မုဆိုးတို့ရဲ့နွေ

ထွန်းအိန္ဒြာဗို အသံ လွင့်ပျံနေတော့သည်။

“ဘယ်သူမှ သူ့လောက် ကိုယ်မချစ်ဘူး”

ခင်ပြတ်တစ်ခုကို အဖြတ်တွင် တောင်ကောင်ခြေရာအသစ်များ တွေ့ရသည်။ ရွက်ခြောက်များအပေါ်မှ ဖြတ်နင်းသွားခြင်း ဖြစ်သည်။

သေသေချာချာ ကြည့်မိတော့ သားကောင်နင်းသွားသည်မှာ ကြာပြီ။ နံနက်စောစောပိုင်းက ဖြစ်မည်။ နင်းပြီးခါစဆိုလျှင် ခြေရာက ရွက်ခြောက်ပေါ်မှာ နစ်ဝင်ပြီး အရာမယွင်း ရှိတတ်သည်။ ကြာလာလျှင် ခြောက်သွားပြီး ကြွတက်လာတတ်သည်။

ခြေရာ လတ်လတ်ဆတ်ဆတ်နှင့် ခြေရာဟောင်းက ကြည့်တတ်လျှင် အတော်ကြီး ကွာသည်။

ပတ်ပတ်လည်ကို အတော်ကြာအောင် ကျွန်တော် လှည့်ရှာကြည့်သည်။ ထပ်မံ၍ မတွေ့ရတော့။ အိပ်ကျင်းကို ဝင်သွားပုံရသည်။ နံနက်ပိုင်းကတည်းက ဖြတ်သွားခြင်းဖြစ်၍ သားကောင်နှင့် မုဆိုး အတော်ကြီး ကွာနေပြီ။ ခြေရာပျောက်သွားသော သားကောင်နောက်သို့ မျှော်မှန်းရမ်းဆ လိုက်လို့များကတော့ ရွာလည်သွားမည်က မုချ။

သတ္တဝါတိုင်း မိမိ အသက်ကိုတော့ မဖြစ်အောင် ကာကွယ်တတ်ကြသည်။ တောတွင်းသားကောင် ဆိုတာမျိုးကလည်း ကြီးနိုင်ငယ်ညှဉ်း သဘောမို့ သားကောင်ကြီးကို သားကောင်ငယ်က ရှောင်တိမ်းသည်။
အရှောင်အတိမ်းကောင်းက အသက်ဘေးက လွတ်ပြီး အရှောင်အတိမ်း မကောင်းလျှင် သေဖို့သာ ပြင်ပေတော့။

သဘာဝကိုက ဉာဏ်ချင်းပြိုင် လျင်သူက အနိုင်ယူစတမ်း မဟုတ်လား။

ခြေရာခြေကြောင်းများကို ရှာဖွေရင်း နေထွန်းတို့ ငှက်ပျောခြံကို ရောက်လာသည်။ ခြံထဲမှာ နေထွန်းတို့နှစ်ဦး အလုပ်လုပ်နေကြသည်။ တဲအောက်က မီးဖိုမှာ ရေနွေးအိုးတစ်အိုး ဆူနေသည်။ တဲကပြင်မှာ ဘဘိုးရနှင့် ကျွန်တော်တို့ နှစ်ဦးသား ထိုင်ပြီး အမောဖြေနေခိုက်မှာ ငှက်ပျောပင်များကြားမှ စိန်သိန်း ထွက်လာသည်။ ပေါင်းရှင်းရွက်ခြောက် ကောက်နေကြသည်။

“ဟာ. . . အဘ၊ ဆရာကောပါလား၊ အတော်ပဲ အဘရေ၊ ညက ဝက်အုပ် သောင်းကျန်းလိုက်ပုံများ ပြောကို မပြောချင်တော့ပါဘူးဗျာ”

နေထွန်းက မီးဖိုပေါ်မှ ရေနွေးအိုးကိုချလျက် လက်ဖက်ခြောက်ခတ်ရင်း အားပါးတရ ပြောသည်။ ပြီးနောက် မတ်ခွက်နှစ်လုံးကိုယူကာ ရေနွေးအိုးနှင့်အတူ ကျွန်တော်တို့ ရှေ့သို့ ချပေးသည်။

“မပြောချင်ပေမယ့်လည်း ပြောပါဦး နေထွန်းရာ၊ ဘယ်လိုသောင်းကျန်းတာလဲ ဆိုတာ”

အဘက နေထွန်း ချပေးသည့် ရေနွေးကြမ်းအိုးမှ အဖန်ရေကို မတ်ခွက်နှစ်လုံးတွင် ထည့်လျက် မေးခွန်းထုတ်လိုက်သည်။

“ကျုပ်တို့ ငှက်ပျောခြံ တောင်ဘက် ရေသိုးလျှိုထဲမှာ ညက ဝက်အုပ်များ ဆူညံပွက်ရိုက်နေတာပဲ။ စိန်သိန်းက ကက်ဆက်အကျယ်ကြီး ဖွင့်ထားတာတောင် ထီမထင်ဘူး။ ကလေးသားငယ်တွေလည်းပါ ထင်ပါ ရဲ့။ တစ်ညလုံး တအီအီနဲ့ ၊ အိပ်တောင် မအိပ်နိုင်ပါဘူး”

“ဝက်သံက မင်းတို့ ကက်ဆက်သံထက်ပဲ ကျယ်သလားကွ။ မင်းတို့ မအိပ်နိုင်တာလား၊ ဝက်အုပ် မအိပ်နိုင်တာလား။ တောင်ရိုးပေါ်တက်တဲ့ ချောစုတို့ ဖက်ခူးအဖွဲ့တွေပြောတော့ မင်းတို့ ဖွင့်ထားတဲ့ ထွန်းအိန္ဒြာဗိုအသံက တစ်တောင်လုံး ညံနေတာပဲတဲ့”

“ဟာ ဘဘိုးရကလည်း၊ ကျွန်တော်တို့ ဒီလောက် အကျယ်ကြီး မဖွင့်ပါဘူး၊ အလုပ် လုပ်ကောင်းရုံကလေး ဂီတကို ခံစားကြတာပါ”

စိန်သိန်းက လေပျော့ကလေးနှင့် အဖြေပေးသည်။

“ကဲ နောက်မှ ဂီတကို ခံစားဗျာ၊ လောလောဆယ် ဝက်အုပ်က ဘယ်ဘက် တက်သွားကြသလဲ။ ခင်ဗျားတို့ သတိထားလိုက်ကြသလား”

ကျွန်တော့်အမေးကို နေထွန်းက အဖြေပေးသည်။

“ဟုတ်တယ် ဆရာ၊ လင်းခါနီးတော့ မြောက်ဘက်ကို အုပ်လိုက် တက်သွားကြတယ်။ လျှိုအဆုံးက ဓနုံးတောထဲမှာ ခိုနေမယ် ထင်တာပဲဗျာ”

“ဟုတ်နိုင်တယ် အာစရိရေ။ ရေသိုးလျှိုက ဝါးဖြူတောလေ။ မျှစ်စို့က နည်းနည်းတော့ ရင့်ပေမယ့် ချိုတော့ ဝက် ပိုကြိုက်တယ်၊ တစ်ညလုံး တူးဆွစားသောက်ပြီး စမ်းပေါက်ရှိတဲ့ ဓနုံးတောထဲ ဝင်ခိုနေတာ ဖြစ်မှာ။ ဓနုံးတောက ကိုင်းထူတယ်။ ခြေရာခံလိုက်လို့တော့ မရဘူး။ ပစ်ချင်ရင် ကနေ့ညဦး စောစော စောင့်ပစ်ရင် သေချာတယ်”

ဘဘိုးရက တွေးတွေးဆဆ ဆိုသည်။

“ကောင်းတာပေါ့ဗျာ၊ တောင်ပေါ် တက်လာရတာ ထမင်းတောင် ဆာလာပြီ။ စားသောက်ပြီး နားနားနေနေပေါ့၊ မဟုတ်ဘူးလား”

(၂)

ကျွန်တော်တို့ တစ်ရေးနိုးသည့် အချိန်မှာ မွန်းလွဲနေပြီ။

အိပ်ရာကထ၍ စမ်းပေါက်က ရေကို တဝကြီး ချိုးလိုက်သည့်အခါ အကိုက်အခဲ အညောင်းအညာများ ပြေကာ လူမှာ လန်းဆန်းသွားသည်။ ဘဘိုးရ အစီအစဉ်ဖြင့် စိန်သိန်းတို့ ချက်ထားသော ငါးသေတ္တာနှင့် ကျောက်ချဉ်ပေါင် ဟင်းက မွှေးလှသည်။ ငရုတ်သီးစိမ်းများနှင့် ငါးပိထောင်းကလည်း ငရုတ်နံ့သင်းနေသည်။

ထမင်းပူပူ၊ ဟင်းပူပူနှင့် အဖန်ရည်ကျကျကို ဖူးခနဲ ဖူးခနဲမှုတ်၍ သောက်ပြီး စားပြီးသည့်အခါ နှာရည်များပင် ကျလာသည်။ ငရုတ်စပ်ကြောင့် တစ်ကိုယ်လုံး ပူထူရှိန်းဖိန်းနေသည်။ သစ္စာရှိလှသော ရွှေအပ်ငရုတ်သီးတောင့်က လျှာတွေကို မီးလောင်နေစေသလိုပင်။

မည်သို့ပင် ဆိုစေကာမူ စိန်သိန်းတို့နေထွန်းတို့ ငှက်ပျောခြံမှာ စားလို့လည်းကောင်း၊ အိပ်လို့လည်း ကောင်း၊ ချမ်းမြေ့ပျော်ရွှင်ဖွယ်ရာ ကောင်းလှပါသည်။ ဆက်လက်ပြီး အမဲသားကောင် ပစ်ခတ်ရရှိဖို့အတွက် ကံကောင်းဖို့တော့ လိုပါသည်။

ရေသိုးလျှိုသည် စိန်သိန်းတို့ ငှက်ပျောခြံ တောင်ဘက်မှာ ရှိသည်။ တောင်စောင်းအတိုင်း ဆယ့်ငါးမိနစ်ခန့် သွားပြီး ဖြတ်ဆင်းလိုက်လျှင် ရေသိုးလျှိုထဲ ရောက်သည်။ ဝါးဖြူရုံများ ဟိုတစ်ရုံ သည်တစ်ရုံ ရှိသည်။ ဝါးမျှစ်စို့များ ထွက်နေပြီဖြစ်၍ မျှစ်စို့ ချိုချိုကို ကြိုက်နှစ်သက်သည့် ဝက်များအတွက် စားကျင်းကောင်း ဖြစ်သည်။

ရေသိုးလျှိုတွင်းသို့ ဘဘိုးရနှင့် ကျွန်တော်တို့နှစ်ဦး ဆင်းမိသည့်အခါ မြေတစ်ပြင်လုံး ထယ်ထိုးထားသလို မွမွကြဲနေသည်။ ဝက်မိတ်သင်းလိုက်သည့် အချိန်ဖြစ်၍ တစ်ကောင်နှင့် တစ်ကောင် ကိုက်ခဲမိတ်သင်းလိုက်ရင်း တူးဆွမွှေနှောက်ထားခြင်း ဖြစ်သည်။

“ဒီ စားကျင်းတစ်ခုပဲ ဒီအနီးအနားမှာ ရှိတော့ ဝက်အုပ်က ဒီကကို မခွာတော့ဘူး။ လူးအိုင်ကလည်း ဓနုံးတောထဲတင်ဆိုတော့ လူးကျင်းက ထွက်တာနဲ့ စားကျင်းကို ရောက်တာမို့ စောစောဆင်းမှာ သေချာတယ်”

ဘဘိုးရက လျှိုထိပ်ကိုရောက်တော့ ဟိုဟိုသည်သည် လေ့လာရင်း ပြောသည်။ ဝါးဖြူမျှစ်များက အပြိုင်းအရိုင်း ထွက်နေကြသည်။ ဝက်အုပ် မွှေနှောက်ချိုးဖဲ့ စားသောက်ထားသည့်တိုင် မျှစ်စို့ပေါက်များ အများအပြား ကျန်သေးသည်။ အချိန် တော်တော်ကြီး ကြာအောင် စားကုန်နိုင်ဦးမှာ မဟုတ်တာ သေချာသည်။

လျှိုအတွင်း ဆင်းသွားပြီး သားကောင်စောင့်ဖို့ နေရာရှာကြရသည်။ လျှို၏ ဝဲဘက်စောင်းမှာ စင်ပြွမ်းပင် တစ်ပင် တွေ့ရသည်။ နေသာထိုင်သာရှိသည့် ခွကြားတစ်ခုကို ရွေး၍ ထိုင်သည်။ တောလိုက်မီးနှင့် သေနတ်ကို အသင့်ပြင်ထားသည်။ ကျည်တစ်ထောင့်ထိုး မောင်းတင် သော့ပိတ်လျက် သေနတ်ကို ပေါင်ပေါ်တင် ထားသည်။

ဘဘိုးရက ကျွန်တော်နှင့် ဆန့်ကျင်ဘက် လျှိုစောင်းမှ ခံတက်ပင် တစ်ပင်ပေါ်တွင် နေရာယူထားသည်။

ဘဘိုးရက သူ့ရန်ကြီးအောင် သုံးဆယ့်နှစ်လက်မ ဆယ့်နှစ်ဗို့ နှစ်လုံးပြူးသေနတ်ကို သူ့သား အငယ်ဆုံး ကလေးကို ပွေ့ထားသလို ရင်ခွင်ထဲမှာ ပွေ့ထားသည်။

ကျွန်တော်က ဘဘိုးရကို မြင်သလို ဘဘိုးရကလည်း ကျွန်တော့်ကို မြင်ရသည်။ တစ်ယောက်နှင့် တစ်ယောက် အရေးအကြောင်းကြုံလျှင်၊ ပြောလျှင်၊ ခေါ်လျှင် ကြားရပြီး လှမ်းကြည့်လျှင်လည်း မြင်ရသဖြင့် မုဆိုးအချင်းချင်း အပြန် အလှန် ကာကွယ်စောင့်ရှောက်နိုင်သည်။

နေဝန်းနီနီ၏ အလင်းရောင်သည် ရေသိုးလျှိုအတွင်းမှာ လင်းလင်းချင်းချင်း ရှိနေဆဲပင်။ အိပ်တန်းဝင်ခါနီး ဝါးသီးများ ကောက်စားနေသော ကြက်အုပ်မှ တောကြက်ဖ တစ်ကောင်၏ တွန်သံကို လျှိုထိပ်မှ ကြားရသည်။

လေသာတောင်၏ တောင်ဘက်ကြောမှာ သစ်တော၊ ဝါးတော ထူသည်။ ဓနုံးတောဘက်မှာဆိုလျှင် ကိုင်းတောက ပိတ်ကျပ်နေသည်။ လျှိုက စောက်နက်သဖြင့် ထင်းခုတ်၊ ဝါးခုတ်များ မလာတတ်ကြ။ လူသူ အရောက်အပေါက် နည်းသည်။ ဝက်အုပ်အတွက် ဘေးကင်းလုံခြုံသည့် အိပ်ကျင်းစားကျင်း ဖြစ်နေသည်။

တစ်နာရီသာသာခန့် သစ်ပင်ခွကြားမှာ ထိုင်စောင့်နေပြီးသည့်အခါ လျှိုထိပ်မှ အီခနဲ ဝက်ကိုက်သံများ သဲ့သဲ့ကြားရသည်။ ဘဘိုးရဆီ လှမ်းကြည့်လိုက်သည့်အခါ မေးဆတ်ပြသည်ကို မြင်ရသည်။

ဝက်အုပ် ဆင်းလာနေပြီ။ ကျွန်တော်တို့ သိပ်ကြီး ကြာကြာမစောင့်လိုက်ရ။

လျှိုအတိုင်း မည်းမည်း မည်းမည်းနှင့် ဝက်အုပ်က တစ်ကောင့်တစ်ကောင် တွန်းထိုးကိုက်ခဲလျက် ပြေးဆင်းလာနေသည်။ တစ်တောင်သာသာခန့် ဝက်ကလေးများလည်း ဝက်အုပ်ရှေ့မှာ ပြေးလွှားလှုပ်ရှား မြူးထူးကစားရင်း လာနေသည်။

ရေသိုးလျှိုကို သူတို့ အပိုင်စားရထားသော စားကျင်းလို သဘောထားနေကြပုံပင်။ ကြီးငယ် ရွယ်လတ် ကောင်ရေ နှစ်ဆယ်ကျော်တော့ အသာလေး ရှိနိုင်သည်။

ဝါးဖြူတောထဲ သူတို့ ဝင်လာပြီးနောက် ခွေးလှေး ပျားတောအနှံ့ ဆိုသည့်နှယ် ဟိုတစ်ရုံ သည်တစ်ရုံ ပေါက်လျက်ရှိသည့် ဝါးဖြူရုံများ အခြေမှာ ဖြူဖွေးသော အစွယ်များ၊ နှုတ်သီးများနှင့် မျှစ်စို့ များကို တူးဆွ ကိုက်ဝါးစားသောက်နေကြသည်။

မိတ်သင်းလိုက်ဝက် တစ်စုံ၊ နှစ်စုံဆီမှ အီခနဲ အီခနဲ အသံက ညံနေအောင် ထွက်ပေါ်လာသည်။ ဝက်အုပ်က သစ်ပင်ခွကြားမှာ စောင့်နေကြသော မုဆိုးနှစ်ဦးကို မမြင်ကြ။

အနံ့ခံစွမ်းအား ကောင်းပြီး အမြင်အကြားအာရုံ ညံ့ဖျင်းသောကြောင့် တစ်ကြောင်း၊ အထက်သို့ မော့ကြည့်တတ်သော အကောင်မျိုး မဟုတ်သည်က တစ်ကြောင်း မုဆိုးနှစ်ဦးကို မမြင်ကြခြင်း ဖြစ်သည်။

မိတ်လိုက်ဝက် နှစ်ကောင်အနက် အချိန်ပိဿာ သုံးဆယ်ခန့် ဝက်တစ်ကောင်က လျှိုအတိုင်း ပြေးထွက်လာသည်။ အမ ဖြစ်ပုံရသည်။ မလှမ်း မကမ်းမှ သူ့ထက်ကြီးသော ဝက်တစ်ကောင် ပြေးလိုက်လာသည်။ လျှိုစပ်မှ ကနဦး ပြေးလာသည့်ဝက်က ကန့်လန့်ခံလျက် ပြေးလိုက်လာသောဝက်အား မာန်ခံပြီး နှုတ်သီးဖြင့် မြေသားများကို ထိုးကော်၍ ပက်လိုက်သည်။

ပြေးလိုက်သော ဝက်ကြီးက ခါးစောင်းနီးပါး မြင့်သည်။ မာန်ခံနေသည့် ဝက်ဆီသို့ ရုတ်ခြည်း တိုးဝင်မလာဘဲ မလှမ်းမကမ်းမှ အီခနဲ အီခနဲ အသံပေးရင်း ပေရပ်နေသည်။ မာန်ခံနေသည့် ဝက်မက ခံတက်ပင်ပေါ် မှ ဘဘိုးရနှင့် နီးပြီး၊ ပေရပ်နေသော ဝက်ကြီးက စင်ပြွမ်းပင် ခွဆုံပေါ်မှ ကျွန်တော်နှင့်နီးသည်။ ဘဘိုးရက မေးဆတ်ပြပြီး သူ့ရန်ကြီးအောင် နှစ်လုံးပြူးကို မလိုက်သည်ကိုသာ ရုတ်ခနဲ မြင်လိုက်ရသည်။

ဒိုင်းခနဲ သေနတ်သံတစ်ချက် ကြားလိုက်ရပြီး မာန်ခံနေသော ဝက် ဖင်ထိုင်ကျသွားသည်။ နေရာမှပင် မရွှေ့နိုင်ဘဲ အီခနဲ အီခနဲ နာနာ ကြည်းကြည်း အော်နေသည်။

ကျွန်တော်က ဘဘိုးရနှင့် မရှေးမနှောင်းပင် ပေါင်ပေါ်တင်ထားသော အသင့်ပြင်ဆင်ထားပြီးဖြစ်သည့် ၃၀. ၀၆ ၀င်ချက်စတာစပရင်းဖီးလ်ရိုင်ဖယ်ဖြင့် ဝက်ကြီး၏ လက်ပြင်နှင့် လည်တိုင်အဆုံကို ချိန်လျက် သေနတ်မောင်းကို ညှစ်ဆွဲလိုက်သည်။

အူးခနဲ တစ်ချက်အော်လျက် ဝက်ကြီးသည် တုံ့ခနဲ ဖြစ်သွားပြီး လျှိုထိပ်သို့ နောက်ကြောင်းပြန်၍ ဝေါခနဲ ပြေးထွက်သွားသည်။

ဒိုင်းခနဲ တစ်ချက် သေနတ်သံကို ကြားရသည်။

ဘဘိုးရ ပစ်လိုက်သော ဝက်က နေရာတွင်ပင် ခြေကလန် လက်ကလန် တစ်ချက်၊ နှစ်ချက်ပြုလျက် ငြိမ်သွားသည်။ ဝက်အုပ်ကမူ သေနတ်သံ တစ်ချက် ထွက်ကတည်းကပင် ဦးတည့်ရာသို့ တဝေါဝေါ ပြေးထွက် ပျောက်ကွယ်သွားချေပြီ။

သစ်ပင်ပေါ်မှ အသီးသီး ဆင်းလာသော ကျွန်တော်တို့နှစ်ဦး ဘဘိုးရပစ်ထားသော ဝက်ကြီးအပါးသို့ ရောက်လာကြသည့်အခါ ဝက်ကြီးက သေနေပြီ။ နှလုံးတည့်တည့်ကို ခဲသုံးလုံး တြိဂံပုံအတိုင်း စုဝင်သွား ခြင်းဖြစ်၍ နေရာတွင် ဝပ်ကျသွားခြင်း ဖြစ်သည်။ ဘဘိုးရက သေချာအောင် ကျည်မနှင့် လည်တိုင်ကို နောက်တစ်ချက် ထပ်ပစ်လိုက်ခြင်းသာ ဖြစ်၍ သေနတ်နှစ်ချက်နှင့် အသက် ထွက်သွားခြင်း ဖြစ်ပါသည်။ အချိန် သုံးဆယ်ကျော် ဝက်မဖြစ်၏။

“ကျွန်တော့်ကောင်ကတော့ မလဲဘူးဗျာ၊ ဒီမှာတော့ သွေးစက်တွေ မှန်တဲ့နေရာမှာတင် အပုံလိုက်ပဲ”

သွေးပုံတစ်ပုံ တွေ့ရပြီး စွတ်ကြောင်းရာတစ်စုံ ဆယ်ပေလောက်အထိ မြင်ရသည်။ သွေးစက်များက ဝါးဖြူရုံများ၌ ခါးစောင်း မရှိတရှိတွင် စဉ်၍ ကျန်ခဲ့သည်။

“အာစရိ ပစ်တဲ့ကောင် အထိတော့ နာသွားပြီ။ နှလုံးတည့်တည့်ကို မထိလို့ မလဲဘူး၊ ရှေ့လက်နှစ်ဖက်ကတော့ ထောက်ကို မထောက်နိုင်တော့ဘူး၊ ဒူးထောက်ကျပြီး တလောထိုး ပြေးထားတာ၊ စွတ်ကြောင်းကိုပဲ ကြည့်တော့”

ဘဘိုးရက မြေပြင်က အနေအထားကို လိုက်လံကြည့်ရှုရင်းပြောသည်။

“ခွေးခေါ်ပြီး လိုက်တာပေါ့ ဘိုးရရာ။ မနက်စောစော နေထွန်းတို့ တောင်ခြေဆင်းခိုင်းပြီး ကိုထွန်းအေး ခွေးတွေ ခေါ်ခိုင်းလိုက်ပေတော့”

ဘဘိုးရ လှဲထားသောဝက်ကို စိန်သိန်းတို့ ဖျက်နေစဉ် ကျွန်တော်က တဲပေါ်တွင် အခါးရည်သောက်ရင်း စဉ်းစားနေမိသည်။

ကျွန်တော်၏ အမဲပစ်ရိုင်ဖယ်သည် ဒသမသုံးဆယ် ပြောင်းအချင်းရှိသည့် အမဲပစ်ရိုင်ဖယ် ဖြစ်သည်။ (၁၉ဝ၆) ခုနှစ်က ထုတ်လုပ်သည့် စပရင်းဖီးလ် အမျိုးအစား အမေရိကန် တပ်မတော်သုံး ရိုင်ဖယ်နှင့် အမျိုးအစားတူ သေနတ်ဖြစ်သည်။ ယမ်းအားဂရမ်အချိန် (၂၂၀)ရှိပြီး (Metal Cover) သတ္တုခွံအုပ် ခဲထိပ်ဖူး ဖြစ်သည်။ ဝက်ကောင်ကြီး၏ လက်ပြင်နှင့် လည်တိုင်ကို ချိန်၍ ပစ်လိုက်သော ကျည်ဖူးသည် ဝက်ကောင်၏ နှလုံးတွင်းကို အဖျားခတ်လျက် ရှေ့လက်ပြင်အစုံကို ဖောက်ထွင်းချိုးဖဲ့ပစ်လိုက်သည်။ သေကွင်းကို တည့်တည့်မထိ၍ နေရာတွင်ပင် တုံးခနဲ မလဲဘဲ ဒူးထောက်လျက် တောတိုးပြေးသွားခြင်း ဖြစ်သည်။ အိပ်ကျင်းရှိရာ ဓနုံးတောရှိ ကိုင်းပင်များကြား တစ်နေရာမှာ ဝပ်နေလောက်ပြီ။

နာနာကြည်းကြည်းနှင့် သူ့ကို ဒဏ်ရာ အနာတရ ဖြစ်စေမည့် လူသားမုဆိုးကို အသေအကျေ တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေမည်က အသေအချာ ဖြစ်သည်။ ဝက်နာသည် အလွန်ကြောက်စရာကောင်းသည်။ လျှော့တွက်၍ မဖြစ်ကြောင်း ဘဘိုးရရော ကျွန်တော်ပါ နားလည်ကြသည်။

ကိုထွန်းအေးနှင့်အတူ ခွေးငါးကောင် ပါလာသည်။

အရုဏ်တက်ခါစက စိန်သိန်းတို့ တောင်ခြေဆင်းသွားပြီး ခေါ် ခဲ့ခြင်းဖြစ်သည်။ ယမန်နေ့က ဘဘိုးရ ပစ်ခဲ့သော တောဝက်သားတွဲများလည်း ပါသွားခဲ့ပြီး ဖြစ်သည်။ ကိုထွန်းအေးခွေးတွေက အမဲလိုက်ခွေးကောင်းများ ဖြစ်သည်။ သတ္တိလည်း ရှိသည်။ အနံ့ခံလည်း ကောင်းသည်။ သခင့်အထာကိုလည်း သိကြသည်။

လှံမုဆိုး ကိုထွန်းအေးက သူ့ခွေးငါးကောင်ကြောင့် နာမည်ကြီးနေခြင်း ဖြစ်သည်။ ပစ်ကျင်းသို့ ကျွန်တော်တို့ ဆင်းလာကြသည့်အခါ နေပွင့်နေပြီ။

ရေသိုးလျှိုတွင်းရှိ ပစ်ကျင်းကို ရောက်ပြီး စွတ်ကြောင်းအတိုင်း လိုက်သွားကြသည်။ နီမ ခေါင်းဆောင်သော ခွေးအုပ်က မြေပြင်ပေါ်ရှိ စွတ်ကြောင်းအတိုင်း လိုက်သွားကြသည်။ နီမ ခေါင်းဆောင်သော ခွေးအုပ်က မြေပြင်ပေါ်ရှိ စွတ်ကြောင်းအတိုင်း အနံ့ခံရင်း ဓနုံးတောဘက်သို့ ဦးတည်နေသည်။

ဓနုံးတောအတွင်းရှိ ကိုင်းပင်များမှာ ထင်သလောက် ပိတ်ကျပ်မနေ။ နွေကာလမို့ ခြောက်သွေ့ပြီး ကျဲပါးနေသည်။ တောကောင်များ တိုးထားသဖြင့် စွတ်လမ်းကြောင်းများ အမြွှာမြွှာကွဲနေသည်။ လမ်းကြောင်းများပေါ်မှာ တောကောင်မျိုးစုံ ခြေရာများ မွမွထလျက် ရှိသည်။ စွတ်ကြောင်းတစ်စုံ ထင်းထင်းကြီး ထင်နေသည့် လမ်းကြောင်းတစ်ခုနောက်သို့ ကိုထွန်းအေး၏ ခွေးအုပ်က တအိုင်အိုင်အော်ရင်း ပြေးဝင် သွားကြသည်။ ခွေးတွေ တောကောင်နံ့ ရပြီ။

“ခွေးတွေ ရှေ့ကသွင်းပြီး ဘဘိုးရနဲ့ ကျွန်တော်ပဲ ဝင်ရအောင်။ ကိုထွန်းအေးနဲ့ ကိုနေထွန်း နောက်က လိုက်ခိုင်းတာပေါ့။ အမဲနဲ့ ခွေးနဲ့ အရင်တွေ့မှာ။ ခွေးကို ခံနေတုန်း ကျွန်တော်တို့နှစ်ယောက် ဒင်းကို သတ် နိုင်ပါလိမ့်မယ် ဟုတ်လား”

“ကောင်းတယ်၊ ဝက်က အနာဆိုတော့ သတိတော့ထား။ ကိုထွန်းအေး ခင်ဗျား လှံနဲ့ စွတ်မဝင်နဲ့။ ခင်ဗျားရှေ့မှာ ကျုပ်တို့ သေနတ်နှစ်လက်ရှိတယ်။ နေထွန်းလည်း မင်းလှံကို အသင့်ကိုင်ထား။ သတိမလစ်စေနဲ့”

ဘဘိုးရက သတိပေးသည်။ ကျွန်တော်တို့သည် စွတ်လမ်းကြောင်းအတိုင်း အမဲပစ်သေနတ်များကို အသင့်ကိုင်လျက် တိုးဝင်လိုက်ကြသည်။

ကိုင်းတောတစ်ခွင်တွင် နေခြည်က ဝင်းပနေသည်။ နီမနှင့် ခွေးအုပ်က ကိုင်းပင် အကြိုအကြားများသို့ တိုးဝင်လျက် တအိုင်အိုင် အသံပြုသွားသည်။ မကြာပါ၊ ခွေးတွေ စုပြုံ အိုင်သံပြုလျက် တဝေါင်းဝေါင်း ဟောင်သည်။

ဝဲဘက်မှ ပန်းတက်လိုက်သော ကျွန်တော်က အမဲကို ဦးစွာမြင်သည်။ ကိုင်းတော လူးကျင်းဘေးမှာ ဒူးတုပ်၍ ဝပ်နေသော ဝက်ကောင် ပတ်ပတ်လည်မှ သူ့ကိုယ်ခန္ဓာကို ခုန်၍ခုန်၍ ဟပ်နေသည့် ခွေးတွေကို ဝုခနဲ ဝုခနဲ အစွယ်နှင့် လှမ်းပက်သည်။ ဒဏ်ရာကြောင့် တစ်ညလုံး ခံထားရပြီး အားအင်ကုန်ခန်းနေပုံရသည်။

သို့တစေ တစ်ချက်တစ်ချက် ခွေးကို ခုန်၍ခုန်၍ ပက်လိုက်သေး၏။ ခွေးအုပ် ရှဲအသွားမှာ ဒေါသတကြီး အစွယ်နှင့် လှမ်းပက်နေသည့်ဝက်ကို ကျွန်တော်နှင့် ကန့်လန့် အနေအထားအရောက်မှာ နားနောက်သို့ ချိန်၍ ပစ်လိုက်သည်။ အမဲပစ်ရိုင်ဖယ် သေနတ်သံသည် ဓနုံးတောအတွင်းမှာ ဟိန်း၍ ထွက်ပေါ်လာသည်။ ပဲ့တင်သံထပ်၍ ရေသိုးလျှို တစ်လျှောက် ရိုက်ခတ်သွားသည်။

ဝက်ကောင်ကြီးသည် အရုပ်တစ်ရုပ် ကြိုးဖြတ်ချလိုက်သည့်နှယ် ပုံကျသွားသည်။ ဦးနှောက်များ ဖွေးခနဲ ပွင့်ထွက်သွားသည်။ သေနတ်ဒဏ်ရာကြောင့် တစ်ချက်၊ နှစ်ချက် လှုပ်ပြီး ငြိမ်သက်သွားသည်။

နီမတို့အုပ်စု ဝေါင်းခနဲ ဝေါင်းခနဲ ဝက်ကို ဝင်ဆွဲ ကိုက်ခဲပစ်ကြသည်။ ကိုထွန်းအေးက ငေါက်လိုက်မှ ဘေးသို့ ရှဲသွားပြီး လျှာတစ်လစ်နှင့် ဝပ်နေကြ၏။

ကျွန်တော်တို့ ပစ်ချက်ကို ကြည့်လိုက်သောအခါ ၃၀. ဝ၆ ကျည်ဖူးသည် ဝက်ကောင်၏ ဘယ်လက်ပြင်ကို ဖောက်ထွင်းလျက် နှလုံးအဖျားကို ဖဲ့ထုတ်သွားပြီး ညာဘက်လက်ပြင်ကို ချိုးကာ တစ်ဖက်မှ ဖွင့်ထွက်သွားသည်။

ထို့ကြောင့်ပင် ဝက်က ဒူးတုပ်သွားပြီး အရှိန်ဖြင့်သာ ဝါးလုံးထိုး ပြေးသွားခြင်း ဖြစ်သည်။ မတ်တတ်ပင် မရပ်နိုင်တော့။

နှလုံးကို အဖျားမှ ဖဲ့သွားသဖြင့် တစ်ညလုံး သွေးထွက်လွန်ပြီး ခွေးကိုပင် အနိုင်နိုင် ခံနေရခြင်း ဖြစ်သည်။

ကျွန်တော်တို့ မုဆိုးတစ်သိုက် ငှက်ပျောခြံသို့ ရောက်သည့်အခါ စိန်သိန်းက နံနက်စာ ချက်ပြီးနေပြီ။ ဘဘိုးရ အမယ်ကြီး ထည့်ပေးလိုက်လိုက်သည့် ပုသိမ်ပေါ်ဆန်းမွှေးကို ချက်ထားသော ထမင်းနံ့က မွှေးကြိုင်နေသည်။

ဘီးစပတ်တုံးလောက်ကြီးသည့် တောဝက်သားတုံးများကအိုးထဲမှာ သွားရေယိုစရာ။ ငရုတ်သီးထောင်းကလည်း အဆင်သင့်။

ကိုယ်လက်သန့်စင်ပြီး စိန်သိန်းတို့ တဲကလေးပေါ်မှာ ရေနွေးကြမ်းပူပူနှင့် ကျွန်တော် နားနေမိသည်။

ဝက်ကောင်ကြီးကို ရေနွေးပူပူနှင့် ဖြောလျက် ဖျက်သူကဖျက် ဆေးလိပ်သောက်သူက သောက်နှင့် ယောက်ယက်ခတ်နေကြသည်။

သည်နွေဦးမှာတော့ လောက်လောက်လားလား ဈေးဦးပေါက်သွားပြီ မဟုတ်လား။

(ပို့ဆောင်ရေးမဂ္ဂဇင်း)

– ပြီး –

စာရေးသူ – ခင်မောင်အေး(မန္တလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

မုဆိုး တံငါ စာပေများပေ့ချ်မှကူးယူဖော်ပြသည်