ငါ့မြေးကတော့နော် ဧည့်သည်တွေ ရှေ့မှာတောင် ဟန်မဆောင်နိုင်တော့ပါလား”
“အဖွားက ကျုပ်ကို ဟင်းကောင်းမှ ချက်မကျွေးတာ”
ကိုပိန်၏စကားကို ဇေယျာ သဘောကျနေလေသည်။သူနှင့် အဖွားနွေဦးတို့သည် ရင်းနှီးသောဆက်ဆံရေး ရှိကြသည်။ထို့ကြောင့် သူသည် ကိုပိန်ကို စနောက်လိုက်လေသည် ။
“ကိုပိန်အခါးကြိုက်တာသိလို့ ယူလာတဲ့ဟင်းက ကြက်ဟင်း ခါးသီးကြော်ကွ”
“ဟာ ကိုဇေယျာကြီးကလည်းဗျာ ကျုပ်က အခါးမကြိုက်တာသိရဲ့သားနဲ့ဗျာ “
“မင်းကလည်း ကြက်ဟင်းခါးသီးက ၀က်သားဖြစ်ရင် ဖြစ်နေနိုင်တာပဲ “
“မဖြစ်နိုင်တာဗျာ “
“ငါ အစွမ်းရှိတာ မင်းလည်းအသိသားနဲ့ ချိုင့်ကို အရင်ဖွင့် ကြည့်လိုက်ပါအုံးကွ”
ကိုပိန်သည် မယုံမကြည်နဲ့ အဖွားဖြစ်သူထံမှ ချိုင့်ကို တောင်းယူကာ ဖွင့်လိုက်ပြီးနောက်
မျက်နှာပြုံးရွှင်စွာဖြင့် စကားဆိုလာလေသည်။
“ဟာဗျာ ကိုဇေယျာကြီးကလည်း အတော်နောက်တာပဲဗျာ ၀က်သားတွေကိုများ ကြက်ဟင်းခါးသီးတဲ့”
အဖွားနွေဦးသည် သူမ၏မြေး ပျော်ရွှင်နေသည်ကို ငေးကြည့် နေမိသည်။မောင်ဘိိုးထင်သည် မြေးဖြစ်သူအား ငေးကြည့်နေ သော အဖွားနွေဦးကို ပြန်၍ ငေးကြည့်လိုက်မိသည်။အဖွားသည် ပညာသည်ဖြစ်နေသော်လည်း အတော်ကို အထက်တန်းဆန်သောမျက်နှာ ရှိပေသည်။အသက်အရွယ်ကြီးရင့်နေခြင်း ကြောင့်သာ အများမမြင်နိုင်ခြင်းဖြစ်သည်။မောင်ဘိုးထင် တွေးမိသည်မှာ အဖွားအိုတွင် သူတို့မသိသောအကြောင်းများစွာရှိနေနိုင်ခြင်းကို ဖြစ်၏။ထို့ကြောင့် သူသည် အဖွားအိုအား သူ၏ စိတ်ထဲတွင်ရှိနေသော အကြောင်းအရာများကို နှုတ်မှ ဖွင့်မေးလိုက်တော့သည်။
“အဖွား ကျုပ်သိချင်တာလေး တခု မေးလို့ရနိုင်မလား”
“ဆရာလေးက ဘာသိချင်တာတုန်း”
“အဖွားက ဒီရွာဇာတိပဲလား “
“မဟုတ်ဘူး အဖွားမြေး ကိုပိန် နှစ် နှစ်သားလောက်မှ ဒီကိုရောက်တာ “
“ကျုပ်အထင် အဖွားပုံစံကိုကြည့်ရတာ ဆင်းရဲခဲ့ပုံမပေါ်ဘူး “
“အင်း အရင်ကတော့ မဆင်းရဲပါဘူး အဖွားရဲ့သားမက်နဲ့ သမီးကြောင့် ဆင်းရဲသွားတယ်ပဲ ဆိုပါတော့ “
“ဗျာ ကျုပ် နားမလည်ဘူး “
“စုန်း ဖြစ်လို့ ဆုံးရတယ်ပေါ့ ဆရာလေးရယ်”
မောင်ဘိုးထင် အဖွားအို၏စကားကို ကောင်းစွာနားမလည်ပါ သူနားမလည်သည်ကို သိသော အဖွားအိုသည် သူမ၏ အတိတ်က အကြောင်းအရာများကို ဇေယျာ နှင့် မောင်ဘိုးထင်အား ပြောပြလာပါတော့သည် ။
▪️အခန်း(၂)
ရေကြည်ရွာလေး၏ မနက်ခင်းမှာ သာယာလျက်ရှိပေသည်။ ရွာလယ်လမ်းတွင် ထိုရွာလေး၏မျက်နှာဖုံး ဒေါ်နွေဦးသည် လမ်းလျှောက်နေသည်။သူမသည် ဆွမ်းချိုင့်ကို ဆွဲထားပြီး သူမ၏ဘေးရှိ အိမ်တွင်အကူအဖြစ်ခေါ်ထားသော မိန်းကလေးလေးနှင့်အတူ ရယ်မောကာ စကားဆိုနေကြသည်။သူဌေး နှင့် အလုပ်သမား ဖြစ်သော်ငြား ဒေါ်နွေဦးသည် မည်သည့်အလုပ် သမားကိုမှ အဆင့်အတန်းခွဲခြားခြင်းအမှု တခါမှမပြုပေ။ယခုလည်း စကားတပြောပြောနှင့် လမ်းလျှောက်လာရင်းမှဘုန်းကြီး ကျောင်းအပေါက်၀သို့ ရောက်သည့်အခါ
“မိအေး နင်ပဲ ဘုန်းကြီးကျောင်းထဲ ဆွမ်းသွားပို့လိုက်တော့ “
“ကြီးကြီးကလည်း တလမ်းလုံး ဆွမ်းချိုင့်ကြီးဆွဲလာပြီးမှာပဲ ဘာလို့ အမြဲကျောင်းပေါက်၀ရောက်ရင် ကျမကိုချည်း သွားပို့ခိုင်းရတာလဲ “
“နင်ကလည်း သိပ်လျှာရှည်တာပဲ ငါပို့ဆိုပို့လိုက်ရင်ပြီးတာပဲ”
“ကြီးကြီးရယ် ကျမက ကြီးကြီးအတွက်ပြောတာပါ “
ဒေါ်နွေဦးသည် မိအေး၏စေတနာအား ခေါင်းညိတ်ပြီး အသိအမှတ် ပြုလိုက်သည်။အမှန်ဆို သူမလည်း ကျောင်းထဲအထိ ၀င်ပြီး ဆွမ်းပို့ချင်သည်။မလိုချင်သော်လည်း ရရှိခဲ့သော မွေးရာပါ စုန်းပညာရပ်အပြင် အဖွားဖြစ်သူမှ နောက်ထပ်ပေးခဲ့သော ပညာများကြောင့် ကျောင်း၀န်းထဲ၀င်သည်နှင့် မခံမရပ်နိုင်အောင် ယားယံလာသည်။ရွာဦးကျောင်းတွင် သီတင်းသုံးနေသာ ကျောင်းထိုင်ဆရာတော်ကြီး၏ သီလသမာဓိနှင့် ၀ိနည်းကြောင့်လည်း ဝေဒနာခံစားရခြင်းဖြစ်နိုင်သည်။သာမာန် ဘုန်း ကြီး၊ဘုန်းကြီးကျောင်းတို့နှင့် ဆုံလျှင် ထိုဝေဒနာက မဖြစ်ပေ။သူမ စုန်းဆိုသည်ကို သမီးနှစ်ယောက် နှင့် လွန်လေပြီးသော သူမ၏ ခင်ပွန်းတို့သာ သိ၏။
ရွှေငွေ နှင့် လယ်ယာကိုင်းကျွန်း စည်းစိမ်အကုန်ပြည့်စုံသော် လည်း မလိုချင်ပဲရခဲ့သော ပညာသည်ဘ၀ကြီးကို သူမ ရွံရှာမုန်းတီးမိသည်။ထို့ကြောင့် သူမကိုယ်သူမ စုန်းမ ဖြစ်သည်ဆိုသည်ကိုမည်သူမျှမသိစေရ။ ထိုအတွက်လည်း အထူးဂရု စိုက်ရသည်။ အထက်လမ်းဆရာများအားခေါ်ပြီး သူမ၏ပညာများနှုတ်ဖို့ ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ဘုန်းတော်ကြီးများအား အကူညီတောင်းမည်ကြံသော်လည်း သီလသမာဓိ နှင့်ပြည့်စုံသောဘုန်းကြီးများမှာ လောကီလူ့ဘောင်ကို ပတ်သတ်လိုစိတ်မရှိကြသောကြောင့် လောက်ီလူ့ဘောင်ထက် ရှုပ် ထွေးသောအလုပ်အား လုပ်ပေးလိမ့်မည်မဟုတ်ပေ။သာမာန်ဘုန်းတော်ကြီးများသည် သူမထံမှပညာများကို နှုတ်ပေးနိုင်လောက်သည့်အစွမ်း ရှိမနေပေ။ထို့ကြောင့် ရဖို့ခက်ခဲ လက် လွှတ်ဖို့ခက်ခဲသော ပညာရပ်တို့ကြောင့် ပျော်ချင်တိုင်းလည် မပျော်နိုင် စိတ်မချမ်းသာနိုင် ဖြစ်နေရသည်။ဒေါ်နွေဦးတယောက် သူမ၏အကြောင်းများကို ပြန်တွေးမိပြီး ငေးနေလေရာ ဆွမ်းချိုင့်သွားပို့ပြီး ပြန်လာသော မိအေးရောက်နေသည်ကိုပင် သတိ ထားမိပဲရှိနေသည် ။
“ကြီးကြီးရေ ပြန်ရောက်ပြီ ပြန်ရအောင် “
တခါခေါ် ရုံနှင့် မကြားသော ဒေါ်နွေဦးအား နောက်တခါ ထပ်ခေါ် လိုက်ပြန်သည်။နောက်တခါခေါ်သော်လည်း သတိမထားမိ၍ မိအေးသည် ဒေါ် နွေဦး၏ လက်မောင်းကို ကိုင်ကာ
“ကြီးကြီး ဘာတွေတွေးနေတာလဲ မိအေးခေါ်နေတာကြာပြီ “
“အော် အေး အေး နင်ပြန်ရောက်နေပြီလား”
“မိအေး ရောက်တာဖြင့် ကြာပေါ့ ပြန်ရအောင် ဒီနေ့ မမလေးပြန်လာမှာ မဟုတ်လား”
“အေး ဟုတ်တယ်လေ”
“သူက မိအေးတို့ကို ကြီးကြီး နဲ့ မမကြီးလို ဆက်ဆံတာ မဟုတ်ဘူး ငေါက်ချင် ရိုက်ချင်နေတာ “
“ငါသိတယ် မိအေး မိမိလေးက အတော်ကို မောက်မာတယ် ဆိုတာ “
“သူက မြို့သူစိတ်၀င်နေတာလေ ကြီးကြီးရဲ့ အမှန်အတိုင်းပြောရရင် ကျမကတော့ မမကြီးကိုပဲ သနားတယ် သူ့ဘာသာယောက်ကျားယူတာ မှားတာက မှားတာပဲ စိတ်သဘောထား ကောင်းတယ် “
မိအေး နှင့် ဒေါ်နွေဦးတို့သည် စကားတပြောပြောနှင့် အိမ်သို့ပြန်လာကြလေသည်။မိအေးသည် စိတ်ထဲရှိသည့်အတိုင်း ဒေါ်နွေဦးအား အမြဲပြောဖြစ်သည်။ဒေါ်နွေဦးသည် အလုပ်သမား မှန်သမျှအား စိတ်ထဲရှိသလို ပြောခွင့်ပြုထားခြင်းဖြစ်သည်။မကြာသောအချိန်တွင် ရွာလယ်အိမ်၀ိုင်းကျယ်ကြီးထဲတွင် ဆောက်ထားသောနှစ်ဆောင်ပြိုင်အိမ်ကြီးဆီသို့ ရောက်လာလေသည်။သူတို့အိမ်ဝိုင်းထဲရောက်သည်နှင့် သူ့ခေတ်သူ့အခါအရ ခေတ်ဆန်ဆန်အ၀တ်အစား၀တ်ထားသည့် အမျိုးသမီးတယောက်သည် ဒေါသတကြီးနှင့် ရောက်လာပြီး မိအေးအား
“မိအေး နင်ဘယ်မှာ အလေလိုက်နေတာလဲ “
“ဟို ကြီးကြီးနဲ့ ဆွမ်းသွားပို့တာပါ “
“မနေ့က နင့်ကို လျှော်ဖို့ ပေးထားတဲ့ အ၀တ်တွေကို မလျှော်ပဲ စိမ်ထားတယ် မဟုတ်လား”
“ဟို ဟို “
“ဘာမှ ဟို မနေနဲ့ နင်တို့ ၀တ်ထားတဲ့ ကျွန်စော်နံနေတဲ့ နှစ်ပဲတပြားတန်တွေ မဟုတ်ဘူး “
ဒေါ်နွေဦးသည် သူမ၏ရှေ့မှာပင် မိအေးအား ရင့်ရင့်သီးသီး ပြောနေသော သမီးငယ်အား မည်သည့်စကားပြောရမည်မှန်း မသိအောင်ဖြစ်နေ၍ ငေးကြောင်နေမိသည်။သမီးဖြစ်သူ မိမိလေးသည် ထိုမျှနှင့် မပြီးသေးပဲ ဆက်လက်စကားဆိုလာပြန် သည်။
“အမလုပ်တဲ့သူကလည်း လင်တော့ယူတတ်တယ် ဘယ်လို လူမျိုး ယူခဲ့လဲဆိုတာကို မစဥ်းစားဘူး အခုတော့ အမျိုးယုတ်လေးတကောင်ကိုမွေးထားပြီး အိမ်မှာ အဲ့ဟာလေးနဲ့ပဲ သောက်လုပ်ရှုပ်နေတယ် “
“ဟဲ့ မိမိလေး နင်ရိုင်းလှချည်လား နင့်ကို ပညာတတ်စေချင် လို့ မြို့ကျောင်းပို့တာ အခုတော့ နင်က အတော်ကို ရိုင်းစိုင်းလာပါလား”
“ဘာလဲ အမေ ကျမပြောတာ မှားလို့လား”
“နင်ကရော ဘာသောက်လုပ်တွေ လုပ်နေလို့ သူများကို အားကိုးနေရတာလဲ နင့်မှာရော ခြေတွေလက်တွေ မပါဘူးလား”
“အမေကလည်း ငွေပေးပြီး ခိုင်းတာ အလကားခိုင်းတာမှ မဟုတ်တာ “
“နင် တော်လိုက်တော့ အတော်ကို မာနကြီးတဲ့မိန်းမ နင့်ကို မြို့ ကျောင်းထားမိတာကိုက ငါ့မှားတာ “
မိမိလေးသည် သူမ၏မိခင်ကြီး ပြောဆိုနေသည်ကို ဂရုမစိုက် အိမ်ပေါ်သို့ မကျေမနပ်ဖြင့် တက်သွားလေသည်။မိအေးသည်ခေါင်းကိုကုပ်ရင်း သူအလုပ်လုပ်ရမည့် နေရာဆီသို့သာ သွားလိုက်တော့သည်။ကလေးချီထားသော မိမိကြီးသည် သူမ၏ မိခင်ကြီးကိုကြည့်ပြီး စိတ်မကောင်းဖြစ်လို့ နေသည်။
▪️အခန်း(၃)
“မိမိလေး နင် ငါရှိသေးတယ်ဆိုတာကို သိသေးရဲ့လား”
“ကျမက ဘာလုပ်နေလို့လဲ “
“ဘာလုပ်နေလို့လဲ ဟုတ်လား နင် ခေါ်လာတဲ့ အကောင်ကဘယ်ကကောင်လဲ”
“ဪ အဲ့တာလား သူက ကျမယောက်ျားလေ အခု ဒီမှာနေဖို့ လိုက်လာတာ”
“ဘာ ဘာ နင့်ယောက်ျားဟုတ်လား”
“ဟုတ်တယ် ကောလိပ်မှာယူလိုက်တာလေ ကျမတို့က အသက်ပြည့်နေပြီဆိုတော့ အမေ့ကို ပြောဖို့မလိုဘူးထင်လို့ပါ “
” ဟဲ့ အရိုင်းအစိုင်းမ ငါက နင့်အမေဟဲ့ နင့်အမေ “
“အမေရယ် အခုလည်း သိပြီမဟုတ်လား ဆူဆူပူပူလုပ်မနေစမ်းပါနဲ့”
မိမိလေးသည် မည်သူ့ကိုမှ ဂရုစိုက်ဟန်မရှိ။ထို့အပြင် သူ့ယောက်ျား၏ ပခုံးကိုဖက်ကာ ဒေါ်နွေဦး၏ရှေ့တွင် မလေးမခန့် နှင့်ထိုင်နေလေသည်။ထိုအချိန် မိမိကြီးသည်ကလေးကို ချီထားရင်းမှ ညီမဖြစ်သူအား စကားဆိုလာသည်။
“ညီမလေး အမေ့ကို အဲ့လိုမပြောပါနဲ့ အမေက စိုးရိမ်လို့ပြောတာလေ”
“နင် ၀င်ပြီးလျှာမရှည်စမ်းပါနဲ့ ငါ့ကို နင့်လို သောက်တုံးမများထင် နေတာလား”
“ငါက အဲ့လိုသဘောနဲ့ ပြောတာ မဟုတ်ပါဘူး “
“တော်စမ်း နင်က ဆရာကြီးလုပ်နေတာလား ငါက နင့်ထက်ပညာတတ်တယ် ငါ့ထက် အရင်မွေးလို့ နေရာတကာဆရာ၀င်လုပ်လို့ရမယ်ထင်နေလား”
“ငါက နင့်ကိုငါ့ညီမမို့ အကြံပေးနေတာ”
“တော်စမ်းပါ နင့်လို လင်ပစ်မဆီက ဘာအကြံကောင်း ရှိမှာမို့လဲ”
မိမိကြီးမှာ ဘာမှပြန်မပြောနိုင်တော့ပေ။ဒေါ်နွေဦးသည်လည်း မည်သည့်စကားမှ ထပ်မပြောတော့ပဲ သက်ပြင်းချလိုက်ကာ မိမိကြီးကိုခေါ်ပြီး အိမ်ပေါ်ထပ်သို့သာ တက်သွားလိုက်ကြတော့သည်။
▪️အခန်း(၄)
ဒေါ်နွေဦးတယောက် အတော်ကို စိတ်မသက်မသာဖြစ်နေရသည်။သမီးဖြစ်သူ မိုက်မိုက်မဲမဲယူထားသော သမက်သည် အစပိုင်းတွင် မခုတ်တတ်သောကြောင်လေးပမာဖြစ်ပြီး ကြာလာသောအခါ ၀ှက်ထားသော လက်သည်းနှင့် ဖုံးထားသောအစွယ်တို့် တဖြည်းဖြည်းပေါ်လာ၏။အိမ်ပေါ်တွင်နေသော မိမိကြီးကိုပင် အမြင်မကြည်ဖြစ်လာပြီး မနေစေချင်တော့သည်အထိဖြစ်လာသည်။မိမိကြီး၏သားလေးသည် လမစေ့ပဲမွေးခဲ့သော ကြောင့် တခြားကလေးများနှင့်မတူ သေးညှက်လွန်းလှသည်။ထိုကလေးငယ်ငိုသောအခါ အလုပ်မရှိလျှင် အိပ်နေတတ်သော မိမိလေး နှင့် သူမ၏ ယောကျ်ားတို့သည််
“တို့အိမ်မှာလဲ တနေ့တနေ့ ဂြိုလ်ကောင်လေးရဲ့အသံပဲ ကြားနေရတယ် ဒီကလေးကလည်း သေကိုမသေနိုင်ဘူး”
“ဟုတ်ပါ့ မိမိရာ အိပ်ကောင်းတိုင်းလည်း မအိပ်ရ စားကောင်း တိုင်းလည်း မစားရနဲ့ မိမိတို့အိမ်မှာနေရတာ အတော်ကို ၀ဋ်ကြီးတာပဲ”
ထိုသို့ နေ့တိုင်း နားနှင့်မဆန့်အောင် ကြားနေရသည့်စကားများကို မည်သို့သောမိခင်မျိုးက သည်းခံနိုင်မည်လော တခြားမိခင်များနည်းတူ မိမိ၏ရင်သွေးကိုပြောဆိုနေသော သူတို့အား ဒေါသနှင့် တုန့်ပြန်ချိန်တွင် စကားများရန်ဖြစ်ကြတော့သည် ။
“အပေါ်က တိရိစ္ဆာန်တွေ လူစကားတော့ ပြောပါအေ။ငါ့သားလေး နေမကောင်းဖြစ်နေပါတယ်ဆို နင်တို့မို့လို့ ဒီစကားပြောထွက်တယ် ယောက်ကျားလုပ်သူက သူစိမ်းမို့ ပြောတာထားပါဦး မိမိလေး နင်ကတော့မပြောသင့်ဘူး ဒါနင့်တူဟဲ့ နင့်တူ”
“တော်စမ်းပါ မိမိကြီးရယ် ဘာတူလဲ ငါ့ကနင့်ကို ညီအမလို့ တောင် သတ်မှတ်တာမဟုတ်ဘူး နင့်သားဆို ပိုဆိုး”
မိမိကြီးသည် အစကတည်းက အေးအေးဆေးဆေးနေတတ်သူဖြစ်သောကြောင့် ကက်ကက်လန်ရန်တွေ့သော မိမိလေးတို့ လင်မယားအား ဘယ်လိုမှတုန့်ပြန်နိုင်စွမ်းမရှိပဲ မည်သည့်စကားမှ ထပ်မံမပြောနိုင်ပေ။ထိုအချိန်တွင် လယ်ကွင်းများကိုသွားကြည့်သော ဒေါ်နွေဦး ပြန်ရောက်လာလေသည်။အိမ်အောက်တွင် ကလေးကိုချီပြီးငိုနေသော သမီးကြီးကြောင့် ထိတ်ထိတ်ပြာပြာ ဖြစ်သွားကာ
“သမီးကြီး မြေးလေးဘာဖြစ်လို့လဲ အမေရင်ထိတ်လိုက်တာ “
“သားလေးက သိပ်နေမကောင်းဘူး အမေ “
“ကိုတွေ ပူနေတာပဲ ဆေးဆရာသွားမခေါ်ဘူးလား”
“မခေါ်နိုင်သေးဘူးအမေ ကလေးကို အပြင်ခေါ်သွားလို့ မဖြစ်ဘူးလားလို့”
“နေတွေ ပူနေတာပဲ မိအေးကိုခေါ်ခိုင်းရောပေါ့ သမီးရယ် “
“မိအေးက ခွင့်တောင်းပြီး အိမ်ပြန်သွားတယ် အမေ”
ဒေါ်နွေဦးသည် အခြအနေကို သဘောပေါက်သွားပြီဖြစ် သည်။အိမ်ပေါ်တွင်ရှိသောလူနှစ်ယောက်သည် သူတို့နှင့် မဆိုင်သောသူများ ဖြစ်နေပြီဆိုသည်အား သိ၍ မြေးဖြစ်သူကို တချက်မြူလိုက်ကာ ဆေးဆရာကို ကိုယ်တိုင်သွားပင့်ရန် လယ်ထဲမှအပြန် ထိုင်တောင်မထိုင်ရသေးဘဲ နောက်တခေါက်ပြန်၍ ထွက်သွားပါတော့သည်။
▪️အခန်း(၅)
မိမိလေးသည် ကုတင်တွင်ထိုင်ရင်း တခုခုကို မကျေမနပ်ဖြင့် ရေရွတ်နေသည်။သူမ မကျေနပ်သည့်အကြောင်းအား လင်ဖြစ်သူ ကျော်စိုးအမည်ရလူ့ဘော်ကျော့အား မဲ့ကာရွဲ့ကာဖြင့် ပြောပြနေလေသည်။
“အကို မိမိကတော့ မြို့ကိုပဲပြန်ချင်တယ် အိမ်မှာမနေချင် တော့ဘူး “
“မိမိရယ် မြို့မှာ ကိုတို့ပိုင်ဆိုင်တာဆိုလို့ အကြွေးတွေပဲရှိတယ်လေ”
“ဒီမှာရော ဘာပိုင်လို့လဲ”
“မပိုင်သေးတာပါ မိမိရယ်”
“အကို ပြောချင်တာက “
“မိမိရယ် အ လိုက်တာ မိမိတို့ပိုင်ဆိုင်ထားတာ မြို့က တော်ရုံသူဌေးတွေထက် ချမ်းသာသေးတာကို “
“အမေရှိနေတာကို အကိုရယ် ပြီးတော့ မိမိကြီးလည်းရှိသေးတယ်”
“မိမိ ပိုင်ချင်လားသာပြော “
မိမိလေး တချက် တွေးလိုက်သည်။ထို့နောက် သူတို့၏ ပိုင်ဆိုင်မှုများကိုတွေးပြီး တချက်ပြုံးကာ ခေါင်းညိတ်လိုက်ရာ ကျော်စိုးသည် ကျေကျေနပ်နပ်ပြုံးလိုက်ပြီး မိမိ၏ ပခုံးကို ဖက်လိုက်လေ၏။သူတို့၏ အပြုံးများသည်က လှပ၍မနေပါ။
▪️အခန်း(၆)
ဒေါ်နွေဦး တယောက်စိတ်ချမ်းသာနေရသည်။အကြောင်းမှာ သမီးငယ်မိမိလေး နှင့် သမက်တို့သည် အဘယ်ဆေးတွေများအစားမှားပြီး ချက်ချင်းအသိစိတ်၀င်သွားသည်လည်း မသိ အတော်ကို သိတတ်နေ၍ အဆင်ပြေသည်။မိမိကြီးကိုလည်း တောင်းပန်သလို သူမကိုလည်း ဦးချကန်တော့ပြီး တောင်းပန်လေ၏ ။
“အမေ ကျမတို့မှားခဲ့တာတွေကို တောင်းပန်ပါတယ် အမကိုလည်း ကျမ တောင်းပန်ပြီးပါပြီ နောက်ဆို ရိုင်းရိုင်းစိုင်းစိုင်း အပြုအမှုတွေ မလုပ်တော့ပါဘူး”
“ဟုတ်ပါတယ် အမေ ကျုပ်နဲ့ မိမိတိုင်ပင်ထားတယ် လိမ်လိမ်မာမာပဲ နေကြတော့မယ်လို့”
ဒေါ်နွေဦးသည် သမီးဖြစ်သူ၏ စိတ်အပြောင်းအလဲကို မည်သည့် သံသယမှမဖြစ်ပဲ မိဘမေတ္တာမှန်ကန်စွာနှင့် ကောင်းမွန်စွာ လက်ခံလေသည်။
“အမေလည်း မင်းတို့ကို စိတ်တိုလို့ ပြောမှားဆိုမှားရှိခဲ့တာတွေအတွက်လည်း တောင်းပန်ပါတယ်ကွယ် တို့မိသားစု ပျော်ပျော်ရွှင်ရွှင်နဲ့ ကောင်းကောင်းမွန်မွန် နေသွားကြတာပေါ့”
“စိတ်ချပါအမေ ကျမတို့ နောက်တခါ အမှားမရှိစေရပါဘူး”
ဒေါ်နွေဦး၏ မျက်နှာကို အကဲခတ်ကြည့်ရင်း မိမိလေးတို့လင်မယားပြောနေကြခြင်းဖြစ်သည်။ထို့နောက် ဒေါ်နွေဦး၏ ရှေ့တွင်ထိုင်နေရာမှ ထလိုက်ပြီး
“အမေ ကျုပ် လယ်ထဲသွားလိုက်မယ် “
“မင်းက လယ်လုပ်တတ်လို့လား မလုပ်တတ်ရင်လည်း အိမ်မှာပဲ နေပါကွယ် နေပူပါတယ် “
“ဪ အမေရယ် မွေးကတည်းတော့ ဘယ်သူကတတ်မှာလဲ ဒီလိုပဲ သင်ယူရမှာပေါ့”
“ကဲကဲ သွားချင်သပဆိုလည်း သွားကြ နေမပူခင်ပြန်လာကြပေါ့ “
“ဟုတ်ကဲ့ စိတ်ချပါ”
မိမိလေးတို့ လင်မယားသည် လယ်များဘက်သို့ ရုပ်တူနာမ်တူ ထွက်သွားကြလေသည် ။သားသမီးအပေါ် သံသယစိုးစဥ်းမျှ မရှိသော ဒေါ်နွေဦး နှင့် အမဖြစ်သူ မိမိကြီးတို့မှာ ပြောင်းလဲသွားသော မိမိလေးတို့လင်မယားကိုကြည့်ကာ ကျေနပ်ပီတိဖြစ်လို့သာ နေလေသည်။
▪️အခန်း(၇)
မင်းသားခေါင်းဆောင်းထားသောဘီလူးသည် အပြင်ပန်း၌ မည်မျှပင်ချိုသာနေပါစေ အတွင်းစိတ်သည် ကြမ်းတမ်းရုတ်ရင့်မြဲပင် ရှိမြဲတည်း။ဘီလူးကို ဘီလူးလို့သိက ရှောင်ဖယ်၍ရနိုင်၏။မင်းသားခေါင်းဆောင်းထားသော ဘီလူးများကိုဖြင့် ဘီလူးမှန်းမသိ၍ မကြောက်မရွံ့ခစားနေတတ်သည် မဟုတ်ပါလား။ဒေါ်နွေဦး နှင့် မိမိကြီးသည်လည်း မင်းသားခေါင်းဆောင်းထားသော ဘီလူးဖြစ်သည့် မိမိလေးတို့လင်မယားအား ယုံစားမိလိုက်သည်က သူတို့၏ အစာအဖြစ်သို့ရောက်မှန်းမသိရောက် လာတော့သည်။ယုတ်မာရိုင်းစိုင်းသော မိမိလေးတို့ လင်မယားသည် မိမိကြီးကို အိမ်ပေါ်မှ ဖယ်ထုတ်ဖို့ရာအတွက် မိုက်မဲသော အကြံအစည်တခု ကြံလေသည်။ထိုအကြံမှာ ရွာထဲရှိ ကစော်သမားငမော်ကိုခေါ်၍ မိမိကြီး၏အခန်းထဲ ၀င်နေစေသည်။ထို့နောက် ညအချိန်မတော် ကလေးငို၍ လာကြည့်သည်ဟုဆိုကာ မိမိကြီး နှင့် ငမော်ကိုမြင်ရ၍ အံ့ဩသွားဟန်လုပ်ကာ ချိန်းတွေ့နေသည်ဟု စွပ်စွဲလိုက်ပြီး အော်ကြီးဟစ်ကျယ်ပြောဆိုသည့်အတွက် ရွာလူကြီးနှင့် ပတ်ဝန်းကျင်မှလူများ ရောက်ရှိလာပြီး ပြဿနာမှာ ရှုပ်ထွေးကုန်၏။ထိုအချိန်မှ ဒေါ်နွေဦး နှင့် မိမိကြီးသည် မိမိလေးတို့လင်မယား၏အကြံအစည်ကို သိလိုက်ရတော့သည်။ရွာလူကြီး နှင့် ရွာသားများရှေ့တွင် မိမိလေးနှင့် သူမ၏ ယောက်ျားသည် နားမခံသာသော စကားများအထိ ပတ််ဝန်းကျင်မှ လူများကြားစေရန် ကျယ်လောင်စွာ ပြောဆိုလေသည်။
“အမ နင်တော်တော်လင်ဆာနေတာလား အေးပေါ့ နင်က လင်နဲ့ကွဲတာကြာတော့ ငါလည်း အပြစ်မမြင်တော့ဘူး အဲ့တာ နင့် ကိစ္စ ဒါပေမဲ့ ငါတို့အိမ်မှာ နေ နေတာဆိုတော့ ငါတို့ရဲ့ သိက္ခာ ကျတယ် နင်ဟယ် ဒီလောက်ဖြစ်နေရင်လည်း ဒီကစော်သမား နဲ့တော့ ဒီလိုဖြစ်စရာလား တခြားမုဆိုးဖို တခုလပ်တွေ ပေါမှ ပေါ “
မိမိလေး၏ စကားဆုံးသောအခါ ကျော်စိုး၏ နောက်ထပ် စကားက ပေါ်လာပြန်သည်။
“မိမိအမမို့သာ မပြောပဲနေတာ အိမ်မှာဆို တယောက်တည်းကို မနေရဲဘူး အဲ့တာကြောင့် မိမိ အပြင်သွားရင် အကို လိုက်နေရတာ အိမ်မှာက သူရှိတယ်လေ ဟိုတခါကတောင် သူ့အခန်းထဲ အကို့ကို ခေါ်သေးတယ် အကိုက သူ့အရိပ်အချေကိုသိလို့ မသွားပဲနေတာ “
“နင် နင်တို့ ပေါက်ကရတွေ မပြောနဲ့ ဒီကိစ္စ နင်တို့လုပ်တာ မဟုတ်လား “
“အမလေး အရပ်ကတို့ရယ် ကမြင်းတုန်းက ကမြင်းပြီး လူကြီးတို့ရှေ့မှ ကျမတို့ကို အပြစ်ဖို့နေတယ်တော့ ကျမအမလို့ ပြောရမှာတောင် ရှက်ပါတယ် ကလေးတောင် သုံးနှစ်မပြည့် သေးဘူး ကမြင်းကြောထရတယ်လို့ “
မိမိလေးသည် လိုတာထက် ပိုနေသည်ကို ဒေါ်နွေဦးသိသည် ထို့ကြောင့် မိမိလေး၏ မျက်နှာကို စေ့စေ့ကြည့်ကာ
“မိမိလေး ဒါ နင်တို့လက်ချက် မဟုတ်လား”
“အမေ ဘာဖြစ်နေတာလဲ အမေ့သမီးက အရင်ကတည်းက အိမ်ကလူငှားနဲ့ လိုက်ပြေးဖူးတယ်လေ ဒီအကျင့်တွေရှိတဲ့ သူက ဒီလောက်ကတော့ ဂရုစိုက်မှာမဟုတ်ဘူးလို့ အမေ မတွေးမိဘူးလား “
ဒေါ်နွေဦး ငိုင်သွားရသည် ။မိမိကြီးသည် အိမ်မှ သူရင်းငှား နှင့် ခိုးရာလိုက်ပြေးပြီး ယောက်ျားဖြစ်သူ၏ လက်ကျောမတင်းမှု အရက်သောက်မှုတို့ကြောင့် ဒုက္ခပင်လယ်ဝေကာ ယောကျာ်းနှင့် မပေါင်းတော့ပဲ မိဘအိမ်သို့ ပြန်ရောက်လာသူဖြစ်သည်။မိမိကြီးသည် မိမိလေး၏စကားကြောင့်သူမ၏ မိခင်ကြီး ငေးငိုင်သွားသောအခါ အတော်ကို ဝမ်းနည်းပက်လက်ဖြစ်သွားပြီး လူကြားထဲမှ ပြေးထွက်သွားလေသည်။အမှောင်ထုထဲ ပြေးဝင်သွားသော မိမိကြီး၏ နောက်လိုက်သွားသောသူမှာ ရွာသားအချို့ နှင့် ဒေါ်နွေဦး ဖြစ်သည်။မိမိလေးတို့ လင်မယားသည် ကျေနပ်စွာပြုံးရင်း ကျန်ခဲ့သောသူများကို သူမ၏အမဖြစ်သူ မကောင်းကြောင်းကို ကရားရေ လွှတ် ပြောလို့ နေပါတော့သည် ။
▪️အခန်း(၈)
မိမိကြီးတယောက် ရှက်လွန်း၍ ခြေဦးတည့်ရာ ပြေးလွှား လို့နေသည်။ယခုအချိန်တွင် ညီမဖြစ်သူတို့၏ ပြောဆိုစွပ်စွဲမှုများသည် လူကြားထဲတွင် မျက်နှာမပြ၀ံ့သည်အထိ အရှက်ရသည်ဖြစ်၍ နောက်ဆုံးအားကိုးရာဖြစ်သော မိခင်ကြီးပင် ငေးငိုင်သွားရာ သူမအတွက် မည်သည့်မျှော်လင့်ချက်မှ မရှိနိုင်တော့ဟု တွေးကာ ပြေးလွှားနေခြင်းဖြစ်သည်။ယခုအချိန်တွင် သူမကိုယ်သူမ အငွေ့ ပျံပြီး ပျောက်ကွယ်သွားလျှင် ကောင်းမည်ဟုလည်း တွေးနေမိသည်။ငယ်ငယ်ကတည်းက ကျန်းမာ ရေးခြူခြာသော မိမိကြီးတယောက် မရပ်မနားပြေးလွှားနေရင်း ဘယ်ဘက်ရင်ဘတ်မှ အောင့်လာ၍ ဆက်လက်ပြေးနိုင်စွမ်းမရှိတော့သလို ရင်ဘတ်ထဲမှလည်း တခုခုတစ်နေသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှုခြင်းခက်ခဲနေရာ ရွာအပြင်စေတီကုန်း၏ အနားတွင် လဲကျသွားတော့သည်။သူမ၏မျက်လုံးတို့သည် လေးလံလာပြီး ရင်ဘတ်တွင် တစ်ဆို့နေသောအရာသည် လည်ပင်းသို့ရောက်လာကာ အသက်ရှုနိုင်စွမ်းမရှိတော့ပေ။အသက်ရှုကြပ်ခြင်းဝေဒနာကိုခံစားနေရသော မိမိကြီး၏ပါးစပ်မှလည်း
“သား သား “
အသံသဲ့သဲ့ဖြင့် သားဖြစ်သူကို ခေါ်ညည်းကာ မြေပြင်တွင် ငြိမ်သက်သွားတော့သည်။မိမိကြီးသည် နောက်ဆုံးထွက်သက် ဝေဒနာခံစားနေရသည့်တိုင် သားဖြစ်သူအား အမှတ်ရကာ အသက်ကင်းမဲ့နေသွားလည်း သူမ၏မျက်လုံးတို့မှာ ပွင့်နေပြီး မျက်ရည်စများက ခိုတွဲလျက်ရှိ၏။မကြာသောအချိန်တွင် ဒေါ်နွေဦး နှင့် ရွာသားများရောက်လာပြီး မိမိကြီးအား ပွေ့ ချီကာ အိမ်သို့ ပြန်ခေါ်လာကြသည်။အသက်ကင်းမဲ့နေပြီဖြစ်သော သမီးဖြစ်သူကို ဒေါ်နွေဦး ကြောင်ငေးကြည့်နေရာ ဘေးတွင်ရှိသော ရွာလူကြီး နှင့် ရွာသားများမှ
“ဒေါ်နွေဦး ဒေါ်နွေဦး သတိထားဦးလေဗျာ ငိုလိုက် ငိုချလိုက် ခင်ဗျားကြည့်ရတာ အခြေအနေမကောင်းဘူး ငိုလိုက်ပါ “
သိတတ်နားလည်သော ရွာသားများမှ ဖျောင်းဖြလိုက်သော ကြောင့် ဒေါ်နွေဦးတယောက် သတိပြန်ကပ်ပြီး ရှိုက်ကြီးတငင် ငိုကြွေးလိုက်ပါတော့သည်။ထို့နောက် ရွာသားများသယ်သွားသော သမီးဖြစ်သူ၏အလောင်းကို ကြည့်ကာ
“ငါ့သမီး မိမိကြီးရယ် ညည်း ကံဆိုးလိုက်တာအေ ညည်းက ငါ့အပေါ် အသိတတ်ဆုံးပါ မြို့ကိုကျောင်းသွားတက်ရင် အမေတယောက်တည်း ကျန်ခဲ့မှာပေါ့ဆိုပြီး ကျောင်းမတက်ပဲ အမေ နဲ့ အတူနေပေးတဲ့ သမီးကြီး ငါ ငါမှားတာပါအေ ငါမှားတာ “
ဒေါ်နွေဦးသည် သမီးဖြစ်သူ၏အလောင်းကို ကြည့်ရင်း ဘေး မှနေ၍ စကားတတွတ်တွတ်ပြောကာ စိတ်လွတ်နေသူတ ယောက်ပမာ ဖြစ်နေပါတော့သည် ။
▪️အခန်း(၉)
မိမိကြီး၏ နာရေးတွင် လိုတာထက်ပိုပြီး ကျယ်လောင်စွာ ငိုကျွေးနေသူမှာ မိမိလေးသာ ဖြစ်၏။သူမ၏ စိတ်ရင်းအမှန်မှာမိမိကြီးသေသွား၍ အနည်းငယ်သနားစိတ်ဝင်မိပေမဲ့ အမွေကို လုမည့်ရန်ဘက်တယောက် မရှိတော့ဟု တွေးမိပြီး အတိုင်းမသိ ဝမ်းသာလေသည်။ဒေါ်နွေဦးသည် သွားလေသူမိမိကြီး၏ သားလေးကို ချီထားရင်းမှ
“သမီးကြီးရေ မြေးလေးအတွက်တော့ ဘာမှမပူနဲ့ အမေတသက်လုံး စောင့်ရှောက်ပါ့မယ် “
ဒေါ်နွေဦးသည် သမီးဖြစ်သူ၏ အုတ်ဂူကိုကြည့်ပြီးနောက် အိမ်သို့ပြန်သွားလေသည်။ညဘက်ရောက်သောအခါ ကလေးငယ်သည် ကျယ်လောင်စွာ ငိုကြွေးလေ၏။ထိုကလေးသံငိုသံ ကြောင့် မိမိလေးတို့ လင်မယားသည် စိတ်ဆိုးဒေါသထွက်နေပြီး ကလေးငယ်ကို ကျိန်ဆဲနေသည်။ကျိန်ဆဲ၍ပင် အားမရ ကလေးငယ်အား ချော့မြူနေသော ဒေါ်နွေဦးအနားသို့ လာကာ
“အမေ ဒီကလေးကို မွေးမနေတော့နဲ့ “
“နင် ဘာစကားပြောတာလဲ မိမိလေး”
“ဟုတ်တယ်လေ ဒီလောက်ဆူညံနေတာ ဘယ်လိုလုပ် အိပ်ရမှာလဲ “
“နင်က အိပ်မရရုံပဲ ငါ့မြေးလေးက သူ့အမေတယောက်လုံး ဆုံးသွားတာ ဒီလောက်တော့ ငိုမှာပေါ့ နင်တို့ တော်တော်လူစိတ် မရှိတဲ့ဟာတွေ “
“တော့်မြေးက နှစ် နှစ်ကျော်နေပြီ အခုထိ လမ်းလည်း မလျှောက် အလကားသက်သက် တခြားသူတွေကို ဒုက္ခပေးဖို့ လာတဲ့ ဂြိုလ်ကောင်လေးမို့ ပြောနေရတာ “
“တော်တော့ နင်တို့ ငါ့အိမ်ပေါ်ကဆင်း “
“ဘာ ဘာပြောတယ် အမေ “
မိမိလေးသည် မယုံမကြည်နိုင်ဟန်ဖြင့် ကြည့်နေသလို မိမိလေး၏ ယောကျာ်းသည်လည်း ဒေါ်နွေဦးကို ကြည့်ကာ
“အဖွားကြီး ဆင်းရမှာက ခင်ဗျားဗျ ခင်ဗျားဘာဆိုတာ ကျုပ်သိတယ်။လူကြီးလူကောင်းလိုဟန်ဆောင်နေတဲ့ ခင်ဗျား တသက်လုံးထိန်းလာတဲ့ အရှက်နဲ့ သိက္ခာ သူများတံတွေးခွက်ထဲ ပက်လက်မမြောချင်ရင် ကျုပ်တို့ပြောတဲ့အတိုင်း လုပ် ကြားလား “
ဒေါ်နွေဦးသည် စိတ်တိုလွန်း၍ ဒေါသထွက်ကာ အသားများ ပင် တဆတ်ဆတ်တုန်နေသည်။ထို့နောက် မျက်လုံးတို့သည် နီလာပြီး ဆံပင်တို့သည် လေတွင် ဝဲပျံလာ၍ မိမိလေးတို့ လင်မယား ကြောက်လန့်နေသည်။ထို့နောက် ဒေါ်နွေဦးသည် သူမ၏ လက်ထဲမှ ကလေးလေးကို ကြည့်ကာ ချက်ခြင်း စိတ်လျှော့လိုက်ပါတော့သည် ။
▪️အခန်း(၁၀)
အဖွားနွေဦးသည် မောင်ဘိုးထင် နှင့် ဇေယျာအား သူမ၏ အကြောင်းကို ပြောပြနေခြင်းဖြစ်သည်။မောင်ဘိုးထင်သည် မိဘကို မိဘမှန်းမသိ၊အမကို အမမှန်းမသိသော မိမိလေးနှင့် သူမ၏ ယောက်ျားကို အတော်ကို ခံပြင်းနေမိသည်။ဒေါ်နွေဦး ၏ ဖြည့်စွက်ပြောလာပြန်သည် ။
“အဲ့လိုနဲ့ပဲ အဖွားလည်း အရပ်ထဲမှာ စုန်းဆိုတာ မသိစေချင်တာနဲ့ သူတို့ ပေးသလောက်ယူပြီး ထွက်လာခဲ့တာ အခုဆို ဒီရွာရောက်တာ ကိုးနှစ်တောင် ကျော်နေပြီ “
“အဖွား အမှန်တရားဆိုတာ ဖုံးကွယ်လို့မရပါဘူး အဖွားက စုန်းဖြစ်တာနဲ့ပဲ အရာအားလုံးကို အဆုံးရှုံးခံခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ဘူး အဖွား”
မောင်ဘိုးထင်၏စကားကို ဇေယျာလည်း ထောက်ခံလိုက်၏။
“ညီလေးဘိုးထင်ပြောတာ မှန်တယ် အဖွား ကိုပိန်ရဲ့ ရှေ့ရေးကလည်း ရှိသေးတယ် အမှန်ဆို အဖွားရဲ့အမွေတွေက အဲ့ဒီလိုသားသမီးဆိုးတွေနဲ့ မထိုက်တန်ဘူး”
“ဒါပေမဲ့ အဖွားက အသက်ကြီးပြီ ဒီပညာတွေကို စွန့်ပြီး မြေးလေးနဲ့ အေးအေးချမ်းချမ်းနေချင်တာပဲ သိတယ် “
“စိတ်ချ အဖွား အဖွားဖြစ်ချင်တာကို ကျုပ်တို့ ကြိုးစားပေးမယ် ကျုပ်တို့ မနက်ဖြန် ပေပင်ရွာကို မပြန်သေးဘူး အဘွားတို့ရွာကို အတူသွားကြတာပေါ့ “
စိတ်အားထက်သန်စွာပြောနေသော မောင်ဘိုးထင်နှင့် ဇေယျာကို ကြည့်ကာ အဖွားနွေဦးသည် သူတို့၏ အစီအစဉ်ကို မငြင်း နိုင်တော့ပဲ လက်ခံလိုက်ပါတော့သည်။
◾အောက်လမ်းဘိုးထင် နှင့် စုန်း (သို့မဟုတ်)ဆုံး သည်ကဤမျှသာ။
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း
Leave a Reply