မျက်ရည်ကြခြင်းအနုပညာ

တင်မောင် ဟဲ့ လို့တောင်ဆိုသူက ဆိုကြတာ မဟုတ်လား။

( ၂ )

” ကျွန်မတို့က မြင်းခြံနယ်ရွာတွေကဆိုတော့ အစ်မကြီးကို ငယ်ငယ်ကတည်းက ရင်းနှီးနေပြီ … ကျွန်မတို့ငယ်ငယ် ဘုန်းကြီးပျံပွဲဆိုရင် တည်းကျောင်းတကာ ရောက်တာပဲ … မဏ္ဍပ်က ဧည့်ခံတဲ့ဖျော်ရည် တွေ သောက်လိုက် ဂျင်းသုပ်တွေ ပလုပ်ပလောင်းစားလိုက် … မင်းသမီးတွေ ဧယဉ်ကျုးတာ ကြည့်လိုက်နဲ့ ပျော်ခဲ့ရတာကိုမမေ့ဘူး … တစ်မဏ္ဍပ်လုံးက ငိုတော့ ကျွန်မတို့ကလည်း လူကြီးတွေနဲ့ ရောငိုခဲ့ကြတာပဲ ”

မင်းသမီးကြီး သာစည်ခိုင်ကို ပထမတစ်ခေါက် စာပေဟောပြောပွဲကအပြန် ဝင်တွေ့နှုတ်ဆက်ရင်း ကျွန်မ မိတ်ဆက်ခဲ့သည်။ ကျွန်မက အရွယ်အရ တော်တော်ကြီး ကြီးလောက်ရှာရော့မယ် မှန်းထားသော်လည်း အရွယ်ကောင်းသေးသည်။ အသားအရေစိုစိုပြေပြေ၊ ရုပ်ချောအသံကောင်း မင်းသမီးကြီးကို တွေ့လိုက်ရတော့ ဟိုတုန်းက ဘုန်းကြီးပျံပွဲတွေမှာ စင်အောက်က ထိုင်ငေးခဲ့ရသည့် မင်းသမီးကြီးပါလားဆိုသည့် ခံစားမှုကို ရနေခဲ့ပါ၏။ အစ်မကြီးသာစည်ခိုင်ကလည်း ကျွန်မကို သိသတဲ့။ ဘယ်လိုများ သိတာပါလိမ့်။

” ဆရာမဝတ္ထုတစ်ပုဒ်ထဲမှာ ဘုန်းကြီးက ကြမ်းပေါက်ကျွံကျတော့ မနက်ကျ ဆရာမကို မိန့်တယ်ဆိုတာလေ ဆရာမရဲ့ … ကျောင်းဆရာမနှယ် လူကိုယ် သာစည်ခိုင်စော် နံသွားတာပဲဆိုတာ ကျွန်မဖတ်တယ် … ကျွန်မ မလဲ ဘယ်ကုသိုလ်ရယ် မသိပါဘူး … ထမင်းတစ်လုပ် ငိုယိုစားနေရသလိုပဲ ”

ကျွန်မက ကျွန်မ ရေးချင်သည့် မင်းသမီးကြီးတွေထဲမှာ အစ်မကြီးသာစည်ခိုင်ပါမှ ဖြစ်မှာ၊ ကျွန်မကို အစ်မဘဝ အတွေ့အကြုံတွေ ပြောပြပါဦးလို့ ခွင့်တောင်းတော့ လက်ခံသည်။ သည်လိုနှင့် သာစည်ကို ကျွန်မ နောက်တစ်ခေါက် ထပ်ရောက်ဖြစ်ခဲ့သည်။ မင်းသမီးကြီးကို အင်တာဗျုးလုပ်ရန်သက်သက် သွားခြင်းဖြစ်ပါ၏။ သာစည်ရောက်လျှင် ကူညီနေကျ အောင်သုခမိသားစုများဖြစ်ကြသော မမြသန္တာနှင့် ကိုမျိုးတို့ မောင်နှမဆီ အရင်ဝင်သည်။ ပြီးမှ မင်းသမီးကြီး သာစည်ခိုင်အိမ်ကို သွားကြသည်။ ကျွန်မတို့ရောက်တော့ မင်းသမီးကြီးက အိမ်မှာမရှိ။ သာစည်မြို့နှင့် မဝေးလှသောရွာမှ စေတီတော်ထီးတော်တင်ပွဲကို သွားသတဲ့။ ကျွန်မတို့ ဆက်လိုက်ရသည်။ တွေ့ပါသည်။ ကွင်းပြင်က မဏ္ဍပ်ကြီးထဲမှာ သမီးကလေးက ကလို့။ မအေက ဆိုလို့။ တစ်ချို့ပွဲတွေမှာ သားက အော်ဂင်တီးသတဲ့။ အနုပညာနှင့် မွေ့လျော်ကြသည့်မိသားစုကို မြင်ရတော့ ကျွန်မ ဝမ်းသာသည်။

( ၃ )

မင်းသမီးကြီး သာစည်ခိုင်က သာစည်သူ။ ဖခင်က ဟံဇားအရှေ့ဘက်က သာဂရသား။ ဒေါ်သာစည်ခိုင်က သာဂရမြောက်ရွာမှ ကြီးခဲ့ရသည်။ ငယ်ငယ်ကတည်းက အနုပညာပိုးပါခဲ့သည်။ အိပ်ရာဝင်ပုံပြင်တွေက ဖခင်ကြီးဆိုငိုပြသော တေးသီချင်းတွေ၊ ဇာတ်စာတွေ ဖြစ်ခဲ့သည်။ အမေက ကုန်စုံဆိုင်ကို ဆားထုတ်ဝယ်ခိုင်းတော့ ရေဒီယိုရှိတဲ့ ဆိုင်ကိုမှ သွားဝယ်သတဲ့။ ရေဒီယိုက လာသည့်သီချင်းတွေကို အားရပါးရနားထောင်ပြီးမှ ပြန်တော့ မအေက ကြာရပါ့မလားဆိုပြီး ဆီးရိုက်သတဲ့။ ရွာမှာ အသံချဲ့စက်ဖွင့်သံကြားရင် ဘယ်လိုဝမ်းသာမှန်း မသိပါဘူး ဆရာမရယ်လို့ ပြောပြသည်။

” အသံချဲ့စက်ဟွန်းကြီး သစ်ပင်ပေါ်တင်ပြီဆိုရင် အောက်က မကြားရမှာစိုးလို့ ဟွန်းချိတ်ထားတဲ့ သစ်ပင်နဲ့တည့်တည့်က သစ်ပင်ပေါ် တွယ်တက်တာပဲ … ပြည့်ပြည့်ဝဝကြားချင်လို့လေ … ကျွန်မတို့ခေတ်က ဇာတ်ထုတ်တွေ၊ ဓာတ်ပြား၊ ပြဇာတ်တွေ တီးလုံးကအစ အကုန်အလွတ်ရတယ် … ဓာတ်စက်ဖြုတ်ပြီးများပြန်ကြပြီဆိုရင် ရင်ထဲဟာ ကျန်ရစ်ခဲ့တာပဲ … လွမ်းလိုက်တာ ဘယ်လိုလွမ်းမှန်း မသိဘူး ”

အနုပညာပါရမီကြီးသူတို့၏ စွဲလန်းမှုကို ကျွန်မ နားလည်နိုင်ပါသည်။ အဖေဇာတ်မင်းသားကြီးကလည်း သူ့ခေတ်နှင့် သူ့အခါ ထင်ပေါ်သလောက် ကျော်ကြားခဲ့သူ။ ကိုယ်ပိုင်ဇာတ် ထောင်ခဲ့သူ။ သည်အဖေကပဲ သီချင်းတွေ သင်ပေးသည်။ ဇာတ်စာတွေ သင်ပေးသည်။ တရားဓမ္မကို ဖွဲ့သောသီချင်းတွေကို ငယ်စဉ်ကပင် ဖခင်ထံမှ အကြားနာခဲ့သည်။ အဖေဆိုခဲ့သည့်သီချင်းတွေကို ဧယဉ်ကျုး အနားသတ်သည့်အခါ ပြန်ဆိုခဲ့သည်။ ဖခင်ကွယ်လွန်တော့ မိခင်နှင့်အတူ မောင်နှမတစ်တွေ ရုန်းခဲ့ကန်ခဲ့ရပုံတွေကို မကွယ်မဝှက် ပြောပြသည်။ ဆင်းရဲခြင်းကို ကြုံတွေ့ခဲ့ရတော့ ငါဆင်းရဲလို့တော့ မဖြစ်ဘူး ဆင်းရဲရင် လူ့အောက်အတော်ကျတာကိုး ဆိုသည့်စိတ်နှင့် ကြိုးစားခဲ့ကြောင်းကို ရိုးရိုးသားသား ပြောပြသည်။

” ဆင်းရဲလို့တော့မဖြစ်ဘူး … မထူးဘူး … မင်းသမီးလုပ်ရင် ပိုက်ဆံရမှာပဲ … ကျောင်းမနေရရင်လည်း နေပါစေတော့ … အဆိုတော်ကြီးမလုပ်ရရင်လည်း နေပါစေတော့ … လာခေါ်တဲ့ဇာတ်နဲ့ လိုက်တော့မယ် … အငြိမ့်ကခေါ်ရင်လည်း အငြိမ့်နောက် လိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ် … သည်တုန်းက ကျွန်မခုနှစ်တန်းရောက်နေပြီ … ကျွန်မ ကျောင်းသိပ်နေချင်ခဲ့တာ ဆရာမရဲ့ ”

ခုနှစ်တန်းဆိုတော့ ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်အရွယ်ပေါ့။ တစ်ခါတော့ မိတ္ထီလာမှာ မင်းသမီးကြီး ဒေါ်ရွှေလိပ်ပြာနှင့် ဆုံသည်။ မင်းသားကြီးအောင်မောင်းကြည်ရဲ့သမီး နောက်ပိုင်း ကနိုင်တယ်ဆိုတော့ ဒေါ်ရွှေလိပ်ပြာက အမိမဲ့သားကလေး ရှင်ပြုကာနီးမှာ ငိုတဲ့ငိုချင်းတစ်ပုဒ် ဆိုပြစမ်းအေလို့ခိုင်းတော့ … ညည်း အတော်ငိုတတ်တာပဲအေ့ … ညည်း မာမီနဲ့ လိုက်ခဲ့ပါလား ‘ လို့ ချီးမွမ်းသည်။ ကျွန်မအင်တာဗျုးမှာပင် ဒေါ်သာစည်ခိုင်က ဧယဉ်ကျုးခွင်တွေ အကြောင်း ဆိုပြငိုပြနေတာကိုက သရုပ်ပါလိုက်တာ ကျွန်မတို့ပင် မျောပါနေရသည်။ စကားကြွယ်သည်။ အသံကစားတတ်သည်။ နှုတ်သွက်လျှာသွက်ရုံမက စာတွေကလည်း ရလိုက်တာ ဖြောင်းဖြောင်းပြေးလို့။ ဒေါ်သာစည်ခိုင်၏ အနုပညာနှင့် ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေကို ကျွန်မ စာတစ်စောင်ပေတစ်ဖွဲ့ မှတ်တမ်းတင်ချင်လို့ တော်တော်များများ မေးဖြစ်ခဲ့သည်။

( ၄ )

” ကျွန်မကတော့ တအားတင့်တယ်တဲ့ ဘုန်းကြီးပျံပွဲတွေကျတော့လည်း အဆောင်အယောင်တွေနဲ့ တင့်တယ်လိုက်တာ ဂုဏ်ပုဒ်တွေနဲတန်အောင် တအားကြိုးစားမှ တအားပူဇော်မှဟဲ့ … ပင်ပင်ပန်းပန်း အရိုးကြေကြေ အရေဆုတ်ဆုတ်ပေါ့ ငါ တအားလုပ်မယ်ပေါ့ … နွမ်းပါးတဲ့ ဆင်းရဲတဲ့ ဘုန်းကြီးပျံလည်း အော် … ဆင်းရဲတဲ့ကြားက သာစည်ခိုင်ကိုပါချင်လို့ ငှားကြတာ … အမယ်လေး၊ ငါ တအားငိုမှ တအားလုပ်မှလို့ စဉ်းစားတာ … ဘယ်လိုဘုန်းကြီးပျံပွဲဖြစ်ဖြစ် ကျွန်မကတော့ ခြေကုန်လွှတ်တာပဲ ”

သဘင်အနုပညာရှင်တွေဆိုတော့ နယ်အမျိုးမျိုး၊ ရွာအမျိုးမျိုး၊ လူအမျိုးမျိုး တွေ့ရသည်။ တစ်ချို့ပွဲတွေမှာ သည်းခံရသည်။ ကိုယ့်ဘက်က ပျက်ကွက်တာများရှိလျှင် မျက်နှာငယ်ရသည်။ ‘ ရွာက သာစည်ခိုင်ကတဲ့ပွဲ မကြိုက်ဘူးလို့များကြားရရင် အဲသည့်ရွာက ထမင်းကို မဆိုထားနှင့် ရေပင်သောက်လို့ မျိုမကျချင်ဘူး၊ ကိုယ့်ဘက်က လစ်ဟင်းတယ် ထင်လို့ပါ ‘ လို့ ဆိုရှာသည်။ ကျွန်မကို ဆိုပြငိုပြ ရွတ်ပြသည့်စာတွေ သီချင်းတွေ မနည်းပါ။ စာတွေရွတ်နိုင်သလောက် တရားသံဝေဂသီချင်းတွေကလည်း ကောင်းလှပါ၏။

” ကျွန်မက တရားတော်အဆီအနှစ်တွေမပြောနဲ့ …. မြို့လယ်ကမဏ္ဍပ်အရပ်မှာတဲ့ ကုသိုလ်ဆိုတဲ့ကြားနေကျ သီချင်းကိုတောင် ပရိတ်သတ်မငိုငိုအောင်ပြောတာ …. မငို ငိုအောင်ဆိုတာ ဆရာမရဲ့ … ကျောင်းကြီးအိုဆိုတော့ အရှင်ဘုရားပြုစုပျိုးထောင်ခဲ့တဲ့ ကျောင်းကြီးလေဘုရာ့ … ကျောင်းတော်ကြီးက သခင်ပြန်မလာတော့ဘူးဆိုတော့ ငိုနေပါရောလားဘုရား … ကျောင်းကြီးလို သက်မဲ့တောင်ငိုနေမှတော့ ဆရာတော့်ကျေးဇူးတော်တွေနဲ့ မကင်းကြသူများ ဆိုဖွယ်ရာမရှိတော့ပါဘုရား …သာစည်ခိုင်ကတော့ ဆရာတော်ကြီးရေ ကြွပါတော့ ကျောင်းကြီးရှည်လှပေါ့ … ကျောင်းကြီးမျှော်လှပေါ့ … လက်ရန်းငယ်ပျို … ရှင်လူပျိုငယ်ကတည်းက … အဲလို သီချင်းဆိုရင်းနဲ့ ကျောင်းဆိုတော့ ကျောင်းကကျန်ခဲ့တဲ့ ဦးပဉ္ဇင်းတွေနာမည် ထည့်ရွတ်ပေါ့ ဆရာမရယ် … ရှင်လူပျိုငယ်ကတည်းက ဦးပညာသာမိတို့၊ ဦးတေဇနိယတို့ ဦးဝါယမတို့ဘုရား … ကျောင်းကြီးရှင်ကို မျှော်ကြပြီးပေါ့ဘုရား … ပြီးမှ ကျောင်းအိုလို့ရွှဲ တပည့်တော်မတို့မှာတော့ ကျမျက်ရည်မစဲ … ဆိုတာမျိုး ဖွဲ့ဖွဲ့နွဲ့နွဲ့ငိုတုန်းမှာ ဗျောက ဗြုန်းကနဲတီးလိုက်ရင် တစ်မဏ္ဍပ်လုံး မငိုသူ မရှိဘူး ”

ဟုတ်ပါရဲ့။ ကျွန်မတို့ရွာတွေမှာ မင်းသမီးကြီး သာစည်ခိုင် ဧယဉ်ကျုးမှဖြင့် မငိုလိုက်ရသူ မရှိ။ ‘ ကောင်းလိုက်တဲ့ မိန်းမအေ မင်းသမီးဆို ဒါမျိုးမှ တို့ကကြိုက်သာ ‘ ဖြစ်ကြရသည်။ သာစည်ခိုင်ဧယဉ်ကျုး ငုတ်တုတ်ထိုင်ကြည့်ပြီး လွမ်းမကျန်သူ မရှိ။ ကျွန်မတို့လည်း ငိုခဲ့ရတာပါပဲလေ။

( ၅ )

ကျွန်မတို့ပြန်တော့ မင်းသမီးကြီးက ရှမ်းပြည်နယ်ထွက် လက်ဆောင်တွေ ပေးလိုက်သေးသည်။ မနေ့တစ်နေ့ကပဲ ရှမ်းပြည်တောင်ပိုင်းနယ်မှာ ဧယဉ်ကျုးပြီး ပြန်ခဲ့တာလို့ဆိုပါ၏။ ကျွန်မတို့ ငယ်ငယ်ကလေးကတည်းက ဧယဉ်ကျုးတွေ ကခဲ့သော သာစည်ခိုင်၊ ကနေ့အချိန်အထိလည်း ဧယဉ်ကျုးနေဆဲ။ ‘ ကျွန်မ မလည်း ဘယ်လိုကုသိုလ်ရယ်မသိပါဘူး ထမင်းတစ်လုပ် ငိုယိုစားနေရသလိုပဲ ‘ ဆိုသည့် မင်းသမီးကြီး၏ စကားကို ကျွန်မ စဉ်းစားကြည့်မိပါ၏။ တကယ်တော့ မျက်ရည်ကျအောင် ညှို့ယူနိုင်စွမ်း ရှိခြင်းသည်လည်း အနုပညာပင် မဟုတ်လား။

စွယ်စုံရမင်းသမီးကြီး ဒေါ်သာစည်ခိုင်နှင့် ကျွန်မ ထပ်တွေ့ရပါဦးမည်။ ဆိုခိုင်းငိုခိုင်းချင်ပါသေးသည်။ သာစည်ကို တစ်ခေါက် ရောက်ချင်ပါသေးသည်။

ခင်ခင်ထူး