ဘုံဘဝခြားသော်

သြော် အဲသလိုကို…၊ ဒါနဲ့ ငါ့သားပြောတဲ့ ဘိုင်စကယ်က ဘာကိုပြောတာလဲ ..
အမိုးကိုရှင်းပြပါအုံး ”

” ဒီလို အမိုးရ… ဓာတ်ရှင်တွေထဲမှာ မင်းသားကြီးတွေစီးတဲ့ဟာလေဗျာ ”

လို့ မှုံကြီးလည်း မိခင်ဖြစ်သူ ဒေါ်ငွေခင်အား ရှင်းပြလိုက်ရာ မိခင်ဖြစ်သူက

” အဲဒါကြီးက စျေးဘယ်လောက်လောက် ရှိတုံးသားရဲ့ ”

” မြို့ကျောင်းသွားတက်တဲ့ ကျုပ်သူငယ်ချင်းအောင်ဖေပြောတာတော့ နွားတစ်ကောင်ဖိုးလောက် ပေးရတယ်တဲ့ဗျ ”

” သားရယ် မင်းဘိုင်စကယ်ကြီးက စျေးကြီးလှချည်လားကွယ် ”

” မငွေခင်ရယ်… ငါ့သားလိုချင်လို့ကတော့ နွားတစ်ကောင်ဖိုးဖြစ်ဖြစ်၊နှစ်ကောင်ဖိုးဖြစ်ဖြစ် ငါကတော့ဝယ်ပေးမှာပဲ ” ဟု ဦးဘရွှေမှ ဝင်ပြောလိုက်ရာ

” ရှင် ဝယ်ပေးနိုင်တယ်ဆိုလည်း ပြီးတာပါပဲ ” ဟုပြောကာ ဒေါ်ငွေခင်လည်း စကားစကို ဖြတ်လိုက်ကာ စားပြီးသောက်ပြီးထားသော အိုးခွက်ပန်းကန်များအား သိမ်းဆည်းလိုက်သည်။

+++++++++++
အခန်း ၂

” အော်…အီး…အီး…အွတ် ”

” အော်…အီး..အီး..အွတ် ” ဆိုသော လင်းကြက်တွန်သံနှင့်အတူ ဦးဘရွှေလည်း အိပ်ယာမှနိုးထလာပြီး သားဖြစ်သူမှုံကြီးကို နှိုးလိုက်သည်။ ထို့နောက် ဒေါ်ငွေခင်ပြင်ပေးထားသော ထမင်းဝိုင်း၌ မနက်စာထမင်းကြမ်းကို စားလိုက်ကြ၏။

မြိုင်သာယာရွာ၏ သာယာလှပနေသော ဝေလီဝေလင်းမနက်ခင်းတစ်ခု၌ မိုးများရွာထား၍စိုစွတ်နေကာ မြေသင်းရနံများလှိုင်လှိုင်ထွက်နေသော မြေသားလမ်းမကြီးထက်တွင် လူနှစ်ဦးသည် ရွာပြင်ကွင်းစပ်ဘက်သို့ ဦးတည်ကာလျှောက်လှမ်းလာ၏။ ၎င်း လူတို့သည် ပုခုံးအထက်၌ ပေါက်တူး၊ကိုင်းခုတ်ဓားများကို ထမ်းလာလေသည်။ ထိုသူတို့သည်ကား ဦးဘရွှေတို့ သားအဖနှစ်ယောက်ပင်ဖြစ်သည်။ ထိုသို့ဖြင့် ရွာပြင် ကွင်းစပ်သို့ရောက်သောအခါ

” လူလေးရေ ဟိုဘက်က ချုံတွေနဲ့မြက်ရိုင်းပင်တွေကို ရှင်းကြရအောင် ”

” ဟုတ်ကဲ့ အဘ ” ဟု ပြောလိုက်ကာ

မှုံကြီးလည်း မိမိတို့လယ်ကွက်နဲ့ ထိဆက်နေတဲ့ ချုံတွေနဲ့မြက်ရိုင်းပင်တွေကို ရှင်းလိုက်၏။ ၎င်းလယ်ကွက်သည်ကား မြိုင်သာယာရွာ၏ ရွာအစွန် တောစပ်၌တည်ရှိ၏။

ဤသို့ဖြင့် မှုံကြီးတို့သားအဖလည်း မိမိတို့လယ်ကွက်နဲ့ထိစပ်နေသည့် ချုံနှင့်မြက်ရိုင်းပင်များအား ရှင်းနေသည်မှာ ၇ရက်တာပင် အချိန်ယူ၍ ရှင်းရလေသည်။
ချုံနွယ်များအား ရှင်းလင်းပြီးသောအခါ၌ မိမိလယ်စိုက်မည့် ကွင်းပြင်ပတ်ချာလည်အား ကန်သင်းရိုးဘောင်များ ပြုလုပ်ရပြီး၊ ကန်သင်းရိုးဘောင်များအား အနိမ့်အမြင့်ညီအောင် ငြှိရလေသည်။ မိုးအရွာကိုလည်း မျှော်ရပြန်၏။

(ထိုလသည်ကား တော်သလင်းလဖြစ်သဖြင့် မိုးမလွတ်သေး၊ အောက်မြန်မာပြည်များဘက်တွင် နွေစပါးဖြစ်သော သက်ကြီးစပါးကို တော်သလင်းလလောက်က စတင်စိုက်ပျိုးပြီး နတ်တော်၊ပြာသိုလများတွင် ရိတ်သိမ်းကြရသည်။)

++++++++++

” ဝေါ…ဝေါ ” ဆိုသောအသံများနှင့်အတူ မိုးများရွာသွန်းလာလေသည်။ ၎င်း မိုးရေများကြောင့် မှုံကြီးတို့လယ်ကွက်ထဲ၌ မိုးရေများပြည့်သွား၏။ မှုံကြီးတစ်ယောက် ဝမ်းသာသွားသည်။ မိုးရွာလာသဖြင့် လယ်ကွက်ထဲသို့ ရေသွင်းရမည့်အလုပ်အား မလုပ်ရတော့ခြင်းကြောင့်ဖြစ်၏။ ဒီပြင့်ဆို ခနွဲ့နဲ့ရေခပ်တင်နေရအုံးမည် မဟုတ်လား။ ( ခနွဲ့ဆိုသည်မှာ ဝါးဖြင့်ယက်လုပ်ထားသော ရေပက်တင်သည့် ဂေါ်ပုံစံ ပစ္စည်းတစ်မျိုးဖြစ်သည် )

မိုးရေများပြည့်နေသော လယ်ကွင်းထဲ၌…

” ယမထာ ရွှေကြိမ်လုံးရယ်နဲ့၊

ထွန်းတုံးကိုတဲ့ ခြေတော်တင်

နွားကြံစုံနှင်။

ပျိုးခင်းကိုဝင်…။
ကောင်းကင်က ရွှေပိန်ညင်းရယ်

မိုးခေါ်လို့ဆင်း… ”
ဆိုသော လယ်ထွန်မင်္ဂလာတေးကို မှုံကြီးတစ်ယောက် အသံနေအသံထားဖြင့် ရွတ်ဆိုလိုက်ပြီး

” ဟဲ့ နွား.. သွားစမ်း… ဒီနွား ပေကပ်ကပ်နဲ့ ”

” ဖြန်း…ဖြန်း..”

အသံနှင့်အတူ နွားများအား နှင်တံဖြင့်ရိုက်ကာ လယ်ထွန်နေလေ၏။

” လူလေး မောနေပြီလားကွဲ့ ၊ အဘ တလှည့်ထှယ်ထိုးလိုက်မယ်လေ ”

” ရပါတယ် အဘရာ ကျုပ်လုပ်နိုင်ပါတယ်ဗျ ”

ဟု ပြောကာ မှုံကြီးလည်း အလုပ်ကိုကြိုးစားပမ်းစားလုပ်လေသည်။ ထိုသို့ဖြင့် လယ်ထွန်၍ပြီးစီးသွားသောအခါ၌ မျိုးစပါးများ ကျဲရလေသည်။

ဤသို့ဖြင့် စပါးပင်များပေါက်၍ အရှည်တစ်တောင်ခန့်ရှိသောအခါ စပါးပင်များအား နှုတ်ရပြန်၏။ နှုတ်ယူထားသော စပါးပင်များအား သင်အူကြိုးများဖြင့် ချည်နှောင်ထားရလေသည်။

+++

မိုးများတဖွဲဖွဲကျနေသော လယ်ကွင်းထဲ၌

” တောင်ဖက်က မိုးညိုညို
ရွာမလိုဟန်ရေး။
ရွာပါလေ ကိုရွှေမိုးရယ်
မျှော်ကိုးလျက်လေး ။

ရွှေဖားက တကြော်ကြော်
မိုးခေါ်လို့ပေး။
မိုးရွာလျှင် ဟိုဒီကူးလို့
မြူးတူးနေသေး။

ပျော်မြူးလို့ သံပြိုင်ညီ
သီဆိုပေါ့တေး။
တေးသီကာ ခမောက်ဆောင်းလို့
ဖော်ပေါင်းဟစ်ကြွေး။

ကောက်ငန်းတို့ တပြင်ပြင်
ထိန်ပင်ရဲ့ဘေး။
လယ်ကြီးရှင် သူလေရောက်ပေါ့
ကောက်စိုက်စို့လေး။

စိုက်ကြစို့ မြန်မြန်အေ
အိမ်ပြန်ဖို့ဝေး။
ကြိုသူမဲ့လို့ မိုးချုပ်လျှင်
သုတ်သုတ်ကယ်ပြေး။

မိုးချုပ်လို့ အိမ်ပြန်ချိန်
မှန်အိမ်ငယ်မှေး။
မှန်အိမ်ငယ် မီးမငြိမ်းမီ
ဆီဖြည့်ပါ့လေး။

မီးထွန်းလို့ သီးခေါက်ကို
ကျောက်ပြင်မှာသွေး။
တို့ရွာသူ ညိုပြာညက်ရယ်
လှရက်ပါ့လေး….”

ဆိုသော ကောက်စိုက်တေးသံမှာ သံစုံညီညာစွာဖြင့် ထွက်ပေါ်လာလေသည်။ ကောက်စိုက်သမလေးများသည်လည်း ကောက်စိုက်တေးအား ဆိုလိုက် ပျိုးစပါးပင်များအား စိုက်လိုက်ဖြင့် မမောဟန်ဖြင့် ကောက်စိုက်နေသည်မှာ တောရွာ၏ချစ်ဖွယ်ရာဓလေ့ ဖြစ်၏။

” ဦးဘရွှေတို့လယ်က ဒီနှစ် ဆယ်ဧကတောင်ဆိုတော့ သမီးတို့ကို နေ့ကောက်ခ(နေ့စားခ) ပိုပေးရမယ်နော် ” ဟု ကောက်စိုက်နေရင်း မိအေးမှပြောလိုက်သည်။

” ပေးပါ့မယ်ကွယ် သမီးတို့သာ ဒီနေ့ပြီးအောင် စိုက်ကြ ”

” နေ့ကောက်ခ ပိုမပေးလို့ကတော့ ယောက္ခမတော်လိုက်မှာနော် ” ဟု လှမေမှ ဦးဘရွှေအား ဝင်ပြောလိုက်သည်။

လှမေ၏့ ရွှတ်နောက်နောက်နိုင်သောစကားကြောင့် ဘေးတွင်ရပ်နေသော မှုံကြီးတစ်ယောက် ရှက်ကိုးရှက်ကန်းဖြစ်သွား၏။ ဦးဘရွှေကတော့ ပြုံးစိစိလုပ်ကာ လှမေအား

” ငါလည်း ချွေးမတော်ချင်နေတာနဲ့ အတော်ပဲလှမေရေ ” ဟု ပြန်ပြီး နောက်လိုက်ရာ..

” ဟား…ဟား.. ” ဆိုသော ရယ်မောသံများသည် ဦးဘရွှေ၏လယ်ကွင်းထဲ၌ ဆူညံစွာပျံနှံသွား၏။
+++++++++++++
အခန်း၃

ထိုသို့ဖြင့် တန်ဆောင်မုန်းလရောက်သော်… လုံးတုံးဖုံးတုံး တန်ဆောင်မုန်းဆိုသည့်အတိုင်း ဦးဘရွှေ၏လယ်ကွင်းက စပါးပင်များသည် အသီးများလိုက်လာ၏။

” လူလေးရေ စပါးပင်တွေမှာ အသီးတွေလိုက်နေပြီကွဲ့ ၊ လယ်ထဲမှာ စာခြောက်ရုပ်လုပ်ပြီး ထားအုံးမှ၊ ဒီပြင့်မဟုတ်ရင် ငှက်တွေစားတာနဲ့တင် စပါးတွေကုန်မှာ ”

” ဟုတ်ကဲ့ပါအဘရ. ကျုပ်လုပ်ထားလိုက်ပါ့မယ်၊ ဒါနဲ့အဘ လယ်စောင့်တဲကို ဘယ်နေ့လောက် ဆောက်မှာလဲဗျ ”

” မနက်ဖြန်လောက်ကို အဘဆောက်ချင်တယ် လူလေးရေ ”

” ဒါဆို ကျုပ်ဒီနေ့ လိုအပ်တဲ့ဝါးနဲ့ဓနိတွေကို လယ်ကွင်းထဲပို့ထားလိုက်မယ် အဘရေ ”

” အေး..အေး လူလေးရေ ”

မှုံကြီးလည်း လိုအပ်သည့်ဝါးနဲ့ဓနိတွေကို လယ်ကွင်းထဲသို့ ပို့ထားလိုက်သည်။ စပါးခင်းပတ်ပတ်လည်ကိုတော့ ကောက်ရိုးများဖြင့်ပြုလုပ်ထားသော စာခြောက်ရုပ်များကို ထားရှိလိုက်၏။

နောက်နေ့ရောက်သော် မှုံကြီးလည်းဖခင်ဖြစ်သူနှင့်အတူ လယ်ထဲ၌ လယ်စောင့်တဲအား ဆောက်လုပ်လိုက်သည်။ မိမိစပါးခင်းသည် တောစပ်ဖြင့်နီးသဖြင့် တောဝက်ရန်များကြောက်ရ၏။ သို့ဖြစ်ပါသောကြောင့် မှုံကြီးတစ်ယောက် လယ်စောင့်တဲ၌ စောင့်အိပ်ရလေသည်။

+++++++++++

တန်ဆောင်မုန်းလပြည့်နေ့၌ သာနေသောလမင်းကြီးသည် နွားနို့တစ်ပန်းကန် တစ်ပြည်လုံးလျှံ ဆိုသည့်အတိုင်း မြိုင်သာယာရွာပြင်ရှိလယ်ကွင်းထဲသို့ အတားဆီးမဲ့စွာကျရောက်လျက် လင်းလက်နေ၏။ ၎င်း လရောင်အောက်ရှိ လယ်စောင့်တဲထဲ၌ ” ခလော.. ခလော ” ဟောက်သံနှင့်အတူ လူတစ်ယောက်အိပ်စက်နေလေသည်။ ထိုလူသည်ကား မှုံကြီးပင်ဖြစ်လေ၏။ ထိုသို့အိပ်နေရာ ညဉ့်သန်းခေါင်ယံ အချိန်လောက်ရောက်တော့ မှုံကြီးတစ်ယောက် တရေးနိုးလာပြီး အပေါ့သွားချင်လာသဖြင့် တဲပြင်သို့ထွက်လာလေရာ မမျှော်လင့်သော မြင်ကွင်းတစ်ခုအား မြင်လိုက်ရ၏။ ထိုမြင်ကွင်းသည်ကား မိမိတဲနှင့်မလှမ်းမကမ်းတွင်ရှိသော ထိန်ပင်ကြီးအောက်၌ မိန်းမပျိုလေးတစ်ဦး ထိုင်နေသည်ကို မြင်လိုက်ရသော မြင်ကွင်းပင်ဖြစ်သည်။ စိတ်ထဲ၌လည်း

” ဒီအချိန်ကြီး ဘယ်ကမိန်းကလေးလဲဟ၊ ဧကန္တဥစ္စာစောင့်မများဖြစ်နေမလား “ဟု တွေးမိကာ တဲထဲပြန်ဝင်မည်အလုပ်

” မောင်ကြီးက ဒီတဲရဲ့ပိုင်ရှင်လားရှင့်…” ဟူသော အေးမြချိုသာသော အသံလေးဖြင့်မေးလေရာ

” ဟုတ်…ဟုတ်…တယ်ဗျ ” ဟု မှုံကြီးလည်း အထစ်ထစ်အငေ့ါငေ့ါဖြင့် ဖြေလိုက်၏။ ထိုအခါ မိန်မပျိုလေးမှ

” ခစ်… ခစ် ” ဖြင့် သဘောကျကာ

” နှမလေးကို မောင်ကြီးရဲ့တဲထဲကို အလည်မခေါ်တော့ဘူးလား ” ဟု ညူတူတူလေးဖြင့် ပြောပြန်၏။

” ဗျာ .. ” ဆိုသောအသံနှင်အတူ မှုံကြီးတစ်ယောက်ဆွံအသွားကာ ညှို့ယူခံလိုက်ရသည့် လူတစ်ယောက်ပမာ ဖြစ်သွားပြီး

” ဒီက နှမလေးက မငြိုငြင်ဘူးဆိုရင် ကျုပ်နေတဲ့ တဲလေးထဲကိုလာပါ ”

ဟု မိန်းမပျိုလေးအား မိမိတဲအတွင်းသို့ ဖိတ်ခေါ်လိုက်သည်။ ၎င်း မိန်းမပျိုလေးသည်လည်း မှုံကြီးအနားသို့ ညင်သာစွာလျှောက်လှမ်းလာပြီး တဲအတွင်းသို့ ဝင်လာလေသည်။ လရောင်သည် အပြင်တွင်လင်းလက်နေပေမဲ့ တဲအတွင်း၌ အနည်းငယ်မှောင်နေ၏။ မှုံကြီးလည်း တဲအတွင်းရှိ ရေနံဆီမီးခွက်လေးအား မီးထွန်းညှိလိုက်ရာ မီးစာလေးမှထွက်လာသော အလင်းရောင်တို့သည်ကား တဲအတွင်းသို့ဖြန့်ကျက်ကာ လင်းလက်လာ၏။ ဆီမီးခွက်၏ အလင်းရောင်ကြောင့် မှုံကြီးလည်း မိန်းမပျိုလေး၏ရုပ်သွင်ပြင်ကို ရှင်းလင်းစွာ မြင်လိုက်ရ၏။ ၎င်းမိန်းမပျိုလေးသည် ဒေါနစိမ်းရောင် ထိုင်မသိမ်းအင်္ကျီနှင့်ဗလာထမီကိုဝတ်ဆင်ထားပြီး ဝါဝင်းသောအသားအရည်ကို ပိုင်ဆိုင်ထား၏။ သွယ်လျသောလက်ချောင်းလေးများနှင့် ပိတုန်းရောင်ကဲ့သို့ နက်မှောင်နေသော ဆံနွယ်များအား တပတ်လျှိုကာ ထုံးထားလေသည်။ မျက်ဝန်းမျက်ဖန်တို့မှာ ကြည်လင်တောက်ပနေပြီး မျက်ခုံးနှစ်ဖက်မှာ ဇင်ယော်အတောင်များကဲ့သို့ လှပလွန်းနေ၏။ နှာတံစင်းစင်းလေးအောက်တွင်တော့ လေးကိုင်းသဖွယ် ကွေးညွှတ်နေသော နှင်းဆီဖူးရောင် နှစ်ခမ်းနှစ်လွှာမှာ အင်မတန်စွဲမက်ဖွယ် ကောင်းလှသည်။ မှုံကြီးတစ်ယောက် မိန်းမပျိုလေးအား စိုက်ကြည့်နေခိုက်

” မောင်ကြီး ဘာတွေ စိုက်ကြည့်နေတာတုံး ” ဟူသော စကားသံကြောင့် မှုံကြီးလည်းသတိဝင်လာကာ သူခိုးလူမိသလိုဖြစ်သွားပြီး

” ဘာမှ မဟုတ်ပါဘူး ” ဟုပြောကာ ရှက်သဖြင့်ခေါင်းကိုငုံထားလိုက်သည်။ ထိုအခါ ၎င်းမိန်းမပျိုလေးမှ

” မောင်ကြီးကလည်း ခေါင်းကြီးပဲ မငုံ့ထားနဲ့လေ နှမလေးနဲ့စကားပြောပါအုံး ” ဟု ညှို့ဓာတ်ပါသော အသံဖြင့်ပြောပြန်၏။

” ဒါနဲ့ နှမလေးက ဘယ်ကနေဘယ်လို ဒီနေရာကိုရောက်နေတာလဲဟင် ”

မှုံကြီးရဲ့အမေးကြောင့် မိန်းမပျိုလေး၏မျက်နှာမှာ ငြိုးငယ်သွားပြီး နီစွေး၍ကြွရွလှပနေသောအောက်နှုတ်ခမ်းလေးအား အပေါ်သွားလေးများဖြင့်ခပ်ဖွဖွ ဖိကိုက်လိုက်ပြီး

” နှမလေးက အိမ်ကနေခိုးထွက်လာတာပါ၊ နေတာကတော့ ဟိုဘက်ရွာမှာနေတာပါ၊ ဒီတစ်ညတော့ မောင်ကြီးတဲမှာ နှမလေးကို တည်းခိုခွင့်ပြုပါနော် ”

ဟု ဂရုဏာအသံလေးဖြင့်ပြောလေရာ မှုံကြီးတစ်ယောက် စိတ်ထဲ၌ကြိတ်ပြီး ဝမ်းသာသွားသည်။ ရင်းတွင်းနှလုံးအိမ်၌လည်း အမျိုးအမည်မသိသော ဝေဒနာတစ်ခုအား ခံစားလိုက်ရသည်။မှုံကြီးလည်း

” နှမလေးက တည်းခိုချင်သပဆိုလဲ တည်းခိုပါ ” ဟု ပြန်ပြောလိုက်ရသော်လည်း

စိတ်ထဲတွင်တော့ “တစ်သက်လုံးသာ တည်းခိုပါလား “ဟု ပြောနေသည်ကို ထိုမိန်းမပျိုလေးတစ်ယောက် မသိနိုင်ပေ။

” ဟုတ်ကဲ့ မောင်ကြီး” ဟုပြောကာ မိန်းမပျိုလေးရဲ့ မျက်နှာမှာ ဝင်းလက်တောက်ပသွားသည်။

” ဒါနဲ့.. မောင်ကြီးအမည်က ဘယ်လိုခေါ်လဲဟင် ”

” ကျုပ် နာမည်က မှုံကြီးပါ၊ ဒါနဲ့ ဒီကနှမလေးရဲ့ အမည်ကရော ”

” နှမလေးအမည်က မြနန်းသိင်္ဂီလို့ခေါ်ပါတယ် ရှင့် ”
ဟု နွဲ့နှောင်းညင်သာစွာ ပြောလေရာ မှုံကြီးရင်ထဲ၌ စောင်းသံသကဲ့သို့ နားဝင်ချိုလှပြီး ရင်တွင်း၌လည်း တလှပ်လှပ် တဒိန်းဒိန်းဖြင့် ဖြစ်ပေါ်နေလေသည်။ မှုံကြီးလည်း မြနန်းသိင်္ဂီဟုအမည်ရသော မိန်းမပျိုလေးအား မခို့တစ်ခို့လေး ခိုးကြည့်ကာ သဘောကျနေလေ၏။ မြနန်းလည်း ကိုမှုံကြီးတစ်ယောက် မိမိကိုစိတ်ဝင်တစား ကြည့်နေသည်ကို ရိပ်မိသဖြင့်

” မောင်ကြီး နှမလေးလှလားဟင် ” ဟု မေးလိုက်ရာ

” သိပ်..သိပ်..လှတာပေါ့ဗျာ ” ဟု မှုံကြီးတစ်ယောက် စိတ်လှုပ်ရှားကာ အထစ်ထစ်အငေါငေါ ပြန်ဖြေလိုက်မိ၏။ မှုံကြီးပုံစံကိုကြည့်ကာ မြနန်းတစ်ယောက်

” ခစ်…ခစ်.. ခစ် ” ဖြင့် ရယ်မောလေရာ နီစွေးနေသော နူတ်ခမ်းနှစ်လွှာဖြင့်ဖုံးကွယ်ထားသော ပုလဲလုံးလေးများ စီတန်းထားသကဲ့သို့ရှိသော သွားလေးများပင် ပေါ်ထွက်လာသည်။

ဤသို့ဖြင့် မှုံကြီးနှင့်မြနန်းသင်္ဂီတို့ တစ်ဦးနှင့်တစ်ဦး စကားပြောလိုက်၊ရယ်မောလိုက်ဖြင့် အချိန်ကုန်မှန်းမသိ ကုန်လာ၏။

” အော်…အီး..အီ..အွတ် ” ဆိုသော လင်းကြက်တွန်သံ ထွက်ပေါ်လာရာ မြနန်းလည်း

” မောင်ကြီး မြနန်းပြန်တော့မယ်နော်၊ မြနန်းနဲ့အခုလိုတွေ့တာ စကားပြောတာတွေ ဘယ်သူကိုမှမပြောပြပါနဲ့နော် ”

” စိတ်ချပါ မြနန်းရဲ့ မောင်ကြီးဘယ်သူကိုမှ မပြောပါဘူး ”

မြနန်းတစ်ယောက်လည်း မှုံကြီးအားနှုတ်ဆက်ကာ တောအတွင်းသို့ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။ မှုံကြီးတစ်ယောက်မူကား တောစပ်၌ လွမ်းလျက်သာ ကျန်ခဲ့၏။
အခန်း ၄

ဤသို့ဖြင့် ညစဉ်ညတိုင်းဆိုသလို မြနန်းသိင်္ဂီတစ်ယောက် မှုံကြီးထံရောက်လာ၏။ ရက်အနည်းငယ်အတွင်းတွင် မှုံကြီးနှင့်မြနန်းသိင်္ဂီတို့ရဲ့ဆက်ဆံရေးမှာလည်း ချစ်သူအဖြစ်သို့ကူးပြောင်းသွားသည်။

တိတ်ဆိတ်ကာ ငြိမ်သက်နေသောညတစ်ည၌ လယ်စောင့်တဲအတွင်းမှ မှိတ်တုတ်တုတ်ဆီမီးခွက်အလင်းရောင်နဲ့အတူ လူနှစ်ဦး၏တီးတိုးစကားသံများမှာ ပျံလွင့်နေ၏။

” မောင်ကြီးလေ မြနန်းကို အရမ်းချစ်မိနေပြီကွယ် ”

” မြနန်းလည်း မောင်ကြီးကိုအရမ်းချစ်တယ် သိလား ”

” မောင်ကြီးလေ မြနန်းနဲ့အတူနေချင်ပြီ၊ မြနန်းကိုလည်း မခွဲနိုင်တော့ဘူး ”

ဟု မှုံကြီးလည်းပြောလိုက်ကာ မြနန်းသိင်္ဂီကို ရင်ခွင်ထဲသို့ထည့်ကာ ပွေ့ဖက်ထားလိုက်၏။ မှုံကြီး၏အတူနေချင်ပြီဆိုသောစကားကြောင့် မြနန်းသိင်္ဂီ၏မျက်နှာမှာ စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ဖြစ်ပေါ်သွားကာ

” မောင်ကြီးအခုလို ဆင်းဆင်းရဲရဲနေရတာကို မြနန်း မကြည့်ရက်ဘူး၊ မောင်ကြီးကို ချမ်းချမ်းသာသာနေရအောင် မြနန်းကူညီချင်တယ် ” ဟု စကားလမ်းကြောင်းအား လွှဲပြောလိုက်၏။

” မြနန်းက မောင်ကြီးကိုဘယ်လိုကူညီမှာလဲဟင် ” ဟု မှုံကြီးလည်း မြနန်းသိင်္ဂီအား မေးလိုက်ရာ

” လာမဲ့လကွယ်နေ့ကြရင် မောင်ကြီးကိုမြနန်းနေရာတစ်ခုကိုခေါ်သွားမယ်၊ အဲဒီကြရင်မောင်ကြီးကို ချမ်းချမ်းသာသာနေနိုင်အောင်လို့ မြနန်း ရတနာတွေပေးမယ် ”

မြနန်းသိင်္ဂီရဲ့စကားကြောင့် မှုံကြီးလည်း အံသြသွားကာ မျက်လုံးအဝိုင်းသားဖြစ်သွားပြီး၊ စိတ်ထဲ၌လည်း ယုံတစ်ဝက်၊မယုံတစ်ဝက်ဖြင့် ဒွိဟစိတ်ဖြစ်သွားသည်။ သို့သော် ကိုယ်သိပ်ချစ်ရသောသူ၏စကားမို့ မျက်စိစုံမှိတ်ကာ အပြည့်အဝယုံကြည်လိုက်သည်။

+++++++++

လကွယ်ညတစ်ည၌ လူတစ်ယောက်သည် တောစပ်တစ်ခု၌ တစ်စုံတစ်ယောက်အလာကို စောင့်မျှော်နေ၏။ အတန်ကြာသော ထိုလူထံသို့ တစ်စုံတစ်ယောက်ရောက်လာ၏။

” မောင်ကြီး မြနန်းကိုစောင့်နေရတာကြာပြီလား ”

” ကြာပြီပေါ့ မြနန်းရယ်..မောင်ကြီးက မြနန်းကိုမလာတော့ဘူးလို့တောင် ထင်နေတာ ”

” မလာပဲနေပါ့မလား မောင်ကြီးရယ်၊ မြနန်းက အိမ်ကလူကြီးတွေအလစ်ကို စောင့်နေရလို့ပါ မောင်ကြီးလာ မြနန်းနဲ့လိုက်ခဲ့ ” ဟုပြောကာ မြနန်းသိင်္ဂီလည်း မှုံကြီးရဲ့လက်ကိုဆွဲတာ တောအတွင်းသို့ဝင်လာလိုက်၏။ အတန်ကြာလျှောက်လှမ်းပြီးသည့်နောက် လူနှစ်ဖက်စာခန့်ကြီးမားသည့် ကညင်ပင်ကြီးရှိရာသို့ရောက်လာခဲ့ကြ၏။

” မောင်ကြီး ခနနော် ” ပြောကာ မြနန်းသိင်္ဂီလည်း ကညင်ပင်ကြီးအား လက်ယာရစ်သုံးပတ် ပတ်ကာ နှုတ်မှတစ်စုံတစ်ခုအားပြောလိုက်ပြီး
ညာဘက်လက်ဝါးဖြင့် သုံးချက်ပုတ်လိုက်ရာ

” ဝုန်း ” ဆိုသောအသံမှာ ကျယ်လောင်စွာထွက်ပေါ်လာပြီး မြေကြီးများပါတုန်ခါသွားပြီး ကညင်ပင်ကြီးဘေးနား မြေကွက်လပ်ကနေ နန်းတော်လိုလို အဆောက်ဦးကြီးတစ်ခုပေါ်လာ၏။ ထိုအဆောက်အဦးကြီးသည် ရွှေရောင်တစ်ဖိတ်ဖိတ်တောက်နေ၏။

” ဟာ ” ဆိုသောအသံနှင့်အတူ မှုံကြီးတစ်ယောက်အံသြသွား၏။ မိမိမျက်စိပင် မိမိမယုံနိုင်သဖြင့် မျက်စိအား လက်ဖမို့းဖြင့်ပွတ်ကာ ကြည့်လိုက်ရာ တောအတွင်း၌ အရောင်များတလက်လက်တောက်ပနေသော ရွှေရောင်အဆောက်အဦးကြီးကို တွေ့လိုက်ရသည်။ ထိုအဆောက်အဦးအားကြည့်ကာ မှုံကြီးတစ်ယောက်မှင်သက်မိနေခိုက်

” မောင်ကြီး အံ့သြနေပြီလား… ဒါကမြနန်း နေတဲ့နေရာပဲ ”

မြနန်းသိင်္ဂီ၏စကားကြောင့် မှုံကြီးပို၍အံသွားပြီး ခေါင်းထဲ၌လည်း အတွေးများချာချာလည်သွားသည်။

” မောင်ကြီး လာလေ ”

ဆိုသော မြနန်းသိင်္ဂီရဲ့ ခေါ်သံကြောင့် မှုံကြီးလည်းအတွေးစများပျက်သွားပြီး

” အွန်း မြနန်း “ဟုပြောလိုက်ပြီး သူမ၏အနားသို့ သွားလိုက်သည်။ မြနန်းသိင်္ဂီလည်း ချစ်သူရဲ့လက်တစ်ဖက်ကိုကိုင်ဆွဲကာ ရွှေရောင်အဆောက်အဦးကြီးဆီသို့သွားလိုက်ပြီး ရွှေသားများဖြင့်ပြုလုပ်ထားသော တံခါးချပ်ကြီးပေါ်သို့ သူမ၏ညာလက်ဝါးဖြင့်ထိလိုက်ရာ

” ဝုန်း… ဂျိန်း…ဂျိန်း ” အသံများနှင့်အတူ တံခါးကြီးပွင့်သွား၏။ ၎င်းတံခါးကြီးပွင့်သွားသောအခါ အဆောက်အဦးအထဲရှိ ရွှေ၊ငွေ၊ကျောက်သံ၊ပတ္တမြား အစရှိသောရတနာများသည် မျက်စိများကျိန်းလောက် အရောင်တလက်လက်ဖြင့်ရှိ၏။ အဆောက်အဦးအတွင်း၌လည်း ဘေးနံရံကြီးများတွင် ကညင်ဆီမီးတိုင်ကြီးများကို ထားရှိသည်ကိုတွေ့လိုက်ရ၏။ မှုံကြီးတစ်ယောက် များစွာသောရတနာတွေကိုတွေ့လိုက်ရသဖြင့် ရုတ်တရက်အံသြမှင်သက်မိသွားပြန်၏။

” မောင်ကြီး ရတနာတွေကို နိုင်သလောက်သာ သယ်သွားပေတော့ ”

ဆိုသော မြနန်းသိင်္ဂီရဲ့အသံကြားရတော့မှ မှုံကြီးလည်းသတိဝင်လာကာ ခါးပိုက်ထောင်ထဲသို့ ရတနာများအား ထည့်ယူလိုက်၏။ ပြီးနောက် မြနန်းသိင်္ဂီနှင့်အတူ ၎င်းအဆောက်အဦးထဲကနေ ထွက်လာခဲ့လိုက်သည်။ မှုံကြီးတို့လည်း အပြင်ရောက်

” ဝုန်း… ဂျိန်း..ဂျိန်း “ဆိုသော အသံနှင့်အတူ ရွှေရောင်အဆောက်အဦးကြီးမှာ မြေကြီးသို့တိုးလျှိုးဝင်ရောက်ကာ ပျောက်ကွယ်သွား၏။ ထိုအချိန်၌

” မြနန်း နင်ဒါဘာလုပ်တာလဲ ”

ဆိုသောအသံနှင့်အတူ ပိုးပုဝါစကို ခေါင်းပေါင်းထားသော လူနှစ်ယောက်သည် မြနန်းသိင်္ဂီတို့၏ ဝါးနှစ်ရိုက်စာ အကွာအဝေးလောက်တွင် ပေါ်လာသည်။
ထိုလူနှစ်ယောက်ကို မြင်လိုက်ရသောအခါ မြနန်းသိင်္ဂီတစ်ယောက် ထိတ်လန့်သွားပြီး

” မောင်ကြီးအမြန်ပြေးတော့ အကိုတော်တို့ပြန်လာပြီ ပြေးတော့ ”

” ဒါဆို မြနန်းပါ မောင်ကြီးနဲ့အတူလိုက်ခဲ့လေ ” ဟု မှုံကြီးလည်းပြောလိုက်ရာ

” မြနန်း မောင်ကြီးနောက် လိုက်လို့မရတော့ဘူး၊ မောင်ကြီးပြေးပါတော့နော် … မြနန်းကိုချစ်ရင်ပြေးပါတော့ ”

ဟု ပြောလိုက်ကာ မြနန်းသိင်္ဂီတစ်ယောက် မျက်ဝန်းအိမ်မှ မျက်ရည်စလေးများပင် လျှံထွက်လာသည်။ မှုံကြီးတစ်ယောက်လည်း မပြေးချင်ပြေးချင်ဖြင့် ပြေးလေရာ

” ဟေ့ကောင် ရပ်လိုက်စမ်း ”
ဆိုသော အသံနှင့်အတူ မှုံကြီးနောက်သို့ ပိုးပုဝါစကို ခေါင်းပေါင်းထားသော လူနှစ်ယောက်လိုက်လာ၏။ မှုံကြီးလည်း တောထဲ၌ ကြောက်ကြောက်ဖြင့် ဝရုံးသုန်းကားပြေးလေရာ တောစပ်သို့အရောက် သစ်မြစ်တစ်ခုအား ခလုတ်တိုက်ကာ ” ဘုန်း” ခနဲ ဆိုသောအသံနှင့်အတူ လဲကျသွားကာ လောကကြီးနှင့် အဆက်အသွယ်ပြတ်သွား၏။

++++++++++
အခန်း၅

သာယာလှပနေသော မနက်ခင်းတစ်ခု၌

” ဟေ့ကောင်သာမောင် ဟိုမှာလူတစ်ယောက် ဝမ်းလျားမှောက်ကြီး လဲနေတယ်ကွ ”

ဆိုသော လှထွန်း၏စကားကြောင့် သာမောင်လည်း ကြည့်လိုက်ပြီး

” ဒီလူ့ ပုံသဏ္ဍာန်ကြည့်ရတာ ငါတို့ရွာသားနဲ့တူနေသလိုပဲ ”
ဆိုပြီး ဝမ်းလျားမှောက်ကာ လဲနေသော လူအနားသို့သွားကာ ပက်လက်လှန်ကြည့်လိုက်ရာ

” ဟာ… မှုံကြီးကွ ဘယ်လိုဖြစ်တာလဲမသိဘူး ”

” တစ်ကိုယ်လုံးလဲ ဖုန်တွေကိုလူးနေတာပဲ၊ အသက်ကော ရှိသေးရဲ့လားမသိဘူး စမ်းကြည့်ပါအုံးဟ သာမောင်ရ ”

သာမောင်လည်း လဲကျနေသောမှုံကြီး၏ အသက်ရှုလမ်းကြောင်းအား စမ်းသပ်လိုက်ပြီး

” အသက်ရှုနေသေးတယ်ဟ… သတိလစ်နေတာ လှထွန်းရ ”

” ဒါဆိုရင်လည်း မှုံကြီးကို သူ့အိမ်ကိုပြန်ပို့ပေးရအောင် ”

သာမောင်နှင့်လှထွန်းလည်း
လဲကျနေသောမှုံကြီးအား ဆွဲထူကာ ထမ်းယူလိုက်ပြီး ဦးဘရွှေထံသို့ ခေါ်ဆောင်လာလိုက်တယ်။
++++++

” သားရေ…သား..လူလေး ” ဆိုသော အော်ခေါ်သံများနှင့်အတူ သစ်သားအိမ်လေးအတွင်း၌ ဆူညံနေ၏။

” မှုံကြီးက ဘာဖြစ်တာလဲ ”

ဆိုသော အသံနှင့်အတူ အညိုရောင်သဘက်အား ခေါင်းပေါင်းထားသော လူကြီးတစ်ယောက်သည် ၎င်းသစ်သားအိမ်အတွင်းသို့ တစ်လှမ်းချင်းဝင်လာသည်။ ထိုအခါ ဦးဘရွှေမှ

” မသိပါဘူး ဆရာဘိုးလှရယ်၊ လူလေးက တောစပ်မှာသတိလစ်ပြီး လှဲနေတာတွေ့လို့ဆိုပြီး သာမောင်နဲ့လှထွန်းက ထမ်းပြီးလာပို့တာပါပဲဗျာ ”

” အော် အဲသလိုကို… ဘာမှစိတ်မပူကြပါနဲ့ဗျာ ကောင်းသွားမှာပါ ”

ဆရာဘိုးလှဆိုသူက ထို့သို့ပြောပြီး ဘုရားစင်တွင် ဆီမီးတစ်တိုင်အား မီးထွန်းညှိကာ မီးပူဇော်လိုက်သည်။ ထို့နောက် ဘုရားသောက်တော်ရေအားစွန့်ကာ နှုတ်မှ ဉုံအစချီသော မန္တာန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်ပြီး ၎င်းသောက်တော်ရေဖြင့် မှုံကြီး၏မျက်နှာအား ပက်ဖြန်းလိုက်ရာ

” မြနန်းရေ.. မြနန်း.. မြနန်း ” ဆိုသော တကြော်ကြော်အော်ခေါ်သံနှင့်အတူ မှုံကြီးတစ်ယောက်သတိရလာ၏။

” မင်း အော်ခေါ်နေတဲ့ မြနန်းဆိုတာ မြနန်းသိင်္ဂီကို ပြောတာလား ” ဟု ဆရာဘိုးလှမှ မှုံကြီးအားမေးလိုက်ရာ

” ဟုတ်တယ်ဗျ… ”

ဆိုသော မှုံကြီးရဲ့အဖြေကြောင့် ဆရာဘိုးလှတစ်ယောက် မျက်နှာပျက်သွားပြီး

” မင်း သူတို့ဆီက ဘာတွေယူခဲ့သေးလဲ ” ဟု ထပ်မံမေးလိုက်ရာ

” ကျုပ်.. ရတနာတွေယူခဲ့တယ်ဗျ ” ဟု ပြောလိုက်ပြီး

မှုံကြီးလည်း မိမိခါးပိုက်ထောင်အား ဖြည်လိုက်ရာ ခါးပိုက်ထောင်ထဲကနေ ကျောက်ခဲများသာ ထွက်လာလေသည်။

မှုံကြီးအား ဆရာဘိုးလှတစ်ယောက် ဆေးကုသနေပုံကို ဦးဘရွှေ၊ဒေါ်ငွေခင်၊သာမောင်၊ထွန်းလှတို့သည် ဘေးကနေ မျက်လုံးအဝိုင်းသားဖြင့် တအံတဩကြည့်နေကြ၏။

” ဟာ..ကျုပ်ရတနာတွေက ဘာလို့ကျောက်ခဲတွေဖြစ်သွားရတာတုံး ”

ဟုပြောကာ မှုံကြီးတစ်ယောက် ဂယောင်ခြောက်ခြားဖြစ်သွားပြီး

” မြနန်းရေ မောင်ကြီးတို့အတူနေကြရအောင်ကွာ.. မြနန်း…မြနန်း.. ”

ဟု တကြော်ကြော်အော်ပြောကာ အိမ်ရှေ့ဘက်သို့ မှုံကြီးတစ်ယောက် ပြေးထွက်ဖို့အလုပ် သာမောင်နှင့်ထွန်းလှမှ ဟန့်တားထားလိုက်သည်။ သားဖြစ်သူရဲ့အခြေနေကိုကြည့်ပြီး ဦးဘရွှေမှ

” ဆရာဘိုးလှရေ ကျုပ်သားကိုကယ်ပါအုံးဗျာ ” ဟု အားကိုးသောအကြည့်ဖြင့် အကူညီတောင်းရာ ဆရာဘိုးလှလည်း

” ဟူးးးးး ” ဆိုသော သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီး

” ခက်တယ်ဗျ ကိုဘရွှေရ… ခဗျားသားက သူတို့ဆီက ပစ္စည်းကိုယူပြီးပြီဆိုတော့ …. ”
ဟု ပြောကာ စကားစအား ဖြတ်လိုက်ရာ

” ဆရာကြီး သူတို့ဆိုတာဘယ်သူတွေလဲ ရှင်..” ဆိုသော အသံနှင့်အတူ ဒေါ်ငွေခင်လည်းဝင်မေးလိုက်၏။

” သူတို့ဆိုတာက မြနန်းသိင်္ဂီတို့ကိုပြောတာ
မငွေခင်ရ၊ မြနန်းသိင်္ဂီသိုက်ဆိုတာက ကုန်းဘောင်ခေတ်ထဲကတည်ရှိခဲ့တာ သိုက်နန်းရှင်တွေရဲ့ ကမ္မဇိဒ္ဓိတန်ခိုးတွေက မြင့်မားကြတယ်… ကျုပ်အနေနဲ့ သူတို့ကိုမယှဉ်နိုင်ဘူး… ”

ဟု ပြောကာ ခေါင်းကိုအနည်းငယ် ကိုင်းညွှတ်သွား၏။

” ဘာပဲဖြစ်ဖြစ် ဆရာဘိုးလှရယ် ကျုပ်သားကိုတတ်နိုင်သလောက် ကယ်ပါအုံးဗျာ ”

” ကိုဘရွှေသားကိစ္စကို ကျုပ်မဖြေရှင်းပေးနိုင်တဲ့အတွက် ကျုပ်ကိုခွင့်ပြုပါအုံး ”

ဟုပြောကာ ဆရာလည်း ၎င်းအိမ်ပေါ်ကနေ ဆင်းသွား၏။

ဤသို့ဖြင့် ဦးဘရွှေလည်း ဂယောင်ခြောက်ခြားဖြစ်နေသော သားဖြစ်သူအား ကုသရန်အတွက် ဆရာရှာထွက်လေသည်။ ဆရာများကို မိမိအိမ်သို့ပင့်လာ၍ သားဖြစ်သူအား ကုသသော်လဲ မပျောက်ကင်းပေ။ သို့မျှမကသေး မှုံကြီးသည်ပါးစပ်မှ ” မြနန်း… မြနန်း ” ဖြင့်သာ အော်ခေါ်နေတတ်သည်။ အစာ စားဖို့ပင်သတိမရ၊ အိပ်ချိန်လည်းမမှန်၊ ထိုသို့ဖြင့် ရက်အနည်းငယ်အတွင်း၌ပင် ပိန်ချုံးလာကာ ဆံပင်ဘုတ်သိုက်ဖြင့် အရူးကြီးတစ်ယောက်ပုံစံ ပေါက်နေ၏။ ရံဖန်ရံခါ၌လည်း အိမ်ကနေ ထွက်ပြေးတတ်သဖြင့် သံကြိုးဖြင့် ခြေထောက်အား ချည်နှောင်ထားရ၏။ ဦးဘရွှေနှင့်ဒေါ်ငွေခင်တို့လည်း သားဖြစ်သူအားကြည့်ကာ ဝမ်းနည်းပက်လက်ဖြစ်ကာ ရင်ကျိုးမရဖြစ်လေတော့သည်။

++++++++++++++
ဇာတ်သိမ်းပိုင်း

 

မြိုင်သာယာရွာထိပ်တွင်ရှိသောဇရပ်၌ လွယ်အိတ်ကိုယ်စီလွယ်ထားသော လူရွယ်နှစ်ဦးရောက်ရှိနေ၏။ ထိုလူရွယ်တို့သည်ကား မင်းအောင်နှင့်ပြည့်ဖြိုးပင်ဖြစ်သည်။

” ဆရာ ဒီရွာလေးကသာယာတယ်နော် ”

” ဟုတ်တယ်ပြည့်ဖြိုး … နွေဦးရာသီဆိုပေမဲ့ ရွာလေးက မြစ်တို့၊ချောင်းတို့ပေါများတော့ သစ်ပင်၊ပန်းပင်တွေက စိမ်းလန်းစိုပြေနေပြီး သာယာတာပေါ့ကွာ ”

” ဒါပေမဲ့ဆရာ ဟိုရှေ့က လက်ပံပင်ကြီးကတော့ အပွင့်တွေ တဖြုတ်ဖြုတ်နဲ့ ကြွေနေတော့တာပါပဲဗျာ ”

ဟု ပြည့်ဖြိုးမှ နွမ်းလျသောအသံဖြင့် ပြောလေရာ ကျွန်တော်လည်း

” ဘာလဲ.. မင်းက
နွေဦးမှာ လေရူးတွေက တသုန်သုန်တိုက်ခတ် ၊
ကိုယ်ရင်ထဲမှာ တလှပ်လှပ်နဲ့ လွမ်းနေဆဲပါပဲ ဆိုသလို လွမ်းရမဲ့သူ ရှိနေလို့လားကွ ပြည့်ဖြိုးရ ”

ဟု ကျီစယ်လိုက်ရာ

” လွမ်းရမဲ့သူ မရှိပါဘူးဆရာရယ်.. လက်ပံပင်ကြီးကိုကြည့်နေရင်း ကျွန်တော်စိတ်ထဲက ဝမ်းနည်းနေသလိုကြီး ဖြစ်နေတာဗျ ” ဟု ဆရာဖြစ်သူအား ပြောပြနေခိုက်

” မြနန်းရေ ..မြနန်း မောင်ကြီးလာပြီ ” ဆိုသော အသံနှင့်အတူ ပြေးလာသောလူတစ်ယောက်အား တွေ့လိုက်ရ၏။

” ဆရာ ဟိုလူပုံစံကြည့်ရတာ စိတ်သိပ်နှံ့ပုံ မရဘူးဗျ ”

” အေးကွ ပြည့်ဖြိုးရ ဒီလူ့ပုံစံကြည့်ရတာတစ်မျိုးပဲ ”

ထိုအချိန်၌ ကျွန်တော်ရဲ့နားစည်အတွင်းပိုင်းထဲသို့

” လူလေး အဲဒီလူငယ်က သိုက်စက်မိနေတဲ့သူပဲကွဲ့ ၊ သူ့ကို ကယ်တင်လိုက်ပါကွယ် ”

ဆိုသော အသံလှိုင်းကို ညင်သာအေးမြစွာဖြင့် ကြားလိုက်ရတယ်။ ကျွန်တော်လည်း ပြေးနေသောလူရွယ်အား လက်ညှိုးထိုးလိုက်ကာ

” မကောင်းသော စက်မှန်သမျှ ပျက်စေ ”

ဟု အမိန့်ပြန်လိုက်ရာ ပြေးနေသောလူရွယ်က ရပ်တန့်သွားပြီး သူ၏ရှုပ်ပွနေသောခေါင်းအား လက်နှစ်ဖက်ဖြင့် ကုတ်နေတော့သည်။

” ပြည့်ဖြိုး အဲဒီလူကို ဒီဇရပ်ပေါ်ရောက်အောင် ခေါ်လာခဲ့ ”

” ဟုတ်ကဲ့ဆရာ ”

ပြည့်ဖြိုးလည်း ဆရာဖြစ်သူခိုင်းစေတဲ့အတိုင်း ထိုလူရွယ်ကို ချော့မော့ကာ ဇရပ်ပေါ်သို့ခေါ်ခဲ့လိုက်တယ်။

” ဒီကငါ့ညီ နာမည်ကဘယ်လိုခေါ်လဲ ”

ဟု မေးလိုက်ရာ လူရွယ်မှ သူ၏ရှုပ်ပွပေရေနေသော ဦးခေါင်းအား လက်နှစ်ဖက်ဖြင့် တဗျင်းဗျင်း ကုပ်နေရင်းမှ

” ကျုပ်နာမည်က ဘာလဲဟင် ” ဟု ကျွန်တော်အား ကြောင်စီစီဖြင့် ပြန်မေးတယ်။ ထိုအချိန်၌

” လူလေးရေ … လူလေး ” ဆိုသော အော်ခေါ်သံများနှင့်အတူ လူတစ်စုသည် ဇရပ်အတွင်းသို့ရောက်လာ၏။ ကျွန်တော်လည်း

” ဦးကြီးတို့က ဒီကညီငယ်ရဲ့ မိဘတွေလားဗျ ” ဟု မေးလိုက်ရာ

” ဟုတ်ပါတယ်ကွယ်.. ဦးကြီးတို့ရဲ့သားလေးပါ၊ ဒါနဲ့ ငါ့တူတို့ကို ဒီရွာမှာ တစ်ခါမှမမြင်ဖူးဘူးနော် ”

ဟု ဦးဘရွှေလည်း မျက်နှာစိမ်းဧည့်သည်နှစ်ယောက်အား ပြန်လည်မေးလိုက်သည်။

” ကျွန်တော်တို့က နယ်လှည့်ဆေးကုနေတဲ့သူတွေပါ ”

” ငါ့တူတို့က တိုင်းရင်းဆေးဆရာလား ပရောဂါကုတဲ့ဆရာလားကွဲ့ ”

” ကျွန်တော်တို့က တိုင်းရင်းဆေးလဲကုသလို အနှောက်ပရောဂါတွေကိုလည်း တတ်နိုင်သလောက် ကုသပေးပါတယ် ”

” ဒါဆိုဟန်ကျတာပေါ့ကွယ် ဦးကြီးသားကိုကြည့်ပေးပါအုံး ” ဟု ကျွန်တော်အား ပြောရာ ကျွန်တော်လည်း

” ဒီလူငယ်မှာက သိုက်စက်တစ်ခုမိနေတယ်ဗျ စက်ကအတော်ပြင်းပြင်းပဲ ” ဟု ပြောလိုက်ရာ

” ဟုတ်လိမ့်မယ်ဆရာလေးရဲ့… အရင်ဆရာတွေလည်း အဲသလိုပြောကြတယ် ဒါပေမဲ့ ဘယ်ဆရာမှသားလေးကို ပျောက်အောင်မကုနိုင်ပါဘူးကွယ် ”
ဟု ဦးဘရွှေလည်း ဖျော့တော့သောလေသံဖြင့် ပြောလိုက်သည်။

” ဦးကြီးတို့ဘက်က ယုံကြည်မယ်ဆိုရင် ကျွန်တော်ပျောက်အောင် ကုသပေးနိုင်ပါတယ် ” ဟု ကျွန်တော်လည်း လူနာရှင်ဦးကြီးအားပြောလိုက်ရာ

” ဝမ်းသာလိုက်တာ ဆရာလေးတို့ရယ်၊ ဆရာလေးတို့သာ ဦးကြီးရဲ့သားလေးကို ပျောက်အောင်ကုသပေးနိုင်ရင် ဦးကြီးရဲ့လယ်တွေကိုရောင်းပြီး ထိုက်ထိုက်တန်တန်ကျေးဇူးဆပ်ပါ့မယ် ” ဟုပြောလေသည်။ ကျွန်တော်လည်း

” အဲဒီလိုတွေမလိုပါဘူးဗျာ ကျွန်တော်တို့ကအသပြာဆရာတွေမဟုတ်ပါဘူး၊ အဓိကက ဦးကြီးတို့ရဲ့ ယုံကြည်ဖို့ပဲလိုပါတယ် ”

” ဆရာတို့ကို အပြည့်အဝယုံကြည်ပြီးသားပါ ”

ဟုပြောကာ ဦးဘရွှေလည်း မင်းအောင်တို့ဆရာတပည့်နှစ်ယောက်အား အိမ်သို့ပင့်သွားလိုက်သည်။ ဤနေရာတွင် ထူးဆန်းသည်ကား စိတ်ဖောက်ပြန်နေသော မှုံကြီးတစ်ယောက် အရင်လိုရုန်းရင်းဆန်ခတ်မလုပ်ပဲ ငြိမ်သက်စွာအိမ်သို့ပြန်လိုက်လာခြင်းပင်။

ဦးဘရွှေ၏အိမ်သို့ရောက်သောအခါ မင်းအောင်တို့လည်း လူနာ၏ဖြစ်ပုံအား မေးမြန်းလေရာ ဦးဘရွှေလည်းသားဖြစ်သူရဲ့အကြောင်းစုံအား ရှင်းပြလိုက်တယ်။

ထို့နောက် ကျွန်တော်တို့လည်း ပဋ္ဌမံဆေးပွဲအားပြင်၍ ကုသခြင်းလုပ်ငန်းအားစတင်လိုက်သည်။

” ပဋ္ဌမံဆရာကြီးအဘအောင်နှင့်တကွ လက်ယာကိုးသိန်း၊လက်ဝဲကိုးသိန်း ဆရာသခင်များထံသို့ ကြာသပတေးသား မှုံကြီး၏အသက်နှင့်ခန္ဓာအား အပ်နှံလှူဒါန်းပါ၏၊ ကြာသပတေးသားအား နှောက်ယှက်ဒုက္ခပေးနေသော ပုဂ္ဂိုလ်သည် ကြာသတေးသား၏ခန္ဓာကိုယ်သို့ ဝင်ရောက်ပူးကပ်ပါစေသား…ဆရာသခင်များ၏အဏာစက် အမိန့်တော် ”

ဟု အမိန့်ပြန်လိုက်ရာ ဘုရားဆောင်ရှေ့တွင်ထိုင်နေသော မှုံကြီးတစ်ယောက် တစ်ကိုယ်လုံးတုန်ရီလာကာ” တဟီးဟီး ” ဖြင့် ငိုကြွေးလေသည်။

” သင်ကဘယ်သူလဲ ” ဟု ကျွန်တော်မှမေးလေရာ

” ကျမက မြနန်းသိင်္ဂီပါဆရာလေး ”

ဟု မိန်းကလေးသံဖြင့် ဖြေလေသည်။ မှုံကြီးဆီက မိန်းကလေးအသံထွက်လာသဖြင့် အနားမှာရှိကြသော ဦးဘရွှေ၊ဒေါ်ငွေခင်နှင့်ရွာသားတစ်ချို့လည်း အံသြကာမျက်လုံးအဝိုင်းသား ဖြစ်သွားတယ်။ ကျွန်တော်လည်း

” သင်ဘာလို့ ဒီကြာသပတေးသားကို နှောက်ယှက်ရတာလဲ ” ထပ်မံမေးလိုက်ရာ

” ကျမက မောင်ကြီးကိုချစ်လို့ပါ၊ ကျမ သူ့ကိုခေါ်ထားမလို့ လုပ်ထားတာပါ ”

” ကျုပ်အနေနဲ့ ခွင့်မပြုနိုင်ဘူး၊ သင်နဲ့ကြာသပတေးဟာ ဘုံဘဝတွေ တူတာမှမဟုတ်တာ ဘယ်လိုပေါင်းဖက်နိုင်မှာလဲ ”

ဟု ကျွန်တော်လည်းအဲသလိုပြောလိုက်ရော မှုံကြီးထံဝင်ရောက်ပူးကပ်နေတဲ့ မြနန်းသိင်္ဂီမှ

” အဲဒါကြောင့် မောင်ကြီးကို ကျမနေတဲ့သိုက်နန်းထဲကို ခေါ်ဖို့လုပ်တာလေ၊ ကျမတို့ချစ်ချင်းကိုမခွဲပါနဲ့ ဆရာရယ် ”
ဟု အားငယ်သော ငိုသံသဲ့သဲ့လေးဖြင့်ပြောလေသည်။ ကျွန်တော်လည်း

” ကျုပ်တစ်ခုပြောပြမယ်… သင်တို့သိုက်နန်းရှင်တွေဆိုတာက ဝေမာနိကပြိတ္တာအနွယ်ဝင်တွေဖြစ်တဲ့အတွက် ကောင်းမှုကုသိုလ်လဲပြုမရ၊ကျွတ်တန်းဝင်ဖို့ဆိုရင်လဲ နောင်ပွင့်မဲ့အရိမေတ္တယျဘုရားပွင့်မှ ကျွတ်တန်းဝင်နိုင်ကြမှာမဟုတ်လား ..အဲဒီလိုဘုံဘဝမျိုးထဲကို ကိုယ်ချစ်တဲ့သူကို ခေါ်ပြီးဒုက္ခခံခိုင်းမလို့လား မြနန်းသိင်္ဂီ ” ဟု ပြောလိုက်ရာမြနန်းသိင်္ဂီလည်း စဉ်းစားဟန်ပြုပြီးနောက် အံကိုကြိတ်လိုက်ပြီး ကျွန်တော့်အား မျက်စောင်းထိုးကာ

” ဘာပဲဖြစ်ဖြစ် ကျမချစ်သူနဲ့မခွဲနိုင်ဘူး၊ ဆရာတို့တားလည်း ကျမရအောင်ခေါ်မှာပဲ ” ဟု ခက်ထန်မာကြောသောလေသံဖြင့်ပြောလေသည်။

” ကဲ.. မြနန်းသိင်္ဂီ ကျုပ်တို့ကခဗျားကို မေတ္တာရပ်ခံနေတာနော် မေတ္တာမပျက်ချင်ဘူး၊ ခဗျား ကြာသပတေးသားကို နောက်နောင်မနှောက်ယှက်ပါဘူးဆိုတဲ့ကတိကိုပေးပြီး သစ္စာရေသောက်သွားပါ ” ဟု ပြောလိုက်ရာ

” သစ္စာရေမသောက်နိုင်ဘူး လုံးဝမသောက်နိုင်ဘူး ” ဟုပြောကာ မှုံကြီးခန္ဓာမှထွက်ခွာမည်အလုပ်

” ကြိုးပိုင်များ အဲဒီအစွဲကို နဂါးပတ်ကျော့ကွင်းနဲ့တုပ်ထားစေ ”
ဟု အမိန့်ပေးလိုက်ရာ မြနန်းသိင်္ဂီဝင်ပူးနေသော မှုံကြီးတစ်ယောက် ကြိုးတုပ်ခံရသည့်ပမာ ဖြစ်သွားပြီး ရုန်းကန်နေ၏။ ကျွန်တော်လည်း

” တောတောင်၊ရေ၊မြေအတွင်း၌ ရှိကြကုန်သော သိုက်များအား အစိုးရပါသော သိုက်ချုပ်အဖိုးဦးသာလှအကျွန်ုပ်ထံသို့ မြန်မကြာကြွရောက်ပေးပါ ”
ဟု ပင့်ဖိတ်လိုက်ရာ ခနအကြာ၌ ကျွန်အရှေ့သို့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အဖြူရောင်ပဝါစကို ခေါင်းပေါင်း ပေါင်းထားကာ နဂါးခေါင်းပုံသဏ္ဍာန်ပါသော ကျွန်းနက်တောင်ဝှေးကို ကိုင်ထားသောအဖိုးအိုတစ်ဦး ပေါ်လာ၏။
ကျွန်တော်လည်း စိတ်အတွင်းကနေ အဖိုးသာလှအား

” အဖိုး ငယ်သားကိုဆုံးမပေးပါ ဘုံဘဝမတူတဲ့သူကို သိုက်နန်းထဲခေါ်ဖို့လုပ်နေတယ် ” ဟု ပြောလိုက်ရာ သိုက်ချုပ်ကြီးက

” အဲဒီအတွက် စိတ်ချပါဆရာလေး အဖိုးငယ်သားဖြစ်တဲ့ မြနန်းသိင်္ဂီကို ဆုံးမပေးပါ့မယ် ”
ဟုပြန် ပြောလေသည်။ ကျွန်တော်နှင့်သိုက်ချုပ်အဖိုးဦးသာလှသည် မနောဖြင့်သာပြောနေခြင်းဖြစ်သည်။ အဖိုးမှ

” ကဲ မြနန်း နင်ဆရာလေးတွေတိုက်တဲ့ သစ္စာရေကိုသောက်ပြီး ငါနဲ့လိုက်ခဲ့ “ဟု ပြောလိုက်ရာ

မြနန်းသိင်္ဂီလည်း အဖိုးအိုကိုတွေ့လိုက်ရသောကြောင့် ကြောက်လန့် တုန်ရီသွားကာ

” ဟုတ်ကဲ့ပါ အဖိုး ”

ဟုလိုက်ပြီး သစ္စာရည်အားသောက်ကာ မှုံကြီးခန္ဓာကိုယ်ထဲမှ ထွက်သွား၏။ သိုက်ချုပ်အဖိုးဦးသာလှလည်း မှုံကြီးအား သူ့ရဲ့တောင်ဝှေးနဲ့တို့ထိကာ မြနန်းသိင်္ဂီရဲ့စက်များအား ဖြတ်တောက်ပြစ်လိုက်သည်။ ထို့နောက် ပဋ္ဌမံဆေးပွဲတွင်ကြွရောက်နေသော ပဋ္ဌမံဆရာကြီးအဘအောင်နှင့်အထက်ဝိဇ္ဇာများအား အဖိုးဦးသာလှမှ အရိုအသေပေးလိုက်ပြီး မြနန်းသိင်္ဂီနှင့်အတူ ပျောက်ကွယ်သွား၏။ ထိုအဖြစ်အပျက်များအား ကျွန်တော်မှလွဲ၍ မည်သူမှမမြင်လိုက်ရပေ။

ကျွန်တော်လည်း အထက်ဆရာသခင်များထံမှ ကြာသပတေးသားအတွက် လိုအပ်သောအရာများအား တောင်းခံကာ စမထည့်ထားသောရေခွက်အား မန်းလိုက်ပြီး စမရေမန်းကို တိုက်လိုက်၏။ မှုံကြီးလည်း မင်းအောင်တိုက်သော စမရေမန်းအား သောက်ပြီးသည့်အချိန်၌ လူကောင်းပကိအတိုင်းဖြစ်သွား၏။ မှုံကြီးတစ်ယောက်ကတော့ မြနန်းသိင်္ဂီဆိုတဲ့နာမည်ကို မရေရွတ်တော့သလို မြနန်းသိင်္ဂီနဲ့ပတ်သတ်တဲ့အမှတ်တရတွေကိုလည်း မမှတ်မိတော့ပေ။ အကြောင်းမှာ မင်းအောင်တိုက်လိုက်သော စမရေမန်းခွက်၌ မြနန်းသိင်္ဂီနဲ့ပတ်သတ်သော မှတ်ဥာဏ်များအား ပျောက်ကွယ်စေသော စမများပါသောကြောင့် ဖြစ်သည်။

ဤသို့ဖြင့် ကိစ္စအဝဝများပြီးစီးသွားသောအခါ၌ မင်းအောင်နှင့်ပြည့်ဖြိုးတို့ ဆရာတပည့်နှစ်ယောက်လည်း မြိုင်သာယာရွာလေးကနေ ထွက်လာခဲ့လိုက်တယ်။

လူသူမနီး၍ အင်မတန်နက်သောတောအတွင်း၌

” အလွမ်းရယ်မပြေ စမ်းရေတွေအေးနေလဲ
ရင်ထဲမှာတော့ ပူပင်နေဆဲပါပဲ မောင်ကြီးရယ်
ဒီဘဝမှာ ဆုံဆည်းခွင့်မရတော့ပေမဲ့ နောင်သံသရာတစ်ကွေ့မှာ အတူဆုံဆည်းပါရစေလို့ ပွင့်ပြီးသောဘုရားအဆူဆူတိုင်း၌ တောင်းဆုချွေလိုက်ပါတယ် …

မောင်ကြီးကို လွမ်းတဲ့စိတ်ကြောင့် ရင်တွင်းရိုက်ခတ် နှလုံးသွေးပျက်မတတ် ခံစားနေရပါပြီ ”

ဆိုသော ဘုံဘဝချင်း ခြားနားလွန်းလှသည့် မိမိတို့နှစ်ဦး၏ ချစ်ခြင်းအား ရင်နာနာဖြင့်
ဆိုရှာလေသည်။ ထိုအသံပိုင်ရှင်သည်ကား မြနန်းသိင်္ဂီပင် ဖြစ်သည်။ လူသားတစ်ယောက်အားချစ်မိ၍ သိုက်နန်းအတွင်းသို့ ခေါ်ရန်ပြုလုပ်သောကြောင့် သိုက်ချုပ်အဖိုးဦးသာလှမှ မြနန်းသိင်္ဂီအား သိုက်နန်းရှင်ရာထူးအား ဖြုတ်ကာ
မဟူရာတောအတွင်း၌ နှစ်ပေါင်း၁၀၀တိတိ
တရားကျင့်ကြံရန် အပြစ်ပေးထားခြင်းပင်ဖြစ်သည်။

# ပြီး #

ရေးသားသူ = ပိုင်လေး (မအူပင်မြေ)

ဤဇာတ်လမ်းတွင်ပါဝင်သော ကောက်စိုက်တေးမှာ ဆရာမခက်ဆစ်ချို၏ ကဗျာပင်ဖြစ်သည်။ ကျွန်တော်ဇာတ်လမ်းလေးအား ပိုမိုအသက်ဝင်စေရန်အတွက် ကောက်စိုက်တေးကဗျာအား ထည့်သွင်းရေးသားခွင့်ပြုပါသော ဆရာမခက်ဆစ်ချိုအား အထူးပင်ကျေးဇူးတင်ပါသည်။

စာဖတ်သူများခဗျာ ကျွန်တော်စာရေးသူ ပိုင်လေးသည် နေမကောင်းဖြစ်နေသဖြင့် စာမူကြာသွားသည်ကို နားလည်ပေးစေလိုပါတယ်။ စာမူအရေးအသွေး ညံနေပါကလဲ ဖြည့်စွက်၍သာ ဖက်ပေးပါခဗျ။

စာမူစစ် ပို့စ်တင်ပေးတဲ့ အခွန်းကို ကျေးဇူးအထူးပင်တင်ပါသည်။