ခုနှစ်စဥ်အတိုက်

တစ်နှစ်နေလို့ တစ်လတောင်မရှိတာကို မဖြစ်နိုင်ပါဘူး”

“ သမီး တကယ်ပြောတာပါ၊ လွန်ခဲ့တဲ့ သင်္ကြန်တုန်းက သမီးတို့နှစ်ယောက် လွန်ကျူးခဲ့ကြတာပါ”

“ နင်က ငါ့တူကို ဘယ်လိုမြူစွယ်လိုက်လဲမှမသိတာ၊ ရွာပြန်လာတဲ့ရက်ပိုင်းအတွင်း အခုလိုဖြစ်သွားတာ အံ့ဩတယ်ဟေ့”

“ ဟုတ်ပါ့ မမရယ်…ခုခေတ် မိန်းကလေးတွေများ အတော်ကြောက်ဖို့ကောင်းတာပဲ”

အဲဒီစကားကြားတော့ ဦးသောင်းဖေ စိတ်မထိန်းနိုင်တော့ပဲ

“ ခင်ဗျားတို့ လူမှဟုတ်သေးရဲ့လား၊ ကာယကံရှင်ကိုယ်တိုင် အရှက်ကွဲခံပြီး ပြောနေတာတောင်ဗျာ”

“ အိုတော်… ရှင်ကလဲ ကိုယ့်သမီးကိုယ်နိုင်အောင် ထိန်းထားလေ၊ ဘယ်နှယ့် ဘယ်သူနဲ့ရလို့ ရမှန်းမသိမှ နိုင်မြင့်အပေါ်လက်ညိုးထိုးချချင်နေတာလား”

“ အဲဒီကောင် အခုဘယ်မှာလဲ ကျုပ်ကိုပြော”

“ သိ‌တော့ရောဘာလုပ်မလို့လဲ၊ ခြိမ်းခြောက်ပြီး အတင်းအကြပ်ဝန်ခံခိုင်းမလို့လား”

“ အဖေရယ်… မပြောပါနဲ့တော့ သမီး သမီး အရမ်းရှက်လို့ပါ”

“ တောက်စ်… ခင်ဗျားတို့ဗျာ သားသမီးချင်းကိုယ်ချင်းမစာမနာပြောရက်လိုက်ကြတာ”

“ အဲဒီတော့ နင်ကဘာလုပ်ချင်လဲ၊ ငါ့တူနာမည်ကိုသုံးပြီးပိုက်ဆံလိုချင်နေတာလား”

“ ခင်ဗျားပါးစပ်ပိတ်လိုက်တော့… ရီစိန် လှည်းပေါ်တက်”

ဦးသောင်းဖေက သမီးဖြစ်သူရဲ့မျက်နှာကြောင့် ဘာမှထပ်မပြောတော့ပဲ ဆေးလိပ်ခုံရှေ့ကနေ မောင်းထွက်လာခဲ့လိုက်တယ်။

“ သမီး… ဘာမှအားမငယ်နဲ့၊ အဲဒီကောင်ကို အဖေတွေ့အောင်ရှာမယ်၊ သူသာ သမီးကို တကယ်ချစ်ရင် ဒီအဖြစ်ကိုသူလက်ခံမှာပါ”

“ သမီး ဘာမှမသိချင်တော့ဘူးအဖေရာ၊ သမီး သမီး ရှက်တာပဲသိတယ်”

ဦးသောင်းဖေလဲ စိတ်ထဲခံပြင်းသမျှကို မြိုသိပ်ရင်း အိမ်ကိုပြန်လာခဲ့လိုက်တယ်။ ညဘက်ရောက်တော့ ရီစိန်က ထမင်းမစားပဲ ငိုပဲငိုနေတာကြောင့်

“ သမီး မနက်ကျရင် အဖေ မြို့တက်ပြီး နိုင်မြင့်ဆိုတဲ့သူကိုသွားရှာမယ်၊ သူ့ဆွေမျိုးတွေဘယ်လိုပဲပြောနေပါစေ၊ အဲဒီကောင် သမီးကိုတာဝန်ယူတဲ့ထိ အဖေလုပ်မယ်”

“ ကိုနိုင်မြင့်က ဒီနှစ်ဆို တက္ကသိုလ်ကဘွဲ့ရတော့မှာ၊ သမီးကြောင့် သူ့ပညာရေးအနှောက်အယှက်ဖြစ်နေ ပါ့မယ်၊ တကယ်လို့ သူကသာ ငြင်းရင် သမီးဘဝက သူများတံတွေးထဲပက်လက်မျောတော့မှာ၊ သမီး သမီး အရမ်းမှားသွားတယ်အဖေရယ် အဟင့်အဟင့်”

“ ဒီကောင် ငြင်းရဲငြင်းကြည့်ပါလား… သောင်းဖေ ဆိုတာဘာကောင်လဲသိသွားမှာပေါ့”

“ အဖေ… သမီး စိတ်အရမ်းရှုပ်နေလို့ ခဏလောက်နားချင်တယ်”

“ နားလေ သမီး… အဖေ ဘာလုပ်ပေးရမလဲ”

“ ဘာမှမလုပ်ပါနဲ့ သမီး တစ်ယောက်ထဲနေချင်လို့ပါ”

“ ဒါဖြင့် ခဏနားလိုက်ဦး အဖေ နွားစာသွားစဉ်းလိုက်ဦးမယ်”

ဦးသောင်းဖေလဲ နွားစာစဉ်းဖို့ ထွက်သွားခဲ့လိုက်တယ်။ ဒီလိုနဲ့ ညနက်ရောက်တဲ့အထိ ရီစိန်အခန်းထဲက ထွက်မလာတာကြောင့် တံခါးကိုတွန်းဖွင့်ပြီးကြည့်လိုက်ရာ အိမ်ထုပ်တန်းပေါ်မှာ ကြိုးဆွဲချပြီးသေနေတာကိုမြင်လိုက်ရတယ်။

တစ်ဦးထဲသောသမီးလဲဖြစ် မိတဆိုးလေးလဲဖြစ်တာမို့ ဦးသောင်းဖေတစ်ယောက် ရင်ကွဲမတတ်ဖြစ်ခဲ့သလို သူ့သမီးကို အခုလိုဖြစ်အောင်လုပ်တဲ့ သူတွေကိုလဲ စိတ်အနာကြီးနာခဲ့မိတယ်။

ရီစိန်ဆုံးပြီးနောက်ပိုင်းမှာတော့ ဦးသောင်းဖေ တစ်ယောက် ဘယ်သူ့ကိုမှ ပြဿနာမရှာပဲ တစ်ယောက်ထဲ အေးအေးလူလူပြန်နေခဲ့တယ်။ ဒါကလဲ သာမန်လူတွေ စိတ်ကူးနဲ့တောင် မတွေးကြည့်နိုင်လောက်တဲ့ ရက်စက်မှုကိုအစပျိုးနေခဲ့ခြင်းပင်။

+++++++++++

တစ်နှစ်ခန့်အကြာ….

“ ကိုငှက်ခါးရေ… ထန်ရည်နှစ်မြူချပေးပါဦး”

“ လာပြီ လာပြီ အကိုလေးရေ”

“ ထန်းရည်က မြို့ပေါ်မှာ ဒီလိုအစစ်မရဘူးဗျ၊ ဒါကြောင့် ရွာပြန်ရောက်တုန်းလေး အတိုးချပြီး သောက်နေတာ”

“ ဟဲဟဲ… အကိုလေး ရွာပြန်ရောက်နေတယ်ဆိုလို့ ချိုခါးပင်ကျရည်တွေသီးသန့်ဖယ်ထားပေးတာဗျ”

“ ကျုပ်ကအများကြီးတော့မသောက်နိုင်ပါဘူး… တိုးအောင်တို့ ဖိုးထွန်းတို့ကတော့ သောက်နိုင်တယ်ဗျ”

“ ဒီကောင်တွေက ကြွက်တွင်းတွေလေ၊ အကိုလေးနဲ့တော့ဘယ်တူမလဲ”

“ ကိုငှက်ခါးကတော့ လုပ်ပြီဗျာ၊ ကျုပ်တို့လဲအများကြီးမသောက်နိုင်ပါဘူး”

“ ကဲကဲ သူငယ်ချင်းတွေဆုံတုန်း အေးအေးဆေးဆေးသောက်ကြ၊ လိုတာရှိလဲ အော်ပြောလိုက်”

ကိုငှက်ခါးထွက်သွားတော့ တိုးအောင်က

“ နိုင်မြင့်… မင်း ဒီနှစ်ကျောင်းပြီးပြီပေါ့”

“ အေးပေါ့ကွ… မြို့‌က ကောင်မလေးတွေကိုတော့ လွမ်းနေရတော့မှာပဲ”

“ နိုင်မြင့်… ဟိုလေ ငါမေးစရာရှိလို့”

“ မေးလေ… ဘာမေးမလို့လဲ”

“ မင်း ရီစိန်ဆိုတဲ့ ကောင်မလေးကို မှတ်မိတယ်မဟုတ်လား”

“ ရီစိန်… ရီစိန်ဆိုတာက အော်… ငါ့အဒေါ်ဆေးလိပ်ခုံမှာအလုပ်လုပ်တဲ့ ကောင်မလေးလား”

“ မင်း အဲဒီသတင်းကြားပြီးပြီမဟုတ်လား”

“ သူ့ကိုယ်သူသတ်သေသွားတာတော့ကြားတယ်၊ ဘာဖြစ်လို့လဲ”

“ အဲဒီကောင်မလေးနဲ့ မင်းနဲ့ ဟိုဒင်းဟိုဟာ…”

“ တိုးအောင်… မင်းဘာတွေလျောက်ပြောနေတာလဲ၊ ပြီးခဲ့တာလဲပြီးနေပြီဟာကို”

“ အေးပါ… ငါကသိချင်လို့မေးကြည့်တာပါ”

“ မင်းကြောင့် ငါပျော်နေတဲ့အပျော်တွေပါ ပျောက်ကုန်ပြီ၊ မင်းတို့ပဲဆက်သောက်ကြ ငါပြန်တော့မယ်”

“ စိတ်မဆိုးပါနဲ့ကွာ… မပြောနဲ့ဆို မပြောတော့ပါဘူး”

“ ထားလိုက်တော့ ငါ ပြန်တော့မယ်… ဘယ်မှာလဲ ငါ့ဖိနပ်”

“ မင်း ဖိနပ်ကိုဘယ်မှာချွတ်ထားလို့လဲ”

“ ခုနက ဒီထန်းပင်အောက်မှာပဲ ချွတ်ထားတာလေကွာ”

“ ခွေးတွေဘာတွေများဆွဲသွားတာလား”

“ ဒီနေ့က ပြဿဒါးနေ့ပဲထင်တယ်…ထွီ”

နိုင်မြင့်က ခြေဖလာနဲ့ ထန်းတောအပြင်ဘက်ကို ထွက်သွားတာကြောင့် တိုးအောင်နဲ့ ဖိုးထွန်းတို့ သောက်လက်စထန်းရည်ခွက်ကိုချပြီး အနောက်ကနေ လိုက်သွားခဲ့ကြတယ်။

နိုင်မြင့်တို့ထွက်သွားပြီးတဲ့အချိန် မလှမ်းမကမ်းက စားပွဲဝိုင်းမှာထိုင်နေတဲ့လူတစ်ယောက် ထလာပြီး နိုင်မြင့်လမ်းလျောက်သွားတဲ့ခြေရာခွက်ထဲက မြေကြီးအချို့ကို လက်နဲ့ကျုံးယူကာ လှည့်ထွက်သွားခဲ့တယ်။

++++++

“ ဖိုးထွန်း… မင်း နိုင်မြင့်ကိုတွေ့သေးလား”

“ ဟိုနေ့ မင်းပြောလိုက်ထဲက မတွေ့တော့တာ တစ်ပတ်လောက်ရှိရောပေါ့၊ဒီကောင်ငါတို့ကို

စိတ်ဆိုးနေတာများလား”

“ ငါလဲ ဘာရယ်မဟုတ်ပဲမေးလိုက်တာ၊ ဒီကောင်အဲလောက်စိတ်ဆိုးမယ်မထင်ခဲ့ဘူး”

“ ဒီကောင်ကစိတ်ဆိုးလဲခဏပါပဲ၊ လာကွာ သူ့အိမ်သွားကြရအောင်”

တိုးအောင်နဲ့ ဖိုးထွန်းတို့လဲ နိုင်မြင့်နေတဲ့အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ အိမ်ရှေ့ရောက်တော့ ဒေါ်မေနွဲ့ထွက်လာပြီး

“ တိုးအောင်နဲ့ဖိုးထွန်းပါလား… ဘယ်ကိုလာကြတာလဲ”

“ နိုင်မြင့်ဆီကိုလာတာ ဒေါ်လေး… သူအိမ်မှာရှိနေလား”

“ သူသိပ်နေမကောင်းလို့ အပြင်တောင်မထွက်ဘူး”

“ ဒီကောင်ဖျားနေတာလား… ဒါကြောင့် မတွေ့ရတာကိုး”

တိုးအောင်တို့အိမ်ခန်းထဲဝင်သွားတော့ အားမရှိတဲ့ပုံစံနဲ့ နံရံကိုမှီပြီးမှိန်းနေတဲ့ နိုင်မြင့်ကို မြင်လိုက်ရတယ်။

“ ဟေ့ကောင် မင်း ဘယ်လိုဖြစ်တာလဲ… မျက်နှာတောင်အတော်ချောင်ကျသွားတာပဲ”

“ ငါလဲမသိဘူး… မင်းတို့နဲ့ထန်းတောကပြန်လာပြီး နောက်နေ့ တစ်ကိုယ်လုံးညောင်းကိုက်လာတာ၊ အဲဒီထဲက အခုထိ မထူနိုင်သေးဘူး”

“ ဆေးခန်းတွေဘာတွေရောမပြကြည့်ဘူးလား”

“ ပြတယ်.. ဆရာဝန်က သွေးအားနည်းနေတယ်ပဲပြောတယ်”

“ မင်းပုံစံကြည့်ရတာ ဖြူဖတ်ဖြူလျော်နဲ့ အားရှိတာလေးလဲစားဦး၊ နေကောင်းမှ ကိုငှက်ခါးထန်းရည်လေးနဲ့ လယ်ကြွက်ကင်လေး သွားစားရအောင်”

“ အေးပါ… နေကောင်းတဲ့ရက်သွားကြတာပေါ့”

“ ဒါဆို ငါတို့ပြန်လိုက်ဦးမယ်၊ မနက်ဖြန် မင်းအတွက် ကြက်စွပ်ပြုတ်လေး ယူလာပေးမယ်”

တိုးအောင်တို့ထွက်သွားတော့ နိုင်မြင့်လဲ ခေါင်းအုံးကိုမှီပြီးမှေးနေတဲ့အချိန် အိမ်နောက်ဖေးကနေ တက်လာတဲ့ ခြေသံတစ်ခုကိုကြားလိုက်ရတယ်။

“ ဒီကောင်တွေအခုထိမပြန်ကြသေးဘူးထင်တယ်”

နိုင်မြင့်က တိုးအောင်နဲ့ ဖိုးထွန်းအထင်နဲ့ ထမကြည့်ပဲ ဘေးစောင်းလှဲနေတဲ့အချိန် ခြေသံက အိမ်ခန်းထဲကိုရောက်လာခဲ့တယ်။

“ မင်းတို့မပြန်ကြသေးဘူးလား”

“ ဟင်းဟင်းဟင်းဟင်း”

ရုတ်တရက်ကြားလိုက်ရတဲ့ ညဉ်းသံကြောင့် နိုင်မြင့် လှည့်ကြည့်လိုက်ရာ ရှည်လျားတဲ့အမွှေးအမျှင်တွေအပြင်၊ ချွန်မြနေတဲ့လက်သည်းတွေပါတဲ့ အကောင်တစ်ကောင်ကိုမြင်လိုက်ရတယ်။

မကြာခင် အိမ်ပေါ်ကနေ နိုင်မြင့်ရဲ့ အလန့်တကြားအော်ဟစ်သံထွက်လာတာကြောင့် ဆေးလိပ်ခုံကလူတွေရော အိမ်နားချင်းတွေပါ လာကြည့်ခဲ့ရာ မျက်လုံးပြူးပြီးပါးစပ်ဟကာ သေဆုံးနေတာကိုထိတ်လန့်ဖွယ်မြင်တွေ့

လိုက်ရတယ်။

ရောဂါမယ်မယ်ရရမရှိပဲ ရုတ်တရက်သေဆုံးသွားတဲ့ သားဖြစ်သူရဲ့စိတ်ကြောင့် ဒေါ်မေနွဲ့တစ်ယောက် အိပ်ယာထဲဘုန်းဘုန်းလဲပါလေရော၊ ဒီလိုနဲ့ နိုင်မြင့်အသုဘရက်လည်ပြီးတစ်ပတ်လောက် အကြာမှာပဲ ဒေါ်မေနွဲ့ကို အိပ်ယာထဲမှာ သေနေတာမြင်လိုက်ရတယ်။

တစ်လအတွင်း တစ်အိမ်ထဲလူနှစ်ယောက်သေတာကြောင့် ရွာမှာရှိတဲ့သူတွေ အနည်းငယ်ထိတ်လန့်လာခဲ့ ကြတယ်။ ညဘက်ရောက်ရင်လဲ ခွေးတွေက ဒေါ်မေနွဲ့တို့အိမ်ကို ကြည့်ပြီးစူးစူးဝါးဝါ းထိုးဟောင်နေတတ်သလို အိမ်ထဲမှာလဲ အရိပ်မဲမဲတွေလှုပ်ရှားသွားလာနေတာကို မြင်တဲ့သူတွေရှိခဲ့တယ်။

ဒီအဖြစ်ကြောင့် ဆေးလိပ်ခုံပိုင်ရှင်တစ်ဖြစ်လဲ ဒေါ်သန်းနွဲ့တစ်ယောက် ညဘက်တွေ တစ်ယောက်ထဲမအိပ်ရဲတော့ပဲ အလုပ်သမအချို့ကိုခေါ်ကာ အိပ်ရတဲ့အခြေအနေထိဖြစ်လာခဲ့တယ်။

ဒေါ်မေနွဲ့သေပြီး တစ်ပတ်လောက်အကြာမှာပဲ ‌အကိုဖြစ်သူ ဦးစိန်နွဲ့ ရေတွင်းဆယ်ရင်း အသက်ရှုကြပ်ကာ သေဆုံးတဲ့ဖြစ်ရပ်တစ်ခု ထပ်ဖြစ်ပွားခဲ့တယ်။ ဦးစိန်နွဲ့သေတယ်ဆိုတဲ့ သတင်းကြားတာနဲ့ ဒေါ်သန်းနွဲ့တစ်ယောက် သူ့အိမ်ကို သံဃာတော်တွေပင့်ပြီး ပရိတ်တရားနာတာတွေ ပြုလုပ်ခဲ့တယ်။

ဒီလိုနဲ့ ဦးစိန်နွဲ့ဆုံးပြီး ငါးရက်ခန့်အကြာ

“ ဒေါ်လေးနွဲ့… ဒေါ်လေးနွဲ့”

“ ဘယ်သူခေါ်နေတာလဲ ကြည့်စမ်းပါဦး”

ဒေါ်သန်းနွဲ့က သူနဲ့အဖော်အိပ်ပေးတဲ့ ဆေးလိပ်သမလေးနှစ်ယောက်ကိုလှမ်းပြောလိုက်တယ်။

“ ကိုခိုင်မောင် ထင်တယ်…ဒေါ်လေး”

ခိုင်မောင်ဆိုတဲ့အသံကြောင့် ဒေါ်သန်းနွဲ့ အိမ်ရှေ့တံခါးကိုဖွင့်လိုက်ပြီး

“ ညကြီးအချိန်မတော် ဘာဖြစ်လို့လဲ”

“ ဘာမှမဖြစ်ပါဘူး… ဒေါ်လေးနွဲ့မျက်နှာကို လာကြည့်တာ”

ခိုင်မောင်က မျက်နှာသေနဲ့စိုက်ကြည့်ကာ ပြောလိုက်တာကြောင့် ဒေါ်သန်းနွဲ့ စိတ်ထဲထင့်ခနဲ ဖြစ်သွားခဲ့တယ်။

“ နင် ခိုင်မောင်ရော ဟုတ်ရဲ့လား…”

“ ဟီးဟီးဟီး… ငါက ခိုင်မောင်ပဲလေ နင်မယုံရင် ဆင်းပြီးလာကြည့်”

“ အေးကြည်မရေ တံခါးအမြန်ပိတ်လိုက်တော့… ခိုင်မောင်က ငါ့ကို နင်နဲ့ငါနဲ့ မပြောဖူးဖူး၊ အခုအိမ်ရှေ့မှာရပ်နတာ ခိုင်မောင် မဟုတ်ဘူး”

ဒေါ်သန်းနွဲ့စကားကြောင့် အေးကြည်မက တံခါးကို ပိတ်လိုက်တဲ့အချိန် ဟီးဟီးဟားဟားရယ်သံတစ်ခု ထွက်ပေါ်လာခဲ့တယ်။ ခဏနေတော့

“ မသန်းနွဲ့… မသန်းနွဲ့”

“ အသံထပ်ကြားပြန်ပြီ… တံခါးမဖွင့်ပေးနဲ့”

“ ဒေါ်လေး အခုက ဦးသာဝတို့အဖွဲ့လာခေါ်နေတာ”

“ သူ သူတစ်ယောက်ထဲလား… ဘယ်သူတွေပါသေးလဲ”

“ အခြားလူတွေ လေးငါးယောက်ပါတယ်”

အေးကြည်မစကားကြောင့် ဒေါ်သန်းနွဲ့ ပြူတင်းပေါက်တံခါးကိုအသာဖွင့်ကြည့်လိုက်ရာ ရွာလူကြီးဦးသာဝတို့အဖွဲ့ကိုမြင်လိုက်ရတယ်။

“ မသန်းနွဲ့… ဗျို့မသန်းနွဲ့”

“ ဘာကိစ္စရှိလို့လဲကိုသာဝ”

“ ခင်ဗျားတူ ခိုင်မောင် ခုနကပဲ ဆုံးသွားလို့ လာပြောတာ”

ဦးသာဝစကားကြောင့် ဒေါ်သန်းနွဲ့ ခေါင်းထဲမိုက်ခနဲဖြစ်ကာ ယိုင်ကျသွားခဲ့သလို အဖော်လာအိပ်ပေးတဲ့သူနှစ်ယောက်လဲ လန့်ဖြန့်သွားခဲ့တယ်။

“ ဒေါ်လေး သတိထားဦးလေ… ဒေါ်လေး”

“ ငါ ဘာ ဘာမှမဖြစ်ဘူး… ခိုင်… ခိုင်မောင်က ဘယ်လိုဖြစ်တာလဲ”

“ သူ့အဖေရက်လည်မှာ ထမင်းချက်ဖို့ ထင်းခွဲနေတုန်း ထင်းစက ရင်ဘတ်တည့်တည့်စိုက်ဝင်သွားလို့”

“ အ..အသက်ရော ရှိသေးလားဟင်”

“ နေရာမှာတင်ဆုံးသွားတာ… သူ့အမေကလဲ ခိုင်မောင်အဖြစ်ကိုမြင်ပြီးသတိလစ်နေတာကြောင့် မသန်းနွဲ့ကို လာခေါ်ရတာပါ”

“ ဘုရား ဘုရား…. ဘာတွေဖြစ်ကုန်ပြီလဲ၊ ကျွန်မ အခုပဲလာခဲ့မယ်”

ဒေါ်သန်းနွဲ့လဲ ပိုက်ဆံအိတ်ယူပြီး ဆင်းဖို့အလုပ် ဟနေတဲ့ လှေကားကြားထဲကနေ လက်တစ်ဖက်ထွက်လာကာ ခြေထောက်ကိုဆွဲချသွားခဲ့တယ်။

နှစ်ထပ်အိမ်‌ဆိုတော့ လှေကားကအတော်အတန်မြင့်တာမို့ မေးစေ့နဲ့ လှေကားထစ်ရိုက်မိတဲ့အရှိန်အပြင် အောက်မှာခင်းထားတဲ့ ကွန်ကရစ်နဲ့ခေါင်းဆောင့်မိတဲ့အရှိန်ကြောင့် လှေကားရင်းတစ်ခုလုံးသွေးချင်းချင်းနီသွားခဲ့တယ်။

“ မသန်းနွဲ့ မသန်းနွဲ့… လုပ်ကြပါဦး”

ဦးသာဝနဲ့ပါလာတဲ့သူတွေက ‌သွေးအိုင်ထဲမှာလဲနေတဲ့ ဒေါ်သန်းနွဲ့ကိုပွေ့ထူလိုက်ရာ မျက်ဖြူလန်ပြီး အသက်ထွက်နေတာမြင်လိုက်ရတယ်။

ဆေးလိပ်သမနှစ်ယောက်လဲ သူတို့အရှေ့မှာတင် အသက်ထွက်သွားတဲ့ ဒေါ်သန်းနွဲ့ကိုမြင်ပြီး အတော်ကိုထိတ်လန့်သွားခဲ့သလို ရွာမှာရှိတဲ့သူတွေအားလုံးလဲ သွေးပျက်သွားခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ တစ်လအတွင်း မသန်းနွဲ့တို့ရဲ့ဆွေမျိုးသားချင်း ငါးယောက်တိတိသေဆုံးသွားခဲ့တာမဟုတ်လား။

+++++

ခရီးသည်တင်ကားတစ်စီးထိုးရပ်လာတာကြောင့် ခေါင်းရွက်ဈေးသည်တွေအားလုံးလှုပ်လှုပ်ရှားရှား ဖြစ်ကုန်တယ်။

“ မြေပဲပြုတ်… ပြောင်းဖူးပြုတ်… ငုံးဥပြုတ်တွေရမယ်နော်၊ ဟိုကအစ်ကိုကြီး ပြောင်းဖူးပြုတ်လေးအားပေးပါဦး”

သွက်သွက်လက်လက်ရှိတဲ့ ဈေးသည်မလေးက ကားပေါ်ကနေဆင်းလာတဲ့ ခရီးသည်တွေကို သူ့ဆီမှာရှိတဲ့ အမယ်တွေရွတ်ပြနေခဲ့တယ်။

“ ကျုပ်ပိုက်ဆံအိတ် ဘယ်ရောက်သွားလဲမသိဘူး.. လုပ်ကြပါဦး.. ပိုက်ဆံအိတ်ခါးပိုက်နှိုက်ခံရပြီ ထင်တယ်”

ရုတ်တရက်ထွက်ပေါ်လာတဲ့အသံကြောင့် ကားပေါ်ကနေဆင်းလာတဲ့သူတွေအားလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။

“ ပိုက်ဆံအိတ်ကိုဘယ်မှာထားထားလို့လဲဗျ”

“ ဘောင်းဘီအိတ်ထဲထည့်ထားတာ ခုနက ကားဂိတ်မရောက်ခင်ကတောင်ရှိသေးတယ်”

ပိုက်ဆံအိတ်ပျောက်တဲ့သူက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေတဲ့အချိန်

“ ပိုက်ဆံအိတ်က ဒီကားဂိတ်ရောက်မှ ပျောက်တာမဟုတ်လား” ဆိုတဲ့အသံကြားလို့ကြည့်လိုက်ရာ ဖျင်ကြမ်းအင်္ကျီဝတ်ဆင်ပြီး လွယ်အိတ်ကိုယ်စီ လွယ်ထားတဲ့ လူသုံးယောက်ကို မြင်လိုက်ရတယ်။

“ ဟုတ်တယ်ဗျ… ကားပေါ်ကဆင်းတဲ့အချိန် နှိုက်သွားတာဖြစ်မယ်၊ တစ်နှစ်ပတ်လုံး စုထားတဲ့ငွေလေးတွေတော့ ကုန်ပါပြီဗျာ”

“ မိတ်ဆွေက ဒီမြို့ကပဲလား”

“ မဟုတ်ဘူးဗျ… ကျုပ်က ကျုံကွယ်ရွာကိုသွားရမှာ၊ ဟူး ရွာမှာလဲအရေးကြီးနေပါတယ်ဆိုမှ ဒုက္ခပါပဲဗျာ”

“ မိတ်ဆွေ ပျောက်သွားတဲ့ပိုက်ဆံအိတ်ကို ပြန်ရအောင် ကျုပ်တို့လုပ်ပေးမယ်”

“ တကယ်ပြောတာလား..ပြန်ရမယ်ဆိုရင် ကျေးဇူးဆပ်ပါမယ်ဗျာ”

“ အခုဒီမှာလူတွေအရမ်းများတယ်၊ ကျုပ်တို့နောက်လိုက်လာခဲ့”

ပိုက်ဆံအိတ်ပျောက်တဲ့သူလဲ ပြန်ရလိုပြန်ရငြား မျက်နှာစိမ်းလူတွေခေါ်တဲ့နောက်ကိုလိုက်သွားခဲ့ရာ လူအတော်တန်ရှင်းတဲ့ နေရာတစ်ခုကိုရောက်တော့

“ မိတ်ဆွေနာမည်ကဘယ်လိုခေါ်လဲ”

“ ခင်မောင်အေးလို့ခေါ်ပါတယ်”

“ ဒါဆို တနင်္လာသားပေါ့”

“ ဟုတ်ပါတယ်.. တနင်္လာသားပါ”

မျက်နှာစိမ်းလူသုံးယောက်ထဲက အရပ်မြင့်မြင့်ပုဂ္ရိုလ်က လွယ်အိတ်ထဲကနေ အင်းကွက်တွေရေးဆွဲထားတဲ့

စာရွက်တစ်ရွက်ကိုထုတ်ယူပြီး ‌ခင်မောင်အေးရဲ့ နာမည်၊ နေ့နံတွေကို လွတ်နေတဲ့နေရာတွေမှာ ဖြည့်လိုက်တာကိုမြင်လိုက်ရတယ်။ ပြီးတာနဲ့ ဖယောင်းတိုင်တစ်တိုင်ထွန်းပြီး ဂါထာတစ်ပုဒ်ကိုအဆင်မပြတ်ရွတ်ဖတ်နေခဲ့ရာ ဆယ်မိနစ်လောက်ကြာတော့ ကားဂိတ်ရှိတဲ့ဘက်ကနေ ငယ်သံပါအောင်အော်တဲ့အသံတစ်ခုထွက်ပေါ်လာခဲ့တယ်။

“ အခုအော်နေတဲ့ကောင်က ပိုက်ဆံအိတ်ယူတဲ့သူပဲ၊ အမြန်လိုက်ပေတော့” လို့ပြောလိုက်တာကြောင့် ခင်မောင်အေးလဲ အသံကြားတဲ့ဘက်ကိုပြေးထွက် သွားခဲ့တယ်။ ခဏနေတော့ ပြုံးဖြီးနေတဲ့မျက်နှာနဲ့ ပြန်ရောက်လာပြီး

“ ပိုက်ဆံအိတ်ပြန်ရပြီဗျ…ဆရာတို့ပညာက တကယ်စွမ်းတာပဲ”

“ အဲဒီလောက်လဲမဟုတ်ပါဘူး.. မျက်စိရှေ့မှာ အမြင်မတော်တာမြင်လို့ ကူညီပေးတယ်ပဲ သဘောထားပါ”

“ခုနက ခါးပိုက်နှိုက်ကောင်ကျုပ်ပိုက်ဆံအိတ်ကို ယူထားတဲ့အချိန် တစ်ကိုယ်လုံး မီးနဲ့အမြိုက်ခံရသလိုဖြစ်လာလို့ မနေနိုင်တော့ပဲ ထအော်တာဗျ၊ ဒီလိုမျိုးဖြစ်အောင်လုပ်နိုင်တာ တော်ရုံပညာစွမ်းနဲ့တော့ မရလောက်ဘူးဆိုတာ ကျုပ်သိပါတယ်”

ခင်မောင်အေးစကားကြောင့် မျက်နှာစိမ်းလူသုံးယောက်က ဘာမှပြန်မပြောပဲ ရယ်နေခဲ့တယ်။

“ အပန်းမကြီးရင် ဆရာတို့နာမည်လေးပြောပြပါလား”

“ ကျုပ်နာမည်က အောင်မြတ်သာပါ၊ သူတို့နှစ်ယောက်က မောင်ကောင်းနဲ့ ခွန်းလှလို့ခေါ်တယ်”

“ နာမည်တွေကတော့ ဟိတ်ရှိတယ်ဗျို့၊ ဒါနဲ့ ဆရာတို့ကဘယ်သွားကြမလို့လဲ”

“ ကျုပ်တို့က ဘယ်သွားမယ်လို့တော့ စိတ်ကူးထားတာမရှိပါဘူး၊ အခုဒီမှာရှိနေပေမယ့် မနက်ဖြန်ကျ အခြားနေရာရောက်ချင်ရောက်နေမှာ”

“ ဒါဖြင့် ကျုပ်ရွာကိုလိုက်ခဲ့ဗျာ”

“ မိတ်ဆွေခုနကပြောတော့ ရွာမှာအရေးကြီး ကိစ္စရှိတယ်ဆို… ကျုပ်တို့ကြောင့် အလုပ်ရှုပ်နေပါဦးမယ်”

“ အရေးကြီးကိစ္စဆိုတာက ကျုပ်တူလေး ရှင်ပြုဖို့ရှိနေလို့ပါ၊ သူက အဖေမရှိတော့ ကျုပ်ကပဲ ထောက်ပံ့နေရတာ၊ အခုလဲ သူ့ရှင်ပြုပွဲကို ရောက်အောင်လာပါဆိုလို့ အလောတကြီးပြန်လာရတာလေ”

“ ဒါဆိုရင်လဲ ရောက်ဖူးသည်ရှိအောင် လိုက်ခဲ့ပါ့မယ်”

“ ဒါဖြင့်ခဏစောင့်ဦး… ရွာကိုရောက်မယ့် ထွေလာဂျီတစ်စီးငှားလိုက်ဦးမယ်”

ခင်မောင်အေးထွက်သွားတော့ မောင်ကောင်းက အောင်မြတ်သာကိုကြည့်ပြီး

“ ဆရာ … ဒီလူခေါ်တာကို ဘာလို့မငြင်းတာလဲ”

“ ငြင်းလို့မရတဲ့အကြောင်းတစ်ခုရှိနေလို့ပေါ့ မောင်ကောင်းရ”

“ ဘယ်လိုငြင်းလို့မရတာလဲဆရာ”

“ ခုနက ကားဂိတ်မှာ ငါတို့ရှိနေတဲ့အချိန် နားထဲမှာ ဆရာသခင်ရဲ့အသံကိုကြားရတယ်။ သူပြောတာက ပိုက်ဆံအိတ်ပျောက်တဲ့သူကို ကူညီပေးပြီး သူနေတဲ့ရွာကိုလိုက်သွားပါတဲ့၊ ဒါကြောင့် သူခေါ်တာကို မငြင်းပဲလက်ခံလိုက်တာ”

“ ဒါဆိုရင်တော့ သူနေတဲ့ရွာမှာ တစ်ခုခုဖြစ်နေပြီနဲ့တူတယ်”

“ ဟိုရောက်ရင်တော့ ဘာလို့သွားခိုင်းတယ်ဆိုတာ အဖြေထွက်လာမှာပေါ့”

အောင်မြတ်သာတို့စကားပြောနေတဲ့အချိန် မီးခိုးတအူအူထွက်နေတဲ့ ထွေလာဂျီတစ်စီး အနားကိုရောက်လာခဲ့တယ်။

“ ဆရာတို့ကားပေါ်တက်ကြ‌ဗျ… ဒီထွေလာဂျီက ရွာနားထိရောက်မယ်ပြောတယ်”

ခင်မောင်အေးစကားကြောင့် အောင်မြတ်သာတို့လဲ ထွေလာဂျီပေါ်တက်ထိုင်ကာ လိုက်သွားခဲ့တယ်။ ကားဂိတ်ကနေထွက်လာပြီး နှစ်နာရီလောက်ကြာတော့ အတန်သင့်စည်ကားတဲ့ ရွာတစ်ရွာကိုရောက်လာခဲ့တယ်။

“ ရွာရောက်ပြီလားဗျ”

“ မရောက်သေးဘူးဆရာ… ဒီရွာကနေ နာရီဝက်လောက်ဆက်သွားရဦးမယ်၊ ကျုပ်တို့ရွာက လမ်းပန်းဆက်သွယ်ရေးအရသာ ဝေးတယ်ဆိုပေမယ့် အထဲမှာတော့ အတော်ကိုစည်တာဗျ၊ စာသင်ကျောင်းရော၊ ဈေးရော၊ တိုက်နယ်ဆေးရုံရောရှိတယ်”

“ ဒါဆိုရွာကြီးပဲပေါ့… ဒီပုံစံဆိုမကြာခင် ကားလမ်းပေါက်မယ်ထင်တာပဲ”

“ ကားလမ်းပေါက်လို့ကတော့ အတော်ကိုအဆင်ပြေမှာ၊ အခုချိန်တော့ သွားလာရ နည်းနည်းခက်ခဲတာပေါ့ဗျာ”

အောင်မြတ်သာတို့စကားတစ်ပြောပြောနဲ့ လမ်းလျောက်လာခဲ့ရာ မှောင်စပျိုးတဲ့အချိန်မှာတော့ ကျုံကွယ်ရွာကို ရောက်လာခဲ့တယ်။

“ ရှင်ပြုရှိတယ်လဲပြောသေး… ဘာသံမှလဲမကြားရပါလား”

ခင်မောင်အေးက အသံတိုးတိုး‌နဲ့ ရေရွတ်ကာ အတန်သင့်ကျယ်ဝန်းတဲ့ ခြံဝိုင်းတစ်ခုထဲကိုဝင်သွားခဲ့တယ်။

“ အေးမိရေ.. အေးမိ”

“ ဟော အစ်ကိုကြီးပြန်လာပြီ… သားရေ နင့်ဘကြီး ပြန်ရောက်ပြီဟေ့”

“ ဒါဆိုအသာထားဦး… ရှင်ပြုကသဘက်ခါလုပ်မယ်‌ဆိုပြီး အခုထိ ဘာမှပြင်ဆင်ထားတာမတွေ့ပါလား”

“ ဟုတ်တယ် ကိုကြီးရေ.. ရွာမှာ ပြဿနာနည်းနည်းတက်နေလို့ အလှူကိုရက်ရွေ့လိုက်ရတယ်၊ လာလာ အိမ်ပေါ်ရောက်မှ မိအေးရှင်းပြမယ်”

အောင်မြတ်သာတို့လဲ ခင်မောင်အေးနဲ့အတူအိမ်ပေါ်ကိုလိုက်တက်လာခဲ့ကြတယ်။

“ ဘယ်လိုပြဿနာတက်တာလဲပြောပါဦး”

“ ရွာမှာဆေးလိပ်ခုံထောင်ထားတဲ့ ဒေါ်သန်းနွဲ့ကိုသိတယ်မဟုတ်လား”

“ အင်း သိတယ်လေ.. ဘာဖြစ်လို့လဲ”

“ ဒီတစ်လအတွင်းမှာပဲ မသန်းနွဲ့ရယ်၊ သူ့ညီမ မေနွဲ့နဲ့ သားဖြစ်သူ နိုင်မြင့်ရယ်၊ သူ့အကို ဦးစိန်နွဲ့နဲ့ သားဖြစ်သူခိုင်မောင်တို့ဆုံးသွားကြတယ်”

“ ဟာ… တစ်လထဲမှာ ဘယ်လိုလုပ် အကုန်ဆုံးသွားတာလဲ”

“ နောက်ထူးဆန်းတာက တစ်ယောက်ရက်မလည်ခင် နောက်တစ်ယောက်ဆုံးတာပဲ”

မိအေးစကားကြောင့် မောင်ကောင်းက အောင်မြတ်သာကို အဓိပ္ပါယ်ပါပါလှမ်းကြည့်လိုက်တယ်။

“ ဘယ်လိုဆုံးတာလဲ မိအေး… ဖျားနာပြီးဆုံးတာလား”

“ မဟုတ်ဘူးကိုကြီး… နိုင်မြင့်က ရုတ်တရက် နှလုံးရပ်ပြီးဆုံးတာ၊သူ့အမေ မေနွဲ့က သူ့သားစိတ်နဲ့ဆုံးတာလို့ပြောကြတယ်၊ ကိုစိန်နွဲ့က ရေတွင်းဆယ်ရင်းအသက်ရှုကြပ်ပြီးဆုံးတယ်၊ သူ့သား ခိုင်မောင်က သူ့အဖေရက်လည်အတွက် ထင်းခွဲနေရင်း ရသ်ဘတ်ကိုထင်းအပိုင်းစစိုက်ပြီး ဆုံးတယ်၊ မသန်းနွဲ့က လှေကားပေါ်ကနေ ပြုတ်ကျပြီးဆုံးတယ်၊ ဒီလိုကိစ္စတွေကြောင့် အလှူကိုနောက်ဆုတ်လိုက်ရတာ”

မိအေးစကားကြောင့် ခင်မောင်အေးက အောင်မြတ်သာကိုကြည့်လိုက်ပြီး

“ ဆရာတို့အမြင်ကရော ဒါက သဘောရိုးဖြစ်နိုင်တယ်လို့ထင်လား”

“ ဒီလိုအဖြစ်မျိုးက သွေးရိုးသားရိုးတိုက်ဆိုင်မှုမဖြစ်နိုင်ဘူး၊ အခုသေတာကလဲ သူတို့အမျိုးဆွေတွေပဲဆိုတော့ ကျုပ်ထင်တာများဖြစ်နေမလားပဲ”

“ ဆရာက ဘယ်လိုထင်လို့လဲ”

“ လောကီပညာအရခန့်မှန်းရမယ်ဆိုရင် ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်သေကြေအောင် တိုက်ထားတာလို့မြင်တယ်၊ ဒီတိုင်းလွှတ်ထားရင် တစ်မျိုးတစ်နွယ်လုံး ကုန်သွားလိမ့်မယ်”

“ ဘုရား.. ဘုရား… အဲဒီလိုဆို မိအေးတို့လဲ ဘယ်လွတ်ပါ့မလဲ၊ ကိုစိန်နွဲ့မိန်းမနဲ့ မိအေးတို့က မောင်နှစ်မတစ်ဝမ်းကွဲတွေလေ၊ ဘယ်သူကများ ဒီလိုရက်စက်တဲ့ကိစ္စကိုလုပ်တာလဲမသိပါဘူး”

“ သေဆုံးသွားကြတဲ့ မိသားစုဝင်တွေက ဘယ်သူနဲ့ပြဿနာကြီးကြီးမားမားဖြစ်ဖူးလဲ”

အောင်မြတ်သာစကားကြောင့် မိအေးက ခေတ္တစဉ်းစားလိုက်ပြီး

“ နိုင်မြင့်ကြောင့် ဆေးလိပ်ခုံ အလုပ်သမတစ်ယောက် ကိုယ်ဝန်ရသွားလို့ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရသေးတယ်၊ နောက်တော့ အဲဒီကောင်မလေး ကိုယ့်ကိုယ်ကိုသတ်သေသွားတယ်လို့ကြားတယ်”

“ အခုဖြစ်စဉ်မှာလဲ နိုင်မြင့်ကအရင်သေတာလား”

“ ဟုတ်တယ်ဆရာ… သူအရင်သေတာ”

“ အကုန်လုံး ဒုက္ခရောက်ကြတော့မှာပဲ…အခု သူတို့အမျိုးဆွေတွေထဲမှာ အနီးကပ်ဆုံးဘယ်သူရှိသေးလဲ”

“ ဦးစိန်နွဲ့ မိန်းမ မလွင်ခိုင်ရှိသေးတယ်… သူခဗျာ လင်ကော သားရော သေထားတော့ အတော်စိတ်ဓါတ်ကျနေရှာတာ”

“ ကျုပ်တို့အချိန်ဆွဲနေလို့မရတော့ဘူး… အခုချက်ချင်း အသုဘအိမ်ကိုလိုက်သွားမှဖြစ်မယ်”

“ မိအေး နင်က ကလေးနဲ့အိမ်မှာပဲနေ… ငါ ဆရာတို့ကို ခေါ်သွားလိုက်မယ်”

ခင်မောင်အေးက အောင်မြတ်သာတို့ကိုခေါ်ပြီး မလွင်ခိုင်တို့အိမ်ကိုထွက်လာခဲ့လိုက်တယ်။ အိမ်ရှေ့ရောက်တော့ အောက်လင်းမီးရောင်အောက်မှာ လူအချို့စကားထိုင်ပြောနေတာကိုမြင်လိုက်ရတယ်။

“ ဆရာ အိမ်ထဲဝင်ဦးလေ”

“ အထဲတော့မဝင်တော့ဘူး… အိမ်ထဲမှာ သေဆုံးသူတွေရဲ့ဝိဉာဉ်အပြင် အခြားနာနာဘာဝကောင်တွေပါရှိနေပြီ”

“ မလွင်ခိုင်အတွက်ရော စိုးရိမ်ရလားဆရာ”

“ အစီအရင်ကို မဖော်ထုတ်နိုင်ရင်တော့ သူ့အတွက်လဲစိုးရိမ်ရတယ်၊ လောလောဆယ် သူ့ကိုဘာမှမပြောနဲ့ဦး၊ ကိုခင်မောင်အေးလဲ ဒီအကြောင်းတွေ ဘယ်သူကိုမှ မပြောဖို့လိုမယ်”

“ မပြောပါဘူးဆရာ… အခု ဘယ်လိုလုပ်ကြမလဲ”

“ ဒီအတိုက်မျိုးက ပထမဆုံးသေတဲ့‌သူဆီကို အရင်ဦးတည်တာဖြစ်လို့ နိုင်မြင့်သေတဲ့အိမ်ဝင်းထဲမှာ အစီအရင် သေချာပေါက်ကိုရှိရမယ်”

“ ကျုပ်ဘာကူညီပေးရမလဲဆရာ”

“ နိုင်မြင့်နေခဲ့အိမ်ကို လိုက်ပြပေးနိုင်မလား”

“ ဒီကိစ္စကိုတော့ ရွာလူကြီးတွေကိုအသိပေးမှ ဖြစ်မယ်ထင်တယ်”

“ သူတို့အနေနဲ့လက်ခံရင်ပိုကောင်းတာပေါ့”

“ လက်ခံအောင် ကျုပ်ပြောမှာ.. ဒီအတွက်စိတ်မပူနဲ့”

ခင်မောင်အေးစကားကြောင့် အောင်မြတ်သာတို့ရဲ့ ခြေလှမ်းတွေက နိုင်မြင့်အိမ်ဘက်ကိုမလှည့်တော့ပဲ ရွာလူကြီးဦးသာဝအိမ်ဘက်ကို လှည့်သွားခဲ့ကြတယ်။

+++++

ဦးသာဝအိမ်ရောက်တော့ ခင်မောင်အေးက ဖြစ်ပျက်နေတဲ့ကိစ္စတွေကို ရှင်းပြလိုက်ရာ

“ ဟေ…”

“ ဟုတ်တယ် ဘကြီး… ဒီလိုအဖြစ်မျိုးက သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘူး”

“ မင်းပြောတာလဲဖြစ်နိုင်ပါတယ်…အခုငါတို့ ဘယ်လိုလုပ်ကြမလဲ”

“ ဒီကဆရာတွေက ညတွင်းချင်း အစီအရင်တွေကိုဖယ်ရှား‌ချင်တယ်လို့ပြောတယ်”

“ ညဘက်ကြီးအဆင်ပြေပါ့မလား”

“ ဒီကိစ္စက အချိန်ဆွဲလို့မရလို့ပါဘကြီး”

အောင်မြတ်သာတို့စကားပြောနေတဲ့အချိန် အိမ်ဝိုင်းထဲကို လူတစ်ယောက် အလောတကြီးပြေးဝင်လာခဲ့တယ်။

“ ဘကြီး… ဘကြီး… မလွင်ခိုင် မလွင်ခိုင် ရက်လည်မှာကျွေးမယ့် ကြက်သားတွေကို အစိမ်းစားနေလို့”

“ ဒုက္ခပါပဲ… ငါတို့အခုလာခဲ့မယ်”

ဦးသာဝလဲ အောင်မြတ်သာတို့ကိုခေါ်ပြီး အသုဘအိမ်ကိုထွက်လာခဲ့ရာ အိမ်ရှေ့ရောက်တော့ ကြက်သားအစိမ်းတွေကို လက်နှစ်ဖက်နဲ့ ကြုံးစားနေတဲ့ မလွင်ခိုင်ကိုမြင်လိုက်ရတယ်။

“ လွင်ခိုင်… စိတ်ထိန်းစမ်း”

“ ငါ လွင်ခိုင် မဟုတ်ဘူး…’’

“ ဘကြီး ဒီကောင်တွေကို အခုလို ပြောလို့ရမှာမဟုတ်ဘူး၊ ကျွန်တော်ကြည့်ရှင်းလိုက်မယ်”

အောင်မြတ်သာက ရေတစ်ခွက်ခပ်ခိုင်းပြီး အင်းပြာအချို့ကိုထည့်မွှေလိုက်တယ်။ ပြီးတာနဲ့ ကြက်သားတွေကို သရဲစား ဘီလူးစား စားနေတဲ့ မလွင်ခိုင်ရဲ့ မျက်နှာကို ရေနဲ့တောက်လိုက်ရာ တီကောင်ကိုဆားနဲ့ထိသလို ကြမ်းပေါ်မှာလူးလိမ့်အော်ဟစ်ရင်း ငြိမ်သက်သွားခဲ့တယ်။

အဲဒီအချိန် မောင်ကောင်းက ခြံအပြင်ဘက်ကို ရုတ်တရက်ပြေးထွက်သွားပြီး

“ဟိုကောင်ထွက်ပြေးတဲ့နောက်ကို ကျွန်တော်လိုက်သွားမယ်… ဆရာတို့အနောက်က လိုက်လာခဲ့” လို့ပြောတဲ့အသံကြားလိုက်ရတယ်။

အောင်မြတ်သာတို့လဲ မေ့မျောနေတဲ့ မလွင်ခိုင်ကို လှည့်မကြည့်နိုင်ပဲ မောင်ကောင်း ပြေးတဲ့နောက်ကို လိုက်သွားခဲ့ကြတယ်။

“ ဟေ့ ညွန့်ဦး… ခုနက လူတစ်ယောက် ပြေးသွားတာမြင်လိုက်လား”

“ နိုင်မြင့်တို့အိမ်ဘက်ကို လူတစ်ယောက်ပြေးသွားတာမြင်လိုက်တယ်”

“ နိုင်မြင့်တို့အိမ်ဘက်တဲ့ လိုက်ကြဟ”

ဦးသာဝစကားကြောင့် ရွာထဲကလူတွေလဲ စိတ်ဝင်တစား လိုက်ပါလာခဲ့တယ်။ နိုင်မြင့်တို့အိမ်ရှေ့ရောက်တော့ ဒူးခေါင်းကိုလက်နဲ့ထောက်ပြီး အမောဖြေနေတဲ့ မောင်ကောင်းကိုမြင်လိုက်ရတယ်။

“ သေချာပြီဆရာ… ဒီကောင် ခြံထဲကိုဖောက်ဝင်သွားတယ်”

“ ဒင်းတို့က ဒီခြံထဲမှာရှိနေတာကိုး၊ ဘကြီး ကျွန်တော်တို့ခြံထဲဝင်ကြည့်လို့ရမလား”

“ ရတယ်လေ… ခြံသော့ဘယ်သူ့မှာလဲ”

“ ခြံသော့လုပ်မနေပါနဲ့ ဘကြီးရာ… ရိုက်ဖျက်လို့ရနေတာပဲ”

ခင်မောင်အေး အနားမှာရှိတဲ့အုတ်ခဲနဲ့ ထုလိုက်ရာ ခြံတံခါးပွင့်ထွက်သွားခဲ့တယ်။ အောင်မြတ်သာတို့လဲ အောက်လင်းမီးတွေထွန်းပြီး ခြံထဲကိုလိုက်ကြည့်နေတဲ့အချိန် အိမ်အနောက်ဘက် ခြံထောင့်မှာ လေမတိုက်ပဲလှုပ်ရမ်းနေတဲ့ စပါးလင်ခြုံတစ်ခုကိုမြင်လိုက်ရတယ်။

“ အိုး… ဒီကောင်တွေ စပါးလင်ခြုံကို ဗိမ္မာန်လုပ်ပြီးနေနေကြပါလား”

အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့ကြည့်လိုက်ရာ အရွယ်စုံသဏ္ဌာန်စုံ နာနာဘာဝအကောင်ပေါင်းများစွာက အရွက်တွေကိုအမှီပြုပြီးနေထိုင်နေတာကိုမြင်လိုက်ရတယ်။

“ စပါးလင်ခြုံကိုတူးလိုက်ရမလားဆရာ”

“ တူးရမှာပေါ့… ဒါက အဓိကနေရာပဲ”

မောင်ကောင်းတို့လဲ စပါးလင်ပင်မှာရှိတဲ့ နာနာဘာဝတွေကို အမိန့်နဲ့မောင်းထုတ်ပြီး တူးထုတ်လိုက်ရာ မြေကြီးထဲကနေ ခြောက်သွေ့နေတဲ့ သွေးခဲ‌တွေထွက်လာခဲ့တယ်။

သွေးခဲတွေအောက်မှာတော့ အဝတ်အိတ်နဲ့

ထုပ်ထားတဲ့ အထုပ်တစ်ထုပ်ရှိနေပြီး အထဲကိုဖွင့်ကြည့်လိုက်ရာ နီစွေးစွေးမြေကြီးအချို့ထွက်လာခဲ့တယ်။

အောင်မြတ်သာလဲချက်ချင်းပဲ မီးပုံတစ်ခုပုံစေပြီး စပါးလင်ပင်ကို ပြာကျတဲ့ထိ မီးရှို့စေခဲ့သလို အဝတ်နဲ့ထုပ်ထားတဲ့မြေကြီးတွေကိုလဲ မီးရှို့စေခဲ့တယ်။ စပါးလင်ပင်ကိုမီးရှို့နေတဲ့အချိန် ခြံထဲမှာ ပြေးလွှားနေကြတဲ့ ခြေသံတွေကို ရွာသားတွေအကုန်ကြားလိုက်ရတယ်။

အားလုံးပြီးစီးသွားချိန်မှာတော့ ဦးသာဝက

“ ဘကြီးလဲ အစီအရင်အတော်များများတွေ့ဖူး ပါတယ်၊ ဒါပေမယ့် အခုလို စပါးလင်ပင်စိုက်ပြီးလုပ်တဲ့ အစီအရင်ကိုတော့ မမြင်ဖူးဖူးကွယ့်”

“ ဒီအစီအရင်က တော်ရုံမလုပ်ကြဘူး၊ အရမ်းစိတ်နာမှသာလုပ်ကြတဲ့အစီအရင်တစ်ခုပဲ၊ ဘကြီးတို့နားလည်အောင်ပြောရရင် ဒီအတိုက်ကို ခုနှစ်စဉ်အတိုက်လို့ခေါ်ကြတယ်”

“ ခုနှစ်စဉ်အတိုက်ဟုတ်လား… ဗဟုသုတရအောင် ပြောပြပါဦး”

“ ပြောပြပါဆရာ… ကျွန်တော်တို့လဲဗဟုသုတရတာပေါ့”

ရွာသားတွေရဲ့စကားကြောင့် အောင်မြတ်သာလဲ မနေသာတော့ပဲ

“ ဒီအတိုက်က ဆွေခုနှစ်ဆက်၊ မျိုးခုနှစ်ဆက်ကို သေအောင်လုပ်တဲ့အစီအရင်တစ်ခုပဲ၊ ကိုယ်ဦးတည်တဲ့လူရဲ့ ခြေရာမြေကြီးကိုအရင်ယူရတယ်၊ ပြီးရင်တော့ ဌာနေလေးဌာနေကမြေဖြစ်တဲ့သင်္ချိုင်းမြေ၊ နတ်စင်အောက်ကမြေ၊ ဘုန်းကြီးကျောင်းကမြေ၊ ကိုယ်ပြုစားမယ့်အိမ်ကမြေကိုယူရတယ်၊ အဲဒါတွေ အကုန်ရပြီဆိုရင် သင်္ချိုင်းကိုသွား၊ အခေါင်းပျဉ်ပေါ်မှာတင်ပြီး အောက်ကနေမီးမြိုက်ရတာ၊ မီးမြိုက်နေတဲ့အချိန်မှာလဲ ဂါထာကိုအဆက်မပြတ်ရွတ်နေရတယ်၊ မြေကြီးတွေပူလာပြီဆိုရင် တံစူးဝါးနဲ့လုပ်ထားတဲ့ ယောင်းမနဲ့ မွှေပေးရတယ်၊ ခပ်နာနာလေးမွှေပြီးရင်တော့ မြေကြီးတွေကို အအေးပြန်ခံ၊ အေးပြီဆိုရင် အောက်ဆေးနှစ်မျိုးနဲ့ရောပြီး မြေကြီးအခဲဖြစ်အောင်လုပ်ရတယ်။ ပြီးရင်တော့ ကိုယ်ပြုစားချင်တဲ့အိမ်နယ်နိမိတ်ထဲကိုဝင်ပြီး လူတွေသတိမထားမိတဲ့နေရာမှာ

ကျင်းတစ်ကျင်းတူး၊ ကျင်းထဲမှာ ခုနက မြေကြီးအခဲတွေကိုထားရတယ်၊ ထားပြီးပြီဆိုရင် ကျင်းထဲကို ကြက်သွေးဖြစ်ဖြစ် အမဲသွေးဖြစ်ဖြစ် လောင်းရတယ်၊ လောင်းပြီးပြီဆိုရင် စပါးလင်ပင် တစ်ပင်စိုက်ခဲ့ရတယ်၊ အဲဒီမှာ စိုက်တဲ့သူက ဒီအပင်မှာ နာနာဘာဝဖုတ်သရဲမျိုးစုံနေနိုင်ပြီး ဦးဘယ်သူ ဒေါ်ဘယ်သူအပါအဝင် သူ့ရဲ့ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်ကို စိတ်ကြိုက်စားသုံးနိုင်တယ်လို့ပြောလိုက်ရုံပဲ၊ စပါးလင်ပင်ကြီးလာတာနဲ့အမျှ အဲဒီအိမ်ကလူတွေ ဒုက္ခရောက်ပြီသာမှတ်ပေတော့”

“ အမလေး ကြောက်စရာကောင်းလိုက်တာ”

“ သိတာနောက်ကျရင် တစ်မျိုးတစ်ဆွေလုံး သေနိုင်လို့ ခုနှစ်စဉ်အတိုက်လို့ခေါ်ကြတာ”

“ ဆရာတို့ရောက်တာမြန်ပေလို့ပေါ့… မဟုတ်ရင် တစ်ရွာလုံးနီးပါးကုန်မှာဗျ”

“ကိုခင်မောင်အေး အလည်လိုက်ဖို့သာမခေါ်ရင် ကျုပ်တို့လဲအခုလိုကူညီပေးနိုင်မှာမဟုတ်ဘူး၊ ကျေးဇူးတင်မယ်ဆို သူ့ကိုတင်ရမှာပါ”

“ ဘယ်လိုပဲဖြစ်ဖြစ် ဆရာတို့ကိုကျေးဇူးတင်ပါတယ်၊ ဒါကြောင့် စပါးလင်ပင်တွေကို အညှီအဟောက်တွေ မပက်နဲ့ဆိုပြီး လူကြီးတွေပြောခဲ့တာကိုး”

“ ဟုတ်တယ်ဘကြီး… အချို့ရှေးစကားတွေက မယုံလို့လဲမရဘူးလေ”

အောင်မြတ်သာရဲ့စကားကို ဘေးမှာရှိတဲ့ ရွာသားတွေအားလုံး ခေါင်းငြိမ့်ကာ အသိအမှတ်ပြုခဲ့ကြတယ်။

+++++

အောင်မြတ်သာတို့လဲ ကျုံကွယ်ရွာမှာ တစ်ပတ်ဆယ်ရက်လောက်နေပြီး တော့ မိမိတို့ရဲ့ခရီးစဉ်ကို ပြန်ဆက်ခဲ့ကြတယ်။ နောက်ဝတ္တုမှာတော့ လယ်ထွန်ရင်းရခဲ့တဲ့ မြလက်စွပ်ကို သိမ်းထားရာကနေ ထူးဆန်းထိတ်လန့်ဖွယ်ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ မိသားစုအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့် ထူးဆန်းသောမြလက်စွပ်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြ ပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)