အတ္တ၏နောက်ကွယ်

 

ထွန်းမောင်ကား တောက်တစ်ခေါက်ခေါက်ခတ်ရင်း အိမ်ပေါ်သို့တက်လာခဲ့၏။

” တောက်! လူပါးကိုဝလွန်းတယ်…ငွေရှိတယ်ဆိုတိုင်း မရှိဆင်းရဲသားတွေကိုနင်းချနေတာ…ဒီကောင်တွေငါ့အကြောင်းကောင်းကောင်းသိစေရမယ်….”

” အစ်ကို…ဘယ်နှယ့်လဲ… ပြောလို့ရခဲ့သလား…”

” မရဘူးမိန်းမ…လူတွေနားမလည်တဲ့ကောင်တွေ တနေ့ငါဘာလဲဆိုတာသိစေရမယ်…မင်းကလေးတွေ ငါမရှိတဲ့အချိန်သေချာဂရုစိုက်ထား….”

” ဟင်…အစ်ကိုကဘယ်သွားမလို့လဲ…လူမမယ်ကလေးတွေနှင့်ကျုပ်ကိုထားပြီး ဘယ်သွားမလို့လဲ….”

” ငါသေချာပေါက်ပြန်လာခဲ့မယ်….”

ဆိုကာလမ်းစရိတ်အနည်းငယ်နှင့် အဝတ်အစားအနည်းငယ်ယူပြီး အိမ်မှထွက်လာခဲ့၏။ ခရီးအထပ်ထပ်နှင်လာခဲ့ရင်း ယခုယောနယ်သို့ရောက်ရှိလာခဲ့၏။ သူ့ကိစ္စပြန်တွေးမိသဖြင့် သူ့ရှေ့မှရှိနေသော ထဘီကိုအသာလှမ်းယူကာ

” ကျုပ်လျှော်မယ်…ကျုပ်ကိုသာအမေကြီးတတ်ထားတဲ့ပညာတွေသင်ပေးစမ်းပါ…”

ဆိုကာ ရေအင်တုံရှိရာသို့လာခဲ့၏။ အဘွားကြီးကား ထွန်းမောင်ကိုကြည့်ပြီး တဟက်ဟက်ရယ်ရင်းကျန်ခဲ့၏။

အဖွားကြီး၏အိမ်တွင်နေရင်း အဖွားကြီးခိုင်းသမျှကို မရွံမရှာလုပ်ပေး၏။ သုဿာန်ထဲအလောင်းဖော်ဆိုလည်းဖော်ပေး၏။ ထဘီတန်းအောက်သွားခိုင်းလည်းသွား၏။ မီးနေသည်ထဘီစကို နမ်းခိုင်းလည်းနမ်း၏။ နမ်နှိမ်တာဘာညာလည်း သူနားမလည်တော့ချေ။ သို့သော် အဖွားကြီးသည် ယခုထိသူ့အားဘာပညာမှပင်မသင်ပေးသေးချေ။ ယခုလည်း သုဿာန်မှတံစူးဝါးကို မရ ရသည့်နည်းနှင့် တနေကုန်သွားစောင့်ယူပေးပြီး မောမောဖြင့်ပြန်လာကာ ထမင်းအားပါးတရစားမည်အလုပ်

” ထွီး……”

” ဟာ….ခွပ်…ဂလွမ်း…. ”

” အဖွားကြီး….ဒါဘာလုပ်တာလဲ….တမင်သက်သက်ကျုပ်ကိုသေအောင်လုပ်နေတာလားကွာ…ကျုပ်ဗိုက်ဆာတယ်ထမင်းတော့ကောင်းကောင်းစားပါရစေကွာ…အီးဟီးဟီး… ”

” ဟားဟားဟား… ဟားဟားဟား… ”

ကြက်သားဟင်းနှင့်နယ်ထားသည့် ထမင်းပန်းကန်ထဲသို့ အဖွားကြီးကဘာမပြောညာမပြောဖြင့် တံတွေးလာထွေးထည့်လေရာ ထွန်းမောင်ခမျာ ဒေါသထောင်းခနဲထွက်သွားပြီး
စားလက်စထမင်းပန်းကန်ကို ခွမ်းခနဲပစ်ပေါက်လိုက်မိ၏။ ထမင်းဆာလွန်းသဖြင့် လက်ပင်တုန်နေ၏။ ဒေါသထွက်ထွက်ဖြင့် အဖွားကြီးကိုပြန်အော်မိရင်း ဒေါသစိတ်မှသည် ဝမ်းနည်းစိတ်အဖြစ်ပြောင်းသွားပြီး ဟီးထကာငိုချလိုက်တော့သည်။ ဤသည်ကိုပင် အဖွားကြီးက ဝမ်းသာအားရဖြင့် ရယ်နေလေ၏။

” ကဲ…အဲထမင်းတွေအကုန်ပြန်ကောက်ပြီး တစ်စေ့မှမကျန်အောင်စားစမ်းလူကလေး….”

” ဗျာ! ကျုပ်ကဒီအောက်မှာပြန့်ကျဲနေတဲ့ထမင်းကိုပြန်ကောက်စားရမှာဟုတ်လား….ဒီမှာအဖွားကြီး…ကျုပ်ကလူဗျ…ခွေးမဟုတ်ဘူး….”

” အင်းလေ ….ဒီလောက်လေးမှညည်းမလုပ်နိူင်ရင်လဲ အထုပ်ဆွဲပြီးပြန်တော့အေ….”

” အမေကြီးဘဲစဥ်းစားကြည့်လေ
ကျုပ်အမေကြီးဆီမှာဒုက္ခခံလာတာ
သုံးနှစ်သုံးမိုး ရှိပြီ ခုထိကျုပ်ကိုဘာပညာမှသင်မပေးဘူး….အဲဒါအမေကြီးမလွန်လွန်းဘူးလားဗျာ….”

ထိုအခါမှ အဖွားကြီးက ကွပ်ပျစ်တွင်ထိုင်ကာ

” ဒီမှာငါ့သား….ဒီသုံးနှစ်သုံးမိုးလုံးငါကမင်းကို ဘာပညာမှမသင်ပေးဘဲ အလုပ်ဘဲစွတ်ခိုင်းနေတယ်လို့ မင်းထင်နေသလားကွဲ့….”

” ထင်တာမဟုတ်ဘူးလေဗျာ….ဒီသုံးနှစ်လုံးလုံးအမေကြီးကျုပ်ကို ဘာပညာသင်ပေးခဲ့လို့လဲဗျာ….”

” ဒါဆိုငါ့သား…မင်းထပြီး ဟောဟိုက ကျပ်ခိုးတင်ထားတဲ့ အမဲသားခြောက်အနည်းငယ်ကိုယူပြီး မင်းတံတွေးထွေးထားလိုက်…ပြီးရင်ဟောဟိုက ခွေးပိန်မကို အဲအမဲသားခြောက်ကျွေးလိုက်စမ်းကွဲ့….”

အဖွားကြီးပြောသမျှကို ထွန်းမောင်ကယုံတဝက်မယုံတဝက်ဖြင့် ကျပ်ခိုးပေါ်မှအသားခြောက်အနည်းငယ်ကိုယူပြီး တံတွေးသုံးချက်ခန့်ထွေးလိုက်သည်။

” ထွီး…ထွီး…ထွီး….”

” ဟေ့…မိပိန်မလာစမ်း…ရော့ရော့မင်းအတွက်အမဲသားခြောက်လေး…”

ခြံဝရှိခွေးပိန်မလည်း ထွန်းမောင်ခေါ်သံကြားလျှင်အမြီးကလေးနှံ့ပြီးပြေးလာခဲ့၏။

” ရော့…စားစမ်းကွာ…”

ထွန်းမောင်လည်း လက်မှအသားခြောက်ကိုပစ်ပေးလိုက်ရာ ခွေးပိန်မမှာလှမ်းဟပ်ပြီး ဝါးစားလိုက်၏။

” ဂိန်…ဂိန်…ဂိန်….”

” အီ…အီ…အီ….”

” ဝု…ဝု…ဝု….”

အမဲသားစား၍မပြီးသေးခင် ခွေးပိန်မမှာနာကျင်စွာဖြင့် တအီအီလုပ်ရင်း မျက်လုံးနှစ်ဖက်မှသွေးများစီးကျကာ သေဆုံးသွားတော့၏။ ထိုအခါ
ထွန်းမောင်မှာ ကိုယ့်မျက်စိကိုယ်ပင်မယုံနိူင်ဖြစ်သွားပြီး

” ဟာ…ဒါ…ဒါ…ဘယ်လိုဖြစ်ရတာလဲအမေကြီး….”

” ဟင်းဟင်းဟင်း….ဘယ်လိုဖြစ်ရမှာလဲငါ့သားရဲ့ …ခွေးပိန်မဟာမင်းရဲ့ပညာစက်မိလို့ သေသွားတာလေကွယ်….”

” ဘာ! ဘယ်လိုအမေကြီး….ကျုပ်…ကျုပ်ရဲ့ပညာစက်ဟုတ်လား…ဒါ…ဒါဆိုကျုပ်လည်း ပညာသည်တစ်ယောက်ဖြစ်နေတာပေါ့နော်အမေကြီး….”

” ငါ့သား….မင်းငါ့ဆီရောက်ပြီး ခုနှစ်ရက်မြှောက်နေ့မှာဘဲ မင်းကိုဒီပညာတွေသင်ပေးခဲ့တာဘဲကွဲ့….”

” ကျေး…ကျေးဇူးတင်လိုက်တာအမေကြီးရယ်….ကျုပ်အမေကြီးကိုတကယ်ကျေးဇူးတင်ပါတယ်…”

ဆိုကာ ထွန်းမောင်သည် အဖွားကြီး၏ခြေဖမိုးပေါ် မျက်နှာအပ်ပြီး အကြိမ်ကြိမ်ကန်တော့မိနေတော့၏။

” ဒီမှာငါ့သား…. နောက်ဆုံးအနေနှင့်အမေကြီးငါ့သားကိုမှာစရာရှိတာမှာခဲ့မယ်…ငါ့သားမြဲမြဲမှတ်ထား….အမေကြီးဘဝတစ်လျှောက်လုံး အမေကြီးတတ်ထားတဲ့ပညာနဲ့ ဘယ်သူ့ကိုမှမတရားသဖြင့် အမေကြီး မနှိပ်စက်ခဲ့ဖူးဘူး…”

” ဒီပညာဟာမကောင်းတဲ့အတတ်ဆိုပေမဲ့ ကောင်းတဲ့ဘက်မှာသုံးရင် ကောင်းတယ်ငါ့သား…လူတွေရဲ့စိတ်ပေါ်မှာဘဲမူတည်တယ်…. ”

” ဒီတော့ငါ့သားဟာမလိုအပ်ဘဲဒီပညာကိုထုတ်မသုံးပါနဲ့…အမေကြီးဟာငါ့သားကို ဝမ်းနဲ့လွယ်ပြီးမမွေးရပေမဲ့ ကိုယ့်သားအရင်းလိုချစ်တယ်…အမေကြီးတတ်ထားတဲ့ပညာတွေအကုန်လုံးကို ဆရာစားမကျန် ငါ့သားကိုအကုန်သင်ပေးထားခဲ့ပြီ….”

” ဒီတစ်လျှောက်လုံးငါ့သားကိုလုပ်ခိုင်းတဲ့အရာမှန်သမျှဟာ ငါ့သားပြန်ရင်ယူသွားရမဲ့အစီရင်တွေဘဲ….လူတွေနဲ့မပတ်သက်နိူင်တဲ့နေရာမှာဘဲထားပါ…ငါ့သားဒီပညာတွေမလိုချင်တော့တဲ့တနေ့မှာ ငါ့သားရဲ့ဆံပင်၊သွေး၊နောက်ပြီးငါ့သားရဲ့ကိုယ်ပွားအရုပ်နှင့် အစီအရင်အားလုံးကို ငါ့သားရဲ့ကိုယ်စားအဖြစ် ရေစီးသန်တဲ့မြစ်ရေထဲမျောထည့်ပစ်ပါ…အမေကြီးမှာတာတွေဘယ်တော့မှမမေ့နဲ့ငါ့သား…”

” ဟုတ်အမေကြီး…ဒါနဲ့အမေကြီးကဘယ်ကိုသွားမှာလဲ….”

” ပညာသည်တွေရဲ့လမ်းဆုံးပေါ့ငါ့သားရဲ့…အမေကြီးဟာ.ဒီပညာကိုမယူခင် ကျိန်ခဲ့ရသေးတယ်…ဒီပညာစွန့်ချင်တဲ့တနေ့ဟာ အမေကြီးခန္ဓာစွန့်တဲ့နေ့ဘဲကွဲ့….”

” ဟာ….ဒါ…ဒါဆိုအမေကြီးက…မလုပ်လို့မရဘူးလားအမေကြီးရာ…”

ဘာမှမဆိုင်သော်လည်း ထွန်းမောင်မှာ ရင်ထဲလှိုက်၍ဝမ်းနည်းလာမိ၏။ အဖွားကြီးသည် ကျိုးတိုကျဲတဲဖြစ်နေသည့်သွားများပေါ်သည့်အထိ ရယ်လိုက်ပြီးလျှင်

” ကနေ့အထိအမေ အသက်ရှင်ရတာအဓိပ္ပါယ်ရှိသွားပြီငါ့သားရဲ့….တနေ့ငါ့သားဒါတွေကိုနားလည်လာလိမ့်မယ်…သွား…ပစ္စည်းတွေသိမ်းပြီးပြန်တော့ငါ့သား..ငါ့သားပြန်ပေတော့….”

ဆိုကာထွန်းမောင်ကိုကျောခိုင်းပြီးအဖွားကြီးသည် တုတ်ကောက်ကိုအားပြုပြီး အိမ်အိုကြီးထဲသို့ဝင်သွားလေ၏။ ထွန်းမောင်လည်း ပစ္စည်းပစ္စယများကိုသိမ်းရင်း အမေကြီးဘာလုပ်နေမလဲဆိုသည်ကို သိချင်လှသဖြင့် မှောင်မိုက်နေသောအိမ်ကြီးထဲသို့ အရဲစွန့်ပြီး ဝင်သွားရာ အမေကြီးတစ်ယောက်တည်းသာဝင်ခွင့်ရှိသည့်အခန်းထဲ၌ မီးတောက်ကလေးများတမြေ့မြေ့တောက်လောက်နေသေးသည့် ပြာပုံကိုတွေ့လိုက်ရ၏။ ဘယ်သူဘယ်ဝါဆိုသည်ကိုသိပြီးဖြစ်သဖြင့် ဒူးထောက်ထိုင်ချကာ နောက်ဆုံးအကြိမ်ကန်တော့လိုက်၏။

အိမ်မှထွက်သွားသည်မှာ သုံးနှစ်သုံးမိုးရှိပြီဖြစ်သဖြင့် အိမ်ပြန်ရောက်သော် အငယ်ဆုံးလသားအရွယ်သားလေးမှာ ၄နှစ်သားထဲသို့ရောက်နေချေပြီ။ ခေါင်းရင်းခြံထဲမှအိမ်ကြီးသည်လည်း သစ်လုံးအိမ်လေးမှ နှစ်ထပ်တိုက်ခံအိမ်ကြီးပင်ဖြစ်နေချေပြီ။ ထွန်းမောင်လည်းတဖက်အိမ်ကို​​ကြည့်ပြီးတောက်ခေါက်လိုက်၏။

အိမ်ရောက်သည်နှင့် အမေကြီးပေးလိုက်သည့်ပစ္စည်းပစ္စယများကို အိမ်အဝင်ပေါက်ဘယ်ဘက်ထောင့်၌ ကျင်းတူးကာ လူမသိအောင်မြုပ်ထားလိုက်၏။

ညသည်တိတ်ဆိတ်လျှက် အပ်ကျသံပင်မကြားရလောက်သည်အထိဖြစ်၏။ ညကိုးနာရီပင်မထိုးသေးသည့်တိုင် တောရွာဖြစ်သောကြောင့် လူတိုင်းအိပ်ယာဝင်နေကြပြီဖြစ်၏။ ထိုအချိန် သားငယ်သည် ရှူးပေါက်ချင်သည်ဆိုသဖြင့် မိခင်အားမနိူးဘဲ တစ်ယောက်ထဲထလာ၏။ ခါတိုင်းရှုးပေါက်ချင်လျှင်မိခင်ကိုနိူးပြီး အိမ်နောက်ဖေးသို့သွားပေါက်နေကျဖြစ်သော်လည်း ယခုမူနောက်ဘေးသို့မသွားဘူး အိမ်တံစက်မြိတ်ဘယ်ဘက်ပေါက်တွင်သာ ပေါက်ချလိုက်၏။

” ဖျန်း….”

” အား….သရဲ…သရဲ…”

ထိုစဥ် အရိပ်မဲကြီးသည်ကလေး၏ကျောပြင်အား လွှဲ၍ရိုက်ချလိုက်ရာ ကလေးမှာအားဟုသာအော်နိူင်ပြီးသွေးအန်ကာ ထိုနေရာ၌ပင်သေဆုံးသွား၏။
အလေးအော်သံကြားလိုက်သဖြင့် ထွန်းမောင်တို့လင်မယားလည်း အိပ်ယာမှထလာကာ အိမ်အောက်သို့​ပြေးဆင်းလာခဲ့၏။

” သား…နေထက်…သားရေ…သားဘာဖြစ်တာလဲ…”

” ဟာ…သား….ဟိုမှာငါ့သားလေး…”

ဇနီးဖြစ်သူမှာဓာတ်မီးဖြင့်ပတ်ဝန်းကျင်ကိုဝှေ့ယမ်းရှာဖွေကြည့်ရာ မြေပေါ်၌မှောက်လျှက်လှဲနေသည်ကိုတွေ့လိုက်ရ၏။ ထွန်းမောင်မှာတစ်ခုခုကိုသတိရသွားပြီး သားငယ်ကိုပွေ့ထူလိုက်ရာ

” ဟာ…ကိုယ်ကျိုးနည်းပါပြီငါ့သားရာ….ဒီအဖေအသုံးမကျလို့ငါ့သားသေရတာ…”

” အမလေး..ငါ့သားရေ…သားလေး…ဘာဖြစ်တာလဲ…သားရေအမေခေါ်နေတယ်လေ…သား…သားလေး….”

ထွက်သက်ဝင်သက်မရှိတော့သည့် သားငယ်၏ရုပ်အလောင်းကိုကြည့်ပြီး လင်မယားနှစ်ယောက်ယူကြုံးမရစွာငိုနေမိ၏။ မိမိ၏အမှားကြောင့် သားငယ်သေဆုံးရသည်ကိုသိသော်လည်း ဇနီးသည်အားမပြောရဲခဲ့ချေ။ နောက်နေ့မိုးလင်းသော်သားငယ်၏ရုပ်အလောင်းအား ရေချိုးပေးရာ ကျောပြင်၌ ပုံမှန်ထက်နှစ်ဆကြီးသော လက်ဝါးရာကြီးကို အထင်းသားတွေ့လိုက်ရ၏။

မိမိတတ်ထားသောပညာသည် ခေါင်းရင်းအိမ်မှမိသားစုအား ဒုက္ခမပေးရသေးခင် မိမိ၏ရင်သွေးအား ဦးစွာဒုက္ခရောက်စေခဲ့သည့်အတွက် ထွန်းမောင်သည် ယူကြုံးမရဘဲ အိမ်ထဲ၌တစ်ပတ်ခန့်လူတွေ့မခံဘဲနေလေ၏။ သူ့များမကောင်းကြံကိုယ့်ဘေးဒဏ်ထိ ဟူသောစကား၏အဓိပ္ပါယ်ကိုလည်း ကောင်းစွာနားလည်သဘောပေါက်ခဲ့သလို အမေကြီးဆုံးမခဲ့သည့်စကားကိုလည်း နားထဲပြန်လည်ကြားယောင်လာခဲ့၏။

” အင်း…ဒီပညာကိုငါလိုချင်တပ်မက်ခဲ့တယ်…ဒီပညာဟာ သူများကိုအရင်ဒုက္ခမပေးခင် ကိုယ့်ကိုအရင်ဒုက္ခရောက်စေခဲ့တာဘဲ….ငါဒီပညာကိုမလိုချင်တော့ဘူး….”

ဆိုကာ မြွေဆိပ်ကုသည့်အတတ်ပညာမှလွှဲ၍ ကျန်မကောင်းသည့်ပညာရပ်များအား စီရင်ထားသည့် မိမိကိုယ်ပွားရုပ်ထဲထည့်ပြီး ကျန်သည့်အစီအရင်ပစ္စည်းများကိုပါ သေချာထုပ်ပိုးကာ ဧရာဝတီမြစ်ထဲသို့အပြီးတိုင် မျောချလိုက်တော့၏။

ပညာစွန့်ပြီးနောက်ပိုင်းတွင် ဇနီးသားသမီးတို့နှင့်အတူ ဘဝကို ရိုးသားစွာဖြတ်သန်းလာခဲ့ရာ သမီးအကြီးဆုံးသမီးပင် အိမ်ထောင်ကျပြီး သားသမီးပင်ရနေချေပြီ။ သူသည်လည်း ကိုထွန်းမောင်ဘဝမှ ဆံဖြူသွားကျိုးသည့် ဘိုးထွန်းမောင်ဘဝသို့ရောက်ခဲ့ချေပြီ။ ဤကာလတစ်လျှောက်လုံး၌သူသည် ပိုးထိသောလူနာမှန်သမျှကာ သူတတ်ထားသည့် ပညာဖြင့် အခမဲ့ကုသပေးခဲ့သည်။ ဘိုးထွန်းမောင်သည်မြွေဆိပ်ကုသည့်နေရာ၌ ဆရာတစ်ဆူဖြစ်ခဲ့သည်။ ​မြွေကိုက်ခံရသည့်လူနာသည် မြွေစွယ်ရာကိုမြင်သည်နှင့် မည်သည့်မြွေကိုက်သည်၊​​မြွေအဆိပ်ဘယ်အထိပြန့်နေပြီ ဆိုသည့်အထိအတပ်ပြောနိုင်သူဖြစ်ခဲ့သည်။ မြွေထိပြီးကုမရတော့သည့်လူနာဆိုလျှင် ဆရာလာပင့်သည်နှင့် လူနာရှင်အား

” မင်းတို့လူနာအသက်ရှင်နိူင်ချေမရှိတော့ဘူး…ငါမလိုက်တော့ဘူး…”

ဟုငြင်းလျှင် ၎င်းလူနာဧကန်မုချ သေသည်။ ထိုမျှအထိပင်။

တနေ့၌ သားမက်ဖြစ်သူသည် မူးရူးလာပြီး ဘိုးထွန်းမောင်၏အိမ်သို့ရောက်လာခဲ့သည်။ စကားကတောက်ကဆ ဖြစ်မည်စိုးသဖြင့် ဘိုးထွန်းမောင်သည် မြေးမလေးကိုခေါ်ကာ ရှောင်ထွက်မည်အလုပ်

” အဖိုးကြီး…ဒါဘယ်လဲ…ငါလာတာကိုမကြိုက်တာလားကွ…ဟမ်…”

ဆိုရာ ဘိုးထွန်းမောင်လည်း အသာတကြည်ဖြင့်

” မဟုတ်ပါဘူး သာခင်ရာ…အိမ်ထဲနေရတာငြီးငွေ့လာလို့ မြေးလေးကိုခေါ်ပြီး ရွာထဲလမ်းလျှောက်ထွက်မလားလို့ပါ….”

” တော်စမ်းကွာ..အဖိုးကြီး…အေ့..ဂေ့…မင်းငါ့သမီးကိုအောက်လမ်းအတတ်နဲ့သတ်မလို့လားကွ…ဟမ်….”

” ဘာကွ!….”

သားမက်ဖြစ်သူ၏စကားကြောင့် ဘိုးထွန်းမောင်ဒေါသထောင်းခနဲထွက်လာ၏။

” မင်းဘာစကားပြောတာလဲသာခင်….”

” ဟား….ကျုပ်ဘာစကားပြောရမှာလဲဘိုးထွန်းမောင်ရာ….ခင်ဗျားကိုခင်ဗျားသိမှာပေါ့ကွာ….ခင်ဗျားက ကိုယ့်သားကိုပြန်သတ်တဲ့အောက်လမ်းကောင်ကြီးဆိုတာလေကွာ…ဟားဟားဟား…. ”

” တောက်! မင်းကွာ….”

ဘိုးထွန်းမောင်တစ်ယောက်ဘာမှမပြောတော့ဘဲ အိမ်ထရံ၌ချိတ်ထားသောငှက်ကြီးတောင်ဓားကို လှမ်းယူလိုက်ကာ သားမက်အား ခုတ်ပိုင်းပစ်ရန် လုပ်၏။ ထိုအချိန် သမီးဖြစ်သူအပြေးဝင်လာပြီး

” အဖေ…အဖေ…ဒါဘာလုပ်တာလဲ…ကျုပ်ယောကျာ်းကို ဘာအတွက်ခုတ်သတ်ဖို့လုပ်ရတာလဲ… အဖေ့သမီးကိုမုဆိုးမကြီးအဖြစ်မြင်ချင်တာလားရှင့်…အီးဟီးဟီး…. ”

” ညည်းဖယ်စမ်းသမီး…ဒီကောင်ကိုငါသတ်မှဖြစ်မယ်….ခွေးသူတောင်းစားလိုအကောင်….လူကြီးကိုလူကြီးမှန်းမသိတဲ့အကောင်….”

ဆိုကာခုတ်မည်တကဲကဲလုပ်၏။ မြေးမလေးကား ထိုအဖြစ်ကိုကြည့်ပြီး ဘိုးထွန်းမောင်ကိုကြောက်လန့်နေရှာ၏။ သမီးဖြစ်သူကားလင်ယောကျာ်းကို ကာထားပေးပြီး

” ခုတ်လိုက်လေအဖေ…ခုတ်လိုက်…သူ့ကိုမခုတ်ခင် သမီးကိုအရင်ခုတ်သတ်ပစ်လိုက်…အီးဟီးဟီး…. ”

” ညည်းဖယ်လို့ငါပြောနေတယ်နော်…တင်စိန်…”

” မဖယ်ဘူး…သူ့ကိုသတ်ချင်ရင်သမီးကိုအရင်သတ်ပစ်လိုက်အဖေ…အီးဟီးဟီး…. ”

ထိုစဥ်မူးနေသောသာခင်မှ

” မိန်းမရာ…မင်းအဖေက အောက်လမ်းကောင်ကြီးပါကွာ…မင်းရဲ့မောင်အငယ်ဆုံးကောင်ကိုမင်းအဖေဘဲသတ်ပစ်ခဲ့တာကွ…ဒီအကြောင်းကို ငါတင်မကဘူး တစ်ရွာလုံးကသိတယ်ကွ….ဟားဟားဟား… မင်းဝန်ခံလိုက်စမ်းပါအဘိုးကြီးရာ…”

” ဟာကွာ…ဒီကောင်…”

” ရွှမ်း….”

” အား…..”

” မီးမီးကြောက်တယ်…မီးမီးကြောက်တယ်…အီးဟီးဟီး…. ”

လျှပ်တပြက်ဖြစ်သွားသော အဖြစ်ပျက်တို့သည်မယုံနိုင်စရာပင်။ ဘိုးထွန်းမောင်၏ဓားချက်ကြောင့် သမီးဖြစ်သူ၏ လက်မောင်းရင်းမှာတိခနဲပြတ်သွားပြီး သာခင်မှာ မျက်နှာတခြမ်းဓားဒဏ်ရာရသွား၏။ မြေးမလေးကား ခြံဝန်းထဲမှ သွေးရူးသွေးတမ်းပြေးထွက်သွား၏။ ဆဲဆိုသံများ၊နာကျင်အော်ညည်းသံများကြောင့် ပတ်ဝန်းကျင်ရှိလူများ အပြေးလာလေရာ အရာအားလုံး နောက်ကျခဲ့ချေပြီ။

ပြဿနာများဖြစ်ပြီးနောက်ပိုင်း၌ ဘိုးထွန်းမောင်သည် သမီးကြီးအား သေခန်းပြတ်စွန့်လွှတ်ခဲ့သလို သမီးဖြစ်သူကလည်း ဖခင်အားသေခန်းပြတ်စွန့်လွှတ်ခဲ့၏။ ထိုစိတ်တို့ကြောင့်ပင် ဘိုးထွန်းမောင်၏ဇနီးဒေါ်ကျင်အုံးမှာ သေရွာလားခဲ့ရ၏။

ဖခင်နှင့်ပြဿနာတက်ပြီးနောက်ပိုင်း မတင်စိန်သည် ရွာတွင်မနေလိုတော့သဖြင့် သမီးနှင့်ယောကျာ်းကိုခေါ်ကာ ယောကျာ်းဖြစ်သူဇာတိသို့အပြီးတိုင်ပြောင်းရွှေ့ခဲ့ကြ၏။ သူမ၏ပြတ်ထွက်သွားသောလက်တစ်ဖက်နှင့် လင်ယောကျာ်းမျက်နှာပေါ်မှ အမာရွတ်တို့ကိုမြင်တိုင်း ဖခင်ကိုရင်နာ၍မဆုံးခဲ့ချေ။

တစ်ခုသောညနေခင်း၌ ချက်ပြုတ်စားသောက်ပြီးစီးသဖြင့် မတင်စိန်သည် အိုးခွက်ပန်းကန်များကိုသိမ်းဆည်းကာ ဆေးကြောရန်ရေအင်တုံနားသို့ယူလာခဲ့၏။ တောရွာဖြစ်သောကြောင့် ရေအင်တုံနား၌အပင်ကြီးငယ်တို့က ထူထဲစွာပေါက်ရောက်နေ၏။ မတင်စိန်လည်း ပန်းကန်ခွက်ယောက်များကိုရေးကြောရန် ရေအင်တုံထဲရှိရေကို လှမ်းခပ်လေရာ လက်ဖမိုးပေါ်၌ မီးစနဲ့ထိုးဘိသကဲ့သို့ပူခနဲဖြစ်သွား၏။

” အား…ဘာဖြစ်တာလဲဟ….ယောကျာ်း…ယောကျာ်းရေ…လာပါအုံး….”

လက်ကိုခါထုတ်ရင်းယောကျာ်းဖြစ်သူကိုလှမ်းခေါ်လိုက်၏။ ကိုသာခင်လည်း ဇနီးသည်၏ခေါ်သံကြောင့်ရေအင်တုံရှိရာပြေးလာပြီး

” ဘာဖြစ်တာလဲ မိန်းမ… ”

” မသိဘူး….ဒီတိုင်းရေလှမ်းခပ်တာ လက်ဖမိုးကပူခနဲဖြစ်သွားလို့တော့…အမလေးနာလာပြီတဖြည်းဖြည်းနဲ့….”

မတင်စိန်လည်း ထိခံရသောလက်အားယောကျာ်းဖြစ်သူရှေ့ထိုးပြလိုက်ရာ

” မှန်းစမ်း…ဒါ…ဒါ…ပိုးထိတာဟ…မိန်းမ…မင်းကိုပိုးထိသွားတာကွ…”

ဆိုပြီးလက်ဖမိုးပေါ်မှ အစွယ်ရာကိုပြလိုက်၏။ ထိုခန၌ မတင်စိန်၏ခေါင်းတစ်ခုလုံးမူးမှိတ်နေသကဲ့သို့ခံစားလိုက်ရပြီး အသားများလည်းပြာနှမ်းလာ၏။

” လာကြပါအုံးဗျို့…ကျုပ်မိန်းမပိုးထိသွားလို့….လာကြပါအုံး…”

ကိုသာခင်လည်းဘာလုပ်ရမည်မသိသောကြောင့် ပတ်ဝန်းကျင်ရှိလူများအားအကူအညီလှမ်းတောင်းလိုက်၏။ ခန၌ လူများဝိုင်းအုံလာပြီး ဝိုင်းဝန်းပြုစုကြသော်လည်း မြွေဆိပ်တက်သွားပြီးမတင်စိန်မှာ သတိရတချက်မရတချက်ဖြစ်သွား၏။ ထိုစဥ် လူတစ်ယောက်က

” သာခင်…မင်းမိန်းမ မရတော့ဘူးကွ…ဒီတိုင်းဆိုကိုယ်ကျိုးနည်းကုန်လိမ့်မယ်….အိမ်ပုရွာကဘိုးထွန်းမောင်ဆီခေါ်သွားမှဖြစ်မယ်ကွ….”

” ဘာကွ! ကျုပ်မိန်းမကိုဟိုအဖိုးကြီးဆီခေါ်သွားရမယ်ဟုတ်လား…သေတောင်ခေါ်မသွားနိူင်ဘူးကွာ…မင်းတို့ငါ့မျက်နှာပေါ်ကဒဏ်ရာအနာရွတ်ကိုကြည့်…ဒီအနာရွတ်ကဟိုအဖိုးကြီးကြောင့်ရတာကွ…မင်းတို့နားလည်လား….”

ဘိုးထွန်းမောင်ဆိုသောစကားကြောင့်သာခင့်ရင်ထဲ၌ အဖြစ်အပျက်များကိုပြန်လည်မြင်ယောင်သွား၏။ ဇနီးသည်ကိုကြည့်လျှင်လည်း မြွေဆိပ်တက်နေသဖြင့် အသားမှာသွေးပုပ်ရောင်လွှမ်းနေချေပြီ။ ထိုအဖြစ်ကြောင့်လူကြီးတစ်ယောက်က

” ငါတို့က မင်းမိန်းမ အတွက်ပြောပေးနေတာကွ….ဘိုးထွန်းမောင်ဆီအချိန်မှီမပို့ရင် မင်းမိန်းမ အသက်အာမမခံနိူင်ဘူးကွ…သာခင်ရ….”

” ဟုတ်တယ် သာခင်.. မင်းမှာလူမမယ်သမီးလေးရှိသေးတယ်….မင်းစဥ်းစားပေါ့ကွာ….”

” ဟုတ်တယ်သာခင်…”

အိမ်နီးနားချင်းတို့ကတစ်ယောက်တစ်ပေါက်ဝိုင်း​ပြောကြရာသာခင်လည်းသမီးလေးကိုလှမ်းကြည့်လိုက်၏။ ပထမတစ်ခေါက်ကလည်း သမီးလေးမှာသူတို့ကြောင့်စိတ်ဒဏ်ရာ ရခဲ့ပြီ။ ယခုမှာ ထိုသို့အဖြစ်မျိုး သူအဖြစ်မခံနိုင်တော့ပြီမို့ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာချလိုက်၏။

” တောက်ကွာ! ငါ့သမီးလေးမျက်နှာကြောင့် ဒင်းကိုငါဒီတစ်ခါအောက်ကြို့ပေးလိုက်မယ်….”

ဟုဆိုလိုက်၏။ သာခင်၏သဘောတူညီမှုရသွားသဖြင့် အိမ်နီးချင်းများလည်း စောင်ပုခက်ကိုအမြန်လုပ်လိုက်ကာ မတင်စိန်ကိုထမ်းခေါ်ပြီး အိမ်ပုရွာသို့အသော့နှင်လာခဲ့ကြ၏။

စေတီဖြူဖြူလေး၌ ကိုးရက်တာအဓိဋ္ဌာန်ဝင်ပြီးသည်မို့ နေရာဟောင်းအားနှုတ်ဆက်ကာခရီးဆက်လာခဲ့ကြ၏။ ထိုစဥ် အိမ်ဝိုင်းတစ်ခုထဲ၌ လူများစုစုရုံးရုံးဖြစ်နေပြီး စကားသံများလည်း ဆူညံနေသဖြင့် ဝင်စပ်စုမိ၏။

” တောက်! ဒီကောင်မကို ငါမကုပေးနိူင်ဘူးကွ…သေစမ်းပါစေ…မိဘကျေးဇူးကိုမသိတတ်တဲ့ဟာမ…သေတာအေးတယ်…”

” အဖေရယ်…ကျုပ်မှားခဲ့တာတွေအတွက် တောင်းပန်ပါတယ်ဗျာ…ကျုပ်မျက်နှာကိုမထောက်ရင်တောင်မှ အဖေ့မြေးလေးမျက်နှာကိုထောက်ပြီး ကျုပ်မိန်းမကိုမြွေဆိပ်ပြေအောင်ကုသပေးပါနော်…ကျုပ်ရှိခိုးဆိုရှိခိုးပါ့မယ်ဗျာ…အဟင့်….”

သာခင်မှာ ယောက္ခမဖြစ်သူ၏ခြေသလုံးကိုဖက်ပြီး သူ့မိန်းမအားကုသပေးရန်တောင်းဆိုနေ၏။ဘိုးထွန်းမောင်လည်း သူတို့ကိုအချက်ကလေးတောင်စောင်းငှဲ့မကြည့်ဘဲ

” မင်းငါ့ခြေထောက်တွေလွှတ်စမ်းဟေ့ကောင်….မင်းတို့အားလုံး ငါဒေါသမထွက်ခင်ပြန်ကြ….မင်းတို့လူနာကိုပြန်ခေါ်သွား…ငါမကုပေးနိူင်ဘူး”

ဆိုကာမျက်နှာထားခပ်တင်းတင်းဖြင့် ဆိုလေ၏။ လူစုတို့ကလည်း

” ဒါသူစိမ်းမဟုတ်ဘူးဘိုးထွန်းမောင်ရာ…ဒါဘိုးရဲ့သမီးအရင်း…သူစိမ်းကိုတောင်ဘိုးကုပေးသေးတာဘဲ…ကိုယ့်သမီးကိုကျဘာလို့ကုမပေးရတာလဲဗျ ….”

” တော်စမ်းကွာ…မင်းတို့နဲ့မဆိုင်ရင်ဝင်မပါကြနဲ့…ဒီကောင်မက ကိုယ့်အဖေကို သူ့လင်လောက်တောင်မချစ်တဲ့ကောင်မ… သေတာအေးတယ်…ပြန်ခေါ်သွားကြ ငါကုမပေးနိူင်ဘူး…”

” ခင်ဗျားကုမပေးရင် ကျုပ်ကုပေးမယ်ဗျာ…ဘယ်နှယ့်သေတော့မယ်လူတစ်ယောက်ကိုယ့်ရှေ့မှာ ရှိနေတာတောင် ထိုင်ကြည့်ဝံ့တဲ့ခင်ဗျားကို ကျုပ်မလေးစားဘဲမနေနိူင်ဘူးဗျ…”

ဆိုသောအသံကြောင့် လူအများလည်းထိုလူငယ်ကိုဝိုင်းအုံကြည့်ကြ ကုန်၏။ ဘိုးထွန်းမောင်လည်း

” ကုလေ…မင်းတို့အစွမ်းစရှိရင်ကုပေးလိုက်ကြ…ငါတော့ကုမပေးနိူင်ဘူးဟေ့… ”

ဆိုကာအိမ်ပေါ်သို့တက်သွား၏။ မောင်ရေခဲ လည်း မြွေဆိပ်တက်နေသည့်လူနာအား တိုက်ရန်အတွက် အုန်းသီးတစ်လုံးကိုအမြန်ရှာခိုင်းလိုက်၏။ မြွေဆိပ်မှာ သွေးကြောထဲထိပြန်နေပြီဖြစ်သဖြင့် နောက်တစ်နာရီခန့်နောက်ကျလျှင် လူနာမှာအသင်ရှင်နိူင်ဖို့ ဘယ်လိုနည်းမှမဖြစ်နိူင်တော့ချေ။ မြွေဆိပ်ပြေစေရန် မိမိ၏ပညာဖြင့် မန်းမှုတ်ပြီးအဆိပ်ထုတ်ပေးလိုက်၏။ မည်းညစ်နေသောသွေးများ ပန်းကန်တစ်လုံးစာခန့်ထွက်သွားပြီးနောက်လူနာ၏အသားရောင်သည် ပုံမှန်ပြန်ဖြစ်လာပြီး လူနာလည်းသတိပြန်လည်လာခဲ့၏။

” ကဲ…မြွေဆိပ်တော့ပြေသွားပြီဗျ…လူနာအားပြန်ပြည့်အောင် အုန်းရည်တိုက်လိုက်ကြ… ”

” ကျေးဇူးတင်လိုက်တာညီလေးရယ်….ကျုပ်မိန်းမမှာ ညီလေးပေးတဲ့အသက်ဘဲရှိပါတော့တယ်… ကျုပ်ကျေးဇူးတင်လွန်းလို့ ကန်တော့ပါရစေဗျာ …..”

ဆိုကာ သာခင်က မောင်ရေခဲကိုကန်တော့ရန်ပြင်၏။

” ဟာ ..နေပါဗျာ…ကျုပ်ကလှမ်းကြုံလို့ ဒီတိုင်းဝင်ကုပေးလိုက်တာပါ…ကျုပ်မဟုတ်ဘဲဒီ့ပြင်လူဆိုရင်လည်း သေရေးရှင်ရေးဖြစ်နေတဲ့လူနာကို ဒီတိုင်းထိုင်မကြည့်ဘူးလို့တော့ ထင်တယ်ဗျ….”

ဟုအသံမြင့်ကာ အိမ်ပေါ်ရှိ ဘိုးထွန်းမောင်ကြားအောင် တမင်ပြောလိုက်၏။ ခဏ၌ အိမ်အပေါ်ထပ်မှ ဆင်းလာသည့် ဘိုးထွန်းမောင်ထံသို့ အားလုံး၏အကြည့်များ ရောက်သွားကုန်၏။ ဘိုးထွန်းမောင်သည် ကွပ်ပျစ်ပေါ်လာထိုင်ရင်း ပါးရေတွန့်တွန့်ကလေးပေါ်၌ စီးကျနေသည့်မျက်ရည်များကိုသုတ်လိုက်ကာ

” ကျုပ်ရင်နာလွန်းလို့ပါဗျာ….ကျုပ်သမီးအရင်းဖြစ်နေပါလျှက်နဲ့ ကျုပ်ဘက်မပါဘဲ သူစိမ်းဘက်ကို ပါနေလို့ ကျုပ်ရင်နာလို့မဆုံးဘူး….”

” မိဘနှင့်သားသမီးဘဲဗျာ …ဒီလိုဘဲကတောက်ကဆတော့ဖြစ်မှာပေါ့ဗျ….ဒါကိုအပြစ်တစ်ခုလိုသတ်မှတ်ပြီး အတ္တတွေထားနေရင် ဘယ်မိဘနှင့်သားသမီးမှ တည့်တော့မှာမဟုတ်ဘူးဗျ….”

” ရှင်မောဂ္ဂလာန် လောင်းလျာက သူ့အမေကိုသတ်ဖို့တောထဲခေါ်သွားတာတောင် သူ့အမေက သတ်ပါစေဆိုပြီး ခွင့်လွှတ်ခဲ့သလို ရာဇကုမာရ်မင်းသားတောင် သူ့ကိုထီးနန်းအရိုက်အရာမပေးခဲ့တဲ့ဖခင်ကျန်စစ်သားမင်းကြီးကို နာမကျန်းဖြစ်နေချိန်ပြုစုခဲ့သေးတာဘဲ…သူစိမ်းတွေမဟုတ်တဲ့သားအဖတွေဘဲ ဘာလို့အတ္တတွေထားပြီး တစ်ယောက်နဲ့တစ်ယောက် မုန်းတီးနေကြမှာလဲဗျာ….”

မတင်စိန်လည်းသတိပြန်လည်လာပြီး ဖခင်အနားသို့လာကာ

” သမီးမှားပါတယ်အဖေရယ်….သမီးတကယ်မှားခဲ့တာပါ…တချိန်ကသမီးဟာလင်စိတ်မွှန်ပြီး အမှားအမှန်ကိုမခွဲခြားနိူင်ခဲ့လို့ သမီးနဲ့ထိုက်တဲ့ဟာပြန်ရခဲ့ပြီ….သမီးမိုက်ကိုခွင့်လွှတ်ပေးပါအဖေရယ်…သမီးမိုက်ကိုခွင့်လွှတ်ပေးပါ…အီးဟီးဟီး…. ”

မတင်စိန်ကဝင်ရောက်တောင်းပန်ရာ သာခင်လည်း မိမိအမှားကိုပြန်လည်သုံးသပ်သတိရသွားပြီး မြေပြင်၌ဒူးထောက်ကာ

” အားလုံးကျုပ်အမှားတွေပါ…အဲနေ့ကျုပ်မူးရူးနေအောင်သောက်ပြီး အဖေ့ရဲ့ဒဏ်ရာဟောင်းကိုဆွခဲ့မိတယ်….ကျုပ်ကိုခွင့်လွှတ်ကြပါဗျာ….”

စောစောကမြွေဆိပ်ကုခဲ့သောမြင်ကွင်းသည် ယခုမူကား ကိုယ့်အမှားကိုယ်စီပြန်လည်သုံးသပ်နိူင်ခဲ့ကြပြီး အတ္တကိုယ်စီပယ်ခွာနိုင်သော ကြည်နူးဖွယ်မြင်ကွင်းအဖြစ်ပြောင်းလဲသွား၏။ ဘိုးထွန်းမောင်က ပင့်သက်ကိုတချက်ရှိုက်လိုက်ရင်း

” အဖေ့ရဲ့အတ္တတွေကြောင့်ပါကွာ…အတ္တတွေ၊ဒေါသတွေဟာ တယ်ကြောက်ဖို့ကောင်းတဲ့အရာဆိုတာ အဖေယုံကြည်သွားပါပြီ….ဒီကလူငယ်လေးသာမကယ်ခဲ့ရင်ငါဟာငါ့သမီးသေနေတာကို ထိုင်ကြည့်နေတဲ့လူ့အန္တကြီးတစ်ဦးအဖြစ် နောင်တရလို့ဆုံးတော့မှာမဟုတ်ဘူးကွ…ငါ့စိတ်တွေဟာ တချိန်လုံး အတ္တတွေ၊​ ဒေါသတွေဖုံးလွှမ်းနေခဲ့တယ်…အဲဒီအတ္တတွေ၊ဒေါသတွေကြောင့်ဘဲ ငါ့ရဲ့လူမမယ်သားလေးကိုဆုံးရှုံးခဲ့ရသလို ငါ့သမီးရဲ့လက်တဖက်နှင့်ငါ့သမက်ရဲ့မျက်နှာဟာလည်းအကျည်းတန်ခဲ့ရတယ်….ဒီနေ့ကစပြီးငါဟာအတ္တတွေ၊ဒေါသတွေကိုဖယ်ခွါပြီး ကျန်တဲ့သက်တမ်းတလျှောက်လုံး တရားဘဝနာအားထုတ်ရင်း အချိန်တွေကုန်ဆုံးတော့မယ်…”

” အမြင်မှန်ရသွားကြတဲ့အတွက်ဝမ်းသာပါတယ်ဗျာ….အမှားသိရင်အမှန်ပြင်တတ်ဖို့ဘဲလိုတာဗျ…ဒီလိုဆိုရင် လူတွေဟာပျော်ရွှင်စရာ၊စိတ်ချမ်းသာစရာတွေချည်း ပိုင်ဆိုင်သွားကြမှာဗျ… ဘယ်လောက်ကြည်နူးဖို့ကောင်းလဲ….”

သားအဖသုံးယောက်စလုံးအချင်းချင်းမေတ္တာဓာတ်လွှမ်းခြုံသောအကြည့်များဖြင့် တစ်ဦးအပေါ်တစ်ဦးခွင့်လွှတ်ကြရင်း အပြုံးကိုယ်စီဖန်တီးလိုက်ကြ၏။ အနီးအပါးရှိလူများကလည်း ဘိုးထွန်းမောင်တို့၏ မိသားစုအတွက် ဝမ်းသာမဆုံးတပြုံးပြုံးဖြစ်သွားကြတော့သတည်း။……။

( အဘဆရာသခင်များအားဦးထိပ်ပန်ဆင်လျှက်)

# ပြီး

# ခွန်း