ငရဲမီးထက်ပိုသော

 

ဒါနဲ့ စာအုပ်ကို ချပြီး မတ်တတ် ထရပ်လိုက်သည်။
ထိုအခါ လှေကားတက်၌ မည်သူ့ကိုမျှ မတွေ့ရ၍

” ဟင်! ဘယ်မှာလဲ ဖိုးသားက။ လှေကားတက်မှာ ဘယ်သူမှလဲ မရှိပါလား ။ အမေ အမြင်မှားတာနဲ့ တူပါရဲ့ ”

ဟုသာ ကြောင်စီစီ တွေးလိုက်မိသည်။

အမေက ပဲလှော်ကြော်ဖန်ဘူး ယူလာပြီး ထွက်လာ၏။

လ္ဘက်ခွက်ထဲ ပဲလှော်ကြော် လက်တဆုပ် ပစ်ထည့်လိုက်ပြီး ၊

” ဟဲ့ … နင့်တူ ဖိုးသား ဘယ်ရောက်သွားတုန်း ၊ ပြန်သွားတာလား မြင့်အောင် ”

” အမေ့အသံကြားလို့ ကျနော် ထကြည့်တာ ၊ ဘယ်သူမှ မတွေ့ပါဘူး အမေရယ် ၊ ဖိုးသားဖြင့် ရောက်မှ မလာပဲနဲ့ အမေရာ ”

ထိုအခါ ဒေါ်မြတင်က ဘောက်ဆတ်ဆတ်လေသံဖြင့် …

” ဟဲ့ အော် … ။ ငါက အဲ့သလောက် မျက်စိ မမှုန်ပါဘူး မြင့်အောင်ရဲ့ ။

ခုနလေးတင် ဖိုးသားကို လှေကားတက်မှာ ငူငူငိုင်ငိုင်ကြီး ထိုင်နေတာ ငါ အတွေ့သား ။

နင်က စာအုပ်ဖတ်နေလို့ အသေအချာ မမြင်လိုက်တာပဲ နေလိမ့်မယ် ၊

ကောင်ကလေးတော့ သူ့အိမ်နဲ့ ရန်ဖြစ်လာတယ်ထင်တယ် ၊ စိတ်လက်မကြည်သာလို့များ တနေရာရာကို ထွက်သွားတာလား ”

ကိုမြင့်အောင်က သူ့ခေါင်းကို အသာဖွရင်း ၊

” ဘယ့်နှယ် အမေရယ်။ ဘာဖြစ်လို့ ကျနော်က အသေအချာ မကြည့်ရမှာလဲ၊ ကျနော် အမေ ရေခံပြင်ဘက် ထွက်သွားတော့ ချက်ချင်း ထကြည့်တာပဲ။

လှေကားတက်မှာ ဘယ်သူမှ ရှိမနေဘူး။ ပြန်သွားတယ်ဆိုရင်တောင် ကျနော် မြင်လိုက်ရမှာပေါ့ အမေရ။

အခုထိ ခြံထဲကနေ ဘယ်သူမှ ထွက်မသွားသေးတာ အသေအချာပဲ ။ အမေသာ အမြင်မှားတာ နေမှာ”

ဒေါ်မြတင်က ဇဝေဇဝါ ဖြစ်သွားပြီး

” ဟေ! ဟုတ်သလား ။ အမေတော့ ခုနက အသေအချာ မြင်လိုက်သလားလို့ ၊ ဒီကလေး ဒီနေ့ တနေ့လုံး ပေါ်မလာဘူး ။
နေများ မကောင်းဖြစ်ရော့လားကွယ် ၊ ငါ သူ့အိမ် သွားမေးဦးမှနဲ့တူတယ် ”

” ဟာ အမေကလဲ ၊ မှောင်နေပြီဗျ။ အမေက မျက်လုံးလဲ ကောင်းတာမဟုတ်ဘူး ။ မနက်မှပဲ သွားပါ ”

” ဟဲ့ ကိုယ်ရွာထဲ လမ်းတွေ၊ မျက်စိမှိတ်သွားတောင်ရတယ် ။ ငါ ငါ့မြေး တခုခု ဖြစ်တယ်ထင်လို့ စိုးရိမ်ပြီး သွားမေးမလို့ပါ ။ ဒီနေ့ တညနေလုံး ညာဘက် မျက်စက တလှုပ်လှုပ်နဲ့ ၊ စိတ်ကလဲ လေးနေသကွယ် ။ မဖြစ်ဘူး မဖြစ်ဘူး ငါ သွားမေးလိုက်ပါအုံးမယ် ”

ဒေါ် မြတင်က အသက်ကသာ၆၀ကျော်။ လူက လူငယ်တွေလိုပဲ။ စိတ်မြန်လက်မြန်ရယ်။ အခုဆို အခုမှ။

အဲ့ဒီတော့ ကိုမြင့်အောင်လည်း ဘယ်ထိုင်နေနိုင်တော့မှာတုန်း။

သူ့အမေနဲ့အတူ ထလိုက်ခဲ့ရတော့တာပေါ့။

အမေတခု သားတခု ။ လူပျိုကြီး ကိုမြင့်အောင်ကား အသက်၄၀ကျော်ပြီ ဖြစ်သည်။

ရွာလမ်းဆိုတာ မြို့ပေါ်လို ကတ္တရာလမ်းတို့ ကွန်ကရစ်လမ်းတို့ မဟုတ်ဘူး။ မြေသားလမ်း။

ညီညာပြန့်ပြူးတဲ့နေရာရှိသလို၊ ချိုင့်တွေကမူတွေ ပေါတဲ့နေရာလည်းရှိသည်။

အဓိကက ကိုယ့်အိမ်ရှေ့က လမ်းကိုတောင် မပြင်ချင်တဲ့ တဘို့တည်းသမား အတ္တကြီးတဲ့သူရဲ့ အိမ်ရှေ့ဆိုရင် အဝီဇိထိအောင် နက်တဲ့ ချိုင့် ဖြစ်ပလေ့စေ။ ပြုတ်ကျချင်သူ ပြုတ်ကျပလေ့စေ၊ ပေလျာကန် ပစ်ထားလေ့ရှိ၏။

ရွာလူကြီး အဆက်ဆက်ဆိုတာကလည်း ဘယ်တော့မှ လမ်းပေါ်ချိန်ဆို လမ်းကို မပြင်။ မြို့ကလာတဲ့ အုပ်ချုပ်ရေးအာဏာပိုင်ကိုသာ မျှော်နေတတ်ကြ၏။

ထားတော့ ရွာလူကြီးအကြောင်းတော့ ပြောကို မပြောချင်။

ယခုလည်း ဒေါ်မြတင်နှင့် မြင့်အောင်တို့ သားအမိသည် ဗွက်ထူ ချိုင့်ထူသည့် ရွာလယ်လမ်းကို ရှောင်၍ စာသင်ကျောင်းလမ်းဘက်က လျှောက်လာခဲ့ကြသည်။

စာသင်ကျောင်းဘက်လမ်းက လူပြတ်၏။ပို၍လည်း ခရီးဝေး၏။

ဒီလိုနဲ့ စာသင်ကျောင်းကို မရောက်မီ ရေတွင်းကုန်းဟောင်း အရောက်မှာ မြင့်အောင် စိတ်ထဲ မသင်္ကာ၍ အနောက်သို့ မကြာခဏ လည်ပြန် စောင်းငဲ့ကြည့်မိသည်။

သူတို့သားအမိ အနောက်ကနေ လူတယောက်ယောက် လိုက်လာသည်ဟု ခံစားနေရ၍ ထိုသို့ လှည့်ကြည့်နေမိခြင်း ဖြစ်၏။

ဒေါ်မြတင်က သူ့သား မကြာခဏ လည်ပြန်ငဲ့စောင်းကြည့်နေသည့်အတွက် …

” မြင့်အောင် နင်ဟာ ရှေ့ သေချာမကြည့်ပဲ ။ အနောက်ကို ဘာလို့ ခဏခဏ ကြည့်နေရတာလဲ ၊ ရှေ့ကြည့်လျှောက်စမ်း ”

ဒေါ်မြတင်၏ ခပ်ငေါက်ငေါက်လေသံကြောင့် …

မြင့်အောင်က သူ့အမေကို ခပ်တိုးတိုး ပြောလိုက်သည်။

” အမေ … အမေ့နားထဲ ကျနော်တို့ အနောက်ကနေ ကပ်လျှောက်လာတဲ့ ခြေသံများ မကြားမိဘူးလား ”

မြင့်အောင် စကားကြောင့်၊ ဒေါ်မြတင်ရဲ့ ခြေလှမ်းတွေက တုန့်သွား၏။

အမှန်တော့ သူကိုယ်တိုင်လည်း လာခဲ့သော လမ်းကို ပြန်လှည့်ကြည့်မိသည်။

သားအမိနှစ်ယောက် ရှေ့မဆက်ကြသေးပဲ …

” အေး ငါလည်း အဲ့ဒါ ပြောမလို့ မြင့်အောင်။ တချက်တချက် ဖိနပ်ရှပ်တိုက်သံလိုလို သစ်ရွက် လေလွင့်သံလိုလို ကြားနေရတယ်။ နို့ပေမဲ့ ဒီဘက်လမ်းကို ဒီအချိန် ဘယ်သူလာမှာမို့လဲဆိုပြီး အမေက လှည့်မကြည့်တာ … ”

မြင့်အောင်က သူ့လက်ထဲက ဓာတ်မီးနဲ့ ဟိုဟိုဒီဒီ ထိုးကြည့်သည်။ လမ်းမှာ မည်သူမျှ မရှိ။ ပကတိ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။

” ဟူး … အိမ်က အထွက်ကတည်းက ကျနော် စိတ်ထင့်နေတာ အမေ။ ဟိုကောင်လေး ဖိုးသား တခုခုများ ဖြစ်နေသလားလို့ ”

သားအမိနှစ်ယောက် စကားပြောရင်း ဆက်လျှောက်လာခဲ့ကြသည်။

ဒေါ်မြတင်က ဘာကိုတွေးလိုက်မိသည်မသိ။

သူ့ရင်ဘတ်ကို ဖိ၍ …

” ဘုရား ဘုရား အမေ ထင်တာ လွဲပါစေကွယ်။ ငါ့မြေးဖိုးသားကို နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်ကြပါစေ ”

” အမေက ဘာထင်တာတုန်း ”

ဒေါ်မြတင်က ခေါင်းကိုခါ၏။
ဖွင့်ပြောလိုဟန် မရှိ။

သို့ပေမဲ့ အရိပ်အမြွက် စကားကိုတော့ ပြောလိုက်သည်။

” မင်း ခုနက ကြားရတဲ့ ခြေသံက ဖိုးသား လမ်းလျှောက်တဲ့ အသံနဲ့များ မတူဘူးလား မြင့်အောင် ”

” ဗျာ … အော် … အင်း ခပ်ဆင်ဆင်ပဲ အမေ ။ ဒီကောင်လေး လမ်းလျှောက်ရင် သိပ်ရှပ်တိုက်တာကလား ။ ဟင်! ဒါဖြင့် … ဖိုးသား …. ”

ကိုမြင့်အောင် ချက်ချင်းပဲ ကြက်သီး တဖျန်းဖျန်း ထသွားလေ၏။

ဒေါ်မြတင်က သူ့သားလက်ကို ဆွဲ၍ ခပ်သုတ်သုတ် ခြေလှမ်းများဖြင့် ရွာတောင်ဖျားရှိ ဖိုးသားမိဘများ ဖြစ်သော ကိုတင်ဌေး ၊ မမြသွယ်တို့အိမ်ကို အမြန်လျှောက်လာခဲ့ကြတော့သည်။

ကိုမြင့်အောင်က သူ့လက်ကို လာကိုင်သည့် အမေ့လက်တွေက ဒီတခါ အေးစက်နေပါလားဟု တွေးလိုက်မိသည်။

ပြီးတော့ ကိုမြင့်အောင်ခမျာ အနောက်က ကပ်လိုက်လာသော ခြေသံကို ဆက်တိုက်ဆိုသလို ကြားနေရပေမယ့် လှည့်မကြည့်ရဲတော့ချေ။

_________

အခန်း၃။

ဖိုးသားလေးတို့ အိမ်ခြံဝင်းအတွင်းမှာ မီးချောင်းတွေက လင်းထိန်နေ၏။

ဒီဇယ်ဖြင့် မောင်းရသော မီးစက်ကြီးအသံကလည်း တဒုန်းဒုန်းဖြင့် ဆူညံနေသည်။

လူကြီးလူငယ် လူရွယ်အချို့လည်း စုရုံးရောက်ရှိနေကြသည်။

တချက်တချက် စီခနဲ အော်ဟစ်ငိုလိုက်သည့် အသံကြောင့် သူတို့သားအမိနှစ်ယောက် ခြေလှမ်းများက ​ထိုနေရာဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားမိလိုက်ကြသည်။

ကုတင်တလုံးပေါ်တွင် အဝတ်လွှမ်းထားသော မသာ အလောင်း တလောင်းကို မြင်တွေ့လိုက်ကြသည်။

အလောင်းမှာ မျက်နှာဖေါ်ထား၍ မြင်သာထင်သာ ရှိပါ၏။ ထို့ကြောင့် သူတို့သားအမိ အံဩမှင်သက်သွားကြလေသည်။

” အံမယ်လေး ငါ့မြေး ဖိုးသားလေး ၊ ဘယ်လို ဖြစ်ရတာလဲ ငါ့မြေးရယ် ဟစ်အစ်အီး ”

ဒေါ်မြတင် တင်းထားသမျှ စိတ်ကို ဖြေလျော့လိုက်ဟန်တူ၏။ ဖိုးသားအလောင်းကို တွေ့သည်နှင့် ဟန်မဆောင်နိုင်တော့ချေ။ ချုံးပွဲချ ငိုကြွေးတော့လေ၏။

နောက်တော့ ဖိုးသား သေရသည့်အကြောင်းကို သူ့အမေ မမြသွယ်က ဤသို့ ဇာတ်စုံခင်းလေ၏။

” သားဆိုလို့ ဒီတယောက်ပါတာ အရီးလည်းအသိပဲ။ ကျမတို့ လင်မယားမှာ ချစ်လွန်းလို့ လယ်ထဲလည်း မဆင်းခိုင်းရက်၊ အလုပ်ကြမ်းဆိုလည်း ဘာတခုမှ မလုပ်ခိုင်းပဲ အလိုလိုက်ထားမိတယ်။ သူ့ အစ်မနှစ်ယောက်ကဆို သူတို့စားမယ့် ဝတ်မယ့် လုပ်အားခပိုက်ဆံကို မစားရက် မဝတ်ရက် ဖိုးသားကိုပဲ ပေးကမ်းကြတယ်။ ဒီလောက် အလိုလိုက်ထားတဲ့ကြားကနေ ဒင်းက ကျမတို့နဲ့ မပျော်ပိုက်တော့လို့ အဝေးဆုံးကို ထွက်သွားတာလား မသိပါဘူး အရီးလေးရယ်။ဟစ်အင်အီး ”

မမြသွယ်က ပြောရင်း ငို၏။ ဖိုးသားကို ညနေစာ ထမင်းစားရအောင် အော်ခေါ်တော့ ၊ အခန်းထဲက ထွက်မလာပါတဲ့။ ဒါနဲ့ အစ်မဖြစ်သူ စန္ဒာဝင်းက အပေါ်တက်၍ အခန်းတံခါးကို ဖွင့်ခေါ်သည့်အချိန် ၊ ဖိုးသားက ကြမ်းပေါ်မှာ ပက်လက်ကြီး လဲကျနေတာ တွေ့ရပါသည်တဲ့။ ပါးစပ်က အမြုပ်တစီစီ ထွက်ကျနေပြီး ၊ ကြမ်းပြင်ပေါ်မှာ ပိုးသတ်ဆေးပုလင်းက အဖုံးပွင့်လျက်သား တွေ့ရသတဲ့။

စန္ဒာဝင်းက အလန့်တကြား အော်တော့ တအိမ်သားလုံး အပြေးရောက်လာကြသည်။

အဲ့ဒီအချိန် ဖိုးသားတကိုယ်လုံးက ပြာနှမ်းနေပြီ။ အသက်လည်း မရှုတော့ဟု ဆိုကြ၏။

” ဘယ်အချိန်က ဆုံးတာလဲ၊ မြသွယ်။ ညည်းအေ ငါတို့ကိုတော့ အကြောင်းကြားသင့်တာပေါ့ ”

ဒေါ်မြတင်က ပြစ်တင်ကဲသည့်လေသံနှင့်ဆိုတော့ ကိုမြင့်အောင်က ဝင်ဖါထေးရ၏။

” အမေကလည်း အစ်မမြသွယ်တို့လည်း သားဇောကပ်နေချိန်လေ။ သူ့အပူနဲ့သူ ၊ ဘယ်လို အကြောင်းကြားနိုင်မှာလဲ ။ စဥ်းစဥ်းစားစားလေးလည်း ပြောပါအုံး ”

မမြသွယ်က ငိုရှိုက်နေသဖြင့် ဒေါ်မြတင် အမေးကို မဖြေနိုင်။ စန္ဒာဝင်းကပဲ ဝင်ဖြေ၏။

” ကျမ အိမ်ပေါ်တက်ခေါ်တော့ နာရီကို သတိထားမိတယ် ဖွားလေး ။ ၆နာရီ ၁၀မနစ် ရှိနေပြီ။ အငယ်ကောင်ကို နေစောင်းမှ အိပ်နေသလားလို့တောင် စိတ်ထဲက အပြစ်တင်နေမိသေးတယ်။ ခါတိုင်း သူက ဒီအချိန် အိမ်ကပ်တာမဟုတ်ဘူး ။ ရွာထဲ လည်ကောင်းတုန်းလေ ။ ဒီကနေ့တော့ နေ့လယ် ၃နာရီလောက်ကတည်းက အပေါ်တက်သွားတာ။ ပြန်ဆင်းမလာဘူး။ ကျမက ခါတိုင်းလို ဖုန်းဂိမ်း ကစားနေတယ်ပဲ အောက်မေ့တာ ”

ဒေါ်မြတင်ရော ကိုမြင့်ဆောင်ပါ မျက်လုံးပြူးသွားကြသည်။ သားအမိနှစ်ယောက်စလုံး ကြက်သီး ဖျန်းဖျန်းထသွားကြသည်။

ဒီလိုဆိုရင် သူတို့အိမ်ကို ညနေ ၆နာရီခွဲမှ လာသွားသော ဖိုးသားမှာ သေဆုံးပြီးသော လူတယောက်၏ ဝိဉာဥ် ဖြစ်နေသည်ပေါ့။

ပြီးတော့ သူတို့နောက်က တရှပ်ရှပ်ဟူသော ခြေသံပိုင်ရှင်သည်လည်း ဖိုးသား၏ဝိဉာဥ် ဖြစ်လိမ့်မည်သာ။

ဒေါ်မြတင်သည် သက်ပြင်းချရင်း …

” သူ့မှာ ဘာအပူများ ရှိနေလို့လဲအေ ၊ ညည်းတို့ကလည်း ကလေးအရိပ်အခြေကို အကဲမခတ်မိကြဘူးလား ”

သေသူဖိုးသားအထက်က အစ်မဖြစ်တဲ့ သန္တာဝင်းက ဝင်ဖြေ၏။

” မောင်လေး က ဘာအပူရှိမှာလဲ ဖွားလေးရဲ့ ၊ တအိမ်လုံးက သူ့ကို ရွှေပေါ်မြတင် ထားကြတာလည်း ဖွားလေး အသိသား။ သူလိုတာရှိရင် အဖေတို့ အမေတို့က ဝယ်ပေးနေကြ။ ကျမတို့ကလည်း သူ့အတွက်ဆို ကိုယ်ကမတတ်နိုင်ရင်တောင် အဖေတို့အမေတို့ကို ကူပြီး ပူဆာပေးခဲ့တယ်။ ကိုယ့်မောင်လေး စိတ်ချမ်းသာရင် ပြီးရော မဟုတ်လား ”

ဒါလည်း ဟုတ်သည်။ အစ်မမြသွယ်တို့က အရမ်းချမ်းသာတာ မဟုတ်ပေမယ့် ၊ သောင်သာ၏။ လယ်နဲ့ယာနဲ့ ၊ ခိုင်းနွား တရှဥ်းနဲ့ ။ ပြီးတော့ စန္ဒာဝင်းနဲ့ သန္တာဝင်းတို့ ညီအစ်မနှစ်ယောက်ကလည်း စက်ချုပ်တော့ ကိုယ်ပိုင်ဝင်ငွေ ကိုယ်စီရှိကြသည်။

ကိုမြင့်အောင်က သူ့တူမ သန္တာဝင်း အဖြေကို ခေါင်းငြိမ့် ထောက်ခံရင်း …

” ညည်းတို့ ညီအစ်မနှစ်ယောက် ဖိုးသားကို ချစ်တာ ဦးလေး သိပြီးသားပါ။ အခု ဖိုးသားက ပိုးသတ်ဆေး သောက်သေတယ်ဆိုတော့ သူ့မှာ အတော်ကို စိတ်ဆင်းရဲစရာ ကိစ္စတခုခု ကြုံနေရလို့ ဖြစ်မှာမဟုတ်လား ။ ငါ့စိတ်အထင် … ဖိုးသား လောင်းကစားတွေ ဘာတွေများ လုပ်သလားလို့ပါ ”

ကိုမြင့်အောင်က ဤသို့ တွေးဆပြောခြင်းမှာ အကြောင်းရှိ၏။ တလောလေးကပင် ရွာတောင်ပိုင်းက မနှင်းမြိုင်တယောက် နှလုံးထီကြွေး နစ်နေ၍ ကိုယ့်ကိုယ်ကို သတ်သေသွားသည်မဟုတ်လား။ လောင်းကစားသည် မည်သည့် ထိုးသားကိုမျှ အကျိုးမပေး။ ဒိုင်သာ ချမ်းသာပြီးရင်း ချမ်းသာနေတော့၏။

ဒီတခါ အကြီးမ စန္ဒာဝင်းက ဝင်ဖြေ၏။

” သူ ဘောလုံးပွဲတော့ လောင်းတယ် ဦးလေး၊ ဒါပေမဲ့ အများကြီးမဟုတ်ပါဘူး ။ တထောင်စ နှစ်ထောင်စပါပဲ ။ မောင်းရိုက်တယ်လို့ ပြောတာပဲ။ အလွန်ရှုံး တသောင်းမျိုး နှစ်သောင်းမျိုးပေါ့။ အဲ့သလောက်ငွေအတွက်နဲ့တော့ ကိုယ့်ကိုယ်ကို သတ်သေမယ် မထင်ပါဘူး ဦးလေးရယ် ”

ဒါလည်း ဟုတ်နေတာပဲ။ ဖိုးသားက အဲ့သလောက်တော့ မိုက်မည်မထင်။ ဖိုးသားမှာ အကျင့်တခု ရှိသည်။ ဘာမဆို သူ့အစ်မ အကြီးမ စန္ဒာဝင်းကို ဖွင့်ပြောတိုင်ပင်လေ့ရှိခြင်းပင်။

အခုလည်း အခက်အခဲ တစုံတရာ ရှိနေပါက သူ့အစ်မစန္ဒာဝင်းအား တိုင်ပင်လိမ့်မည်ဟု ကိုမြင့်အောင် တွေးလိုက်မိပြီး …

” နင့်ကိုရော ဖိုးသားက ဒီရက်ပိုင်းမှာ ဘာမှ ဖွင့်ပြောတိုင်ပင်တာမျိုး မလုပ်ဘူးလား စန္ဒာဝင်း ”

စန္ဒာဝင်းက မျက်နှာပျက်သွားသည်။ ပြီးတော့ ညှိုးငယ်သော မျက်နှာဖြင့် ခေါင်းကို ငုံ့လျိုးသွားရှာ၏။ တခဏအကြာ တအိအိနှင့် ရှိုက်ငိုနေရှာ၏။

ကိုမြင့်အောင်က နားမလည်။ ဒါလေး မေးတာနဲ့ ဘာဖြစ်တာလဲပေါ့။

အဲ့ဒီမှာ အငယ်မ သန္တာဝင်းက သူ့အစ်မကိုယ်စား ဝင်ဖြေလိုက်သည်။

” မမက ဟိုရက်ပိုင်းက ဖိုးသားကို နည်းနည်း ဆူလိုက်မိတယ် ဦးလေးရေ။ အဲ့ဒါ ဖိုးသားက မမအပေါ် စိတ်ကွက်ပြီး ဒီကနေ့အထိ စကားမပြောဘူး ။ ဒီကနေ့တော့ မမက သူ့မောင်လေးကို စိတ်ပြေအောင်ချော့မယ်ဆိုပြီး သူ့အကြိုက် ဝက်ကလီစာဆီပြန်ဟင်း ချက်ပေးထားတယ်။ ပြီးတော့ ဖိုးသားသုံးဖို့ဆိုပြီး သူ့လုပ်အားခ ၅သောင်းကို အကုန်ပေးမယ်လို့ ကျမကို ပြောထားတာ။ အခုတော့ … ဦးလေးရယ် အဟင့်ဟင့်ဟီး ”

အကြီးမ စန္ဒာဝင်းရော၊ အငယ်မ သန္တာဝင်းပါ ရွာလယ်က ဦးဖြိုးစက်ချုပ်ဆိုင်မှာ စက်ချုပ်ကြသည်။

ဈေးထည်များ ချုပ်ကြခြင်း ဖြစ်ပြီး ၊ အထည်စား ရကြ၏။

တထည်ပြီးလျင် တထည်ချုပ်ခရ၍ တနေ့ကို ညီအစ်မနှစ်ယောက်ဆိုလျင် အထည် ၂၀အထိ ပြီးကြ၏။

ဦးဖြိုးက အဖိတ်နေ့တိုင်း လုပ်အားခ ရှင်းပေး၏။

ဥပုသ်တပတ်ကို ညီအစ်မနှစ်ယောက်ပေါင်း လုပ်အားခ တသိန်းလောက်အထိ ရကြသည်။

ကိုမြင့်အောင်ခမျာ တူမ နှစ်ယောက်က ငိုနေတော့ ဘာဆက်ပြောရမည်မသိ။

နုတ်ဆိတ်သွားလေ၏။

စန္ဒာဝင်းသည် သူ့မောင် ဖိုးသားကို အရမ်းချစ်ရှာ၏။

ဖိုးသားသည် ယခုအချိန်အထိ သူဝတ်သည့် အဝတ်အစားကို မလျော်ရချေ။

စန္ဒာဝင်းကသာ ဒိုင်ခံ လျှော်ဖွတ် မီးပူတိုက်ပေး၏။ စန္ဒာဝင်းသည် အသက် ၂၃နှစ်ခန့် ရှိမည်ဖြစ်ပြီး၊ အပျိုဖြစ်တဲ့ သူမအတွက်ထက် သူ့မောင်လေးအတွက်သာ အမြဲဦးစားပေးတတ်သူ ဖြစ်သည်။

ဒီလို အရမ်းကောင်းတဲ့ အစ်မက ဆူရုံလောက်နဲ့တော့ ဖိုးသားက သတ်သေသည်မှာလည်း မဖြစ်နိုင်။

ဒီကောင်လေး ဘာကြောင့်သတ်သေရတာလဲဆိုတာ ကိုမြင့်အောင်အတွက် ခေါင်းစားစရာ ပဟေဠိဖြစ်လို့နေတော့သည်။

ငိုရှိုက်နေဆဲ ဖြစ်တဲ့ တူမ စန္ဒာဝင်းကို ဖြေသိမ့်စကားပြောပေးလိုက်ရတော့သည်။

” အေးလေ … သူ့ကုသိုလ်ကံက ဒီလောက်ပဲ ပါလာတော့ ကံကုန်လို့သာ မှတ်ကြရုံပေါ့။ နင်တို့လည်း တတ်နိုင်သမျှ ချစ်ခဲ့ အလိုလိုက်ခဲ့ကြပြီးပြီပဲ။ နင်တို့ မောင်တယောက်အပေါ် အစ်မတာဝန်ထက်မက အမေတယောက်လိုတောင် ကျေကြပါတယ်ကွယ်။ဒီတော့ ဦးလေး ပြောချင်တာက ငိုစရာရှိတာ ငို။ မငိုနဲ့လို့ ဦးလေး မတားပါဘူး။ ဒါပေမဲ့ သေသူရဲ့ ဝိဉာဥ် စိတ်ဆင်းရဲအောင်အထိတော့ မနေကြနဲ့ပေါ့ ။ သူ့ခမျာ နင်တို့ကို ကြည့်ပြီး ၊ အယူလွဲသွားရင် အခက် ”

စန္ဒာဝင်းသည် ကိုမြင့်အောင် စကားဆုံးသွားသည့်အခါ ခေါင်းမော့လာ၏။

ငိုရလွန်း၍ မျက်လုံးများက နီရဲပြီး၊ မျက်ခွံတွေက မို့အစ်နေကြ၏။

စန္ဒာဝင်းက အံကိုကြိတ်၍ ဖြေလိုက်သည်။

” ကျမကြောင့် မောင်လေး … အယူမလွဲစေရပါဘူး ဦးလေးရယ်။ ကျမ ဝမ်းနည်းလို့ ဟစ်အော်ပြီး ငိုချင်တောင် မြိုသိပ်ထားပါ့မယ်ရှင် ”

စန္ဒာဝင်းသည် ထိုသို့ပြောပြီး၊ သူ့မောင် ဖိုးသား၏ အလောင်း ပြင်ထားရာသို့ တရွေ့ရွေ့ ထွက်သွားရှာ၏။

အပူသည်မလေး တူမချော စန္ဒာဝင်းကို လိုက်ကြည့်နေမိရာမှ အလောင်းစင်အနီးက ပုဆိုးကို ခေါင်းမြီးခြုံထားသော အမျိုးသမီးတဦးကို ကိုမြင့်အောင် သတိထားမိသွားသည်။

ထိုအမျိုးသမီးနှင့်အဖေါ်ပါလာသော မိန်းမတဦးက စန္ဒာဝင်း အလောင်းစင်အနီး လှမ်းလာသည်ကို မြင်လိုက်သည်နှင့် ပုဆိုးခြုံထားသူအား တီးတိုးစကား ကပ်ပြောလိုက်သည်။

ထိုအခါ ပုဆိုးခြုံထားသောမိန်းမသည် လူကြားထဲတိုးဝင်၍ ခြံဝိုင်းအပြင်သို့ ထွက်သွားလေ၏။

ကိုမြင့်အောင် စိတ်ထဲ ဘဝင်မကျချင်လှပေ။

ထို့ကြောင့် ဘယ်သူ့မှ မပြောပဲ ထိုမိန်းမနောက်သို့ နောက်ယောင်ခံလိုက်ရန် ဆုံးဖြတ်လိုက်သည်။

အမေ့ကိုတော့ တယောက်ယောက်က အိမ်ပြန်လိုက်ပို့မှာပဲဟုတွေးကာ သူလည်း ခြံအပြင်သို့ ထွက်လာခဲ့လေ၏။

__________

အခန်း၄။

ပုဆိုးကို ခေါင်းမြီးခြုံထားသော မိန်းမသည် ရွာလယ်လမ်းအတိုင်း သွားနေ၏။

ကိုမြင့်အောင်သည် ထိုမိန်းမနောက်ကနေ မယောင်မလည် လိုက်လာခဲ့သည်။

ရွာလယ် ဓမ္မာရုံရောက်ခါနီးတွင် ၊ အနှီမိန်းမသည် နောက်သို့ လည်ပြန်ကြည့်လေ၏။ မှောင်က မှောင်၊ ခေါင်းကို ပုဆိုးခြုံထားသည် ဖြစ်ရာ ၊ တရွာတည်းသား ဖြစ်ပေမယ့် ထိုမိန်းမကို ကိုမြင့်အောင် မသိနိုင် ဖြစ်နေ၏။

အနှီမိန်းမသည် ကိုမြင့်အောင်ကို မြင်သည်နှင့် ခြေလှမ်းတို့ကို နှေးချပစ်လိုက်သည်။

သဘောက ကိုမြင့်အောင်အား ကျော်သွားစေချင်၍ ဖြစ်မည်။ ထိုမိန်းမ၏ သဘောကို စောကြောမိလေတဲ့ ကိုမြင့်အောင်က သူ၏ခြေလှမ်းကိုပါ နှေးပစ်လိုက်၏။

ဤသို့ဖြင့် ထိုမိန်းမရော ကိုမြင်အောင်ပါ ရွာလယ် ဓမ္မာရုံအနီးသို့ ရောက်လာကြ၏။

ထိုအခါမှ ကိုမြင့်အောင်၏ ခြေလှမ်းတို့သည် သွက်လက်စွာ လှမ်းလိုက်လေတော့သည်။

အဘယ်ကြောင့်ဆိုသော် ရွာလယ်ဓမ္မာရုံရှေ့က မီးတိုင်က လင်းနေသည်မို့ပင်။ မနက်ဖြန် ဥပုသ်နေ့ဆိုတော့ သီလပွဲ ရှိဟန်တူ၏။ ဓမ္မာရုံထဲတွင် ရွာသား ၃ယောက်ခန့် သန့်ရှင်းရေး လုပ်နေကြသည်။

ကိုမြင့်အောင် အကြံက ၊ ထိုမီးအလင်းရောင်နှင့်ဆိုလျင် မိန်းကလေး၏ မျက်နှာကို ကောင်းစွာ မြင်ရမည်ဟု သဘောပိုက်မိသောကြောင့်ဖြစ်သည်။

သို့သော် ဓမ္မာရုံ ရောက်ခါနီးမှ ကိုမြင့်အောင် ရုတ်တရက်ကြီး အနောက်ကနေ ဆောင့်တွန်းခံရသလို ခံစားလိုက်ရပြီး ၊ ရှေ့သို့ ဟပ်ထိုး လဲကျသွားလေ၏။

” ဒုတ် ! အွန့် ”

” အံမယ်လေးဗျ … ”

ကိုမြင့်အောင်ထံမှ အော်သံဖြစ်သည်။ ရုတ်တရက်ဆိုတော့ ကိုမြင့်အောင်၏ ထိတ်လန့်ပြီး အော်သံက ကျယ်သွားဟန်တူ၏။

အော်သံကြောင့် မိန်းကလေးသည် နောက်သို့ လှည့်ကြည့်သလို ၊ ဓမ္မာရုံထဲက လူငယ်တယောက်ကလည်း အပြင်သို့ ထွက်ကြည့်လေ၏။

” ဟ ဦးလေးမြင့်အောင်ကြီး ၊ ဘာတွေ့လို့ အတင်း မြေကြီးပေါ် လှဲချ ကောက်နေတာတုန်း။ ၅ထောင်တန် တွေ့လို့လားဗျ ဟီးဟီး ”

ကိုမြင့်အောင် အတော်နဲ့ မထနိုင်။ သူ့ကျောမပေါ်ကို တစုံတယောက်က ဖိထားသလို ဖြစ်နေ၏။

ထိုအခါမှ ဓမ္မာရုံရှေ့က လူငယ်သည် ကိုမြင့်အောင်ထံ အပြေး လာထူမ ပေးလေ၏။

” အော် မကြီးမငယ်နဲ့ ၊ တယ်လည်း ဆော့သကိုး။ ထ ထ ကျုပ်ကို အားပြုပြီးထ ”

လူငယ်မှာ ကိုမြင့်အောင်နှင့် ရင်းနီးသူ ဖြစ်၏။ ကိုကံမြင့် လ္ဘက်ရည်ဆိုင်မှာ ကိုမြင့်အောင်နဲ့ ချက်အတူ ထိုးဘက် ဝင်းဆောင် ဆိုသူ ဖြစ်၏။

ထို့ကြောင့် အသက်အရွယ်ချင်းကွာပေမယ့် ပြောမနာဆိုမနာတွေ ၊ နောက်ပြောင်ဘက်တွေ ဖြစ်ကြသည်။

ဒူးအနည်းငယ်နာသွား၍ ကိုမြင့်အောင် ငြီးငြူလိုက်မိသည်။

” အား ကျွတ် ကျွတ် ၊ နာတာကွာ ။ ငါ အရှိန်နဲ့ကို လဲကျသွားတာဟ ။ လူကို နောက်ကနေ ဆောင့်တွန်းခံလိုက်ရတဲ့အတိုင်းပဲ ဝင်းဆောင်ရေ ”

ဝင်းဆောင်က ကိုမြင့်အောင်အား ကူတွဲပေးရင်း ဓမ္မာရုံထဲ ခေါ်လာပေးသည်။

ကိုမြင့်အောင် ပုဆိုးခြုံမိန်းကလေးအား ရှာကြည့်ပေမယ့် မတွေ့တော့ပေ။

တိုက်ဆိုင်သည်လား မဆိုတတ်။ ကိုမြင့်အောင် ဓမ္မာရုံထဲ အရောက်၊ ရွာလယ်လမ်းက ခွေးများက ထိုးအူကြလေသည်။

” ဝူ အု အူး … ”

” အု အူး အူး … ”

ဝင်းဆောင်တော့မသိ။

ကိုမြင့်အောင်က ခုနက အဖြစ်အပျက်​နှင့် ဆက်စပ်တွေးမိကာ ကြက်သီးဖျန်းဖျန်း ထသွားလေ၏။

ခွေးအူသံ အရှည်ကြီးက ဆွဲဆွဲငင်ငင်ရှိလှသည်။

” ဦးလေး … ဖိုးသားနာရေးက ပြန်လာတာလား ။ ဒီကောင် မိုက်တာဗျာနော်။ အသက်ကလေးဖြင့် ငယ်ငယ်ရှိသေး ။ နှမြောစရာပါဗျာ ”

” အေး ဟုတ်တယ် … ဝင်းဆောင်။ ငါ နာရေးအိမ်က ပြန်လာတာကွ ။ ဘယ့်နှယ် ဖြစ်တယ် မသိပါဘူးကွာ ။ ဒီအနား ရောက်မှ ငါ့ကို တယောက်ယောက်က ဆောင့်တွန်းလိုက်သလို ဖြစ်သွားပြီး ဟပ်ထိုး လဲကျသွားတာကွ ။ ဒါနဲ့ နေပါအုံး ။ မင်း ခုနက ငါ့ရှေ့က သွားနေတဲ့ မိန်းကလေးကို မြင်လိုက်လား ဝင်းဆောင် ”

ဝင်းဆောင်က ခေါင်းကို ငြိမ့်ပြပြီး …

” မမြင်ဘဲလား ၊ မြင်တာပေါ့ ဦးလေးရ ။ အစ်မ ကြင်ကြင်ထွေးပဲဟာ ။ အင်း သူလည်း ဖိုးသားနာရေးက ပြန်လာပုံရတယ်။ မျက်လုံးတွေလည်း မို့အစ်လို့ … ငိုထားတယ်နဲ့ တူပါရဲ့ ။ သူ့ခမျာလည်း သနားစရာ ”

” ကြင်ကြင်ထွေး ၊ ဟို ကိုဖိုးထွေး မဝင်းမာတို့ရဲ့ သမီး ကြင်ကြင်ထွေးလား ”

” ဟုတ်တယ်လေ ။ ဦးလေး တူမတွေနဲ့ စက်အတူတူ ချုပ်ကြတဲ့ အစ်မကြင်ကြင်ထွေး”

” နေပါအုံး … ခုနက မင်းပြောတာ ငါ နားမရှင်းဘူး ဝင်းဆောင်ရ ။ ကြင်ကြင်ထွေးက ငါတူ သေတာကို ဘာလို့ ငိုရတာလဲ ၊ မင်ကရော ဘာကို သနားတာလဲ ”

” ဟာ ငိုပါတယ်ဆိုမှတော့ အစ်မကြင်ကြင်ထွေးက ဖိုးသားကို ချစ်လို့ပေါ့ ဦးလေးရ။ သူတို့က ချစ်သူတွေလေဗျာ”

” ဟေ ဟုတ်ရဲ့လားကွာ။ ကြင်ကြင်ထွေးက ဖိုးသားထက် အပုံကြီး ကြီးတယ်မို့လား ။ စန္ဒာဝင်းနဲ့မှ ရွယ်တူ ထင်တယ် ”

” အဲ့တာပြောတာပေါ့ ။ ဦးလေးတို့ လူပျိုကြီးတွေက နေရာတကာ တသမတ်တည်း အောက်မေ့နေကြတယ်။ အသက်ကြီးတော့ရော မချစ်ရဘူးတဲ့လား ။ ခင်များတူ ဖိုးသားကိုက မမကြင် မမကြင်နဲ့ တကြင်တည်း ကြင်နေတာ။
အချစ်ဦးဆိုတော့ အရူးအမူး ဖြစ်ဟန်တူရဲ့ ”

” အေးပါကွာ ၊ ငါ မှားပါတယ်။ ကဲပါ ဒါနဲ့ ဖိုးသားနဲ့ ကြင်ကြင်ထွေးတို့ ချစ်သူဖြစ်တာ စန္ဒာဝင်းတို့က မသိကြဘူးလား။ ဘာမှ မပြောကြဘူးလား။ သူတို့က သဘောတူပါ့မလားကွ ”

” ကျုပ်လည်း ဂဃနဏတော့ တယ်မသိလှဘူး ဦးလေးရေ။ကျုပ် သိသလောက် ပြောရမယ်ဆိုရင် … ဖိုးသားက သူ့အစ်မတွေ စက်ချုပ်ဆိုင်ကို မကြာခဏ သွားပြီး မုန့်ဘိုးတောင်းတတ်တယ်လေ။

အဲ့ဒီမှာ အစ်မကြင်ကြင်ထွေးကို တွေ့ပြီး ၊ ကြိုက်ရော ဆိုပါစို့ ။ အစ်မ ကြင်ကြင်ထွေးကလည်း ဖိုးသားကို ပြန်ကြိုက်တယ်ဆိုလားပဲ ။

ဒါပေမဲ့ ဦးလေးသိတဲ့အတိုင်းပဲ ဖိုးသားအစ်မ အပျိုကြီး၂ယောက်က သူတို့မောင် ဖိုးသားနဲ့ ပတ်သက်လာရင် ကဲကဲဆတ်တွေ ။

သူ့မောင်က ကလေးပဲ ရှိသေးတာကို အစ်မကြင်ကြင်ထွေးက မြူဆွယ်ပြီး ဖျက်ဆီးတယ်လို့ စွပ်စွဲကြတယ်ဆိုလား ။

အရင်က အစ်မ ကြင်ကြင်ထွေးနဲ့ အစ်မ စန္ဒာဝင်းတို့ အစ်မသန္တာဝင်းတို့က သူငယ်ချင်းတွေဗျ ။

အဲ့ဒီကိစ္စနဲ့ သူတို့အချင်းချင်း ပြသနာတက်ကြပြီး ၊ မခေါ်နိုင် မပြောနိုင် ဖြစ်ကုန်ကြတာလေ။

အစ်မစန္ဒာဝင်းက စကားနဲ့ ရန်တွေ့ရုံမကဘူး လက်တောင်ပါတယ်လို့ ပြောကြတယ်။

ဦးလေးတူ ဖိုးသားက ချစ်သူနဲ့ အစ်မကြား အတော်လေး စိတ်ရှုပ်နေရှာတာ။

အစ်မ ကြင်ကြင်ထွေးက မစန္ဒာဝင်းတို့ကြောင့် အဆက်ဖြတ်ကြရအောင်လို့ ပြောသတဲ့။

ကျုပ်နဲ့ တွေ့တုန်းကဆို ဖိုးသားက ‘ ငါ သေသာသေလိုက်ချင်တယ် ဝင်းဆောင်ရာ ‘ လို့တောင် ငြီးငြူနေသေးတယ်။

ကျုပ်က ဒီကောင် အခုလို တကယ် လုပ်မယ် ထင်ကို မထားခဲ့တာ။

တဖြည်းဖြည်းတော့ ပြေလည်သွားလိမ့်မယ်ပဲ ထင်ထားခဲ့တာ။

အခုတော့ ကျုပ်သူငယ်ချင်းခမျာ တကယ် သနားစရာပါဗျာ … ”

ကိုမြင့်အောင် အားလုံးကို ဇာတ်ရည်လည်သွားပြီ။

အခု ဖိုးသား သူ့ကိုယ်သူ သတ်သေရသည့် အကြောင်းတရားမှာ အစ်မကြီးစန္ဒာဝင်းနှင့် ချစ်သူ ကြင်ကြင်ထွေးတို့ အကြားက ပဋိပက္ခကြောင့် ဖြစ်လိမ့်မည်။

စန္ဒာဝင်းသည် သူမေးစဥ်က မျက်နှာပျက်သွားသည်မှာ ဒါကြောင့် ဖြစ်မည်။

နောက်တခုက စန္ဒာဝင်းသည် တခုခုကို ထိန်ချန်ထားတာ ရှိလိမ့်မည်။

ဖိုးသားနှင့် ကြင်ကြင်ထွေးအကြားတွင် စန္ဒာဝင်းသည် မည်သို့ ခလောက်ဆန်ထားသည် မသိ။

ကြင်ကြင်ထွေးကို ပါးရိုက်သည်အထိ ရန်တွေ့ခဲ့သည်ဆိုတော့ စန္ဒာဝင်းသည်
ဖိုးသားကိုရော မည်သို့မည်ပုံ ဆူပူမာန်မဲခဲ့သနည်း။

အချစ်ကြီးတော့ အမျက်ကြီးရှာသည်လားမသိ။

စန္ဒာဝင်းအကြောင်းတွေးမိတော့ ၊ သူ့အား ခုနက နောက်ကျောကို ဆောင့်တွန်းခဲ့သူမှာ ဖိုးသား၏ဝိဉာဥ်သာ ဖြစ်မည်ဟု တထစ်ချ တွေးနိုင်လေ၏။

ဘာကြောင့်လဲဆိုတော့ ဖိုးသားသည် ဝိဉာဥ်ဘဝနဲ့တောင် သူ့ချစ်သူကို ကာကွယ်လိုခြင်းကြောင့် ဖြစ်လိမ့်မည်။

ကိုမြင့်အောင်သည်ဝင်းဆောင်ကို နုတ်ဆက်၍ ဓမ္မာရုံမှ ထွက်လာခဲ့သည်။

အိမ်အပြန် လမ်း၌ ခပ်တိုးတိုးလေး ရေရွတ်လိုက်မိသည်။

” ဦးလေးက မင်းချစ်သူကို ဆူမလို့ငေါက်မလို့ လိုက်သွားတာ မဟုတ်ပါဘူးကွာ ။ မင်းတို့ကို ကူညီချင်လို့ပါ ငါ့တူရာ …”

လေတိုးသံလား ၊ သစ်ရွက်ခြောက် ကြွေသံလားမသိ။

သို့တည်းမဟုတ် ရှပ်တိုက်နေသော ဖိနပ်သံလိုလို ဘာလိုလို အသံလေးကတော့ သူ့နောက်ကနေ ကပ်ပါနေဆဲပင်။

________

အခန်း၅။

ဖိုးသားအလောင်း မြေကျသည့် ညနေစောင်း၌ အစ်မငယ်ဖြစ်သူ သန္တာဝင်းအား ဖိုးသားရဲ့ ဝိဉာဥ်က ဝင်ပူးကပ်သည်။

နေ့တနာရီက ဖိုးသားကိုဟသင်္ဂြိုလ်သည်။

ညနေ ၄နာခွဲလောက်တွင် အိမ်ရှေ့က ခုံတန်းမှာ သန္တာဝင်းသည် အစ်မစန္ဒာဝင်းနဲ့အတူ ထိုင်နေစဥ် ရုတ်တရက် ဇက်ကြိုးကျသလို ခေါင်းက ငုံ့ကျသွား၏။

တခဏနေ ခေါင်းကို ပြန်မော့လာပြီး တဟင်းဟင်းနှင့် ငှက်ဖျားတက်သူပမာ ငြီးငြူလေ၏။

သန္တာဝင်း၏ တကိုယ်လုံးကလည်း တုန်ခါနေ၏။ လက်သီးနှစ်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားပြီး သူ့ပေါင်ကို သူ တဖတ်ဖတ်နဲ့ ထုနေ၏။

အတူထိုင်နေသော စန္ဒာဝင်းခမျာ ထိတ်လန့်လာသည်ဖြစ်ရာ ၊ မိဘနှစ်ပါးကို ဟစ်အော် အကူအညီတောင်းရလေ၏။

” အမေ! အမေ! လာပါအုံး။ ဒီမှာ သန္တာဝင်း ဘာဖြစ်တယ် မသိဘူး ”

နာရေး လာကူသူအချ်ု့လည်း ရှိနေရာ ၊ စန္ဒာဝင်း၏ အော်သံကြောင့် စုပြုံရောက်လာကြ၏။

ဒေါ်မြသွယ်က သူ့သမီး အနီးတိုးကပ်ထိုင်လိုက်ပြီး …

” ဟဲ့ သမီး သန္တာဝင်း ၊ သတိကပ်အုံးလေ ။ ငါ့သမီး ဘာဖြစ်တာလဲ ။ အမေ့ကို ပြော အမေ့ကိုပြော … ”

သန္တာဝင်း၏ ထုရိုက်နေတဲ့ လက်ကို ဒေါ်မြသွယ်က အသာဖမ်းဆုပ်လိုက်၏။ ဒါပေမဲ့ သန္တာဝင်းက လက်ကို အကိုင်မခံဘူး။ ရုန်းထွက်လိုက်ပြီး သူထိုင်နေတဲ့ ခုံတန်းအရှေ့က လေးထောင့်စားပွဲခုံကို တဒုန်းဒုန်းနဲ့ ထုရိုက်ရင်း ၊ စန္ဒာဝင်းအား စူးစူးစားစားကြီး ကြည့်ပြီးသကာလ ၊

” အမေ့ သမီးကို ပြောထား၊ ဒီတခါ ကျုပ်ချစ်သူကို ထပ်စော်ကားရင် … ကျုပ် သည်းမခံတော့ဘူးလို့ ”

အံမယ်လေး ! ဖိုးသား

ဒေါ်မြသွယ် ပါးစပ်ကနေ အံမယ်လေး တလိုက်မိသည်။ မတပဲလား။ သန္တာဝင်းပါးစပ်က ထွက်လာတဲ့ လေသံက သေသွားတဲ့ ဖိုးသားအသံကြီးလေ။

ဘေးနားက စန္ဒာဝင်းဆို ၊ သန္တာဝင်းကို ကြည့်ပြီး အံဩထိတ်လန့်သွားပုံပဲ။ မျက်လုံး ပြူးလို့။ လူကလည်း ကတုန်ကရင် ဖြစ်လို့ ။ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ။ သူ့အမေကို အကူအညီတောင်းသလို လှမ်းကြည့်နေသည်။

” အမေ့သမီးက ကျုပ်ကို သေစေချင်တယ်ဆိုလို့ ကျုပ် သေပေးပြီးပြီး ၊ ဒါတောင် မကျေနပ်နိုင်သေးဘူးလား ၊ မေးကြည့်စမ်းပါ ”

ဒေါ်မြသွယ် ရင်ဘတ်ကို လက်ဖြင့်ဖိ၍ ဘုရားရေဟု အာမေဋိတ်သံ ပြုလိုက်မိသည်။ ဒေါ်မြသွယ်က စန္ဒာဝင်းအား လှမ်းကြည့်တော့ ၊ စန္ဒာဝင်းက ခေါင်းတခါခါနဲ့

” မဟုတ်ဘူး … မဟုတ်ဘူး အမေ။ သမီး ပြောတာ အဲ့သလို မဟုတ်ပါဘူး အမေရယ် ”

ထိုအခါ ဖိုးသားဝင်ပူးနေတဲ့ သန္တာဝင်းက …

” ဘာမဟုတ်တာလဲ ၊ မမကြီးပဲ အဲ့ဒီတုန်းက ကျနော့်ကို ဒီမိန်းမနဲ့ နင် မပြတ်နိုင်ရင် ၊ ငါပဲ အသေခံရမလား ၊ နင်ပဲ အသေခံမလားဆို ။ ကျနော် သောက်တဲ့ ပိုးသတ်ဆေးက မမကြီး … မမကြီး …ဝယ်လာခဲ့တာလေ …”

” အောင်မယ်လေး ညည်း မိုက်လှချေလား မိစန္ဒာရဲ့ ။ နင် နင် ငါ့သားကို သတ်လိုက်တာပါလား ။ နင့်မှာ ဘယ်လို နှလုံးသားမျိုးရှိလို့ ငါ့သားအပေါ် ရက်စက်ရတာလဲ မိန်းမရဲ့ ။ အဲ့ဒါ နင့်မောင်အရင်း မဟုတ်လို့လား ကောင်မရဲ့ ”

စန္ဒာဝင်းသည် ခေါင်းတခါခါ လက်တခါခါနှင့် ငြင်းလေသည်။

” မဟုတ်ဘူး အမေ ။ ကျမ အဲ့သလို မရည်ရွယ်ခဲ့ပါဘူး။
ပိုးသတ်ဆေးဘူး ဝယ်တာက သူ့အတွက် မဟုတ်ဘူး ၊ ကျမအတွက် အမေရဲ့ ။ ကျမ အတွက်ပါရှင် ။ ဘုရားစူးပါစေရဲ့ ကျမက ကျမရဲ့အသည်းပေါက်မတတ်ချစ်ရတဲ့ ဒီမောင်လေးကို ပိုးသတ်ဆေးကျွေး တိုက်ပါ့မလား ။ စဥ်းစားပါအုံး ဟီးဟင့်ဟင့် ”

စန္ဒာဝင်းက ဖြစ်ကြောင်းကုန်စင်ကို လူအများရှေ့မှာပဲ ရှင်းပြတော့လေ၏။

စန္ဒာဝင်းနဲ့ ကြင်ကြင်ထွေးက သူငယ်ချင်းတွေ ဖြစ်ကြ၏။ အလုပ်လုပ်တော့လည်း ဦးဖြိုးစက်ချုပ်ဆိုင်မှာ အတူတူ လုပ်ကြသည်။

ပြောမနာဆိုမနာ သူငယ်ချင်းတွေဆိုတော့ စစနောက်နောက်လည်း ရှိကြသည်ပေါ့။

ကြင်ကြင်ထွေးက စန္ဒာဝင်းကို ယောင်းမဟု ခေါ်တတ်သည်။ ကြင်ကြင်ထွေးမှာ အစ်ကိုနှစ်ယောက်ရှိ၏။ အစကတော့ ကြင်ကြင်ထွေး ခေါ်သည့် ယောင်းမဆိုသည့်အဓိပ္ပါယ်က အစ်ကို့မယားဟူ၏။

ကြင်ကြင်ထွေး စန္ဒာဝင်းတို့ အိမ် လိုက်လည်စဥ်က ဖိုးသားမှာ ၁၃နှစ် ၁၄နှစ်သားအရွယ်။ ၇တန်း ၈တန်း ကျောင်းသားအရွယ် ဖြစ်၏။
ထိုစဥ်က ကြင်ကြင်ထွေးသည် ဖိုးသားအပေါ် မောင်ငယ်တယောက်လိုသာ သဘောထားခဲ့သည်။

နောက် ဖိုးသားက သက်၁၇နှစ်။ ဆယ်တန်းကို တနှစ်ကျပြီး ၊ ယောင်လည်လည် ဖြစ်နေစဥ်
ကာလများတွင် အစ်မဖြစ်သူ အလုပ်လုပ်သည့် စက်ချုပ်ဆိုင်သို့ မကြာခဏ မုန့်ဘိုးတောင်းရင်း အလည်ရောက်လာတတ်၏။

တခါတရံ ဖိုးသား ၏ အစ်မနှစ်ယောက်စလုံးက ဆိုင်ရှင် ဦးဖြိုးနဲ့အတူ ၊ မန္တလေး ဈေးချိုသို့ အထည်အပ် လိုက်ပါသွားသည့်အခါ ၊မုန့်ဘိုးလာတောင်းသော ဖိုးသားအား မကြင်ကြင်ထွေးက ဧည့်ခံစကားစမြည် ပြောပေးလေ့ရှိသည်။

မကြင်ကြင်ထွေးသည် တောအလှ တောသဘာဝအတိုင်း၊ ကျစ်လျစ်သော ကိုယ်လုံးနှင့် မပြုမပြင်ပဲ ချောမောလှပ လေ၏။ လူပျိုဖော်ဝင်ကာစ ဖိုးသားသည် ထိုအလှ၌ နစ်မြောတော့လေ၏။

မကြင်ကြင်ထွေးကတော့ မောင်နှမလို စိတ်ထဲ ထားပေမယ့်၊ ဖိုးသားစိတ်ကတော့ ဆန်းပြားချင်နေပြီ။

ဖိုးသားက ၁၇နှစ်။ မကြင်ကြင်ထွေးက ၂၃နှစ် ။ အသက်အားဖြင့် ၆နှစ် ကွာခြားလေ၏။

မကြင်ကြင်ထွေးသည် ဖိုးသားဘက်က အရောင်ပြောင်းလာသော ခင်မင်မှုကို သတိထားမိလာတဲ့အခါ ၊ ခပ်ရှောင်ရှောင် နေခဲ့ပါသေး၏။

ဒါပေမဲ့ ရှောင်သူက ရှောင်ပေမယ့် ၊ လူငယ်ဖြစ်သည့် ဖိုးသားက အတင်းတိုးဝင် တွယ်ကပ်လာသည့်အခါ … မကြင်ကြင်ထွေးအနေဖြင့် ဖိုးသားအပေါ် ဂရုဏာသက်လာမိတော့သည်။

ချစ်ခြင်းအစ သနားခြင်းက စသည်မဟုတ်လား။

အဲ့ဒီတော့ ပြီးသွားတဲ့ သင်္ကြန် အကြတ်နေ့မှာ မကြင်ကြင်ထွေးနဲ့ ဖိုးသားတို့ အတိအလင်း ချစ်သူတွေ ဖြစ်သွားခဲ့ကြသည်။

ကြင်ကြင်ထွေးခမျာ ရေလည်း အလောင်းခံရသေး၊ အဖြေလည်း ပေးရသေးသည့်အပြင်၊ ဖိုးသား၏ အတင်းဖက်ရမ်းနမ်းရှုံ့ခြင်းကိုပါ ရင်ခုန်စွာ ခံခဲ့ရလေ၏။

ကြင်ကြင်ထွေးအနေနဲ့ ဖိုးသားကို တိုးတိုးတိတ်တိတ်သာ ချစ်ကြဖို့ ပြောပေမယ့်၊ ဇွတ်တရွတ်မင်းသားလေးက စက်ချုပ်ဆိုင်ကိုလည်း မကြာခဏ လာလည်သလို၊ ညနေစောင်းလျင်လည်း အိမ်ကို အလည်လာတတ်၏။

ကြာတော့ အစ်မဖြစ်သူ စန္ဒာဝင်းက ရိပ်မိသွားသည်။

စန္ဒာဝင်းဆိုတာက သူ့မောင် ဖိုးသားကို အခုထိ ကလေးတယောက်လို ချစ်လို့ မဝသေးတဲ့သူလေ။

ကြားကြားချင်းပဲ ကြင်ကြင်ထွေးအား သွားမေးပြီး ရန်ထောင်၏။

ကြင်ကြင်ထွေးက ပထမတော့ သူငယ်ချင်းတွေပဲဆိုပြီး အလျော့ပေးပါ၏။

ဒါပေမဲ့ စန္ဒာဝင်းရော သန္တာဝင်းကပါ သူမ၏ မိဘတွေပါ စော်ကားလာသဖြင့် ပြန်ပြောမိသည်။

ထိုအခါ တဖက်နဲ့တဖက် တင်းမာလာပြီး ၊ ရန်ပွဲအသွင်ဆောင်လာ၏။

စန္ဒာဝင်းက ကြင်ကြင်ထွေးကို ဒေါသဖြင့် ပါးရိုက်သည်။ မကြင်ကြင်ထွေးက ပြန်မလုပ်ပါ။

ဒါကို စန္ဒာဝင်းတို့ ညီအစ်မက ရောင့်တက်လာပြီး ထပ်ရိုက်ရန် ကြိုးစားလာသည့်အခါ ကြင်ကြင်ထွေးက စက်ခုံပေါ်က ကတ်ကြေးကို ယူ၍ ရိုက်ရဲ ရိုက်ကြည့် အသက်ချင်းလဲပစ်မယ်ဟု ဆိုလေ၏။

ကျန်သော စက်ချုပ်လုပ်သားတွေက ဝိုင်းဆွဲလို့သာ တော်တော့သည်။

နောက်တော့ မကြင်ကြင်ထွေးက ဦးဖြိုးစက်ချုပ်ဆိုင်မှ ထွက်လိုက်သည်။

ဆိုင်မှာ မချုပ်တော့။

အထည်ကို ညဘက် ဆိုင်မှာလာယူလာပို့ လုပ်ပြီး ၊ အိမ်မှာပဲ ချုပ်တော့၏။

မျက်နှာချင်းဆိုင်တွေ့နေရင် ရန် ထပ်ဖြစ်နေရဦးမည်လေ။ အဲ့ဒီတော့ သူကသာ အလျော့ပေး ရှောင်နေလိုက်ခြင်း ဖြစ်လေ၏။

စန္ဒာဝင်းက ဖိုးသားကိုလည်း အလွတ်မပေး။ ဆူလေ၏။

” နင် အခု အဲ့ကောင်မကို အဆက်ဖြတ် ဖိုးသား။ နင် အဲ့ကောင်မကို မဖြတ်နိုင်ရင် ကိုယ့်ဖာသာ သတ်သေလိုက်တော့။ နင်ကြိုက်နေတဲ့ ကောင်မက မျိုးရိုး မသန့်ဘူးဟဲ့ ။ အနူမျိုး အနူမျိုး သိရဲ့လား”

” ဟာ ဘာဆိုင်လို့လဲဗျ။ ဒီခေတ်ကြီးမှာ ဒါတွေက ရှိသေးလို့လား ”

” ဟဲ့ ရှိတာပေါ့။ နင် တခြားသူကို ကြိုက်ပါတော့လား ။ ဒီလောက် မိန်းမ ရှားသလား ။ ကြင်ကြင်ထွေးက မျိုးရိုးသန့်တာ မဟုတ်ဘူး။
သူ့အဖေဘက်က အနူမျိုးဟဲ့ အနူမျိုး ။ နင်နဲ့ ကြင်ကြင်ထွေး ညားပြီး ကလေးရလာရင် အဲ့ဒီ အနာကြီးရောဂါက နင့်သားသမီးမှာ ပေါ်လာရင် ဘယ့်နှယ်လုပ်မလဲ ။ ဒါမျိုးက သမီးမှာ မပေါ်ရင် မြေးမှာ ပေါ်တတ်တာဟဲ့ ။
အေး … ဟောဒီမှာကြည့်၊ ဒါ ပိုးသတ်ဆေးဘူး။ ငါ တမင်သက်သက် ဝယ်လာတာ။ နင်သာ အဲ့ဒီကောင်မကို ယူလို့ကတော့ ငါ ဒီပိုးသတ်ဆေးဘူး အကုန်သောက် သေပစ်မယ် ။ မလုပ်ရဲဘူး မထင်နဲနော် ဖိုးသား။ ငါက တကယ်လုပ်မှာ ”

အဲ့သလို စန္ဒာဝင်းက ဆူပူပြီး ၃ရက်အကြာမှာ အခုလို ဖြစ်သွားတာပါတဲ့။ သူမက ဖိုးသားကို သေစေရန် မရည်ရွယ်ခဲ့ပါဘူးတဲ့။ ဒေါသဖြစ်လွန်းလို့ ပြောလိုက်မိတာပါတဲ့။

ဇာတ်စုံကြားရတော့ ဖိုးသားဝိဉာဥ် ဝင်ပူးကပ်နေတဲ့ သန္တာဝင်းက ထပ်မေး၏။

” ဒါဆိုရင် မမကြီးက ကျနော့်ချစ်သူကို ငရဲမီးနဲ့ ပက်မယ်လို့ ဘာလို့ ကြိမ်းဝါးတာလဲ ။ လုပ်ရဲ လုပ်ကြည့် ။ ဒီတခါ မမကြီးကို ကျနော် လည်ဂုတ်ချိုး သတ်မှာ ”

အဲ့ဒါက ဒီလို ။ ဒီမနက်မှာ ၊ သန္တာဝင်းက သူ့အစ်မကို သတင်းပေး၏။ မနေ့ညက သူတို့အိမ်ကို ကြင်ကြင်ထွေး ပုဆိုး ခေါင်းမြီးခြုံ၍ ဖိုးသားအလောင်းကို လာခိုးကြည့်သွားသည်ဆိုတော့ စန္ဒာဝင်းက ချက်ချင်း ဒေါသူပုန်ထပြီး …

” ဟင်! ဟုတ်လား ၊ အဲ့တုန်းက ဘာလို့ ငါ့လာမပြောတာလဲ ”

” မမက ဦးလေး မြင့်အောင်နဲ့ စကားပြောရင်း ငိုနေတာလေ၊ ဒါကြောင့် မပြောဖြစ်တာ ”

” တွေ့မယ် … ဒီကောင်မ ကြောင့် ငါ့မောင် သေရတာ။ ဒင်းကို ငါ လက်စားချေရမှ ကျေနပ်နိုင်မယ်။ သနားကမား မျက်နှာလေး ဗန်းပြပြီး ငါ့မောင်ကို မြူဆွယ်ခဲ့တဲ့ ကောင်မ။ သူ့မျက်နှာကို ငရဲမီး(အက်ဆစ်)နဲ့ ပက်ပစ်မယ် ။ သိကြသေးတာပေါ့ မိကြင်ကြင်ထွေးရယ် ၊ နင် တသက်လုံး ခေါင်းမဖေါ်ဝန့်အောင် ငါလုပ်ပြမယ် ”

ထိုသို့ ကြိမ်းဝါးတာကို ဖိုးသားရဲ့ ဝိဉာဥ်က ကြားသွားပြီး မကျေမနပ် ဖြစ်နေတာ။ ဒါကြောင့် ညနေစောင်းတော့ သူအစ်မလတ် သန္တာဝင်း ကိုယ်မှာ ပူးဝင်ပြီး ပြောနေတာဖြစ်သည်။

အဲ့ဒီအချိန် ဦးလေးဦးမြင့်အောင်လည်း ရောက်နေပြီ။ ဦးမြင့်အောင်က သူ့တူကို မေးသည်။

” ဒါဖြင့် ငါ့တူက ဘယ်လို လုပ်ပေးမှ ကျေနပ်နိုင်မှာလဲ။ ရက်လည် ဆွမ်းကပ်ရင် ငါ့တူ ကုသိုလ် အမျှရမှ ၊ ကောင်းတဲ့ ဘုံဘဝကို ရောက်နိုင်မှာကွဲ့။ ဒီလိုမျိုး အငြိုးအတေးတွေ ၊ ဒေါသတွေ ကြီးနေမယ်ဆိုရင် မင်း ဝိဉာဥ်က မကျွတ်မလွတ်တဲ့အပြင် အဝီဇိ ငရဲကို သွားရလိမ့်မယ် ။ အဲ့ဒီတော့ မင်း ဖြစ်ချင်တာကို ပြောပြီး သန္တာဝင်းကိုယ်ပေါ်ကနေ ထွက်သွားလိုက်ပါ ငါ့တူ ”

သန္တာဝင်းကိုယ်ပေါ်က ဖိုးသားဝိဉာဥ်က ခေတ္တ ငြိမ်သက်သွား၏။ တအောင့်လောက်နေတော့ သူ့အမေ ဒေါ်မြသွယ်ဘက်ကို လက်အုပ်ချီပြီး …

” အမေ ကျနော့်ကို ခွင့်လွှတ်ပါနော် ။ ကျနော် စိတ်အလိုကို လိုက်ပြီး မိုက်ခဲ့မိပါတယ်။
အခု ကျနော်က ဝိဉာဥ်ဘဝမှာ တယောက်တည်းရယ်။ နေရတာကလည်း မှောင်မှောင်ကြီး ၊ ပြီးတော့ အေးစက်လို့ ။ ဘယ်သူမှလဲ လာမခေါ်ကြဘူး ။ ကြောက်လိုက်တာ အမေရယ် ”

” သားလေး အမေ့သားလေး ဖြစ်ရလေတယ်ကွယ်။ ပြောလေ သားလေး ၊ အမေ ဘာလုပ်ပေးရမလဲဟင် ”

” အမေ လုပ်ပေးနိုင်တာ တခုပဲ ရှိတယ် အမေ။ အဲ့ဒါက ကျနော့် ရက်လည်ဆွမ်းကျွေးကျရင်
မကြင်ကြင်ကို ဖိတ်ပေးပါနော်။ ကျနော် သူကိုယ်တိုင် အမျှဝေမှ သာဓုခေါ်ပါရစေ အမေ ။ ဒါလေး တခုတော့ ခွင့်ပြုပေးပါနော် ”

အဲ့ဒီ နောက်ဆုံးစကားဖြစ်တဲ့ ,
ဒါလေးတခုတော့ ခွင့်ပြုပေးပါနော်ဆိုတဲ့ စကားကို ပြောတဲ့အခါ သန္တာဝင်းက စန္ဒာဝင်း ဘက်ကို လက်အုပ်ချီလိုက်တာ လူတိုင်း မြင်လိုက်ရသည်။

စန္ဒာဝင်းခမျာ ရင်ကျိုးလုမတတ် ခံစားနေရရှာသည်။ သူ့ညီမ လက်အုပ်ချီတာကို အသာအယာ ဆုပ်ကိုင်ပေးရင်းနဲ့ …

” ခွင့်ပြုပါတယ် မောင်လေးရယ်။ မမကြီး ခွင့်ပြုပါတယ်ကွယ်။ ကြင်ကြင်ထွေးကိုလည်း မမကြီးကိုယ်တိုင် သွားပြီး ဖိတ်ခေါ်ပေးပါ့နော်။ မမကြီး အတ္တကြီးခဲ့သမျှကိုလည်း မောင်လေးက တမလွန်ဘဝကနေ ခွင့်လွှတ်ပေးပါတော့ကွယ် ဟင့်ဟင့်ဟီးအီး ”

မောင်နှမတွေ အကြားက သံယောဇဥ်ကို လာကြည့်နေကြတဲ့ သူတွေ အကုန် သဘောပေါက် နားလည်ကြတဲ့အခါ ကြည့်ရင်း မျက်ရည်ဝဲသူက ဝဲ။ မချိတင်ကဲ နဲ့ တောက်ခေါက်သူက ခေါက်ပေါ့။

နောက်တော့ သန္တာဝင်းကိုယ်ပေါ်က ဖိုးသားလေးဟာ မိဘနှစ်ပါးနဲ့ အစ်မနှစ်ယောက်ကို တရိုတသေ ကန်တော့ပြီး ထွက်သွားရှာ၏။

သြော် မီးတကာ့မီးထဲမှာ အဲ့ဒီသံယောဇဥ်မီးဆိုတာက ငရဲပြည်က သံပူမီးထက်တောင် ပိုပြီး ပူနေရော့သလားလေ။

(ပြီးပါပြီ)

ပီပီ(မန္တလေး)