ဘိုးတော်ပေနှင့်ကျွန်းတိုင်ကြီး

လူကြီးကို ကြည့်လိုက်ပြီး

    “ဆရာကြီး ရောက်လာပြီလား မျှော်လိုက်ရတာဆရာကြီးရယ် ကျနော်တို့က မလာတော့ဘူးတောင် ထင်နေတာ “

    “ပြောပြီးသားပဲ မလာလို့ဘယ်ဖြစ်ပါ့မလဲ ဒီမှာ ကျုပ်တပည့်နဲ့ မြင်းလှည်းဆရာပါ ပါတယ် နေဖို့ထိုင်ဖို့ အဆင်ပြေနိုင်မလား “

    “မပြေစရာ ဘာမှမရှိပါဘူး ဆရာကြီးရယ် ခြံထဲကို မြင်း လှည်းမောင်း၀င်ခဲ့ပါ ခင်ဗျ”

    “ကောင်းပါပြီ ကဲ ငြိမ်းမောင်ရေ ခြံထဲမောင်းကွာ “

    အိမ်ရှင်လင်မယားမှ ခွင့်ပြုလိုက်သည်နှင့် မြင်းလှည်းလေးသည် အိမ်ခြံဝင်းထဲသို့ ခြူသံတချွင်ချွင်နှင့် ရောက်လာပါတော့ သည်။ထိုမြင်းလှည်းလေးပေါ်တွင် ပါလာသူများမှာ မြင်းလှည်းဆရာကိုငြိမ်းမောင်၊အထက်လမ်းဆရာကြီး ဦးကျော်လှိုင် နှင့် ပေတူးတို့ ဖြစ်ကြသည်။မြင်းလှည်းရပ်လိုက်သည်နှင့် ဦးကျော် လှိုင် ဆင်းသွားသော်လည်း မြင်းလှည်းပေါ်တွင် ထိုင်လျက်သား ငေးနေသော ပေတူးအား ကိုငြိမ်းမောင်မှ လက် နှင့် ပုတ်ကာ သတိ ပေးလိုက်ရသည် ။

    “ကောင်လေး ‌ဆင်းလေကွာ ဟိုမှာ ဆရာကြီးက အောက်တောင် ရောက်နေပြီ “

    “အော် ‌ဟုတ်ကဲ့ ရောက်ပြီလားဗျ”

    “ဒီကောင်နဲ့တော့ ခက်ပါတယ် ရောက်ပြီ မင်းတလမ်းလုံး ဘာတွေ တွေးနေတာလဲ “

    “ဘာမှ မဟုတ်ပါဘူးဗျာ “

    ပေတူးသည် မြင်းလှည်းပေါ် မှ ဆင်းလိုက်ပြီး သူတို့အတွက် ‌နေရာပေးထားသော အိမ်ကြီးအောက်ထပ်ရှိ ထိုင်ခုံများတွင် ထိုင်လိုက်သည်။မကြာသောအချိန်တွင် ကိုငြိမ်းမောင် ရောက် လာပြီး ပေတူး၏နံဘေး‌တွင် ၀င်ထိုင်လိုက်သည်။ထို့နောက်  အိမ်ရှင်လင်မယားသည် ဦးကျော်လှိုင်တို့အတွက် စားစရာများပြင်ဆင်ပေးပြီး‌နောက် သူတို့ပါ ထိုင်ခုံတွင် ထိုင်လိုက်ကြသည်။ အိမ်ရှင်လင်မယား ထိုင်လိုက်သည်နှင့် ဦးကျော်လှိုင်မှ စကားစ လိုက်၏ ။

    “ကဲ တူကြီး နဲ့ တူမကြီး ဘယ်လိုပြဿနာတွေ ရှိနေလဲ ဆိုစမ်းပါဦး”

    “ပြဿနာကတော့ “

    “ဝုန်း “

     “ဝုန်း “

     “တောက် “

    အိမ်ရှင်အမျိုးသား စကားစလိုက်သည် နှင့် အိမ်အပေါ်ထပ်မှ ကြမ်းပြင်ကို ခြေထောက်နှင့် ဆောင့်သံ၊တောက်ခေါက်သံများ ဆူညံသွားတော့သည်။ထိုအသံများကြားသည်နှင့် အိမ်ရှင် အမျိုးသမီးသည် ခင်ပွန်းဖြစ်သူ၏ လက်မောင်းကို ဆွဲကိုင်ကာ

    “အကို လုပ်ပါဦး သူတို့ သောင်းကြမ်းလာပြန်ပြီ”

    “နှင်းရယ် ဆရာကြီးတို့လည်း ရှိနေတာပဲ ဘာမှကြောက်မနေပါနဲ့တော့ “

    အိမ်ရှင်လင်မယားသည် ဦးကျော်လှိုင်အား အားကိုးသော မျက်လုံးတို့ဖြင့် ကြည့်နေသည်။သူတို့ လင်မယားနည်းတူ ကိုငြိမ်းမောင်လည်း ကြောက်လန့်နေမိသည်။ဦးကျော်လှိုင်သည်က ရေနွေးသောက် မပျက်သလို ပေတူးမှာတော့ အိမ်ပေါ်ထပ်တက်သည့် လှေကားအား ကွက်ကြည့်ကွက်ကြည့်လုပ်ကာ

    “ဦးကြီး ကျုပ် အိမ်ပေါ်တက်ကြည့်ချင်တယ်ဗျာ “

    “မင်းက တက်ကြည့်ရဲလို့လား “

    “ကြည့်ရဲတာပေါ့ဗျာ ကျုပ်သူငယ်ချင်းတွေနဲ့ ဒီလိုကိစ္စ တော်တော်များများ ဖြေရှင်းဘူးတယ် “

    “မင်းသဘောပဲ မောင်ပေတူး ဒါနဲ့ အိမ်ရှင်တွေကို ခွင့်တောင်းလိုက်ဦး “

    ဦးကျော်လှိုင်မှ အိမ်ရှင်လင်မယားကို ကြည့်ပြီး ပြောလိုက် ၏။ထိုအခါ အိမ်ရှင်လင်မယားမှ

    “ရပါတယ် တက်ကြည့်ပါ ဒီကညီလေး ဖြစ်ရောဖြစ်ပါ့မလား”

    “ရပါတယ်ဗျ အေးဆေးပါ “

    ပေတူးသည် ထိုင်နေရာမှ ထကာ အိပ်ပေါ်တက်သည့် လှေ ကားကို စတင် တက်လိုက်သွားလေတော့သည် ။

    ◾အခန်း (၃)

    ကျွန်းတိုင်ကြီးများဖြင့် တည်ဆောက်ထားပြီး နှစ်ထပ်လုံး ပျဉ်များကာထားသောအိမ်ကြီး၏ အပေါ်ထပ်သို့ ပေတူးတယောက် တက်သွားလေသည်။အိမ်ပေါ်သို့ ရောက်ကာနီးလေ ကြမ်းပြင်ကို ခြေဆောင့်သံများနှင့် တောက်ခေါက်သံများ ပိုကျယ်လာလေဖြစ်သည်။သူအိမ်ပေါ် ရောက်သွားချိန်တွင်တော့ ထိုအသံများသည် ငြိမ်သွားပြီ ဖြစ်သည်။ထို့နောက် အိမ်ကြီး အပေါ်သို့တက်အလာ ဘုရားစင်အရှေ့တွင် ငုတ်တုတ်ထိုင်ကာ လက်အုပ်ချီပြီး တရားရွတ်နေသော ဘုန်းကြီးတပါးအား တွေ့ ရလေသည်။ပေတူး နည်းနည်းကြောင်အမ်းအမ်း ဖြစ်သွား၏။အိမ်ပေါ်တွင် ဘုန်းကြီးတပါးရှိနေသည်ကို ဘာကြောင့် အထက် လမ်းဆရာ ပင့်သည်လဲ ဆိုတာကို နားမလည်နိုင်အောင် ဖြစ်မိ ၏။ထို့နောက် အနှောက်ယှက်မပေးချင်သောကြောင့် အိမ်အောက်ထပ်သို့ ပြန်လည်ဆင်းလာခဲ့လိုက်သည် ။

    အိမ်အောက်ထပ်သို့ ပြန်ရောက်သောအခါ ပေတူးသည် ခုံတွင် ပြန်မထိုင်မီ အိမ်ရှင်လင်မယားကို သေချာကြည့်လိုက်ပြီး

    “အကိုတို့ကလည်း ဘုန်းကြီးပင့်ထားတယ် ဆိုရင်လည်း ပြောရောပေါ့ “

    “ဘာ ဘာပြောတာလဲ ညီလေး “

    “အိမ်ပေါ်မှာ ဘုန်းကြီး တရားစာရွတ်နေတာ ကျုပ်တို့စကား ပြောတာ ဆူလို့ လှမ်းသတိပေးတာနေမှာပေါ့ “

    “ဘယ် ဘုန်းကြီးမှ မပင့်ထားပါဘူး ညီလေးရေ “

    “ကျုပ် သေချာမြင်ခဲ့ရတာဗျ “

    “အကိုက အိမ်ရှင်ပါကွာ မပင့်ရပါဘူး “

    ပေတူး အိမ်ရှင်ယောကျာ်း၏စကားကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်မိသည်။ထို့ကြောင့် ထိုင်ခုံပေါ်တွင် ထိုင်မည့်ဟန် ပြင်ပြီးမှ မထိုင်သေးပဲ နောက်တခေါက် အိမ်ပေါ်သို့ ထပ်တက်လိုက်ပြန်၏။သူအိမ်ပေါ်သို့ ရောက်ချိန်တွင်တော့ ခုနကဘုရား စင်ရှေ့တွင် တွေ့ခဲ့သောဘုန်းကြီးမှာ ရှိမနေတော့ပါ။ထို‌ကြောင့် သူတယောက်တည်း ရေရွတ်လိုက်မိသည် ။

    “ဟ အစောက ဒီနားမှာ ရှိပါတယ် ဘယ်လိုဖြစ်ပြီး ပျောက်သွားတာလဲကွာ “

    ပေတူး အိမ်အနှံ့လိုက်ကြည့်သော်လည်း ဘာမှမတွေ့ရသော ကြောင့် ခေါင်းကို ကုတ်လိုက်ပြီး အိမ်အောက်သို့ ဆင်းလိုက်သည်။ထိုအခါ သူ၏နောက်မှ ရယ်သံတချက်ကို ကြားလိုက်ရသောကြောင့် ချက်ချင်း နောက်လှည့်ကြည့်လိုက်သော်လည်း မည်သူမှ ရှိမနေပေ။ထို့ကြောင့် ဦးခေါင်းကို ကုတ်လို့သာ အိမ်အောက် ဆင်းလာသည်။အိမ်အောက်ထပ်ရောက်သောအခါ

    “အခု ဘာမှမရှိတော့ဘူး ဘာတွေဖြစ်နေတာလဲ ကျုပ်လည်း မသိတော့ဘူး “

    “ညီလေးကို အကို မပြောဘူးလား ဘယ်ဘုန်းကြီးမှ မပင့်ထားပါ ဘူးလို့ “

    “အေးဗျာ ထူးတော့ ထူးဆန်းတယ်ဗျ ကျုပ်လည်း သေချာမြင်ခဲ့တာပါ အခုတော့ မရှိတော့ဘူး “

    ပေတူးသည် နားမလည်ဟန်ဖြင့် သူ၏ ထိုင်ခုံတွင်သာ ပြန်ထိုင်လိုက်သည်။ဦးကျော်လှိုင်သည် ပေတူးကို တချက်ကြည့်လိုက်ကာ

    “ကဲ မောင်ပေတူး မကြာခင် အဖြေပေါ်မှာပေါ့ အခုတော့ အိမ်ရှင်တူမောင်တို့ပြောတာကို အရင် နားထောင်ကြည့်ကြရအောင် “

  “ဟုတ်ကဲ့ ဦးကြီး “

    ထို့နောက် ဦးကျော်လှိုင်သည် အိမ်ရှင်လင်မယားအား ဖြစ်သ မျှအကြောင်းစုံအားပြောစေရာ အိမ်ရှင်လင်မယားမှ တယောက် တလှည့်စီ သူတို့ အိမ်‌အကြောင်းကို ပြောပြလာပါတော့သည် ။

    ◾အခန်း (၄)

    ကိုလွင်စိုး၊မနှင်းမာဟုအမည်ရသော ဇနီးမောင်နှံနှစ်ဦးသည်  ယဉ်ကျေးသိမ်မွေ့ပြီး နှစ်ဖက်မိဘများအပေါ်တွင်လည်း လွန် စွာ သိတတ်သည်။ကိုလွင်စိုး၏ မိဘများလွန်သော် သူတို့နှစ်ယောက်အား အခြားသောညီကိုမောင်မများမှ မိဘနှစ်ပါး၏ အိမ်ဝိုင်းနှင့် အိမ်ကြီးအား အမွေအဖြစ်ပေးလေသည်။မိဘနှစ်ပါးသည် ရှေးရိုးစွဲလူကြီးများမို့ အိမ်ကြီးအား ရှေးလက်ရာ မပျက်စေချင်၍ မပြင်မဆင်ပဲထားရာ အတော်ယိုယွင်းပျက်စီး လာနေပြီ ဖြစ်၏။ထိုအတွက် သူတို့ပြောင်းလာသောအခါ ထိုအိမ်ကြီးအား ပြင်ဆင်ဖို့ရာအတွက် နှစ်ဦးသား တိုင်ပင်ကြလေသည်။အိမ်တိုင်တတိုင်မှာ အတော်ပင် ပျက်စီးနေပြီဖြစ်ရာ ထိုတိုင်အား အစားထိုးမည် ဖြစ်ပြီး အခြားသောတံခါး နှင့် အကာ အရံပျဉ်များကိုလည်း ဝယ်ရမည် ဖြစ်သည်။ထိုအတွက် သစ်ပွဲစား ဦးလူ လေးအား အပူကပ်ရတော့သည်။

    “ဦးလေး ကျနော်တို့ သစ်လိုချင်လို့ပါ “

    “ဘယ်အရွယ်အစားလဲ  မောင်လွင်စိုးရ “

    “အဲ့တာတော့ ကျနော်လဲ မသိဘူး ဦးလေး”

    “အဲ့တာဆို ဒီလိုလုပ်ကွာ ငါအလုပ်ရတိုင်း ခိုင်းတဲ့ လက်သမား တွေ ရှိတယ် သူတို့ကို တချက်ပြကြည့်မယ် ဘယ်လိုလဲ သူတို့ ပြောတဲ့ အနေထားကို ဝယ်ကြ‌တာပေါ့ “

    “ဦးလူလေး ကောင်းမယ် ထင်သလိုသာလုပ်ပါဗျာ “

    “အေးကွာ အဲ့တာဆို မနက်ဖြန် ငါ့ကောင်တွေက်ု လွှတ်လိုက်မယ် “

    ဤသို့ဖြင့် ကိုလွင်စိုးတို့ အိမ်ပြင်မည့်ကိစ္စအချို့မှာ အဆင် ပြေလေသည်။နောက်တနေ့ရောက်သောအခါ လက်သမားဆရာ နှစ်ယောက် ရောက်လာပြီး လိုအပ်မည့်သစ်များကို တွက်ချက် ပြီး ပျက်စီးနေပြီ ဖြစ်သော အိမ်တိုင်ကြီးကို ကြည့်ကာ

    “ငါ့ညီ မင်းတို့ ဒီတိုင်ကို လဲသင့်တယ် ဒါက ကျွန်းတိုင်မဟုတ်တော့ ပိုးတွေစားပြီး ပျက်စီးနေတာ ကျွန်းတိုင် နဲ့ အစားထိုးကွာ တိုင်က လက်ခံတိုင်ဆိုတော့ လဲလို့ ရတယ် “

    “ကောင်းသလိုသာ လုပ်ပါ “

    “ကျွန်းတိုင်လုံးက နည်းနည်းတော့ ရှားမယ်။ဒါပေမဲ့ မပူပါနဲ့ဦးလူလေးက ပိုင်ပါတယ် “

    ” ကျနော်လည်း  ဦးလူလေးကိုပဲ အားကိုးနေရတာ “

    “အဲ့တာဆို ငါတို့နဲ့ တခါတည်းလိုက်ပြီး မှာလိုက်တော့ကွာ ဒါနဲ့ ဘယ်နေ့ အလုပ်စကြမလဲ “

    “အင်း အကိုတို့ အဆင်ပြေတဲ့နေ့ စကြတာပေါ့ဗျာ “

    ကိုလွင်စိုးသည် သူ၏အိမ်ပြင်ရမည့်အရေး အဆင်ချောနေသည့်အတွက် ဝမ်းသာနေရသည်။ထို့နောက် ဦးလူလေးအိမ်သို့ သွားလိုက်ကြပြီး လိုအပ်သည့်သစ်များကို မှာလိုက်ကြပါလေတော့သည် ။

    ◾အခန်း (၅)

    ကိုလွင်စိုးတို့ ဇနီးမောင်နှံသည် သစ်ပွဲစားဦးလူလေး နှင့်အတူ ဝယ်ထားသည့်သစ်များ အိမ်ခြံထဲချနေသည်ကို ကြည့်နေ သည်။

    “ကဲ ငါ့တူ သစ်တွေကတော့ ပြည့်စုံသလောက်ရှိပြီ။အိမ်တိုင်  က အတော်ကို ရှာလိုက်ရတယ် ငါ့တူရေ “

    “ကျေးဇူးတင်ပါတယ်ဗျာ ကျနော်တို့လင်မယားက ဘာမှသိတာ မဟုတ်ဘူး ‌ဦးလေး ကူညီလို့သာ အဆင်ပြေတာ  “

    “ရပါတယ်ကွာ ကဲ ကဲ အိမ်တိုင်ပဲ ချဖို့ ကျန်တော့တယ် “

   အလုပ်သမားများ သစ်ကားပေါ်မှ သစ်များကိုချနေကြသည်။ အလုပ်သမားခေါင်းဖြစ်ဟန်တူသော လူတယောက်သည် သူ၏ အလုပ်သမားများအား ဂရုစိုက်ရန် မှာကြားနေလေသည် ။

    “ဟေ့ကောင်တွေ သေချာလုပ်ကြနော် အိမ်တိုင်ကကြီးတယ် ဟေ့ ”

    အိမ်တိုင်ကို အလုပ်သမားများ ဂရုတစိုက်ဖြင့် ကားအောက်သို့ ချနေသည့်ကြားမှ အလုပ်သမားတယောက်၏ ခြေထောက်ကို တိုင်လုံး ညပ်လေသည်။အလုပ်သမားသည် နာကျင်လွန်း၍ ငယ်သံပါအောင်အော်လေရာ သစ်လုံးအားဝိုင်းမ၍ ဖယ်လိုက်ပြီး သစ်ညပ်သွားသော ခြေထောက်အား ကြည့်လိုက်၏။ခြေ ထောက်မှာ ပြားနေပြီး အရိုးတို့ ကြေကုန်ဟန် ရှိ၏။ထိုအတွက် အလုပ်သမားခေါင်းသည် ဦးလူလေးကို အကူအညီတောင်းကာ အလုပ်သမားအား ဆေးရုံသို့ ပို့လိုက်ကြတော့သည်။ထို့နောက်  အိမ်တိုင်ချခြင်းအား နောက်ထပ်မည်သည့်လွဲချော်မှုမှ ထပ်မဖြစ်ပဲ အောက်သို့ ချလိုက်နိုင်ပါတော့သည် ။

    ထို့နောက် ပျက်စီးနေသည့်တိုင်နေရာတွင် တိုင်အသစ်အား အစားထိုးလိုက်ကြသည်။အတော်ကို ခက်ခက်ခဲခဲ အစားထိုးရခြင်းဖြစ်ပြီး ကျွမ်းကျင်သည့် လက်သမားများကြောင့်သာ  အစားထိုးနိုင်ခြင်းဖြစ်သည်။လက်သမားများ၏ လက်ရာသေသပ်မှုကြောင့် ရှေးမူမပျက်ပဲ အိမ်ကြီးအား ပြင်ဆင်ခြင်း အမှုပြုပြီးနောက် အိမ်ပိုင်ရှင် ကိုလွင်စိုးနှင့် မနှင်းမာတို့ လင်မယားနှစ်ယောက်အတော်ကို သဘောကျကာ ပြောရွှင်နေကြလေသည်။ညဘက်ရောက်သည့်အခါ အိမ်သစ်လေးတွင် လင်မယားနှစ်ယောက် ကြည်ကြည်နူးနူးနှင့် စကားပြောနေကြစဉ် အိမ်ပေါ်မှ တရားစာရွတ်သံများကြားရ၍  သူတို့နှစ်ယောက် တယောက်မျက်နှာတယောက် ကြည့်လိုက်ကြသည်။ထို့နောက် ကိုလွင်စိုးမှ စတင်၍ စကားဆိုလိုက်သည် ။

    “နှင်း တရားရွတ်သံက ဘယ်က ပေါ်လာတာလဲ “

    “အကို နှင်း ထင်တာတော့ အိမ်ပေါ်ကလားလို့ “

    “အကိုလဲ အဲ့လိုပဲထင်တယ် အကိုတက်ကြည့်လိုက်ဦးမယ် “

    ကိုလွင်စိုးသည် ပြောပြောဆိုဆို အိမ်ပေါ် သို့ တက်သွားလေသည်။အိမ်ပေါ် ရောက်သောအခါ ဘုရားစင်ရှေ့တွင် ငုတ်တုတ် ထိုင်နေသော ဘုန်းကြီးတပါးကို တွေ့ လိုက်ရသည်။ထိုဘုန်းကြီး  အား မြင်သောအခါ ကိုလွင်စိုးသည် အံ့ဩနေပြီး ဘယ်လိုဖြစ်ပြီး အိမ်ပေါ် တက်လာပါလိမ့်ဟု တွေးကာ

    “ဦးဇင်း ဦးဇင်း “

    တရားရွတ်နေသည့်အသံကို ဖုံးအောင် တမင် အသံကိုမြှင့်ပြီး ခေါ်လိုက်သည်။သို့ပေမဲ့ ဘုန်းကြီးသည် သူ့အား လှည့်မကြည့်ဘဲ တရားစာသာ ဆက်ရွတ်နေ၏။ကိုလွင်စိုးသည် သူ့အိမ်ပေါ် သို့ ဘယ်သူမှ မသိအောင်တက်လာပြီး သူပြောသည်ကို ဂရုမစိုက်သော ဘုန်းကြီးအား အနည်းငယ်ဒေါသထွက်သွားကာ

    “ဦးဇင်း ဘာလို့ သူများအိမ်ပေါ်တက်ပြီး တရားစာရွတ်နေတာလဲ ဘုရား “

     ဘုန်းကြီးသည် မည်သည့်စကားမှ ပြန်မပြော တရားအားရွတ်မြဲ ရွတ်နေ၏။ကိုလွင်စိုးသည် ပို၍ စိတ်ဆိုးကာ အသံကို ပို မြှင့်ပြီး ခေါ်လိုက်သောကြောင့်  အိမ်အောက်ထပ်မှ ဇနီးဖြစ်သူ ပါ အိမ်ပေါ် တက်လာပြီး

    “အကို ဆူညံနေတာပဲ ဘာဖြစ်နေတာလဲ “

    “ဘာဖြစ်ရမှာလဲ ဟိုမှာ  ဦးဇင်းတပါးပေါ့ ကိုတို့ အိမ်ပေါ် တက်ပြီး တရားစာရွတ်နေတယ် ကောင်းကောင်းမွန်မွန် မေးနေတာလဲ မဖြေဘူး “

    “သူက ဘယ်လိုလုပ်ရောက်လာတာလဲ တံခါးတွေ ပိတ်ထားတာကို “

    “မသိပါဘူး နှင်းရယ် “

     သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် တရားစာရွတ်နေ သော ဘုန်းကြီးမှာ ရပ်သွားလေသည်။ထို့နောက် မတ်တပ်ရပ်လိုက်ပြီးနောက် သင်္ကန်းကို ပြင်ရမ်းလိုက်ပြီး သူတို့ဘက် လှည့်လိုက်ချိန်

    “အမလေး အကို ဘာ ဘာကြီးလဲ “

    သူတို့နှစ်ယောက် လန့်ဖျန့်ကာ ကြက်သေ သေနေမိ၏။ အကြောင်းမှာ တရားစာရွတ်နေသော ဘုန်းကြီးမှာ သူဝတ်ထား အနီရောင်သင်္ကန်းမှာ  တဖြည်းဖြည်းနှင် အမဲရောင်သို့  ပြောင်းသွားပြီး မျက်လုံးတို့သည် မဲနက်လာကာ ကိုယ်ခန္ဓာမှလည်း အနက်ရောင်အခိုးအငွေ့ များ ထွက်လာလေသည်။ကိုလွင်စိုးတို့ လင်မယားအား လက်ညှိုးငေါက်ငေါက်ထိုးကာ

    “ငါ့ကိုလည်း ခေါ်လာသေးတယ် ငါ့ကိုလည်း လေးစားမှုမရှိဘူး နင်တို့ ထွက်သွား”

    ဤသို့ ကြောက်မက်ဖွယ်ဟန်ပန်နှင့် ကြောက်မက်ဖွယ်အသံကြီးကြောင့် ကိုလွင်စိုးတို့ လင်မယားသည်လည်း  အိမ်အောက်ထပ်သို့ ပြေးဆင်းသွားလိုက်ကြတော့သည် ။

    ◾အခန်း (၆)

    “ဖြစ်တာကတော့ အဲ့တာပါပဲ ဆရာကြီးရေ အရင်က အိမ်အပေါ်ထပ်တင် အခုနောက်ပိုင်း လှေခါးထိအောင် ဆင်း ဆင်းလာတယ် တခြားဆရာတွေ ပင့်တော့လည်း အဆင်မပြေပါဘူး ဗျာ”

    ကိုလွင်စိုးသည် သူတို့ကြုံခဲ့ရသည်များကို ပြောပြပြီးသော အခါ ပေတူးသည် သူတွေ့ခဲ့ရသော ဘုန်းကြီးမှာ ရိုးရိုးဘုန်းကြီး မဟုတ်ပဲ ဘုန်းကြီးသရဲ ဆိုသည်ကို နားလည်လိုက်သည်။သို့ပေမဲ့ ကြောက်စိတ်တို့ ဖြစ်မနေပါ။ငယ်စဉ်ကတည်းက တွေ့ကြုံဘူးသောကြောင့် သရဲတစ္ဆေစုန်းကဝေ အောက်လမ်းကိစ္စရပ်များမှာ သူ့အတွက် အထူးအဆန်းရယ်လို့  ဖြစ်မနေတော့ပေ။ထို့နောက်  သူတို့ စကားများပြောနေရာ ညနေစောင်းလာပြီမို့ ညနေစာ စားရန်အတွက် မနှင်းမာမှာ ပြင်ဆင်နေသည်။ပေတူးသည် ကူညီတတ်သူပီပီ မနှင်းမာ ထမင်းပွဲပြင်ဆင်နေ သည်ကို ကူညီပေးလိုက်သည်။

    “ရတယ် မောင်လေး အေးအေးဆေးဆေးနေပါ “

    “ဘာမှ မဖြစ်ဘူး အမ ကျုပ်က မနေတတ်လို့ပါ “

    “ရပါတယ်ကွယ် ဧည့်သည့်ကို အားနာစရာ “

    “အားနာစရာ မလိုပါဘူးဗျာ ဒီပန်းကန်တွေ အရှေ့ကို သယ်မှာ မဟုတ်လား “

    “ဟုတ်တယ် “

    “ကျုပ် သယ်သွားလိုက်မယ် “

    ပေတူးသည် ထမင်းပန်းကန်များ နှင့် သယ်စရာရှိသည်များကို တခေါက်ပြီးတခေါက် သယ်ပေးသည်။ထို့နောက် ထမင်းစားသောက်လိုက်ကြပြီး ရေနွေးကြမ်း နှင့် တခြားအမြည်းများဖြင့် အချိုတည်းနေချိန် ဦးကျော်လှိုင်မှ စကားဆိုလိုက်သည် ။

    “ငါ့တူတို့ အခုညပဲ မင်းတို့ပြဿနာကို ရှင်းပေးမယ်။ဒီည ဦးတို့ အပေါ်ထပ်မှာ အိပ်မယ် ဘာသံပဲကြားကြား ဘာတွေပဲ ဖြစ်ဖြစ် အိမ်ပေါ်ကို တက်မလာပါနဲ့ “

    “ဟုတ်ကဲ့ “

    “ငြိမ်းမောင် မင်းလည်း ကြောက်တတ်တယ်ထင်တယ် အဲ့ တော့ အောက်ထပ်မှာပဲ အိပ်ပေါ့ “

    “ဟုတ် ဟုတ်ကဲ့ “

     ကိုငြိမ်းမောင်သည် ဦးကျော်လှိုင်ထံမှ အောက်ထပ်မှာ အိပ်ဆိုသည့် စကားကြားမှ မသိမသာ သက်ပြင်းချလိုက်မိသည်။ ဦးကျော်လှိုင် မပြောလျှင်လည်း သူ ပြောတော့မှာ ဖြစ်သည်။အ ပေါ်ထပ်တွင်တော့ မအိပ်ရဲပေ။ထို့နောက် မနှင်းမာသည် စောင်အသစ်၊ခေါင်းအုံးအသစ်များ ထုတ်ပေးလိုက်သည်။ပေတူး သည်  စောင်များ၊ခေါင်းအုံးများကို ယူကာ အိမ်ပေါ်သို့တက်သွားပြီးနောက် အိပ်ယာပြင်လိုက်ပြီး အောက်သို့ ပြန်ဆင်းလာလေ၏။ အကြောက်အလန့်ကင်းမဲ့သော ပေတူးအား အိမ်ရှင်လင်မယား နှင့် ကိုငြိမ်းမောင်တို့ အတော်အံ့ဩလျက်ရှိသည်။သူတို့၏ စိတ်ထဲတွင် ပေတူး ဘာကြောင့်များ ဒီလောက် သတ္တိ ကောင်းနေရသလဲဆိုတာ တွေးနေကြ၏ ။အချိန်တဖြည်းဖြည်း လင့်လာပြီမို့ ဦးကျော်လှိုင်သည် အိမ်ပေါ်သို့တက်သွားချိန် အိမ်အောက်တွင် ကျန်သောသူများသည်လည်း အိပ်ယာဝင်ရန်အတွက် ပြင်ဆင်လိုက်ကြပါတော့သည်။

    ◾အခန်း (၇)

    မြိုင်တောမြို့သည် နယ်မြို့လေးဖြစ်သည်မို့ အချိန်အခါအရ လျှပ်စစ်မီးမရရှိသေးသည့်အတွက် ပေတူး နှင့် ‌ဦးကျော်လှိုင် အိပ်နေသော  အိမ်လေးအပေါ် ထပ်တွင် အောက်လင်းမီးလုံး ထွန်းထားလေသည်။အောက်လင်းမီးလုံး၏ အလင်းရောင် သည် အိမ်အောက်ထပ်အထိ ရှင်းလင်းစွာ မြင်နေရပေသည်။ပေတူးသည် အိပ်ယာပေါ်လှဲလိုက်နေရင်း သူ၏ဘေးတွင် ရှိသော ဦးကျော်လှိုင်အား စကားဆိုလိုက်လေသည်။

    “ဦးကြီး ဘုန်းကြီးလည်းဖြစ်တယ် လူလည်း မဟုတ်ဘူးဆိုတော့ ဒီအိမ်ပေါ် ရှိနေတာ ဘုန်းကြီးသရဲလား “

    “အင်း အစွဲအလန်းတွေကြောင့် နေမှာပေါ့ “

    “ဘုန်းကြီးတွေကလည်း သရဲဖြစ်တာပဲနော် ဦးကြီး “

    “လောဘ မောဟ ဒေါသ နဲ့ ကိလေသာ၊တဏှာရှိတဲ့ လူတွေ မှန်သမျှ မကောင်းတဲ့ ဘုံဘဝကို ရောက်နိုင်တယ် မောင်ပေတူးရဲ့ “

    “ကျုပ်ကတော့ သိပ်နားမလည်ပါဘူး‌ဗျာ  “

    “ဒီနေ့ပဲ မင်းကို လက်တွေ့ သင်ပေးမယ် အစွဲတွေရှိတဲ့ မကျွတ်မလွတ်တဲ့ သူတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ “

    ဦးကျော်လှိုင်မှ စကားပြောနေပေမဲ့ ပြန်ပြီး ဖြေကြားခြင်းမရှိ သောကြောင့် ပေတူးအား ကြည့်လိုက်သည်။ပေတူးသည် အိမ်အပေါ် ထပ်မှ ကျွန်းပြားများဖြင့် အကွက်ဖော်ထားသော မျက် နှာကျက်ကို ကြည့်ကာ ပြုံးနေ၏။ထို့ကြောင့် ပေတူး၏ ပခုံးကို ပုတ်လိုက်ရာ

    “မမေသူ ကျုပ်လာပါပြီဗျ”

    ဦးကျော်လှိုင် မျက်လုံးပြူးသွားရသည်။ပေတူးတွေးနေသည့် အရာကိုလည်း သဘောပေါက်သွားသည်။ပေတူးသည် ရုတ်တ ရက် ပါးစပ်မှ မေသူ၏နာမည် ထွက်သွား၍ ရှက်သွားကာ

    “ကျုပ် ကျုပ် အဲ့ဒီထမင်းဆိုင်မှာ အလုပ် လုပ်နေတယ်လို့ တွေးနေတာပါ ဦးကြီး “

    “မင်း စိတ်တွေ အဲ့ဒီကလေးမဆီပဲ ရောက်နေတာလား မောင်ပေတူး “

    “ကျုပ် မညာတတ်ဘူး ဦးကြီး တကယ်ကို မမေသူဆီမှာပဲ ရောက်နေတယ် “

    “ခက်ပြီ ကောင်လေးရာ ကဲ မင်းလည်းအရွယ်ရောက်လာပြီဆိုတော့ ငါလည်း ဒီကိစ္စကို အပြစ်တော့ မဆိုချင်ပါဘူး ဒီ “

    သူတို့နှစ်ယောက် စကားပြောနေစဉ် ရယ်သံတသံထွက်ပေါ် လာပြီး အ‌ပေါ်မှ ခုန်ချသည့် အသံတသံလည်း ကြားလိုက်ရသည်။ထိုအခါ ဦးကျော်လှိုင် နှင့် ပေတူးသည် ငုတ်တုတ်ထထိုင်လိုက်ပြီး သူတို့၏လွယ်အိတ်များကို ယူလိုက်လေသည်။ အောက်လင်းဓာတ်မီး၏ အလင်းရောင်အောက်တွင်တော့ ဘုန်းကြီးတပါးသည် မဲနက်နေသောသင်္ကန်းကို ဝတ်ဆင်ထားပြီး မဲနက်နေသည်အခိုးအငွေ့ များထွက်နေကာ လက်ကို နောက် ပစ်ပြီး ဘယ်ပြန်ညာပြန်လမ်းလျှောက်ပြီး ရယ်မောနေလေသည်။ဦးကျော်လှိုင်သည် ထိုင်နေရာမှ ထလိုက်၍ ပေတူးလည်း မတ်တတ်ရပ်လိုက်ရ၏။ထိုအခါ ဘုန်းကြီးသရဲသည် သူတို့ နှစ်ယောက်ဘက် လှည့်လာကာ

    “ဟေ့ကောင်တွေ မင်းတို့လား ငါ့ကို နှင်ထုတ်မှာ “

    “နှင်ထုတ်မှာ မဟုတ်ပါဘူး မေတ္တာရပ်ခံမှာပါ ဒီနေရာက ဆရာတော်နဲ့ သက်ဆိုင်တဲ့ နေရာမဟုတ်ဘူး ဒီနေရာက ကိုလွင်စိုး နဲ့ မနှင်းမာတို့ရဲ့အိမ်ပဲ ဆရာတော် ဒီကနေထွက်သွားပေးပါ “

    “ဟားးး ဟားးး မင်းက ဘာကောင်မို့ ငါ့ကို အမိန့်ပေးနေတာလဲ တိလောကဆိုတဲ့ ငါက ဘယ်ကောင်ရဲ့ စကားကိုမှ နားထောင်ခဲ့တဲ့ ကောင်မဟုတ်ဘူး သူတို့က ဒီကို ခေါ်လာတော့ ဒီနေရာက ငါ့ နေရာပဲ ထွက်သွားခြင်း ထွက်သွား သူတို့ပဲ ထွက်သွားရမယ် “

    “ဆရာတော် ကျုပ်တို့ ကောင်းကောင်း ပြောနေတုန်း ထွက်မလား ပညာနဲ့  နှင်မှ ထွက်မှာလား “

    “မင်းတို့ လုပ်ချင်သလိုလုပ် တိလောကရှိတဲ့ နေရာက တိလောက အပိုင်ပဲ “

    “ဪ ဘုန်းကြီးဖြစ်ပြီး အတ္တမာနတွေကြီးနေလို့ ဒီဘဝ ရောက်တာ မဆန်းပါဘူး ကဲ ကျုပ်တို့ကို အဆိုးမဆိုနဲ့ “

     ဦးကျော်လှိုင်သည် ပြောပြောဆိုဆို လွယ်အိတ်ထဲမှ အဝတ်စလေးနှင့် ထုတ်ထားသော ဆန်စေ့လေးများကို ကိုင်ကာ

    “မြတ်ဘုရားကို ရှိခိုးပါ၏။မြတ်တရားကို ရှိခိုးပါ၏။သံဃာမြတ်တို့ကို ရှိခိုးပါ၏။ကျွန်ုပ်ကျော်လှိုင်သည် ဆရာ့ဆရာ‌တို့၏ သင်ပြပေးမှု့အတိုင်း ဘယ်သူ့ ဘယ်သူကိုမှ နစ်နာစေလိုသောစိတ်ဖြင့် တိုက်ခိုက်ခြင်းမဟုတ်ပါ။ထို့အတွက် ဝိဇ္ဇာအပေါင်းတို့ မှ ကျနော့်အား အာဏာစက်များ ပေးသနားပါ “

    ဦးကျော်လှိုင်သည် ထိုသို့တိုင်တည်ကာ ဆန်ထုတ်လေးအားဖြည်လိုက်ပြီး ဆန်များကို လက်နှင့် ကိုင်ထားရင်း ဘုန်းကြီးသရဲ အား စကားဆိုလိုက်သည်။

    “ဆရာတော် ကျုပ်ပြောတာကို နားထောင်မှာလား “

    “မင်းလို အထက်လမ်းဆရာကောင်ရဲ့စကားကို ငါလို ဘုန်း ကြီးက လိုက်နာစရာလား “

    “ဆရာတော် သေချာလား “

    “သေချာတာပေါ့ကွာ “

    ဘုန်းကြီးသရဲသည် ပြောပြောဆိုဆို ဦးကျော်လှိုင်ထံ ပြေးဝင် လာလေသည်။ထိုအခါ ဦးကျော်လှိုင်သည် လက်ထဲမှ ဆန်စေ့ လေးများဖြင့် ဘုန်းကြီးသရဲအား ပစ်ပေါက်လိုက်တော့သည်။

    “ဆန်စေ့သည် လှံတစင်း ထိုးစိုက်သည်နှင့် ညီမျှစေ “

    “အား အား  “

    ဘုန်းကြီးသရဲသည် ဦးကျော်လှိုင် အနီးမရောက်မီ ဆန်စေ့ ဖြင့် ပစ်ပေါက်ခံလိုက်ရသော်လည်း အရှိန်ပြင်းသော လှံများ နှင့် ပစ်ပေါက်ခံလိုက်ရသလို နောက်သို့ လွင့်စဉ်သွားကာ အိမ်တိုင်တွင် ကပ်နေသည်။လှုပ်၍မရတော့သော ဘုန်းကြီးသရဲ သည် နာကျင်စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်နေ၏။ထိုအခါ ဦးကျော်လှိုင်သည် ဘုန်းကြီးသရဲကို ကြည့်ပြီး

    “ဆရာတော် ကျွတ်သင့်တဲ့အချိန်က မရောက်သေးဘူးထင်တယ်။အဲ့ဒီတော့ ဒီအိမ်ပေါ်ကနေ ထွက်သွားပေးပါ “

    “မထွက်သွားဘူး နာတယ် နာတယ် “

    “တကယ်လို့ ဆရာတော် ထွက်သွားမယ်ဆိုရင် ဒီဝေဒနာတွေ မခံစားရတော့ဘူး “

    “ငါ ထွက်သွားလို့ မရဘူး ဒီတိုင်မှာပဲ နေရမှာ “

    “ဘာပြောတာလဲ ဆရာတော် “

    “ငါ့  ကျောင်းစာချုပ် ရှိတယ် ငါ ဘယ်မှမသွားနိုင်ဘူး “

    “ဆရာတော်ရဲ့စာချုပ်ကို ယူပြီး ဆရာတော်သွားချင်တဲ့နေရာကို ပို့ပေးမယ် ဆိုရင်ရောရလား”

    “အဲ့တာဆိုငါ့ကို  ပျဉ်းမပင်ကျောင်းကို ပို့ပေးပါ “

    “ပျဉ်းမပင်ဆိုတာ  သစ်ဆိမ့်မြို့က ပျဉ်းမပင်ရွာလား “

    “ဟုတ်တယ် ငါ့ကို အဲ့ဒီကို ပို့ပေးပါ “

    “ကဲ စိတ်ချ ကျုပ် ပို့ပေးမယ်  စာချုပ်က ဘယ်မှာ ယူရမှာလဲ “

    ငါ တိုင်အလယ်မှာ ထွင်းပြီး ထည့်ထားတယ် “

    “ကောင်းပါပြီ ဆရာတော် စကားတည်က ယခုချက်ခြင်း ဝေဒနာပျောက်စေ “

    ဦးကျော်လှိုင်၏ စကားဆုံးသောအခါ တိုင်တွင် ကပ်နေသော ဘုန်းကြီးသရဲမှာ ဝေဒနာသက်သာသွားသည့်ဟန် နှင့် ဦးကျော် လှိုင်ကို  ကြည့်ပြီး

    “ငါ ဝင်တဲ့နေရာကို သေချာကြည့်ပါ “

    ဘုန်းကြီးသရဲသည် သူ့စကားဆုံးသည် နှင့် အမဲရောင်အခိုး ငွေ့များအဖြစ်ပြောင်းကာ ဦးကျော်လှိုင်၏အရပ်နှင့် ညီမျှသော ကျွန်းတိုင်ကြီးထဲသို့ ဝင်သွားလေ၏။ထိုအခါမှ ဦးကျော်လှိုင် သည် အောက်လင်းဓာတ်မီးကို  ဖြုတ်ပြီး ဘုန်းကြီး ဝင်သွားသောနေရာကို သေချာကြည့်လိုက်သည့်အခါ တထွာမျှ ထွင်းထားပြီး ထွင်းထားသည့်သစ်ကို သေချာပြန်ထည့်ထားသည့် ‌ နေရာအား တွေ့လိုက်ရပါတော့သည် ။

    ◾အခန်း (၈)

    မနက်မိုးလင်းသောအခါ ဦးကျော်လှိုင်သည် အိမ်ရှင် ကိုလွင်စိုးအား  အကျိုးအကြောင်းပြောပြီး လက်သမားများကို ခေါ်စေသည်။ထို့နောက် ညက ဘုန်းကြီးသရဲ ဝင်သွားသော နေရာအား ထွင်းစေလိုက်သည်။လက်သမားဆရာသည် ထိုတိုင်ကို ထွင်းနေရင်းမှ အရင် ပြုလုပ်သွားသူအား သေသပ်လွန်းလှသည်မို့ ချီးကျုးနေသေးသည်။

    “တော်လိုက်တဲ့ လက်သမား ဆရာဗျ စရွေးကို အပ်အဖျား မဝင်ဘူးဆိုတာ ဒီလို လက်သမားဆရာတွေကိုပြောတာ ဖြစ်မယ် “

    လက်သမားဆရာသည် ချီးကျူးနေရင်း ထိုတိုင်အား ထွင်း လိုက်ရာ မကြာသောအချိန်တွင် ကြွပ်ကြွပ်အိတ်တလုံး နှင့်ထည့်ထားသော ပစ္စည်းတခုအား တွေ့ ရလေသည်။ထိုအိတ်ကို ဖြည်လိုက်သောအခါ ကျောင်းမြေဝယ်သော စာချုပ်ဖြစ်နေလေသည်။ထို့နောက် ဦးကျော်လှိုင်သည် စာချုပ်ကို ယူကာ အဝတ် တခု နှင့် ထုတ်လိုက်ပြီး ပေတူးကို ပေးလိုက်ကာ စကားဆိုလိုက်လေသည် ။

    “မောင်ပေတူး “

    “ဗျာ ဦးကြီး  “

    “မင်းပဲ ပျဉ်းမပင်ကျောင်းကို သွားပို့လိုက်ပါ “

    “ဘာဖြစ်လို့လဲ ဦးကြီးက မပို့ဘူးလား “

    “မင်းပဲ သွားပို့လိုက်ပါကွာ “

    ဦးကျော်လှိုင်မှ အတင်းပို့ခိုင်းနေသည်မို့ ပေတူးလည်း ဘာမှ မပြောတော့ပဲ စာချုပ်ကိုသာ ယူလိုက်ပြီး လွယ်အိတ်ထဲ ထည့်ထားလိုက်ပါလေတော့သည် ။

    🔸ဘိုးတော်ပေ နှင့် ကျွန်းတိုင်ကြီး သည်က ဤမျှသာ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း