ခွေးရောင်ဆောင်သောလူ

ရောင်းချကုန်ကူးနေသူတစ်ယောက်ဖြစ်သည်။

“ဒါနဲ့ ဘိုထီး၊ ရှဲန်ဆိုင်အကြောင်း ကြားမိသေးလား”

ဘိုထီးက ငခမ်းကိုသေချာကြည့်လိုက်သည်။

“မင်းသူ့ကိုတကယ်ချစ်တာလား”

“ဘယ်လိုပြောလိုက်တာလဲဘိုထီးရယ်၊ ကျွန်တော့်စိတ်ကို ဘိုထီးသိတယ်မဟုတ်လား”

“ဒါဆိုရင်တော့ မင်းတို့ရွာကိုပြန်တော့ကွာ၊ ရှဲန်ဆိုင်က အခုလာမယ့် ဝါကျွတ်ရင် ယောက်ျားယူတော့မှာကွ”

ငခမ်းရင်ထဲ ဒိန်းခနဲထိတ်လန့်တုန်လှုပ်သွားလေသည်။ ဘိုထီးက ဆက်လက်ပြီး

“သူကတော့ မယူချင်ပါဘူးကွာ၊ မင်းနဲ့ကွဲသွားပြီးကတည်းက ရှဲန်ဆိုင်က ငိုယိုနေတတ်တယ်၊ မှိုင်နေတတ်တယ်ကွ၊ အခုပေးစားတဲ့လူနဲ့တောင်မှ သူ့မိဘတွေက အတင်းအကြပ်စီစဉ်ပေးလို့ ယူရတော့မှာ၊ သူ့အသက်ကလည်း မိန်းကလေးတစ်ယောက်အနေနဲ့ဆိုရင် အသက်ကြီးနေပြီမဟုတ်လား”

ဘိုထီးစကားတွေ သူသိပ်မကြားချင်တော့ပေ။ သူအရမ်းချစ်ခဲ့သည့် ရှဲန်ဆိုင်တစ်ယောက် အခုတော့ တစ်ပါးသူနဲ့ အိမ်ထောင်ပြုတော့မည်မဟုတ်ပါလား၊ ငယ်ငယ်ကတည်းက အတူတူကစားခဲ့ပြီး ကြီးလာတော့လည်း အတူတူချစ်ခဲ့သည့် ရှဲန်ဆိုင်အကြောင်းကိုတွေးမိပြီး မျက်ရည်တွေဝဲလာခဲ့သည်။

“မင်းပြန်သင့်တယ်ကွမ်ခမ်း၊ ရှဲန်ဆိုင်က ငါကုန်ကူးပြီးပြန်လာတိုင်း မင်းရဲ့အကြောင်းကိုမေးနေတာကွ၊ တို့တစ်ရွာလုံးက မင်းကို မောက်မယ်စော်ဘွားကွပ်မျက်လိုက်ပြီလို့ထင်နေပေမယ့် သူကတော့ မင်းမသေဘူးဆိုတာကို သူသိတယ်တဲ့၊ အခုတော့ သူပြောတာတကယ်မှန်နေပြီကွာ”

“ရှဲ်န်ဆိုင်က ကျုပ်အကြောင်းကိုမေးနေတယ်၊ ဟုတ်လား၊ ကျုပ်ကတော့ သူကျုပ်ကိုသိပ်မုန်းနေတယ်လို့ ထင်နေတာဗျ”

“မင်းကလဲကွာ၊ မင်းကိုမုန်းတယ်ဆိုတာ ခဏပါကွ၊ ရွာကလူတွေက မင်းက မင်းရဲ့အမေကိုပြန်သတ်လိုက်တာ်ကို ယုံပေမယ့် ရှဲန်ဆိုင်က မင်းသတ်တယ်ဆိုတာ အခုထိမယုံနိုင်သေးဘူးလေ၊ မင်းတစ်နေ့ပြန်လာရင် သူ့ကိုရှင်းပြမယ်လို့ထင်နေသေးတယ်”

“ဒါဖြင့်ရင်၊ ဘိုးထီးတို့ ဘယ်နေ့ပြန်မလဲ၊ ကျုပ်လည်း ရွာကိုပြန်လိုက်ခဲ့မယ်ဗျာ”

ဘိုးထီးက ဆေးတံကြီးကို တစ်ဖွာ ဖွာလိုက်သည်။

“အေးကွ၊ ငါတို့ဒီမှာသုံးရက်လောက်နေမယ်၊ သုံးရက်ပြည့်ရင်တော့ ကုန်တွေလဲပြီးလောက်ပြီဆိုတော့ ငါတို့ပြန်မယ်ကွာ”

ငခမ်းလည်းခေါင်းညိတ်လိုက်သည်။

“ကောင်းပြီဘိုးထီး၊ ခင်ဗျားတို့အခုဘယ်မှာနေသလဲ”

“မြို့စွန်က ရှမ်းကျောင်းကြီးမှာ တည်းတယ်ကွ”

“ကောင်းပြီဘိုးထီး ဒါဆိုကျုပ်ကိုစောင့်နေပါ၊ ကျုပ်သုံးရက်ပြည့်တဲ့အခါ အဲဒီကိုလာခဲ့မယ်”

ငခမ်းက ဘိုးထီးအားသူရရှိထားသည့် ငွေကြေးအချို့ကိုပေးလိုက်သည်။ ထို့နောက် မုန်တိုင်းနှင့်အတူတူပြန်လာခဲ့သည်။ လမ်းခရီးတွင် ငခမ်းက မှိုင်တွေနေလေရာ မုန်တိုင်းက သတိထားမိလိုက်သည်။

“ဘာဖြစ်နေတာလဲငခမ်း”

“ကျုပ်ရွာကိုပြန်မှဖြစ်မယ်၊ ကျုပ်ရဲ့ချစ်သူက တပါးသူနဲ့ မင်္ဂလာဆောင်တော့မယ်တဲ့ဗျာ၊ ကျုပ်သူ့ဆီပြန်ရမယ်၊ သူ့ကိုသွားခေါ်မှဖြစ်မယ်”

မုန်တိုင်းက ငခမ်းပုခုံးကိုပုတ်လိုက်သည်။

“မင်းအောင်မြင်ပါစေကွာ”

(၂)

အတွင်းဝန်မင်းမှာ အလုပ်အရမ်းများနေသဖြင့် သူတို့ထံသို့ နှစ်ရက်လောက်မလာအားပေ၊ နောက်တစ်ရက်ညနေတော့ မြင်းရထားဖြင့် သူတို့ခံတပ်ကြီးဆီသို့ရောက်လာသည်။

“အတွင်းဝန်မင်းကြွလာပြီ”

သူတို့အားလုံးအသင့်ပြင်ထားလိုက်ကာ အတွင်းဝန်မင်းကိုကြိုဆိုကြသည်။ အတွင်းဝန်မင်းမျက်နှာမှာ အလွန်ဖျော့တော့နေလေသည်။ သို့သော်လည်း မျက်စောင်းကြီးခဲပြီး ဒေါသအလွန်ထွက်နေပုံရသည်။ သလွန်တွင်ဝင်ထိုင်လိုက်သည့်အခါ စည်သူတို့အားလုံးက အတွင်းဝန်မင်းရှေ့တွင် ပြားနေအောင်ဝပ်ထားလိုက်သည်။ စည်သူက လက်အုပ်ချီလျှက်

“မှန်ပါ၊ ကျွန်တော်မျိုးတို့ လင်းနို့ရာဇာကြီးနဲ့တွေ့ပေမယ့် . . .”

“တော်စမ်း၊ ငါအကုန်သိပြီးပြီ”

အတွင်းဝန်မင်းကြီးက ဟိန်းဟောက်လိုက်သဖြင့် စည်သူစကားဆက်မပြောဝံ့တော့ပေ၊ အတွင်းဝန်မင်းကြီးက စိတ်ဆိုးဆိုးဖြင့်

“မင်းတို့ကောင်တွေ တစ်ယောက်မှ အသုံးမကျဘူး”

ထိုအခါ ပျံချီက လက်အုပ်ချီလိုက်ပြီး

“မှန်ပါ၊ ကျွန်တော်မျိုးရဲ့အစွမ်းနဲ့ လင်းနို့ရာဇာကြီးကို တိုက်ခိုက်နှိမ်နင်းပြီးတော့ ဖမ်းဆီးမယ်ဆိုပြီးလုပ်နေတဲ့အချိန်မှာ ဟောဒီက ငခမ်းက ဘာမပြောညာမပြောနဲ့ လင်းနို့ရာဇာကြီးကို သတ်လိုက်တာပါ ဝန်မင်းကြီးဘုရား”

အတွင်းဝန်မင်းကြီးက ငခမ်းကိုလက်ညှိုးထိုးလိုက်သည်။

“မောင်မင်းက ဘာလို့သတ်လိုက်ရတာလဲ”

ငခမ်းဘာဖြေရမှန်းမသိပေ။

“ဟို၊ ဟိုလေ”

“ကဲ မင်းပါးစပ်ကိုပိတ်ထားလိုက်စမ်း၊ စာချီတွေ ငါတို့မိစ္ဆာဖမ်းသူတွေ လိုက်နာရမယ့် စည်းမျဉ်းကိုရွတ်စမ်းဟဲ့”

အတွင်းဝန်မင်းကြီးက အမိန့်ပေးလိုက်သဖြင့် သူ့နောက်လိုက်စာချီတစ်ယောက်က လက်ထဲမှစာထုပ်ကိုချကာ ပုရပိုက်တစ်ခုကိုယူလိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့်

“စည်းမျဉ်း အမှတ်ကိုး၊ မိစ္ဆာဖမ်းသူသည် မိစ္ဆာကိုသတ်ခဲ့ပါက ထိုသူအားကွပ်မျက်ရမည်”

ငခမ်းတံတွေးမြိုချလိုက်သည်။ အတွင်းဝန်မင်းက ငခမ်းအား ဘယ့်နှယ့်ရှိစဟူသည့် အပြုံးဖြင့်ပြုံးပြလေသည်။ စည်သူက လက်အုပ်ချီလိုက်ပြီး

“မှန်ပါ၊ စည်းမျဉ်းနံပါတ် နှစ်ဆယ့်ခုနစ်တွင် ရေးသားထားသည်မှာ၊ မိစ္ဆာဖမ်းသူတစ်ယောက်အနေနှင့် လိုအပ်လာလျှင် မိစ္ဆာကိုသတ်ပိုင်ခွင့်ရှိသည်ဟု ရေးသားထားကြောင်းပါ”

စည်သူတင်လျှောက်လိုက်သည့်အခါ အတွင်းဝန်မင်း မျက်နှာကွက်ခနဲပျက်သွားသည်။

“စည်သူ မောင်မင်းက ငါ့ကိုကန့်လန့်တိုက်ချင်တာလား”

“မဟုတ်ပါဝန်မင်းကြီး၊ ကျွန်တော်မျိုးက စည်းမျဉ်းရေးသားထားသည့်အတိုင်းတင်ပြရခြင်းပါ၊ ကျွန်တော့်အမြင်ကိုပြောရရင်တော့ ငခမ်းကိုမကွပ်မျက်သင့်ပါဘူး”

“ကောင်းပြီစည်သူ၊ မင်းက သူ့ရှေ့ကနေ ရှေ့နေလိုက်ပေးနေတာပေါ့လေ၊ ဒါဆိုရင်လည်းပြောစမ်းပါအုံး၊ ငါက သူ့ကိုဘာလို့ မကွပ်မျက်ရမှာလဲ”

“မှန်ပါ၊ အခုအချိန်က မိစ္ဆာဖမ်းသူများ အင်အားနည်းနေသည့်အချိန်ဖြစ်ပါသည်။ ငခမ်းကလည်း မိစ္ဆာဖမ်းသူများထဲတွင် ရဲသွေးတက်ကြွပြီး တိုက်ရည်ခိုက်ရည်ကောင်းသူတစ်ဦးမှန်း ခံတပ်မှလူများအားလုံးသိကြပါသည်။ နသန်ကောင်ကြီးကိုတောင်မှ တစ်ယောက်တည်း တိုက်ခိုက်နိုင်ခဲ့ပါသည်။ ဒါကြောင့်မို့ ငခမ်းကိုကွပ်မျက်လိုက်လျှင် မိစ္ဆာဖမ်းတပ်သားတွေ အင်အားထိခိုက်မှာ အမှန်ပါဝန်မင်းကြီး”

အတွင်းဝန်မင်းကြီးက သူ့မုတ်ဆိတ်မွှေးများကိုပွတ်သပ်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ၊ ဒါပေမယ် မင်းတို့ကို ငါမကျေနပ်ဘူး၊ ဒါကြောင့် မင်းတို့ကိုအပြစ်ပေးတဲ့အနေနဲ့ မင်းတို့ကိုတာဝန်တစ်ခုပေးအပ်မယ်”

“တာဝန်ကိုထမ်းဆောင်ရန်အသင့်ပါ ဝန်မင်းကြီး”

“စည်သူတပ်ဖွဲ့ အမိန့်နာခံစေ၊ မြို့စွန် ရှမ်းကျောင်းကြီးလို့ခေါ်တဲ့ ရှမ်းဘုန်းကြီးကျောင်းအနားမှာ ခွေးနက်ကြီးတစ်ကောင် ကျက်စားနေသတဲ့၊ မင်းတို့အဲဒီခွေးနက်ကြီးကို ဖမ်းဆီးလို့ရရင်ဖမ်းဆီး၊ ဖမ်းဆီးလို့မရရင်လည်း ရှင်းလင်းပစ်ရမယ်”

“အမိန့်အတိုင်းပါ ဝန်မင်းကြီး”

“တစ်ခုသတိထားစည်သူ၊ ဒီခွေးနက်ကြီးက မြို့ရိုးအတွင်းမှဝင်ရောက်နေတာမို့လို့ လူတွေအထိတ်တလန့်မဖြစ်အောင်လို့ ဖမ်းဆီးရမယ်”

ပျံချီက လက်အုပ်ချီလိုက်ပြီး

“မှန်ပါ၊ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် . . .”

“မင်းလိုက်သွားစရာမလိုဘူးပျံချီ”

ပျံချီစကားပင်မဆုံးသေး အတွင်းဝန်မင်းက ပြောလိုက်သဖြင့် ပျံချီနှုတ်ဆိတ်သွားသည်။

“မင်းက ဒီခံတပ်မှာပဲနေရမယ်၊ မကြာခင် နန်းတွင်းတပ်ထဲက အရည်အချင်းရှိတဲ့သူတွေ ရောက်လာကြလိမ့်မယ်၊ သူတို့ကို မိစ္ဆာဖမ်းတဲ့တပ်ထဲသွင်းပြိး တပ်အားဖြည့်ဖို့လိုတယ်၊ ဒါတွေကို မင်းလုပ်ဆောင်ရမယ်၊ ကဲ ငွေကိုင်စာရေးများ၊ စည်သူကို အသပြာ တစ်ရာထုတ်ပေးလိုက်စမ်း”

ပျံချီက မျက်လုံးများအရောင်လက်သွားသည်။

“ဒါဆို ကျွန်တော်မျိုးကိုလည်း ချီးမြှင့်ပေးပါ”

“မလိုဘူးလေ ပျံချီရ၊ မင်းက ခံတပ်ထဲကနေ သွားရမှာမှမဟုတ်ဘဲ၊ ဒီငွေတွေမင်းဘာလုပ်မှာလဲ”

စည်သူက စိတ်ထဲကနေကြိတ်ပြီးရယ်လိုက်သည်။ ပျံချီကတော့ မကျေနပ်သဖြင့် မျက်နှာကြီးစူပုပ်နေလေသည်။ ညနေရောက်သည့်အခါ သူတို့တိုင်ပင်ဆွေးနွေးရသည်။

“ခွေးတစ်ကောင်လောက်များဗျာ၊ အရေးတယူလုပ်လို့”

မုန်တိုင်းက ဝင်ပြောသည်။ ပျံလွှားကလည်း ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ ဒါသက်သက်မဲ့ ကျုပ်တို့ကို အရှက်ခွဲချင်တာပဲ”

စည်သူက ခေါင်းခါလိုက်သည်။

“မင်းတို့ကလဲကွာ၊ ငါတို့က သူခိုင်းတာလုပ်ရမယ့် တာဝန်ရှိတယ်မဟုတ်လား၊ ငြင်းခွင့်မှ မရှိတာကိုကွာ။

ထိုစဉ် ပျံချီက သူတို့အနားတွင်ရောက်လာသည်။

“ဟား၊ ဟား အသပြာတစ်ရာတန် ခွေးဖမ်းသမားကြီးတွေပါလားကွ၊ ဟား၊ ဟား”

သူတို့အားလုံး ပျံချီကိုမျက်စောင်းထိုးကြည့်လိုက်ကြသည်။

“ခွေးကိုဖမ်းရင် သေချာဖမ်းကြနော်၊ ခွေးသေသွားရင် မင်းတို့ပဲ အဲဒီခွေးကိုစားရမှာကွ၊ ဟား၊ ဟား”

ပျံချီဘာပြောပြော သူတို့လျစ်လျူရှုထားလိုက်ကြသည်။ မကြာခင် ညနေစောင်းလာသည်ဖြစ်ရာ သူတို့အားလုံး မြင်းကိုယ်စီနှင့် ထွက်ခဲ့ကြသည်။ မြို့တံခါးမပိတ်ခင်တွင် မြို့ပြင်သို့ထွက်လာခဲ့ကြသည်။

(၃)

ရှမ်းကျောင်းကြီးခေါ်နေရာမှာ မြို့စွန်တွင်ရှိပြီး တစ်ဖက်တွင် ကိုင်းတောကြီးရှိကာ တစ်ဖက်တွင်တော့ မြစ်ကမ်းပါးကြီးရှိသည်။ သစ်သားဖြင့်ထုထည်ကြီးမားစွာတည်ဆောက်ထားသည့် ဘုန်းကြီးကျောင်းကြီးကို အဝေးမှပင်လှမ်းမြင်တွေ့ရသည်။ ထိုဘုန်းကြီးကျောင်း၏ အရှေ့ဘက်တွင် တစ်မြို့လုံးမှ လူသေများမြှုပ်နှံသည့် သချိုင်းကြီးတစ်ခုရှိသည်။

ထိုသချိုင်းကြီးကိုဖြတ်သန်းလာပြီးမှ ရှမ်းကျောင်းကြီးကိုရောက်သည်။ ဘုန်းကြီးကျောင်းတိုက်အတွင်း ဇရပ်ကြီးလေးဆောင်ရှိပြီး ခရီးသွားများတည်းခိုကြသည့်နေရာဖြစ်သည်။ အထူးသဖြင့် ရှမ်းများတည်းခိုသည့်နေရာတစ်ခုဖြစ်သည်။

“အနားကလူတွေကို ငါတို့တစ်ခုခုမေးကြည့်မှရမယ်ကွ”

စည်သူက

“ငါက ရှမ်းကျောင်းကြီးပေါ်ကိုတက်ပြီး ဘုန်းကြီးတွေနဲ့သွားတွေ့မယ်၊ ပျံလွှားက ကျောင်းအနားပတ်လည်မှာ တစ်ခုခုသဲလွန်စရှာကြည့်fကွာ၊ ငခမ်းနဲ့ မုန်တိုင်းကတော့ ဇရပ်တွေပတ်လည်ကို ရှာကြည့်စမ်း၊ မေးလည်းမေးကြည့်စမ်းကွာ”

သူတို့အားလုံးခေါင်းညိတ်လိုက်သည်။ စည်သူက ငခမ်းလက်ကိုကြည့်ပြီးနောက်

“ငခမ်း၊ မင်းလက်က ဘာဖြစ်တာလဲ”

ငခမ်းလန့်သွားသည်။ သူ့လက်ဖဝါးတွင်ရှိနေသော အသေးလေးခေါ် ပါးစပ်ကို ဖုံးအုပ်ထားရန်အတွက် လက်ကိုအဖြူရောင်အဝတ်စနှင့် ကျပ်စီးသလိုစီးထားခြင်းကို စည်သူသတိထားမိသွားခြင်းဖြစ်မည်။

“ဟို၊ ဟိုလေ လေ့ကျင့်ရင်းနဲ့ လက်မှာမတော်တဆ ဒဏ်ရာရသွားလို့ပါ”

“မင်းသက်သာရဲ့လား၊ ပျံလွှားဆီက ဒဏ်ကြေလိမ်းဆေးယူအုံးမလား”

“ရ၊ ရပါတယ်၊ တစ်ရက်နှစ်ရက်နေရင် ကောင်းသွားမှာပါ”

သို့နှင့် ဇရပ်များဆီသို့ထွက်ခဲ့သည်။ ငခမ်းက ဇရပ်လေးဆောင်လုံးပေါ်တက်ပြီး လူတစ်ယောက်ကိုရှာဖွေလိုက်သည်။

“ဘိုထီး၊ ဘိုထီး”

သို့သော် ဘိုထီးကိုရှာမတွေ့ပေ။ မုန်တိုင်းက ဇရပ်အောက်ဘက်တွင် လှည့်လည်နေသည်။ ဇရပ်ပေါ်တွင်လူများသူ့အစုနှင့်သူ အနားယူနေကြသည်မို့ ဇရပ်ပေါ်တက်လာသည့် သူတို့ကို ဝိုင်းပြီးကြည့်နေကြသည်။ အထူးသဖြင့် မုန်တိုင်းက လေးနှင့်မြားကိုကိုင်ထားရာ ခရီးသွားများထိတ်လန့်နေကြသည်။

ငခမ်းလည်းဇရပ်ပေါ်မှပြန်ဆင်းခဲ့သည်။ မုန်တိုင်းက အခြားဇရပ်ကြီးတစ်ခုထံသို့ ထွက်သွားလေသည်။

“မကောင်းတဲ့အနံ့အသက်တစ်ခုရတယ်”

သူ့လက်မှ အသံထွက်လာရာ ငခမ်းက လက်ဝါးကိုကြည့်လိုက်သည်။ ကျပ်စီးထားသည့် အဝတ်စကိုအနည်းငယ် ဖြေလိုက်ရာ နတ်ဆိုးပါးစပ်က ထွက်ပေါ်လာသည်။

“ခင်ဗျားဘာသိထားလဲ၊ နောက်ပြီးခင်ဗျားက ပါးစပ်ပဲရှိတာမဟုတ်လား၊ ဘယ်လိုလုပ် အနံ့ခံလို့ရတာလဲ”

“မင်းနဲ့ငါက တစ်ကိုယ်တည်းမှာ နှစ်ယောက်အတူရှိနေတာဆိုတော့ မင်းရဲ့အာရုံခံတဲ့အင်္ဂါတွေကို ငါအသုံးချပြီး သိလိုက်တာပဲကွ၊ ဒီနားမှာ ညှီစို့စို့ အနံ့တစ်ခုရှိနေတယ်”

ငခမ်းက နှာခေါင်းကိုရှုံ့လိုက်ပြီး လေထဲတွင်အနံ့ခံနေလိုက်သည်။ သို့သော် ဘာအနံ့မှမရပေ။

“ကျုပ်ကျတော့ ဘာအနံ့မှမရပါလား”

“ဟား၊ ဟား၊ မင်းက ကျိန်စာသင့်နေတဲ့ကောင်လေကွ၊ မင်းမှာ အနံ့တို့၊ အရသာတို့၊ အထိအတွေ့တို့မှ မခံစားနိုင်တာကွ၊ မင်းမြင်နေတာတောင်မှ ကျေးဇူးတင်သင့်တယ်”

ငခမ်းခေါင်းညိတ်လိုက်သည်။

“ဒါဆို ခင်ဗျားအနံ့ခံကြည့်ဗျာ၊ ကျုပ်ကိုဘယ်သွားရမလဲဆိုတာကိုသာပြောဗျာ”

“အနံ့အရဆိုရင်တော့ အပြင်ကနေလာတာပဲကွ၊ ငါ့အထင်တော့ သချိုင်းကုန်းနားက လာတာဖြစ်မယ်”

ငခမ်းလည်း ရှမ်းကျောင်းကြီးအတွင်းမှ မအူမလည်နှင့်ထွက်ခဲ့ပြီး သချိုင်းကုန်းအနားသို့တိုးကပ်လာသည်။ ထိုအနားတစ်ဝိုက်တွင် လူသူရှင်းနေသည်။

“အေးကွ၊ အနံ့က တဖြည်းဖြည်းနဲ့ပိုပြီးဆိုးလာတယ်ကွာ၊ ဆက်သွားစမ်း”

သချိုင်းအဝင်ဝတွင် ငခမ်းရပ်လိုက်သည်။ ထိုနေရာတွင် သန်းပင်ကြီးနှစ်ပင်က သရဲကြီးနှစ်ကောင်ကဲ့သို့ အခက်အလက်များဝေဝေဆာဆာနှင့် ပေါက်ရောက်နေသည်။ သချိုင်းအတွင်းသို့ဝင်သည့် မြေလမ်းကလေးအတိုင်း ငခမ်းလိုက်ဝင်လာသည်။ လမ်းနံဘေးတွင်တော့ လူတစ်ရပ်ခန့်မြင့်မားသည့် ကိုင်းပင်၊ ချုံပင်များပေါက်နေသည့် တောကြီးများဖြစ်သည်။ မကြာခင် သချိုင်းအတွင်းသို့ရောက်သည့်အခါ ဇရပ်ပျက်တစ်လုံးနှင့် မြေပုံများ၊ မှတ်တိုင်များကိုတွေ့နေရသည်။

“အောက်ကိုကြည့်လိုက်စမ်း”

ငခမ်းက အောက်သို့ကြည့်လိုက်ရာ သူ့ရှေ့တွင် ခြေရာများနှင့် ခွေးချေးပုံတစ်ပုံကိုတွေ့လိုက်ရသည်။ ထိုချေးပုံနှင့်အတူ လူကြီးလက်သီးဆုပ်ခန့်ရှိသည့် ခြေရာကြီးများကိုလည်းတွေ့ရသည်။ ချေးပုံမှာလည်း အကြီးကြီးဖြစ်သည်။ ထိုအခါ အသေးလေးက

“အနားတိုးကြည့်လိုက်စမ်း၊ ခွေးချေးပုံကို ငါ့ကိုပြစမ်း”

ငခမ်းလည်းငုတ်တုတ်ထိုင်လိုက်ပြီး ခွေးချေးပုံကို လက်ဝါးဖြင့်ပြလိုက်သည်။ ထိုအခါ လက်ဝါးရှိ အသေးလေး၏ ပါးစပ်မှ သွေးသွယ်ပြီးချွန်နေသည့် လျှာကလေးတစ်ခုထွက်လာကာ ချေးပုံကိုလျှက်နေလေသည်။

“ခင်၊ ခင်ဗျား ချေးပုံကိုလျက်နေတာ မရွံ့ဘူးလား”

“မဟုတ်ဘူးကွ၊ ဒီချေးပုံက စားလို့ကောင်းတယ်၊ ငါ့အထင်တော့ လူသားတွေစားပြီး ပါထားတဲ့ချေးပုံဖြစ်မယ်ကွ”

ငခမ်းက ခေါင်းညိတ်လိုက်မိသည်။

“သေချာတာကတော့ ဒီအနားတစ်ဝိုက်မှာ လူသားစားတဲ့ခွေးလို တစ်ကောင်ကောင်ရှိနေပြီပဲကွ၊ မင်း ငါ့ကိုတစ်ခုကတိပေးရမယ်ငခမ်း”

“ဘာကတိလဲ”

“ဒီခွေးကိုဖမ်းမိရင် မင်းငါ့ကိုအဲဒီခွေးကို ကျွေးရမယ်”

“ဟာဗျာ၊ ကျုပ်မှခွေးသားမစားချင်တာဗျ”

“ငါပြောတာအဲဒီလိုမဟုတ်ဘူးငခမ်း၊ မိစ္ဆာ တွေမှာ အမြုတေလုံးလို့ခေါ်တဲ့ မိစ္ဆာဓါတ်တွေ ကိန်းအောင်းနေတဲ့ စွမ်းအင်လုံးကလေးရှိတယ်၊ အဲဒီဟာကို ငါစားမယ်”

“ကျုပ်က အဲဒီအလုံးကိုထုတ်ပေးရမှာလား”

“မလိုပါဘူးကွာ၊ မင်းသာ ငါ့ရဲ့ပါးစပ်နဲ့ အဲဒီမိစ္ဆာကောင်ကို ကိုက်ခွင့်ပေးလိုက်ပါ”

ငခမ်းခေါင်းညိတ်လိုက်သည်။ ထိုစဉ်

“ဟေ့ငခမ်း၊ မင်းဘာတွေကြည့်နေတာလဲ”

သူ့နံဘေးတွင် မုန်တိုင်းက လာထိုင်ချသည်။ ထို့နောက် မြေပြင်တွင်ရှိသည့် ခွေးချေရာများကိုကြည့်နေလေသည်။

“ခြေရာကြည့်ရတာကတော့ ခွေးက အထီးပဲကွ၊ ဒါပေမယ့် ခြေရာက မတူဘူးဖြစ်နေတယ်၊ ငါ့အထင် ခွေးက နှစ်ကောင်ဖြစ်မယ်”

ထို့နောက် မုန်တိုင်းက ငခမ်းရှေ့တွင်ရှိနေသည့် ခွေးချေးပုံထဲသို့ လက်သန်းကလေးကို စွပ်ခနဲထိုးထည့်လိုက်သည်။ ငခမ်းမှာ ရွံ့ရှာလှသဖြင့် ပျို့တက်လာလေသည်။ မုန်တိုင်းက အသေအချာအာရုံခံကြည့်ပြီး

“ချေးပုံအနေအထားအရဆိုရင်တော့ မနေ့ကပါခဲ့တာဖြစ်မယ်၊ အပြင်ယံတွေက မာကြောပြီး ခြောက်နေပေမယ့်အတွင်းမှာတော့ အစိုဓါတ်ပျော့ပျော့ရှိသေးတယ်ကွ”

မုန်တိုင်းကထိုသို့ပြောပြီး သူ့လက်သန်းတွင်ပေနေသည့် ချေးများကိုလျှာဖြင့်လျက်လိုက်လေသည်။ ငခမ်းအောင့်မထားနိုင်တော့ဘဲ ဝေါခနဲအန်ချလိုက်မိသည်။ မုန်တိုင်းက မရွံသည့်အပြင် မျက်စိကိုထောင့်ကပ်ပြီး သေသေချာချာအရသာခံနေပုံရသည်။

“ခင်ဗျားတို့မုဆိုးတွေက အဲဒီလိုပဲ ချေးတွေစားကြတာလား”

“အမြဲတော့မဟုတ်ဘူးပေါ့ကွာ၊ ချေးကိုစားကြည့်ရင်းနဲ့ ဒီကောင်ဘာအစာတွေစားတာလဲ၊ အဲဒီအစာတွေက တောထဲက ဘယ်နားမှာပေါက်နေသလဲဆိုပြီးတော့ တွေးပြီး သားကောင်ကိုစောင့်ပစ်ရတာမဟုတ်လား”

“ဒါဆိုလည်း အခုချေးစားတော့ ဘာထူးသလဲဗျာ”

“တစ်ခုခုတော့ တစ်ခုခုပဲကွ၊ ငါလည်းမပြောတတ်ဘူး၊ အသားတစ်မျိုးပဲဖြစ်မယ်”

ငခမ်းက လူသားမှန်းသိလိုက်သော်လည်း ဆက်ပြီးမပြောတော့ပေ၊ သူသာပြောလိုက်လျှင် သူဘယ်လိုသိသလဲဆိုသည့်အဖြေကို ပြန်မဖြေတတ်သောကြောင့်ဖြစ်သည်။

(၄)

ခြံတိုးသံများကိုကြားလိုက်ရသည်မို့ ငခမ်းနှင့်မုန်တိုင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးနောက် ချုံတောထဲသို့ တိုးခဲ့လိုက်သည်။ ချုံတောတစ်နေရာတွင်တော့ လူခြေရာများကိုတွေ့ရသဖြင့် ထိုခြေရာများအတိုင်းလိုက်လာခဲ့လိုက်သည်။ ညနေက စောင်းနေပြီဖြစ်ပြီး ကောင်းကင်တွင် အလင်းရောင်နည်းနေလေပြီ၊ မကြာမီ ကိုင်းတောကြီးအတွင်းမှထွက်လိုက်သည့်အခါ သစ်ပင်အိုကြီးတစ်ပင်ကိုတွေ့လိုက်ရလေသည်။ သစ်ပင်အိုကြီး၏ ပင်စည်တွင် မိန်းကလေးတစ်ယောက်ကို ကြိုးနှင့်ပတ်ချည်ထားသည်။

“ကျုပ်ကိုလွှတ်ပေးပါ၊ ကျုပ်ကိုလွှတ်ပေးပါ”

ထိုအခါ သစ်ပင်အနောက်မှ လူကြီးတစ်ဦးထွက်လာသည်။ ရှမ်းများဝတ်ဆင်လေ့ရှိသည့် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ခေါင်းပေါင်းကြီးတစ်ခုပေါင်းထားလေသည်။ ငခမ်းလည်းထိုလူကြီးကိုကြည့်ပြီး အံ့ဩသွားသည်။ သူနှင့်အသိ ဘိုးထီးဆိုသည့်လူကြီးပင်ဖြစ်သည်။

“ကျုပ်ကိုလွှတ်ပေးပါ၊ မလွှတ်ပေးရင် ကျုပ်အော်မှာနော်”

“အော်စမ်းပါကောင်မလေးရဲ့၊ မင်းကြိုက်သလောက်အော်၊ မင်းအော်သံကို ဒီနားမှာဘယ်သူမှ မကြားနိုင်ဘူးကွ”

ဘိုထီးက ပြုံးလိုက်ပြီးနောက် ဆေးတံကြီးကိုထုတ်ကာ ဖွာရှိုက်နေလေသည်။

“ဦးလေးကြီး ကျုပ်ကိုဘာလုပ်ဖို့ ဖမ်းထားတာလဲ”

“မင်းကိုလား၊ မင်းကို ငါ့သားနဲ့ ငါ့မိန်းမကို ကျွေးမလို့ပေါ့ကွ”

ထိုအခိုက်တွင် ကျယ်လောင်သည့် ခွေးအူသံကြီးများကိုကြားလိုက်ရသည်။ ထို့နောက် သူတို့နှင့်တစ်ဖက် ချုံတောအတွင်းမှ လူနှစ်ဦးထွက်လာခဲ့သည်။ တစ်ဦးမှာ ဘိုထီး၏ သားဖြစ်ကာ၊ နောက်တစ်ဦးမှာတော့ မိန်းမကြီးတစ်ယောက်ဖြစ်သည်။ ဘိုထီး၏ မိန်းမကို ငခမ်းမြင်ဖူးသော်လည်း ထိုမိန်းမကြီးတော့မဟုတ်ပေ။ သူတို့က သစ်ပင်ကြီးအနီးသို့လာခဲ့ပြီး ဘိုထီးအနားတွင်ရပ်နေလိုက်သည်။

“ဗိုက်ဆာလိုက်တာအဖေရာ”

သူတို့က ရှမ်းလိုပြောနေခြင်းဖြစ်သည်။

“ဆာရင် ဟောဟိုက ကောင်မလေးကို စားလိုက်ပါတော့သားရဲ့”

“ကိုဘိုထီး ရှင် ကျုပ်အတွက်ရော မပါဘူးလား”

ဘိုထီးက ခေါင်းခါလိုက်သည်။

“မလွယ်ဘူးကွ၊ ဒီနေ့တောင်မှ ဒီရူးရူးပေါပေါကောင်မလေးကိုတောင် မနည်းဖမ်းခေါ်လာရတာ၊ တစ်ယောက်ကို အတူတူမျှဝေစားကြပေါ့ကွာ”

ထိုမိန်းမကြီးက ဘိုထီးကိုမကျေမနပ်နှင့်ကြည့်သည်။

“ကျုပ်ပြောထားပြီးသားနော် ကိုဘိုထီး၊ ကျုပ်က လူတစ်ယောက်နဲ့တောင် ဗိုက်မဝတာ ဒီလိုပိန်ပိန်ပါးပါး အရိုးပြိုင်းပြိုင်းနဲ့ကောင်မလေးကို ကျုပ်တို့နှစ်ယောက်ခွဲစားရမှာ ဝမယ်လို့ရှင်ထင်နေတာလား”

“အေးပါကွာ၊ ငါတိုးရှာပေးပါ့မယ်”

“တိုးမရှာပေးရင်တော့ ရှင့်ကိုပဲစားရမှာပဲတော်”

ထို့နောက် သူတို့နှစ်ယောက် အဝတ်အစားများကိုချွတ်လိုက်ကြသည်။ ဘိုထီးသားရော ထိုမိန်းမကြီးပါ ဝတ်လစ်စားလစ်ဖြစ်သွားကြလေသည်။ ထို့နောက် သူတို့နှစ်ယောက်က မြေပြင်တွင် လေးဘက်ထောက်လိုက်ပြီး ခေါင်းကိုမော့ကာ ခွေးလိုအူလိုက်လေသည်။

“အူ၊ ဝု၊ ဝူး”

ထိုအချိန်မှာပင် သူတို့၏ ခြေများလက်များမှ အမွှေးများထွက်လာသည်။ တစ်ခဏအတွင်းမှာပင် ခွေးနက်ကြီးနှစ်ကောင်အဖြစ်ပြောင်းသွားလေသည်။ ဘိုထီးမိန်းမမှာ အလွန်ကြီးမားသည့် ခွေးနက်ကြီးဖြစ်သွားပြီး ဘိုထီးသားကတော့ သိပ်မကြီးသေးပေ။ ခွေးကြီးများကိုမြင်သည့်အခါ ထိုမိန်းကလေးက အသံကုန်ဟစ်လျက် အော်တော့သည်။

“ကယ်ကြပါအုံးရှင်၊ ကယ်ကြပါအုံး”

ဘိုထီးကတော့ ဆေးတံဖွာလျှက် တစ်ဖက်သို့မျက်နှာလွှဲနေလေသည်။ ခွေးကြီးနှစ်ကောင်က မိန်းကလေးအနီးသို့တိုးကပ်လိုက်လေသည်။

“ကိန်၊ ကိန်”

ခွေးတစ်ကောင်က အော်ဟစ်လိုက်ပြီး မြေပြင်တွင်ခွေကျသွားသည်။ ထိုခွေးမှာ ဘိုထီး၏သားဖြစ်သည်။ မြားတံတစ်ချောင်းက မျက်လုံးကိုဖောက်ဝင်သွားပြီး မြေပြင်တွင် လူးလှိမ့်နေသည်။ ထိုအခါ ခွေးနက်ကြီးက သူတို့ဆီသို့လှည့်ကြည့်လေသည်။ ငခမ်းကတော့ သူ့ခါးစည်းပုဝါစကို မျက်နှာတွင်ပတ်လိုက်ပြီး ရုပ်ဖျက်လိုက်သည်။ မုန်တိုင်းက ပုန်းနေရာမှ ခုန်ထွက်လိုက်ပြီး မြားသုံးစင်းကို ခွေးအကြီးကြီးထံသို့ ပစ်လွှတ်လိုက်သည်။

ခွေးအကြီးကြီးမျက်နှာသို့ မြားတံများက ထိသွားသော်လည်း မဖောက်ဝင်ဘဲ မြေပြင်ပေါ်သို့ပြုတ်ကျသွားလေသည်။ ဘိုထီးလည်းအလွန်အံ့ဩသွားလေသည်။

“မင်း၊ မင်းတို့ဘယ်သူတွေလဲ”

“ကျုပ်တို့က မိစ္ဆာဖမ်းသမားတွေပဲ၊ ကဲလာစမ်း၊ ခွေးနက်ကြီး”

မုန်တိုင်းထံသို့ ခွေးကြီးက တစ်ဟုန်ထိုးပြေးလာလေသည်။ မုန်တိုင်းက နောက်ထပ်မြားတံများဖြင့် ပစ်လွှတ်လိုက်သော်လည်း ခွေးနက်ကြီး၏ အမွှေးအတောင်များတွင် မြားတံများက ကပ်နေပြန်သည်။ မုန်တိုင်းအနီးသို့ ခွေးနက်ကြီးရောက်လာသောအခါ ငခမ်းက ရွှေကြာပွင့်နှင့် လွှဲရိုက်ထည့်လိုက်သည်။

“ကိန်၊ ကိန်”

ခွေးနက်ကြီး၏ ငယ်ထိပ်တည့်တည့်သို့ ရွှေကြာပွင့်က ထိသွားသည့်အခါ ခွေးနက်ကြီးမှာ ချော်လဲကျသွားသည်။ အရှိန်နှင့်မို့ မြေပြင်တွင် တရွတ်ဆွဲကာ လည်ထွက်သွားလေသည်။ ထိုစဉ် ခွေးနက်အငယ်ကလေးမှာ သူ့မျက်လုံးတွင်စိုက်ဝင်နေသည့် မြားတံကို ဆွဲဖြုတ်ပြီး မုန်တိုင်းထံသို့ အပြေးဝင်လာလေသည်။ မုန်တိုင်းနှင့် ခွေးနက်ကလေးမှာ မြေပြင်တွင်လုံးထွေးနေကြလေသည်။ ငခမ်းကတော့ ရွှေကြာပွင့်ကိုလွှဲရင်း ခွေးနက်ကောင်ကြီးထလာမည်ကို စောင့်နေလိုက်သည်။ ခွေးနက်ကောင်ကြီးက ခေါင်းကိုခါလိုက်ပြီး ငခမ်းကိုမီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“အာ၊ ဝူး”

ထိုသို့အူလိုက်ပြီး ငခမ်းဆီဝင်လာပြန်သည်။ ငခမ်းကလည်း ခွေးနက်ကြီးကိုက်သည်ကို ရှောင်ရှားလိုက်ပြီးနောက် ရွှေကြာပွင့်လက်နက်မှ သံကြိုးဖြင့် ခွေးနက်ကြီး၏ နောက်ခြေထောက်ကိုလှမ်းဆွဲပတ်လိုက်လေသည်။ ထို့နောက် အားကုန်သုံးပြီး သံကြိုးကိုလွှဲလိုက်ရာ ခွေးနက်ကြီးက မိုးပေါ်သို့မြောက်တက်သွားလေသည်။ ငခမ်းအချိန်မဆိုင်းတော့ဘဲ သံကြိုးကိုမြေကြီးထံသို့လွှဲရိုက်ထည့်လိုက်ရာ မိုးပေါ်ရောက်နေသည့် ခွေးနက်ကြီးမှာ မြေကြီးပေါ်သို့ အရှိန်ဖြင့်ပြုတ်ကျလေသည်။ ခွေးနက်ကြီးမှာ မြေသို့ကျပြီး မနည်းပြန်ထရသည်။

“လာစမ်းပါ၊ မင်းကိုငါဖမ်းမယ် ခွေးနက်ကြီး”

ငခမ်းက သံကြိုးကိုလွှဲနေလေသည်။ ခွေးနက်ကြီးက ကုန်းထပြီး သူ့ကိုသေသေချာချာစိုက်ကြည့်နေသည်။ ထိုစဉ် ဘိုထီးမှာပြေးလာပြီး ငခမ်းကိုအနောက်ကနေ သိုင်းဖက်ထားလိုက်သည်။ ငခမ်းလည်း ဘိုထီးအားလက်နက်ထိမည်စိုးသဖြင့် လက်နက်ကိုရုပ်သိမ်းလိုက်သည်။

“ဘိုထီး၊ ကျုပ်ကိုဘာလုပ်တာလဲ”

ဘိုထီးက ငခမ်းကိုပင်မကြည့်ဘဲ ခွေးနက်ကြီးအားကြည့်ပြီး

“လာဟေ့၊ ဒီကောင့်ကိုအမြန်လာစားစမ်း၊ ငါမင်းအတွက်ဖမ်းပေးထားတယ်”

ခွေးနက်ကြီးက ပါးစပ်ကြီးကိုဖွင့်လိုက်ပြီး အရှိန်ဖြင့်ထိုးဟောင်လိုက်သည်။ ကျယ်လောင်သည့် ခွေးဟောင်သံကြီးက ပတ်ဝန်းကျင်တွင်ထွက်ပေါ်လာလေသည်။ ခွေးဟောင်သံနှင့်အတူ ခွေးနက်ကြီးအာခေါင်အတွင်းမှ ဝင်းလက်သွားပြီး အနီရောင်အလင်းတန်းများ ထွက်ပေါ်လာလေသည်။ ထိုအလင်းတန်းများကို ငခမ်းကကြည့်နေမိသည်။ ထို့နောက် သူ့အနောက်မှ ဘိုထီးကလည်း ငြိမ်သက်သွားပြီး ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေလေသည်။

“ဘိုထီး ဘာဖြစ်တာလဲ”

ဘိုထီးမျက်လုံးက နီရဲနေပြီး လူက မလှုပ်တော့ပေ။ ငခမ်းလည်း ဘိုထီးလက်မှ ရုန်းထွက်လိုက်သည်။ အနောက်သို့ကြည့်လိုက်ရာ မုန်တိုင်းမှာလည်း ဘိုထီးကဲ့သို့ပင် မျက်လုံးကြီးနီနေပြီး ရပ်တန့်နေလေသည်။ ရပ်တန့်နေသည့် မုန်တိုင်းအား ခွေးနက်ကလေးက ကိုက်ဆွဲရန်ပြင်နေလေသည်။

“မလုပ်နဲ့ကွ”

ငခမ်းက ခွေးနက်ကလေးကို ရွှေကြာပွင့်နှင့် ပစ်ပေါက်လိုက်လေသည်။ ထို့နောက် ရွှေကြာပွင့်နှင့်ဆယ်ချက်ခန့် အဆက်မပြတ်ရိုက်ထည့်လိုက်ရာ ခွေးနက်ကလေးမှာ မြေပြင်တွင်လဲကျသွားလေသည်။

“ငခမ်း၊ ငခမ်း၊ မင်းငါ့ကို ကတိပေးထားတယ်နော်”

လက်မှ အသေးလေးက စကားပြောလာသဖြင့် ငခမ်းအံ့ဩသွားမိသည်။

“ကျုပ်၊ ကျုပ်ဘာလုပ်ရမှာလဲ”

“ခွေးကလေးရဲ့ခေါင်းကို ငါနဲ့ထိလိုက်စမ်းပါ”

ငခမ်းက လက်ဝါးဖြန့်လိုက်ပြီး သူ့လက်ထဲမှ နတ်ဆိုးပါးစပ်အား ခွေးနက်ကလေး၏ ဦးခေါင်းအနီးသို့တိုးကပ်လိုက်သည်။ ထိုအခါ ပါးစပ်က ပွင့်အာသွားပြီး အရှေ့သို့စူထွက်လာလေသည်။ ထို့နောက် ပါးစပ်အတွင်းသို့ လေများစုပ်သွင်းရာ ခွေးနက်ကလေး၏ ငယ်ထိပ်မှ ကြက်သွေးရောင်မီးလုံးကလေးတစ်ခု ထွက်လာသည်ကိုမြင်တွေ့လိုက်ရသည်။ ထိုကြက်သွေးရောင်မီးလုံးကလေးမှာ နတ်ဆိုးပါးစပ်အတွင်းသို့ တိုးဝင်သွားလေသည်။

ငခမ်းတစ်ကိုယ်လုံး တဆတ်ဆတ်တုန်သွားပြီး မြေပြင်သို့ဖင်ထိုင်လဲကျသွားသည်။ သူ့ကိုယ်အတွင်းတွင် ထူးဆန်းသည့်စွမ်းအားများကို ခံစားလိုက်ရသည်။ နတ်ဆိုးပါးစပ်က

“ငခမ်း၊ အဲဒီကောင်ကိုလည်း ငါစားချင်တယ်”

ခွေးနက်ကြီးက ငခမ်းအားခုန်အုပ်လိုက်တော့သည်။ ငခမ်းလည်းရုတ်တရက်မို့ ခုန်အုပ်ခံလိုက်ရပြီး ခွေးနက်ကြီးကို ဒူးဖြင့်တိုက်၊ တံတောင်ဖြင့်ရိုက်ထည့်သည်။ ခွေးနက်ကြီးက ငခမ်း၏လည်ပင်းကို သူ့ပါးစပ်ကြီးနှင့်ဖြဲပြီးကိုက်ထည့်လိုက်သည်။ ငခမ်းလည်း ဘာလုပ်ရမှန်းမသိတော့ဘဲ ညာဖက်လက်နှင့်ကာထည့်လိုက်လေသည်။

“ဝုန်း”

ခွေးနက်ကြီးမှာ အနောက်သို့လွင့်ထွက်သွားသည်။ နတ်ဆိုးပါးစပ်ရှိနေသည့် လက်ကို ကိုင်မိသောကြောင့်ဟု ငခမ်းကထင်လိုက်သည်။

“ပျံလွှား၊ လုပ်လိုက်တော့”

ထိုစဉ် စည်သူတို့ရောက်လာသည်။ ပျံလွှားက ခွေးနက်ကြီးကို ဓါးမြန်ကလေးများနှင့်ပစ်ပေါက်လိုက်ပြီး အနီးသို့ကပ်သွားသည်။ ထိုအခါ ခွေးနက်ကြီးက ပါးစပ်ကြီးဖြဲပြီး ထပ်ဟောင်ရန်ပြင်ဆင်နေရာ ငခမ်းက ခွေးနက်ကြီးဆီသို့အတင်းခုန်ဝင်သွားပြီး ခွေးနက်ကြီး၏ ပါးစပ်ကို သူ့လက်များနှင့်ဖိပိတ်ထားလေသည်။

“မြန်မြန်လုပ်”

ပျံလွှားက ခုန်ပျံဝင်လာပြီး ခွေးနက်ကြီး၏ ဦးခေါင်းတွင် ကြေးပြားကလေးကပ်လိုက်လေသည်။ ထိုအခါ ခွေးနက်ကြီးမှာ ခုန်ပေါက်နေပြီးနောက် မကြာခင် မိန်းမကြီးတစ်ဦးအဖြစ်ပြောင်းလဲသွားသည်။ ငခမ်းက ခွေးနက်ကြီးပါးစပ်ကိုဖမ်းထားရာ လူဖြစ်သွားသည့်အခါတွင်တော့ ထိုမိန်းမကြီးကို ဖက်ထားလျက်သားဖြစ်နေသည်။

“နင်၊ နင် ဘယ်လိုလုပ်လိုက်တာလဲ၊ ငါ့ရဲ့ အာခံတွင်းထဲက မီးတောက်ကိုမြင်တဲ့လူတိုင်း အသိပျောက်ပြီး ကျောက်ရုပ်တစ်ရုပ်လိုဖြစ်သွားတတ်ကြတယ်မဟုတ်လား”

“ဟား၊ ဟား ဘယ်ဖြစ်မလဲဗျ၊ ကျုပ်က ခင်ဗျားတို့ထက်အဆင့်မြင့်တာကိုး”

စည်သူနှင့် ပျံလွှားတို့က ရောက်လာပြီး ထိုမိန်းမကြီးကိုဖမ်းချုပ်လိုက်လေသည်။

“ကဲ လာကြဟေ့၊ မြိုတံခါးမပိတ်ခင် မြို့ထဲဝင်ကြစို့”

ပျံလွှားနှင့် စည်သူက ထိုမိန်းမကြီးကို မြင်းပေါ်တင်ပြီးခေါ်သွားသည်။ ခွေးနက်ကြီးထွက်သွားသည့်တိုင်အောင် မုန်တိုင်းနှင့် ဘိုထီးမှာ ကျောက်ရုပ်ကြီးများကဲ့သို့ဖြစ်နေသေးသည်။

“မုန်တိုင်း”

မုန်တိုင်းပုခုံးကိုပုတ်လိုက်တော့မှ မုန်တိုင်းသတိပြန်ရလာပြီး ကြောင်တောင်တောင်ဖြစ်နေသည်။ မကြာမီတွင် ဘိုထီးမှာလည်း သတိရလာလေသည်။

“ဟင်၊ ကွမ်ခမ်း၊ မင်းကွမ်ခမ်း မဟုတ်လား”

“ဟုတ်တယ်ဘိုထီး”

ဘိုထီးက မြေပြင်တွင်လဲကျသေဆုံးနေသည့် သူ့သားဖြစ်သူထံသို့ပြေးသွားလိုက်သည်။ ဘိုထီး၏သားဖြစ်သူ ခွေးနက်ကလေးမှာ နတ်ဆိုးပါးစပ်က စားလိုက်သဖြင့် လူပြန်ဖြစ်ပြီး သေဆုံးနေခြင်းဖြစ်သည်။ ဘိုထီးက သူ့သားအလောင်းကိုဖက်ပြီး အော်ဟစ် ငိုယိုနေလေသည်။

“ကျုပ်တို့စိတ်မကောင်းပါဘူးဗျာ၊ ဒါနဲ့ဘိုထီးတို့ ဘယ်လိုဖြစ်ခဲ့တာလဲ၊ ဟိုမိန်းမကြီးကရောဘယ်သူလဲ”

ဘိုထီးက မျက်ရည်စက်လက်ဖြင့် သူတို့အဖြစ်များကိုပြောပြလေသည်။

(၅)

ဘိုထီးနှင့် သူ့သား စိုင်းလုံတို့မှာ ဝန်တင်လားကလေးပေါ်တွင် ကုန်စည်များတင်ဆောင်ပြီး တောင်ပေါ်မှဆင်းလာခဲ့ကြသည်။ ကုန်သည်များမို့ လမ်းခရီးတွင်ရွာစဉ်တစ်လျှောက်လှည့်ပတ်ကာ ကုန်များကိုလဲလှယ်ကြရသည်။ သုံးရက်ခန့်ကြာပြီးအခါတွင် အလွန်ဝေးလံခေါင်သီသည့် ဒေသတစ်ခုသို့ရောက်ခဲ့သည်။ ထိုဒေသတွင် ရှားပါးသည့် ကျောက်သွေးများထွက်ရှိပြီး ထိုကျောက်သွေးများမှာလည်း ဈေးကောင်းရသဖြင့် ဘိုထီးက ထိုရွာကိုမှတ်သားထားခြင်းဖြစ်သည်။ အလွန်မြင့်မားသည့် ကျောက်တောင်ကြီးများကို ကွေ့ပတ်ဖောက်လုပ်ထားသည့် လမ်းကလေးအတိုင်း ဆက်လာခဲ့ကြရာ မကြာမီတွင် ရွာကြီးတစ်ရွာသို့ရောက်ခဲ့ကြလေသည်။

“ဗျို့၊ ဘယ်သူမှ မရှိကြဘူးလား”

တစ်ရွာလုံးတိတ်ဆိတ်နေသည်။ သစ်ကြီး၊ ဝါးကြီးများဖြင့်ဆောက်လုပ်ထားသည့် ခိုင်မာသည့်အိမ်ကြီးများပင် ဖြစ်လင့်ကစား အိမ်တွင်လူတစ်ဦးတစ်ယောက်မှမရှိသလို တစ်ရွာလုံးလည်း လူတစ်ယောက်မှ မတွေ့ရပေ။

“ဒီလူတွေဘယ်ရောက်သွားတာလဲမသိဘူးနော်”

သူတို့သားအဖစကားပြောရင်း အလွန်ညည့်နက်လာပြီမို့ ရွာအပြင်ခရီးသွားများတည်းခိုလေ့ရှိသည့် ဇရပ်ကလေးတွင် စခန်းချလိုက်သည်။

ဇရပ်ပေါ်တွင် လူတွေရှင်းနေသည်။ ဇရပ်အောက်တွင် မီးပုံကလေးဖိုလိုက်ပြီး သားအဖနှစ်ယောက်ထိုင်နေလိုက်ကြသည်။ ထိုစဉ်မိန်းကလေးတစ်ဦး သူတို့အနားသို့ရောက်လာသည်။ အသက်လတ်ပိုင်းအရွယ်အမျိုးသမီးဖြစ်သည်။

“ဒီဇရပ်မှာ နားမလို့လား”

အမျိုးသမီးက ခေါင်းညိတ်ပြပြီးဇရပ်ပေါ်သို့တက်သွားသည်။ ဘိုထီးတို့လည်းမကြာခင် ဇရပ်ပေါ်တက်လိုက်ကြသည်။ ညတစ်ရေးနိုးသည့်အခါ ထိုအမျိုးသမီးက ဘိုထီးနံဘေးသို့ရောက်နေခဲ့လေသည်။

“ဟိတ်၊ မင်းဘာလုပ်တာတုန်း”

“အကိုကြီးရယ်၊ ကျွန်မက အပျော်မယ်တစ်ယောက်ပါ၊ ကျွန်မကိုပိုက်ဆံနည်းနည်းလောက်ပေးပါ၊ ကျွန်မတတ်တဲ့ပညာနဲ့ အကိုကြီးကိုကျေးဇူးဆပ်ပါမယ်”

ထိုအမျိုးသမီးက ဘိုထီးအား ပွတ်သပ်နှိုးဆွနေရာ ဘိုထီးလည်းယောက်ျားပေမို့ ကာမစိတ်များထကြွလာပြီး မှားမိတော့သည်။ ထိုအခါ အိပ်နေသည့် သူ့သားဖြစ်သူ စိုင်းလုံလည်း နိုးလာခဲ့လေသည်။

“အဖေ၊ ဟာ ဘာတွေဖြစ်နေတာကြတာလဲ”

“ဘာမှမဖြစ်ဘူးသား၊ ဒီကောင်မလေးက အခကြေးငွေနဲ့ ပျော်ပါးလို့ရတဲ့မိန်းကလေးပဲ”

သို့နှင့် သူတို့သားအဖနှစ်ယောက် ထိုဇရပ်တွင် ထိုအမျိုးသမီးနဲ့ တစ်ညလုံးပျော်ပါးခဲ့မိသည်။ မနက်အာရုံမတက်ခင်အချိန်တွင် အိပ်ပျော်နေသော သားဖြစ်သူစိုင်းလုံကို ပါးစပ်ဖြဲက ထိုအမျိုးသမီးက တစ်ခုခုကိုအန်ထည့်လိုက်သည်ကို ဘိုထီးမြင်တွေ့လိုက်သည်။

“ဟေ့၊ မင်း၊ မင်းဘာလုပ်တာလဲ”

ထိုအချိန်မှာပင် ထိုအမျိုးသမီးက လေးဘက်ထောက်ချလိုက်ပြီး ခွေးနက်ကြီးတစ်ကောင်အသွင်ပြောင်းလဲသွားလေသည်။

“ရှင့်သားကို ကျုပ်ချစ်လို့ကျုပ်နဲ့အတူတူနေခိုင်းမယ်၊ ရှင့်ကိုတော့ ကျုပ်စားရလိမ့်မယ်”

ဘိုထီးအလွန်ကြောက်လန့်နေမိသည်။

“မစားပါနဲ့၊ ငါ့ကိုမစားပါနဲ့”

“ဒါဆိုရင် ကျုပ်လူသားစားချင်တယ်”

“ငါ့၊ ငါ့ကိုမစားဘူးဆိုရင် ငါမင်းကိုလူသားရှာကျွေးပါ့မယ်”

နောက်ပိုင်းမှသိရသည်မှာ ထိုမိန်းကလေးက တောင်ပေါ်မှဆင်းလာသည့် တောခွေးမိစ္ဆာ္ဆကြီးဖြစ်နေသည်။ တောခွေးမိစ္ဆာ္ဆဆိုးလွန်းသဖြင့် ထိုအနီးတစ်ဝိုက်တွင်ရှိသော ရွာများမှ ရွာသူရွာသူများမှာ ထွက်ပြေးပြောင်းရွှေ့ နေထိုင်ကြလေသည်။ ဘိုထီးကပြောရင်း မျက်ရည်တွေသုတ်နေလေသည်။

“ဒါနဲ့ပဲ ဘိုထီးက လူတွေကိုဖမ်းပြီးတော့ သူတို့ကိုကျွေးနေတာပေါ့လေ”

ဘိုထီးခေါင်းညိတ်သည်။

“ငါ့သားကိုလည်းငါချစ်တယ်လေကွာ၊ နောက်ပြီး အဲဒီမိန်းကလေးကိုလည်း ငါချစ်တယ်”

“အပိုတွေဗျာ၊ ခင်ဗျားသားက မိစ္ဆာဖြစ်သွားပြီလေ၊ လူမှမဟုတ်တာ”

“ဘာပဲဖြစ်ဖြစ် ငါ့သားပဲလေကွာ”

“ကဲ ထားပါတော့၊ ဘိုထီးသွားတော့၊ ကျုပ်ခင်ဗျားကိုမဖမ်းချင်ဘူးဗျာ”

ဘိုထီးက မတ်တပ်ရပ်ပြီးထထွက်သွားသည်။ ငခမ်းနှင့် မုန်တိုင်းလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ထွက်ခွာရန်လုပ်လိုက်စဉ်

“ရှင်တို့ ကျွန်မကို မကယ်ကြတော့ဘူးလား”

ထိုတော့မှ သစ်ပင်တွင်ချည်နှောင်ထားသည့်မိန်းကလေးကို သူတို့သတိရသွားမိသည်။ ငခမ်းက ထိုမိန်းကလေးကို ကြိုးဖြည်ပေးလိုက်သည်။ ထိုမိန်းကလေးက အသားအရည်ဖြူဖြူဝင်းဝင်းနှင့် ချစ်စရာကောင်းသောမျက်နှာရှိသည်။ ဗမာတစ်ဦးမဟုတ်ဘဲ တိုင်းရင်းသူတစ်ဦးဖြစ်ဟန်တူသည်။

“မင်းလည်းပြန်တော့၊ မင်းအိမ်ကိုမင်းသွားတော့”

“ကျုပ်မှာ သွားစရာအိမ်မရှိဘူး”

“ဟဲ့ကောင်မလေး၊ မင်းဒီအရွယ်နဲ့လျှောက်သွားနေလို့ အခုလိုဖြစ်ရတာ၊ မင်းငါတို့အတွေ့စောလို့ ကံကောင်းတယ်မှတ်၊ မဟုတ်ရင် မင်းခွေးစာဖြစ်နေလောက်ပြီကွ”

“ဒါဆိုလည်း အကိုကြီးတို့ ကျုပ်ကိုခေါ်ထားလေ”

ငခမ်းမျက်လုံးပြူးသွားသည်။ မုန်တိုင်းကတော့ သူ့ကိုရယ်ကျဲကျဲနှင့်ကြည့်နေသည်။

“ငါက ဘာလို့မင်းကိုခေါ်သွားရမှာလဲ”

“အကိုကြီးပဲ ကျုပ်ကိုစိတ်ပူပေးနေတယ်မဟုတ်လား”

“စိတ်မပူပါဘူးကွာ၊ မင်းသွားချင်တဲ့နေရာသွားတော့၊ ငါတို့လည်းသွားမယ်၊ သွားစို့ကွာ မုန်တိုင်း”

သူတို့ထွက်လာရာ ထိုမိန်းကလေးက သူတို့အနောက်မှပြေးလိုက်လာလေသည်။ သူတို့မြင်းပေါ်တက်စီးလိုက်သည့်အချိန် မြင်းအနောက်မှပြေးလိုက်လာပြန်သည်။ ပြေးရင်းနှင့် ချော်လဲပြီး လမ်းတွင်လူးလိမ့်ကာ ကျန်နေခဲ့သည်။ ငခမ်းတို့လည်း မြင်းကိုဒုန်းစိုင်းစီးလာကြသည်။ တစ်နေရာရောက်တော့ ငခမ်းက မြင်းကိုအရှိန်သတ်လိုက်သည်။

“ဘာလဲငခမ်း၊ မင်းက အဲဒီကောင်မလေးကို ကယ်ချင်နေပြန်ပြီလား”

“ကယ်ချင်တာတော့မဟုတ်ဘူး၊ ဒါပေမယ့် ငါတို့သူ့ကိုလုံခြုံတဲ့နေရာတစ်ခုအထိ ခေါ်သွားသင့်တယ်မဟုတ်လား၊ မြို့ပြင်မှာလည်းဖြစ်နေပြန်၊ ညကလည်းမိုးချုပ်နေပြီဆိုတော့ မသမာသူတွေနဲ့ထပ်တွေ့သွားရင် သူနစ်နာသွားမယ်မဟုတ်လား”

မုန်တိုင်းက ရယ်ကျဲကျဲဖြင့်

“ဟား၊ ဟား ငခမ်းရာ ခြေနှစ်ချောင်းမကယ်ကောင်းဘူးတဲ့ကွ၊ မနေ့က ငါနဲ့စည်သူပြောနေကြတာ”

ငခမ်းက မြင်းကိုပြန်လှည့်လိုက်ကာ

“ဘာပဲဖြစ်ဖြစ် လူတစ်ယောက်နစ်နာသွားမှာကို သိလျက်နဲ့တော့ ကျုပ်လက်ပိုက်ကြည့်မနေနိုင်ဘူး”

“ဟေ့ငခမ်း၊ ကောင်မလေးက ချောလို့မဟုတ်လားကွ”

မုန်တိုင်းစကားကိုငခမ်းပြန်မဖြေတော့ဘဲ မြင်းကိုပြန်လှည့်ကာ စီးထွက်လာခဲ့သည်။ လရောင်က ဝင်းပစွာသာနေသောကြောင့် ပတ်ဝန်းကျင်တစ်ခွင်က ထိန်လင်းနေသည်။ မကြာခင် လမ်းဘေးတွင် ငုတ်တုတ်ထိုင်နေသည့် ထိုကောင်မလေးကိုတွေ့လိုက်ရသည်။

“မင်းမသွားဘူးလား”

“ရှင်ရောမသွားဘူးလား၊ ဘာလို့ပြန်လှည့်လာတာလဲ”

ငခမ်းက ဘာမှမပြောတော့ဘဲ မြင်းပေါ်မှနေပြီး လက်ကိုလှမ်းပေးလိုက်သည်။

“တက်၊ မင်းကိုလုံခြုံတဲ့နေရာကို ခေါ်သွားပေးမယ်”

“မတက်ပါဘူး အကိုကြီးတို့ကမှ ကျုပ်ကိုမခေါ်ချင်တာ”

“မူမနေပါနဲ့ကွာ၊ အခုခေါ်တယ်၊ ဟုတ်ပြီလား၊ မြင်းပေါ်တက်စမ်း”

ထိုကောင်မလေးက မတ်တပ်ထရပ်ပြီး သူ့ကိုပြုံးပြသည်။ ထို့နောက် သူ့လက်ကိုဆွဲကာမြင်းပေါ်သို့ လွှားခနဲခုန်တက်လိုက်သည်။

“မင်းက မဆိုးပါဘူး၊ မြင်းပေါ်တော့ တက်တတ်သားပဲ”

“ဒါပေါ့ရှင် ကျုပ်က သိုင်းပညာသင်ဖူးပါတယ်”

“အောင်မယ်၊ သိုင်းပညာသင်ဖူးလို့ ခုနက ဘာမှမတတ်တဲ့ ဘိုထီးကို မနိုင်ဘူးမဟုတ်လား”

“အဲဒါကတော့ အဲဒီလူကြီးက ညစ်ပတ်တာကိုး၊ သူက အိပ်မွှေ့သီးတွေနဲ့ အိပ်မွှေ့ချတာကိုး”

ငခမ်းကမြင်းကိုပြန်လှည့်လိုက်ပြီး ဒုန်းစိုင်းမောင်းနှင့်ပြန်သည်။ ထိုကောင်မလေးက သူ့အရှေ့တွင်လိုက်ပါစီးနင်းနေခြင်းဖြစ်သည်။

“ဖြေးဖြေးမောင်းပါရှင့်၊ မြင်းက တအားဆောင့်တာပဲ”

ငခမ်းလည်းအရှိန်နှေးလိုက်ပြီး ဖြေးဖြေးမှန်မှန်မောင်းလာခဲ့ရာ မကြာခင်တွင် မုန်တိုင်းနှင့်ဆုံသည်။

“ကျုပ်တို့ဘယ်ကိုသွားကြမလဲငခမ်း၊ မြို့တံခါးကလည်းပိတ်ပြီးနေပြီမဟုတ်လား”

“မပူပါနဲ့မုန်တိုင်းရာ မြို့ပြင်မှာ ညောင်ပင်ရိပ်ဆိုတဲ့ စားတဲကြီးတစ်ခုရှိပါတယ်ကွ၊ အဲဒီမှာ ငါတို့ တစ်ညလောက်ဖြတ်သန်းတာပေါ့ကွ၊ မနက်လင်းမှမြို့ထဲဝင်တာပေါ့”

သူတို့မြင်းကိုအသာမောင်းနှင်ရင်း မကြာမီ မီးရောင်စုံထိန်လင်းနေသည့် ညောင်ပင်ရိပ်ဆီသို့ရောက်လာခဲ့ကြတော့သည်။