အံ့အားသင့်ကုန်ကြတယ်။
မောင်ထွန်းတို့လဲ အခန့်မသင့်လို့ဖြစ်တာဆိုပြီး ဆေးရုံထဲမဝင်တော့ပဲ ပြန်ထွက်လာခဲ့ရာ ကွင်းအစပ်ကိုရောက်တော့ ဗိုက်ကမခံမရပ်နိုင်အောင် ပြန်အောင့်လာခဲ့တယ်။
ပါလာတဲ့သူတွေလဲ ခြေမကိုင်မိလက်မကိုင်မိနဲ့ ပြာသလဲလဲဖြစ်နေတဲ့အချိန်
“ လူနာက ဘာဖြစ်တာလဲဗျ” ဆိုတဲ့အသံထွက်လာလို့ လှည့်ကြည့်လိုက်ရာ ဖျင်ကြမ်းအင်္ကျီဝတ်ထားတဲ့ လူသုံးယောက်ကိုမြင်လိုက်ရတယ်။
“ ကျွန်တော် သူငယ်ချင်း ဗိုက်အောင့်နေလို့ပါဗျာ”
“ လူနာက ပညာပြတာခံထားတာပဲ”
“ ဗျာ… ဘယ်လိုပညာပြတာခံရတာလဲ”
“ စကားထက် အလုပ်နဲ့သက်သေပြပါ့မယ်၊ လူနာကို အရိပ်ရတဲ့နေရာကိုခေါ်သွားပေးပါ”
မောင်ထွန်းတို့လဲ ကျော်ဖေကိုပွေ့ချီပြီး အရိပ်ရတဲ့ သစ်ပင်အောက်မှာ ပေးမှီထားလိုက်တယ်။
“ ကျွန်တော်သူငယ်ချင်းဘာဖြစ်တာလဲဆိုတာ ပြောပြပေးပါဦး”
“ မလောပါနဲ့ .. ခဏနေသက်သာသွားမှာပါ”
တစ်ခါမှမမြင်ဖူးတဲ့ လူသုံးယောက်က ကျော်ဖေကို ဖိုခနောက်ဆိုင်ဝိုင်းလိုက်ပြီး ဦးခေါင်းပေါ်ကို လက်တင်ပြီး တစ်ကိုယ်လုံးကို သပ်ချလိုက်ရာ
“ အား… ကျွန်တော် ဗိုက်ထဲမှာ တစ်ခုခုပြေးနေတယ်”
ကျော်ဖေက ကြောက်လန့်တကြားပြောရင်း အင်္ကျီကိုဆွဲချွတ်လိုက်ရာ ဝမ်းဗိုက်မှာ ကွမ်းသီးလုံးခန့်ရှိတဲ့ အလုံးတစ်လုံး ရွှေ့လျားနေတာမြင်လိုက်ရတယ်။
“ ဟာ… ဗိုက်ထဲမှာ ဘာအလုံးရောက်နေတာလဲ”
“ ထူးဆန်းလိုက်တာ…”
ပါလာတဲ့သူတွေ ပါးစပ်အဟောင်းသားနဲ့ ပြောနေတဲ့အချိန် လူသုံးယောက်ရဲ့လက်တွေက ရွေ့လျားနေတဲ့ အလုံးပေါ်တင်လိုက်ပြီး အပေါ်ကိုဆတ်ခနဲဆွဲတင်လိုက်ရာ ကျော်ဖေ ပါးစပ်ထဲကနေ အခွံချွတ်ထားတဲ့ ကွမ်းသီးတစ်လုံး အန်ထွက်လာခဲ့တယ်။
“ ကျော်ဖေ… မင်း ကွမ်းသီးတစ်လုံးလုံး မြိုချမိထားတာလား”
“ မဟုတ်ပါဘူး… ငါက ဘာလို့မြိုရမှာလဲ”
“ ဒါဆို ဒီကွမ်းသီးက ဘယ်လိုကြောင့် မင်းဗိုက်ထဲကို ရောက်နေရတာလဲ”
“ ငါလဲမသိဘူး… မောင်ထွန်းရာ”
ကွမ်းသီးလုံးထွက်လာတော့ ကျော်ဖေရဲ့ ဗိုက်အောင့်ဝေဒနာလဲ ချက်ချင်းသက်သာ သွားခဲ့တယ်။
“ အခုသက်သာသွားပြီလား”
“ သက်သာပါပြီဆရာ၊ ဟိုလေ ကွမ်းသီးက ဘယ်လိုဖြစ်လို့ ကျွန်တော်ဗိုက်ထဲရောက်နေတာလဲ”
“ တစ်ယောက်ယောက်က ပညာနဲ့ထည့်သွားတာပဲ၊ သေစေနိုင်လောက်တဲ့အထိမဟုတ်ပေမယ့် မှတ်သားလောက်အောင်ဆုံးမသွားတဲ့သဘောပါ”
“ ဆရာပြောပြတာကျေးဇူးတင်ပါတယ်၊ ဒီကောင်က အဲလိုမျိုးတွေအယုံအကြည်မရှိဘူးဆိုပြီ လေကျယ်နေတာ အခုလိုထိတာ ကျေနပ်တယ်”
မောင်ထွန်းစကားကြောင့် ကျော်ဖေက မျက်နှာငယ်လေးနဲ့ ကြည့်ပြီး
“ ကျွန်တော်က ဘုရားတရားလဲလုပ်ပါတယ်၊ ညတိုင်းလဲ ဘုရားရှိခိုးပုတီးစိပ်တယ်၊ ဒါကို ဘယ်လိုဖြစ်လို့ခံရတာလဲဆိုတာသိချင်တယ်”
“ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်တာက အကောင်းဆုံးလုပ်ဆောင်ချက်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် သာမန်ပုထုဇျာဉ်တွေအနေနဲ့ အမြဲတမ်း ဘုရားတရားသံဃာကို စိတ်ထဲမထားနိုင်ဘူးလေ၊ လောဘမောဟဒေါသဆိုတဲ့အရာတွေဝင်တဲ့အချိန်ရှိမှာပဲ အခုလိုပညာရပ်တွေက လူတွေစိတ်အားငယ်နေချိန် ကြောက်လန့်နေချိန် စိတ်ပျံ့လွှင့်နေချိန်တွေမှာသုံးကြတာများတယ်”
“ တွေ့တယ်မဟုတ်လား ကျော်ဖေ၊ အောက်လမ်းပညာမရှိဘူး မယုံရင် ငါ့လာစမ်းဆိုပြီး ပြောဦးမလား”
“ မောင်ထွန်း… ငါ့ကိုဘယ်သူလုပ်တယ်ဆိုတာသိပြီ”
“ နင့်ကိုဘယ်သူလုပ်တာလဲပြောပါဦး”
“ မနေ့က ဇရပ်ပေါ်ကနေ ဆင်းသွားတဲ့အဖိုးကြီး လုပ်တာ၊ ငါတို့ပြောနေတဲ့အချိန် သူပဲ အနားမှာရှိတာလေ”
“ မင်းပါးစပ်က အဲလိုချောင်လို့ သူများလုပ်တာခံရတာ၊ အဲဒီလူကြီးက မင်းအသားကိုတောင်ထိလို့လား၊ မင်းက သူကျွေးတာကိုစားလို့လားကွ”
မောင်ထွန်းနဲ့ ကျော်ဖေတို့ရဲ့စကားကြောင့် အနားမှာထိုင်နေတဲ့ လူသုံးယောက်ထဲက သျောင်ထုံးထုံးထားတဲ့လူက
သဘောကျစွာရယ်လိုက်ပြီး
“ အပင်းသွင်းတယ်ဆိုတာ အမျိုးမျိုးရှိတယ်၊ အချို့ပညာသည်တွေက အံကြိတ်ပြီးတော့ဖြစ်စေ၊ ခြေထောက်ဆောင့်ပြီးတော့ဖြစ်စေ အပင်းသွင်းနိုင်တယ်”
“ မင်း ယုံပြီမဟုတ်လား.. နောက်ဆို စကားပြောတာသတိထား”
မောင်ထွန်းက ကျော်ဖေကိုလှမ်းပြောပြီးတာနဲ့ သျောင်တစ်စောင်းထုံးထားတဲ့ လူဘက်ကိုလှည့်ပြီး
“ ဆရာတို့က ဘယ်ကိုသွားကြမှာလဲ”
“ ကျွဲကူးရွာကိုသွားမလို့ပါ…ပြီးမှ အခြားကိုခရီးဆက်ဖို့စဉ်းစားထားပါတယ်”
“ ကျွဲကူးရွာဆိုတာ ကျွန်တော်တို့ရွာပဲလေ၊ အဆင်သင့်လိုက်တာဗျာ”
“ ဟုတ်လား… တိုက်တိုက်ဆိုင်ဆိုင်လာဆုံရတယ်လို့ဗျာ”
“ ဆရာတို့ ရွာရောက်ရင် ကျုပ်အိမ်မှာပဲနေ အိမ်မှာက ကျုပ်တစ်ယောက်ထဲရှိတာ”
“ အခြားမိသားစုဝင်တွေရောမနေကြဘူးလား”
“ မိဘတွေကဆုံးသွားပြီဗျ… မောင်နှမတွေကတော့ သူ့အိမ်ထောင်နဲ့သူဆိုတော့ အိမ်ခွဲနေကြတာလေ”
“ ကျုပ်တို့ကြောင့် အလုပ်ပိုမှာစိုးလို့မေးတာပါ”
“ မပိုပါဘူးဗျာ… ဆရာတို့ရောက်တော့ အဖော်ရတာပေါ့”
မောင်ထွန်းတို့လဲ ခဏတွင်းချင်း ရင်းနှီးသွားကြပြီး အချင်းချင်းမိတ်ဆက်ကာ ရွာကိုပြန်လာခဲ့ကြတယ်။
ရွာပြန်ရောက်တော့ မောင်ထွန်းက ရွာနီးချုပ်စပ်တွေကိုလိုက်ပြမယ်ဆိုလို့ အောင်မြတ်သာတို့ဆရာတပည့်တွေ လိုက်ခဲ့ရပြန်တယ်။
အောင်မြတ်သာတို့လဲ မောင်ထွန်းလိုက်ပြတဲ့နေရာ တွေကိုလှည့်ပတ်ကြည့်ရှုရင်း
ခြုံနွယ်ပိတ်ပေါင်းတွေအထပ်ထပ်ရစ်ပတ်နေပြီး အနီရောင်ပိတ်စတွေပတ်ထားတဲ့ ခြံတစ်ခြံရှေ့ကို ရောက်လာခဲ့တယ်။
“ ဒီနေရာကဘာလို့ ကြိုးအနီစတွေပတ်ထားတာလဲ”
“ မနေရဲကြတာဆရာ… ဒီနေရာက
ကျိန်စာသင့်နေတာလေ”
“ ဘယ်လိုကျိန်စာသင့်တာလဲပြောပါဦး”
“ အဲဒီအကြောင်းပြောရရင် နည်းနည်းတော့ရှည်မယ်၊ ကျွန်တော်တို့လမ်းလျောက်ရင်းပြောကြတာပေါ့”
မောင်ထွန်းက ရှေ့ကိုခပ်ဖြေးဖြေးလျောက်သွားနေရင်း
“ အဲဒီနေရာကလယ်ပိုင်ရှင်သူဌေးကြီးဦးဖိုးမြနေခဲ့ တဲ့အိမ်ပေါ့၊ သူ့မှာက သားနှစ်ယောက်ရှိတယ်၊ သူ့သားအကြီးက မယ်သုန်ဆိုတဲ့ ကောင်မလေး တစ်ယောက်နဲ့ ချစ်ကြိုက်ရာကနေ ဇာတ်လမ်းစတော့တာပဲ”
“ ဘယ်လိုဇာတ်လမ်းစတာလဲပြောပါဦး”
“ မယ်သုန်ဆိုတာက ကျွဲကူးရွာရဲ့ တစ်ရွာကျော်မှာနေတာ၊ သူ့အမေက ဒီနယ်သားတော့မဟုတ်ဘူး၊ ချင်းပြည်နယ်ဘက်ကနေပြောင်းလာကြတာလို့ပြောကြတယ်၊ မယ်သုန်ရဲ့အဖွားက ချင်းပြည်နယ်ဘက်မှာ အရမ်းကိုအစွမ်းထက်တဲ့ ပညာသည်စုန်းမကြီးအဖြစ်လူသိများတယ်၊ မယ်သုန် အမေက ဒီနယ်သားနဲ့ အိမ်ထောင်ကျပြီး မယ်သုန်ကိုမွေးတာ၊ မယ်သုန်အရွယ်ရောက်တော့ ဦးဖိုးမြသားအကြီးနဲ့ အကြောင်းပါခဲ့တယ်။ ဦးဖိုးမြတို့က သူ့သားကိုမယ်သုန်နဲ့ သဘောမတူပေမယ့် လုပ်ငန်းကိုဦးစီးနေတဲ့သူဖြစ်နေတာကြောင့် ဘာမှသိပ်မပြောခဲ့ဘူး၊ တစ်နေ့မှာတော့ မယ်သုန်ရဲ့ အဖွားအကြောင်းသိသွားပြီး စုန်းမျိုးကို အိမ်ပေါ်ခေါ်မတင်နိုင်ဘူးဘာညာနဲ့ သားဖချင်း စကားများခဲ့ကြတယ်၊ ဒီအထိ သူ့သားက မယ်သုန်ဘက်မှာ ရှိနေတာကြောင့် နောက်တစ်မျိုးအကောက်ကြံကြတယ်လေ”
“ အတော်ကို ယုတ်မာတဲ့လူတွေပဲ”
“ ဟုတ်တယ်ဗျ… သူ့သားပြန်လာမယ့်အချိန် မယ်သုန်အိမ်ထဲကို ယောင်္ကျားတစ်ယောက်ပုန်းခိုင်းပြီး အထင်လွဲအောင်လုပ်တာ”
“ အဲဒီတော့ သူ့သားက တကယ်ယုံတာပဲလား”
“ အစထဲက သွေးထိုးထားတော့အခုလိုလဲဖြစ်ရော ဟုတ်လားမဟုတ်လားမစဉ်းစားနိုင်ပဲ မယ်သုန်ကို ပစ်ပစ်ခါခါပြောပြီး မောင်းထုတ်လိုက်ကြတယ်လေ၊ အချို့တွေပြောတာကတော့ မယ်သုန်က အဲဒီစိတ်နဲ့ သေပြီး မကျွတ်လွတ်ပဲ ရှိနေရှာတယ်တဲ့၊ သူသေတော့ သူ့အဖွားက ဦးဖိုးမြတို့တစ်အိမ်လုံးကို အသေဆိုးနဲ့သေအောင်ပြုစားပစ်ခဲ့တာ”
“ သူ့အဖွားဆိုတာက စောနကပြောတဲ့ပညာသည်လား”
“ ဟုတ်တယ်.. ဟုတ်တယ်..”
“ အခုရော မယ်သုန်ဆိုတဲ့ မိန်းကလေးက မကျွတ်သေးဘူးလား”
“ ကျွန်တော်အဖိုးပြောတာကတော့ မယ်သုန်ရော သူ့အဖွားရော ဆရာတစ်ယောက်ကြောင့် အကျွတ်တရားရသွားကြတယ်တဲ့”
မောင်ထွန်းစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ စိတ်ဝင်စားတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး
“ တော်သေးတာပေါ့… အမြင်မှန်ရသွားခဲ့လို့၊ မကောင်းတာလုပ်တဲ့ကောင်တွေ ဒုက္ခရောက်တာတော့ ကျေနပ်လိုက်တာ”
“ မယ်သုန်က သေပြီးတဲ့ချိန်မှာတောင် အတော်သောင်းကျန်းခဲ့သေးတာ”
“ ဟင်… ဘယ်လိုသောင်းကျန်းခဲ့တာလဲ”
“ သူ့က ယောင်္ကျားတွေကိုမုန်းတဲ့စိတ်နဲ့သေတာ ဆိုတော့ သူသေတဲ့နေရာကို လာတဲ့ယောင်္ကျားတွေ မှန်သမျှကို ရူးသွပ်ပြီးသေကြေအောင် ပြုစားတာ၊ အဖိုးမောင်ဖြူဆို ကိုယ်တွေ့ကြုံရတာနော် ဆရာတို့ သိချင်ရင် သူ့ဆီခေါ်သွားပေးမယ်”
“ သိချင်ပေမယ့် အခုကမှောင်တော့မှာဆိုတော့ နောက်ကြုံမှသွားမယ်လေ”
“ ဟုတ်ကဲ့ပါဗျ… ဒါဖြင့် အိမ်ကိုပဲပြန်ကြတာပေါ့”
မောင်ကောင်းနဲ့ ခွန်းလှတို့ရှေ့ကနေ ထွက်သွားတော့ အောင်မြတ်သာက အနီရောင်ပိတ်စတွေ ချည်ထားတဲ့မြေနေရာကို နောက်ပြန်လှည့်ကြည့်ပြီး
“ မယ်သုန်ဆိုတာ စက္ကဒေဝီရဲ့နာမည်အရင်းကိုး” လို့ရေရွတ်ကာ မောင်ထွန်းတို့နောက်ကို လိုက်လာခဲ့လိုက်တယ်။
(မယ်သုန်သေဆုံးပြီးနောက်ပိုင်းဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကိုတော့ အောင်မြတ်သာနှင့်စက္ကဒေဝီဆိုတဲ့ဝတ္တုမှာ ဖတ်ရှု နိုင်ပါတယ်)
++++++
နောက်တစ်နေ့မနက် အောင်မြတ်သာတရားထိုင်ပြီးတဲ့အချိန် မောင်ကောင်းနဲ့ ခွန်းလှကို မတွေ့တာကြောင့် အိမ်အောက်ကိုဆင်းလာခဲ့ရာ ခြံတံခါးဝမှာ ငုတ်တုပ်ထိုင်နေတဲ့ အသက်ခုနှစ်ဆယ်အရွယ် အဖိုးအိုတစ်ယောက်ကိုမြင်လိုက်ရတယ်။
အဖိုးအိုက အောင်မြတ်သာကိုမြင်တော့ အကြည့်ကို အောက်ချလိုက်ပြီး
“ ငါ့တူတွေ ဒီရွာကိုဘာလာလုပ်တာလဲကွယ့်”
“ ဘာရယ်လို့တော့မဟုတ်ပါဘူး…လမ်းကြုံတာနဲ့ ဝင်လာခဲ့တာပါ”
“ ဒါဆို ရွာကနေ မြန်မြန်ပြန်ထွက်သွားလို့ပြောချင်တယ်”
“ ဘာဖြစ်လို့ ကျွန်တော်တို့ကို မောင်းထုတ်နေတာလဲအဖိုး”
“ ဒီရွာမှာ အန္တရာယ်အငွေ့အသက်တွေရှိနေပြီ၊ မကြာခင် တစ်ရွာလုံး ဒုက္ခရောက်ကြတော့မယ်၊ ငါ့တူတို့က ဒီကိစ္စနဲ့မဆိုင်တာမို့ အဖိုး သတိလာပေးတာပါ”
အဖိုးအိုစကားကြောင့် အောင်မြတ်သာက မျက်မှောင်ကျုံ့ပြီးစိုက်ကြည့်လိုက်ရာ ခန္ဓာကိုယ် အနှံ့ကနေ မီးခိုးရောင်အခိုးငွေ့တွေ ထွက်ပေါ်နေတာကိုမြင်လိုက်ရတယ်။
“ အဖိုးက ပညာသည်ပဲ…”
“ ငါ့တူက အဖိုးဘာလဲဆိုတာသိတယ်ပေါ့လေ၊ အဖိုးကလဲ ငါ့တူဘာလဲဆိုတာသိတယ်ကွယ့်”
“ မနေ့က ကျော်ဖေဆိုတဲ့ကောင်လေးကို ကွမ်းသီးအပင်းထည့်လိုက်တာ အဖိုးမဟုတ်လား”
“ ငါ့တူက သိပ်ကိုလူကဲခတ်တော်တာပဲ၊ ဒီကောင်လေးက ပါးစပ်စည်းမရှိလို့ နည်းနည်းပါးပါး ဆုံးမလိုက်ရုံပါပဲ၊ လာမယ့် လကွယ်နေ့ကျရင်တော့ ပိုကြမ်းတဲ့ဖြစ်ရပ်တွေ ဖြစ်လာလိမ့်မယ်၊ အဲဒီအချိန်မှ ရှောင်မယ်ဆိုရင် နောက်ကျသွားလိမ့်မယ်နော်”
“ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ကလဲ ဒီရွာကနေ သွားဖို့အမိန့်မကျသေးတာမို့ အဖိုးဖန်တီးမယ့် ဖြစ်ရပ်နဲ့ ရင်ဆိုင်ရတော့မှာပေါ့ဗျာ”
“ ဒါဆို အဖိုးသတိပေးပြီးပြီမို့ သွားလိုက်ဦးမယ်၊ သတိထားနေကြနော်”
အဖိုးအိုက မထီသလိုပြုံးပြီး ရွာအပြင်ဘက်ကို ပြန်ထွက်သွားခဲ့လိုက်တယ်။ ထူးဆန်းတာက အဖိုးအိုလမ်းလျောက်သွားလို့ ကျန်ခဲ့တဲ့ခြေရာတွေကနေ အခိုးငွေ့တွေတထောင်းထောင်းထနေတာပဲ။
အောင်မြတ်သာလဲ သူ့ကိုတောင် စိန်ခေါ်သွားတဲ့ အဖိုးအိုရဲ့စကားအဆုံးမှာ အိမ်ပေါ်ပြန်တက်ပြီး အင်းစမတွေကို စစ်ဆေးနေတဲ့အချိန် မောင်ထွန်းတို့ ပြန်ရောက်လာခဲ့တယ်။
“ မောင်ကောင်း… မင်းတို့ဘယ်သွားနေကြတာလဲ”
“ အဖိုးဖြူအိမ်ဘက်ရောက်သွားတာပါဆရာ၊ ဘာခိုင်းဖို့ရှိလို့လဲ”
“ ခိုင်းစရာတော့မရှိပါဘူး… ပြောစရာပဲရှိတာ၊ မောင်ထွန်းပါ ဒီနားလာထိုင်”
မျက်နှာတည်တည်နဲ့ပြောလိုက်တဲ့ အောင်မြတ်သာ စကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ အချင်းချင်းကြည့်လိုက်ပြီး ရှေ့မှာ ထိုင်ချလိုက်တယ်။
“ မကြာခင် ဒီရွာမှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ပေါ်ပေါက်လာလိမ့်မယ်၊ မင်းတို့နှစ်ယောက်ရော မောင်ထွန်းရော အခုရက်ပိုင်း အနေအထိုင် သတိထားကြပါ”
“ ဘယ်လိုထူးဆန်းတဲ့ဖြစ်ရပ်လဲဆရာ”
“ ငါလဲသေချာမသိဘူး… မနက်က အဖိုးအိုတစ်ယောက် ခြံဝရောက်လာပြီး ငါ့ကိုစိန်ခေါ်သွားတယ်၊ လကွယ်နေ့ကျရင် ဒီရွာမှာ ထူးခြားတဲ့ဖြစ်ရပ်တွေပေါ်လာမယ်လို့လဲပြောသွားသေးတယ်”
အောင်မြတ်သာစကားကြောင့် မောင်ထွန်းက ခွက်ထိုးခွက်လန်ရယ်လိုက်ပြီး
“ ဆရာကို အရူးအဖိုးကြီး လာနောက်သွားပြီထင်တယ်”
“ အရူးအဖိုးကြီး ဟုတ်လား”
“ ဟုတ်တယ်လေ… ဆရာကိုလာပြောတဲ့သူက တစ်ခေါင်းလုံးဖြူဖွေးနေတဲ့အဖိုးကြီးမဟုတ်လား”
“ အင်း… ဟုတ်တယ်၊ သူ့ကိုသိနေတာလား”
“ သိတာပေါ့ဗျ… အဲဒီအဖိုးကြီးက ရွာကို စရောက်ထဲက သူတောင်းတာမပေးရင် အခုလိုပဲ ပြောနေကြဗျ၊ ဒါကိုဆရာက တကယ်ထင်နေမိတယ်မဟုတ်လား”
“ မောင်ထွန်း အဖိုးအိုက မင်းတို့ထင်နေသလို ရူးနေတာမဟုတ်ဘူး၊ ကျော်ဖေကို ပညာပြသွားတာလဲ အဲဒီအဖိုးကြီးပဲ”
“ ကျော်ဖေကိုပညာပြသွားတဲ့သူက တစ်ယောက်၊ အခုဆရာတွေ့တာက တစ်ယောက်ပါ၊ သူပြောတဲ့ စကားတွေကိုတောင် မှတ်မိနေသေးတယ်၊ ဘာတဲ့ လကွယ်နေ့ရောက်ရင် နင်တို့တစ်ရွာလုံး ဒုက္ခရောက်တော့မယ်၊ ဟုတ်တယ်မလားဆရာ”
မောင်ထွန်းစကားကြောင့် အောင်မြတ်သာ ဘာမှထပ်မပြောတော့ပဲ အိမ်ပေါ်ကို ပြန်တက်လာခဲ့လိုက်တယ်။ အပေါ်ရောက်တော့ မောင်ကောင်းနဲ့ ခွန်းလှတို့ကိုခေါ်ပြီး
“ မင်းတို့ ငါပြောတာကို သေချာနားထောင်၊ ခုနက ငါ့ဆီလာတဲ့အဖိုးအိုက ဒီရွာကို ပျက်စီးအောင် လုပ်လိမ့်မယ်၊ တစ်ရွာလုံးသူ့ကို သံသယမဝင်အောင် အစထဲက ကြိုတင်ကြံစည်ထားတာကွ”
“ ကျွန်တော်တို့ဘာလုပ်ရမလဲ၊ ဆရာပြောတဲ့အတိုင်း လုပ်မှာပါ”
“ ဒီအဖိုးကြီးက အပင်းထည့်တဲ့နေရာမှာ ဆရာတစ်ဆူပဲ၊ လူတစ်ယောက်ကို မျက်စောင်း တစ်ချက်ထိုးရုံနဲ့အပင်းထည့်နိုင်တဲ့အစွမ်းရှိတယ်၊ အခုငါတို့လုပ်ထားရမှာက ကိုယ့်ကိုကိုယ် ကာကွယ်ထားဖို့ပဲ၊ ဒါကြောင့် ဘုရားရှိခိုးပြီးတာနဲ့ ကိုယ်လုံအင်းတွေသောက်ထားကြ”
“ ဟုတ်ကဲ့ဆရာ… ကျွန်တော်တို့လုပ်ထားပါ့မယ်၊ ဒါနဲ့ မောင်ထွန်းကို ဘယ်လိုလုပ်ရမလဲ”
“ သူ့ကိုပြောလဲ ယုံမှာမဟုတ်လို့ သောက်ရေအိုးထဲကိုသာ အင်းပြာထည့်ထားလိုက်”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှလဲ ကိုယ်လုံအင်းကိုပြာချပြီး သောက်ရေအိုးထဲမှာ မသိမသာလေး ထည့်ထားလိုက်တယ်။
++++++++
လကွယ်နေ့ညဖြစ်တဲ့အတွက် အောင်မြတ်သာတို့ ဆရာတပည့်တွေ အိမ်ရှေ့ဝရန်တာမှာထိုင်ပြီး ပတ်ဝန်းကျင်ကိုအကဲခတ်နေကြတယ်။ ညသန်းခေါင်အချိန်ရောက်တဲ့အထိ ဘာမှထူးခြားတာ မပြတဲ့အတွက် ဆရာတပည့်တွေ ဝရန်တာကနေ ထပြီးအိမ်ထဲပြန်ဝင်လာတဲ့အချိန် ခေါင်းရင်းနှစ်အိမ်ကျော်ကနေ တဝေါ့ဝေါ့နဲ့ ထိုးအန်တဲ့အသံတွေ ထွက်လာခဲ့တယ်။
မောင်ကောင်းနဲ့ ခွန်းလှတို့က အန်တဲ့အသံကြားတာနဲ့ လှေကားကနေ ဆင်းကြည့်ဖို့အလုပ် အောင်မြတ်သာက ဂုတ်ကိုဆွဲထားပြီး
“ မင်းတို့ဘာသွားလုပ်မလို့လဲ”
“ ဟိုမှာအန်နေတာလေဆရာ… ဒါကြောင့် သွားကြည့်မလို့”
“ ဟင်း… ငါ့ကောင်တွေက စိတ်အရမ်းလောတာပဲ၊ အခုအန်တာက ကိုယ်ဝန်ဆောင်မိန်းမအန်တဲ့ အသံပါ”
“ ဆရာက ဘယ်လိုလုပ်ပြီး သိနေတာလဲ”
“ ညနေက ခြံထဲမှာလမ်းလျောက်နေတဲ့အချိန် ခေါင်းရင်းနှစ်အိမ်မှာ ကိုယ်ဝန်သည်အမျိုးသမီးကို မြင်လိုက်တယ်လေ၊ နောက်တစ်ချက်က အပင်းထည့်ခံထားရတဲ့သူက ဘယ်တော့မှမအန်ဘူး၊ ဆရာတွေရဲ့အမိန့်နဲ့မှ အန်တယ်ဆိုတာမေ့နေပြီလား”
“ ဟီး ဟီး… ကျွန်တော်တို့က ရုတ်တရက်ဆိုတော့ အတွေးလွန်သွားတာ”
“ ငါ့ကိုစိန်ခေါ်သွားတဲ့လူက ဒီလိုအသေးအဖွဲမျိုးကိုတော့လုပ်မှာမဟုတ်ဘူး၊ သူတစ်ခုခုတော့ကြံနေမှာသေချာတယ်”
“ သူ့ကို ခေါ်ပြီး စစ်လို့မရဘူးလား”
“ သူပြုစားထားတာမတွေ့ပဲ ခေါ်လို့မရဘူးလေ၊ ဒါကြောင့်သူဘယ်လိုလုပ်မလဲဆိုတာပဲ
စောင့်ကြည့်ရတော့မယ်”
အောင်မြတ်သာတို့လဲ စကားတစ်ပြောပြောနဲ့ စောင့်နေခဲ့ရာ အရုဏ်တက်ခါနီးအချိန်လဲရောက်ရော တစ်ရွာလုံးမှာရှိတဲ့အိမ်တွေကနေ အော်ဟစ် ညဉ်းညူသံတွေထွက်ပေါ်လာခဲ့တယ်။
“ ဆရာ… အော်သံတွေက အိမ်တိုင်းလိုလို ထွက်နေပါလား”
“ ဒီအဖိုးကြီး တစ်ရွာလုံးကို ဒုက္ခပေးထားတာပဲ”
“ ခွန်းလှ မောင်ထွန်းကို သွားကြည့်စမ်း”
ခွန်းလှလဲ အခန်းထဲမှာအိပ်နေတဲ့ မောင်ထွန်းကို ဝင်ကြည့်လိုက်ရာ မဲညစ်ညစ်အရည်တွေ ထိုးအန်နေတာမြင်လိုက်ရတယ်။
“ မောင်ထွန်း… မင်းသက်သာရဲ့လား”
“ အိပ်နေရင်း အန်ချင်သလိုဖြစ်လာလို့… ထိုးအန်နေတာ၊ ကျွန်တော်ဘာဖြစ်သွားတာလဲ”
“ မင်းတစ်ယောက်ထဲဖြစ်တာမဟုတ်ဘူး၊ တစ်ရွာလုံးအပင်းမိနေတာကွ၊ အခုငါပြောတာ ယုံပြီမဟုတ်လား”
“ ကျွန်တော်သူများကျွေးတာလဲမစားပဲ ဘယ်လိုကြောင့်အပင်းမိရတာလဲ”
“ တစ်ရွာလုံးအပင်းမိတယ်ဆိုထဲက အပင်းထည့်ထားတဲ့အရာကို တစ်ရွာလုံးသုံးနေကြလို့ပေါ့”
“ တစ်ရွာလုံးသုံးတဲ့အရာက သောက်ရေတွင်းပဲရှိတာ၊ ဟိုလူက သောက်ရေတွင်းကို အသုံးချခဲ့တာပေါ့”
“ မင်းတောင် ငါတို့ကြောင့် သက်သာသွားတယ်မှတ်၊ မောင်ကောင်း သောက်ရေအိုးကိုကြည့်လိုက် ဘာတွေဖြစ်နေလဲဆိုတာသိရလိမ့်မယ်”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းလဲ သောက်ရေအိုးကို ဖွင့်ကြည့်လိုက်ရာ အနံ့ဆိုးဝါးတဲ့ မိလ္လာရေတွေဖြစ်နေတာမြင်လိုက်ရတယ်။
“ ဆရာတို့ရော ဘာမှမဖြစ်ဘူးလား”
“ မဖြစ်ဆို ငါတို့က မင်းတို့ရွာရောက်ထဲက ဘာတစ်ခုမှ စားသောက်တာမရှိသေးဘူးလေ”
မောင်ထွန်းက အောင်မြတ်သာတို့ကို အံ့ဩတဲ့မျက်လုံးနဲ့ကြည့်လိုက်ပြီး
“ ဒါကြောင့် ကျွန်တော်ဘာကျွေးကျွေးမစားကြတာကိုး၊ ဟိုလေ ဒီနှစ်ရက်အတွင်း ဘာမှမစားပဲ ဘယ်လိုနေကြတာလဲ”
“ ငါတို့က မင်းထင်သလို မစားမသောက်တာ မဟုတ်ပါဘူး၊ လွယ်အိတ်ထဲမှာ လိုအပ်တဲ့ပစ္စည်း အကုန်ပါပါတယ်ကွ၊ ဒီမှာကြည့်”
မောင်ကောင်းက လွယ်အိတ်ထဲကနေ တစ်ထွာသာသာရှိတဲ့ ဘူးသီးခြောက်ရေဘူးနဲ့ ငှက်ပျောသီးနှစ်လုံးကိုထုတ်ပြလိုက်တယ်။
“ ဟုတ်ပါပြီ… ခင်ဗျားငှက်ပျောသီးနဲ့ရေဘူးကို ပြန်ထည့်ထားလိုက်စမ်းပါ၊ အခုလောလောဆယ် ရွာကလူတွေကို ဘယ်လိုလုပ်ကြမလဲ”
“ ဘယ်လိုလုပ်ရမလဲဆိုတော့ ငါတို့နဲ့အတူ မင်းပါလိုက်ကုရမယ်”
“ မဟုတ်တာဗျာ… ကျွန်တော်က မကုတတ်ဘူးလေ”
“ ငါတို့ပြောသလို လိုက်ပြောလို့တော့တတ်တယ်မဟုတ်လား”
“ ရှေ့ကပြောရင် နောက်ကနေတော့ လိုက်ပြောတတ်ပါတယ်”
“ ဒါဆို မင်းကိုယ်ထဲမှာ အပင်းတွေကျန်သေးလား စစ်ကြည့်လိုက်ဦးမယ်”
အောင်မြတ်သာက မောင်ထွန်းကို ဘုရားကျောင်းဆောင်ရှေ့ထိုင်စေပြီး ခန္ဓာကိုယ်အနှံ့ကိုစစ်ချလိုက်ရာ အပင်းအကြွင်းအကျန်အချို့ အန်ထွက်လာခဲ့တယ်။
“ ဒီလောက်ဆို မင်းကိုယ်ထဲရှင်းသွားလောက်ပြီ၊ အခုငါးပါးသီလခံပေတော့”
မောင်ထွန်းလဲ ငါးပါးသီလခံယူပြီးတော့ အောင်မြတ်သာက ညာလက်ဝါးနဲ့ မောင်ထွန်းလက်ကို ရိုက်ချလိုက်ပြီး
“ စနေသားမောင်ထွန်းအား ကျွန်ုပ်၏ ပညာအချို့ကို လက်ဝါးရိုက်ပြီးလွှဲပြောင်းပေးထားတာကြောင့် မောင်ထွန်း၏အမိန့်အာဏာသည် ကျွန်ုပ်၏ အမိန့်အာဏာနှင့် ထပ်တူကျပါစေသား” လို့ရေရွတ်ကာ ပညာအပ်နှင်းခဲ့တယ်။
“ မောင်ထွန်း… ဒီရွာမှာ အရင်က ဘာပြဿနာ ကြီးကြီးမားမားဖြစ်ခဲ့ဖူးလဲ”
“ ကျွန်တော်သိသလောက်တော့ ဘာမှမဖြစ်ပါဘူး”
“ မင်းကိုမေးလဲသိမှာမဟုတ်ပါဘူး… ငါတို့ကို အဖိုးဖြူအိမ်လိုက်ပြပေး”
အောင်မြတ်သာစကားကြောင့် မောင်ထွန်းလဲအဖိုးဖြူအိမ်ရှိရာခေါ်ဆောင်လာခဲ့တယ်။ အိမ်ရှေ့ရောက်တော့ အထဲကနေ စုတ်တသတ်သတ်နဲ့ညဉ်းညူနေတဲ့အသံကြောင့် အပေါ်တက်ကြည့်လိုက်ရာ ဗိုက်ကိုလက်နဲ့ဖိပြီး လူးလိမ့်နေတဲ့အဖိုးဖြူကိုမြင်လိုက်ရတယ်။
“ မောင်ကောင် အဖိုးဖြူကိုထူလိုက်”
အဖိုးဖြူကိုထူပြီးချိန်မှာတော့ အောင်မြတ်သာက ကျောကုန်းအနောက်ကနေ လက်နဲ့သပ်ချလိုက်ရာ အလွန်ကိုနံဟောင်တဲ့အရည်တွေက ဝမ်းအနေနဲ့ ထွက်ကျလာခဲ့တယ်။
“ အဖိုးဖြူ နေရတာသက်သာရဲ့လား”
“ အရင်ကထက်တော့ သက်သာပါတယ်၊ အိမ်ထဲမှာလဲ အဖိုးသမီးကျန်နေသေးတယ်၊ သူ့ကိုလဲ ကြည့်ပေးပါဦး”
အဖိုးဖြူစကားကြောင့် အောင်မြတ်သာတို့လဲ အိမ်ထဲဝင်ကြည့်လိုက်ရာ ချွေးစေးတွေပြန်ပြီး ရှုံ့မဲ့နေတဲ့မျက်နှာထားနဲ့ လဲကျနေတဲ့ အသက်ခြောက်တယ်အရွယ် မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ ဒေါ်လေး သက်သာရဲ့လား”
“ ဟအင်း.. ဗိုက်ထဲမှာ အကောင်တွေလှုပ်ရှားနေသလိုခံစားနေရတယ်၊ အား.. ကျွတ် ကျွတ်”
“ အဖိုးဖြူကိုရော သူ့သမီးကိုပါ အရှေ့ခေါ်လာလိုက်”
အိမ်ခန်းအပြင်ကနေ လှမ်းပြောလိုက်တာကြောင့် မောင်ကောင်းတို့လဲ အဖိုးဖြူသမီးကိုတွဲခေါ်လာခဲ့လိုက်တယ်။
ဘုရားကျောင်းဆောင်ရှေ့ရောက်တော့ အဖိုးဖြူနဲ့ သမီးဖြစ်သူတို့ရဲ့အသက်ကိုချုပ်ပြီး ပြုစားထားတဲ့သူကို ဆင့်ခေါ်လိုက်တယ်။ ဒါပေမယ့် ဘယ်လိုခေါ်ခေါ် စွဲရင်းကဝင်မလာတဲ့အတွက် မျက်စိမှိတ်ပြီးအာရုံခံကြည့်လိုက်ရာ အသက်သုံးဆယ်အရွယ်ယောင်္ကျားတစ်ယောက်ရဲ့ ပုံရိပ်ပေါ်လာခဲ့တယ်။
“ သူက ဘယ်လိုပေါ်လာတာလဲ၊ တစ်ရွာလုံးကို အပင်းထည့်တဲ့အဖိုးကြီးကဘာလို့မပေါ်တာလဲ”
အတွေးစတွေက အောင်မြတ်သာ ခေါင်းထဲမှာ ရှုပ်ထွေးသွားခဲ့တယ်။ အဲဒီအချိန် အဖိုးဖြူရဲ့ သမီးဖြစ်သူပါးစပ်ထဲကနေ ဝါဖျော့ဖျော့အရည်တွေ ဝေါခနဲအန်ထွက်လာခဲ့တာကိုမြင်လိုက်ရတယ်။
“ အဖေ … သမီးကြောင့် တစ်ရွာလုံး ဒုက္ခရောက်နေကြပြီထင်တယ်”
“ သမီးကြောင့်မဟုတ်ပါဘူး… ဧည့်သည်တွေရှေ့မှာ ဘာလို့ပေါက်ကရတွေပြောနေတာလဲ အား ကျွတ် ကျွတ်”
“ အဖိုးဖြူ … ကျွန်တော်ကိုအမှန်တိုင်းပြော၊ ခုနက ဒေါ်လေးပြောတာဘာအဓိပ္ပါယ်လဲ”
“ ဘာမှမဟုတ်ပါဘူးဆရာလေးရယ်၊ သူက ပါးစပ်ထဲထွက်ရာလျောက်ပြောနေတာ”
“ အဖိုးဖြူ လိမ်နေရင် ရွာမှာရှိတဲ့သူတွေအပြင် ဒေါ်လေးပါသေလိမ့်မယ်”
“ အမှန်တိုင်းပြောပါ့မယ် … အဖေမပြောလဲ ဒေါ်လေးပြောပါ့မယ်”
“ သမီး…”
“ တကယ်တော့ တစ်ရွာလုံးကို အခုလိုဖြစ်အောင် လုပ်ထားတာ ဒေါ်လေးရဲ့အမျိုးသားပါ၊ ဒေါ်လေးက မြို့ပေါ်မှာ ကျောင်းနေရင်း သူနဲ့ဖူးစာဆုံခဲ့တယ်၊ သူကဒေါ်လေးထက် ဆယ်နှစ်ကြီးတဲ့အပြင် တစ်နေ့တစ်နေ့ အင်းအိုင်အစီအရင်တွေနဲ့ပဲအချိန် ကုန်နေတော့ အိမ်ထောင်ရေးက ဘယ်လိုမှအဆင်မပြေခဲ့ဘူး၊ အဖေကတော့ ဒေါ်လေးအိမ်ထောင်ကျတာကိုမသိပဲ ကျောင်းတက်နေတယ်လို့ပဲထင်နေခဲ့တာ၊ အစကတော့ အချစ်တစ်ခုထဲနဲ့ ဘဝကပြည့်စုံမယ်ထင်ပြီးရွေးခဲ့ပေမယ့်၊ ပြည့်စုံမှုမရှိရင် အချစ်ဆိုတဲ့အရာက ခဏတာပဲဆိုတာသိလာရတယ်၊ တစ်ရက်သူနဲ့စကားများပြီး ရွာပြန်လာခဲ့တော့ သူကရွာထိလိုက်လာခဲ့တယ်။ အဲဒီအချိန် ဒေါ်လေးက သူ့ကိုစိတ်ဆိုးနေတာမို့ ပြန်မလိုက်ဘူးလို့ငြင်းခဲ့တယ်၊ သူကလဲ အတင်းခေါ်ရာကနေ အဖေနဲ့ ထိုးကြိတ်တဲ့အထိဖြစ်သွားခဲ့တယ်၊ ရွာကလူတွေကလဲ အဖေထိတော့ သူ့ကို ဝိုင်းရိုက်ခဲ့ကြတယ်လေ၊ သူက ဒါကို တေးထားပြီး ဒေါ်လေးကိုရော သူ့ကိုရိုက်ခဲ့တဲ့သူတွေကိုပါ သတ်ပစ်မယ်ဆိုပြီးကြိမ်းဝါးခဲ့တာ၊ဒီလိုနဲ့ နှစ်ပေါင်း၄၀လောက်ကြာတဲ့အထိ သူနဲ့အဆက်အသွယ်မရခဲ့ဘူး၊ လွန်ခဲ့တဲ့ တစ်လလောက်မှာတော့ သူကအိမ်ရှေ့ကိုပြန်ရောက်လာခဲ့တယ်။ သူ့ရုပ်ကအတော်ကိုပြောင်းလဲသွားတာမို့ ဒေါ်လေး လုံးဝမမှတ်မိဘူး၊ သူက ဒေါ်လေးကိုမြင်တော့ နာကျဉ်းတဲ့မျက်လုံးနဲ့ကြည့်ပြီး အဖေရော ဒေါ်လေးရော ရွာမှာရှိတဲ့သူတွေရော တစ်ဖြေးဖြေးချင်းဝေဒနာခံစားရအောင် လုပ်ပစ်မယ်ဆိုပြီးပြောခဲ့တယ်၊ သူပြန်ထွက်သွားတဲ့ ညမှာပဲ ဒေါ်လေး အခုလိုစဖြစ်ခဲ့တာ”
“ အငြိုးအတေးအတော်ကြီးတဲ့သူပဲ၊ အခုလိုမျိုး ရေတွေအန်နေတာ တစ်လလောက်ရှိပြီပေါ့”
“ ဟုတ်တယ်လူလေး… ဒေါ်လေးလဲ အဖေကိုတောင်မပြောပဲ ကြိတ်ခံနေခဲ့တာ၊ အခု တစ်ရွာလုံး ဖြစ်နေတယ်ဆိုပြီးသိလို့ သူပြောခဲ့တာတွေကအမှန်ပါလားဆိုတာ တွေးမိလာတယ်၊ ဒါကြောင့် အဖြစ်မှန်ကိုပြောပြဖို့ ဆုံးဖြတ်လိုက်တာပဲ”
“ အခုလိုသိရတော့ ဘာလုပ်ရမယ်ဆိုတာ စဉ်းစားလို့ရသွားတာပေါ့၊ လက်စသတ်တော့ ပညာအရင်းခံက ဒေါ်လေးဆီမှာ ရောက်နေတာကိုး”
“ မောင်ကောင်း… မင်းရယ် ခွန်းလှရယ် မောင်ထွန်းရယ်က ရွာထဲကလူနာတွေကို လိုက်ကုပေတော့၊ ငါက ဒီမှာနေခဲ့လိုက်မယ်”
မောင်ကောင်းတို့ ထွက်သွားတော့ အောင်မြတ်သာက အဖိုးဖြူနဲ့ သမီးဖြစ်သူကို စေ့စေ့ကြည့်ပြီး ဒေါ်လေးက ဘာနေ့သမီးလဲ
“ သောကြာသမီးပါလူလေး”
“ သောကြာသမီးကို ဦးတည်၍ပြုစားထားတဲ့သူအား
ဘုရားငါးဆူတို့၏အမိန့်၊အထက်ဆရာကြီးများ၏အမိန့်၊ ငါ၏အမိန့်နဲ့ဆင့်ခေါ် လိုက်သည်၊ ပုန်းကွယ်ခြင်း၊ လှည့်ဖျားခြင်းမရှိစေရ၊ ချက်ချင်းရောက်စေ” လို့အမိန့်ပေးလိုက်ရာ ဒေါ်လေးရဲ့ ခန္ဓာကိုယ်က တဆတ်ဆတ်တုန်လာပြီး မျက်နှာနဲ့အသံကလဲ ယောင်္ကျားပုံစံ
အဖြစ်ပြောင်းလာခဲ့တယ်။
“ အခုရောက်လာတာဘယ်သူလဲ”
“ ငါကမင်းမေးတိုင်းဖြေရမှာလားကွ ဟမ်… ငါဘာကောင်လဲဆိုတာရောသိလား”
“ ခင်ဗျားဘာကောင်ပဲဖြစ်ဖြစ် ကျုပ်မသိချင်ဘူး၊ အခု သောကြာသမီးအပါအဝင် ကျွဲကူးရွာကလူတွေကို ခင်ဗျားပြုစားထားတာလား”
“ တစ်ရွာလုံးကို သတ်ဖို့နှစ်ပေါင်း ၄၀တိတိကြိုးစားလာခဲ့တာ၊အခုငါ့အချိန်ရောက်ပြီ”
“ ခင်ဗျားအဆင့်က ဘာလဲ၊ စုန်းလား ကဝေလား”
“ ဟက်ဟက်ဟက်… နင်က ယောဂီရောင်ဝတ်တဲ့သူမဟုတ်လား၊ ငါလဲ နင့်လိုပဲ ယောဂီရောင်ဝတ်တဲ့အောက်လမ်းဝိဇ္ဇာပဲကွ”
“ ဒီလိုအဆင့်ရအောင် ကြိုးစားခဲ့ပြီးမှ လူသတ်ဦးမလို့လား”
“ နင်ငါ့ကို တရားမချနဲ့…အောင်မြတ်သာ”
“ သင်က ကျုပ်နာမည်ကိုတောင်သိနေတာကိုး”
“ နင့်ကိုယ်နင် အကြားအမြင်ရတယ်ဆိုပြီး သွေးမထင်မရောက်နေနဲ့၊ ငါလဲ အကြားအမြင်ရပြီးသားကွ”
“ ခင်ဗျား နောင်ပွင့်တဲ့ဘုရားကို မဖူးမြှော်ချင်ဘူးလား၊ အခုချိန်နောက်ဆုတ်ရင် အချိန်မှီသေးတယ်နော်”
“ ထွီ….”
ဝင်ပူးနေတဲ့သူက တံတွေးနဲ့ ထွေးလိုက်တဲ့အချိန် အောင်မြတ်သာက လက်နဲ့ကာလိုက်ရာ ဝုန်းဆို အနောက်ကို လန်ကျသွားခဲ့တယ်။
“ တောက်စ်….”
ဝင်ပူးနေတဲ့သူက မျက်စိတစ်ဖက်ကိုလက်နဲ့ပိတ်ပြီး ကုန်းရုန်းပြန်ထလာခဲ့တယ်။
“ ပညာတစ်ဝက်ပျက်သွားသလို မျက်စိတစ်ဖက်လဲ ကန်းသွားပြီမဟုတ်လား၊ ဒါတောင် မာန်မလျော့နိုင်သေးဘူးလား”
“ မလျော့ဘူးဟေ့…ဘယ်တော့မှမလျော့ဘူး”
အောင်မြတ်သာလဲ ဝင်ပူးနေတဲ့သူကို အတန်ကြာတဲ့ထိ တရားချနေခဲ့ပေမယ့် ဘယ်လိုမှမရပဲ ပညာနဲ့ပြန်တိုက်နေခဲ့တာကြောင့် ပညာသိမ်းစမတစ်ရွက်ကိုထုတ်ပြီး အရှေ့မှာ ချပေးလိုက်တယ်။
ဝင်ပူးနေတဲ့သူက ပညာသိမ်းစမကို လက်နဲ့ပုတ်ထုတ်လိုက်တဲ့အချိန် လျှပ်စစ်တွန်းကန်အားနဲ့ထိသလို အနောက်ကို နှစ်ပတ်လောက်လိမ့်သွားပြီး လုံးတပြန်ထမလာတော့ပေ။
“ ဆရာ .. ဆရာ သူ ဘာဖြစ်သွားတာလဲ”
“ ပညာမစွန့်ပဲ အသေခံသွားတာ… အတော်ကိုခေါင်းမာတဲ့ပညာသည်ပဲ”
အောင်မြတ်သာကစုတ်တသတ်သတ်နဲ့ ညဉ်းညူရင်း လဲကျနေတဲ့သူကို လက်နဲ့သပ်ချလိုက်ရာ ခန္ဓာကိုယ်တွင်းကျန်နေတဲ့ အပင်းတွေက ရေတွေနဲ့အတူ အန်ထွက်လာခဲ့တယ်။ အလားတူအဖိုးဖြူရဲ့ကိုယ်ထဲမှာရှိနေတဲ့ အပင်းတွေလဲ အပြင်ကိုအန်ထွက်လာခဲ့တယ်။
အပင်းတွေအားလုံးကုန်စင်အောင်ထုတ်ပေးပြီးတဲ့ အချိန်မှာတော့ အဖိုးဖြူက
“ အဘိုးဘဝမှာ ဒီလိုမျိုး ဒုတိယအကြိမ်ကြုံဖူးတာပဲ”
“ ပထမအကြိမ်ကြုံဖူးခဲ့သေးတာလားအဖိုး”
“ ဟုတ်တယ် လူလေး… အဖိုးတို့ကလေးအရွယ်တုန်းက မယ်သုန်ရဲ့ အဖွားဖြစ်သူလက်ချက်နဲ့ ဦးစံမြတို့ မိသားစုတွေ သေခဲ့တာမြင်ဖူးတယ်၊ သူတို့အလှည့်ကျတော့ အခုလိုကယ်မယ့်သူမပေါ်လာဘူး”
“ နောက်တော့ရော မယ်သုန်ရဲ့အဖွားက ဘယ်ရောက်သွားလဲ”
“ မယ်သုန်အဖွားက ဆယ်နှစ်ကြိုးကဝေမကြီးလေ၊ သူ့အသက်က ရာနဲ့ချီပြီးဆွဲဆန့်ရတယ်လို့ ရသေ့လေးပြောတာကြားဖူးတယ်”
“ ရသေ့လေးဆိုတာက ဘယ်သူများလဲ”
“ ရသေ့လေးဆိုတာ မယ်သုန်ရဲ့ မာယာကြောင့် လူထွက်လုဆဲဆဲဖြစ်သွားခါနီးမှ အမြင်မှန်ရသွားတဲ့သူလေ၊ အဲဒီအချိန် အဖိုးတို့ကငယ်သေးပေမယ့် ရသေ့လေးကိုတော့ မှတ်မိနေသေးတယ်”
“ နှစ်ကာလတွေတောင် အတော်ကြာခဲ့ပြီပဲ”
အောင်မြတ်သာက အရှေ့မြောက်ဘက်ကိုငေးကြည့်ရင်း တီးတိုးရေရွတ်လိုက်အချိန် မယ်သုန်(ခေါ်)စက္ကဒေဝီနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပုံရိပ်အချို့ပြန်ပေါ်လာခဲ့တယ်။
အဲဒီအချိန်
“ ဆရာ… ဆရာ”
“ မောင်ကောင်းတို့ပါလား… မင်းတို့ကုတာပြီးပြီလား”
“ မပြီးသေးဘူးဆရာ…”
“ မပြီးသေးပဲ ဘာလို့ထွက်လာတာလဲ”
“ ဆရာကိုပြစရာရှိလို့ပါ…”
အောင်မြတ်သာလဲ မောင်ကောင်းတို့ခေါ်တဲ့နောက်ကို လိုက်သွားခဲ့ရာ ရွာလယ်က ကင်းတဲပေါ်မှာ တင်ပလ္လင်ခွေထိုင်ပြီး ကုသနေတဲ့ မောင်ထွန်းအပြင်အခြား လူဆယ်ယောက်ခန့်ကိုမြင်လိုက်ရတယ်။
“ သူတို့က ဘယ်သူတွေတုန်း”
“ ရွာသားတွေလေဆရာ… မောင်ထွန်းကို ဆရာက လက်ဝါးရိုက်ပြီးဆေးကုခိုင်းတာမြင်တော့ ကျွန်တော်တို့လဲ ရောဂါပျောက်သွားတဲ့ သူတွေကို လက်ဝါးချင်းရိုက်ပြီး ကုခိုင်းထားတာ”
မောင်ကောင်းနဲ့ ခွန်းလှတို့ စကားကြောင့် အောင်မြတ်သာ ဘာမှမပြောနိုင်တော့ပဲ ခေါင်းကိုဖြေးညှင်းစွာခါယမ်းကာ
“ ငါ့တပည့်တွေထဲမှာ မင်းတို့လောက် လူလည်ကျတာမတွေ့ဖူးသေးဘူး” လို့ရေရွတ်လိုက်ပါတော့တယ်။
အောင်မြတ်သာတို့ ကျွဲကူးရွာကလူနာတွေကို ကုသပေးပြီးတဲ့နောက်မှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့ကို အပြင်လောကမှာထားပြီး မဟာမြိုင်တောထဲကို ပြန်ဝင်သွားခဲ့ရတယ်။
အချုပ်အနှောင်ကနေလွတ်ပြီး မဟာမြိုင်တောထဲ
ရောက်လာတဲ့တန်ခိုးကြီးအောက်ဝိဇ္ဇာတစ်ပါးကို အောင်မြတ်သာတို့ ရင်ဆိုင်နိုင်ပါ့မလား၊ ဒီတိုက်ပွဲမှာ ဘယ်သူတွေပါလာကြမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်နတ်ဝိဇ္ဇာတိုက်ပွဲဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
Leave a Reply