ခေါင်းပျက်သရဲကြီး

လာခဲ့ကြသည်။

တချို့ရွာသားများက အလောင်းအား
မီးသင်္ဂြိုလ်ရန်အတွက်ထင်းများယူလာကြသည်။

ကိုခွေးခင်ကတစ်ကိုယ်တည်းသမား
ဖြစ်သည့်အတွက်ကိုခွေးခင်၏နာရေးအား
သူကြီးနှင့်ကျွန်းလှရွာသားများကပင်
ဦးဆောင်ကာသင်္ဂြိုလ်ပေးခဲ့ကြလေသည်။

==================

သူကြီးဦးလှမြင့်တစ်ယောက်
ကိုခွေးခင်အသတ်ခံရသည့်အကြောင်းအား
ရေနွေးကြမ်းသောက်ရင်းစဉ်းစား
နေလေသည်။

ထိုအချိန်ရွာထဲမှ ငတိုးသူကြီးထံသို့
ရောက်လာလေသည်။

“သူကြီးရေ သူကြီး”

ငတိုး၏ခေါ်သံကြောင့်သူကြီးလည်း
တွေးလက်စအတွေးများပျောက်သွားသည်။

“သြော် ငတိုးပါလား လာလေ
ထိုင် အကြမ်းရည်လေးသောက်”

“ဟုတ်ကဲ့ သူကြီး”

ငတိုးကအကြမ်းရည်အားတစ်ခွက်
ငှဲ့ပြီးသောက်လိုက်လေသည်။

“ကဲ…ပြောပါဦးဘာများပြောစရာ
ရှိလို့ငါ့ဆီရောက်လာရတာလဲ”

“ကျွန်တော်စဉ်းစားနေတာကို
သူကြီးလည်းစဉ်းစားနေမယ်လို့
ကျွန်တော်ထင်တယ် ဘာလဲဆိုတော့
ကိုခွေးခင်လိုလူရိုးလူအေးတစ်ယောက်ကို
ရက်ရက်စက်စက်သတ်သွားတာ
ဘယ်သူတွေလဲဆိုတာကို သူကြီးလည်း
သိချင်နေမှာပဲလေ”

“အေးငါလည်းအဲ့ဒါကိုပဲသိချင်နေတာ
ခက်တာကခွေးခင်ကလူရိုးလူအေး
တစ်ယောက်လည်းဖြစ်ဘယ်သူနဲ့မှလည်း
ရန်ငြိုးရန်စမရှိတဲ့သူဆိုတော့
သူ့ကိုဘယ်သူတွေသတ်သလဲဆိုတာ
စဉ်းစားရကြပ်နေတာပေါ့ကွာ
သက်သေမရှိပဲနဲ့ ဘယ်သူဘယ်ဝါဆိုပြီး
လက်ညိုးထိုးပြီးပြောလို့လည်းမရတော့
အခက်သားလား ငတိုးရာ”

“ဖြစ်နိုင်ရင်လေ ကိုခွေးခင်ရဲ့ဝိညာဉ်ကို
ခေါ်ပြီးမေးလိုက်ချင်သား
ခင်ဗျားကိုသတ်တာဘယ်သူလဲဆိုပြီးပေါ့”

“မင်းပြောသလိုလုပ်လို့ရရင်
ကောင်းတာပေါ့ကွာ ခွေးခင်လည်းသူဒီလို
အသတ်ခံရတာကိုနည်းနည်းမှ
ကျေနပ်မယ့်ပုံမပေါ်ဘူးကွ”

“ဟုတ်တယ် သူကြီးရာ ကိုခွေးခင်လည်း
ဘယ်ဘဝကဝဋ်ကြွေးပါလာသလဲ
မသိပါဘူးဗျာ”

“သြော် ဒါနဲ့ငတိုး ဒီရက်ပိုင်း
ရွာထဲကလူမိုက်စာရင်းဝင်တဲ့သူတွေကို
မင်းနည်းနည်းလောက်စောင့်ကြည့်
ထားပါ မူမမှန်တာတွေ့ရင်ငါ့ကို
လာပြောကြားလား”

“ဟုတ်ကဲ့ ကျွန်တော်သတိထားကြည့်ပါ့မယ်”

ငတိုးလည်းသူကြီးနှင့်ကိုခွေးခင်အကြောင်း
များအားပြောပြီးသည်နှင့်သူကြီးအိမ်မှ
ထွက်သွားလေသည်။

=================

ကိုခွေးခင်အသတ်ခံရပြီး၇ရက်ပြည့်သည်နှင့်
ကျွန်းလှရွာသူကြီးနှင့်ရွာသူရွာသားများက
စုပေါင်းပြီးရက်လည်ဆွမ်းကပ်ပေးကြလေသည်။

ဆရာတော်၅ပါးပင့်ကာကိုခွေးခင်အား
ရည်စူးပြီးရေစက်ချ အမျှဝေပေးကြလေသည်။

ကိုခွေးခင်၏နာရေးရက်လည်ပြီး
ညတွင်တော့………

“အူ ဝူး ဝူ ဝူး”

“ဂီး ဂီး”

ခွေးအူသံများနှင့်ငှက်ဆိုးထိုးသံများကြောင့်
ကျွန်းလှရွာလေးမှာကြက်သီးထလောက်အောင်
ကြောက်စရာကောင်းနေပေသည်။

တစ်ရွာလုံးလည်းတိတ်ဆိတ်ငြိမ်သက်နေကြ
လေသည်။

ရွာအနောက်ပိုင်းကလမ်းကြားတစ်ခု
တွင်တော့ယိုင်တိုင်တိုင်လမ်းလျှောက်လာ
သည့်လူနှစ်ယောက်ကိုတွေ့ရလေသည်။

“ဟေ့ကောင် လူလှ ခွေးခင်သေတာတောင်
ဒီကနေ့ ၇ရက်ပြည့်ပြီနော်”

“အေးဟုတ်တယ်လေ အဲ့ဒါဘာဖြစ်လဲ
အေ့ ဂေ့”

“ဟ…ဘာဖြစ်ရမှာလဲကွ အခုထိ
ဒီကောင့်ကိုသတ်သွားတဲ့သူ
မပေါ်လာသေးဘူးလေ ဟိုကဖြင့်
သရဲတောင်ဖြစ်နေလောက်ပြီ”

“လှခင်မင်းပြောတာမှန်တယ်ကွ
ဟိုရှေ့မှာပဲ ခွေးခင်အသတ်ခံရတာ
မဟုတ်လား”

“အေးဟုတ်တယ် အဲ့ဒီနားမှာပဲ
အသတ်ခံလိုက်ရတာ ခေါင်းကြီးပြတ်လို့လေ”

“ခွေးခင် ခွေးခင် မင်းဘယ်ဘဝများ
ရောက်နေပြီလဲကွာ”

လှခင်ကကိုခွေးခင်အားတမ်းတသံဖြင့်
ပြောလိုက်လေသည်။

“ဒုတ်”

“ဟ…ဘာကြီးကန်မိတာလဲမသိဘူး”

“ဘာလဲ ဘာပြောတာလဲ”

“နေဦး လူလှငါတစ်ခုခုကိုကန်လိုက်မိတယ်ကွ”

လှခင်ကမြေကြီးပေါ်သို့ ငုံ့ကာလိုက်ရှာလေသည်။

“ဟင်…ခေါင်း ခေါင်းပြတ်ကြီး”

“ဘယ် ဘယ်မှာလဲ လှခင်”

“ဟို ဟိုမှာလေ”

“ဟာ…ခေါင်း ခေါင်း”

“ကိုလှခင်နဲ့ကိုလူလှ ကျွန်တော့်ခေါင်းလေး
ပျောက်သွားတာအခုထိရှာမတွေ့လို့
ကူရှာပေးပါလားဗျ”

ကိုလှခင်နှင့်ကိုလူလှတို့အား မြေပေါ်တွင်
ပြတ်ပြီးကျနေသောခေါင်းပြတ်ကြီးက
စကားပြောလိုက်သောကြောင့်
ကိုလူလှနှင့်ကိုလှခင်တို့၂ယောက်
ကြောက်ဒူးများပင်တုန်လာပြီး
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်
မိပြီးသောက်ထားသည့်အရက်များပင်
ဘယ်ရောက်လို့ဘယ်ပျောက်မှန်းမသိ
ဖြစ်သွားကြလေသည်။……………

“လူ လူလှ အဲ့ဒါ ခွေးခင်ခေါင်းပြတ်ကြီးကွ”

“အား ခွေးခင် သရဲ သရဲ”

“သရဲ ခေါင်းပြတ်သရဲကြီး ကယ်ကြပါဦး”

ကိုလှခင်နဲ့ကိုလူလှလည်းထိုနေရာမှ
ထွက်ပြေးသွားကြတော့သည်။

==================

“မနေ့ညက ကိုလှခင်နဲ့ကိုလူလှတို့
သရဲခြောက်ခံရလို့တဲ့ နင်သိလား”

“ငါမသိပါဘူး ဘယ်ကသရဲခြောက်တာလဲ”

“ဘယ်ကသရဲဖြစ်ရမှာလဲအေ့
ကိုခွေးခင်ပေါ့ဟဲ့”

“ဟင်…ကိုခွေးခင်က မကျွတ်ဘူးပေါ့”

“ဘယ်ကျွတ်ပါ့မလဲအေ သူ့မှာရက်ရက်
စက်စက်အသတ်ခံထားရတာ
သူ့နေရာမှာဆိုဘယ်သူဖြစ်ဖြစ်
ကျွတ်မှာမဟုတ်ဘူး”

“ဒါနဲ့ ကိုခွေးခင်က ကိုလှခင်တို့ကို
ဘယ်လိုခြောက်လွှတ်လိုက်တာလဲ”

“ငါကြားတာကတော့ ကိုခွေးခင်က
သူ့ခေါင်းပြတ်ကြီးကိုလိုက်ရှာခိုင်းတာတဲ့အေ့
ပြီးတော့သူ့ခေါင်းပြတ်ကြီးက
မြေပေါ်မှာပြတ်ကျနေပြီးကိုလူလှတို့ကို
စကားတွေပြောတာတဲ့”

“အမလေး သူတို့နေရာမှာငါသာဆိုရင်
အဲ့ဒီနေရာမှာတင်လဲသေသွားလောက်တယ်”

“အေးပေါ့ အခုကိုလှခင်နဲ့ကိုလူလှတို့
၂ယောက်လုံးအကြောက်ကြီးပြီး
လန့်ဖျားဖျားနေကြတယ်တဲ့လေ
ဆေးဆရာနဲ့မနည်းကုထားရတယ်”

“အဲ့လောက်တောင်ဖြစ်သွားကြတာလား”

“အေးပေါ့”

ကျွန်းလှရွာထဲမှရွာသူလေးများက
ကိုခွေးခင်ခြောက်လှန့်လိုက်သည့်အကြောင်း
အားပြောနေကြခြင်းဖြစ်လေသည်။

================

“သူကြီးမနေ့ညကအကြောင်း
သူကြီးလည်းကြားပြီးလောက်ရောပေါ့”

“လူလှနဲ့လှခင်ကို ခွေးခင်ခြောက်လွှတ်လိုက်
တဲ့အကြောင်းမဟုတ်လား။
ငါကြားပါတယ်ကွာ”

“ကိုခွေးခင်ကြီးကရက်လည်ပြီးတာတောင်
မကျွတ်သေးဘူးဆိုတော့။
သူတစ်ခုခုကိုစောင့်နေတာများလား”

“မင်းကဘာကိုပြောချင်တာလဲငတိုး”

“ဒီလိုလေသူကြီးကလည်း ကိုခွေးခင်က
အသတ်ခံရလို့သေသွားတာမလား။
အဲ့ဒီတော့သူ့ကိုသတ်တဲ့သူတွေကိုများ
လက်စားချေချင်လို့စောင့်နေတာများလားလို့ပါ”

“မင်းပြောသလိုမျိုးလည်းဟုတ်ချင်မှ
ဟုတ်မှာပါကွာ။သူ့ဟာသူအစွဲကြီးပြီး
မကျွတ်မလွတ်သေးတာနေမှာပေါ့
ဒါနဲ့ ငါမင်းကိုခိုင်းထားတဲ့ကိစ္စမမေ့နဲ့ဦး
ကြားလားငတိုး”

“မမေ့ပါဘူးသူကြီးရာ ကျွန်တော်က
အားနေလို့ကတော့အလကားမနေဘူး
ရွာထဲလျှောက်သွားပြီးစုံစမ်းနေတာပါဗျ
မျက်လုံးနဲ့နားတွေကိုအလစ်မပေးပဲ
စောင့်ကြည့်နေတာဗျ”

“အေးကောင်းတယ် ဒါမှခွေးခင်ကို
သတ်တဲ့တရားခံမြန်မြန်ဖော်ထုတ်နိုင်မှာကွ”

“ကျွန်တော်လည်းကိုခွေးခင်ကို
သတ်သွားတဲ့တရားခံကိုမြန်မြန်ဖမ်းမိစေချင်ပြီ”

ငတိုးနှင့်သူကြီးတို့ကတော့ကိုခွေးခင်အား
သတ်သွားသည့်တရားခံကိုအမြန်ဆုံး
မိနိုင်ရန်တိုင်ပင်ဆွေးနွေးကြတော့သည်။

=================

ညနေစောင်းတော့
ကျွန်းလှရွာအနောက်ပိုင်းမှထန်းတောဆီသို့
ငတိုးတစ်ယောက်ရောက်လာခဲ့လေသည်။

“ကိုဘမှန်ရေ ကျုပ်အတွက် ထန်းရည်တစ်အိုးချဗျာ”

“အမြည်းမပါတော့ဘူးလား ငတိုးရ”

“အမြည်းကတော့ခါတိုင်းလိုပဲ
ပဲကြီးလှော်ပဲပေါ့ဗျာ။မြန်မြန်လေးလုပ်ဗျို့
သောက်ချင်လှပြီ”

“ရော့ ရပါပြီဗျာ”

“ဒါကအမြည်းပန်းကန်”

ငတိုးလည်းထန်းရည်သောက်ရင်း
စည်းစိမ်ခံနေလေသည်။

ထိုအချိန်ထန်းတောလေးဆီသို့
လူ၃ယောက်လာနေသည်ကိုငတိုးမြင်လိုက်ရသည်။

ထိုလူများကိုငတိုးသတိထားပြီး
ကြည့်နေမိသည်။

ထိုလူများကတခြားသူများမဟုတ်
ရွာထဲမှလူမိုက်စာရင်းဝင်များဖြစ်ကြသည့်
အောင်မောင်း၊ဒင်ကြီးနှင့်ဆန်းအောင်တို့
ဖြစ်လေသည်။

ထိုလူသုံးယောက်ကထန်းတောဆီသို့
ရောက်လာပြီးကိုဘမှန်ဆီမှထန်းရည်
၄အိုးအားမှာလေသည်။

အမည်းကိုတော့ဆတ်သားခြောက်၊အမဲခြောက်စသည်တို့ကိုမှာယူပြီး
စားသောက်ကြလေသည်။

“ဟေ့ကောင် အောင်မောင်း”

“အင်း ဘာလဲ”

“ငါတို့ဓားပြတိုက်ပြီးရလာတဲ့
ရွှေတွေကိုဘယ်တော့မြို့ တက်ပြီး
ရောင်းကြမလဲ”

“တိုးတိုးပြောစမ်းပါ ဒင်ကြီးရာ
ငါကြံပါ့မယ်။သန်ဘက်ခါ မြို့ ကနေ
ငါ့အသိတစ်ယောက်လာလိမ့်မယ်။
အဲ့အခါကြရင်ငါကရွှေတွေကိုယူပြီး
သူနဲ့မြို့ ကိုလိုက်သွားမယ်။
မြို့ မှာရွှေတွေရောင်းပြီးရလာတဲ့ငွေတွေကို
ငါတို့၃ယောက်ခွဲယူမယ်။
ဒါပဲလေ”

“အင်း…အောင်မောင်းပြောတဲ့အကြံ
မဆိုးဘူး။ငါတို့၃ယောက်လုံးမြို့ ကိုတက်သွား
မယ်ဆိုရင်ရွာထဲကလူတွေက
တမျိုးထင်သွားနိုင်တယ်။
ဒီတော့အောင်မောင်းကိုတစ်ယောက်တည်း
လွှတ်ပြီးရွှေတွေရောင်းခိုင်းတာပိုအဆင်
ပြေလိမ့်မယ်”

“ဆန်းအောင်ပြောသလိုပဲ
ငါတို့တွေဒီရက်ပိုင်းသတိထားပြီး
သွားလာနေထိုင်ရလိမ့်မယ်။
ပြီးတော့ရွှေတွေရောင်းလို့ရလာတဲ့ငွေတွေကို
ချက်ချင်းမသုံးစွဲပဲနဲ့ နေရလိမ့်မယ်
အချိန်ကာလတစ်ခုရောက်မှထုတ်သုံးသင့်မှ
ထုတ်သုံးကြရမယ်။
မဟုတ်ရင်ငါတို့ဓားပြတိုက်ခဲ့တာ
လူတွေရိပ်မိကုန်လိမ့်မယ်”

“ဟုတ်တယ်ဒင်ကြီး အောင်မောင်းပြောတာ
မှန်တယ်ကွ။ ဒါတောင်ငါတို့ဓားပြတိုက်ပြီး
ရွာအပြန်လမ်းမှာခွေးခင်နဲ့တိုးလို့
ငါတို့အကြောင်းကိုဒီကောင်သိသွားတယ်လေ
ဒါကြောင့်ငါတို့
ခွေးခင်ကိုနှုတ်ပိတ်လိုက်တာ
ဘယ်သူမှမသိသေးဘူး။
သိသွားလို့ကတော့ ခွေးခင်ကိုသတ်တဲ့အမှုရယ်
ဓားပြတိုက်တဲ့အမှုရယ်ရောပြီး
ထောင်နန်းစံရလိမ့်မယ်ကွ”

သူတို့၃ယောက်ပြောစကားများအား
နားစွင့်နေသည့်ငတိုးအားမမြင်ပဲ
ပြောလိုက်လေတော့သည်။

“ဟင်…ဒါ ဒါဆို ကိုခွေးခင်ကို
သတ်တာဒီကောင်တွေပေါ့။
နောက်ပြီးဓားပြတိုက်ကြသေးတယ်ဆိုတော့
မဖြစ်ဘူး မဖြစ်ဘူး ဒီကိစ္စကို
သူကြီးသွားပြောမှဖြစ်မယ်”

ငတိုးလည်းသောက်လက်စ
ထန်းရည်ခွက်အားချလိုက်ပြီးကိုအောင်မောင်း
တို့မမြင်အောင်တခြားလမ်းမှ
ရွာထဲဝင်လာခဲ့တော့သည်။

“သူကြီးရေ သူကြီး”

“ငတိုးရေးကြီးသုတ်ပြာနဲ့ဘာတုန်းဟ”

“သူကြီးရေ ကိုခွေးခင်ကိုသတ်တဲ့
တရားခံကိုတွေ့ပြီဗျ”

“ဟေ…ဘယ်သူလဲ ငတိုး”

“ဘယ်သူဖြစ်မှာလဲ သူကြီးရယ်ရွာထဲက
ကိုအောင်မောင်း၊ကိုဒင်ကြီးနဲ့ကိုဆန်းအောင်
တို့ဗ်”

“ဘာ ဒီကောင်တွေဟုတ်လား”

“ဟုတ်တယ်သူကြီးရ ကျွန်တော်ထန်းတောမှာ
ထန်းရည်သောက်နေတုန်း သူတို့၃ယောက်
ရောက်လာပြီးပြောနေကြတာကျွန်တော့်နားနဲ့
ဆက်ဆက်ကြားခဲ့တာဗျ။

ပြီးတော့ရှိသေးတယ်သူတို့၃ယောက်
အရင်ရက်ကဓားပြတိုက်ပြီးအပြန်
ရွာအနောက်ပိုင်းရောက်တော့ကိုခွေးခင်ကြီးနဲ့
တိုးမိကြတယ်တဲ့။

အဲ့ဒီမှာကိုခွေးခင်ကသူတို့ရဲ့အကြောင်းကို
ကိုခွေးခင်ကသိမြင်သွားတော့
ကိုခွေးခင်ကိုသတ်ပစ်လိုက်ကြတယ်လေ”

“တောက်”

“တော်တော်လူမဆန်တဲ့ကောင်တွေကွာ
ငါ့အကြောင်းသိကြသေးတာပေါ့ကွာ
ငတိုး အဲ့ဒီကောင်တွေထန်းတောမှာပဲလား”

“ဟုတ်တယ်သူကြီး သူတို့ထန်းတောမှာပဲရှိသေးတယ်”

“ငတိုးမင်းငါနဲ့လိုက်ခဲ့ အောင်မောင်း
အိမ်ကိုသွားကြမယ်”

“ဘာသွားလုပ်မှာလဲသူကြီး”

“ဟ…ဒီကောင်ဓားပြတိုက်ပြီး
ရလာတဲ့ရွှေတွေရှိမရှိသွားစစ်ကြည့်ရမယ်
ဒီအတိုင်းသက်သေမရှိပဲနဲ့ ထန်းတောထဲ
သွားပြီးဖမ်းလို့တော့မဖြစ်ဘူး
အရင်ဆုံးသက်သေသွားရှာရမယ်
ဓားပြတိုက်ပြီးရလာတဲ့ရွှေတွေကို
တွေ့တာနဲ့ ဒီကောင်တွေကိုဖမ်းရမှာပေါ့”

“ဟုတ်ကဲ့ သူကြီး”

သူကြီးလည်းအိမ်ထရံ၌ချိတ်ဆွဲထားသော
၂လုံးပြူးသေနတ်အားယူပြီးငတိုးနှင့်အတူ
အောင်မောင်းအိမ်သို့လာခဲ့ကြတော့သည်။

“ဟေ့ အောင်မောင်းရှိလားဟေ့”

“ရှင်သူကြီးပါလား ဘာကိစ္စများရှိလို့ပါလဲ”

“အေးခင်နင့်ယောက်ျားကိုသံသယရှိလို့
ငါလာစစ်တာ”

“ရှင် သူကြီးကျွန်မယောက်ျား ကိုအောင်မောင်းက
ဘာပြစ်မှုတွေများကျူးလွန်ထားလို့လဲရှင်”

“နင့်ယောက်ျားကိုဓားပြတိုက်မှု
လူသတ်မှုနဲ့ ငါသတင်းရထားတယ်
အဲ့ဒီတော့နင့်အိမ်ထဲငါဝင်စစ်ကြည့်မယ်”

“ကြည့်ပါရှင့် ကြည့်ပါ ကျွန်မတို့
မဟုတ်တာဘာမှမလုပ်ထားပါဘူးရှင်”

“ငတိုးမင်းအိမ်ပေါ်တက်ပြီးရှာစမ်း”

“ဟုတ်ကဲ့ သူကြီး”

ငတိုးလည်းသူကြီးအမိန့်ကြောင့်
အိမ်ပေါ်တက်သွားလေတော့သည်။

ကိုအောင်မောင်းအိမ်နှင့်ကပ်လျက်ရှိသော
အိမ်နီးချင်းများကလည်းသူကြီး၏အသံအား
ကြားကြသဖြင့်၊ကိုအောင်မောင်းအိမ်ဘက်သို့
ဝိုင်းပြီးကြည့်နေကြလေသည်။

“တွေ့ပြီ သူကြီးရေ တွေ့ပြီ”

“ဟင်…”

ငတိုး၏အသံကြောင့်ကိုအောင်မောင်းရဲ့
ဇနီးမအေးခင်လည်းထိတ်လန့်သွားလေသည်။

“သူကြီးရေဒီမှာကြည့်ပါဦး”

“ပြစမ်း”

ငတိုးလက်ထဲ၌ပုဆိုးဖြင့်ထုပ်ထားသော
ရွှေများအားမြင်လိုက်ကြလေသည်။

“ဟင်…ရွှေ ရွှေတွေပါလား”

“အေးခင်ဒါနင့်ယောက်ျားဓားပြတိုက်ပြီး
ရလာတဲ့ရွှေတွေပဲ။နင်ဘာငြင်းချင်သေးလဲ”

“ဟင့်အင်း ကျွန်မဘာမှမသိဘူး
ကျွန်မသိလည်းမသိပါဘူး သူကြီးရယ်
သူဒီလိုအလုပ်မျိုးလုပ်လိမ့်မယ်လို့
ကျွန်မတကယ်ထင်မထားခဲ့ဘူးသူကြီးရယ်
အီးဟီး ဟီး”

“ဘာတွေဖြစ်နေကြတာလဲဟေ့
ငါ့အိမ်ကိုမသာအိမ်များထင်နေကြသလားဟမ်
ဘာလို့ဝိုင်းကြည့်နေတာလဲ”

ကိုအောင်မောင်းရောက်လာပြီး
ထန်းရည်မူးမူးနှင့်
အိမ်နီးချင်းများအားအော်ငေါက်နေလေသည်။

အိမ်နီးချင်းများကလည်းကိုအောင်မောင်း
အော်ငေါက်လိုက်ခါမှအိမ်ထဲအသီးသီး
ပြန်ဝင်သွားကြလေသည်။

ကိုအောင်မောင်းလည်းအိမ်ထဲဝင်လာခဲ့ပြီး

“အေးခင် အေးခင် ”

“ဟင် သူကြီးရောက်နေပါလား”

“အေးဟုတ်တယ်။
မင်းရောက်လာတာနဲ့အတော်ပဲ။
ဒီမှာကြည့်စမ်းဒါဘာတွေလဲ”

“ဟာ”

“မင်းပြေးဖို့မစဉ်းစားပါနဲ့ လက်ထဲက
၂လုံးပြူးကမင်းအတွက်ငါယူလာခဲ့တာပဲ
မင်းအေးအေးဆေးဆေးအဖမ်းခံပါ”

“မဟုတ်ဘူး ဒါ ဒါကျုပ်လုပ်တာ
မဟုတ်ဘူး”

“ကိုအောင်မောင်း ရှင်အခုမှ
ဖုံးကွယ်ဖို့မကြိုးစားပါနဲ့တော့။
ရှင်ဓားပြတိုက်ပြီးရလာတဲ့ရွှေတွေနဲ့
ကျွန်မကိုချမ်းသာအောင်ထားမလို့လား။
ကျွန်မသေရင်သေသွားပါစေ
သူများမျက်ရည်ကြီးငယ်ကျပြီးမှ
ရလာတဲ့အရာတွေကိုကျွန်မမလိုချင်ဘူး။

“အေးခင်ရယ် ငါရှင်းပြရပါစေဟာ”

“မလိုဘူး ကျွန်မကိုဘာမှလာမရှင်းပြနဲ့
ရှင့်ကိုဒီလိုမျိုးလုပ်လိမ့်မယ်လို့။
ကျွန်မတကယ်မထင်ခဲ့မိဘူး။
ရှင်ယောက်ျားဆိုရင်ကိုယ်လုပ်တဲ့အပြစ်ကို
ကိုယ်ခံယူရဲရမှာပေါ့ရှင်”

မအေးခင်၏ပြောစကားများကြောင့်
ကိုအောင်မောင်းလည်းခေါင်းငိုက်စိုက်
ကျသွားလေသည်။

ပြီးမှခေါင်းကိုမော့လိုက်ကာ…

“ဟုတ်ပါတယ် ကျုပ်မှားခဲ့ပါတယ်သူကြီး။
ကျုပ်နဲ့ကျုပ်သူငယ်ချင်းတွေပေါင်းပြီး
ဓားပြတိုက်ခဲ့ကြပါတယ်။

ပြီးတော့ကိုခွေးခင်ကိုသတ်လိုက်တာလည်း
ကျုပ်သူငယ်ချင်းဆန်းအောင်ပါ
ကျုပ်ကိုဖမ်းလိုကဖမ်းနိုင်ပါတယ်သူကြီး။

အေးခင်ငါမလုပ်သင့်တဲ့အရာကို
လုပ်ခဲ့မိတဲ့အတွက်ငါနင့်ကိုတောင်းပန်ပါတယ်ဟာ”

“ရှင်မှားမှန်းသိတယ်ဆိုရင်
ကျွန်မကျေနပ်ပါပြီ။ရှင့်အပြစ်တွေကို
တရားဥပဒေကပေးတဲ့ဒဏ်နဲ့ဆေးကြောလိုက်ပါ”

“ကဲ ငတိုး အောင်မောင်းကိုခေါ်ခဲ့”

“ဟုတ်ကဲ့သူကြီး”

ကိုအောင်မောင်းလည်းသူ၏အပြစ်အား
ဝန်ခံကာအေးအေးဆေးဆေးအဖမ်းခံ
လိုက်လေသည်။

သူကြီးလည်းအိမ်ရောက်သည်နှင့်
ကိုအောင်မောင်းအားထိတ်တုံးခက်လိုက်သည်။

“ငတိုးအချိန်လည်းမရှိတော့ဘူး
မှောင်လည်းမှောင်နေပြီ။
ဆန်းအောင်နဲ့ဒင်ကြီးကိုလည်းသွားဖမ်းရဦးမယ်
လာသွားကြစို့”

“ဟုတ်ကဲ့ သူကြီး”

သူကြီးလည်းငတိုးနှင့်အတူလိုက်ပါလာခဲ့
လေသည်။

ကိုဆန်းအောင်နှင့်ကိုဒင်ကြီးက
အိမ်နီးချင်းများဖြစ်ကြသည့်အတွက်
အထူးတလည်သွားစရာမလိုပေ။

ထို့ကြောင့် ဆန်းအောင်တို့နေထိုင်သည့်
ရွာမြောက်ပိုင်းသို့ရောက်လာခဲ့ကြသည်။

“ဆန်းအောင် ဒင်ကြီး မင်းတို့တွေအိမ်ထဲက
ထွက်လာပြီးအေးအေးဆေးအဖမ်းခံစမ်း
မင်းတို့အပြစ်မင်းတို့သိပါတယ်။

အောင်မောင်းကလည်းအားလုံး
ဝန်ခံပြီးပြီ။
ဒီတော့မင်းတို့၂ယောက်အေးအေးဆေးဆေး
ထွက်ခဲ့ကြ”

“ဘယ်လိုလုပ်ကြမလဲ ဒင်ကြီး
ငါတို့ကိုသူကြီးလာဖမ်းနေပြီ”

“ခြံစည်းရိုးကိုကျော်ပြီးထွက်ပြေးကြတာပေါ့ကွာ”

“ဖြစ် ဖြစ်ပါ့မလား သူကြီးလက်ထဲမှာ
သေနတ်ကြီးနဲ့ကွ”

“မင်းကလည်းငါပြောသလိုသာ
လုပ်စမ်းပါကွာ။လာမြန်မြန်”

ကိုဒင်ကြီးနှင့်ကိုဆန်းအောင်တို့က
အတူတူရှိနေကြသည့်အချိန်သူကြီးရောက်လာ
သည့်အတွက်ထွက်ပြေးရန်တိုင်ပင်
နေကြလေသည်။

“ဟာ…သူကြီးဟိုကောင်တွေ
ခြံစည်းရိုးကိုကျော်ပြီးပြေးပြီဗျ”

“ဟေ လိုက် လိုက် ငတိုးမြန်မြန်လိုက်”

“ဟုတ်ကဲ့ သူကြီး”

ငတိုးလည်းဒင်ကြီးနှင့်ဆန်းအောင်တို့
ထွက်ပြေးသွားသည့်နောက်သို့
ထပ်ကြပ်မခွာပြေးလိုက်လာခဲ့သည်။

သူကြီးကလည်း၂လုံးပြူးကို
ကိုင်ပြီးနောက်မှတတ်စွမ်းသလောက်
ပြေးလိုက်လာသည်။

“ဆန်းအောင် ပြေးထားကွ
နောက်မှာဟိုကောင်ငတိုးလည်းလိုက်လာပြီ”

“ငါ ငါတို့ကိုမိသွားရင်တော့မလွယ်ဘူး
ဒင်ကြီး ပြေးထား ”

ရှေ့မှဒင်ကြီးနှင့်ဆန်းအောင်ကပြေး
နောက်မှငတိုးကခြေကုန်သုတ်ကာ
လိုက်လာနေသည်။

ပြေးရင်းလွှားရင်းဖြင့်ရွာအနောက်ပိုင်းသို့
ရောက်လာခဲ့ကြလေသည်။

ဆန်းအောင်နှင့်ဒင်ကြီးကနောက်သို့
လှည့်ကြည့်လှည့်ကြည့်ဖြင့်ပြေးနေခိုက်

“ဘုံး” “အွတ်”

“အား…”

ပြေးနေရင်းရုတ်တရက်ဒင်ကြီးနှင့်ဆန်းအောင်တို့
အရုပ်ကြိုးပျက်လဲကျသွားလေသည်။

“ဟင်…”

“ဟာ…ခွေး ခွေးခင်”

ဒင်ကြီးနှင့်ဆန်းအောင်တို့အား
မြေပေါ်လဲကျစေရန်တွန်းထုတ်လိုက်သည်မှာ
အခြားသူမဟုတ်ပေ။
ကိုခွေးခင်ပင်ဖြစ်နေတော့သည်။

“မင်းတို့ငါ့ကိုသတ်ခဲ့ကြတာ
မှတ်မိရဲ့လား”

ကိုခွေးခင်၏အသံအောအောကြီးကို
ကြားလိုက်ရသည့်ဒင်ကြီးနှင့်ဆန်းအောင်တို့
ကြက်သီးတဖျန်းဖျန်းထသွားကြစည်။

“ငါ ငါတို့မင်းကိုမသတ်ချင်ပဲ
သတ်လိုက်မိတာကွာ။ငါတို့ကိုခွင့်လွှတ်ပါ”

“ဟုတ် ဟုတ်ပါတယ် ခွေးခင်ရာ
ငါ ငါတောင်းပန်ပါတယ်”

“မရဘူးကွ မရဘူး ငါမင်းတို့ကို
လက်စားချေဖို့စောင့်နေတာကြာပြီ
ဒီနေ့ပဲငါလက်စားချေခွင့်ရပြီကွ။

“ဟား ဟား ဟား ဟား ဟား”

ကိုခွေးခင်ကဖြည်းဖြည်းခြင်းရှေ့သို့တိုးလာပြီး
ဒင်ကြီးနှင့်ဆန်းအောင်တို့၏လည်ပင်အား
သူ၏သန်မာသောလက်ကြီး၂ဖက်ဖြင့်
ရုန်းမရအောင်ချုပ်ထားလေသည်။

“အု အဟွတ်”

“အ အ”

ကိုခွေးခင်၏သန်မာသောလက်ကြီးဖြင့်
လည်ပင်းအားညှစ်ခံနေရသော
ဒင်ကြီးနှင့်ဆန်းအောင်မှာမျက်ဖြူပင်
စိုက်နေပြီဖြစ်သည်။

ထိုအချိန်နောက်မှအသံတစ်သံက
ထွက်ပေါ်လာလေသည်။

“ကိုခွေးခင် မလုပ်ပါနဲ့ သူတို့၂ယောက်ကို
မသတ်ပါနဲ့ဗျာ”

ငတိုး၏အသံကြောင့်ကိုခွေးခင်
နောက်သို့လှည့်ကြည့်လေသည်။

ထိုအချိန်သူကြီးလည်းရောက်လာခဲ့လေသည်။

“ခွေးခင် မင်းမှားမယ်နော်။
သူတို့ကိုမသတ်မိစေနဲ့ ငါကြားထဲကမေတ္တာ
ရပ်ခံပါတယ်”

“သူကြီး ကျုပ်ကိုသတ်ခဲ့တဲ့သူတွေကို
ကျုပ်ပြန်သတ်နာကျုပ်မှားသလား”

“မင်းကိုသတ်ခဲ့ကြလို့ မင်းလက်စားချေချင်တယ်ဆိုတာ
ငါနားလည်ပါတယ်ကွာ။
ဒါပေမယ့်မင်းထက်ပြီးအကုသိုလ်ဖြစ်မှာစိုးလို့
ငါကတားနေတာ ခွေးခင်ရ”

“ဟုတ်တယ် ကိုခွေးခင် သူတို့ကို
သတ်လိုက်လို့လည်း ကိုခွေးခင်ပဲ။
အကုသိုလ်ရလိမ့်မယ် သူတို့နဲ့ထိုက်တန်တဲ့
ပြစ်ဒဏ်ကိုသူတို့အတွက်ပေးဆပ်ခိုင်းမှာပါ
သူတို့ကိုလွှတ်ပေးလိုက်ပါ”

“ခွေးခင် ငါပြောတာနားထောင်ပါ
မင်းဒီဘဝကြီးမှာနေရတာအဆင်ပြေလို့လား”

သူကြီး၏မေးခွန်းကြောင့်ကိုခွေးခင်
အနည်းငယ်တွေဝေသွားရလေသည်။

“မင်းဒီလိုဘဝမျိုးမှာမနေသင့်ပဲ
မင်းမနေပါနဲ့တော့။
မင်းကိုသတ်တဲ့သူတွေကိုလည်းတရားဥပဒေ
အတိုင်းပြစ်ဒဏ်ပေးခံမှာပါ
ဒီတော့သူတို့ကိုလွှတ်ပြီးဒီထက်မြင့်တဲ့မြတ်တဲ့
ဘုံဘဝရောက်အောင်သာဓုခေါ်ပေးပါ
ခွေးခင်”

သူကြီး၏စကားဆုံးသည်နှင့်
ကိုခွေးခင်၏လက်များတဖြည်းဖြည်းနှင့်
ပြေလျော့သွားခဲ့လေသည်။

ထိုအခါမှဒင်ကြီးနှင့်ဆန်းအောင်တို့လည်း
အသက်ဝအောင်ရှူခွင့်ရကြလေသည်။

“သူကြီးပြောတာမှန်ပါတယ်
ကျုပ်သူတို့ကိုမသတ်တော့ပါဘူး။
သူတို့ကိုတရားဥပဒေအတိုင်းသာ
အပြစ်ပေးလိုက်ပါတော့။

“မင်းအခုလိုအမြင်မှန်ရသွားတာ
ငါသိပ်ဝမ်းသာတယ်ခွေးခင်
မင်းအတွက်ငါတို့တွေကုသိုလ်ကောင်းမှု
ပြုပြီးအမျှအတန်းပေးဝေပါ့မယ်
မင်းသာဓုခေါ်မှာလားခွေးခင်”

“ကျုပ်သာဓုခေါ်ပါ့မယ် သူကြီး”

“ကောင်းပါပြီ ငါတို့ကိုသွားခွင့်ပြုပါ
မင်းလည်းအေးချမ်းတဲ့ဘဝကို
ရောက်ရှိပါစေလို့ငါဆုတောင်းပေးပါတယ်”

ကိုခွေးခင်လည်းသူကြီးအားခေါင်းညိတ်ပြကာ
အမှောင်ထုထဲတိုးဝင်ပျောက်ကွယ်သွား
တော့သည်။

==================

နောက်တစ်နေ့မနက်မိုးလင်းသည်နှင့်
လူသတ်ဓားပြတိုက်ခဲ့ကြသည့်။
အောင်မောင်း
၊ဒင်ကြီးနှင့်ဆန်းအောင်တို့သုံးယောက်အား
သက်သေခံပစ္စည်းများနှင့်အတူ
ဖမ်းဆီးခေါ်ဆောင်ကာမြို့ မှရဲစခန်းသို့
ပို့လိုက်ကြတော့သည်။

“ဒကာခွေးခင်နှင့်တကွ အားလုံး
ကြားကြားသမျှ”

“အမျှ အမျှ အမျှ ယူတော်မူကြကုန်ပါလော့”

“သာဓု သာဓု သာဓု”

ွှကျွန်းလှရွာလေး၌ပြုလုပ်နေသော
ရေစက်ချအလှူလေးဆီမှလွင့်ပျံလာသည့်
အမျှပေးဝေသံကကိုခွေးခင်၏
ရင်ထဲဝမ်းသာပီတိဖြစ်ရလေသည်။

ကိုခွေးခင်၏ရင်ထဲယခုမှ
အေးချမ်းမှုကိုခံစားရပြီးနောင်ဘဝကူးဖို့
ရန်
အတွက်အဆင်သင့်ဖြစ်နေခဲ့တော့သည်။

ကျွန်းလှရွာလေးမှခေါင်းပြတ်သရဲကြီး
ကိုခွေးခင်လည်းတရားရေအေးသောက်သုံး
ပြီးသည့်နောက်တွင်တော့။
မြင့်ရာဘုံဌာနသို့ပြောင်းရွှေ့ရောက်ရှိ
သွားမှာဧကန်မလွဲပင်ဖြစ်တော့သည်။

ပြီးပါပြီ…

ဇာတ်လမ်းလေးပြီးရင်လက်မလေးတွေ
နှိပ်ခဲ့ကြပါနော်…
လိုအပ်ချက်များစွာဖြင့်