ဝိညာဥ်နုတ်တဲ့မဖဲဝါ

“ဒီလို ကိုကြီးတာတေရဲ့၊ ကျုပ်က လေထဲမှာ
ရောက်နေတာဗျ”

“ဟေ…ဟုတ်လား၊ ကောင်းကင်မှာလား”

“မဟုတ်ဘူးဗျ။ အိမ်ထဲမှာပဲ ၊ လေထဲမှာ
မျောနေသလိုပဲဗျ၊ ကျုပ်အောက်ကို ငုံ့
ကြည့်လိုက်တော့ ဖျာပေါ်မှာ စောင်ခြုံပြီး
ခွေခွေလေး အိပ်နေတဲ့ ကျုပ်ကို မြင်နေ
ရတယ်ဗျ။ ကျုပ်ပြောတာ ကိုကြီးတာတေ
နားရှုပ်သွားပြီလား မသိဘူး၊ ကျုပ်ပြော
ချင်တာက လေထဲမှာလည်း ကျုပ်ပဲဗျ၊
ဖျာပေါ်မှာ အိပ်နေတာလည်း ကျုပ်ပဲဗျ၊
ကျုပ်က နှစ်ယောက်လို ဖြစ်နေတဲ့ သ
ဘောပေါ့ဗျာ။ ကျုပ် ဒီလိုအိပ်မက်မျိုး
တစ်ခါမှ မမက်ဖူးဘူးဗျ။ ဒီအိပ်မက်က
ဘာကိုများ နိမိတ်ပြတာတုံး ကိုကြီး
တာတေရဲ့၊ ကျုပ် သေများသေမလို့
လား ကိုကြီး တာတေ”

“ဟာ…မသေပါဘူး ကျောက်ခဲရာ၊
အဲဒါ အိပ်မက် မဟုတ်ဘူးကွ၊ မင်း
အိပ်နေတုန်းမှာ မင်းကိုယ်က
ကိုယ်ပွား ထွက်သွားတာကွ”

“ဗျာ ၊ ကိုယ်ပွား၊ ဟုတ်လား ကိုကြီးတာတေ”

“ဟုတ်တယ် ကျောက်ခဲ၊ ထုတ်တတ်ရင်
လူတိုင်းကိုယ်ပွားထုတ်လို့ရတယ်၊ တစ်
ခါတလေကျတော့လည်း ကိုယ်ပွားက
မထုတ်ဘဲ သူ့ဟာသူ ထွက်လာတာလည်း
ရှိတယ်ကွ၊ မင်းတို့ ငါတို့တွေ အိပ်ပျော်နေ
တုန်းမှာ မရောက်ဖူးတဲ့နေရာကို ရောက်
သွားတာတို့ ၊ မမြင်ဖူးတဲ့သူတွေကို မြင်ရ
တာတို့ ၊ မဖူးဘူးတဲ့ ဘုရားတွေ ဖူးရတာ
တို့ အိပ်မက်တွေ မက်ဖူးတယ်မို့လားကွ”

“ဟုတ်တယ်၊ မက်ဖူးတယ် ကိုကြီးတာတေ”

ဒီတစ်ခါတော့ ပါးစပ်အမြဲပိတ်ထားတဲ့
သံမဏိက ဝင်ပြောတာဗျို့။

“ဟေ …ဟုတ်လား သံမဏိ၊ မင်း အဲဒီလို
အိပ်မက်တွေ မက်ဖူးလား”

“မက်ဖူးတယ်ဗျ၊ တစ်ခါမှ မရောက်ဖူးတဲ့
ဘုရားတွေကို မကြာ မကြာ ရောက်သွားပြီး
ဖူးရတယ် ကိုကြီးတာတေရ”

“အေး …အဲဒါ မင်းကိုယ်ထဲက ကိုယ်ပွားထွက်
သွားပြီး ရောက်သွားတာကွ”

“ဟာ…ဒါဆိုရင် ကျုပ် တကယ်ဖူးရတာပေါ့
ဟုတ်လား ကိုကြီး တာတေ”

“ဟုတ်တယ် သံမဏိ၊ အဲဒါ တကယ်ဖူးရတာကွ”

ကျုပ်ပြောတာကို စဉ်းစားနေတဲ့ ကျောက်ခဲက
ကျုပ်ကို မေးရောဗျို့။

“ကိုကြီးတာတေ၊ ကိုယ်ပွားဆိုတာ ဘယ်လို
ဟာတုံးဗ်”
“ဒီလိုကွ ကျောက်ခဲရ၊ မင်းတို့ ငါတို့တွေရဲ့
ခန္ဓာကိုယ်ကြီးကို ရုပ်ကြမ်းလို့ ခေါ်တယ်ကွ၊
အတွင်းမှာ ငါတို့ရုပ်နဲ့ တစ်ပုံစံတည်းတူတဲ့
ရုပ်နုတစ်ခု ကိန်းအောင်းနေတယ်ကွ”

“ဟာ ဟုတ်လား ကိုကြီးတာတေ၊ ဒါတွေကို
ကိုကြီးတာတေ ဘယ်လိုသိတာတုံး”

“ဒါတွေက ငါ ခုနှစ်တန်းလောက်ကတည်းက
သိတာကွ ကျောက်ခဲရ၊ မြို့မှာ ကျောင်းသွား
တက်တုန်းက ဘချစ်ခေါ်တဲ့ သူငယ်ချင်းတစ်
ယောက် ငါ့မှာ ရှိခဲ့ဖူးတယ်၊ ဒီကောင် ဘချစ်က
စကားပြောရင် အထစ် အထစ်နဲ့ ပြောတာကွ၊
စကားလွှတ်ထစ်တာ၊ ဒါကြောင့် ဒီကောင်ကို
ဘချစ်လို့ မခေါ်ဘဲ ဘထစ်လို့ ခေါ်ကြတာ၊
ဘချစ်က မြို့က သုသာန်ကျောင်းမှာနေတာ
ကျောက်ခဲရ၊ သုသာန်ကျောင်းဆရာတော်က
ဘချစ်ကို မွေးစားထားတာ၊ သုသာန်ကျောင်း
မှာက လူတော်တော်စုံတာကွ၊ အထက်လမ်း
ဆရာကြီးတွေ၊ အထက်လမ်းလိုက်တဲ့ဘုန်း
ကြီးတွေ၊ ဝိဇ္ဇာလိုင်းလိုက်တဲ့လူတွေ အစုံ
လာပြီး တည်းကြခိုကြတာကွ။ တစ်ခါတလေ
ဘချစ်တို့ ဘုန်းကြီးကျောင်းရှိတဲ့ သုသာန်မှာ

အောက်လမ်းဆရာတွေလည်း ရောက်လာ
တတ်တယ်ကွ။ဒီတော့ ဘချစ်က ငယ်ငယ်
ရွယ်ရွယ်နဲ့အတတ်ပေါင်းစုံ တတ်နေတော့
တာပေါ့ကွာ။ ဒီကောင်က ကိုယ်ပွားထုတ်
တတ်တယ်ကွ၊ နောက်တော့ ဘချစ်ကကိုယ်
ပွားထုတ်တဲ့နည်း ငါ့ကို သင်ပေးတယ်၊တော်
တော်တော့ လေ့ကျင့်ရသားကွ ကျောက်ခဲရ၊
နောက်တော့ ငါလည်း ကိုယ်ပွားထုတ်တတ်
သွားတယ်”

“ဟာ…ဟုတ်လား ကိုကြီးတာတေ၊ဒါဆိုရင်
ကျုပ်ကို ကိုယ်ပွားထုတ်နည်း သင်ပေးဗျာ”

ကျောက်ခဲက ကျုပ်လိုပဲ လွှတ်စပ်စုတဲ့
ကောင်ဗျ။ ဒီကောင် မသိချင်တာ မတတ်
ချင်တာ ဘာမှမရှိဘူး။

“မလုပ်နဲ့ ကျောက်ခဲ၊ အန္တရာယ်များတယ်၊
အချိန်နဲ့ အခါနဲ့ ပြန်မဝင်တတ်ရင် ဒုက္ခတွေ
ဖြစ်ကုန်တတ်တယ်၊ ငါတောင်မှ တစ်ခါ အ
ချိန်တွေ ကျော်သွားလို့ ငါ့အမေ ဆရာတွေ
ဘာတွေ ပင့်ပြီး ပြန်ခေါ်ယူခဲ့တာ၊အဲဒီနောက်
ပိုင်း ဒါတွေကို ငါသိပ်မလုပ်တော့ဘူးကွ”

“ဒါဆိုရင် ညက ဖြစ်တာ ကျုပ်ကိုယ်ထဲက
ကိုယ်ပွား ထွက်သွားတာပေါ့ ဟုတ်လား
ကိုကြီးတာတေ”

“အေး ဟုတ်တယ်၊ မင်းကိုယ်ထဲက ကိုယ်ပွား
က မင်းရဲ့ခန္ဓာကိုယ်ကို ပြန်ပြီးတော့ မြင်နေ
ရတာကွ၊ ဒါပေမဲ့ ခဏနေရင် မင်းကိုယ်ထဲ
ကိုပဲ ပြန်ရောက်သွားမှာပါ”

ကျုပ် ယာပြန်ထွန်တော့ ကျောက်ခဲနဲ့
သံမဏိက တစ်လှည့်စီ ဝင်ထွန်ကြတယ်
ဗျ။ ဒါပေမဲ့ ယာထွန်တယ်ဆိုတာက ထွန်
သားခြစ်ရုံနဲ့ ရတာမဟုတ်ဘူးလေဗျာ၊
အောက်ကို ထွန်သွားနက်နက်ဝင်အောင်
ထွန်ရတာဗျ။ ဒါမှ မြေဆီက အပေါ်ကို
တက်လာတာ။ မြေဆီများများတက်မှ
သီးနှံက အောင်တာဗျ။ ကျောက်ခဲနဲ့
သံမဏိကတော့ ယာထွန်တဲ့သဘော
ကိုသိနေကြတဲ့ကောင်နှသ်ကောင်ဗျို့။

ဒီကောင်နှစ်ကောင် တော်တော်လေး
ထွန်တတ်ကြတယ်၊ ဒါပေမဲ့ အားတော်
တော်စိုက်လုပ်ရတော့ ပင်ပန်းကြတာ
ပေါ့ဗျာ။ ကျုပ် ယာထွန်တာပြီးတော့
ညနေစောင်းနေပြီ။ ထွန်တုံးဖြုတ်ပြီး
လှည်းပေါ်တင်တယ်။ နွားတွေကို
လှည်းပေါ်မှာတပ်ပြီး ရွာကို ပြန်ခဲ့
ကြတယ်။ အပြန်မှာ ကျုပ် လှည်း
မမောင်းရပါဘူး။ ကျောက်ခဲနဲ့
သံမဏိပဲ တစ်လှည့်စီ မောင်းခဲ့
ကြတာပါဗျာ။

အိမ်ရောက်တော့ အဘလည်း တော်
တော်နေကောင်းပါပြီ။ ကျုပ်က နွား
တွေဖြုတ်၊ အစာကျွေး ရေတိုက် လုပ်
ရတယ်၊ ကျောက်ခဲနဲ့ သံမဏိကတော့
လမ်းမှာတင် လှည်းပေါ်က ဆင်းပြီး
နေခဲ့ကြတာဗျ။ ယာခင်းတွေအားလုံး
ထွန်ပြီး နှမ်းကြဲပြီး နှမ်းပင်တွေ ပေါက်
လာလို့ ပေါင်းတစ်ခါလိုက်ပြီးတဲ့အချိန်
ကျမှ အလုပ်က နည်းနည်းပါးသွား
တာဗျို့။ မနက်ကို အိပ်ရေးဝဝ အိပ်
ကြရတာပေါ့ဗျာ။

အိပ်ရာကနိုးတော့ မနေ့က ကျန်တဲ့
ဝက်သားဟင်းကျန်နဲ့ ထမင်းကြမ်း
စားလိုက်တယ်ဗျ။ ဝက်သားကို သရက်
သီးခြောက်ကလေး ရေစိမ်ပြီး ထည့်ချက်
တော့ စားလို့ကောင်းတာပေါ့ဗျာ။ အိမ်ရှေ့
ခန်းက ခုံတန်းလျားလေးမှာထိုင်ပြီး ရေနွေး
ကြမ်းသောက်လိုက်၊ နဂါးဆေးပေါ့လိပ်
ကလေး ဖွာလိုက်နဲ့ အညာသားစည်းစိမ်
လေး ယစ်နေတာပေါ့ဗျာ။

“တာတေရေ၊ တာတေ”

“ဗျာ ၊ လာဗျို့၊ ကျုပ်ရှိတယ် လာ၊ လာ”

ဘယ်သူမှန်းမသိဘဲ ကျုပ်က ရမ်းအော်လိုက်
တာဗျ။ ပြီးတော့မှ ဝိုင်းဝကို လှမ်းကြည့်လိုက်
တော့ ခေါင်းမှာ ဝါးခတ်ခမောက်ကလေး
ဆောင်းထားပြီး လက်ထဲမှာ ဝါးတုတ်ကလေး
တစ်ချောင်းကိုင်လို့ ဝိုင်းထဲကို ခပ်သုတ်သုတ်
လျှောက်ဝင်လာတာ ဘန့်ဘွေးကုန်းက ဝက်
သိုးအစ်ကိုကြီး ကိုဆောင်းတင်ဗျ။ကိုဆောင်း
တင်က ဝက်သိုးတို့အစ်ကိုကြီးဆုံး အသက်
က လေးဆယ်လောက် ရှိပြီ။ ကျုပ်ဆီကို
တစ်ခါမှ လာဖူးတာ မဟုတ်ဘူးဗျ။

“ဟာ၊ ကိုကြီးဆောင်းတင် လာဗျ”

ကျုပ်က အိမ်ပေါက်ဝထွက်ပြီး
ရိုရိုသေသေ ခေါ်လိုက်တယ်။

“အရီး နေကောင်းလား၊ ဘိုးဥာဏ်ရော
ဘယ်သွားတုံး”

“ဟဲ့ ဆောင်းတင်ပါလား၊ နင် ဝနေပါလား
ဆောင်းတင်ရဲ့၊ ဘယ်သူတုံးဆိုတာ မနည်း
ကြည့်ယူရတယ်၊ နင့်ဘိုးဥာဏ်တော့ ဘိုး
ညီလေးအိမ် သွားတယ်”

“သြော်…ဘိုးညီလေးရော နေကောင်းရဲ့
လား အရီးရဲ့”

“ဒူးတွေနာလို့တဲ့ဟေ့၊ အဲဒါ နင့်ဘိုးဥာဏ်က
လိမ်းဆေးသွားပေတာ”

“အင်း အသက်ကြီးလာရင် ဒီအတိုင်းပဲ
အရီးရေ၊ ကျုပ် အဘလည်း ဟိုတလောက
ခါးနာလို့ဗျာ၊ ခါးကြီးကိုင်းပြီး လျှောက်နေ
ရတာ အထိုင်အထဆို အော်ချည်းနေရ
တာ အရီးရေ”

“ဟေ…ဟုတ်လား၊ နို့ နင့်အဘ ကိုဝိုင်းက
အသက် ဘယ်လောက်ရှိပြီလဲ ဆောင်းတင်ရဲ့”

“ဟာ အဘက ခုနှစ်ဆယ်ကျော်ပြီလေ အရီးရဲ့”

“အခုရော ခါးက နာတုန်းပဲလား”

“ပျောက်သွားပြီ အရီးရဲ့၊ ကပ္ပလီစုက
ဆေးထိုးဆရာပင့်ပြီး ဆေးထိုး ဆေးသောက်
လုပ်လိုက်တာ ကောင်းသွားပြီ”

“အေး၊ အေး တော်သေးတာပေါ့၊ကဲ နင့်ညီ တာတေနဲ့ စကားပြောကြဦး၊
အရီး ဟင်းချက်လိုက်ဦးမယ်”

“ဟုတ်ကဲ့ အရီး”

“ကိုကြီးဆောင်းတင်၊ ကျုပ်ဆီလာတာ
ကိစ္စရှိလို့လား”

“ငါ မနေ့က မြို့သွားတာ မင်းဆရာကြီး
ဘိုးလူပေနဲ့ တွေ့ခဲ့လို့ကွ၊ ဘိုးလူပေက
မင်းကို ပေးပေးပါဆိုပြီး စာတစ်စောင်
ပေးလိုက်တယ်၊ ရော့ ဒီမှာ ဘိုးလူပေ
ပေးတဲ့စာ”

ကိုကြီးဆောင်းတင်က ကျုပ်ကို စာတစ်စောင်
လှမ်းပေးတယ်။ ကိုကြီးဆောင်းတင် ရေနွေး
ကြမ်းသောက်ပြီး ကျုပ် တည်ထားတဲ့ နဂါး
ဆေးပေါ့လိပ်ကလေး ဖွာနေတုန်းမှာ ကျုပ်က
ဘိုးလူပေ ပေးလိုက်တဲ့စာကို စာအိတ်ဖောက်
ပြီး ဖတ်လိုက်တယ်

လူကလေး မောင်တာတေ
ကိစ္စ အရေးကြီးလို့ မြို့ကို အမြန်လာခဲ့ပါ၊
ပြီးရင် ရန်ကုန်ကို ခရီးဆက်ရမယ်၊ အဝတ်
အစား အပိုထည့်ခဲ့ပါ၊ နှစ်ရက် သုံးရက်
ကြာနိုင်တယ်။
ဘိုးလူပေ

ကိုကြီးဆောင်းတင် ပြန်သွားတာနဲ့ ကျုပ်
က ခရီးထွက်ဖို့ ပြင်လိုက်တယ်။ အဘနဲ့
အမေကို ဘိုးလူပေဆီက စာကိုပြပြီး ခွင့်
တောင်းလိုက်ရတာပေါ့ဗျာ။ အဘနဲ့ အ
မေကလည်း ခွင့်ပြုကြပါတယ်။ နောက်
နေ့ မနက်စောစော ဘန့်ဘွေးကုန်းက
ထွက်တဲ့ ကားနဲ့ ကျုပ် မြို့ကိုလိုက်ခဲ့
ရတယ်။ မြို့ရောက်တော့ ဘိုးလူပေက
ကားဂိတ်ကနေ ကျုပ်ကို စောင့်ကြို
နေတယ်ဗျ။

“မောင်တာတေရေ၊ ဒီလောကမှာ
မဖြစ်နိုင်လောက်အောင် ထူးဆန်းတဲ့
အဖြစ်အပျက်ကို မင်း မြင်ရတော့မှာဟေ့”

“ဟင် ဟုတ်လား ဆရာကြီး၊ ဘာတွေများ
ဖြစ်လို့တုံးဗျာ”

ဆရာကြီး တည်းခိုတဲ့ ဘုန်းကြီးကျောင်း
မှာပဲ ကျုပ်လိုက်တည်းလိုက်တယ်။ ဘ
ကြီးအိမ်ကို ကျုပ်မသွားတော့ဘူး။ ဘုန်း
ကြီးကျောင်းမှာ တစ်ညအိပ်ပြီး မနက်
ကားနဲ့ ရန်ကုန်ကို သွားဖို့ ဘိုးလူပေက
စီစဉ်ထားပြီးသားဗျ။ ညရောက်တော့
ဘိုးလူပေက ကျုပ်ကို ထူးဆန်းတဲ့
အဖြစ်အပျက်ကြီး ပြောပြတော့တာဗျို့။
ဘိုးလူပေ ပြောတာက ဒီလိုဗျ။ ရန်ကုန်
ပုဇွန်တောင်က ထွက်လာတဲ့ သီတာ
(၁ )ကူးတို့ သင်္ဘောကြီး သန်လျင်
သီတာဆိပ်ကို ကပ်တာနဲ့ အလုအယက်
တိုးဝှေ့တက်လာတဲ့ လူတွေကြားမှာ
ကိုကျော်သောင်း ဆိုတဲ့ လူတစ်ယောက်
လည်း ပါလာတယ်တဲ့ဗျ။ ကိုကျော်
သောင်းဆိုတဲ့ လူက အရပ်ခပ်ပြတ်ပြတ်၊
ကိုယ်လုံးကိုယ်ထည် ခပ်ကျစ်ကျစ်၊ အ
သားညိုညို၊ ဆံပင်တိုတိုနဲ့တဲ့ဗျ။

ကိုကျော်သောင်းရဲ့ မျက်လုံးတွေက စွန်ရဲ
တစ်ကောင်ရဲ့ မျက်လုံးတွေကို စူးရဲပြီး လျင်
မြန်တဲ့ အကြည့်တွေ ရှိသတဲ့ဗျ။ ခရမ်းသုံး
ခွဘက်ကို သွားတဲ့ကားဂိတ်မှာ အနီရောင်
ဂျစ်ကားတွေက ရပ်စောင့်ပြီး လူတင်နေ
ကြတာတဲ့ဗျ။ ကိုကျော်သောင်းက ခရမ်း
ကားတစ်စီးကို စျေးမေးပြီး ကားပေါ်တက်
ထိုင်လိုက်တယ်။ ဂျစ်ကားပေါ်မှာ သူ့အရင်
ရောက်နေတဲ့ မိန်းမနှစ်ယောက်နဲ့ ယော
င်္ကျားတစ်ယောက်က သူတို့နဲ့ အတူသွား
မယ့် ကိုကျော်သောင်းကို တစ်ချက်ကြည့်
လိုက်ကြတယ်။

“ကဲ…ခရမ်းမှာ ကိစ္စရှိလို့ လူမစောင့်တော့ဘူး။
ခရီးသည်လေးယောက်နဲ့ပဲ မောင်းပေးမှာနော်”

လို့ ကားသမားက ပြောပြီး ကားကို
စက်နှိုးလိုက်တယ်။ ကားပေါ်ပါလာတဲ့
မိန်းမနှစ်ယောက်ထဲက ခပ်ရွယ်ရွယ်
မိန်းမက မခင်မြိုင်လို့ ခေါ်တယ်တဲ့ဗျ။
သူက ရေကျော်ဘက်မှာ နေတာတဲ့။
စက်ချုပ်သင်တန်း ဖွင့်ထားတဲ့ ဆရာ
မတဲ့ဗျာ။ သူနဲ့အတူပါလာတဲ့ မိန်းမက
မလှမေတဲ့။ မခင်မြိုင်ရဲ့ စက်ချုပ်သင်
တန်းမှာ အစစအရာရာ ဝိုင်းဝန်းလုပ်
ကိုင်ပေးနေတဲ့ မခင်မြိုင်ရဲ့ လက်
ထောက် စက်ချုပ်ဆရာမတဲ့။

သူတို့နှစ်ယောက်ကတော့ မိန်းမပီပီ
တစ်လမ်းလုံး စကားတွေ တွတ်ထိုး
လာကြပေမယ့် ကိုကျော်သောင်းနဲ့
တခြားယောင်္ကျားခရီးသည်ကတော့
စကားမပြောဘဲ ကိုယ့်အတွေးနဲ့ကိုယ်
စီးလာကြတာဆိုပဲ။

ကျိုက်ခေါက်ဘုရားကျော်တော့ ဂျစ်ကား
လေးက ခရမ်းဘက်ကို ကွေ့လိုက်တယ်တဲ့။
ဒီမှာ ဘိုးလူပေက ကျုပ်ကို ပြောပြတာက
ကိုကျော်သောင်းအကြောင်းဗျ။ ကိုကျော်
သောင်းက အိမ်ခြေယာခြေ အတည်တကျ
မရှိဘဲ နယ်လှည့်သွားလာနေတဲ့ ဗန်ဒို
ဆရာတစ်ယောက်ဆိုပဲ။ အနယ်နယ် အ
ရပ်ရပ်မှာ ကိုကျော်သောင်းရဲ့ တပည့်တ
ပမ်း တော်တော်များတယ်တဲ့ဗျ။ အခုလည်း
ခရမ်းနားက ရွာလေးတစ်ရွာမှာ ဗန်ဒို
သင်ချင်တဲ့လူတွေ စုထားပြီး သူ့ကိုခေါ်
လို့ သင်တန်းပေးဖို့ လာတာဆိုပဲ။

သူ့ရဲ့တပည့်ဟောင်း တစ်ယောက်ဖြစ်တဲ့
မောင်ကွန့်ဆိုတဲ့လူက စီစဉ်ပေးတာတဲ့ဗျ။

စက်ချုပ်ဆရာမ ခင်မြိုင်နဲ့ သူ့အဖော် မလှမေ
တို့ကတော့ ခရမ်းမှာနေတဲ့ မခင်မြိုင်ရဲ့အဒေါ်
တစ်ယောက် နေမကောင်းလို့ သတင်းမေး
လာကြတာတဲ့ဗျ။ ကိုကျော်သောင်းတို့ လိုက်
လာတဲ့ ဂျစ်ကားလေးက ခရမ်းမရောက်ခင်
ဝါးလှည်းတစ်စီးကို အရှိန်နဲ့ ကျော်အတက်
ဘရိတ်ပြုတ်ပြီး လမ်းဘေးကို တလိမ့်ခေါက်
ကွေး ထိုးကျသွားရောတဲ့ဗျို့။

ကားမောင်းတဲ့သူကတော့ နေရာမှာတင်
ပွဲချင်းပြီး သေသွားတယ်တဲ့ ။ ခရီးသည်
လေးယောက်ကတော့ ဒဏ်ရာတွေပဲ ရ
ကြတယ်။ ဒါပေမဲ့ ဗန်ဒိုဆရာ ကိုကျော်
သောင်းနဲ့ စက်ချုပ်ဆရာမ မခင်မြိုင်ကတော့
ဒဏ်ရာပြင်းလို့ လုံးဝကို သတိမရကြတာတဲ့
ဗျို့။ ခရမ်းဆေးရုံကို တင်လိုက်ကြရတယ်ဗျ။

မခင်မြိုင်ကိုတော့ သူနဲ့ အဖော်ပါလာတဲ့
မလှမေက စောင့်ရှောက်ပေးပေမယ့်
တစ်ယောက်တည်းလာတဲ့ ဗန်ဒိုဆရာ
ကိုကျော်သောင်းကိုတော့ စောင့်ရှောက်
မယ့်သူ မရှိဘူးပေါ့ဗျာ။ တော်တော်ကြာ
တော့မှ ခရမ်းကားဂိတ်မှာ ကိုကျော်
သောင်းကို ကြိုဖို့ ရောက်လာတဲ့
မောင်ကွန့်က ကားမှောက်တဲ့သတင်း
ရလို့ ဆေးရုံလာကြည့်သတဲ့။

ဒီတော့မှ သူ့ဆရာ ကိုကျော်သောင်း
ဆေးရုံပေါ်မှာသတိမေ့နေတာကို သွားတွေ့တာတဲ့ဗျို့။ဒီတော့မှ မောင်ကွန့်လည်း
သူ့ဆရာဘေးမှာနေပြီး စောင့်ရှောက်ရတာ
ပေါ့ဗျာ။ ညသန်းခေါင်ကျော်လောက်
ရောက်တော့မှ ကိုကျော်သောင်းသတိရ
လာတာတဲ့ဗျ။ အဲဒီအချိန်မှာပဲ စက်ချုပ်
ဆရာမ မခင်မြိုင်လည်း သတိရလာသ
တဲ့ဗျို့။ဆရာဝန်နဲ့ ဆရာမတွေလည်း
တစ်ညလုံးစောင့်ပြီး ကုသပေးကြတာ
တဲ့ဗျာ။ ကိုကျော်သောင်းရော၊ မခင်
မြိုင်ရော သတိရတယ်ဆိုပေမယ့်
ဘာမှ မမှတ်မိကြဘူးတယ်ဗျ။

အတိတ်မေ့သွားတဲ့လူတွေလို ဖြစ်နေတာ
တဲ့ဗျာ။ နောက်တစ်နေ့ရောက်တော့ မခင်
မြိုင်ကို သူ့အဖော် မလှမေက ရန်ကုန်ပြန်
ခေါ်သွားပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆက်
ကုတယ်ဆိုပဲ။ ကိုကျော်သောင်းကိုတော့
သုံးရက်အကြာမှာ သူ့တပည့် မောင်ကွန့်
က သူ့ရွာကို ခေါ်သွားခဲ့တယ်တဲ့။

မခင်မြိုင်က ဆေးရုံက ဆင်းပြီးတော့
ရေကျော်က သူ့အိမ်မှာ ပြန်နေပေမယ့်
ဘာကိုမှ မမှတ်မိသလို ငိုင်တိုင်တိုင်ကြီး
ဖြစ်နေလို့ စက်ချုပ်သင်တန်း မပေးနိုင်
တော့ဘဲ သင်တန်းကို ပိတ်ထားလိုက်ရ
တယ်တဲ့။ တစ်ညကျတော့ ညအိပ်နေရင်း
မခင်မြိုင်လန့်အော်လိုက်တာကို အိမ်နီး
ချင်းတွေပါ ကြားကြတယ်ဆိုပဲဗျာ။

အဲဒီမှာတင် မခင်မြိုင်ဟာ အားလုံးကို
ပြန်သတိရသွားသတဲ့ဗျို့။ မလှမေကလည်း
သူ့အိပ်ခန်းထဲကနေ ပြေးထွက်လာတော့
ညအိပ်မီးလုံးလေးအောက်မှာ ထိုင်နေတဲ့
မခင်မြိုင်က မလှမေကို မမြင်ဖူးသလို
စိုက်ကြည့်နေပြီးတော့မှ…

“ခင်ဗျားက ဘယ်သူတုံး”

“ဟင်…မြိုင်၊ မြင် ဘာဖြစ်တာလဲ၊
က်မက မလွေမေလ”

“ဘာ…မြိုင် ဟုတ်လား၊ ဘယ်က မြိုင်လဲ၊
ကျုပ်က မြိုင်မဟုတ်ဘူး၊ ကျုပ်နာမည်
ကျော်သောင်း၊ ဗန်ဒိုကျော်သောင်းဗျ”

ပြောပြောဆိုဆိုနဲ့ မခင်မြိုင်က သူ့ကိုယ်သူ
ငုံ့ကြည့်လိုက်တော့ …

“ဟာ…ဒါ ထဘီကြီးပဲ၊ ဒါ ဘယ်လိုဖြစ်တာတုံး၊
ကျုပ်က ဘာဖြစ်လို့ ဒီထဘီကြီး ဝတ်ထားရ
တာဗျ၊ ကျုပ်က မိန်းမဆိုရင် အင်မတန်ရွံမုန်း
တဲ့ အကောင်၊ ဒါကြောင့် ဒီကနေ့အထိ အိမ်
ထောင်မပြုတာ၊ ဘယ်မိန်းမနဲ့မှလည်း ကျုပ်
မပတ်သက်ခဲ့ဘူး၊ အခု ဘယ်လိုဖြစ်လို့ ကျုပ်
က ကျုပ်မုန်းတဲ့ ထဘီကြီးကို ဝတ်ထားရ
တာတုံး”

“မဟုတ်ဘူးလေ မြိုင်၊ မြိုင် ဘာတွေ
ပြောနေတာတုံး၊ မြိုင်က မိန်းမမို့လို့
ထဘီဝတ်ထားတာလေ”

“ဘာမြိုင်လဲ၊ ကျုပ်ကို နောက်ထပ် မြိုင်လို့
မခေါ်နဲ့၊ ထပ်ခေါ်ရင် ခင်ဗျားကို ကျုပ်ရဲ့
ဗန်ဒိုလက်သီးစာ ကျွေးပစ်မယ်၊ ကြားလား
ကျုပ်ပြောတာ”

မလှမေလည်း မခင်မြိုင်ကို ဘာပြောရမှန်း
မသိအောင် ဖြစ်သွားပြီး ကြည့်နေရောတဲ့
ဗျို့။ ဒီမှာတင် မခင်မြိုင်က မတ်တတ်ထ
ရပ်ပြီး ဘီရိုက ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာ
သူ့ကိုယ်သူ သွားကြည့်လိုက်တယ်တဲ့။

“ဟာ …ဒါက ဘယ်လိုဖြစ်တာတုံး၊
မိန်းမတစ်ယောက်ပါလား၊ ဒါ ကျုပ်မှာ
မဟုတ်တာ၊ ကျုပ်က ဘာဖြစ်လို့ မိန်းမ
ဖြစ်သွားရတာတုံး၊ အောင်မယ်လေးဗျာ၊
ဘုရား…ဘုရား၊ ကျုပ်က ယောင်္ကျားစစ်စစ်
ကနေ ဘာဖြစ်လို့ မိန်းမဖြစ်သွားရတာတုံး
ခင်ဗျား ဘာသိတုံး၊ ခင်ဗျား သိတာတွေ
ကျုပ်ကို ပြောပြစမ်းပါဗျာ”

မခင်မြိုင်က ထဘီကို ပုဆိုးလို
ပြင်ဝတ်လိုက်တယ်

“ဒီအိမ်မှာ ပုဆိုးတို့ ယောင်္ကျားဝတ်တဲ့
ရှပ်အင်္ကျီတို့ မရှိဘူးလားဗျ”

မလှမေက ကြောက်လန့်တကြားနဲ့
ပြန်ပြောလိုက်တယ်တဲ့ဗျ။

“မြိုင်ရယ်၊ ဒီအိမ်မှာ မြိုင်နဲ့ မလှမေနဲ့ နှစ်
ယောက်တည်း နေကြတာလေ၊ ဘယ်လို
လုပ်ပြီး ပုဆိုးတို့ ရှပ်အင်္ကျီတို့ ရှိမှာတုံးကွယ်”

မခင်မြိုင်က မလှမေကို စူးစူးဝါးဝါး
လှမ်းကြည့်လိုက်တယ်

“ခင်ဗျား ကျုပ်ကို မြိုင်လို့ ခေါ်ပြန်ပြီလား၊
ကျုပ်မြိုင် မဟုတ်ဘူး၊ ကျော်သောင်း၊
ဗန်ဒိုကျော်သောင်းလို့ ခင်ဗျားကို ဘယ်
နှခါပြောရမလဲ”

ပြောပြောဆိုဆိုနှင့် မခင်မြိုင်က
မလှမေဆီကို လျှောက်သွားပြီး
မျက်နှာချင်းဆိုင် ရပ်လိုက်တယ်တဲ့ဗျ။

“ခင်ဗျားနာမည် ဘယ်လိုခေါ်တုံး”

“ကျ …ကျမနာမည် လှမေလေ၊
မမှတ်မိတော့ဘူးလား မြိုင်၊ အဲ…ကျော်၊
အဲ…ဗန်ကျော်သောင်း”

“ဘာ ဗန်ကျော်သောင်းတုံး၊ ဗန်ဒိုကျော်
သောင်းဗျ၊ ကျုပ်က နယ်တကာလှည့်ပြီး
ဗန်ဒိုပညာကို သင်ပေးနေတဲ့ ဗန်ဒိုဆရာ
ကျော်သောင်းတဲ့ဗျ၊ ခင်ဗျား သေသေချာ
ချာ မှတ်ထားပါ မလှမေ”

“ဟုတ်…ဟုတ်ကဲ့ပါရှင့် ၊ ကျမ မှတ်ထား
ပ့ါမယ်၊ အခုအချိန်ကစပြီးတော့ မြိုင်လို့
မခေါ်တော့ပါဘူး ၊ ကိုကျော်သောင်းလို့
ပဲ ခေါ်ပါတော့မယ်”

“ကဲ မလှမေ၊ ခင်ဗျား ကျုပ်ကို ပြောပြစမ်းပါ၊
ကျုပ်က ဘယ်လိုဖြစ်ပြီး ဒီလို မိန်းမဖြစ်သွား
ရတာတုံး”

“မိန်းမပုံ ပြောင်းသွားတာ မဟုတ်ဘူး၊ နဂို
တည်းက မိန်းမမို့လို့ မိန်းမပုံ ဖြစ်နေတာပဲ၊
ဟောဒီပုဇွန်တောင် ရေကျော်မှာ စက်ချုပ်
သင်တန်းပေးတဲ့ မခင်မြိုင်ဆိုတာ လူတိုင်း
သိနေတာပဲ ကိုခင်မြိုင်မှ မဟုတ်တာ၊ မ
ခင်မြိုင်ပဲ၊ မိန်းမဖြစ်နေမှာပေါ့ မြိုင်ရယ်
အဲ…ကိုကျော်သောင်းရယ်”

မလှမေ ပြောလိုက်တဲ့ စကားကိုကြားတော့
မခင်မြိုင် ငိုင်ကျသွားတယ်တဲ့ဗျ ။ တစ်ခုခု
ကို ငိုင်ပြီး စဉ်းစားနေတယ်တဲ့။ နောက်နေ့
မိုးလင်းတာနဲ့ မလှမေလည်း ပယောဂကု
တဲ့ ဆရာ ရှာတော့တာတဲ့ဗျို့။ မခင်မြိုင်
ကို ပယောဂကပ်နေတယ်။ ကပ်တဲ့ ပ
ယေဂက ကျော်သောင်းလို့ ခေါ်တဲ့ သရဲ။
လူ့ဘဝတုန်းက ဗန်ဒိုသင်တဲ့ ဗန်ဒိုဆရာ
ဆိုပြီး ပြောပြတော့ ပယောဂဆရာတွေ
တစ်ယောက်ပြီး တစ်ယောက် လိုက်ချ
လာတော့တာတဲ့ဗျို့။

“ကဲ …ကျော်သောင်း၊ ဘုရားကို ဦးတိုက်၊
အထက်ဆရာတွေ ဦးတိုက်၊ ပြီးတော့
ငါဆရာကို ဦးတိုက်လိုက်စမ်း”

ပယောဂဆရာက မခင်မြိုင်ကို စိုက်ကြည့်ပြီး ကြိမ်လုံးတဝင့်ဝင့် လုပ်နေတာတဲ့ဗျ။

“ဟေ့ကောင် ငါက လူမှန်းသိတဲ့ အရွယ်
ကစပြီး ကံငါးပါးကို လုံအောင်ထိန်းလာ
တဲ့ကောင်ကွ၊ ဘုရားအချိန်မှန် ရှိခိုးပြီး
ပုတီးကိုလည်း မှန်မှန်စိတ်တဲ့ကောင်ကွ၊
မင်းထက်လည်း ငါက အသက်ကြီးတယ်၊
မင်းကို ငါက ဦးတိုက်စရာအကြောင်း
ဘာမှမရှိဘူး”

“ဟာ တယ်လာတဲ့ သရဲပါလားကွ၊ ကဲ
ပြောစမ်း ကျော်သောင်း၊ မင်း ဘယ်အပင်
မှာ နေတာတုံး”

“ဟ…သစ်ပင်မှာ နေရအောင် ငါက သရဲမှ
မဟုတ်တာ၊ လူကွ၊ လူ၊ လူငယ်တွေကို
ဗန်ဒိုပညာ သင်ပေးတဲ့ ဆရာကွ၊ ငါ့တပည့်
တွေရဲ့ အိမ်ဦးခန်းမှာ ငါနေတာကွ”

“အောင်မာ၊ သရဲက လူဟန်ဆောင်တာ
တယ်လည်း ပီပြင်တာကိုး”

“ဝုန်း”

ပယောဂဆရာက ဝုန်းကနဲ မတ်တတ်ထ
ရပ်လိုက်ပြီးပြောသတဲ့ဗျ။

“ဟေ့ကောင် သရဲကျော်သောင်း၊မင်း
မှတ်ထားကွ၊ မင်းတို့လို မာယာများတဲ့
သရဲတွေကို ငါ နှင်ထုတ်ခဲ့တာ၊ ရေကို
မရေနိုင်တော့ဘူးကွ၊ ငါ့နာမည် သရဲပြေး
ဆရာအေးတဲ့၊ ငါနဲ့တွေ့တဲ့ သရဲတွေ
ပြေးရတာချည်းပဲ သရဲကျော်သောင်းရဲ့၊
ကဲ မင်းလည်း ပြေးပေါက်ရှာထားပေတော့”

ပြောပြောဆိုဆိုနဲ့ ထဘီကို ပုဆိုးဝတ်သလို
ဝတ်ထားတဲ့ မခင်မြိုင်ကို သရဲပြေးဆရာအေး
က လက်ထဲကိုင်ထားတဲ့ နွားနှင်တံလောက်
ရှိတဲ့ ကြိမ်တုတ်ကြီးနဲ့ ပြေးရိုက်တာတဲ့ဗျာ။
ဒီမှာတင် မခင်မြိုင်က ကိုယ်ကို ဖျတ်ကနဲ
နေရာရွှေ့လိုက်ပြီး…

“ကဲကြာ၊ ကဲကြာ၊ ကဲကြာ၊ အဲဒါ ဗန္ဒို
လက်သီးကွ၊ ခံနိုင်ရင် ခံစမ်းဟေ့”

မခင်မြိုင်ရဲ့ လက်သီးချက်တွေက သရဲပြေး
ဆရာအေးရဲ့ မျက်နှာပေါ်ကို တရစပ်ကျ
သွားလိုက်တာ စက်သေနတ်ပစ်သလိုပဲတဲ့
ဗျာ။ အနီးအနားက ပယောဂချွတ်တဲ့ပွဲကို
လာကြည့်နေကြတဲ့ လူတွေဆိုတာ’ဟာ’
ဆိုပြီး ဝိုင်းအော်ကြတာ တစ်ပြိုင်တည်း
ပဲတဲ့ဗျ ။ မခင်မြိုင်က ဖြူဖြူနွဲ့နွဲ့ မိန်းမသား
ဆိုပေမယ့် ထိုးလိုက်တဲ့ လက်သီးက ‘ခွပ်’
‘ခွပ်’ ‘ခွပ်’ ‘ခွပ်’နဲ့ကို မြည်နေတာတဲ့ဗျာ။
ပြင်းလိုက်တဲ့ လက်သီးချက်တွေတဲ့။ ရပ်
လိုက်တာနဲ့ သရဲပြေးဆရာအေးရဲ့ မျက်
နှာကြီးဟာ ညိုမဲရောင်ကိုင်းနေပြီး သပြေ
သီးမှည့်ရောင် ပေါက်လို့တဲ့ဗျ။

“ဒုတ်”

ကြမ်းပြင်ပေါ်ကို ဒုတ်ကနဲ မြည်အောင်
ဒူးထောက်ရက်ကြီး ကျသွားတာတဲ့ဗျို့။
ဒူးထောက်ရက်ပြီးတော့မှ ရှေ့ကို ဟပ်ထိုး
ကြီး ထိုးကျပြီး မှောက်လျားထိုးကြီး လဲ
သွားတာ စကားမေးတောင် မရတော့
ဘူးတဲ့ဗျ။ လာကြည့်တဲ့အထဲက ယောက်ျား
သုံးလေးယောက် ဝိုင်းပြီး ဆိုက်ကားနဲ့
ဆေးရုံ ခေါ်သွားကြရသတဲ့ဗျို့။

သရဲပြေးဆရာအေးလည်း မခင်မြိုင်တို့
အိမ်ဘက်ကို ခြေဦးတောင် လှည့်မလာ
တော့ဘူးတဲ့ဗျ။ ဆရာအေး ပြီးတော့ ဇော်
ဂျီတောင် ဆရာထတဲ့ဗျ။ ဆေးနီတွေ ရဲ
နေအောင် သုတ်ထားတဲ့ ဆေးတောင်
ဝှေးကြီး တဒေါက်ဒေါက်ထောက်ပြီး
ကြွလာတာတဲ့ဗျို့။

သူ့ကိုလည်း ဘယ်သူမှ သွားပင့်တာ
မဟုတ်ဘူးတဲ့။ တစ်ခါမှလည်း မမြင်ဖူး
ကြဘူးဆိုပဲ။ သူ့ဟာသူ မေးစမ်းပြီး ကြွ
လာတာတဲ့ဗျို့။ အရပ်မြင့်မြင့်၊ ထောင်
ထောင်မောင်းမောင်းကြီးနဲ့တဲ့ဗျို့။ ဝတ်
ထားတာက ပုဆိုးကွက်တုံးနဲ့ အပေါ်က
ဇော်ဂျီတွေ ဝတ်တဲ့ အင်္ကျီအနီကြီးနဲ့
တဲ့ဗျ။ ခေါင်းကတော့ သျှောင်တစောင်း
ထုံးလို့တဲ့။

“ဒီအိမ်မှာ ပယောဂပူးနေတယ်လို့
အထက်ပုဂ္ဂိုလ်တွေက လွှတ်လိုက်လို့
ကြွလာခဲ့တာပဲ”

“ဟာ …ကြွပါ အဘရယ်၊ ကြွပါ၊ ကြွပါ”

အိမ်ဦးခန်းမှာ မလှမေက ပျာပျာသလဲ
ဖျာခင်းပေးလိုက်တယ်

“ကျုပ်နာမည်က ဇော်ဂျီတောင် ဆရာထတဲ့ဗျ။
ဇော်ဂျီတောင်မှာ သီတင်းသုံးတယ်”

ဆရာထက မလှမေ ခင်းပေးတဲ့ဖျာကို
ဟန်ကျပန်ကျ ဝင်ထိုင်လိုက်ပြီးမှ ပြောတာ
တဲ့ဗျ။ ဇော်ဂျီတောင်ဆရာထက လမ်းထဲမှာ
ဟိုလူ့မေး၊ ဒီလူမေးနဲ့ ကြွလာကတည်းက
လမ်းထဲက လူတွေကလည်း ပွဲကြီးပွဲကောင်း
တော့ ကြည့်ရတော့မယ်ဆိုပြီး ဆရာထ
နောက်က အုံလိုက်လာကြတာ၊ အိမ်ထဲ
မှာ လူတွေ ချက်ချင်းပြည့်သွားပြီး အိမ်
ရှေ့က လမ်းပေါ်မှာလည်း အုံနေတာ
တဲ့ဗျို့။

“ကဲ …ပယောဂကပ်နေတဲ့ ကလေးမကို
ဒီရှေ့ ခေါ်ခဲ့ပါကွယ် ခမျာပင်ပန်းနေရှာ
ရောပေ့ါ”

ဆရာထက ပြောတော့ မလှမေက
မခင်မြိုင် နေတဲ့အခန်းဝကနေ မရဲတရဲနဲ့

“မြိုင်…အဲ…မဟုတ်ပါဘူး၊ ကိုကျော်သောင်း၊
ဆရာကြီးက ရှင့်ကို တွေ့ချင်လို့တဲ့”

“ဘယ်က ဆရာက လာပြန်ပြီတုံး၊ ဒီမှာဖြင့်
စိတ်တွေ ညစ်နေရတဲ့အထဲ”

ထဘီကို ပုဆိုးလိုဝတ်ထားတဲ့ မခင်မြိုင်က
အခန်းထဲကနေ ထွက်လာတယ်ဗျ

“ဒီမှာ ဆရာ၊ ကျုပ် သရဲမဟုတ်ဘူးဗျ၊
လူ၊ လူ၊ ကျုပ်နာမည် ကျော်သောင်းတဲ့”

မခင်မြိုင်က ဇော်ဂျီအင်္ကျီအနီကြီး ဝတ်ထား
တဲ့ ဆရာထရဲ့ရှေ့ကို ခပ်လှမ်းလှမ်းမှာ ခါး
ကြီးထောက်ပြီး ရပ်လို့တဲ့ဗျ။

“ဟား ဟား ဟား ဟား ကျော်သောင်း
ကျော်သောင်း၊ မင်းဟာလေ၊ မင်းကိုယ်မင်း
လူလို့ပဲ ထင်နေတုန်းကိုး၊ တကယ်တော့
မင်းဟာ လူသားတွေနဲ့ ဘဝခြားနေပြီ
ကျော်သောင်းရဲ့၊ မင်းက မခင်မြိုင်ဆိုတဲ့
သူငယ်မရဲ့ ကိုယ်ထဲကို ဝင်နေတဲ့ သရဲ
တစ်ကောင်ပဲ၊ ဒီတော့ နောက်နောင်ကို
မင်း ဒီလိုမလုပ်ဝံ့အောင် ဇော်ဂျီတောင်
ဆရာထလို့ အမည်ရတဲ့ ငါဆရာမောင်
ထက မင်းကို ပြစ်ဒဏ်စီရတော့မှာပေါ့၊
ဟောဒီက ဆေးတောင်ဝှေးနဲ့ ရိုက်ပြီး
ဆုံးမရတော့မှာပေါ့လေ”

လို့ ပြောပြီး ဆရာထက သူကိုင်လာတဲ့
တောင်ဝှေးအနီကြီးကို လက်နှစ်ဖက်နဲ့
မပြီး ပါးစပ်က ဂါထာလိုလို မန္တန်လိုလို
တွေ ရွတ်တော့တာတဲ့ဗျို့။ အဲဒီလို ရွတ်
လိုက်တာနဲ့ ဆရာထရဲ့ တောင်ဝှေးအနီ
ကြီးက လေထဲကို ချက်ချင်းမြောက်
တက်သွားပြီး မခင်မြိုင်ကို သူ့အလိုလို
ပြေးရိုက်တော့တာတဲ့ဗျ။ ဆရာထက
တော်တော်ကို စွမ်းတာပဲဗျို့။
“ဝှီး” “ဝှီး” “ဝှီး”

တောင်ဝှေးရိုက်တဲ့ အသံက လေထဲမှာ
ဝှီးကနဲ ဝှီးကနဲ နေတာတဲ့ဗျ။

“ဟာ” “ဟာ” “ဟာ”

တစ်အိမ်လုံးပြည့်နေအောင် လာကြည့်နေတဲ့
ပရိတ်ကြီးကလည်း ဟာကနဲ၊ ဟာကနဲ ဖြစ်
နေတာတဲ့ဗျာ။ ဆေးတောင်ဝှေးအနီကြီးက
လူမပါဘဲ သူ့ဟာသူ လေထဲမှာ လိုက်ရိုက်
နေတာကို တွေ့တော့ ဟာကနဲ ဟာကနဲ
ဖြစ်တော့တာပေါ့ဗျာ။

ထဘီကို ပုဆိုးလိုဝတ်ထားတဲ့ မခင်မြိုင်
ကတော့ လေထဲကနေ ဝှီးကနဲ ဝှီးကနဲ
မြည်ပြီးသူ့ကို လွှဲရိုက်နေတဲ့ ဆေးတောင်
ဝှေးအနီကြီးရဲ့ ရိုက်ချက်တွေကို ဗန်ဒိုပညာ
နဲ့ လွတ်အောင်ရှောင်နေတာတဲ့ဗျ။

“အောင်မာ၊ ဒီသရဲက အရှောင်အတိမ်း တယ်
ကောင်းပါလားဟ၊ ထိအောင်ရိုက်ကွာ၊ တစ်
ခါတည်း လဲကျသွားအောင် ဆော်လိုက်စမ်းဟေ့”

လို့ ဇော်ဂျီတောင်ဆရာထက အမိန့်ပေး
လိုက်တော့ စောစောကထက် ပိုပြင်းတဲ့
ရိုက်ချက်တွေနဲ့ တောင်ဝှေးအနီကြီးက
ရိုက်ရောတဲ့ဗျို့။ မခင်မြိုင်ကလည်း ဗန်ဒို
အကွက်တွေ လှလှပပနဲ့ကို ရှောင်တိမ်း
နေတာတဲ့ဗျ။ ခဏကြာတော့ မခင်မြိုင်က
ဆေးတောင်ဝှေးအနီကြီးကို လက်နှစ်ဖက်နဲ့
စုံလှမ်းဖမ်းလိုက်တာ မိသွားရောတဲ့ဗျို့။
လက်ထဲမှာ မိသွားတဲ့ ဆေးတောင်ဝှေး
ကြီးကို စုံကိုင်ပြီး ဖျာပေါ်မှာ ထိုင်နေတဲ့
ဆရာထကို ပြေးရိုက်လိုက်တာ။

“ခွပ်” “ခွပ်” “ခွပ်”

ဆိုတဲ့ အသံသုံးချက် ဆက်တိုက်ထွက်
လာပြီးတဲ့နောက်မှာ ဆရာထခေါင်းက
သွေးတွေ ဖြာကနဲ ကျလာပြီး ပက်လက်
ကြီးလန်လဲသွားရောတဲ့ဗျို့။ သတိလည်း
မေ့သွားတာနဲ့ သရဲပြေးဆရာအေးလိုပဲ
ထမ်းခေါ်ပြီး ဆေးရုံပို့လိုက်ကြရသတဲ့
ဗျာ။ဒီလိုနဲ့ မခင်မြိုင်နေတဲ့ ရေကျော်
အိမ်ကို ဆရာတွေ တစ်ယောက်ပြီး
တစ်ယောက် ရောက်လာကြ၊ပြီးတော့
တစ်ယောက်ပြီး တစ်ယောက် ပြေး
ကြရတဲ့ သတင်းဟာ ရန်ကုန်မြို့ထဲ
အနှံ့ပျံ့နေတာပေါ့ဗျာ။

“ရေကျော်က မိန်းမတစ်ယောက်ကိုသရဲ
ပူးနေတာ၊ ဘယ်ဆရာမှ မထုတ်နိုင်ဘူး”

ဆိုတဲ့ သတင်းကလည်း ကျော်နေတာတဲ့ဗျ
တချို့ဆရာတွေကလည်း ခြေမန်းကွင်းတွေ
စွပ်ကြ။ မခင်မြိုင်ကလည်း လာသမျှ ဆရာ
ကို ‘ဗန်ဒိုလက်သီးကွ’လို့အော်ပြီး ထိုးလွှတ်။
ဆေးကြိမ်လုံးတွေ ပါလာတဲ့ ဆရာတွေကို
ကျတော့ သူတို့ကြိမ်လုံးနဲ့ သူတို့ကို ပြန်
ရိုက်လွှတ်နဲ့ တချို့ဆိုရင် ခေါင်းကွဲတွေ
တောင် ဖြစ်ကုန်တာတဲ့ဗျို့။ နောက်ဆုံး
တော့ ဆရာရှာရင်းနဲ့ ကျုပ်ဆရာကြီး
ဘိုးလူပေဆီကို ရောက်သွားကြရော
ဆိုပါတော့ဗျာ။

“ဆရာကြီး ၊ အဲဒါ ဘယ်လိုဖြစ်တာတုံး”

ကျုပ်က ကျုပ်ဆရာကြီး ဘိုးလူပေကို
မေးလိုက်တယ်ဗျ။

“ကျုပ်က ရန်ကုန်ကို ကိစ္စတစ်ခုကြောင့်
ရောက်နေတာ မောင်တာတေရဲ့၊ ကျုပ်
တည်းခိုတဲ့ ဘုန်းကြီးကျောင်းကို မခင်မြိုင်
ရဲ့အစ်ကိုဝမ်းကွဲနှစ်ယောက် ရောက်လာကြ
တယ်။ တစ်ယောက်က မောင်ကြိုင်တဲ့။
နောက်တစ်ယောက်က မောင်ထွန်းလှတဲ့။
မောင်တင်ကြိုင်နဲ့ မောင်ထွန်းလှတို့က
ကျုပ်ကို တွေ့တွေ့ချင်းပဲ သူတို့ညီမ
မခင်မြိုင်ဟာ ရိုးသားပြီး စိတ်နှလုံးဖြူစင်
တဲ့သူဖြစ်တဲ့ အကြောင်း၊

ခရမ်းကိုသွားတဲ့လမ်းမှာ မခင်မြိုင်
ကားမှောက်ပြီး ဒဏ်ရာရတဲ့အကြောင်း၊
တော်တော်ကြာအောင် အတိတ်မေ့သလို
ဖြစ်နေရာကနေ သတိပြန်ရလာတဲ့အခါကျ
တော့ ပယောဂပူးနေတဲ့အကြောင်း၊ သူ့ကို
ဝင်ပူးနေတဲ့ကျော်သောင်းဆိုတာ လူ့ဘဝ
ကတုန်းက ဗန်ဒိုဆရာ ဖြစ်တာကြောင့်
အခုရောက်လာသမျှ ပယောဂကုတဲ့
ဆရာတွေကို ထိုးကြိတ်လွှတ်လို့ ဘယ်
ဆရာမှ မကုရဲတော့တဲ့အကြောင်းတွေ
ပြောပြသကွဲ့ မောင်တာတေရဲ့၊ စော
စောက မောင်တာတေကို ကျုပ်ပြောပြ
တဲ့ အကြောင်းတွေဟာ မောင်တင်ကြိုင်
တို့ ပြောတဲ့ အကြောင်းတွေပေါ့ကွဲ့”

“ဒီလိုမျိုး ရက်ရှည်လများ ဝင်ပူးနေတဲ့
သရဲမျိုး ကျုပ်ဖြင့် တစ်ခါမှ မတွေ့ဖူးပါဘူး
ဆရာကြီးရယ်၊ သရဲပူးတယ်ဆိုတာ
ဝင်ပူးလိုက် ပြန်ခွာလိုက်၊ လုပ်တာချည်း
ပါပဲဗျာ”

ကျုပ်ပြောတော့ ဘိုးလူပေက ခေါင်းညိတ်
ပြီး ပြုံးတယ်ဗျ။

“မောင်တာတေ ပြောတာ ဟုတ်တယ်ကွဲ့၊
ဖုတ်ဝင်တာမှ မဟုတ်တာ၊ ပူးတုံခွာတုံ
ဖြစ်ရမှာပေါ့၊ အခုဟာက သရဲပူးတာမှ
မဟုတ်တာ”

“ဗျာ၊ သရဲပူးတာ မဟုတ်ဘူး ဟုတ်လား
ဆရာကြီး”

“ဟုတ်တယ် မောင်တာတေ၊ သရဲပူးတာ
မဟုတ်ဘူး၊ မခင်မြိုင်တို့အိမ်ကို ကျုပ်ရောက်
ကတည်းက သိတယ်၊ ကျုပ်ကို အိမ်ဦးခန်းမှာ
နေရာထိုင်ခင်းပေးပြီးတာနဲ့ ကျုပ်က သူငယ်
မကို ခေါ်ခိုင်းလိုက်တယ်။ ဒီမှာတင် ထဘီကြီး
ခါးမှာ ပုဆိုးလိုစည်းပြီး အခန်းထဲက ထွက်
လာတဲ့ မခင်မြိုင်ကို မေတ္တာပို့လိုက်တယ်
ဒီမှာတင် မခင်မြိုင်က ခါးထောက်ထားတဲ့
လက်ကို ဖြုတ်ချလိုက်ပြီး ကျုပ်ကို အံ့သြ
တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်၊ ကျုပ်
က ‘ကျော်သောင်း လာပါကွဲ့ ဒီကို’လို့
ခေါ်လိုက်တော့ မခင်မြိုင်က ကျုပ်ရှေ့
မှာ လာထိုင်တယ်။

‘အဖြစ်ကတော့ အတော်ကို ထူးဆန်းတာ
ကလား မောင်ကျော်သောင်းရယ်၊ ဒီလို
အဖြစ်မျိုး ကျုပ်တစ်သက်မှာ ဒီတစ်ခါပဲ
မြင်ဖူးတယ်ကွယ်၊ လူတွေက ပယောဂ
လို့ ထင်ကြတာလည်း အပြစ်စရာမရှိပါ
ဘူးလေ၊ လူတွေကို ခွင့်လွှတ်ပါ မောင်
ကျော်သောင်းရယ်”

“ကျုပ်ကို ကယ်နိုင်ရင် ကယ်ပါ ဆရာကြီးရယ်”

မခင်မြိုင်က ပြောရင်း ငိုတယ်ကွဲ့။
တကယ်ကတော့ မခင်မြိုင် ငိုတာမဟုတ်ဘူး
ပေါ့ကွယ်၊ မောင်ကျော်သောင်း ငိုတာကွဲ့။

‘သိပ်မပူပါနဲ့၊ မောင်ကျော်သောင်းရယ်
ကျုပ်ရအောင် လုပ်ပေးပါမယ်၊ အရင်ဆုံး
လုပ်ရမှာက မခင်မြိုင်ကို တွေ့အောင်
ရှာဖို့ပဲကွဲ့”

“ဗျာ၊ မခင်မြိုင်ကို ရှာရမယ် ဟုတ်လား
ဆရာကြီး၊ အခု ဆရာကြီးရှေ့မှာ ရောက်
နေတာ မခင်မြိုင် မဟုတ်ဘူးလား ဆရာကြီးရဲ့ ”

မောင်တင်ကြိုင်က ကျုပ်ကို မေးလိုက်တာ
မောင်တာတေရဲ့။

“ဒါက မခင်မြိုင်ရဲ့ရုပ်လေ မောင်တင်ကြိုင်ရဲ့၊
မင်းနှမ မခင်မြိုင်ရဲ့ ဝိညာဉ်က ဘယ်ရောက်
နေမှန်းမှ မသိတာ၊ အဲဒါကို ရှာဖို့ ကျုပ်က
ပြောတာ။ အခု မခင်မြိုင်ရဲ့ရုပ်မှာ ကိန်းနေတဲ့
ဝိညာဉ်က ဗန်ဒိုဆရာ မောင်ကျော်သောင်း
ရဲ့ ဝိညာဉ်လေကွယ်၊ ဒါပေမဲ့ မခက်ပါဘူး
မောင်တင်ကြိုင်၊ မောင်ကျော်သောင်းကို
တွေ့အောင်ရှာလိုက်ရင် မောင်ကျော်သောင်း
ရဲ့ကိုယ်မှာ မခင်မြိုင်ရဲ့ ဝိညာဉ်ဝင်ကိန်းနေမှာ
သေချာတယ်ကွဲ့”

“ဟာ …အဲဒီလိုလား ဆရာကြီးရဲ့၊ ထူးဆန်း
လှချည်လားဗျာ၊ ဒါဆိုရင် ခန္ဓာကိုယ်နဲ့ ဝိညာဉ်
လွဲပြီး ဝင်နေတာပေါ့ ဟုတ်လား ဆရာကြီး”

ဒီတစ်ခါ မောင်ထွန်းလှက ကျုပ်ကို မေးတာကွဲ့။

“သိပ်ဟုတ်တာပေါ့ မောင်ထွန်းလှရဲ့၊သူတို့
စီးသွားတဲ့ကားမှောက်တဲ့အချိန်မှာ မောင်
ကျော်သောင်းရော၊ မခင်မြိုင်ရော ခေါင်းမှာ
ဒဏ်ရာရကြပြီ သတိလစ်သွားကြတယ်မို့
လား၊ အဲဒါကိုယ်ထဲက ဝိညာဉ်တွေ ခွာထွက်
သွားတာကွဲ့၊ လူ့ရဲ့ရုပ်နု ထွက်သွားတာပေါ့
ကွယ်၊ မင်းတို့နားလည်အောင်သာ ဝိညာဉ်
လို့ပြောရတာလေ၊ တကယ်တော့ ကိုယ်ပွား
ထွက်သွားတာကွဲ့၊ ပြန်ဝင်တဲ့အချိန်မှာ
ရုပ်ချင်းလွဲပြီး ဝင်သွားတာ၊ ဒီအဖြစ်မျိုးက
မရှိသလောက်ကို ရှားပါတယ် မောင်ထွန်း
လှရယ်”

“ဟာ၊ ဒါဆိုရင် ကျုပ်တို့ညီမကို ကယ်လို့
မှ ရပါဦးမလား ဆရာကြီးရယ်”

“ရပါတယ် မောင်ထွန်းလှရဲ့၊ ကျုပ် ရအောင်
စီမံပါ့မယ်၊ မင်းတို့သာ မောင်ကျော်သောင်း
ရဲ့ ရုပ်ကိုတွေ့အောင် လိုက်ရှာကြပေတော့”

“အဲဒါ ဘယ်လိုရှာရမှာတုံး ဆရာကြီးရယ်”

မောင်တင်ကြိုင်က စိုးရိမ်ပူပန်တဲ့ မျက်နှာနဲ့
မေးတာကွဲ့။

“ဟာ…မောင်တင်ကြိုင်နှယ်၊ အစက စပြီး
လိုက်လေကွယ်၊ အရင်ဆုံး သူတို့နှစ်ယောက်
တက်ခဲ့တဲ့ ခရမ်းဆေးရုံကို လိုက်လေ၊ အဲဒီမှာ
သတိပြန်ရသွားတဲ့ မောင်ကျော်သောင်းကို
ဘယ်သူ ခေါ်သွားတုံး၊ ဒါမှမဟုတ် သူ့ဟာသူ
ထွက်သွားတယ်ဆိုရင်လည်း ဘယ်ကိုထွက်
သွားတုံးဆိုတာ စုံစမ်းပြီး လိုက်ကြလေကွယ်”

ကျုပ်ပြောလိုက်တော့မှ မောင်တင်ကြိုက်
တို့လည်း သဘောပေါက်ပြီး ခရမ်းကို လိုက်
ကြတာကွဲ့၊ ဆေးရုံကနေ စုံစမ်းပြီး လိုက်ကြ
တာ၊ နောက်ဆုံး သူ့တပည့်မောင်ကွန့် ခေါ်
သွားတယ်ဆိုတာ သိသွားပြီး မောင်ကွန့်တို့
ရွာကို လိုက်တော့ ဟိုမှာမောင်ကျော်သောင်း
ကို သွားတွေ့တာတဲ့ကွဲ့၊ အဲဒီမှာလည်း အ
တိတ်မေ့နေတဲ့ မောင်ကျော်သောင်းက အိမ်
ပေါ်ကဆင်းတဲ့ လှေကားထစ်ကို ကျော်နင်း
လိုက်မိပြီး ချော်လဲသွားရာကနေ အတိတ်ကို
ပြန်သတိရသွားတာဆိုပဲကွဲ့။

သတိရတာနဲ့ ပုဆိုးကို ထဘီလိုဝတ်ပြီး ကျမ
က ကိုကျော်သောင်း မဟုတ်ဘူး၊ကျမနာမည်
မခင်မြိုင်ပါ၊ ရေကျော်မှာ နေပါတယ်၊ ကျမ
ကို ကျမအိမ် ပြန်ပို့ပေးပါလို့ ပြောသတဲ့
မောင်တာတေရဲ့။ မောင်ကွန့်လည်း ဘာပြော
လို့ ပြောရမှန်း မသိအောင် ဖြစ်သွားတော့
တာပေါ့ကွယ်။ အဲဒီလို ဖြစ်နေတဲ့အချိန်မှာပဲ
ဒီက လိုက်သွားတဲ့ မောင်တင်ကြိုင်နဲ့
မောင်ထွန်းလှလည်း ရောက်သွားတော့
တာပေါ့ကွာ။

ဒီမှာတင် မခင်မြိုင်ရဲ့ ဝိညာဉ်ဝင်နေတဲ့
မောင်ကျော်သောင်းက မောင်တင်ကြိုင်ကို
ပြေးဖက်ပြီး ‘အစ်ကိုတင်ကြိုင်ရဲ့ ကျမကို
ကယ်ပါဦး၊ ကျမ ခင်မြိုင်ပါရှင်၊ ဘယ်လို
လုပ်ပြီး ယောက်ျားကိုယ်ခန္ဓာကြီး ဖြစ်နေ
တာတုံး၊ အစ်ကိုထွန်းလှရဲ့ ခင်မြိုင့်ကို
ကယ်ကြပါဦးရှင်’

‘ဘာမှမပူနဲ့ ခင်မြိုင်၊ ရေကျော်အိမ်မှာ နင့်
ခန္ဓာကိုယ်ရှိတယ်၊ ဒါပေမဲ့ အတွင်းက ဝိညာဉ်
ကတော့ နင်မဟုတ်ဘူး၊ ဗန်ဒိုဆရာ ကိုကျော်
သောင်းဝိညာဉ်’

‘ဗျာ၊ ကျုပ်ဆရာက ဟိုမှာ ရောက်နေတယ်
ဟုတ်လားဗျ’

‘ဟုတ်တယ် ငါ့ညီ၊ ဒီကိစ္စကို အဆင်ပြေအောင်
လုပ်ပေးနိုင်တဲ့ ဆရာကြီးတစ်ယောက်လည်း
ငါတို့ဆီကို ရောက်နေတယ်ကွ၊ ဒီတော့ ဟော
ဒီက မင်းဆရာ ကိုကျော်သောင်းကို ခေါ်ပြီး
တို့နဲ့ တစ်ပါတည်းလိုက်ခဲ့ပေတော့
မောင်ကွန့်ရဲ့’

လို့ မောင်တင်ကြိုင်က ပြောတော့ မောင်ကွန
့်လည်း သူ့ဆရာ မောင်ကျော်သောင်းကို ခေါ်ပြီး
တစ်ပါတည်း လိုက်လာကြတာပေါ့ကွာ။

ဒီရောက်တော့ ကျုပ်နဲ့ တွေ့ကြတယ်။
ဟုတ်တာပေါ့ မောင်တာတေရယ်၊
ခန္ဓာကိုယ်လွဲပြီး ကိုယ်ပွားတွေ ဝင်သွား
တာကွ။ဒီအဖြစ်မျိုးက အင်မတန်မှကို
ဖြစ်ခဲတာ၊ အေး တစ်ခုပဲ ပြောစရာရှိတယ်၊
သူတို့နှစ်ယောက် ဆေးရုံမှာ သတိမေ့နေတဲ့
အချိန်မှာ ကုတင်နှစ်လုံးကို ယှဉ်ရက်ထားပြီး
ဆရာဝန်တွေ ဆရာမတွေက ကုသနေတာ
ဆိုတော့ ခန္ဓာကိုယ်နှစ်ခုက နီးကပ်တဲ့
သဘောဖြစ်ပြီး ကိုယ်ပွားတွေ မှားဝင်သွား
တာ ဖြစ်မယ်ကွ၊ ဒီတော့ လွဲနေတဲ့
ကိုယ်ပွားဝိညာဉ်တွေကို ပြန်နှုတ်ယူပြီး
တော့ သူ့ခန္ဓာကိုယ်သူနဲ့သူ မှန်အောင်
ထည့်ပေးရမှာကွဲ့၊ အဲဒီအလုပ်ကို
ကျုပ်တို့ အထက်လမ်းတွေက လုပ်
ခွင့်မရှိဘူး၊ ဒါကြောင့် မောင်တာတေ
ကို လာပြီးခေါ်ရတာ”

“ဟင်၊ ဟုတ်လား ဆရာကြီး၊ ကျုပ်က
ဘာလုပ်ပေးရမှာတုံး”

ကျုပ်က ဆရာကြီး ဘိုးလူပေရဲ့စကား
ဆုံးတော့ ပျာပျာသလဲ မေးလိုက်တယ်

“ဒီလိုကွဲ့၊ မောင်တာတေရဲ့၊ ဝိညာဉ်
နှုတ်တဲ့ အလုပ်ကို မဖဲဝါ ကျွမ်းကျွမ်း
ကျင်ကျင် လုပ်တတ်တယ်၊ ဒီတော့
ဒီကိစ္စမှာ မဖဲဝါကို ခေါ်ပြီး အကူအညီ
တောင်းမှာ ဖြစ်လိမ့်မယ်ကွဲ့”

“သြော်၊ ကျုပ် နားလည်သွားပါပြီ
ဆရာကြီး”

နောက်တစ်နေ့မှာ ကျုပ်က ကိုတင်ကြိုင်
တို့ကို အမဲသားသုံးပိဿာ ချက်ခိုင်းပြီး
တာမွေသင်္ချိုင်းထဲကို လာခဲ့တယ်။ ကျုပ်
နဲ့ အတူတူ ကိုတင်ကြိုင်ရယ်၊ ကိုထွန်းလှရယ်၊ သူတို့သူငယ်ချင်း တစ်ယောက်ရယ်
လိုက်ခဲ့ကြတယ်ဗျ။ဂျစ်ကားအစိမ်းလေး
တစ်စီးနဲ့ ကျုပ်ကို ခေါ်လာကြတာဗျို့။
တာမွေသင်္ချိုင်းထဲရောက်တော့ ခပ်
ကျယ်ကျယ် အုတ်ဂူတစ်လုံးပေါ်မှာ
ထမင်းနဲ့ ဟင်းတွေ ပြင်ပြီး မဖဲဝါကို
ပင့်လိုက်တယ်

“အရှေ့နေထွက်၊ အနောက်နေဝင်၊
တောင်တံငါ့ကွန် မြောက်ဓူဝံအတွင်း
ရောက်လေရာအရပ်မှ မြန်မကြာ
လှမ်းကာ ကြွခဲ့ပါ၊ သင်္ချိုင်းရှင်မကြီး
မဖဲဝါဗျာ၊ ထနောင်းကုန်းက တာတေ
က ပင့်ဖိတ်ပါတယ်၊ စားပွဲသောက်
ပွဲများနဲ့လည်း အကြိုထောက်လို့ပါ
ဗျာ၊ ဟောဒီနေရာ တာမွေသင်္ချိုင်း
ကြီးအတွင်းကို ကြွခဲ့ပါ သင်္ချိုင်း
ရှင်မကြီး မဖဲဝါဗျာ”

ကျုပ်က ခဏစောင့်ပြီး နောက်တစ်ခါ
ထပ်ပင့်တယ်ဗျ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး ၊ အီ၊ အီ၊ အီ၊ အီ”

“ဟာ …မဖဲဝါရဲ့ခွေးကြီးနက်ကျော်ရဲ့
အူသံကြီး ကြားနေရပြီဗျို့။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”

ဟော …ခွေးအူသံက တဖြည်းဖြည်း
နီးလာပြီဗျ။ ဟော လာပြီဗျို့။ လာပြီ။
မဖဲဝါ လာနေပြီဗျို့။ ဂူတွေအပေါ် တစ်
တောင်လောက်အမြင့်ကနေ ရွေ့လာ
တာဗျ။ ဖြူဖြူကြီးဗျာ။ အရပ်က ဆယ်
ပေလောက် ရှိမယ်ဗျ။ ကျုပ်ကတော့
မျက်ကွင်းဆေးကွင်း၊ နားတွေပါလိမ်း
ပြီး ဒိဗ္ဗသောတမန္တန်ကို ရွတ်ထားတော့
မဖဲဝါကို မြင်လည်းမြင်၊ သူပြောတာကို
ကြားလည်း ကြားရတာပေါ့ဗျာ။

ကိုတင်ကြိုင်တို့ကတော့ ဘာမှနားမလည်ဘဲ
ကြောင်တောင်တောင်နဲ့ ကြည့်နေကြရတာ
ပေါ့ဗျာ။ မဖဲဝါက ဒူးကြီးနှစ်ဖက်ထောင်ပြီး
ကျုပ်ကျွေးတဲ့ အမဲသားတွေကို စားတော့
တာဗျို့။ ဂူဘေးမှာ ရပ်နေတဲ့ နွားပေါက်
တစ်ကောင်လောက်ရှိတဲ့ ခွေးကြီးနက်
ကျော်ကိုလည်း အမဲသားတုံးတွေ ပစ်
ပစ်ကျွေးသေးတယ်ဗျ။

နက်ကျော်ကြီးကလည်း စားတာပေါ့ဗျာ။
စားလို့ တော်တော်ကုန်တော့မှ မဖဲဝါက
လက်ဖက်ရည်ပန်းကန်လောက်ရှိတဲ့
မျက်လုံးနီနီကြီးတွေနဲ့ ကျုပ်ကို လှမ်း
ကြည့်တယ်ဗျ ။ ကျုပ်ကလည်း ဒီအချိန်
ကို စောင့်နေတာလေဗျာ

“ဒီလိုပါ မဖဲဝါ၊ ဗန်ဒိုဆရာ ကိုကျော်သောင်းနဲ့
မခင်မြိုင်ဆိုတဲ့ အမျိုးသမီးဟာ ကားမှောက်
လို့ သတိမေ့သွားရာကနေ သတိပြန်ရတော့
ဝိညာဉ်ချင်း လွဲနေပါတယ် မဖဲဝါ၊ ဆရာကြီး
ဘိုးလူပေလည်း ရောက်နေပါတယ်၊ ဆရာ
ကြီးက လွှတ်လို့ ကျုပ်လာရတာပါ။ ဘိုးလူ
ပေက အကူအညီတောင်းတာပါ။ မဖဲဝါ
ကိုကျော်သောင်းနဲ့ မခင်မြိုင်တို့ရဲ့ လွဲနေ
တဲ့ ဝိညာဉ်တွေကို နှုတ်ယူပြီးတော့ အမှန်
ပြန်ထည့်ပေးဖို့ပါ မဖဲဝါ”

မဖဲဝါက စားရင်းနဲ့ ခေါင်းညိတ်တယ်။

“လကွယ်ည လာခဲ့၊ ဒီသင်္ချိုင်းဇရပ်ပေါ်မှာ
ပွဲနှစ်ပွဲ ပြင်ရမယ်၊ မြောက်ဘက်ရှင်မ တစ်ပွဲ၊
ငါ့ကို တစ်ပွဲ၊ ညကိုးနာရီတိတိမှာ ဝိညာဉ်တွေ
ပြန်နှုတ်ပြီး လဲပေးမယ်”

ပြောစရာရှိတာ ပြောပြီး မဖဲဝါ ပြန်သွား
ရောဗျ။စားသွားတဲ့ အမဲသားတွေ မကုန်
ဘူးဗျ။ဂူပေါ်မှာ ကျန်နေတယ်။ အဲဒါ ဒီ
သင်္ချိုင်းထဲက အစောင့်ကို ကျွေးခဲ့တာဗျ။
ဟော …သင်္ချိုင်းအနောက်ဘက်က
မည်းမည်းအရိပ်ကြီးတစ်ခု ရွေ့လာပြီဗျို့။
ကျုပ်လည်း ကိုတင်ကြိုင်တို့ကို ခေါ်ပြီး
သင်္ချိုင်းထဲကနေ အပြင်ရောက်အောင်
ခပ်သုတ်သုတ် ပြေးထွက်ခဲ့ကြတယ်ဗျို့။

လကွယ်ဖို့က နှစ်ရက်ပဲ လိုတာဆိုတော့
ပြင်စရာရှိတာတွေ ပြင်ကြရတာပေါ့ဗျာ။
ဆရာကြီး ဘိုးလူပေကလည်း ပုတီးစိပ်
မေတ္တာပို့ လုပ်ပေးတယ်

လကွယ်ညရောက်တော့ ဂျစ်ကားနှစ်စီးနဲ့
တာမွေသင်္ချိုင်းထဲကို ကျုပ်တို့ လာခဲ့ကြ
တယ်။ သင်္ချိုင်းဇရပ်ထဲမှာ ကန်တော့ပွဲ
နှစ်ပွဲ ပြင်လိုက်တယ်။ တစ်ပွဲက မြောက်
ဘက်ရှင်မပွဲ၊ တစ်ပွဲက မဖဲဝါပွဲ။ ကိုးနာ
ရီထိုးခါနီးတော့ ဘိုးလူပေ စီရင်ပေးလိုက်
တဲ့ ပိတ်ဖြူစနှစ်ခုကို ဇရပ်ကြမ်းပြင်ပေါ်
မှာ ယှဉ်ပြီးခင်းလိုက်တယ်

အဝတ်သစ်အစားသစ်တွေ ဝတ်ထားတဲ့
မခင်မြိုင်နဲ့ ကိုကျော်သောင်းကို နှစ်ယောက်
ယှဉ်ပြီး ပိတ်စအဖြူတွေပေါ်မှာ ပက်လက်
လှန် အိပ်ခိုင်းလိုက်တယ်။ ပွဲတွေပေါ်မှာ
လည်း ဖယောင်းတိုင်မီးတွေ ထွန်းထား
ပြီးတော့ ကိုကျော်သောင်းရဲ့ ခြေရင်းမှာ
ဖယောင်းတိုင်တစ်တိုင်၊ မခင်မြိုင်ရဲ့
ခြေရင်းမှာ ဖယောင်းတိုင်တစ်တိုင်
ထွန်းလိုက်တယ်။

သေသေချာချာ ကြည့်ရင်တော့ ကြောက်
စရာကြီးပေါ့ဗျာ။ ညအချိန်မတော်ကြီးမှာ
အထိကရသင်္ချိုင်းကြီးထဲမှာ ကန်တော့ပွဲ
တွေနဲ့ မီးတွေထွန်းပြီး လူနှစ်ယောက်က
ဇရပ်ပေါ်မှာ ဆန့်ဆန့်ကြီးတွေ အိပ်နေ
ကြတာလေဗျာ

ကိုးနာရီထိုးကာနီးတော့ လူတွေအားလုံး
ကို ဇရပ်ပေါ်က ဆင်းခိုင်းလိုက်တယ်
ဇရပ်ပေါ်မှာ ကျုပ်တစ်ယောက်တည်း
နေခဲ့တာဗျ။ ကျုပ်ဆရာကြီး ဘိုးလူပေက
မှာစရာရှိတာတွေ မှာပြီး ကျုပ်ကို အား
လုံးလွှဲလိုက်တာဗျို့။ ဆရာကြီး လိုက်
တော့လာပေမယ့် သင်္ချိုင်းထဲကို မဝင်
ဘူး။ သင်္ချိုင်းအပြင်မှာ ရပ်ထားတဲ့ ဂျစ်
ကားပေါ်မှာပဲ နေပြီး လုပ်စရာရှိတာတွေ
လုပ်ပေးနေတာဗျ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”

ကိုးနာရီထိုးကာနီးတာနဲ့ နက်ကျော်ကြီး
အူသံ ကြားတော့တာပဲဗျို့။ မဖဲဝါ လာ
နေပြီဆိုတာ ဒီအသံကြားတာနဲ့ သိတယ်
ဗျ။ ဟော…မဖဲဝါ သင်္ချိုင်းဇရပ်ထဲကို
ရောက်လာပြီဗျို့။ အပေါ်အနက်၊
အောက်အနက် ဝတ်ပြီး ဆံပင်ဖား
လျားချထားတဲ့ မဖဲဝါက ပွဲတွေကို
တစ်ချက်ကြည့်တယ်

ပြီးတော့မှ ခေါင်းညိတ်ပြပြီး ကျုပ်ကို
တစ်ချက်ကြည့်တယ်။ ကျုပ်က ဆေး
လွယ်အိတ်ကြီး စလွယ်သိုင်းပြီး ခပ်
လှမ်းလှမ်းမှာ သွားရပ်နေတာဗျ။ကျုပ်
က မျက်ကွင်းဆေးကွင်းပြီး ဒိဗ္ဗသောတ
မန္တန်ပါ ရွတ်ထားတော့ အားလုံးကို
မြင်နေရတော့တာပေါ့ဗျာ။

မဖဲဝါက ယှက်အိပ်နေတဲ့ ကိုကျော်သောင်းနဲ့ မခင်မြိုင်တို့ရဲ့ မျက်နှာပေါ်ကို လက်နဲ့
သပ်လိုက်တယ်။ အိပ်သွားပြီပေါ့ဗျာ။
လူနှစ်ယောက်ရဲ့ လိပ်ပြာကို မဖဲဝါ
သိပ်လိုက်တာဗျ။ မဖဲဝါက သူ့လက်နှစ်
ဖက်ကို ဆန့်ထုတ်ပြီးတော့ လက်တွေ
ကို အပေါ်မ,သလို လုပ်လိုက်တယ်ဗျ။

ဟာ…ထွက်လာပြီဗျို့။ ထွက်လာပြီ။
ကိုကျော်သောင်း ကိုယ်ထဲက ဝိညာဉ်ရော၊
မခင်မြိုင်ကိုယ်ထဲက ဝိညာဉ်ရော ဖြူဖြူ
တွေဗျ။ သူတို့အိပ်နေတဲ့ ပုံစံအတိုင်း
ဆန့်ဆန့်ကြီးတွေ ထွက်လာတာဗျို့။

ကိုယ်ခန္ဓာတွေအပေါ် နှစ်တောင်လောက်
အရောက်မှာ မဖဲဝါက ရပ်ထားလိုက်တယ်
ပြီးတော့မှ လက်နှစ်ဖက်ကို ယှက်လိုက်ပြီး
ဖြည်းဖြည်းလေး ရွှေ့လိုက်တယ်ဗျ။ ဟာ
ရွေ့သွားပြီဗျို့။ ရွေ့သွားပြီ။ ပြိုင်တူ ရွေ့
တာဗျ။ မဖဲဝါက လက်ကိုရွှေ့ပြီး ဝိညာဉ်
တွေကို နေရာရွှေ့လိုက်တယ်။

ပက်လက်အိပ်သလို ဖြူဖြူဆန့်ဆန့်ကြီး
တွေ ဖြစ်နေတဲ့ ဝိညာဉ်နှစ်ခုက နေရာ
တွေ ရွေ့သွားပြီး ကိုယ်တွေပေါ်မှာ ဆန့်
ဆန့်ကြီးတွေဗျ။ လေထဲမှာလေဗျာ။
တောင့်တောင့်ကြီးတွေဗျို့။

ဟော…ထည့်ပြီ၊ ထည့်ပြီ။ ကိုယ်တွေထဲကို
ထည့်နေပြီဗျို့။ မဖဲဝါက သူ့လက်နှစ်ဖက်
ကို ဖြည်းဖြည်းလေးရွှေ့ပြီး ကိုယ်ခန္ဓာတွေ
ထဲကို ဝိညာဉ်ထည့်နေတာဗျ။ လေထဲမှာ
ဆန့်ဆန့်ကြီးတွေ ဖြစ်နေတဲ့ ဝိညာဉ်တွေ
က ဖြည်းဖြည်းလေးရွေ့ပြီး နိမ့်ကျလာ
တယ်။ နောက်ဆုံး ကိုယ်တွေထဲကို ဝင်
သွားပြီး ပျောက်သွားရောဗျို့။ မဖဲဝါက
ကိုကျော်သောင်းနဲ့ မခင်မြိုင်ကို သေ
သေချာချာ ငုံ့ကြည့်ပြီး ပွဲတွေဘက်ကို
တစ်ချက်လှည့်ကြည့်တယ်။

“တာတေ၊ သူတို့ကို လာနှိုးလိုက်”

လို့ ပြောပြီး မဖဲဝါကြီး ပျောက်သွားတယ်ဗျ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ၊ အီ”

နက်ကျော်ကြီးရဲ့ အူသံကို တာမွေသင်္ချိုင်း
ထဲက ကြားလိုက်တယ်။ ကျုပ်လည်း ဘိုး
လူပေ မှာထားတဲ့အတိုင်း အသင့်ယူလာ
တဲ့ သစ်စုန်းဆေးတော်ရေစင်နဲ့ ကိုကျော်
သောင်းနဲ့ မခင်မြိုင်တို့ နှစ်ယောက်ကို
မျက်နှာတွေ တောက်ပေးလိုက်တယ်

ဟော…သတိရလာပြီဗျို့။နှစ်ယောက်စလုံး
ထထိုင်ကြတယ်။ ကျုပ်ကိုသေသေချာ
ကြည့်နေကြတယ်။ ကျုပ်က သူတို့ကို
ရယ်ပြတော့ သူတို့ကိုယ်သူတို့ ငုံ့ကြည့်
လိုက်ကြပြီး ပြုံးနေကြတယ်ဗျ။

“ဘယ်လိုတုံး မှန်သွားကြပြီလား”

“မှန်သွားပြီ” “မှန်သွားပြီ”

လို့ နှစ်ယောက်စလုံးက ပြောလိုက်ကြတယ်
ကျုပ်လည်း ဇရပ်အောက်က လူတွေကို
လှမ်းခေါ်တယ်ဗျ။

“လာကြတော့ဗျို့၊ ဒီမှာ ခင်ဗျားတို့လူတွေ
လူမှန် နေရာမှန် ဖြစ်သွားကြပြီဗျ”

လူတွေလည်း ဇရပ်ပေါ်ကို ဝမ်းသာအားရ
ပြေးတက်ကြပြီး ရယ်ရယ်မောမောနဲ့ စကား
တွေ ပြောကြတာပေါ့ဗျာ။ ကိုကျော်သောင်း
နဲ့ သူ့တပည့် မောင်ကွန့်လည်း ရယ်ကြမော
ကြပေါ့ဗျာ။

မခင်မြိုင်နဲ့ မလှမေလည်း ပြုံးလို့ဗျ။သင်္ချိုင်း
အပြင်က စောင့်နေတဲ့ ဘိုးလူပေဆီကို
ကျုပ်တို့ ထွက်လာကြတယ်။ လမ်းပေါ်မှာ
ပဲ ထိုင်ပြီး ဆရာကြီးကို ကိုကျော်သောင်းနဲ့
မခင်မြိုင်က ကန်တော့ကြတယ်။

ကျုပ်ကိုပါ ကန်တော့မယ်လုပ်လို့ မနည်းကို
တောင်းပန်ထားရတာဗျို့။ ကျုပ်နဲ့ ဘိုးလူပေ
ကို ဂျစ်ကားလေးနဲ့ ဘုန်းကြီးကျောင်း ပြန်
ပို့ပေးကြတယ်။ နောက်တစ်နေ့မှာပဲ ကျုပ်
ပြန်ခဲ့တယ်။ မြို့ရောက်တော့ ဘကြီးအိမ်
မှာ တစ်ညဝင်အိပ်လိုက်တယ်
နောက်နေ့မှ ဘန့်ဘွေးကုန်းကားစီးပြီး
ရွာကိုပြန်ခဲ့တယ်ဗျ။ အိမ်က ထွက်လာ
ပြီး ခုနှစ်ရက်မြောက်တဲ့နေ့မှာ ကျုပ်အိမ်ပြန်ရောက်ခဲ့တာပေါ့ဗျာ။

ပြီးပါပြီခဗ်ာ

စာဖတျပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ ။

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါ အုံးခဗျာ