ကျက်တစ္ဆေထံမှခိုးယူမိသူ

ရှင်…”

ဘွားမယ်စိန်၏အမေးကြောင့် မိစိုးအံ့သြသွားပုံရပေသည်။

“ဘွားမေးတဲ့မေးခွန်းကိုသာ
ညည်းဖြေစမ်းပါမိစိုးရယ်…မဟုတ်ရင် ညည်းနဲ့ညည်းသားအတွက် အခက်အခဲဖြစ်လာလိမ့်မယ်အေ့”

“ကျုပ်…ကျုပ်သိတာတော့ပြောနိုင်ပါတယ်ဘွားရယ်…”

“အေး…ဒါဆိုလည်းအဲ့သိထားတာလေးကိုပဲ ပြောစမ်းပါအေ…”

မိစိုးသူသိထားသောအကြောင်းအရာတစ်ခုအား
ဘွမယ်စိန်ကို ပြောပြဖို့ရန်အတွက်
ဘေးဘယ်ညာဆီသို့တစ်ချက်လည်ပြန်
ကြည့်လိုက်လေသည်။
သူတို့စကားဝိုင်းအနီး၌ ရွာမှအခြားလူများမရှိပေ။
ထိုလူများသည်က အသုဘအတွက်​​ပြင်ဆင်စရာများကိုသာပြင်ဆင်နေကြပြီး
သူတို့အားသတိမပြုမိကြ။
ထိုအခါမှသာ…

“ကျုပ်သိထားတာကတော့ ဒီလိုပါ ဘွား……..”

***********
ဇော်ခိုင်တစ်ယောက်တောတက်သွားသည်မို့ အိမ်တွင်မိစိုးနှင့်သားဖြစ်သူဇော်လတ်သာကျန်ရှိခဲ့သည်။

“အမေ…အဖေတောတက်တာကဒီတစ်ခေါက်ပို
ကြာနေသလားလို့နော်”

“အေးနော်…ငါ့သားပြောမှပဲသတိထားမိတယ်…
မင်းအဖေ
ဒီတစ်ခေါက်တောတက်သွားတာ
လေးရက်တောင်ရှိနေပါရောလား…။
ခါတိုင်းအခေါက်တွေဆိုရင်အလွန်ဆုံးကြာလှ သုံးရက်လောက်ပဲ…ဘုရား…ဘုရား…
ကိုဇော်ခိုင်တော့ ဘာတွေများကြာနေတယ်မသိပါဘူး”

ဇော်ခိုင်သွားသည့်တောသည် ရွာနှင့်မဝေးလှပေ။
ဝါးခုတ်သည်မို့ အလွန်ဆုံးကြာလှသုံးရက်လောက်ပင်ဖြစ်သည်။
ယခု​တော့လေးရက်မျှကြာသော်လည်း ဇော်ခိုင်တစ်ယောက်အိမ်သို့ပြန်ရောက်မလာခဲ့သေးခြင်း
ဖြစ်သည်။
ခါတိုင်းအခေါက်များမှာက အတူဝါးခုတ်သည့်အဖော်များပါရှိသည်။
သို့သော် ယခုအခေါက်မှာတော့ကျန်လူများမလိုက်ဖြစ်ဘဲ ဇော်ခိုင်တစ်ယောက်ထဲသာသွားဖြစ်၏။

ထိုအခါ
ယောကျာ်းဖြစ်သူဇော်ခိုင်အတွက်
မိစိုးတစ်ယောက် စိတ်ပူပန်နေရရှာသည်။
ငါးရက်မြောက်သောနေ့ ညသန်းခေါင်ကျော်အချိန်၌…

“မိစိုးရေ…မိစိုး…တံခါးဖွင့်ပါဟ…”

“ဟင်…ကိုဇော်ခိုင်ပြန်လာပြီ…”

မိစိုး အသံကြောင့်အိပ်ရာမှလူးလိမ့်ထလိုက်လေသည်။
နံဘေးမှတော့သားဖြစ်သူဇော်လေးတစ်ယောက်အိပ်မောကျလို့နေရှာ၏။

“ကျွီ…”

“ကိုဇော်ခိုင်…”

မိစိုး အိမ်တံခါးဖွင့်လိုက်လေ​တော့ အိမ်အတွင်းထွန်းထားသည့်ဆီမီးခွက်အလင်းကြောင့်ပင် ဇော်ခိုင်မျက်နှာအားရှင်းလင်းစွာမြင်ရလေသည်။
ဇော်ခိုင်၏မျက်နှာ၌ချွေးသီးချွေးပေါက်များ ကျဆင်းနေပြီး
မျက်နှာသည်လည်းတစ်စုံတစ်ခုကိုစိုးရိမ်နေသလိုနောက်သို့တကြည့်ကြည့်ဖြစ်နေရှာ၏။
ထူးဆန်းနေသော ဇော်ခိုင်၏အသွင်ကြောင့်…

“ကိုဇော်ခိုင် ဘယ်လိုတွေဖြစ်လာတာလဲ ”

“နောက်မှမေးပါ မိစိုးရာ…
လာ…လာ…အိမ်ထဲဝင်ကြရအောင်”

မိစိုးကိုဖယ်၍ဇော်ခိုင်တစ်ယောက်အိမ်ထဲသို့
အလျှင်စလိုဝင်သွားခဲ့၏။
အ​ခြေအနေအားနားမလည်သလိုဖြစ်နေသောမိစိုးလည်း
ဇော်ခိုင်၏နောက်ပါးမှလိုက်ပါလာခဲ့လေသည်။

“ကိုဇော်ခိုင် ကျုပ်မေးနေတယ်လေ…တော်ဘာဖြစ်နေတာလဲလို့”

မိစိုးကဆက်မေး၏။
သို့သော် ဇော်ခိုင်မဖြေသေးဘဲ သောက်ရေအိုးမှရေကိုသာ အငမ်းမရသောက်နေခဲ့သည်။
အမောဖြေပြီးလို့အတော်ကြာလေမှ…

“ငါ့ကိုသူတို့သတ်ကြတော့မယ်မိစိုး…
ငါ့ကိုသူတို့သတ်ကြလိမ့်မယ်”

“ဟင်…ဘယ်သူတွေလဲ…ဘာတွေလဲ…ဘာတွေဖြစ်တာလဲ ကျုပ်ကိုသေချာပြောပါ ကိုဇော်ခိုင်ရယ်…ကျုပ်ရင်တွေပူလိုက်တာတော်”

စကားဆက်မရှိဘဲပြောလိုက်သည့် ဇော်ခိုင်၏စကားကြောင့် မိစိုး ထိတ်လန့်သွားခဲ့ရသည်။

“မနက်မှပြောမယ်မိစိုးရယ်…
ငါမနက်မှသေချာပြောပြပါ့မယ်…
အခုတော့ငါလည်းပင်ပန်းနေပြီ အိပ်ပါရစေဦးဟာ…”

“ကိုဇော်ခိုင်”

ဇော်ခိုင် သားဖြစ်သူ ဇော်လေး၏ဘေးတွင်ဝင်အိပ်လိုက်တော့သည်။
အကျိုးအကြောင်းမသိရသေးသောမိစိုးခမျာတော့
ရင်တထိတ်ထိတ်ဖြင့် အိပ်မရနိုင်ဘဲဖြစ်နေရှာသည်။

နောက်တစ်နေ့နံနက်၌မှာ​တော့ ဇော်ခိုင်ပြောပြမည့်အကြောင်းအား စောင့်မျှော်မိသော်လည်း
ဇော်ခိုင်တစ်ယောက်မှာတော့အိပ်ရာမှ နိုးထမလာတော့ဘဲ ရုတ်တရက်သေဆုံးလို့သွားရှာတော့၏။

*****************

“ကျုပ်သိသမျှကတော့ဒါပါပဲ ဘွားရယ်…
ကိုဇော်ခိုင်တစ်ယောက် ဘာတွေဘယ်လို ဖြစ်ခဲ့သလဲဆိုတာကို ကျုပ် ဘာမှသေချာမသိခဲ့ရပါဘူးတော်….
အီး….ဟီးးးး…ဟီးးးးးး”

“အမေ….”

မိစိုးကပြောရင်းငိုချမိလေသည်။
မိခင်ငိုလေတော့ ဇော်လေးခမျာလည်း ငိုချင်ရက်လက်တို့ဆိုသလို မျက်ရည်များတရွဲရွဲဖြစ်လို့နေရှာသည်။

“အင်း…အစောက ညည်းယောကျာ်းအလောင်းကို
ဘွားကြည့်ပြီးပြီ မိစိုး…။ညည်းယောကျာ်း ဗိုက်နေရာက သိသိသာသာပိန်ကပ်နေတာပဲအေ…
အဲ့တာကိုရော ညည်းသတိထားမိရဲ့လား…။
ဘွားကိုယ်တိုင်လည်းစိတ်ထဲမသန့်လို့ အဝတ်အစားလှန်ကြည့်လိုက်တာ မောင်ဇော်ရဲ့ ဗိုက်နေရာက အမဲရောင်ပြောင်းနေလေရဲ့ကွယ်”

“ရှင်…ကျုပ်…ကျုပ်သတိမထားမိဘူး ဘွား”

“အေး…ဘွားဆက်ပြောမယ်…
အဲ့လိုမည်းနေရတာက အခြားမဟုတ်ဘူးမိစိုး…။
တကယ်က ညည်းယောကျာ်း
ဗိုက်ထဲမှာအူတွေဘာတွေတစ်ခုမှမကျန်​ တော့လို့ပဲလေ”

“ဟင်…ဘွား…ဘွားဆိုလိုတာက”

“ဘွားဆိုလိုတာက ညည်းယောကျာ်းသေတာ ရောဂါကြောင့်လဲမဟုတ်ဘူး။အခြားအကောင်ပလောင်ကြောင့်လည်းမဖြစ်နိုင်ဘူး။သေချာတာကတော့ မောင်ဇော်ခိုင်တောတက်တဲ့အချိန်မှာ တစ်ခုခုဖြစ်လာတာပဲလို့ ဘွားထင်တယ်”

“ကျုပ်တော့မစဥ်းစားတတ်တော့ပါဘူး ဘွားရယ်…ကျုပ်ငိုချင်တာပဲသိတာပါတော်”

“မငိုပါနဲ့ဦးမိစိုးရယ်…ဒီကိစ္စကသေချာမသိသေးရင်
ညည်းတို့သားအမိအပြင်ဘွားတို့ရဲ့
ရွာကိုပါထိခိုက်လာနိုင်တယ်…
အဲ့တော့အကြောင်းရင်းကိုဘွားတို့ဘက်က သေချာသိမှကိုဖြစ်မှာ”

“သိအောင်ဘယ်လိုလုပ်ရမလဲဘွား…။ကိုဇော်ခိုင်လည်းဆုံးသွားပြီဆိုတော့လေ”

“အေး…ဇော်ခိုင်ပဲသိတာဆိုတော့ ဇော်ခိုင်ကိုပဲခေါ်မေးရတော့မှာပေါ့…ကဲ…ဒီလိုလုပ်…ဒီည
မိစိုးတို့အိမ်မှာ လူနည်းနည်းပဲရှိဖို့က သူကြီးနောင်ချိုတာဝန်ယူရမယ်…ကျန်တာကတော့ ဘွားကိုယ်တိုင်စီရင်မယ်အေ”

“ဟုတ်ကဲ့ဘွား…”

“လူနည်းဖို့က ကျုပ်…တာဝန်ယူပါတယ်ဘွား စိတ်ချပါ”

“အေး…အေး…ဒါဆို ညမှထပ်ဆုံကြတာပေါ့”

သူကြီးဦးနောင်ချိုနှင့်ကျန်လူများက ဘွားမယ်စိန်၏စီရင်မည့်ကိစ္စအားစိတ်ဝင်စားနေကြ
တော့လေသည်။

ထိုကြောင့် ဒီညအသုဘအိမ်၌ သူကြီးဦးနောင်ချို၊ဦးဘစီ၊မောင်တိုး၊မောင်အုန်းနှင့် ဘွားမယ်စိန်၏သမီးဒေါ်ဝင်းတို့သာ ရှိဖို့ရန်ဆုံးဖြတ်လိုက်ကြတော့၏။

*****************

ညသည်တဖြေး​ဖြေးမှောင်မိုက်၍လာသော်ငြားလည်း
လ၏အလင်းသည်ကပျောက်ကွယ်လို့နေရှာ၏။
အကြောင်းမှာကား လမိုက်ည…လကွယ်ညဖြစ်သောကြောင့်ပင်။

ဇော်ခိုင်၏အသုဘအိမ်၌မှာကား အလင်းရောင်တို့ရှိနေခဲ့၏။
ထိုအလင်းရောင်များမှာကား ရေနံဆီမီးတုတ်များ၏အလင်းကြောင်းပင်ဖြစ်ပေသည်။
ဝါးသုံးလုံးအား မြေ၌စိုက်ထားပြီး အပေါ်မှဓားဖြင့်ခွဲ၍မီးတုတ်ချောင်းထည့်စေကာ အလင်းပေးထားခြင်းပင်ဖြစ်သည်။
အသုဘနေရာသည်ကား အိမ်အတွင်း၌မဟုတ်။
အိမ်ဝိုင်းအတွင်း အသုဘ ကနားဖျင်းတစ်ခုပြုလုပ်၍ထား၏။
အလောင်းထားသည်က ဝါးဖြင့်ရက်လုပ်ထားသည့်ကွပ်ပျစ်အခင်းပေါ်၌အခေါင်းအားတင်ထားခြင်းပင်ဖြစ်သည်။

ထိုအခေါင်းထားရာနှင့်မနီးမဝေးမှာတော့ အသုဘလာသူများထိုင်စေဖို့ရန်အတွက် ဖျာကြမ်းများခင်းထား၏။
ထိုဖျာကြမ်းများအပေါ်၌ သစ်သားစားပွဲဝိုင်းလေးများ လေးငါးလုံးရှိပေသည်။
စားပွဲထက်၌ လက်ဖက်ပန်းကန်နှင့်အကြမ်းရည်အိုးတစ်လုံး။
ဆေးလိပ်ဖွာတက်သူများအတွက် ပြောင်းဖူးဆေးလိပ်များလည်းတင်ပေးထား၏။

ထိုသို့ပြင်ဆင်ထားသော အသုဘနေအိမ်၌ ယခုညမှာဖြင့် ဖဲရိုက်သူများနှင့် လာရောက်အားပေးသူများမရှိခဲ့။
ဘွားမယ်စိန်တို့အုပ်စုသာရှိနေခဲ့ပေသည်။

“လုပ်စရာရှိတာတော့စပြီးလုပ်ရတော့မယ်ကွယ်…
ကဲ…ကဲ…မောင်တိုးနဲ့မောင်အုန်း အလောင်းဘေးက စားပွဲကိုဖယ်ထားလိုက်ဦး…”

“ဟုတ်ကဲ့ဘွား”

သေသူအတွက်အစားအသောက် တင်ထားသော
စားပွဲအား ဘွားမယ်စိန်မှဖယ်ခိုင်းလိုက်လေသည်။

“ဘွား…ထိုင်ခိုင်းတဲ့နေရာကနေမရွေ့ကြနဲ့နော်…
ဒါ …သ​တိပေးတာမဟုတ်ဘူး…ဘွားရဲ့အမိန့်ပဲ…။မိစိုးတို့သားအမိကလည်း ဘာအကြောင်းနဲ့မှ ဘွားအနားကိုမလာမိကြစေနဲ့…ကြားကြရဲ့လား”

“ဟုတ်ကဲ့ပါ ဘွား”

“ဟုတ်ကဲ့”

အားလုံးကဘွားမယ်စိန်စကားအား လက်ခံလိုက်ကြ၏။
ပြီးနောက်…
ဘွားမယ်စိန်သည် သူ၏နောက်ပါးမလှမ်းမကမ်းရှိ ဖျာကြမ်းနှစ်ချပ်ပေါ်တွင် အားလုံးအားထိုင်ခိုင်းလိုက်သည်။
ဘွားမယ်စိန်သည်က အလောင်း၏အရှေ့မလှမ်းမကမ်းတွင်ထိုင်နေခဲ့၏။
သူ၏လက်စွဲတော်တောင်ဝှေးသည်လည်း
မပါမဖြစ်ပါရှိလေသည်။

“မောင်ဇော်ခိုင်…မောင်ရင်ရဲ့မရှင်းလင်းရသေးတဲ့
ကိစ္စကိုဘွားသိချင်တယ်…မောင်ရင်ကြားမယ်ဆိုတာလည်းဘွားသိတယ်…အဲ့တော့ မောင်ရင်ရဲ့ဝိညာဥ်ကိုမောင်ရင်ရဲ့ ခန္ဓာထဲဝင်ဖို့ဘွားကူညီပေးမယ်…ဝင်ကြည့်ပါ…
မောင်ရင်ရဲ့ခန္ဓာကိုယ်ထဲကိုပြန်ဝင်ကြည့်ပါ……..”

ဘွားမယ်စိန်မျက်လုံးကိုမှိတ်ထား၏။
ဇော်ခိုင်အားရည်စူးပြောဆိုပြီးနောက်မှာတော့ဘွားမယ်စိန်သည် သူ၏တတ်ကျွမ်းသော ဂါထာအချို့အား
နူတ်မှတိုးတိတ်စွာရွတ်ဆိုလို့နေပြန်သည်။

“ကျွီ…”

အလောင်းထည့်ထားသည့်
သစ်သားအခေါင်းဆီမှအသံထွက်ပေါ်လာခဲ့၏။

“မောင်ဇော်ခိုင်ရောက်နေပြီလား…။ဒါဆို ဆင်းခဲ့…
ဘွားရှေ့မှာလာထိုင်”

ဘွားမယ်စိန်သည် ဇော်ခိုင်၏အခေါင်းဆီသို့ကြည့်ကာပြောလိုက်လေတယ်။
ထိုသို့ပြောအပြီး…

“ဟာ…ဇော်ခိုင် ”

“အဖေ…”

“ကိုဇော်ခိုင်”

အခေါင်းအတွင်းမှဇော်ခိုင်ထွက်လာခဲ့ခြင်းကြောင့်အားလုံးအံ့သြ သင့်ကုန်ကြခြင်းဖြစ်သည်။

“ကဲ…လာ…ထိုင်”

ဇော်ခိုင်၏မျက်နှာသည်ညှိးငယ်နေ၏။
သူ၏လှုပ်ရှားမှုသည်လည်း အသက်မပါလှပေ။
မိန်းမဖြစ်သူမိစိုးနှင့်သားဖြစ်သူဇော်လေးထံသို့ တစ်ချက်မျှကြည့်၍ ဘွားမယ်စိန်ထိုင်ခိုင်းသည့်နေရာ၌ဝင်ထိုင်ရှာသည်။
သူ၏ဦးခေါင်းအားငုံ့လျှက်နေလေ၏။

“မောင်ဇော်ခိုင်…မောင်ရင်ဘယ်လိုတွေတွေ့ကြုံခဲ့တာလဲဆိုတာဘွားတို့သိချင်တယ်…မောင်ရင်ရုတ်တရက်ဆုံးသွား
ခဲ့တာကိုဘွားတို့တတွေ
ယုံကြည်လက်ခံပေးလို့မရဘူးကွယ်”

ဘွားမယ်စိန်သည် ဇော်ခိုင်အားစကားဆိုလေတော့ ဇော်ခိုင်၏ ခန္ဓာကိုယ်သည်တုန်ရီလို့လာခဲ့၏။

“အီးးးး…ဟီးးးးးး…ဟီးးးး…..ဟီးးးးးးး…..ဟီးးးးးး…
ကျုပ်မှားတာ…ကျုပ်မှားတာပါဘွားရယ်…
ကျုပ်လောဘကြီးမိလို့ဖြစ်ရတာပါဗျာ…”

“ဘယ်လို…မောင််ရင်က လောဘကြီးမိလို့ ဟုတ်စ”

“ဟုတ်ပါတယ်ဘွား…ကျုပ်လောဘကြီးမိတာပါဗျာ”

“ပြောစမ်းပါဦးကွယ်…တောထဲမှာမောင်ရင်
ဘယ်လိုတွေဖြစ်ခဲ့ရတာလဲ”

“ဟုတ်…ကျုပ်ပြောပါ့မယ်ဗျာ…
ကျုပ်ပြောပါ့မယ်…ဒီလိုပါဗျာ…”

ဇော်ခိုင်သည်ငိုသံကြီးနှင့်ပြောရှာသည်။
ဘေးတွင်ကြည်နေကြသော မယ်စိုးနှင့် ဇော်လေး၏မျက်နှာများတွင်လည်းမျက်ရည်များသည်စိုရွဲလို့နေ၏။
ကြည့်နေကြသော သူကြီးဦးနောင်ချိုတို့ငါးယောက်သည်လည်း
စိတ်မကောင်းဖြစ်နေကြရသည်။

*****************

ဇော်ခိုင်တို့ထင်းခုတ်၊ဝါးခုတ်ထွက်လေ့ရှိသည့်တောသည်
သားရဲတိရိစ္ဆာန်နည်းပါး၏။
သို့သော် ဟင်းချက်စရာအပင်များပေါများစွာပေါက်ရောက်ပေသည်။
ယခုတစ်ခေါက် အတူလိုက်ပါနေသော
လူများမလိုက်ပါဖြစ်ကြသော်လည်း
ဇော်ခိုင်တစ်ယောက် တောတက်ထွက်လာခဲ့၏။
အကြောင်းသည်က ငွေပိုစုမိလျှင် သားဖြစ်သူဇော်လေးအား
ရှင်ပြုပေးရန်အတွက်ပင်။

ခါတိုင်းအခေါက်များသွားလေ့ရှိသောနေရာထက် ပို၍နက်သောတောအတွင်းသို့ဇော်ခိုင်ဝင်လာခဲ့၏။
ရသလောက်ဝါးများအားခုတ်ယူရင်း ဟင်းစားမျှစ်များ၊မှိုပွင့်များခူးယူခဲ့သည်။
ညဘက်ရောက်လျှင်ဖြင့် မီးဖိုတစ်ခုဖိုထားပြီး ထိုမီးဖိုဘေး၌
အိပ်ခဲ့ရ၏။
တောတက်နေကြမို့ ကြောက်ခြင်းလန့်ခြင်းမရှိ မိမိလုပ်စရာရှိတာကိုသာလုပ်ဆောင်နေခဲ့လေသည်။

သုံးရက်မြောက်သောည၌ ဇော်ခိုင်မီးဖိုလေးဘေးတွင် အိပ်နေခဲ့၏။
ထိုအချိန် သူနှင့်မလှမ်းမကမ်းဆီမှ စကားပြောသံများကြားမိလိုက်၍ ဇော်ခိုင်နိုးလာခဲ့လေသည်။
လှမ်းကြည့်မိတော့ မီးရောင်များတဝင်းဝင်းဖြစ်နေသည်ကိုတွေ့ရ၏။
အနီးကပ်မမြင်ရသည်မို့ ဇော်ခိုင်ထိုနေရာဆီသို့လျှောက်လှမ်း
လာခဲ့၏။

“ဟင်…လှည်းတွေနဲ့ လူတွေပါလား…။ခရီးသွားတွေများလား…အာ…မဖြစ်နိုင်တာ တောထဲ လှည်းဝင်မရလို့ ငါတောင်လှည်းမယူရတာကို ခုကဘာတွေလဲ”

ဇော်ခိုင်မြင်ရသည်က နွားလှည်းများ ရပ်နားထားကြပြီး
လူများအနားယူနေကြလေသည်။
ထိုလူအုပ်အတွင်းကလေးများလည်းပါရှိ၏။
ဟင်းချက်သူကချက် ဝိုင်းဖွဲ့စကားပြောနေကြသူများကပြောဖြင့် တောထဲတွင်ဆူညံလို့နေလေသည်။
ထိုလူများထဲမှအသက်ကြီးကြီးအဘိုးအိုတစ်ယောက်သည်
ဇော်ခိုင်အားတွေ့ရှိသွား၏။
ထိုအဘိုးအိုက ဇော်ခိုင်ထံသို့လျောက်လာကာ…

“မောင်ရင်က…ဘယ်ကလဲကွဲ့”

“ကျုပ်က ဝါးခုတ်လာတဲ့သူပါ”

“သြော်…အဖော်တွေကောမပါကြဘူးလား”

“ဟုတ်ကဲ့…ကျုပ်တစ်ယောက်ထဲပါဘဲ…။ဒါနဲ့ အဘတို့က ဘယ်သူတွေလဲ…”

“ခရီးသွားတွေပါကွယ်…”

“ခရီးသွားတွေ…ဒီတောဒီတောင်ထဲခရီးသွားကြတာ
ဆိုတော့ ထူးဆန်းလိုက်တာ”

ထိုစကားသည် ဇော်ခိုင်၏စိတ်အတွင်းမှပြောလိုက်ခြင်းဖြစ်သည်။

“မောင်ရင့်အတွက်ထူးဆန်းနေပုံရတယ်…
အဘတို့ကတော့သွားလာနေကြမို့ မထူးဆန်းတော့ပါဘူးလေ…ကဲပါ…လာ…လာ…
အကြမ်းရည်လေးဘာလေးသောက်ဦးပေါ့”

အဘိုးကြီးခေါ်ရာနောက်သို့ ဇော်ခိုင် မငြင်းဆန်ဘဲလိုက်ပါလာခဲ့သည်။
ကျန်လူများထိုင်နေကြသည့် နေရာဆီ၌ ဇော်ခိုင်အားထိုင်စေ၏။
ဇော်ခိုင်အား ကျန်ကလေး လူကြီးများကအထူးအဆန်းကြည့်နေကြ၏။
သို့သော်မည်သည့်စကားမှဇော်ခိုင်အားမပြော​ကြ နေမြဲအတိုင်းသာဆက်၍နေကြပြန်သည်။

“ဟင်…ဟိုဟာတွေက”

နွားချွတ်ထားသော လှည်းတစ်စီးပေါ်၌တင်ဆောင်ထားသည့်အရာများကို
ဇော်ခိုင်ဟန်မဆောင်နိုင်စွာကြည့်နေမိသည်။
ဇော်ခိုင် ၏ပုံစံကို ဘေးရှိ အဘိုးအိုက…

“အဲ့ရွှေပြားတွေက အဘတို့ပိုင်ဆိုင်တာတွေပေါ့…စိတ်မချလို့
အဲ့ပစ္စည်းတွေကို ယူပြီးခရီးသွားလာနေကြရတာပဲ​ကွယ်”

“အဲ့တာတွေကို ဘာလုပ်ဖို့လဲအဘ”

“အဲ့ရွှေပြားတွေက အဘတို့ဒီမှာရှိတဲ့လူအကုန်လုံးပိုင်ဆိုင်ကြတာပေါ့…
ဘာအတွက်ရယ်လို့သီးသန့်ရည်ရွယ်ထားခြင်း
မရှိပါဘူးကွယ်”

အဘိုးအိုပြောသောစကားသည် ဇော်ခိုင်နားအတွင်းကြားတစ်ချက်မကြားတစ်ချက်
ဖြစ်နေ၏။
သူမြင်နေရသော လှည်းတစ်စီးစာရှိရွှေပြားများကိုသာ အငမ်းမရကြည့်နေမိသည်။

“ဒီရွှေပြားတွေထဲကတစ်ပြားလောက်သာရရင်
ငါ့သားရှင်ပြုလို့ရပြီ”

ဟု…ဇော်ခိုင်အတွေးဝင်နေမိသည်။
သို့သော်မိမိအတွေးအား အခြားသူများမသိစေရန်ဟန်မပျက်ဆက်ထိုင်နေခဲ့၏။
အချိန်ကြာလာလေတော့ အိပ်သူကအိပ်ဖြင့် လူများ ငြိမ်သက်သွားကြသည်။
ဇော်ခိုင်သည်လည်း မိမိနေရာဆီသို့မပြန်သေးဘဲ ထိုနေရာ၌သာ ထိုင်နေခဲ့၏။

လူခြေတိတ်သည့်အချိန်၌ဇော်ခိုင် ရွှေပြားများထားရာလှည်းဆီသို့ တိတ်တဆိတ်သွားခဲ့သည်။
လှည်းအထက်မှရွှေပြားများသည်အရောင်တဖိတ်ဖိတ်ဖြင့်တောက်ပလို့နေ၏။
ထိုအရာများသည် ဇော်ခိုင်၏အလိုရှိမှုကိုဖိတ်ခေါ်နေသယောင်ပြု၏။
ဇော်ခိုင်မိမိလက်ထဲတွင်ရွှေပြားနှစ်ပြား
အရယူထားလိုက်မိလေပြီ။ သူရရှိသောရွှေပြားများကို ပုဆိုးအတွင်းထိုးလိပ်၍ဖွက်ထားလိုက်၏။
ပြီးနောက်မိမိနေရာဆီသို့ တိတ်တဆိတ်ပြန်မည်ပြုစဥ်…

“မောင်ရင်…သူ့နေရာသူပြန်ထားလိုက်စမ်းပါကွယ်…
အဘက အကြောင်းမဟုတ်ပေမယ့် ကျန်လူတွေသိရင်မောင်ရင်အတွက်လွယ်မှာမဟုတ်ဘူး”

အဘိုးအိုသည် ဇော်ခိုင်၏အနောက်၌ရောက်ရှိနေ၏။
ဇော်ခိုင်သည် သူခိုးလူမိဆိုသလိုထိတ်လန့်လို့သွားသည်။
သို့သော်…

“ကျုပ်ကိုခွင့်လွှတ်ပါအဘိုး.. ကျုပ်ကိုဒီရွှေထဲကတစ်ပြားလောက်ပဲဖြစ်ဖြစ်ပေးပါဗျာ”

“မရဘူးမောင်ရင်…အဘတို့တွေရဲ့ပစ္စည်းကိုဘယ်သူမှယူလို့မရဘူးကွဲ့”

“ဟာ…ဒါဆိုမရဘူးလေ…ကျုပ်အတွက်လိုအပ်လို့ပါ…
လိုအပ်လို့ပါဗျာ”

ဇော်ခိုင််တောင်းဆိုနေမိသည်။
အဘိုးအိုက လက်ခံချင်သည့်ပုံမပေါ်ပေ။
ရွှေပြားတို့ကိုကြည့်ရင်း ဇော်ခိုင်၏ စိတ်အတွင်းလောဘစိတ်များကထိန်း၍မရခဲ့။

“မောင်ရင်…ဒီကိုကြည့်လိုက်”

အဘိုးအိုအား ဇော်ခိုင်ကြည့်လိုက်မိသည်။

“ဟင်…လူ…လူ မဟုတ်…ဟာ…..အမလေးးးးးးး”

ဇော်ခိုင်နောက်သို့ကြောက်လန့်တကြားတိုးဆုတ်သွား၏။
သူမြင်လိုက်သည့်အဘိုးအိုသည် ညဦးပိုင်း၌သူနှင့်စကားပြောဆိုနေသည့်ပုံမဟုတ်တော့။
အသားများရိရွဲကျကာ…မျက်လုံးတို့သည်ဖြင့် အောက်ဘက်ဆီသို့ ပြုတ်ကျမတက်…ခေါင်းအထက်၌ ရှိသောဆံပင်သည်လည်း ပါးလျှက်လို့နေပြန်သည်။
ထိုအချင်းအရာအား ဇော်ခိုင်မြင်လေတော့ ထိုနေရာ၌ဆက်၍မနေရဲတော့ဘဲ အဝေးသို့ရောက်ရန်ထွက်ပြေးလာမိတော့သည်။
ထွက်ပြေးလာစဥ်သူ၏နောက်ပါးမှဆူညံသံများ
ထွက်ပေါ်၍လာတော့သည်။

” ရွှေပြားတွေ ယူသွားပြီ…လိုက်ကြ…သတ်ကြ”

“လိုက်ဟေ့…တို့ရွှေပြားကိုယူသွားပြီ…”

“လိုက်ကြစမ်းပါကွ”

ညသန်းခေါင်ကျော်…ပြေးသူတစ်ဦးနှင့်အပြေးလိုက်လာသော ကြောက်မက်ဖွယ်ရာအရာကြီးများ။
ဇော်ခိုင်တစ်ယောက် ခြုံများ….ဆူးခြုံများကိုအလေးမထားမိတော့ ရွာရောက်ဖို့ရန်ကိုသာ တွေး၍ရုန်းကန်ပြေးလာခဲ့ရှာသည်။
မိုးလင်းသည်အထိဇော်ခိုင်ပြေးနေမိစဲပင်။
သူ့စိတ်တို့သတိဝင်လာလေ​တော့ ရွာသို့ပြန်ဖို့ရန်သာဆုံးဖြတ်လိုက်လေသည်။
ဇော်ခိုင်နောက်သို့တကြည့်ကြည့်ဖြင့် မိမိရွာဆီသို့ပြန်လာခဲ့ တော့၏။

****************

“ဒါဆို…မောင်ရင် သေရတာက အဲ့ရွှေပြားပိုင်ရှင်တွေကြောင့်ပေါ့”

“ဟုတ်ပါတယ်ဘွား…ကျုပ်အိမ်ရောက်လို့
စိတ်အေးရပြီထင်ခဲ့မိတာ…တကယ်ကျ ကျုပ်ပြန်ရောက်လာတဲ့ညမှာတင် အဲ့လူတွေရောက်လာကြတယ်…သူတို့ကျုပ်ကိုဝိုင်းဖိပြီး ကျုပ်အူကလီစာတွေကိုစားကြတယ် ကျုပ်အော်ပေမယ့် ဘယ်သူမှမကြားကြဘူးဗျာ…”

“အင်း…လောဘတွေတက်မိတာမှားတာပဲကွယ်…
တကယ်တော့မောင်ရင်တွေ့ဆုံခဲ့တာတွေကတောတွင်းက ကျတ်တစ္ဆေတွေပဲ…သူတို့ပိုင်ဆိုင်တဲ့အရာဆို ဘယ်ဟာမှအမှားမခံကြတဲ့အရာတွေပေါ့…အခုကော မောင်ရင်ရွှေပြားတွေဘယ်ဆီမှာလဲ…အဲ့တာတွေသာ
သူတို့လက်ထဲပြန်မရောက်သေးရင် မောင်ရင်ရဲ့မိန်းမနဲ့ကလေးဆီကို လှည့်လာပါဦးမယ်ကွယ်…”

“မလှည့်တော့ဘူးဘွား…အဲ့ပစ္စည်း ကျုပ်ကိုသူတို့လာသတ်တဲ့ညကတည်းက
ပြန်ယူသွားကြပါပြီ။ကျုပ်မှာသာ ကျုပ်သားလေးရှင်ပြုပေးဖို့
ကိစ္စလေးမဖြစ်မြှောက်ရတော့ဘူးဗျာ….
အီးးးးး…..ဟီးးးးး….ဟီးးးးးးးး”

“အဲ့အတွက်မပူစမ်းနဲ့ကွယ်…မင်းရဲ့သားရှင်ပြုပေးဖို့ ဘွားနဲ့ရွာသူကြီးတို့စီစဥ်ပေးပါ့မယ်…ဒါအတွက်ထူးပြီးစိတ်ထဲစွဲမထားမိစေနဲ့ ကြားလားဇော်ခိုင်”

“ဟုတ်…ဟုတ်ကဲ့ပါဘွား…ကျုပ် ဘွားပြောတာနားထောင်ပါ့မယ်”

“အင်း…ဒါဆိုလည်း ဘွားသိချင်တာသိရပါပြီ။မောင်ရင်လည်း မိစိုးတို့သားအမိကိုနောက်ဆုံးဘာများ
ပြောချင်သေးလဲကွယ်”

ဘွားမယ်စိန်စကားကြောင့် ဇော်ခိုင် မိစိုးတို့သားအမိကိုကြည့်ကာ…

“ငါ့ရဲ့လောဘကြောင့်ပါမိစိုးရယ်…
ငါ့ကိုခွင့်လွှတ်ကြပါဟာ”

“ကျုပ်တို့မှာတော်ပဲရှိတာပါ ကိုဇော်ခိုင်ရဲ့…ရှင်ရယ်…
အီးးး….ဟီးးး….ဟီးးးးးးး”

မိစိုးငိုကြွေးနေမိသည်။
ဇော်လေးလည်းမိခင်နှင့်ဖခင်ကိုကြည့်ရင်း ငိုနေရရှာ၏။

“ကဲ…ဇော်ခိုင် မင်းနေရာကိုပြန်သွားဖို့ပြင်ပေတော့…ဇော်လေးကိုလည်း
ဘွားတို့ဘက်ကမင်းဖြစ်စေချင်သလို
ရွာရဲ့စုပေါင်း အလှူငွေနဲ့ရှင်ပြုပေးမှာပါကွယ်”

“ဟုတ်ကဲ့…”

ဇော်ခိုင်တစ်ယောက်ခေါင်းငိုက်စိုက်ဖြင့်
အခေါင်းအတွင်းသို့ဝင်သွားတော့သည်။
မိစိုးတို့သားအမိသည်လည်း ဝမ်းနည်းပက်လက်ဖြင့်ငိုကြွေးနေကြစဲ။

သေသူ၏ဝိညာဥ်သည်လည်း သူ၏ခန္ဓာမှခွာသွားလေပြီ။
ကျန်ရှိသောလူများအားဘွားမယ်စိန်က…

“ဇော်ခိုင်သေဆုံးရခြင်းကိုလည်းသိကြရပြီ။ဒီအကြောင်းကိုဒီလူတွေပဲသိပါစေ။သူကြီးကလည်း ဘွား ဇော်ခိုင်ကိုဂတိပေးထားတဲ့ကိစ္စလေးဖြစ်
မြှောက်အောင်ကူညီပေးပါကွယ်”

“ဟုတ်ကဲ့ပါဘွား…။ကျုပ်စီစဥ်ပေးမှာပါ…စိတ်ချပါဗျာ”

“မိစိုး…စိတ်မကောင်းဖြစ်တာတော့ဖြစ်ပါ…
သွားလေသူအတွက်ကုသိုလ်ကောင်းမှုတွေလုပ်ပေးဖို့…
သားဖြစ်သူဇော်လေးအတွက်
မိခင်ကောင်းဖြစ်ပေးဖို့အားတင်းထားပါဦးအေ”

“ဟုတ်ကဲ့ပါဘွား…ကျုပ်အားတင်းထားပါ့မယ်တော်”

“အေး…အေး….”

ထိုသို့ဖြင့် ဇော်ခိုင်သေဆုံးခြင်း၏အကြောင်းအား ဘွားမယ်စိန်တို့သိရှိသွားကြပါပြီ။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)