ဦးဘိုးဝေနှင့်မိသူ

    “အင်း ငယ်သေးတာပဲ”

    “ငယ်ပေမဲ့ ကျုပ်တို့တရွာလုံး သူ့ကို အားကိုးနေကြရတာဗျ”

    “ဘယ်လို ကျုပ် နားမရှင်းဘူး မောင်ရင် “

    “ကျုပ်တို့ ရွာသားတွေကို ဒီနှစ် ဘာသီးနှံစိုက် ဒီနှစ် ဘယ်သူ့ လယ်က ဘာအထွက်ကောင်းမယ်ဆိုတာ တပ်အပ်ပြောနိုင်လို့ သူ့ကို အားကိုးနေရတယ် ပြောတာပါ အဲ့တာကိုဗျာ ရုတ်တရက် ကြီး ပျောက်သွားတာ “

    “ကျုပ် နားလည်သင့်သလောက် နားလည်ပါတယ် ကျုပ်ကူညီနိုင်တာတွေရှိပေမဲ့ မောင်ရင်တို့က ယုံပါ့မလားမသိဘူး “

     ခေါင်းဆောင်ဖြစ်သူသည် ခေတ္တစဉ်းစားလိုက်ပြီး

    “ကူညီနိုင်မယ်ဆိုရင်တော့ ကူညီဗျာ ကျုပ်တို့လည်း ခေါင်းတွေ တောက်နေပြီ “

    “ကောင်းပါပြီ ကဲ ကျုပ်ကို မီးတုတ်တခု ခဏပေးစမ်းပါ “

    ဦးဖိုးဝေသည် ခေါင်းဆောင်ဖြစ်သူအား တောင်းဆိုလိုက်ရာ  ခေါင်းဆောင်သည် မီးတုတ်တခုကို ပေးလိုက်လေသည်။  ထိုအခါ ဦးဖိုးဝေသည် မီးတုတ်ကိုယူပြီး အသေအချာကြည့်နေ လေသည်။ထို့နောက် မီးတုတ်မှ တောက်လောင်နေသောမီးတောက်ကို ယမ်းခါ၍ ငြိမ်းလိုက်ရာ မီးတောက်ငြိမ်းသွားပြီး မီးစလေးများ ရဲကနဲ ဝဲလို့နေသည်။ထို့နောက် ဦးဖိုးဝေသည် ထိုမီးစလေးများကို စူးစိုက်ကြည့်လိုက်ရာ မီးစလေးများမှာ ပို၍ ပို၍ ရဲလာပြီး တစုတစည်းတည်း လေမှာ ဝေ့ဝဲနေပြီး ရှေ့သို့ တဖြည်းဖြည်းတိုးသွားနေရာ ခေါင်းဆောင်အပါအဝင် မိသူဆို သောမိန်းကလေးကို ရှာနေသောလူများ အံ့ဩကြကုန်၏။ဦးဖိုးဝေသည် ခေါင်းဆောင်အား ငြိမ်းနေပြီဖြစ်သော မီးတုတ်ကို ပြန်ပေးလိုက်ကာ

    “ကဲ မောင်ရင် ကျုပ်တို့ အဲ့ဒီမီးစလေးတွေနောက် လိုက်ရလိမ့်မယ် မောင်ရင် ယုံကြည်လား “

    “အဲ့ဒီလောက် ထူးဆန်းတာကို မြင်မှတော့ ကျုပ်မယုံပဲ နေနိုင်မလားဗျာ လိုက်ကြတာပေါ့ “

     ဤသို့ဖြင့် မိန်းကလေးငယ်ကို လိုက်ရှာနေသော လူအုပ်ကြီး သည် ဦးဖိုးဝေ ပညာဖြင့် ပြုလုပ်လိုက်သော မီးစလေးများနောက်သို့  လိုက်သွားကြပါတော့သည် ။

    ◾အခန်း (၃)

    မီးစလေးသည် လေပေါ်တွင် ဝေ့ဝဲ၍ သွားနေ၏။ထိုမီးစလေးများ၏ မလှမ်းမကမ်းတွင်တော့ မီးတုတ်ကိုကိုင်ထားသော လူတစု လိုက်လာကြသည်။ဦးဖိုးဝေ နှင့် သူရိသည်လည်း လူအုပ်ထဲ၌ မီးစလေးပျံဝဲရာနောက်သို့ လိုက်လာရာ မကြာသောအချိန်တွင် ရွာတရွာ၏အဝင်သို့ ရောက်လာလေသည်။ထိုရွာသို့ ရောက်ချိန်တွင်တော့ သန်းခေါင်ကျော်သွားပြီး ဖြစ်သည်။ဦးဖိုးဝေသည် ထိုရွာအဝင်ဝကို တချက်အကဲခတ်လိုက်ပြီး ဘေးတွင် ရှိသော ခေါင်းဆောင်နှင့် သူရိယအား စကားဆိုလိုက်သည် ။

    “ဒီရွာအနားရောက်တာနဲ့ မီးစတွေလည်း ငြိမ်းကုန်ပြီဆိုတော့ ရှာနေတဲ့ မိန်းကလေးက ဒီမှာပဲရှိရမယ် “

    “ကျုပ်တို့တွေ နည်းနည်းတော့ ခက်ခဲမယ်ထင်တယ် “

   “ကဲ မောင်ရင် မင်းလူတွေကိုတော့ ထိန်းရမယ်။ကျုပ်တို့ စကားပြောနေတဲ့အချိန် အဆင်မပြေတာဖြစ်ခဲ့ရင် ရုန်းရင်း ဆန်ခတ်မဖြစ်ဖို့ အရေးကြီးတယ် “

    “စိတ်ချပါ ကဲ ကြားတယ်နော် ရွာသားတွေ ကျုပ်တို့ဖာသာပဲ စကားပြောမယ် ခင်ဗျားတို့တွေ စိတ်တိုစရာပါခဲ့ရင်တောင် ကိုယ့်စိတ်ကို ထိန်းပါ။အခုနေရာက ကျုပ်တို့နယ် မဟုတ်ဘူးကြားကြလား “

    “ကြားတယ် ကိုထူးမောင် “

    ရွာသားများသည် သူတို့၏ခေါင်းဆောင်ထူးမောင်ဟု အမည် ရသော အသက်လေးဆယ်ကျော်လူ၏စကားကို လက်ခံလိုက်ကြသည်။ထို့နောက် ထူးမောင်သည် ဦးဖိုးဝေ၊သူရိယတို့နှင့် အတူ ရှေ့မှနေ၍ ရွာထဲဝင်လိုက်သည်။သူတို့ ဝင်လိုက်သည်နှင့် နောက်မှအတူပါလာသော သူများလည်း ဝင်လိုက်ကြသည်။ရွာအဝင်ဝရောက်သောအခါ သူတို့နည်းတူ ရွာထဲမှမီးတုတ်များနှင့်လက်နက်ကိုယ်စီကိုင်ထားသော လူအုပ်ကြီးသည် သူတို့နှင့်မျက်နှာချင်းဆိုင်တွင် ရပ်လို့နေသည်။ထိုအထဲမှာ ဦးဖိုးဝေနှင့် သက်တူရွယ်တူလောက်ရှိသည့် လူကြီးတဦးသည် ဦးဖိုးဝေတို့ကို သေချာကြည့်ကာ

    “မင်းတို့က ဘယ်‌ကကောင်တွေလဲ တို့ရွာကို ဘာလို့ညကြီး မိုးချုပ် အဖွဲ့လိုက်ကြီး လာကြရတာလဲ “

    “ကျုပ်တို့က လူပျောက်လာရှာတာပါ ဒီဘက်များ ရောက်နေလားလို့ “

    “လူပျောက်ဟုတ်လား ဘယ်သူ့ကိုလာရှာတာလဲ ပြောစမ်း “

    “မိန်းကလေးတယောက်ပါပဲ အသက် ဆယ့်ကိုးနှစ်လောက်ပဲ ရှိဦးမယ် နောင်ကြီး “

    “ဆရာမမိသူကို လာရှာတာလား “

    “ဟုတ်တယ် သေချာပြီ အဲ့တာဆို ခင်ဗျားတို့ ကျုပ်တို့ ရွာက မိသူကို ခိုးသွားတာ “

    “ဟေ့ကောင် ငါတို့ငွေကိုင်းရွာက ဘယ်တော့မှမခိုးဘူး “

    “အဲ့တာဆိုလည်း ကျုပ်တို့ရွာသူကို ကျုပ်တို့နဲ့ ပြန်ထည့်ပေး လိုက်ပါ “

    “အဲ့ဒီလိုလည်း မပေးနိုင်ဘူး ငါက မင်းတို့နဲ့ ထည့်ပေးချင်ရင် တောင် ရွာသားတွေက လက်သင့်ခံမှာ မဟုတ်ဘူး “

    ငွေကိုင်းရွာမှ လူကြီးသည် သူ၏ရွာသားများကို ညွှန်ပြပြော ဆိုလိုက်သောအခါ ငွေကိုင်းရွာသားများမှ လက်မခံနိုင်ကြောင်း တယောက်တပေါက် ပြောဆိုကြလေသည်။ထိုအခါ ထူးမောင် သည်

    ” ကျုပ်တို့ကလည်း မိသူမပါရင် ပြန်မှာမဟုတ်ဘူး “

    နှစ်ဖက်ရွာသားများ အချေအတင် ဖြစ်ကုန်ပြီဖြစ်သည်။ ဦးဖိုးဝေနှင့် သူရိယသည်လည်း မည်သို့ပြောရမည်မှန်းမသိအောင် ဖြစ်နေကြသည်။ရွာသားများသည်က ပါလာသော လက်နက်များကိုဝင့်ပြီး တိုက်ခိုက်မည် တကဲကဲဖြစ်နေစဉ် ကျယ်လောင် သောအသံနှင့်အတူ မိန်းမပျိုလေးတယောက် နှစ်ဖက်သောရွာသားများကြားထဲသို့ ၀င်ရောက်လာလေသည်။

    “တော်ကြစမ်း လောဘသားတွေ ကျမကြောင့်နဲ့ ဘယ်သူမှ သွေးမြေမကျစေရဘူး “

    မိန်းကလေး၏ အသံကြောင့် အားလုံးတိတ်ဆိတ်သွားပြီး ရန်ပြုတိုက်ခိုက်ခြင်းအား လက်လျှော့လိုက်ကြသည်။မိန်းက လေးသည် သာမာန်ရုပ်ရည်လေးနှင့် ဖြစ်ပြီး ကြည့်ကောင်းသည့် အထဲတွင်တော့ ပါသူလေးဖြစ်၏။သူမသည် ဆံထုံးလေးကို ဘယ်တဖက် ညာတဖက် ထုံးထားပြီး အညာဖျင်ကြမ်းအင်္ကျီအကွက်ကလေးနှင့် ဖြစ်ကာ ထမီကို ခပ်တိုတိုဝတ်ထား ၏။ထိုမိန်းကလေးမှာ အခြားသူမဟုတ် မိသူပင် ဖြစ်ပေသည်။မိသူကို မြင်တွေ့ရသောအခါ သူမကို လိုက်ရှာနေသော ထူးမောင်သည်

    “မိသူ ငါတို့နဲ့ ပြန်လိုက်ခဲ့ပါဟာ “

    “လိုက်လို့ မရသေးဘူး ဦးထူးမောင် “

    “ဘာဖြစ်လို့လဲ ဒီရွာသားတွေက နင့်ကို အကြပ်ကိုင်ထားလို့ လား “

    “မဟုတ်ပါဘူး မိသူ လုပ်ရမဲ့အလုပ်လေးတွေ ရှိသေးလို့ပါ “

    “ငါတို့ ရွာကိုတော့ ပြန်မလာပဲမနေပါနဲ့ မိသူရာ “

    ထူးမောင်၏ တောင်းပန်သံတင်မက တခြားသောသူနှင့် ပါလာသောသူများကပါ ပြန်လိုက်ခဲ့ဖို့‌ တောင်းပန်လေရာ မိသူတယောက် လက်ကာပြလိုက်ပြီး

    “ကျမ ရွာကို ပြန်လာခဲ့ပါမယ် စိတ်ချပါ “

    မိသူ၏ စကားကြားသောအခါမှ ထူးမောင်တို့ စိတ်ချလက်ချ ဖြစ်သွားရ၏။ထို့နောက် မေသူသည် ဦးဖိုးဝေကိုကြည့်ကာ စကားဆိုလိုက်လေသည် ။

    “ဆရာကြီး  ကျမ တောင်းဆိုစရာရှိပါတယ် “

    “ပြောပါ ကလေးမ “

    “ဒီရွာမှာ အခက်အခဲလေးတွေ ဖြစ်နေပါတယ် အဲ့တာ ဆရာ ကြီးကူညီနိုင်မလားရှင့် “

    “လောကီလူသားတွေ ကောင်းကျိုးဆိုရင်တော့ ကျုပ် မငြင်း ပါဘူး မိန်းကလေး “

    “ကျေးဇူးတင်လိုက်တာ ဆရာကြီးရယ် အဲ့တာဆို ဆရာကြီး တို့ ဒီရွာမှာနေပါ ဦးထူးမောင်တို့ကတော့ ပြန်နှင့်ကြပါ ကျမ အတွက် ဘာမှ စိတ်မပူပါနဲ့ “

    မိသူသည် ဦးဖိုးဝေနှင့် စကားဆိုနေရင်းမှ ထူးမောင်တို့အား တခါတည်း ပြန်ခိုင်းလိုက်ခြင်းဖြစ်သည်။ထိုအခါ ထူးမောင်သည် ဦးဖိုးဝေ နှင့် သူရိယကို နှုတ်ဆက်ပြီး ငွေကိုင်းရွာလေး မှာ ထွက်ခွာ၍ သွားကြပါလေတော့သည် ။

    ◾အခန်း (၄)

    “ငွေကိုင်းရွာ”

     ထိုရွာသည် တောကျသည့်ရွာလေးဖြစ်ပြီး အိမ်ကြီးအိမ် ကောင်းမရှိသလောက်ရှား၍ မျောတိုင်များဖြင့်သာ ဆောက် လုပ်ထားသည့် အိပ်ကုပ်လေးများ များပေ၏။ထိုထဲတွင်မှ ထူးထူးခြားခြား အိမ်ဝိုင်းကျယ်ကြီးထဲတွင် ကျွန်းတိုင်လုံးများဖြင့်ဆောက်ထားသည့် ပျဉ်ထောင်ပျဉ်ခင်းအိမ်တလုံး ရှိလေသည်။ ထိုအိမ်သို့ မိသူမှ ဦးဆောင်ပြီးသွားနေကြခြင်းဖြစ်သည်။အိမ် သို့ ရောက်သောအခါ ငွေကိုင်းရွာသားများသည် ကိုယ့်အိမ်ကိုပြန်လိုက်ကြပြီး ရွာလူကြီးဖြစ်သူ ဦးမြမောင်၊ဦးဖိုးဝေ နှင့် သက် တူရွယ်တူ လူကြီးနှင့် အခြားရွာသားနှစ်ယောက်လောက်သာ သူတို့နှင့် ကျန်ခဲ့လေ၏။အိမ်ရှေ့ရောက်သောအခါ အသက်သုံးဆယ်ကျော်အရွယ်အမျိုးသမီးနှစ်ယောက်မှ စားပွဲတန်းလျားပေါ်တွင် ရေနွေးကြမ်း နှင့် အစားအသောက်များကို ချပေးလိုက်ပြီး ဧည့်ဝတ်ပြုလိုက်လေသည်။သူတို့ စားပွဲတန်းလျားပေါ် ထိုင်လိုက်သည် နှင့် ငွေကိုင်းရွာလူကြီးသည် သက်ပြင်းတချက်ကို ချလိုက်ကာ

    “ဆရာမလေးရေ ဒီလိုလွယ်လွယ်နဲ့ အဆင်ပြေသွားတာကိုပဲ ကျုပ်တော့ ဝမ်းသာတယ်ဗျာ “

    “ကျမလည်း တူတူပါပဲ ဦးကြီးရယ်  “

    ထို့နောက် မိသူသည် ဦးဖိုးဝေကို ကြည့်ကာ ပြုံးရွှင်စွာနှင့် စကားဆိုလေသည် ။

    “ဆရာကြီးတို့ လာမယ်ဆိုတာ ကျမအာရုံရနေပါတယ်။ ပြီး တော့ ကျမနဲ့အတူ ဒီရွာရဲ့ အခက်အခဲတွေကိုလည်း ဖြေရှင်း ပေးမယ်လို့ ကျမ ယုံကြည်တယ် “

    “နေပါဦး တူမကြီး ဒီရွာက ဘယ်လိုပြဿနာတွေ ရှိလို့လဲ “

    “အင်း ရွာရဲ့ပြဿနာတွေကိုတော့ ဒီဘက်က ရွာလူကြီး ဦးကြီးမြမောင်ကပဲ ပြောပြလိုက်ပါဦး “

    မိသူ ပြောခိုင်းလိုက်သည်နှင့် မြမောင်ဟု အမည်ရသော ငွေကိုင်းရွာလူကြီးသည်  ရေနွေးတခွက်ကို မော့သောက်လိုက်ပြီး ပြောပြလေ၏ ။

    “ဒီလိုပါ နောင်ကြီး ကျုပ်တို့ရွာက ကျုပ် ငယ်ငယ်ကတော့ တခြားရွာတွေလိုပဲ စိုက်ပျိုးလို့ အဆင်ပြေတယ်ပေါ့ဗျာ နောက်တော့ ရွာမှာ ပြဿနာတက်တယ်ဗျ အဲ့ ဒီပြဿနာတက်ပြီးတဲ့နောက် ကျုပ်တို့ ရွာမှာ မိုးမရွာတော့ဘူး။ သူများရွာတွေ မိုးရွာပေမဲ့ ကျုပ်တို့ရွာ မိုးမရွာဘူး ရွာတင်ပဲလားဆိုတော့ မဟုတ်ဘူးဗျ ကျုပ်တို့ရွာသားတွေပိုင်တဲ့ အကွက်တွေလည်း မိုးမရွာတော့ဘူး။ဘယ်လောက်ဆိုးလဲဆို တခြားရွာသားတွေ အကွက်နဲ့ ကျုပ်တို့ ရွာသားတွေအကွက်အစပ်ဖြစ်နေရင်တောင် တခြားရွာသားတွေဘက်ကို မိုးရွာတယ် ကျုပ်တို့ဘက်ခြမ်း မိုးမရွာဘူး ။အဲ့‌ဒီတော့ ကျုပ်တို့ ဘာမှစိုက်ပျိုးမရဘူး။လယ်ရှိပေမဲ့ တခြား ရွာတွေဆီမှာ သူရင်းငှားလုပ်ပြီး မိသားစုကို လုပ်ကိုင်ကျွေးမွေးနေရတာပေါ့ဗျာ “

    “ဦးဖိုးဝေသည် ဦးမြမောင် ပြောပြသည်များကို စိတ်ဝင်တစား နားထောင်နေသည်။သူ့နည်းတူ သူရိယသည်လည်း နား ထောင်နေလေသည်။ထို့နောက် မိသူသည် ရွာလူကြီး၏ စကားဆုံးသောအခါ စကားဆိုလေသည် ။

    “ဟုတ်တယ် ဆရာကြီး ကျမလည်း ဒီရွာအကြောင်းကို သိနေတာ ကြာပြီ။အဖြေရှာလို့မရဘူး တကယ်တော့ ဒီရွာက မိုးပုံမှန် ရွာရမှာ ကျိန်စာတခုကြောင့်သာ မိုးမရွာတာ “

    “အဲ့ဒီကျိန်စာကို ဘယ်သူတွေ လုပ်ထားတာလဲဆိုတာ  တူမကြီး သိပြီလား “

    “ကျမ အဖြေရှာနေတုန်းပဲ ကျမသိရသလောက် စုန်းမကြီးတယောက်က ကျိန်စာတိုက်သွားတာပဲ။ဒါပေမဲ့ သူက ဆုံးသွားပြီ ကျိန်စာကိုဖြေနိုင်မဲ့သူက သူရဲ့ဆွေမျိူးတယောက်ပဲ ကျိန်စာ ဖြေနိုင်မယ်လို့ ကျမသိရတယ်။အဲ့တာက ဒီရွာကလူတွေ အကုန် လုံးစုန်းမကြီးရဲ့မျိုးဆက်ကို တောင်းပန်မှ ကျိန်စာပြေမှာ “

    “အဲ့‌ဒီတော့ ဘယ်လိုလုပ်မလဲလို့ တွေးထားလဲ တူမကြီး “

    “ဒီကိစ္စတွေက ကျမတယောက်တည်း မတတ်နိုင်ဘူး ဆရာ ကြီး ကူညီပေးမှ ရနိုင်မယ်လို့ ထင်တယ်ရှင့်  “

    “အင်း အများကောင်းကျိုးဆိုတော့လည်း ကျုပ်တို့ ကူညီရမှာပေါ့ ဒါနဲ့ ကျုပ်တို့ နှစ်ယောက်က ဘယ်မှာနေရမှာလဲ “

    “ဒီအိမ်မှာပဲ နေပါရှင် သူတို့တရွာလုံးကို ကျမ နဲ့ ဆရာကြီးတို့ တနေ့နေ့ လာမယ်လို့ အိပ်မက်ပေးတယ်တဲ့ အဲ့တာကြောင့် ဒီမှာ နေဖို့ဆိုပြီး အိမ်ကြိုဆောက်ထားတာ သူရင်းငှါးလုပ်လို့ရတဲ့ ငွေ တွေနဲ့ ဒီအိမ်ဖြစ်အောင် ဆောက်ပေးထားကြတာပါ ဆရာကြီးရယ် “

    “အင်း အဲ့တာဆိုရင်တော့ ဦးကြီးတို့တတွေ ဒီမှာနေမယ်ဆို တာဝန်ကျေမှ ရတော့မပေါ့”

    မိသူသည် ဦးဖိုးဝေ၏ စကားကိုသဘောကျစွာ ပြုံးလျက်ရှိသည်။ထို့နောက် ရွာလူကြီးသည် ဦးဖိုးဝေတို့အား အိမ်ပေါ် ထပ်တွင် နေရာပေးလိုက်ပါလေတော့သည်။

    ◾အခန်း (၅)

    ငွေကိုင်းရွာလေးသည် စိမ်းစိုနေသောသစ်ပင်များသိပ်မရှိဘဲ ယူကလစ်ပင်များကိုသာ တချို့နေရာများတွင် တွေ့ရလေ၏။  မနက်ခင်းရောက်သည်နှင့် ရွာလယ်ရှိ ဘုံရေတွင် လူများတန်းစီ နေကြသည်။ရေခပ်သူတို့မှာ ရေစစ်ခပ်နေကြခြင်းဖြစ်သည်။ ရေစစ်ခပ်သည် စကားရပ်၏ အဓိပ္ပါယ်ကိုဖွင့်ဆိုရသော် ရေငင် ပုံးတပုံးမမြုပ်နိုင်သော ရေတွင်းထဲမှ ရေများအား မလှုပ်နိုင်စေ ရန် ရေငင်ပုံးကို အသာအယာချကာ စစ်ပြီး ခပ်ထည့်ရသော ကြောင့် ဖြစ်၏။ယခု ငွေကိုင်းရွာလေးသည်လည်း အတော်နက်သည့် ရေတွင်းတူးထားသော်လည်း ထွက်လာသောရေသည် မည်သည့်အခါမှ ရေငင်ပုံး တပုံးမြုပ်နိုင်အောင် မထွက်ချေ။ယခုလည်း ရွာသားများတန်းစီပြီး ရေစစ်နေကြခြင်း ဖြစ်သည်။ရွာနှင့်အတော်လှမ်းသော ရွာဦးဘုန်းကြီးကျောင်းတွင်တော့ ရေပေါ၏ ။သို့ပေမဲ့ ရွာသားများအပေါ် ဆက်ဆံသည့်ပုံစံမှာ မူမမှန် ၍ သူတို့ ရွာသားများ ရေသွားမခပ်ကြပေ။ထိုရေတွင်းနှင့် မလှမ်းမကမ်းတွင် ငွေကိုင်းရွာလူကြီး ဦးမြမောင်၊မိသူ၊ဦးဖိုးဝေ နှင့် သူရိယတို့မှာ ထိုမြင်ကွင်းအား ရပ်ကြည့်နေကြသည်။ထို့နောက် ဦးမြမောင်သည် စတင်၍ စကားဆိုလာသည် ။

    “ကြည့်ပါဦး ကျုပ်တို့ရွာသားတွေကို ခင်ဗျားတို့လည်း မြင်မှာပေါ့ ကျုပ်တို့ ရွာသားဘယ်နှစ်ယောက်များ တောက်တောက်ပြောင်ပြောင်ရှိလို့လဲ ဘယ်ရှိပါ့မလဲဗျာ အစားအစာကရှား ရေကလည်း ရှားလေ “

    “ရွာနီးချုပ်စပ်က ရွာတွေကတော့ အတော်ကိုအဆင်ပြေကြပါတယ် ကိုမြမောင်တို့ရွာပဲ ဒီလို ဖြစ်နေတာပဲ “

    “ဟုတ်ပါတယ် ဆရာကြီးရာ “

   ထို့နောက် သူတို့သည်  ရွာအပြင်ကို လမ်းလျှောက်ထွက်လိုက် ပြီး ရွာသားများ ပိုင်သောလယ်ယာများကို ဦးမြမောင်မှ လိုက် လံ ပြသနေသည်။အခြားရွာသားများပိုင်သော လယ်ယာများ သည် မြေဆီမြေနှစ်နှင့် အစိုဓာတ်များရှိပေမဲ့ ငွေကိုင်းရွာသား များပိုင်သော လယ်ယာများသည်က ကျတ်တီးမြေဖြစ်လို့နေ‌  သည်။အချို့လယ်များဆိုလျှင် ပက်ကြားအက်နေပြီး ယာမြေတချို့ဆိုလျှင် ကျောက်သားပမာ မာကျောနေလေရာ မည်သည့်သီးနှံမှ စိုက်ပျိုး၍ ရနိုင်မည် မဟုတ်ချေ။အပူပိုင်းတွင်သာ ပေါက်နိုင်သော ထနောင်းပင်အချို့ ပြီးနောက် ယူကလစ်ပင်အများစုသာ မသန်မစွမ်းပေါက်ရောက်လို့ နေသည်။မြက်ခင်းစိမ်းစိမ်းတို့ကိုလည်း မမြင်ရသည်မှာ ကြာခဲ့ပြီ။ဦးမြမောင်သည် သူ၏ရွာအကြောင်းကို ပြောရင်းမှ အသံတို့ တိမ်ဝင်လာသည့် အတွက် သူအတော်ပင် ကြေကွဲနေဟန်ရှိ၏။ဦးမြမောင်မှ ဆက်ပြောသည်။

    “ကျုပ် အသက်အသေခံလို့ ကျုပ်ရွာသားတွေ အဆင်ပြေမယ်ဆိုရင် အသေခံပစ်လိုက်ချင်တယ်ဗျာ ”

     ဦးဖိုးဝေသည် ဦးမြမောင်၏စကားကြောင့် တချက်လှည့်ကြည့်လိုက်၏။သူသည် အပိုပြော‌နေသည့်ဟန်မရှိ ဆိုသည်ကို သူ၏ မျက်ဝန်းများကတဆင့် သက်သေခံလျက်ရှိ၏။ဦးဖိုးဝေ တွေးလိုက်မိသည်မှာ အတော်ပင် ခေါင်းဆောင်စိတ်ရှိသောသူဟူ၍ ဖြစ်၏။ကိုယ့်ရပ်ရွာ ပြည်သူ ဒုက္ခရောက်နေသည့်အရေးကို အသက်ကိုမမူပဲ ပေးဆပ်လိုသော ခေါင်းဆောင်သည်သာ   ခေါင်း‌ဆောင်ကောင်း ခေါင်းဆောင်မှန် ဖြစ်၏။ငါတကော ကောပြီး လက်အောက်ငယ်သားနှင့် ရွာသားများ၏ အကျိုးစီး ပွားကို မကြည့်သူသည် အဘယ်မျှခေါင်းဆောင်ကောင်းဖြစ်နိုင်ပါမည်နည်း။ယခု ဦးမြမောင်သည် ရွာသားများ၏ ကောင်းကျိုးကို လိုလားသောခေါင်းဆောင်ကောင်းတယောက် ဖြစ်ပေ၏ ။ ဦးဖိုးဝေသည် ခေါင်းဆောင်ကောင်းပီသသော ဦးမြမောင်အား စိတ်ထဲမှ လေးစားလျက်ရှိသည်။ထို့နောက် မိသူသည်

    “ဆရာကြီး ကျမ ဘာ့ကြောင့် ဒီရွာကို လာရသလဲဆိုတာ ဆရာကြီးနားလည်လောက်ရောပေါ့ “

    “အင်း ဦးကြီးနားလည်ပြီ “

    “တကယ်တော့ ကျမ ရွှေနားရွာမှာဆို ဘာအပူအပင်မှ မရှိဘဲနေနိုင်တယ်။ဒါပေမဲ့ အခုလို ဒုက္ခရောက်နေတဲ့ ငွေကိုင်းရွာကို ကျမ ပစ်မထားရက်ဘူး”

    “တူမကြီးရဲ့ စိတ်ထားကို ဦးကြီးတကယ် လေးစားပါတယ် “

    “အခု ကျမတို့ ဒီရွာအတွက် ဖြေရှင်းပေးဖို့လိုနေတာက ရွာမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ ပြောပြနိုင်မဲ့လူတယောက်ပဲ “

    “အင်း ရွာလူကြီးတောင် ရွာရဲ့ပြဿနာကို မသိဘူးဆိုတော့ ဒီ ရွာမှာတော့ ရွာရဲ့အဖြေကို ရှာနိုင်တဲ့သူ မရှိနိုင်ပေဘူး တူမကြီး “

    “ကျမ စဉ်းစားထားတာ တခုရှိတယ် “

    “ပြောပါ တူမကြီး “

    “ဆရာကြီးအနေနဲ့ အတိတ်ကို ပြန်သွားနိုင်တဲ့ ပညာရပ်မျိုး ကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ကျမ ယုံကြည်တယ် “

    ဦးဖိုးဝေသည် မိသူ၏စကားကို ဖြေကြားခြင်းမရှိပေ။မိသူမှ ဆက်ပြီး စကားဆိုလာလေသည် ။

    “ဆရာကြီး အခု ဒီမှာရှိနေတဲ့သူတွေက  ရွာသားတွေရဲ့ ကောင်းကျိုးကို လိုလား‌သူတွေလို့ ကျမ အကျွင်းမဲ့ ယုံကြည်တယ် အဲ့တာကြောင့် ဆရာကြီးရဲ့ ပညာရပ်တွေနဲ့ ကူညီပေးပါလို့ ကျမ တောင်းဆိုပါတယ် “

     မိသူသည် ပြောပြောဆိုဆို ဦးဖိုးဝေရှေ့ ဒူးထောက်ထိုင်ချလိုက်ရာ ရွာလူကြီး ဦးမြမောင်ကပါ ဒူးထောက်လိုက်လေသည် ။ထိုအခါ သူရိယသည် မည်သို့နေရမည်မှန်း မသိဖြစ်နေဟန်နှင့် သူပါ ဒူးထောက်လိုက်မိသည်။ ဦးဖိုးဝေ သူ၏ရှေ့တွင် ဒူးထောက်ပြီး တောင်းပန်နေသော မိသူနှင့် ဦးမြမောင်ကို မတ်တပ်ရပ်စေပြီး စကားဆိုလေသည်။

    ” ကဲ ထကြပါ အတိတ်ကို ပြန်သွားဖို့ဆိုတာက အတော်ကို နက်နဲတဲ့ အရာပါ တူမကြီး ကဲ ကျုပ်တတ်နိုင်သလောက်တော့ ကူညီမယ် “

    “ကျေးဇူးတင်ပါတယ် ဆရာကြီးရှင့်”

    “ကျုပ်လည်း ဘယ်လိုကျေးဇူးတင်လို့ တင်ရမယ်မှန်းကို မသိတော့ပါဘူးဗျာ “

    ဦးဖိုးဝေ၏ စကားကြားသောအခါမှ ဦးမြမောင်နှင့် မိသူတို့ ကျေးဇူးတင်စကားများဆိုကြသည်။အတန်ကြာသောအခါ ဦးဖိုးဝေသည် ပတ်ဝန်းကျင်ကို တချက်အကဲခတ်လိုက်ပြီး နဖူးတွင် လက်သီးဆုပ်ကိုတည်လိုက်ကာ မျက်လုံးကိုမှိတ်လိုက်ရင်း

    “ကဲ ငွေကိုင်းရွာကိုစောင့်တဲ့ ရွာစောင့်နတ် အခု ငါ့ရှေ့ ချက် ချင်းရောက်စေ “

    ဦးဖိုးဝေ အမိန့်ပြန်လိုက်သော်လည်း အချိန်အတန်ကြာသည့်အထိ မည့်သည့်ပုဂ္ဂိုလ်မှ ရောက်‌မလာပေ။ဦးဖိုးဝေ တချက် တွေးလိုက်သည်က သူ၏ အမိန့်ကြားသည်နှင့် ရွာစောင့်နတ် မပြောနှင့် လူဘုံတွင် နေနိုင်သည့် စတုမဟာရာဇ် နတ်အနွယ်ဝင်များပင် အကုန်လာရသည်သာ ဖြစ်၏။ယခု ရွာစောင့်နတ် ရောက်မလာသဖြင့် သူရိယသည် ဦးဖိုးဝေကို ကြည့်ပြီး သူထင်မြင်သည့်အကြောင်းကို ဆိုလေသည်။

    “အဘ ရွာစောင့်နတ်က မရှိတော့တာများလား “

    “လူလေးပြောတာ ဖြစ်နိုင်တယ် ကဲ ဒါဆိုရင်လည်း တမျိုး ပြောင်းပြီး ခေါ်ကြည့်တာပေါ့ “

    ဦးဖိုးဝေသည် နဖူးတွင် လက်သီးဆုပ် ထပ်မံတည်လိုက်ပြီး အသံခပ်မာမာဖြင့် စကားဆိုလိုက်ပြန်၏ ။

    “ငွေကိုင်းရွာကို စောင့်ဖူးတဲ့ ရွာစောင့်နတ် အခု ချက်ချင်း ငါ့ ရှေ့ရောက်စေ “

    ဦးဖိုးဝေ စေတလုံးအမိန့်ပေးပြီး မကြာသောအချိန်တွင် အရိပ်ပုံစံဖြင့် အလျင်အမြန်ရောက်လာပြီး ဦးဖိုးဝေတို့၏ မလှမ်းမကမ်းတွင် တောင်ရှည်ပုဆိုးအား ခါးတောင်းကျိုက်ထားပြီး ပိုးသားအင်္ကျီကို ဆင်မြန်းထားသည့်ပုဂ္ဂိုလ်သည် ဦးဖိုးဝေအား ဦးညွှတ်လိုက်ပြီး စကားဆိုလာလေသည်။

    “ကျုပ် ရွာစောင့်နတ်ငကွန့်  စေတလုံးအရှင်ကို အရိုအသေပေးပါတယ် “

    ဤသို့သောအဖြစ်အပျက်ကို မြင်နေကြဖြစ်သော သူရိယအဖို့ မထူးဆန်းသော်လည်း မိသူနှင့် ဦးမြမောင်အဖို့ အတော်ပင် ထူးဆန်းအံ့ဩလျက်ရှိနေ၏။မိသူသည် ပို၍ အံ့ဩမိသည်။ သူမ အကြားအမြင်ထဲတွင် ထူးဆန်းသည့်လူနှစ်ယောက်သာ သိထား၏။ယခုကဲ့သို့ နတ်တပါးကို ဆင့်ခေါ်နိုင်စွမ်း နှင့် ထိုနတ်မှ အရိုအသေပေးရသည်အထိကို သူမ မထင်ထားပေ။သို့ပေမဲ့ သူမ ပို၍ ဝမ်းသာနေရသည့်အကြောင်းမှာ ယခုလို ပုဂ္ဂိုလ်မျိုး၏ အကူညီရသည့်အတွက် ငွေကိုင်းရွာလေး၏ အခက်အခဲသည် မုချပြေလည်မည်ဟု ယုံကြည်လိုက်‌သည်။ထို့နောက် မိသူသည် ဦးဖိုးဝေ နှင့် ရွာစောင့်နတ်တို့ ပြောဆိုနေ သည်ကို အာရုံစိုက်လိုက်သည်။

    “ရွာစောင့်နတ် ဒီရွာမှာဘာတွေဖြစ်နေတယ်ဆိုတာ သင်လည်း သိပြီးရောပေါ့ “

    “ကျုပ် သိပါတယ် “

    “ကဲ အဲ့ဒါဆို ဘယ်လို ဘယ်ပုံဖြစ်တယ်ဆိုတာ ကျုပ်ကို ပြောပြစေချင်ပါတယ် “

    “ဖြစ်စနစ်ကိုတော့ ကျုပ်တို့ မသိပါဘူး ပြဿနာတွေ ဖြစ်တဲ့ အချိန်က ကျုပ်ကို ရွာနဲ့ တယုဇနာအကွာကို ထွက်သွားခိုင်းထားတာပါ “

    “သင့်ကို အမိန့်ပေးတဲ့ ပုဂ္ဂိုလ်က အဲ့ဒီလောက်တောင် အစွမ်း ထက်တာလား “

    “ဘယ်လိုပုဂ္ဂိုလ်မျိုးက အမိန့်ပေးလည်းတောင် ကျုပ်မသိပါဘူး သူက ထွက်သွားဆိုတာနဲ့ ကျုပ်လည်း တယုဇနာလောက်ကို လွင့်သွားတာပါပဲ “

    “ဟုတ်ပြီ  ရွာစောင့်နတ်က မသိဘူးဆိုတော့ ကျုပ် ဘုမ္မဆိုးနတ်ကို မေးကြည့်ရတော့မှာပေါ့ “

    “စေတလုံးအရှင် ဘုမ္မဆိုးသည်လည်း အဲ့ဒီအချိန်အခါက   ကျွန်ုပ်နည်းတူ အနားမှာ မနေခဲ့ရပါဘူး “

    “အော် ‌အဲ့ဒီလောက်တောင်ပဲလား ကဲ ဒါဆိုလည်း တခြားနည်း လမ်းပဲ ရှာရတော့မှာပေါ့ ရွာစောင့်နတ်ကြီးလည်း လိုရာကို သွားနိုင်ပါပြီ “

    ဦးဖိုးဝေမှ ခွင့်ပြုလိုက်သည်နှင့် ရွာစောင့်နတ်သည် အရိပ်မျှသာ မြင်တွေ့ လိုက်ရပြီး ပျောက်ကွယ်လို့ သွားတော့သည်။ထို့နောက် ဦးဖိုးဝေသည် သက်ပြင်းတချက်ချကာ ရွာလူကြီး နှင့် ‌မိသူအား ကြည့်ပြီး

    “တူမကြီး နဲ့ ရွာလူကြီးတို့ မြင်တဲ့အတိုင်းပဲ အဲ့ဒီအချိန်တုန်းက နတ်တွေတောင် ကပ်မရဘူးဆိုတော့ ဒီရွာက ပြဿနာက အတော်ခက်ခဲတာပဲ “

    “ဆရာကြီးရယ် အားမလျှော့ပါနဲ့ သူတို့ကို ကူညီပေးပါရှင်”

    “ကဲ ကဲ တူမကြီးက အများကောင်းကျိုးကို အားကျိုးမာန် တက် လုပ်နေတယ်ဆိုတော့ကာ ဦးကြီးလည်း တတ်စွမ်းသ လောက် ကူညီပါ့မယ် အခုတော့ ရွာပြန်ကြဦးစို့ “

    ဤသို့ဖြင့် ရွာ၏အခြေအနေကို လှည့်လည်ကြည့်ရှုပြီးသည့် နောက်တွင်  ဖြေရှင်းရမည့်ပြသနာအား တိုင်ပင်ဆွေးနွေးရန် ငွေကိုင်းရွာလေးထဲသို့ ပြန်ဝင်လိုက်ကြပါတော့သည် ။

    ◾ဦးဖိုးဝေ နှင့် မိသူသည်က ဤမျှသာ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း