မသာလိုင်းကား

တင်တတ်သည်ဆိုသော အဖြစ်အပျက်များ ရှိခဲ့ဖူးသည်။

ထိုမသာ တစ်ခေါက် သယ်ပေးခြင်းဖြင့် ငွေကြေး တော်တော်များများ ရသည်ကိုမက်မောမိ၍ ဒုက္ခတွေ့ရသည်များကို အောက်တွင် ဇာတ်လမ်းသဖွယ်ရေးသားဖော်ပြလိုက်ရပါတော့၏ ။

********************

မသာလိုင်းကား

ဆေးနံ့တွေ မွန်ထူနေသောအခန်းလေးတစ်ခန်း တွင်လူများ ငြိမ်သတ်လျက် ။ အဖြူရောင်long coat ကိုဝတ်ထားသော လူတစ်ယောက် က ခေါင်းကို အသာယမ်းပြလိုက်သည်နှင့်တစ်ပြိုင်နက် နံဘေးက လူနာရှင်ဖြစ်ဟန်တူ သော လူများ မျက်စိမျက်နှာပျက်ကုန်ကြလေတော့သည်။ တချို့လည်း မျက်ရည်များဝဲတက်
လာကြလေ၏ ။

”စိတ်မကောင်းပါဘူးဗျာ”

ဟုတ်ပေသည် ထိုအခန်းလေးသည် လူနာအတွက် သီးသန့်လုပ်ပေးထားသော အခန်းလေးတစ်ခုဖြစ်လေ၏ ။လောင်းကုတ် အဖြူ
ရောင်ဝတ်ထားသောလူဆိုတာလည်းဆရာဝန် ဆိုသည်ကို သိထားပြီးဖြစ်ပေလိမ့်မည်။ သေဆုံးသွားပြီဆိုမှတော့ ထိုအလောင်းကောင်အားရေခဲတိုက်သို့ ပို့ကြရတော့မည်
မဟုတ်ပါလား။

”ဆရာ … ကျွန်မတို့ အလောင်းကို အိမ်ပြန် သယ်သွားချင်တယ်”

အလောင်းပိုင်ရှင်များကလည်းလူကုံထံ အသိုင်းအဝိုင်းကဖြစ်ပုံရလေသည်။ ဝတ်ပုံ စားပုံများကို ကြည့်ရသည့်အလျောက်လူချမ်းသာ မိသားစု တစ်ခုဖြစ်မည် ကိုတပ်အပ်ပြောလို့ရပေသည်။ အလောင်းကို ဆေးရုံကနေ ဤ သို့အလွယ် တကူသယ်ဆောင်ခွင့်တော့မရှိပေ။ လုပ်ရိုးလုပ်စဉ် အတိုင်းလုပ်ဆောင်ရမည်ဖြစ်လေ၏ သို့သော်ငြားလည်း
ငွေ ဆိုသော တန်ခိုးရှင်သည် အရာရာကိုဖန်ဆင်းပေးနိုင်သည် မဟုတ်ပါလား။

+++++++++

” …”

ကားထဲတွင် ကတ်ဆတ်ကို ဖွင့်ထားရင်းအပူအပင်ကင်းစွာ ကိုတရုတ်ကြီးမောင်းနှင်လာခဲ့တော့သည်။ နာရီကို တစ်ချက်ကြည့်လိုက်တော့ ညကိုးနာရီပင် ထိုးလုတော့မည်။ဆိုင်ကယ်များလည်း မပေါသော ကာလလည်းဖြစ်သည်မို့ ရှစ်နာရီ နောက်ပိုင်းတွင်တော့
ကားလမ်းမ ပေါ်တွင်အသွားအလာနည်း သွားလေတော့သည်။ ခါတိုင်းစောစောပြန်နေကြဖြစ်လေသည်။ ဒီနေ့မှသာ ကိုတရုတ်ကြီးကိစ္စလေးတစ်ခု ကြောင့် အိမ်ပြန်နောက်ကျခဲ့တော့သည်။

”ဟိုး ………… ကားဆရာ”

ရှေ့ခပ်လှမ်းလှမ်းတွင် လူတစ်ယောက် ကားကိုလှမ်းတားနေသောကြောင့် ကိုတရုတ်ကြီး
အရှိန်ကို လျော့ချလိုက်‌ လေတော့သည်။ ပြီးနောက် ထိုလူအနီးတွင် ကားကိုရပ်ချလိုက်တော့၏ ။ ထိုနေရာသည် ဆေးရုံကြီး အရှေ့တွင် ဖြစ်လေ၏ ။

”ဘယ်လဲဗျ”

”ဘယ်လဲတော့ မဟုတ်ဘူးဗျ…………… အဲ့လိုဗျာ”

”ဗျာ …… ဟာ မဖြစ်ဘူးထင်တယ် …… ကျုပ်ကတင်ဖူးတာမဟုတ်ဘူး”

ကားတားသော လူမှာ စောစောက ဆေးရုံပေါ်တွင် သေဆုံးသွားသော သူ၏ အမျိုးတော် စပ်သူဖြစ်လေ၏ ။ အခုလည်း ထိုအလောင်းအား သူတို့ နေအိမ်သို့ပို့ပေးရန်ပြောဆိုခြင်းအား ကိုတရုတ်ကြီး ငြင်းဆိုနေခြင်းပင်ဖြစ်လေတော့သည်။

”လုပ်ပါဗျာ …… ကျုပ်တို့အရေးကြီးလို့ပါ”

”မဖြစ်ဘူးဗျ…… တခြားကားသာဌားလိုက်ကြပါဗျာ”

”ခင်များကို ၁၀၀၀၀ ပေးမယ်ဗျာ ……… ခရီးက ဝေးတာမှ မဟုတ်တာ”

၁၀၀၀၀ တဲ့ထိုလူကပြောလာတော့သည်။ ထိုခေတ် ထိုအခါက ငါးထောင် ဆိုသော ငွေပ
မာဏသည်လည်းအတော်အတန်တန်ဖိုးရှိ
လွန်းလှပေသည်။

တစ်ပတ်လောက်ပင်ပင်ပန်း
ပန်း ဆွဲစားရင်တောင် တစ်သောင်းက ပုံသေမရနိုင်။ ခုတစ်ကြောင်းထဲ နဲ့တစ်သောင်းဆိုတော့ ကိုတရုတ်ကြီး ဘာကိုမှ မစဉ်းစားနိုင်တော့ပေ။ သူ့ကားအား ဆေးရုံဝင်းထဲသို့မောင်း ဝင်ချလိုက်လေ တော့၏။

*********************

အယူအဆတွေ ဘာတွေ ညာတွေကို တွေးတောနေလို့ မဖြစ်။ မိမိစားရေးသောက် ရေးနေရေးထိုင်ရေးလောက် ဘာမှအရေးမကြီးသက်သက်သာသာ နှင့် ငွေ အရချောင်သော ထိုမသာ ကယ်ရီ အလုပ်အား ကိုတရုတ်ကြီး တစ်ကြိမ်တစ်ခါ မျှ လုပ်လ်ုက်ရုံဖြင့် အရသာတွေ့သွားလေတော့သည်။

နေ့ဘက်တွင် ခရီးသည်ပို့ ညဖက်ဆို ဆေးရုံကြီးနားသို့ ကားထိုးကာ ရစ်သီရစ်သီလုပ်တတ်လာလေတော့၏ ။ နေ့ခင်းဘက် အော်ဒါနည်းလည်း ကိုတရုတ်ကြီး သိပ်ဂရုမစိုက်တော့၊ မသာခိုးပို့ခြင်းက ရက်
သိပ်မခြား ခနခန လိုက်ပ်ု့နေရသည်မို့တဖြေးဖြေးအနေအစားချောင်လာခဲ့တော့ သည်။

”အဲ့ …… လူကြီးကားဆို မစီးနဲ့ သိလား”

”ဟင် …… ဘာလို့တုန်း ”

”ဘာလို့ရမလဲ …… အဲ့ကားက ………ညဆိုဆေးရုံက မသာအလောင်းတွေကို…… ခိုးခိုးသယ်ပေးနေတဲ့ …… မသာလိုင်းကားပဲ”

”ဟယ် ……… ကြောက်စရာကြီး”

”ဟုတ်တယ် …… ငါတို့ကိုပါ အညံ့တွေကပ်ပါလာလိမ့်မယ် …… ကားတွေပေါလို့အေ ……တခြားကားရှာစီးလဲ ရတာပဲ”

ထိုသို့ ပြောဆိုသံများပင် ထွက်ပေါ်လာသည်အထိ ။ သို့သော် ဂရုမစိုက်ပါ။ အချို့ရင်းနှီးသောကားဆရာများ က ထိုအလုပ်ဆိုးကြီးအား ဆက်မလုပ်တော့ရန် တားဆီးသော်ငြား လည်း ငွေအရချောင်သောကြောင့် ကိုတရုတ်ကြီး ခေါင်းမာမာ နှင့်ဆက်လုပ်ခဲ့သည်။ အလောင်းများကို သယ်ခြင်းပို့ခြင်းကား အကုသိုလ်မများသော်လည်း အကုသိုလ်များသော လောဘကြောင့် တနေ့တွင်တော့ ကိုတရုတ်ကြီး ဒုက္ခကောင်း ကောင်းရောက်ခဲ့ရလေ တော့သည်။

******************

”ဗျို့ …… ကိုတရုတ်ကြီး မပြန်သေးဘူးလား”

”အေးဆေးပေါ့ …… ကို့လူရာ”

”ဒါဆိုလည်း …… ကျုပ်တော့ပြန်ပြီဗျို့”

လိုင်းဆွဲစားနေသော ကားသမားအချင်းချင်း ထိုမျှတော့ ရင်းနှီးဖော်ရွေ မှု ရှိကြလေသည်။ယခုလည်း နေဝင်ရီ တရောအချိန် ဆေးရုံ အပေါက်နှင့် ခပ်လှမ်းလှမ်းတွင် ကားရပ်ထားသော ကိုတရုတ်ကြီးအား အပေါင်းအဖော်ကားသမားများက လှမ်းနှုတ်ဆက်နေခြင်းဖြစ်လေသည်။ လူဆိုသည့် အမျိုးက ရလေလို လေ အိုတစ္ဆေ ဆိုသလိုပါပဲ ။ ရသလောက်နဲ့ မတင်းတိမ် မရောင့်ရဲ နိုင်သော သတ္တဝါသည်လည်း လူသားများပင်ဖြစ်လင့်
ကစား ကိုတရုတ်ကြီးလည်း ထိုလူထဲကလူမို့ မရောင့်ရဲနိုင်တော့ပေ။

ဒီအချိန် ဒီနာရီတွင် ဆေးရုံရှေ့တွင် ကိုတရုတ်ကြီး တစ်ယောက်သာ အမြဲရှိနေ တတ်လေသည်။ အချို့ကားဆရာများကတော့မိမိတို့ နေထိုင်ရာ အိမ်သို့ ပြန်ကြသည့်အချိန်။
ကိုတရုတ်ကြီး ထိုမသာကယ်ရီ အလုပ်ကိုလုပ်လာတာ ယခုဆိုရင် တစ်လပင်ကျော် လာခဲ့လေတော့သည်။ ထိုတစ်လကျော်ကာလအတွင်း သူအတော်အတန် ချောင်လည် ခဲ့လေ၏ ။ ထို့ကြောင့်လည်း ထိုအလုပ်ကိုစွန့်လွတ်ပစ်ဖို့လောက်တော့ သူမမိုက်မဲတော့
ပေ။

မနေ့ကလည်း မသာမရသည်မို့ ဒီနေ့အဖို့တော့ သူ မသာတစ်လောင်းတော့ သူလိုချင်မိလေသည်။

”ဟူး ……… ဒီနေ့တော့ တစ်ခေါက်လောက်ရရင် ကောင်းမယ်ကွာ”

နှုတ်မှလည်း ရေရွတ်လည်ပင်းကလည်း ကြက်ကြီးလို ဆေးရုံထဲ တမျှော်မျှော်နှင့်။
ဘယ်သူသေမလဲ ဘယ်သူလာဌားမည်လဲမျှော်နေခြင်းက အပြစ်တော့မရှိပေ။ သို့သော်
သူထိုသို့မျှော်နေခြင်းသည် သူတပါးအား မနောကံ စိတ်ဖြင့် လူသတ်နေခြင်းပင် မဟုတ် ပါလား။ သူကိုယ်တိုင် မသိခဲ့ပေမယ့် နေ့စဉ် နေ့တိုင်း တစ်စုံတစ်ယောက်သေဖို့ကို ဆန္ဒ ရှိနေသော ကိုတရုတ်ကြီး အတွက်တော့ များစွာအကုသိုလ်ကြီးလှပေသည်။

အမှောင်ရိပ်က တဖြေးဖြေး ကြီးစိုးလာခဲ့ပြီ။ ကိုတရုတ်ကြီး တစ်နာရီခန့်ပင်ရှိနေပြီ။ မတတ်နိုင်ဘူး စောင့်တော့ စောင့်ကြည့်ရမှာပဲဟူသော အတွေးစနှင့် သူဆက်စောင့်နေလေ တော့၏ ။ အချိန်ကား ညခုနစ်နာရီကျော်ခဲ့လေပြီ ။ ထိုစဉ် ဆေးရုံတံခါးပေါက်မှ လူတစ်ယောက်က ကိုတရုတ်ကြီးအား လက် ယပ်ခေါ်လိုက်လေတော့သည်။ ကိုတရုတ်ကြီးအားတက်သွားသည်။ ထိုလက်ပြနေသော သူအနီးသို့ကား ကို သွားရပ်လိုက်တော့မှမိန်းကလေးတစ်ယောက်

”အကို ….… ကားဌားချင်လို့”

”ရတယ် …… ညီမလေး ”

”အလောင်းကို ခနနေမှ…… လာသယ်မယ်……ညီမကို…… အိမ်အရင် ပို့ပေးပါ”

ဒီအချိန် ကားဌားခြင်းသည်အလောင်းသယ် ရန်ဌားခြင်းသာဖြစ်လေ၏ ။ ကိုတရုတ်ကြီး ကောင်မလေးအား ကြည့်လိုက်တော့ ကောင်မလေးမှာ နွမ်းဖတ်ဖတ် နှင့် အားငယ် နေသည့်ပုံပေါက်လေသည်။ ဟုတ်မှာပေါ့လေဆွေမျိုးသားချင်းတစ်ယောက်သေသွား တော့ ဝမ်းနည်းနေရှာမှာ ဟု ကိုတရုတ်ကြီး တွေးနေမိသည်။ ဆေးနံ့များကလည်း ကောင်မလေး နားမှ မွန်ထူအောင် ထွက်နေသည်။

”အကို …… လမ်းမှာ …… လူထပ်မတင်ပါနဲ့……ညီမ ကားခကို ထိုက်ထိုက်တန်တန်ပေး ပါ့မယ်”

”ကောင်းပြီ …… ကားပေါ်တက် ……ဘယ်သွား မှာလဲ…… အိမ်က …… ဘယ်မှာ”

”အဲ့ …………… မှာပါ”

အိမ်ခြေ အတော်နည်းသော ရပ်ကွက်လေး ဖြစ်လေသည်။ လူသူအရောက်အပေါက်လည်းနည်းလေ၏ ။ မြို့မစျေးကြီးနှင့်တော့ သိပ်မဝေးပေ။ ကောင်မလေးလည်း ကိုတရုတ်ကြီး နံဘေး ကားရှေ့ခန်းတွင်ဝင်ထိုင်လိုက်လေတော့သည်။

”ရပြီ …… အကို”

ကိုတရုတ်ကြီးလဲ ကားမှန်များကို တင်လိုက်ရင်း ကားစက်ကို နှိုးလိုက်လေတော့သည်။ ထိုစဉ် ရုတ်တရက်

”ဒေါက် ……… ဒေါက် ”’

ကားတံခါး မှန်ကို လူတစ်ယောက်က လာခေါ့က် လိုက်ခြင်းပင်။ ကိုတရုတ်ကြီး လည်း ကားမှန်ကို တစ်ထွာခန့်ချလိုက်ရင်း

”ဘာဖြစ်လို့လဲဗျ”

”ကားဌားမလို့ပါ…… လူငါးယောက်ပါတယ်……မန်နား ဘက်သွားချင်လို့”

ကိုတရုတ်ကြီး ခေါင်းအသာပြူ ထွက်လိုက်ပြီး ကြည့်လိုက်တော့ မိသားစုတစ်စုဖြစ်ဟန်
တူလေသည်။ အထုပ်အပိုးတွေနှင့် ဖြစ်လေ၏ ။ နံဘေးက ကောင်မလေးက စင်းလုံးပြတ်ဌားထားသည်မို့ သူမကိုတော့ တိုင်ပင် ကောင်းသည် ဟုကိုတရုတ်ကြီးတွေးလိုက် မိလေသည်။

”ညီမ ……… ဒီလူတွေကို တင်သွားမယ်လေ…… လမ်းလဲသင့်နေတာပဲ အဆင်ပြေမလား”

ကောင်မလေးက ခေါင်းကိုသာ အသာရမ်းပြသည်။ သူ့အကြည့်က ရှင့်ကို ကျွန်မပြောပြီးသား ဆိုတဲ့ အဓိပါယ်သက်ရောက်နေတယ်။ ထို့ကြောင့် ကိုတရုတ်ကြီးလည်း စောစောက လူအား အားတုန့်အားနာဟန်ဖြင့်

”စိတ်မကောင်းပါဘူးဗျာ …… တခြားကားသာဌားလိုက်ပါ …… ကျုပ်ခရီးသည်က အရေးကြီးနေလို့”

ထိုလူလည်းကိုတရုတ်ကြီးအားနားမလည် နိုင်သော အမူအရာဖြင့်ကြည့်ရင်းခေါင်းကိုသာ ငြိမ့်ပြလိုက်လေတော့သည်။အမှန်တော့ ကားခေါင်းခန်းတွင် ကိုတရုတ်ကြီးမှအပ မည်သည့်ကောင်မလေးမှ ထိုအချိန်တွင်ရှိမနေခဲ့ပါ ။ ဤသို့ဆိုလျှင် ကိုတရုတ်ကြီး ကားအား ဌားရမ်းခဲ့သော ကောင်မလေးမှာမည်သူနည်း ………………

*************

ကိုတရတ်ကြီး တစ်ယောက် ထိုကောင်မလေး ပြောသည့်အတိုင်း ကားကို ခပ်မြန်မြန်လေးမောင်းနှင်ခဲ့လိုက်တော့သည်။ ကောင်မလေးမှာတော့ သူ့နံဘေးတွင် ငြိမ်သက်လျက်သားလိုက်ပါလာလေ၏ ။ ကောင်မလေးပြောသောရပ်ကွက် သို့ရောက်ခဲ့လေပြီ ။ မှတ်မှတ်ရရထိုနေရာလေးတွင် ကွန်ကရစ်တံတား ငယ်လေးတစ်ခုလည်းရှိ၏ ။

ကောင်မလေးကတော့
မည်သို့ မျှမပြောပဲ ပကတိငြိမ်သက်တိတ်ဆိတ်လျက်

”ရောက်တော့မှာလား …… ညီမ”

ကိုတရုတ်ကြီးမေးသည်ကို ကောင်မလေးကမဖြေ ရှေ့ကိုသာ လက်ညှိုးညွန်ပြကာနေလေ၏ ။ ဆယ်မိနစ်ခန့်မောင်းလာသည့်တိုင်မရောက်သေး ။ နာရီလက်တံများကလည်း တစ်ချက်ချက် ရွေ့လျားနေလေသည်။ဆယ့်ငါးမိနစ် ထိုရပ်ကွက်လေးကို တစ်ပတ်ပြည့်အောင် ပတ်လျှင်ပင် ဆယ့်ငါးမိနစ်မကြာ

”ဟာ ”

ကိုတရုတ်ကြီး စိတ်ထဲ မသိုးမသန့်ဖြစ်လာ လေတော့သည်။ စောစောက ကွန်ကရစ်တံတားလေးက သူ့ကားမီးရောင်အောက်တွင် ထင်းခနဲပေါ်လာလေတော့၏ ။စောစောကမှ ဖြတ်ကျော်လာသောတံတား
ကို သူတစ်ခေါက်ပြန်ရောက်နေလေပြီ ။ကိုတရုတ်ကြီးကားမောင်းလာသည့်သက်တမ်းတစ်လျှောက်မကြုံဖူးသော အဖြစ်အပျက်ပင်။

”ဟာ ………ဘာနံ့ကြီးလဲ”

ရုတ်တရက် ထောင်းခနဲ ကိုတရုတ်ကြီးနှာခေါင်းသို့ ညှီစို့စို့ပုပ်အက်အက် အနံ့ကြီး ဝင်လာလေတော့သည်။ နံဘေးက ကောင်မလေးမှာတော့ ငြိမ်ချက်သားကောင်းနေ လေသည်။ ကိုတရုတ်ကြီးလဲ မနေနိုင်တော့ပဲ

”ညီမ …… အပုပ်နံ့ကြီးမရဘူးလား”

”ရတယ်လေ”

ကောင်မလေး၏ အမူအရာကား ထိုအပုပ်နံ့ကြီးကို ဂရုမစိုက်သည့်နှယ်။ ခပ်ပြတ်ပြတ်သာဖြေလိုက်လေတော့သည်။

”ညီမ အိမ်မရောက်သေးဘူးလား……အလောင်း သယ်ဖို့နောက်ကျနေပြီလေ”

”အလောင်းက …… သယ်စရာမလိုတော့ပါဘူး…… ကားပေါ်မှာပါလာပြီပဲ”

”ဘာ”

”ဟုတ်တယ် …… စောစောက အပုပ်နံ့ကလည်းညီမစီကလာတာ …… ကားနောက်ခန်းမှာ
ညီမအလောင်းလဲပါတယ်”

ကိုတရုတ်ကြီး တစ်ယောက် ခေါင်းမွေးများ ထောင်တက်သွားကာ ကားနောက်ခန်းသို့
သမင်လည်ပြန် လှည့်ကြည့်လိုက်လေတော့သည်။ ဖြူဖြူဖွေးဖွေး အဝတ်ဖြူကြီးဖြင့်
လွှားထားသော အလောင်းကြီးတစ်လောင်း /ဘယ်ချိန်တည်းက ရောက်နေသည်ကို သူမသိခဲ့။ နံဘေးကိုကြည့်လိုက်တော့ စောစောက ကောင်မလေး
ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပြီ ။ မှောင်မဲနေသော ကြောက်စရာညတစ်ည တွင်ကားပေါ်၌ ကိုတရုတ်ကြီး တစ်ယောက်သာ ။

ရုတ်တရက်ကားမီးကလည်း ပျောက်သွားလေတော့၏ ။ လကွယ်နေ့လည်းဖြစ်သလိုလမ်းမီးမရှိသော ထိုလမ်းလေးတွင် ကိုတရုတ်ကြီး ဇောချွေးများပြန်လာလေမိ တော့သည်။ လမ်းကိုမှန်းရင်း ကိုတရုတ်ကြီး လီဗာပေါ် ခြေထောက်ကို အားကုန်နင်းချလိုက်တော့၏ ။ မီးကဖျောက်ခနဲပြန်လင်းလာပြီး သူ့ကားမီးရောင် ရှေ့တည့်တည့်တွင်စောစောကကောင်မလေးဘွားခနဲပေါ်လာပြီး တိုက်လုဆဲဆဲအနေ အထားမှ ကိုတရတ်ကြီး ကားစတီယာရင်ကို ဘယ်ဘက်သို့အားကုန်ဆွဲလှည့်လိုက်မိတော့သည်။

”ဝုန်း ” ခနဲကျယ်လောင်စွာ မြည်သွားပြီးနောက် ကိုတရုတ်ကြီး၏ ဆန်နီကားငယ်လေးမှာ လမ်းဘေး ညောင်အိုပင်ကြီးသို့ဦးစိုက်သွားလေ တော့သည်။ ထိုညောင်ပင်
ကြီးနှင့် သူ့ကား တိုက်မိပြီးနောက်ဘာဆက်ဖြစ်သွားသည်ကိုတော့ ကိုတရုတ်ကြီးမသိ
နိုင်ပေ။

သူအရက်ပဲအလွန်အကျွံသောက်ထား မိခဲ့လေသလား ဒါမှမဟုတ်ထင်ယောင်ထင်မှားပဲ ဖြစ်ခဲ့လေသလား သူမောင်းနှင်ခဲ့သော ဆန်နီကားလေးမှာ လူတင်တဲ့ လိုင်းကားလေးလား
ဒါမှ မဟုတ် မသာတွေ တင်တင်နေတဲ့မသာလိုင်းကားလား ။ လူအများပြောကြ သည်ကတော့ မသာလိုင်းကားတဲ့

မသာတွေကိုတင်တင်ပြီး ခိုးပို့နေတဲ့ မသာလိုင်းကားတဲ့………… မသာတွေကို တင်တင်နေတဲ့……မသာလိုင်းကား ………ညစဉ်ညတိုင်း ……နိဗ္ဗာန်ယာဉ်မဟုတ်ဘဲမသာတွေပို့နေတဲ့ ………လိုင်းကား……အကုသိုလ် မျက်ရည်များခဲ့တဲ့……လိုင်းကား ကိုတရုတ်ကြီး၏ အသက်ကိုပါနှုတ်သွား
တဲ့လိုင်းကား………အဲ့ကားလေးကိုလူတွေသမုတ်လိုက်တဲ့နာမည်က ……………

””’မသာလိုင်းကား ””’

တဲ့……………………………………

ပြီးပါပြီ

စာဖတ်သူတို့အားအစဉ်လေးစားလျက်

သူရေး Since 2018

ခုနှစ် ၂၀၁၈ မှာရေးသားခဲ့သော ဇာတ်လမ်းတိုလေး ဖြစ်သည့် အတွက် အရေးအသားလို အပ်ချက်များကို သည်းခံဖတ်ရှု ပေးကြပါရန် လေးစားစွာ မေတ္တာ ရပ်ခံလိုက်ပါသည်။