သူ၏ သောက်ဖော် သောက်ဖက် ဖြစ်သူ ချက်ဖောင်းမှာတော့ ပြေကြီးအား ပြုံးကာကြည့်ရင်း
“မင်းအတော်သောက်နိုင်တာပဲ … ပြေကြီးရ … အေ့ ”
“ဟက်ဟက် … ဒါလောက်ကတော့ အပျင်းပါ ချက်ဖောင်းရာ ….”
ပြေကြီး ထိုသို့ပြောလိုက်တော့ ချက်ဖောင်းလည်း စောဒက တက်ကာ ပြေကြီး၏ အနာဟောင်းကို ဆွသည့် စကားတစ်ခွန်းက မထင်မှတ်ဘဲ ပြော ထွက်မိ တော့သည်။
“ဒါတောင် … ဟိုးတစ်လောက … သူကြီးသား ထွန်းရွှေ နဲ့ ထန်းရည် ပြိုင်သောက်တာ … မင်းရှုံးတယ်နော် ပြေကြီး … ငါ့မှာတော့ အံ့ဩလို့ မဆုံးဘူးကွာ …. ဒီကောင် ထွန်းရွှေလည်း အတော် သောက်နိုင်သဟ ”
ထိုအခါပြေကြီးလည်း သူ၏ ရင်ခွင်ထဲတွင် ပိုက်ထားသော တိုက်ကြက်ကြီးကို ပွတ်သပ်ရင်း ရယ်ကျဲကျဲ ဖြင့်
“အဲ့တုန်းက … ငါရင်ပြည့်နေလို့ပါကွ … မဟုတ်လို့ကတော့ ထွန်းရွှေ ထမ်းစင် နဲ့ပြန်ရမှ အဟုတ်ဖဲ … ချက်ဖောင်း ရေ ဟား … ဟားဟား ”
ပြေကြီး နှင့် ချက်ဖောင်းလည်း ထန်းရည်လေးမော့ လိုက် ထွေရာလေးပါးပြောလိုက်နှင့် အတော်ဟန်ကျနေလေ၏။ ထိုစဉ် ရွာထဲက သိန်းအောင် တို့ အဖွဲ့တွေ ထန်းတော ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့သည်။ သိန်းအောင် လက်ထဲတွင်လည်း တိုက်ကြက် တစ်ကောင်ကိုပိုက်ထားလေ၏။ ပါးစပ်ကလည်း တတွတ်တွတ်ပြောလို့ ။ ဘာတွေပြောနေသည်ကိုတော့ ပြေကြီးတို့လည်း မကြား ။ တဖြေးဖြေး နီးလာတော့မှသာ ကြက်ပွဲ အကြောင်းပြောနေသည်ကို သိလိုက်ကြရသည်။
သိန်းအောင်လည်း ထန်းပင်ရိပ်ကျကျ အောက်တွင် ခင်းထားသော ဖျာစုတ်ကလေးပေါ်ထိုင်ရင်း မြမောင်ထံ ထန်းရည်လှမ်းမှာသည်။ ပြီးနောက် သူနှင့်အသင့်ပါလာသော အပေါင်းအဖော်များကို စောစောက သူတိုက်လာသည့် ကြက်ပွဲ အကြောင်း စမြုံ့ပြန်ပါတော့၏။
“တောက် … မကျေနပ်လိုက်တာကွာ ”
သိန်းအောင်က ထိုသို့ စတင်ကြိမ်းဝါးလိုက်တော့ သူနှင့် အတူပါလာသော ဉာဏ်ဘွား ဆိုသူက
“မင်း မကျေနပ်လည်း မင်းကြက် ရှုံးတာတော့ … လက်ခံလိုက်ကွာ …”
“ဟ … အမှန်တကယ် ရှုံးရမာက ငါမဟုတ်ဘူး ဉာဏ်ဘွားရ … ဒီကောင် သူကြီးသား ထွန်းရွှေ ဆိုတဲ့ကောင်ရှုံးရမာ ပိုက်ဆံလေး ရှိတယ်ဆိုပြီး မြို့ကနေ ကြက်အားတိုးဆေးတွေ၀ယ်ပြီး သူ့ကြက်ကို ကျွေးထားတဲ့ပုံရတယ် ”
“ကြက်အားတိုးဆေး ဆိုတာက ရှိသလားဟ ”
“ငါလည်း မသိဘူးကွာ … လောလောဆယ် မကျေနပ်တာပဲသိတယ် … နောက် တစ်ခေါက်ကြုံမှ ဒီကောင့်ကြက် … အူပွင့်သွားအောင် ခွပ်ပလိုက်မယ် … ကဲပါ သောက်သောက် … ကြက်ရှုံးပေမယ့် ထန်းရည် ဘိုးတော့ ငါပေးနိုင်ပါသေးတယ်”
သိန်းအောင် တို့ ဝိုင်းမှ ကြက်ဆိုသည့် အသံကြားလိုက်တော့ ပြေကြီးလည်း နေမထိထိုင်မသာ ဖြစ်သွားလေတော့သည်။ ထို့ကြောင့် သိန်းအောင် တို့သောက်နေရာ ဝိုင်းလေးဆီသွားရင်း
“ဟေ့ကောင် … ကြက်ဝိုင်းက ဘယ်မတုန်း … အခုကော ရှိသေးလား ”
“ဟမ် … အေ့ … ပြေကြီး … ရွာထိပ်က ပိန္နဲပင်ကြီး အောက်မှာကွ …. အခုတော့ သိမ်းသွားပလား မသိဘူး … ထွန်းရွှေကတော့ အဲ့မှာ တစ်ကောင်တည်း ဇောင်းကြွနေတာ ငါ့ကောင်ရေ ”
သိန်းအောင် ထိုသို့ပြောလိုက်တော့ ပြေကြီးလည်း ချက်ချင်းပင်
“ချက်ဖောင်း … ငါတို့ အခုပဲ ရွာထိပ်က ကြက်ပွဲသွားရအောင်ကွာ … ”
ဟုဆိုကာ သူ၏ တိုက်ကြက်ကြီးကို ပိုက်ရင်း ချက်ဖောင်း နှင့်အတူ ထန်းတော ထဲမှ ထွက်ခဲ့လိုက်ပါတော့၏။
++++++++++
( ၃ )
“ဟေ့ … ခွပ်ထားဟ ”
“ဖေ့သားကြီး … လုပ်လိုက်စမ်း ”
“ဟာ … ထိပဟ ”
“ဒီပွဲ အမြိုင်ဆုံးပဲ … ဟေ့ … ခွပ်ဟ …”
ပြေကြီး၏ ကြက်ကလည်း မခေသလို ထွန်းရွှေ၏ ကြက်ကလည်း မာလှသည်။ ပွဲကြည့်ပရိသတ်များကတော့ ပြေကြီး တို့အပါအ၀င် ကာလသား ဆယ်ယောက် ခန့်ရှိပေလိမ့်မည်။ လက်ခုပ်လက်ဝါးတီးကာ အားပေးနေသူများ ဘယ်သူ့ကြက်ရှုံးမလဲ ဟူ၍ စိတ်၀င်စားနေသူများ စသဖြင့် ထိုကြက်ပွဲကို စိတ်၀င်တစားအားပေးနေကြလေသည်။ ရေမှုတ်သူကမှုတ် လေမှုတ်သူက မှုတ်ရင်း ကြားမှ သူတစ်ပြန် ငါတစ်ပြန် ခွပ်နေသည့် ကြက်များကတော့ လည်ဆန်မွှေးများ ထောင်လို့ ။
“ဟာ … ပြေကြီး ကြက် တော့ မျက်စိ တစ်ဖက်ထိသွားပြီဟေ့ ”
မှန်ပေသည် သူကြီးသား ထွန်းရွှေ၏ တိုက်ကြက် လှမ်းအခတ်မှာ ပြေကြီး၏ ကြက် ညာဖက် မျက်စိထိကာ စည်းအပြင်ကို ပြေးလေပါတော့သည်။ ပြေကြီးလည်း ထိုအခြင်းအရာကို မြင်တော့ ပြေးထွက်သွားသော သူ့ကြက်ကို ခြေနှစ်ချောင်းက ကောက်လိုက်ရင်း ပိန္နဲပင်ကြီး နှင့် သုံးလေးချက်ဆင့်ကာ ကိုင်ရိုက်သတ်ပစ်လိုက်တော့၏။
ကြက်ပွဲကြည့်နေသူများကတော့ ပြေကြီးရဲ့ လုပ်ရပ်ကြောင့် ပါးစပ်အဟောင်းသား ။
“ဟာ ….”
“ပြေကြီး …”
“ထွီး … သုံးစားမရတဲ့ကြက် ”
ပြေကြီးလည်း ကြက်အသေကောင်ကြီးကိုင်ရင်း မြေကြီးပေါ်သို့ တံတွေးတစ်ချက်ထွေးလိုက်၏။ စောစောက ထန်းရည်အမူးကလည်း ကောင်းကောင်းမပြေသေး။ သူကြီးသား ထွန်းရွှေကတော့ ပြေကြီး အဖြစ်ကိုကြည့်ကာ အောင်နိုင်သူ တစ်ယောက်ကဲ့သို့ ခေါင်းကိုမေ့ာထားရင်း ခပ်ပြုံးပြုံးလုပ်နေလေ၏။ ကြက်ဝိုင်းမှ ကြည့်နေသူအချို့လည်း ပြီးဆုံးသွားပြီ မို့ အလျှိုလျှိုပြန်သွားကာ ပြေကြီး နှင့် ထွန်းရွှေ တို့လူတစ်စုသာ ကျန်ခဲ့လေတော့သည်။
“ပြေကြီးရေ … ဒီတစ်ခါလည်း မင်းရှုံးပြန်ပြီကွ …ဟဟား ”
“တော်စမ်းပါ … ထွန်းရွှေရာ … မင်းကြက် ကံကောင်းသွားတာပါ …. ”
ပြေကြီး တစ်ယောက် လက်သီးကို တင်းတင်းဆုပ်ကာ ထိုသို့ပြန်ပြောလိုက်သည်။ သူမကျေနပ်သည်ကိုလည်း ထွန်းရွှေက သိ၏။ သို့သော် လူတစ်ဖက်သားကို ဒေါသဖြစ်အောင်စနောက်ရသည်ကိုပဲ ထွန်းရွှေက အာသီတ ဖြစ်ပုံရ၏။
“အေးကွာ … မင်းကြက်ကတော့ … ကံမကောင်းလို့ သေရှာပြီ … ဟုတ်သလား ပြေကြီး ”
“သေတော့ကော … ဘာဆန်းသလဲကွ … ငါထရေ (ထန်းရည် ) သောက်ရင် အမြည်းတောင် ရသေး”
ထိုအခါ သူကြီးသား ထွန်းရွှေလည်း
“ထရေ ဆိုမှ သတိရတယ် … ဟိုးတစ်လောက ထရေသောက်ပြိုင်တာလဲ … မင်းရှုံးခဲ့သေးတာပဲ … မင်းကတော့ ငါ့ကို နိုင်ဖို့ ဆယ်နှစ် ဆယ်နှစ်လောက် ကြိုးစားအုံး ပြေကြီးရေ … ဟားဟား ဟား ”
“တောက် …”
ပြေကြီးလည်း အနာဟောင်းကို ပြန်အဆွခံလိုက်ရသည်မို့ တောက်တစ်ချက်ကို ခပ်ပြင်းပြင်း ခေါက်လိုက်ရင်း
“မင်းသိပ်ကံကောင်းနေတယ် ထင်သပေါ့ … ဟုတ်လား … ထွန်းရွှေ ”
ဟူ၍ မေးလိုက်တော့ ထွန်းရွှေလည်း ခနဲ့တဲ့တဲ့ဖြင့် ပြန်ဖြေလေ၏။
“မှန်တယ်ဗျာ ”
“အေ … ဒါဆို မင်းနဲ့ငါ ဘယ်သူမှ မလုပ်ရဲတဲ့ အလောင်းအစား တစ်ခု လုပ်ကြမယ် … ဘယ်လိုလဲ စိန်ရဲလား ”
“စိန်လိုက်စမ်းပါ … ပြေကြီးရာ … မင်းငါ့ကိုနိုင်မယ် ထင်ရင်ပေါ့လေ … ဟဟ ”
“မနေ့က … ရွာပြင် ဝါးရုံတောမှာ ပိုးထိပြီး သေသွားတဲ့ အောင်စိန်ကို မင်းသိတယ် မို့လား … ”
“အေ … အဲ့ဒါ ဘာဖြစ်လဲ … ငါနဲ့ ကိုအောင်မောင်း ကိုယ်တိုင် ရွာထဲက လူတွေနဲ့ ရွာပြင် ဇရပ်မှာ အလောင်းစင်လုပ်ပေးခဲ့တယ်လေ ”
ထိုအခါ ပြေကြီးက စပ်ဖြီးဖြီး အမူအရာဖြင့်
“မင်း … အဲ့အလောင်းကို ရွာထဲ ခိုးသွင်းရဲလား ”
ပြေကြီး၏ အမှတ်မထင် စကားကြောင့် ထွန်းရွှေလည်း မျက်စိမျက်နှာ ပျက်သွားတော့၏။
“ဟာ … ဟေ့ကောင် … အဲ့လို အလောင်းအစားတော့ မလုပ်ချင်ဘူးကွာ … တခြားဟာ မင်းကြိုက်တာပြော … ပြေကြီး ”
“တော်စမ်းပါ ထွန်းရွှေရာ … မင်းသွေးနည်းတာလား သတ္တိကြောင်တာလား …. ယောကျာ်း ဆိုတာ ဘယ်တော့မှ နောက်မဆုတ်ရဘူးကွ …. ဟားဟားဟား ”
ထိုအခါ ထွန်းရွှေလည်း
“ငါ့ကိုပြောရအောင် … မင်းကရော ခိုးသွင်းရဲလို့လား … မင်း ဇရှိရင် လုပ်လိုက် … မင်းလုပ်နိုင်ရင် ငါတစ်သက်လုံး ထန်းရည်ဖိုး ခံလိုက်မယ်ကွာ ”
“ဟား ဟား … ကြိုက်ပြီလေ … ပြေကြီး ဆိုတဲ့ကောင်က သွေးလည်း မနည်းဘူး … သတ္တိလည်း မကြောင်ဘူး … မင်းစကားတော့ မင်းတည်ပါစေ ”
“နှစ်ခါမပြောဘူး … ပြေကြီး ”
“အေ … ဒီညပဲ အောင်စိန့်အလောင်းကို ငါရွာထဲ သွင်းပြမယ် … မင်းတို့စောင့်ကြည့်ထားလိုက် ”
ဤသို့ဖြင့် ပြေကြီး နှင့် ထွန်းရွှေ တို့အချေအတင်ပြောရင်း လမ်းခွဲလိုက်ကြတော့၏။ မှန်လား မှားလားကိုလည်း ပြေကြီး မစဉ်းစားလို ။ ပွဲတိုင်းရှုံးလာခဲ့သည့် သူကြီးသား ထွန်းရွှေအား ဒီတစ်ခါတော့ သူအနိုင်ပိုင်းလိုသည်။ ထိုကြောင့်လည်း ယခုကဲ့သို့ ဆိုးရွားလှသော့ အလောင်းအစားကို သူစိန်ခေါ်လိုက်ခြင်းလည်းဖြစ်၏။ ရွာပြင်မှာ သေသွားသော အောင်စိန့် အလောင်းအား ရွာထဲသွင်းပါက မည်သို့ မည်ပုံဖြစ်လာလိမ့်မည်ကိုလည်းသူမသိ ။ အကယ်၍ သိခဲ့မည်ဆိုပါကလည်း သူ ဒီအလောင်းအစားကို နောက်ဆုတ်လိမ့်မည် မဟုတ်သည်ကား မြေကြီး လက်ခတ်မလွှဲ ။
“ပြေကြီး … မင်းဟုတ်မှလည်း လုပ်စမ်းပါကွာ … မတော် တခုခုဖြစ်ကုန်ရင် … အကုန်ကိုယ်ကျိူးနည်း ကုန်မာ ဟေ့ကောင်ရ ”
ချက်ဖောင်းက စိုးရိမ်တကြီးဖြင့် ပြောလေ၏။
“တော်စမ်းပါ … ချက်ဖောင်းရာ … သေနေတဲ့ အလောင်းက တို့ကို ဘာများ လုပ်နိုင်မာလဲကွ … လူတွေက အလကားသက်သက် အယူသည်းနေကြတာ … ဖြစ်လာသမျှ ငါတာ၀န်ယူမယ် … ရုံးရောက်ရောက် ဂါတ်ရောက်ရောက်ကွာ ”
“ငါက စိတ်ပူလို့ပြောတာပါ ”
“မင်းလည်း ထွန်းရွှေလိုပဲ … အလကား သတ္တိနည်းလိုက်တဲ့ကောင်တွေ … ညကျ မင်းလိုက်မာလား ”
“ဟင့်အင်း … ငါ … ငါမလိုက်ရဲဘူး ပြေကြီး ”
“နေပေါ့ကွာ … မင်းမလိုက်လည်း … ငါတစ်ယောက်တည်း သွားမယ် … အခု နေလည်းစောင်းပြီ ဆိုတော့ မြမောင် ထန်းတောမှာပဲ … အချိန်သွားဖြုန်းလိုက်ရအောင်ကွာ ”
ပြေကြီးနှင့် ချက်ဖောင်းလည်း ထိုသို့တိုင်ပင်ကာ မြမောင်၏ ထန်းတော ဆီသို့ တကျော့ပြန် တစ်ဖန် ပြန်သွားလိုက်ကြပါတော့သည်။ ထိုနေ့ကား လပြည့်ကျော် နှစ်ရက် သောကြာနေ့ ။
+++++++++++
( ၄ )
ရွာဦးဘုန်းကြီးကျောင်းမှ အုန်းမောင်း ခေါက်သံ ကိုးချက် တိတိကို ပြေကြီးရော ချက်ဖောင်းပါ ထန်းရည်တော အတွင်းမှ အတိုင်းသား ကြားလိုက်ရသည်။
“ပြေကြီး … ကိုးချက်တီးပြီကွ … ”
ချက်ဖောင်းထိုသို့ပြောလိုက်လေ၏။ ပြေကြီးမှာတော့ ထန်းရည်လေးကမူး လူကလည်း အိပ်မှုန်စုန်မွှားနှင့်
“စောပါသေးတယ် … ချက်ဖောင်းရာ … မကောင်းဆိုးဝါး နာနာဘာ၀ ဆိုတာ … သန်းခေါင် သန်းလွှဲမှ ထွက်တာ … နောက်ပြီး ခုချိန်က ကင်းသမားတွေလည်း အိပ်သေးတာ … မဟုတ်ဘူး … တော်ကြာ ငါအလောင်းခိုးသွင်းလာတာမြင်လို့ … ဝိုင်း ထုထောင်းမှ ဟုတ်ပေ့ဖြစ်နေမယ် … အေ့စ် ”
“ဟာ … အဓိကက မင်း အလောင်းရွာထဲရောက်အောင် သွင်းလာနိုင်ရင် … မင်း နိုင်ပီလေကွ … ဘာ နာနာဘာ၀ မကောင်းဆိုးဝါးတွေ အကြောင်းပြောနေတာလဲ …. မင်းမကြောက်ဘူးလား ”
ချက်ဖောင်းက ထိုသို့ပြောရင်း ကောင်းကင် မဲမဲကြီးကိုကြည့်ကာ တံတွေးကို ဂုကနဲမြိုချလိုက်တော့သည်။
“တော်စမ်းပါ … ချက်ဖောင်းရာ … မွေးကတည်းက ခုထိ ဘယ် တစ္ဆေ သရဲမှ ငါ့အနားတောင် ကပ်ရဲတာ မဟုတ်ဘူး … မင်းသိပါတယ် ပြေကြီးလေကွ … ပြေကြီး ”
“အေးပါကွ … မင်းက မင်းပါပဲ ”
“အော် … နေအုံး … ငါ့အိမ်က ငှက်ကြီးတောင် ဓားသွားယူလိုက်အုံးမယ် … မင်းက ဒီမှာစောင့်နေ .”
“ဟာ … မနေပါဘူး … ခုခေတ် ခုအခါ … သူပုန်တွေကလည်း ပေါပါသနဲ့ … မနေဘူး … မင်းသွားရင် ငါလည်း အိမ်ပြန်နားတော့မယ် ”
“ပြီးရောကွာ … လာ အတူတူပြန်ကြတာပေါ့ … လမ်းမှာ ဘယ်သူ့တွေ့တွေ့ မင်းပါးစပ် မဆော့နဲ့နော် … ငါ ပါးဖြတ်ရိုက်ပစ်မယ် … အေ့ ဂေ့ ”
“အေး … အေးပါဟ ”
ဤသို့ဖြင့် ပြေကြီး နှင့် ချက်ဖောင်းလည်း ရွာလယ် လမ်းဆုံလေးတစ်နေရာတွင် လမ်းခွဲလိုက်ကြတော့သည်။ ပြေကြီးမှာတော့ ညနက်သည်သထက် နက်အောင် စောင့်ဖို့ရာ ထန်းရည် ပါ ပါဆယ်ဆွဲလာခဲ့သေးသည်။ အိမ်ရောက်တော့ ပြေကြီး တစ်ယောက် ၎င်း၏ အိမ်နံရံတွင် ထိုးထားသော ငှက်ကြီးတောင် ဓားကို ဆွဲထုတ်ကာ အိမ်ရှေ့ ကွပ်ပျစ်တွင် ထိုင်ရင်း ဘုန်းကြီးကျောင်းမှ အုန်းမောင်း ခေါက်သံကို ထန်းရည်သောက်ရင်း နားစွင့်နေပါတော့၏။
“တုန် … တုန် … တုန် … တုန် … တုန် … တုန် … တုန် … တုန် … တုန် … တုန် … တုန်”
အုန်းမောင်းခေါက်သံ ဆယ့်တစ်ချက်တိတိ ။
+++++++++
( ၅ )
မြေကြီးတွင် ထိုးစိုက်ထားသော ငှက်ကြီးတောင် ဓားရှည်ကြီးကို ဆွဲနှုတ်ရင်းမှ
“မင်းနဲ့ငါတော့ … တွေ့ကြပီပေါ့ … ထွန်းရွှေရေ့ ”
ဟု တီးတိုးရေရွတ်လိုက်ပါတော့၏။ ရဲဆေးတင်မည့် သဘောဖြင့် သောက်မည် ကြံရွယ်ထားသော်လည်း အချိန်ကိုစောင့်ရင်း သောက်နေခဲ့သည့် ပြေကြီး တစ်ယောက် အတော်ပင် ယိမ်းထိုးလို့နေချေပြီ ။ သို့သော်လည်း ဝါရင့် သဘာ ရင့်အသောက်သမား ပီပီ ၎င်း၏ ခြေလှမ်းများ မပျက်အောင်တော့ ထိန်းနိုင်ပေသေး၏။
အမှောင်ရိပ်ထဲတွင် ဓားကိုင်ထားသော လူတစ်ယောက်ကတော့ ရွာပြင်ဆီသို့ တရွေ့ရွေ့ ဦးတည်သွားနေချေပြီ။ အချိန်ကား ညဆယ့်တစ်နာရီ။ ထိုလူကား ရွာထဲက လူပေလူရွတ်ပြေကြီး။
ရွာထိပ်ကင်းတဲတွင်တော့ ကင်းသမား သုံးလေးယောက်ခန့်က အိပ်ပျော်လို့နေသည်။ အောက်ပြည်အောက်ဒေသလည်း ဖြစ်သလို သစ်ရွက်ခြောက် ကြွေ နွေရောက်တော့ အပူရှိန်ကပြင်းသည်မို့ ကာကွယ်တားဆီးသည့် အနေဖြင့် မီးကင်းလေးများ ထားတတ်ကြသည်။ ပြေကြီးမှာတော့ ခြေသံကို တတ်နိုင်သမျှ လုံအောင်ထားရင်း ရွာပြင်ဆီသို့ရောက်ခဲ့လေတော့သည်။
နွေဦးကာလ လပြည့်ကျော် နှစ်ရက်လည်း ဖြစ်သည်မို့ ကောင်းကင်တွင် စန္ဒာလမင်းကြီးက ထိန်ထိန်ငြီးနေလေ၏။ တစ်ချက်ချက် ဝှေ့ဝဲတိုက် ခတ်လာသည့် သဘာ၀ လေနုအေးကလေးများကပင်ပန်း နွမ်းနယ်မှုတို့ကိုပြေပျောက် စေသည်။ ပြေကြီးလည်း တစ်ဖြေးဖြေး လျှောက်လာရင်းမှ သင်္ချိုင်းကုန်းကို လှမ်းမြင်နေရပြီ။ လက်ထဲမှ ငှက်ကြီးတောင် ဓားကြီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်လို့။ မကြာလိုက်ပေ ပြေကြီး သင်္ချိုင်း ပရဝုဒ်မြေထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ပါ တော့သည် ။ မကြောက်တတ်သူ ပီပီ သူ၏ ခြေလှမ်းများကလည်း ဇရပ်အိုကြီးဆီသို့ ဦးတည် ရွေ့လျားနေတုန်း ။
သူ သတိမထားမိသည်ကား အစောက တိုက်သော လေမှာ သူ၏ အရှေ့ဖက်မှ ဖြစ်ပြီး ယခု သင်္ချိုင်းအတွင်းရောက်ခါမှ တိုက်ခတ်သော လေမှာ နောက်ကျောဖက်ဆီမှ ဖြစ်လေသည်။ လေနုကြမ်းလည်း မဟုတ်သလို လေစိမ်းများအဖြစ် တဝှီးဝှီး မြည်လို့ ။ မကြောက်ဘူး ဟုဆိုသော်ငြားလည်း လေအဝှေ့တိုင်းမှာတော့ ကြက်သီးများက ဖြန်းကနဲ ဖြန်းကနဲ ထသွားမိသည် ။ ဇရပ်အနီးတွင် အသစ်ထိုးထားသော အလောင်းစင်ကြီးအား ပြေကြီး ပီပီသသ မြင်ရလာပြီ။
အလောင်းစင်အပေါ်တွင် တင်ထားသော စားမြိန်ထုပ်နှင့် အတူ သစ်သားပျဉ်ခေါင်းတစ်ခု။ ထိုပျဉ်အခေါင်းပေါ်တွင် ရေးထားသည်ကား
အောင်စိန်
အသက် ( ၂၇ ) နှစ်
ဆိုသည့် ပြတ်ပြတ်သားသား စာလုံးများ။ ပြေကြီးလည်း ဘာမျှစဉ်းစားမနေတော့။ အခေါင်းဖုံးကို အသင့်ယူလာသော ငှက်ကြီးတောင်ဓားဖြင့် ကလန့်ကာ အသာ လှပ်လိုက်လေတော့သည်။
“ဟာ …. ”
လရောင်နှင့် သူမြင်လိုက်ရသည်ကား ပြာဟောက်နေသော အောင်စိန့်အလောင်းကြီး ။ လူ့ဘ၀တုန်းက အောင်စိန်မှ ဟုတ်ပါလေစဟု ပြေကြီးတွေးရင်း ပါးစပ်မှလည်း
“အောင်စိန်ရေ … ငါ့ကို ခွင့်လွှတ်ပါကွ ”
ဟုဆိုကာ အခေါင်းထဲမှ အလောင်းကောင်ကြီးကို ပုခုံးပေါ်ကောက်ထမ်းလိုက်လေတော့၏။ ထိုသို့ကောက်ထမ်းလိုက်စဉ်မှာပဲ သင်္ချိုင်း အတွင်းမှသာမက အပြင်ဘက်မှ ခွေးများပါ ရုတ်တရက် ဆွဲဆွဲငင်ငင် ထအူလေပါတော့၏။
“အူ … ဝူး … ဝူး ………”
“အူ…. အူ ….အူ ”
ခွေးများ တစ်ကောင်ပြီး တစ်ကောင် ဆွဲကာဆွဲကာ အူသံများက ထိုညကို ခြောက်ချားအကျည်းတန်စေ၏ ။ အိပ်တန်းတက်နေသော ဌက်အချို့လည်း အတောင် တဖတ်ဖတ်ခပ်ကာ ဝေးရာကို ပျံသန်းပြေးလွှားကုန်ကြပြီ။
လေတိုက်နှုန်းက တစ်စ တစ်စ ပြင်းထန်လာသည်မို့ သင်္ချိုင်းအတွင်းမှ အပင်ကြီး အပင်ငယ်တို့ကလည်း မကောင်းဆိုးဝါး ၀င်ရောက်ပူးကပ်လာသည့်နှယ် ယိမ်းထိုးလှုပ်ရမ်းလာပါတော့၏။
အောင်စိန့်အလောင်းကို ပြေကြီး ကောက်ထမ်းလိုက်တော့ လူတစ်ယောက်ကို ထမ်းရသည်နှင့်မတူ ။ရေစိုနေသော သဲအိတ်ကြီးကို ထမ်းလိုက်ရသည့်အလား အေးစက်သော အထိအတွေ့ လေးလံသော ခံစားမှုကို သူရလိုက်၏။ အလောင်းကြီး ပုခုံးပေါ်ရောက်သည်မှာ သေချာပြီမို့ ပြေကြီးလည်း ဇရပ်အနီးမှ ခပ်သွက်သွက်ခြေလှမ်းများဖြင့် ထွက်ခွာလာခဲ့လိုက်ပါတော့သည်။
“ရှပ် …. ရှပ် … ရှပ်”
လေတိုက်တိုင်း သစ်ရွက်ချင်းပွတ်တိုက်သွားသည့် အသံက ပြေကြီး အနောက်မှ တစ်စုံတစ်ယောက်လိုက်လာသလို ။ ပြေကြီးလည်း တစ်ယောက်ယောက်များ ပါလာလေသလားဟု လိပ်ပြာမလုံစွာ လှည့်ကြည့်ပြန်တော့လည်း မည်သူမျှ ရှိမနေပါ။ လေစိမ်းများ ခပ်ကြမ်းကြမ်း တိုက်နေသည်ဆိုသော်ငြားလည်း ပြေကြီး မှာတော့ ကြောက်စိတ် နှင့်အတူ တစ်ကိုယ်လုံး ချွေးစေးများ ရွှဲနစ်လို့ ။ သင်္ချိုင်းအထွက်က တဖြေးဖြေး နီးလို့လာချေပြီ ။ ပြေကြီးလည်း ရှေ့ကို တစ်လှမ်းချင်းလျှောက်နေရင်းမှ သူ၏ နောက်ကျောအား ဘုတ် ခနဲ တစ်စုံတစ်ယောက်က လှမ်းပုတ်လိုက်သည်ကို ခံစားလိုက်ရလေတော့၏။
ထို့ကြောင့် ဘယ်သူပုတ်တာလဲ ဟူ၍ ခေါင်းကို သမင်လည်ပြန် လှည့်ကြည့်လိုက်ရာမှာတော့
“ဟာ … အောင်မလေး”
အောင်စိန့်အလောင်းကြီး နှင့်အတူ ပြေကြီး နောက်သို့ဖင်ထိုင်လဲကျသွားတော့သည်။ သူမြင်လိုက်ရသော အရာကား မိန်းမတစ်ယောက်။ ထမိန်ရင်လျားကြီး နှင့် ဆံပင်ကိုလည်း ရှေ့တွင် ဖားလျားကြီးချထားလေ၏။ အရပ်ကြီးမှာလည်း ရှစ်ပေလောက်ရှိပြီး အခေါင်းကြီး တစ်လုံးကိုလည်း ခေါင်းတွင် ရွက်ထား၏။ ပြီးနောက် ပါးစပ်မှ အက်ကွဲကွဲ အသံကြီး နှင့်
“အောင်စိန့် အလောင်းကို ထားခဲ့ ” ဟူ၍ ပြောလေတော့သည်။ ပြေကြီးလည်း ထိုမိန်းမအားကြည့်ကာ ကြက်သေသေနေ၏။ ခွေးအူသံများကလည်း ပတ်၀န်းကျင်ကို ဝါးမြိုသွားသည့်နှယ် ဆူညံလို့။ တစ်ဖန် ပြေကြီး နှာခေါင်းအတွင်းသို့ အပုပ်နံ့များက လှိုင်လှိုင်၀င်လာမှ ပြေကြီးလည်း သတိပြန်၀င်လာပါတော့သည်။
“နင် … နင် … ဘယ်သူလဲ …ဘာ… ဘာလို့ အောင်စိန့်အလောင်း ကိုလာတောင်းနေတာလဲ ”
“နင်က … ငါပိုင်တဲ့ အလောင်းကို ငါ့ကို ခွင့်မတောင်းဘဲ … ခိုးတယ် … နင့်ကို အပြစ်ပေးရမယ်ဟဲ့ …. လူ့ငမိုက်သား ”
ထိုမိန်းမ၏ အက်ရှရှအသံကြီးများက ကျောချမ်းဖွယ်ကောင်းလှပေသည်။ မျက်လုံးအစုံကလည်း မီး၀င်း၀င်းတောက်ကာ ပြေကြီးအား စားတော့ဝါးတော့မလို ။
“နင် … နင် … နင်ဘယ်သူလဲ … ငါ့ … ငါ့ကို ဘာလုပ်မလို့လဲ ”
“ငါ့နာမည် …. မဖဲဝါ … သင်္ချိုင်းစောင့် မဖဲဝါ”
“ဗျာ … မ … မ … မဖဲဝါ ”
မဖဲဝါဆိုသည့် အသံကြားမှ ပြေကြီးလည်း ခေါင်းမွှေးများထောင်တက်သွားလေတော့သည်။
“ကျုပ် … ကျုပ် ကိုဘာမှ မလုပ်ပါနဲ့ဗျာ … ကျုပ်ကျုပ် တောင်းပန်ပါတယ် ”
“ဟား … ဟား … ဟား …. ဟား …. ”
မဖဲဝါလည်း ထိုသို့ကြောက်စရာကောင်းလောက်အောင် ရယ်မောပြီး လက်ကြီး ကိုဆန့်တန်းလိုက်လေတော့၏။ မဖဲဝါ လက်ကြီးဆန့်လိုက်သည် နှင့် တစ်ပြိုင်နက် ဘယ်ကမှန်းမသိသော ခွေးနက်ကြီး သုံးကောင်မှာ မီးခိုးငွေ့များနှင့်အတူ ပေါ်ထွက်လာပါတော့၏။ လရောင်အောက်မှ ခွေးနက်ကြီးများရဲ့ ကြောက်စရာ အစွယ်ဖွေးဖွေးများကို ပြေကြီး အတိုင်းသား မြင်နေရ၏။ သူ့ဘ၀ အတွက် နောက်ဆုံးမြင်ကွင်း ဟုပင် ဆိုရပေတော့မည်။ ချက်ချင်းဆိုသလို မဖဲဝါ၏ ခွေးနက်ကြီးများက ပြေကြီး အား အတင်း ဝိုင်း၀န်းကိုက်ဖဲ့ကြကုန်တော့သည်။
“အား …….. ”
ရွာအပြင်ဘက်မှ ပြေကြီး၏ ကြောက်မက်ဖွယ် အော်သံကြီးကား ပတ်၀န်းကျင်တစ်ခုလုံးကို ထိုးခွင်းသွားလေတော့၏။
ပြေကြီးတစ်ယောက် ထိုခွေးနက်ကြီးများနှင့် လုံးထွေးသတ်ပုတ်ရင်းမှ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် သွေးအလိမ်းလိမ်းဖြစ်ကာ နေရာမှာပင် အသက်ငင်နေရသည်။ တစ်ခဏ အကြာမှာတော့ မဖဲဝါ လည်း အောင်စိန့် အလောင်းကို နဂိုမူလနေရာတွင် ပြန်ထားလိုက် တော့သည်။ပြီး နောက် ပြေကြီး၏ အသက်ငင်နေသော ကိုယ်ခန္ဓာကြီးအား ၎င်းထမ်းလာသော အခေါင်းအတွင်းထည့်ပိတ်ပစ်လိုက်ကာ ပျောက်ကွယ်သွားပါလေတော့ သတည်း ။
+++++++++
( ၆ )
ရွာအပြင်ဘက်က ခွေးအူသံများက တစ်စထက် တစ်စ ဆူညံလာသည်မို့ မီးကင်းမှ ကာလသားများ ဆက်လက်မအိပ်နိုင်တော့ဘဲ နိုးလာကြတော့သည်။ ခွေးအူသံများကတော့ ရပ်မသွားသေး။
“တောက် …. ဘာဖြစ်တာလဲ မသိဘူးဟေ့ … ခွေးတွေကလည်း အူသကွာ ”
“ဟုတ်တယ် … ကိုအောင်မောင်း ကျုပ်လည်း ကြားနေတာ အတော်ကြာပြီ ”
“တစ်ခုခု ဖြစ်နေသလားမသိဘူး”
“စောစောကတော့ … လူအော်သံလို ကြားလိုက်ရတယ်ဗျ ”
တာတီးဆိုသော ကောင်လေး၏ အပြောကြောင့် နားထောင်နေသော အောင်မောင်းတို့ တစ်စု မျက်လုံးပြူးသွားကြတော့သည်။
“ဟေ … လူအော်သံ ဟုတ်လား … တာတီး”
“ဟုတ်တယ် … ကိုအောင်မောင်း … ကျုပ် ဆီးသွားချင်တာနဲ့ ထသွားတာ … အဲ့ချိန် ခွေးတွေစအူတာပဲ… ပြီးတော့ ရွာပြင်က လူတစ်ယောက်အော်သံ ပြတ်ပြတ်သားသားပဲ … တစ်ခါတည်း မဟုတ်ဘူး … သုံးခါတောင် ကြားလိုက်သဗျ ”
“ဘယ်တုန်းကကြားလိုက်တာလဲ ”
“ကိုအောင်မောင်းတို့ မနိုးခင် စပ်ကြားလေးပဲ … ”
“အေး တာတီး …ဒါဆို မင်းက သူကြီးကို သွားခေါ်ပြီး လိုက်ခဲ့လိုက် … တို့အရင်သွားနှင့်မယ် ကြားလား ”
“ဟုတ် …ဟုတ် ”
တာတီးလည်း သူကြီးဦးဩဘာအား သွားခေါ်ရန်အတွက် မီးကင်းတဲလေးမှ ခပ်သုတ်သုတ် ထွက်သွားလိုက်ပါတော့သည်။ အောင်မောင်း တို့မှာတော့ တုတ်ဓားများ ကိုယ်စီကိုင်ကာ တာတီးပြောရာ ရွာပြင်ဖက်ဆီသို့ ထွက်ခဲ့လိုက်ကြလေတော့၏။
++++++++++
အောင်မောင်းတို့ အုပ်စုတွေ ရွာပြင် ခပ်လှမ်းလှမ်းရောက်တော့ လမ်းပေါ်တွင် ကန့်လန့်ကြီး ခံနေသော အရာ တစ်ခုကို သူတို့အတိုင်းသား တွေ့လိုက်ကြရသည်။ ထိုအရာက သစ်သားခေါင်းတလားကြီး။
“ပေသီး … အဲ့ဒါ အခေါင်းကြီး မဟုတ်လား ”
“ဟုတ် … ဟုတ်တယ် … ထင်တယ် … ကိုအောင်မောင်း … ကျုပ် ကျုပ် တို့ကို တစ္ဆေခြောက်နေပြီလား မသိဘူး ”
“ဟာ … ပေါက်ပေါက်ရှာရှာကွာ … ဘာပဲပြောပြော သွားတော့ မထိကြနဲ့အုံး … သူကြီးလာမှပဲ ကြည့်စီစဉ်ကြတာပေါ့”
မကြာပေ သူကြီး ဦးဩဘာ နှင့်အတူ တာတီးရော သူကြီးသား ထွန်းရွှေပါ ပါလာလေ၏။ ရောက်လာသည်နှင့် တစ်ပြိုင်နက် လမ်းပေါ်တွင် ကန့်လန့်ကြီး ခံနေသော သစ်သား ခေါင်းတလားကြီးကို သူကြီးတို့ တန်းတန်းမတ်မတ် တွေ့လိုက်ရ တော့သည်။
“ဘယ်က ခေါင်းတလားကြီးလဲ … ပေသီး သွားဖွင့်ချေစမ်း ”
“ဟာ … ကျုပ် မဖွင့်ရဲပါဘူးဗျာ ”
“တောက် … သုံးစားမရတဲ့ကောင်တွေကွာ ”
ဟုရေရွတ်ရင်း သူကြီး ကိုယ်တိုင် ထိုအခေါင်းကြီးနား ကပ်သွားလိုက်တော့သည်။ အခေါင်းထဲ၌ ဘာရှိနေမည်ကိုတော့ သူတို့အားလုံးစိတ်၀င်စားနေကြ၏။ သူကြီး လည်းခပ်သွက်သွက်ပင် အခေါင်းဖုံးကြီးကို ဖွင့်လိုက်တော့ အသက်ငင်နေသော ပြေကြီးကို အမှတ်မထင်တွေ့လိုက်ရပါတော့သည် ။
“ဟာ … ပြေကြီးပါလား … ဟေ့ကောင်တွေ အမြန်လာကြစမ်းပါဟ … ”
သူကြီးက ထိုသို့ပြောလိုက်တော့ တာတီး တို့ ပေသီး တို့ပြေးလာကြ၏။ ထွန်းရွှေမှာတော့ ပြေကြီးဟု အသံကြားလိုက်သည်နှင့် ထိုအခေါင်းနား ကပ်မလာရဲ တော့။
“မသေသေးဘူး … အသက်ရှူနေတယ် … ရွာထဲက ဆေးဆရာဆီ အမြန်ပို့ဖို့ လုပ် … ”
ပေသီးလည်း အခေါင်းထဲမှ ပြေကြီး၏ ကိုယ်ခန္ဓာကြီးကို ထုတ်ဖို့ ကြိုးစားနေစဉ်မှာပဲ ပြေကြီး တစ်ယောက် အသက်ဝိညာဉ်ချုပ်ငြိမ်းသွားပါလေတော့သည်။
“အိမ်း … သမ္ဗေ သတ္တာ ကမ္မသက္ကာ ပေါ့ကွာ … သေပြီ ဆိုတော့လည်း ပြေကြီး အလောင်းကို ဇရပ်ပေါ် ပို့ဖို့လုပ်ကွာ … မနက်ကျမှပဲ လုပ်စရာရှိတာ ဆက်လုပ်ကြတာပေါ့ အခုတော့ အချိန်လည်းလင့်နေပြီ ”
“ဟုတ် … ဟုတ်ကဲ့ သူကြီး ”
ပြေကြီး၏ ခေါင်းတလားကြီးကို အောင်စိန့် မသာစင်ဘေးနားတွင်ဘဲ နေရာချပေးလိုက်ကြသည်။ အလောင်းများအားမည်သူမျှ စောင့်မအိပ်ရဲကြသည်မို့ အားလုံးသဘောတူ ဆန္ဒဖြင့် ဒီအတိုင်းသာ ထားခဲ့ကြရသည်။ ထူးဆန်းမှုများက ဆက်တိုက် ဆိုသလို နောက်တစ်နေ့ သူကြီး ဦးဩဘာတို့တစ်တွေ ပြေကြီး ၏သေမှုသေခင်းအတွက် အလောင်းအားစစ်ဆေးရန် ရောက်လာကြသော်လည်း ပြေကြီး ၏ အလောင်းသာမက အလောင်းထည့်ထားသော ခေါင်းတလားကြီးပါ ပျောက်ချင်းမလှပျောက်သွားခဲ့ပါတော့၏။
ထို့အပြင် ထန်းတော ထဲမှ ချက်ဖောင်းက ထန်းရည်မူးတိုင်း ပြေကြီး မသေခင်က သူကြီးသား ထွန်းရွှေ နှင့် အောင်စိန့်အလောင်း ရွာထဲခိုးသွင်းမည် ဟု အလောင်းအစား လုပ်ခဲ့ကြောင်း တစ်ယောက်စ နှစ်ယောက်စ ပြောရင်းမှ တစ်ရွာလုံး သိသွားခဲ့ရပြန်သည်။
သို့တိုင်အောင် ပြေကြီး၏ အလောင်းနှင့် ထိုအလောင်းထည့်ထားသော ခေါင်းတလားကြီးမှာတော့ ပဟေဠိဆန်ဆန် ပျောက်ဆုံးသွားခဲ့ ချေပြီ ။
ပြေကြီး၏ ခေါင်းတလားကြီး ပျောက်ဆုံးသွားပြီး သိပ်မကြာမီမှာဘဲ ထူးဆန်း မှုတစ်ခု ပေါ်ပေါက်လာခဲ့ ပြန်တော့သည်။ ထိုအရာကား
ည ဆယ့်တစ်နာရီသို့ရောက်သည်နှင့် ရွာရိုးလမ်းကလေးအတိုင်း လျှောတိုက် ရွှေ့လျားနေသော ခေါင်းတလားကြီး တစ်လုံး ။ အနီးကပ်မြင်လိုက်ရသူများကတော့ ပြေကြီး၏ ခေါင်းတလားကြီးဟု အတပ်ပြောနိုင်ကြသည်။ တချို့မှာ ထိုခေါင်းကြီး အတွင်းမှ ပြေကြီးက လှမ်းနှုတ်ဆက်သည်ဟု ဆိုကြပြန်သည်။ ကလေးအစ ခွေးအဆုံး ည ဆယ့်တစ်နာရီ ထိုးသည်နှင့် ရွာထဲ သူ့အလိုလို ရွှေ့လျားနေတတ်သော ခေါင်းတလားကြီးကို မြင်ကြရသည်။
သူကြီးသား ထွန်းရွှေလည်း ပြေကြီး၏ အနှောက်အယှက်ပြုမည့် ရန်ကိုကြောက်၍ ရဟန်းဘောင်သို့ ဝင်သွားခဲ့တော့သည်။
ထိုအချိန်မှ စကာ ရွာကလေးသည်လည်း မိုးခေါင်ရေရှားလာခဲ့သည်။ စိုက်သမျှပျိုးသမျှလည်း မဖြစ်ထွန်းတော့သလို မွေးကင်းစ ကလေး ငယ်များ အသေအပျောက်များလာ၏။ ထို့ကြောင့် ရွာသူရွာသား အချို့ပင် ထိုရွာကို စွန့်ခွာသွားကုန်ကြပြီ။ ရွာ၌လည်း လူဦးရေ တစ်စထက် တစ်စနည်းလာကာ နောက်ဆုံးကျန်ရစ်ခဲ့သူများပင် အမျိုးမျိုးသော ဆင်းရဲဒုက္ခများကို ခံကြရပြီး အသက်ဆုံးကုန်ကြရသည်။ အဆုံးသတ်မှာတော့ ထိုရွာကလေးမှာ ပျက်သုန်းသွားရပြီး ဖုန်းဆိုးမြေ အဖြစ်သာ ကျန်ရစ်ခဲ့ရပါတော့၏ ။
သို့သော် ညဆယ့်တစ်နာရီ အချိန်သို့ရောက်တိုင်း သစ်သား ခေါင်းတလားကြီး တစ်ခုကတော့ ရွာလမ်းအတိုင်း ရွှေ့လျားနေတတ်တုန်းပင် …………………………
( ပြီးပါပြီ )
ယနေ့ ခေတ်မှီ ဖွင့်ဖြိုးတိုးတက်လာသည်နှင့်အမျှ ထိုရွာကလေး၏ မြေနေရာများတွင်လည်း အိမ်ရာ အသစ်များ ရှိလာခဲ့ပြီဖြစ်သည်။ ယခင်က ထိုရွာကလေးမှ အဖြစ်ဆိုးနှင့်ကြုံခဲ့ရသော ပြေကြီး ဆိုသူ ရာဇ၀င် လူဆိုးကြီးလည်း ကျွတ်တန်း၀င်သွားဟန်တူသည်။ ယခု လက်ရှိကာလမှာတော့ ထိုနေရာလေး၌ လူသူများစည်ကားလာခဲ့ပြီ ဖြစ်ပြီး ခေါင်းတလား ကြီးရွေ့လျား သွားလာနေမှုသည်လည်း ဒဏ္ဍာရီပုံပြင်လေး အဖြစ်သာ ကျန်ရစ်ခဲ့ပါတော့သည်။
ဆက်လက် ကြိုးစားပါအုံးမည်။
Leave a Reply