ဖိုးလုံးအော်သံကြောင့် အနီးနားကလူတွေ ပြေးလာပြီးဝိုင်းဆွဲကြတဲ့ထိကို ငဆန်းက ခေါင်းနဲ့ ပြေးဆောင့်ဖို့ ဟန်တပြင်ပြင်ဖြစ်နေခဲ့တယ်။
“ ဒါ အပမှီနေတာပဲ… ပရိတ်ရေသွားယူကြစမ်း”
ဦးတိုးကြီးစကားကြောင့် အနားမှာရှိနေတဲ့သူတွေက အိမ်မှာရှိတဲ့ပရိတ်ရေဘူးတွေကို ယူလာပြီး ငဆန်းရဲ့ ခေါင်းပေါ်ကနေ လောင်းချလိုက်ရာ တစ်ကိုယ်လုံး ဓါတ်လိုက်သလိုတုန်ရီလာပြီး အရုပ်ကြိုးပြတ်လဲကျ သွားခဲ့တယ်။
“ ငဆန်း… ငဆန်း… သတိထားစမ်း”
ပါးကိုခပ်ဆတ်ဆတ်လေးရိုက်ပြီး နှိုးလိုက်တာကြောင့် ငဆန်းတစ်ယောက် တအင်းအင်းနဲ့ညဉ်းကာ သတိလည်လာခဲ့တယ်။
“ ဟိုမိန်းမ ဘယ်ရောက်သွားလဲ… ဟိုမိန်းမရော”
“ ဘယ်မိန်းမကိုပြောတာလဲ…”
“ ပုလဲလုံးဝမ်းဆက်ဝတ်ထားတဲ့မိန်းမလေ…”
“ ဒီမှာ ပုလဲလုံးဝမ်းဆက်ဝတ်ထားတဲ့သူ မရှိဘူး… မင်းဘယ်သူကိုမြင်လိုက်လို့လဲ”
“ ငါသေချာမြင်လိုက်တယ်… ဒီဗန်ဒါပင်အနောက်ကနေ ထွက်လာပြီး ငါ့ကိုစိုက်ကြည့်နေတာကွ”
“ အဲဒါတွေအသာထား… မင်းခေါင်းက အနည်းဆုံး လေးချက်ချုပ်ရမှာ”
ဖိုးလုံးပြောမှ ငဆန်းက သူ့ခေါင်းကို ပြန်စမ်းကြည့်လိုက်ရာ ချွဲကပ်နေတဲ့ သွေးတွေယိုကျနေတဲ့ ဒဏ်ရာက တဆစ်ဆစ်နဲ့ ကိုက်လာခဲ့တယ်။
ငဆန်းကိစ္စဖြစ်ပြီးနောက်ပိုင်း တစ်လလောက်ငြိမ်သွားခဲ့တာကြောင့် ရွာထဲက လူတွေကလဲ မေ့မေ့ပျောက်ပျောက်ဖြစ်ကာ အရင်လိုပြန်နေခဲ့ကြတယ်။
++++
လရောင်ကမှိန်ပြပြကျနေတာကြောင့် ကျီးအာရွာအဝင်လမ်းမကြီးကို ရှင်းလင်းစွာမြင်နေရတယ်။ အချိန်က လုလင်ပြန်ချိန်(ည၁၀နာရီခန့်)ရှိနေတာကြောင့် အချို့အိမ်တွေက အမှောင်ချထားကြသလို အချို့အိမ်တွေကလဲ မီးအလင်းရောင်သဲ့သဲ့ ထွန်းထားကြတယ်။
“ မင်းကောင်မလေးက တကယ်ရော ထွက်တွေ့ပါ့မလား”
“ ငါမနက်က သေချာမှာလိုက်ပါတယ်.. ထွက်တွေ့မှာပါ”
“ ဟုတ်မှလဲ လုပ်နော်… တော်ကြာ သူခိုးဆိုပြီး ဝိုင်းရိုက်တာခံနေရဦးမယ်”
ဆယ်ကျော်သက် ကာလသားနှစ်ယောက်က ကျီးအာရွာအဝင်လမ်းထဲကိုဝင်လာရင်း တီးတိုးစကားပြောနေခဲ့ကြပေမယ့် သူတို့နှစ်ယောက်ရဲ့အနောက်မှာ ကပ်ပါလာတဲ့ မိန်းမတစ်ယောက်ကိုတော့ သတိမထားမိခဲ့ကြပေ။
“ အိမ်က မီးထွန်းထားသေးတယ်… သူ့အဖေမအိပ်သေးဘူးထင်တယ်နော်”
“ ဒါဆိုလဲ အိပ်တဲ့ထိစောင့်ကြတာပေါ့… မတော်ရသေးတဲ့ယောက္ခထီးက အခုထိမအိပ်သေးပဲ ဘာလုပ်နေလဲမသိပါဘူး”
ဆံပင်ကို ကျော့နေအောင် ဖြီးထားတဲ့လူက အိမ်အနောက်က ကောက်ရိုးပုံဘေးမှာ ဝင်ထိုင်လိုက်ပြီး စိတ်မရှည်တဲ့ဟန်နဲ့ အိမ်ဘက်ကို မကြာမကြာ လှမ်းကြည့်နေခဲ့တယ်။
“ ဟေ့ကောင်… ဟိုမှာ ဟိုမှာကြည့်စမ်း.. မိန်းမတစ်ယောက်ထိုင်နေတာမဟုတ်လား”
“ အေး.. မိန်းကလေးတစ်ယောက်ထဲ သရက်ပင်အောက်မှာ ဘာလုပ်နေတာပါလိမ့်”
“ မင်းကောင်မလေးတော့မဟုတ်ပါဘူးနော်… ချိန်းထားတဲ့နေရာမှားပြီးစောင့်နေတာများလား”
“ မဖြစ်နိုင်ပါဘူး… မနက်ကတွေ့တော့ ကောက်ရိုးပုံနောက်မှာတွေ့မယ်လို့ပြောခဲ့တာ”
ကာလသားနှစ်ယောက်အချင်းချင်းပြောနေကြတဲ့ အချိန် သရက်ပင်အောက်မှာ ထိုင်နေတဲ့ မိန်းကလေးက ရုတ်တရက်ထလိုက်ပြီး သူတို့ရှိတဲ့ဘက်ကို လျောက်လာတာကိုမြင်လိုက်ရတယ်။
“ ဟေ့ကောင်… ငါတို့ဘက်ကို လျောက်လာတယ်ကွ”
“ လာတော့ဘာဖြစ်လဲ… မင်းကအခုထိ ရည်းစား မရသေးဘူးမဟုတ်လား… လုပ်ထည့်လိုက် ငါ့ကောင်”
“ ဖြစ် ဖြစ်ပါ့မလား”
“ ဖြစ်ပါတယ် သွားစမ်းပါဟ”
တွန်းထိုးလိုက်တဲ့အရှိန်ကြောင့် အဖော်လိုက်လာတဲ့ လူက ယိုင်တိယိုင်တိုင်နဲ့ လမ်းလျောက်လာတဲ့ မိန်းကလေးနားကိုရောက်သွားခဲ့တယ်။
“ ဟိတ်.. ညကြီးအချိန်မတော် တစ်ယောက်ထဲ လျောက်သွားနေတာလား.. ဒါမှမဟုတ် ရည်းစားနဲ့ ချိန်းထားတာလား”
“ ရည်းစားမရှိပါဘူး… ဒီတိုင်းပျင်းလို့ လျောက်သွားနေတာ.. ဒါနဲ့ အကိုက ဒီရွာက မဟုတ်ဘူးထင်တယ်…”
“ အကိုတို့က ဒီရွာကမဟုတ်ဘူး… သူငယ်ချင်းက သူ့ရည်းစားနဲ့လာချိန်းတွေ့တာမို့ အဖော်လိုက်လာပေးတာ”
“ ဟုတ်လား… ဒါဆို သူတို့ဘာသာ လွတ်လွတ်လပ်လပ်ပြောပစေလေ..ဒါနဲ့ အကို့နာမည်က ဘယ်လိုခေါ်လဲ”
“ စိုးနိုင်လို့ခေါ်ပါတယ်… သူငယ်ချင်းတွေက မောင်စိုးလို့ခေါ်တာများတယ်၊ ညီမ နာမည်ကရော”
“ ညီမနာမည်က မြပုလဲသွယ်ပါ”
“ နာမည်က လှလိုက်တာ…”
“ အမေ ပေးထားတာလေ… ပုလဲက ဒီနာမည်ကို သိပ်ကြိုက်တာ..”
ညလေအဝှေ့မှာ တစ်ချက်တစ်ချက် လွ့င့်ပျံ့လာတဲ့ ညမွှေးပန်းရနံ့က စိုးနိုင်ရဲ့နှာခေါင်းထဲ စူးဝင်လာခဲ့တယ်။
“ ညီမက ဘယ်နားမှာနေတာလဲ”
“ အကိုက ဘာဖြစ်လို့မေးတာ”
“ အော်… လာလည်လို့ရအောင်မေးကြည့်တာပါ”
“ ဟက်ဟက်..”
ခြောက်ကပ်ကပ်ရယ်သံတစ်ချက်နဲ့အတူ မြပုလဲသွယ်ရဲ့နှုတ်ခမ်းလေးတွန့်တက်သွားခဲ့တယ်။
“ ဘာဖြစ်လို့လဲ…ညီမ”
“ ဘာမှမဖြစ်ပါဘူး… ညီမက အခုလောလောဆယ် ဒီနားလေးမှာပဲနေတာပါ”
စိုးနိုင်လဲ သူ့ကိုအိမ်မပြောချင်တာကြောင့် ဝေ့ဝိုက်ပြောနေတယ်လို့တွေးပြီး ဆက်မမေးတော့ပဲ ရောက်တတ်ရာရာ စကားတွေကိုပဲပြောနေခဲ့တယ်။
“ အကို…”
“ ဗျာ…”
“ အကိုတို့က ညကြီးသန်းခေါင် ဟိုဘက်ရွာကို ပြန်ရမှာပေါ့နော်”
“ အင်းပေါ့… ဘာဖြစ်လို့လဲ”
“ ဒီလိုမှောင်မဲနေတဲ့အချိန် နှစ်ယောက်ထဲပြန်ရမှာ မကြောက်ဘူးလား”
“ မကြောက်ပါဘူး… ဘယ်သူ့ကိုကြောက်ရမှာလဲ”
“ ဒါဆို အကိုက သရဲမကြောက်တတ်ဘူးပေါ့”
“ အကိုက အဲလိုတွေအယုံအကြည်မရှိဘူး…”
စိုးနိုင်စကားကိုကြားတော့ မြပုလဲသွယ်က တခစ်ခစ်နဲ့ရယ်လိုက်ပြီး
“ ညီမလဲ မကြောက်တတ်ဘူး..”
“ ဟုတ်လား… တော်တော်သတ္တိကောင်းတာပဲနော်”
“ ဒါပေါ့ သတ္တိကောင်းလို့ အကိုနဲ့စကားပြောနေတာလေ”
စိုးနိုင်လဲ မြပုလဲသွယ်နဲ့စကားပြောနေခဲ့ရာ အချိန်တွေကုန်လို့ကုန်မှန်းမသိဖြစ်သွားခဲ့တယ်။
“ အချိန်တောင် အတော်လင့်နေပြီ… ညီမ တစ်ယောက်ထဲပြန်ရမှာအဆင်ပြေပါ့မလား”
“ ညီမကိုစိတ်မချရင် အကိုပြန်လိုက်ပို့ပေးပေါ့”
စိုးနိုင်လဲ အိမ်သိရတော့မယ်ဆိုတဲ့အတွေးကြောင့် စိတ်ထဲဝမ်းသာသွားပြီး
“ လိုက်ပို့ပေးမှာပေါ့… ဘယ်နားမှာလဲအိမ်က”
“ သိပ်မဝေးပါဘူး…”
“ ဒါဆို သွားကြရအောင် အကိုတို့လဲ ခဏနေပြန်ရတော့မယ်”
“ ဒါဆို ပြန်တော့မယ်နော်”
စိုးနိုင်လဲအိမ်သိချင်တဲ့စိတ်နဲ့ မြပုလဲသွယ်သွားတဲ့ နောက်ကိုလိုက်လာခဲ့ရာ အိမ်အနည်းငယ်ပြတ်တဲ့ မျက်ကွယ်ကွေ့အရောက်မှာတော့
“ ညီမကဒီမှာနေတာ…”
“ မနောက်ပါနဲ့ ညီမရယ်… ဒါက မြေစာပုံကြီးလေ ဘယ်လိုလူနေလို့ရပါ့မလဲ”
“ အကိုကမယုံဘူးပေါ့လေ… အဟက်အဟက်”
မြပုလဲသွယ်က မြေစာပုံထဲ လက်ထိုးထည့်ပြီးနှိုက်လိုက်ရာ အထဲကနေ အရိုးကျနေပြီဖြစ်တဲ့ ဦးခေါင်းခွံတစ်လုံးထွက်လာခဲ့တယ်။
“ အဟီးအဟီး… အ အ အခု ယုံ ယုံ ပြီ လား…”
အသံက ရုတ်တရက်အက်ကွဲလာကာ ခုနက ချောမောလှပနေတဲ့ မြပုလဲသွယ်က ချက်ချင်းဆိုသလို အသားတွေပဲ့ကြွေပြီး အပုတ်နံ့တွေထောင်းခနဲ ထလာခဲ့တယ်။
စိုးနိုင်လဲ ရုတ်တရက်မို့ ကြက်သေသေကာ ငေးကြည့်နေတဲ့အချိန်
“ ငါအိမ်ပြန်ချင်တယ်… ငါ့ကိုအိမ်ပြန်ပို့ပေး… အိမ်ပြန်ပို့ပေး” ဆိုတဲ့အသံက ဒေါသကြီးစွာ ထွက်ပေါ်လာခဲ့တယ်။
အဲဒီတော့မှ စိုးနိုင်လဲသတိပြန်ဝင်လာကာ ကောက်ရိုးပုံရှိတဲ့ဘက်ကို ငယ်သံပါအောင်အော်ပြီး ပြေးပါလေရော။
ပြေးနေရင်း အနောက်ကို လှည့်ကြည့်လိုက်တော့ ပုလဲလုံးဝမ်းဆက်ဝတ်ထားတဲ့မိန်းမတစ်ယောက်က မြေစာပုံဘေးမှာ မတ်တပ်ရပ်နေတာကို မြင်လိုက်ရတယ်။
စိုးနိုင်လဲ ဒီကိစ္စဖြစ်ပြီးနောက်ပိုင်း စိတ်ကယောင်ကတမ်းတွေဖြစ်ကာ “ မြပုလဲသွယ် မြပုလဲသွယ်” ဆိုတဲ့နာမည်ကိုသာ အမြဲလိုလို ရေရွတ်နေတဲ့ စိတ်မနှံ့သူတစ်ယောက်ဖြစ်သွားခဲ့ရတယ်။
++++++
အရိပ်အာဝါသကောင်းတဲ့ ညောင်ညိုပင်အောက်မှာ ဆော့ကစားနေကြတဲ့ ကလေးတစ်သိုက်ရဲ့ ဘေးမှာတော့ အောင်မြတ်သာတို့ ဆရာတပည့်တွေ ခေတ္တထိုင်ကာ အနားယူနေခဲ့ကြတယ်။
ခဏကြာတော့ ရွာထဲကနေ ပြေးလာတဲ့ ကလေးတစ်ယောက်က
“ အရူးစိုးနိုင်အိမ်မှာသောင်းကျန်းနေပြန်ပီတဲ့… မြန်မြန်လာကြဟေ့” လို့အော်ပြောလိုက်တော့ ကစားနေတဲ့ကလေးတွေက ဆော့နေတာကို ရပ်ပြီး ရွာထဲဘက်ကို ပြန်ပြေးသွားကြတယ်။ ပြေးရင်းလွှားရင်း ပိန်ပိန်ညှက်ညှက်နဲ့ကလေးတစ်ယောက်က ညောင်မြစ်နဲ့ခလုပ်တိုက်ပြီး လဲကျသွားတာကြောင့် မောင်ကောင်းနဲ့ခွန်းလှက ဆွဲထူလိုက်ရင်း
“ ဘယ်လိုဖြစ်လို့ အလောတကြီး ပြေးရတာလဲ ကောင်ကလေး”
“ အရူးစိုးနိုင်ကိုသွားကြည့်မလို့လေ”
“ အရူးတစ်ယောက်ကို သွားကြည့်တာများ ဒီလောက်ထိ ပြေးရလား”
“ ဦးလေးက ဘာမှမသိပဲနဲ့ အရူးစိုးနိုင်က သူစိတ်ဖောက်ပြီဆိုရင် အိမ်ကိုပဲပြဿနာရှာတာ၊ သားတို့ကိုတွေ့ရင် သူ့စိတ်က ပြန်ငြိမ်သွားလို့ သူ့အမေက စိတ်ဖောက်တိုင်း ကလေးတွေကို လာလာခေါ်ခိုင်းတာဗျ၊ သားတို့ရောက်ရင် သူ့အမေက မုန့်တွေအချိုရည်တွေလဲကျွေးသေးတယ်”
“ အော် အဲလိုလား…”
မောင်ကောင်းက တအံ့တဩနဲ့ရေရွတ်ရင်း ရွာထဲပြေးသွားတဲ့ကလေးရဲ့နောက်ကျောကို ကြည့်နေခဲ့လိုက်တယ်။
“ မောင်ကောင်း… ရွာထဲခဏဝင်ကြရအောင်”
ရုတ်တရက်ထွက်လာတဲ့ အောင်မြတ်သာရဲ့အသံကြောင့် မောင်ကောင်းရော ခွန်းလှပါ ချထားတဲ့လွတ်အိတ်တွေကို ကောက်လွယ်လိုက်ပြီး ဆရာဖြစ်သူရဲ့နောက်ကို လိုက်သွားခဲ့ကြတယ်။
အောင်မြတ်သာတို့ရွာထဲဝင်လာတော့ ကလေးတွေစုရုံးစုရုံးဖြစ်နေတဲ့ အိမ်တစ်အိမ်ကိုမြင်တွေ့လိုက်ရတယ်။
“ ဆရာ.. ဒီအိမ်က ခုနက ကလေးတွေပြောတဲ့အိမ်ပဲဖြစ်မယ်”
အောင်မြတ်သာက ခြံဝိုင်းထဲက ကွပ်ပြစ်မှာထိုင်နေတဲ့ လူတစ်ယောက်ကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်ပြီး
“ အဲဒီလူက ပြန်ကောင်းနိုင်သေးတာပဲ…” လို့ ခပ်တိုးတိုးလေးရေရွတ်လိုက်တယ်။
“ ဦးလေး… ဘာလုပ်နေတာလဲ”
အသံကြားလို့ လှည့်ကြည့်လိုက်တော့ ညောင်ပင်အောက်မှာ ချော်လဲခဲ့တဲ့ ကလေးဖြစ်နေတာကိုမြင်လိုက်ရတယ်။
“ မင်းတို့လူက ငြိမ်သွားပြီလား”
“ ငြိမ်သွားပြီဗျ… ခုနကတော့ အတော်သောင်းကျန်းနေသေးတာ”
“ ဒါဆို မင်းတို့မုန့်စားရတော့မှာပေါ့”
မောင်ကောင်းစကားကြောင့် သွက်လက်ဟန်ရှိတဲ့ ကလေးက သဘောကျစွာရယ်လိုက်ပြီး
“ ဟော.. ဟိုမှာ ဒေါ်လေးမေပြန်လာပြီ”
“ ဟဲ့ ဖိုးခွေး… ဘယ်သူတွေနဲ့ စကားပြောနေတာလဲ”
“ ညောင်ပင်အောက်မှာ တွေ့ခဲ့တဲ့သူတွေပါ ဒေါ်လေး..”
အောင်မြတ်သာက အသက်၅၀ကျော်အရွယ်ရှိတဲ့ ဒေါ်လေးမေဆိုသူကို ကြည့်လိုက်ပြီး
“ အစ်မကြီးရဲ့သားက ဒီလိုဝေဒနာခံစားနေရတာ အတော်ကြာပြီလား”
“ လေးငါးလလောက်တော့ရှိပြီထင်တယ်… ဆရာတွေနဲ့ကုတာလဲ အတော်စုံနေပါပြီ… မသက်သာဘူး ငါ့မောင်တို့ရေ”
“ ကျွန်တော်တို့ခဏကြည့်လို့ရမလား…”
“ ငါ့မောင်တို့ နားလည်တတ်ကျွမ်းရင် ကြည့်ပေးပါဦးကွယ်”
အောင်မြတ်သာလဲ ခွင့်ပြုချက်ရပြီမို့ ကွပ်ပြစ်မှာ ထိုင်နေတဲ့ လူငယ်ကို အိမ်ပေါ်ခေါ်တင်လာပြီး ဘုရား ကျောင်းဆောင်ရှေ့မှာ ထိုင်စေကာ ရေသန်သန့်တစ်ခွက်တောင်းယူလိုက်တယ်။
“ မင်းနာမည် ဘယ်လိုခေါ်လဲ”
“ မောင်စိုးနိုင်လို့ခေါ်တယ်”
“ အခု မင်းစိတ်ထဲ ဘယ်အကြောင်းအရာကို သတိရနေလဲဆိုတာ ပြောပြလို့ရမလား”
အောင်မြတ်သာစကားကြောင့် မောင်စိုးနိုင်ရဲ့ မျက်လုံးသူငယ်အိမ်က ရုတ်တရက်ကျဉ်းလာပြီး
“ မြပုလဲသွယ်… မြပုလဲသွယ်… သူ့ကိုကြောက်တယ် သူ့ကကြောက်စရာကြီး” လို့ပြောပြီး ထပြေးဖို့အလုပ် ဘေးမှာ အသင့်စောင့်နေတဲ့ မောင်ကောင်းနဲ့ ခွန်းလှက ဖမ်းချုပ်ထားလိုက်ကြတယ်။
“ အရမ်းစိတ်မလှုပ်ရှားနဲ့ ကောင်လေး… ခဏနေရင် မင်းစိတ်တွေအရင်လိုပြန်ဖြစ်လာတော့မှာပါ”
အောင်မြတ်သာက ရေခွက်ထဲက ရေကို လက်ညိုးနဲ့ဆွဲယူပြီး မျက်နှာကို တောက်ချလိုက်တယ်။
“ စိတ်ကိုငြိမ်ငြိမ်လေးထား… မြင်နေရတဲ့ မကောင်းသောမြင်ကွင်းတွေကို ဆိုင်ရာပုဂ္ဂိုလ်များက မမြင်အောင် ကူညီပေးပါ”လို့ပြောပြီး ညာလက်ညိုးနဲ့ နဖူးကို ထောက်ထားလိုက်ရာ ရုန်းကန်နေတဲ့ လူက တစ်ဖြေးဖြေးငြိမ်သက်လာခဲ့တယ်။
“ စိတ်ထဲနေရတာအဆင်ပြေလာတယ်မဟုတ်လား”
အောင်မြတ်သာရဲ့အမေးကို ထိုင်နေတဲ့လူငယ်က ခေါင်းညိမ့်ပြပြီးထောက်ခံခဲ့တယ်။
“ မောင်ကောင်း…လိပ်ပြာချုပ်အင်းကို သူ့လည်ပင်းမှာ ဆွဲထားပေးလိုက်”
မောင်ကောင်းလဲ လိပ်ပြာချုပ်အင်းကို အပ်ချည်ကြိုးနဲ့ချည်ပြီး လည်ပင်းမှာဆွဲပေးလိုက်တော့မှ သာမန်လူအတိုင်း သတိပြန်ဝင်လာခဲ့တယ်။
“ ကြောက်စိတ်တွေရှိနေသေးလား”
“ အရင်ကလိုတော့ မကြောက်တော့ပါဘူး၊ စိတ်ကိုလဲ ထိန်းနိုင်လာတယ်”
“ ကျေးဇူးတင်လိုက်တာဆရာတို့ရယ်… ဒါဆို ကျွန်မသားက လူကောင်းအတိုင်းပြန်ဖြစ်ပြီပေါ့နော်”
“ သူ့အတွက်လုပ်ပေးထားတဲ့အဆောင်ကို တစ်ပတ်လောက်မချွတ်တမ်းဝတ်ထားပေးပါ၊ မနက်အိပ်ယာနိုးတဲ့အချိန်မှာလဲ အခုပေးခဲ့မယ့် ဆေးပြာကို ကွမ်းရိုးတစ်တို့စာ ကျွေးပေးပါ”
အောင်မြတ်သာက မှာစရာရှိတာမှာပြီး အင်းတစ်ချပ်ကိုပြာချကာ မိုင်းကိုင်စက္ကူနဲ့ထုပ်ပြီး လှမ်းပေးလိုက်တယ်။
ခြံပြင်ရောက်တော့ လူနာရဲ့မိခင်ဖြစ်သူက
“ ဆရာတို့ကို ကျေးဇူးတင်ပါတယ်ရှင်… သားလေးက ကျီးအာရွာမှာ ဖြစ်ပြီးထဲက အခုလိုမူမမှန်ဖြစ်နေတာအတော်ကြာရောပေါ့… အင်း သူကြုံခဲ့ရတာကလဲ သွေးပျက်စရာဖြစ်နေတာကိုး”
“ ကျီးအာရွာမှာ ဖြစ်ခဲ့တဲ့ ကိစ္စဆိုတာ ဘာများလဲ”
“ ဖြစ်စဉ်က ဒီလိုပါ”
ဒေါ်လေးမေဆိုသူက စိုးနိုင် ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို အစအဆုံးရှင်းပြလိုက်ရာ
“ ဒီဖြစ်စဉ်တွေရဲ့ ဇစ်မြစ်က ကျီးအာရွာက စခဲ့တာကိုး… ဒါနဲ့ ကျီးအာရွာက ဒီကနေ သွားရသေးလား”
“ အရမ်းကြီးမသွားရပါဘူး… နာရီဝက်လောက်ဆို ရောက်ပါပြီ… အော် ဒါက ဆရာတို့ကို ကျွန်မ နိုင်သလောက် ကျေးဇူးဆပ်တာပါ၊ လက်ခံပေးပါနော်”
ဒေါ်လေးမေက လက်ထဲဆုပ်ကိုင်ထားတဲ့ ငွေအချို့ကို ကမ်းပေးတော့ အောင်မြတ်သာက လက်ကာပြပြီး
“ ဒီငွေတွေကို လူနာအတွက် လိုတဲ့နေရာမှာသုံးလိုက်ပါ… ကျွန်တော်တို့အတွက် မလိုပါဘူး”လို့ပြောကာ ကျီးအာရွာဘက်ကို ထွက်လာခဲ့လိုက်တယ်။
ဒေါ်လေးမေပြောသလို နာရီဝက်ခန့် လမ်းလျောက်ပြီးချိန်မှာတော့ ခရေပင်တွေကို ညီညာစွာစိုက်ပျိုးထားတဲ့ ကျီးအာရွာထိပ်ကို ရောက်လာခဲ့ကြတယ်။ ရွာအဝင်ဝကိုရောက်တော့ အောင်မြတ်သာက ရုတ်တရက်ရပ်လိုက်ပြီး
“ ဒီရွာက အတော်ကိုအခြေအနေစိုးနေပြီပဲ” လို့ ခပ်တိုးတိုးလေး ညဉ်းတွားလိုက်တယ်။
အောင်မြတ်သာတို့ ရွာလမ်းထဲကိုဝင်လာတဲ့အချိန်က နွားရိုင်းသွင်းချိန် ဖြစ်နေတာကြောင့် လယ်ထဲကပြန်လာသူအချို့ကိုသာ မြင်တွေ့ရပြီး သူတို့မျက်နှာမှာလဲ ကြောက်လန့်နေတဲ့ ပုံရိပ်တွေ အထင်းသားပေါ်လွင်နေခဲ့တယ်။
“ ခဏလေးနေပါဦးဗျ…”
အောင်မြတ်သာအသံကြောင့် ပေါက်တူးကို ပခုံးပေါ်ထမ်းပြီးသွားနေတဲ့ လူနှစ်ယောက်က နောက်လှည့်ကြည့်လိုက်ပြီး
“ ဘာကိစ္စလဲ… မြန်မြန်ပြောဗျာ”
“ မိတ်ဆွေတို့ကို ကြည့်ရတာ ရေးကြီးသုတ်ပြာဖြစ်နေသလိုပဲ”
“ မဖြစ်လို့လဲမရဘူးလေ… အလင်းရောင်ပျောက်တာနဲ့ မပုလဲက ဒုက္ခပေးနေတာကိုး”
“ မပုလဲ ဟုတ်လား… သူကဘယ်လို ဒုက္ခပေးတာလဲ”
“ ဟာ.. ခင်ဗျားတို့မေးတာဖြေဖို့အချိန်မရှိဘူး… သိချင်ရင် အိမ်သာလိုက်ခဲ့ကြဗျာ”
အောင်မြတ်သာတို့လဲ ဖိတ်ခေါ်ချက်ကို မငြင်းပဲ ရှေ့ကနေ ခပ်သုတ်သုတ်ထွက်သွားတဲ့ သူရဲ့နောက်ကို လိုက်လာခဲ့ကြတယ်။
ရွာလယ်လမ်းမကြီးရဲ့ဘေး လမ်းသွယ်ထဲကိုရောက်တော့ ဝါးတွေကိုခွဲခြမ်းပြီး ခြံစည်းရိုးသဖွယ်ပြုလုပ်ထားတဲ့ အိမ်တစ်လုံးရှေ့ကို ရောက်တော့ ပေါက်တူးကိုင်ထားတဲ့လူက
“ ခင်ဗျားတို့က ဒီနယ်ကမဟုတ်ဘူးထင်တယ်…’’
“ ကျုပ်တို့က ဒီကိုအခုမှရောက်ဖူးတာ…ဒါကြောင့် ရွာမှာဘာတွေဖြစ်နေတယ်ဆိုတာ မသိဘူးဗျ”
“ ဟင်း… အချိန်လဲ လင့်နေပြီ၊ အခုချိန်မှခရီးဆက်ရင်လဲ လမ်းမှာတင် မိုးချုပ်မှာဆိုတော့ ကျုပ်အိမ်မှာပဲ တစ်ညတည်းလိုက်ပေါ့၊ ခင်ဗျားတို့ပုံစံကြည့်ရတာ လူကောင်းတွေနဲ့တူပါတယ်”
“ မိတ်ဆွေက လူကဲခတ်တော်သားပဲ… ကျုပ်တို့က နယ်လှည့်ပြီး ပယောဂလိုက်ကုနေတဲ့သူတွေပါ၊ ဟောဒီမှာကြည့်”
အောင်မြတ်သာက လွယ်အိတ်ထဲမှာရှိတဲ့ပစ္စည်းတွေကိုသွန်ချလိုက်ရာ အင်းစမအချို့နဲ့ အင်းဆွဲတဲ့အခါ အသုံးပြုတဲ့ အရာတွေ ထွက်ကျလာခဲ့တယ်။
“ ခင်ဗျားတို့က ဆရာတွေပဲ… အဆင်သင့်လိုက်တာဗျာ… ကျုပ်တို့ရွာမှာ သောင်းကျန်းနေတဲ့ မပုလဲကို ဆုံးမပေးပါဦး”
“ အမှန်တိုင်းပြောရရင် ကျုပ်တို့လဲ မပုလဲ အကြောင်းသိချင်ပါတယ်”
“ ဒီသရဲမကအတော်ဆိုးဆိုးပဲဗျာ… ညမှောင်ရီပျိုးတာနဲ့ တစ်ရွာလုံးလှည့်ပတ်ပြီး ခြောက်လှန့်နေတာ လေးငါးလလောက်ရှိရောပေါ့”
“ ဒါကို ရွာက ဘာမှမလုပ်ကြဘူးလား… ကမ္မဝါဖတ်တာပဲဖြစ်ဖြစ်၊ ပရိတ်ရွတ်တာပဲဖြစ်ဖြစ်ပေါ့”
“ မလုပ်ရိုးလားဆရာရယ်… ရွတ်ရင်လဲ ရက်ပိုင်းလောက်ပဲငြိမ်သွားတာ၊ ပြီးရင် ပိုပိုဆိုးလာတာဗျ၊ လွန်ခဲ့တဲ့ လကဆိုရင် ပရိတ်ရွတ်နေတဲ့ ဉူးဇင်းလေးတွေကို ခဲတွေသဲတွေနဲ့ကိုပက်တာ၊ ကျုပ်တို့ရွာမှာကလဲ ထေရ်ကြီးဝါကြီးသံဃာမရှိတာမို့ ဒီသရဲမ လုပ်ချင်တိုင်းလုပ်နေတာထင်တယ်”
“ ဒါကြောင့် မှောင်စပျိုးတာနဲ့ တစ်ရွာလုံး အိမ်တံခါးပိတ်ပြီးနေကြတာကိုး”
“ ဟုတ်တယ်ဗျ… လပြည့်လကွယ်နေ့တွေဆိုရင် ပုလဲလုံးဝမ်းဆက်ဝတ်ပြီး ရွာလမ်းတွေပေါ်မှာ လမ်းလျောက်နေတာ အတော်များများမြင်ဖူးကြတယ်”
အောင်မြတ်သာနဲ့ အိမ်ရှင်လူကြီးတို့ စကားကောင်းနေတဲ့အချိန် ရွာအနောက်ပိုင်းကနေ အလန့်တကြားအော်ဟစ်တဲ့အသံတစ်ခု ထွက်လာခဲ့တယ်။
“ ဟိုသရဲမ မွှေပြန်ပြီထင်တယ်… ဆရာတို့ရောက်တုန်းလေး သွားကြည့်ပေးပါလို့ တောင်းဆိုပါတယ်”
“ ရပါတယ်… ကျုပ်တို့သွားကြည့်ပေးမယ်၊ ခင်ဗျားလဲလိုက်ခဲ့လေ၊ လူခံရှိတော့ပိုအဆင်ပြေတာပေါ့”
အိမ်ရှင်လူကြီးလဲ ချွေးစိုနေတဲ့အင်္ကျီကို မချွတ်နိုင်ပဲ အောင်မြတ်သာတို့နဲ့အတူ အသံကြားတဲ့ဘက်ကို လိုက်ပါလာခဲ့တယ်။
“ ဟေ့ မစောရင် ဘယ်သူ့အိမ်ဖြစ်ပြန်ပီလဲ”
ခြံပြင်ကနေ လှမ်းမေးလိုက်တာကြောင့် အိမ်တံခါးကို လှပ်ပြီးကြည့်နေတဲ့ မိန်းမကြီးက
“ ကိုဘမြင့်အိမ်လို့ထင်တာပဲ…”
“ အေးအေး… ငါသွားကြည့်လိုက်ဦးမယ်”
အိမ်ရှင်လူကြီးလဲ အောင်မြတ်သာတို့ကို ခေါ်ဆောင်ပြီး လမ်းကြားလေးထဲဝင်သွားတဲ့အချိန် ဆံပင်ဖားလျားချထားတဲ့မိန်းမတစ်ယောက် သစ်ပင်အနောက်ကနေ ဖြတ်သွားတာ ရိပ်ခနဲ မြင်လိုက်ရတယ်။
“ ဆရာ… မြင်လိုက်လား”
“ အင်း… မြင်လိုက်တယ်၊ သူက ဒီနေရာကို အတော် ကျွမ်းကျင်နေပီထင်တယ်၊ အခုတော့ အသံကြားတဲ့အိမ်ကိုအရင်သွားကြရအောင်”
အောင်မြတ်သာတို့ရောက်တော့ အသက်နှစ်ဆယ်အရွယ်ကောင်မလေးတစ်ယောက် မျက်ဖြူလန်ကာ အမောဖောက်နေတာကို မြင်လိုက်ရတယ်။
“ ကိုဘမြင့်… ဘယ်လိုဖြစ်တာလဲ”
“ ငါလဲမသိဘူး သန်းအောင်ရာ… ထမင်းစားနေတုန်း အိမ်အနောက်က အော်သံကြားလို့သွားကြည့်တာ အခုလိုဖြစ်နေတာပဲ”
“ ဆရာ… ဒီကောင်မလေးကို ကြည့်ပေးပါဦး”
အောင်မြတ်သာလဲ မျက်ဖြူလန်နေတဲ့ ကောင်မလေးကို သင့်တင့်တဲ့ နေရာမှချခိုင်းပြီး ဦးခေါင်းထက်ကို လက်နဲ့အုပ်ကာ
“ မိစ္ဆာနာနာဘာဝ၊ အစိမ်းသရဲတို့၏ ခြောက်လှန့်ပူးကပ်မှုကြောင့်ယခုလိုဝေဒနာခံစားနေရပါက မိမွေးတိုင်းဖမွေးတိုင်း အတိုင်းဖြစ်စေ” လို့အမိန့်ပြန်လိုက်ရာ မျက်ဖြူလန်နေတဲ့ ကောင်မလေးက ဆတ်ခနဲတွန့်တက်သွားပြီး အလန့်တကြားငိုပါလေရော။
အားရပါးရငိုပြီး ရပ်သွားတော့မှ အောင်မြတ်သာက
“ ဘာမြင်လိုက်တယ်ဆိုတာ ဆရာတို့ကိုပြောပြပေးလို့ရလား” လို့မေးလိုက်ရာ ကြောက်တဲ့စိတ်နဲ့တုန်ရီနေတဲ့ကောင်မလေးက အိမ်နောက်ဖေးကို လက်ညိုးထိုးပြီး
“ အဖေတို့ထမင်းစားပြီးရင် ပန်းကန်ဆေးဖို့ ရေစည်ထဲကနေ ရေခပ်နေတဲ့အချိန် မျက်နှာကို ဆံပင်စတွေလာစင်လို့ လှည့်ကြည့်လိုက်တာ ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့မျက်နှာကြီးက သွားဖြဲပြီးရယ်ပြနေတာ.. သမီးလဲ ရုတ်တရက်မို့ အသံတောင်မထွက်နိုင်ပဲ လဲကျသွားတဲ့အချိန် အဲဒီမိန်းမက သမီးအနားတိုးလာပြီး သူအိမ်ပြန်ချင်တယ်ဆိုပြီးပြောတာ၊ အဲဒီနောက်ပိုင်း သမီးအော်လိုက်တာပဲ မှတ်မိတော့တယ်”
“ ဘာမှမဖြစ်တော့ဘူးနော် စိတ်အေးအေးထားလိုက်၊ ဆရာတို့လဲသမီးအတွက် အဆောင်လုပ်ပေးခဲ့ပါမယ်”
အောင်မြတ်သာလဲ ခြောက်လှန့်ခံထိတဲ့ကောင်မလေးအတွက် သိမ်ဝင်ပရိတ်ကြိုးကို ကိုးခေါက်ခေါက်ပြီး လက်မှာပတ်ပေးရင်း အိမ်ရှေ့ကိုအမှတ်မထင် လှမ်းကြည့်လိုက်ရာ ရပ်ကြည့်နေတဲ့ လူတွေကြားထဲမှာ အတါဖျော့ရောင်ပုလဲလုံးဝမ်းဆက်ဝတ်ဆင်ထားတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။
+++++
“ ဆရာတို့မြင်ပြီမဟုတ်လား… ဒီသရဲမ အခုလိုလုပ်နေတာ အတော်ကြာပြီ”
ကွမ်းယာနေရင်းလှမ်းပြောလိုက်တဲ့ အိမ်ရှင်လူကြီးရဲ့ စကားကြောင့် ရေနွေးကြမ်းသောက်နေတဲ့ အောင်မြတ်သာက
“ ကျုပ်လဲ ဒီမိန်းမကိုမြင်လိုက်ပါတယ်… သူကအမြဲတမ်းပုလဲလုံးဝမ်းဆက်ဝတ်ထားတာ မဟ်ယုတ်လား”
“ ဟုတ်တယ်ဆရာ… ခြောက်ခံထိတဲ့သူတိုင်းပြောတာကလဲ ပုလဲလုံးဝမ်းဆက်ဝတ်ထားတာတဲ့”
“ ညဦးပိုင်းက ခြောက်ခံထိတဲ့ ကောင်မလေးပြောတဲ့စကားထဲမှာ သူအိမ်ပြန်ချင်တယ်လို့ပြောတယ်ဆိုပဲ၊ ဒါကိုကြည့်ခြင်းအားဖြင့် ဒီသရဲမက ဒီရွာမှာသေတဲ့သူမဟုတ်ဘူး”
“ ဆရာပြောမှ သတိထားမိတယ်၊ ဖိုးကတုံးနဲ့ ကြွက်နီတို့ခြောက်ခံထိတုန်းကလဲ သူ့ကိုအိမ်ပြန်ခေါ်သွားမယ်မဟုတ်လားဆိုပြီးပြောတယ်တဲ့”
“ ဒါဆို ဒီသရဲမက ရွာထဲကို အကြောင်းတစ်ခုခုကြောင့်ရောက်လာပြီး ပြန်ထွက်လို့မရတာဖြစ်မယ်”
“ ဆရာတို့ မောင်းထုတ်နိုင်ရင် မောင်းထုတ်ပေးပါဗျာ၊ ရှေ့လထဲ ညဘက်ရေသွင်းဖို့ ရှိသေးတယ်၊ အဲလိုမှမသွင်းရဘူးဆိုရင် စပါးခင်းတွေ အကုန်ပျက်ကုန်မှာ”
“ သိပ်လဲစိတ်မပူပါနဲ့… တစ်ရက်နှစ်ရက်အတွင်း ဒီကိစ္စကို ဖြေရှင်းပေးပါ့မယ်”
အောင်မြတ်သာရဲ့စကားကြောင့် အိမ်ပိုင်ရှင် လူကြီးရဲ့မျက်နှာက အပြုံးရိပ်တွေသမ်းလာပြီး နေကျပ်တဲ့အရိပ်ယောင်တွေပေါ်လာခဲ့တယ်။
+++++
ရေနံဆီမီးအိမ်အလင်းရောင် မှိန်ပြပြက တစ်အိမ်လုံးမြင်ရတဲ့အထိ ဖြန့်ကျက်နေခဲ့တယ်။ အလုပ်ပင်ပန်းတာကြောင့် အိပ်မောကျနေတဲ့ အိမ်ပိုင်ရှင်လူကြီးရဲ့ ဟောက်သံက စည်းချက်ညီညီ ထွက်ပေါ်နေတဲ့အချိန် အောင်မြတ်သာက အိပ်နေရာကနေ အသာထပြီး
“ မောင်ကောင်း၊ ခွန်းလှ… ငါနဲ့လိုက်ခဲ့” လို့ပြောကာ အိမ်အောက်ကိုအသာလေးဆင်းလာခဲ့လိုက်တယ်။ ဆရာတပည့်သုံးယောက် ခြံပြင်ကိုရောက်တော့ ရွာအနောက်ပိုင်းကနေ စူးစူးဝါးဝါးထွက်လာတဲ့ ခွေးအူသံ။
“ ဆရာ … ဘယ်သွားမလို့လဲ”
“ ရွာထိပ်က သပြေပင်ကိုသွားမလို့…ဟိုရောက်ရင် ဒီသရဲမအကြောင်းတစ်ခုခုသိမယ်ထင်တယ်”
အောင်မြတ်သာတို့လဲ လရောင်ကို အားပြုပြီး ရွာထိပ်ကသပြေပင်ရှိတဲ့ဘက်ကိုထွက်လာခဲ့ရာ အပင်အောက်ကိုရောက်တော့ ပင်စည်ကို လက်နဲ့ခေါက်ပြီး
“ သပြေပင်မှာနေထိုင်ကြတဲ့ ပုဂ္ရိုလ်တွေထဲက သက်တမ်းအကြာဆုံးပုဂ္ဂိုလ် ကျုပ်ရှေ့ကို ရောက်စေ” လို့ပြောလိုက်ရာ တောင်ဘက်စွန်းစွန်းမှာ ထွက်နေတဲ့ သပြေကိုင်းက လေမတိုက်ပဲ လှုပ်ခါလာပြီး သာမန်လူသုံးယောက် ပူးကပ်ထားတဲ့အရွယ်ရှိတဲ့ လူမဲမဲဝဝကြီး ခုန်ဆင်းလာခဲ့တယ်။
“ သင်က သပြေပင်မှာနေတဲ့ကာလအကြာဆုံးသူလား”
“ ဟုတ်တယ်… ငါက ဒီမှာနေတာ နှစ်၇၀ရှိပြီ၊ ဘာလို့ ငါ့ကိုမှရွေးခေါ်ရတာလဲ”
“ သင့်ကိုမေးစရာရှိလို့ ခေါ်လိုက်တာပါ… သင်က သပြေပင်မှာနေတာကြာပြီဆိုတော့ ရွာထဲမှာ ဖြစ်နေတဲ့ကိစ္စတွေကို သိလောက်မှာပေါ့”
“ ဟိုကောင်မ ကိစ္စကိုပြောတာလား”
“ ဟုတ်တယ်… သူက ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ”
“ ငါလဲ အတိအကျမသိဘူး… အဲဒီကောင်မက ငါတို့ကိုတောင် အဖက်လုပ်တာမဟုတ်ဘူး”
“ သင့်လို ဗိမ္မာန်ရှိတဲ့သူကိုတောင် ဂရုမစိုက်ဘူးဆိုတော့ သူ့ကိုမောင်းထုတ်နိုင်မယ့်သူ ရွာမှာမရှိဘူးဆိုတဲ့သဘောပေါ့”
“ ငါတို့က ဒီအပင်အရိပ်ကျတဲ့နေရာထိပဲသွားလို့ရပေမယ့် ဒီကောင်မက တစ်ရွာလုံး လှည့်ပတ်သွားနေတာ၊ နယ်ပိုင်ကွင်းပိုင်တွေကလဲ ဘာမှမပြောဘူးဆိုတော့ ငါလဲ မသိသလိုနေပြီး လွှတ်ထားလိုက်ရတာ”
“ ဒီလောက်သိရတာကျေနပ်ပါတယ်၊ သင်လဲ ကိုယ့်နေရာကိုယ်ပြန်နိုင်ပါပြီ”
အောင်မြတ်သာ ခွင့်ပြုလိုက်တာနဲ့ မဲမဲဝဝပုဂ္ဂိုလ်က သပြေပင်ပေါ်ကို ကြောင်တစ်ကောင်လိုခုန်တက်ပြီး ပျောက်ကွယ်သွားခဲ့တယ်။
အိမ်ပြန်ရောက်တော့ အောင်မြတ်သာက ချက်ချင်းမအိပ်သေးပဲ တရားထိုင်နေတဲ့အချိန်
“ လက်ရှိကြုံနေတဲ့ပြဿနာကို တိုက်ကြက်စမသုံးပြီး ဖြေရှင်းပါ၊ ဒီနည်းလမ်းသုံးတဲ့အခါ လူအများရဲ့ရှေ့မှောက်မှာ ထင်သာမြင်သာရှိအောင်လုပ်ပါ” ဆိုတဲ့အသံကို ပီပီသသကြီးကြားလိုက်ရတယ်။
အောင်မြတ်သာလဲ တရားဖြတ်တာနဲ့ စမအက္ခရာတွေကိုကြက်တစ်ကောင်နဲ့တူအောင်ရေးဆွဲပြီး အသက်သွင်းကာ အသင့်ဆောင်ထားလိုက်တယ်။
မနက်မိုးလင်းတော့ အိမ်ရှင်လူကြီးကို အကျိုးကြောင်းပြောပြီး ခွပ်လက်မထိုးရသေးတဲ့ ကြက်ဖတစ်ကောင်ရှာစေခဲ့တယ်။ ကြက်ဖရတာနဲ့ တစ်ကိုယ်လုံးကို တရော်ကင်မွန်းပေး၊ ဆေးကြောပြီး တိုက်ကြက်စမကို ပြာချကာ ခြေထောက်မှာ ကြိုးနဲ့ချည်ထားပေးလိုက်တယ်။
အားလုံး လုပ်သင့်တာလုပ်ပြီးချိန်မှာတော့ ရွာလူကြီးအချို့ရှေ့မှောက်မှာတင် ကြက်ဖကိုလွှတ်ချပေးလိုက်တယ်။
“ ဆရာ… ကျွန်တော်တို့ ကြက်ဖနောက်လိုက်ရမှာလား”
“ ဟုတ်တယ်… သူယက်တဲ့နေရာကို တူးကြည့် ထူးခြားတာတွေ့လိမ့်မယ်”
ရွာခံလူတွေလဲ ကြက်ဖသွားတဲ့နောက်ကို လိုက်ကြရာ ဦးတိုးကြီးအိမ်အနောက်က ဗန်ဒါပင်အောက်ကို ယက်နေတာမြင်လိုက်ရတယ်။
“ ဒါ ဒါ ဖိုးကတုံးတို့ခြောက်ခံထိတဲ့နေရာပဲ”
“ ဒီမှာ တစ်ခုခုရှိနေပြီထင်တယ်…”
လိုက်ကြည့်ကြတဲ့လူတွေရဲ့ စကားသံကြောင့် စိတ်မြန်လက်မြန်ရှိတဲ့ ရွာခံအချို့က ဗန်ဒါပင်အောက်ကို တူးကြည့်ရာ အဝါရောင် ပုလဲလုံးအဝတ်နဲ့ လုံးထွေးနေတဲ့ အရိုးတစ်ချောင်း ထွက်လာခဲ့တယ်။
ရွာခံတွေအားလုံးလဲ မြင်ရတဲ့ အရာကြောင့် ဟာခနဲ ဟင်ခနဲဖြစ်သွားကြသလို အောင်မြတ်သာတို့ကို ချီးကျုးတဲ့အသံတွေ ထွက်လာခဲ့တယ်။
ကြက်ဖလေးကလဲ အရိုးချောင်းထွက်လာပြီးတာနဲ့ တောင်ပံနှစ်ဖက်ကိုဖြန့်ကာ နောက်တစ်နေရာကို ပြေးပါလေရော။ လူတွေကလဲ ကြက်ဖသွားတဲ့နောက်ကို လိုက်ကြရာ မြေစာတွေပုံထားတဲ့ နေရာတစ်ခုဆီကိုရောက်လာခဲ့တယ်။ အဲဒီနေရာကို ထပ်တူးကြည့်ရာ အရိုးကျနေတဲ့ ဦးခေါင်းခွံတစ်ခု ထပ်ထွက်လာခဲ့တယ်။
ဒီလိုနဲ့ ရှစ်နေရာတိတိတူးပြီးတဲ့အခါမှာတော့ ကြက်ဖက ဘယ်မှထပ်မသွားတော့ပဲ အောင်မြတ်သာအနားကိုလာကာ တဂွတ်ဂွတ်နဲ့ အော်ပါလေရော။
ရွာခံတွေလဲ တူးလို့ထွက်လာတဲ့အရိုးတွေကိုစုလိုက်ရာ လူတစ်ကိုယ်စာပုံဖော်လို့ရနိုင်တဲ့အထိ ဖြစ်သွားခဲ့တယ်။
ဒါပေမယ့် ဒီအရိုးစုတွေက ဘယ်လိုဖြစ်ပြီး တစ်ရွာလုံးပြန့်ကျဲနေတာလဲ၊ ဘယ်သူက အခုလို အလောင်းကို တစ်စစီ လုပ်ထားတာလဲဆိုတဲ့ မေးခွန်းတွေက ကြွက်စိကြွက်စိထွက်လာခဲ့တယ်။ အဲဒီအချိန် လူအုပ်ထဲမှာရှိနေတဲ့ ကောင်လေးတစ်ယောက်က မျက်နှာကို လက်ဝါးနဲ့အုပ်ကာ ရှိုက်ကြီးတငင်ငိုပါလေရော။
“ ဟိတ်… မောင်နိုင်ထွန်း… ဘာလို့ငိုနေတာလဲ”
“ ငါ မောင်နိုင်ထွန်း မဟုတ်ဘူး…. ငါ့နာမည် မြပုလဲသွယ် အဟင့်အဟင့်”
ယောင်္ကျားလေးဆီကနေ မိန်းမအသံထွက်လာတာကြောင့် ရပ်ကြည့်နေတဲ့သူတွေအားလုံး အံ့အားသင့်သွားခဲ့ရတယ်။
“ နင်က မြပုလဲသွယ်လား”
အောင်မြတ်သာရဲ့အသံကြောင့် ငိုနေတဲ့ကောင်လေးက မျက်ထောင့်နီနဲ့ လှမ်းကြည့်ပြီး
“ ဟုတ်တယ်… ငါနာမည် မြပုလဲသွယ်”
“ ဒီအရိုးတွေက နင်ခန္ဓာကိုယ်အပိုင်းအစပေါ့”
“ သူတို့တွေငါ့ကို မသေပဲမြုပ်ပစ်ခဲ့ကြတယ်… ငါအကုန်လုံးသိနေပေမယ့် ဘာမှမလုပ်နိုင်ခဲ့ဘူး… ငါအိမ်ပြန်ချင်တယ်… ငါ့ကိုအိမ်ပြန်ပို့ပေးပါ”
“ နင်ကို ဘယ်သူတွေ မြေမြုပ်ခဲ့ကြတာလဲ”
“ ငါမသိဘူး… ငါမမှတ်မိဘူး…ငါနေတဲ့ ရွာထိပ်မှာ ကရမက်ပင်တစ်ပင်ရှိတာပဲသိတယ်”
“ ကရမက်ပင် ဟုတ်လား… ဒီအနီးတစ်ဝိုက်မှာ ကရမက်ပင်မှမရှိတာ… တစ်ခုခုလွဲနေပြီထင်တယ်”
“ ကရမက်ပင်ဆိုတာ မြင်တောင်မမြင်ဖူးဖူးလေ”
ရွာခံတွေရဲ့စကားကြောင့် အောင်မြတ်သာ မျက်မှောင်ကျုံ့လိုက်ပြီး
“ မဟုတ်သေးဘူး… သူပြောတာတွေက အမှန်ဖြစ်နိုင်တယ်၊ ကရမက်ပင်ရှိတဲ့ရွာကို ဘယ်သူသိကြသေးလဲ” လို့မေးလိုက်ရာ လူအုပ်ရဲ့အနောက်ကနေ အသက်၆၀အရွယ် လူကြီးတစ်ယောက် ထွက်လာခဲ့တယ်။
“ သူပြောတဲ့ရွာက ယက်ကန်းစင်ရွာများဖြစ်နေမလား”
“ အဘပြောတဲ့ ယက်ကန်းစင်ရွာဆိုတာ ကြားတောင်မကြားဖူးဖူး”
“ ဒီအနီးနားမှာ မရှိဘူးထင်တယ်နော်”
“ ယက်ကန်းစင်ရွာဆိုတာ ဒီကနေ လေးနာရီလောက် သွားရတယ်ကွယ့်… အဘတို့အသက်၃၀လောက်က တစ်ခါရောက်ဖူးတယ်၊ ရွာထိပ်မှာ လူတစ်ဖောင်စာလောက်မြင့်တဲ့ ကရမက်ပင်တစ်ပင်ရှိတာမြင်ဖူးတယ်”
“ ဟုတ်လား… မြပုလဲသွယ် နင်နေတဲ့ရွာက ယက်ကန်းစင်ရွာလား”
“ အီး ဟီး ဟီး… အဲဒါငါ့ရွာပဲ… ငါ့ကိုရွာပြန်ပို့ပေးပါ”
“ အခုလောလောဆယ် ရွာလူကြီးတွေက ယက်ကန်းစင်ရွာကိုလူလွှတ်ပြီး မြပုလဲသွယ်ဆိုတဲ့ မိန်းကလေး ရွာမှာရှိမရှိ စုံစမ်းပေးပါ”
အောင်မြတ်သာစကားကြောင့် ရွာခံလူတွေက ချက်ချင်းဆိုသလို ယက်ကန်းစင်ရွာကို လူလွှတ်ပေးခဲ့တယ်။
အောင်မြတ်သာလဲ မြပုလဲသွယ်ရဲ့ ဝိဉာဉ်ကို ပူးကပ်နေသူရဲ့ကိုယ်ကနေ ဖယ်ခိုင်းပြီး နေရာတစ်ခုပေးကာ ခေတ္တချုပ်နှောင်ထားလိုက်တယ်။
ညနေစောင်းတော့ ယက်ကမ်းစင်ရွာကလူတွေ ရောက်ချလာပြီး အရိုးစုနဲ့ဘေးမှာပုံထားတဲ့ အဝတ်စအချို့ကိုကြည့်ကာ
“ ဒီကလေးမက ရွာကနေ ပျောက်သွားတာ နှစ်နှစ်ကျော်ပြီ၊ သူပျောက်သွားတုန်းကလဲ ပုလဲလုံးဝမ်းဆက်နဲ့ပဲ” လို့ပြောခဲ့တယ်။
ကောင်မလေးရဲ့ မိဘတွေကတော့ သူတို့သမီးကို အခုလိုအဖြစ်မျိုးနဲ့ပြန်မြင်ရတဲ့အတွက် ယူကြုံးမရ ဖြစ်ကာ တငိုငိုတရီရီဖြစ်နေတာကြောင့် အတော်ကိုဖျောင်းဖျနားချပေးခဲ့ရတယ်။
အောင်မြတ်သာတို့လဲ အရိုးစုတွေကို မိဘတွေဆီပြန်အပ်ခဲ့ပေမယ့် ဒီအရိုးစုတွေက ဘယ်လိုကြောင့် ကျီးအာရွာထဲကိုရောက်နေရတာလဲ၊ ဒီကောင်မလေးကို ဘယ်သူသတ်တာလဲဆိုတဲ့ အတွေးတွေက ရွာခံတွေစိတ်ထဲမှာ တထင့်ထင့်စွဲကျန်နေခဲ့တယ်။
+++++
“ ကျွန်တော်အထင်ပြောရရင် မြပုလဲသွယ်ဆိုတဲ့ ကောင်မလေးက သူ့ခန္ဓာကိုယ်ကို စွဲလမ်းပြီး ရွာထဲကိုရောက်လာတာဖြစ်ရမယ်… ဒါကြောင့် အရိုးအပိုင်းအစတွေရှိတဲ့နေရာတိုင်း သူသွားလို့ရနေတာ”
ခွန်းလှစကားကြောင့် အနားမှာရှိနေတဲ့ ကျီးအာရွာသားတွေက လက်ခံတဲ့ဟန်နဲ့ ဟုတ်မှန်ကြောင်းထောက်ခံခဲ့ကြတယ်။
“ ဒါဆို အရိုးတွေက ဘယ်လိုဖြစ်ပြီး ရွာထဲရောက်နေရတာလဲ”
“ ဒါတော့စဉ်းစားစရာပဲ”
မောင်ကောင်းနဲ့ ခွန်းလှတို့နှစ်ယောက် ရွာသားတွေနဲ့စကားကောင်းနေတဲ့အချိန်
“ ဗျို့ … ဘကြီးစံရင်… မြေနီတွေယူဦးမလား” ဆိုတဲ့အသံကြောင့် ကြည့်လိုက်ရာ ထော်လာဂျီအစုတ်ကိုတဒုတ်ဒုတ်နဲ့ မောင်းနှင်လာတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ ဘယ်သူများလဲလို့ ဝင်းခိုင် ဖြစ်နေပါလား… မင်းအခုဘာလုပ်နေလဲ”
“ ကျေးရွာချင်းဆက်လမ်းတွေဖောက်တဲ့နေရာမှာ လုပ်နေတာ၊ လွန်ခဲ့တဲ့ ငါးလလောက်ကတောင် ကျွန်တော် မြေနီတွေ လာပို့ပေးသေးတယ်လေဗျာ”
“ အေး မှတ်မိပြီ… အခုရော အဲမှာလုပ်တုန်းပဲလား”
“ ဟုတ်တယ် ဘကြီး.. မြေနီတွေလိုရင်လဲပြောဦးနော်… ဆီဖိုးပဲပေး ကျွန်တော်လာပို့ပေးမယ်”
ဝင်းခိုင်က သူ့ထော်လာဂျီအစုတ်ကို အသံမျိုးစုံထွက်အောင် မောင်းထွက်သွားတဲ့အချိန် အနောက်အဖုံးကြားထဲမှာ ဆွေးမြေ့နေတဲ့ အဝါဖျော့ရောင်ပုလဲလုံးပိတ်စလေးတစ်ခု ညှပ်ပါနေတာကို ဘယ်သူမှသတိမထားမိခဲ့ကြပေ။
++++++
အောင်မြတ်သာတို့လဲ ကျီးအာရွာမှာ တစ်ပတ်လောက်နေပြီး မိမိတို့ရဲ့ လုပ်ငန်းစဉ်အတိုင်း ခရီးဆက်ထွက်ခဲ့ကြတယ်။ ဒီတစ်ခါမှာတော့ စီးပွားပျက်၊ ဘဝပျက်အောင် ပြုလုပ်ထားတဲ့ မိသားစုပြဿနာတစ်ခုကို ဖြေရှင်းပေးခဲ့ရတယ်။
ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့် ရာသီသွေးအတိုက်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
Leave a Reply