ဦးဘသာနှင့်က္ကတ္ထိယဘသာ

ဆိုင်ထဲထိုင်နေတဲ့လူတွေက ဝိုင်းကြည့်ပြီးတော့

“ဧကန္တဒီကောင်လေးက ကိုဗိုက်ကြီးရဲ့လက်သီးကို မြည်းကြည့်ချင်လို့နဲ့တူပါတယ်ဗျာ”

“ဟုတ်တယ်၊ ကိုဗိုက်ကြီးအကြောင်းသိသွားအောင်၊ တစ်လုံးနှစ်လုံးလောက် အမြည်းကျွေးလိုက်စမ်းပါ”

ဆိုင်ထဲကလူတွေကလည်းမြှောက်ပေးတယ်ဗျ၊ ကိုဗိုက်ကြီးဆိုတဲ့လူက နာမည်အတိုင်း လူကောင်ထွားထွား ဗိုက်ပူပူရွှဲရွှဲကြီးဗျာ၊ ဒီလူကြီးက ကျုပ်ဆီကိုလျှောက်လာတယ်။ နောက်တော့ ကျုပ်လည်ဂုတ်ကိုလက်တစ်ဖက်နဲ့လှမ်းဆွဲပြီး

“မင်းကိုအမြည်းကျွေးရသေးတာပေါ့ကွာ”

သူ့လက်သီးကြီးမြှောက်ပြီး ကျုပ်မျက်နှာကိုတည်ထိုးဖို့လုပ်တာဗျ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတော့ဘူး၊ ဒီအချိန်မှာ ကျုပ်ညာလက်က သူ့အလိုလိုလှုပ်ရှားလာပြီးတော့ ကိုဗိုက်ကြီးရဲ့ ပေါင်ခွကြားက ချက်ကောင်းကို ထိုးထည့်လိုက်တော့တာပဲဗျာ၊ ကျုပ်ဖြင့် ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြနေပါရော၊

“ဟေ့အလတ်ကောင်၊ အဲဒါငါလုပ်တာကွ”

နားထဲမှာ ဦးဘသာအသံကြားရတယ်။

“ဟင်၊ ဦးဘသာလုပ်လိုက်တာလား”

ကိုဗိုက်ကြီးကတော့ ပေါင်ကြားကိုလက်နှစ်ဖက်နဲ့အုပ်ပြီး မြေပြင်မှာခုန်ဆွခုန်ဆွလုပ်နေပါရောဗျာ၊ ကျုပ်လည်း ကုန်းထလိုက်ပြီးတော့ လက်သီးကိုမိုးပေါ်မြှောက်ရင်း

“ဟား၊ ဟား ဘယ်လိုလဲကွ ငါ့လက်သီးကရော ချိုရဲ့လား”

ဒီစကားတွေက ကျုပ်ပြောနေတာလုံးဝမဟုတ်ပါဘူးဗျာ၊ ကျုပ်ကိုယ်ကျုပ်ထိန်းလို့မရပုံထောက်ရင် ဦးဘသာက ကျုပ်ကိုယ်ကိုဝင်သုံးနေတဲ့ပုံစံပဲဗျ၊ ကိုဗိုက်ကြီးအထိုးခံရတော့ တစ်ဆိုင်လုံးကလူတွေ ဟာခနဲဟင်ခနဲဖြစ်သွားတယ်ဗျ၊ နောက်တော့ ကျုပ်က ကိုဗိုက်ကြီးရဲ့နှာနုကိုလက်သီးတစ်လုံးပစ်သွင်းလိုက်ပါရောဗျာ၊ ကိုဗိုက်ကြီးခမျာလက်သီးချက်မှန်ပြီးတော့ မြေပေါ်မှာလဲကျသွားတယ်၊ လဲကျသွားတဲ့ကိုဗိုက်ကြီးရဲ့ ခြေထောက်တစ်ဖက်ကို ကျုပ်က လက်တစ်ဖက်တည်းနဲ့ဆွဲလိုက်ပြီးတော့

“ကဲ၊ မင်းတို့ဗိုက်ကြီးကို ကမ္ဘာ့အပြင်ရောက်အောင် ပို့ပေးမယ်ကွ”

ပြောပြီးတာနဲ့ ကျုပ်လည်း ကိုဗိုက်ကြီးကိုလက်တစ်နဲ့ကိုင်ပြီး လှည့်တော့တာပဲဗျာ၊ လူကောင်ထွားထွားကြီးကို ကျုပ်လိုငဖျံကလေးက လက်တစ်ဖက်တည်းနဲ့ခြေထောက်ကိုင်ပြီး ဆွဲလှည့််နေတာကိုတွေ့တာ ဆိုင်ထဲကလူတွေ တော်တော်လန့်သွားကြတယ်ဗျ၊

“ဟာ၊ ဒီကောင်လေးက ဗိုက်ကြီးကိုနိုင်တယ်တဲ့ဟ”

“အေးလေကွာ၊ လူနံပိန်၊ ကျွဲချိုလိမ်ဆိုတာ ဒါမျိုးကိုပြောတာနေမှာကွ”

ကျုပ်လည်း ဆယ့်လေးငါးပတ်လောက်လှည့်ပြီးတော့ အရှိန်ရတာနဲ့ လက်ကိုလွှတ်ပေးလိုက်ပါရောဗျာ၊ ဗိုက်ကြီးက ဆိုင်ထဲလွင့်ပျံထွက်သွားပြီးတော့ ဆိုင်နံရံနဲ့တိုက်မိပြီး ဆိုင်နံရံကြီးပါ ပွင့်ထွက်သွားတယ်ဗျာ၊ ဆိုင်ထဲကလူတွေအားလုံးကလည်း ကျုပ်ကိုပြူးကြောင်ကြည့်နေကြတယ်၊ နောက်တော့ အားလုံးရုတ်ရုတ်သဲသဲနဲ့ဆိုင်ထဲက ပြေးထွက်သွားကြပါရောလား၊ ဆိုင်ထဲကလူတွေအကုန်ကုန်သွားတော့မှ ဟိုးထောင့်မှာထိုင်နေတဲ့လူတစ်ယောက်က မတ်တပ်ထရပ်လိုက်တယ်၊ ဒီလူက ဘိလပ်မြေအိတ်ခွံကို ခေါင်းပေါ်ဆောင်းထားတယ်ဗျ၊ ထလာပြီး ကောင်တာခုံပေါ်တင်ထားတဲ့ အရက်ဖြူပုလင်း လေးလုံးကိုယူလိုက်ပြီးတော့ လက်နဲ့ပိုက်ထည့်လိုက်တယ်၊ နောက်တော့ ကျုပ်ဘက်ကိုလှည့်ကြည့်ရင်း

“မင်းကလူသေရှာနေတယ်ဆိုကွ၊ ဒါဆိုရင် ငါမင်းကိုလမ်းပြပေးနိုင်တယ်”

“ဗျာ၊ အဲဒီလူသေက ဘယ်တုန်းကသေတာလဲ”

“ခုမနက်ပိုင်းကမှသေတာ”

ဒီလူက ဆိုင်အပြင်ကိုထွက်သွားတော့ ကျုပ်လည်း သူ့အနောက်ကလိုက်သွားမိတယ်ဗျ။ ဆိုင်နဲ့ခပ်လှမ်းလှမ်းက ဗန်ဒါပင်ရိပ်အောက်မှာရပ်ထားတဲ့ ဆိုက်ကားကလေးပေါ်ကို ဒီလူက လွှားခနဲခုန်တက်သွားတယ်၊ နောက်တော့ ကျုပ်ကိုကြည့်ရင်း “တက်” လို့တစ်လုံးတည်းပြောလိုက်တာနဲ့ ကျုပ်လည်းသူ့ဆိုက်ကားပေါ်ခုန်တက်လိုက်တယ်ဆိုပါတော့ဗျာ၊ ကျုပ်တက်ပြီးတာနဲ့ ဆိုက်ကားက အရှိန်နဲ့မောင်းထွက်ခဲ့ပါရောဗျာ။

(၂)

ဗွက်ထနေတဲ့လမ်းကြီးအတိုင်း ဆိုက်ကားက နင်းလာခဲ့တယ်ဗျ၊ မိုးကလည်း သဲလိုက်တာပြောမနေပါနဲ့၊ ကျုပ်တစ်ကိုယ်လုံး မိုးတွေရွှဲစိုကုန်တယ်၊ လမ်းကြီးအတိုင်းနင်းလာရင်း တဖြည်းဖြည်းနဲ့လူနေအိမ်တွေကျဲသွားတယ်၊ ခြံဝင်းအလွတ်ကြီးတွေ ကွင်းကြီးတွေကိုဖြတ်သန်းရတယ်ဗျ၊ နောက်ဆုံးတော့ အိမ်အစုကလေးတစ်ခုအနားကိုရောက်လာခဲ့တယ်။ အိမ်ကလေးတစ်အိမ်ရှေ့ရောက်တော့ ဆိုက်ကားက ထိုးရပ်သွားတယ်ဗျ၊ အိမ်ကလေးက တဲသာသာတစ်ထပ်အိမ်ကလေးပါဗျာ၊ ဒါပေမယ့် အိမ်ကလေးအရှေ့မှာတော့ လူတွေက တာပေါ်လင်စတွေ၊ ဝါးလုံးကြီးတွေနဲ့ ကနားဖျင်းတစ်ခုလုပ်နေတယ်ဗျ၊ ဒါကိုကြည့်လိုက်ရင် ဒီအိမ်က မသာအိမ်ဆိုတာကြိမ်းသေပါပဲ၊ ကျုပ်လည်း ဆိုက်ကားသမားကိုတောင် နှုတ်မဆက်တော့ဘဲ ဆိုက်ကားပေါ်က ခုန်ဆင်းလိုက်တယ်၊ ပြီးတော့ အိမ်ထဲကိုပြေးဝင်ခဲ့တာပေါ့ဗျာ။

အိမ်ရှေ့ခန်းအလယ်မှာ မသာလောင်းကိုချထားတယ်ဗျ၊ ဖျာတစ်ချပ်ပေါ်မှာချပြီး အိပ်နေသလိုလုပ်ထားတာပေါ့ဗျာ၊ အနားမှာလည်း သူ့မိသားစုတွေထိုင်နေကြတယ်၊ မသာရှင်အမေဖြစ်ပုံရတဲ့ မိန်းမ၀၀ကြီးက ရင်ထုပြီး ငိုငိုနေတယ်ဗျ။

“အောင်မယ်လေး အဖြစ်ဆိုးလှချည်လား သမီးလေးရယ်”

ကျုပ်လည်းအိမ်ပေါ်ကိုပြေးတက်လိုက်တော့တယ်ဗျာ၊ ကျုပ်ကိုမြင်တော့ ငိုနေတဲ့အဒေါ်ကြီးပါ အငိုရပ်သွားပြီးတော့ တစ်အိမ်လုံးကလူတွေက ကြောင်တောင်တောင်နဲ့ကြည့်နေသဗျ၊ ကျုပ်ကတော့ ဘယ်သူ့ကိုမှမကြည့်ပါဘူးဗျာ၊ လူသေကိုပဲကြည့်လိုက်တာပါ၊ လူသေက မိန်းကလေးဗျ၊ အသက်ဆယ့်ကိုးနှစ်ဆယ်လောက်ပဲရှိမယ်ထင်တယ်၊ အသားကလေးက ဝင်းဖြူနေပြီးတော့ ပါးကလေးတွေကလည်း မို့မို့ကလေးဗျာ၊ သေနေတယ်လို့ပြောရင် ယုံကြမှာမဟုတ်ဘူးဗျ၊ မသိရင် အိပ်နေသလိုပါပဲ။

ကျုပ်လည်း စဉ်းစားမနေတော့ဘဲ လူသေကောင်ကြီးကိုခုန်အုပ်ထည့်လိုက်တော့တယ်၊ ပြီးတော့ လူသေကောင်ရဲ့မျက်နှာကိုသေချာစိုက်ကြည့်လိုက်တယ်ဗျာ၊ ချောလိုက်တာ၊ လှလိုက်တာပြောမနေပါနဲ့၊ ရုပ်ကတော့ ကရင်လိုလို မွန်လိုလို တိုင်းရင်းသူရုပ်ပါဗျာ၊

“အလတ်ကောင်မလုပ်နဲ့၊ ဒါကြီးတော့မလုပ်ပါနဲ့အလတ်ကောင်ရာ”

ကျုပ်ခေါင်းထဲက အသံကြားရတယ်၊ ကျုပ်လည်း ဘာမှတွေးမနေတော့ဘဲ လူသေကောင်နဲ့မျက်နှာချင်းအပ်လိုက်ပြီး လူသေရဲ့နှုတ်ခမ်းကို ကျုုပ်ရဲ့နှုတ်ခမ်းနဲ့အပ်လိုက်မိတော့တယ်၊ နှုတ်ခမ်းကလေးက နုအိနေတာပဲဗျာ၊ ခင်ဗျားတို့ယုံမလားတော့မသိဘူး၊ ဒီအနမ်းက ကျုပ်ဘဝမှာ ပထမဆုံးအနမ်းဗျ၊ သူများတွေပြောကြတာ ပထမဆုံးအနမ်းက ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီးတော့ ရိုကြတယ်မဟုတ်လားဗျာ၊ ကျုပ်ဘဝရဲ့ပထမဆုံးအနမ်းကတော့ လူသေကောင်ကြီးနဲ့နမ်းခဲ့ရတာဗျ၊ ဒါပေမယ့် တန်တော့တန်ပါတယ်ဗျာ၊ လူသေကောင်ကလည်း ချောချောလှလှကလေးကိုဗျ။

ကျုပ်နမ်းနေတုန်း လူသေကောင်ကြီးက မျက်လုံးတွေဖြတ်ခနဲပွင့်လာတယ်ဗျာ၊ ပြီးတော့ ကျုပ်ရင်ဝကိုသူ့လက်နဲ့ တွန်းထည့်လိုက်ပါရော၊ အရှိန်ကအတော်များသားဗျ၊ ကျုပ်ဖြင့်လွင့်သွားပြီး ခပ်လှမ်းလှမ်းမှာသွားကျတယ်ဗျာ။ အိမ်သားတွေလည်း မျက်လုံးကြီးတွေပြူးလို့ဗျ၊ ဒီမိန်းကလေးက ငေါက်ခနဲကောက်ထိုင်တယ်။ ပြီးတာနဲ့ သူ့ခြေမတွေမှာချည်ထားတဲ့ အပ်ချည်ကြိုးတွေထောင်းခနဲပြတ်ကုန်ပြီးတော့ ကုန်းထလာပြီး ကျုပ်ဆီကိုပြေးလာပါရောဗျာ၊ ကျုပ်လက်ကိုဆွဲပြီးတော့ အိမ်ပေါ်ကတန်းဆင်းပြေးပါရော။

“ဟဲ့ သမီး၊ သမီး ဖိုးမူ”

အဒေါ်ကြီးက အော်တော့တယ်ဗျာ၊ ကျုပ်နဲ့ဒီမိန်းကလေးလဲ အိမ်အောက်ရောက်ရော အိမ်ပေါ်ကနေ အိမ်သားတွေက ပြေးဆင်းလာကြတယ်၊ ဒါနဲ့မိန်းကလေးက အိမ်ဘက်ကိုလှည့်လိုက်ပြီးတော့ လက်ဝါးနဲ့ကာပြလိုက်တယ်ဆိုရင်ပဲ အိမ်ရှေ့မှာထိုးထားတဲ့ ကနားဖျင်းက ဝါးလုံးတွေက တဖြောင်းဖြောင်းနဲ့ကျိုးကျပြီးတော့ တာပေါ်လင်စတွေ၊ ဖျင်စတွေက အိမ်အတက်အဆင်းအပေါ်ကျသွားပါရောဗျာ၊ အိမ်ပေါ်ကဆင်းလာတဲ့လူတွေ ရှုပ်ထွေးနေကြတဲ့အချိန်မှာ ကျုပ်တို့နှစ်ယောက်လည်း ဆက်ပြေးခဲ့ပါရော။

မိန်းကလေးက ပြေးတာမြန်လိုက်တာဗျာ၊ ကျုပ်တို့ခပ်လှမ်းလှမ်းရောက်တော့မှ ခုနက အိမ်ထဲကလူတွေထွက်လာကြတယ်၊ ကျုပ်တို့ကွေ့ပတ်ပြေးရင်း တစ်နေရာရောက်တော့ ခြံဝင်းကြီးတစ်ခုထဲဝင်ပြေးလိုက်ကြတယ်၊ ခြံဝင်းကြီးက လူနေပုံမရဘူးဗျ၊ ခြံဝင်းထဲက ချုံတွေအောက်နားမှာ ဝပ်နေကြတုန်း အသုဘအိမ်ကလူတွေက ခြံရှေ့ကနေအပြေးဖြတ်သွားကြတယ်၊ အတော်ကြာသွားတော့မှ မိန်းကလေးက ကုန်းထလာတယ်။ မိုးတွေကတော့ ရွာနေတုန်းပဲဗျာ၊ ခြံဝင်းကြီးအနောက်နားမှာ အိမ်ပျက်တစ်လုံးတွေ့လိုက်ရတာနဲ့ ကျုပ်တို့လည်း အိမ်ပျက်ဆီကိုလာခဲ့လိုက်တယ်၊ အိမ်က အမိုးတွေအကာတွေက ပေါက်ပြဲနေပေမယ့် အိမ်ထောင့်တစ်နေရာမှာတော့ မိုးလုံလေလုံရှိတာနဲ့ ကျုပ်နဲ့အဲဒီမိန်းကလေး အိမ်ထောင့်နားကိုသွားပြီး ထိုင်လိုက်မိကြတယ်။

ဘာမပြောညာမပြော မိန်းကလေးက ထပြီးငိုပါရောဗျာ၊ ကျုပ်ဖြင့် အခုထိဝေခွဲမရသေးဘူးဗျ၊ ဒီဟာက ဦးဘသာလား၊ ဒါမှမဟုတ်သေသွားတဲ့မိန်းကလေးများလားဆိုပြီးတော့ပေါ့ဗျာ။

“သွားပါပြီ၊ သွားပါပြီကွာ”

အသံကတော့ မိန်းကလေးအသံပဲဗျ၊ ဒါပေမယ့် စကားပြောတာကတော့ ယောက်ျားတစ်ယောက်သုံးနှုန်းသလိုပဲ၊ ဒါနဲ့ကျုပ်လည်း မိန်းကလေးအနားကပ်ခဲ့ပြီးတော့

“ဦး . . . ဦးဘသာလား”

မိန်းကလေးက ကျုပ်ကိုစူးစူးစိုက်စိုက်ကြည့်ရင်း

“မင်းကိုငါပြောသားပဲအလတ်ကောင်ရာ၊ ဒါကြီးတော့မလုပ်ပါနဲ့ဆိုကွာ”

ဒီတော့မှ ဦးဘသာမှန်းကျုပ်သိလိုက်ရတယ်ဗျာ၊ ဦးဘသာတစ်ယောက် မိန်းမကိုယ်လုံးထဲရောက်သွားတာသိလိုက်တာနဲ့ ကျုပ်ဖြင့်ခွက်ထိုးခွက်လန်ရယ်မိတော့တာပဲဗျာ။

“ဟေ့ကောင်၊ ဒါရယ်စရာမဟုတ်ဘူးကွ”

ကျုပ်ဖြင့် ရယ်ရင်းပက်လက်လန်ကျသွားတယ်ဗျ၊ ဦးဘသာကြီးကို လက်ညှိုးထိုးပြီးရယ်လိုက်ရတာဆိုတာ အူတောင်တက်တော့မယ်ဗျ။

“ဟား၊ ဟား ဖြစ်ရမယ်ဦးဘသာရာ၊ ဖြစ်ရမယ်”

“မင်းကိုငါပြောသားပဲကွ၊ ဒီကိုယ်လုံးကို မလုပ်ပါနဲ့ဆို”

“ဟာဗျာ၊ လူသေက ရှာရတာလွယ်တင်ထင်လို့လားဦးဘသာ၊ ဒီတစ်ယောက်တောင်မှ မိုးထဲလေထဲ မနည်းခဲရာခဲဆစ်ရှာထားရတာနော်”

“ဒါတော့ဒါပေါ့ကွာ၊ ဒါပေမယ့် အခုငါက မိန်းမကိုယ်ကြီးနဲ့ဖြစ်သွားပြီလေကွာ”

ဦးဘသာကပြောရင်း မျက်ရည်တွေကျလာတယ်ဗျ၊ ကျုပ်လည်း ဦးဘသာကိုကြည့်ရင်း

“ဒါငိုစရာမဟုတ်ပါဘူးဦးဘသာရာ”

ဦးဘသာက မျက်ရည်တွေသုတ်ရင်း

“ငါငိုနေတာမဟုတ်ဘူးကွ၊ ငါစိတ်မကောင်းဖြစ်နေတာ၊ မျက်ရည်က သူ့အလိုလိုကျတာ”

ဒီတော့မှ ကျုပ်လည်းသဘောပေါက်တယ်၊ ဦးဘသာက မိန်းမကိုယ်ထဲရောက်နေတာဆိုတော့ မိန်းကလေးရဲ့စိတ်နေသဘောထားတွေ၊ မိန်းကလေးရဲ့သဘာဝတွေက ကျန်နေခဲ့တဲ့ပုံစံပဲဗျ။ ဒါပေမယ့် မိန်းကလေးက ချောတော့အတော်ချောသား၊ အသားကလေးတွေဆိုရင်လည်း ဝင်းဝင်းကလေးရယ်ဗျ။

“ဒီကောင်မလေးက ဦးဘသာမှန်းသိနေလို့ပေါ့ဗျာ၊ ချောတာတော့ တော်တော်ချောတာဗျ၊ ကျုပ်ဖြင့် ဖက်ဖက်ပြီးနမ်းပစ်လိုက်ချင်တာ”

ကျုပ်အရှေ့တိုးသွားတော့ ဦးဘသာက ကျုပ်ကိုလက်ညှိုးထိုးပြီး

“ဟေ့ကောင်၊ အချင်းချင်းတွေကို မလုပ်ရဘူးနော်ကွ”

“မလုပ်ပါဘူးဗျာ၊ ဒါနဲ့ ဦးဘသာ ဟိုအောက်မှာရော ဟဲ . . ဟဲ”

ကျုပ်က ခါးအောက်ပိုင်းကိုလက်ညှိုးထိုးပြလိုက်တော့ ဦးဘသာက တုန်တက်သွားပြီးတော့

“ဟေ့ကောင်၊ မလေးမစားမလုပ်နဲ့နော်၊ ဒီခန္ဓာကိုယ်က ဒီမိန်းကလေးရဲ့ခန္ဓာကိုယ်ကွ၊ ဘာပဲဖြစ်ဖြစ် ငါတို့သေပြီးတဲ့လူကိုတော့ လေးစားရမယ်”

“မဟုတ်ပါဘူးဗျာ၊ ကျုပ်သိချင်တာတစ်ခုရှိတယ်ဦးဘသာ၊ ဒီအချိန်မှာ ဦးဘသာနဲ့ကျုပ်နဲ့ အတူတူနေကြတယ်ဆိုရင် ဦးဘသာဘယ်လိုများခံစားရမလဲဆိုတာပါ”

“ခွေးကောင်၊ တိတ်စမ်း၊ မင်းအနားကပ်ရဲကပ်လာကြည့်နော် ငါမင်းကိုလုပ်ထည့်လိုက်မှာကွ”

ဦးဘသာကြီး စိတ်ဆိုးနေတဲ့ပုံကိုကြည့်ရတာ သိပ်ရယ်စရာကောင်းတာပဲဗျာ၊ ကျုပ်လည်းရယ်နေမိတယ်၊ ခဏကြာတော့မှ မိန်းကလေးတစ်ဖြစ်လဲ ဦးဘသာက

“အဲဒါအသာထားစမ်းပါ၊ ဟိုလူကြီးပြောတဲ့အတိုင်းဆိုရင် ငါက ခုနစ်ရက်အတွင်း ငါ့ကိုယ်ထဲကိုပြန်ဝင်နိုင်မှ ရမယ်မဟုတ်လားကွ”

“ကျုပ်တို့နည်းလမ်းရှာကြတာပေါ့ဦးဘသာရာ”

“ဒါနဲ့အလတ်ကောင်၊ မင်းရွာကထွက်သွားပြီးတော့ ဘာတွေဖြစ်ကုန်သလဲဆိုတာ ငါသေချာသိချင်တယ်၊ ပြီးတော့ မင်းပြောတဲ့ သူတော်ကောင်းလင်မယားဆိုတာကိုလည်း ငါသေသေချာချာသိချင်သကွာ”

“ပြောပြမယ်ဦးဘသာ၊ ဦးဘသာသိချင်ရင် ပြောပြရသေးတာပေါ့ဗျာ”

အပြင်မှာ မိုးကလည်း နည်းနည်းစဲသွားပြီဗျ၊ ခုနကလောက် မသဲတော့ပေမယ့် ရွာတော့ရွာနေဆဲပါပဲဗျာ။

“ဒီလိုဦးဘသာရ၊ ကျုပ်ရန်ကုန်ရောက်တော့ လူလိမ်ခံရပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဦးဆိုနီအိမ်ကိုရောက်သွားတာ ဦးဘသာ သိပြီးပါပြီနော်”

“အေးလေ၊ မင်းထည့်လိုက်တဲ့စာထဲမှာ ပါတယ်မဟုတ်လား”

“ဒါဆို စာထဲမပါတဲ့အကြောင်းတွေစပြောတာပေါ့ဗျာ”

(၃)

ရန်ကုန်ရောက်ပြီးမှ ဦးဆိုနီက ဘာမှမဟုတ်တဲ့လူဆိုတာကို သိလိုက်ရတယ်၊ သူတို့လင်မယားက သူဌေးအိမ်ကြီးတစ်အိမ်ရဲ့အနောက်ဘက်မှာ နှစ်ထပ်အိမ်ကလေးဆောက်ပြီး ကပ်နေတာပါဗျာ၊ သူ့မိန်းမကတော့ သူဌေးအိမ်မှာ ထမင်းချက်ဟင်းချက်လုပ်တယ်၊ ဦးဆိုနီကတော့ အဲဒီသူဌေးကြီးကို ငွေဖော်ပေးရတယ်ဗျ၊ အဲဒိသူဌေးကြီးက အစိုးရအရာရှိကြီးတစ်ယောက်တဲ့ဗျာ၊ ဒီအချိန်ကလည်း နိုင်ငံခြားဖြစ်ပစ္စည်းတွေကို မှောင်ခိုပစ္စည်းတွေဆိုပြီး တရားဝင်တင်သွင်းရောင်းချခွင့်ကိုပိတ်ပင်ထားတယ်မဟုတ်လားဗျာ၊ ဒါပေမယ့် ကျုပ်တို့ကျေးလက်တောရွာကလူတွေက ပြည်တွင်းဖြစ်ပစ္စည်းတွေကိုပဲ သုံးနိုင်စွဲနိုင်ကြပေမယ့် ရန်ကုန်လိုမြို့ကြီးပြကြီးက လူတွေကျတော့ နိုင်ငံခြားဖြစ် ပစ္စည်းကောင်းတွေကို သုံးချင်ကြသဗျ၊ ဒီတော့ အဲဒီနိုင်ငံခြားဖြစ်ပစ္စည်းတွေကိုပဲ တရားမဝင်ကူးသန်းရောင်းဝယ်ကြတယ်၊ အဲဒီပစ္စည်းတွေကိုမှောင်ခိုလို့ ခေါ်ကြတာပေါ့ဗျာ။

မှောင်ခိုပစ္စည်းထဲမှာ အစုံပါတယ်ဗျ၊ ကလေးကစားစရာကစလို့ ကက်ဆက်၊ ရေဒီယို၊ အဝတ်အထည်တွေ အစုံပဲပေါ့ဗျာ၊ အဲဒီမှောင်ခိုပစ္စည်းတွေကို ကမ်းနားလမ်းတို့ လေဟာပြင်ဈေးတို့မှာ ပေါ်ပေါ်တင်တင်ရောင်းချကြပါရောဗျာ၊ ဖမ်းတဲ့သူလည်းမရှိဘူးဗျ၊ ဘယ်ဖမ်းမလဲ အားလုံးက သူ့လမ်းကြောင်းနဲ့သူရှိတာကိုးဗျ၊ လူတစ်ယောက်လက်ထဲမှာ မှောင်ခိုပစ္စည်းတွေ့ရင်သာ ဖမ်းချင်ဖမ်းမယ်၊ ဒီလိုမျိုးဆိုင်နဲ့ကန္နားနဲ့ ပေါ်တင်ရောင်းနေတာတွေကျတော့ ဖမ်းခဲတယ်ဗျ။ ဆက်ရရင်တော့ အဲဒီအရာရှိကြီးတို့လင်မယားက ယိုးဒယားက မှောင်ခိုပစ္စည်းတွေကို အောက်လမ်းကနေသယ်လာပြီးတော့ ဦးဆိုနီကိုဆိုင်ဖွင့်ရောင်းခိုင်းတယ်ပေါ့ဗျာ၊ ရလာတဲ့အမြတ်ထဲကမှ ဦးဆိုနီကိုနည်းနည်းပါးပါးပြန်ပေးတာပေါ့၊ အမြတ်ကတော့ အမြတ်ကြမ်းတယ်ဗျ၊ ဦးဆိုနီလည်း ဒီအလုပ်နဲ့ဝင်ငွေဖြောင့်နေတယ်ဆိုပါတော့။

ကျုပ်ရောက်သွားတော့ ကျုပ်လည်းသူတို့ဆိုင်မှာကူရောင်းပေးရတယ်ဆိုပါတော့၊ လစာငွေရယ်လို့တော့် သတ်သတ်မှတ်မှတ်မရဘူးပေါ့ဗျာ၊ ဝိုင်းလုပ်ဝိုင်းစားပေါ့၊ အရာရှိကြီးအိမ်က ခိုင်းတာတွေလည်း လုပ်ကိုင်ပေးရသေးတယ်ဗျ၊ လုပ်ရင်းကိုင်ရင်း ကြာလာတော့ ရင်းနှိးလာတယ်ပေါ့ဗျာ၊ တစ်ခုပြောရအုံးမယ်ဗျ၊ အဲဒီအရာရှိကြီးလင်မယားကလည်း ဂမ္ဘီရဆန်တာတွေကို သိပ်သဘောကျတာ၊ သူတို့ကလည်း ဗေဒင်ဆရာတွေ၊ အောက်လမ်းဆရာတွေ လိုင်းပေါင်းစုံလိုက်နေတာ မနည်းဘူးဗျာ၊ ကျုပ်လည်းကြုံတုန်း ဦးဘသာကြီးအကြောင်းကိုဖောက်သည်ချမိပါရော၊ သူတို့က ဦးဘသာကြီးရဲ့စွန့်စားခန်းတွေအကြောင်းကြားရတော့ သိပ်ကြိုက်ကြတယ်ဗျ၊ ဦးဘသာကိုတောင် တစ်ခါလောက်တွေ့ချင်တယ်ဆိုပဲဗျာ၊ ဦးဆိုနီတို့ ညွှန်းတာလည်းပါတာပေါ့လေ၊ တစ်ရက်ကျတော့ ဦးဆိုနီတို့လင်မယားက ညဘက်ကြီးတိုင်ပင်နေကြတယ်ဗျ၊ သူတို့နှစ်ထပ်အိမ်ကလေးမှာ ကျုပ်ကအပေါ်ထပ်မှာနေရတယ်၊ သူတို့လင်မယားက အောက်ထပ်အခန်းမှာအိပ်တယ်ပေါ့ဗျာ၊ အဲဒီညက ကျုပ်လည်း တရေးနိုးကြီးဗိုက်နာလို့ဆင်းလာတော့ သူတို့လင်မယား တီးတိုးတီးတိုးပြောနေတာကိုကြားလိုက်ရတာပဲ။

“ဖြစ်ပါ့မလား ကိုနီရဲ့၊ သူကရှင်တို့အမျိုးနော်”

“မဖြစ်လည်း ဖြစ်အောင်လုပ်ရမှာပဲကွာ၊ ဆရာကြီးကိုယ်တိုင်က လုပ်ခိုင်းနေတာဆိုတော့ ငါတို့ငြင်းလို့မရဘူးကွ”

ကျုပ်ကတော့ ကျုပ်နဲ့ဆိုင်မယ်လို့ ဘယ်ထင်မှာလဲဗျာ၊ ဒါနဲ့အေးအေးဆေးဆေးပဲနေမိတာပေါ့၊ သုံးရက်လောက်ကျတော့ ကျုုုပ်မှောင်ခိုဆိုင်ခင်းနေတုန်း ဦးဆိုနီက ဟိုနားဒီနားသွားမယ်ဆိုပြီးထွက်သွားတယ်ဗျာ၊ ဒီအချိန်မှာ ရဲတွေရောက်လာပြီးတော့ ကျုပ်ကိုဖမ်းသွားကြတာပဲဗျ၊ ဒါနဲ့ ကျုပ်ကိုကျောက်တံတားဆိုလား၊ လမ်းမတော်ဆိုလား ရဲစခန်းကိုခေါ်သွားပြီးတော့ ချုပ်ထားတာပေါ့ဗျာ၊ အချုပ်ထဲရောက်တော့ ဘယ်သူမှလည်းကျုပ်ကိုလာမကြည့်ကြဘူးဗျ၊ ညရောက်တော့ ဗိုက်တွေဆာလာတယ်၊ ရင်တွေလဲပူလောင်နေတယ်၊ ဒီအချိန် တခြားအချုပ်ကျတဲ့လူတွေကို မိသားစုတွေက ထမင်းတွေလာကျွေးကြတာပေါ့ဗျာ၊ ကျုပ်ရှေ့ခပ်လှမ်းလှမ်းက လူကြီးဆိုရင် ထမင်းတွေဟင်းတွေအစုံပဲဗျာ၊ စားစရာတွေလည်းအစုံပဲဗျ၊ သူစားနေတာလည်း အားရပါးရကြီးဗျာ၊ ကျုပ်ဖြင့် သူစားနေတာကြည့်ပြီး သွားရည်တောင်ကျမိတယ်။

ဒီလူကြီးက ကျုပ်ကိုလှည့်ကြည့်တယ်ဗျ၊ နောက်တော့ ကျုပ်အနားလာပြီးတော့ ထမင်းပန်းကန်ကိုထိုးပေးတယ်၊

“စားမှာသာစားစမ်းပါကွာ၊ မင်းဗိုက်ဆာနေတယ်မဟုတ်လား”

ကျုပ်လည်း ဆာနေတာနဲ့ ထမင်းတွေကို ကျုံးစားမိတာပေါ့ဗျာ။ ထမင်းစားပြီးတော့ သူနဲ့ကျုပ်နဲ့ရင်းနှီးသွားတယ်၊ ကျုပ်ဖြစ်တဲ့အကြောင်းကိုပြောပြလိုက်တော့ သူကတော်တော်သနားသွားတဲ့ပုံပါပဲ။

“အေးကွာ၊ မင်းအဖြစ်ကလည်း ဓါးခုတ်ရာလက်ဝင်လျှိုသလိုဆိုပါလားကွ၊ ဒါမင်းကို သူတို့တမင်သက်သက်ချောက်တွန်းတာကွ၊ ဘာမှမပူနဲ့ မင်းအပြင်ရောက်အောင် ငါလုပ်ပေးမယ်”

“ဗျာ၊ တကယ်ပြောတာလား”

“တကယ်ပေါ့ကွာ၊ ငါ့နာမည်လည်းမှတ်ထားအုံး ငါ့နာမည်ဖိုးထူးတဲ့ကွ၊ ငါနဲ့တွေ့လို့ကတော့ အဟုတ်ထူးပြီလို့သာမှတ်တော့ကွာ”

“ကျုုပ်နာမည်က ခင်မောင်ပါ၊ ရွာကလူတွေကတော့ ကျုပ်ကိုအလတ်ကောင်လို့ခေါ်တယ်”

“ဟား၊ ဟား ကောင်းတယ်ကောင်းတယ်၊ မနက်ဖြန် ငါ့မိန်းမလာလိမ့်မယ်ကွ၊ သူက အထက်လူကြီးတွေနဲ့လည်းပိုင်တယ်ဆိုတော့ ငါထွက်ရဖို့များတယ်၊ ငါထွက်ရရင် မင်းကိုပါတစ်ခါတည်း ထွက်လို့ရအောင်ဖန်ပေးမယ်၊ ဟုတ်ပြီလား”

ကျုပ်လည်းပျော်သွားတယ်ဗျ၊ ဒါပေမယ့် ကျုပ်ဘဝအကြောင်းကိုစဉ်းစားမိပြီးမှိုင်ကျသွားတယ်၊ ဒီလူကြီးက ကျုပ်ကိုရိပ်စားမိတဲ့ပုံပါပဲဗျာ။

“မင်းက အချုပ်ထဲကလွတ်မှာ မပျော်ဘူးလားကွ”

“ပျော်တာကတော့ ပျော်ပါတယ်၊ ဒါပေမယ့် ဒီထဲကထွက်လည်း ကျုပ်မှာသွားစရာမှမရှိတာ၊ ငွေဆိုတာလည်း တစ်ပြားမှမရှိ၊ ပြီးတော့ ဦးဆိုနီတို့ဆီပြန်သွားလို့ကလည်းမဖြစ်ဘူးမဟုတ်လား”

“ဒါဆိုဘာမှမပူနဲ့ ငါနဲ့သာလိုက်ခဲ့”

“ဖြစ်ပါ့မလားဗျာ”

“ဖြစ်ပါတယ်ကွာ၊ မင်းတစ်ယောက်လောက်ကတော့ ငါတို့တင်ကျွေးနိုင်ပါတယ်၊ တို့အိမ်မှာ တောက်တိုမယ်ရအလုပ်သမားလိုတာနဲ့အတော်ပဲကွာ၊ မင်းက ငါတို့ကိုနည်းနည်းပါးပါးကူပေါ့ကွ”

“တကယ်ဆိုရင်တော့ ကျေးဇူးပါပဲ ဦးဖိုးထူးရာ”

“တကယ်ပါဆိုနေမှ မင်းကတော့ကွာ”

ဒါနဲ့မနက်ဖြန်မနက်ရောက်တော့ ဦးဖိုးထူးမိန်းမရောက်လာတယ်ဗျ၊ ရဲတွေနဲ့စကားခဏပြောပြီးတော့ ရဲတွေက ဦးဖိုးထူးကိုလွှတ်ပေးလိုက်တာပါပဲဗျာ၊ ဦးဖိုးထူးက သူ့မိန်းမနဲ့တီးတိုးပြောနေရင်း မကြာပါဘူးကျုပ်ကိုလည်း လာပြီးလွှတ်ပေးတယ်။

“မင်းနာမည်ဘယ်လိုခေါ်သလဲ”

“ကျုပ်နာမည်ခင်မောင်ပါ”

“ငါ့နာမည်ကတော့ မရွှေတောင်လို့ခေါ်တယ်၊ မင်းငါတို့အိမ်ကိုလိုက်မယ်ဆိုရင် ငါတို့အိမ်စည်းကမ်းကိုတော့ လိုက်နာရမယ်နော်”

“စိတ်ချပါဗျာ”

သူတို့က တော်တော်ချမ်းသာတာပဲဗျ၊ ဆလွန်းကားကလေးမောင်းပြီးတော့ ကျုပ်ကိုခေါ်သွားတယ်ဗျာ၊ သူတို့နေတဲ့ခြံက အကျယ်ကြီးဗျ၊ အိမ်ကြီးကလည်းတော်တော်ကောင်းတယ်ဗျာ၊ ထူးဆန်းတာက သူတို့အိမ်မှာ သူတို့ကလွဲလို့ လူတစ်ယောက်မှအပိုမရှိတာပဲ။

အိမ်ကြီးထဲဝင်လိုက်တော့ မရွှေတောင်က

“ဒီအိမ်မှာ စည်းကမ်းသုံးချက်ပဲရှိတယ်၊ တစ်အချက်က ငါတို့စကားကိုမင်းနားထောင်ရမယ်၊ နှစ်အချက် ဘာကိစ္စကိုမှ မင်းဝင်မပါရဘူး၊ သုံးအချက် အမေးအမြန်းမထူရဘူး၊ မသိရင် မသိသလိုပဲနေပါ”

ကျုုပ်လည်းခေါင်းညိတ်လိုက်မိတယ်၊ ကျုပ်ကိုရောက်တာနဲ့ အိပ်ခန်းတစ်ခုပေးတာပဲဗျာ၊ ကုတင်ဆိုတာလည်း ကျွန်းကုတင်အကြီးကြီးဗျ၊ အိပ်ရာခင်းတွေ၊ မွေ့ရာတွေဆိုတာကလည်း နိုင်ငံခြားဖြစ် မှောင်ခိုပစ္စည်းတွေချည်းပဲဗျာ၊ သူတို့က ကျုပ်ကိုအဝတ်အစားတွေလည်းဆင်ပေးသေးတယ်၊ အကြွေးအမွေးကတော့ ပြောမနေပါနဲ့ဗျာ၊ ဦးဖိုးထူးဆိုတဲ့လူကြီးက အစားသိပ်မက်တဲ့လူကြီးဗျ၊ အချိန်ပြည့်ဆိုသလို တစ်ခုမဟုတ်တစ်ခုတော့ စားသောက်နေတာ၊ သူ့မိန်းမ မရွှေတောင်ကတော့ သူနဲ့ပြောင်းပြန်ဗျ၊ ဘာကိုမှမစားဘူး၊ စားတာသောက်တာလည်း တစ်ခါမှမတွေ့ဖူးဘူးဗျာ။

ကျုပ်မနက်အိပ်ရာနိုးတော့ ခြံထဲတံမြက်စည်းလှဲမယ်ဆိုပြီးတော့ ဆင်းလာခဲ့တယ်၊ ခြံထဲမှာ သရက်ပင်၊ မရန်းပင်၊ ပိန္နဲပင်ကြီးတွေနဲ့ အုပ်အုပ်ဆိုင်းဆိုင်းကြီးပါဗျာ၊ ဝါးရုံပင်တွေလည်းရှိသေးတယ်၊ ဒါပေမယ့် ထူးဆန်းတာတစ်ခုက သူတို့ခြံအကျယ်ကြီးထဲမှာ အမှိုက်တစ်စ၊ သစ်ရွက်ခြောက်တစ်ရွက်တောင်ရှိမနေဘဲ ပြောင်သလင်းခါနေတာထူးဆန်းတယ်ဗျာ၊ ကျုပ်အထင်တစ်ယောက်ယောက်က မနက်ခင်းသန့်ရှင်းရေးလုပ်သွားတယ်ထင်တာ၊ ဒါနဲ့ အိမ်ထဲမှာ ဖုန်သုတ်ပေးမယ်ဆိုပြီးတက်လာတော့လည်း အိမ်ထဲမှာသန့်ရှင်းပြောင်လက်နေပြီးတော့ ဖုန်တစ်မှုန်တောင်မရှိတာပါပဲဗျာ၊ ဦးဖိုးထူးစားပြီးပစ်ထားခဲ့တဲ့ စားပွဲကြီးကလည်း ပြောင်လက်နေပြီးတော့ ပန်းကန်တွေအားလုံးလည်း ဆေးပြီးသားကြီးဖြစ်နေသဗျ။

ကျုပ်ဆိုရင် ဘာအလုပ်မှကိုမရှိဘူးဗျာ၊ အဲ . . . တစ်ခုရှိတာကတော့ခြံတံခါးသွားသွားဖွင့်ပေးရတာပဲဗျ၊ ညနေလောက်ဆိုရင် အိမ်ကြီးဆီကို လူတွေရောက်လာကြတယ်၊ ပြီးတော့ ဦးဖိုးထူးနဲ့တွေ့ပြီး ငွေတွေပေးကြတယ်ဗျ၊ ဦးဖိုးထူးကပြောတာတော့ သူများတွေလုပ်ကိုင်စားဖို့ အရင်းအနှီးချပေးထားလို့ သူတို့လာပြန်ပေးတယ်လို့ပြောတာပဲဗျာ၊ ဟုတ်ချင်လည်းဟုတ်မှာပေါ့၊ ဦးဖိုးထူးတို့က ပိုက်ဆံရှိတယ်ဆိုတော့ အကြွေးတွေဘာတွေချထားမှာပေါ့ဗျာ။

ညဘက်ထမင်းဝိုင်းဆိုရင် ကျုပ်ရယ်ဦးဖိုးထူးရယ်ပဲ စားတာများတယ်ဗျ၊ မရွှေတောင်ကတော့ ဘေးကနေထိုင်ကြည့်နေတတ်တယ်၊ တစ်လုပ်မှဝင်မစားဘူးဗျာ၊ ရေဆိုရင်လည်း တစ်ခွက်မှမသောက်ဘူး၊ ကျုပ်လည်းမနေနိုင်တာနဲ့ မရွှေတောင်ကိုမေးကြည့်မိတယ်။

“မမလေးက ထမင်းစားတာ ရေသောက်တာလည်း မတွေ့ဘူးနော်”

ကျုပ်မေးတော့ မရွှေတောင်က မျက်ထောင့်နီကြီးနဲ့ကျုပ်ကိုစိုက်ကြည့်ရင်း

“မင်းကိုဘာပြောထားသလဲအလတ်ကောင်၊ ဒီအိမ်မှာနေရင် ကိုယ်နဲ့မဆိုင်တာကို မစပ်စုနဲ့လို့ပြောထားတယ်မဟုတ်လား”

ဘာမဟုတ်တာလေးနဲ့ သူကငေါက်တော့ကျုပ်ဖြင့်လန့်သွားတာပဲဗျာ၊ ဦးဖိုးထူးက မျက်စိမျက်နှာပျက်နေတယ်ဗျ၊ ဒီတော့မှ မရွှေတောင်က ဒေါသကိုလျှော့လိုက်ပြီး

“ဘာမှမဟုတ်ပါဘူး၊ ငါကအလုပ်ထဲမှာ စားလာလို့ပါ”

ကျုပ်လည်းယုံတာပေါ့ဗျာ၊ မရွှေတောင်က မနက်မိုးလင်းတာနဲ့အိမ်ကနေထွက်ထွက်သွားတယ်ဗျ၊ မိုးကြီးချုပ်မှ ကားတစ်စီးနဲ့အိမ်ကိုပြန်လာတတ်တာ၊ ဦးဖိုးထူးကတော့ ဘာမှကိုမလုပ်ဘူး၊ အပြင်ထွက်တယ်ဆိုရင်လည်း သောက်စားပျော်ပါးနေတာချည်းပဲဗျ၊ ကျုပ်အထင်တော့ ဒီအိမ်ရဲ့စီးပွားရေးကို မရွှေတောင်တို့က အုပ်စိုးထားတယ်ထင်တာပါပဲဗျာ။

ဒီအိမ်မှာ ကျုပ်ကောင်းကောင်းနေရတယ်၊ ကောင်းကောင်းစားရတယ်ဗျာ၊ တစ်ခါတစ်ခါ ဦးဖိုးထူးဖဲရိုက်တဲ့အနောက်လိုက်သွားရင် ဦးဖိုးထူးက ကျုပ်ကို မုန့်ဖိုးတွေတောင်ပေးသဗျ၊ ဖဲရိုက်ရင်လည်း ဦးဖိုးထူးပဲ အမြဲနိုင်တာများပါတယ်ဗျာ၊ ရွှေတိုရွှေစလေးတွေတောင်မှ စုမိလာတယ်ဗျ၊ ဦးဖိုးထူးကြည့်ရတာ သိပ်စိတ်မှန်ပုံမရဘူးဗျာ၊ တစ်ခါတစ်ခါဆို ထထဖောက်တတ်သေးတာ၊ ဒါကြောင့်လည်း မရွှေတောင်က သူ့ကိုအိမ်မှာထားတာဖြစ်မှာဗျ။

ဦးဖိုးထူးက သူဘယ်မှမသွားတဲ့ရက်ဆိုရင် အိမ်မှာအရက်သောက်တယ်၊ ဒီအခါ ကျုပ်ကိုဟိုမေးဒီမေး မေးတယ်ဗျ၊ ကျုပ်လည်း စကားပြောဖော်လိုနေတာနဲ့အတော်ပဲပေါ့ဗျာ၊ ဦးဘသာကြီးအကြောင်းတွေပြောပြတဲ့အခါ ဦးဖိုးထူးက သိပ်ကြိုက်သဗျ၊ ဒါနဲ့ ကျုပ်တို့ရွာနားကအဖြစ်အပျက်တွေ၊ ပြီးတော့ ယောဒေသကိုသွားပြီး ဦးအောင်ရှိန်တို့နဲ့တွေ့ခဲ့တဲ့အဖြစ်အပျက်တွေကို ပြောပြတာပေါ့။

(၄)

တစ်ရက်နှစ်ရက်နေတော့ မရွှေတောင်က ခရီးထွက်ကြမယ်လို့ပြောလာသဗျ၊ အစက ကျုပ်ကိုအိမ်စောင့်ထားခဲ့မယ်ထင်တာ၊ နောက်မှကျုပ်ကိုပါခေါ်သွားမှာတဲ့ဗျာ၊ ခေါ်သွားမယ့်နေရာကလည်း ပုဂံတဲ့ဗျ၊ ကျုပ်ဖြင့်သိပ်ပျော်တာပေါ့ဗျာ။ မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်ဆိုတဲ့ စာချိုးတောင်ရှိတယ်မဟုတ်လား၊ ကျုပ်မရောက်ဖူးတဲ့နေရာကိုရောက်ရမယ်ဆိုတော့ စိတ်ထဲပျော်နေမိတယ်၊ ဒီလိုနဲ့နောက်တစ်နေ့ပဲ ကောက်ကာငင်ကာ ခရီးထွက်ခဲ့ကြပါရောဗျာ၊ ကိုယ့်ကားနဲ့ကိုယ်ဆိုတော့ ပျော်စရာပေါ့၊ မရွှေတောင်က ကားမောင်းတယ်၊ ဦးဖိုးထူးကတော့ အနောက်ခန်းမှာ အိပ်ပြီးတစ်လမ်းလုံးလိုက်လာတယ်ဗျ။

ပုဂံရောက်ပေမယ့် သူတို့က ဘုရားတစ်ဆူမှ မသွားဘူးဗျာ၊ ဟိုတယ်မှာပဲ တည်းကြတယ်၊ ပုဂံရောက်ပြီးတော့မှ ဘုရားမဖူးလို့ ကျုပ်တောင် တော်တော်ထူးဆန်းနေသေးတာ၊ နောက်တစ်နေ့ညမှာပဲ မရွှေတောင်က ကျုပ်နဲ့ဦးဖိုးထူးနဲ့ကို ဟိုတယ်အခန်းထဲကိုခေါ်လိုက်တယ်ဗျ၊ ကျုပ်ကိုလည်းအရေးကြီးတာခိုင်းမလို့ဆိုပဲဗျာ၊ အခန်းထဲရောက်တော့ မရွှေတောင်က ကြေးပြားကလေးတစ်ခုကိုထိုးပေးတယ်ဗျ။

“အလတ်ကောင်၊ နင်မကြောက်တတ်ဘူးမဟုတ်လား”

“ကျုပ်မကြောက်တတ်ပါဘူး”

“ပြီးတော့ ထူးဆန်းတာတွေကို အမြဲသိချင်နေတယ်မဟုတ်လား”

ကျုပ်ခေါင်းညိတ်လိုက်တော့တယ်၊ မရွှေတောင်က တစ်ချက်ပြုံးပြီး

“မင်းကိုငါခိုင်းစရာရှိတယ်၊ ဒီကြေးစည်ကလေးကို ကိုင်ပြီး နောင်ဝေေ၀လို့အော်လိုက်တာနဲ့ မင်းက နေရာတစ်ခုကိုရောက်သွားလိမ့်မယ်”

“ဘယ်လိုနေရာလဲဗျာ”

“အသေးစိတ်တော့ ငါတို့မသိဘူး၊ ဂူတစ်ခုဖြစ်ချင်ဖြစ်မယ်၊ အဲဒီဂူထဲမှာ ကျောက်ဖြစ်နေတဲ့လူတစ်ယောက်ရှိတယ်။ အဲဒီကျောက်ဖြစ်နေတဲ့လူနဲ့တွေ့တဲ့အခါ ဟောဒီကြာပန်းကုံးကလေးကို သူ့လည်ပင်းမှာချိတ်ဆွဲပေးလိုက်ပါ”

မရွှေတောင်က ကြာဆစ်ကြိုးကလေးပေးတယ်ဗျ၊ ကြာပန်းပွင့်ကလေးပါပြီးတော့ ကြာနွယ်ဆစ်ကလေးတွေကို လက်နဲ့ဆစ်ပြီးလုပ်ထားတဲ့ ပန်းကုံးကလေးပေါ့ဗျာ။

“ဒါပြီးရင် ဘာဖြစ်မှာလဲ”

“ဘာမှမဖြစ်ဘူး၊ အဲဒီကြေးစည်ကလေးကိုကိုင်ပြီး နောင်ဝေေ၀လို့ပြန်အော်လိုက်ရင် ဒီကိုပြန်ရောက်လာလိမ့်မယ်”

ကျုပ်ဖြင့်ယုံတစ်ဝက် မယုံတစ်ဝက်ပဲဗျာ၊ ဒါပေမယ့် မရွှေတောင်ခိုင်းတာဆိုတော့လည်း လုပ်ရတော့တာပေါ့၊ ကြေးစည်အဝိုင်းကလေးကိုကိုင်ပြီး နောင်ဝေေ၀လို့အော်လိုက်တယ်ဆိုရင်ဘဲ ကျုပ်မတ်တပ်ရပ်နေတဲ့ကြမ်းပြင်ကြီးက အောက်ကိုပေါက်ကျသွားသလိုခံစားရပြီး ကျုပ်လည်း တဝှီးဝှီးနဲ့ပြုတ်ကျတော့တာပေါ့ဗျာ။

တစ်နေရာရောက်သွားတော့မှ ရပ်သွားသဗျာ၊ ကျုပ်ရောက်နေတဲ့နေရာက မှောင်မိုက်နေတဲ့လျှောက်လမ်းတစ်ခုဗျ၊ ကျုပ်ခေါင်းတွေ အုံတက်လာပြီးတော့ ကျုပ်အန်ပါအန်ချလိုက်မိတယ်ဗျာ၊ လျှောက်လမ်းတစ်ဖက်ဆုံးမှာ အလင်းရောင်လဲ့လဲ့ကလေးတွေ့တာနဲ့ ကျုပ်လည်း လျှောက်လမ်းအတိုင်းလိုက်လာခဲ့မိတယ်။

အထဲမှာတော့ ခန်းမကြီးတစ်ခုဗျာ၊ ခန်းမထိပ်နားမှာတော့မီးလုံးကြီးတစ်လုံးကလင်းနေတယ်၊ ခန်းမအလယ်မှာတော့ ကျောက်ဆင်းတုတစ်ခုရှိတယ်ဗျ၊ ကျုပ်လည်းလျှောက်ကြည့်နေရင်း ထိုင်နေတဲ့လူတွေကိုတွေ့လိုက်ရသဗျာ၊ ကျုပ်ဖြင့်လန့်သွားတာပဲဗျ၊ လူတွေက တန်းစီပြီးတော့ထိုင်နေကြတာ၊ ကျုပ်လိုက်ခေါ်ပေမယ့် ဘယ်သူမှမလှုပ်ရှားကြဘူး၊ ဒီလူတွေက လူသေကြီးတွေများလားပဲဗျာ၊ ကျုပ်ကြောက်ပြီး ထွက်သွားမယ်အလုပ်မှာ ကျောက်ရုပ်ကြီးတစ်ရုပ်နဲ့တိုက်မိသဗျ၊ ကျောက်ရုပ်ကြီးက ဒူးထောက်ထိုင်လျှက်သားနဲ့ လက်ကိုမိုးပေါ်မြှောက်ထားတဲ့ပုံစံပဲဗျ၊

“အင်း၊ ဒီခန်းမကြီးထဲမှာ ကျောက်ရုပ်က ဒီတစ်ခုထဲရှိတာဆိုတော့ မရွှေတောင်ပြောတာ ဒီကျောက်ရုပ်ပဲဖြစ်ရမယ်”

ကျုပ်လည်း အိတ်ထဲပါလာတဲ့ ကြာပန်းကုံးကလေးကို ထုတ်ပြီးတော့ ဒီကျောက်ရုပ်ရဲ့လည်ပင်းမှာချိတ်ပေးလိုက်တယ်ဗျ၊ ဒီအချိန်ငလျင်လှုပ်သလိုလို တစ်ချက်တုန်ခါသွားတယ်၊ ဘာမှတော့ မထူးဘူးဗျာ၊ ကျုပ်လည်း တခြားဘက်တွေသွားကြည့်မယ်ဆိုပြီး လိုက်ကြည့်နေတုန်းမှာ ကြမ်းပြင်ကိုကျောက်တုံးတွေ တဖြုတ်ဖြုတ်ကျလာတဲ့ အသံတွေကြားရသဗျ၊ ဒါနဲ့လှည့်ကြည့်လိုက်တော့ ခုနက ကျောက်ရုပ်ကြီးက တဖြည်းဖြည်းနဲ့လူကြီးတစ်ယောက်ဖြစ်လာသဗျာ၊

ကျုပ်တော်တော်လန့်သွားတယ်၊ ထွက်ပြေးဖို့လုပ်ပေမယ့် ဒီလူကြီးက ကျုပ်ကိုလှမ်းဆွဲပြီးတော့ သူ့ဘက်ကိုလှည့်တယ်၊ ပြီးတော့ ကျုပ်ရင်ဘတ်ကိုလက်ဝါးနဲ့တစ်ချက်ရိုက်ထည့်လိုက်တဲ့အချိန်မှာပဲ ကျုပ်က လေပေါ်မြောသွားသလိုမျိုး ပေါ့ပေါ့ကြီးဖြစ်သွားပါတော့တယ်ဗျာ။

ကျုပ်ပြန်သတိရတော့ ဟိုတယ်ထဲပြန်ရောက်နေပြီဗျ၊ ကျုပ်ခေါင်းတွေဆိုရင် လေးလံနေတာပဲဗျာ၊ ကျုပ်ကုန်းထလိုက်တော့ ဦးဖိုးထူးက ကျုပ်အရှေ့မှာ ဒူးတစ်ဖက်ထောက်လိုက်ပြီးတော့ သခင်ကြီးလို့ခေါ်တယ်ဗျ။

“သခင်ကြီးမဟုတ်ပါဘူးဗျာ၊ ကျုပ်ပါဗျ ဦးဖိုးထူးရ”

ဒီလိုပြောလိုက်မှ ဦးဖိုးထူးက ရှက်ကိုးရှက်ကန်းနဲ့မတ်တပ်ထတယ်၊ ကျုပ်နိုးတော့ နေ့လည်ဘက်တောင်ဖြစ်နေပါပြီဗျာ၊ ဦးဖိုးထူးက ကျုပ်ကိုကားနဲ့ခေါ်သွားတယ်ဗျ၊ ကားစီးရင်း တော်တော်ကြာတော့ ဘုရားအမြင့်ကြီးတစ်ဆူစီရောက်တယ်။

“ဒါဘယ်နေရာလဲ ဦးဖိုးထူး”

“ရွှေဆံတော်ဘုရားလို့ခေါ်တယ်ကွ”

ကျုပ်လည်း ဘုရားကိုလက်အုပ်ချီလိုက်မိတယ်၊ ဒီအချိန်ဦးဖိုးထူးက ကျုပ်ကိုခေါ်သွားပြီးတော့

“ဘုရားနောက်မှဖူးပါ၊ ငါ့အနောက်လိုက်ခဲ့”

တစ်နေရာရောက်တော့ ဘုရားရင်ပြင်ပေါ်မှာ အုတ်ပုံတစ်ခုတွေ့လိုက်ရသဗျ၊ ဦးဖိုးထူးက ကျုပ်ကိုအဲဒီအုတ်ပုံကြီးဆီ လက်ညှိုးထိုးပြရင်း

“ဟောဒီအုတ်ပုံက ၁၉၇၅ ခုနှစ် ပုဂံငလျင်ကြီးလှုပ်ခတ်တော့ မြေခသွားတဲ့ ရွှေဆံတော်ဘုရားထိပ်ပိုင်းပဲကွ”

“အဲဒါဘာလုပ်ရမှာလဲဗျာ”

“အဲဒီအုတ်ပုံထဲမှာ သံလျက်တစ်ခုရှိတယ်ကွ”

“ဟာဗျာ၊ သံလျက်ကိုဘယ်သူက ဒီထဲလာထားမှာလဲ”

ဦးဖိုးထူးက ခေါင်းခါပြီး

“ဒီသံလျက်က အရေးကြီးတဲ့သံလျက်ပဲကွ၊ ငါတို့ထင်တာက ဒီသံလျက်ကို ရွှေဆံတော်ဘုရားကြီးရဲ့ အထက်ဌာပနာတိုက်ထဲမှာ ထည့်ထားတယ်ထင်တာ၊ ဒါပေမယ့် မဟုတ်ဘူးကွ၊ တကယ်တော့ သံလျက်ကို ငှက်ပျောဖူးထဲမှာ ထည့်ခဲ့တာပဲ”

“အုတ်ဆိုတော့ ကျုပ်ဘာနဲ့တူးရမလဲ”

“ဘာနဲ့မှတူးစရာမလိုဘူး၊ အဲဒီအုတ်ပုံထဲကို လက်သာနှိုက်လိုက်စမ်းကွာ”

ကျုပ်လည်း ကြောင်အမ်းအမ်းနဲ့ လာခဲ့တယ်၊ အုတ်လုံးကြီးက အကြီးကြီးပဲဗျ၊ မယုံတာနဲ့ လက်တစ်ဖက်ကိုအုတ်ထဲထိုးထည့်လိုက်တော့ အုတ်သားတွေကိုလက်က ဖောက်ဝင်သွားသဗျာ၊ ကျုပ်ကိုယ့်ကိုယ်ကိုယ်တောင်မယုံနိုင်ဘူး။ ဦးဖိုးထူးက ကျုပ်ကိုပြုံးကြည့်ရင်း

“အထဲမှာစမ်းရှာလိုက်စမ်းပါကွာ”

ကျုပ်လည်း လက်ကိုထည့်ပြီးစမ်းရှာတုန်း တစ်နေရာရောက်တော့ လက်ကစူးခနဲဖြစ်သွားသဗျ၊ အဲဒီအရာကိုသေချာစမ်းကြည့်တော့ အေးစက်စက်အထိအတွေ့တစ်ခုရတယ်၊ လက်နဲ့သေချာကိုင်ပြီး အပြင်ကိုဆွဲထုတ်လိုက်တော့မှ သံလျက်တစ်ခုဖြစ်နေပါရောဗျာ၊ သံလျက်ရဲ့အသွားကို ကိုင်လိုက်မိတဲ့ကျုပ်လက်က သွေးတွေထွက်နေပါရော၊ ဦးဖိုးထူးက ကျုပ်ကိုကြည့်ရင်း တော်တော်ပျော်နေတာဗျ။

“ဟား၊ ဟား အောင်ပြီ၊ အောင်ပြီ၊ ဒီတစ်ခါတော့ ငါတို့အောင်ပြီ”

“ဘာကိုအောင်တာလဲဗျ၊ အဆက်အစပ်မရှိ”

“ဟေဟေ့၊ ငထေရှင်လည်းရပြီ၊ ငထေရှင်ရဲ့သံလျက်လည်းရပြီ”

“နေပါအုံး ငထေရှင်ဆိုတာက ဘယ်သူလဲ”

ဦးဖိုးထူးက ကျုပ်ကိုလက်ညှိုးထိုးပြီးတော့

“ငထေရှင်ဆိုတာ မင်းလေကွာ”

ကျုပ်လည်း တော်တော်ကိုထူးဆန်းသွားတာပေါ့ဗျာ။

ဦးဘသာတစ်ဖြစ်လဲမိန်းကလေးက ကျုပ်ကိုမျက်လုံးအပြူးသားနဲ့ကြည့်နေရင်း

“နောက်တော့ဘာဆက်ဖြစ်သွားသလဲကွာ”

“ဘာဆက်ဖြစ်သလဲဆိုတော့ ကျုပ်တို့ပုဂံကနေပြန်ခဲ့တာပါပဲ၊ အဲဒီနောက်ပိုင်း ကျုပ်စိတ်တွေနေရာတစ်မျိုးကြီးဖြစ်လာတယ်ဗျ၊ တစ်ခါတလေဆိုရင် ဘာကိုမှမသိတော့သလိုပဲဗျာ”

“အဲဒါ ငထေရှင်က မင်းကိုယ်ထဲဝင်နေတာကွ”

“ဗျာ၊ အဲဒီငထေရှင်ဆိုတာ ဘာလဲ”

“ဘာလဲဆိုတာတော့ ငါလည်းသေသေချာချာမသိဘူး၊ ဒါပေမယ့် ငါပြောနိုင်တာကတော့ ငထေရှင်က မကောင်းတဲ့လူပဲကွ၊ တို့အတိအကျသိချင်ရင် အောင်ရှိန်ဆီကိုသွားမှရမယ်”

“ဘယ်လိုဗျ၊ အောင်ရှိန်ဆီဆိုတော့ ဟိုးယောနယ်ကိုသွားရမှာလား”

“မဟုတ်ပါဘူးကွာ၊ အောင်ရှိန်နဲ့မိသက် အခုရန်ကုန်ရောက်နေသကွ”

“ဗျာ၊ တကယ်ပြောတာလား”

ကျုပ်ပျော်သွားတယ်ဗျ၊ ယောနယ်က ပြန်လာပြီးကတည်းက ဦးအောင်ရှိန်ကိုမတွေ့တာ ကြာပြီမဟုတ်လားဗျာ၊ ပြီးတော့ မိသက်လည်းပါတယ်ဆိုပဲဗျ။

“ငထေရှင်က မင်းကိုယ်ထဲကိုဝင်ပြီး မင်းကိုအသုံးချနေတာပဲ၊ ဒါနဲ့ မင်းရွာကိုပြန်ရောက်ဖြစ်သေးတယ်မဟုတ်လား”

“ဟုတ်တယ်ဦးဘသာ၊ ထူးဆန်းတာက ညညဆိုရင် ကျုပ်အိပ်ပျော်နေတုန်း ကိုယ်ကလေနဲ့လွင့်နေသလိုပဲဗျာ၊ ကျုပ်ရွာကိုသတိအရမ်းရတဲ့အချိန် ရွာကိုပြန်ရောက်သွားတယ်၊ မနေ့ကညကလည်း ကျုပ်ဒီနည်းနဲ့ ဦးဘသာဆီလာခဲ့တာ၊ ကျုပ်ကိုယ်ထဲမှာ လူကြီးတစ်ယောက်ဝင်နေတာတော့သိပါတယ်၊ သူက မနက်နဲ့ညနေအထိကျုပ်ကိုချုပ်ထားတယ်ဆိုတာလည်း ကျုပ်ခံစားမိတယ်”

“အဲဒါတွေနောက်မှာအသာထားစမ်းပါကွာ၊ ငါတို့အချိန်မနှောင်းခင် အောင်ရှိန်ဆီကိုသွားကြစို့ကွ၊ ဒီအတိုင်းဆိုရင် အောင်ရှိန်ဒုက္ခရောက်နိုင်တယ်”

“ဘယ်လိုဗျ၊ ဘာကြောင့်သူက ဒုက္ခရောက်မှာလဲ”

“ညံ့ပါ့အလတ်ကောင်ရာ၊ ငါပြောပြမယ်၊ ဘာလို့ငထေရှင်က ငါ့ကိုယ်ခန္ဓာကိုယ်လိုချင်တာလဲ”

“ဦးဘသာဆီက အစောင့်အရှောက်အစွမ်းကြောင့်ဆိုဗျ”

“ဒါလည်းတစ်ချက်ပေါ့၊ နောက်တစ်ချက်က အောင်ရှိန်ကို ချည်းကပ်ချင်လို့ပဲကွ၊ မင်းအခုပြောပုံအရ ဒီကိစ္စတွေက သူ့အလိုလိုဖြစ်လာတာမဟုတ်ဘူးကွ၊ အောင်ရှိန်ရန်ကုန်ရောက်လာအောင်ရော၊ ငါဒီကိုရောက်လာအောင်ပါ သူတို့က သေသေချာချာအကွက်ချပြီးစီစဉ်ခဲ့တာ”

“ထားပါတော့၊ သူတို့ကဘာကိုလိုချင်တာလဲဗျ”

“အောင်ရှိန်ကိုသတ်ဖို့ပေါ့ကွာ၊ အခုငါ့ခန္ဒာကိုယ် ငထေရှင်က ရသွားပြီ၊ ဒါကို အောင်ရှိန်မသိသေးဘူး၊ ငါ့အထင် ငထေရှင်က အောင်ရှိန်ကို ငါ့ပုံစံနဲ့ချဉ်းကပ်ပြီးတော့ အသေကြံမယ့်ပုံပဲကွ၊ အောင်ရှိန်နဲ့ငါနဲ့က သိပ်ခင်ကြတဲ့သူငယ်ချင်းတွေဆိုတော့ အောင်ရှိန်က ငါ့ကိုပေါ့ပေါ့လျော့လျော့ဆက်ဆံမှာပဲ၊ ငထေရှင်ရဲ့အကြံကိုငါသိပြီ၊ အောင်ရှိန်ပြောဖူးတာ ငထေရှင်နဲ့ ဘုရားပျံတွေနဲ့က ခေတ်အဆက်ဆက်ရန်ငြိုးတွေရှိတယ်၊ တစ်ယောက်ကိုတစ်ယောက် ကိစ္စတုံးအောင် ကြံစည်နေကြတယ်လို့ဆိုတယ်၊ ဒီအတိုင်းဆိုရင် ဒီပွဲမှာငထေရှင်နိုင်သွားလိမ့်မယ်၊ ငထေရှင်က အခုငါ့ပုံယောင်ဆောင်ပြီး အောင်ရှိန်ရဲ့နောက်ကျောကို ဓါးနဲ့ထိုးလိမ့်မယ်ကွ”

ဦးဘသာကပြောဆိုပြီး ထသွားတယ်ဗျ၊ ကျုပ်လည်းအနောက်က ထလိုက်လာခဲ့တယ်၊ ကျုပ်တို့နှစ်ယောက် ခြံကြီးရဲ့အဝကိုရောက်တယ်ဆိုရင်ပဲ လူတစ်စုက ကျုပ်တို့ကိုဝိုင်းလိုက်ကြတယ်၊ ခပ်၀၀မိန်းမကြီးက

“သမီး ဖိုးမူ၊ အမေတို့နဲ့ပြန်လိုက်ခဲ့ပါသမီးရယ်”

“ဟုတ်တယ်ညီမလေး၊ ညီမလေးဒီလူနဲ့ညားချင်လို့ သေဟန်ဆောင်တာမဟုတ်လား၊ အခု အကိုကြီးတို့ နောင်တရပါပြီညီမလေးရယ်၊ ညီမလေးချစ်တဲ့သူနဲ့ ညီမလေးကိုပေးစားပါ့မယ်”

ကျုပ်ရော မိန်းမတစ်ဖြစ်လဲ ဦးဘသာရော ပါးစပ်တွေဟောင်းလောင်းဖြစ်သွားကြပါရောဗျာ။