နင်ကတော့နယ်လှည့်ရောင်းတဲ့ကုန်သည်ကြီးဖြစ်နေပြီပေါ့”
“အဲ့သည်လိုပါပဲဒွေးလေးရယ်…”
ထိုသို့ဖြင့် ဘွားမယ်စိန်တို့သည်လည်း
ဦးဘထော်နှင့်မတွေ့တာကြာပြီဖြစ်တာကြောင့်
စကားများဝိုင်းဖွဲ့ပြောနေကြတော့သည်။
အလတ်ကောင်ကလည်းအစ်ကိုဖြစ်သူကိုလာတွေ့ရှာသည်။
ညသို့ရောက်တော့ အိမ်၌ ဘွားမယ်စိန်…ဥိးဘထော်နှင့်
ဒေါ်ဝင်းတို့သားအမိသာကျန်ရှိပေသည်။
လက်ဖက်သုပ်လေးစား..အကြမ်းရေးလေးသောက်ဖြင့်
ရေနံဆီမီးခွက်လေးအလင်းဖြင့်စကားပြောနေခဲ့ကြ၏။
စကားပြောနေရင်းမှ ဦးဘထော်က
“အမေ…” ဟုခေါ်လိုက်လေတော့…ဘွားမယ်စိန်က
ပြောဟုသောဟန်ဖြင့်ကြည့်လိုက်လေသည်။
“ကျုပ်ငယ်ငယ်ကလေ အမှတ်ရမိတာလေးရှိနေလို့ပါ…”
“ဘာအမှတ်ရတာလဲဘထော်ရဲ့”
ဟု…ဘွားမယ်စိန်ကပြောတော့ ဦးဘထော်က
ပြောရခက်နေဟန်ဖြင့်ခေါင်းကိုကုပ်ရင်း…
“အဖေက အမေ့ကိုမမေးရဘူးလို့တော့မှာခဲ့တယ်ဗျ…”
“ဟင်…အဖေကတော့်ကိုဘာပြောခဲ့တာလဲကိုဘထော်…”
“နေပါဦးမိဝင်းရာ…ငါကအမေ့ကိုမေးသင့်မမေးသင့်
စဥျးစားနတောဟ”
“စဥ်းစားမနေပါနဲ့ကွယ်…ပြောစမ်းပါငါ့သားရဲ့…
ဘာကိစ္စများလဲ…”
“ဟိုလေဗျာ…အမေနဲ့အဖေညားခါစကဆို
ရွာကစုန်းမတွေဆိုအမေ့ကိုသိပ်ကြောက်တာတဲ့…
အမကေမထင်ရင်မထင်သလို
သူတို့ကိုအပြစ်ပေးသေးတယ်တဲ့…”
ဟုပြောတော့ ဘွားမယ်စိန်ကပြုံးသွားသည်။
ပြုံးနေရင်းမှသူ၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
ဖွာရှိုက်လိုက်သေး၏။
ဆေးလိပ်ငွေ့များကိုမှုတ်ထုတ်လိုက်ရင်းမှ ခေါင်းကိုညိတ်၍…
“ဟုတ်ပ…အမေသင်ထားတဲ့ပညာကလည်းထက်တယ်လေ
ဘယ်လောက်ပဲဆရာသခင်ကအမေ့ကိုဆုံးမ ဆုံးမ…
အမေ့ကအောက်လမ်းကနေ
အထက်လမ်းကိုပြောင်းတာမဟုတ်လား…
ဒဏ်ခံရတာတွေလည်းရှိတာပေါ့ငါ့သားရယ်…”
“အမေက ကျုပ်တို့ကိုဆိုအဖေနဲ့ညားတုန်းက
အကြောင်းတွေဆိုကျုပ်တို့ကိုမပြောပြဘူးနော်…
လူဆိုတာခက်သားဗျ…
မပြောရင်ပိုသိချင်ကြတယ်ာ..
ကျုပ်တော့သိပ်သိချင်တာပဲအမေရယ်…”
ဟု…ဒေါ်ဝင်းကပြောတော့ ဘွားမယ်စိန်က
ဒေါ်ဝင်းကိုသေချာကြည့်ပြီး
“ညည်းသိပ်သိချင်ရင်တော့
ပြောပြရမှာပေါ့အေ…”
ဟုပြောလိုက်လေတော့
ဒေါ်ဝင်းတို့မှာဝမ်းသာကုန်ကြသည်။
ဘွားမယ်စိန်ကလည်း သူ၏ဆေးလိပ်ကြီးကို
အုန်းခွံခွက်ထဲသို့ပြန်ထည့်ထားလိုက်ပြီး…
“ဒီလိုအေ့…”
ဟု…အစချီကာပြန်ပြောတော့သည်။
မယ်စိန်သည် ခင်မောင်ဆွေကိုအငြိုးဖြင့်သတ်ပြီးခဲ့ပြီဖြစ်၏။
ဆရာဖြစ်သောဘွားသစ်၏ရွာ၌မနေလိုတော့၍
ရောက်တတ်ရာရာသို့ထွက်လာခဲ့ရှာသည်။
“ဟေ့….ကလေးမ…”
ထန်းခေါက်ဖာလေးကိုပိုက်၍တောလမ်းလေးအတိုင်း
လမ်းလျှောက်လာသောမယ်စိန်သည် အနောက်မှ
နွားလှည်းသံနှင့်အတူသူ့အားလှမ်းခေါ်သံကိုပါကြားလိုက်ရ၏။
အနောက်သို့လှည့်ကြည့်တော့ နွားလှည်းအထက်၌
ဦးလေးကြီးတစ်ယောက်နဲ့အမျိုးသမီးကြီးတစ်ယောက်တို့ကို
မယ်စိန်တွေ့လိုက်ရသည်။
“ဘယ်ကိုသွားမလို့လဲကွဲ့…
ဒီလမ်းကလူအတော်ပြတ်တာနော်…
တစ်ယောက်ထဲလားကလေးမရဲ့
ညည်းအဖော်မပါဘူးလား…”
ဟု…နွားလှည်းကိုရပ်ပြီးမေးလေသည်။
မယ်စိန်ကလည်းခေါင်းညိတ်၍…
“ဟုတ်ကဲ့…ကျုပ်တစ်ယောက်ထဲပါ…”
“ဘယ်ကိုသွားမလို့လဲကလေးမ…”
ဟုမေးတော့မယ်စိန်မဖြေနိုင်ပေ။
“ခက်တော့တာပဲ…
ညည်းလိုချောချောလှလှလေးက
ဒီလိုမသွားလာသင့်ဘူး…
လာ…လာ…အရီးတို့နွားလှည်းနဲ့လမ်းကြုံလိုက်ခဲ့…”
ဟု…အမျိုးသမီးကြီးက မယ်စိန်အတွက်စိုးရိမ်ပြီး
သူတို့၏နွားလှည်းပေါ်သို့တင်ကာခေါ်လာခဲ့သည်။
မယ်စိန်လည်း မည်သည်မှမပြောဘဲနွားလှည်းဖြင့်လိုက်လာခဲ့၏။
“အရီးတို့က ဟိုရှေ့ကရွာက ကလေးမရဲ့…
ညည်းကဘယ်ရွာမှာနေတာလဲ…”
“ခရေပင်ကုန်းရွာကပါ…”
“ခရေပင်ကုန်းရွာ…
ဒီရွာကိုတော့ အရီးဖြင့်မကြားဖူးပါကွယ်…”
“ဒီနဲ့အတော်ဝေးလို့မသိတာထင်ပါတယ်…”
“သြော်…အေး…အေး…
ဒါနဲ့အရီးနာမည်ကိုမှတ်ထားဦး အရီးနာမည်က
ဒေါ်မြထွေးတဲ့…ဒါကအရီးယောကျာ်း
ဘိုးကြည်လို့ခေါ်တယ်…
သမီးနာမည်ကရော…”
“ကျုပ်နာမည်ကမယ်စိန်ပါ…
မိဘတွေကတော့မရှိကြတော့ပါဘူး”
“သြော်…အေးကွယ် ….ဒါနဲ့ မောင်နှမတွေကော
ရှိလားသမီး”
“ဟင့်အင်း…ကျုပ်ကတစ်ဦးထဲသောသမီးပါ”
မယ်စိန်ကိုကြည့်ပြီးဒေါ်မြထွေးတို့လင်မယားက
စိတ်မကောင်းသွားကြသည်။
“အရီးမှာလည်းသားတစ်ယောက်…
သမီးတစ်ယောက်ရှိတယ်ကွဲ့…
ကြုံရင်အရီးတို့အိမ်ကိုလာလည်ပါသမီးရယ်…”
ဟု…ဒေါ်မြထွေးက မယ်စိန်ကိုသံယောဇဥ်ရှိသွားပြီး
အိမ်လာလည်ဖို့ပြောလေသည်။
မယ်စိန်ကခေါင်းလေးခါပြီး…
“ကျုပ်ကခြေဦးတည့်ရာသွားနေသူပါအရီးရယ်…
ကျုပ်ဘဝကိုကျုပ်ပြင်ဆင်ရမှာတွေများပါတယ်…
ဒါကြောင့်လာနိုင်ဖို့ဆိုတာမသေချာပါဘူး”
“အို…ငါ့သမီးကဘာတွေများပြင်ဆင်စရာရှိနေတာလဲ…
စိတ်မရှိရင်အရီးကိုရင်ဖွင့်လို့ရပါတယ်ကွယ် …”
ဟု…ဒေါ်မြထွေးကပြောတော့ မယ်စိန်က
ဒေါ်မြထွေးကိုသေချာကြည့်ပြီး…
“အရီးကိုကျုပ်ပြောပြလိုက်ရင်
ကျုပ်ရင်ထဲမှာပြည့်နေတာတွေပေါ့သွားမလားဟင်…”
ဟု…ဝမ်းနည်းဟန်လေးဖြင့်ပြောလိုက်တော့
ဒေါ်မြထွေးကခေါင်းကိုညိတ်၍…
“ပြောပါသမီးရယ်…သမီးဘာတွေများကြုံခဲ့ရရှာတာလဲ…
အရီးသိချင်ပါတယ်အေ”
ဟု…ပြောတော့မယ်စိန်လည်းစိတ်ကိုတင်းမထားနိုင်တော့ဘဲ
သူ၏အဖြစ်အပျက်အစုံကိုပြောပြလိုက်လေသည်။
ဒေါ်မြထွေးမှာ မယ်စိန်ပြောပြသည်များကိုနားထောင်ရင်း
မျက်ရည်များပင်ကျလာခဲ့၏။
ဘိုးကြည်ကတော့ သက်ပြင်းတစ်ချက်ချပြီး
မယ်စိန်ကိုပင်မကြည့်ရက်သလိုဖြင့်နွားလှည်းကိုသာ
မောင်းနေခဲ့သည်။
“သမီးမယ်စိန်…”
“ရှင်အရီး…”
“သမီးရဲ့ဘဝပေးကံကအတော်ဆိုးတာပဲ…
အရီးဖြင့်နားထောင်နေရင်းနဲ့သမီးအစား
ဝမ်းနည်းမိတာအမှန်ပဲအေ…”
“ဘယ်တတ်နိုင်မလဲအရီးရယ်…
ဒါတွေကကျုပ်ရဲ့ဝဋ်ကြွေးတွေပေါ့…
ကျုပ်ဘယ်ဘဝကဘယ်သူ့ကိုဘာမကောင်းတာများ
လုပ်ထားမိခဲ့သလဲမှမသိတာတော်…”
“အင်း…ကဲ…ကိုဘိုးကြည်…”
“အေး ပြောလေကွာ…”
“ကျုပ်တော့ ဒီကလေးမလေးကို
သနားနေပြီ”
“အဲ့သည်တော့”
“သူအခုလိုခြေဦးတည့်ရာသွားလာနေတာကို
ကျုပ်မကြည့်ရက်ဘူးတော်…”
“မင်းကဘယ်လိုလုပ်ချင်တာလဲမြထွေးရဲ့…
ကျုပ်ကိုပွင့်ပွင့်လင်းလင်းပြောစမ်းပါ…”
“ကျုပ်မယ်စိန်လေးကို ကျုပ်အိမ်မှာပဲ
ခေါ်ထားချင်တယ်…”
“အေး…ကောင်းသားပဲကွ…”
“ဒါဆိုတော်လည်းသဘောတူတယ်ပေါ့နော်…”
“မင်းသဘောကငါ့သဘောပဲပေါ့မြထွေးရာ…”
ဒေါ်မြထွေးဝမ်းသာသွားသည်။
မယ်စိန်ကိုပြုံးပြူံးကြီးကြည့်၍…
“သမီး…အမေတို့အိမ်မှာပဲလိုက်နေနော်…
ဘယ်မှမသွားနဲ့တော့…သိလား
သမီးအတွက်အန္တရာယ်များလို့ပါသမီးရယ်…
အမေတို့နဲ့ပဲအတူနေတော့နော်…”
ဟုဒေါ်မြထွေးက သူ့ကိုယ်သူအမေဟုသုံး၍
မယ်စိန်ကိုပြောလိုက်သည်။
မယ်စိန်လည်းအံ့သြသွားသည်။
သူ့အပေါ်၌ယခုကဲ့သို့ကရုဏာထားသော
ဒေါ်မြထွေးတို့လင်မယားကိုသေချာကြည့်၍…
မယ်စိန်ခေါင်းညိတ်လိုက်တော့သည်။
ထိုသို့ဖြင့်မယ်စိန်တစ်ယောက် ဒေါ်မြထွေးတို့နေသော
သောင်ထွန်းရွာသို့ရောက်လာခဲ့တော့၏။
သောင်ထွန်းရွာရှိလူများကလည်း ဒေါ်မြထွေးတို့
အိမ်၌ခြေရှုပ်နေကြသည်။
အဆိုးဆုံးက ရွာကာလသားတွေဖြစ်ကြ၏။
အချောအလှလေးဖြစ်သောမယ်စိန်ကို
ကြည့်၍မဝဖြစ်နေကြပုံရသည်။
“ဟေ့…သာမောင်…”
“ဘာလဲကွ”
ကာလသားတွေက ဒေါ်မြထွေးရဲ့သားကြီး
ကိုသာမောင်အနားသို့လာ၍…
“မယ်စိန်လေးကအတော်ချောတာနော့…
ငါတို့တော့မင်းကိုဘယ်လိုခေါ်ရပါ့ကွာ”
“ဟေ့…ဟေ့…မင်းတို့ကငါ့ကိုဘယ်လိုခေါ်ချင်လို့လဲကွ…”
“သြော်…ဒီကောင်မလေးကိုမင်းမိဘများကခေါ်လာတာဆိုတော့
တော်နေမင်းနဲ့ငါ ယောက်ဖများတော်နေရမလားလို့ပါကွာ…”
“ဟာ…ခွေးမသားတနှာရူးတွေ…
ကိုယ့်ရွာကိုရောက်လာတဲ့သူကိုစောင့်ရှောက်ရမယ့်အစား
မင်းတို့ကတနှာရူးနေရတယ်လို့ကွာ…”
“ဟ…လွန်မယ်သာမောင်ရေ…
လွန်မယ်ဟ….”
ကိုသာမောင်ကဝါးရင်းတုတ်ဖြင့်လိုက်ရိုက်၍
ရွာသားတွေမှာ ထွက်ပြေးကုန်ကြသည်။
ထိုအဖြစ်အပျက်ကိုကြည့်ရင်း ဒေါသထွက်နေသူမှာ
လှအေးဖြစ်၏။
လှအေးက ကိုသာမောင်ညီမဖြစ်သည်။
မိဘတွေရဲ့အလေးပေးမှုကိုရနေသောမယ်စိန်ကိုကြည့်ပြီး
ဒေါသပုန်ထနေခဲ့သည်။
“ဟင်း…အဘတို့အမေတို့ကတော့
စုန်းမကိုများ အိမ်ဦးခန်းထားနေရတယ်လို့
ကိုယ့်မိသားစုဒုက္ခရောက်မှာကိုတော့မသိကြဘူး…”
ဟု…တစ်ယောက်ထဲရေရွတ်နေခဲ့သည်။
“ညီမလေးလှအေး…”
“ဘာညီမလေးလည်း နင်နဲ့ငါနဲ့အသက်အတူတူပဲ
ငါ့ကိုညီမလေးလို့မခေါ်နဲ့…”
ဟု…လှအေးက မယ်စိန်ကိုအော်လိုက်သည်။
ထိုအသံကိုကြားသည်နှင့် ဒေါ်မြထွေးရောက်လာပြီး…
“ဟဲ့…လှအေး…
နင်ရိုင်းလှချည်လား…
မယ်စိန်ကိုအစ်မတစ်ယောက်လို
ရိုရိုသေသေဆက်ဆံရမယ်လို့အမေမှာထားတယ်လေ…”
“အို…အမေကလဲ…”
“အမေကမလဲနဲ့…ညည်းငါပြောတာနားထောင်မလား…
နားမထောင်ဖူးလားပဲပြော…”
“နားထောင်မယ်…နားထောင်မယ်…
ရပြီမလား”
ဟုပြောကာ လှအေးသည်
ခြေကိုဆောင့်၍ထွက်သွားတော့၏။
မယ်စိန်ကတော့မောင်နှမ မရှိ၍လှအေးအပေါ်၌
ညီမလေးတစ်ယောက်ကဲ့သို့ချစ်ခင်ရှာသည်။
လှအေးပြောသမျှကိုလည်း သဘောထားကြီးစွာ
ခွင့်လွှတ်ခဲ့၏။
ထိုသို့ဒေါ်မြထွေးတို့အိမ်၌မယ်စိန်နေတာ
တစ်ပတ်မျှကြာတော့ ရွာသူစုန်းမတချို့က မယ်စိန်ကို
အကဲစမ်းကြတော့သည်။
စုန်းစုန်းခြင်းခြေမြင်ကြ၍ဖြစ်၏။
“လှအေးရေ…လှအေး…”
“သြော်…မမတင်…လာလေဝင်ခဲ့”
“အေး…လာပြီလှအေးရေ…
ဒီမှာလေ…အိမ်မှာ ကြက်ဂွေးတောက်လေးချက်တာနဲ့
နင့်ကိုစားစေချင်လို့ လာပို့ပေးတာ…”
“ဟယ်…မမတင်တို့များသိပ်သဘောကောင်းတာပဲ…
ကျုပ်ဖြင့်ယောင်းမတောင်တော်ချင်သွားပြီတော်…”
ဟု…လှအေးကပြောလေတော့
“ဟယ်…နင်ကလည်း”
မမတင်ဆိုသူက ရှက်သွားဟန်ရသည်။
သူတို့စကားပြောနေကြသည်များကို ဆန်ရွေးနေသော
မယ်စိန်ကြား၏။
မမတင်ဆိုသူဝင်လာကတည်းက
မယ်စိန်ကသေချာကြည့်နေခဲ့သည်။
“ဒါဆိုရင်မမတင်ပြန်တော့မယ်နော်…”
“ဟုတ်မမတင်…ကျေးဇူးတင်ပါတယ်တော်…”
“ညည်းကလည်းအေ…ကျေးဇူးတင်ဖို့မလိုပါဘူး”
မမတင်ပြန်သွားတော့ မယ်စိန်သည်
လှအေးအနီးသို့သွား၏။
“လှအေး…”
ဟု…လေသံအေးအေးဖြင့်ခေါ်တော့…
လှအေးကမေးကိုငေါ့၍…
“ပြော…” ဟုတစ်လုံးထဲပြောလိုက်သည်။
မယ်စိန်ကလည်း ကြက်ဂွေးတောက်ပန်းကန်ကို
လက်ညိုးထိုးပြီး…
“အဲ့ထဲမှာမကောင်းတာတွေပါတယ်…
မစားမိစေနဲ့နော်လှအေး…”
ဟုပြောသောအခါ လှအေးက ဒေါသထွက်သွားပြီး…
“အို…ဒါကျုပ်ကိုစားစေချင်လို့လာပေးထားတာလေ…
တော်ကဘာလို့မကောင်းဘူးလို့ပြောရတာလဲ”
“မစားစမ်းပါနဲ့အေ…
ညည်းစားချင်ရင်ကျုပ်ချက်ကျွေးပါ့မယ်အေ့…
ဒီထဲမှာမကောင်းတာတွေပါနေလို့
ညည်းကိုတားနေရတာလှအေးရဲ့…”
ဟု…မယ်စိန်ကပြောသောအခါ လှအေးကခေါင်းကို
ခါရမ်းပြီး…
“တော်ကြီးက ကျုပ်အိမ်ပေါ်လည်းလာနေတယ်…
ကျုပ်မိဘတွေရဲ့အရေးပေးမှုကိုလည်းလုယူတယ်…
အခုကျုပ်စားမယ့်အစာကိုပါလိုက်ပြောနေတာတော့
မဟုတ်တော့ဘူးနော်….ဘာလည်း
လှအေးကိုအကဲစမ်းချင်နေတာလား…”
လှအေးကဒေါသတကြီးအော်ဟစ်တော့သည်။
ထိုအခါ ခြံအနောက်ဖက်၌အလုပ်များနေသောမိဘတွေနဲ့
ကိုသာမောင်လည်းအပြေးရောက်လာခဲ့ကြ၏။
ကိုသာမောင်က…
“လှအေး…နင်ဘာဖြစ်ပြန်ပြီလဲဟာ…”
ဟု…ညီမဖြစ်သူကိုမေးတော့…
“ကျုပ်ဘာမှမဖြစ်ဘူး…
ဖြစ်နေတာဒီကောင်မ…
ကျုပ်ကိုမမတင်က စေတနာရှိလို့လာပို့သွားတဲ့
ဟောသည်ကြက်ဂွေးတောက်က်ိုမစားနဲ့လေးဘာလေးနဲ့…
အဘတို့အမေတို့က ဒီကောင်မကိုသမီး…သမီးနဲ့
နေရာပေးထားတော့ ဒီကောင်မက
ကျုပ်ကိုပါအာဏာပေးချင်နေတာ…
ဟင်းးး…အဲ့သည်လိုအာဏာပေးလို့ရမယ့်အထဲမှာ
လှအေးမပါဘူးနော်…”
ဟု…လှအေးကမျက်နှာထားတင်းတင်းဖြင့်ပြောလိုက်သည်။
မယ်စိန်ကလည်းဒေါ်မြထွေးတို့ကို…
“မဟုတ်ပါဘူး အဘနဲ့အမေရယ်…
ကျုပ်တကယ်မကောင်းလို့မစားခိုင်းရတာပါ…”
ဟု…ပြောတော့ဒေါ်မြထွေးမှ…
“မိလှအေး…ညည်းအစ်မက မကောင်းဘူးထင်လို့
မစားခိုင်းတာဖြစ်မှာပါအေ…
ညည်းလည်းပြောရခက်လိုက်တာ…”
“အမေ….”
လှအေးက ဒေါ်မြထွေးကိုအော်လေတော့…
“ဟဲ့လှအေး…နင့်အမေ့ကိုအော်စရာမလိုဘူး…
ငါ…လုပ်လိုက်ရ…”
ဟုကိုသာမောင်ကဝင်ငေါက်တော့သည်။
မိဘတွေနဲ့အစ်ကိုဖြစ်သူက သူ့ဘက်မရှိ၍လှအေးဝမ်းနည်း
လာသည်။
မယ်စိန်ကလည်းလှအေးစိတ်ကိုသိ၍…
“ကဲ…ကျုပ်ပြောတာကို မယုံရင်…
ညည်းလက်ထဲက ပန်းကန်ကိုပေး…
ကျုပ်လက်တွေ့ပြမယ်…”
ဟုပြောကာ တောင်းလိုက်သည်။
လှအေးကလည်းဆူဆူအောင့်အောင့်ဖြင့်…
“ဒီလောက်ဖြစ်နေတာ…
ရော့…ရော့…ယူ….”
ဟုပေးလိုက်၏။
မယ်စိန်ကပန်းကန်ကိုဘယ်ဘက်လက်ဖြင့်ကိုင်ထားပြီး
ညာဘက်လက်ကပန်းကန်ပေါ်သို့အုပ်မိုးထားသည်။
နှုတ်မှတတွတ်တွတ်ရွှတ်ဆိုရင်း မျက်လုံးကိုမှိတ်လိုက်သေး၏။
ပြီးလေမှမျက်လုံးပြန်ဖွင့်လိုက်ပြီး …
“ရော့…အဲ့သည်မှာကြည့်…”
ဟု…ပန်းကန်ပေါ်၌အုပ်ထားသောလက်ကို
ဖယ်ကာပြလိုက်တော့သည်။
ထိုပန်းကန်ကိုအားလုံးငုံ့ကြည့်ကြပြီး…
“ဟင်…”
“ဟာ…”
“အလိုလေး”
ဟူသောအံ့သြသံများထွက်လာခဲ့၏။
ပန်းကန်အတွင်း၌ ဆံပင်တချို့ကဟင်းဖက်များနှင့်
ရောနှောကာရှိနေခြင်းဖြစ်သည်။
“မမတင်ကဘာကြီးလဲဟင်…”
လှအေးက မရဲတရဲလေးမေးလိုက်သည်။
“ဒါညည်းကိုရည်စူးပြီး
လုပ်တာတော့မဟုတ်လောက်ဘူး…
ဒါ…ကျုပ်ကိုအကဲစမ်းကြတာပါအေ…”
“တွေ့လားလှအေး …
မယ်စိန်လေးသာမတားရင်နင်တော့လား”
“အို…အမေကလည်း ကျုပ်မှမသိတာ…”
“အမေရယ်…သူ့ကိုမဆူပါနဲ့တော့…
ကျုပ်ကအောက်လမ်းပညာသင်ထားပြီး
အခုလိုအမေတို့ဆီမှာခိုကပ်နေရတော့သူလည်းကျုပ်ကို
ဘယ်စိတ်ကြည်မှာလဲ…စိတ်ချပါ…ကျုပ်ကြောင့်တော့
ဘယ်သူ မှဒုက္ခမရောက်စေရပါဘူး..”
“မယ်စိန်…သမီးပြောပြလို့သမီးရဲ့ဘဝအကြောင်းကို
အမေတို့သိပြီးပါပြီအေ…
အမေတို့နားလည်ပါတယ်…
အမေတို့ကလည်းသမီးကိုမေတ္တာရှိလို့သာ
အမေတို့နဲ့အတူတူနေဖို့တောင်းဆိုခဲ့တာလေ…
ဒီအတွက်အမေတို့ကသမီးကို
ယုံကြည်ပြီးသားပါအေ…”
ဒေါ်မြထွေးစကားကြောင့် မယ်စိန်ပြုံးသွားသည်။
ကိုသာမောင်ကလည်း မယ်စိန်ကိုပြုံး၍ကြည့်နေ၏။
အစ်ကိုဖြစ်သူကိုကြည့်ပြီးလှအေးက
တံတောင်ဖြင့်တွတ်လေတော့
ကိုသာမောင်က ရုပ်တည်ကြီးဖြင့်အနားက
ထွက်သွားတော့သည်။
လှအေးလည်းအစ်ကိုဖြစ်သူကိုကြည့်ပြီး
သက်ပြင်းချလိုက်၏။
ပြီးလေတော့…
“ဒါနဲ့…ကျူပ်ကဒီဟာတွေကိုဘာလုပ်ပစ်ရမှာလဲ…”
ဟုမေးတော့ မယ်စိန်က…
“ထားခဲ့လိုက်ပါ…အစ်မဘာသာပဲရှင်းလိုက်မယ်…
တစ်ခုပဲ…ဒီကိစ္စကိုဘယ်သူ့မှမပြောနဲ့နော်လှအေး…”
“ဟုတ်…ဟုတ်…”
လှအေးလည်း ယခင်ကဲ့သို့မဟုတ်ဘဲ
စကားပြောက ပျော့ပျောင်းလာသည်။
ဒေါ်မြထွေးတို့လည်း ပြုံး၍နေရာမှထွက်သွားကြတော့၏။
ကျန်ခဲ့သောမယ်စိန်ကတော့ ပန်းကန်ကိုသေချာစိုက်ကြည့်ပြီး…
“ဟင်း…နင်ကပညာစမ်းချင်တာဆိုတော့လည်း
ပြရသေးတာပေါ့မယ်စိန်အကြောင်းကို…”
ဟုဆိုကာ နှုတ်မှဂါထာများရွှတ်လေသည်။
ပြီးနောက် မြေပေါ်သို့ခြေဖနောင့်တစ်ချက်
ပေါက်လိုက်သေးသည်။
နောက်တစ်နေ့ရောက်တော့ မမတင်တစ်ယောက်
ငိုကြီးချက်မဖြင့် ဒေါ်မြထွေးတို့အိမ်သို့ရောက်လာခဲ့သည်။
မမတင်၏မိဘမောင်ဘွားတွေလည်းအတူတူပါလာခဲ့ကြ၏။
ဒါတင်မကရွာထဲမှစပ်စုသူများကလည်း
လိုက်လာကြသေးသည်။
“ဟဲ့…ဘာဖြစ်လာကြတာတုန်း”
ဟုဒေါ်မြထွေးကမေးတော့…
“အမယ်လေး…အရီးမြရယ်..
ကျုပ်သမီးဗိုက်နာလှချည်ရဲ့ဆိုပြီး
တစ်ညလုံးအော်ဟစ်နေတာ…”
“ဟေ…ဗိုက်နာတာဆိုတော့ဆေးရာအိမ်ကို
သွားရမှာမဟုတ်ဖူးလား”
“ပြောမရလို့ တော်တို့အိမ်ကို
ခေါ်လာရတာပဲတော်…
ဆေးဆရာအိမ်ကိုမသွားဘူးတဲ့…
လှအေးတို့အိမ်ကိုပဲလိုက်ပို့ပေးပါဆိုပြီးငိုယိုနေတာ…”
“ဟယ်…ဘယ်လိုဖြစ်ရတာလဲ”
ဒေါ်မြထွေးတို့ကအံ့သြနေကြစဥ်…
မမတင်က…
“မယ်စိန်ကိုခေါ်ပေးပါ…
ကျုပ်တောင်းပန်ချင်လို့ပါ….
ကျုပ်မခံစားနိုင်လို့ပါ…
ခေါ်ပေးကြပါ….”
ဟု…ဝေဒနာ ခံစားနေရင်းမှ ပြောလိုက်သည်။
သူတို့မခေါ်ခင်မှာပင်မယ်စိန်ကအိမ်ရှေ့သို့ရောက်လာခဲ့သည်။
အားလုံးကတော့နားမလည်ကြတော့
မယ်စိန်နဲ့မမတင်ကိုသာကြည့်နေခဲ့ကြ၏။
“မယ်စိန်…ငါ…ငါမှားပါတယ်…
ငါ့ကိုခွင့်လွှတ်ပေးပါ…အမယ်လေး….နာလိုက်တာအေ…
ငါ့ကိုခွင့်လွှတ်ပေးပါမယ်စိန်ရဲ့…”
ဟု…ဗိုက်ကိုလက်ဖြင့်ဖိထားရင်းပြောလိုက်သည်။
မယ်စိန်ကတော့ခါးကြီးထောက်၍…
“ညည်းကငါ့ကိုပညာစမ်းတာမလား…
အခုငါလည်းညည်းဘယ်လောက်
ခံနိုင်အားကောင်းသလဲလို့စမ်းလိုက်တာလေ”
“မလုပ်ပါနဲ့တော့မယ်စိန်ရယ်
ငါတောင်းပန်ပါတယ်ဟာ…”
“အေး…ညည်းတင်မကဘူး
နောက်ပညာစမ်းချင်တဲ့ကောင်တွေ
ကောင်မတွေရှိရင်လွှတ်လိုက်…
မယ်စိန့်အကြောင်းကောင်းကောင်းသိသွားစေရမယ်…”
“သိ…သိ…သိပါပြီဟာ…ငါ့ကိုပြန်ကောင်းအောင်
လုပ််ပေးပါမယ်စိန်ရယ်…
ငါတောင်းပန်ပါတယ်ဟာ…”
“ရော့…ဒီရေကိုသောက်…
နောက်တစ်ခါဆိုရင်
ညည်းအသက်ကိုပါကျုပ် နှုတ်ပစ်မယ်…
နောက်ပြီး…ဟောသည်
သောင်ထွန်းရွာကစုန်းထီး…စုန်းမတွေကို
ကျုပ် ပြောလိုက်မယ်…
သူတပါးဒုက္ခရောက်အောင်လုပ်နေကြရင်
မယ်စိန်မသိစေနဲ့…
အေး…မယ်စိန်
သိလာရင်လည်းမယ်စိန်အဆိုးမဆိုကြနဲ့…”
ဟု…မယ်စိန်ကပြောတော့
ဒေါ်မြထွေးတို့နားလည်သွားကြပြီး
မယ်စိန်ကိုကြည့်ပြီးခေါင်းလေးတညိတ်ညိတ်ဖြင့်
ပြုံးနေကြသည်။
မမတင်လည်းမယ်စိန်ပေးသောရေကို
သောက်လိုက်တော့ဝေဒနါသက်သာသွား၏။
မယ်စိန်ကိုကျေးဇူးတင်ကြောင်းနဲ့
နောက်မလုပ်ဝံ့ကြောင်းပြောပြီးအိမ်ပြန်သွားကြသည်။
ထိုအဖြစ်အပျက်ဖြစ်လေမှ မမတင်ကို
စုန်းတစ်ယောက်မှန်းတစ်ရွာလုံးသိသွားခဲ့ကြ၏။
သို့သော်မယ်စိန်စိတ်ထားလေးကိုလည်းသိပြီး
မယ်စိန်အပေါ်ပို၍ချစ်ခင်လာကြလေသည်။
ထိုအထဲ၌ ကိုသာမောင်တစ်ယောက်လည်းပါဝင်ခဲ့၏။
ဘွားမယ်စိန်ပြောသမျှကိုနားထောင်အပြီး
ဥိးဘထော်ကြီးကပြုံးပြုံးကြီးဖြင့်…
“ဒါဆို…ဒွေးလေးကအမေ့ကိုသဘောမကျခဲ့ဘူးပေါ့…”
“ဟုတ်ပ…မင်းဒွေးလေးက
လူလေးကလည်းလှ တစ်အိမ်လုံးရဲ့အသည်းကျော်ဆိုတော့
ဆိုးတာပေါ့ငါ့သားရယ်…”
“ဒါနဲ့ဘယ်လိုများအဖေနဲ့အမေယူခဲ့ကြတာလဲ…
ဒွေးလေးကရောသဘောတူသလားဗျ”
ဟု…ဦးဘထော်ကမေးတော့…
“နောက်ကြုံတော့မှဆက်ပြောတာပေါ့ငါ့သားရယ်…
အခုတော့မိုးလည်းအတော်ချုပ်နေပြီ…
အိပ်ကြတာပေါ့”
ဦးဘထော်ကသိချင်သော်လည်း
ဒေါ်ဝင်းတို့သားအမိကငိုက်မျဥ်းနေကြပြီဖြစ်၏။
ဒါကြောင့်စကားဆက်မပြောပြတော့ဘဲ
အိပ်ရာဝင်ခဲ့ကြတော့သည်။
ထိုသို့ဖြင့်ဘွားမယ်စိန်နှင့်စုန်းဖြူမလေးမယ်စိန်
စာမူလေးပြီးသွားပါပြီ။
နောက်အပုဒ်တွေလည်းလာပါဦးမယ်နော်။
ယဥ်မင်း(ကန့်ဘလူ)
Leave a Reply