နွားသူဌေးဆန်နီ

 

“ဒါကြောင့်ကိုး၊ ဒါကြောင့်် ဦးဘသာငယ်ငယ်က မြိုင်သာမှာနေခဲ့တယ်လို့ပြောတာကိုး”

“အေးလေ၊ မမဲတူရဲ့ သမီးလည်းရှိတယ်၊ နောက် မြိုင်သာရွာသူကြီးဟောင်းက ငါ့အဘိုးကိုးကွ၊ ဒီတော့ မြိုင်သာမှာနေကြတာပေါ့၊ မြိုင်သာမှာနေရင်း ငါက အဲဒီကကျောင်းမှာကျောင်းတက်ခဲ့ရတယ်၊ မင်းမှတ်မိသလားအလတ်ကောင်၊ မြိုင်သာက ကုလားမကြီး မာယာတို့၊ သူ့ယောက်ျားမာယာတို့က ငါနဲ့အတူကျောင်းနေဖက်တွေပေါ့”

ကျုပ်လည်းခေါင်းညိတ်လိုက်တော့တယ်၊ အခုမှပဲ ဦးဘသာအကြောင်းတွေ ရေရေလည်လည်သိရတယ်ဗျို့။ ကျုပ်ကဆက်မေးချင်ပေမယ့် ဦးဘသာက ဝါးကပ်တွေကာထားတဲ့ခြံကြီးတစ်ခုအရှေ့မှာ ရပ်လိုက်တယ်ဗျ၊ အဲဒီခြံထဲမှာ နွားခြံကြီးအကြီးကြီးပဲဗျာ၊ ခြံတစ်ခုလုံးလည်း နောက်ချေးနံ့တွေနဲ့ မွန်ထွန်နေတာပေါ့၊ ကုလားမလေးတစ်ယောက်က နောက်ချေးကိုကောက်ရိုးနဲ့ရောနယ်ပြီးတော့ အပြားလေးတွေလုပ်ရင်း အနားက သစ်ပင်တွေရဲ့ ပင်စည်မှာလိုက်ကပ်နေတယ်ဗျ၊ ဦးဘသာက ကုလားမလေးကိုလှမ်းခေါ်တယ်။

“ဟေ့၊ ကလေးမ၊ ဆိုင်းနောက်ထ ငသောင်းရဲ့ခြံက ဘယ်ခြံလဲဟေ့”

ကုလားမလေးက အနားကိုပြေးလာပြီးတော့ ကုလားလိုပြောတယ်ဗျ၊ ဦးဘသာကလည်း ကုလားမလေးကိုကြည့်ပြီး ကုလားလိုပြန်ပြောတယ်။ ကုလားမလေး စကားပြောတာက ခေါင်းကလေး လှုပ်တုပ်လှုပ်တုပ်နဲ့စကားပြောတာဗျ၊ ဦးဘသာနဲ့လေးငါးခွန်းလောက် ပြောဆိုလို့လည်းပြီးရော ဦးဘသာက ကျုပ်ဘက်ကိုလှည့်ပြီး

“ခြံကတော့ ဒီခြံပဲ၊ ငသောင်းက အခုမရှိသေးဘူးတဲ့ကွာ၊ စောင့်ရမယ်တဲ့”

“စောင့်ဆိုလည်း စောင့်ပေါ့ဗျာ၊ ဒါနဲ့ ဦးဘသာက ကုလားစကားလည်း တတ်တာပဲလား”

“ဟင်ဒူစကားတော့ နည်းနည်းတတ်ပါတယ်ကွ၊ မင်းကလည်း၊ တို့က ကုလားတွေကြားထဲကြီးပြင်းခဲ့ရတာကိုး”

ကုလားမလေးက ခြံထဲခေါ်သွားတာနဲ့ ကျုပ်တို့လည်းအနောက်ကိုလိုက်သွားတယ်၊ နွားခြံဘေးနားခပ်လှမ်းလှမ်းမှာ တမာပင်ကြီးတွေရှိတယ်၊ အဲဒီတမာပင်ကြီးတွေအောက်မှာ အရိပ်ကအေးနေတာပဲဗျာ၊ ခွေးခြေကလေးသုံးလုံးချထားပြီးတော့ ကုလားကုတင်ကြီးလည်းချထားတယ်၊ ကုတင်ပေါ်မှာတော့ ကုလားကြီးတစ်ယောက်က ငုတ်တုတ်ထိုင်လို့ဗျ။ ကျုပ်တို့လည်း ခွေးခြေခုံကလေးမှာထိုင်လိုက်တော့ ကုလားကြီးက နှုတ်ဆက်ရှာပါတယ်၊ အသက်တော်တော်ကြီးနေပြီးတော့ မုတ်ဆိတ်တွေ၊ နားမွှေးတွေတောင်ဖြူလို့ဗျ။

အသက်နှစ်ဆယ်လောက်ရှိမယ့် ကုလားမလေးက ကလေးတစ်ယောက်ချီပြီးထွက်လာတယ်၊ သူ့လက်ထဲမှာတော့ ဒန်ခွက်လေးတွေကိုင်လာတယ်ဗျ၊ ကျုပ်တို့ကိုလှမ်းပေးတော့ ယူလိုက်ရတယ်၊ ဒန်ခွက်ထဲမှာတော့ လက်ဖက်ရည်ဗျ၊ နွားနို့နဲ့ဖျော်ထားတဲ့လက်ဖက်ရည်ပဲ၊ ကျုပ်လည်း တစ်ကျိုက်မော့လိုက်တော့ အနံ့ကြီးက အီပြီးတော့အန်တောင်အန်ချင်သွားတယ်ဗျာ။

“ဟာ၊ ဦးဘသာ လက်ဖက်ရည်ထဲကို မဆလာတွေထည့်ထားတာလားမသိဘူး”

“မဆလာ မဟုတ်ပါဘူးကွာ၊ အမွှေးအကြိုင်တွေထည့်ထားတာပါ”

“သောက်ရတာကတော့ ဆိမ့်ပါ့ဗျာ၊ အနံ့ကတော့ မခံနိုင်ဘူးဗျ”

“အဲဒါထုံးစံပဲဟေ့၊ လက်ဖက်ရည်ထဲ အမွှေးအကြိုင်ခတ်တာ အထူးဧည့်သည်တွေမို့ ခတ်ပေးတာကွ၊ သောက်ရခဲတယ်၊ သောက်”

ကုတင်မှာထိုင်နေတဲ့ကုလားကြီးက

“အကိုကြီးတို့ ဘာလာလုပ်ကြတာလဲ”

“နွားဝယ်မလို့လာခဲ့တာပဲဗျ၊ ငသောင်းက သူ့ခြံရောက်ရင် နွားကောင်းကောင်းပြမယ်လို့ပြောထားတာနဲ့လာခဲ့တာပဲ”

“ဟရေး၊ ငသောင်းကတော့လုပ်ပြီ၊ ဒီနွားတွေက သူပိုင်တဲ့နွားတွေမှ မဟုတ်တာ”

ခြံထဲမှာ လှည့််ပတ်သွားနေတဲ့ နွားတွေချည်း ငါးဆယ်၊ တစ်ရာလောက်ရှိတယ်ဗျ၊

“သူမပိုင်ရင် ဘယ်သူပိုင်တာလဲ”

“ဆရာလေး ဆန်နီပိုင်တာ၊ ဆရာလေးက နွားတွေကိုသိပ်ချစ်တာ၊ သူ့နွားတွေကို တော်ရုံဈေးလောက်နဲ့မရောင်းဘူးနော်”

“ကျုပ်လည်း နွားကောင်းရင် ဈေးကောင်းပေးဖို့ ဝန်မလေးပါဘူး”

ကုလားကြီးကို ဟိုဟိုဒီဒီလှည့်ကြည့်ပြီးတော့

“ဆန်နီရဲ့နွားတွေက တခြားနွားတွေထက် သုံးဆတန်တယ်ဆိုပြီး ဈေးတင်ရောင်းတာနော်၊ ခင်ဗျားတို့ မြန်မြန်ပြန်တာကောင်းလိမ့်မယ်”

“ဝယ်ချင်ဝယ်မယ်၊ မဝယ်ချင်မဝယ်ဘူးပေါ့ဗျ ကျုပ်တို့စိတ်ပဲ”

ကုလားကြီးက ခေါင်းကုပ်ရင်း

“ခင်ဗျားတို့ မသိသေးပါဘူးဗျာ”

သူနဲ့ပြောဆိုနေတုန်း ခြံထဲကိုငသောင်းဝင်လာတယ်ဗျ၊ ထုံးစံအတိုင်း စုတ်စုတ်ပြတ်ပြတ်အဝတ်စားနဲ့ပေါ့ဈ၊ ကျုပ်တို့ကိုမြင်တော့ သွားတွေအကုန်ပေါ်အောင်ဖြဲပြတယ်။

(၂)

“ဆရာကြီးတို့ရောက်နေတာကြာပြီလား”

“မကြာသေးပါဘူးကွ၊ မင်းကိုစောင့်နေတာ”

“ဒီခြံက ကျုပ်ခြံပဲဗျာ၊ ဟောဟိုက ခြံအနောက်နားမှာ ကျုပ်ကတဲကလေးထိုးပြီးနေသဗျ၊ ကျုပ်တဲကို လိုက်ခဲ့ကြပါအုံးလား”

“အေးကွာ၊ လိုက်ဆိုတော့လည်း လိုက်ရတာပေါ့”

ကျုပ်တို့လည်း ငသောင်းအနောက်ကိုထလိုက်လာခဲ့တယ်၊ ဦးဘသာက လွယ်အိတ်ကိုတစ်ချက်ပင့်လိုက်ပြီး

“နေစမ်းပါအုံးငသောင်းရေ၊ မနေ့ကပြောတော့ မင်းဆီမှာ ကလေးလည်းရှိတယ်၊ မိန်းမလည်းရှိတယ်ဆိုကွာ”

“ဒါတွေမပြောချင်တော့ပါဘူးဆရာကြီးရယ်၊ အိမ်ကမိန်းမက ကျုပ်ကိုမောင်းချထားတာကြာပြီ”

“မင်းကတော့ ဖြစ်ရမယ်”

“ဟုတ်တယ်ဆရာကြီး၊ ဆိုင်းနောက်ထအလုပ်က ပိုက်ဆံကျန်တယ်ဗျ၊ ခုနွားကျောင်းတာ ပိုက်ဆံမကျန်ဘူး၊ စားဖို့လောက်ပဲရတာ၊ ကျုပ်လည်း ဒါပဲလုပ်တတ်လို့ ဒါပဲလုပ်စားတာပေါ့၊ မိန်းမက ဒီအလုပ်ကိုမျက်နှာငယ်တယ်ဆိုပြီး ကျုပ်ကိုအိမ်ပေါ်က မောင်းချသဗျ”

ငသောင်းအိမ်ကလေးက သေးသေးကုပ်ကုပ်ကလေးပါဗျာ၊ တစ်ယောက်တည်းနေတာဆိုတော့လည်း ရှုပ်ပွနေတာပဲ၊ ငသောင်းက သူ့လွယ်အိတ်ထဲကနေ ပုလွေကလေးကိုထုတ်လိုက်တယ်၊ ဒီပုလွေကလေးက နွားကျောင်းသားမှော်အောင်ထားတယ်ဆိုတဲ့ ပုလွေကလေးပေါ့ဗျာ။ ပုလွေကလေးကို တစ်ချက်နှစ်ချက်မှုတ်လိုက်တာနဲ့ နွားတွေရဲ့နားက တဖြန်းဖြန်းနဲ့လှုပ်လာတော့တာပဲဗျာ၊ ဘာသံမှတော့ မထွက်ဘူးဗျ။

“ဆရာကြီး ဘယ်လိုနွားလိုချင်သလဲ၊ ခိုင်းဖို့လား၊ ပြန်ရောင်းမှာလား၊ အသားဖော်ဖို့လား”

“ခိုင်းနွားကောင်းကောင်း လိုချင်တာဟ”

ငသောင်းက ပုလွေကိုပါးစပ်နားတပ်ပြီး မှုတ်ပြန်ရော၊ ပုလွေက ဘာအသံမှမထွက်ပေမယ့် နွားတစ်သိုက်ကတော့ ငသောင်းဆီကိုပြေးလာကြတယ်ဗျာ၊ နွားတွေက အကောင်ခြောက်ဆယ်လောက်ရှိမယ်၊ ကျုပ်တို့အရှေ့ကိုလာပြီးတော့ တန်းစီရပ်တာ ညီလိုက်တာဗျာ။

“ဆရာကြီးက လယ်ထွန်မှာလား၊ ယာထွန်မှာလား”

“ယာတော့ငါမလုပ်ဘူး၊ လယ်တစ်သီးထဲစိုက်တာကွ၊ ဒီတော့ နွားပြာမကြိုက်ဘူးကွာ၊ နွားပြာက ပေလွန်းတယ်”

ငသောင်းက ပုလွေကလေးကိုဆက်မှုတ်ပြန်တယ်ဗျ၊ ဒီတော့ နွားပြာတွေအကုန် နွားအုပ်ထဲကထွက်ပြီး ခြံထဲပြေးဆင်းသွားကြတာပဲ၊ နွားရွှေဝါ၊ နွားရွှေနီတွေလောက်ပဲ ကျန်တော့တယ်၊ ဦးဘသာက နွားတွေကိုသေသေချာချာကြည့်ပြီး”

“တော်တော်ကောင်းကောင်း လှလှတွေကွ၊ ဟောဒီဘက်က နွားရွှေနီတစ်ရှဉ်းနဲ့ နွားရွှေဝါတစ်ရှဉ်းလောက် ယူချင်သကွာ”

ငသောင်းက ပုလွေမှုတ်တော့ ကျန်တဲ့နွားတွေအကုန်ပြန်သွားကြပြီးတော့ အိပ်တဲ့အကောင်ကအိပ်၊ လှဲတဲ့အကောင်က လှဲနဲ့ပေါ့ဗျာ၊ ကျုပ်လည်း ငသောင်းနားကိုကပ်ပြီးတော့

“ဒါနဲ့ ဒီနွားပိုင်ရှင်က ခင်ဗျားမဟုတ်ဘူးဆိုဗျ”

“ဟုတ်တယ်၊ ဒီနွားတွေ ရာထောင်ချီကို ဆန်နီပိုင်တာ၊ ဆန်နီဆိုတာ နွားသူဌေးပေါ့၊ မြိုင်သာတစ်ကြောမှာ နွားရောင်းနေတဲ့လူပေါ့”

“သူကလည်း သူ့နွားတွေကို ဈေးသုံးဆရမှ ရောင်းတာဆို”

ငသောင်းကတစ်ချက်တွေဝေသွားပြီးတော့

“ရပါတယ်၊ ကျုပ်ပါကူပြောပေးပါ့မယ်၊ သူရောင်းပေးမှာပါ”

ကျုပ်တို့လည်း ငသောင်းအိမ်ရှေ့နားမှာထိုင်နေကြတာပေါ့ဗျာ၊ နောက်ချေးနံ့တွေဆိုတာ မွှန်ထူနေလို့ ကျုပ်ဖြင့် နှာခေါင်းကိုတောင်လက်ညှိုးနဲ့ပိတ်ထားရသေးသဗျာ။

“ဒါနဲ့ ကျုပ်ကတော့ ခင်ဗျားလက်ထဲက ပုလွေကလေးကိုပဲ စိတ်ဝင်စားတယ် ကိုသောင်း”

ငသောင်းက အရိုးပုလွေကလေးကိုထုတ်ပြီး

“သြော်၊ ဒါလား”

“ကျုပ်ကိုခဏပြစမ်းပါဗျာ”

ငသောင်းက သူ့ပုလွေကို ကျုပ်ကိုလှမ်းပေးတယ်ဗျ၊ ဦးဘသာက ငသောင်းကိုကြည့်ပြီး

“ဒီပုလွေက နှယ်နှယ်ရရမှမဟုတ်ဘဲ ငသောင်းရ၊ မင်းဘယ်လိုရခဲ့တာလဲ”

“ဒါကလည်း ထူးဆန်းတယ်ပြောရမယ်၊ ကျုပ် ဆိုင်းနောက်ထမလိုက်ရတော့ လုပ်စရာမရှိတာနဲ့ သူများနွားတွေ ငှားကျောင်းပေးတာပေါ့ဗျာ၊ အစကတော့ သိပ်ခက်ခဲတာဗျ၊ နွားဆိုတာက အမျိုးစုံ၊ အနွယ်စုံဆိုတော့ ပြောရတာလည်း သိပ်ခက်တာ၊ ဒီကြားထဲ ပေတဲ့ကပ်တဲ့နွားတွေပါလာရင် ပိုဆိုးတာပေါ့ဗျာ”

“ဒါပေါ့ကွာ”

“တစ်ရက်တော့ နွားအုပ်နဲ့ကွဲသွားတဲ့ နွားအနောက်လိုက်ရင်း တောင်ရိုးအခြေကိုရောက်သွားတယ်ဗျ၊ အဲဒီမှာ ရသေ့ကြီးတစ်ပါးနဲ့တွေ့တာပဲ၊ ကျုပ်နွားက အဲဒီရသေ့ကြီးအရှေ့မှာ ဝပ်လို့ဗျ”

“ပြောပါအုံးဗျာ”

“ကျုပ်လည်း ရသေ့ကြီးကိုကန်တော့ပြီး နွားကိုပြန်ဆွဲခေါ်တာပေါ့ဗျာ၊ နွားကလည်း တော်တော်ကပ်တဲ့နွားဆိုတော့ ခေါ်မရဘူးဗျို့၊ နဖားကြိုးအတင်းဆွဲတာတောင်မှ ဒီကောင်က မထဘူး၊ ကျုပ်လည်း ကြိမ်နဲ့ရိုက်လိုက် ဆဲဆိုကြိမ်းမောင်းလိုက်နဲ့ နွားကိုအမျိုးမျိုးခေါ်တာပေါ့၊ ရသေ့ကြီးက ကျုပ်အဖြစ်ကို ပြုံးပြီးကြည့်နေတယ်ဗျ၊ ပြီးတော့မှ သူ့ဆီကနေ အဲဒီပုလွေကလေးထုတ်ပြီး မှုတ်တော့တာပဲ၊ ဘာမှတော့ မကြားရဘူးဗျာ၊ ဒါပေမယ့် နွားက ငေါက်ခနဲကောက်ထပြီးတော့ ကျုပ်အနောက်မှာလာရပ်သဗျ၊ ကျုပ်သွားရာအနောက်ကို နွားကလိုက်နေပါရော၊ ကျုပ်လည်း ဒီရသေ့ကြီးက ထူးဆန်းတယ်လို့ထင်ပြီးသားပါ၊ ဒါနဲ့ အခုလိုနွားကိုနိုင်မယ့်် နည်းလမ်းရှိသလားလို့မေးတော့ ကျုပ်ကိုကျင့်စဉ်တစ်ခုပြောပြတာပဲ”

“ဘာကျင့်စဉ်တုန်းဗျ”

“နွားကျောင်းသားမှော်လို့ခေါ်တာပဲ”

“အဲဒါ ဘယ်လိုကျင့်ရသလဲ”

ငသောင်းကို ကျုပ်ကိုသိပ်ပြောချင်ပုံမရဘူးဗျ၊ ဒါပေမယ့် ဦးဘသာရှိနေတော့ အားနာသွားပုံရတယ်။

“ရသေ့ကြီးပြောတာကတော့ ပုဂံခေတ်က ငလုံးလက်ဖယ်သူရဲကောင်းကလည်း ဒီလိုမှော်ပညာမျိုးကိုအောင်မြင်ခဲ့တယ်လို့ပြောတာပဲ၊ နွားနဲ့ပတ်သက်လို့ကတော့ သိပ်ကျွမ်းတယ်ဆိုသဗျ၊ နွားအရှဉ်းသုံးဆယ်ကို ထွန်မှာတပ်ပြီးတော့ ထွန်ရေးမှန်အောင် တက်ချည်ဆင်းချည် အနှံ့ထွန်နိုင်တယ်လို့ပြောတာပဲ”

“အဲဒါ ဘယ်လိုလုပ်ရသလဲဗျာ”

ကျုပ်ကလည်း သိချင်သား၊ ငသောင်းကြည့်ရတာသိပ်ပြောချင်ပုံတော့မရဘူးဗျ။

“ဘယ်သူမှတော့ ပြန်မပြောပါနဲ့ဗျာ၊ နွားကျင်ကြီး၊ ကျင်ငယ်ကို ခုနစ်ရက်စီလိမ်းရ သောက်ရတယ်၊ ကျင်ငယ်ကိုအစိမ်းသောက်၊ ကျင်ကြီးကိုတော့ မီးဖုတ်ပြာချပြီး လျှက်ရသဗျ”

“ဖွီ၊ ခင်ဗျားဟာက ဟုတ်ရဲ့လား”

ဦးဘသာက

“နောက်ချေးတို့၊ နွားကျင်ရည်တို့ဆိုတာ သောက်ကောင်းတယ်၊ ဆေးဖက်ဝင်တယ်ကွ၊ တို့ငယ်ငယ်ကဆို ချောင်းခြောက်ဆိုးရင် နောက်ချေးကိုပြာချပြီး လျှက်ခဲ့ကြတာပဲ”

“အောင်မယ်လေးဗျာ၊ ကျုပ်ဖြင့်် ရွံလိုက်တာ၊ ကဲ ဆက်ပြောပါအုံး ကိုသောင်းရာ”

“ပြီးတော့ နွားတင်းကုပ်မှာခုနစ်ရက်နေရသဗျ၊ နွားစာကျင်းမှာ ခုနစ်ရက်စားရတယ်”

ငသောင်းတစ်ခုပြောတိုင်း ကျုပ်ဖြင့်ရွံလို့အန်ချင်လိုက်တာ ပြောမနေပါနဲ့တော့ဗျာ။

“အဲဒါတွေပြီးတော့ ရသေ့ကြီးက ကျုပ်ကိုသူ့ကျောင်းကိုခေါ်သွားပြီးတော့ ဟောဒီကုပ်မှာဆေးပေါက်ပေးလိုက်တာပဲ”

ငသောင်းက ဦးဘသာကိုကုပ်လှန်ပြတယ်ဗျ၊ ဦးဘသာလည်းကြည့်ပြီးတော့ ခေါင်းတဆတ်ဆတ်နဲ့ညိတ်တယ်၊ ဆေးကတော့ စာလုံးလေးလုံးကို ရေးထားတာပါဗျာ၊ လက်ရေးကတော်တော်ညံ့တော့ ဘာစာလုံးလဲဆိုတာ ဖတ်မရဘူးဗျို့။

“အဲဒါထိုးပြီးရင် ရပြီတဲ့လား”

“ရပြီပေါ့၊ ကျုပ်ဖြင့််အစက မယုံနိုင်ဘူးဗျာ၊ နောက်တော့ အမျိုးမျိုးစမ်းသပ်တော့မှ တကယ်လက်တွေ့ပဲဗျ၊ နောက်တော့ ရသေ့ကြီးဆီသွားပေမယ့် ရသေ့ကြီးမရှိတော့ဘူး၊ ရသေ့ကြီးမသွားခင်က ကျုပ်ကိုပေးခဲ့တဲ့ ပုလွေကလေးကတော့ အမှတ်တရပေါ့ဗျာ”

ဦးဘသာက မျက်မှောင်ကြုတ်ပြီး

“နွားကျောင်းသားမှော်ဆိုတာ ကြားဖူးတာတော့ကြာပြီ၊ အခုမင်းပြောတာ နားထောင်တော့မှ လူနဲ့နွားကိုတစ်သားတည်းကျအောင် လုပ်ထားသလိုမျိုးပါလား၊ အေးလေ၊ သတ္တဝါတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ကောင်နဲ့တစ်ကောင်မေတ္တာဖြစ်တတ်ကြတာပဲ၊ မင်းပြောတာ သဘာဝကျပါတယ်”

ကျုပ်လည်း ပုလွေကလေးကိုကိုင်ပြီးတော့ မှုတ်ကြည့်တယ်ဗျ၊ အရိုးပွပွနဲ့လုပ်ထားပြီးတော့ တခြားပုလွေတွေကို အခင်တပ်မထားတော့ အသံမထွက်ဘူးပေါ့ဗျာ၊ ဦးဘသာက မျက်မှောင်ကြုတ်စဉ်းစားရင်း

“နေအုံး ငသောင်းရ၊ မင်းကျင့်စဉ်အောင်တာနဲ့၊ အိမ်ပေါ်ကဆင်းတာနဲ့ ဘယ်လောက်ကွာသလဲ”

“ဘယ်လောက်မှ မကွာပါဘူးဗျာ၊ ကျင့်စဉ်ကျင့်တော့ နွားခြံထဲဝင်အိပ်ရတာကိုး၊ ကျုပ်မိန်းမက ရှင့်အနားက နောက်ချေးစော်နံတယ်ဆိုပြီး မကပ်ခိုင်းတာအဲဒီကတည်းကပါပဲဗျာ”

“အေး၊ ငါထင်ရင်လွဲခဲတယ် ငသောင်း၊ မင်းအိမ်ကဆင်းလာရတာ အဲဒီကျင့်စဉ်ကြောင့်ပဲကွ”

ငသောင်းအံ့သြသွားတယ်။

“ဘာဖြစ်လို့လဲ ဆရာကြီး”

“မင်းပဲစဉ်းစားကြည့်လေကွာ၊ နွားကိုဘယ်သူက အိမ်ပေါ်မှာတင်ထားမှာလဲကွ၊ မင်းကျင့်စဉ်အောင်ပြီးကတည်းက အိမ်ပေါ်ပြန်တက်လို့မရတော့ဘူး၊ အိမ်ပေါ်မှာနေရင်မပျော်တော့ဘူး၊ နွားတွေနဲ့နေရရင် ပျော်နေမယ်၊ နွားတွေကလည်း မင်းကိုချစ်တယ်၊ မင်းပြောတာနားထောင်တယ်မဟုတ်လား”

“ဟုတ်တယ်၊ ဟုတ်တယ်”

“မင်းတော့မှားပြီငသောင်းရေ၊ အဲဒီကျင့်စဉ်က နွားကျောင်းသားမှော်မှမဟုတ်ဘဲ၊ လူ့ငနွားမှော်ပဲကွ၊ မင်းကိုနွားကျောင်းတယ်ဆိုတာထက် နွားဖြစ်အောင်လုပ်ပေးလိုက်တာ”

“ဗျာ”

ငသောင်းတွေတွေကြီးဖြစ်နေတယ်။

“အခုပဲကြည့်လေကွာ၊ မင်းကိုလူတွေက အရေးတယူမှမရှိတော့တာ၊ မင်းနေရတဲ့နေရာကလည်း နွားခြံထောင့်မှာ၊ နောက်ချေးနံ့တွေမွန်ထူနေတဲ့နေရာ၊ စားတော့လည်း နွားတွေနဲ့ဖက်စားရတယ်၊ တစ်နေ့လုံးလည်း ကွင်းထဲသွားပြီး နွားတွေနဲ့ပဲနေရတယ်မဟုတ်လား၊ သိပ်မကြာခင် မင်းနွားလိုတောင် ကောင်းကောင်းအော်တတ်တော့မယ်ထင်တယ်”

ငသောင်းကမျက်လုံးပြူးပြီး

“ဒါဆို ဆရာကြီးပြောတာမှန်တယ်ထင်တယ်”

“ဘာဖြစ်လို့လဲကွ”

ငသောင်းက ပါးစပ်ကိုမိုးပေါ်ကိုထောင်ပြီးတော့ နွားတစ်ကောင်လိုအော်ပြတယ်ဗျာ၊ ကျုပ်တို့လည်း နွားလိုအော်ကြတာပါပဲ၊ ဒါပေမယ့် ငသောင်းအော်သံကတော့ နွားအစစ်နဲ့ကိုတူသဗျ၊ ငသောင်းကိုသာမမြင်ရရင် နွားတစ်ကောင်အော်နေတယ်လို့ပဲ ထင်ကြရမှာပဲ၊ ကျုပ်ဖြင့်လန့်လိုက်တာ ကြက်သီးတောင်ထတယ်ဗျာ”

ဦးဘသာလည်း တော်တော်လန့်လန့်ပဲဗျ၊

“ငသောင်းရေ၊ မင်းအဆင့်ကတော့ တော်တော်ရောက်နေပြီကွ၊ မှတ်ထား၊ လောကမှာ ကောင်းတဲ့ကျင့်စဉ်ရှိသလို၊ မကောင်းတဲ့ကျင့်စဉ်ရှိတယ်၊ ဘာမှန်းညာမှန်းမသိတဲ့ကျင့်စဉ်တွေလည်းအများကြီးပဲကွ”

ငသောင်းတော်တော်ထိတ်လန့်နေတယ်ဗျ။

“ဒါဆို မကြာခင် ကျုပ်နွားဖြစ်တော့မှာလား”

“ဒါတော့ ငါလည်းမပြောတတ်ဘူး၊ ငါလည်း ဗဟုသုတအနေနဲ့ကြားဖူးထားတာပဲရှိတာကွ”

ငသောင်းက ပုဆိုးကိုချွတ်လိုက်ပြီးတော့

“ဆရာကြီးကန်တော့နော်၊ ကျုပ်ခါးကိုတစ်ချက်ကြည့်ပါဗျာ”

ကျုပ်နဲ့ဦးဘသာလည်း ငသောင်းရဲ့ခါးကိုကြည့်လိုက်တော့ ခါးပတ်ပတ်လည်မှာ နွားသားရေလိုမျိုးအသားတွေမာနေပြီးတော့ နွားမွှေးလိုအမွှေးကြမ်းကြမ်းကြီးတွေ ပတ်လည်ပေါက်နေသဗျ၊ ကျုပ်ဆိုကိုင်ပါကိုင်ကြည့်တာ။ ဦးဘသာက

“မင်းဒီဟာပေါက်တာ ဘယ်လောက်ကြာနေပြီလဲ”

“ကျင့်စဉ်ပြီးတော့ ခြောက်လလောက်ကြာတဲ့အခါမှာ ကျပ်ပြားဝိုင်းလောက် အဝိုင်းကလေးစပြီးပေါက်လာတာပဲဗျာ၊ ကျုပ်လည်း ဒီအတိုင်းထားလိုက်တာ အဲဒီအဝိုင်းကလေးကနေ တဖြည်းဖြည်းပျံ့နှံ့လာပြီးတော့ အခုလိုဖြစ်သွားတာပဲ၊ ကျုပ်ဆိုရှက်လွန်းလို့ ဘယ်သူ့ကိုမှမပြဘူး၊ အခုဆရာကြီးတို့နဲ့ စကားစပ်မိတော့မှ နွားကျင့်စဉ်ဆိုတာ သိလိုက်ရတယ်ဗျာ၊ ဆရာကြီး၊ ကျုပ်ကိုကယ်လို့ရတဲ့နည်းလမ်း မရှိတော့ဘူးလားဗျာ”

ဦးဘသာလည်း တော်တော်စဉ်းစားနေတယ်ဗျ၊ ပြီးတော့မှခေါင်းညိတ်ပြီး

“မင်းကံကောင်းတယ်လို့ ပြောရမှာပေါ့ကွာ၊ ကဲခေါင်းငုံ့ထား မင်းလည်ပင်းကိုဖော်ထားလိုက်”

ငသောင်းက ဦးဘသာခိုင်းတဲ့အတိုင်းလုပ်တယ်၊ ဦးဘသာက ငသောင်းကုပ်ကိုလက်ဝါးနဲ့အုပ်ပြီးတော့ ပွစိပွစိရွတ်တယ်ဗျ၊ ပြီးတော့ သူ့လက်ဝါးကိုလှန်လိုက်တော့ လက်ထဲမှာစာလုံးလေးတွေပေါ်လာတယ်ဗျာ၊ ကျုပ်လည်း တစ်လုံးချင်းစီရေပြီးဖတ်ကြည့်တာပေါ့။ အက္ခရာတွေက မြန်မာအက္ခရာနဲ့မတူဘူးဗျ၊ ရှည်မြောမြောနဲ့၊ ဦးဘသာက အက္ခရာတစ်လုံးစီကိုလက်ညှိုးထိုးပြီး သေချာဖတ်ပြတယ်။

“ဂေါဝသဘဆိုပါလား”

“အဲဒါဘာလဲဦးဘသာ”

“ဂေါဝသဘဆိုတာ နွားကိုပြောတာ၊ နွားလားကိုပြောတာ၊ ဒီတော့သေချာတယ်၊ ရသေ့ကြီးက ဒီအတတ်ပညာရဲ့အတိမ်အနက်ကိုမသိခဲ့တာကြောင့် မင်းကိုလုပ်ပေးခဲ့မိတာဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် အတတ်ပညာရဲ့အတိမ်အနက်ကို သိပေမယ့် မင်းကိုစမ်းသပ်တဲ့အနေနဲ့လုပ်ခဲ့တာများလားလို့ ယူဆလို့ရတယ်”

ဦးဘသာက လက်ဝါးနှစ်ဖက်ထပ်ပြီးပွတ်ချေလိုက်တော့ လက်ထဲကစာတွေပျောက်သွားတယ်၊

“ငသောင်း၊ မင်းခါးကအနာကိုတော့ မုန်ညင်းဆီသာညတိုင်းလူးပေး၊ သူ့အလိုလိုဖေးပြီးအချပ်လိုက် ကွာကျသွားလိမ့်မယ်ကွ”

“ကျေးဇူး၊ ကျေးဇူးတင်ပါတယ်ဆရာကြီးရယ်၊ ဆရာကြီးပြောမှ ကျုပ်တွေးမိတာတစ်ခုရှိတယ်”

“ဘာတွေးမိတာလဲ”

“ကျုပ်တို့ငယ်ငယ်တုန်းက လူကနေနွားဖြစ်သွားတဲ့အကြောင်း ဇာတ်လမ်းတစ်ခုရှိတယ်ဗျ၊ အဲဒါနဲ့များ၊ အခုဒီကိစ္စနဲ့ဆိုင်နေမလား”

ဦးဘသာက မေးစေ့ကိုပွတ်နေရင်း စဉ်းစားနေတယ်။

“ဘယ်လိုဖြစ်သွားတာလဲ၊ ပြောစမ်းကွာ”

(၃)

ကျုပ်တော့ စိတ်ဝင်စားပြီးရင်း ဝင်စားရင်းပေါ့ဗျာ၊ ငသောင်းက ဟိုဟိုဒီဒီအရိပ်အခြည်ကိုကြည့်လိုက်ပြီးတော့ ကျုပ်တို့ကိုလက်ကုပ်ရင်း

“လာလာ၊ ဆရာကြီး၊ ဆရာကြီးကို ပြစရာတစ်ခုရှိတယ်”

“ဘာတုန်းကွ”

“ကျုပ်နောက်ကိုအသာကလေးလိုက်ခဲ့စမ်းပါ”

ငသောင်းက လေးဖက်မထောက်ရုံတမယ် ငုံ့လိုက်ပြီးတော့ ဘဲသွားသွားတယ်ဗျ၊ ပြီးတော့ နွားတွေနဲ့အကာအကွယ်ယူပြီးတော့ နွားခြံထဲကိုဖြတ်ပါရော၊ ကျုပ်တို့လည်း သူ့အနောက်ကနေအသာလိုက်ခဲ့ရတာပေါ့ဗျာ၊ ဘဲသွားသွားတယ်ဆိုတာ သိပ်ညောင်းတာဗျ။

“ဟေ့ကိုသောင်း၊ ဘာဖြစ်လို့ ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ”

“ဟောဟိုမှာလူတွေထိုင်နေတယ်ဗျ၊ ဆန်နီက နွားခြံထဲကိုလူစိမ်းဝင်တာမကြိုက်ဘူး၊ ဒါကြောင့်သူတို့မမြင်အောင်သွားရတာ၊ လာခဲ့စမ်းပါ”

ကျုပ်တို့သွားရင်း နွားခြံကြီးကိုဖြတ်ပြီးတော့ ဝါးကပ်တွေနဲ့ကာထားတဲ့ခြံစည်းရိုးတစ်ခုကိုရောက်တာပေါ့ဗျာ၊ ငသောင်းက ခြံစည်းရိုးဝါးကပ်တစ်ခုကိုအသာလှပ်လိုက်ပြီးတော့ အထဲကိုဝင်လိုက်တယ်၊ အထဲမှာတော့ အိမ်ကြီးတစ်လုံးရှိတယ်ဗျ၊ အိမ်ကြီးရဲ့အနောက်နားမှာအုတ်နဲ့သေသေချာချာဆောက်ထားတဲ့ အဆောင်တစ်ခုကိုတွေ့ရတယ်၊ မသိရင် နတ်ကွန်းလိုလို၊ မြင်းစောင်းလိုလို ပုံစံမျိုးပဲဗျ၊ အနားကိုရောက်တော့မှ ငသောင်းက အခြေအနေကြည့်ပြီးတော့ အဆောင်ထဲကိုလှမ်းဝင်လိုက်တယ်၊ ကျုပ်တို့လိုက်ဝင်ခဲ့တော့ အဆောင်ထဲမှာ ကြီးလိုက်တဲ့နွားကြီးဗျာ။

“ဟာ၊ နည်းတဲ့အကောင်ကြီးမဟုတ်ဘူးဗျို့”

“တိုးတိုးလုပ်စမ်းပါ၊ ဒီနေရာမှာ ကျုပ်တို့ရှိနေတာကို ဆန်နီသိသွားရင် ကျုပ်တို့ကိုတောင်သတ်မလားပဲ”

ဦးဘသာက နွားကြီးကိုသေချာကြည့်ပြီး

“နွားလားဥဿဘဆိုတာ ဒါကိုပြောတာနေမှာဟေ့၊ ငါဖြင့်ငယ်ငယ်က မြိုင်သာက ဟိန္ဓူဘုရားပွဲလှည့်တော့ တစ်ခါမြင်ဖူးတယ်၊ အခုတစ်ခါမြင်ဖူးတာပဲ”

နွားကြီးက သာမန်နွားတွေထက်သုံးလေးဆလောက်ကြီးတယ်ဗျ၊ တစ်ကိုယ်လုံးဖွေးဖွေးဆွတ်ပြီးဖြူနေတာပဲဗျ၊ နို့အရောင်လိုပဲ၊ ကျောကုန်းမှာလည်း နွားလဘို့ကြီးက မနည်းမနောကြီးဗျ၊ နွားကြီးမြင့်လွန်းလို့ ကျုပ်တို့တောင်မော့ကြည့်ရတယ်။ ကျုပ်ကနွားကြီးကိုကြည့်ရင်း

“နေပါအုံး၊ ခင်ဗျားပြောတော့ နွားဖြစ်သွားတဲ့လူဆိုဗျ”

“အေးလေ၊ အဲဒါ အခုခင်ဗျားတို့မြင်နေရတဲ့သူပဲဗျ”

“ဘယ်လို၊ ဒီနွားလားဥဿဘကြီးက လူကနေဖြစ်သွားတာလား”

“ယုံတမ်းစကားလိုလို၊ ပုံပြင်လိုလိုပေါ့ဗျာ၊ ကျုပ်လည်းအစကမယုံဘူး၊ ဆရာကြီးပြောတော့ လူကနေနွားဖြစ်အောင်လုပ်လို့ရတဲ့အစီအရင်ရှိတယ်ကြားတော့မှ ယုံသွားတာပဲဗျ၊ ဆရာကြီး ကြည့်ကြည့်စမ်းပါ၊ ဒီနွားကြီးက တကယ့်နွားအစစ်လား၊ လူလားဆိုတာ”

“အဲဒီလိုတော့ ကြည့်မရဘူးကွ၊ ဒါပေမယ့် တစ်ခုခုတော့မူမမှန်တာသေချာတယ်”

“အစစ်ပေါ့ဗျာ၊ ဒီနွားကြီးက လပြည့်လကွယ်လိုညတွေဆိုရင် ငိုတယ်တဲ့ဗျာ၊ ငိုတာမှလူလိုငိုတာ၊ ကျုပ်လည်းအစကမယုံဘူူး၊ ဒီခြံထဲရောက်ပြီးတော့မှ အသံကြားလို့လိုက်ကြည့်ရင်း ဒီကိုရောက်လာတာ”

“ခင်ဗျားသူငိုတာ တကယ်တွေ့ဖူးလား”

“တွေ့တာပေါ့ဗျာ၊ နွားတော့နွားပဲဗျ၊ ဒါပေမယ့် အသံကတော့ ကုလားအသံပဲဗျို့၊ ကုလားလိုပြောပြောပြီးတော့ ငိုနေတာ၊ ကျုပ်ချောင်းကြည့်ပေမယ့် ဒီနားမှာ နွားကြီးကလွဲလို့ လူမှမတွေ့တာ၊ အဲဒါဆန်နီတို့အိမ်ပေါ်ကဆင်းလာပြီး တုတ်တွေနဲ့ရိုက်နှက်တော့မှ နွားကြီးအငိုရပ်သဗျ”

ကျုပ်လည်း ဦးဘသာဘက်ကိုလှည့်ကြည့်ပြီးတော့

“ဦးဘသာရော ဘယ်လိုထင်သလဲဗျ”

“ငါလည်းအစကမထင်ဘူးကွ၊ ဒါပေမယ့် ငသောင်းပြောတာဆက်စပ်တွေးတောကြည့်ရင်းမှ ခေါင်းထဲရေးရေးပေါ်လာတယ်”

“ဘယ်လိုပေါ်လာတာလဲဗျာ”

“ကုလားနဲ့နွားနဲ့သွားဆက်လို့ပါကွာ၊ ဒီလိုကွ၊ မြိုင်သာက ကုလားမကြီးမာယာရဲ့အမေက ကုလားစုန်းမကြီးကွ၊ သူနဲ့ငါ့အမေက သိပ်ခင်တာပေါ့၊ သူ့ပြောပြချက်အရ ဟိုးရှေးခေတ်ကတည်းက အိန္ဒိယမှာ လူကိုနွားလိုဖန်ဆင်းနိုင်တဲ့အတတ်ရှိတယ်တဲ့၊ အိန္ဒိယတွေက လူသေရင်နွားဖြစ်တယ်လို့လဲယုံကြည်တယ်၊ နွားဆိုတာ နတ်ဘုရားတွေရဲ့အစေအပါးဆိုပြီး တန်ဖိုးထားဆက်ဆံကြတယ်”

“ကျုပ်သိပါတယ်ဗျာ၊ လိုရင်းပြောပါဗျ၊ ဦးဘသာရ”

“မာယာရဲ့အမေအပြောအရ မဏိပူရတို့၊ နာဂလန်းတို့လို ပြည်နယ်တွေမှာ လူကနေနွားအဖြစ်ပြောင်းတဲ့ အောက်လမ်းအတတ်တစ်မျိုးထွန်းကားတယ်လို့ပြောတာကြားဖူးတယ်၊ ဒါကိုစပ်ဆက်တွေးကြည့်ရင် တကယ်လို့သာ အဲဒီအတတ်တကယ်ရှိတယ်ဆိုရင် ဒီနွားကြီးက လူကနေဖြစ်သွားတယ်ဆိုတာ ယုံကြည်စရာကောင်းတယ်၊ ငသောင်းတောင်မှ နွားဖြစ်တော့မှာ မင်းအတွေ့ပဲမဟုတ်လား”

“ဒါဆို အောက်လမ်းပညာ၊ စုန်းပညာတွေက အဲဒီလိုပြောင်းလဲနိုင်သလား”

“စုန်းအတတ်ထဲမှာ နာနာရုပ်အတတ်ဆိုတာ ခက်ခဲမြင့်မားတဲ့အတတ်တစ်ခုပဲ၊ နာနာရုပ်အတတ် တတ်မြောက်သွားရင် လူကနေ တိရစ္ဆာန်တောင်မဟုတ်ဘူး၊ သက်မဲ့အရာတွေဖြစ်တဲ့ ကျောက်တုံးတို့၊ သစ်သီးတို့အဖြစ်တောင်ပြောင်းလဲနိုင်သကွ၊ အောက်လမ်းအစီအရင်မှာလည်း ဒါမျိုးမရှိဘူးလို့ ဘယ်ပြောလို့ရမှာလဲ၊ မာယာရဲ့အမေပြောခဲ့တဲ့အထဲမှာ လူ့ငနွားမှော်ဆိုတာမျိုးတစ်ခါကြားဖူးတယ်၊ အဲဒါကိုပြန်ကောက်ရင် ဒီနွားကြီးနဲ့ အဲဒီအစီအရင်နဲ့က သက်ဆိုင်မှုတစ်ခု ရှိမှာသေချာတယ်”

“ဒါဆိုကျုပ်တို့ဘယ်လိုလုပ်ကြမလဲ”

ဦးဘသာက ခေါင်းခါတယ်၊ ပြီးတော့ ငသောင်းကိုကြည့်ပြီး

“ငသောင်း၊ မင်းကြားခဲ့တဲ့ ပုံပြင်ကို ပြန်ပြောပြဖို့လိုနေပြီကွ”

ငသောင်းက ခေါင်းညိတ်ရင်း

“ဒီလိုဗျ၊ ဆန်နီရဲ့အဖေကြီးက ဦးဘာဘာလို့ခေါ်တယ်၊ သူတို့အချင်းချင်းတော့ ကုလားနာမည်ရှိမယ်ထင်တယ်၊ တစ်ရွာလုံးကတော့ ဦးဘာဘာလို့ခေါ်ကြတာ၊ ဗိုက်ပူပူ၊ ၀၀တုတ်တုတ်နဲ့ မှုတ်ဆိတ်မွှေးကောက်ကောက်၊ ဆံပင်ကောက်ကောက်နဲ့ ကုလားကြီးပေါ့ဗျာ၊ ဦးဘာဘာက သဘောတော့သိပ်ကောင်းတယ်ဗျ၊ ကျုပ်တို့ငယ်ငယ်က ဦးဘာဘာအိမ်သွားရင် ကုလားမုန့်အချိုတွေစားလိုက်ရတာမှ စုံလို့ဗျ”

“ခင်ဗျားကလည်း ငတ်ကြီးကျတဲ့အကြောင်းရောက်သွားပြန်ပြီ”

“အဲဒီဦးဘာဘာက နွားခြံပိုင်ရှင်ဗျ၊ နို့စားနွားတွေရော၊ အသားတိုးနွား၊ ခိုင်းနွား အစုံမွေးတာ၊ ဒီခြံကြီးက ဆန်နီက သူ့အဖေဆီကနေ အမွေရခဲ့တာပေါ့၊ ပြီးတော့ နို့ကထွက်တဲ့ ဒိန်ချဉ်တို့၊ ထောပတ်၊ မလိုင်၊ နို့ဓမ်း အကုန်လုပ်ပြီးရောင်းသေးတယ်ဗျာ၊ ဒါပေမယ့် အဲဒီဦးဘာဘာကြီး သေခါနီးကျတော့ နွားလိုအော်တယ်ဆိုပဲဗျ၊ အိမ်နီးနားချင်းတွေက ပြန်ပြောကြတာ”

“နွားလိုအော်တာနဲ့ နွားဖြစ်ရောလား”

“မဟုတ်သေးဘူး၊ ဦးဘာဘာကြီးကို ဆေးကုမပေးဘူးတဲ့ဗျ၊ ဦးဘာဘာက နေ့နေ့ညညနွားလိုအော်ရင်း တစ်နေ့ကျတော့ ပျောက်သွားတယ်”

“သေသွားတာများလား”

“သေသွားတယ်ဆိုရင်လည်း အသုဘအခမ်းအနားတော့လုပ်မှာပဲ၊ အခုက အဲဒီလိုမဟုတ်ဘဲ ဦးဘာဘာတစ်ယောက် ဘာဖြစ်သွားမှန်းမသိဘူးဗျ၊ ဆန်နီကပြောတာတော့ မြိုင်သာကိုတက်သွားတယ်လို့ပြောတာ၊ ခင်ဗျားတို့စဉ်းစားကြည့်ဗျာ၊ အိပ်ရာထဲလဲနေတဲ့လူတစ်ယောက်က မြိုင်သာကို ဘာနဲ့သွားမလဲဗျ၊ လှည်းတွေဘာတွေနဲ့ထွက်တယ်ထားအုံး ရွာကလူခံတွေမြင်မှာပေါ့၊ အခုက ပျောက်ချင်းမလှကိုပျောက်သွားတာ”

“အဲဒီတုန်းက ဆန်နီရဲ့တူမတစ်ဝမ်းကွဲလေး အိမ်မှာရှိသေးတယ်၊ အဲဒီကလေးမက ရေခပ်ဆင်းရင်းပြောတာတော့ ဦးဘာဘာမသေခင် သူ့ခြေထောက်တွေက နွားခြေထောက်တွေဖြစ်သွားတယ်ဆိုပဲဗျ၊ အဲဒီသတင်းရွာထဲမှာ ဟိုးလေးတကြော်ဖြစ်သွားပြီးကတည်းက အဲဒီကလေးမလည်း ပျောက်သွားတာပဲ၊ ရွာပြန်ပို့လိုက်တာဖြစ်မှာပေါ့ဗျာ၊ ဦးဘာဘာပျောက်သွားပြီး မကြာပါဘူး၊ ဆန်နီတစ်ယောက် နွားလားဥဿဘရတယ်ဆိုပြီး သတင်းထွက်လာပါရောဗျာ၊ ကဲ မတိုက်ဆိုင်ဘူးလား၊ တစ်ရွာလုံးကတော့ ဦးဘာဘာက နွားတွေချစ်လွန်းလို့ နွားအဖြစ်ဝင်စားသွားတယ်လို့ ပြောကြတာပဲ”

ဦးဘသာက သူစဉ်းစားရင် မေးစေ့ပွတ်တယ်တယ်မဟုတ်လား၊ အခုလည်း မေးစေ့က မုတ်ဆိတ်မွှေးအတိုအစတွေကို လက်နဲ့ပွတ်နေလေရဲ့။

“ဆရာကြီး၊ ဘယ်လိုမြင်လဲ”

“ငါလည်းမတွေးတတ်တော့ပါဘူးကွာ၊ ငသောင်းရေ၊ ဒီကိစ္စက ငါတို့နဲ့မဆိုင်ဘူးကွ၊ ငါတို့ပြန်မယ်၊ ငါတို့လာတာ နွားဝယ်ဖို့လာတာ”

ကျုပ်တို့လည်း အဲဒီအဆောက်အအုံထဲက ထွက်ခဲ့ရော နွားကြီးက နှာတွေမှုတ်ပြီးတော့ ကျုပ်တို့ကိုကြည့်လို့ဗျ၊ ငသောင်းလှပ်ထားတဲ့ ဝါးကပ်ခြံစည်းရိုးကနေ ကုန်းပြီးအပြင်ကိုထွက်လိုက်တော့ အပြင်မှာ လူတစ်ယောက်ကိုတွေ့လိုက်ရပါရောဗျာ၊

“သြော်၊ ဧည့်သည်တွေရောက်နေတာကိုး”

အဲဒီလူက ခပ်ပုပု၊ ခပ်ဖိုင့်ဖိုင့်ပဲဗျ၊ ဆံပင်တွေက လိမ်ကောက်ပြီးတော့ အလုံးကလေးတွေလိုဖြစ်နေတယ်၊ ဝတ်ထားစားထားတာကတော့ အကောင်းစားအဝတ်အစားတွေပဲ၊ ရေမွေးနံ့ကလည်း ကြိုင်လို့ဗျာ။

“ခင်ဗျားကဘယ်သူလဲ”

ကျုပ်မေးတော့ ဒီလူကပြုံးဖြီးဖြီးနဲ့ဗျ၊ ငသောင်းကထွက်လာတော့ အဲဒီလူကိုကြည့်ပြီး ထိတ်လန့်သွားတယ်။

“ကို၊ ကိုဆန်နီ”

“ဟား၊ ဟား ငသောင်းရေ၊ မင်းကတို့ခြံထဲနေပြီးတော့ သူခိုးလမ်းပြလုပ်တယ်ပေါ့ဟုတ်သလား”

ဦးဘသာက ထွက်လာပြီးတော့

“စိတ်မဆိုးပါနဲ့ကွာ၊ ငါတို့က နွားလားဥဿဘကို မမြင်ဖူးလို့ဝင်ကြည့်ရုံတင်ပါ”

“ကျုပ်နွားက ခင်ဗျားတို့ကြည့်ချင်တိုင်းဝင်ကြည့်လို့ရအောင် ပြထားတာမဟုတ်ဘူးဗျ”

ဦးဘသာက ရယ်ကျဲကျဲနဲ့

“အေးပါကွာ၊ မင်းမကြိုက်ဘူးဆိုရင်လည်း ငါတို့ပြန်ပါ့မယ်”

ဦးဘသာက ဆန်နီကိုကျော်ပြီးထွက်လိုက်တော့ ဆန်နီက ဦးဘသာကိုလက်နဲ့လှမ်းတားလိုက်တယ်။

“ခင်ဗျားတို့ကို ဘယ်သူကပြန်ခိုင်းနေလို့လဲ၊ ခင်ဗျားတို့ဒီကနေ ဘယ်မှမသွားရဘူး”

ဆန်နီက ကျုပ်ကိုလက်ညှိုးထိုးလိုက်ပြီးတော့

“မင်းထိုင်နေလိုက်စမ်း”

ကျုပ်လည်း ဘယ်လိုဖြစ်သွားသလဲမသိဘူးဗျာ၊ ဆန်နီစကားကိုကြားတော့ ကြောက်သလိုလိုရွံ့သလိုလိုဖြစ်သွားပြီးတော့ မြေကြီးမှာဆောင့်ကြောင့်ထိုင်ချလိုက်တာပါပဲ၊ လက်ကိုလည်းပိုက်လို့ဗျ၊ နောက်တော့ ဆန်နီက ငသောင်းကိုအဲဒီအတိုင်းပြောတော့ ငသောင်းလည်းကျုပ်ဘေးမှာထိုင်ချလိုက်တယ်။ ဆန်နီအရှေ့မှာ ကျုပ်တို့နှစ်ယောက် ငုတ်တုတ်ကလေးတွေပေါ့ဗျာ၊ ဦးဆန်နီက ဦးဘသာကိုလက်ညှိုးထိုးပြီး

“ခင်ဗျားလဲထိုင်နေစမ်း”

ဦးဘသာက ဘာမှမဖြစ်ဘူးဗျ၊ ပုခုံးတွန့်ပြပြီးတော့ အရှေ့ကိုဆက်လျှောက်သွားတယ်၊ ဆန်နီက သူ့ကိုယ်သူမယုံသင်္ကာနဲ့

“ခင်ဗျားကိုထိုင်လို့ပြောနေတယ်နော်”

ဦးဘသာက ခြေဆယ်လှမ်းလောက်ရောက်သွားပြီဗျ၊ အနောက်ကိုပြန်လှည့်မကြည့်ဘဲ

“ဟေ့ဆန်နီ၊ မင်းသူများတွေကိုသာ စေခိုင်းပြီးတော့ နွားလုပ်ခိုင်းလို့ရချင်ရမယ်၊ ငါ့ကိုတော့မရဘူးကွ”

ဆန်နီတစ်ယောက် ဒေါသချောင်းချောင်းထွက်သွားတယ်ဗျာ။

“သြော်၊ခင်ဗျားကြီးက ကျုပ်နွားလုပ်တာတွေကိုလည်း အကုန်သိနေတယ်ပေါ့”

ဆန်နီက ဦးဘသာအနောက်ကိုလှစ်ခနဲရောက်သွားပြီးတော့ ဦးဘသာလည်ကုပ်ကိုလက်ဝါးကြီးနဲ့ပုတ်ချလိုက်တာဗျာ၊ မြန်လိုက်တာမှပြောမနေပါနဲ့၊ ဦးဘသာကလည်း ညာဖက်လက်ကိုနောက်ပြန်လုပ်ပြီး ဆန်နီရဲ့လက်ကိုပြန်ပုတ်ချလိုက်တော့ ဖုန်းခနဲအသံကြီးနဲ့အတူ ဆန်နီတစ်ယောက် အနောက်ကိုခြေသုံးလေးလှမ်းလောက် ဆုတ်သွားတာပေါ့ဗျာ။ ပြီးတော့ ရယ်ကျဲကျဲနဲ့

“သြော်၊ ဟော်၊ အဘိုးကြီးက ပညာသည်ကိုး၊ ဟောဒီက ဆန်နီဆိုတဲ့ကောင်ကလည်း နှယ်နှယ်ရရမဟုတ်ဘူးနော်ဗျ၊ စုန်းမကြောက်လို့ စုန်းရွာမှာနေတဲ့ကောင်”

ဒီတော့မှ ဦးဘသာက ဒီဖက်ကိုလှည့်လိုက်ပြီး

“ဟေ့ဆန်နီ၊ ကြည့်ရတာ မင်းလည်းငါ့ကို နွားလုပ်စေချင်ပုံရတယ်၊ ဟိုငသောင်းကို လုပ်သလိုမျိုးပေါ့၊ ဟုတ်တယ်မဟုတ်လား”

ဆန်နီက ဒေါသထွက်ပြီး

“ဟုတ်တယ်၊ ဟုတ်တယ်၊ ကျုပ်ခြံထဲကိုရောက်တဲ့လူမှန်သမျှ လူအဖြစ်နဲ့ပြန်ထွက်စရာအကြောင်းမရှိဘူး”

ဆန်နီက သူ့လက်မှာဝတ်ထားတဲ့လက်စွပ်ကိုမန်းမှုတ်ပြီးတော့ ဦးဘသာကိုလက်စွပ်နဲ့ချိန်လိုက်တာပဲဗျာ၊ လက်စွပ်ထိပ်မှာ လိမ္မော်ရောင်၊ အနီရောင်လို အရောင်တွေတလက်လက်နဲ့ထွက်လာပါရော၊ ဦးဘသာကတော့ အေးအေးဆေးဆေးပဲ လက်ပိုက်ပြီးရပ်နေတယ်၊

“ဟေ့၊ ဆန်နီ မင်းလုပ်လို့ပြီးပြီလားကွ”

ဆန်နီက နောက်ထပ်ထပ်ပြီး လက်စွပ်ကိုမန်းမှုတ်တယ်ဗျ၊ ဒီတစ်ခါတော့ လက်စွပ်ထဲကနေ ရှူးခနဲမြည်သံကြီးနဲ့ မီးခိုးငွေ့တွေလိုလို၊ မီးခိုးတန်းကြီးလိုလိုထွက်သွားပါရောဗျာ၊ ဦးဘသာက ဘာမှမကိုမဖြစ်တာ။

“ဆန်နီရေ ပြီးပလားဟ”

ဆန်နီတစ်ယောက် တော်တော်ထိတ်လန့်နေတာဗျ၊ လက်တွေတောင်တုန်ယင်နေတယ်၊ နောက်တော့ သူဝတ်ထားတဲ့ပုဆိုးကိုချွတ်ပြီးတော့ ခေါင်းမြီးခြုံချလိုက်တယ်၊ ပြီးတာနဲ့ လှစ်ခနဲပြေးတော့တာပဲဗျာ၊ ဒါပေမယ့် ရယ်စရာတော့ကောင်းသားဗျ၊ သူ့ပုဆိုးစတစ်စက မြေကြီးမှာကပ်နေပြီးတော့ သူပြေးပေမယ့် အရှေ့မရောက်ဘဲ ပုဆိုးနဲ့တွယ်နေတာ၊ မသိရင်ကာတွန်းကားထဲကပြေးသလိုပဲဗျာ၊ ပြေးသာပြေးနေတယ် အရှေ့မရောက်ဘူးဗျို့။

“ဆန်နီရေ မင်းကတော့ မနိုင်ရင်ပြေးတာပဲကွ၊ ဟေ့ကောင်၊ ဒီဘက်လှည့်”

ဦးဘသာပြောတော့ ဆန်နီက ဦးဘသာဘက်ကိုလှည့်ကြည့်လိုက်ပါရော၊ ပုဆိုးက ကွင်းလုံးကျွတ်ကြီးဖြစ်သွားတော့ ဆန်နီကအောက်မှာ အတွင်းခံဘောင်းဘီလေးပဲပါတော့သဗျ၊ ဦးဘသာက သူစီးထားတဲ့ကတ္တီပါဖိနပ်ရဲ့ ညာဘက်ဖိနပ်ကိုချွတ်လိုက်ပြီးတော့ အရှေ့ကိုအသာလေးထုတ်လိုက်တယ်၊ ပြီးတော့ ဖိနပ်ရဲ့ဖနောင့်နေရာကို ခြေဖျားနဲ့နင်းထည့်လိုက်တော့ ဖိနပ်က ဦးမော့ပြီးလေပေါ်ထောင်တက်လာတာပါပဲ။

“ဆန်နီ၊ မင်းလိုကောင်ကိုတော့ ငါမလုပ်တော့ဘူး၊ ငါ့ဖိနပ်ကိုပဲလွှတ်လိုက်မယ်ဟဲ့”

ပြောရင်းဆိုရင်း ကတ္တီပါဖိနပ်က မိုးပေါ်ထောင်တက်ပြီး ဆန်နီဆီကိုပြေးသွားတာပဲဗျာ၊ ဖိနပ်က မိုးပေါ်မှာ ဘယ်ပျံညာပြန်လုပ်နေပြီးတော့ ဆန်နီရဲ့ပါးကို တဖြန်းဖြန်းနဲ့ရိုက်တာဗျာ၊ ဘယ်ဘက်ကနေရိုက်ထည့်လိုက်၊ ဖြန်းခနဲအသံမြည်ပြီးတော့ ဆန်နီက ညာဘက်ကိုခေါင်းကို လည်သွားလိုက်၊ ဖိနပ်က ညာဘက်ကိုပျံဝင်သွားပြီး ဆန်နီရဲ့ညာဘက်ပါးကိုရိုက်ထည့်လိုက်နဲ့ ရိုက်တာပေါ့ဗျာ၊ ဆန်နီခမျာနောက်ဆုတ်နောက်ဆုတ်နဲ့ ဖိနပ်က ပါးကိုချည်းရိုက်တာဗျ၊ နောက်ဆုံးကျတော့ ဖိနပ်က ဆန်နီရဲ့ငယ်ထိပ်ကို ဖြန်းခနဲရိုက်ပြီးတော့ ဦးဘသာဆီပျံထွက်သွားပြီး ညာဘက်ခြေထောက်အရှေ့မှာ အသာကလေးလျောခနဲကျတယ်ဗျာ၊ ဦးဘသာက ဖိနပ်ကိုအသာပြန်စီးလိုက်တယ်၊ ဆန်နီတစ်ယောက် မျက်နှာကြီးယောင်ကိုင်းပြီး လေးဖက်ထောက်လဲကျနေပါရောဗျာ။

“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်ဆရာကြီးရယ်၊ ကျုပ်ကိုမသတ်ပါနဲ့”

“မင့်ကိုငါမသတ်ပါဘူးကွ၊ ပြောစမ်း၊ မင်း အဖေကိုမင်းဘယ်လိုလုပ်ခဲ့တာလဲ”

ဆန်နီက ပြောဖို့နှုတ်ဆိတ်နေတယ်ဗျ၊

“ပြောလေကွ၊ ဆန်နီရ”

“ဟုတ်၊ ဟုတ်ကဲ့ ကျုပ်အဖေကိုကျုပ် နွားအဖြစ်ပြောင်းခဲ့မိပါတယ်”

ကျုပ်နဲ့ငသောင်းနဲ့ဆို အံ့သြလိုက်တာမှပြောမနေပါနဲ့ဗျာ၊ ဦးဘသာကတော့

“အင်း၊ ငါထင်သားပဲ၊ မင်းဘာဖြစ်လို့ ကိုယ့်အဖေကိုယ်နွားပြန်လုပ်ရတာလဲ”

“တကယ်တော့ အဖေက ကျုပ်အဖေအရင်းမဟုတ်ပါဘူး၊ မွေးစားအဖေပါ”

“ဟင်”

“ဟုတ်ပါတယ်၊ သူ့မှာသားအရင်းတစ်ယောက်ရှိပါတယ်၊ သူ့သားက မြိုင်သာမှာအနေများပါတယ်၊ သူသေရင် သူ့အမွေတွေကို သူ့သားကိုပေးမှာစိုးတာနဲ့ ကျုပ်လည်း ကျုပ်တတ်တဲ့ပညာတစ်ခုနဲ့ သူ့သားကိုအရင် နွားအဖြစ်ပြောင်းလိုက်ပါတယ်”

“ခင်ဗျားတော်တော်ရက်စက်တဲ့လူပဲ”

“နွားအဖြစ်ပြောင်းလို့ အောင်မြင်သွားတော့ ဦးဘာဘာကိုပါ နွားအဖြစ်ပြောင်းလိုက်ပါတယ်၊ နွားအဖြစ်ပြောင်းတာ မလွယ်ပါဘူး၊ အချိန်ဆယ့်လေးရက်တိတိကြာပါတယ်”

“မင်းတော်တော်လုပ်ရက်တဲ့လူပဲကွ၊ မွေးစားအဖေဆိုပေမယ့် မင်းကိုငယ်ငယ်ကတည်းက ကျွေးမွေးလာတဲ့ ကျေးဇူးကိုမှမထောက်ကွာ”

“ကျုပ်မှားပါတယ်ဆရာကြီးရယ်၊ ကျုပ်လည်း ကိုယ်နဲ့အဆင်မသင့်တဲ့လူတွေကို နွားအဖြစ်ပြောင်းမိပါတယ်၊ ကျုပ်အရင်ယူထားတဲ့မယားနဲ့ မယားပါသားသမီးနှစ်ယောက်ကိုလည်း ပြောင်းမိပါတယ်”

“ဒါဆို ဟိုကောင်ငသောင်းကိုရော မင်းပဲလုပ်တာမဟုတ်လား”

“ငသောင်းက အားကိုးရတာနဲ့ သူ့ကိုကျုပ်က ရသေ့ယောင်ဆောင်ပြီးတော့ မြှူဆွယ်ခဲ့ပါတယ်၊ ရသေ့ကကျုပ်မှန်း ငသောင်းမသိခဲ့ပါဘူး”

ဦးဘသာက ငသောင်းကိုကြည့်ပြီး

“တွေ့ပြီလားငသောင်း၊ သူကမင်းကို နွားဖြစ်စေချင်နေတာပဲ”

“ဟုတ်ပါတယ်၊ ဒါပေမယ့် ငသောင်းကိုတော့ ခိုင်းစားအုံးမယ်လို့စိတ်ကူးပြီး ချက်ချင်းနွားမပြောင်းပစ်ဘဲနဲ့၊ အစီအရင်ရဲ့အနောက်ဆုံးအပိုင်းကို ချန်လှပ်ထားလိုက်တာပါ”

ဦးဘသာက ခါးထောက်ရင်း

“ဒါဆိုရင် သူ့တစ်ကိုယ်လုံးအမွှေးဖုံးသွားတာနဲ့ ဒီကောင်နွားဖြစ်သွားမယ်မဟုတ်လား”

“ဟုတ်ပါတယ်”

“ဒါဆို အဲဒီနွားဖြစ်တာကို ပြန်ဖြေလို့ရတဲ့နည်းလမ်းရှိသလား”

“နွားမဖြစ်ခင်ပဲဖြေလို့ရပါတယ်၊ နွားဖြစ်သွားရင်တော့ အဲဒီနွားအဖြစ်နဲ့ လူ့သက်တမ်းနေခဲ့သလောက်ဖြတ်သန်းရပါတယ်၊ ဆိုလိုတာက လူ့ဘဝမှာ အသက်ငါးဆယ်နေခဲ့ရရင် နွားအဖြစ်လည်းအနှစ်ငါးဆယ်နေရမှာပါ ဆရာကြီး”

ငသောင်းက ဝုန်းခနဲမတ်တပ်ထရပ်တယ်ဗျ၊ ပြီးတော့ ဆန်နီရဲ့ပုခုံးကိုဆွဲပါရော။

“မင်းကြောင့်ကွ၊ သူတောင်းစားရ၊ မင်းလုပ်လို့ ငါ့မိသားစုနဲ့ငါကွဲခဲ့ရတာ၊ မင်းကြောင့် ငါနွားဖြစ်တော့မလို့ကွ”

ဦးဘသာက လက်ကာပြပြီးတော့

“မလုပ်နဲ့ ငသောင်း၊ စိတ်ကိုထိန်း၊ မင်းထိုးကြိတ်လို့လည်း ဘာမှထူးမသွားဘူး”

ကျုပ်လည်းမတ်တတ်ထရပ်ပြီး

“ဒါဆို ဒီကောင့်ကို ကျုပ်တို့ ဒီအတိုင်းလွှတ်ထားမှာလားဗျာ”

ဦးဘသာက ခေါင်းခါပြီးတော့

“မလွှတ်ပါဘူးကွာ၊ သူလုပ်တဲ့အကျိုးဆက် သူပြန်ခံစားရမှာပါကွ၊ ခုနက ဒီကောင်ငါ့ဇက်ပိုးရိုက်ပြီး နွားလုပ်ခိုင်းတုန်းက ငါကတန်ပြန်ပညာရပ်နဲ့ထည့်လိုက်လို့ အခုဒီကောင့််ပညာ ဒီကောင့်ကိုပြန်စူးနေပြီကွ”

ဆန်နီတော်တော်ကြောက်သွားတယ်၊ ပြီးတော့ သူ့လည်ကုပ်ကိုသူ ပြန်ပြီးစမ်းကြည့်တယ်။

“မ၊ မလုပ်ပါနဲ့ဆရာကြီး၊ ကျုပ်ကိုမလုပ်ပါနဲ့”

ဦးဘသာက ပြုံးရင်း

“မင်းကိုဘာမှမလုပ်ပါဘူးကွ၊ မင်းလုပ်ရပ်မင်းကိုပြန်ထိတာပဲ”

“မလုပ်ပါနဲ့ဆရာကြီးရာ၊ ကျုပ်ကိုပြန်ချေဖျက်ပေးပါ”

“ဒါဆိုရင်တော့ တန်ရာတန်ကြေးပေးရမှာပေါ့ကွ၊ မင်းဆီက နွားနှစ်ရှဉ်းငါလိုချင်တယ်”

ဆန်နီက ခေါင်းညိတ်ရင်း

“ယူပါဆရာကြီး၊ ယူပါ၊ နွားနှစ်ရှဉ်းမကလို့ ငါးရှဉ်းယူမယ်ဆိုရင်လည်း ကျုပ်ပေးပါတယ်”

“ဟ၊ ရက်ရောလှချည်လားဆန်နီရ၊ မင်းကတိနော်၊ နွားငါးရှဉ်းငါ့ကိုတကယ်ပေးမှာလား”

“ပေး၊ ပေးပါ့မယ်”

“ပြီးရော၊ မင်းအစွမ်းလောက်ကတော့ ငါပြန်ဖြုတ်စရာမလိုဘူး၊ ဟေ့အလတ်ကောင်၊ မင်းခုနက ငသောင်းကိုနွားမှော်ပြန်ဖြုတ်ပေးသလိုမျိုး၊ ဒီကောင် ဆန်နီ့ကို ဖြုတ်ပေးလိုက်စမ်းပါကွာ”

ကျုပ်လည်း သိလိုက်ပါပြီဗျာ၊ ဒါနဲ့ ဆန်နီအနားကိုသွားပြီးတော့ ဆန်နီရဲ့ကုပ်ပိုးကို အားကုန်ဆော်ထည့်လိုက်တော့တာပေါ့ဗျာ၊ ကျုပ်က လက်နဲ့ဆော်တာမဟုတ်ဘူးဗျ၊ အနားမှာရှိတဲ့ ထင်းချောင်းကောက်ဆော်လိုက်တာ၊ ကျုပ်အားများသွားတယ်ထင်တယ်၊ ဆန်နီတစ်ယောက်အရှေ့ကိုဟပ်ထိုးလဲကျသွားပြီးတော့ နောက်ချေးပုံထဲမျက်နှာစိုက်ပြီး မေ့လဲသွားတော့တာပဲ၊ ဆန်နီရဲ့ ကတိအတိုင်း နွားငါးရှဉ်းကို ကောင်းတဲ့အကောင်ရွေးပြီးတော့ ဆွဲလာခဲ့တယ်ဗျာ။ ငသောင်းကလည်း ဆန်နီတို့ခြံထဲကနေ ကျုပ်တို့နဲ့အတူတူလိုက်လာခဲ့တော့တာပေါ့။

“ဒါဆိုရင် ဆန်နီသူ့ပညာသူပြန်မိတယ်ဆိုတာ တကယ်မဟုတ်ဘူးပေါ့နော် ဦးဘသာ”

“ဒါပေါ့ကွ၊ ငါက နွားလိုချင်တာနဲ့ ဒီကောင့်ကိုနည်းနည်းလှည့်လိုက်တာ၊ တကယ်တော့ ငါကသူ့ကိုဘာမှမလုပ်ထားပါဘူး”

“ဆန်နီကြောက်နေတဲ့ရုပ်ကိုကြည့်ပြီး ကျုပ်ဖြင့်ရယ်ချင်လိုက်တာဗျာ၊ ဆရာကြီးကိုလည်း ကျေးဇူးတင်ပါတယ်၊ ဆရာကြီးပြောတဲ့အတိုင်း ကျုပ်ဆရာကြီးနဲ့တွေ့တာ ကံကောင်းတာပဲဗျာ”

“အေး၊ ဒါဆိုရင်လည်း မင်းသိထားတာတွေကို ရေငုံနှုတ်ပိတ်သာနေလိုက်ကွာ၊ ဒီအကြောင်းတွေ လူတိုင်းသိလို့ အကျိုးမရှိဘူးမဟုတ်လား”

ငသောင်းက ခေါင်းညိတ်တယ်ဗျ၊ လမ်းခွဲတစ်ခုရောက်တော့ ငသောင်းက သူ့အိမ်ပြန်မယ်ဆိုပြီး လမ်းခွဲသွားလေရဲ့ဗျာ၊ ကျုပ်နဲ့ဦးဘသာ နွားတွေကိုဆွဲလာရင်း ကျုပ်တော့ လက်ထဲက နွားအရိုးပုလွေကလေးကိုကြည့်ပြီး လမ်းဘေးနားက ရေကန်ကြီးထဲကိုပစ်ထည့်လိုက်တာပေါ့ဗျာ။

“သွားပေအုံးတော့၊ ပုလွေလေးရေ”

ဦးဘသာက ကျုပ်ကိုလှည့််ကြည့်ပြီး

“အဲဒီပုလွေကိုဘာဖြစ်လို့ လွင့်ပစ်လိုက်တာလဲကွ”

“ဟာ၊ ဦးဘသာကလည်း ငသောင်းနွားတွေထိမ်းနိုင်တယ်ဆိုတာ အဲဒီပုလွေကြောင့်မှမဟုတ်တာ၊ သူနွားမှော်အောင်ထားလို့မဟုတ်ဘူးလား”

“မင်းကတော့ လုပ်လိုက်ရင်တလွဲချည်းပဲ၊ နွားမှော်အောင်တာနဲ့ နွားတွေထိန်းနိုင်တာနဲ့ ဘာဆိုင်သလဲကွ၊ ကြန်စုံရိုးပုလွေက တကယ်စွမ်းတယ်၊ ငသောင်းက နွားကျောင်းနေလို့ ဆန်နီက ပေးထားတဲ့သဘောပဲ”

“ဗျာ”

ကျုပ်ဆိုရင် အံ့သြသွားပြီး ပါးစပ်ကြီးကိုဟပြီးကျန်နေခဲ့တာပဲ။

“ဦးဘသာ၊ ဦးဘသာပဲ နွားတွေဆွဲပြီး ပြန်နှင့်တော့ဗျာ”

“ဟေ့အလတ်ကောင်၊ မင်းဘယ်သွားမလို့လဲ”

ကျုပ်လည်း ဦးဘသာအမေးကို ပြန်မဖြေတော့ပါဘူးဗျာ၊ အနောက်ကိုပြန်လှည့်ပြေးပြီးတော့ ခုနက အရိုးပုလွေကလေး လွင့်ပစ်ခဲ့တဲ့ရေကန်ထဲကို တစ်ခါထဲ ဒိုင်ဗင်ထိုးပြီး ခုန်ဆင်းလိုက်ပါရော၊ ဘာလုပ်မလို့လဲဆိုတာတော့ ကျုပ်ကိုမမေးနဲ့ဗျ။

ပြီးပါပြီ။
အဂ္ဂဇော်