အိမ်စောင့်သရဲမ

———

ဒီလိုနဲ့ နှစ်လလောက်ကြာတော့ မကြည်အောင်ရဲ့ ရောဂါက သက်သာမလာပဲ ချောင်းဆိုးလိုက်တိုင်း သွေးတွေပါလာခဲ့တယ်။

“ ယဉ်လှ… နင့်အဖေ ခေါ်ပေးစမ်းပါ”

“ အဖေ.. အမေခေါ်နေတယ်”

ယဉ်လှစကားကြောင့် ကားရေဆေးနေတဲ့ ကိုသောင်းနိုင် အိမ်ထဲကိုဝင်လာခဲ့လိုက်တယ်။

“ သောင်းနိုင်… ငါ ဘုရားဆွမ်းကပ်ချင်လို့ မနက်ကျရင် ဈေးစောစောသွားပေးပါလား”

“ ငါ့မိန်းမကတော့ ဒီနေ့ထူးဆန်းနေပါလား၊ ဆွမ်းကပ်ဖို့ငါဘာဝယ်ပေးရမလဲ”

“ အဆင်ပြေတာဝယ်ခဲ့လိုက်၊ ဒီမှာ ပိုက်ဆံယူထား”

မကြည်အောင်က ချွေးခံအိတ်ထဲမှာ ထည့်ထားတဲ့ပိုက်ဆံအချို့ကိုထုတ်ပေးရင်း

“ ယဉ်လှ.. ငါ့ကိုလမ်းထိပ်ကဆေးဆိုင်မှာ ဆေးသွားစပ်ပေးပါလား”

“ စပ်ဆေးတွေက မကောင်းဘူးအမေရဲ့၊ ဆေးခန်းသွားပြလိုက်ပါလား”

“ နင်မရှည်နဲ့ ငါပြောရင်ပြောသလိုလုပ်”

“ ဒါဆိုလဲပြီးတာပဲ၊ ဘယ်လိုပြောပြီး စပ်ခိုင်းရမလဲဆိုတာပြောဦး”

“ လည်ချောင်းနာပြီး ချောင်းဆိုးတာလို့၊ နောက်ပြီး ကိုယ်နည်းနည်းပူနေတယ်”

“ မိန်းမ… နင်နေလို့ရောအဆင်ပြေရဲ့လား”

“ ငါဘာမှမဖြစ်ဘူး၊ အဲဒီအတိုင်းသာပြောပြီး ဆေးစပ်ခဲ့စမ်းပါ”

ယဉ်လှလဲ မိခင်ဖြစ်သူကို မျက်စောင်းတစ်ချက်ထိုးပြီး လမ်းထိပ်က ဆေးဆိုင်ကိုထွက်သွားခဲ့လိုက်တယ်။

———

နောက်တစ်နေ့မနက် ဆွမ်းကပ်ပြီးတဲ့ချိန်ထိ အကောင်းကြီးရှိနေတဲ့ မကြည်အောင်တစ်ယောက် နေ့လည်လောက်ရောက်တော့ ရုတ်တရက်ဆိုသလို အသက်ရှူကြပ်လာခဲ့တယ်။

ယဉ်လှတို့လဲ ချက်ချင်းဆိုသလို ဆေးရုံတင်ဖို့လုပ်ကြပေမယ့် မမှီတော့ပဲ လမ်းမှာတင်ဆုံးပါးသွားခဲ့တယ်။

အသက်ရှင်စဉ်ကာလမှာထဲက ပစ္စည်းဥစ္စာနဲ့ပတ်သတ်ပြီး အစွဲအလမ်းကြီးခဲ့တဲ့ မကြည်အောင်က သေဆုံးတဲ့ညမှာတင် အိမ်မှာရှိတဲ့သူတွေကို စတင်ခြောက်လှန့်တဲ့ ဖြစ်ရပ်ပေါ်ပေါက်လာခဲ့တယ်။

“ ယဉ်လှရေ… ဧည့်သည်တွေစားဖို့ ကြက်ရိုးနဲ့ဘူးသီးချက်လိုက်ရမလား”

“ ဟုတ်ကဲ့ ဒေါ်မေလေး၊ ညအိပ်စောင့်မယ့်သူတွေလဲ ဆာရင်စားလို့ရအောင် ပိုပိုလေးချက်ထားပေးနော်”

‌ဒေါ်မေလေးတစ်ယောက် ဧည့်သည်တွေစားဖို့အတွက် ကြက်ရိုးနဲ့ဘူးသီးဟင်းချက်ဖို့ မီးဖိုချောင်းထဲကိုဝင်လာတဲ့အချိန် အခန်းထဲက ကုတင်ပေါ်မှာ မိန်းမတစ်ယောက် ထိုင်နေတာကို ရိပ်ခနဲမြင်လိုက်ရတယ်။

ရုတ်တရက်မို့ ဒေါ်မေလေးလဲ အမြင်မှားတာနေမှာဆိုပြီး မီးဖိုခန်းထဲကိုဝင်ကာ ချက်ပြုတ်စရာရှိတာတွေကို ချုပ်ပြုတ်နေခဲ့လိုက်တယ်။ အဲဒီအချိန် ကျောအနောက်မှာ တစ်စုံတစ်ယောက်လာရပ်နေသလို ခံစားလိုက်မိတယ်။ ဒါပေမယ့် လှည့်ကြည့်လိုက်တဲ့အချိန် ဘာမှမရှိတာကြောင့် စိတ်ထင်တာနေမှာပါဆိုပြီး မီးဖိုပေါ်ကဟင်းအိုးကိုဖွင့်လိုက်ရာ အိုးအဖုံးက ကြမ်းပြင်ပေါ်ကို လွတ်ကျသွားခဲ့တယ်။

ဒေါ်မေလေးလဲ ကျသွားတဲ့အိုးအဖုံးကို ကောက်ဖို့ငုံ့လိုက်တဲ့အချိန် သူ့အနောက်မှာ ရပ်နေတဲ့ ခြေထောက်နှစ်ချောင်းကို ထင်ထင်ရှားရှားမြင်လိုက်ရတယ်။ အစတော့ ယဉ်လှလို့ထင်နေပေမယ့် အနောက်မှာရပ်နေတဲ့သူက တဖြည်းဖြည်းထိုင်ချလိုက်တဲ့အချိန် လိပ်ပြာလွင့်မတတ်ကြောက်လန့်သွားခဲ့တယ်။

ဘာဖြစ်လို့လဲဆိုတော့ သူ့အနောက်မှာရပ်နေတာ ယဉ်လှမဟုတ်ပဲ နေ့လည်ကမှဆုံးသွားတဲ့ မကြည်အောင်ဖြစ်နေလို့ပဲ။

“ အမလေး… ကယ်ကြပါဦး….”

ဒေါ်မေလေးရဲ့အော်သံကြောင့် အိမ်ရှေ့မှာ ရှိနေတဲ့သူတွေပြေးဝင်လာပြီး

“ ဒေါ်မေလေး… ဘာဖြစ်တာလဲ”

“ မကြည် မကြည်ကို ခုနကမြင်လိုက်တယ်၊ ငါ ငါ ဒီမှာမနေရဲတော့ဘူး”

“ ဒေါ်မေလေး အမြင်မှားတာများလား”

“ မမှားဘူး.. ငါသေချာမြင်လိုက်တာ၊ ငါ ငါ ပြန်တော့မယ်”

ဒေါ်မေလေးက ဘယ်လိုမှ မရတော့ပဲ ချက်ချင်းအိမ်ပြန်သွားခဲ့သလို ကျန်တဲ့သူတွေကလဲ အိမ်နောက်ဖေးကိုမဝင်ရဲတော့ပဲ အိမ်ရှေ့မှာထိုင်ကာ စကားစုပြောနေခဲ့ကြတယ်။

ညတစ်နာရီလောက်ရောက်တော့ ယဉ်လှတစ်ယောက် အပေါ့သွားချင်တာမို့ အိမ်သာဘက်ကိုထွက်လာတဲ့အချိန် အိမ်ခန်းထဲက ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်နေတဲ့ လူရိပ်တစ်ခုကို မြင်လိုက်ရတယ်။

“ အဖေ… အဖေ… မြန်မြန်လာဦး”

“ သမီး… ဘာဖြစ်လို့လဲ”

“ ခုနက အမေကုတင်ပေါ်မှာ လူတစ်ယောက် ထိုင်နေတာမြင်လို့”

“ မဖြစ်နိုင်ပါဘူး… ဧည့်သည်တွေက အပြင်မှာအကုန်ရှိနေတာလေ”

“ ဒါဆို အမေ အမေများဖြစ်နေမလား”

“ သူကအစွဲအလမ်းကြီးတော့ ဒီနေရာကို စိတ်စွဲနေတာလဲဖြစ်နိုင်တယ်၊ ရက်လည်ပြီးရင် သူလဲ ကောင်းတဲ့ဘဝကိုရောက်သွားမှာပါ”

“ သမီးလဲ အဖေ့လိုပဲဆုတောင်းနေပါတယ်”

သားဖနှစ်ယောက်လဲ အိမ်ခန်းထဲကို တစ်ချက်မှကြည့်ပြီး ပြန်ထွက်လာခဲ့လိုက်တယ်။

———

နောက်တစ်နေ့မနက်သက်ပျောက်ဆွမ်းကပ်ပြီးလို့ တရားနာနေတဲ့အချိန် အိမ်ခန်းထဲမှာ ပစ္စည်းတွေပစ်ချသံ၊ ဒေါသတစ်ကြီး လမ်းလျောက်နေတဲ့အသံတွေကို တရားနာနေတဲ့သူတွေအကုန်ကြားလိုက်ရတယ်။

အသုဘမြေချပြီးလို့ အိမ်ပြန်လာတဲ့အချိန်မှာလဲ တစ်အိမ်လုံးကိုရစရာမရှိအောင် သောင်းကျန်းထားတာကြောင့် ဘယ်ဧည့်သည်မှ ကြာကြာမနေရဲပဲ ပြန်ပြေးကြကုန်တယ်။ ဒီလိုနဲ့ ညဘက်ရောက်တော့ ကိုသောင်းနိုင်တို့ သားအဖနှစ်ယောက်နဲ့အသုဘစောင့်တဲ့ လူနှစ်ယောက်သာကျန်နေတဲ့အချိန် အိမ်ခန်းထဲကနေ ရှိုက်ကြီးတငင်ငိုတဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။

“ ကြည်အောင်… နင် နဲ့ ငါတို့က ဘဝခြားသွားပြီလေ၊ ဘာကြောင့် အခုလိုလုပ်နေတာလဲ”

ကိုသောင်းနိုင်ရဲ့စကားကြောင့် ငိုနေတဲ့အသံတိတ်သွားပြီး မကြာခင်မှာပဲ အိမ်ခန်းတံခါးကို ဝုန်းခနဲ ဒိုင်းခနဲ‌ အဖွင့်အပိတ်လုပ်နေတဲ့အသံထွက်ပေါ်လာခဲ့တယ်။

“ အဖေ… သမီး မနေရဲတော့ဘူး၊ သမီး ကြောက်လာပြီ”

“ ရက်လည်တဲ့ထိတော့ သည်းခံလိုက်ပါသမီးရယ်.. နော်”

“ ဦးလေးတို့လဲရှိနေတာပဲ အရမ်းကြီးမကြောက်ပါနဲ့”

အသုဘစောင့်တဲ့သူနှစ်ယောက်ကလဲ လှယဉ်ကိုအားပေးစကားပြောနေပေမယ့် သူတို့ရဲ့စိတ်တွေလဲချောက်ချားနေခဲ့ကြတယ်။

ညတစ်နာရီလောက်ရောက်တော့ တစ်နေကုန်ပင်ပန်းထားတာကြောင့် လှယဉ် မှေးခနဲအိပ်ပျော်သွားတဲ့အချိန်

“ ယဉ်လှ…ယဉ်လှ”

ခြေမကိုကိုင်ပြီးလှုပ်နှိုးနေတဲ့အသံကြောင့် ကြည့်လိုက်ရာ ခြေရင်းမှာငုတ်တုပ်ထိုင်နေတဲ့ မိခင်ဖြစ်သူကိုမြင်လိုက်ရတယ်။

“ အမေ…”

“ နင်တို့ ဒီအိမ်ကနေ ဘယ်မှမသွားနဲ့နော်၊ နင့်အဖေကိုပြောလိုက် ကုတင်အောက်က ကြမ်းထဲမှာ ငါသိမ်းထားတဲ့ပစ္စည်းတွေရှိတယ်၊ ဘယ်သူမှမသိအောင်ယူနော်၊ ပစ္စည်းတွေယူပြီး ငါ့ကိုထားသွားရင်တော့ ကြည်အောင်အကြောင်းသိတယ်မဟုတ်လား”

“ အမေကို သမီးကြောက်တယ်”

“ မကြောက်နဲ့ ငါ နင်တို့ကိုကြောက်အောင်လုပ်နေတာမဟုတ်ဘူး၊ အခြားသူတွေကိုကြောက်အောင်လုပ်နေတာ”

“ ဘယ်သူကိုမှမခြောက်ပါနဲ့အမေရယ်၊ သမီးကိုသနားရင် အဲလိုတွေမလုပ်ပါနဲ့နော်”

“ နင်တို့ ငါ့ကိုမထားခဲ့ဘူးဆိုတဲ့ကတိပေး၊ ဒါဆို ငါအခုလိုမလုပ်တော့ဘူး”

“ ပေးပါတယ် .. အမေကိုမထားခဲ့ပါဘူး”

“ အေးအေး… ငါနေတဲ့အခန်းထဲကို ဘယ်သူစိမ်းမှပေးမဝင်နဲ့ ကြားလား”

“ ဟုတ်.. ဟုတ်ကဲ့”

“ သမီး သမီး… ဘာတွေအိမ်မက်မက်နေတာလဲ”

“ အဖေ… အိမ်မက်ထဲမှာလေ အမေ အမေကိုတွေ့တယ်၊ သူအိပ်တဲ့ကုတင်အောက်မှာ စုထားတဲ့ပစ္စည်းတွေရှိတယ်လို့လဲပြောတယ်”

“ ဟင်… အဖေလဲ သမီးလိုပဲ မနေ့က အိမ်မက်မက်တယ်၊ စိတ်စွဲပြီးမက်တယ်ထင်လို့ သမီးကိုမပြောပြတာ”

နောက်တစ်နေ့ မနက်ရောက်တော့ သားဖနှစ်ယောက် အိမ်ခန်းထဲဝင်ပြီး ကုတင်အောက်ကိုကြည့်လိုက်ရာ ပျဉ်ချပ်တွေကိုဟထားတဲ့ခြေရာလက်ရာတွေကိုမြင်လိုက်ရတယ်။

နှစ်ယောက်သား ပျဉ်ချပ်တွေကိုဆွဲခွာလိုက်ရာ အထဲမှာ ပလပ်စတစ်အိတ်နဲ့ထုပ်ထားတဲ့ မုန့်ပုံးငါးပုံးရှိနေပြီး အထဲမှာတော့ ငွေစက္ကူအသစ်တွေနဲ့အတူ ရွေထည်ပစ္စည်းတွေရှိ‌နေခဲ့တယ်။

“ အဖေ အဖေ ပိုက်ဆံတွေ ပိုက်ဆံတွေရော ရွှေတွေရောအများကြီးပါလား”

“ ဟုတ်ပါ့ကွာ.. ဒီပစ္စည်းတွေရှိနေတာ အဖေတောင်မသိခဲ့ဘူး”

သားဖနှစ်ယောက် ဝမ်းသာအားရပြောနေတဲ့အချိန် အော်ဂလီဆန်ချင်စရာကောင်းတဲ့ အပုတ်နံ့က အခန်းထဲလွှင့်ပျံ့လာခဲ့တယ်။

———

ဒီလိုနဲ့ ရက်လည်တဲ့နေ့အရောက်မှာတော့ ဆွမ်းစားနေတဲ့ သံဃာတော်တွေထဲက ဝါအကြီးဆုံး ဦးဇင်းရဲ့နားထဲမှာ

“ ဆွမ်းစားပြီးရင်ပြန်ကြတော့ ငါ့အတွက် အမျှမဝေနဲ့” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

ဦးဇင်း‌လေးက နားကြားမှားတာဖြစ်မှာဆိုပြီး အမှုမဲ့အမှတ်မဲ့နေနေတဲ့အချိန် ဗိရိုမှန်ကိုကာထားတဲ့ အဝတ်စက သူ့အလိုလိုပြုတ်ကျလာခဲ့သလို မှန်ထဲမှာလဲ ခါးထောက်ကာ မတ်တရပ်ရပ်နေတဲ့ မ‌ကြည်အောင်ကိုမြင်လိုက်ရတယ်။

ဒီတစ်ခါတော့ သံဃာတော်တွေအပြင် တရားနာလာကြတဲ့သူတွေပါ မြင်လိုက်ရတာကြောင့် ထပြေးတဲ့သူကပြေး၊ ကြောက်လန့်တကြားအော်တဲ့ သူကအော်နဲ့ ဝရုန်းသုန်းကားဖြစ်သွားကာ တရားနာတဲ့အစီအစဉ်ပျက်သွားခဲ့တယ်။

တတ်သိနားလည်တဲ့လူကြီးတွေကတော့ ကိုသောင်းနိုင်တို့ကို အိမ်ကနေအမြန်ပြောင်းဖို့ ပြောခဲ့ကြပေမယ့် သားဖနှစ်ယောက်ကတော့ အိမ်မှာပဲအရဲစွန့်ကာနေခဲ့ကြတယ်။

ပတ်ဝန်းကျင်ကလူတွေကတော့ ဒီသားဖ ဘယ်လောက်နေနိုင်မလဲဆိုတဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့ရာ တစ်လလောက်အကြာမှာတော့ သားဖနှစ်ယောက်လုံး မနေနိုင်တော့ပဲ အိမ်ပေါ်ကနေ ဆင်းပြေးရတဲ့အခြေအနေကိုရောက်လာခဲ့တယ်။

“ ကိုစံထူး ကိုစံထူး တံခါးဖွင့်ပါဦး”

“ မနက်စောစောစီးစီး ဘယ်သူများလဲ”

“ ကျွန်တော် သောင်းနိုင်ပါ”

သောင်းနိုင်ဆိုတဲ့အသံကြောင့် ကိုစံထူး အိပ်ချင်မူးတူးနဲ့တံခါးထဖွင့်လိုက်ရာ မျက်တွင်းဟောက်ပတ်နဲ့ ပိန်ခြုံးနေတဲ့ သားဖနှစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဒီသားဖနှစ်ယောက် ဘယ်လိုဖြစ်လာကြတာလဲ”

“ ကျွန်တော်တို့ အိမ်မှာမနေရဲတော့ဘူး… အခုတောင် အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပြေးလာတာ”

“ ဟေ… ဘယ်လိုများဖြစ်ကြတာလဲ၊ ကဲကဲ အိမ်ပေါ်အရင်တက်ကြပါဦး”

‌အိမ်ပေါ်ရောက်တော့ ကိုသောင်းနိုင်က ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး

“ မကြည်အောင် ဒုက္ခပေးနေလို့ ကိုစံထူးရေ၊ မနက်ဆိုလဲမနက် ညဆိုလဲည အိပ်လို့ကိုမရဘူး”

“ ငါလဲ အစထဲက မင်းကိုသတိပေးတာပဲ၊ မိသားစုကိစ္စဆိုတော့ အရမ်းလဲမပြောရဲဘူးလေ”

“ ဟုတ်တယ် ကိုစံထူးရာ၊ ကျွန်တော်တို့လဲ ဒီလောက်ဖြစ်မယ်မထင်ထားဘူး”

“ အခုဘယ်လိုတောင် သောင်းကျန်းနေတာလဲ”

“ နေ့ဘက်တွေဆိုရင် အခန်းထဲမှာ သွားလာလှုပ်ရှားနေတဲ့အသံတွေကြားရတယ်၊ ညဘက်ရောက်ရင် တစ်အိမ်လုံးလမ်းလျောက်နေတာဗျာ၊ ဒီလောက်ထိကတော့ ကိုယ့်မိန်းမဆိုတဲ့ အတွေးနဲ့ နေလို့အဆင်ပြေသေးတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်လောက်အရောက်မှာတော့ အကောင်အထည်လိုက်ကိုမြင်ရတာ၊ အပုတ်နံ့ကလဲ တစ်အိမ်လုံး မွှန်ထူနေတာပဲ၊ ယဉ်လှက ဘုရားပန်းကပ်တာတို့ ဘုရားရှိခိုးတာတို့လုပ်တဲ့ နေ့ဆို အိမ်ကပစ္စည်းတွေရိုက်ခွဲတာ၊ ပစ်ချတာမျိုးတွေထိပါလုပ်လာတယ်”

“ မင်းတို့က သူ့အတွက်အလှူအတန်းထပ်မလုပ်ပေးဘူးလား”

“ လုပ်ပေးချင်တာပေါ့ဗျာ.. အဲဒီလိုလုပ်ပေးဖို့ တိုင်ပင်တဲ့နေ့ဆိုရင် အနားမှာငုတ်တုတ်လာထိုင်ပြီး လုပ်ရဲရင်လုပ်ကြည့်ဆိုပြီး ပြောသေးတာ”

“ မင်းတို့အဖြစ်ကလဲ အတော်ဆိုးတာပဲ”

“ ဒီထက်ဆိုးတာက အတွင်းပစ္စည်းတွေကို ဘယ်မှမပေးယူတာပဲ၊ မနေ့က သားဖနှစ်ယောက် ဒီအိမ်မှာမနေတော့ဘူးလို့ တိုင်ပင်ပြီး အိမ်ကနေ ထွက်ဖို့အလုပ် ခြံဝမှာ ငုတ်တုတ်ကြီးထိုင်စောင့်နေတာဗျာ၊ ဒါတောင် နေ့ခင်းကြီးနော်”

“ ဒါဆို အခုကရော ဘယ်လိုထွက်လာတာလဲ”

“ အခုထွက်လာတာ ဘာပစ္စည်းမှမပါဘူးလေ၊ ပါလာရင် ခြံဝမှာတင် ကျွန်တော်တို့ကို ဂုတ်ချိုးသတ်မယ်ထင်တယ်”

“ မင်းတို့လဲ အတော်ပင်ပန်းနေကြပြီထင်တယ်၊ လောလောဆယ် ငါ့အိမ်မှာပဲ နားကြဦး၊ ပြီးတော့မှ ဘယ်လိုလုပ်သင့်တယ်ဆိုတာ တိုင်ပင်ကြတာပေါ့”

“ ကျေးဇူးတင်ပါတယ် ကိုစံထူးရယ်၊ ကျုပ်တို့မနေ့ထဲကမအိပ်ရသေးလို့ ခဏလောက် မှေးလိုက်ဦးမယ်”

“ အေးအေး အိမ်ခန်းထဲမှာ ခေါင်းအုံးတွေရှိတယ်၊ အိပ်ရေးဝအောင်အိပ်လိုက်ကြဦး”

သားဖနှစ်ယောက်လဲ ကိုစံထူးစကားကြောင့် အိမ်ခန်းထဲဝင်ကာ ကျောဆန့်လိုက်ရာ ခဏလေးအတွင်းအိပ်ပျော်သွားခဲ့တယ်။

ညနေစောင်းအချိန်ရောက်တော့ သားဖနှစ်ယောက် နိုးလာပြီးအိမ်ရှေ့ထွက်လာရာ ကိုစံထူးနဲ့ အိမ်နီးနားချင်းလူကြီးအချို့စကားထိုင်ပြောနေတာမြင်လိုက်ရတယ်။

“ သောင်းနိုင် နိုးပြီလား… လာထိုင်နေကွာ”

“ ဟုတ်ကဲ့”

“ ဒါက ရာအိမ်မှူးဦးစိုးလှိုင်တဲ့၊ ‌ဘေးကတစ်ယောက်က ဦးစိုးဝင်း”

“ ဟုတ်ကဲ့ ကျွန်တော်နာမည် သောင်းနိုင်ပါ”

“ မင်းတို့အိမ်အကြောင်းကို စံထူးပြောလို့သိပြီးပါပြီ၊ ဦးလေးတို့အတွေ့အကြုံအရ သံဃာတော်တွေနဲ့ ကမ္မဝါဖတ်ပြီးနှင်ထုတ်တာပိုကောင်းမယ်လို့ထင်တယ်”

“ ဦးလေးတို့သိကျွမ်းတဲ့ သံဃာတော်တွေများရှိလား”

“ သိကျွမ်းတဲ့ ဆရာတော်တွေတော့ရှိတယ်၊ သူတို့ ရွတ်မရွတ်ပဲမေးရမှာ”

“ ကူညီပေးပါ ဦးလေးရယ်၊ ကျွန်တော်တို့လဲ ဘာလုပ်ရမှန်းမသိတော့ဘူး”

“ အဲဒါဆို မနက်မိုးလင်းရင် အကြောင်းပြန်ပေးမယ်”

“ ကျေးဇူးတင်ပါတယ်ဗျာ”

“ ရပါတယ်… ဒါဆို ဦးလေးတို့ကို သွားခွင့်ပြုဦး”

“ ဟုတ်ကဲ့ ဦးလေး.”

———

နောက်တစ်နေ့မနက်ရောက်တော့ ဆွဲခြင်းတစ်လုံးနဲ့ ဦးစိုးဝင်းရောက်ချလာခဲ့တယ်။

“ ဈေးသွားမလို့လား ဦးစိုး”

“ အေး ဈေးသွားရင်း မင်းတို့အိမ်ဘက်ဝင်လာတာ၊ ကမ္မဝါရွတ်မယ့်ကိစ္စက အဆင်မပြေဘူးကောင်လေး”

“ ဘာ ဘာဖြစ်လို့လဲ ဦးလေး”

“ ဆရာတော်တွေက သူတို့ကြောင့် အခြားသူတွေ ထိခိုက်မှာမလိုချင်ကြဘူး၊ မင်းတို့အိမ်အနေအထားက သာမန်ကမ္မဝါလောက်နဲ့ မရဘူးတဲ့၊ တကယ်လို့ရွတ်မယ်ဆိုရင် တစ်ရပ်ကွက်လုံးမှာရှိတဲ့ ပရဘုံသားတွေ ထွက်ပြေးရလိမ့်မယ်လို့ပြောတယ်”

“ ဒါဆို အခြားဘယ်လိုနည်းလမ်းရှိဦးမလဲ”

“ ကျွန်းတောလမ်းဘက်မှာတော့ နာမည်ကြီးဆရာတစ်ယောက်ရှိတယ်၊ သူနဲ့ပြကြည့်ပါလား”

“ သူက စွမ်းရောစွမ်းရဲ့လား”

“ နာမည်တော့ ကြီးနေတာပဲ၊ တကယ်စွမ်းမစွမ်း ငါလဲမကြုံဖူးတော့မသိဘူး၊ ငါက သိထားတာလေးပြောပြတာ”

“ ဦးလေးပြောတဲ့အတိုင်းလုပ်ကြည့်မယ်လေ၊ တကယ်လို့ ဆရာကလုပ်ပေးမယ်ဆိုရင် ဦးလေးပါ လိုက်လာခဲ့ပေါ့”

“ ရက်အတိအကျသိရင်ပြောလေ၊ ငါလဲ အတွေ့အကြုံတစ်ခုရတာပေါ့”

“ ဟုတ်ကဲ့ ဦးလေး၊ ဒါနဲ့ အဲဒီဆရာနာမည်ဘယ်လိုခေါ်လဲ”

“ ဆရာစက်ရောင်လို့ခေါ်တယ်၊ ကျွန်းတောလမ်းရောက်ရင် သူ့နာမည်သာမေးလိုက် မသိတဲ့သူမရှိဘူး”

“ ဟုတ်ကဲ့ ဦးလေး၊ ခဏနေ ကျွန်တော်တို့သွားလိုက်ပါ့မယ်”

ဦးစိုးဝင်းထွက်သွားတော့ သောင်းနိုင်နဲ့ကိုစံထူးလဲ ကျွန်းတောလမ်းမှာနေတဲ့ ဆရာစက်ရောင်ဆီကိုထွက်လာခဲ့ကြတယ်။

ဟိုရောက်တော့ ဆရာစက်ရောင်ဆိုသူနဲ့တွေ့ပြီး အကျိုးအကြောင်းပြောပြလိုက်ရာ လာမယ့် စနေနေ့ မနက်သူကိုယ်တိုင်လိုက်ကြည့်ပေးမယ်ဆိုတဲ့အတွက် သောင်းနိုင်စိတ်ထဲ အနည်းငယ်အေးသွားခဲ့တယ်။

———

စနေနေ့မနက်ရောက်တော့ ကိုသောင်းနိုင်လဲ ဆရာစက်ရောင်ကိုဝင်ခေါ်ပြီး အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ အိမ်ရှေ့ရောက်တော့ ဆရာစက်ရောင်က ခြံအဝင်ဝမှာ အင်းဖယောင်းတိုင်နှစ်တိုင်ထွန်းနေတဲ့အချိန် ပိတ်ထားတဲ့အိမ်တံခါးမကြီးက လေမတိုက်ပဲ တဒုန်းဒုန်းနဲ့လှုပ်ခါပါလေရော။

“ ဒီအိမ်ကအတော်ကိုကြမ်းတာပဲ”

“ ဟုတ်တယ်ဆရာ၊ ဒါကြောင့် ဆရာ့ကိုအားကိုးပါတယ်”

“ ကျွန်တော်က အခုလိုပြဿနာမျိုးတွေ အများကြီးဖြေရှင်းပေးခဲ့ဖူးတာမို့ သိပ်မစိုးရိမ်ပါနဲ့၊ လာ အထဲဝင်ကြရအောင်”

ဆရာစက်ရောင် အိမ်ရှေ့တံခါးဝကိုရောက်တော့ ထုရိုက်နေတဲ့အသံတွေရပ်သွားပြီး ‌ကျယ်လောင်တဲ့ ညဉ်းသံတစ်ချက်ထွက်ပေါ်လာခဲ့တယ်။

“ အိမ်သော့ပါရင် ဖွင့်လိုက်တော့”

ကိုသောင်းနိုင်လဲ ပါလာတဲ့သော့နဲ့ အိမ်တံခါးကိုဖွင့်လိုက်ရာ မိန်းမတစ်ယောက် အခန်းထဲကိုဝင်ပြေးသွားတာမြင်လိုက်ရတယ်။

“ ဆရာ.. ဆရာမြင်လိုက်လား”

“ ကျွန်တော်မြင်တယ်၊ အဲဒီအခန်းက သူနေတဲ့အခန်းလား”

“ ဟုတ်တယ်ဆရာ”

“ နေ့ခင်းအချိန်မှာတောင် ဒီလိုခြောက်လှန့်နေတာပါလား”

ဆရာစက်ရောင်က တီးတိုးရေရွတ်ပြီး ဘုရားကျောင်းဆောင်ကိုကြည့်လိုက်ရာ ဘုရားဆင်းတုကိုကျောပေးလျက်အနေအထားနဲ့မြင်တွေ့လိုက်ရတယ်။

“ သူ့ကိုအိမ်ကနေမောင်းထုတ်ဖို့ အမှန်တကယ် ဆန္ဒရှိလား”

“ သူနဲ့ကျွန်တော်တို့နဲ့က ဘဝခြင်းခြားနေပြီမို့ သူ့လမ်းသူဖြောင့်အောင်သွားစေချင်တာပါ”

ကိုသောင်းနိုင်စကားကြောင့် ဆရာစက်ရောင် မျက်နှာကွက်ခနဲပျက်သွားပြီး အိမ်ထဲကနေ လှည့်ထွက်ဖို့အလုပ် အိမ်တံခါးဝမှာ ခါးထောက်ပြီး မတ်တပ်ရပ်နေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ ဟဲ့ ဆရာစုတ်… ငါ့ကို ဒီအိမ်ကနေ မောင်းထုတ်ဖို့ စိတ်မကူးနဲ့၊ သောင်းနိုင် နင့်ကိုလဲ ငါသတ်မယ်၊ နင်ခေါ်လာတဲ့ကောင်ကိုလဲသတ်မယ်”

“ ကိုသောင်းနိုင် ခင်ဗျားကိုယ်တိုင်က စိတ်မပြတ်သားတာ အခုတော့ နှစ်ယောက်လုံး ဒုက္ခရောက်တော့မယ်”

ဆရာစက်ရောင်က စိတ်ပျက်လက်ပျက်နဲ့ပြောပြီး ရပ်နေတဲ့မိန်းမကြီးကို လက်ညိုးနဲ့ထိုးကာ ဂါထာရွတ်လိုက်တယ်ဆိုရင်ပဲ တံခါးမကြီးရဲ့ ဘေးကိုလွင့်ထွက်သွားခဲ့တယ်။ ဒါပေမယ့် ချက်ချင်းပြန်ထလာပြီး အိမ်ပေါ်ဝမှာ ရပ်နေပြန်ရော ဒီတစ်ခါမှာတော့ ရုပ်သွင်က ကြောက်မက်ဖွယ်ပုံစံဖြစ်သွားပြီး မျက်လုံးတွေက ရဲရဲနီနေတာမြင်လိုက်ရတယ်။

“ ငါ့အိမ်ကနေ ထွက်သွားကြစမ်း၊ မသွားရင် ငါ့အကြောင်းသိမယ်”

“ အတော်ကိုအစွဲကြီးတဲ့မိန်းမပဲ၊ အင်းဖယောင်းတိုင် ထွန်းထားတာတောင် ဘာမှမဖြစ်ပါလား”

“ ဆရာ‌ဆိုတဲ့အကောင်၊ ဒါငါ့အိမ်… ဒါငါ့မြေ… ငါမသေခင်ထဲက ဒီနေရာမှာ‌ပဲနေဖို့ ဘုရားမှာဆုတောင်းခဲ့ပြီးပြီ၊ နင်တို့ပညာက ငါ့နေရာမှာဘာမှအသုံးဝင်မှာမဟုတ်ဘူး၊ ငါလဲ နင့်ကိုထိခိုက်အောင်လုပ်လို့မရသလို၊ ငါ့ကိုလဲနင် ထိခိုက်အောင်လုပ်လို့မရဘူး၊ သောင်းနိုင်… ငါက နင့်ကိုတော့ သေအောင်လုပ်လို့ရတယ်နော် အဟီးအဟီး”

သောင်းနိုင်က သူ့ကိုလက်ညိုးထိုးပြီး တဟီးဟီးနဲ့ရယ်နေတာကိုမြင်တော့ ခြေတွေလက်တွေတုန်ကာ ကြောက်လန့်သွားခဲ့တယ်။

“ ဆရာ… ကျွန်တော်တို့ဘာလုပ်ကြမလဲ”

“ သူက ဒီအိမ်နဲ့အတွင်းပစ္စည်းတွေကို စွဲလမ်းနေတာဆိုတော့ ကျွန်တော်တို့ ဘာမှမယူပဲ ပြန်ထွက်သွားတာအကောင်းဆုံးလို့ထင်တယ်၊ ကျုပ်ဘဝမှာ ဒီလိုမျိုး အစွဲကြီးတဲ့သရဲ မတွေ့ဘူးဘူး”

“ သောင်းနိုင် နင့်က ငါ့ယောင်္ကျားဖြစ်ခဲ့ဖူးတာမို့ ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်၊ နောက်တစ်ခါ ငါ့ကိုမောင်းထုတ်ဖို့ကြိုးစားရင် အသေသတ်ပစ်မယ်၊ ထွက်သွား… ငါ့အိမ်ထဲက ထွက်သွားကြစမ်း”

မကြည်အောင်က ဝမ်းခေါင်းသံနဲ့အော်ပြောပြီး ပျောက်ကွယ်သွားတဲ့အချိန် ဆရာစက်ရောင်နဲ့ ကိုသောင်းနိုင်တို့နှစ်ယောက် ခြံအပြင်ကို ကမန်းကတမ်းပြေးထွက်လာခဲ့ကြတယ်။ နှစ်ယောက်သား ခြံအပြင်လဲရောက်ရော အိမ်ရှေ့တံခါးက ဂျိမ်းခနဲပြန်ပိတ်သွားတာကို မြင်လိုက်ရတယ်။

“ ကိုသောင်းနိုင် ခင်ဗျားဗျာ… ကျွန်တော်ကိုပြောတုန်းကကျတော့ မောင်းထုတ်မယ်လေးဘာလေးနဲ့၊ အခုကျတော့ ဘာလို့ စကားတစ်မျိုးပြောရတာလဲ”

“ ကျွန်တော် ကျွန်တော် စိတ်ထဲဖြစ်တာပြောမိသွားတာ”

“ နောက်တစ်ခါ ကျွန်တော်ကို ဒီအိမ်နဲ့ပတ်သတ်ပြီး ဘာမှလုပ်ဖို့လာမပြောနဲ့”

ဆရာစက်ရောင်က ကိုသောင်းနိုင်ကို မကျေနပ်တဲ့လေသံနဲ့ပြောပြီး ပြန်ထွက်သွားခဲ့တယ်။ အိမ်ပြန်ရောက်တော့ ကိုစံထူးကိုအကျိုးအကြောင်းပြောပြရာ

“ သောင်းနိုင်ရာ… မင်းကိုက စိတ်မပြတ်သားတာကိုး၊ အခုဘယ်လိုလုပ်ကြမလဲ”

“ ကျွန်တော်လဲမသိတော့ပါဘူးဗျာ”

“ စိတ်မကောင်းဖြစ်မနေနဲ့၊ ဘယ်အရာမဆို ကိုယ်နဲ့ထိုက်မှရတာကွ၊ အခုလောလောဆယ် မေတ္တာဂုဏ်ရည်ဘုန်းကြီးကျောင်းက ဘုရားထီးတင်ပွဲမှာ ထမင်းသွားစားရအောင်”

“ ယဉ်လှရော…ကိုစံထူး”

“ သူက ဘေးအိမ်က ကောင်မလေးတွေနဲ့ အရင်ထွက်သွားပြီ၊ လာ သွားကြရအောင်”

ကိုသောင်းနိုင်လဲ စိတ်ပျက်လက်ပျက်နဲ့ ကိုစံထူးခေါ်တဲ့နောက်ကိုလိုက်သွားရာ ဆောင်းဘောက်သံတွေဆူညံနေတဲ့ ဘုန်းကြီးကျောင်းဝင်းတစ်ခုထဲကိုရောက်လာ ခဲ့တယ်။

ကျောင်းဝင်းထဲရောက်တော့ စတုဒီသာမဏ္ဍပ်ထဲမှာ လူတွေပြည့်နေတာမို့ အရိပ်ရတဲ့အပင်အောက်မှာ ထိုင်စောင့်နေတဲ့အချိန် ‌ထီးတင်ထားတဲ့ စေတီဘက်မှာ လူတွေရုတ်ရုတ်သဲသဲဖြစ်နေတာမြင်လိုက်ရတယ်။

“ ကိုစံထူး ဟိုမှာ ဘာဖြစ်တာလဲမသိဘူး သွားကြည့်ရအောင်”

ကိုစံထူးလဲ သောင်းနိုင်စကားကြောင့် စေတီဘက်ကိုထွက်လာခဲ့ရာ အသက်နှစ်ဆယ်အရွယ် ယောင်္ကျားလေးတစ်ယောက် အံကိုကြိတ်ပြီး စေတီကြမ်းပြင်နဲ့ခေါင်းကိုဆောင့်နေတာမြင်လိုက်ရတယ်။

“ ဘာဖြစ်တာလဲ”

“ မသိဘူး‌ဗျ… စကားပြောနေရင်း အခုလိုဖြစ်သွားတာပဲ”

တစ်စုံတစ်ယောက်ဝင်ပူးနေသလို သွားရည်တွေတမြှားမြှားကျနေတဲ့ကောင်လေးက အနားတိုးလာတဲ့သူတွေကို လက်နဲ့လှမ်းကုတ်ကာရန်ပြုနေသလို တစ်ခါတစ်ရံ သူ့လက်ကိုကိုသူကိုက်ဖဲ့နေခဲ့တယ်။

“ ဆရာတော် ကြွလာပြီ ဖယ်ကြ ဖယ်ကြ”

ရုတ်တရက်ထွက်လာတဲ့အသံကြောင့် လူအုပ်ကြီးက ဘေးကိုဖယ်ပေးလိုက်ကြတယ်။ ဆရာတော်လဲ တဟင်းဟင်းနဲ့ ဒေါသထွက်နေတဲ့ သူရှေ့မှာရပ်လိုက်ပြီး

“ အခုဝင်ပူးနေတာ ဘယ်သူလဲ ပြောစမ်း”

“ မောင်… မောင်…နီပါဘုရား”

“ မောင်နီ… သင်က ဘယ်လိုကြောင့် ဒီကလေးကိုဝင်ပူးနေတာတုန်း၊ သင် ဘာလိုချင်လဲ ဘုန်းကြီးကိုပြော”

“ ဒီကောင်က ကျုပ်ကိုလဲ စော်ကားတယ်၊ ကိုရင်တွေရဲ့ခါးပန်းကြိုးနဲ့ ကျုပ်နေတဲ့ နေရာကိုလာချည်ထားတယ်”

“ ဟင်း… အတော်ကို လက်ဆော့တဲ့ကောင်တွေပဲ၊ မောင်နီ သင်က ဘယ်မှာနေတာလဲ ဘုန်းကြီးကိုပြော၊ အခုပဲသွားဖြုတ်ခိုင်းလိုက်မယ်”

“ စေတီဘေးက ဇီးဖြူပင်မှာနေပါတယ်”

“ တစ်ယောက်ယောက် ခါးပန်းကြိုးသွားဖြုတ်ပေးလိုက်ကြ”

ဆရာတော်စကားကြောင့် ကိုသောင်းနိုင်က စေတီဘေးမှာပေါက်နေတဲ့ ဇီးဖြူပင်ဆီသွားကာ သစ်ကိုင်းမှာချည်ထားတဲ့ ခါးပန်းကြိုးကို ဆွဲဖြုတ်ပေးလိုက်တယ်။

“ အရှင်ဘုရား တပည့်တော် ခါးပန်းကြိုးဖြုတ်လာခဲ့ပြီပါပြီ”

“ ‌အေးအေး…ဒကာကြီး ဘုန်းကြီးကိုပေး”

ဆရာတော်က ခါးပန်းကြိုးကိုယူပြီး ဝင်ပူးနေတဲ့သူဘက်ကိုလှည့်ကာ

“မောင်နီ… နောက်တစ်ခါ ဒီလိုမျိုးမဖြစ်အောင် ဘုန်းကြီးဆုံးမလိုက်မယ်၊ အခုတော့ ပြန်ထွက်ပေးလိုက်”

“ တင် တင်ပါဘုရား… တပည့်တော် သွားပါတော့မယ်”

ဝင်ပူးနေတဲ့ကောင်ထွက်သွားတာနဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးက ဗိုင်းခနဲလဲကျသွားခဲ့တယ်။

“ သူ့ကိုကျောင်းပေါ်ချီတင်လာပေးဦး”

“ တင်ပါဘုရား တပည့်တော် ချီလာခဲ့ပါမယ်”

သောင်းနိုင်လဲ ပျော့ခွေနေတဲ့လူငယ်ကို ပွေ့ချီပြီး ကျောင်းပေါ်ကိုတက်လာခဲ့လိုက်တယ်။ အပေါ်ရောက်တော့ ဘုရားကျောင်းဆောင်အရှေ့မှာ ချပေးကာ ပြန်ထွက်ဖို့အလုပ်

“ ဒကာကြီး… ဒကာကြီး သောင်းနိုင်မဟုတ်လား”

“ ဦးဇင်းလေးပါလား… ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ”

“ ထီးတင်ပွဲလာရင်း ဆရာတော်နဲ့ စကားပြောနေတာလေ”

“ ဦးဇင်းနဲ့ ဒီကဒကာကြီးတို့ကသိနေကြတာလား”

“ တင်ပါဘုရား… ဒကာကြီးရဲ့ဇနီး ရက်လည်ဆွမ်းကပ်တုန်းကအကြောင်း ဆရာတော်ကိုတောင်လျောက်ထားဖူးတယ်လေ”

“ ‌ဆွမ်းကပ်နေတုန်း အမျှမဝေဖို့လာပြောတဲ့ ဒကာမကြီးရဲ့ အမျိုးသားလား”

“ တင်ပါဘုရား”

“ အခုရော ဘယ်လိုအခြေအနေရှိလဲ”

“ အခုကပိုဆိုးလာပါတယ်ဘုရား၊ တပည့်တော်တို့တောင် အိမ်မှာမနေရဲပဲ အသိအိမ်ကပ်နေနေရပါတယ်”

“ ဒကာမကြီးအကြောင်း ဒီကဦးဇင်းလေးပြောပြလို့ သိနေတာ၊ သူက အတော်ကိုအစွဲကြီးတာပဲ”

“ ဟုတ်ပါတယ်ဘုရား၊ အိမ်ကပစ္စည်းဆိုရင် အပ်တို တစ်ချောင်းတောင် ယူလို့မရတဲ့ထိကို စွဲနေတာဘုရား၊ တပည့်တော် သိချင်တာက အခုလိုအခြောက်အလှန့်ကြမ်းတဲ့သူတွေကို

ကမ္မဝါဖတ်ပြီး နှင်ထုတ်လို့ရလားဘုရား”

“ ကမ္မဝါဆိုတာက မြတ်ဗုဒ္ဓရဲ့ အာဏာစက်ပဲလေ၊ သရဲတစ္ဆေတွေတင်မက ဆိုးသွမ်းတဲ့နတ်ဘီလူးတွေ ကိုတောင် နှင်ထုတ်နိုင်တယ်၊ ဒါပေမယ့် ဝိနည်းတော်ကိုလိုက်နာကြတဲ့ သံဃာတွေအနေနဲ့ အခုလိုမျိုးမလုပ်ကြဘူး၊ ဘာကြောင့်လဲဆိုရင် ဘုန်းကြီးတို့ ရွတ်ဖတ်လိုက်တဲ့အခါ အနီးအနားမှာရှိတဲ့ နာနာဘာဝတွေ ဆောက်တည်ရာမရထွက်ပြေးကြရတယ်၊ အချို့ဆို ကမ္မဝါရွတ်ဖတ်သံကြားရင် ပူလောင်လွန်းလို့ ငိုကြွေးကြတာတွေလဲရှိတယ်၊ ဒါကြောင့် ကမ္မဝါတွေထဲမှာ အနန္တရာယိကကမ္မဝါလောက်ပဲ ရွတ်ဖတ်ကြတယ်”

“ တပည့်တော်လဲ အခုလိုဖြစ်ရပ်ကြောင့် အတော်ကိုဒုက္ခရောက်နေလို့ ဘယ်လိုလုပ်ရင် သင့်တော်မလဲဆိုတာ လမ်းပြပေးပါဘုရား”

“ အိမ်း…. ဒါဆိုရင် ထီးတင်ပွဲလာတဲ့ဧည့်သည်သုံးယောက်နဲ့မိတ်ဆက်ပေးမယ်၊ သူတို့က လောကီပညာပိုင်းမှာ အတော်ကို ထူးချွန်ကြတယ်”

“ တင်ပါဘုရား… ကျေးဇူးလဲတင်ပါတယ်ဘုရား”

“ ရပါတယ် ဒကာကြီးရယ်၊ မောင်ကျောင်းသားရှိလား”

“ ရှိပါတယ် ဘုရား”

“ အာဂန္တု‌အဆောင်မှာ တည်းနေတဲ့ ဧည့်သည်တွေကို ဘုန်းကြီးခေါ်တယ်လို့ သွားပြောပေးဦး”

“ တင်ပါဘုရား…”

မောင်ကျောင်းသားထွက်သွားပြီး ဆယ်မိနစ်လောက်နေတော့ ဆင်စွယ်ရောင်တီရှပ်ဝတ်ဆင်ထားတဲ့လူသုံးယောက် ကျောင်းပေါ်ကိုတက်လာခဲ့တယ်။

“ ဆရာတော်ဘုရား ခေါ်တယ်ဆိုလို့ပါ၊ ဘာအရေးကိစ္စများရှိလို့ပါလဲဘုရား”

“ ဟောဒီက ဒကာကြီးကြုံတွေ့နေရတဲ့ ကိစ္စအကြောင်းပြောပြချင်လို့ခေါ်လိုက်တာ၊ နိုင်သလောက်ကူညီပေးလိုက်ကြပါဦး”

“ တင်ပါဘုရား… တပည့်တော် အကျိုးအကြောင်းမေးလိုက်ပါ့မယ်”

“ ဒါဆို ဘုန်းကြီး အခြားဧည့်သည်တွေဆီသွားလိုက်ဦးမယ်”

ဆရာတော်ထွက်သွားတော့ သောင်းနိုင်က

“ ကျွန်တော်နာမည်သောင်းနိုင်လို့ခေါ်ပါတယ်”

“ ကျွန်တော်က အောင်မြတ်သာပါ၊ သူတို့နှစ်ယောက်က မောင်ကောင်းနဲ့ ခွန်းလှပါ”

“ ဟုတ်ကဲ့… အခုကျွန်တော်ဖြစ်နေတဲ့ကိစ္စလေး ပြောပြချင်ပါတယ်”

“ ပြောပါဗျ… ကျွန်တော်တို့နားထောင်နေပါတယ်”

သောင်းနိုင်လဲ အဖြစ်အပျက်အားလုံးကို ခရေစေ့တွင်းကျပြောပြလိုက်ရာ အောင်မြတ်သာဆိုတဲ့လူက ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး

“ ကိုသောင်းနိုင်ဖြစ်ချင်တာက အိမ်မှာကျန်ခဲ့တဲ့ အတွင်းပစ္စည်းတွေကိုပြန်လိုချင်တာလား”

“ ဟုတ်ပါတယ်… အပြင်မှာလုပ်ကိုင်စားသောက်ဖို့ ရရင်ကျေနပ်ပါပြီ”

“ ဆရာတော်ကလဲ ကူညီပေးဖို့ပြောထားတာကြောင့် ကျွန်တော်တို့အတတ်နိုင်ဆုံးကြိုးစားပေးပ့ါမယ်၊ အခုဘယ်အချိန်ရှိနေပြီလဲ”

“ နေ့လည် တစ်နာရီထိုးပြီးသွားပြီဆရာ”

“ ကျုပ်တို့လဲ မနက်ဖြန် အခြားတစ်နေရာခရီးဆက်ရမှာမို့ အခုပဲသွားကြည့်ချင်ပါတယ်၊ အိမ်နေရာကိုလမ်းပြပေးပါလား”

“ ရပါတယ်ဆရာ… ကျွန်တော်လမ်းပြပေးပါ့မယ်”

သောင်းနိုင်လဲ အောင်မြတ်သာတို့ကိုခေါ်ပြီး အိမ်ရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။

“ ဆရာ.. ဟိုက..အုတ်ခုံနှစ်ခုရှိတဲ့အိမ်က ကျွန်တော်အိမ်ပါပဲ”

“ ကိုသောင်းနိုင် အထဲလိုက်ဝင်ဦးမလား”

“ မလိုက်လို့ရရင် မလိုက်တော့ပါဘူးဆရာ၊ အတွင်းပစ္စည်းတွေကအိမ်ခန်းထဲကုတင်ကြမ်း

အောက်မှာရှိပါတယ်”

“ ကျွန်တော်တို့ကြိုးစားကြည့်ပါ့မယ်၊ အိမ်သော့ကရော ခတ်ထားသေးလား”

“ မခတ်ထားဘူးဆရာ… မနက်က ထွက်ပြေးလာတာနဲ့တင် ခတ်ဖို့မေ့သွားတာ”

“ ဟုတ်ပြီလေ… ဒါဆို ဒီမှာပဲစောင့်နေလိုက်ပါဦး”

အောင်မြတ်သာတို့လဲ ကိုသောင်းနိုင်ပြတဲ့အိမ်ရှေ့ကို လျောက်လာပြီး အကဲခတ်လိုက်ရာ အိမ်စောင့်ခြံစောင့်တွေမရှိတော့ပဲ အခြားသော နာနာဘာဝတွေခိုအောင်းနေတာကိုပါမြင်လိုက်ရတယ်။

“ ခြံထဲမဝင်ခင် ဆိုင်ရာပိုင်ရာတွေကို အရင်ခွင့်တောင်းဖို့မမေ့ကြနဲ့”

“ ဟုတ်ကဲ့ပါဆရာ”

‌သုံးယောက်သား ဝင်ခွင့်တောင်းပြီး ခြံထဲခြေချလိုက်တာနဲ့ အိမ်တံခါးမကြီး လှုပ်ခါလာခဲ့တယ်။

“ ကြိုဆိုပုံကကြမ်းလိုက်တာဆရာ”

“ အစွဲကြီးတဲ့သူတွေက ဒီလိုပဲ၊ အိမ်ထဲရောက်ရင် ပိုကြမ်းတာတွေမြင်ရလိမ့်မယ်၊ ‌မောင်ကောင်း တံခါးဆွဲဖွင့်လိုက်”

မောင်ကောင်းလဲ အိမ်တံခါးကို အသာဆွဲဖွင့်လိုက်ရာ ဧည့်ခန်းကခုံပေါ်မှာကျောပေးပြီးထိုင်နေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

“နင်တို့ငါ့အိမ်ထဲဘာလာလုပ်ကြတာလဲ”ဆိုတဲ့

ခြောက်ကပ်ကပ်အသံကထိုင်နေတဲ့မိန်းမဆီ

ကနေထွက်လာခဲ့တယ်။

“ ကျုပ်တို့လာတာ သင့်ကိုရန်ပြုဖို့မဟုတ်ပါဘူး”

“ ငါ့အိမ်ကိုဝင်လာရင် ငါ့ကိုဒုက္ခပေးဖို့ပဲ၊ ဘာလဲ သောင်းနိုင် နင်တို့ကိုလွတ်လိုက်တာလား”

“ သူတိုရသင့်တဲ့ပစ္စည်းတွေလာယူတာပါ”

“ သူတိုပစ္စည်းတစ်ခုမှမရှိဘူး၊ ဒီအိမ်ကပစ္စည်းအားလုံးက ငါ့ပစ္စည်းတွေပဲ”

“ သင်က သိပ်ကိုအတ္တကြီးနေပါလား၊ ဒါကြောင့်လဲ ဘယ်အရာကိုမှမကြောက်တော့တာထင်တယ်”

“ ငါပိုင်နက်ထဲမှာ ဘယ်သူကိုကြောက်ရမှာလဲ၊ နင်တို့ဒုက္ခမရောက်ချင်ရင် ငါ့အိမ်ထဲကထွက်သွားစမ်း”

ထိုင်နေတဲ့မိန်းမက ဒေါသတစ်ကြီးအော်ပြောရင်း မျက်နှာကိုလှည့်လိုက်ရာ ဆံပင်တွေလေထဲကို လွှင့်ပျံသွားခဲ့တယ်။

“ ဆရာ… သူဘာမှကိုမကြောက်တာဗျ၊ ပညာနည်းနည်းပေးလိုက်ရမလား”

“ ကြောက်လန့်အောင်ပဲလုပ်နော်၊ သူ့ကိုထိခိုက်အောင်မလုပ်နဲ့”

“ ဟုတ်ကဲ့ဆရာ”

မောင်ကောင်းက အရှေ့တက်သွားပြီး စားပွဲပေါ်မှာ တင်ထားတဲ့ ပန်းအိုးကို‌ကောက်ကိုင်လိုက်ရာ

“ ငါ့ပစ္စည်းကိုမထိနဲ့” ဆိုတဲ့အသံနက်ကြီးနဲ့အတူ အနီးနားမှာရှိတဲ့အရာဝတ္တုတွေကိုလွှင့်ပစ်ကာ သောင်းကျန်းပါလေရော။

“ လက်နှစ်ဖက်ကို ဆိုင်ရာက ချုပ်ထားစမ်း”

မောင်ကောင်းကအမိန့်ပေးပြီး ရှေ့တက်သွားတဲ့အချိန် ဗီရိုထဲက ဖန်ခွက်တစ်လုံးက မျက်နှာတည့်တည့်ကိုဝင်လာတာမြင်လိုက်ရတယ်။

“ ခွမ်း…”

အရှောင်မြန်လိုက်တာမို့ ဖန်ခွက်က နားရွက်ဘေးကနေဖြတ်ပြီး အိမ်နံရံကိုသွားထိကာ အစိပ်စိပ်အမြွှာမြွှာဖြစ်သွားခဲ့တယ်။

မောင်ကောင်းလဲ ချက်ချင်းပဲ လေးကွင်းအင်းတစ်ရွက်ထုတ်ပြီး ပစ်လိုက်ရာ၊ မိန်းမကြီးဆီမရောက်ခင်မှာပဲ အောက်ကိုပြုတ်ကျသွားခဲ့တယ်။ ဒုတိယအကြိမ် လိပ်ပြာချုပ်အင်းနဲ့ ဖမ်းဖို့ကြိုးစားခဲ့ပေမယ့် အင်းကအသက်မဝင်ပဲ သာမန်စက္ကူတစ်ရွက်လိုသာ ဖြစ်နေခဲ့တယ်။

“ ဆရာ… ဒီမိန်းမကို ချုပ်လို့မရဘူး”

“ မောင်ကောင်း အနောက်ပြန်ဆုတ်… ငါလဲ စိတ်ထဲကနေ အမိန့်ပေးပြီးချုပ်ခိုင်းလို့မရဘူး”

“ ဒီအိမ်ထဲမှာ ဘာမှလုပ်လို့မရတာလား”

“ ဟုတ်လောက်တယ်၊ ငါတို့မသိတဲ့ အခြားအကြောင်းတစ်ခုခုရှိနေပြီထင်တယ်”

အောင်မြတ်သာတို့ အိမ်ထဲကနေပြန်မထွက်ခင် လေးကွက်အင်းကို တံခါးဘောင်မှာရိုက်လိုက်ရာ စမအက္ခရာတွေက ဘောင်မှာကပ်မနေပဲ လက်ဝါးပေါ်မှာပြန်ပါလာခဲ့တယ်။

“ အိမ်အပြင်ထွက်ကြတော့… သူ့အိမ်ထဲမှာ ငါတို့ဘာမှလုပ်လို့မရတော့ဘူး”

“ ထူးဆန်းလိုက်တာ… တစ်ခါမှဒီလိုအဖြစ်မျိုး မကြုံဖူးဖူးဗျာ”

ကြမ်းပေ့ရမ်းပေ့ဆိုတဲ့သူတွေကို နှိပ်ကွပ်လာတဲ့ ဆရာတပည့်တွေ အခုကျမှ အိမ်အပြင်ပြန်ပြေးရတဲ့အထိဖြစ်ခဲ့ရတယ်။

“ ဆရာ… ဆရာတို့ ရခဲ့လား”

“ မရခဲ့ဘူးဗျ… ကျုပ်တို့ဘဝမှာ အခုလိုနောက်ဆုတ်ရတာ ပထမဆုံးပဲ၊ ကိုသောင်းနိုင် ခင်ဗျားမိန်းမမသေခင် မှတ်မှတ်ရရ ဘာလုပ်ခဲ့သေးလဲ”

“ သူမသေခင် လုပ်ခဲ့တာက ဘုရားကို စားပွဲဝိုင်းနဲ့ ဆွမ်းကပ်ခဲ့တာပဲ”

“ အရင်ကရော ပုံမှန်ဆွမ်းကပ်နေကြလား”

“ ဘယ်ကလာ… ဘုရားတောင် နေ့တိုင်းရှိခိုးတာ မဟုတ်ဘူး၊ တိုက်တိုက်ဆိုင်ဆိုင် ဆွမ်းကပ်ပြီးတဲ့နေ့လည်ပဲ ဆုံးတာ”

“ ကျွန်တော်စိတ်ထင်တာပြောရရင် ဆုတောင်းမှားခဲ့ပြီထင်တယ်”

“ ဘယ်လိုဆုတောင်းမှားတာလဲဆရာ”

“ အတိအကျတော့မပြောတတ်ဘူး၊ အခုကျုပ်တို့ အိမ်ထဲရောက်သွားတာနဲ့ ပညာတွေက ဘာမှအသုံးမဝင်တော့ဘူး”

“ မနက်ကဆရာတစ်ယောက်လဲ အခုလိုပဲပြောတယ်”

“ သူလဲ ကျုပ်တို့လိုဖြစ်တာလား”

“ ဟုတ်တယ်ဆရာ… နေဦး… မနက်က ကျွန်တော်တို့အိမ်ထဲဝင်တော့ ဒီနေရာက သူ့နေရာတဲ့၊ မသေခင်ထဲက ဒီမှာပဲနေဖို့ ဆုတောင်းခဲ့တာလို့ပြောတယ်၊ အဲဒီဆုတောင်းကြောင့် အခုလိုဖြစ်နေတာလား”

“ မသေခင် ဘုရားဆွမ်းကပ်ပြီး ဆုတောင်းခဲ့တာဖြစ်မယ်၊ ဒီပုံစံဆိုရင် ဘယ်လိုမှ ကျွတ်လွတ်မှာမဟုတ်တော့ဘူး စိတ်မကောင်းစရာပဲ”

“ ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ”

 

“ အခုလောလောဆယ် ဆုံးထားတာမကြာသေးတာမို့ ဖျောင်းဖျနားချဖို့ကလွယ်မှာ မဟုတ်ဘူး၊ အချိန်တွေကြာလို့ သူကိုယ်တိုင် အကျွတ်တရားရမှသာ ဒီဘဝကလွတ်မှာ”

“ ဘယ်တတ်နိုင်ပါ့မလဲဗျာ… ကျုပ်တို့နဲ့မထိုက်ဘူးလို့ပဲ မှတ်ယူရတော့မှာပေါ့၊ ကျွန်တော်ကို ပြန်ခွင့်ပြုပါဦး”

ကိုသောင်းနိုင်က ခေါင်းငိုက်စိုက်ကျပြီး ပြန်ထွက်သွားခဲ့သလို အောင်မြတ်သာတို့လဲ နှုတ်ဆိတ်စွာဖြင့် ဘုန်းကြီးကျောင်းဘက်ကို ထွက်ခွာသွားခဲ့ကြတယ်။

ဒီဖြစ်ရပ်က သူတို့ဘဝအတွက် မေ့ပျောက်လို့မရတဲ့ အရာတစ်ခုဖြစ်သွားခဲ့ပြီမဟုတ်လား။

အဆိုပါအိမ်က ယခုထိ တည်ရှိနေဆဲဖြစ်ပြီး ခြံထဲမှာတော့ ပြိုကျလုဆဲဆဲအိမ်တစ်လုံးနဲ့ သံချေးတက်နေတဲ့ကားတစ်စီးရှိနေ‌ခဲ့သလို

ရံဖန်ရံခါ ဆံပင်ဖားလျားချထားတဲ့မိန်းမ တစ်ယောက် ခြံထဲမှာလမ်းလျောက်နေတာကိုလဲ ပတ်ဝန်းကျင်ကလူတွေ အခုထိမြင်နေရဆဲ။

ဖြစ်ရပ်မှန်ဇာတ်လမ်းလေးအား အမည်နာမများပြောင်းလဲရေးသားထားခြင်းဖြစ်ပါတယ်။

နောက်ဝတ္တုမှာတော့ အိမ်ခုနှစ်အိမ်ကို တစ်ပြိုက်နက်ထဲ ပြုစားထားတဲ့ အကြောင်းကိုတော့

အောင်မြတ်သာဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)