ကဝေထိပ်ခေါင်

ရုပ်မျိုးနဲ့ဆက်ဆံတယ်…”

ဒေါ်မျိုးမမ တစ်ယောက်ပေါက်ကွဲစွာဆိုလာ၏။ အဖြစ်အပျက်များလည်း မျက်လုံးထဲမြင်ယောင်လာ၏။

       ယနေ့အကြွေးလိုက်သိမ်းရမည်ဖြစ်သဖြင့် ဒေါ်မျိုးမမ တစ်ယောက်အိပ်ယာအစောထကာ ရေမိုးချိုးဖီးလိမ်းပြင်ဆင်နေ၏။ မနက်စာအတွက် မိအေးပြင်ဆင်ပေးထားသော ကော်ဖီခါးခါးတစ်ခွက်နှင့် ပေါင်မုန့်ကြက်ဥကြော်ကို စားပြီး အိမ်မှထွက်လာခဲ့၏။

” တီးတောင်…တီးတောင်…”

အိမ်ရှေ့လူခေါ်ဘဲလ်ကို နှိပ်လိုက်ရာ
အထဲမှ အိမ်အကူမိန်းကလေးထွက်လာပြီး

” ဘာကိစ္စရှိလို့လဲအန်တီ  ….”

” နင့်သူဋ္ဌေးရှိလား…သူ့မိတ်ဆွေလာတယ်လို့သွားပြောချေ…”

” ဟုတ်အန်တီ…ခဏစောင့်နော်…”

ဆိုကာတံခါးပြန်ပိတ်ပြီး ကောင်မလေးကအထဲပြန်ဝင်သွား၏။ တအောင့်၌ ပြန်ထွက်လာပြီး
” မမက အိမ်ထဲလာခဲ့ပါတဲ့အန်တီ…”

ဟုဆိုသဖြင့် အထဲသို့လိုက်ဝင်လာခဲ့၏။ ပြောင်လက်ပြီး ဟီးထနေသောဧည့်ခန်း၌ အလှဓာတ်ပုံများ၊ပညာရှင်တို့၏ သေသပ်သောလက်ရာပန်းချီကားများ၊ ခေတ်ဆန်သော အသုံးအဆောင်စိမ်ခံပစ္စည်းများက သူ့အာရုံကိုဆွဲဆောင်နေ၏။
အိမ်အကူကောင်မလေးက

” ဒီမှာခဏစောင့်ပါအန်တီ…မမကဘုရားရှိခိုးနေလို့… ခနနေဆင်းလာလိမ့်မယ်…အန်တီဘာသောက်မလဲ…”

” ကော်ဖီတစ်ခွက်လောက်ရနိူင်မလားသမီး…”

” ခနစောင့်ပါအန်တီ…”

အိမ်အကူကောင်မလေးက မီးဖိုခန်းထဲသို့ ဝင်သွား၏။ ထိုစဥ် ပြောင်လက်သော လှေကားထက်မှ အသက်၃၅နှစ်အရွယ်အမျိုးသမီးသည် ခက်ထန်သောမျက်နှာပေးဖြင့် ဆင်းလာခဲ့၏။

” ဆောရီးမမရေ…တို့ဘုရားရှိခိုးနေလို့ပါ…”

” ရပါတယ်ညီမရယ်….အချင်းချင်းတွေဘဲပြောစရာလူတွေမှမဟုတ်တာ…”

” ကော်ဖီရပြီအန်တီ…”

စကားပြောနေကြစဥ် အိမ်အကူကောင်မလေးက ကော်ဖီယူလာပေးသဖြင့် အသာမွှေလိုက်ကာ သောက်နေလိုက်၏။ ကောင်မလေးထွက်သွားသည်နှင့် လာရင်းကိစ္စကိုပြောလိုက်၏။ ထိုအခါမာလာခင်ဆိုသောအိမ်ရှင်အမျိုးသမီးက

” အားနာလိုက်တာမမရယ်…တို့အမျိုးသားက မမကိုပေးမဲ့ပိုက်ဆံကို ကားဝယ်ချလိုက်လေရဲ့…ဟင်းဟင်း…”

ဆိုကာ မော်ကြွားသောအပြုံးဖြင့် ပြုံးနေလိုက်၏။ ထိုအခါ ဒေါ်မျိုးမမက

” ညီမရယ်…အစ်မမှာလည်းလေ ဒီငွေတွေနဲ့လည်ပတ်နေရတာဆိုတော့ ဒီနေ့မှပြန်မရသေးရင် ယူဖို့ပြောထားတဲ့လူတွေကို မျက်နှာပူရချေရဲ့….ညီမအမျိုးသားကိုပြောပြီး ကနေ့ရအောင်လုပ်ပေးပါလား….”

” ဟယ်မမရယ်…ဒီလောက်ငွေလေးနဲ့ စွတ်တောင်းနေလိုက်တာ…ကနေ့မပေးလည်း တပတ်နေရင်ပေးမှာပေါ့…”

” အဲလို့မပြောပါနဲ့ညီမရယ်…ညီမယူတုံးကလည်း အစ်မအသာတကြည်ပေးခဲ့သားဘဲလေနော်….”

” မရှိသေးပါဘူးဆိုအေ…ဘယ်လိုဖြစ်နေတာလဲဒေါ်မျိုးမမရဲ့…နောက်တပတ်ကျရင် အတိုးရောအရင်းပါ ပေးမယ်ဟုတ်ပြီလား….တကတည်း…”

ထိုသို့ခါးသီးစွာဆိုလာသဖြင့် ဒေါ်မျိုးမမ ဒေါသထွက်သွားတော့၏။

” အမလေး…ကိုယ်မွေးတဲ့​မြွေကိုယ့်ကိုပြန်ပေါက်တယ်ဆိုတာဒါမျိုးပေါ့….ငွေလိုတုန်းကျဒီလေသံမဟုတ်ပါဘူး…ပြန်တောင်းတော့လေသံပြောင်းနေပါလားမာလာခင်ရဲ့…ပြန်ပေးရမဲ့အချိန်ငါသေချာပြောပြီးသား ကနေ့ငါလာယူမယ်လို့… ခုကျမှ ဟိုဟိုဒီဒီလာမလုပ်နဲ့….မျိုးမမကိုဒီအချိုးလာချိုးလို့မရဘူးမှတ်…”

” အံမယ်လေး…. ကျုပ်အိမ်ကိုလာပြီး စော်ကားမော်ကားနဲ့ ညည်းငွေကျုပ်ကနေ့မပေးနိူင်ဘူးအေ…ညည်းငါ့ပိုင်နက်ထဲရောက်နေတယ်ဆိုတာမမေ့နဲ့….”

” ညည်းကလေ ဝမရှိဘဲ ဝိ လုပ်ချင်တဲ့ကောင်မ…ဘယ်နှယ့် ကိုယ့်မှာမရှိဘဲ သူများဆီချေးငှားပြီး အပြိုင်အဆိုင်မော်ကြွားရတယ်လို့…အထည်ကြီးပျက်မ…ဗိုင်းတာမ…ညည်းငါ့ငွေတွေပြန်ပေး …”

” မပေးနိူင်ပေါင်အေ….ညည်းထွက်သွား…ငါ့အိမ်ထဲကထွက်သွား…”

ဒေါ်မျိုးမမ စကားကြောင့် မာလာ ခင်အရှိုက်ထိသွားပြီး ပြင်းစွာဒေါသထွက်လေ၏။ သို့ကြောင့် ဒေါ်မျိုးမမအား အိမ်ထဲမှအပြင်းနှင်တော့၏။ အပြင်မှ ကားသံကြားသဖြင့် ဒေါ်မျိုးမမ လည်းထိုအိမ်ထဲမှခြေဆောင့်ကာထွက်လာခဲ့၏။ ထိုသို့စော်ကားခံလိုက်ရသဖြင့် ဒေါ်မျိုးမမ တစ်ယောက် ဒေါသထွက်၍မဆုံးနိူင်တော့ချေ။ ထိုအာရုံများပျောက်ကွယ်သွားစေရန် ခေါင်းကိုခါယမ်းလိုက်၏။ တအောင့်၌ အိမ်အကူကောင်မလေးလည်းစျေးမှပြန်လာခဲ့၏။

       အိမ်အကူကောင်မလေးက သူဋ္ဌေးပြန်လာသဖြင့် အပြေးကြိုလိုက်၏။ ဦးမင်းခသည် သူ့ရှေ့မှထွက်သွားသောအမျိုးသမီး၏ကျောပြင်အား ကြည့်ပြီး အိမ်အကူမိန်းကလေးအား

” ဒီမိန်းမကဘယ်သူလဲ ဘုတ်မ…”

” မမရဲ့မိတ်ဆွေတဲ့အစ်ကို….”

” ဪဟုတ်လား…”

ဦးမင်းခထိုမျှသာ​မေးပြီး အိမ်ထဲဝင်သွား၏။ ဒေါ်မာလာခင်ကား ဒေါသထွက်နေဆဲ။

” ဘာတွေဒေါသထွက်နေတာလဲခင်ရဲ့…”

” ဘာဖြစ်ရမှာလဲကိုရဲ့…ဟိုမိန်းမကြီးပေါ့ အိမ်ကိုလာပြီး ရန်လာရှာသွားတာ…”

ဆိုကာ ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်၏။ ထိုအခါဦးမင်းခက သက်ပြင်းချကာ

” ရှိရဲ့နဲ့ဘာလို့မပေးလိုက်သလဲမိန်းမရယ်….”

” မပေးချင်လို့တမင်မပေးတာအေ…ကောင်မ အချိုးကိုမပြေဘူး…တောက်!…”

         စိမ်ခံကားအဖြူတစ်စီးသည် မြို့ပြင်သို့ တရိပ်ရိပ်မောင်းနှင်လာ၏။ ထိုကားထဲတွင် အမျိုးသမီးနှစ်ယောက်နှင့် ကားဒရိုင်ဘာတစ်ယောက်ပါလာ၏။ ထိုကားသည် မြို့ပြင်ရှိ ခြံကျယ်ကြီးအရှေ့သို့ရောက်သည်နှင့်ရပ်လိုက်ရာ အမျိုးသမီးနှစ်ဦးသည် ပိုက်ဆံအိတ်ကိုယ်စီကိုင်ပြီး နောက်ကျောမလုံသလိုကြည့်ကာ အချင်းချင်းလက်တွဲပြီး ခြံကြီးထဲသို့ဝင်သွားလေ၏။

သူဋ္ဌေးမဖြစ်သူ နေထိုင်မကောင်းသဖြင့် အိမ်အကူမိန်းကလေးသည် သူဋ္ဌေးမအနားတွင်နေပြီးခြေဆုပ်လက်နယ်ပြုကာ နေလေ၏။

” အား…ကျွတ်…ကျွတ်…ခေါင်းတွေကိုက်လိုက်တာ…မိအေးမ…ငါ့နားထင်​တွေနှိပ်ပေးစမ်းပါအေ…ကျွတ်…ကျွတ်…ကျွတ်…”

မိန်းကလေးလည်း သူဋ္ဌေးမအလိုကျ တတ်သလောက်မှတ်သလောက် နှိပ်နယ်ပေးသော်လည်း သက်သာလာပုံမရချေ။

” ဆေးခန်းပြမှရမယ်ထင်တယ်မမကြီး…”

” မပြချင်ပါဘူးအေ…ငါသွေးတိုးနေတာလားမသိပါဘူး…ငါ့ကိုဟိုအံဆွဲထဲက သွေးကျဆေးနဲ့ရေတစ်ခွက်ယူလာပေးစမ်းပါ…”

အိမ်အကူမိန်းကလေးလည်း သူဋ္ဌေးမအလိုကျယူလာပေးလိုက်၏။ သို့သော် ခေါင်းကိုင်ခြင်းဝေဒနာမှာသက်သာလာခြင်းမရှိဘဲ တိုး၍သာထိုးကိုက်လာ၏။

” အား….သေတော့မှာဘဲ….ငါ့ခေါင်းတစ်ခုလုံးကြေမွတော့မယ်ထင်ရဲ့….”

” အား…ကျွတ်…ကျွတ်… “

” ဒုန်း..ဒုန်း….”

” ကွဲစမ်းအေ…ကွဲလိုက်တော့…ကွဲသွားတာမှခံသာအုံးမယ်…အား….”

” ဟာ…မမကြီးမလုပ်နဲ့….အမလေး…သွေးတွေ…သွေးတွေ…ဦးလေးရေလာပါအုံး…မမကြီးခေါင်းမှာသွေးတွေနဲ့….”

ခေါင်းကိုက်လွန်းသဖြင့်မခံမရပ်နိူင်ကာ အမျိုးသမီးမှာ ခေါင်းအားကုတင်စောင်းဖြင့်ဆောင့်ချလိုက်ရာ ခေါင်းဟက်တက်ကွဲသွားပြီး သွေးများအလုအယက်ပန်းထွက်လာခဲ့၏။ ထိုအချင်းအရာကြောင့် အိမ်အကူမိန်းကလေးမှာ ကြောက်လန့်သွားပြီး သူဋ္ဌေးဖြစ်သူကိုခေါ်လိုက်၏။ အိမ်အကူမိန်းကလေးအော်သံကြောင့် သူဋ္ဌေးမှာအခန်းထဲပြေးလာပြီး

” မိန်းမ… မိန်းမ… ဘာတွေလုပ်နေတာလဲ…ရပ်စမ်း…ကိုယ့်ကိုယ်ကိုမနှိပ်စက်နဲ့….”

ဆိုကာအတင်းဖမ်းချုပ်ထားလိုက်၏။ အခင်းဖြူဖြူလေးမှာ နီရဲတွတ်သွား၏။

” ကျုပ်သေချင်တယ်…ကျုပ်သေချင်တယ်…ကျုပ်ကိုလွှတ်စမ်း…ဒီခေါင်းကွဲသွားမှအေးမှာ…မဟုတ်ရင်တဆစ်ဆစ်ထိုးကိုက်နေတာ ကျုပ်မခံနိူင်ဘူး…”

ဆိုကာအတင်းရုန်းကန်နေ၏။

” ဆေးရုံပို့မယ်သမီး….လိုအပ်တာတွေယူပြီး ကားပေါ်တင်လိုက်…”

” ဟုတ်ဦးလေး…”

ထို့နောက် အမျိုးသမီးကိုဖမ်းချုပ်ပြီး ဆေးရုံသို့ပို့လိုက်၏။ ဆေးရုံတွင်လည်း ခေါင်းကိုကုတင်စောင်းနှင့်တဒုန်းဒုန်းဆောင့်သဖြင့် ဆရာဝန်တို့မှာ ထိန်းချုပ်ချည်နှောင်ထားရ၏။ အိပ်ဆေးပေးရ၏။ စိတ်ငြိမ်ဆေးပေးထားရ၏။ ဆေးရုံတက်ပြီးခုနှစ်ရက်​မြောက်သော်လည်း ရောဂါရှာမရသဖြင့် စိတ်လျှော့ကာ အိမ်သို့ပြန်ခေါ်လာခဲ့၏။ စိတ်တည်ငြိမ်ချိန်၌ နယ်ရှိမိဘထံပြန်ချင်သည်ဆိုလာသဖြင့် လိုအပ်သည်များထည့်ကာ နယ်သို့လိုက်ပို့ပေးလိုက်၏။

နယ်ပြန်ရောက်သည်နဲ့ ခေါင်းကိုက်ဝေဒ နာပျောက်ကင်းသွား၏။ သို့သော် လူကထိုင်းမှိုင်းနေ၏။ နယ်ပြန်ရောက်သည်ဆိုသဖြင့် အပေါင်းအသင်းမိတ်ဆွေတို့မှာ အိမ်သို့အလည်လာကြ၏။

” ဟယ်…မတွေ့တာကြာတောင်မှ ညည်းက အရင်တိုင်းပါဘဲလားအေ့…လှလို့ပလို့…”

” ထင်တာပါအေ….”

” အဟုတ်ပြောတာအေ့…ညည်းကမြို့မှာဆိုတော့ မပင်မပန်းနဲ့နေရတော့ အရွယ်တင်တာပေါ့အေ…”

” ဝုန်း…. “

” ဟင်….”

” ဟဲ့…ဘာဖြစ်တာလဲ… ဘာဖြစ်တာလဲ… “

အမျိုးသမီးလေးငါး​ယောက်ဝိုင်းဖွဲ့ပြီး စကားပြောနေကြစဥ် မြို့မှရောက်လာသောအမျိုးသမီးသည် ဝုန်းခနဲမတ်တတ်ရပ်ပြီး လက်မောင်းကိုအတောင်ပံခတ်သလို တဖျတ်ဖျတ်ခါရမ်းကာ ထခုန်နေ၏။ ထိုအဖြစ်ကြောင့် လာလည်သူအမျိုးသမီးတို့မှာလန့်ဖြတ်သွားကြကုန်၏။

” ဟယ်….ထမိန်(ထဘီ) ကွင်းလုံးကျွတ်ကျပြီ လုပ်ကြပါအုံးအေ….”

” အစ်မ…အစ်မ သတိထားပါအုံး…”

” ဟားဟားဟား… ဟားဟားဟား… “

ထိုအမျိုးသမီးမှာတဟားဟားရယ်မောပြီး ခုန်ပေါက်ကာထွက်ပြေးသွား၏။

” ဟာ…လုပ်ကြပါအုံး…လုပ်ကြပါအုံး… “

” ဖမ်းဆွဲထားကြဟ…”

အားလုံးရုတ်ရုတ်သဲသဲဖြစ်သွားပြီး ထိုအမျိုးသမီးအား လိုက်လံဖမ်းချုပ်ထားကြ၏။ ထိုအမျိုးသမီး၏မိခင်ဖြစ်သူမှ

” ပြန်ရောက်လာကတည်းကမူမမှန်ဘူး…ဘာတွေဖြစ်လာတာလဲမသိဘူး…ခေါင်းမှာလဲ ဒဏ်ရာနဲ့ဆိုတော့ ဦးဏှောက်များ ထိသွားပြီလားမသိပါဘူးအေ….”

” ဆေးရုံကတောင်ပြန်လွှတ်လာတယ်ဆိုတော့ သူတို့မတတ်နိူင်တဲ့ ရောဂါဖြစ်မယ်…ဒီလိုလုပ်ပါအား ကြီးဒေါ်ရေ…သူ့ကိုပရောဂဆရာတွေနဲ့ ပြကြည့်ပါလား…”

” ဟဲ့…သွားမယ်လေ…အဲဆရာအိမ်ကဘယ်မှာလဲအေ့…ငါ့ခေါ်သွားစမ်းပါ…”

မိခဖြစ်သူကိုအကြံဉာဏ်ပေးသည့် အမျိုးသမီး၏စကားကိုကြားလျှင် ဖမ်းချုပ်ခံထားရသောအမျိုးသမီးသည် စိတ်လက်မာန်ပါဖြင့် ထိုသို့ထပြောသဖြင့် အံ့အားသင့်သွားကြ၏။

” ဟယ်…”

” လုပ်စမ်းပါ… ကျုပ်ကိုခေါ်သွားကြစမ်းပါ…ကျုပ်အဲဒီဆရာနဲ့တွေ့ချင်လွန်းလို့ပါ….”

” ဝုန်း…”

ဆိုပြီးထခုန်ကာ လက်ခမောင်းခတ်လိုက်ရာ ချည်နှောင်ထားသောကြိုးများအပိုင်းပိုင်းပြတ်တောက်ကုန်၏။

” ကြီးဒေါ်ရေ…အခြေနေကမဟန်တော့ဘူး….ပရောဂဆရာအိမ်သွားမှဖြစ်မယ်…”

” ပြောမနေနဲ့အေ့…ခုသွားကြမယ်အေ့…ကျုပ်ကိုလမ်းညွှန်စမ်း…”

ရောဂါပျောက်ချင်လွန်း၍ ဆရာ့အိမ်သွားချင်သည်ဟုအားလုံးကအထင်ရောက်သွားပြီး အထက်လမ်းဆရာအိမ်သို့ခေါ်လာခဲ့ကြ၏။ ဆရာအိမ်ရောက်သည်နှင့် အထက်လမ်းဆရာကြီးသည် အိမ်ရှေ့ဘုရားခန်း၌မိန့်မိန့်ကြီးထိုင်နေ၏။

” အပူသည်တွေပါလား…ဪ…ကိုယ်တိုင်တောင်မကြောက်မရွံ့ ရောက်လာတာဘဲ…လာကြဒီမှာထိုင်ကြပါ…”

ဆရာကြီး၏ စကားကြောင့်ကျန်လူများမှာ ဘာမှနားမလည်ဘဲ ကျုံ့ကျုံ့လေး ထိုင်နေကြသော်လည်း မြို့မှရောက်လာသောအမျိုးသမီးမှာ တင်ပလ္လင်ချိတ်ကာထိုင်နေလေ၏။ ဆရာကြီးလည်း မိန့်မိန့်ကြီးပြုံးပြီး

” ထိုင်ပါထိုင်ပါ မင်းထိုင်သာသလိုထိုင်ဟုတ်ပြီလား…”

ဟုဆိုလေ၏။ အမျိုးသမီးကဟိုဟိုသည်သည်ကြည့်ပြီး

” ရှင်က ဒီနယ်မှာနာမည်အကျော်ကြားဆုံးဆရာထင်ပါ့… “

” အဲလောက်လဲမဟုတ်ပါဘူးဗျာ…ကဲကျုပ်စွမ်းမစွမ်းနောက်မှဆုံးဖြတ်ပေါ့…လောလောရှယ်တော့ ဘုရားလေးဦးချလိုက်ပါအုံးကွဲ့… “

” အေးအေးမေ့သွားလို့အေ…”

ဆိုကာ ဘုရားကိုဦးချနေလေရာ ဆရာကြီးမှာ အံ့အားသင့်သွားရ၏။

” ကဲ…ကျုပ်ဘာဆက်လုပ်ရအုံးမလဲဆရာ… ဟင်းဟင်း…. “

” မင်းကငါ့ကိုလာစမ်းနေတာဘဲ… အင်းပေါ့မင်းလဲမင်းအစွမ်းအစ ကိုသိပ်ယုံသလို ငါလည်း ငါ့အစွမ်းအစကို ပြရသေးတာပေါ့….”

ပရောဂမှ ဆရာအား ပမာမခန့်သည့်ပုံစံလုပ်လာသဖြင့် ဆရာကြီးသည် အနည်းငယ် ဒေါသထွက်သွားပြီး

” ဟဲ့..ဆိုင်ရာတွေ…ဘာလုပ်နေကြတာလဲ….လက်တွေလှူပ်မရအောင်ဆွဲချုပ်ထားကြစမ်း….”

ဟုဆိုလိုက်ရာ အမျိုးသမီး၏လက်မှာ တဖြည်းဖြည်းအနောက်သို့ ရောက်သွား၏။

” ဟားဟားဟား…. ဟဲ့ဆရာကောင်…ညည်းသေချာချည်ခိုင်းလိုက်ပြီလား ….ဟက်ဟက်…”

ဆိုကာပြန်မေးပြန်၏။ လူကြားသူကြားတွင်အရှက်ခွဲခံလိုက်ရသဖြင့် ဆရာကြီးမှာ ဒေါသပို၍ထွက်သွား၏။

” ငါ့ကိုအရှက်လာခွဲတယ်ပေါ့ဟုတ်လား….ကဲဆင်ပိုင်ကြီးတွေ… ဒီကောင့်ကိုဝိုင်းပြီးနင်းထားကြစမ်းကွာ….ပြန်မထနိူင်အောင် နင်းထားကြစမ်း….”

ဆရာကြီးအမိန့်ပြန်လိုက်သည်နှင့် ထိုအမျိုးသမီးမှာ ကြမ်းပေါ်သို့လှုပ်ရှား၍မရအောင်ကျသွား၏။

” ဝုန်း….”

” ဟင်…”

” ဟာ…”

” ဟားဟားဟား… သိပ်လန့်သွားသလားဆရာကြီး….ဒါအသေးမွှားဘဲရှိပါသေးတယ်နော်ဆရာကြီး…. “

အမျိုးသမီးမှာဝုန်းခနဲထခုန်လိုက်ရာ ကြိုးပိုင်၊ဆင်ပိုင်များလည်း ဘာမှမတတ်နိူင်တော့ချေ။ ဆရာကြီးမှာလည်း ဒေါသအထွဋ်အထိပ်သို့ရောက်သွားပြီး အထက်ဆရာသခင်များအား တိုင်တည်ကာအကူညီတောင်းလိုက်၏။ ထို့နောက် ဆေးကြိမ်လုံးကိုဆွဲယူလိုက်ကာ

” လာစမ်း…ငါ့အကြောင်းပြရသေးတာပေါ့…”

” ဖြန်း…ဖြန်း…ဖြန်း…”

ဆိုကာကြမ်းပြင်အား ဆေးကြိမ်လုံးဖြင့် တဖြန်းဖြန်း ရိုက်လိုက်ရာ
လက်ခမောင်းထခတ်နေသောအမျိုးသမီးသည် ဘုန်းခနဲထိုင်ချလိုက်၏။

” ကဲ…ငါ့အာခံအုံးမလား…သည်းခံနေတာအကောင်းမမှတ်နဲ့.. “

” ဖြန်း…ဖြန်း…ဖြန်း…”

” အား….သေပါပြီ…နာတယ်…နာတယ်… “

” ကြောက်ပါပြီ… ကြောက်ပါပြီ…”

” အာခံအုံးလေ…ဘာလို့တနလ်ာသမီးကိုနှောင့်ယှက်ရတာလဲပြော…”

” ချစ်…ချစ်လို့ပါ….”

” ကဲ…ငါဆရာဘာမှမကြားချင်ဘူး…မင်းလုပ်ထားတာတွေအကုန်ပြန်ယူစမ်း…”

ဆိုကာဆေးကြိမ်လုံးနဲ့ရွယ်ထားလိုက်ရာ အမျိုးသမီးလည်း ကြောက်ကြောက်လန့်လန့်ဖြင့် ခြေဆင်းထိုင်ကာ ခေါင်းမှခြေအဆုံးသပ်ချလိုက်၏။ ထို့စဥ် အမျိုးသမီးမှာခေါင်းငိုက်စိုက်ကျသွားသဖြင့် အဖော်အမျိုးသမီးတို့မှာ လန့်ဖြတ်သွား၏။ ဆရာကြီးက

” ကဲကဲ…ဘာမှမပူကြနဲ့ အစွဲထွက်သွားလို့ ပါ…ခနနေသတိရလာလိမ့်မယ်”

ဆိုကာရေစင်ဖြင့်တောက်ပေးလိုက်ရာထိုအမျိုးသမီးမှာ ပြန်၍သတိလည်လာ၏။ ဆရာကြီးကိုလည်းကျေးဇူးတင်သဖြင့် ပူဇော်ကန်တော့ကာ နေအိမ်သို့ပြန်သွားလေ၏။

       ဆရာကြီးနှင့်ကုစဥ်ကာလတွင်နေထိုင်ကောင်းသလိုဖြစ်သွားသော်လည်း သိပ်ပင်ကြာကြာမခံဘဲ နဂိုကလိုလူကြားသူကြားရောက်လျှင် ရောဂါထဖောက်လာပြန်၏။ မိဘများကလည်း ကျွမ်းကျင်တတ်မြောက်သည့်ဆရာများအားအိမ်၌ပင့်ကာ ကုသခိုင်းပြန်၏။ သို့သော် ကြာကြာမပျောက်ဘဲ ပြန်၍ဖြစ်လာပြန်၏။ တချို့ပညာသင်ဆရာတို့မှာ လိုက်၍ပင်မကုရဲတော့သည့်အထိဖြစ်လာ၏။  ထိုသို့ဖြစ်လေ ပညာသည်မှာပိုသောင်းကျန်းလာလေဖြစ်၏။

တချို့ဆရာတို့မှာ နေအိမ်သို့လိုက်ကုပေးလျှင် ပညာသည် သည် အိမ်တွင်ကိုးကွယ်ထားသောအိမ်တွင်းနတ်တို့၏အကူအညီကြောင့် မာန်ကြွနေသည်ထင်ကာ အိမ်တွင်းစင်ပါဖျက်သွားကြ၏။   ထိုအချိန်မှစ၍ ပရောဂမှာ ပို၍ပင်ဆိုးသွားတော့၏။ သစ္စာရေတိုက်လျှင်လည်း

” ဒါလား နင်တို့ရဲ့အရမ်းပြင်းတဲ့သစ္စာချက်တွေနဲ့တိုင်တည်ထားတဲ့သစ္စာရေဆိုတာ…ပေးစမ်းငါ့ကို…”

ဆိုကာ တဂွတ်ဂွတ်မော့သောက်ပြန်၏။ ထို့အပြင် သာမာန်ပညာသက်နုဆရာများကုသလျှင် ကန်တော့ပွဲများပါ ကန်ချကုန်သဖြင့် ဆရာတို့မှာ အသက်လုပြီး ပြေးရ၏။

မတတ်နိူင်သည့်အဆုံး  လူနာအားချော့မော့ကာဘုန်းကြီးကျောင်းခေါ်သွားပြီး ပရောဂအားဆရာတော်မှ မေတ္တာရပ်ခံခိုင်းရသည်အထိဖြစ်လာ၏။ သို့သော် ခေါင်းမာသော၊ပညာမာန်တက်သော ပညာသည်ဖြစ်သဖြင့် ပြောဆိုမရခဲ့ဘဲ နောက်ဆုံး၌အားလုံးကလက်မှိုင်ချကာ နေလိုက်ကြရ၏။

တနေ့သ၌   ဆရာတော့်ကျောင်းသို့လူငယ်နှစ်ယောက် ရောက်လာ၏။ အကြောင်းစပ်မိရာ ထိုလူငယ်တို့မှာ ပရောဂလည်းကုတတ်ကြောင်းသိရသဖြင့် ဆရာတော်လည်း အတော်ဆိုးသည့်ပညာသည်အကြောင်းကိုပြောပြလိုက်၏။

” ဒီရွာကိုရောက်လာတည်းက တပည့်တော်တို့ ပညာစက်ပြင်းပြင်းကိုခံစားမိပါတယ်ဘုရား…”

” အင်းကွယ် တော်တော်လေးကိုဆိုးသွမ်းပြီး ပညာမာန်တက်နေတဲ့ပညာသည်ကြီးပါ…ဒီနယ်မှာရှိတဲ့ဆရာတွေကိုလည်း ပမာမခန့်ဘဲ ပြန်ပြန်လုပ်တာကလားကွယ်….”

” တပည့်တော်လည်း သူနဲ့တွေ့ချင်စမ်းပါဘိဘုရား…”

” သေချာသလားဒကာလေးတို့ရယ်…တော်ကြာဒီကဆရာတွေလိုအရှက်ကွဲရမှာစိုးလို့ပါ….”

ဆရာတော်လည်း သူစိမ်းဧည့်သည်ဖြစ်သော လူငယ်နှစ်ယောက်အား တွေးတွေးဆ ဆဖြင့် ဆိုလာ၏။ လူငယ်ကလည်း မလျှော့ဘဲ

” အနာရှိရင် ဆေးရှိပါတယ်ဘုရား…တပည့်တော်တို့ကိုသာ အဲဒီပညာသည်နဲ့တွေ့ရအောင် ကြံပေးစမ်းပါဘုရား…”

” အေးကွယ်…ဒကာလေးတို့က စိတ်အားထက်သန်စွာဆိုလာမှဖြင့် ဥူးဇင်းလည်း မောင်ကျောင်းသားကို လွှတ်ပြီး ဒကာမကြီးကိုသွားပြောခိုင်းလိုက်မယ်ကွဲ့….”

ဆရာတော်ဘုရားလည်း ဆိုသည့်အတိုင်း ကျောင်းသားတစ်ယောက်အား အကြောင်းကြားခိုင်းလိုက်၏။ သို့သော် ကျောင်းသို့ လူနာရှင်မှာတော်တော်နဲ့ရောက်မလာခဲ့ချေ။ သူစိမ်းဧည့်သည်ကို အားနာ၍လား၊မယုံကြည်၍လားတော့ မပြောတတ်ချေ။

        နောက်တစ်နေ့မှသာ အမျိုးသမီးကြီးသည် ဆွမ်းချိုင့်ကိုဆွဲပြီး ဆွမ်းလာပို့ရင်း ဆရာတော်ကြီးနှင့်အကျိုးသင့်အကြောင်းသင့်ပြောဆိုကာ ဧည့်သည်နှစ်ယောက်အား နေအိမ်သို့ခေါ်သွားတော့သည်။ သို့သော် ထိုအမျိုးသမီး၏မျက်နှာအမူအရာကား လူငယ်နှစ်ယောက်ကိုယုံကြည်အားထားသည့်ဟန်မပေါ်။ သူတို့ထိုက်နဲ့သူတို့ကံဘဲဟု သဘောထားသည့်ဟန်ကား သူ့မျက်နှာ၌အထင်းသားပေါ်နေသည်။

အိမ်ရောက်သည်နှင့် ဧည့်သည်နှစ်ယောက်အား နေရာထိုင်ခင်းပေးပြီး လူနာ၏အကြောင်းကိုအသေးစိတ်ရှင်းပြ၏။ လူနာအမျိုးသမီးကား သူစိမ်းဧည့်သည်နှစ်ယောက်ကို မကြည်သည့်ဟန်ဖြင့်ကြည့်နေ၏။ လူငယ်လည်းသူတို့၏ရာဇဝင်ကို အနည်းငယ် ပြန်ပြောပြလိုက်ရာ အမျိုးသမီးကြီး၏ မျက်နှာမှာ ယုံကြည်အားကိုးသည့်သဏ္ဍာန်တဖြည်းဖြည်းပေါ်လွင်လာခဲ့၏။ ထို့နောက်

” ဆရာလေးတို့ရယ်…အဒေါ့်သမီးက ဒီလိုဖြစ်တာကြာပါပြီ…စောစောကအဒေါ်ပြောပြခဲ့တဲ့အတိုင်းဘဲ…ဆရာတွေလဲစုံနေပါပြီ….ဆရာလေးတို့တတ်နိူင်ရင်တော့ ကုသပေးပေါ့…”

” ဟုတ်ပါပြီဗျာ… ကျွန်တော်တို့လုပ်ရပ်ကိုကြည့်ပြီးမှ အဒေါ်ဆုံးဖြတ်ပေါ့ လောလောဆယ်တော့ ဒီအစ်မကြီးဟာ ပရောဂအပြင် အိမ်တွင်းနတ်တွေပါရောပြီးနှောင့်ယှက်နေတာတွေ့ရတယ်ဗျ….”

” အားကိုးပါတယ်ဆရာလေးတို့ရယ်…လိုအပ်တာသာပြောပါ…”

” အုန်းပွဲငှက်ပျောပွဲဘဲပြင်ဆင်ပေးဗျာ…”

” ရစေရမယ်ရှင်ခနဘဲစောင့်ပါ…”

ဆိုပြီး သမက်ကိုစျေးထဲသို့လွှတ်လိုက်၏။ အားလုံးပြီးစုံသွားသည်နှင့် မောင်ရေခဲလည်းပိတ်ဖြူ​ပိတ်နီခံပြီး ကန်တော့ပွဲပြင်လိုက်၏။
ပြီးသည်နှင့် ဘုရားကိုရှိခိုးဦးချပြီး အရပ်ရှစ်မျက်နှာအရပ်ဆယ်မျက်နှာကိုမေတ္တာပို့၏။ အဘဆရာသခင်တို့ကိုတိုင်တည်၏။ ပညာစက်၊အာဏာစက်တောင်းခံ၏။ အားလုံးပြီးသည်နှင့် မီးစက်ချပြီး လူနာကိုခေါ်လိုက်၏။

” သက်သာသလိုထိုင်ပါအစ်မ…ဒါနဲ့ဘာနေ့သမီးလဲ…”

” တနလျာနေ့သမီးပါဆရာ…”

” အေးအေး ဘုရားကိုယုံယုံကြည်ကြည်နဲ့စိတ်ထဲအာရုံပြုပြီး ကန်တော့ချေ….စိတ်ကိုအတတ်နိူင်ဆုံးလျှော့ချထား….”

” ဟုတ်ကဲ့ပါဆရာ… “

ဆိုကာ အမျိုးသမီးလည်းဘုရားကိုဦးချလိုက်၏။ မောင်ထင်ပေါ်ကား
ထိုအမျိုးသမီး၏ဘေး၌ ပုတီးကိုင်ပြီး ထိုင်နေ၏။ ပွဲကြည့်ပရိတ်သတ်တို့ကား အိမ်ထဲအပြည့်။ လိုအပ်သည်များပြင်ဆင်ပြီးသွားသဖြင့် မောင်ရေခဲ လည်း တည်ငြိမ်ပြီးအာဏာစက်ပါသောအသံဖြင့်

” ဟောဒီတနလ်ာသမီး၏ အသက်နဲ့ခန္ဓာကို ငါပိုင်တယ်….ဒီတနလ်ာသမီးကိုပြုစားနှောင့်ယှက်ထားတဲ့ပုဂ္ဂိုလ်…ဟောဒီမီးစက်ထဲ မနှေးအမြန်ရောက်လာစမ်း…”

ဟုဆိုလိုက်ရာ မီးညွှန့်မှာလေမတိုက်ပါဘဲ ဟိုဟိုသည်သည်ယိမ်းထိုးနေ၏။ လူနာအမျိုးသမီးလည်း ဂဏှာမငြိမ်တော့ဘဲ လှုပ်လှုပ်ရွရွဖြစ်လာပြီး လက်ခမောင်းခတ်ကာဝုန်းခနဲထရပ်၏။

” ပြန်ထိုင်စမ်း…​မူလနေရာမှာပြန်ထိုင်လိုက်စမ်း…”

မောင်ရေခဲ ကထိုသို့မိန့်လိုက်ရာ ခုန်ပေါက်မည့်ဟန်လုပ်နေသည့်အမျိုးသမီးမှာ တဖြည်းဖြည်းဒူးညွှတ်သွားပြီး ခန၌ထိုင်မိလျှက်သားဖြစ်သွား၏။

” အေးဆေးထိုင်နေ…သောင်းကျန်းမယ်မကြံနဲ့… မင်းဘယ်အဆင့်ရှိပြီလဲဆိုတာငါသိတယ်… ဘုရားရှိခိုးလိုက်စမ်း…”

သို့သော် ပေကာထိုင်နေဆဲ။

” ငါပြောနေတယ်နော်…ဘုရားရှိခိုးလိုက်စမ်း…”

အမျိုးသမီးသည် မောင်ရေခဲအား စောင်းငဲ့ကြည့်နေ၏။ သူ့နားထဲ၌ မောင်ရေခဲ၏အသံသည်ပြင်းရှလှပြိး နားထဲသံရည်ပူလောင်းထည့်လိုက်သကဲ့သို့ ခံစားလိုက်ရသဖြင့် ကြည့်လိုက်ရာ လျှာ၌အာဏာစက်ပါနေသည်ကိုတွေ့လိုက်ရ၏။ ထို့နောက် ဘုရားကျောင်းဘက်ပြန်လှည့်လိုက်ပြီး ဘုရားကိုရှိခိုးလိုက်၏။

” တော်တော်ဉာဏ်များတဲ့ကောင်ဘဲ…မင့်အသက်ကလည်း နှစ်ပေါင်းမနည်းတော့ဘူး…အကုသိုလ်အလုပ်တွေလုပ်ကောင်းနေတုန်း….”

” ဆရာပေါက်စကများငါ့လာပြီး တရားဟောနေသေးတယ်…မင်းဘယ်လောက်ထက်လဲကြည့်ရသေးတာပေါ့…”

ဆိုကာ မီးစက်အတွင်းမှ ခုန်ထွက်ရန်ပြင်လိုက်၏။ သို့သော် မီးအပူဟပ်လာသဖြင့် အသာပြန်၍ထိုင်ချလိုက်၏။ မောင်ရေခဲဘက်လှည့်ပြီးမကြည်သောအကြည့်ဖြင့်

” မင်းလည်းမခေဘူးကိုး…အေးပေါ့ငါလည်းဒီလိုဆရာမျိုးကိုတွေ့ချင်နေတာ..ဟားဟားဟား… “

” ငါနဲ့တွေ့ရတာနောက်ဆုံးဘဲလို့မှတ်…ကဲပြော ဉာဏ်များမယ်မကြံနဲ့…တနလ်ာသမီးကိုဘာလို့နှောင့်ယှက်ရသလဲ…”

” နှောင့်ယှက်ချင်လို့ပေါ့အေ…”

” မဖြေဘူးဟုတ်စ…ကဲထင်ပေါ်ရေ မင်းလက်အပ်တယ်ကွာ…”

ဟုဆိုလိုက်ရာ မောင်ထင်ပေါ်လည်း

” ဖြေစမ်း…ဘာလို့နှောင့်ယှက်ရတာလဲ…”

ဆိုကာလက်ထဲကိုင်ထားသည်ပုတီးနှင့် ရိုက်ထည့်လိုက်၏။

” အား…..သေနာလေး ငါ့ကိုရိုက်ရဲတယ်ပေါ့…”

ဆိုကာ မောင်ထင်ပေါ်အား စက်လက်နက်ဖြင့်ပစ်မည်ကြံ၏။ သို့သော် ထိန်းချုပ်ခံထားရသလိုဖြစ်သွားပြီး

” ငါ့ပညာပါ ထိန်းချုပ်နိူင်တာဘဲ မဆိုးပါဘူး…ဟင်းဟင်း… “

” ပြောစမ်း…ဘာလို့နှောင့်ယှက်ရတာလဲ…မပြောရင်ဒီ့ထက်နာမယ်မှတ်…”

” လုပ်ချင်လို့လုပ်တာအေ…လုပ်ချင်လို့လုပ်တာကျေနပ်ပြီလား….”

မောင်ထင်ပေါ်ကလိမ်ညာမှန်းသိသဖြင့် ထပ်ရိုက်ရန်ပြင်၏။ ထိုအခါ မောင်ရေခဲ က လက်ကာပြလိုက်ပြီး

” အမှန်တိုင်းဖြေနော်…ငါ့တပည့်လက်အပ်လိုက်ရင် နင်မလွယ်ဘူးမှတ်…ကဲဖြေစမ်း…လိမ်ညာရင်မီးစက်ကြီးမှမီးတွေအရှိန်ပြင်းပြင်းလောင်မြိုက်စေ….အမှန်တိုင်းဖြေရင် ဒဏ်ရာတွေသက်သာစေ…”

မောင်ရေခဲကထိုသို့ဆိုလိုက်ရာ ပရောဂသည် လူစားခံရန်အတွက်သူ့တပည့်အားနေရာလဲရန်ပြု၏။ သို့သော် မောင်ရေခဲကဟန့်တားထားလိုက်သဖြင့် မီးစက်အတွင်းသို့ မည်သည့်တပည့်မှဝင်၍မရဘဲရှိလေ၏။

” အစားထိုးဖို့ တပည့်တွေမခေါ်စမ်းပါနဲ့…မင်းအရမ်းစွမ်းတယ်ဆို…ဘာလို့ကိုယ့်အပြစ်ကိုသူများကိုခံခိုင်းမှာလဲ…ဖြေ…”

ထိုအခါမှပရောဂမှာ ဆရာပေါက်စအား လျှော့တွက်၍မရမှန်း သဘောပေါက်သွားပြီး

” ချစ်လို့ပါအေ…ချစ်….အား…ပူတယ်… ပူတယ်….မီးတွေ…မီးတွေ…ဖြေပေါ့မယ်…အမှန်တိုင်း​ဖြေပါ့မယ်….သူများကငွေပေးပြီးလုပ်ခိုင်းလို့ပါအေ…”

” ဟင်….”

” ဟာ…ငွေပေးပြီးလုပ်ခိုင်းတာတဲ့တော်…ရက်စက်ပါ့…”

” ဟုတ်ပါ့အေ…ငရဲမကြောက်လိုက်ကြတာ…”

ပရောဂ၏အဖြေကြောင့် ပရိတ်သတ်တို့ထံမှအံ့ဩသံများထွက်လာခဲ့၏။ ဆက်ပြီးမောင်ရေခဲက

” ဘယ်သူလုပ်ခိုင်းလဲဆိုတာငါသိတယ်…သူတို့ရဲ့အရှက်နဲ့သိက္ခာတွေကိုငှဲ့လို့ ထားလိုက်တော့မယ်…သူ့အပြစ်သူခံပါစေ….နင်လည်းဘယ်သူဘယ်ဝါဘယ်အဆင့်ရောက်ပြီဆိုတာငါသိတယ်…ထပ်ပြီးလွှတ်ပေးရင် လူတွေကိုထပ်ပြီးဒုက္ခပေးမယ်ဆိုတာငါ့အသက်နဲ့အာမခံပြီးပြောရဲတယ်…ဒီတော့မင်းကို အမေသူရဿတီလက်အပ်ပြီး ပညာတွေသိမ်းခိုင်းရမယ်…”

ဆိုကာ မောင်ရေခဲကအမေသူရဿတီမယ်တော်အား ပင့်ဖိတ်ကာ အပ်ပေးလိုက်၏။ အမေသူရဿတီမယ်တော်ကား လက်ဝဲလကျ်ာ နိူင်သည့် ပုဂ္ဂိုလ်ထူးပင်။ နောက်ဆုံး၌  လုပ်ထားသမျှပြန်ယူခိုင်းပြီး သစ္စာရေပါသောက်ခိုင်းလိုက်၏။ တခြားဆရာများတိုက်သည့်သစ္စာရေကို သူသောက်သလောက် ယခုမူကား သောက်ရန်လက်တွန့်နေ၏။ အကြောင်းရင်းအမှန်ကား အရင်ဆရာတိုက်သောသစ္စာရေများကို သူကိုယ်တိုင်သောက်သည်မဟုတ်ဘဲ သူ့တပည့်တပန်းများအား ခေါ်သွင်းကာသောက်ခိုင်းခြင်းဖြစ်သဖြင့် ဖြစ်လာသမျှအကောင်းအဆိုးကိုသူမခံရချေ။

       လုပ်ထားသမျှပြန်ယူပြီးသည်နှင့်သစ္စာရေသောက်ကာ သူရဿတီမယ်တော်နှင့်အတူပျောက်ကွယ်သွားတော့၏။ ထို့နောက်ကျန်ရှိနေသေးသည့် အိမ်တွင်းအတိုက်အား ဖယ်ရှားပေးလိုက်၏။ အားလုံးရှင်းလင်းပြီးသည်နှင့်

” ထင်ပေါ်…လွယ်အိတ်ထဲက လေးကျွန်းအင်းကိုယူပြီး အိမ်ရဲ့အရှေ့အနောက်၊တောင်၊မြောက် အရပ်လေးမျက်နှာစလုံးကို ကပ်ပေးလိုက်ချေ…”

” ဟုတ်ကဲ့ဆရာ…”

မောင်ထင်ပေါ်လည်းဆရာဖြစ်သူခိုင်းသည့်အတိုင်း ရွှေပြားပေါ်၌ ချထားသော လေးကျွန်းအင်းကို အိမ်၏အရပ်လေးမျက်နှာ၌ကပ်ပေးလိုက်၏။ လေးကျွန်းအင်းကား အိမ်ထဲသို့မကောင်းသော အနှောင့်ပရောဂများမဝင်ရောက်စေရန်အတွက်ဖြစ်၏။ မောင်ရေခဲ၏အစွမ်းကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသဖြင့် အိမ်ရှင်အမျိုးသမီးကြီးမှာ မောင်ရေခဲတို့အားပြန်လည်တောင်းပန်နေ၏။ လူနာအမျိုးသမီးမှာ ကိုယ့်ထက်အငယ်ဖြစ်သည့်မောင်ရေခဲတို့အား ပါလာသည့်ရွှေ၊ငွေ၊ လက်ဝတ်လက်စားတို့ဖြင့်ကန်တော့တော့၏။ မောင်ရေခဲ တို့လည်းထိုပစ္စည်းများကို ပြန်အပ်ပြီး အားလုံးကိုနူတ်ဆက်ကာ ထိုနေရာမှထွက်သွားတော့၏။ ကျန်ခဲ့သည်လူအပေါင်းတို့ကား ထူးဆန်းသောမျက်နှာစိမ်းဧည့်သည်နှစ်ယောက်အကြောင်းကို အမျိုးမျိုးထင်ကြေးပေးရင်းကျန်ခဲ့တော့၏။

        လမ်းတစ်ဝက်အရောက်၌မောင်ထင်ပေါ်သည် မိမိသိလိုရာများကိုမေးတော့၏။

” ဆရာကုသွားတဲ့ပုဂ္ဂိုလ်မျိုးကဘယ်လိုပုဂ္ဂိုလ်မျိုးလဲဗျ….ဆရာမတိုင်ခင် ဒီ့ပြင်ဆရာတွေအများကြီးနဲ့ကုခဲ့သေးတယ်ပြောတယ်… “

” ကဝေမြောက်စုန်းအမျိုးအစားဘဲထင်ပေါ်…ကဝေ(၁၂)ကြိုးလုံးတတ်ထားတာ…သူကတော့ တခြားသောဇော်ဂနီနတ်တွေ၊အိမ့်တလိမ့်စုန်းတွေ၊မြေဘုတ်ပြိတ္တာတွေကို ခိုင်းစေလို့ရတယ်၊ အိမ်တွင်း၃၇နတ်တွေကိုတောင်နိူင်တယ် …ကုသွားတဲ့ဆရာတွေကလည်းညံ့လို့မဟုတ်ဘူး…ဆရာတွေလုပ်သမျှကိုဒီကဝေ​မြောက်စုန်းကပညာသားပါပါနဲ့သူတပည့်တွေကိုအစားဝင်ခံခိုင်းလိုက်တာ…ဒီတော့သူကဘာမှမဖြစ်ဘူးပေါ့…ငါကဒါတွေသတိထားမိလို့ သူ့တပည့်တပန်းတွေကို မီးစက်ထဲဝင်မရအောင်ချုပ်ထားလိုက်တာ…”

” ဪ..ဒါ​ကြောင့်ကိုးဗျ…အရင်ဆရာတွေကဒါကိုသတိမမူမိလို့နေလိမ့်မယ်နော်ဗျ…ဒါနဲ့ကဝေ(၁၂)ကြိုးဆိုတာဘာတွေလဲဆရာ…”

” ကဝေ(၁၂)ကြိုးဆိုတာ

(၁) ဖုသစ္စကြိုး – လူကိုညို့၍ အဟန့်အတား လုပ်နိုင်သောကြိုး

(၂) ရက္ခန္တိကြိုး – ၃မိုင်အထိ ဆွဲဆောင်နိုင်သောကြိုး

(၃) ဥဒ္ဒစ္စကြိုး – ရည်မှတ်၍ လွှတ်နိုင်သောကြိုး

(၄) ရက္ခိတကြိုး – မိမိကိုယ်ကို ကာကွယ်နိုင်သည့်ကြိုး

(၅) အဝေယျာကြိုး – ၃မိုင်အတွင်း ဝေဒနာ ပညာပေးနိုင်သောကြိုး

(၆) ဝိသလကြိုး – တစ္ဆေ၊မှင်စာများကို လူ့ကိုယ်ခန္ဓာထဲသို့ မှုတ်သွင်းနိုင်သည့်ကြိုး

(၇) နေပျောက်ကြိုး – လျှပ်တပြတ် တိုက်ခိုက်ရသည့်ကြိုး

(၈) နေသူရကြိုး – နေပျောက်ကြိုးထက် ထက်မြတ်သည့်ကြိုး

(၉) နွယ်စင်ကြိုး – မိစ္ဆာမှန်သမျှ ဖမ်းထားနိုင်သည့်ကြိုး

(၁၀) ဘုမ္မိခက်ကြိုး – မိစ္ဆာအားလုံးကို ခေါ်နိုင်သည့်ကြိုး

(၁၁) အလင်းတန်းကြိုး – ဖြန့်ကြက်ထားပါက အလင်းတန်းရောက်သည်အထိ သွားနိုင်သည့်ကြိုး

(၁၂) ဝီရိယကြိုး

ဆိုပြီး( ၁၂)ကြိုးရှိတယ်ထင်ပေါ်

တစ်ချို့ ဝမ်းတွင်းပညာသည်တွေဖြစ်တဲ့ ဂဗ္ဘလာကြိုးရပညာသယ် တွေ၊နတ်စက်တစ်ကြိုးရပညာသည်၊နှစ်ကြိုးရပညာသည်၊သုံးကြိုးရပညာသည် အစရှိတဲ့သူတို့ဟာ မာရ်နတ်လိုင်းက ဆင်းသက်လာတာဖြစ်လို့ သိပ်ထက်ကြပါတယ်…အဲဒီပညာသည် တွေဟာ သာမာန်လူမဆိုထားနှင့် ရုက္ခမူဝိဇ္ဇာလိုဟာတောင် အသေသတ်နိုင်တဲ့ ကမ္မဇိဒ္ဓိရှိကြတယ်ထင်ပေါ်….ဒါပေမဲ့ တစ်ရာမှာတစ်ယောက်ရှိဖို့ကအတော်ခဲယဥ်းကြတယ် လို့ဆရာသခင်တွေအမိန့်ရှိဖူးတယ်…”

” ဪအများကြီးဘဲနော်ဆရာ…”

” ဟုတ်တယ်ကွ…ဒါပေမဲ့သူတို့တွေဘယ်လောက်ဘဲထက်ထ​က် လက်ဝဲပညာကလက်ျာပညာကို နိုင်ရိုးထုံးစံမရှိဘူးထင်ပေါ်ရေ….”

ဆရာတပည့်စကားတပြောပြောဖြင့် ခရီးဆက်လာရင်း တောင်ထိပ်ရှိ ထုံးဖြူဖြူစေတီရှိရာသို့ရောက်လာခဲ့ကြ၏။

         ရောဂါပျောက်ပြီးသည်နှင့်အမျိုးသမီးသည် လင်ယောက်ျားနှင့်အကူမိန်းကလေးကိုခေါ်ပြီး မြို့သို့ပြန်ရောက်လာခဲ့၏။ ထိုမြို့သို့ပြန်ရောက်သည်နှင့် ကြားရသည့်သတင်းကား သူ့ကြွေးမပေးဘဲအော်ငေါက်လွှတ်လိုက်သော ဒေါ်မာလာခင်တို့လင်မယားစီးလာသည့်ကားသည် ချောက်ထဲသို့လိမ့်ကျသွားပြီး လူရောကားပါမီးလောင်ပြာကျသွားသည် ဟူ၏တည်း။……။

(အဘဆရာသခင်တို့အား ဦးထိပ်ပန်ဆင်လျှက်)

#ပြီး

# ခွန်း