အနိဋာထမင်းဝိုင်း

အချဉ်လေးပါမှ လိုက်တယ်မဟုတ်လား”

မသန်းက ဟင်းချိုခွက်ကိုအလယ်မှာချပေးလိုက်ပြီးတော့

“ဒါနဲ့ တော်က ကျုပ်ကို ဟိုဟာမလို့ ခေါ်လိုက်သလားလို့”

သူကြီးက ပြုံးဖြီးဖြီးနဲ့

“ပါးစပ်ကနေ ယောင်ပြီးတော့ထွက်သွားတာပါကွာ မင်းကလဲ”

မသန်းက ကျုပ်ရှိနေလို့ထင်ပါတယ်၊ သူကြီးကို မျက်စောင်းတစ်ချက်ထိုးပြီးတော့ ထိုင်ခုံမှာထိုင်ချလိုက်တယ်။ ပြီးတော့ ထမင်းဝိုင်းကိုကြည့်ရင်း

“ဟဲ့ ဟိုကောင်မတွေ၊ အပင်းချဖို့ကြွ၊ တကတည်းတော် စားမယ့်အရေးကိုလိုက်ခေါ်နေရတယ်၊ ဗိုက်မဆာကြဘူးလားမသိဘူး”

မသန်းက အော်လိုက်တော့မှ အောက်ခန်းက ညီအမနှစ်ယောက်က ပြေးထွက်လာကြတယ်ဗျာ၊ လူစုံတက်စုံဆိုတော့ ထမင်းစားဖို့အဆင်သင့်ဖြစ်သွားပြီပေါ့ဗျာ၊ သူတို့တွေလူစုံတစ်စုံထမင်းစားတာကလည်း အားရစရာကြီးပါ။ မသန်းက ကျုပ်ကိုလှမ်းကြည့်ပြီး

“အားနာစရာကြီးဦးဘသာရယ်၊ ဦးဘသာစားသောက်ပြီးတော့မှ အေးအေးဆေးဆေးလာမယ်လို့ထင်တာ”

“ရပါတယ်၊ ကျုပ်ကိုအားမနာပါနဲ့”

အကြီးကောင်ကလည်း အမဲသားဟင်းတုံးခပ်ပြီးတော့ ထမင်းပေါ်ပုံရင်း ဟင်းအနှစ်တွေကိုထမင်းနဲ့လူးလူးပြီးတော့ ပါးစပ်ထဲကိုထိုးသွင်းသဗျ၊ တို့စရာကလည်း မှိုနတို၊ ဖားကပေါင်၊ လယ်ပတူအစုံပါပဲ၊ အကြီးကောင်က လယ်ပတူအပင်လိုက် သုံးလေးပင်ကိုလုံးထွေးပြီးတော့ ပါးစပ်ထဲကိုထိုးထည့်တယ်ဗျ၊ သူစားတာကြည့်ရင်း ကျုပ်ဖြင့်သွားရေတောင်ကျနေမိတယ်ဗျာ။ အတူတူစားတော့ ထမင်းမြိန်တယ်ဆိုတဲ့စကားအတိုင်း စားလိုက်သောက်လိုက်ကြတာဗျာ၊ အရွယ်ကောင်းတွေဆိုတော့ ထမင်းကလည်း စားနိုင်သဗျ၊ အကြီးကောင်က ထမင်းထပ်ယူလိုက်၊ အငယ်ကောင်က ထမင်းယူလိုက်၊ မိန်းကလေးတွေက ထမင်းတောင်းလိုက်နဲ့ဆိုတော့ သူတို့အိမ်က ထမင်းအိုးကြီးက ဟိုလူ့ဆီရောက် ဒီလူ့ဆီရောက်နဲ့ပေါ့။

(၂)

“နေ့လည်က ဘကြီးပြောင်နဲ့ သူ့သားမက် ငဝင်းတို့ ဆော်ကြတာ အဖေသိပြီးပြီလား”

အကြီးကောင်က စကားစတယ်ဗျ၊ သူကြီးကလည်း စားသောက်ရင်း

“မသိသေးဘူးကွ၊ တော်တော်အခြေအတင်ဖြစ်သွားလို့လား”

“ဖြစ်ပါရော အဖေရာ၊ ဘကြီးပြောင်က သူထမင်းစားဖို့ဆိုပြီး ကြော်ထားတဲ့ ကြက်သားကြော်တွေကို ငဝင်းက ခိုးစားတယ်လို့စွပ်စွဲပြီး ရန်ဖြစ်ရာကနေ အကျယ်အကျယ်တွေဖြစ်ကုန်ပြီးတော့ နှစ်ယောက်သားနပမ်းထလုံးကြတာပဲဗျာ”

သူကြီးက သက်ပြင်းချပြီးတော့

“အင်းလေ၊ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ဆိုတာမျိုးပေါ့”

“နောက်ဆုံးတော့ ငဝင်းလက်ချက်မဟုတ်ဘူးဗျာ၊ သူတို့အိမ်မှာမွှေးထားတဲ့ ကြောင်ရွှေဝါလက်ချက်တဲ့ဗျာ၊ ကြောင်ရွှေဝါကလည်း အုပ်ဆောင်းနဲ့သေချာအုပ်ထားတဲ့ဟာကို ရအောင်ခိုးစားသွားတာ၊ အုပ်ဆောင်းအောက်ထားတာ ပျောက်တယ်ဆိုတော့ လူပဲထင်တာပေါ့အဖေရာ”

အကြီးကောင်ပြောစကားကို သူကြီးက ထမင်းလုပ်ကြီးနဲ့ခေါင်းညိတ်ပြသဗျာ၊ ဒီအခါ အငယ်မတစ်ယောက်က ထပြီး

“မကြီး၊ မငယ်တို့လည်း နေ့လည်က တစ်ပွဲနွှဲသေးသတဲ့အဖေရေ”

“ဟ၊ မကြီး၊ မငယ်က သိပ်ချစ်ကြတဲ့ညီအမတွေမဟုတ်လား”

“တခြားနေရာတော့ ချစ်ရင်ချစ်မယ်၊ အချစ်နဲ့တွေ့တော့ မချစ်နိုင်တော့ဘူးအဖေရ”

“နင့်စကားကလည်း အဆန်းပါလား”

“ဟုတ်တယ်အဖေ၊ မကြီးမငယ်နှစ်ယောက်စလုံးကို ကိုသိုက်ကြီးက အီစီကလီလုပ်နေတာတဲ့အဖေရ၊ အခု ကိုသိုက်အတွက်နဲ့ မကြီး မငယ်ညီအမနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်ကြ လုံးကြထွေးကြတာဆိုတာ ပြောမနေပါနဲ့အဖေရာ”

“မကြီး၊ မငယ်ကတော့ မကြီးမငယ်နဲ့ ရန်တွေဖြစ်ကုန်ပါပေါ့လား၊ ဒါနဲ့ဘယ်သူနိုင်သွားလဲ”

“အခုထိအနိုင်အရှုံးမပေါ်သေးဘူးတဲ့အဖေရေ၊ တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြသေးဘူးတဲ့”

သူကြီးက ဟင်းချိုခပ်သောက်ရင်း

“အဲဒါ ငသိုက်ရှုပ်တာကွ၊ နောက်ဆို ငသိုက်ကိုပြောထားအုံးမှပဲ၊ ဒီကောင့်ကြောင့် ညီအမနှစ်ယောက် ရန်ဖြစ်ပြီမဟုတ်လား”

“ဒါကတော့ မိန်းမတွေဆိုတာ မုန့်ကိုပဲဝေခွဲစားရင်စားမယ်၊ အချစ်ကိုတော့ ခွဲဝေမစားနိုင်ဘူးလို့ ဆိုတယ်မဟုတ်လား အဖေရ”

အငယ်ကောင်က အငယ်မစကားကိုဝင်ထောက်တယ်ဗျ၊ မသန်းက ကြည့်ရင်းခေါင်းတစ်ချက်ညိတ်တယ်၊ အငယ်ကောင်က ထမင်းလုပ်ကိုပါးစပ်ထဲထည့်ပြီးတော့ ပလုပ်ပလောင်းနဲ့။

“အခုညနေပဲ ဒေါ်ဂွနဲ့ ဒေါ်လှတို့ရန်ဖြစ်ကြသေးသဗျာ၊ ဖြစ်တဲ့ကိစ္စကလည်း ရင်ထုပြီးလင်လုတဲ့ကိစ္စတဲ့ဗျာ”

မသန်းမျက်လုံးတွေ အရောင်လက်သွားတယ်ဗျ။

“ဟုတ်လား၊ ဒါတွေဖြစ်လာမယ်လို့ ငါသိပြီးသားပါ၊ မလှက အိမ်ထောင်ပျက်တစ်ခုလပ်မဟုတ်လား၊ တစ်ပင်လဲသွားပြီဆိုတော့ နောက်တစ်ပင်ထူဖို့လိုက်ရှာနေတာ၊ ခက်တာက သူလိုချင်တဲ့အပင်တွေက သူများအပင်တွေလေ”

“ဟုတ်ပါ့အမေရာ၊ ဒေါ်ဂွယောက်ျားကြီးကို သွားပြီးမြှူဆွယ်လို့ဆိုပြီးတော့ ဒေါ်လှနဲ့ဒေါ်ဂွနဲ့ ချကြတာဗျာ၊ ဆဲလိုက်တာကလည်းပြောမနေနဲ့တော့”

အငယ်ကောင်က ဘယ်လိုမှမနေပေမယ့်၊ မသန်းမျက်နှာကတော့ တော်တော်တင်းမာသွားတယ်ဗျ။

“ဒီကောင်မက ဒီလိုပဲ၊ သူများလင်မှ ကောင်းတယ်ထင်နေတာ”

သူကြီးက မသန်းစကားကိုကြားပြီးတော့ ကျုပ်ကိုအားနာသွားတယ်ထင်ပါတယ်ဗျာ။

“မသန်း၊ မင်းဒီလိုတွေ လျှောက်လျှောက်ပြီးမပြောစမ်းပါနဲ့ကွာ”

မသန်းက သူကြီးကိုမျက်စောင်းထိုးပြီး

“ဘာလဲ တော်က တော့်မယားထိတော့ နာတာလား”

သူကြီးဒေါသထွက်သွားတယ်ဗျ။

“မသန်း၊ မင်းမဟုတ်တာတွေမပြောနဲ့နော်”

“ကျုပ်က မဟုတ်တာမပြောဘူး၊ ဟုတ်တာပြောလို့ တော်နာသွားတာမဟုတ်လား၊ ဟိုနေ့က တော်နဲ့အဲဒီမလှနဲ့ ရွာပြင်ကိုရယ်မောပြီးတော့ သွားကြတယ်ဆို၊ မလှဆိုတာ ယောက်ျားမရှိလို့ တွေ့တဲ့ယောက်ျားဆွဲဖမ်းမယ်လုပ်နေတာနော်၊ တော်မယွနဲ့”

“ဟာကွာ၊ မဟုတ်ပါဘူးမသန်းရာ၊ ရွာပြင်ကိုသွားတယ်ဆိုတာက အလှနဲ့ဘကြီးဖြိုးတို့လယ်နဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေကြလို့ သွားရှင်းပေးတဲ့သဘောပါကွ”

မသန်းကမျက်လုံးကြီးပြူးလာပြီး အသံကလည်း ကျယ်လာတယ်ဗျာ။

“ဘာပြောတယ်၊ ဒီကောင်မကို ရှင်ကဘယ်လိုခေါ်တယ်၊ အလှတဲ့လား၊ အလှလို့များခေါ်တယ်လား၊ ဟင်၊ အိမ်ကမိန်းမကိုကျတော့ ဟိုဟာမတဲ့”

“မဟုတ်ပါဘူးဆိုနေမှကွာ”

“ကိုဘမောင်၊ ကျုပ်နားမကန်းသေးပါဘူးနော်၊ ခုနက တော်ကျုပ်ကို ဟိုဟာမလို့ခေါ်လိုက်တာ ကျုပ်ကြားလိုက်တယ်၊ ကျုပ်နားနဲ့ဆတ်ဆတ်ကြားလိုက်တာနော်၊ သူစိမ်းတွေရှိနေလို့ ကျုပ်ရှင့်ကိုပြဿနာမရှာတာကို ရှင်အကောင်းမှတ်နေသလား”

ပြဿနာက ကျုုပ်ဖက်လှည့်လာပြီဗျာ၊ သူကြီးကလည်း စိတ်တိုတိုနဲ့

“အေးကွာ၊ မင်းသူစိမ်းတွေရှေ့မပြောချင်ရင် ဒီအကြောင်းလည်းမပြောနဲ့၊ ငါ့ကိုလည်းမစွပ်စွဲနဲ့၊ သူများကြားတော့ ရှက်စရာကြီးကွာ”

သူတို့လင်မယားအခြေအနေတွေတင်းမာလာတာနဲ့ ကျုပ်လည်းကြားဝင်လိုက်ရတော့တယ်။

“ကဲသူကြီးရော၊ မသန်းရော တော်ကြပါတော့ဗျာ၊ ထမင်းစားနေတုန်း ရန်မဖြစ်ကြပါနဲ့၊ ဖြစ်ချင်ရင်စားပြီးသောက်ပြီးမှ အေးအေးဆေးဆေးဖြစ်ကြပါတော့ဗျာ”

ကျုပ်ပြောတော့မှ သူတို့ကျုပ်ကိုအားနာသွားပုံရတယ်ဗျ၊ ရပ်တန်းကရပ်ပြီးတော့ ထမင်းဆက်စားနေကြတယ်၊ မသန်းကတော့ သူကြီးကိုမျက်စောင်းကြီးတခဲခဲနဲ့ ဒေါသထွက်နေပုံရတယ်၊ ထမင်းတွေကို ကောက်ကောက်ပြီးပါးစပ်ထဲကို ပက်သွင်းနေလေရဲ့ဗျာ။

(၃)

ဒေါသထွက်ထွက်နဲ့ ထမင်းစားနေတဲ့မသန်းက အမဲသားဟင်းခွက်ကိုအနှိုက်မှာ အကြီးကောင်နဲ့လက်ချင်းသွားဆုံတယ်ဗျ၊ ဒီအခါ အကြီးကောင်လက်ကိုပုတ်ချလိုက်ပြီးတော့ အမဲသားဟင်းထည့်ထားတဲ့ခွက်ကို ယူပြီး သူ့ပန်းကန်ထဲအကုန်လောင်းထည့်လိုက်ပါရောဗျာ၊ ပြီးတော့ ထမင်းတွေကို ကျုံးကျုံးပြီးစားပါရော၊ ကျုပ်ဖြင့် မသန်းကိုကြည့်ရင်းအံ့သြနေတာ၊ တစ်အိမ်လုံးကလည်း အံ့သြနေကြတယ်၊ ဒါပေမယ့် မသန်းဒေါသကိုသိလို့ထင်တယ် ဘာမှတော့မပြောဘဲ စောင့်ကြည့်နေကြတယ်ဗျ။

မသန်းက ထမင်းပန်းကန်ထဲက ထမင်းတွေဟင်းတွေအကုန်ကုန်သွားတော့ ဘေးနားက ထမင်းအိုးကြီးကိုသူ့အရှေ့ဆွဲယူလိုက်တယ်၊ နောက်တော့ ထမင်းစားပွဲပေါ်က ငါးပိရည်ခွက်တွေ၊ ခရမ်းချဉ်သီးချက်၊ ဖရုံသီးဟင်း၊ ကင်ပွန်းချဉ်ရွက်ချဉ်ဟင်းတွေ အိုဗျာ ရှိသမျှဟင်းခွက်တွေအကုန်ယူပြီး ခုနက ထမင်းအိုးကြီးထဲကိုလောင်းထည့်ပါရော၊ ပြီးတော့ လက်နဲ့ကျုံးကျုံးပြီးစားတာ၊ တစ်ခါကျုံးရင်လက်အပြည့်ပဲဆိုတော့မနည်းဘူးဗျာ၊ ပါးစပ်ကြီးကိုဖြဲဖြဲပြီးထိုးထည့်တယ်၊ ပြီးတော့ ဝါးတောင်မဝါးဘူး မြိုချတယ်ဗျာ။

မသန်းတစ်ခုခုဖြစ်နေပြီဆိုတာ ကျုပ်သိလိုက်ပြီဗျ၊ ပြီးတော့ ထမင်းဝိုင်းအနားမှာလည်း ညှီစို့စို့အနံ့တစ်ခုရလိုက်တယ်၊ ကျုပ်သိလိုက်သလို သူကြီးလည်းသိလိုက်တယ်ထင်ပါတယ်၊ သူကြီးက ကျုပ်ကိုလှမ်းကြည့်ပြီးတော့

“ဦးဘသာ တစ်ခုခုလုပ်ပါအုံးဗျာ”

ကျုပ်လည်းခေါင်းညိတ်ပြီးတော့ မသန်းကိုကြည့်လိုက်ရင်း လက်ဝါးနှစ်ဖက်ကိုဖြောင်းခနဲနေအောင်ရိုက်ပြီး လက်ခုပ်တီးလိုက်တယ်၊ နောက်တော့ မသန်းကိုစိုက်ကြည့်ရင်း

“မင်းဘယ်သူလဲ၊ ဘာလို့ဒီကိုရောက်နေတာလဲ”

မသန်းက ထမင်းစားရပ်ပြီးတော့ ကျုပ်ကိုပြူးကြောင်ကြည့်ရင်း

“ငါ . . ငါက ခြံနောက်ဖက်ကွင်းအစပ်က အုန်းနှဲပင်မှာနေပါတယ်”

“ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတာလဲ”

မသန်းက သူကြီးကိုလက်ညှိုးထိုးပြပြီး

“သူခေါ်လို့ရောက်လာတာပါ”

သူကြီးလည်းအံ့သြသွားသလို တစ်အိမ်သားလုံးလည်း အံ့သြသွားတယ်။

“ကျုပ် . . . ကျုပ်ကဘယ်လိုခေါ်လို့လဲ”

“အိမ်နောက်ဖေးက ဟိုဟာမ ထမင်းစားမယ်ဆိုပြီးခေါ်ပါတယ်၊ ဒါနဲ့ လာခဲ့ရတာပါ”

အခုမှ အားလုံးသဘောပေါက်သွားတော့တယ်ဗျာ။ ကျုပ်လည်း သူကြီးကိုကြည့်ပြီးတော့

“သူကြီးရာ၊ ဒီလိုမျိုးတွေထမင်းစားမခေါ်ရဘူးဆိုတာ သူကြီးမသိဘူးလား၊ အဲဒီလိုမတိမကျ မရေမရာဘဲ မခေါ်နဲ့လေဗျ”

သူကြီးလည်း မျက်နှာငယ်ကလေးနဲ့

“ကျုပ်သိပါတယ်ဦးဘသာရာ၊ ဒါပေမယ့် ပါးစပ်ကနေ လွှတ်ခနဲထွက်သွားလို့ပါဗျ”

ကျုပ်လည်း မသန်းဘက်ကိုလှည့်ကြည့်ပြီးတော့

“အေး၊ ဆာရင်လည်းကုန်အောင်စား၊ ဒါကုန်ရင် ကိုယ့််ဖာသာကိုယ်အေးအေးဆေးဆေးပြန်၊ နောက်ဒါမျိုးထပ်မလုပ်နဲ့၊ ဝင်လည်းမလာနဲ့၊ ဟိုဟာဒီဟာလည်း မချန်ခဲ့နဲ့နော်၊ ညည်းငါ့အကြောင်းသိတယ်မဟုတ်လား”

မသန်းက ခေါင်းကိုတဆတ်ဆတ်ညိတ်ရင်း ထမင်းကိုဆက်စားတယ်ဗျာ၊ တစ်ပြည်ချက်ထမင်းအိုးကြီးက သူစားတာနဲ့ပြောင်တာပါပဲဗျာ၊ ထမင်းကုန်သွားတော့ ထမင်းအိုးကို ခေါင်းဝင်ပြီး အိုးထဲကိုလျှာနဲ့လိုက်လျက်နေပါသေးတယ်၊ ဒါနဲ့ကျုပ်လည်း

“ဟိတ်၊ စားစရာကုန်ပြီ၊ သွားစရာရှိတာသွားတော့”

ကျုပ်ပြောလိုက်တော့ မသန်းကခေါင်းညိတ်ပြီး အရှေ့ကိုငိုက်ခနဲကျသွားတာပဲဗျာ၊ အကြီးကောင်က ထိန်းထားလို့သာ စားပွဲနဲ့မဆောင့်မိတာ၊ ကျုပ်လည်း ကွမ်းအစ်ထဲက ကွမ်းရွက်တစ်ရွက်ကိုယူပြီး လက်နဲ့အသာချေလိပ်ပြီးတော့ မသန်းရဲ့နှာခေါင်းအနားမှာ တေ့ထားလိုက်တယ်၊ ခဏနေတော့ မသန်းက နိုးလာတယ်ဗျ။ မျက်စိကလည်း ပြူးတူးကြောင်တောင်နဲ့ ထမင်းဝိုင်းကိုကြည့်ုလိုက်ပြီး

“ငါဘာဖြစ်တာလဲ၊ ငါဘာဖြစ်တာလဲ”

“ဘာဖြစ်ရမလဲအမေရ၊ အမေ့ကိုအပမှီတာ”

“ဟင်၊ အပမှီတာတဲ့လား၊ ငါမသိဘူး၊ ငါဘာမှမသိဘူး”

မသန်းက ရေတစ်ခွက်ယူသောက်ရင်း

“အား၊ ဗိုက်အင့်လိုက်တာဟာ၊ ဗိုက်ကြီးပေါက်ကွဲမတတ်ပဲ”

“အစာကြေဆေးလေး သောက်ပေါ့မသန်းရာ”

ကျုပ်လည်း ထိုင်ခုံကလေးမှာပြန်ထိုင်လိုက်ရင်း

“ဒါနဲ့သူကြီး၊ ကျုပ်ကိုဆရာလုပ်တယ်လို့လဲမထင်ပါနဲ့၊ ကျုပ်က သူကြီးတို့ကောင်းဖို့ ပြောရတာပါ”

“ပြောပါဦးဘသာ၊ ဘာဖြစ်လို့လဲ”

“ထမင်းစားတယ်ဆိုတာ လူ့ဘဝမှာအလွန်အရေးကြီးတဲ့ အလုပ်တစ်ခုဗျ၊ တစ်နေ့တာအသက်ရှင်ဖို့ အစာအာဟာရကိုဖြည့်သွင်းရတယ်ဆိုတာ အင်မတန်အရေးကြီးတဲ့အလုပ်ဗျာ၊ ဒီလိုအလုပ်ကိုတော့ သူကြီးတို့ လေးလေးစားစားလုပ်သင့်တယ်”

သူကြီးမျက်နှာက အံ့သြနေတယ်။

“ထမင်းစားတယ်ဆိုတာ ခုနကပြောသလို အရေးကြီးတဲ့အလုပ်၊ ကောင်းတဲ့အလုပ်ဗျ၊ ပညာပိုင်းနဲ့ပြောရင် ဣဋ္ဌအလုပ်ပေါ့ဗျာ၊ ဣဋ္ဌ အလုပ်လုပ်တဲ့အခါမှာ မကောင်းတဲ့ အနိဋ္ဌ အလုပ်တွေမလုပ်တာအကောင်းဆုံးပဲဗျ၊ ခုနကစကားပြန်ဆက်ရရင်တော့ ကျုုပ်သူကြီးတို့ မိသားစုထမင်းဝိုင်းကိုကြည့်နေတာဗျာ၊ ထမင်းဝိုင်းမှာ ဟိုလူက ဟိုလူနဲ့ဆော်ပြန်ပြီ၊ ဟိုလူနဲ့ ဟိုလူနဲ့ရန်ဖြစ်ပြန်ပြီဆိုတဲ့ မကောင်းတဲ့ အနိဋ္ဌစကားတွေပြောဆိုနေကြတယ်ဗျာ၊ ဒီလိုလုပ်တာ မကောင်းဘူးဗျ၊ အိမ်ခိုက်တယ်၊ ထမင်းစားတဲ့အချိန် ထိုးတယ်နှက်တယ်၊ ရန်ဖြစ်တယ်ဆိုတဲ့ မကောင်းတဲ့ကိစ္စတွေကို တွေးကြံပြောဆိုနေရင် အဲဒီအိမ်ဟာ အိမ်ပူတယ်၊ အမြဲရန်ဖြစ်နေရတတ်တယ်ဗျ”

ကျုပ်ပြောတော့ သူကြီးက ခေါင်းတညိတ်ညိတ်နဲ့

“ဦးဘသာပြောတာ ဟုတ်မယ်ထင်တယ်ဗျာ၊ ကျုပ်တို့အိမ်မှာ တစ်ခါမှ အေးအေးဆေးဆေးနေ့ဆိုတာမရှိဘူးဗျ၊ သူများကိစ္စအပူတွေကိုလည်း ဖြေရှင်းရတဲ့အပြင် အိမ်တွင်းမှာလည်း ဟိုလူနဲ့ဟိုလူနဲ့ ခဏခဏကတောက်ကဆဖြစ်ပြီး စကားများတတ်သဗျာ၊ ဒါဆိုရင် အဲဒီထမင်းစားရင်း စကားပြောတာနဲ့များဆိုင်နေမလားနော်”

“အစစ်ပေါ့သူကြီးရာ၊ နောက်ပြီးတော့ပြောအုံးမယ်၊ ထမင်းစားတယ်ဆိုရင် ထမင်းကိုလေးလေးစားစားနဲ့စားရတယ်၊ ထမင်းက အသက်ရှိနေလို့လေးစားခိုင်းတာမဟုတ်ဘူးနော်၊ သြော်၊ ငါအခုစားမယ့်အစာက ငါ့အတွက် အာဟာရဖြစ်စေမယ့်အစာပါလားလို့တွေးပြီး လေးလေးစားစားနဲ့စားရတယ်ဗျ၊ ဒါကြောင့် ရှေးလူကြီးတွေက ထမင်းစားရင် စကားမပြောရဘူး၊ သီချင်းမဆိုရဘူး၊ ဒူးထောင်ပေါင်ကားမစားရဘူး၊ လက်ထောက်ပြီးတော့မစားရဘူး၊ ထမင်းကိုလေးလေးစားစားနဲ့ တိတ်တိတ်ဆိတ်ဆိတ်စားရတယ်လို့ သွန်သင်ခဲ့ကြတာပေါ့ဗျာ”

သူကြီးက ခေါင်းပဲညိတ်ပါတယ်။

“ပြီးတော့ ထမင်းစားတဲ့အခါ လောဘ၊ ဒေါသ၊ မောဟ ကင်းကင်းနဲ့စားရတယ်ဗျ၊ ဒေါသဖြစ်နေတဲ့အချိန်စားတဲ့ထမင်းဟာ အဆိပ်နဲ့တူသတဲ့၊ အကောင်းဆုံးကတော့ ထမင်းစားမယ်ဆိုရင် ဒေါသဖြစ်စရာတွေ၊ စိတ်ဆိုးစရာ၊ စိတ်ညစ်စရာတွေမတွေးဘဲ ငါးမိနစ်ဆယ်မိနစ်လောက် ခေါင်းအေးအေးထားပြီးတော့ ထမင်းအပေါ်မှာ အာရုံစိုက်ပြီးစားတာအကောင်းဆုံးပဲသူကြီး၊ ရဟန်းသံဃာတွေ ထမင်းစားတာကိုကြည့်ပါလားဗျာ၊ သူတို့စားတာသောက်တာ နည်းလမ်းအမှန်ဆုံးပဲဗျ”

“ကျုပ်နားလည်ပါပြီဦးဘသာ”

ကျုပ်လည်း မသန်းဘက်ကိုလှည့်လိုက်ပြီး

“မသန်းလည်း အပြောအဆိုဆင်ခြင်ပါ၊ ကိုယ်စားမယ့်အစာတို့ ကိုယ်သောက်မယ့်အရာတို့ကို အပင်းဆိုပြီးမပြောရဘူး၊ အဲဒီလိုပြောလိုက်ရင် အဲဒီအစာဟာ သူများမလုပ်ထားပါလျက်နဲ့ တကယ်အပင်းဖြစ်သွားတတ်တယ်မသန်း၊ ကျုပ်က အကောင်းပြောတာနော်၊ ကျုပ်ပြောတာကိုစိတ်မဆိုးနဲ့၊ ခုနက အငယ်မတွေကို ထမင်းစားခေါ်တုန်းကလည်း အပင်းချမယ်ဆိုပြီး ခေါ်လိုက်တာ ကျုပ်ကြားလိုက်တယ်၊ နောက်ဒါမျိုးမလုပ်ပါနဲ့ဗျာ”

မသန်းက သူ့ပါးစပ်ကိုယ်သူ လက်ဝါးနဲ့ရိုက်ရင်း

“ဒီပါးစပ်၊ ဒီပါးစပ် ကျွန်မလည်း ဒီပါးစပ်ကို ဆင်ခြင်အုံးမှပါ”

“အကောင်းဆုံးထမင်းစားတဲ့နည်းလမ်းကတော့ ထမင်းမစားခင် ဘုရားတရားအာရုံပြုပြီးစားတာအကောင်းဆုံးပဲ၊ မြိုင်သာဆရာတော်ပေးတဲ့နည်းရှိတယ်ဗျ၊ အဲဒါကတော့ ထမင်းမစားခင် ထမင်းပန်းကန်ကိုမြှောက်ပြီးတော့ သဗုဒ္ဓေသုံးခေါက်ရွတ်ပြီး “ဤအစာသည် ဘေးမရှိ၊ ဆေးအတိဖြစ်ပါစေသတည်း” လို့ရွတ်ပြီးတော့ စားရတယ်တဲ့ဗျ၊ စားနေတဲ့အချိန်မှာလည်း ဒီအစားအစာတွေက ကိုယ့်အတွက်အာဟာရဖြစ်စေမှာပါလား၊ ဒီအစာတွေက အားဖြစ်စေမှာပါလားဆိုပြီး တွေးရင်းစားရတယ်၊ အဲဒီလိုစားရင် အစာလည်းဆေးဆိုသလို ကိုယ်စားတဲ့အစာက ဆေးဖြစ်တယ်တဲ့ဗျာ၊ မတည့်တဲ့အစာစားရင်တောင်မှ ဘေးဥပါဒ်သိပ်မဖြစ်စေဘူး၊ ဆေးမတိုးတဲ့လူနာတို့၊ ဆေးစွဲသောက်နေရတဲ့လူနာတွေဆို ဒီနည်းလုပ်ကြည့်ရင် သိသိသာသာထူးခြားတယ်တဲ့ဗျာ၊ သူကြီးတို့ကတော့ဗျာ စုန်းကပြန်သင်ပေးနေရတယ်လို့”

“စုန်းဆိုပေမယ့်လည်း သက်ကြီးစကား သက်ငယ်ကြားဆိုသလိုပေါ့ဗျာ၊ ကျုပ်တို့ကောင်းဖို့ပြောတဲ့ ဦးဘသာကို ကျုပ်ကျေးဇူးတင်ပါတယ်၊ နောက်ဆို ကျုပ်တို့လည်းဆင်ခြင်ပါ့မယ်”

သူကြီးက ပြောပြီးတော့ အကြီးကောင်က

“ဟုတ်တယ်ဗျဦးဘသာ၊ ဒါကြောင့် အရင်ကျုပ်တို့ဘကြီး ဘကြီးပေါက ထမင်းမစားခင်ဆိုရင် ဘုရားစာရွတ်တာဗျ၊ ပြီးတော့ ထမင်းကိုလက်ကလေးနဲ့ဆုပ်ပြီး ဘုရားလှူတယ်ဆိုလား ဦးဖယ်ထားတတ်သေးတာ၊ အဲဒါကြောင့်ဖြစ်မယ်နော်”

“ဘာသာခြားတွေလည်း ထမင်းမစားခင် မေတ္တာပို့တာ ထမင်းကိုသေသေချာချာကျေးဇူးတင်ပြီးစားတာသောက်တာတွေ ရှိကြပါတယ်ကွ၊ ဒါကောင်းတဲ့အလေ့အကျင့််တစ်ခုပဲ၊ ပြောလက်စနဲ့ ပြောရအုံးမယ်၊ စားသောက်တဲ့အခါမှာလည်း နေရာထိုင်ခင်းဆိုတာရှိတယ်ကွ၊ ထမင်းစားတဲ့နေရာဟာ သန့်ရှင်းရမယ်၊ ပြောင်လက်နေတာမျိုးကိုပြောတာမဟုတ်ဘူးနော်၊ အနည်းဆုံးတော့ သန့်သန့်ရှင်းရှင်းရှိရမယ်၊ ထမင်းပန်းကန်တွေ၊ ခွက်ယောက်တွေကိုလည်း ကျကျနနစားရမယ်၊ ပြီးတော့ လှေကားအတက်အဆင်းမှာစားတာမျိုး၊ အိမ်ပေါက်ဝမှာထိုင်စားတာ၊ ဆောင့်ကြောင့်ထိုင်စားတာ၊ မတ်တတ်စားတာ ဒါမျိုးတွေလည်း မလုပ်အပ်ဘူးနော်၊ အဲဒီလိုစားရင် ဆင်းရဲတတ်တယ်၊ ကြောင့်ကြတတ်တယ်ဗျ၊ မယုံမရှိနဲ့သူကြီးရေ မယုံဘူး၊ အယူမရှိဘူးဆိုပြီး ဖြစ်သလိုစားတဲ့လူတွေအများကြီးကို ကျုပ်တွေ့ဖူးပြီးပြီ ဘယ်တော့မှ ချမ်းသာတယ်ဆိုတာ မရှိဘဲ အမြဲရုန်းကန်နေကြရတယ်ဗျ”

“မယုံဘူးတော့ မဟုတ်ပါဘူးဦးဘသာရာ၊ ဒါပေမယ့် ပေါ့ပေါ့ဆဆနေမိတဲ့ ကျုပ်တို့အပြစ်ပါ၊ နောက်ဆိုကျုပ်တို့သတိထားပြီး ဆင်ခြင်ပါ့မယ်”

“ဆင်ခြင်နိုင်ရင်ကောင်းတာပေါ့ဗျာ၊ သူကြီးတို့ရဲ့ အနိဋ္ဌထမင်းဝိုင်းကနေ ဣဋ္ဌထမင်းဝိုင်းအဖြစ် ပြောင်းလဲနိုင်ပါစေဗျာ”

မသန်းတို့သားအမိတွေကတော့ ထမင်းပန်းကန်တွေ သိမ်းကြဆည်းကြပေါ့ဗျာ၊ ကျုပ်လည်းသတိရသွားတာနဲ့

“သြော်သူကြီး၊ ကျုပ်ကိုအခေါ်လွှတ်တာ ဘာကိစ္စရှိလို့လဲ”

သူကြီးက ခေါင်းညိတ်ရင်း

“ကျုပ်ဦးဘသာနဲ့ တိုင်ပင်စရာရှိလို့ပါဗျာ၊ တခြားတော့မဟုတ်ပါဘူး၊ အလတ်ကောင်ကိစ္စပါ”

ကျုပ်လည်းမျက်ခုံးပင့်လိုက်မိတယ်။

“အလတ်ကောင်က ဘာဖြစ်လို့လဲသူကြီးရ”

“ဟိုတစ်ခါစာရပြီးကတည်းက အလတ်ကောင်နဲ့အဆက်အသွယ်ပြတ်သွားတယ် ဦးဘသာ၊ ပြီးတော့ ဆိုနီတို့နဲ့လည်း အဆက်အသွယ်မရှိတော့ဘူးဆိုတော့ အလတ်ကောင်ကိုစုံစမ်းမရဘူးဖြစ်နေတယ်၊ အခုဆိုရင် တစ်လနီးနီးရှိပြီ”

“ကျုပ်လည်း သူ့စာဖတ်ရပါတယ်၊ သူပြောတာ ပုဂံကိုဘုရားဖူးသွားမယ်ဆိုလားပဲ”

“ဟုတ်တယ်၊ ဦးဘသာ အဲဒီကတည်းက အဆက်အသွယ်ပြတ်သွားတာပဲ၊ သားသမီးဆိုတော့လည်း ကျုပ်တို့သူ့အတွက် ပူရတာပါပဲဗျာ၊ ဒါကြောင့်မို့ ဦးဘသာကြီးများ ရန်ကုန်ကိုသွားချင်မလားလို့ပါ”

“ကျုပ်က ရန်ကုန်ကိုသွားပြီးတော့ အလတ်ကောင်ကိုလိုက်ရှာရမယ်ဆိုပါတော့”

သူကြီးကခေါင်းညိတ်တယ်။

“ဦးဘသာနွားတွေကို ကျုပ်တို့ကြည့်ထားပေးမယ်ဗျာ၊ ပြီးတော့ ဦးဘသာသွားမယ်ဆိုရင် လမ်းစားရိတ်လည်းထည့််ပေးပါအုံးမယ်၊ ကျုပ်တို့လည်း လိုက်သွားချင်ပေမယ့် လယ်တွေကလည်း လုပ်မနိုင်ဘူးဖြစ်နေတယ်၊ လယ်ပြီးမှသွားမယ်ဆိုရင်လည်း အရမ်းနောက်ကျသွားမှာစိုးလို့ ဦးဘသာကိုပဲ ကျုပ်ကအပူကပ်ရတာပါဗျာ၊ ဦးဘသာ ကျုပ်တို့ကိုကူညီမယ်မဟုတ်လား”

သူကြီးက ခခယယပြောနေတယ်ဆိုတော့လည်း ကျုပ်တွေးရပြီပေါ့ဗျာ။

“ဒါပေမယ့်သူကြီးရာ၊ ကျုပ်လည်း ရန်ကုန်ဆိုတာကို တစ်ခါမှရောက်ဖူးတာမဟုတ်ဘူးဗျ”

“ကျုပ်တို့လည်းမရောက်ဖူးပါဘူး ဦးဘသာ၊ ဒါပေမယ့် ဦးဘသာက လည်လည်ဝယ်ဝယ်ရှိတယ်၊ ကျုပ်တို့ထက်တော့ မြို့ကြီးပြကြီးတွေဆီသွားလာဖူးတယ်ဆိုတော့ကာ၊ ဦးဘသာသွားတာ အကောင်းဆုံးပဲလို့ ထင်လို့ပါဗျာ”

“အင်း၊ ကျုပ်လည်းဒီနှစ်လယ်မလုပ်ဖူးဆိုတော့ အားတာတော့အားပါတယ်”

ဒီအချိန် မသန်းကပြေးထွက်လာပြီးတော့

“အလတ်ကောင်ပေးထားတဲ့လိပ်စာကိုလိုက်သွားပြီးတော့ အဲဒီမှာသူရှိမရှိဆိုတာ ကြည့်ခဲ့ရုံပါပဲဦးဘသာ၊ ကျွန်မတော့ ကျွန်မသားလေးကို စိတ်ပူတယ်၊ ဒီကောင်လေးက တုံးတုံးအအနဲ့ဆိုတော့ သူများမဟုတ်တဲ့လူတွေနဲ့တွေ့ပြီး တစ်ခုခုများဖြစ်နေသလားလို့ပါ ဦးဘသာရယ်”

ကျုပ်လည်း စိတ်ပူတာတော့အမှန်ပဲဗျ၊ စာရောက်ပြီးတဲ့အချိန်ကဆို အခုတစ်လတောင်ရှိတော့မယ်၊ တစ်လဆိုတဲ့အချိန်က ဘာမှမဟုတ်ပေမယ့် မိဘတွေခမျာမှာတော့ စိတ်ပူနေမှာအမှန်ပဲကိုးဗျ၊ နောက်ဆုံးတော့ ကျုပ်လည်းသက်ပြင်းတစ်ချက်ချပြီး ခေါင်းညိတ်လိုက်ပါတယ်ဗျာ။

“ကောင်းပြီလေ၊ ကျုပ်လည်း ရန်ကုန်ရောက်ဖူးသွားတာပေါ့သူကြီးရာ၊ ကျုပ်သွားပါ့မယ်”

သူကြီးရော မသန်းရော ပျော်သွားကြတယ်ဗျ၊

“ဒါဆို ဘယ်တော့သွားမလဲဦးဘသာ”

“ကျုပ်မနက်ဖြန်ပဲသွားမယ်ဗျာ”

သူကြီးက ပိုက်ဆံတွေနှိုက်နေတာနဲ့ ကျုပ်လည်းလက်ကာပြလိုက်ပြီး

“မလိုပါဘူးသူကြီးရာ၊ ကျုပ်မှာစုထားဆောင်းထားတာလေးတွေရှိပါသေးတယ်၊ ကျုပ်စားရိတ်နဲ့ကျုပ်သွားမှာပါ၊ ကျုပ်နွားလေးတွေကို ကြည့်ပေးထားရင်ပဲ ကျေနပ်ပါပြီ”

“စိတ်ချပါဦးဘသာရာ၊ နွားတွေကိုသေချာကြည့်ပေးထားမယ်၊ ဦးဘသာ ရန်ကုန်ရောက်ရင် ကျုပ်တို့ကို စာတိုက်ကဖြစ်ဖြစ်၊ ကြေးနန်းနဲ့ဖြစ်ဖြစ် ဆက်သွယ်လိုက်ပါနော် ဦးဘသာ၊ ပြီးတော့ . . .”

သူကြီးအသံက တိမ်ဝင်သွားတယ်ဗျ၊

“ပြီးတော့ ဘာဖြစ်လဲသူကြီး”

“ကျုပ်သားကို ဖြောင်းဖျပြီး ရွာကိုပြန်ခေါ်လာခဲ့ပါဦးဘသာ၊ အလတ်ကောင်က ကျုပ်တို့စကားသာ နားမထောင်ရင်နေမယ်၊ ဦးဘသာစကားဆိုရင်တော့ နားထောင်မှာသေချာတယ်ဗျ၊ ဒါကြောင့်လည်း ကျုပ်တို့ဦးဘသာကို လွှတ်ရတာပါ”

“ကျုပ်ကြိုးစားကြည့်ပါ့မယ်သူကြီး၊ ဒါပေမယ့် အလတ်ကောင်က ရွာကိုစိတ်နာသွားပြီ၊ ရွာမှာခံစားချက်ကလေးတွေရှိနေတော့ သူမပြန်ချင်တာလည်း သဘာဝကျပါတယ်၊ ပြီးတော့ မြို့မှာဆိုတော့လည်း မျက်စိပွင့်နားပွင့်ရှိတယ်မဟုတ်လား”

မသန်းက ကျုပ်လက်ကိုလာဆွဲပြီး

“အလတ်ကောင်ကို ပြန်ခေါ်လာခဲ့ပါ ဦးဘသာရယ်၊ အလတ်ကောင်ရှိရင် အိမ်ပူတယ်ထင်ရပေမယ့် သူမရှိတော့လည်း အိမ်ကပျင်းခြောက်ခြောက်ကြီးနဲ့ ကျွန်မတော့ မနေတတ်တော့ဘူး၊ အလတ်ကောင်ကို သိပ်သတိရနေလို့ပါ”

“ကောင်းပါပြီဗျာ၊ ကျုပ်အတတ်နိုင်ဆုံးဖြောင်းဖျကြည့်ပါ့မယ်”

သူကြီးက အကြီးကောင်ကိုကြည့်ရင်း

“ဟေ့အကြီးကောင်၊ မနက်ဖြန်လှည်းကိုအသင့်ပြင်ထားစမ်းကွာ၊ လင်းကြက်တွန်ပြီးတာနဲ့ ဦးဘသာကို တန်းမြင့်ရွာအထိ လှည်းနဲ့လိုက်ပို့ပေးလိုက်”

“ဟုတ်ကဲ့ပါအဖေ”

သူတို့တစ်အိမ်သားလုံးက ကျုပ်ကိုကြည့်ပြီး

“အားကိုးပါတယ် ဦးဘသာရာ”

ကျုပ်လည်း ကွမ်းအစ်ကလေးပိုက်၊ ခေါင်းကလေး ညိတ်ပြီးတော့ သူတို့အိမ်ကနေပြန်ခဲ့တာပေါ့ဗျာ။ အိမ်ရောက်တာနဲ့ ခရီးထွက်ဖို့ ပြင်ဆင်ရတော့တာပဲ၊ သိမ်းစရာရှိတာတွေသိမ်း၊ ယူစရာရှိတာတွေယူပေါ့ဗျာ၊ ကျုပ်စိတ်ထဲတော့ ပျော်သလိုလို ဝမ်းနည်းသလိုလိုပဲဗျ၊ အလတ်ကောင်ကိုတွေ့ရမယ်ဆိုတော့ ပျော်နေမိတယ်၊ ဒါပေမယ့် ရွာကထွက်ရမှာကိုလည်း ဝမ်းနည်းနေသလိုပဲဗျာ။ အထုပ်အပိုးတွေပြင်ဆင်ပြီးတော့ သက်ကြီးခေါင်းချ ကြက်တွန်သံကြားတယ်ဗျ၊ ဒါနဲ့ကျုပ်လည်း အိပ်ရာပြင်ပြီး အိပ်လိုက်ရတော့တာပေါ့ဗျာ။

“ဦးဘသာ၊ ဗျို့ ဦးဘသာ”

ကျုပ်အိပ်နေရင်း မှေးခနဲဖြစ်သွားတုန်း ကျုပ်နာမည်ကိုခေါ်သံကြားလိုက်တယ်ဗျ၊ အသံကတော့ အလတ်ကောင်အသံပဲဗျာ၊ ကျုပ်လည်းမျက်စိဖွင့်ပြီး အိမ်ရှေ့ဘက်ကိုကြည့်လိုက်မိတယ်။

“အလတ်ကောင် . . . အလတ်ကောင်လား”

ဘာမှတော့ပြန်ဖြေသံမကြားဘူးဗျ၊ နောက်တော့ ကျုပ်နားထဲမှ တိုးတိုးကလေးကြားရတယ်။

“ဦးဘသာ ကျုပ်ကိုကယ်ပါအုံး၊ ကျုပ်ကိုကယ်ပါအုံးဗျာ”

ကျပ်လည်းချက်ချင်းငေါက်ခနဲကောက်ထိုင်လိုက်တယ်၊ ခြံရှေ့ကိုကြည့်ပေမယ့် ခွေးတစ်ကောင်ကြောင်တစ်မြီးမှမတွေ့ရဘူး၊ အသံကတော့ အလတ်ကောင်အသံမှ အလတ်ကောင်အစစ်၊ ဒါဆို အလတ်ကောင်များလား၊ အလတ်ကောင်တစ်ခုခုဖြစ်နေလို့ ကျုပ်ကို တမ်းတနေတာများလား၊ သူကျုပ်ကို မနောနဲ့ဆက်သွယ်နေတာများလား၊ ဘာပဲဖြစ်ဖြစ်၊ ကျုပ်သွားရမယ်၊ ကျုပ်ရန်ကုန်ကို သွားကိုသွားရမယ်ဗျာ။