ ဒါကြောင့် မင်းအခုလိုဖြစ်ခဲ့ရတာပါပဲ၊ ဒီဘဝမှာတော့ မင်းမကောင်းမှုတွေ ဆက်မလုပ်နိုင်အောင် ငါတားရမယ်”

မရွှေတောင်မျက်နှာ ငိုင်ကျသွားတော့တယ်။

“မင်းရဲ့အပြစ်တွေအတွက် မင်းငရဲပြည်မှာ ပြန်ပြီးပေးဆပ်လိုက်ပါတော့ မရွှေတောင်၊ တကယ်လို့ သံသရာတစ်ကွေ့မှာ မရွှေတောင်နဲ့ပြန်ဆုံတွေ့ခွင့်ရမယ်ဆိုရင်ဖြင့် မကောင်းတဲ့အယူဝါဒတွေမရှိဘဲ ကောင်းကောင်းမွန်မွန် ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်”

မရွှေတောင်က ခေါင်းကိုအသာညိတ်တယ်။

“မောင်ကြီးပြောတဲ့အတိုင်းပဲ ဖြစ်ပါစေတော့မောင်ကြီးရယ်၊ နှမ စိတ်လျော့လိုက်ပါပြီ”

“သံသရာဆိုတာ ရှည်လျားလွန်းပါတယ်မရွှေတောင်၊ မောင်ကြီးတို့ တစ်ခါလောက်တော့ ပြန်ဆုံတွေ့ကြအုံးမှာပါ”

မရွှေတောင်က ခေါင်းငိုက်စိုက်ကျသွားပြီး မကြာခင်မှာပဲ ရေခိုးရေငွေ့တွေလိုအဖြစ်မျိုးနဲ့ ပျောက်ကွယ်သွားပါတော့တယ်ဗျာ။ မရွှေတောင်သေသွားပြီးတော့ ဦးဖိုးထူးက ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတယ်ဗျ၊ ဦးအောင်ရှိန်က ဦးဖိုးထူးဆီပြေးသွားပြီး

“ဦးဖိုးထူး၊ ခင်ဗျားမသေရဘူး၊ ခင်ဗျားကိုကျုပ်ကယ်မယ်၊ ခင်ဗျားမကောင်းတဲ့လမ်းကို စွန့်ပြီးတော့ ကျုပ်နဲ့ပြန်လိုက်ခဲ့စမ်းပါ”

ဦးဖိုးထူးက ခေါင်းကိုတွင်တွင်ခါပြီး

“မရတော့ဘူးအောင်ရှိန်၊ ငါပြန်မလှည့်နိုင်တော့ဘူး၊ အခုမှတော့ အချိန်တွေ တအားလွန်သွားပြီကွ”

“ဒီလိုတော့ မပြောပါနဲ့ဗျာ၊ မကောင်းမှန်သိရင် ပြန်လှည့်လို့ရပါသေးတယ်”

“သူများအတွက်တော့ဟုတ်ပေမယ့် ငါ့အတွက်ကတော့ မဟုတ်ဘူး အောင်ရှိန်၊ မင်းက လူကောင်းတစ်ယောက်ပါ၊ ငါကတော့ လူကောင်းတစ်ယောက်မဖြစ်နိုင်ခဲ့ဖူး၊ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းက ငါ့နောက်မှ ဝိဇ္ဇာလမ်းကိုလိုက်ပေမယ့် ငါ့ထက်ပညာတွေရသွားကတည်းက ငါမင်းကိုမနာလိုခဲ့မိတာပါပဲ၊ မင်းနဲ့ငါနဲ့ ပါရမီဓါတ်ခံချင်း မတူဘူးဆိုတာ ငါသိခဲ့ပေမယ့် ငါ့ရဲ့မနာလိုစိတ်ကို ငါမထိန်းချုပ်နိုင်ခဲ့ဘူး၊ ဒါကြောင့် ငါမကောင်းတဲ့လမ်းကိုရွေးခဲ့တယ်၊ မကောင်းတဲ့လူတွေနဲ့ပေါင်းပြီး မကောင်းတဲ့အတတ်တွေတတ်ခဲ့တယ်၊ မင်းကိုပါ အသက်အန္တရာယ်ထိခိုက်အောင် ငါကြံစည်ခဲ့ဖူးပါတယ် အောင်ရှိန်ရာ”

“ဒါတွေအားလုံးကို ကျုပ်ခွင့်လွှတ်ပါတယ် ဦးဖိုးထူးရာ၊ ခင်ဗျားအခုလို အမှန်ကိုမြင်နိုင်တာကိုပဲ ကျုပ်ဝမ်းသာလှပါပြီ”

“စိတ်ကောင်းရှိတဲ့လူတွေက ခွင့်လွှတ်နိုင်ကြတယ်အောင်ရှိန်၊ မင်းက စိတ်ကောင်းရှိလို့ခွင့်လွှတ်နိုင်ပေမယ့် ငါ့ကိုယ်ငါ ခွင့်မလွတ်နိုင်ပါဘူး၊ ငါမင်းအပေါ်ဒီလောက်အပြစ်တွေလုပ်ထားပြီး ဘယ်လိုမျက်နှာနဲ့ နေရမလဲကွာ၊ ငါ့ကိုသွားခွင့်ပေးပါအောင်ရှိန်ရာ၊ ငါသွားတော့မယ်၊ ငါဟာအရူးပါအောင်ရှိန်ရာ၊ ငါ့လိုအရူးကို မင်းမကယ်ပါနဲ့”

“မဟုတ်တာ ဦးဖိုးထူးရာ၊ လူတွေအားလုံးက အရူးတွေချည်းပဲမဟုတ်လား၊ ကျုပ်နဲ့ခင်ဗျားနဲ့ အရင်တုန်းကလို အတူတူရူးကြမယ်လေဗျာ”

“ငါမနာလိုလိုက်တာ အောင်ရှိန်ရာ၊ မင်းမှာအဲဒီလိုစိတ်ကောင်းရှိနေတာကိုက ငါမနာလိုတာ၊ ငါ့ကိုသွားခွင့်ပေးပါတော့ကွာ၊ ငါ့အပြစ်တွေအတွက် ငါခံရမှာငါသိပါတယ်၊ ငါ့ကိုသတ်လိုက်ကြစမ်းပါကွ”

ဒီအချိန် မီးလုံးကြီးတစ်လုံး ပြေးဝင်လာပြီးတော့ ဦးဖိုးထူးကိုထိသွားတယ်ဗျ၊ ဦးဖိုးထူးတစ်ကိုယ်လုံး နီရဲတက်လာပြီးတော့ ချက်ချင်းပဲ မီးသွေးခဲကြီးတွေအဖြစ် ပြောင်းလဲသွားပါရောလား၊ မီးလုံးလာတဲ့နေရာကိုကြည့်လိုက်တော့ ဦးဘသာကိုယ်ခန္ဓာနဲ့ ငထေရှင်ဖြစ်နေသဗျ။

“ဟား၊ ဟား အရှုပ်ထုပ်နှစ်ယောက်တော့သွားပြီ၊ ကဲ ဖိုးထူးနဲ့ ရွှေတောင်ရေ မင်းတို့ငရဲပြည်မှာသွားပြီး လောင်မြိုက်နေလိုက်ကြစမ်းကွာ”

ကျုပ်တို့ ငထေရှင်ကိုတိုက်ဖို့ပြင်လိုက်ပေမယ့် ကျုပ်တို့နောက်ကျသွားပြီဗျ၊ မြေကြီးထဲကနေ လက်မဲမဲကြီးတွေထွက်လာပြီး ကျုပ်တို့လက်တွေခြေထောက်တွေကို ဝိုင်းဆွဲပြီးတော့ ချုပ်နှောင်ထားတယ်၊ လက်မဲမဲကြီးဆွဲတာ မခံရတာဆိုလို့ ဦးဘသာပဲရှိတာ၊ ဦးဘသာကိုယ်လုံးထဲမှာ အခုရှိနေတာက အရိပ်သခင်ဆိုတော့ အရိပ်တွေက သူ့ကိုရန်ပြုလို့မရဘူး မို့လားဗျာ။

ဦးဘသာက တိုက်ခိုက်မယ်လုပ်တော့ ငထေရှင်က လက်ကာပြရင်း

“ခင်ဗျားကြီး စိတ်လိုက်မာန်ပါ မလုပ်နဲ့အုံးဗျ၊ ခင်ဗျားရဲ့အခုအစွမ်းနဲ့ ကျုပ်ကိုလုံးဝတိုက်ခိုက်လို့မရဘူး၊ ကျုပ်တို့ဘီလူးဆိုတာ လူတွေလို အရိပ်ထွက်တာမဟုတ်ဘူးလေဗျာ”

ဦးဘသာလည်း တန့်သွားတယ်၊ ဦးအောင်ရှိန်က

“ဒါဆို မရွှေတောင်တို့၊ ဦးဖိုးထူးတို့ကို ကျုပ်တို့ရှင်းမယ်ဆိုတာကို ခင်ဗျားကကြိုသိနေတာလား”

ငထေရှင်ကပြုံးရင်း

“သေချာတာပေါ့ဗျာ၊ ခင်ဗျားတို့မှမဟုတ်ရင်လည်း ဒီနှစ်ယောက်ကို ကျုပ်ရှင်းရမှာပဲ၊ အခုတော့ ကျုပ်တောင်ပင်ပန်းသက်သာသွားသေးတယ်”

“ခင်ဗျားကြီးတော်တော်အောက်တန်းကျတဲ့လူပဲဗျာ၊ ကိုယ့်ဘက်တော်သားတွေကို ပြန်ပြီးရှင်းချင်ရတယ်လို့”

ကျုပ်ပြောလိုက်တော့ ငထေရှင်က ကျုပ်ကိုစေ့စေ့ကြည့်ရင်း

“ဒါအောက်တန်းကျတယ်မခေါ်ဘူးကွ၊ ပညာဉာဏ်ပရိယာယ်နဲ့ ပြည့်စုံတယ်လို့ခေါ်တယ်”

“နေပါအုံး၊ သူတို့က ခင်ဗျားကိုဘာလုပ်နေလို့လဲ၊ ခင်ဗျားအခုလိုဖြစ်လာအောင်ပဲ သူတို့က ဖန်တီးပေးခဲ့တာမဟုတ်လား”

“ဟုတ်တယ်၊ ဒါပေမယ့် စစ်တုရင်ပွဲမှာ နယ်ရုပ်သေပေးရတာ အဆန်းမဟုတ်ပါဘူး၊ ဒီကောင်တွေက ငါ့အတွက်နယ်ရုပ်ကလေးတွေပဲ၊ ငါ့ရဲ့မဟာလုပ်ငန်းကြီးအောင်မြင်ဖို့အတွက် သူတို့တွေကို ချနင်းမှရမှာမို့လို့ပဲ”

ငထေရှင်က ဦးဘသာဆီလက်ကမ်းလိုက်ပြီးတော့

“ကဲ အရိပ်သခင် ငသန်ပျင် ကျုပ်နဲ့ပူးပေါင်းပါ”

ကျုပ်တို့အားလုံးအံ့အားသင့်သွားမိတယ်ဗျ။

“ငသန်ပျင်ဆိုတာ ဘယ်သူလဲ”

“အရိပ်သခင် ငသန်ပျင်ဆိုတာ ငါတမ္ပဝတီပြည်ကြီးကို စိုးစံအုပ်ချုပ် မင်းလုပ်တဲ့အချိန်တုန်းက ငါ့ရဲ့ပုရောဟိတ်ဆရာကြီးတစ်ယောက်ပဲ”

“ဒါဆိုရင် အရိပ်သခင်ဘယ်မှာရှိတယ်ဆိုတာ ခင်ဗျားကသိနေခဲ့တာပေါ့”

“ဒီမှာကောင်လေး၊ မင်းတို့က မျက်တောင်တဆုံးလောက်မြင်တယ်ဆိုရင် ငါဆိုတဲ့ကောင်က မျက်စေ့တစ်ဆုံးမြင်ပြီးသားပါကွ၊ ကဲ အရိပ်သခင် ကျုပ်နဲ့ပြန်ပူးပေါင်းစမ်းပါ၊ ချပ်သင်းတောကြီးထဲက ဘီလူးတစ်သောင်းသိုက်ကို ပြန်ဖော်ပြီးတော့ ကျုပ်တို့ဒီနေရာမှာ ဘီလူးတိုင်းပြည်ပြန်တည်ထောင်မယ်၊ လူသားတွေကို အုပ်ချုပ်ပြီး တမ္ပဝတီပြည်ကြီးကိုမင်းမူသလိုမျိုး မင်းမူကြမယ်ဗျာ”

ဦးဘသာမျက်လုံးကြီးက တဖြည်းဖြည်းအနက်ရောင်ကြီးဖြစ်လာသဗျာ၊ သူ့လက်ထိပ်တွေကနေလည်း အရိပ်လိုမဲမဲအငွေ့ကြီးတွေ တလူလူထွက်လာပါရော၊ ဦးဘသာက ငထေရှင်မျက်နှာကိုကြည့်ရင်း

“ငါသေမှပဲရမယ်”

ငထေရှင်တော်တော်အံ့သြသွားတယ်။

“အရိပ်သခင်၊ ခင်ဗျားဘာပြောလိုက်တာလဲ”

“ငါက မင်းရဲ့အရိပ်သခင်မဟုတ်ဘူးကွ၊ ငါ့နာမည်သာဒင်”

“ဒါဆို အရိပ်သခင်ကရော”

“မင်းရဲ့အရိပ်သခင်ကို ငါအပြည့်အဝထိန်းချုပ်ထားလိုက်နိုင်ပြီ၊ ငါ့အမိန့်မရဘဲ သူဘာကိုမှ လုပ်လို့ရမှာမဟုတ်တော့ဘူး”

ငထေရှင်က သူထင်ထားတဲ့အတိုင်းဖြစ်မလာတော့ တော်တော်အံ့အားသင့်နေပုံပဲဗျ။ ပြီးကျမှ မျက်နှာကြီးရှုံ့မဲ့ပြီး

“ဒါဆိုရင်တော့ ခင်ဗျားကြီးကို ကျုပ်ရှင်းရတော့မှာပေါ့”

ငထေရှင်ဒီလိုပြောဆိုတဲ့အချိန်မှာပဲ ဘေးနားကနေ လူတစ်ယောက်က ခုန်ထွက်လာသဗျာ၊ ပြီးတော့

“နေအုံး၊ ခင်ဗျားကိုကျုပ်အရင်သတ်မယ်”

ထွက်လာတဲ့လူက ခါးပိုက်နှိုက်ဘသိုက်ဖြစ်နေတယ်ဗျ၊ ဘသိုက်က ချုံကွယ်ကနေထွက်လာပြီး သူ့မှာပါတဲ့ ဓါးမြှောင်နဲ့ ငထေရှင်ကိုပြေးထိုးပါရောဗျာ၊ ရုတ်တရက်ဆိုတော့ ငထေရှင်လည်း ရှောင်ချိန်မရလိုက်ဘူးဗျ၊ ဘသိုက်က လက်ကလည်းခပ်သွက်သွက်ဆိုတော့ ငထေရှင်နံကြားကို ဓါးနဲ့သုံးလေးချက်တော့ ထိုးလိုက်နိုင်တယ်၊ ငထေရှင်လည်း ဘသိုက်ကိုလက်ဝါးနဲ့ရိုက်ထည့်လိုက်ပြီး သူ့နံကြားကိုသူကြည့်လိုက်တယ်၊ နံကြားထဲကနေ စိမ်းရွှေရွှေမဲပုပ်ပုပ်အရည်ကြီးတွေက ပန်းထွက်လာသဗျာ၊

ငထေရှင်က ဦးဘသာလက်ထဲကိုင်ထားတဲ့ ဝါးဆစ်ဘူးကို ပညာနဲ့လှမ်းယူလိုက်ပြီးတော့ ခြံတံခါးဖွင့်ပြီးဝင်ပြေးပါရော၊ ကျုပ်တို့ပြေးလိုက်မယ်လုပ်ပေမယ့် ခြံတံခါးအရှေ့မှာ တဝုန်းဝုန်းနဲ့ပေါက်ကွဲလို့ အနောက်ကိုဆုတ်နေရတယ်။ လက်ဝါးချက်ထိထားတဲ့ ဘသိုက်ကတော့ ဒူးလေးထောင်ပြီး ပက်လက်ကလေးလန်လို့ဗျာ၊

“ကိုဘသိုက်၊ ကိုဘသိုက်”

ဘသိုက်ပါးစပ်က သွေးတွေပွက်ခနဲထွက်လာသဗျ။

“ဘယ်လိုလုပ်လိုက်တာလဲ ဘသိုက်ရာ၊ ငါတို့လိုပညာသည်တွေတောင်သူ့ကိုမနိုင်တာ မင်းလိုလူက ရိုးရိုးတန်းတန်းနိုင်မှာတဲ့လား”

ဘသိုက်က ပြုံးရင်း

“ကျုပ်အသက်ကို အဘကြီးက တစ်ခါကယ်ခဲ့တယ်၊ အဘကြိးအသက်ကို အခုကျုပ်ပြန်ကယ်နိုင်ပြီဆိုတော့ ကျုပ်တို့ကြေပြီပေါ့နော် အဘကြီး”

ဦးဘသာက ခေါင်းကိုညိတ်တယ်ဗျ၊ ဘသိုက်က သူ့လက်ထဲက ကြေးစည်အဝိုင်းပြားကလေးကို ထုတ်လိုက်ပြီး ဦးအောင်ရှိန်ကိုပေးလိုက်တယ်။ ဦးအောင်ရှိန်က တော်တော်အံ့အားသင့်သွားပြီး

“ဒီအဝိုင်းပြားကလေးက မင်းဆီကိုဘယ်လိုရောက်နေတာလဲ ဘသိုက်ရာ”

“ကျုပ်က ခါးပိုက်နှိုက်ပါဗျ၊ အစိမ်းသရဲကို နှိုက်ခိုင်းတယ်ဆိုပေမယ့် ခါးပိုက်နှိုက်တို့တတ်အပ်တဲ့ပညာကို တတ်ပါသေးတယ်၊ ခုနက သူ့ကိုကျုပ်ဝင်လုံးတဲ့အချိန် သူ့တိုက်ပုံအင်္ကျီအတွင်းအိတ်ထဲ ဘာရှိမလဲလို့နှိုက်လိုက်ရင်း ဒါလေးကိုတွေ့လို့ ယူခဲ့တာပဲ”

“ကျေးဇူးတင်ပါတယ်ဘသိုက်ရာ၊ ကျေးဇူးတင်ပါတယ်”

“အဘကြီး၊ ဒီလူဆိုးကောင်ကို နိုင်အောင်လုပ်ပေးပါဗျာ”

ဘသိုက်က ပြောဆိုပြီးတော့ ဇက်ကျိုးကျသွားတယ်ဗျ၊ ဦးအောင်ရှိန်က ဘသိုက်ရဲ့ပွင့်နေတဲ့မျက်လုံးကို လက်နဲ့သေချာပိတ်ပေးပြီးတော့ ကြေးစည်ကလေးကိုင်ပြီး မတ်တပ်ထရပ်လိုက်တယ်။

“သာဒင်၊ ဒီကြေးစည်ကိုထိလိုက်၊ အလတ်ကောင် ဒီကြေးစည်ကလေးကိုထိလိုက်”

ဦးအောင်ရှိန်ပြောတဲ့အတိုင်း ကျုပ်တို့ထိလိုက်ကြတာပေါ့ဗျာ။ ဦးအောင်ရှိန်က ကျုပ်တို့ကိုကြည့်ရင်း

“မျက်လုံးလေးတွေမှိတ်ထားလိုက်ကြ”

သူပြောတဲ့အတိုင်းမျက်လုံးမှိတ်လိုက်တော့ ဦးအောင်ရှိန်က နောင်ဝေေ၀လို့အော်လိုက်တယ်ဆိုရင်ပဲ ကျုပ်တစ်ကိုယ်လုံး လေဟာနယ်ထဲပြုတ်ကျသွားသလိုဖြစ်ပြီးတော့ အသည်းတအေးအေးနဲ့ပေါ့ဗျာ၊

အတော်ကြာတော့မှ ခြေထောက်အောက်မှာ မြေကြိးကိုနင်းမိသဗျ၊ ကျုပ်မျက်စိဖွင့်လိုက်တော့ အုတ်လျှောက်လမ်းကလေးတစ်ခုဖြစ်နေတယ်၊ ကျုပ်ရင်ထဲ ဘယ်လိုကြီးဖြစ်လာတယ်မသိဘူးတစ်ဆို့ဆို့ကြီးနဲ့ဗျာ၊ ဒါနဲ့ ဗိုက်ကိုဖိပြီး အန်မိတော့တာပါပဲ၊ ဦးဘသာက ကျုပ်ကျောကုန်းကိုပုတ်ပေးနေသေးတယ်၊ အအန်သက်သာတော့ ဦးအောင်ရှိန်က လျှောက်လမ်းအတိုင်းလျှောက်သွားတာနဲ့ ကျုပ်နဲ့ဦးဘသာ အနောက်ကနေလိုက်သွားကြတယ်။

“ဒါဘယ်နေရာလဲကွ”

ဦးဘသာက မေးတယ်၊ ကျုပ်လည်း ကြည့်နေရင်း

“နေအုံး၊ ဒီနေရာကိုကျုပ်ရောက်ဖူးတယ်၊ ကျုပ်ရောက်ဖူးတယ်ဗျ”

မကြာခင် ခန်းမကြီးတစ်ခုထဲကိုရောက်လာခဲ့ပါရောဗျာ၊ ဦးအောင်ရှိန်က ဦးဘသာဘက်ကိုလှည့်ပြီး

“ဒါဘုရားပျံဂိုဏ်းရဲ့ ဌာနချုပ်နေရာပဲ သာဒင်”

“နေပါအုံး၊ မင်းက ငါတို့ကို ဒီနေရာကိုဘာဖြစ်လို့ခေါ်လာတာလဲ”

“ဘုရားပျံဂိုဏ်းကို မင်းကိုလက်ဆင့်ကမ်းပေးမလို့ပေါ့သာဒင်ရာ”

“ဟာ၊ ဘာတွေပြောနေတာလဲအောင်ရှိန်ရာ၊ ဘုရားပျံဂိုဏ်းဆိုတာ အထက်ဂိုဏ်း၊ ငါက စုန်းလေကွာ၊ ပြီးတော့ မင်းပြောတော့ မိသက်က ဘုရားပျံဂိုဏ်းရဲ့ ဆက်ခံသူဆိုကွ”

ဦးအောင်ရှိန်က ခေါင်းညိတ်ပြိး

“ဟုတ်တယ်၊ ငါလည်းတစ်ချိန်က ဒီလိုတွေးခဲ့ဖူးတယ်၊ လာစမ်း သာဒင်၊ ဒီနံရံဆေးရေးပန်းချီတွေကိုကြည့်လိုက်စမ်း”

ဦးအောင်ရှိန်ပြတဲ့ နံရံမှာ ဘုရားရှိခိုးနေတဲ့လူတွေပုံကို တန်းစီပြီးဆွဲထားတယ်ဗျ။ ဦးအောင်ရှိန်က သူ့လက်နဲ့ပုံတွေကိုထိုးပြပြိးတော့

“ဒါက ဘုရားပျံဂိုဏ်းအဆက်ဆက် ဂိုဏ်းဝင်တွေကိုပြတဲ့ပုံပဲ၊ ဟောဒီပုံကတော့ ငါပဲ၊ ငါ့ရဲ့ဆက်ဆံသူကတော့ ဒီလူပဲ”

“မိန်းမတစ်ယောက်ပါလားကွ”

“ဟုတ်တယ်၊ ဒီပုံကိုသေချာကြည့်လိုက်တော့ မိန်းမတောင်မှ ရင်သားတွေနဲ့ ထွားကျိုင်းပြီးအရွယ်ရောက်နေတဲ့မိန်းမတစ်ယောက်ကွ၊ ငါအစကတော့ ဒီပုံက မိသက်အတွက်ပုံဖြစ်လိမ့်မယ်လို့တွေးမိတာ၊ ဒါပေမယ့် အခုအခြေအနေအတိုင်းဆိုရင် ဒီပုံက မိသက်ပုံလုံးဝမဖြစ်နိုင်ဘူး၊ ဒီပုံက မင်းရဲ့ပုံပဲ သာဒင်”

“ဘာကွ”

“ဟုတ်တယ်၊ မင်းက မိန်းမခန္ဓာရထားတာ အကြောင်းမဲ့မဟုတ်ဘူးလို့ ငါယူဆတယ်၊ ကံကြမ္မာဆိုတာကလည်း ဆန်းကြယ်တယ်မဟုတ်လား၊ ဒီတော့ ငါထင်တာက ဒီတစ်ခါ ငထေရှင်ကို အပြီးသတ်ရှင်းလင်းရမှာ မင်းပဲလို့ယူဆတယ်”

“မဟုတ်တာတွေ မပြောစမ်းပါနဲ့ကွာ”

“ငါတကယ်ပြောတာပါ သာဒင်ရာ၊ မင်းက မိန်းမခန္ဓာနဲ့ ငထေရှင်ကိုသတ်ဖြတ်ရမယ့်လူပဲ၊ ဒီတော့ ဘုရားပျံဂိုဏ်းကို မင်းကဆက်ခံပြီး ငထေရှင်ကိုအမြစ်ဖြတ်သုတ်သင်ပေးပါ သာဒင်ရာ”

ဦးဘသာရော ကျုပ်ရော တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အတော်ကိုအံ့သြမိသွားကြတယ်ဗျ။

ပြီးပါပြီ။

ရွင်လန်းချမ်းမြေ့ကြပါစေ။