ဖုတ်ပြိတ္တာကြီး

ဝါးဖြင့်အဆင့်သုံးဆင့်ပါသော စင်တစ်ခုအားဆောက်ရပြန်သည်။ ပထမအဆင့်တွင် ငှက်ပျော်သုံးဖီး အုံးသီးတစ်လုံးဖြင့် ဘုရားပွဲကိုထားရှိရပြီး၊ ဒုတိယအဆင့်တွင် ငှက်ပျောငါးဖီး အုန်းသီးတစ်လုံးဖြင့် သာသနာပွဲအားထားရှိရသည်။ တတိယအဆင့်တွင် ငှက်ပျောသုံးဖီး အုန်းသီးတစ်လုံးဖြင့် ဝိဇ္ဇာပွဲအား ထားရှိရပြန်သည်။ ပူဇော်ကန်တော့ပွဲတိုင်းတွင် တံခွန်၊ကုက္ကားကြက်လျှာ၊ဘမွှား၊ညောင်ရွက်၊ဂြိုလ်၈ခုပုံသဏ္ဍာန်၊သာသနာ့အလံ၊အောင်သပြေ အစရှိသောအရာများ ပါဝင်ထည့်စိုက်ထားရသည်။ ပွဲများ​ပြင်ဆင်အပ်နှံ၍ပြီးသောအခါ၌ စေတီတည်ရန်အတွက် ပန္နက်ရိုက်ခြင်းကိစ္စအား ဆောင်ရွက်ရသည်။ ပန္နက်ရိုက်ပြီးသောအခါ၌ စေတီ၏အုတ်မြစ်ဖြစ်သော ပန်းတင်ခုံပြုလုပ်ရန်အတွက် မြေများတူးရလေသည်။

နောက်နေ့ရောက်သော် တူးထားသောမြေကျင်း(ခေါ်)လိုင်းကျွင်း၏ဒေါင့်လေးဒေါင့်၌ ရွှေအုပ်ငွေအုပ်များ ထားရှိလိုက်ပြီးနောက် စေတီအောက်ခြေခုံတုံးအား တည်ဆောက်ရသည်။

ထိုသို့ဖြင့် တစ်ပတ်ခန့်ကြာသော် စေတီ၏အောက်ခြေပန်းတင်ခုံအား တည်ဆောက်၍ပြီးစီးသွားသည်။ထို့နောက် ပစ္စယံများတည်ဆောက်ရန်အတွက် အဋ္ဌဂံပုံစံ​ဒေါင့်ရှစ်ဒေါင့်အား ပန္နက်ရိုက်ရပြန်သည်။ စေတီတစ်ဆူတည်ရန်တွင် ၎င်းပစ္စယံသည် အဓိကအရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်၏။ ထိုသို့ဖြင့် လောကသုံးခုအားကိုယ်စားပြုသော ပထမ၊ဒုတိယ၊တတိယ ပစ္စယံသုံးခုအား တစ်ဆင့်ချင်းစီခက်ခဲစွာဖြင့်တည်ဆောက်ရသည်။
( စေတီတည်ရာ၌ ကျွန်တော်စာရေးသူပိုင်​လေး (မအူပင်မြေ)မှ လျှာရှည်ပြီး စီကာပတ်ကုံး ရေးထားသည်မဟုတ်၊စာဖတ်သူများ ဗဟုသုတရစေရန်အတွက် ထိုက်သင့်သလောက်ရှင်းပြရေးသားထားခြင်းဖြစ်သည်။)

ကျွန်တော်နဲ့ပြည့်ဖြိုးလည်း စေတီတည်ဆောက်ရာ၌ လုပ်အားဒါနများပြုခဲ့ရာ ရက်ပေါင်းနှစ်ဆယ်တာပင် ကုန်လွန်ခဲ့လေသည်။

ဤနေ့သည်ကား စေတီ၏အောက်ခြေများ တည်ဆောက်ပြီးသွားပြီဖြစ်သဖြင့် အပေါ်ပိုင်းတည်ဆောက်ရန်အတွက် ဝါးများဖြင့် ငြမ်းများထိုးရလေသည်။

” ပြည့်ဖြိုးရေ ငြမ်းဝါးတွေကိုသေချာချည်နော် ”

” စိတ်ချပါဆရာရဲ့… ဆရာတပည့်ကြိုးချည်ချက်က ဆင်နှစ်ကောင်ဖင်ထောင်ဆွဲရင်တောင် မပြုတ်ပါဘူးဗျ ”

” ဟား ဟား ဟား ”

ပြည့်ဖြိုး၏ ရွှတ်နောက်နောက်နိုင်သောစကားကြောင့် ဘုရားတည်ရန်အတွက် ငြမ်းထိုးနေသောရွာသားများမှ သဘောကျစွာဖြင့်ရယ်မော​ကုန်ကြ၏။

သူရိယနေမင်းကြီး တောင်စွယ်မှာ နေကွယ်လုနီးအချိန်၌ ကျွန်တော်တို့နှင့်ရွာသားများလည်း လုပ်လက်စအလုပ်များသိမ်းဆည်းကာ မိမိနေထိုင်ရာအိမ်များသို့ ပြန်လာခဲ့ကြ၏။

+++++

​” အော် ..အီး..အီး.. အွတ် ”

” အော်..အီး..အီး.. အွတ် ”

ဆိုသော လင်းကြက်တွန်သံကြောင့် ကျွန်တော်နဲ့ပြည့်ဖြိုးလည်း အိပ်ယာမှနိုးထလာခဲ့တယ်။ မနက်စာအဖြစ် သူကြီးဦးဘချစ်တည်ခင်းဧည့်ခံကျွေးမွေးသော ကောက်ညှင်းပြန်ပေါင်းအားစားလိုက်ပြီး အငွေ့တထောင်းထောင်းထွက်နေသော ရေနွေကြမ်းလေးကို မှုတ်သောက်လိုက်ဖြင့် ကျွန်တော်နှင့်ပြည့်ဖြိုးလည်း သဘောတွေ့လေ၏။ အချိန်ခနကြာသော်

” သူကြီးရေ ..သူကြီး ..သူကြီး ”

” ဆရာလေးရေ.. ဆရာလေး ”

ဟု ရွာသားများလည်း တကြော်ကြော်အော်ခေါ်ကာ အိမ်ဝိုင်းထဲသို့ဝင်လာလေတယ်။

” ဟေ့ကောင်တွေ ငါတို့ဒီမှာထိုင်နေတာမတွေ့ဘူးလား ” ဟု အိမ်အောက်ရှိ ခုံတန်းလျားပေါ်တွင်
ထိုင်နေသောသူကြီးမှ ရွာသားများအား ပြောလိုက်ရာ

” တွေ့ပါတယ်သူကြီးရ…ဟဲ.. ဟဲ ”

ဟု ပြုံးဖြီးဖြီးလုပ်ကာ ခုံတန်းလျားအနီးသို့ရောက်လာကြသည်။

” တွေ့ရင် နင့်မေကလွှားမို့ ခေါ်နေတာလား ”

ဟု သူကြီးမှ ခပ်ဆတ်ဆတ်ပြောလိုက်ရာ

” သူကြီးကလည်းဗျာ.. ကျွန်တော်တို့တည်နေတဲ့စေတီတော်ကြီးပြီးခါနီးပြီမို့ ပျော်နေလို့ပါဗျ ”

” အေးပါကွာ.. မင်းတို့ပျော်သလို ငါလည်းပျော်ပါတယ်ကွာ ငါတို့တည်နေတဲ့စေတီတော်ကြီးပြီးရင် အားပါးတရကို ဖူးအုံးမှာ ဟား ဟား ”

ဆိုသော သူကြီး၏စကားကြောင့် ရွာသားများသည်လည်း မိမိတို့တည်နေသောစေတီတော်ကြီးကို မကြာခင်ဖူးမြှော်ရတော့မှာပါလားဆိုသော အတွေများဖြင့်တွေးကာ ပြုံးပျော်နေပြီး စေတီတည်ရာနေရာသို့ တက်ကြွသွက်လက်သောခြေလှမ်းများဖြင့် ချီတက်ကြလေတယ်။ ကျွန်တော်တို့လည်း ရွာသားများနှင့်အတူလိုက်ပါလာရာ ခနအကြာ၌ စေတီတည်နေရာသို့အရောက်

” ဟာ တို့ထိုးထားတဲ့ဝါးငြမ်းတွေက ဘယ်လိုဖြစ်လို့ ပြိုကျပျက်စီးနေရတာလဲ ”

” ဟုတ်ပါ့ဗျာ မနေ့ကထိုးထားတဲ့ဝါငြမ်းတွေကအခု တစ်စစီကိုဖြစ်နေရောဗျို့… ညက လေလဲမတိုက်ပါဘူးဗျာ ”

ဆိုသော ရွာသားများ၏အသံများသည် ကြွက်စိကြွက်စိဖြင့် ​ထွက်ပေါ်လာကြသည်။ ကျွန်တော်နှင့်ရွာသားများလည်း ပြိုကျပျက်ဆီးနေသော ဝါးငြမ်းအပုံအား သေချာကြည့်လိုက်ပြီး

” ဒီကိစ္စက သာမန်ဖြစ်စဥ်မျိုး မဟုတ်ဘူးကွ၊ မနေ့က ငါတို့ထိုးထားတဲ့ဝါးငြမ်းတွေက အခုတစစီကိုဖြစ်နေတာဟ.. မသိလို့ရှိရင် လူဝံလိုအကောင်ကြီးကြီး​က ဖြိုချထားတဲ့ပုံစံမျိုးပဲ ”

ဟု သူကြီးမှသုံးသပ်ပြောဆိုလိုက်ပြီး ကျွန်တော့်ဘက်သို့လှည့်လာကာ

” ဆရာလေးကရော ဘယ်လိုထင်လဲ ”

” လောလောဆယ်တော့ ဒီကိစ္စကို ကျွန်တော်လည်း မပြောတတ်သေးဘူး…အခြေနေတစ်ခုကို သိရဖို့တော့ စောင့်ကြည့်ရမယ်ထင်တယ်သူကြီးရေ ”

ဟုပြောလိုက်ကာ ရွာသားများနှင့်အတူ ပြိုကြပျက်စီးနေသော ဝါးငြမ်းအား ပြန်လည်တည်ဆောက်ရ၏။

ဤသို့ဖြင့် တစ်နေကုန်ကြိုးစားပမ်းစားဖြင့် ​ငြမ်းထိုးခြင်းလုပ်ငန်းအား ဆောင်ရွက်ရာ နေဝင်ဖျိုးဖျအချိန်လောက်အရောက်တွင် ပြီးစီးသွား၏။ ကျွန်တော်နှင့်အတူ ရွာသားများသည်လည်း အလုပ်သိမ်းကာ အိမ်သို့ပြန်လာလိုက်ပြီးရေမိုးချိုးကာ ထမင်းစားသောက်ပြီးနောက် ကျွန်တော်လည်းပြည့်ဖြိုးကိုခေါ်ကာ စေတီတည်ရာနေရာဘက်သို့ ထွက်လာလိုက်တယ်။ အတန်ကြာလျှောက်​လှမ်းပြီးတဲ့အခါမှာတော့ စေတီတည်ရာကုန်းမြင့်လေးပေါ်သို့ ရောက်လာကြတယ်။ အချိန်အားဖြင့် သူငယ်အိပ်ချိန်(၇း၃၀)လောက်ပင်ရှိ၏။ကျွန်တော်တို့လည်း တည်လက်စစေတီရဲ့မလှမ်းမကမ်းတွင်ရှိသော ခြုံတစ်ခု၌ကွယ်ကာ ကင်းပုန်းသဘောမျိုးစောင့်နေလိုက်တယ်။

” ဆရာ အခုထိတော့ဘာမှမထူးခြားသေးဘူးနော်၊ စေတီငြမ်းတွေကို ပျက်စီးအောင်လုပ်နေတဲ့သူက အောက်လမ်းဆရာများဖြစ်နေမလား ”

” မဖြစ်နိုင်ဘူးပြည့်ဖြိုး… အခုနေတော့ငါလည်း အတတ်မပြောနိုင်သေးဘူး ”

” ဆရာ ကျွန်တော်တို့ အထက်ဝိဇ္ဇာဆရာကြီးတွေကိုပွဲပေးထားတာတောင် အနှောက်အယှက်ကဘာလို့ဝင်လာရတာလဲ ”

” ဒါက ဒီလိုရှိတယ်ပြည့်ဖြိုးရ …သိဒ္္ဓတ္တမင်းသား ဘုရားဖြစ်ခါနီးတောင် မာနတ်ကအမျိုးမျိုးဖျက်သေးတာပဲကွာ၊ ကောင်းတဲ့အလုပ်လုပ်တိုင်း မကောင်းတဲ့အဖျက်အဆီးကတော့ရှိစမြဲပဲ၊ အခုအဖျက်ကို အထက်ဆရာသခင်တွေ မတားဆီးပေးဘူးဆိုထဲက အကြောင်းအရင်းတစ်ခုရှိရမယ်ကွ ”

” ဟုတ်ကဲ့ပါဆရာ ဒါနဲ့ခြင်ကိုက်ပြေအောင် ဆရာဆေးပေါ့လိပ်လေးဖွာပါအုံး ”

ဟုပြောကာ ပြည့်ဖြိုးလည်း မင်းအောင်အား မယ်ခွေဆေးပေါ့လိပ်တစ်လိပ် ပေးလိုက်တယ်။

ကျွန်တော်လည်း ပြည့်ဖြိုးပေးသော မယ်ခွေဆေးပေါ့လိပ်လေးအားဖွာရင်း ခြုံကွယ်၌ တည်လက်စ စေတီအားစောင့်ကြည့်နေရာ လုလင်ပြန်ချိန်(ည ၁၀) သို့ပင်ရောက်ရှိလာ၏။ထိုအချိန်၌

” အူး…အူးး..ဝူးးးး ”

” အူး….ဝူး…ဝူး… ”

ဆိုသော ဆွဲငင်သောခွေးအူသံမှာ ထွက်ပေါ်လာ၏။ အစပိုင်းတွင် တစ်ကောင်စနှစ်စ အူသံများဖြစ်သော်လည်း နောက်ပိုင်း၌ အုပ်စုလိုက်အူသံကဲ့သို့ ဆူညံလာ၏။ ၎င်းခွေးအူသံသည် တဖြည်းဖြည်းဖြင့် ကျွန်တော်တို့နှင့် နီးကပ်လာ၏။

” ဆရာ ခွေးတွေအတော်အူလာတယ်နော် ”

” ဟုတ်တယ်ပြည့်ဖြိုး… သတိထားပြီးစောင့်ကြည့်ရမယ်”

ဟု ပြောကာ ကျွန်တော်လည်း ပတ်ဝန်းကျင်အား အကဲခက်ကာကြည့်နေခိုက်

” ဘုတ် ”
ဆိုသောအသံနှင့်အတူ တည်လက်စ စေတီအနီးရှိ စစ်ပင်ကြီးအပေါ်ကနေ လူဝံလိိုလိုအကောင်ကြီးတစ်ကောင်ခုန်ဆင်းလာတယ်။ ကျွန်တော်လည်း ထိုအကောင်ကြီးကို သေချာကြည့်လိုက်တော့ ဖုတ်ပြိတ္တာမိစ္ဆာကြီးတစ်ကောင် ဖြစ်နေတယ်။

ဖုတ်ပြိတ္တာကြီးသည် သူ၏အမွှေးအမျှင်များဖြင့်ဖုံးအုပ်နေသော ခြေထောက်ကြီးများဖြင့် တစ်လှမ်းချင်း စေတည်ရှိရာသို့ လျှောက်လမ်းလာပြီးနောက် စေတီ၌ ထိုးထားသောဝါးငြမ်းများအား ကြီးမားသောလက်နှစ်ဖက်ဖြင့် ဆွဲဖျက်လေရာ

ကျွန်တော်လည်းချုံအကွယ်ကနေ ထွက်လိုက်ပြီး

” ဟေ့ မိစ္ဆာ …သင်က ဘုရားတည်တာကို ဘာကြောင့်အခုလိုတွေဖျက်ဆီးပြစ်ရတာတုံး ”

ဟု ပြောလိုက်ရာ ၎င်းမိစ္ဆာကြီးလည်း ကျွန်တော့ဘက်သို့လှည့်လာ၏။ လက်အတွင်း၌လည်း ငြမ်းဝါးကို ကိုင်လာပြီး

” ဝှစ် ” အသံနှင့်အတူ

ကျွန်တော်ထံသို့ ပြစ်လိုက်ပေါက်လိုက်သည်။ ကျွန်တော်လည်း တိမ်းရှောင်လိုက်ရာ သီသီလေးကပ်လွဲသွားသည်။ ထို့နောက် ဒေါသထွက်ဟန်ဖြင့် ကျွန်တော့်ထံသို့ လျှောက်လာရာ အနားသို့မရောက်မှီ

” ဝှစ် ”

” ဘုန်း ”

” အား ” ဆိုသော အသံနှင့်အတူ မိစ္ဆာကြီးလွင့်ထွက်သွား၏။ ကျွန်တော်လည်း ဘေးကိုကြည့်လိုက်တော့ ဆင်အရွယ်အစားရှိတဲ့ နွားကြီးကိုတွေ့လိုက်ရတယ်။

” နွားကြီးရေ …ဆရာကိုရန်ပြုတဲ့မိစ္ဆာကို လိုက်ဝှေ့ပေတော့ ”

ဆိုတဲ့အသံနှင့်အတူ ပြည့်ဖြိုးတစ်ယောက် ကျွန်တော့်အနားကို ရောက်လာတယ်။

​” ဆရာ ဒီမိစ္ဆာအတော်ဆိုးတာပဲဗျ၊ အဲတာကြောင့် လွယ်အိတ်ထဲက စမနွားကိုလွှတ်လိုက်တာ ”

နွားကြီးက ဖုတ်ပြိတ္တာမိစ္ဆာကြီးကို လိုက်ဝှေ့လေရာ

” တ ဒုန်းဒုန်း..တဒိုင်းဒိုင်း ”

ဖြင့် စေတီအနီးတဝှိုက်၌ ဆူညံသွား၏။ခနအကြာ

” အား ”

ဆိုသော အသံနက်ကြီးထွက်ပေါ်လာပြီး ဖုတ်ပြိတ္တာကြီးမှာ မြေပြင်ပေါ်သို့လဲကျသွားပြီး မထနိုင်တော့ပေ။

” ပြည့်ဖြိုး မင်းနွားကိုပြန်သိမ်းလိုက်တော့ ”

” ဟုတ်ဆရာ ”

ပြည့်ဖြိုးလည်း စမများဖြင့်အသက်သွင်းထားသော နွားအား မန္တာန်တစ်ပုဒ်ရွတ်ကာ ပြန်သိမ်းလိုက်ရာ နွားကြီးမှာတစ်ဖြည်းဖြည်းအကောင်သေးသွားပြီး သေးငယ်သော ရွှံ့ရှုပ်လေးအဖြစ်သို့ ရောက်ရှိသွား၏။ကျွန်တော်လည်း လဲကျနေသောဖုတ်ပြိတ္တာကြီးအနားသို့သွားလိုက်ပြီး

” သင်ကဘယ်သူလဲ … ဘယ်မှာနေတာလဲ ”

ဟု မေးလိုက်ရာ

” ကျုပ်နာမည်က ရေချမ်းပါ… ကျုပ်က ဟိုကအပင်မှာနေတာပါ ”

လို့ စစ်ပင်ကြီးအားလက်ငြိုးထိုးပြလေတယ်။ ၎င်းဖုတ်ပြိတ္တာမိစ္ဆာကြီးပါးစပ်ဟလိုက်ရာ ကြီးမား၍ အပေါ်သို့ကော့တက်နေသော ဝါကျင့်ကျင့်အရောင်ရှိသော အစွယ်ကြီးနှစ်ချောင်းအားတွေ့လိုက်ရတယ်။ မျက်လုံးနှစ်လုံးမှာမူ မီးကျီခဲများကဲ့သို့ နီရဲကာတောက်ပနေပြီး ရံဖန်ရံခါ၌ အနက်ရောင်အခိုးအငွေ့များ ထွက်နေလေသည်။

” ခဗျားဘာလို့ စေတီတည်တာကို ဖျက်ဆီးပြစ်ရတာလဲ ”

ဟု မေးလိုက်ရာ

” စေတီတည်ပြီးရင် သာသနာစောင့်နတ်မင်းကြီးတွေက ဒီနေ​ရာကနေ ကျုပ်ကိုနှင်ထုတ်မှာလေ ..အဲဒါကြောင့် စေတီတည်တာကို ဖျက်ဆီးပြစ်ရတာပါ၊ အစက ဆရာလေးတို့ကို ဒီလောက်စွမ်းမှန်းမသိလို့ လုပ်မိတာပါ.. ကျုပ်ကိုခွင့်လွှတ်ပါ ”

” ခွင့်လွှတ်ပေးပါတယ်ဗျာ …ခဗျားမှာလဲခဗျားအကြောင်းအရင်းရှိတာကို၊ဒါနဲ့ ခဗျားဒီဘဝကို ဘယ်လိုဖြစ်ပြီးရောက်တာလဲ ”

ဟု ကျွန်တော်လည်းမေးလိုက်ရာ ဖုတ်ပြိတ္တာကြီးက အောက်ပါအတိုင်းရှင်းပြလေသည်။

++++++

လွန်ခဲ့သောနှစ်ပေါင်း၃၀၀ခန့်လောက်တွင် နဂကတ်သီ့တောအတွင်း၌ မုဆိုးနှစ်ဦးသည် လေးမြှားကိုယ်စီဖြင့်အမဲလိုက်ထွက်လာရာ

” နောင်ကြီးရေချမ်း .. ကျုပ်တော့ ဒီနေ့သမင်အသားရမှ ဖြစ်မှာဗျ ”

” နောင်ကြီးတာနောရဲ့ကြင်ယာတော်က အမှာရှိလို့လား ”

” ဟုတ်ပါ့ နောင်ကြီးရေချမ်းရေ ”

မုဆိုးကြီးနှစ်ဦးသည် စကားတပြောပြောဖြင့် တောအတွင်းသို့လျှောက်လာရာ

” ဝေါ… ဝေါ…ဝေါ ”

” နောင်ကြီးတာနော ရေတံခွန်ကရေကျသံတွေ ကြားလားဗျ ”

” ကြားပါ့ နောင်ကြီးရေချမ်းရာ.. ဒီအနားမှာရေတံခွန်တစ်ခု မုချရှိရမယ်ဗျ ”

ထိုသို့ဖြင့် မုဆိုးကြီးနှစ်ဦးလည်းရေတံခွန်အား ရှာရာ ခနအကြာ၌ ရေများတဝေါဝေါဖြင့် စီးကျနေသော ရေတံခွန်ကြီးတစ်ခုအား တွေ့လိုက်ရတယ်။ မုဆိုးကြီးနှစ်ဦးလည်း ၎င်းရေတံခွန်၌ မျက်နှာသစ် ခြေထောက်၊လက်ထောက်များဆေးကြောလိုက်ပြီး ရေတံခွန်အနီးတဝိုက်၌ တစ်ခုခုအား လိုက်ရှာကြလေရာ

” နောင်ကြီးတာနောရေ ဒီမှာသမင်ခြေရာတွေ တွေ့တယ်ဗျ ”

” ဒါဆိုရင်တော့ ဟန်ကျတာပဲ…ရေငတ်နေတုံး ရေတွင်းထဲကျဆိုသလိုတော့ ဖြစ်နေပြီဗျ…ဟား..ဟား ”

ဟု ရယ်မောကာ မုဆိုးကြီးနှစ်ဦးတို့သည်လည်း ရေတံခွန်အနီးရှိ ချုံတစ်ခု၌ဝင်၍ ပုန်းခိုလိုက်တယ်။ ချုံထဲတွင်ပုန်းခိုကာ သမင်များရေသောက်ဆင်းလာချိန်အား စိတ်ရှည်စွာဖြင့်စောင့်နေလိုက်တယ်။ မုဆိုးတို့၏အဓိကအရည်အချင်းသည်ကား သားကောင်ဖမ်းရာ၌ စိတ်ရှည်ခြင်းပင်ဖြစ်တယ်။ အတန်ကြာသော်

အသံများနှင့်အတူ သမင်အုပ်တစ်အုပ်သည် ရေတံခွန်ရှိရာသို့ ရေသောက်ဆင်းလာကြ၏။

” နောင်ကြီးရေချမ်း.. ကျုပ် ဟိုအရှေ့က အကောင်ကိုပြစ်မယ် ”

” ဟာ နောင်ကြီးတာနောကလဲ.. အဲဒီသမင်ကကိုယ်ဝန်ဆောင် သမင်မကြီးလေ၊ ဒီပြင့်အကောင်သာပြစ်စမ်းပါဗျာ ”

ရေချမ်းရဲ့စကားကြောင့် တာနောလည်းမဲ့ပြုံးပြုံးလိုက်ပြီး

” ကိုယ်ဝန်ဆောင်သမင်မကို မဖမ်းရဘူးလို့ဘယ်သူကပြောလဲ ကျုပ်ကတော့ အဲဒီသမင်မကြီးကိုပဲ လေးနဲ့ပြစ်ပြီးဖမ်းချင်တာဗျ ”

ဟု လေသံကိုနှိမ့်၍ ခပ်တိုးတိုးပြောလေတယ်။

” ဖမ်းချင်သပဆိုလဲ ဖမ်းပေါ့ဗျာ ”

ဟု ရေချမ်းလည်း စိတ်ပျက်စွာဖြင့်ပြောလိုက်၏။ မုဆိုးများတွင် စည်းကမ်းတစ်ခုရှိ၏။ ထိုစည်းကမ်းမှာ ကိုဝန်ဆောင်သယ်သားကောင်အား မဖမ်းရဆိုသော စည်းကမ်းပင်ဖြစ်တယ်၊ ၎င်းစည်းကမ်းကို လိုက်နာသောမုဆိုးများရှိသော်လဲ မလိုက်နာသောမုဆိုးများလဲ ရှိပြန်၏။ ထိုအချိန်၌ပင် ရေသောက်နေသော သမင်မကြီးထံသို့

” ဝှစ် ” ဆိုသော အသံနှင့်အတူ မြှားတစ်စင်းအား အရှိန်ပြင်းစွာဖြင့် ပြစ်လွှတ်လိုက်၏။

နာကျင်သော အော်သံနှင့်အတူ ၎င်းမြှားတံသည် သမင်မကြီး၏ဝမ်းဗိုက်အား ထိမှန်သွား၏။ သမင်မကြီး၏နာကျင်၍ အော်ဟစ်သံကြောင့် တခြားသမင်များပါ ခြေဦးတည့်ရာသို့ ဝရုံးသုန်းကားပြေးကြလေတော့သည်။ သမင်မကြီးသည် မြှားထိမှန်ထားသောလဲ ကြောက်လန့်တကြားပြေးသွားလေ၏။

” နောင်ကြီး သားကောင်ပြေးပြီ .. လိုက်စို့ ”

ဟုပြောကာ တာနောတစ်ယောက်လည်း ပုန်းခိုနေသော ချုံထဲမှထွက်ကာ သမင်မကြီးနောက်သို့လိုက်လေသည်။ ရေချမ်းလည်း တာနောနောက်သို့ လိုက်ရပြန်၏။
ဤသို့ဖြင့် သမင်နောက်လိုက်ရင်း တာနောတို့လည်း တောနက်အတွင်းသို့ ရောက်မှန်းမသိရောက်လာတော့သည်။

” ဟာ … ဒီသမင် ဘယ်ရောက်သွားပြန်ပြီတုံးကွာ ”

” ဟုတ်ပါ့ ဒီနားလေးတင် ပျောက်သွားတာ ”

” ဟိုမှာတွေ့ပြီ နောင်ကြီးတာနော… လိုက်စို့ ”

ထိုသို့ဖြင့် သမင်နောက်လိုက်ရင်း တာနောတို့လည်း ကျောက်ဂူကြီးတစ်လုံးအနားသို့ရောက်လာ​၏။

” ဒီသမင်ကွာ ဒီလောက်မြှားမှန်ထားတာတောင် အတော်ပြေးနိုင်တယ်…အခုလည်းဘယ်ရောက်သွားပြီလဲမသိဘူး ”

ဟု တာနောလည်း ရေရွတ်လိုက်ရာ

” နောင်ကြီးတာနော မဟုတ်မှလွဲရော တောများမှောက်နေသလား ”

” နောင်ကြီးရေချမ်းကလဲဗျာ အဓိပ္ပါယ်မရှိတာတွေမပြောစမ်းပါနဲ့…ကျုပ်မုဆိုးလုပ်လာတဲ့သက်တမ်းတစ်လျှောက် တစ်ခါမှတောမမှောက်ဖူးဘူး၊ ဧကန္တဒီဂူထဲများဝင်သွားလားမသိဘူး ”

” ဒါဆိုလဲ ဒီဂူထဲကိုဝင်ကြည့်ကြတာပေါ့ဗျာ ”

ဟုဆိုကာ တာနောနှင့်ရေချမ်းလည်း ကျောက်ဂူအတွင်းသို့ဝင်လိုက်ရာ

” ဖလက်စ်…ဖလက်စ် ”

” ဂိစ်… ဂိစ်..ဂိစ် ” အသံများနှင့်အတူ လင်းနို့များထပျံသွားလေရာ

” အား ” ဆိုသောအသံမှာ တာနောထံမှထွက်ပေါ်လာ၏။ အကြောင်းမှာ လင်းနို့တစ်ကောင်သည် တာနော၏မျက်နှာအား လက်သဲဖြင့်ခြစ်သွားသောကြောင့်ဖြစ်သည်။

” တောက်… သေခြင်းဆိုးလင်းနို့တွေ ”

ဟုပြောကာ ကျောက်ဂူအပြင်သို့ထွက်လိုက်ပြီး သစ်ကိုင်းခြောက်တစ်ခုအားရှာကာ မိမိလွယ်အိတ်အတွင်း၌ ကညင်ဆီစိမ်ထားသောအဝတ်စအားထုတ်ကာ ပတ်လိုက်​ပြီး ကျောက်ခဲနှစ်လုံးကောက်ပြီး ခတ်ကာမီးညှိလိုက်၏။
တာနောလည်း မီးတုတ်ကိုကိုင်ကာ ကျောက်ဂူအတွင်းသို့ဝင်လာ၏။ တာနော၏အနောက်၌ ရေချမ်းတစ်ယောက်လိုက်ဝင်လာ၏​။
​ကျောက်ဂူကြီး၏ကြမ်းပြင်၌ လင်းနို့ချီးများဖြင့် ညစ်ပတ်နေပြီး ဘေးနံရံများတွင်လည်းရေညှိများ၊နွယ်ပင်များပေါက်ရောက်နေ၏။

တာနောနှင့်ရေချမ်းလည်း ကညင်ဆီမီးတုတ်၏အလင်းရောင်ကို အားပြုကာ မှောင်မဲနေသော ကျောက်ဂူ၏အတွင်းပိုင်းသို့ ဝင်ရောက်လာ၏။ ထိုအချိန်၌

” ဂျောက်..ဂျောက်”

” နောင်ကြီးရေချမ်း သမင်မဖြစ်မယ် ”

ပြောကြာ ကျောက်ဂူအတွင်းပိုင်းသို့ ခြေဆယ်လမ်းခန့်မျှလျှောက်လိုက်သောအခါ

” ဟိုမှာ မြှားတန်းလန်းနဲ့သမင်မ လဲကျနေတယ် နောင်ကြီးတာနော ”

ဟုဆိုကာ လဲကျနေသောသမင်မအနားသို့သွားလိုက်ရာ မထင်မှတ်သောမြင်ကွင်းတစ်ခုအားမြင်လိုက်ရ၏။ ထိုမြင်ကွင်းမှာ မြှားတန်းလန်းဖြင့်လဲကျနေသောသမင်မအနားတွင် လူးအရိုးစုများအား တွေ့လိုက်ရသော ကြောင့်ပင်။

” ဒီလူအရိုးစုပုံကြည့်ရတာ နှစ်၅၀လောက်က​ သေသွားတာဖြစ်မယ်ထင်တယ် နောင်ကြီးရေချမ်းရ ”

” ဟုတ်လောက်မယ်ဗျ …”

ဆိုကာ တာနောလည်း ကညင်ဆီမီးတုတ်၏အလင်းရောင်ဖြင့်ကြည့်ရာ အရိုးစုများကြားတွင် သေတ္တာတစ်လုံးအားတွေ့လိုက်ရတယ်။ ထိုသေတ္တာအားယူလိုက်ပြီး ဖုန်များကိုခါ၍ကြည့်လိုက်ရာ ကြေးသတ္တာတစ်လုံးဖြစ်နေ၏။ ၎င်းကြေးသတ္တာ၏မျက်နှာပြင်တွင် နားမလည်နိုင်သော ဘာသာစကားဖြင့် စာကြောင်းတစ်​ကြောင်းအား ရေးထိုးထားလေသည်။

” နောင်ကြီးရေချမ်း ကျုပ်တို့ ဒီသေတ္တာကိုဖွင့်ကြည့်ရအောင်ဗျာ ”

” ကျုပ်လည်း ဖွင့်ကြည့်ချင်တယ်.. အထဲမှာဘာတွေရှိလဲဆိုတာ သိရတာပေါ့ဗျာ ”

ဟုဆိုကာ ကြေး​ေသတ္တာ၏သော့ခလောက်လား အနားရှိကျောက်တုံးများဖြင့်

” ဒုန်း..ဒုန်း ”

ဖြင့် ရိုက်ဖွင့်လိုက်ရာ သော့ခလောက်ပွင့်သွားပြီး အဖုံးအားဖွင့်ကြည့်လိုက်ပြီး

” နောင်ကြီးရေ ကျုပ်တို့တော့ချမ်းသာပြီဗျို့ ..အထဲမှာ ရတနာတွေမှ မနဲမနောပဲ ”

” ချမ်းသာပြီဟေ့ ငါတို့ချမ်းသာပြီ ” ဟု ဝမ်းသာအားရဖြင့်ကြွေးကြော်လိုက်သည်။

ထိုအချိန်တွင်

” ခစ်..ခစ်..ခစ်..ဟား..ဟား… ” ဆိုသော လှောင်ရယ်သံများသည် ကျောက်ဂူအတွင်းပိုင်းမှ ထွက်ပေါ်လာ၏။

” ဘယ်သူရယ်တာလဲ… ကျုပ်တို့ကိုလာမခြောက်နဲ့နော် ”

ဟုပြောကာ တာနောနှင့်ရေချမ်းတို့လည်း မီးတုတ်အားရမ်းကာ ဂူအတွင်းသို့လိုက်ပတ်ကြည့်သော်လည်း ခွေးတစ်ကောင်ကြောင်တမြီးမှမတွေ့ပေ။ အခြေနေမဟန်မှန်းသိသဖြင့် နှစ်ယောက်သား ရတနာသတ္တာအားပိုက်ကာ ကျောက်ဂူအတွင်းမှ ထွက်လာခဲ့လိုက်တယ်။ လဲကျနေသော သမင်အား ယူဖို့ပင်သတိမရတော့ချေ။

” နောင်ကြီးရေချမ်း ကျုပ်တို့ လမ်းပျောက်နေပြီဗျ ”

” ဟုတ်တယ် ကျုပ်လည်း လမ်းသိပ်မမှတ်မိတော့ဘူး ”

ရေချမ်းနဲ့တာနောလည်း တောအတွင်း၌ စမ်းတဝါးဝါးဖြင့် အိမ်အပြန်လမ်းအား ရှာဖွေလေသည်။ ဤသို့ဖြင့် မှောင်ရီစပျိုးချိန်လောက်ရောက်တော့ တောအတွင်း၌ ထုံးဖြူစေတီလေးတစ်ခုအား တွေ့လေတယ်။

” နောင်ကြီးတာနော ကျုပ်တို့ ဒီစေတီလေးနားမှာပဲ ဒီတစ်ညတော့တည်းခိုရအောင်…မနက်ကြမှပဲ အိမ်ပြန်ဖို့လမ်းရှာကြတာပေါ့ ”

” ဒီလိုပဲလုပ်ကြတာပေါ့ဗျာ ”

ဟုပြောလိုက်ပြီး သစ်ကိုင်းခြောက်များအားရှာကာ မီးဖိုလိုက်ပြီး နှစ်ယောက်သားအိပ်စက်လိုက်တယ်။ ရေချမ်းတစ်ယောက်လည်း တစ်နေကုန်ပြေးရလွှားရသဖြင့် မောပမ်းကာ အိပ်ပျော်သွားလေတယ်။ မအိပ်ပျော်နိုင်သူကား တာနောပင်ဖြစ်တယ်။ တာနောတစ်ယောက် ရတနာသတ္တာအားဖွင့်ကြည့်ကာ

” ငါ ရေချမ်းကိုသတ်လိုက်ရင် ဒီရတနာတွေကို ငါတစ်ယောက်ထဲပိုင်ဆိုင်ရမှာပါလား… မဟုတ်သေးပါဘူးလေ ရေချမ်းဟာ ငါ့အပေါ်ကောင်းတဲ့ မိတ်ဆွေကောင်းတစ်ယောက်ပဲလေ ”

ဟု စိတ်အတွင်း၌ ဒွိဟစိတ်များဖြစ်ပေါ်နေခိုက်
မျက်လုံးထဲသို့ အနက်ရောင်အခိုးငွေ့များ ဝင်လာပြီး တာနောတစ်ယောက် ခါး၌ချိတ်ဆွဲထားသော ဓားမြှောင်အားထုတ်ကာ

” ဝှစ် ” ဆိုသောအသံနှင့်အတူ ရေချမ်း၏ ဝမ်းဗိုက်အားထိုးသွင်းလိုက်တယ်။ ချက်ကောင်းကိုမထိသဖြင့် ရေချမ်းလဲကုန်းထလာကာ ခါး၌ချိတ်ဆွဲထားသော ဓားမြှောင်အားထုတ်ကာ တာနောကိုပြန်ထိုးလိုက်ပြီး နှစ်ယောက်သားလုံးထွေးသတ်ပုတ်နေ၏။ ခနအကြာတွင် တာနောတစ်ယောက် ရေချမ်း၏ဓားချက်အောက်တွင်အသက်ပျောက်သွားသည်။ရေချမ်းသည်လည်း ဓားဒဏ်ရာများ အပြင်းအထန်ရထားသဖြင့် ခပ်ယဲ့ယဲ့သာရှိတော့သည်။

” တောက် သစ္စာမရှိတဲ့ကောင် သေတာပဲကောင်းတယ် ”

ဟု နှုတ်မှပြောလိုက်သည်။ ရေချမ်းတစ်ယောက် မိမိအခြေအနေကိုနားလည်သဘောပေါက်သဖြင့် ရတနာသတ္တာအား စေတီနားရှိ စစ်ပင်ကြီး၏အောက်တွင် မြေကြီးအားတူးကာ မြှုပ်နှံထားလိုက်သည်။ သွေးထွက်လွန်ကာ ထိုနေရာ၌ပင် ရေချမ်းတစ်ယောက်အသက် ဇီဝန်ချုပ်သွား၏။

ဤသို့ဖြင့် မုဆိုးကြီးရေချမ်းတစ်ယောက်လည်း ရတနာတွေကိုစွဲလမ်းစိတ်ဖြင့် မကျွတ်မလွတ်သော ဖုတ်ပြိတ္တာဘဝသို့ ရောက်ရှိကာ ရတနာများအား စောင့်ရှောက်လေနေတော့သည်။ နှစ်ပေါင်းများစွာကြာညောင်းလာသောအခါ ထုံးဖြူစေတီလေးမှာလည်းပြိုပျက်သွားပြီးထိုတောနက်နေရာကြီးသည်လဲ လူတွေနေထိုင်သော ရွာအဖြစ်သို့ပြောင်းလဲသွား၏။

” ဒါဆိုရင် ခဗျားနာမည်ကရေချမ်းပေါ့ ”

ဟု မင်းအောင်မှမေးလေရာ လဲကျနေသော ဖုတ်ပြိတ္တာကြီးမှ

” ဟုတ်ပါတယ်ဆရာလေး”

” နာမည်ကသာ ရေချမ်း.. ရောက်နေတဲ့ဘဝက မအေးချမ်းပါလားဗျာ၊ ခဗျားအခုလိုဘဝမျိုးကိုရောက်ရှိနေတာဟာ ဒီရတနာတွေကိုစွဲလမ်းတဲ့စိတ်ကြောင့်ပဲဗျ၊ ခဗျားဒီဘဝကနေ ကောင်းမွန်တဲ့ဘဝကိုမသွားချင်ဘူးလား ”

” ကျုပ်သွားချင်ပါတယ် ဒီဘဝမျိုးကြီးနဲ့လဲ မနေချင်တော့ပါဘူး ဆာလောင်မွတ်သိပ်တဲ့ဒဏ်တွေကိုခံလာရတာလဲ နှစ်ပေါင်း၃၀၀ရှိပါပြီ ”

ဟု ငိုသံပါပါကြီးဖြင့် ပြောလေရာ

” ဒါဆိုရင် ခဗျားရတနာတွေကို ဘုရားဋ္ဌာပနာထည့်ဖို့အတွက်ကျုပ်ကိုလှူပါ၊ ခဗျားကိုဒီဘဝက ကျွတ်လွတ်အောင်လို့ အမျှပေးမယ် ခဗျားသာဓုခေါ်ပါ ”

လို့ ပြောလိုက်ရာ ​​ဖုတ်ပြိတ္တာကြီးက အတန်ကြာစဥ်းစားလိုက်ပြီး

” ကျုပ်ရတနာတွေလှူလိုက်ရင် တကယ်ပဲဒီဘဝကကျွတ်လွတ်မှာလား၊နောက်ပြီး ကျုပ်အတွက်နေစရာရောရမှာလား ”

” နေစရာအတွက်ကတော့မပူနဲ့ ခဗျားအတွက် ကျုပ်နေစရာ ရအောင်လုပ်ပေးမယ် ”

လို့ ပြောလိုက်ရော

” ဒါဆို ကျုပ်ရတနာတွေလှူမယ် ဟောဒီစစ်ပင်ကြီးရဲ့အောက်မှာ ကျုပ်ရတနာသတ္တာကိုမြှုပ်ထားတယ် ”

ဟုပြော ကာလက်ညှိုးထိုးပြရာ

” ပြည့်ဖြိုးရေ အဲနေရာကိုတူးကွာ ”

” ဟုတ်ကဲ့ဆရာ ”

ဆိုပြီး ပြည့်ဖြိုးတစ်ယောက်လည်း တည်လက်စ စေတီနားက ပေါက်တူးအားယူ၍ စစ်ပင်ကြီး၏အောက်ခြေအား တူးလေရာ ခနအကြာ၌

” ဒုတ်.. ဒုတ် ”

ဆိုသောအသံထွက်ပေါ်လာ၏။ ၎င်းအသံမှာ မြေကြီးထဲတွင်မြှုပ်ထားသော ကြေးသတ္တာအား ပေါက်တူးဖြင့်ခုတ်မိသောအသံဖြစ်လေသည်။

” ဆရာရေ ဒီမှာကြေးသတ္တာတွေ့ပြီဗျ ”

ကြေးသေတ္တာကိုကြည့်လိုက်ရာအတော်ဟောင်းနွမ်းနေပြီဖြစ်ကြောင်းတွေ့လိုက်ရ၏။ သေတ္တာ၏မျက်နှာပြင်မှာတော့ ပြည့်ဖြိုးပေါက်တူးနဲ့ခုတ်မိသည့် အရာအချို့ကိုတွေ့လိုက်ရ၏။ သေတ္တာအဖုံးမျက်နှာပြင်ကို ဘေးကသစ်ရွက်ခြောက်တွေနဲ့ပွတ်တိုက်ကြည့်လိုက်ရာ စာတန်းတစ်ခုကိုပီသစွာရေးထွင်းထားတာကိုတွေ့လိုက်ရပြန်၏။

” ဆရာ ဒီသေတ္တာအဖုံးပေါ်က စာကဘယ်လိုဘာသာမျိုးလဲဗျ ”

” ငါလည်းမသိဘူးပြည့်ဖြိုး အလွန်ရှေးကျတဲ့ဘာသာမျိုးပဲကွ ”

ကျွန်တော်ကလက်ဖြင့်​ေသတ္တာအားထိလိုက်ရာ သတ္တာအဖုံးတွင်ရေးထိုးထားသော စာကြောင်း၏အဓိပ္ပါယ်အား မနော၏နောက်ကွယ်ကနေသိလိုက်ရ၏။ ထိုစာကြောင်း၏အဓိပ္ပါယ်မှာ ရတနာသေတ္တာအဖုံးဖွင့်သောသူသည် သေလတ္တံ့ဆိုသော ​ကျိန်စာမန္တာန်တစ်ခုပင်ဖြစ်၏။ ထိုအချိန်၌ ပြည့်ဖြိုးမှသေတ္တာအားဖွင်မည်အလုပ်

” ပြည့်ဖြိုး သေတ္တာကိုမဖွင့်သေးနဲ့အုံး ”

ဆရာဖြစ်သူမင်းအောင်၏စကား​ကြောင့် ပြည့်ဖြိုးလည်း နားမလည်နိုင်ဖြစ်သွားပြီး

” ဘာဖြစ်လို့လဲ ဆရာ ”

” အဲဒီသေတ္တာမှာ ကျိန်စာတစ်ခုပါတယ်ကွ.. ဆားငံရည်ကို ကျိန်စာပျယ်မန္တာန်ကိုရွတ်​ပြီး လောင်းချလိုက်မှ ဒီသေတ္တာအပေါ်မှာရှိတဲ့ကျိန်စာတွေက ပျက်မှာကွ ”

” ဆရာ ရတနာသတ္တာကကျိန်စာကို ဘာလို့ဆားရည်နဲ့မှ ဖြတ်ဆီးလို့ရတာလဲ ”

” ဒီလိုကွ ပြည့်ဖြိုးရ… ဆားဟာ မကောင်းတဲ့စက်လှိုင်းတွေ မကောင်းတဲ့ပါပဓါတ်မှန်သမျှကို ဖြတ်နှိုင်စွမ်းရှိတယ်ကွ ”

” သြော်… အဲသလိုကို…. ”

ဟုပြောကာ ပြည့်ဖြိုးလည်း လွယ်အိတ်ထဲတွင်အသင့်ပါလာသော သိဒ္ဓိဝင်ဆားအား ထုတ်ယူလိုက်ပြီး တည်လက်စစေတီနားက ရေတစ်ခွက်သွားခပ်ကာ ဆရာဖြစ်သူထံသို့ပေးလိုက်၏။

ကျွန်တော်လည်း ပြည့်ဖြိုးပေးသောရေခွက်ထဲသို့ သိဒ္ဓိဝင်ဆားအားထည့်ကာ ကျိန်စာပျယ်မန္တန်အား သက္ကတဘာသာစကားဖြင့်ရွတ်ဆိုလိုက်ရာ ဆားများထည့်ထားသောရေခွက်မှ ရေများသည် ဆူပွက်လာ၏။ ထိုဆားရည်ဖြင့် သေတ္တာပေါ်သို့လောင်းချလိုက်ရာ အဖြူရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး ၎င်းစာတန်းမှာ ပျောက်ကွယ်သွား၏။ ထို့နောက် သေတ္တာအားဖွင့်ကြည့်ရာ များစွာသောရတနာများအား တွေ့ရလေသည်။ ကျွန်တော်နှင့်ပြည့်ဖြိုးလည်း ဖုတ်ပြိတ္တာကြီးအားနှုတ်ဆက်ကာ သူကြီးအိမ်သို့ပြန်လာခဲ့လိုက်၏။ အချိန်ပင်ကား ကြက်ဦးတွန်ချိန်(၃း၃၀) သို့ပင် ရောက်ရှိနေလေပြီ။

မနက်ရောက်သော် သူကြီးနှင့်ဘုရားသုံးဆူရွာသားများအား ဖုတ်ပြိတ္တာကြီးရေချမ်းအကြောင်း အစအစုံးရှင်းပြလိုက်ပြီး ရတနာများအား ဋ္ဌာပနာသွင်းရန်အတွက် သူကြီးထံအပ်လိုက်၏။ ဤသို့ဖြင့် စေတီတော်တည်ခြင်းလုပ်ငန်းအား စတင်လေရာ စေတီ၏အပေါ်ပိုင်းဖြစ်သည့်ခေါင်းလောင်း၊ ခါးစည်း၊သပိတ်မှောက်၊ ဖောင်းရစ်၊ကြာမှောက်၊ရွဲလုံး၊ကြာလန်၊ငှက်ပျောဖူး အထိကို ရက်ပိုင်းအတွင်းတည်နိုင်ခဲ့လေသည်။

ထိုနေ့သည်ကား ဘုရားသုံးဆူရွာသားများအတွက် အပျော်ရွှင်ရဆုံး နေ့တစ်နေ့ဖြစ်၏။ ယနေ့သည် လာဘသုခစေတီတော်အား ဋ္ဌာပနာပိတ်ပွဲနှင့်ထီးတင်​ပွဲအားကျင်းသည့်နေ့ဖြစ်သဖြင့် ရွာသူရွာသားများပျော်၍မဆုံး တပြုံးပြုံးဖြစ်ရ၏။

ရေစက်ချအမျှဝေရာ၌ မင်းအောင်တို့ဆရာတပည့်နှစ်ယောက်မှ ဆရာတော်ဘုရားအားဦးဆောင်စေ​ရန်လျှောက်ထားရာ ရွာဦးဆရာတော်လည်း

” လာဘသုခစေတီတော်အား ဋ္ဌာပနာသွင်းရန်အတွက် ဒကာကြီးရဲ့ရတနာများအား ဒကာကြီးကိုယ်စား ဘုရားသုံးဆူ ရွာသူရွာသားများမှ လှူဒါန်းပါ၏ ..ထို ကုသိုလ်ကောင်းမှုအစုစုတို့အား ဒကာကြီးဦးရေချမ်းမှ ဘုရားဒကာဘွဲ့ထူးကိုခံယူ၍ ဝမ်းမြောက်ဝမ်းသာ သာဓုမောဒနာခေါ်ဆိုပါ ..

အားလုံး ..အမျှ…အမျှ..အမျှ..

သာဓု…သာဓု…သာဓု..”

ဆိုသည့် သာဓုခေါ်သံအဆုံး၌ ဖုတ်ပြိတ္တာကြီးရေချမ်းတစ်ယောက် ရှည်လျားသောအမွှေးအမျှင်များ ကျွတ်ကျသွားကာ ဖုတ်ပြိတ္တာဘုံဘဝကနေ သစ်လွင်တောက်ပခံ့ညားသော စတုမဟာရာဇ်လက်အောက်ခံ နတ်ဘီလူးအဖြစ်သို့ ရောက်ရှိ​သွားလေသည်။ ထို့အချိန်၌ ကောင်းကင်တွင် အ​လင်းရောင်များထွက်ပေါ်လာကာ ကုဝေရနတ်မင်းကြီးကြွမြန်းလာပြီး

” သင်သည် တစ်ချိန်က ဖုတ်ပြိတ္တာဖြစ်ခဲ့ပေမဲ့… ယခုအချိန်ခါမှာ ဒီကပဋ္ဌမံဆရာလေးတွေရဲ့အကူညီကြောင့် နတ်ဘီလူးဘဝသို့ရောက်ရှိခဲ့ပြီ… လာဘသုခစေတီတော်အားစောင့်ကြပ်ရန်အတွက် ..သင့်အား မဟာဒေဝယက္ခ အမည်ဘွဲ့ထူးအား အပ်နှင်းသည်၊ စေတီအား စောင့်ရှောက်လော ”

ဟုပြောကာ ကုဝေရနတ်မင်းလည်း ပျောက်ကွယ်သွားလေ၏။ ဖုတ်ပြိတ္တာကြီးရေချမ်း တဖြစ်လဲ မဟာဒေဝယက္ခမှာ တဝင်းဝင်းတလက်လက်ဖြင့် အရောင်များတောက်ပလျက် ရွှေရောင်သံလျက်အားကိုင်စွဲထားလေသည်။ ထို့နောက်

” ဆရာလေးတို့ကို ကျေးဇူးတင်ပါတယ်ဗျာ၊ အကျွန်ုပ်ကို ဒီလိုဘဝမျိုးရောက်အောင် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးဆပ်ပါရစေ…ဆရာလေးတို့အလိုရှိတိုင်း အကျွန်ုပ်အမည်ကိုခေါ်လိုက်ပါ အကျွန်ုပ်လာရောက်ကူညီပေးပါ့မယ် ”

” ကောင်းပါပြီ နတ်ဘီလူးမင်း.. .ကျုပ်တို့လည်း ခုနှစ်ရက်သားသမီးတွေကို ကယ်တင်ဖို့အတွက် ခရီးဆက်လိုက်ပါအုံးမယ် ”

ကျွန်တော်နဲ့ပြည့်ဖြိုးလည်း မဟာဒေဝယက္ခနတ်ဘီးလူးကြီးအား နှုတ်ဆက်ကာ ဘုရားသုံးဆူရွာမှထွက်လာခဲ့လိုက်၏။ ကျွန်တော်တို့ ရွာမှထွက်လာသည်ကို ရွာသားများမသိလိုက်ပေ။

တစ်နှစ်ကြာပြီးနောက် လာဘသုခစေတော်၏ အရှေ့၌ အင်္ဂတေဖြင့် သန်လျက်ညာထမ်း နတ်ဘီလူးရုပ်ကြီးအား ထည်ဝါစွာဖြင့်တည်ဆောက်ထားသည်ကိုတွေ့လိုက်ရ၏။ အောက်ခြေတွင်တော့ ဘုရားတကာကြီး မဟာဒေဝယက္ခဘီလူးမင်းလို့ အနီရောင်ဆေးများဖြင့် ရေးထိုးထားသတည်း။….။

# ပြီး #

ရေးသားသူ = ပိုင်လေး(မအူပင်မြေ)

# သတ္တဝါတစ်ခု ကံတစ်ခု #