မာယာရှင်အစွဲ

မိမိကင်မရာမျက်နှာပြင်လေးအတွင်းရှိ အစောပိုင်းကရိုက်ကူးလာသော မိန်းကလေး၏ဓာတ်ပုံလေးအားကြည့်ရင်း ပြုံးနေမိ၏။ ထိုအချိန်၌

” မောင်အောင် အိမ်ပေါ်မတက်ပဲ ကွပ်ပျစ်ပေါ်မှာ ဘာတွေကြည့်ပြီးပြုံးနေတာတုံး “

” ဟို…အယ်…ဒီလိုပါဒေါ်လေး ဓါတ်ပုံပြိုင်ပွဲအတွက် ရိုက်ကူးထားတဲ့ ပုံလေးတွေကြည့်နေတာပါ “

” ငါ့တူလေးက ဓါတ်ပုံတွေကြည့်ရင်း ပြုံးနေတယ်ဆိုတော့က … မဟုတ်မှလွဲရော မိန်းကလေးပုံတွေမဟုတ်လား “

” ဟဲ…ဟဲ ..ဟုတ်တယ်ဒေါ်လေးရေ ဒေါ်လေးပြောတဲ့မိန်းကလေးပုံပဲဗျ….မိန်းကလေးမှ တခြားမိန်းကလေးမဟုတ်ဘူး ဒေါ်လေးတို့ရွာသူပဲဗျို့.. “

” ဟေ ဟုတ်လား … အဒေါ့်ကိုပြပါအုံး  “

ဟုပြောကာ  ဒေါ်နန်းမူတစ်ယောက်လည်း တူဖြစ်သူ အောင်ကောင်းစံထံမှ ကင်မရာအားယူ၍ ကြည့်လိုက်ပြီးနောက်

” ဘယ်ဆိုးလို့လည်း ငါ့တူကရွေးတတ်သားပဲ…  ရွာရဲ့ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်ကိုမှရွေးထားတာနော် “

” ဟာ… ဒေါ်လေးကလည်း ကျွန်တော်ကဓါတ်ပုံပြိုင်ပွဲအတွက် ရွေးထားတာပါဗျ “

” အေးလေကွယ်… ဒေါ်လေးကဘာပြောနေလို့လည်း ဓါတ်ပုံပြိုင်ပွဲအတွက် ရွေးထားတယ်လို့ပဲပြောမလို့ပါ… ငါ့တူဖာသာ အိုးမလုံအုံပွင့်နေတာ… “

ဟု ဒေါ်နန်းမူမှ အောင်ကောင်းစံအား ရွှတ်နောက်နောက်ဟန်ဖြင့် ပြောလိုက်ရာ သူက

” မဟုတ်ပါဘူးဒေါ်လေးရယ် ကျွန်တော်တို့က ရိုးရိုးသားသားပါဗျာ “

” အေးပေါ့လေ… အခုတော့ရိုးရိုး နောက်တော့တစ်မျိုးတိုး ဆိုသလိုပေါ့လေ “

” ဟာ… ဒေါ်လေးကလည်းဗျာ ” ဟုဆိုကာ အောင်ကောင်းစံတစ်ယောက်လည်း ရှက်သွား၏။ ဤသို့ဖြင့် အောင်ကောင်းစံလည်း အားရင်အားသလို ရတနာယက်ကန်းခတ်နေသော လွန်းထားမေယက်ကန်းရုံလေးသို့ သွားဖြစ်လေသည်။

ရတနာသည်လည်း ဖော်ရွေပျူငှာတတ်သော အောင်ကောင်းစံအား ခင်မိလေသည်။ ဤသို့ဖြင့် တစ်နေ့၌

” ရတနာ “

” ရှင်..အစ်ကို “

” အစ်ကိုတို့ အေးအေးဆေးဆေးတစ်ရက်လောက် အပြင်မှာစကားပြောချင်တယ်ကွာ…နောက်ပြီးရတနာကိုလည်း အရေးကြီးကိစ္စပြောစရာရှိတယ် “

” အွန်း…အဲဒါကလေ “

” အဲဒါကလေ လုပ်မနေပါနဲ့ကွာ… မနက်ဖြန်ယက်ကန်းရုံသိမ်းချိန်ကြရင် ရွာထိပ်ကဘုရားမှာ ရတနာအလာကို အစ်ကိုစောင့်နေမယ်…ရတနာမလာမချင်း အစ်ကိုစောင့်နေမှာနော် “

ဟုပြောကာ အောင်ကောင်းစံတစ်ယောက်လည်း လွန်းထားမေယက်ကန်းရုံလေးမှ ထွက်ခွာသွားလေသည်။ ထိုအခါ ရတနာလည်းထွက်ခွာသွားသော အောင်ကောင်းစံ၏ ကျောပြင်လေးအား ငေးမောကြည့်နေရင်း မျက်စောင်းလေးတစ်ချက်ထိုးလိုက်ကာ

” ဟွန့်…ပြောချင်ရာပြောပြီး  ထွက်သွားပြန်ပြီ ” ဟု ညုတုတုအသံလေးဖြင့် တီးတိုးစွာပြောလိုက်လေသည်။

” ရတနာရေ မနက်ဖြန်ကြရင် ညည်းလူကြီးနဲ့သွားတွေ့မယ်ပေါ့လေ  “

” ဝတ်မှုံနော်… ဘာကိုညည်းလူကြီးလည်း အခုမှသူငယ်ချင်းအဆင့်ပဲရှိသေးတာ “

” အခုမှသူငယ်ချင်းအဆင့်ပဲ ရှိသေးတာဆိုတော့  … နောက်ဆိုရင်ချစ်သူအဆင့်ဖြစ်မှာလို့ ပြောချင်တာလား မိရတနာ… “

ဝတ်မှုံမှစနောက်လိုက်သောကြောင့် ရတနာ၏ပါးပြင်လေးနှစ်ဖက်မှာ နီမြန်းလာကာ ရှက်သွေးများဖြာလာလေသည်။

” တော်ပြီဟာ… ငါနင်တို့နဲ့စကားမပြောအားတော့ဘူး ငါ့အထည်တွေပြီးအောင် ယက်ကန်းခတ်ရအုံးမယ် “

ဟုပြောကာ ရတနာတစ်ယောက်သည်လည်း မိမိအလုပ်ဖြစ်သော ယက်ကန်းခတ်ခြင်းအား စတင်လုပ်ဆောင်လိုက်လေသည်။
+++++++++++++++++++++++++

တောင်စွယ်မှာနေကွယ်ခါနီးသော ညနေဆည်းဆာအချိန်လေး၌ နန်ဆန်ရွာထိပ်တွင်တည်ရှိသော နဂါးကြီးနှစ်ကောင်ဘုရားရှေ့ရှိ ပိတောက်ပင်ကြီးအောက်၌ အောင်ကောင်းစံတစ်ယောက်သည် ရတနာ အလာကို စောင့်နေလေ၏။ အောင်ကောင်းစံ၏ရင်ထဲ၌လည်း မိမိစောင့်မျှော်နေသော ရတနာသည် မိမိထံသို့ရောက်လာပါ့မလား။ ရတနာရောက်လာမည်ဆိုပါမူ မိမိဘက်ကအဘယ်သို့ စကားစရမည်နည်း။ အောင်ကောင်းစံ၏အတွေးထဲ၌ ရောက်ယက်ခက်နေကာ ရင်တွင်း၌လည်း နှလုံးခုန်သံများ မြန်လာလေသည်။ ဤသို့ဖြင့် အောင်ကောင်းစံ၏မြင်ကွင်းထဲသို့ အစိမ်းနုရောင်ဝမ်းဆက်လေးအား ဝတ်ဆင်လာပြီး ပါးပြင်မို့မို့လေးတွင် ပါးကွက်ကြားလေးကွက်ထားသော မိန်းမပျိုလေးတစ်ဦး ဝင်ရောက်လာလေသည်။ ထိုမိန်းကလေးက

” အစ်ကို စောင့်နေတာကြပြီလား “

” မကြာသေးပါဘူး ရတနာရယ်…အကိုကတွေ့ချင်သူဆိုတော့လည်း စောင့်ရတာပေါ့ “

” အွန်းပါ… အစ်ကိုရတနာကို ပြောစရာရှိတယ်ဆို “

” ဟုတ်တယ်ရတနာ အစ်ကိုသိပ်အရေးကြီးတဲ့ စကားတစ်ခွန်းပြောချင်လို့ “

” ဒါဆိုလည်း ပြောလေအစ်ကို “

” အစ်ကိုလေ.. ရတနာ..ရတနာကို… သိပ်ချစ်မိနေပြီကွယ် “

” အို..အစ်ကိုကလည်း တွေ့တာမှမကြာသေးဘူး…ချစ်စကားကြိုက်စကား ပြောနေပြီ “

” ရတနာရယ် တွေ့တာမကြာသေးဘူးဆိုပေမဲ့ အစ်ကို့မေတ္တာက စစ်မှန်ပါတယ်ကွာ… ရတနာကိုစတွေ့ထဲက မြင်မြင်ခြင်းစွဲလမ်းမိတာပါကွာ “

” ဟွန့် ..မယုံရဲပါဘူးနော်… အကို့လိုမြို့ကြီးသားကို “

ဟုပြောကာ ရတနာလည်း ချစ်မျက်စောင်းလေးအား သဲ့သဲ့လေးထိုးလိုက်လေသည်။

” ရတနာရယ်  မြို့ကြီးသားမို့ မချစ်ရဘူးတဲ့လား… မြို့ကြီးသားတွေလည်း ချစ်တတ်တဲ့နှလုံးသားလေး ရှိပါတယ်ကွာ…”

” အစ်ကိုကပြောတာပဲ မြို့မှာချစ်သူတွေကျန်ခဲ့ရင် ဘယ်လိုလုပ်မလဲ… အဲဒီကြမှရတနာက တစ်ယောက်ထဲ မလွမ်းပိုလေးဖြစ်နေရမှာရှင့်.. “

ရတနာတစ်ယောက်လည်း မခူးဆွတ်ခင်ကအကိုင်းညွှတ်ချင်နေသော အသီးပမာ ရေလာမြောင်းပေးလိုက်လေသည်။

” အဲဒါတော့ စိတ်ချရတနာ…အစ်ကို့မှာဘာချစ်သူမှမရှိပါဘူးကွာ…အစ်ကိုကရတနာကိုလေ မိုးမြေမကတဲ့ မေတ္တာမျိုးနဲ့ ရိုးမြေကြသည်ထိ ချစ်နေမှာပါ “

” ဟွန့်… အစ်ကိုကစကားတတ်တယ်နော် … အဲလို စကားတတ်လို့လည်း အစ်ကို့ကိုမယုံရဲတာ “

” စကားတတ်တာ မဟုတ်ပါဘူးကွာ..အစ်ကိုကချစ်တတ်တာပါနော် “

” အွန်းပါ… ရတနာစဉ်းစားပေးမယ်လေ “

” ရတနာ ….”

” ရှင့်… “

” အစ်ကို့ကို  … မချစ်ဘူးလားဟင် “

” ချစ်တာပေါ့လို့ “

” ရတနာတကယ်ပြောတာနော် “

” ဟာ…အစ်ကိုလူလည်လုပ်တယ်ကွာ…ရတနာက နောက်မှအဖြေပေးမလို့ကို….သွားလူလည်ကြီး “

ဟုပြောကာ ရတနာတစ်ယောက်လည်း မိမိရဲ့သေးငယ်သော လက်သီးဆုပ်လေးဖြင့် အောင်ကောင်းစံ၏ရင်ဘတ်အား ခပ်ဖွဖွလေးထုလိုက်လေသည်။ အောင်ကောင်းစံလည်း မိမိရင်ဘတ်အား လာထုသော ရတနာလက်ကလေးအား လှမ်းဖမ်းလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ရတနာကိုယ်လေးအား စွေ့ကနဲနေအောင် သိမ်းဖက်လိုက်လေသည်။

” အစ်ကို ဖြေးဖြေးဖက်ကွာ… အသက်ရှုကြပ်လာပြီ… လူတွေမြင်ကုန်ရင် မကောင်းဘူးနော် “

” ရတနာရယ် အစ်ကိုသိပ်ပျော်သွားလို့ပါကွာ “

” အစ်ကို …တစ်ခုပြောမယ်နော်…ရတနာကအဖြေကို လွယ်လွယ်ပေးလိုက်လို့ အညှာလွယ်တဲ့မိန်းကလေးလို့ မသတ်မှတ်လိုက်ပါနဲ့နော် “

အောင်ကောင်းစံ၏ ရင်ခွင်အတွင်းရောက်နေသောရတနာမှ  အားငယ်သောအသံလေးဖြင့်  ပြောလိုက်ခြင်းပင်ဖြစ်လေသည်။

” ရတနာလေးရယ် ပေါက်တီးပေါက်ရှာကွာ…အစ်ကိုက ရတနာလေးကို တန်ဖိုးထားပြီး မြတ်နိုးရသူပါ… ရတနာလေးကို အကိုဘယ်လောက်ချစ်လည်းဆိုရင် *ကို့ရဲ့အချစ်တွေကို ကမ္ဘာမြေပြင်မှာ ဖြန့်ကျက်ထားမယ်ဆိုရင် * ကြယ်ကြွေစရာနေရာတောင် ရှိမှာမဟုတ်ပါဘူးကွာ “

” တော်ပါ အဲဒီအပြောတွေနဲ့ … ဒီကလူကိုအရည်ပျော်အောင်လုပ်နေတာ “

” ဘယ်နားတွေ အရည်ပျော်ကုန်တာလည်း ရတနာ… “

” အကိုနော်… မညစ်ပတ်နဲ့ကွာ.. ဟီး…ဟီး… “

အောင်ကောင်းစံတို့ ချစ်သူနှစ်ဦးကြည်နူးနေခိုက် မလှမ်းမကမ်း၌ အမျိုးသမီးတစ်ဦးရောက်ရှိနေ၏။ ထိုအမျိုးသမီးမှ

” ကောင်မ နန့်ကိုနန့်တယ် … တကယ်ဆို အစ်ကိုအောင်က ငါ့အတွက်ဖြစ်ရမှာ “

ဟုတစ်ယောက်ထဲတီးတိုးပြောကာ မနာလိုဟန်ပါသောအမူရာဖြင့် ခြေထောက်အားဆောင့်ကာ ထိုနေရာမှ ထွက်ခွာသွားလေသည်။ ထိုအမျိုးသမီးသည် မည်သူနည်း….။
ဤသို့ဖြင့်ရက်အနည်းငယ်ကြာသော်…

” ရတနာ ညည်းနဲ့ညည်းလူကြီးက ချစ်သူတွေဖြစ်သွားပြီမဟုတ်လား “

ဝတ်မှုံရဲ့အမေးကြောင့် ရတနာတစ်ယောက်လည်း သူခိုးလူမိသလို ဖြစ်သွားလေ၏။

” အယ်… ဟိုလေ ငါနဲ့အစ်ကိုက ချစ်သူတွေဖြစ်သွားပြီဟ “

” အဲမယ်.. မိန်းမ. . ဒါမျိုးကြတော့ လက်သွက်တယ်နော်.. ကျမတို့တောင်အခုမှ သိရတယ် “

” အဲလိုလည်းမဟုတ်ပါဘူးဟာ…ငါလည်းနင်တို့ကိုပြောပြမလို့ပါပဲ “

” ထားပါတော့ မိရတနာရယ်…ဒါနဲ့ညည်းလူကြီးအခြေနေ ဘယ်လိုရှိလဲ “

” အစ်ကိုက ငါ့ကိုသိပ်ချစ်တယ်ဟ …ပြီးတော့ငါ့ကိုလည်း ဂရုစိုက်တယ် “

” အဲဒါမျိုးကြားရတော့ ဝမ်းသာတယ်မိရတနာရေ…ညည်းလူကြီးနဲ့ယူပြီးသွားလို့ မြို့ကိုလိုက်သွားရရင်တော့ ကျုပ်တို့တော့လွမ်းရအုံးမယ် “

ရတနာလည်း သူငယ်ချင်းဖြစ်သူဝတ်မှုံရဲ့စကားကြောင့် အနည်းငယ်ဝမ်းနည်းသွား၏။

” ဝတ်မှုံရယ်… ငါ အစ်ကိုနဲ့ယူပြီးလည်း ဒီရွာလေးမှာပဲနေမှာပါဟာ “

” ဒါဆိုရင်ကောင်းတာပေါ့ ..ညည်းတို့ယူပြီးလို့ သားလေးမွေးရင် ယောက္ခမတော်မယ်လေ ဟား ဟား  “

လွန်းထားမေယက်ကန်းရုံလေးမှာ ရီမောသံလေးများဖြင့် စိုပြေသွားလေသည်။ ၎င်း ယက်ကန်းရုံလေးမှာ မရီမောနိုင်သူတစ်ဦးရှိလေ၏။ ဤသိုဖြင့် ကာလအနည်းငယ်ကြာသောအခါ ရတနာနှင့်အောင်ကောင်းစံတို့ မေတ္တာမျှနေကြောင်းအား နှစ်ဖက်မိဘများသိသွားကြကုန်၏။ နှစ်ဖက်မိဘများလည်း ၎င်းတို့ချစ်သူနှစ်ဦးအား သဘောတူကြလေသည်။ သို့ဖြစ်ပါသောကြောင့် ရတနာတို့ချစ်သူနှစ်ဦးမှာလည်း အပျော်ကြီးပျော်နေ၏။အဘယ်ကြောင့်ဆိုသော် မိမိချစ်ရပါသော ချစ်သူလေးနှင့်အတူ ပေါင်းဖက်ခွင့်ရခြင်းမှာ မိမိအတွက် လောကနိဗ္ဗာန်ပင်။ အောင်ကောင်းစံနှင့်ရတနာတို့သည်ကား သစ္စာတိုင်ကဗျာလေးထဲကလို

* ဒီတောင်ရိုး ကဒီတောင်ရိုး ကျားဆိုးပေါရဲ့…မောင့်အချစ် မျှစ်ချိုးလိုက်ခဲ့ *

ဆိုသလို ချစ်သူနှစ်ဦးတို့သည် လောကဓံတရားကြီးရှစ်ပါးကို အံတုကာ စစ်မှန်သောချစ်ခြင်းများဖြင့် ချစ်ကြလေသည်။ ထိုချစ်သူနှစ်ဦးထံသို့ မမျှော်လင့်သောအကြောင်းအရာတစ်ခု ပေါ်ပေါက်လာ၏။

” ရတနာရေ နင့်ကိုငါပြောစရာတစ်ခုရှိတယ် “

” ဟုတ်အမရွှေရည် ပြောလေအစ်မ “

” နင်..အရီးနန်းမူတူ အောင်ကောင်းစံနဲ့ ယူတော့မှာဆို “

” ဟုတ်တယ်လေ အစ်မရွှေရည်ရဲ့.. အဲဒီကိစ္စဖေဖေမေမေတို့လည်း သဘောတူထားတယ်လေ “

” အဲဒီကိစ္စကိုပဲပြောမလို့ ရွှေရည်ရေ…ငါပြောသင့်မပြောသင့် စဉ်းစားနေတာ “

” အစ်မရွှေရည်ရယ် ပြောမှာသာပြောစမ်းပါ…ညီအစ်မတွေပဲဟာကို “

” အေး ဒါဆိုငါပြောမယ်…နင့်ချစ်သူအောင်ကောင်းစံကလေ မြို့မှာသူရဲ့တိတ်တိတ်ပုန်း မယားရှိတယ်တဲ့ဟ “

” ရှင်… “

အမဝမ်းကွဲဖြစ်သူ ရွှေရည်ရဲ့စကားကြောင့် ရတနာတစ်ယောက် ငိုင်သွားလေသည်။ ရတနာ မျက်ဝန်းအိမ်၌လည်း မျက်ရည်စလေးများ ထွက်စပြုလာကာ

” အစ်မရွှေရည်ရယ် ဟုတ်ပါ့မလား…အစ်ကိုက အဲလိုလူစားမျိုးမဟုတ်ပါဘူး “

” မဟုတ်ပဲနဲ့ပြောပါ့မလား ငါကနင့်အစ်မပါဟာ… နင်နစ်နာမဲ့အလုပ်မျိုး ငါကလုပ်ပါ့မလားရတနာရယ်… “

” အွန်းပါအစ်မရယ်  …ဒါနဲ့အစ်မက ဒီအကြောင်းတွေကို ဘယ်လိုသိတာလဲဟင် “

” ရန်ကုန်မှာနေတဲ့ ငါ့သူငယ်ချင်းဆီကသိရတာ …နင်နဲ့အောင်ကောင်းစံ စကြိုက်ထဲက ငါအောင်ကောင်းစံကို မသင်္ကာတာနဲ့ သူ့ရဲ့အကြောင်းတွေကို စုံစမ်းထားတာရတနာရဲ့ “

ရတနာလည်း အစ်မဖြစ်သူရွှေရည်ထံမှ မမျှော်လင့်ထားသော အောင်ကောင်းစံ၏ အကြောင်းအရာများအား  ကြားလိုက်ရသဖြင့် ဝမ်းနည်းသွားကာ ဖျော့တော့သောလေသံလေးဖြင့်

” ဒါဆို အစ်မရွှေရည်… ဒီကိစ္စကတကယ်ပေါ့နော် “

” သြော် ရတနာရယ်… ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကြီးနဲ့ပါလား ဆိုသလိုဖြစ်နေပြန်ရောလား ငါ့ညီမရယ် “

ရတနာတစ်ယောက်လည်း မိမိချစ်သူမှာနောက်ဇာတ်လမ်းတွေ ရှိနေပြီဟူသော သတင်းကို အမဖြစ်သူထံမှ ကြားသိလိုက်ရသဖြင့် ရင်တွင်း၌နှလုံးသားများ ကြေကွဲကာ ဟန်မဆောင်နိုင်တော့ဘဲ အစ်မဖြစ်သူရွှေရည်ရဲ့ ရင်ခွင်အတွင်းသို့တိုးဝင်ကာ

” ဟီးးးး….ဟီး….ဟီး..အသ်ကိုရက်စက်တယ်… ရတနာအပေါ်လုပ်ရက်တယ်… ဟီး..ဟီး..ဟီး “

ဖြင့် ငိုကြွေးလေသည်။ ထိုအခါရွှေရည်မှ

” ညီမလေးရယ် ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့… အခုလိုစောစောစီးစီးသိရတာ ညီမလေးကံကောင်းတာပေါ့…ဒီလိုသစ္စာမရှိတဲ့လူအတွက် မငိုပါနဲ့ကွယ်…ငါ့ညီမလေးမျက်ရည်နဲ့မထိုက်တန်ပါဘူး… “

ရွှေရည်လည်း မိမိရင်ခွင်အတွင်း၌ ငိုကြွေးနေသောညီမဖြစ်သူ ရတနာအားနှစ်သိမ့်လေသည်။

” အစ်မရွှေရည် ညီမလေ အဲဒီလိုသစ္စာမရှိတဲ့သူနဲ့ မပတ်သတ်ချင်တော့ဘူး… “

” အေးပါ ညီမလေးရယ် “

ရွှေရည်လည်း ရတနာအားနှစ်သိမ့်ပေးနေရင်း… ကောက်ကျစ်သော အပြုံးတစ်ခုအား ဖန်တီးလိုက်လေသည်။ ထိုအပြုံးအား ရတနာတစ်ယောက် မသိလိုက်ပေ။ ဤသို့ဖြင့် နေ့တစ်နေ့၏ ညနေစောင်းတစ်ခု၌ နန်ဆန်ရွာထိပ်၏ ပိတောက်ပင်ကြီးအောက်၌ လူနှစ်ယောက် စကားအခြေအတင်ပြော၍ စကားများနေလေသည်။ ထိုသူနှစ်ယောက်သည်ကား အောင်ကောင်းစံနှင့်ရတနာတို့ပင်ဖြစ်လေသည်။

” အစ်ကိုနဲ့ရတနာနဲ့ ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဘူး…ရတနာက သစ္စာမရှိတဲ့လူဆို သိပ်ရွံတာ “

” ရတနာ မင်းပြောတာတွေ အစ်ကိုနားမလည်ဘူး…အစ်ကိုက ရတနာမကြိုက်တာတွေ ဘာတွေများလုပ်နေမိလို့လည်း “

” ကို့အကြောင်းကိုသိပေါ့ ဖြစ်ပြီးသားတွေကို ပြန်မပြောချင်တော့ဘူး…ရတနာတို့ရဲ့အချစ်ဇာတ်လမ်းကို ဒီနေရာမှာတင် ကလာကာချခဲ့ပြီ… နောက်နောင်ကို ရတနာနဲ့လာမပတ်သက်ပါနဲ့တော့ “

” ရတနာ မင်းဘာတွေဖြစ်နေတာလဲ…မင်းပြောတာတွေ တစ်ခုမှနားမလည်တော့ဘူးကွာ …ရူးချင်တာပဲသိတယ် “

ရတနာတစ်ယောက်လည်း အောင်ကောင်းစံအား စကားဆက်မပြောတော့ပဲ ထိုနေရာလေးမှ လှည့်ထွက်လာခဲ့လိုက်သည်။
ထိုကိစ္စများဖြစ်ပြီးနောက် ရတနာတစ်ယောက်သည်လည်း စိတ်ထောင်းလို့ကိုယ်ကြေဆိုသလို မစားနိုင်မသောက်နိုင်ဖြင့် ပိန်လှီလာလေသည်။
အတိတ်ကပျော်ရွှင်ခဲ့ဖူးသော ပုံရိပ်များအားပြန်လည်တွေးတောရင်း ပြုံးပျော်လာသလို မိမိအပေါ်သစ္စာဖောက်မှူအား ပြန်လည်တွေးတောရင်း ဝမ်းနည်းကာငိုကြွေးမိလာ၏။မချစ်ခဲ့ဖူးသောအချစ်မျိုးဖြင့် ချစ်ခဲ့မိတာမို့ ရူးမတတ်ခံစားရလေသည်။ ရတနာတစ်ယောက် ထိုသို့ခံစားနေရာသည်ကို မကြည့်ရက်နိုင်သူတစ်ဦးရှိလေသည်။ ထိုသူသည် တစ်ခြားမဟုတ် ရတနာသူငယ်ချင်းဝတ်မှုံပင်ဖြစ်လေသည်။

” ရတနာ နင်နဲ့ကိုအောင်ကောင်းစံတို့ ဘယ်ဖြစ်ကြတာလဲ… ငါ့ကိုပြောပြစမ်းပါဟာ “

” ငါ ပြန်မပြောချင်တော့ဘူး ဝတ်မှုံရယ်…ပြန်တွေးမိတိုင်း ရင်တွေနာတယ်ဟာ… “

” ရတနာရယ် အဲလိုလည်းမဟုတ်သေးဘူးလေဟာ… နင်ပြောပြမှ ငါတို့ကပြသနာအကြောင်းအရင်းကိုသိရမှာလေ…အဲတာမှငါတို့က နင့်ကိုကူညီလို့ရမှာလေသူငယ်ချင်းရဲ့ “

ဝတ်မှုံရဲ့အမေးအား ရတနာတစ်ယောက် အချိန်အတန့်ကြာအောင် စဉ်းစားလိုက်ပြီးမှ

” အကို ငါ့အပေါ်သိပ်ရက်စက်ဟာ…”

ဆိုပြီး ရတနာလည်းဖြစ်ပုံ အစအဆုံးကို ဝတ်မှုံအား ရှင်းပြလိုက်လေသည်။

” ရတနာ… နင်ပြောပုံအရဆိုရင် ဒီကိစ္စကမရိုးရှင်းဘူးဟ …ငါစုံစမ်းကြည့်ပါအုံးမယ်ဟာ “

ဝတ်မှုံလည်းရတနာအား နှစ်သိမ့်ပြီးနောက် မိမိအိမ်သို့ပြန်လာလိုက်လေသည်။ ဤသို့ဖြင့် သုံးရက်လောက်ကြာသောအခါ ဝတ်မှုံတစ်ယောက် ရတနာထံသို့ပြန်လည်ရောက်ရှိလာ၏။

” ရတနာ ငါအကုန်စုံစမ်းပြီးပြီ… နင်သိထားတာတွေအကုန်လုံးက အမှန်တွေမဟုတ်ဘူး
…ဒီကိစ္စတွေအားလုံးက သူတမင်ကြံစည်ထားတာတွေပဲ “

” ဟင်… လုပ်ရက်လိုက်ကြတာဟာ “

ရတနာတစ်ယောက် ဝတ်မှုံထံမှ မမျှော်လင့်ထားသော ကိစ္စတစ်ခုအားသိလိုက်ရ၏။

” ရတနာ ဒီကိစ္စကိုဒဲ့ရှင်းကြမယ် “

” ဟုတ်တယ်ဝတ်မှုံ …ဒီကိစ္စကိုနင်ပြောသလိုဒဲ့ရှင်းရမယ်… ငါ့ကိုလိမ်တာ ငါအမုန်းဆုံးပဲ “

ဟုဆိုကာ ရတနာလည်းဝတ်မှုံကိုခေါ်ကာ နေရာတစ်ခုဆီသို့ ဦးတည်၍ထွက်လာခဲ့လိုက်သည်။ ထိုနေရာသို့အရောက်

” အမရွှေရည် ဘာလို့အခုလိုလုပ်ရတာလဲ”

” ငါက ဘာလုပ်လို့လဲ ညီမလေး”

” အမရွှေရည်က သိပ်ဟန်ဆောင်ကောင်းတာပဲ…ရတနာနဲ့အောင်ကောင်းစံတို့ကို ကွဲအောင်လို့ အမကုန်းချောတာလေ “

” ဝတ်မှုံ နင့်စကားကိုဆင်ခြင်ပြီးပြော…  ငါက ဘာကိုကုန်းချောလို့လဲ”

” အမက အခုထိဝန်မခံသေးဘူးကို… ကျမ အောင်ကောင်းစံအကြောင်းကို အကုန်စုံစမ်းပြီးပြီ… အောင်ကောင်းစံမြို့မှာ ဘာတိတ်တိတ်ပုန်းမယားမှမရှိဘူး… နောက်ပြီး မြို့မှာလည်း အမရွှေရည်သူငယ်ချင်းဆိုတာ မရှိဘူး….. အမဘာငြင်းမလည်း “

ဝတ်မှုံလည်း ရတနာအစားဒေါသထွက်ကာ ဝင်ပြောလိုက်ခြင်းဖြစ်လေသည်။

” ဟား ..ဟား ..ဟား …နင်တို့ကသိပြီးပြီဆိုတော့လည်း ဝန်ခံရတာပေါ့… ဟုတ်တယ်ဟာ ငါတမင်လီဆယ်ပြီးပြောတာဟာ “

” အမရွှေရည်ညီမအပေါ် ဘာလို့အခုလိုတွေလုပ်ရတာလဲ  “

” ဘာလို့လုပ်ရတာလည်း ဟုတ်လား… နင်လည်း အောင်ကောင်းစံကိုချစ်သလို …ငါလည်းအောင်ကောင်းစံကိုချစ်တယ်ဟ… နင်ကတော့ အောင်ကောင်းစံနဲ့အတူပေါင်းဖက်ရပြီး ငါကတော့ အောင်ကောင်းစံနဲ့ဝေးရမှာလား…ငါနဲ့အောင်ကောင်းစံဝေးရသလို နင်နဲ့အောင်ကောင်းစံလည်း မညားစေရဘူးဟဲ့ မိရတနာရဲ့… “

” သွားပြီ…. အမရွှေရည်ရူးသွားပြီ…အမရွှေရည်ရဲ့အတ္တတွေကြောင့် ညီမသံယောဇဉ်ကိုတောင်မထောက်ဘူး..ညီမအပေါ်လုပ်ရက်တယ်…
အမရွှေရည်ကို ညီမတစ်ခုပြောခဲ့မယ်.. အချစ်ဆိုတာလုပ်ယူလို့ရတဲ့ အရာမဟုတ်ဘူး အဲတာကို အမ မသေမခြင်းမှတ်ထားပါ… နောက်ပြီး ရတနာနဲ့အကိုကြားကို အမရွှေရည်ဘယ်လိုပဲ ဂုန်းချောဂုန်းချော ညီမတို့ရဲ့ချစ်ခြင်းတရားတွေက ဘယ်တော့မှပျက်ပျယ်သွားမှာမဟုတ်ဘူး “

ရတနာလည်း  ဒေါသထွက်ကာထိုသို့ပြောလိုက်၏။

” မကြားချင်ဘူးဟာ… မကြားချင်ဘူး… နင်တို့နှစ်ယောက် ဘယ်တော့မှ မပေါင်းစေရဘူး.. “

ရွှေရည်တစ်ယောက် အရူးတစ်ပိုင်းဖြစ်သွား၏။ ရတနာနှင့်ဝတ်မှုံလည်း မိမိပြောချင်တာများ ပြောပြီးသွားပြီဖြစ်သဖြင့် ထိုနေရာမှ လှည့်၍ထွက်လာခဲ့လိုက်သည်။ ရတနာတစ်ယောက်လည်း အဖြစ်မှန်များသိသွားပြီးနောက် အောင်ကောင်းစံနှင့် အရင်လိုချစ်သူဘဝသို့ ပြန်လည်ရောက်ရှိသွားလေသည်။ အောင်ကောင်းစံသည်လည်း ရတနာနှင့်ဝေးရမည်စိုးသဖြင့် မင်္ဂလာဆောင်ဖို့အတွက် ရတနာအား နားပူနားဆာလုပ်လေသည်။ ရတနာလည်း အောင်ကောင်းစံနှင့်မခွဲနိုင်တော့သဖြင့် အောင်ကောင်းစံ၏သဘောအတိုင်း လက်ထပ်ဖို့ကိုသဘောတူလိုက်လေသည်။

ဤသို့ဖြင့် မင်္ဂလာဆောင်ခါနီး ၃ရက်အလို၌ ရတနာတစ်ယောက်

” အား…ကျွတ်  ..ကျွတ်… ခေါင်းတွေကိုက်လိုက်တာ သေပါပြီ “

” အမေရေ ကယ်ပါအုံး… သမီးခေါင်းတွေကွဲထွက်တော့မယ် “

” အမယ်လေး သေပါပြီတော့ “

ရတနာ၏နာကျင်စွာအော်ဟစ်နေသော အသံကြောင့် ရတနာ၏မိဘများသည်လည်း ပြာပြာသလဲဖြစ်သွားကာ ဆေးဆရာများအားအပြေးအလွှားသွားပင့်လေသည်။ ဆေးဆရာများအား အိမ်သို့ရောက်အောင်ပင့်နိုင်ခဲ့သော်လည်း အချည်းနှီးသာဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းဆေးဆရာများသည် ရတနာ၏ခေါင်းကိုက်ဝေဒနာအား ပျောက်အောင်မကုနိုင်ကြသောကြောင့်ပင်။မင်းအောင်တို့ဆရာတပည့်နှစ်ယောက်သည်လည်း ရှမ်းပြည်တစ်ခွင်၌ လှည့်လည်သွားလာရာ နောက်ဆုံး၌ နန်ဆန်ရွာလေးသို့ရောက်လာလေသည်။

” ဆရာ … ဒီစေတီတော်လေးက သပ္ပါယ်လိုက်တာနော် “

ကျွန်တော်လည်း ပြည့်ဖြိုးညွှန်ပြသော စေတီ
တော်လေးအားကြည့်လိုက်ရာ စေတီတော်၏ အဝင်မုခ်ဦး ဘေးတစ်ဖက်တစ်ချက်တွင်ကား ကြီးမားသောနဂါးရုပ်ထုများအား ထုလုပ်ထားသည်ကို တွေ့မြင်လိုက်ရလေသည်။ ထို့နောက် ကျွန်တော်နဲ့ပြည့်ဖြိုးလည်း ၎င်းမုခ်ဦးလေးမှတဆင့် စေတီတော်ဆီသို့ လျှောက်လာလိုက်ပြီး စေတီတော်အား ဦးသုံးကြိမ်ချ၍ ကန်တော့လိုက်လေသည်။

” ချလွင်…ချလွင် “

စေတီတော်၏ထီးတော်တွင် ချိတ်ဆွဲထားသော ဆွဲလည်းသံများလည်း လေတိုက်တိုင်းသာယာစွာထွက်ပေါ်လာလေသည်။ ၎င်းဆွဲလည်းသံများ ကြားလိုက်ရသောအခါ ကျွန်တော်တို့ရင်ထဲ၌ အေးချမ်းသွား၏။

” ပြည့်ဖြိုးရေ တို့ဆရာတပည့်တွေ ဒီစေတီတော်လေးမှာပဲ ပုတီးစိပ်ကြရအောင် “

” ဟုတ်ကဲ့ဆရာ “

ဆိုပြီး ပြည့်ဖြိုးလည်း လွယ်အိတ်ထဲကပုတီးအား ထုတ်ယူလိုက်ကာ စေတီတော်ရဲ့ ရင်ပြင်ပေါ်၌ ပုတီးစိပ်ရန်နေရာယူလိုက်၏။ ကျွန်တော်လည်းထိုနည်းတူ ပုတီးစိပ်ရန် နေရာယူလိုက်ပြီး ပုတီးစိပ်ခြင်းလုပ်ငန်းအား စတင်လိုက်လေသည်။ ဤသို့ဖြင့် ပုတီးသုံးပတ်လောက်ရောက်သောအခါ ကျွန်တော်နားစည်အတွင်းသို့ အသံတစ်ခုရိုက်ခတ်လာ၏။ထိုအသံသည်ကား

” အမယ်လေး သေပါပြီအမေရယ်… သမီးခေါင်းတွေကွဲထွက်တော့မယ် သမီးကိုကယ်ပါအုံး “

ဟုဆိုသော မိန်းမငယ်လေးတစ်ယောက်၏ နာကျင်စွာအော်ဟစ်နေသော အသံအား ကြားလိုက်ရလေသည်။ ကျွန်တော်လည်း စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး ပုတီးအား စိတ်နစ်၍စိပ်လိုက်လေသည်။ ခနအကြာ၌

” ဒေါက်… ဒေါက် ..ဒေါက် “

အသံနဲ့အတူ တောင်ဝှေးတစ်ချောင်းအားထောက်ကာ ဘုရားရင်ပြင်ပေါ်သို့ အဖိုးအိုတစ်ဦး တက်လာလေသည်။ ၎င်းအဖိုးအိုမှ ကျွန်တော့်အား

” ဆရာလေးတို့ကို အဖိုးအကူညီတစ်ခုလောက် တောင်းပါရစေ “

” ပြောပါအဖိုး “

”  အဖိုးက ဒီရွာရဲ့ရွာတော်ရှင်ပါ…ဒီဘုရားရှေ့ကပိတောက်ပင်မှာနေတာပါ. .. ဆရာလေးတို့ကို အကူအညီတောင်းချင်တာက ဒီရွာထဲကရတနာဆိုတဲ့ ကလေးမလေးကို ကဝေမတစ်ယောက်က ပြုစားထားတာ.. အခုဆိုရင် အသက်အန္တာရယ်စိုးရိမ်ရတဲ့ အခြေနေကိုရောက်နေပါပြီ…  အဲဒါ ဆရာလေးတို့အနေနဲ့ ကူညီကယ်တင်ပေးပါလို့ အဖိုးကမေတ္တာရပ်ခံပါတယ် “

” ရပါတယ်အဖိုး ကျွန်းတော်တို့ရဲ့တာဝန်က ၇ရက်သားသမီးတွေကို ကယ်တင်ဖို့ပါပဲ … ဒါနဲ့ ကျွန်တော်တို့က အဲဒီလူနာကိုဘယ်လိုဆက်သွက်ရမှာလည်းအဖိုး “

” အဲဒီကိစ္စအတွက်  ဆရာလေးတို့ဘာမှမပူပါနဲ့… အဖိုးအကုန်စီစဉ်ထားပြီးပါပြီ “

” ကောင်းပါပြီ အဖိုး “

ကျွန်တော်လည်း ထိုသို့ပြောလိုက်ရော တောင်ဝှေးကိုင်ထားတဲ့အဖိုးအိုကလှိုက်လှဲစွ ာပြုံးလိုက်ပြီး  ကျွန်တော့်မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။ ၎င်း အချင်းအရာများသည် ကျွန်တော့်အရုံအတွင်း၌ ဖြစ်ပေါ်သွားသော ကိစ္စများပင်ဖြစ်လေသည်။ ထို့နောက် ကျွန်တော်လည်း ပုတီးစိပ်ခြင်းအား ရပ်နားလိုက်လေသည်။ ပြည့်ဖြိုးကို ကြည့်လိုက်တော့ ပြည့်ဖြိုးလည်းပုတီးဖြုတ်ပြီးနေပြီ ဖြစ်လေသည်။

” ပြည့်ဖြိုးရေ ငါတို့တော့အလုပ်တစ်ခုပေါ်ပြီကွ “

” ဟုတ်လား ဆရာ “

” ဟုတ်တယ်ပြည့်ဖြိုး  ဒီတစ်ခါကုသရမဲ့လူနာက ကဝေပြုစားခံထားရတာပဲ “

ကျွန်တော်နှင့်ပြည့်ဖြိုး စကားပြောနေခိုက် စေတီတော်ရင်ပြင်ပေါ်သို့ မိန်းမငယ်တစ်ဦးတတ်လာကာ

” အစ်ကိုတို့က အထက်လမ်းဆရာလေးတွေလားဟင် “.

” ဟုတ်ပါတယ်ညီမ… ဒါနဲ့ညီမက….”

” ဒီလိုပါဆရာလေးတို့ …ညီမကို အိမ်မက်ထဲမှာ ရွာတော်ရှင်အဖိုးက .. သမီးသူငယ်ချင်းခံစားနေရတဲ့ ရောဂါဝေဒနာတွေကို ပျောက်စေချင်ရင် … ရွာထိပ်ကဘုရားမှာ  ရောက်နေတဲ့ ဆရာလေးတွေကို သွားပင့်ချေလို့ပြောလို့ပါ…”

” သြော် အဲသလိုကို … ဒါနဲ့ညီမနာမည်က “

” ညီမနာမည်က ဝတ်မှုံလို့ခေါ်ပါတယ်. .. နေမကောင်းဖြစ်နေတဲ့သူက ညီမသူငယ်ချင်းရတနာပါ..
ဖြစ်ပုံက……… အဲသလိုပါပဲဆရာလေးရယ် “

ဝတ်မှုံတစ်ယောက်လည်း မိမိသူငယ်ချင်းရတနာတစ်ယောက် ရောဂါဝေဒနာ ခံစားနေရပုံအကြောင်းကို မင်းအောင်တို့ဆရာတပည့်နှစ်ယောက်အား အသေးစိပ် ရှင်းပြလိုက်လေသည်။

” ညီမပြောပုံအရဆိုရင်  လူနာအတွက်အသက်အန္တာရာယ် စိုးရိမ်ရတယ် “

” ရှင်… ဆရာလေးတို့ ညီမသူငယ်ချင်းကို ကယ်ပေးပါအုံးနော် …ဆရာလေးတို့ ကယ်ပေးပါနော် “

” စိတ်ချပါညီမ  အကိုတို့ညီမသူငယ်ချင်းကို ကယ်ပေးမှာပါ… ညီမ စိတ်အေးအေးထားပါ “

” ဟုတ်ကဲ့ပါ ဆရာလေးရယ်… ကျေးဇူးတင်ပါတယ်နော် “

ဝတ်မှုံတစ်ယောက်လည်း သူငယ်ချင်းဖြစ်သူရတနာအား ကုသရန်အတွက် မင်းအောင်တို့ဆရာတပည့်နှစ်ယောက်အား ရတနာအိမ်သို့ ပင့်သွားလေသည်။ ရတနာအိမ်သို့ရောက်သောအခါ

” အရီးရေ ..အရီး.. ရတနာအတွက် သမီး ဆရာတွေပင့်လာတယ် “

” အေး သမီးဝတ်မှုံရေ….
ဒီကဆရာလေးတို့လည်း အိမ်ပေါ်ကိုကြွကြပါ “

အိမ်ရှင်ဖြစ်ဟန်တူသောအမျိုးသမီးမှ အိမ်ပေါ်သို့တက်ရန် ပြောလိုက်သဖြင့် ကျွန်တော်နှင့်ပြည့်ဖြိုးလည်း အိမ်ပေါ်သို့တက်လိုက်လေသည်။ အိမ်ပေါ်သို့ရောက်သောအခါ အိမ်၏အရှေ့ခန်း၌ လဲလျောင်းနေသော မိန်းမငယ်တစ်ဦးအား တွေ့လိုက်ရ၏။

” ဆရာလေးတို့ ထိုင်ကြပါ “

ဆိုပြီး  အမျိုးသမီးမှ ကျွန်တော်တို့ထိုင်ဖို့ဘုရားခန်း၌ ဖျာများခင်းပေးလေသည်။ ကျွန်တော်တို့လည်း ၎င်းဖျာပေါ်၌ထိုင်လိုက်ပြီး

” ” ဒီကအရီးက လူနာနဲ့ဘယ်လိုပတ်သတ်တာလည်းဗျ “

” အရီးက လူနာရဲ့အမေပါကွယ် “

” ဟုတ်ကဲ့ပါအရီး…အရီးသမီးအခုလိုခံစားနေရတာတွေက သွေးရိုးသားရိုးမဟုတ်ဘူးဗျ …ပရောဂါဖြစ်နေတာ “

” ဟုတ်ကဲ့ပါဆရာလေး… အရီးလည်း အဲသလိုပဲထင်ပါတယ်ကွယ်…ဘာလို့ဆို သမီးလေးကို တိုင်းရင်းဆေးဆရာတွေနဲ့ ပြကြည့်တာ ဆရာတွေစုံနေပြီ သမီးလေးခမျာ မသက်သာရှာပါဘူးကွယ်… “

ဟုပြောကာ လူနာရှင်အမျိုးသမီးလည်း ဝမ်းနည်းလာကာ မျက်ဝန်းအိမ်ထက်မှ မျက်ရည်စလေးများပင် လျှံထွက်လာလေသည်။ ထိုအခါ ကျွန်တော်လည်း

”  ဝမ်းမနည်းပါနဲ့ အရီးရယ်…  အရီးသမီးခံစားနေရတဲ့ရောဂါတွေ  ဒီနေ့ပျောက်ပြီလို့သာမှတ်လိုက်ပါ…  အရီးသမီးခံစားနေရတဲ့ရောဂါတွေ အကုန်ပျောက်ကင်းအောင် ကျွန်တော်တို့ ကုသပေးမှာပါ “

ကျွန်တော်လည်း အဲဒီလိုပြောလိုက်တော့မှ  ထိုအမျိုးသမီးသည်လည်း ဝမ်းသာသောမျက်နှာသွင်ပြင်ဖြင့်

” အားကိုးပါတယ် ဆရာလေးတို့ရယ် …အရီးသမီးကို ဆရာလေးတို့ကိုအပ်ပါတယ် “

” ကောင်းပါပြီအရီး.. . ဒါနဲ့လူနာအခြေနေကဘယ်လိုရှိလဲဗျ “

” ဆရာလေးတို့မလာခင်ထိကတော့ ခေါင်းကိုက်တယ်ဆိုပြီးအော်ဟစ်နေရတာ… အခုတော့သက်သာသွားတယ်ထင်တယ် မှိန်းနေတယ် “

” ဟုတ်ကဲ့ပါအရီး …ဆေးပွဲပြင်ဖို့အတွက် အုန်း၊ငှက်ပျော၊အလင်းတိုင် အဲတာတွေရှာပေးပါလား “

” ဟုတ်ကဲ့ပါ ဆရာလေး  “

ကျွန်တော်တို့လည်း လူနာရှင်အား ဆေးပွဲပြင်ရန်အတွက် လိုအပ်သည်များအား ရှာခိုင်းလိုက်လေသည်။ ခနအကြာတွင် အိမ်ရှင်အရီးသည် အုန်းသီး၊ငှက်ပျောသီးများအားပိုက်၍ ပြန်လာလေသည်။ ကျွန်တော်တို့လည်း ဆေးကုသရန်အတွက်  ပွဲအားပြင်လိုက်ပြီး အထက်ဆရာသခင်များထံ ဆေးပွဲနှင့်အတူ လူနာ၏အသက်နှင့်ခန္တာပါ အပ်နှံလိုက်လေသည်။ ထို့နောက် လူနာဖြစ်သူ ရတနာအမည်ရသော မိန်းမငယ်လေးအား ဆေးပွဲရှေ့၌ ပုဆစ်တုပ်ထိုင်းခိုင်းလိုက်ကာ လက်အုပ်ချီစေပြီး လူနာ၏လက်ယာစည်း လက်ဝဲစည်း အနောက်စည်းများအား မီးစက်များချထားလိုက်လေသည်။ ထို့နောက် ကျွန်တော်လည်း

” အဘဆရာများထံအပ်နှံထားသော ဗုဒ္ဓဟူးသမီးအား မကောင်းသောအတိုက်အခိုက်များဖြင့် ပြုစားနှောက်ယှက်ထားသော ပုဂ္ဂိုလ်သည် ..ပဋ္ဌမံမီးစက်အတွင်းသို့ ချုပ်ပြီးတုပ်ပြီးရောက်ရှိပါစေသား “

ဟု ဆရာသခင်များထံ တိုင်တည်လိုက်သောအခါ  မီးစက်အတွင်းရောက်ရှိနေသော
ရတနာသည် တစ်ကိုယ်လုံးတုန်ရီလာပြီး လက်နှစ်ဖက်အား တစ်ဖျောင်းဖျောင်းခတ်ကာ ဝင်လာလေသည်။ ထိုအခါ ကျွန်တော်လည်း

” နင် ဘာလို့အခုလိုလုပ်ရတာလည်း…  ဗုဒ္ဓဟူးသမီးကိုပြုစားထားတဲ့ နင်ပညာတွေကို မင်းပြန်ယူသွားပါ  “

” မယူသွားနိုင်ဘူး ဒီကောင်မကိုအသေ သတ်မှာ “

” ကျုပ် မေတ္တာရပ်ခံပါတယ်… ခေါင်းမမာပါနဲ့ ကိုယ့်ပညာကိုပြန်ယူသွားပါ…နင်ဘယ်သူလည်းဆိုတာ ကျုပ်သိတယ်နော် “

ကျွန်တော်လည်း အဲသလိုပြောလိုက်ရော

” နင်တို့ကဘယ်ဆိုးလို့လည်း ငါဘယ်သူလည်းဆိုတာတောင် သိနေပါလား “

” နင့်ကို ကျုပ်ထပ်ပြီးမေတ္တာရပ်ခံပါတယ်… ဗုဒ္ဓဟူးသမီးကိုပြုစားထားတဲ့ နင့်ရဲ့ခြေရာလက်ရာတွေကို ပြန်ယူသွားပါ “

” မယူနိုင်ဘူးဟာ လုံးဝမယူနိုင်ဘူး… ဒီကောင်မကို ငါအသေသတ်မှာ “

” ကဲ ..နင့်ဘက်က ဒီလောက်ခေါင်းမာနေမှတော့ ကျုပ်တို့ဘက်က လုပ်စရာရှိတာလုပ်ရမှာပေါ့…. ပဋ္ဌမံဂိုဏ်းအားစောင့်ကြပ်ပါသော လက်ဝဲလက်ယာဂုမ္ဘာန်ကြီးများ ဗုဒ္ဓဟူးသမီးအား ပြုစားနှောက်ယှက်ထားသော အစွဲအား မာန် မကျ မခြင်း ဦးခေါင်းကိုကြမ်းပြင်နဲ့ထိအောင် နင်းချထားပေးပါ …ဗုဒ္ဓဟူးသမီး၏အသက်နဲ့ခန္ဓာအား ထိခိုက်ခြင်းမရှိစေရ “

ကျွန်တော်လည်း ထိုသို့ပြောလိုက်ရော အစွဲဝင်ပူးနေသောရတနာ၏ ဦးခေါင်းသည်လည်း ကြမ်းပြင်ပေါ်သို့ ညွှတ်ကျလာလေ၏။ကျွန်တော်လည်း ခနကြာအောင် ဒဏ်ပေးထားလိုက်သည်။ ထို့နောက်

” ကဲ ..နင့်ပညာတွေ…နင်ပြန်ယူသွားမှာလား ပြော “

ဟုကျွန်တ်ာမှမေးလိုက်ရာ

” ပြန်ယူသွားပါ့မယ် “

” ကဲ ကောင်းပြီ… လက်ဝဲလက်လက်ယာဂုန်မ္မာန်ကြီးများ အဲဒီပုဂ္ဂိုလ်ကို သစ္စာရည်တိုက်လို့ရအောင် ဦးခေါင်းကိုနင်းချထားခြင်းမှ ဖယ်ခွာပေးပါ “

ထိုသို့ ကျွန်တော်လည်းပြောလိုက်ရော အစွဲဝင်ပူးနေသော ရတနာဦးခေါင်းမှာ အပေါ်သို့ ထောင်မတ်လာလေသည်။ သို့ဖြစ်ပါသောကြောင့် ကျွန်တော်လည်း သစ္စာချက်အားမန်းလိုက်ပြီး ရတနာအားဝင်ပူးနေသောအစွဲအား တိုက်လိုက်ရာ

” မသောက်ဘူး မသောက်ဘူး “

ဆိုပြီး ထွေးထုတ်လေသည် ။ အဲဒီအချိန်၌

”  ဂီး..ဂီး…ဂီး ..ဖလက်… ဖလက်…စ် “

” ဝုန်း… ဝုန်း..ဒုန်း..ဒုန်း “

အသံများနှင့်အတူ ကျီးကန်းများသည် ကျွန်တော်တို့ပရောဂါကုနေသော အိမ်အားဝင်တိုးလေသည်။ ကျွန်တော်လည်း စရဏအားစုစည်း၍ကြည့်လိုက်ရာ ၎င်းကျီးကန်းများသည် ပညာသည်များဖြစ်ကြလေသည်။ ထိုကျီးကန်းများအပြင် ခြံဝန်းအပြင်၌လည်း အရွယ်စုံနာနာဘာဝများကို တွေ့လိုက်ရလေသည်။ထိုအချိန်၌

” ဟား ဟား ဟား နင်တိုက်တဲ့သစ္စာရည် သောက်စရာမလိုတော့ဘူး… ငါ့အပေါင်းအပါတွေရောက်လာပြီ ဟား..ဟား..ဟား “

အစွဲဝင်ပူးခံနေသော မိန်းမငယ်လေးထံမှ ထွက်ပေါ်လာခြင်းပင်ဖြစ်လေသည်။ ကျွန်တော်မှ ၎င်းအစွဲအား
သစ္စာရည်သောက်ရန်အတွက်  ချုပ်ထားခြင်းမှ ဖြေပေးလိုက်တာကို အခွင့်ကောင်းယူပြီး သူရဲ့ပညာစက်ဖြင့် အပေါင်းအပါများအား ခေါ်လိုက်ခြင်းပင်ဖြစ်လေသည်။ ထိုအချိန်၌ ကျွန်တော်လည်းဗျာများသွား၏။ မီးစက်အတွင်းရှိ လူနာအတွက်ကတစ်မျိုး ခြံအတွင်းတွင်ရောက်ရှိနေသောမိစ္ဆာများကတစ်ဖုံ ဖြစ်နေသောကြောင့် စိတ်ပူနေခိုက် ခြံအတွင်းသို့ လက်သုံးလုံးအရွယ်ခန့်ရှိ အင်းချပ်တစ်ချပ်ကြလာပြီး ၎င်းအင်းချပ်မှအင်းစောင့်ပုဂ္ဂိုလ်များထွက်လာကာ ခြံအတွင်းရှိမိစ္ဆာများအား လိုက်လံနှိမ်နင်းလေသည်။ ကျွန်တော်လည်း အင်းချပ်ပိုင်ရှင်အားကြည့်လိုက်ရာ ကျွန်တော်တို့နှင့်မလှမ်းမကမ်း၌ အသက်လတ်ပိုင်း လူရွယ်နှစ်ဦးအား တွေ့လိုက်ရလေသည်။ ကျွန်တော်လည်း အပြင်ရန်ရှင်းသွားပြီဖြစ်သဖြင့် မီးစက်အတွင်းရောက်ရှိနေသောအစွဲအား

” ဒီလောက်တောင် မာယာများတဲ့ကဝေမ တွေ့ကြသေးတာပေါ့.”

ဟုပြောကာ

” လက်ဝဲလက်ယာဂုန်္ဘ္မာန်ကြီးများ ဒီလောက်ခေါင်းမာပြီး မာယာများတဲ့ကဝေမကို သစ္စာရည်မသောက်မခြင်း နှဖူးကိုကျောက်ပြင်နဲ့ဆောင့်ခိုင်းပါ…မီးစက်မီးတောက်ဆရာကြီးများကလည်း မီးစက်မီးတောက်ပြင်းပြင်းနဲ့ ရှို့ပေးပါ …ဗုဒ္ဓဟူးသမီး၏အသက်နှင့်ခန္ဓာအား ထိခိုက်ခြင်းမရှိစေရ “

ကျွန်တော်လည်း ထိုသို့ပြောပြီး ကျောက်ပျဉ်တစ်ချပ်ယူလိုက်ပြီး အစွဲဝင်ပူးခံနေရသောရတနာ အရှေ့သို့ချပေးလိုက်လေသည်။ ရတနာတစ်ယောက်လည်း.

” တ…ဒုန်း..ဒုန်း “

ဖြင့် နှဖူးဖြင့်ကျောက်ပျဉ်အား ဆောင့်လေသည်။

” ကဲ ..သစ္စာရေသောက်မှာလား “

ပြည့်ဖြိုးမှဝင်မေးလိုက်ခြင်း ဖြစ်လေသည်။

” သောက်ပါ့မယ် ဆရာလေးတို့ရယ်…အစကဆရာလေးတို့ရဲ့ပညာကို မသိလို့စမ်းမိတာပါ.. ကျမကို ခွင့်လွှတ်ပါ “

ဟုပြောပြီး အသနားခံလေသည်။

” ပြည့်ဖြိုးရေ ..သစ္စာရေခွက်ထဲကို ရှိသမျှစမချပ်တွေ အကုန်ထည့်ပြီး မန်းတိုက်လိုက်ကွာ “

” ဟုတ်ကဲ့ဆရာ “

ပြည့်ဖြိုးတစ်ယောက်လည်း ဆရာဖြစ်သူမင်းအောင်ခိုင်းသည့်အတိုင်း သစ္စာရေခွက်ထဲသို့ ရှိသမျှစမချပ်များအား အကုန်ထည့်ကာ မန်းပြီး ရတနာထံဝင်ပူးနေသောအစွဲအား တိုက်လိုက်လေသည်။ ဤသို့ဖြင့် ပရောဂါကုခြင်းလုပ်ငန်းအား အဆုံးသတ်လိုက်လေသည်။ ကျွန်တော်တို့ ကုသပြီးသည့် အချိန်မှစ၍ ရတနာအမည်ရသော မိန်းမငယ်လေးသည်လည်း ခေါင်းကိုက်ခြင်းရောဂါဝေဒနာမှာ အရှင်းပျောက်ကင်းသွားလေသည်။ သို့ဖြစ်ပါသောကြောင့် လူနာရှင်များမှ ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်အား ငွေအမြောက်အများဖြင့် ကန်တော့လေသည်။ ကျွန်တော်တို့လည်း ထိုငွေများအား ပြန်လည်ပေးလိုက်ပြီးထိုအိမ်လေးမှ ရွာထိပ်ရှိရာဆီသို့ ထွက်ခွာလာခဲ့လိုက်သည်။ ရွာထိပ်သို့ရောက်သောအခါ နဂါးကြီးနှစ်ကောင်ဘုရားရင်ပြင်တော်၌ တရားထိုင်နေသောလူရွယ်နှစ်ယောက်အားတွေ့လိုက်ရလေသည်။ ကျွန်တော်လည်းထိုလူရွယ်များထံသို့သွားလိုက်ပြီး

” ခုဏက ကူညီပေးတဲ့အတွက် နောင်ကြီးတို့ကိုကျေးဇူးတင်ပါတယ် “

ဟု ကျွန်တော်မှပြောလိုက်ရာ

” ရပါတယ်ဗျာ… ကျွန်တော်တို့ကတစ်အိုးထဲစား တစ်လှေထဲစီးနေတဲ့ သူတွေပဲဟာကို … ဒါနဲ့ဒီက နောင်ကြီးတို့အမည်က “

” ကျွန်တော်နာမည်ကတော့ မင်းအောင်…ဒါကတော့ကျွန်တော်တပည့် ပြည့်ဖြိုးပါ …နောင်ကြီးတို့နာမည်ကရော “

” ကျွန်တော်နာမည်ကတော့ ရေခဲပါ..ကျွန်တော်ဘေးကတော့ ကျွန်တော့်တပည့် ထင်ပေါ် လို့ခေါ်ပါတယ် “

”  အခုလို ဆရာရေခဲတို့နဲ့ တွေ့ဆုံရတာ ဝမ်းသာပါတယ်ဗျာ  … ဆရာရေခဲရဲ့ အင်းကလည်း အတော်စွမ်းတာပဲဗျို့ “

” ဟား ဟား ကို့ဆရာကလည်း အချင်းချင်းမြှောက်နေပြန်ပြီ…အဲဒီလိုကြေးဆိုရင်  ဆရာမင်းအောင်ရဲ့ စမကလည်း ပြိုင်စံရှားပဲလေ “

” ဟုတ်ပါပြီ ဆရာရေခဲရယ်… ဒါနဲ့ဆရာရေခဲတို့က ဘယ်ကိုခရီးဆက်ကြမှာလည်း “

” ကျွန်တော်တို့ကတော့ ဇာတိရွာကိုပြန်မလားလို့.. ဒါနဲ့ ဆရာမင်းအောင်တို့ကရော ဘယ်ကိုခရီးဆက်ကြမှာလဲ”

” ကျွန်တော်တို့ကတော့ အောက်ပြည်ကိုပြန်ရမှာဗျ.. .ဟိုမှာအရေးကြီးကိစ္စပေါ်လာလို့လေ “

” ဟုတ်ကဲ့ ကောင်းပါပြီဗျာ…ဒါဆိုလည်း ခရီးဆက်ကြတာပေါ့ “

မင်းအောင်နှင့်မောင်ရေခဲတို့လည်း တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်နှုတ်ဆက်လိုက်ပြီး နန်ဆန်ရွာလေးမှထွက်လာခဲ့လိုက်သည်။

ဤသို့ဖြင့် ရက်အနည်းငယ်ကြာသော် နန်ဆန်ရွာလေးတွင် သတင်းနှစ်ခုပေါ်ထွက်လာ၏။
ပထမသတင်းမှာ ရတနာနှင့်အောင်ကောင်းစံတို့ မင်္ဂလာဆောင်သွားသော သတင်းဖြစ်လေသည်။ ဒုတိယသတင်းသည်ကား ရွှေရည်တစ်ယောက် အိပ်နေရင်းအသက်ထွက်သွားပြီ ဟူသောသတင်းပင်ဖြစ်လေသည်။ ရတနာတစ်ယောက် မင်္ဂလာဆောင်မယ်ဟူသောသတင်းကို ထပ်မံကြားလိုက်ရသဖြင့် ရွှေရည်တစ်ယောက် မိမိပညာဖြင့်ရတနာအား ထပ်မံလုပ်ဖို့ကြံစည်လေသည်။ သို့ပေမဲ့ မိမိသောက်ထားသော သစ္စာများအားဖောက်မိသဖြင့် အသက်အားဆုံးရှုံးရလေသည်။ ဤသို့ဖြင့်မာယာများသော ကဝေမလေးတစ်ယောက် လူလောကထဲကနေ အပြီးအပိုင်နှုတ်ဆက်သွားလေသည်။

# ပြီး # မင်းအောင်နှင့်မာယာရှင်အစွဲ

ရေးသားသူ = ပိုင်လေး (မအူပင်မြေ )

ဤဇာတ်လမ်းလေးသည် ဖြစ်ရပ်မှန်လေးအား ကျောရိုးခံကာ ကိုးကားရေးသားချယ်မှုန်းထားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်လေသည်။

စာဖတ်သူများ တစ်စုံတစ်ရာအဆင်မပြေမှုများရှိခဲ့ပါက စာရေးသူ ညံဖျင်းမှုသာ ဖြစ်လေသည်။

စာဖတ်သူများအားလုံး စိတ္တသုခ ကာယသုခ နှစ်ဖြာသောသုခများဖြင့် ပြီးပြည့်စုံနိုင်ကြပါစေလို့ ကျွန်တော်စာရေးသူ ပိုင်လေး (မအူပင်မြေ)မှ မေတ္တာများလည်း ပို့သလိုက်ပါတယ်။

ဤစာမူအား စာစစ်ပေးသော သူငယ်ချင်းအခွန်းအား အထူးပင်ကျေးဇူးတင်ရှိပါတယ်။
အဲဆိုမုန့်ဝယ်ကျွေးပါ🤤