ကျက်တစ္ဆေတို့ရွာ

ပေးလိုက်ခြင်းပင်။

” လူတိုင်း မမြင်ရတဲ့ လောကတစ်ခုအနေနဲ့ ကျနော် စိတ်ဝင်စားမိလို့ပါ။ပြီးတော့ ကျနော် ငယ်ငယ်က အဖွားတို့ အဒေါ်တို့ လက်ပေါ်မှာ ကြီးပြင်းလာရတာဆိုတော့ သူတို့ ပြောပြတဲ့ ညအိပ်ရာဝင် ပရလောက ပုံပြင်တွေကလည်း ကျနော့် ငယ်ဘဝကို လွှမ်းမိုးထားသလို ဖြစ်နေတယ်လေ ။ စာရေးနိုင်တဲ့ အရွယ်ရောက်တော့ အွန်လိုင်းမှာ ရှိတဲ့ ပရလောက ဇာတ်လမ်းတွေ ဖတ်လို့ရတဲ့ ဂရုတွေမှာ စမ်းရေးကြည့်ရင်းနဲ့ အထိုက်လျောက် လူသိများလာတဲ့ သဘောပါ ။ စာရေးဆရာလို့ အမည်ခံထိုက်သူတော့ မဟုတ်ပါဘူးဗျာ။ ကားဆရာကို တစ်ခု တောင်းပန်ထားရဦးမယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျနော့်ကို ဆရာလို့ မခေါ်ပါနဲ့လား ။ ကျနော့်နာမည်က ထက်နိုင် ၊ အွန်လိုင်းမှာတော့ ပီပီ(မန္တလေး)ဆိုတဲ့ အမည်နဲ့ စာရေးပါတယ်။”

ကားဆရာက ဖော်ရွေသည် မှန်သော်လည်း ပွင့်လင်း၏။

” အော် စိတ်မရှိပါနဲ့ဗျာ။ အဲ့ဒီနာမည်တော့ ကျနော် မဖတ်မိဘူး။
ကျနော်က တာတေတို့ မဖဲဝါတို့ အဖတ်များတယ်၊
သူတို့စာတွေက လွှတ်ကောင်းကိုးဗျ ။
ကျနော့်နာမည်လည်း မှတ်ထားနော်။
ဂိတ်မှာတော့ အောင်ကြီးလို့ အခေါ်များတယ်။
နာမည်အရင်းက အော်ကျော်လင်း။
ကိုယ့်ဆရာ ကားငှားဖို့ လိုအပ်ရင် ဖုန်းဆက်လိုက်ပါ ။ စျေး မများစေရဘူး။
ခရီးသွားရတာ ကျနော့်ကားနဲ့ဆို စိတ်ကျေနပ်စေရမယ် အာမခံတယ် ”

ထိုသို့ ပြောရင်း ကားဒက်ရ်ှဘုတ်ပေါ်က၊လိပ်စာကတ်တစ်ခုကို ကျနော့်အား ယူပေး၏။ ကိုယ့်ဆရာဆိုတဲ့ စကားလုံးကတော့ သူ၏ ကိုယ်ပိုင် အသုံးအနှုန်းသာ ဖြစ်လိမ့်မည်။ ကျနော် တားမြစ်ပေမယ့် သူကတော့ သုံးမြဲ သုံးဆဲပင်။

ပြောချင်သလိုသာ ပြောပါစေတော့ ဟူ၍ ကျနော်လည်း သူ့စိတ်ကြိုက် ပြောခွင့် ပြုလိုက်တော့၏။ထပ်မံ မတားမြစ်တော့ပါ။

” အငှားကား မောင်းရတာဆိုတော့ ၊ နယ်စုံ ပယ်စုံ သွားဖူး၊ ရောက်ဖူးနေတာပေါ့ ဆရာသမားရယ်။ ”

“တစ်ခါတလေ နေ့ဘက် မောင်းရတာ ရှိသလို ၊ ခရီးသည်က တောင်းဆိုလာရင် ညဘက်တွေလည်း မောင်းပေးရတယ်လေ ။ ”

“အခု ကျနော် ပြောပြမှာက ညဘက် ခရီးသွားရင်း ကြုံခဲ့ရတဲ့ ထူးခြားတဲ့ အတွေ့အကြုံတစ်ခု အကြောင်းပေါ့ ။ ”

“မှတ်မှတ်ရရ ဆောင်းတွင်းကြီး အေးလွန်းလို့ တုန်ခိုက်နေရတဲ့ကြားက တောင်ပေါ်ခရီးတစ်ခုကို ကျနော် အငှားလိုက်ခဲ့ရတယ်။”

“ကားငှားတာက အသက်၅၀ကျော် လင်မယား နှစ်ယောက်ဗျ။ သူတို့သားက တောင်ကြီးမြို့ ၊ အေးသာယာမြို့သစ်ထဲမှာ ကားပစ္စည်း ရောင်းတာတဲ့။ ”

“အသည်းအသန် နေမကောင်းဘူးလို့ အကြောင်းကြားလို့ ညတွင်းချင်း လိုက်ပို့ ခိုင်းတာပေါ့ဗျာ ။”

“အသွားတုန်းကတော့ ကျနော်အပါအဝင် သုံးယောက်ပေါ့နော်။
တစ်ညလုံး မောင်းလာလိုက်တာ မနက် မိုးအလင်း အေးသာယာကို ရောက်ရောဆိုပါတော့ဗျာ။ ”

“ရောက်တော့လည်း အတော်နဲ့ မပြန်ရပါဘူး။ ဆေးရုံ လိုက်ပို့ရ ၊ သူတို့ စောင့်ရနဲ့ပေါ့၊ ဗာရီရတွေက များပါ့။ကျနော်က ပြန်ချင်ပေမယ့်လို့၊”

“ကားဆရာရယ် ခဏနေပါအုံးဆိုမှတော့ ဇွတ်အတင်း ပြန်လို့ကလည်း မဖြစ်ဘူးမဟုတ်လား ဆရာသမားရယ်။ ”

“လူမှုရေးက ရှိသေးတယ်လေ။”

“ဒါနဲ့ နေ့တစ်ပိုင်း ကုန်သွားတယ်။ဆေးရုံပေါ် ရောက် ဆေးတွေဘာတွေ သွင်းနဲ့ သူတို့လည်း လူနာအတွက် တော်တော် စိတ်အေးသွားရပြီနေမှာ။”

“အဲ့ကျမှ ကျနော် ပြန်ရအုံးမယ်ဆိုတာ သူတို့ သတိရသွားပြီး ကားခတွေ ရှင်း ၊ နေ့လယ်စာတွေ ဝယ်ကျွေးပေါ့။”

“သူတို့သားအတွက် စိတ်ပူနေရတာနဲ့၊ ကျနော် ပြန်ဖို့ နောက်ကျသွားရတယ်ဆိုပြီးတော့ ကားခအပြင် မုန့်ဘိုး ၂သောင်းကျပ် ထပ်ဆောင်းပေးပါသေးတယ်။”

“ကျနော် ဇွတ်အတင်း ငြင်းပေမယ့် သူတို့က မယူရင် စိတ်ဆိုးမှာပဲ၊မယူလို့ကတော့ နောက်တစ်ခါ ကားမငှားတော့ဘူးဆိုပြီး အတင်းအကြပ် ပိုက်ဆံကို လက်ထဲ ထည့်ပေးလိုက်ကြတယ်။”

“ဒါနဲ့ ကျနော်လည်း သူတို့ကို နုတ်ဆက်ပြီး ကားကို တစ်ယောက်တည်း ပြန်မောင်းလာခဲ့ရတယ်။”

“အပြန်ခရီးက ကျနော် တစ်ယောက်တည်းပေါ့။”

“ကျနော် အေးသာယာကထွက်တော့ နေ့လယ် ၂နာရီ ထိုးပြီးပြီ။

တစ်နာရီ အေးအေးလောက် မောင်းလာလိုက်တာ အောင်ပန်းကို ၃နာရီ ကျော်လောက်မှာ ရောက်တယ်။ ”

“အောင်ပန်းကို ရောက်မှ ကားက ဘာဖြစ်ချင်တာလဲ မသိပါဘူး။ လီဗာနင်းလိုက်ရင် ဝပ်ဝပ်သွားတယ်။ တုန့်ဆိုင်းဆိုင်း ဖြစ်လာတယ်။ ”

“လမ်းမှာ ထည့်ခဲ့တဲ့ ဆီက မသန့်တာများလား မသိတတ်ပါဘူး ။ အဲဒီတုန်းက ခုလိုမျိုး ပန့်ဆီတိုင်တွေ မပေါများသေးဘူးလေ။ လမ်းဘေး ဆီဆိုင်တွေကနေပဲ ကတော့နဲ့ ဂါလံခွက်နဲ့ ချင်တွယ် ထည့်ပေးကြတာကိုး”

“ခရီးက အများကြီး ကျန်သေးတယ်။ဒီအတိုင်း ခရီးဆက်ဖို့ မဖြစ်သေးပါဘူးဆိုပြီး အောင်ပန်းမြို့ထဲက ကားဝပ်ရှော့တစ်ခုမှာ ကျနော် ဝင်ပြလိုက်တယ်။ ”

“ကျနော် အဲ့တုန်းက မောင်းတဲ့ကားက ဓာတ်ဆီအင်္ဂျင်နဲ့ ရှေ့ဆွဲဘင်ကားလေးဗျ။ ”

“ဝပ်ရှော့ဆရာက ကာဘရိုက်တာထဲ ဆီဂျီးတွေ ပိတ်နေလို့ပါတဲ့။ ကာဘရိုက်တာ ဖြုတ်ဆေးရင် ကောင်းမယ်ဆိုပြီး ဖြုတ်ဆေးပေးတယ်။ အဲ့ဒီ ဝပ်ရှော့မှာပဲ ၂နာရီကျော်လောက် အချိန်ကုန်သွားခဲ့တယ်။”

“အမှန်က ကာဘရိုက်တာဆေးတာ နာရီဝက်လောက်ပဲ ကြာတာပါ။ ”

“သူတို့ ကားကို စနှိုက်ကတည်းက ကျနော်က ဝပ်ရှော့က ပက်လက်ကုလားထိုင်ပေါ် အိပ်ပျော်သွားတာဗျ။ ”

“တခူးခူးနဲ့ ဟောက်တောင်နေသေးဆိုပဲ။ ”

“ကျနော် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတော့ သူတို့က မနိုးရက်လို့ မနိုးကြဘူးလေ ၊ ကျနော်လည်း တစ်ညလုံး အိပ်ရေးပျက်ထားလေတော့ အိပ်ကောင်းသွားတယ် ထင်ပါရဲ့ ဆရာရယ်။ ”

“အိပ်ရာကနိုးတော့ နေတောင် အတော်စောင်းနေပြီ။ ညနေ ၅နာခွဲလောက် ရှိရော့မယ်။ ဝပ်ရှော့လက်ခကို ရှင်းပေးပြီး၊ ကျနော် အတွေးတစ်ခု ပေါက်သွားတယ်။”

” အောင်ပန်း – ရွာငံ – ဟန်မြင့်မိုရ် လမ်းကနေ သွားရင် ခရီး အတော်တိုသွားမယ်ပေါ့ ။ ယင်းမာပင်-သာစည်- မိတ္ထီလာဘက်ကနေ သွားတာစာရင် ရွာငံလမ်းကနေ မန္တလေးပြန်ရင် မိုင် ၅၀ကျော်လောက် သက်သာတယ်လေ။ ဒါပေမယ့် အဲ့ဒီလမ်းကို ကျနော် တစ်ခါမှ မသွားဖူးဘူးဗျ ၊ ကားမောင်းဘက် သူငယ်ချင်းတွေ ပြောပြထားလို့ လမ်းရှိတာကို သိထားတာပါ ”

“ဒါနဲ့ ဝပ်ရှော့ဆရာကို ရွာငံလမ်း အခြေအနေ မေးလိုက်တော့၊ လမ်းကျဉ်းပြီး အကွေ့အကောက် ပိုများပေမယ့် ၊ လမ်းကောင်းပါတယ်တဲ့။

ကျနော် ဆုံးဖြတ်လိုက်တယ် ၊ ရွာငံလမ်းကနေပဲ ဖြတ်ပြန်တော့မယ်ပေါ့ ”

ဒီလိုနဲ့ ပြန်ချိန် နောက်ကျနေပြီဆိုပြီး ကိုအောင်ကြီးဟာ လမ်းတိုတဲ့ဘက်ကို ရွေးချယ်လိုက်မိပါတော့တယ်။

ဒါပေမယ့် သူ ရွေးချယ်ခဲ့တဲ့ လမ်းဟာ ကားအသွားအလာ အလွန်ကျဲပါးပြီး ၊ ရွာစဉ်ပြတ်လပ်တယ်ဆိုတာကို သူငယ်ချင်းများ ပြောပြထားသည်ကို မေ့လျော့နေခဲ့မိပါသတဲ့လေ။

ကားဆရာ ကိုအောင်ကြီး ပြောပြသော နာနာဘာဝတို့ရွာ သို့မဟုတ် ကြတ်တစ္ဆေတို့ရွာ ဆိုသည့် ဇာတ်လမ်းမှာ အောက်ပါအတိုင်းပင် ဖြစ်ပါ၏။

…………………

ညက မှောင်မှောင်မည်းမည်း ၊ လရောင်က ကျိုးတို့ကျဲတဲ ၊ သွားနေရတဲ့ လမ်းက ချိုင့် ကျင်း ကမူ အတော်ထူ၏။

ကားကို နည်းနည်းလောက် စပိတင်မောင်းလိုက်တာနဲ့ ကားက ကဆုန်ပေါက် ထွက်သည့် မြင်းပမာ၊ ခုန်ဆွဆွ။

သူ ဒီလမ်းကို ရွေးချယ်မိတာ မှားပြီဟု နောင်တ ရချင်နေမိသည်။

အဖော်မပါသည့် အချိန်မှ လမ်းကလည်း အသွားအလာ ပြတ်လွန်းလှသည်။

သူ ကားကို မှန်မှန်လေး နာရီဝက်လောက် မောင်းလာပေမယ့် မျက်နှာချင်းဆိုင်လာသည့် ကားတစ်စီးတစ်လေပင် မမြင်တွေ့ရသေးချေ။

လမ်းကြောက ရှည်လျားလွန်းသည်ဟု ထင်မိ၏။ ဘေးဘီဝဲယာမှာ တစ်ခါတရံ မီးရောင်ပြပြ ထွန်းထားသည့် အိမ်တန်းရှည်လေးတွေ တွေ့ရတတ်သည်။

သို့သော် အိမ်တိုင်းလိုလိုက တံခါးများ ပိတ်ထားကြသည်သာ များသည်ကို တွေ့ရသည်။

တိုင်းရင်းသား ရွာငယ်လေးတွေ ဖြစ်လိမ့်မည်။ချမ်းအေးလှသော ရာသီဥတုမှာ စောစီးစွာ အိပ်ရာဝင်ကြခြင်း ဖြစ်လိမ့်မည်ဟု တွေးမိသည်။

ကားရှေ့မီးက ကောင်းသည်ကတစ်ကြောင်း၊မျက်နှာချင်းဆိုင်က လာသော ကား မရှိသည်ကတစ်ကြောင်း သူ့အဖို့ လမ်းကို အလယ်မှ ရဲတင်းစွာ မောင်းနှင်လာနိုင်ခဲ့သည်။

ရိပ်ကနဲ ရိပ်ကနဲ ဘေးဘက်မှာ ကျန်ရစ်ခဲ့သော စိုက်ခင်းများကို ကားမီးရောင်ဖြင့် ဝေဝေဝါးဝါး မြင်ရသည်။

တစ်ခါတရံ ယူကလစ်ပင်မြင့်ကြီးများ၏ ပင်စည် ဖွေးဖပ်ဖပ်ကြီးတွေ မြင်ရသည်က တစ်ယောက်တည်း ကားမောင်းနေသူ သူ့အတွက် ကျောချမ်းချင်စရာ။

ရွာငံလမ်းကြောက တကယ်ပင် ရှည်လျားလွန်းသည်။ရွာငံမြို့ကိုပင် အတော်နှင့် မရောက်နိုင်ပေ။

ရေစပ်စပ် အိုင်နေသော မြေနိမ့် တစ်ခုကို သူ သတိမထားမိပဲ အရှိန်ဖြင့် ဖြတ်၍ မောင်းလိုက်သည်။

” ဒုန်း ! ဂျလိ ဂျလိ ”

ကားအောက်ပိုင်းမှာ ဒုန်းကနဲ ရေအိုက်ထဲက ကျောက်ဂမူတစ်ခုကို ခပ်ပြင်းပြင်း တိုက်မိသွားသည်။

ရေအိုက်လေးကို ကျော်လွန်ပြီးမှ သူ ကားကို အရှိန်လျော့ချလိုက်သည်။

တဂျိဂျိ ပွတ်တိုက်နေသော အသံက ရပ်မသွား၍ ကားကို လမ်းဘေး ချရပ်လိုက်ရသည်။

ကားပေါ်က မဆင်းခင် ရောက်နေသော ပတ်ဝန်းကျင်ကို အရင်လေ့လာလိုက်၏။
အလေ့ကျပေါက်ပင်များဖြင့်သာ လမ်းဘေးဝဲယာ သိပ်သိပ်သည်းသည်း ရှိနေ၏။လူနေထိုင်ရာ အရပ်မဟုတ်ချေ။

ကားဒက်ရ်ှဘုတ်ထဲက အရန်သင့် ထည့်ယူလာသော လက်နှိပ်ဓာတ်မီးကို ထုတ်ယူလိုက်သည်။

ကားပေါ်ကဆင်း၍ မြေပေါ် ဒူးထောက်၊ ခေါင်းကို ကားအောက်ပိုင်း ငုံ့ကြည့်လိုက်၏။

လက်နှိပ်ဓာတ်မီး၏ အလင်းရောင်ဖြင့် ကားအောက်ပိုင်းကို နေရာအနှံ့ ထိုးကြည့်လိုက်သည်။

အင်ဂျင်ကို ကာဗာပြုထားသော ပလပ်စတစ် ရေကာပြားသည် မူလီတစ်လုံး ပြုတ်ထွက်ပြီး တစောင်းကြီး တွဲလွဲကျနေခြင်း ဖြစ်သည်။

အောင်ကြီးသည် ခေါင်းကို ကုတ်လိုက်ပြီးနောက်

“ဟူး တော်ပါသေးရဲ့။ ဆီခံများ ထိပြီး ပေါက်သွားရင် ငါတော့ ရွာလည်ပြီ ”

အောင်ကြီးသည် ကားနောက်ခန်းက ဂျိုက်တို့ ဂွထုတ်တို့ကို ထုတ်ယူ၏။ပြီးနောက် ကားရပ်ထားသည့် နံဘေးက ကျောက်တုံးကို ယူ၍ ကားကို မရွေ့အောင် ကျောက်တုံးနှစ်တုံးဖြင့် ကားဘီးကို ရှေ့နောက် ဂျမ်း ညှပ်ခုခံထားလိုက်သည်။

ရှေ့ တန်းအောက် ဂျိုက်ဖြင့် ခု၍ ကားကို မြှောက်သည်။ သူ ဝင်လို့ ရသည့်အနေအထား မြောက်သွားသည်အခါ ၊ ကားအောက်ကို သူ ဝင်၍ ပြုတ်နေသော ရေကာပြား၏ မူလီနတ်တစ်လုံးကို ဖြုတ်တပ် ပြန်လုပ်ရလေသည်။

သတ္ထုထည်မှာ ကျန်နေရစ်သော မူလီမှာ အတော်နှင့် ဖြုတ်မရချေ။ တအားကြပ်နေသည်။ အောင်ကြီး အားစိုက်၍ လှည့်သည်။ ချမ်းအေးလှသော ရာသီဥတုမှာပင် အောင်ကြီး၏ နဖူး ချွေးစို့လာ၏။

အောင်ကြီးက မရမနေ အားစိုက်ကာ ဖြုတ်လှည့်နေသောကြောင့် မူလီနတ်တိုင်မှာ တဖြေးဖြေး လည်လာ၏။ဖြုတ်၍ ရလုလု အနေအထားသို့ ရောက်လာ၏။

” အီ အီ ခလောက် ခလောက် ”

ထိုအခိုက် အောင်ကြီး၏ ကားအနီးမှ ကျွဲလှည်းသံ တအီအီနှင့် လူအချို့၏ ခြေသံ လှုပ်ရှားမှုများ ဖြတ်ကျော်သွားသံ ကြားလိုက်ရသည်။

အောင်ကြီး ကားအောက်ထဲကပဲ အပြင်သို့ လှမ်း၍ အကဲခတ်လိုက်သည်။

သူ၏ ကားနံဘေးမှ မီးရောင်အချို့ လင်းလက်ကာ ကျွဲလှည်းများနှင့်အတူ လူ ဆယ့်လေးငါးယောက်လောက်တို့၏ ခြေထောက်များ ဖြတ်သွားသည်ကို မြင်တွေ့လိုက်ရသည်။

သူမြင်ရသော ခြေထောက်များမှာ ထူးဆန်းစွာ ဖိနပ်စီးထားသူ တစ်ယောက်မျှ မပါ။ရွံနွံများ ပေပွလိမ်းကျံနေသော ခြေဗလာများသာ။

လှည်း အရေအတွက်ကို သူ လိုက်ရေတွက်နေသည်မို့ စုစုပေါင်း ဖြတ်သွားသည်မှာ လှည်း၃စီး ဖြစ်၏။

အံဩစရာကောင်းသည်က လှည်းသံနှင့်ခြေသံများ၊လှုပ်ရှားသံများကိုသာ ကြားလိုက်ရပြီး၊ ထိုအုပ်စုထံမှ အော်ကြဟစ်ကြသည့် ငြင်းခုန်သံ ဝေးလို့၊ တီးတိုးစကားဆိုသံပင် တစ်ခွန်းတစ်ပါဒမျှ မကြားရခြင်းပင်။တိတ်ဆိတ်စွာ ဖြတ်သန်းသွားကြသည်။

လှည်းများမှာ ဝိတ်အလေးချိန် ပါပုံရ၏။
တအိအိ ဆွဲသွားနေသော ကျွဲများ၏ ခြေလှမ်းများ တုန့်နှေးနေပုံကို ကြည့်၍ ခန့်မှန်းရလျင် လှည်းတစ်စီးပေါ်၌ လူ လေးငါးယောက် အနည်းပါလိမ့်မည်။

လှည်းအလွတ် ကျွဲနှစ်ကောင်၏ ခြေတို့ကိုလည်း မြင်လိုက်ရသည်။

ဤသို့ဆိုလျင် ခုနက လူအုပ်စုသည် လူသုံးဆယ်ခန့်ပါသော လူအုပ်ဖြစ်လိမ့်မည်။

အောင်ကြီးသည် မူလီနတ်တိုင်ကို ကြပ်ရင်း တစိမ့်စိမ့်တွေးကြည့်နေခြင်း ဖြစ်သည်။

အေးကအေး ချမ်းကချမ်းနဲ့ ထိုလူအုပ်ကြီးသည် ညကြီးအချိန်မတော် ဘယ်အရပ်ကိုများ ခရီးသွားနေကြတာပါလိမ့်ဟု သူ့စိတ်ထဲ မတင်မကျဖြင့် သံသယဝင်လာသည်။

အနီးအနားတွင် ဆိုသံ ကသံ၊ ဆိုင်းသံဗုံသံလည်း မကြားရချေ။ပွဲသွားပွဲလာလည်း မဖြစ်နိုင်။

ထို့ကြောင့် အောင်ကြီးသည် ကြပ်လက်စ မူလီနတ်တိုင်ကို အမြန်ရစ်လိုက်ပြီး ကားအောက်ကနေ အပြင်သို့ ဒရောသောပါး ထွက်ကြည့်လိုက်မိ၏။

အံဩစရာပင်။ သူ့အနီးက ဖြတ်သွားကြသော လွန်ခဲ့သည့် မိနစ်ပိုင်းခန့်က လှည်းများ၊ လူများကို သူ မမြင်တွေ့ရတော့ချေ။ပျောက်ခြင်းမလှ ပျောက်သွားကြလေသည်။

ကျွဲလှည်းများ နှင့် ခြေလျင် လမ်းလျှောက်သူများမှာ ဤမျှလောက်တော့ မြန်ဆန်စွာ ပျောက်ကွယ် မသွားနိုင်ပေ။

သူ ခုနက မြင်တွေ့ခဲ့ရသည်မှာ ထင်ယောင်မြင်မှား အိပ်မက်ပမာပင်။ထူးဆန်းစွာ ပျောက်ကွယ်သွားကြလေပြီ။

အောင်ကြီးသည် စိတ်ထဲမှာ ဘဝင်မကျချင်တော့။

ကားအောက်က ဂျိုက်ကို ဖြုတ်၏။ ကားဘီးမှာ အဆီးအတား လုပ်ထားသည့် ကျောက်တုံးတို့ကို ဖယ်ရှား၏။

ပြီးနောက် သူ ကားပေါ်သို့ တက်ကာ ထိုနေရာမှ အမြန်ထွက်ခွာ လာခဲ့သည်။

အောင်ကြီး ကားကို ခပ်မြန်မြန်လေး မောင်းရင်း ခုနက တွေ့ခဲ့ရသော လှည်းအုပ်စုကို သတိထား ရှာဖွေနေမိသည်။

လမ်းတွင် လမ်းခါးပြတ်လည်း မတွေ့ရ။
လမ်းခွဲလည်း မရှိ။ သူ မောင်းလာသော အမြန်နှုန်းနှင့်ဆိုလျင်၊ လှည်းအုပ်စုကို မုချ မှီတွေ့နိုင်သည်။

သို့ပေမယ့် ထူးဆန်းသော လှည်းအုပ်စုသည် သူ မောင်းလာသော လမ်းတစ်လျှောက်တွင် လုံးဝ ရှာမတွေ့တော့ချေ။

အောင်ကြီး ကျောချမ်းသွားသည်။

နာနာဘာဝဆိုသည်မှာ လူတို့အား လှည့်စားတတ်သော သဘောမှာ ရှိသည်ဟု သူ ကြားဖူး ဖတ်ဖူး မှတ်သား ထားပါသည်။

တစ္ဆေခြောက်ခံရခြင်းလားဆိုတော့လည်း သူ့အတွေးက မသေချာ။

တစ္ဆေသည် ဤသို့ အုပ်စုဖွဲ့ သွားလာတတ်သည်ဟုလည်း တစ်ခါဖူးမျှ မကြားဖူးခဲ့ချေ။

ဤသို့ဖြင့် အောင်ကြီးသည် ကားတံခါးမှန်ကို အဆုံးထိပိတ်ကာ ကြောက်ကြောက်ဖြင့် ဆက်လက် မောင်းလာခဲ့၏။

သိပ်မကြာမီ သူသည် လမ်းခုလပ်တစ်နေရာ၌ အဝေးပြေးကားများ ခေတ္တရပ်နားရန် ဖွင့်ထားတတ်သော စားသောက်ဆိုင်လေးတစ်ဆိုင်သို့ ရောက်လာခဲ့သည်။

စားသောက်ဆိုင်၏ ဘယ်ဘက်ဘေးတွင်၊ တဲအိမ်တစ်လုံးသာသာခန့် ဂဝံကျောက်တုံးကြီး ရှိသည်။

စားသောက်ဆိုင်၏ ညာဘက် ခပ်လှမ်းလှမ်းတွင် တဲအိမ် လေးငါးလုံးခန့်ကို တဆက်တည်း တန်းစီလျက် ရှိနေသည်ကို မြင်တွေ့ရ၏။

စားသောက်ဆိုင်သည် ကားရပ်နားရန် မျက်နှာစာ ကျယ်ပြန့်ပြီး၊ ကားကို ရေထိုးနိုင်ရန် ရေပိုက်ငယ်များ အသင့်ချထားပေးထား၏။

ချမ်းအေးလွန်းသော ရာသီကြောင့်ထင်၏။ ဆိုင်ရှေ့တွင် ရပ်နားထားသော တခြားသော ကားကို မတွေ့ရသလို၊ ဆိုင်အတွင်း၌လည်း ၆၀ဝပ် မီးလုံးတစ်လုံးသာ ထွန်းထားသည်။

ထို့ကြောင့် ဆိုင်အတွင်းပိုင်းသည် အလင်းရောင် အားဖျော့နေပါ၏။

မြို့အဝင်စဟု သူထင်ရသည့် ဤ အိမ်စုစု အတန်းလေးကို စဝင်လာကတည်းက သူ သတိထားမိသည်က လမ်းအသုံးပြုခ ကောက်ခံသည့် ဘီးခွန်ဆောင်ရသော ဂိတ်ကို မတွေ့ရသေးခြင်းပင်။

မြို့နှင့် အတန်ငယ် ဝေးသေးသည်လား မပြောတတ်ချေ။

သို့မဟုတ် သူပဲ ဘီးခွန်ဂိတ်ကို မမြင်ပဲ ကျော်လာခြင်းလား၊ မရောက်သေးခြင်းလားမသိနိုင်ပေ။

သို့မဟုတ် ညဘက်မို့ ဘီးခွန် မကောက်ခံခြင်းပဲလား မပြောတတ်ချေ။ရာသီဥတုကလည်း အလွန်အေး၏။

ကားတံခါးကို လော့ချ သော့ခတ်ပြီး၊ဆိုင်အတွင်းသို့ သူ ဝင်ခဲ့၏။

လွယ်ကူရာ စားပွဲတစ်လုံးတွင် ဝင်ထိုင်လိုက်ပြီး ဆိုင်ထဲကို အကဲခတ်လိုက်၏။

ကောင်တာစားပွဲနောက်တွင် အရက်ပုလင်းမျိုးစုံ တင်ထားသော စင်တစ်ခု ရှိပြီး၊ ကောင်တာတွင် လူတစ်ယောက်မျှ မရှိ။

ကောင်တာနှင့် ကပ်လျက်တွင် ဆိုင်၏ အနောက်ထဲသို့ ဝင်သည့် လူဝင်ပါက်ရှိသည်။

ထိုအပေါက်မှာ ခန်းစည်းလိုက်ကာစ ချိတ်ထား၏။အတွင်းဘက်သို့ မမြင်နိုင်ပေ။

ထို့ကြောင့် အောင်ကြီးက၊ အသံပြုလိုက်သည်။

“ဆိုင်ရှင်တို့ ဆိုင်ရှင်တို့ ”

ဆိုင်ရှင်ကို အော်ခေါ်ရင်း စားပွဲပေါ်က ရေနွေးဓာတ်ဘူးကို ယူ၍ အကြမ်းပန်းကန်လုံးထဲ ငှဲ့နေလိုက်သည်။

အငွေ့တထောင်းထောင်းဖြင့် တောင်ပေါ်လ္ဘက်ခြောက်နံ့သင်းသော ရေနွေးကြမ်းက သူ့အား အနည်းငယ် အချမ်းပြေသွားစေသယောင်ပင်။

ရေနွေးကြမ်းပူပူကို သောက်လို့ရအောင် သူ ခေါင်းငုံ့၍ ခံတွင်းလေဖြင့် မှုတ်နေချိန် သူ၏ နံဘေးမှ ၊ ခပ်လေးလေး အသံတစ်ခု ထွက်ပေါ်လာ၏။

” ဘာ သုံး ဆောင် မ လဲ ”

ရုတ်တရက်ဆိုတော့ အောင်ကြီး ထိတ်လန့် သွားသည်။ဘယ်အချိန်က သူ့အနား ရောက်လာသည် မသိ။

သူ မော့ကြည့်လိုက်တော့ အရပ်ရှည်ရှည် ခါးအနည်းငယ်ကိုင်းနေသော လူတစ်ယောက်သည် သူ့နံဘေးသို့ ရောက်နေခြင်း ဖြစ်သည်။

ထိုလူကြီးသည် သူ့အား ကြည့်သည်လည်းမဟုတ်။ကားလမ်းပေါ်သို့ တွေတွေငေးငေးကြီးကြည့်ရင်း လာရပ်နေခြင်းဖြစ်၏။

” ဘာ စား မှာ လဲ ”

စိတ်မရှည်ဟန်ဖြင့် သူ့အား မကြည့်ပဲ ထပ်မံ ခုနလို လေးတိလေးကန် မေးလာပြန်သည်။

သေချာသည်က ထိုလူကြီး၏ မျက်လုံးတွေက ကားလမ်းပေါ်သို့သာ ကြည့်နေဆဲ ဖြစ်သည်။ အောင်ကြီးက၊

” ထမင်းကြော် ရလား၊ ရရင် ကြက်သားနဲ့ တစ်ပွဲပေးပါ ”

ထိုလူကြီးက သူ့အား ခေါင်းငြိမ့်ပြပြီး ၊ ဆိုင်နောက်ထဲ ဝင်သွားသည်။

အောင်ကြီး သက်ပြင်းပင် ချလိုက်မိသည်။ ဘယ်လို ဆိုင်ပါလိမ့်ပေါ့။ ဆက်ဆံရေးကလည်း အေးတိအေးစက် နိုင်လှသည်။ ညဘက်မို့ အိပ်ချင်မူးတူးများ ဖြစ်နေတာလား မသိနိုင်။

ရေနွေးကြမ်းကို မှုတ်လိုက် သောက်လိုက် လုပ်ရင်း ထမင်းကြော်ကို စောင့်နေစဉ်၊ လမ်းမဘက်မှ ခြေလျင် လျှောက်လာသော လူ၃ယောက်သည် ဆိုင်ထဲသို့ ဝင်လာကြသည်။

ရွာခံများ ဖြစ်လိမ့်မည်။အလုပ်လုပ်နေရာက ထလာကြသည်လား မသိ။

ထိုလူ ၃ယောက်သည်လည်း ခပ်နွမ်းနွမ်း ရှိလေ၏။သို့သော် ကိုယ်ထည် ကြမ်းတမ်း၏။အလုပ်ကြမ်းသမားများ ဖြစ်ဟန်တူသည်။

သူ နှင့် တစ်ဝိုင်းကျော်က စားပွဲတွင် ထိုလူ ၃ယောက် ဝင်ထိုင်လိုက်ကြသည်။

အောင်ကြီး စိတ်သက်သာရာ ရသွားသည်။ ဆိုင်ထဲမှာ သူ့လို ညဘက် လာရောက် စားသုံးသူ အဖော်များ ရလေပြီဟု တွေးမိသောကြောင့် ဖြစ်သည်။

မရှေးမနှောင်းမှာပဲ ခုနက အရပ်မြင့်မြင့် ခါးကိုင်းသော ဆိုင်ရှင် လူကြီးသည် ထိုစားပွဲသို့ ရောက်လာ၏။ အံဩစရာက၊

ဆိုင်ရှင်၏ လက်ထဲတွင် ပူပူနွေးနွေး ပြုပ်လာဟန်တူသော ခေါက်ဆွဲ အရည်ဖျော် သုံးပွဲကို လင်ပန်းဖြင့် ထည့်လာပြီး ထိုလူ၃ယောက် ရှေ့တွင် ချပေးခြင်း ဖြစ်သည်။

အောင်ကြီးခမျာ အောင့်သက်သက် ဖြစ်သွား၏။

သူ့ နောက်မှ ရောက်လာသော ဧည့်သည်များက စားစရာတွေ ချက်ချင်း ရပြီး ၊ သူက စောင့်နေရသည်မဟုတ်လား ။

နောက်မှ ရောက်လာသော လူ၃ယောက်သည် ဘာစကားမျှ မပြောကြ။ သူတို့ရှေ့ ရောက်လာသော ခေါက်ဆွဲများကိုသာ တရှုးရှုး တရှဲရှဲဖြင့် ခေါင်းမဖော်စတမ်း အားပါးတရ စားသုံးနေကြသည်။

ခေါက်ဆွဲထဲတွင် အရွက်စိမ်းများလည်းပါ၏။ ထိုအရွက်ပြုပ်များကို ငရုတ်ချဉ်များ ထဲ နှစ်ကာ စားနေကြသည်မှာ အားရစရာ ၊ သရေကျချင်စရာပင်။

တခဏနေလျင် ဆိုင်ထဲသို့ လူ၅ယောက် ဝင်လာကြပြန်သည်။

ထိုလူများသည် အရင်ရောက်နှင့်သော လူများကဲ့သို့ပင် ဂင်တိုတို၊ ကိုယ်လုံးကိုယ်ထည် ခပ်ကြမ်းကြမ်း ရှိကြသူများပင်။
ကျွဲများကဲ့သို့ မည်းသော ကိုယ်ထည် ရှိကြသည်။

လွတ်နေသော စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်ကြပြီး အရင်ရောက်နှင့်သော သူများကဲ့သို့ပင် စကားတစ်ခွန်းမျှ မဆိုကြပဲ၊ ထိုင်ခုံများမှာ ခါးကို မတ်မတ် ထိုင်နေကြ၏။

ရှေးနည်းတူစွာပဲ ၊ ဆိုင်ရှင်သည် ခေါက်ဆွဲပြုပ် ပူပူနွေးနွေး ၅ပွဲကို ထိုစားပွဲဝိုင်းသို့ လာချ ပေးပြန်သည်။

အောင်ကြီး ကြည့်ရင်း အံဩနေမိသည်။
ပထမ လူ၃ယောက်တုန်းကလည်း စားစရာ မမှာချေ။

အခု နောက်ရောက်လာသော အဖွဲ့သည်လည်း စားစရာ မမှာ။ သို့ပေမယ့် ဆိုင်ရှင်သည် ခေါက်ဆွဲပြုပ်များကို အရန်သင့်ပြုပ်ထားပြီး၊ စားပွဲပေါ်သို့ ချက်ချင်းလာချပေးသည်မှာ ထူးဆန်းနေ၏။

သို့သော် အောင်ကြီးသည် ဤသို့ ဖြေတွေး တွေးလိုက်သည်။ ကြိုင်တင်မှာထားခြင်းသာ ဖြစ်လိမ့်မည်ဟုပင်။

ဆိုင်ရှင်လူကြီးသည် စားသောက်စရာ ခေါက်ဆွဲပြုပ်များ ချပေးရင်း ၊

” မင်းတို့က လှည်းဆွဲရတာဆိုတော့ ပိုပြီး ပင်ပန်းတယ်။ စားကြ၊ များများစားကြ
လိုရင်လည်း ပြောဟေ့”

ဆိုင်ရှင်က ထိုသို့ ပြောသောလည်း စားပွဲဝိုင်းမှာ ထိုင်နေကြသာများက ဘာစကားတစ်ခွန်းမျှ ခွန်းတုံ့ပြန်မဆိုကြချေ။
ခေါက်ဆွဲပြုပ်များကိုသာ မြိန်ယှက်စွာ စားနေကြသည်။

အောင်ကြီးက သူ့အနီးက ဖြတ်သွားသော ဆိုင်ရှင်အား ၊

” ဦးလေး ကျနော် မှာထားတဲ့ ထမင်းကြော် မရသေးဘူးလား ကြာတာဗျာ ”

ဆိုင်ရှင်လူကြီးသည် ထုံးစံအတိုင်း ၊ သူအား မကြည့်ပဲ ၊

” ခဏစောင့် ၊ ကြော်နေပြီ ”

ထိုသို့ ပြောပြီး၊ ဆိုင်နောက်ထဲသို့ ဝင်သွားပြန်သည်။

ဆိုင်ထဲမှာ သူ အပါအဝင် လူတွေ များလာပေမယ့် ဆူဆူညံညံ စကားပြောသံ မရှိပါဘူး။

ကိုယ့်ခေါက်ဆွဲ ကိုယ်သာ ခေါင်းမဖော်စတမ်း စားနေကြ၏။

အောင်ကြီးလည်း ရေနွေးကြမ်းတွေ သောက်ပြီး အပေါ့(ဆီး)သွားချင်လာ၏။

ထို့ကြောင့် ဝင်လိုက်ထွက်လိုက် စားပွဲထိုး လုပ်နေသော ဆိုင်ရှင်အား အပေါ့သွားချင်၍ အိမ်သာ ဘယ်ဘက်မှာ ရှိလဲဟု မေးလိုက်သည်။

ဆိုင်ရှင်က ဆိုင်၏ ညာဘက်ဘေးမှ အနောက်ထဲသို့ ဝင်သွားရန် ပြော၏။

အောင်ကြီးလည်း ဆိုင်၏ အပြင်သို့ ထွက်၍ ညာဘက် လမ်းကြားလေးထဲမှ အနောက်ထဲသို့ လျှောက်လာခဲ့သည်။

ဆိုင်အနောက်ဘက် ကပ်လျက် မြေလွတ်၌ အိမ်သာ ရှိ၏။၆၀ ဝပ် မီးသီးတစ်လုံး၏ အလင်းပျော့ပျော့မှာ စမ်းတဝါးဝါး လျှောက်လာခဲ့ရခြင်း ဖြစ်သည်။

အိမ်သာမှာ ရေလောင်း အိမ်သာ ဖြစ်၏။ ထိုအိမ်သာ၏ အနောက်တွင် မြေလွတ် ထပ်မံ ရှိအုံးမည်ဟု ခန့်မှန်းရသည်။ အနောက်ဘက် မြေလွတ်ထံမှ လူသူ လှုပ်ရှားသံများ ချိုးချိုးချွတ်ချွတ် ထွက်ပေါ်နေ၏။

အောင်ကြီး အပေါ့သွားနေစဉ် ၊ နားထဲသို့ တရှုးရှုး တရှဲရှဲဖြင့် စားသောက်နေကြသည့် အသံများကြားလိုက်ရသည်။

ထိုအသံမှာ သူ ဆိုင်ထဲ ထိုင်နေစဉ်က ကြားရသော ခေါက်ဆွဲပြုပ်စားနေကြသည့် အသံနှင့် တစ်ထပ်တည်း ဖြစ်၏။

ထိုအသံသည် အိမ်သာ၏ အနောက်ဘက် မှ ထွက်ပေါ်နေခြင်း ဖြစ်၍ အိမ်သာအုတ်ပေါက်ကြားမှ အနောက်သို့ အောင်ကြီး စပ်စုစွာ ချောင်းကြည့်လိုက်သည်။

” ဟင်! ”

အုတ်ပေါက်ထဲမှ မြင်လိုက်ရသော မြင်ကွင်းက အောင်ကြီးအား မှင်သက်အံဩသွားစေသည်။

ကြည်ပါဦး။ အိမ်သာအနောက်ဘက် မြေကွက်လပ်မှာ လှည်းအိမ်၃လုံးကို ဒေါက်ထောက်ထား၏။ ကျွဲများကိုတော့ မမြင်တွေ့ရချေ။

မြေတလင်းပြင်မှာ ၃ယောက်တစ်ဖွဲ့၊ ၅ယောက်တစ်ဖွဲ့ အလျင်းသင့်သလို အစုလိုက် အဖွဲ့လိုက်ဖြင့် ခေါက်ဆွဲပြုပ်များကို အားရပါးရ စားသုံးနေကြသည်။

ကလေးအမေများက ၂နှစ်၊ ၃နှစ်အရွယ် သားသမီးများကို အစာခွန့်လျက်၎င်း၊

နို့တိုက်မိခင်များကလည်း ကလေးများကို နို့တိုက်နေလျက်၎င်း၊

ယောက်ကျားကြီးအုပ်စုသည်လည်း အဖွဲ့လိုက် လက်သင့်သလို စုလျက်၎င်း

ခေါက်ဆွဲပြုပ်များကို မြိန်ယှက်စွာ စားသုံးနေကြသည်ကို မြင်တွေ့လိုက်ရသည်။

စားသောက်နေသော အသံမှတစ်ပါး၊လူအုပ်စုသဘာဝ အလျောက် ဖြစ်ပေါ်တတ်သော ကလေးငိုသံ၊ တီတိုးစကားသံ၊ ငြင်းခုန်ရန်ဖြစ်သံ လုံးဝ မထွက်ကြချေ။

ငြိမ်ဝပ် တိတ်ဆိတ်လွန်းလှသည်။

အောင်ကြီးသည် သူ မြင်ရသော မြင်ကွင်းသည် အမှန်တကယ် ဟုတ်ပါလေစ ဟု သံသယပွားလာသဖြင့် သူ၏ မျက်လုံးများကို လက်ဖြင့် ပွတ်သပ်၍ ထပ်မံကြည့်မိသည်။

မြင်နေရသည်မှာ အမှန်ပင် ဖြစ်လေ၏။

အောင်ကြီးသည် စပ်စပ်စုစုဖြင့် စားသောက်နေသော လှည်းဝိုင်းမှ လူများ၏ ခြေထောက်များကို အယောက်တိုင်းစေ့ လိုက်လံကြည့်လိုက်ပြန်သည်။

အားလုံးသော သူတို့မှာ ခြေဗလာသက်သက်သာ။ ဖိနပ်၊ ခြေနင်း လုံးဝ စီးထားခြင်း မရှိသလို၊ နံဘေး၌ ချွတ်ပုံထားခြင်းလည်း မရှိပေ။

” ဒါ ငါကားပြင်နေတုန်က တွေ့ခဲ့တဲ့ လှည်းအုပ်စုပါလား ၊ သူတို့ ဒီလောက် မြန်မြန် ဒီစားသောက်ဆိုင်ကို ဘယ်လိုများ ရောက်လာတာပါလိမ့် ”

အောင်ကြီးသည် အုတ်ပေါက်မှ ထပ်မံ၍ ချောင်းကြည့်ပြန်သည်။

အောင်ကြီး ရှာနေတာက လှည်းကို ဆွဲလာသော ကျွဲများကို ဖြစ်သည်။

သို့သော် အိမ်သာ၏ အနောက်ဘက် ကွင်းပြင်၌ ကျွဲတစ်ကောင်ကိုမျှ မမြင်တွေ့ရပေ။

အောင်ကြီးသည် ဆိုင်ထဲမှာ တွေ့ခဲ့ရသော အသားမည်းမည်း ကိုယ်ထည် ကြမ်းတမ်းသော သူများကို ပြန်မြင်ယောင် ဆက်စပ်တွေးလိုက်မိသည့်အခါ ကျောထဲက စိမ့်ကနဲ အေးသွားပြီး ခေါင်းနပမ်းကြီးသွားသည်အထိ ကြက်သီးမွေးညင်း ထသွားပါသည်။

အောင်ကြီးသည် အိမ်သာမှာ ပြန်ထွက်လာပြီး၊ ဆိုင်ထဲ ထိုင်နေကြသော လူတွေ၏ ခြေထောက်ကို အမှတ်တမဲ့ ကြည့်လိုက်သည်။

” ဟာ! ”

ထိုအသံသည် သူ၏ ပါးစပ်ကနေ မထိမ်းနိုင် မသိမ်းနိုင် ထွက်သွားမိသည်။

အဘယ်ကြောင့်ဆိုသော် ၊ ဆိုင်ထဲက လူများသည်လည်း တစ်ဦးတစ်ယောက်မျှ ဖိနပ် မပါကြချေ။ ဖိနပ် မစီးထားကြချေ။

ထိုသူတို့၏ ခြေထောက်များသည် ရွံ့အလိမ်းလိမ်း ပေကျံလျက် ရှိကြသည်မှာ ဖိနပ်စီးရန်မလိုသော ကျွဲခွာ နွားခွာများအလားပင်။

အောင်ကြီးသည် စားသောက်ဆိုင်ကို လုံးဝ မသင်္ကာတော့ချေ။ သူ စားသောက်ဆိုင်ထဲ မဝင်ပဲ ဆိုင်အပြင်၌ ယောင်လည်လည် လုပ်ရင်း ကားအနီးသို့ သွားလိုက်သည်။

ကားတံခါးကို ဆွဲဖွင့်လိုက်ပေမယ့် တံခါးက လော့ချထား၍ မပွင့်။ အိတ်ထောင်ထဲ ကားသော့ကို စမ်းကြည့်ရင်း သတိရသွားသည်။

သူ ကားသော့ကို စားသောက်ဆိုင်ထဲက စားပွဲပေါ် တင်ထားမိသည်ပဲလေ။

အောင်ကြီးသည် ကားသော့ကို စားသောက်ဆိုင်ထဲသို့ မဖြစ်မနေ ဝင်ယူရလိမ့်ဦးမည်။

စားသောက်ဆိုင်ထဲကို ဝင်ယူရန် ကြည့်လိုက်သည့်အခါ ၊ ဆိုင်ထဲက ခေါက်ဆွဲပြုပ်စားသုံးနေကြသူ အားလုံးက ခေါက်ဆွဲကို ဆက်၍ မစားပဲ သူ့အား စိမ်းစိမ်းကြီး ဝိုင်းကြည့်နေကြသည်။

အကြည့်များက သူ့အား မလိုလားဟန် အပြည့်ပါနေသည်ဟု ခံစားနေမိသည်။
သူ့ ဗိုက်ထဲက ကလီစာတွေပါ တုန်ရင်နေအောင် ဤပတ်ဝန်းကျင်ကို ကြောက်လန့်လာသည်။

အောင်ကြီးသည် မဝန့်မရဲဖြင့် ဆိုင်ထဲကို လှမ်းလာခဲ့ရင်း စားပွဲပေါ်က ကားသော့ကို ယူလိုက်သည်။

သူလည်း ကားသော့ကို ကိုင်လိုက်ရော၊ အနီးနား စားပွဲဝိုင်းက ခြေဗလာနှင့်လူများသည် ရုတ်ခြည်း ဝုန်းကနဲ မတ်တတ်ထရပ်လိုက်ကြသည်ကို ထိတ်လန့်စွာ ကြုံလိုက်ရသည်။

ထိုအဖြစ်အပျက်ကြောင့် အောင်ကြီး ကြီးစွာ ထိတ်လန့်သွားချိန် ဆိုင်အနောက်ထဲက ဆိုင်ရှင်ထွက်လာ၏။

ဆိုင်ရှင်၏ လက်ထဲတွင် ၊ အငွေ့ တထောင်းထောင်း ထနေသော ကြက်သားထမင်းကြော် ပန်းကန်ကို ကိုင်လာသည်။

ဆိုင်ရှင်က မတ်တတ်ရပ်နေကြသော လူများကို တစ်ချက်မျှ ဝေ့ကြည့်လိုက်၏။သူ၏ အကြည့်မှာ စူးရှ၏။

ဆိုင်ရှင်၏ အကြည့်ကြောင့်လား မသိ။

ဆိုင်ထဲက လူများသည်၊ ဘာစကားမှ မဆိုပဲ၊ ဆိုင်အပြင် လမ်းမသို့ ထွက်ကာ အလျိုလျို ပျောက်ကွယ်သွားကြသည်။

ဆိုင်ရှင်က အောင်ကြီးဘက်သို့ လှည့်ကာ ၊ မရယ်မပြုံး ၊ ခပ်တည်တည် မျက်နှာပေးဖြင့် ၊

” ထမင်းကြော်က နည်းနည်းကြာသွားတယ်၊ ကဲ ပူတုန်းလေး သုံးဆောင်ပါအုံး ”

အောင်ကြီးလည်း ဆိုင်ရှင်၏ စကားကို ကြားရသည့်အခါ ၊ သူ့အား တစ်စုံတစ်ယောက်က အမိန့်ပေးလိုက်သကဲ့သို့ ဖြစ်သွား၏။

ထိုင်ခုံမှာ ပြန်ထိုင်လိုက်မိသည်။ ရှေ့မှာ ရှိသော ထမင်းကြော်ပန်းကန်ကို ယူ၍ စားရန် ဇွန်းကို ကိုင်လိုက်၏။

ထိုအခိုက် ကားလမ်းပေါ်မှ ကားတစ်စီး ဝေါကနဲ အပြင်းမောင်းသွားသံ၊ ဟွန်းသံ အရှည်ကြီး တီးသွားသံ ကြားလိုက်ရ၍ အောင်ကြီးသည် အိပ်မက်မှ လန့်နိုးသူတစ်ယောက်ပမာ သတိ ပြန်ဝင်သွား၏။

အောင်ကြီးသည် သူ့ ရှေ့က စားပွဲပေါ်မှ ထမင်းကြော်ကို ကြည့်၍ စားချင်စိတ် မရှိတော့ပဲ၊

” ဟိုလေ ၊ ကျနော် အခု သိပ်မဆာသေးလို့ ၊ ဒီထမင်းကြော်ကို ပါဆယ် ထုတ်ပေးပါခင်ဗျ။ ဘယ်လောက်ကျလဲ မသိဘူး”

အောင်ကြီးက ပိုက်ဆံထုတ်ရင်း မေးလိုက်၏။

ဆိုင်ရှင်က သူ့အား မကျေနပ်သလို ခပ်မဲ့မဲ့ ကြည့်ရင်း စားပွဲပေါ်က ထမင်းကြော်ပန်းကန်ကို ယူ၍ အနောက်ထဲ ဝင်သွား၏။

တအောင့်ခန့်အကြာ ထမင်းကြော်ကို ပါဆယ်ထုပ်လာပြီး အောင်ကြီးထံမှ ကျသင့်ငွေ တောင်းယူ၏။

အောင်ကြီးလည်း ငွေရှင်းပြီး၊ ထမင်းကြော်ပါဆယ်ထုပ်ကို ယူကာ ကားကို ထိုနေရာမှ အမြန်မောင်းထွက်လာခဲ့တော့လေသည်။

ကြောက်စိတ်ကြောင့် သူ့ အမူအယာက ကတုန်ကယင် ဖြစ်မည်မှာ မလွဲပေ။

စိတ်ကို တည်ငြိမ်အောင်ဆိုပြီး အောင်ကြီးသည် ကားမောင်းရင်း ဘုရားစာများ ရွတ်ဖတ် လာခဲ့သည်။

မိနစ်၂၀ လောက် မောင်းလာသည့်အခါ၊ ရွာငံမြို့ အဝင် ဘီးခွန်ဂိတ်သို့ ရောက်လေ၏။ ဘီးခွန် ပြေစာ ဖြတ်ပြီး မြို့ထဲကို ရောက်လာတော့မှ သူ သက်ပြင်း ချနိုင်တော့သည်။

မြို့ထဲတွင် လျှပ်စစ်မီးများ ထိန်ထိန်လင်းနေသော ကားရပ်နားသည့် စားသောက်ဆိုင်များကို ၃၊၄ဆိုင် ဆက်တိုက်တွေ့ရ၍ အစွန်ဆုံး ဆိုင်တစ်ဆိုင်မှာ သူ့ကားကို ဝင်ရပ်လိုက်သည်။

ထိုဆိုင်ရှေ့တွင် ဂေါ်ဖီထုပ်များ တင်ဆောင်လာသော ၆ဘီးကုန်တင်ကားငယ် တစ်စီး ရပ်နားလျက် ရှိ၏။

သူ့ကား ဝင်လာကတည်းက ဆိုင်ထဲက ထိုင်နေသော ကားသမား၂ဦးသည် သူနှင့် သူ့ကားအား တစိုက်မတ်မတ် ကြည့်နေ၏။

၆ဘီးကားမောင်းသူနှင့် စပယ်ယာ ဖြစ်လိမ့်မည်။

အောင်ကြီးသည် ဆိုင်ရှေ့ ရေတိုင်ကီထဲက ရေကို အနည်းငယ်ခပ်ယူ၍ မျက်နှာ သစ်လိုက်သည်။ရေခဲရေတမျှ အေးမြသော ရေက သူ့ အသိစိတ်အား လန့်ဖြန့် နိုးထသွားစေသည်။

သူ ဆိုင်ထဲ ဝင်တော့ အရင်ရောက်နှင့်နေသော ၆ဘီးကားဆရာက သူ့အား ပြုံးပြ နုတ်ဆက်နေသည်။ သူလည်း အလိုက်တသိ ပြန်ပြုံးပြလိုက်၏။

စားပွဲလွတ် တစ်လုံးမှာ သူ နေရာယူ ထိုင်လိုက်ပြီး ၊ ကော်ဖီတစ်ခွက် မှာလိုက်သည်။ တစ်ဖက် စားပွဲဝိုင်းက ၆ဘီး ကားဆရာသည် သူ ရှိရာ စားပွဲသို့ ထလာ၏။

ပြီးနောက် ခုံလွတ်တစ်လုံးကို ယူထိုင်ရင်း ၊ မိတ်ဆက်စကားဆို၏ ။

၆ဘီးကား ဆရာက အောင်ကြီးအား မိတ်ဆက်ပြီး၊ သူ သိလိုသည်ကို တည့်တည့်ပြောလေတော့၏။

” ခင်ဗျားကားကို ဂဝံကျောက်တုံးကြီးနား ရပ်ထားတာ တွေ့ခဲ့တယ်။ ကျုပ်တောင် ဟွန်းအရှည်ကြီး တီးထားခဲ့သေးတယ်၊
အဲ့ဒီမှာ ဘာလုပ်နေတာတုန်းဗျ ”

အောင်ကြီးက သူ ခုနက ကြားလိုက်ရသော ဟွန်းသံအရှည်ကြီးတီးသူမှာ ထို၆ဘီးကားဆရာမှန်း သိသွားကာ၊

” အော် အဲ့ဒီထမင်းဆိုင်မှာ ခဏ ဝင်နားတာဗျ၊ ထမင်းကြော် မှာတာ အကြာကြီး စောင့်နေရလို့ စိတ်တောင် မရှည်ပါဘူးဗျာ ”

၆ဘီးကားဆရာသည် သူ့အား အံဩစွာကြည့်ရင်း ၊

” ဟာဗျာ ၊ အဲ့ဒါ အရင်က ဂဝံသင်္ချိုင်းဟောင်းဗျ ၊ ဘယ်ကမှ ထမင်းဆိုင် လာမဖွင့်ပါဘူး။ အဲ့ဒီနေရာမှာ ဘာဆိုင်မှ မရှိဘူး။ ခင်ဗျားတော့ သရဲ ခြောက်ခံထိပြီထင်တယ် ”

” ဗျာ! ”

” ဟုတ်..ဟုတ်လို့လားဗျာ ၊ ကျနော့်ကို ဆိုင်ရှင်က ထမင်းကြော်တောင် ပါဆယ်ထုပ်ပေးလိုက်သေးတယ် ”

၆ဘီးကားဆရာက အောင်ကြီးအား မယုံသလို ကြည့်ရင်း ၊

” ခင်ဗျား တကယ်ပြောနေတာလား ၊ ကျုပ်က ခင်ဗျား သရဲခြောက်ခံရမှာစိုးလို့ ဟွန်းသံ အကျယ်ကြီး တီးသွားတာဗျ ၊ ကဲ ဘယ်မှာတုန်း ခင်ဗျားရဲ့ ထမင်းကြော် ပါဆယ်ထုပ်က၊ ကျုပ် ကြည့်စမ်းမယ်”

အောင်ကြီးသည် ၆ဘီးကားဆရာနှင့်စပယ်ယာကို ခေါ်၍ သူ၏ ကားထဲက ထမင်းကြော်ပါဆယ်ထုပ်ကို ယူပြလိုက်သည်။

၆ဘီးကားဆရာ နှင့် စပယ်ယာတို့သည် သူ ယူလာခဲ့သော ထမင်းကြော်ပါဆယ်ထုပ်ဆိုတာကို ဖွင့်ကြည့်ရင်း ရယ်မောလိုက်ကြသည်။

ကြွပ်ကြွပ်အိပ် အတွင်းက ဖော့ဘူး ။ဖော့ဘူးကလည်း အဟောင်းခပ်ညစ်ညစ်။

ထိုဖော့ဘူး အဟောင်းထဲမှာတော့ ထမင်းကြော်အစား သစ်ရွက်ခြောက်များ အမှိုက်စများကိုသာ တွေ့လိုက်ရလေတော့သည်။

အောင်ကြီးခမျာ ရပ်နေသော ဒူးများပင် မခိုင်။ တုန်ယင်စွာ ခွေညွတ်သွား၏။
၆ဘီးကားဆရာက သူ့အား တွဲမ၍ ဆိုင်ထဲသို့ ခေါ်လာရသည်။

၆ဘီးကားဆရာက အောင်ကြီး အကြောက်ပြေစေရန် အလို့ငှာ သူ သောက်နေသော ဝီစကီကို အချိုရည်ရော၍ တိုက်ရသည်ဟူသတဲ့။

အောင်ကြီး ခမျာ အတော်နှင့် အကြောက်မပြေသဖြင့် ၆ဘီးကားဆရာက မနက်မိုးလင်းသည်အထိ စောင့်ပေးပြီး၊ သူ့ကားနဲ့အတူ မန္တလေးသို့ အတူတူတွဲဆင်းရပါလေတော့သည်။

ထိုအဖြစ်အပျက်များဖြစ်ပျက်ပြီးနောက်တွင် ကိုအောင်ကြီးသည် အဖော်မပါပဲ ဘယ်ညအိပ်ခရီးမှ ကားအော်ဒါ မလိုက်ရဲတော့ပါဟု သိရလေ၏။

ပြီးပါပြီ

ပီပီ(မန္တလေး)